May 31, 2012

อองซานซูจีเยือนไทย 30th May 2012

ထိုင်းတီဗွီမှာ လွှင့်ခဲ့သော ဒေါ်အောင်ဆန်းစုကြည် သတင်း

May 30, 2012

အမေစုနှင့် မဟာချိုင် လူထု

Our leader Daw Aung San Suu Kyi and our people ( in Thailand)

အလုပ်သမားများအား အားပေးစကားပြောကြား

Historic visit to Thailand by Suu Kyi

၃၀.၅.၂၀၁၂

ထိုင်းနိုင်ငံ မဟာချိုင်အလုပ်သမားများအား အားပေးစကားပြောနေသော အမေစုနှင့် ကြိုဆိုနေသော အလုပ်သမားထု
( မြန်မာပြည် ပြန်ရောက်နေသလား အောက်မေ့ရပါတယ်တဲ့)

မဟာချိုင်သို့ရောက်လာစဉ်

ထိုင်းစံတော်ချိန် ၃၀.၅.၂၀၁၂ နံနက် ၁၀နာရီ

မဟာချိုင် ပုစွန်ဈေး သို့ လာရောက်မည့် ဒေါ်အောင်ဆန်းစုကြည်၏ လုံခြုံရေးဆောင်ရွက်မည့် ထိုင်းရဲများ

စောင့်ကြိုနေသောအလုပ်သမားများ

ဘန်ကောက်မြို့ မဟာချိုင်ရှိ အလုပ်သမားများက ဒေါ်အောင်ဆန်းစုကြည်အားကြိုဆိုနေပုံ

ပထမဆုံးပြည်ပခရီး

(၂၄) နှစ်တာ ကာလအတွင်း လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ပြည်ပခရီးအဖြစ် ထိုင်းနိုင်ငံ ဘန်ကောက်မြို့၊ သုဝဏဘူမိလေဆိပ်သို့ ရောက်ရှိလာသည်။ ၃၀.၅.၂၀၁၂ ထိုင်းစံတော်ချိန် ည၉း ၃၀

နေရာ

                                         နေရာ

ကိုယ့်နေရာက ဘာလဲ၊ ဘယ်မှာလဲ၊ အခု အချိန်အထိ နေရာ မရှိသေးပါလား။ မင်းထွက်သွားပါတဲ့လား၊ ရင်ဝကို တွန်းထိုးရင်း ပြောလာတဲ့ စကား၊ တကယ်တော့ ကိုယ့်အတွက် သွားဖို့နေရာ သေချာမရှိမှန်း သေချာသွားခဲ့တဲ့ အဖြစ်။ ကိုယ့်နေရာသာ ရှိခဲ့ရင် မင်းထွက်သွားဆို သွားလိုက်ယုံပါပဲ။ ခုတော့ ထွက်သွားချင်ပေမယ့် မသွားနိုင်တဲ့ ကိုယ့်အဖြစ်။ တကယ်တော့လည်း သူ့အနားမှာ လာနေပါဆိုတုန်းက သူပဲနေရာပေးခဲ့တာပဲ။ ကိုယ့်ဘဝအတွက် စွန့်လွှတ်မှုတွေ၊ နစ်နာမှုတွေ အပြည့်ပါပဲ။ ဒါပေမယ့် ဒါဟာ ကိုယ့်အတွက် နေရာမှန်ပဲလို့ ယူဆပြီး နေခဲ့တယ်။ ဒါပေမယ့် ဒါဟာ နေရာအစစ် မဖြစ်ပြန်ဘူးတဲ့လား။ ကိုယ့်ဘဝဟာ ငယ်ငယ်ကတည်းက နေရာမရခဲ့တဲ့ အဖြစ်တွေချည်းပါပဲ။ ဒါပေမယ့် ဒီအချိန်ရောက်မှတော့ နေရာတစ်နေရာ ရပြီလို့ အောက်မေ့တာတော့ အမှန်။
   ကိုယ့်အမေက ပြောဖူးတယ်၊ ကိုယ်ငယ်ငယ်က သိပ်သနားစရာ ကောင်းတယ်တဲ့။ အမေက သားသမီးကို (၂)နှစ်ခြားတစ်ယောက် မွေးလာလိုက်တာ ကိုယ်တို့မောင်နှမတစ်တွေ ပတ်လုံးတွေ စီထားသလို။ ကိုယ့်အထက်က အကို၊ ကိုယ့်အောက်ကမောင်လေး (သူနဲ့ကိုယ်က တစ်နှစ်နဲ့ဆယ်လပဲ ခြားတယ်) ၊ ကိုယ်တို့ကို အကြီးသုံးယောက်လို့ အမြဲခေါ်တယ်။ ကိုယ်တို့ အကြီးသုံးယောက်ငယ်ငယ်တုန်းကတဲ့ အမေအပြင်သွားရင် အကိုက လေးနှစ်သားကျော်ကျော်ဆိုတော့ သိပ်ဆော့တယ်တဲ့၊ ကားတွေ ဆိုက်ကားတွေ စိတ်ပူလို့ သူ့လက်ကို မလွှတ်တမ်းဆွဲထားရသတဲ့၊ မောင်လေးက ရင်ခွင်ပိုက်လေး ချီထားရသတဲ့။ အဲဒီတော့ ကိုယ်က နှစ်နှစ်သာသာ အရွယ်ကလေးကို ချီသူမရှိ၊ လက်တွဲမယ့်သူမရှိ၊ အမေ့ ထမီစ ဆွဲလိုက်ရသတဲ့။ သိပ်သနားစရာကောင်းသတဲ့၊ ကိုယ်မမှတ်မိပါဘူး၊ ဒါပေမယ့် အမေပြောတော့ ကိုယ်ငိုချင်တယ်၊ ကိုယ်ဟာ ကလေးဘဝထဲက နေရာ၊ ကလေးနေရာ ကိုယ့်အတွက်နေရာ ကိုယ်မရှိပါလား၊ အိမ်မှာနေရင် စားပွဲအောက်ထဲဝင်ပီး ဆော့သတဲ့၊ ကိုယ့်အဖေ အလုပ်ကပြန်လာမှ အဖေ့ရင်ခွင်ထဲ နေရသတဲ့၊ ဒါ့ကြောင့်ထင်ပါရဲ့ အဖေခရီးသွားရင် ကိုယ့်အတွက် အိမ်မှာ နေရာမရှိသလို အမြဲခံစားရတယ်။
ကိုယ့်ကို သူ့ဘဝထဲ နေရာပေးလို့ အရေးတယူပြုတဲ့သူ တွေ့ပြန်တော့ ဒါဟာ ကိုယ့်အတွက် နေရာတစ်ခုလို့ ယုံခဲ့မိပြန်တယ်။ ဒါပေမယ့် ကိုယ့်နေရာဟာ သူ့နေရာမှာသူ့အလိုကျ နေရာ ပြောင်းနေရတာပါပဲ။ အခုတော့ ဒီနေရာမှာ နေသားကျပြန်ပြီ။ ကိုယ့်အတွက် တခါမှ မတွေးမိတဲ့နေရာ။ ချက်ပြုတ် လျှော်ဖွတ် အိမ်မှုကိစ္စထဲမှာ နှစ်မြုပ်ထားရမှာ ကိုယ့်နေရာတဲ့လား။ အစပိုင်းမှာ နေရာသစ်နဲ့ အထာမကျပေမယ့် ကိုယ်နေရမယ့်နေရာကို အံသားကျ နေရာကျအောင် နေခဲ့ရပြန်တယ်။
     အသက်အရွယ်လဲ ရလာပြီ၊ ကိုယ့်အတွက် နေရာမှန်ဟာ ဒါပါပဲလို့ နေသားတကျ နေရာကျပေမယ့်၊ ခုတော့ ကိုယ်ရှိနေလို့ သူလုပ်ချင်တာမလုပ်ရ ကျဉ်းကျပ်ဆိုပဲ၊ သွားချင်တာ မသွားရ စားချင်တာမစားရ သောက်ချင်တာမသောက်ရတာ ကိုယ့်ကြောင့်တဲ့လား။ ကိုယ့်ကိုထွက်သွားဆိုမှ ကိုယ့်နေရာမဟုတ်မှန်း သိလိုက်ရပြန်ပါပြီ။ နေရာ...နေရာ.  ကိုယ့်အတွက် နေရာ ၊ ထွက်သွားဆိုလဲ သွားနိုင်တဲ့နေရာ၊ နေပါဆိုလဲ နေရတဲ့ နေရာ၊ ကိုယ့်နေရာဘာလဲ၊ ဘယ်မှာလဲ။

May 16, 2012

7 july ဗကသ(အထက်ဗမာပြည်)တရားဝင် ဖြစ်ထွန်းပေါ်ပေါက်ရေး ကော်မတီ facebook မှကူးယူပါသည်။

ဇူလိုင်(၇)ရက် အရေးတော်ပုံ ဖြစ်စဉ် အကျဉ်း

ဇူလိုင်(၇)ရက် အရေးတော်ပုံ ဖြစ်စဉ် အကျဉ်း ။

၁၉၆၂-ခု၊ဇူလိုင်(၇)ရက်နေ့အရေးတော်ပုံ ဆိုတဲ့ ကျောင်းသား သမိုင်း တွေထဲက အကြီးအကျယ်ဆုံး သမိုင်း တစ်ခုဟာ
၂၀၁၂ ခု၊ ဇူလိုင် (၇)ရက် နေ့မှာ ဆိုရင် နှစ်ငါးဆယ် တိုင်ခဲ့ပါပြီ။

ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် (အထက်ဗမာပြည်) အနေ နဲ့ နှစ်-ငါးဆယ်ပြည့် အောင့်မေ့ဖွယ် ဂုဏ်ပြု အခမ်း အနား ကို ကြီးကျယ်စွာကျင်းပနိုင်ရန် ဆပ်ကော်မတီ အသီးသီးဖြင့် ဆောင်ရွက်နေပါသည်။

နှစ်ပေါင်း ငါးဆယ် ကြာမြင့် သည့် အားလျော်စွာ လက်ရှိကျောင်းသားများ သိစေလို့သည့် အတွက် အကျဉ်းချုပ် ဖော်ပြအပ်ပါသည်။

ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် ရန်ကုန် ခရိုင် ကျောင်းသားများသမဂ္ဂ၊ရန်ကုန်တက္ကသိုလ်ကျောင်းသားများ သမဂ္ဂ၊ ဆိုတဲ့ကျောင်းသာထုကြီးဟာ နယ်ချဲ့ဆန့်ကျင်ရေး ကို အစဉ်တစိုက် ဆောင်ရွက်ခဲ့ပြီး၊ လွတ်လပ်ရေးခေတ်ဦးကာလမှာလည်း လွတ်လပ် ရေး ထိမ်းသိမ်းရေး၊ ငြိမ်းချမ်းရေး၊ ကျောင်းသားထု အခွင့်အရေး ကာကွယ်ရေး စသည်တို့ကို ( မူ ) များ ချမှတ်လျက် ဥိးလည်မသုန် ဆောင်ရွက်ခဲ့ပါသည်။

၁၉၃၁-ခုနှစ်မှာ စခဲ့တဲ့ ကျောင်းသားသမဂ္ဂသမိုင်းမှာ ၁၉၅၁- ခုနှစ်၊ သြဂုတ်လ(၁၅)ရက်နေ့မှာဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်း သားသမဂ္ဂ (ABSU)မှ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် (ABFSU)သို့ ပြောင်းလဲ ဖွဲ့စည်းခဲ့ပြီး၊ ဖွဲ့စည်းပုံ စည်းမျဉ်းဥပဒေ၊ အလံ၊အမှတ်တံဆိပ်၊တို့ကိုချမှတ်ခဲ့ပြီး၊ထိုနှစ်မှာပဲ ရန်ကုန်ခရိုင် ကျောင်းသားများသမဂ္ဂ(ရကသ)ကို စတင် ဖွဲ့စည်းနိုင်ခဲ့ပါတယ်။

၁၉၅၃ ခုမှ ၁၉၆၂-ခုထိ (၁၀)နှစ်တာကာလအတွင်းမှာ ဇူလိုင်(၇) ရက် အရေးတော်ပုံကြီးဟာ ကျောင်းသားများ ရာနှင့်ချီုပြီး အသက် များ စတေးလျက် သွေးမြေကျခဲ့ရသည့် နေ့တစ်နေ့ ဖြစ်သည်။ ဇူလိုင်လ(၈)ရက်တွင်သမိုင်းဝင် ကျောင်းသားသမဂ္ဂ အဆောက်အဦ ကြီးကိုအုဌ်ပုံတစ်စပြင်ဖြစ်အောင်ဒိုင်းနမိုက်ဖြင့်ဖြိုခွဲ ဖျက်ဆီး ခဲ့သည်။

၁။ ၁၉၆၂-ခု၊ ကျောင်းတွေ ပြန်ဖွင်တဲ့အခါ ရန်ကုန်တက္ကသိုလ် ကျောင်း ကောင်စီမှာ ပါဝင်ရတဲ့ ကျောင်းသား ကိုယ်စားလှယ် (၂) ဦး ဖြစ်တဲ့ မစ္စတာ တီ ပီ ဝေါင်း နှင့် ဒေါက်တာမောင်မောင်ကျော် တို့ကို ကောင်စီမှ ထုတ်ပယ်ခဲ့သည်။

၂။ ကျောင်းဆောင်ဆပ်ကော်မတီ မှာရှိတဲ့ တကသ ကိုယ်စားလှယ် (၂) ဦး ဖြစ်တဲ့ ကိုလှရွှေ နှင့် ကိုခွန်ဝင်းလှိုင် တို့ကို ဆပ်ကော်မတီ မှ ထုတ်ပယ်ခဲ့သည်။

၃။ တက္ကသိုလ်ဝင်ခွင့်လျှောက်ထားတဲ့ အခါ ကျောင်းသားတိုင်းရဲ့ (ပထမအရစ်) ကျောင်းဆောင်ကြေးနှင့်အတူ သမဂ္ဂဝင်ကြေး ၁ ကျပ် ကို တက္ကသိုလ်ရုံးက ကောက်ခံမပေးတော့ပါဘူး။ (ပုံမှန် တစ်နှစ် တစ်သောင်းခွဲ ခန့် ရပါတယ်)။

၎။ ကျောင်းဆောင်နေ ကျောင်းသား/သူများ၏ “ နေ့စဉ် သွားလာ နေထိုင်မှု ” ကို ကန့်သတ်ပြီးမလိုအပ်တဲ့ စည်းကမ်း (၂၂)ချက် ကို ကျောင်းဆောင်ကော်မတီ က ထုတ်ပြန်ပါတယ်။ အဲဒီ အချက်တွေ ဟာ အကျဉ်းထောင် စည်းကမ်းတွေထက် ဆိုးပါတယ်။ ဒီစည်းကမ်း တွေဟာ ဇူလိုင်(၇) ရက် အရေးတော်ပုံကို ဖြစ်စေတဲ့ ဆွခဲ့ ဖွခဲ့ တဲ့ ဖိနှိပ်ရေး စည်းကမ်းတွေပါပဲ၊

၅၊ ဒီစည်းကမ်း(၂၂)ချက် အကောင်အထည်ဖော်ဖို့ ဘွဲ့ရ လက်ထောက် အဆောင်မှူးများ အဖြစ် (လဝက) (အကစ/ အကျဉ်း ဦးစီး) မှ ဘွဲ့ရ အရာရှိငယ်များ ခေါ်ယူခန့်ထားလိုက်ပါတယ်။ ဒီစည်းကမ်းတွေထဲမှာ ထမင်းစားချိန်၊ ကော်ဖီချိန်၊ ရေချိုးချိန်၊ အဆောင် ဝင်/ထွက်ချိန်၊ ဧည့်တွေ့စည်းကမ်း၊ ကျန်းမားရေး ကိစ္စ များနှင့်ပတ်သက်ပြီး တင်းကျပ်ထားပါတယ်။

၁၉၆၂-ခု၊ဇူလိုင်လ(၆)ရက်နေ့မှာ မီးပျက်တဲ့အတွက် မန္တလေးဆောင် ကျောင်းသားများ ပေါက်ကွဲပြီး စားပွဲ ကုလားထိုင်များ၊ စာအုပ်စဉ်များ ရိုက်ချိုး မီးရှိုပြီး ကျောင်းဆောင်စည်းကမ်း(၂၂) ချက် ဖျက်သိမ်းရေး “ မီးဒုတ် ဆန္ဒပြပွဲ ” ကို အသင့်ရှိနေတဲ့လမီးဒုတ်များထွန်းညှိပြီး Night March  ကို အားလုံးပါဝင်လုပ်ဆောင်ခဲ့ကြသည်။

ကျောင်း ဆောင်စည်းကမ်းနှင့် ပတ်သက်ပြီး ကျောင်းသားထုကြီးဟာ မကျေလည်မှုတွေ ဖြေရှင်းဖို့ ၁၉၆၂-ခု၊ဇူလိုင်(၇)ရက်နေ့မှာ ကျောင်း သားထုအစည်းအဝေး အကြောင်း(၂)ပတ် ကြိုတင် ကြေငြာခဲ့ပြီး ဖြစ်ပါတယ်။ အစည်းအဝေးမှာကျောင်းသားထုကြိးက “ ဖိနှိပ် ချုပ်ချယ် တဲ့ စည်းကမ်း တွေ ” “ဖျက်ပစ်” “ဖျက်ပစ်” လို့ တောင်းဆို ကြွေးကြော်ခဲ့ပါတယ်။

          ထိုနေ့က ကျောင်းသားတွေဟာ ဟိုနားအချို့ သည်နားအချို့ ၊ တကသ စားသောက်ဆိုင်မှာ အချို့၊ တကသ စာဖတ်ခန်း နှင့် နေရာ အသီးသီးမှာ နေခဲ့ ကြပါတယ်။ ထိုအချိန်မှာပဲ သမဂ္ဂ အဆောက်အဦ ရဲ့ အရှေ့ဘက်၊ အနောက်ဘက်(အားကစားရုံကြီးဘက်)တွေကနေ သတင်းတပ်ဖွဲ့၊ နှင့် သီးသန့်ရဲများပါဝင်တဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်များ အရှိန် နဲ့ ဝင်ရောက်လာပါတယ်။ ဗကသ ဥက္ကဌ ကိုသက် ၊ တကသ ဥက္ကဌ ကိုဗဆွေလေး၊ ရကသ အတွင်းရေးမှူး ဥာဏ်ဝင်းတို့ အဖမ်း ခံရပါတယ်။ ပင်းယဆောင် ထမင်းစားခန်းထဲမှာ ရသမျှ တာဝန်ရှိသူ တွေ အမြန်စုစည်းပြီး ဆက်သွယ်ရေးစနစ်များ စီစဉ်ပြီး အလုပ်အဖွဲ့ စုဖွဲ့၍ လူစုခွဲခဲ့ကြရသည်။

ညနေ(၄)နာရီခွဲ အချိန်တွင် ဒူ-ဗိုလ်မှူးကြီး စိန်လွင် ကွက်ကဲတဲ့ တပ်ရင်း (၄) မှတပ်များ နေရာယူလာကြသည်။ အသံလွင့်ရုံမှာရှိတဲ့ ကွက်ကဲရေးအဖွဲ့မှ ဗလက ( ဗဟိုလုံခြုံရေးနှင့်အုပ်ချုပ်ရေး ကော် မတီ ) ဥက္ကဌ ဗိုလ်မှူးကြီးကျော်စိုး၊ နိုင်ငံတော် ကောင်စီဝင် တွဲဘက် အတွင်းရေးမှူး ဗိုလ်မှူးကြီး သန်းစိန်၊ ပညာရေး ဝန်ကြီး ဒေါက်တာ လှသန်း၊ ပြန်ကြားရေးဝန်ကြီး ဗိုလ်မှူးကြီး ဗနီ၊ တက္ကသိုလ် ပါမောက္ခ ချုပ် ဦးကာ တို့ ရှိကြပါတယ်။ ညနေ(၆း၁၅)နာရီမှာစီစဉ်ထားတဲ့ အတိုင်း သတ်ဖြတ်ပွကြီးကို စိတ်တိုင်းကျ ကျးလွန်ခဲ့ကြပါတယ်။ ည (၁၁း၀၀)နာရီထိ “ မြင်မြင်သမျှ စိတ်ကြိုက် ပစ်ခဲ့တယ်” လို့ သတိပြုမိသူတွေက ဆိုပါတယ်။

ဇူလိုင်(၈)ရက်နေ့ နံနက်မှာတော့ ခေတ်အဆက်ဆက် ခေါင်းဆောင် များ မွေးထုတ်ပေးခဲ့တဲ့ သမိုင်းဝင် ကျောင်းသားသမဂ္ဂ အဆောက် အဦ ကြီးကို ဒိုင်းနမိုက် ဖြင့် ဖြိုခွဲင်္ပြီ်း အုဌ်ပုံတစ်စပြင် အဖြစ် အမြစ် ပြတ်အောင် ကမ်းကုန်စွာ ယုတ်မာ ခဲ့ကြပါတယ်။
ဇူလိုင်(၉)ရက်နေ့ သတင်းစာရှင်းလင်းပွဲမှာတော့ ရန်ကုန် ဆေးရုံ အုပ်ကြီး ဦးအောင်သိန်းရဲ့ ပြောကြားချက်မှာ  RGH ကို ဒါဏ်ရာ ရသူ (၈၆) ဦး၊ သေဆုံးသူ (၁၇)ဦး ရှိပြီး၊ မင်္ဂလာဒုံ စစ်ဆေးရုံ ကိုတော့ ဒါဏ်ရာရ လူနာ (၆၈)ဦး ရောက်ရှိလာကြောင်း ဆိုပါတယ်။
ကျောင်းသားတွေမည်မျှကျဆုံးတယ် အတိအကျစာရင်း ကတော့ ပွင့် လင်းတဲ့ နိုင်ငံရေးအခြေအနေရရှိမှသာ ဖော်ထုတ်နိုင်မှာဖြစ်ပါတယ် ။

ထို့အပြငိ ၁၉၆၂ ကျောင်းသား ခေါင်းဆောင်များဟာလဲ စစ်မြေပြင် များ၊ ကိုကိုးကျွန်း (တစ်ကျွန်းထောင်)၊ အင်းစိန်၊ သာယာဝတီ ၊ မန္တလေး စတဲ့ ထောင် အသီးသီးမှာ ချေမှုန်းခံ အသက်ပေးခဲ့ ရတာ တွေ ဒုနဲ့ဒေးပါ။

အဲဒီနောက်ပိုင်း နှစ်စဉ်နှစ်တိုင်း ပုံသဏ္ဍာန် အမျိုးမျိုးနဲ့ နေရာ အမျိုးမျိုး မှာ အထိမ်းအမှတ်တွေ ပြုခဲ့ကြပါတယ်။ ၇-၇-၇၇ (ခွန်လေးလုံး) အရေးတော်ပုံအဖြစ် ဆင်နွဲရန်ထိ စီစဉ်ခဲ့ကြပါတယ်။ ထိုအချိန်က တိုးတက်တဲ့ စီးပွားရေး တက္ကသိုလ် ကျောင်းသားများ နှစ်လည်မဂ္ဂဇင်းမှ  အနက်ရောင် မျက်နှာဖုံးကြီးဖြင့် ထုတ်ဝေခဲ့သည်။ ၇-၇-၇၇ နှစ်ပတ်လည်ကျင်းပရန် အစီအစဉ်ရှိရှိ တိုက်ပွဲခေါ်သံပေးခဲ့ သော်လည်း မဆလ၏ နှိပ်ကွက်ထောင်ချခြင်းကို ခံခဲ့ရသည်။

ဇူလိုင်(၇)ရက် အရေးတော်ပုံကြီး ပေါ်ပေါက်ခဲ့တာ များမကြာမီ နှစ် ငါးဆယ် တင်းတင်းပြည့်တော့မှာ ဖြစ်ပါတယ်။ ထိုစဉ်အခါက လူ မဖြစ်သေးတဲ့ အသက်(၅၀)အောက် ကျောင်းသားမျိုးဆက် အဆက် ဆက်က ယနေ့ ကျောင်းသားတွေ ဖြစ်တဲ့ လက်ရှိ မျိုးဆက် ကျောင်း  သားတွေကို လက်ဆင့်ကမ်းရင်း “ ဆဲဗင်းဂျုလိုင်” ဆိုတဲ့ အသံကြား တိုင်း၊ တရားမျှတမှုလိုလားတဲ့ နိုးကြားတဲ့ ကျောင်းသားမှန်သမျှ ရင်ခုန် လှုပ်ရှားခဲ့ကြပါတယ်။ ခွပ်ဒေါင်းသွေးတွေနဲ့ တောင်ပံခတ်ရင်း ခေတ်အဆက်ဆက်က ကျောင်းသားတွေရဲ့ အရိုးတွန်သံကို မြည်ဟီး စေပါတယ်။ ၈၈၈၈အရေးတော်ပုံကလွဲရင် ကျောင်းသားသမိုင်းမှာ ဒီ အရေးတော်ပုံကြီးဟာ ပဲ့တင်သံအားအမြှင့်ဆုံး အရေးးတော်ပုံကြီးပါ။ ဒိအရေးတော်ပုံကြိး နှစ်ငါးဆယ်ပြည့် အောင့်မေ့ဖွယ် ဂုဏ်ပြု အခမ်း အနား ကို ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် မှ စီစဉ်ဆောင်ရွက်နေပြီ ဖြစ်ပါတယ်။

မန္တလေးမှာ ဗကသများအဖွဲ့ချုပ်(အထက်ဗမာပြည်)အနေဖြင့် ဇူလိုင် (၇)ရက်အရေးတော်ပုံအခမ်းအနား ကျင်းပရေးကော်မတီကို ဆပ် ကော်မတီ အသီးသီးဖြင့်ဖွဲ့စည်းထားပြီးဖြစ်ပါတယ်။ ၎င်းအခမ်းအနား ကျင်းပနိုင်ရေးအတွက် ခေတ်အဆက်ဆက်က ကျောင်းသားဟောင်း ကြီးများအား ဖိတ်ခေါ်တိုင်ပင်လျက် ပူးပေါင်းဆောင်ရွက်ရေးကို ညှိနိုင်းဆွေးနွေးခဲ့ပါတယ်။ ကော်မတီအသီးသီးမှာ ကျရာစေရာ ပါဝင် ကြမယ်လို့ ကျောင်းသားကြီးတွေက ဂတိ ဆန္ဒပေးပါတယ်။

ဤအခမ်းအနားကျင်းပရေးကော်မတီတွင် လက်ရှိကျောင်းသားများ ပါဝင်သော မန္တလေးခရိုင်ကျောင်းသားများ သမဂ္ဂ နှင့် တကသ အသီးသီးမှ ကျောင်းသားများလည်းကော်မတီမှာ ပါဝင်ပါတယ်။ အထက်ဗမာပြည် ဧရိယာထဲရှိ ဖွဲ့စည်းပြိးသော သမဂ္ဂ အသီးသီးကို ဖိတ်ကြားသွားမှာ ဖြစ်ပြီး ကျောင်းသားများစုံညီအောင် ချိတ်ဆက် ဆောင်ရွက်မှာဖြစ်ပါတယ်။ နယ်/ခရိုင်များနှင့်ကျောင်းအသီးသိးသို့ ဆဲဗင်းဂျုလိုင် အရေးတော်ပုံနှင့် ပတ်သက်ပြီး ရှင်းလင်းပွဲများ၊ လှုံ ဆော်မှုများနှင့် လုပ်ငန်းဆိုင်ရာညှိနှိုင်းပွဲများ ခွန်အားပြည့်ဆောင်ရွက် သွားမှာ ဖြစ်ပါတယ်။

သို့ပါ၍ မိဘပြည်သူ ရဟန်းရှင်လူ နှင့် ကျောင်းသားထုများမှလည်း တတ်နိုင်သည့် အခန်း ကဏ္ဍများမှ ပူးပေါင်းဆောင်ရွက်ေးကြပါရန် တိုက်တွန်းနှိုးဆော် လိုက်ရပါသည်။

သတင်းနှင့်ပြန်ကြားရေးဆပ်ကော်မတီ
နှစ်ငငါးဆယ်ပြည့်ဇူလိုင်(၇)ရက်အရေးတော်ပုံ ကျင်းပရေးကော်မတီ ဗကသများအဖွဲ့ချုပ် (အထက်ဗမာပြည်)

May 15, 2012

May 13, 2012

သီချင်း

အမှတ်တရစာစု

မငယ်ရဲ့ ဖေဖေ (သို့မဟုတ်) ကျမသိသော အန်ကယ်ကြီး

 kyaw Gyi AB ရေးတင်ထားတဲ့ သီချင်းမဟုတ်တဲ့ သီချင်း ဆိုတဲ့ note ကို ဖတ်ရတဲ့အခါ အန်ကယ်ဦးခင်မောင်ကြည်၊ ကျမတို့ အခေါ် အန်ကယ်ကြီးကို အထူးပဲ သတိရမိပါတယ်။ အန်ကယ်ကြီးရဲ့ သမီးအဖို့မှာတော့ ပိုလို့သာအောက်မေ့ လွမ်းဆွတ်နေမှာ အသေအအချာပါပဲ။ အန်ကယ်ကြီးလို့ ကျမရဲ့မိခင်က ရင်းနှီးခင်မင်စွာ သုံးနှုန်းတဲ့အတွက် ကျမတို့ ကပါ အန်ကယ်ကြီးလို့ ခင်မင်လေးစားစွာ လိုက်ခေါ်ဖြစ်ပြီး နှုတ်ကျိုးနေတာပါ။ ဦးခင်မောင်ကြည် လို့ပြောရင်တောင် ရုတ်တရက်ဆိုရင် ဘယ်သူပါလိမ့်လို့ ကမန်းကတန်း စဉ်းစားရတဲ့အထိ အန်ကယ်ကြီး အခေါ်က နှုတ်ကျိုးလို့ နေပါတယ်။ အန်တီနှင်းဆိုရင်လဲ နာမည်အရင်းကို ခုထိမမှတ်မိတော့တဲ့ အဖြစ်ပါ။ အန်တီကြီးလို့ပဲ ခေါ်လို့ပါ၊ နာမည်မှာ နှင်း ဆိုတာပါတယ်ဆိုတာလောက်ပဲ မှတ်မိပါတော့တယ်။
           အန်ကယ်ကြီးနဲ့ ကျမတို့ မိသားစု ဆုံတွေ့ရတာက နဲနဲတော့ဆန်းပါတယ်။ ABSDF (NB) မြောက်ပိုင်းမှာ ထောက်လှမ်းရေးလို့ စွပ်စွဲဖမ်းဆီးခံနေရတဲ့ ကျောင်းသားတွေထဲက (၇)ယောက်ကို မိဘတွေဆီစာရေးပြီး လာခေါ်ဖို့ အကြောင်းကြားရာက စတင်သိရှိခဲ့ကြတာ ဖြစ်ပါတယ်။ ၁၉၉၂ မတ်လထဲမှာပါ။ အဲဒီအရင်က လုံးဝမြင်ဖူးတွေ့ဖူးခြင်းမရှိခဲ့သူ
ေ့တြပါ။ အန်ကယ်ကြီးဟာ အင်မတန်ရည်မွန်ပြီး လူကြီးပီသတဲ့ သူတစ်ယောက်ဆိုတာ မြင်လိုက်တာနဲ့ကို သိသာပါတယ်။ ရယ်စရာလေးတွေ ပြောတတ်ပြီး ကိုယ်ချင်းစာတရားရှိတဲ့သူတစ်ယော
က်ဆိုတာကိုပါ တဖြည်းဖြည်းသိခဲ့ရပါတယ်။ မေမေနဲ့ဘိုဘို့အမေ ဖြစ်တဲ့ အန်တီ ဒေါ်မြင့်မြင့်ကြည် တို့ကို အမြဲအားပေးတတ်ပါတယ်။ ကလေးတွေပြန်မပါလာတော့လဲ အမြဲလိုလို စိတ်ဓါတ်မကျဖို့ အားပေးတတ်ပါတယ်။ အန်တီဒေါ်မြင့်မြင့်ကြည်က အဲဒီအဖွဲ့မှာ အသက်အငယ်ဆုံးပါ၊ အဲဒီအချိန်က အသက်(၄၀) ထဲဝင်ကာစလားရှိပါသေးတယ်။ မေမေက (၄၈) နှစ်ထဲမှာ၊ အန်ကယ်ကြီးရဲ့ တူမသမီးအရွယ်ဖြစ်ပါတယ်။ မေမေတို့ အန်တီတို့က အန်ကယ်ကြီးနဲ့ အန်တီကြီးကို ဦးလေး အဒေါ်လို ချစ်ခင်လေးစားကြပါတယ်။ မြောက်ပိုင်းကို အန်တီကြီးလိုက်ခဲ့တာပါ။ ဒါပေမယ့် မသွားခင်မှာ ပြင်ကြဆင်ကြတဲ့အခါ အန်ကယ်ကြီးပဲ တစ်အိမ်တက်ဆင်း ဆက်သွယ်ပြောဆို တိုင်ပင်ကြပါတယ်။ အန်တီကြီးက ကျန်းမာရေးအရ ဟိုဟိုဒီဒီ သိပ်မသွားနိုင်လို့လို့ မှတ်မိပါတယ်။ အဲဒီခေတ်က ဆက်သွယ်ရေးက ဒီလောက်အဆင်မပြေတဲ့အချိန်မို့ ပြောစရာရှိရင် လူကိုယ်တိုင်ပဲ တွေ့ကြရတာပါ။ကျမတို့နေတဲ့ သုဝဏကို အန်ကယ်ကြီးက မော်တော်ဆိုင်ကယ်လေးနဲ့ ရောက်လာတတ်ပါတယ်။ စကားကို ဘွင်းဘွင်းရှင်းရှင်းပဲ ပြောတတ်ပီးဟန်မဆောင်တတ်တဲ့ အန်ကယ်ကြီးကို မေမေနဲ့ အတူ ကျမတို့လဲ ခင်မင်ကြပါတယ်။ အားလုံးသောမိဘတွေက သားသမီးအပူ ကိုယ်စီနဲ့ပါ။ အန်ကယ်ကြီးတို့မှာလည်း အဲလိုအပူကြားကပဲ အတူသွားမယ့်သူတွေ အပေါ်မှာ အကြီးပီသစွာ ဖေးဖေးမမ နဲ့ တည်ငြိမ်စွာ ပြောဆိုတတ်ပါတယ်။
           အန်ကယ်ကြီးပြောပြလို့ အန်ကယ်ကြီးက တပ်က အငြိမ်းစားယူထားကို သိရပါတယ်။ ထောက်လှမ်းရေးတပ်မှာ တာဝန်ထမ်းဆောင်တာကိုလည်း ပြောပြဖူးပါတယ်။ သူ့ကြောင့် သမီးဖြစ်သူကို စွပ်စွဲလေသလားမသိဘူးလို့လဲ တခါတလေ ပြောပြတတ်ပါတယ်။ ဒါပေမယ့် ၁၉၈၈ အရေးတော်ပုံကြီးက ကျောင်းသားတွေမခံမရပ်နိုင်ဖြစ်ပြီးစတင်ရာမှာ တစ်နိုင်ငံလုံးအုံးအုံးကြွက်ကြွက် ပါခဲ့ကြတယ်။ စစ်တပ်မိသားစုဝင် မပြောနဲ့ သံလျှက်စွန်းရေတပ်စခန်းကလဲ ပါလာတာပဲ၊ အားလုံးတသွေးထဲတသားထဲ တိုက်ပွဲဝင်ခဲ့ကြတာပဲ ဆိုပီး အန်ကယ်ကြီးကို အားပေးကြရပါတယ်။ အန်တီဒေါ်မြင့်မြင့်ကြည်ဆိုရင် အန်ကယ်ကြီးဟာ သူ့မိဘလိုပါပဲလို့ ခဏခဏ ပြောပြတတ်ပါတယ်။ မြောက်ပိုင်းကိုသွားဖို့ပြင်ဆင်ကြတဲ့အခါ  အန်တီ(ဒေါ်မြင့်မြင့်ကြည်ကို မိတ်ဆွေတချို့နဲ့ အမျိုးတွေက တားကြပါတယ်။  ဒါပေမယ့် ရုပ်ရှင်ထဲကလို သူပုန်စခန်းဆီသွားမှာမဟုတ်။ ကျောင်းသားစခန်းဆိုတော့ ကျောင်းသားဆိုတာ ကိုယ့်သားသမီးတွေပါပဲဆိုပီး ယုံကြည်စွာ သွားခဲ့ပါတယ်။ ဒါ့အပြင် အဲင်္ဒီ အချိန်က  အန်တီ ဟာ နောက်ကြောင်းမအေးစရာတွေ၊ မိသားစုပြဿနာတွေ တပုံတပင်ရှိနေတဲ့ကြားက အန်ကယ်ကြီးရဲ့ အားပေးမှုနဲ့ သားဖြစ်သူဆီ အရောက်သွားခဲ့ဖြစ်ပါတယ်။ သားနှစ်ယောက်မှာ တစ်ယောက်က တောထဲမှာ အဖမ်းခံထားရတယ်၊ သတ်ချင်လဲသတ်နေလောက်ဘီ။ တစ်ယောက်က အထဲမှာ အမှုတစ်ခုနဲ့ ရင်ဆိုင်နေ၇တယ်၊ ခင်ပွန်းသည်နဲ့ ကလဲ ခွဲနေကြရတယ်။ စီးပွားရေးအလုပ်ကလဲ သူမရှိလို့မဖြစ်၊ အင်မတန်အကြပ်အတည်းဖြစ်နေတဲ့ အချိန်ပါလို့ ကျမကို ပြောပြဖူးပါတယ်။ အဲဒီအချိန်မှာ အန်ကယ်ကြီးနဲ့ အန်တီနှင်းတို့ရဲ့ နှုတ်၏စောင်မခြင်း နဲ့ အားဖြစ်ပြီး သားဆီကို သွားနိုင်ခဲ့ပါတယ်။ အဲဒီကနေ နောက်ပိုင်း မိသားစုတွေလို ဖြစ်ခဲ့ကြပါတယ်။ ခုနောက်ပိုင်း အန်တီလဲ အသက်(၆၀)အရွယ်ရောက်လာပေမယ့် အန်တီကြီးနဲ့ စကားပြောတဲ့အခါ သမီးက သမီးကလို့ ပြောတာမြင်ရရင် စိတ်ထဲ ကြည်နှုးရပါတယ်။ တခါတလေ  အန်တီဒေါ်မြင့်မြင့်ကြည် အိမ်ရောက်ခိုက် ဖုန်းပြောနေတာကြုံလို့ ဆံပင်တွေဖြူနေတဲ့ အန်တီက သမီးကလေ ဆိုပီးပြောနေရင် အဲဒါတစ်ဖက်လူက အန်တီနှင်းပါပဲဆိုတာ သေချာတာပါပဲ။ အန်ကယ်ကြီး အကြောင်းပြောရင်း ဘိုဘို့ အမေဆီ ရောက်သွားရတာက အကြောင်းရှိလို့ပါ။ အဲဒီအန်တီ ဒေါ်မြင့်မြင့်ကြည်က စစ်သားဆို ကြည့်မရတာမှ အိမ်ရှေ့တောင် လာရပ်မခံပါဘူး။ သူ့အိမ်ကို လာတဲ့သူတွေဟာ ထောင်ထွက်တွေ၊ နိုင်ကျဉ်း မိသားစုတွေ ပါပဲ။ ဘိုဘိုက မြောက်ပိုင်းက ပြန်လာပြီး မကြာပါဘူး မန္တလေးထောင်မှာ အနှစ်(၂၀) ထောင်ကျပါတယ်။ အဲဒီတော့ အန်တီ့အိမ်က ထောင်ထဲက  လူကြုံတွေ၊ ထောင်ဆီသွားမယ့် လူကြုံတွေ သာလာကြတာပါပဲ။ အဲဒီတော့ အစိုးရနဲ့ ပတ်သက်သူတွေကလဲ ကြောက်လို့ အန်တီ့အိမ်ဆို မလာကြပါဘူး၊ စစ်တပ်ကို အင်မတန်မှ ကြည့်မရတဲ့၊ စစ်သားဆို မုန်းလွန်းတဲ့ အန်တီ့ အိမ်မှာ ထူးဆန်းစွာပဲ ဓါတ်ပုံတစ်ပုံ ချိတ်ထားပါတယ်။ အဲဒီပုံကို မြင်တဲ့သူတိုင်းက မေးလေ့ရှိတဲ့ မေးခွန်းက အတူတူပါပဲ။ ဘယ်သူလဲ၊ ဘာတော်လို့လဲ၊ ဘာဖြစ်လို့ ချိတ်ထားတာလဲ ဆိုတာပါ။ အဲဒီပုံက စစ်ဝတ်စုံနဲ့ ကိုယ်တစ်ပိုင်းပုံပါ၊ တည်ကြည်လေးနက်စွာနဲ့ ရှိနေပေမယ့် ပြုံးနေတဲ့အမူအယာရှိတဲ့  အန်ကယ်ကြီးငယ်စဉ်က ပုံပါ။ အန်ကယ်ကြီးဆုံးသွားပြီးတဲ့နောက်  မိဘသဖွယ် လေးစားစွာ အိမ်ဧည့်ခန်းမှာ ချိတ်ဆွဲထားတာ လို့ပြောပြပါတယ်။ စစ်သားဆို အိမ်ရှေ့တောင်လာမရပ်ရလို့ စိတ်ရှိတဲ့အန်တီဟာ အန်ကယ်ကြီးကို လေးစားစွာ  အမှတ်ရအောက်မေ့စွာ အန်ကယ်ကြီးရဲ့ ကိုယ်စားဓါတ်ပုံလေးကို ချိတ်ဆွဲထားတာ ယခုအချိန်ထိပါ။

May 6, 2012

စာစု

                                   အမှန်တရားနှင့်စွန့်လွှတ်ခြင်း
                                                
အမှန်တရားအတွက် မိမိကိုယ်ကျိုးကို စွန့်ကြသည်၊ ပိုင်ဆိုင်မှုကို စွန့်ကြသည်၊ ထို့အတွက် ကမ္ဘာကျော် ပုဂ္ဂိုလ်များလည်း ရှိပါသည်။ ကိုယ်ကတော့ ကမ္ဘာမကျော်၊ မြန်မာပင် မကျော်ပါ၊ အနှီပုဂ္ဂိုလ်တို့ ခြေဖျားပင် မမှီပါ။ ပမွှား အမှုံအမွှားပေမယ့် အမှန်တရားအတွက် ကိုယ့်အတိုင်းအတာနှင့် ကိုယ် စွန့်လွှတ်ခဲ့ရသည်များကတော့ ကိုယ့်အတွက် မဟာ့မဟာ အကြီးအမားပင်။ အမှန်တရားဆိုတာ ကိုယ့်ဖက်ကကြည့်တော့ လက်ဖဝါး၊ သူ့ဖက်က ကြည့်တော့ လက်ဖမိုးလား၊ အမှန်တရားဆိုတာကို စန်းစစ်ရင်း တစုံတခုကို ရှာတွေ့မိလေသည်။
  “ လောကမှာ အမှန်ကန်ဆုံးနဲ့ အမြဲမှန်တာ၊ ဘယ်တော့မှ မမှားတာ တစ်ခုပဲရှိတယ်။ အဲဒါကတော့ မွေးဖွားပြီးရင် သေဆုံးရမှာဖြစ်တယ်။ သေခြင်းဆိုတာ အမှန်တရားပဲ။”
ဒါဖြင့် လူတွေဟာ မွေးဖွားပြီးချိန်ကစလို့ အမှန်တရားကို ရောက်အောင် ဘယ်လိုပုံစံနဲ့ ဖြတ်ကြသလဲ။ တရားနည်းလမ်းကျစွာ ဖြတ်သန်းကြသလား၊ မတရားတဲ့နည်းတွေနဲ့ ဖြတ်ကြသလား၊ ဘဝတလျှောက်လုံး နေချင်သလို နေပြီးမှ အမှန်တရားနောက် ကောက်ကောက်ပါအောင် လိုက်ကြတာလား၊ ကိုယ့်ဘဝ တခုလုံးကို အမှန်တရားနဲ့ ဖုံးလွှမ်းထားပြီး သေခြင်းဆိုတဲ့ အမှန်တရားနောက်ကို ရဲရဲဝံ့ဝံ့ လိုက်ကြသလား။ ဘယ်လိုပဲဖြစ်ဖြစ် အမှန်တရားအတွက်တော့  တစ်စုံတစ်ခုကို စွန့်လွှတ်ရမည် ဆိုတာကတော့ သေချာသည်။
--------------------------------------- ++++++++++++ ---------------------------------------------------
၁။ ကိုယ့်အတွက်ကတော့ လောကအလယ်မှာ အမှန်တရားနဲ့ နေထိုင်ဖို့၊ မှန်ကန်စွာ တွေးခေါ် ရပ်တည်နိုင်ဖို့ လမ်းပြပေးသူကတော့ ကိုယ့်အဖေပင်။မှတ်မိပါသေးသည်။ ကိုယ့်အဖေက ဘဏ်အရာရှိတစ်ဦး၊ စည်းမျဉ်းဥပဒေအရ (ထိုခေတ်ကာလက)ငွေတခါလဲလျှင်  ငွေနှစ်ဆယ်ဘိုး ငွေအကြွေ လဲလှယ်ခွင့်ရသည်။ ဆယ်ပြားစေ့၊ နှစ်ဆယ့်ငါးပြားစေ့(တစ်မတ်)၊ ငါးဆယ်ပြားစေ့(ငါးမူး)၊ နောင်တွင် တစ်ကျပ်စေ့ ပေါ်လာသေးသည်။ တမတ်ကို ကြာဇံသုပ် တစ်ပွဲစားလို့ ရသည့်ခေတ်တွင် နှစ်ဆယ်ဘိုး ငွေအကြွေတွေသည် မနည်းမနော။ တစ်ကျပ်ကို ဆယ်ပြားစေ့ (၁၀) စေ့ ရသည်။ ကိုယ့်အဖေသည် ငွေအကြွေ အသစ်ကိုသာသုံးသည်။ ကိုယ်တို့ကို မုန့်ဖိုးပေးလျှင် အသစ်သာပေးသည်။ အဖေ့ပေးသည့် အကြွေအသစ်ကျပ်ချွတ် လေးတွေသုံးရတာ မျက်နှာလဲပွင့်လေသည်။ တခါမှာတော့ အင်မတန်မျက်နှာပန်းလှသည့် အကြွေစေ့လေးတွေကို တိုက်ပုံအင်္ကျီ
အိပ်ကပ်ထဲထဲ့ထားရင်း အင်္ကျီချိတ်မှာ ဒီတိုင်းချိတ်ထားသည်။ အကြွေတွေကြောင့် လေးပင်စွာတွဲကျနေသည့်အတွက် အိတ်အဝလေးသည် ခပ်ဟဟ။ နှစ်စေ့ သုံးစေ့နှိုက်ယုံနှင့် အဖေ သိနိုင်မည်မဟုတ်၊ ကိုယ့်လက်ကို ပြင်မိသည်။ စိတ်ကို ထိန်းလိုက်သည်။ သူတပါးမသိအောင်ယူလျှင် သူခိုးပင်၊ ဒါကိုယ့်အဖေ ပိုက်ဆံပဲ၊ ယူတော့ ဘာဖြစ်လဲ၊ အဖေမပေးပဲ ယူသဖြင့် အဖေသိသွားရင်… ဘာပြောမလဲ၊ တွေးရင်း မနှိုက်ဖြစ်တော့။ ညဖက် မောင်နှမတတွေ စာကြည့်နေစဉ် အဖေ့ခေါ်သံ ထွက်လာသည်။
   “ သုံးယောက်စလုံး လက်ပိုက်ထား၊ အဖေ့ တိုက်ပုံအိပ်ကပ်ထဲက ပိုက်ဆံ သုံးမတ်ပျောက်တယ်၊ ဘယ်သူယူသလဲ၊ အမှန်အတိုင်း ပြောရင် မရိုက်ဘူး”
ကိုယ် အရင်ဆုံးရှေ့ထွက်ပြီး ပြောလိုက်သည်။ “ ခိုင် မယူဘူး ဖေဖေ”
ဖေဖေက ဆတ်ကနဲ ကိုယ့်ကို အကြည့်မှာ စကားတစ်ချို့ အမှတ်မထင် ထွက်သွားသည်။
   “ လွယ်ရင် သူကြွယ်တောင် မနေဘူးလို့ ဖေဖေ ပြောဘူးတယ်၊ အခု ဖေဖေက တိုက်ပုံကို ဒီအတိုင်းချိတ်ထားတော့ မြင်တွေ့ နေရတာ လွယ်လွယ်နဲ့ နှိုက်လို့ ရနေတာ၊ အဲဒါ ယူတဲ့သူ အပြစ်မဟုတ်ဘူး “
ကိုယ့်အဖေက ကိုယ့်ကို အပေါ်ထပ်ပြန်တက်ခိုင်း ပေမယ့် မတက်ပဲ လှေကားအဆင့်သုံးဆင့်လောက်မှာ ထိုင်ရင်း အကိုဖြစ်သူနဲ့ မောင်လေးတို့ ဘာပြောတယ်ဆိုတာ နားစွင့်နေမိသည်။ အကိုက ပြားငါးဆယ်၊ မောင်လေးက တစ်မတ် ယူကြသည်လို့ အသီးသီးပြောလေသည်။ ဘာလုပ်သလဲ မေးတော့ အဖြေက တစ်ခုထဲ၊ ပိုက်ဆံကြေး ဂေါ်လီရိုက်သည်။ နိုင်တာ မုန့်ဝယ်စားသည်၊ အဖေက ပြောထားသည့်အတိုင်းမရိုက်ပါ၊ ကိုယ်မှတ်မိသလောက် ကိုယ့်အဖေက သားသမီးကိုရိုက်ပီး ဆုံးမလေ့မရှိ။ တအောင့်နေတော့ ကိုယ့်ကို ပြန်ဆင်းခဲ့ဖို့ ခေါ်သည်၊ မောင်နှမသုံးယောက်စလုံးကို ထိုင်ခိုင်းပြီး စာရေးဆရာ သော်တာဆွေရဲ့ စာတစ်ပုဒ်ဖြစ်တဲ့ မှန်ကန်ခြင်းနဲ့ရဲရင့်ခြင်းကို ပြောပြပီး လူ့ဘဝမှာ ရပ်တည်နေထိုင်ဖို့ ဆုံးမလေသည်။ ထိုသို့ ဆုံးမခြင်းသည် ညစဉ် အပတ်စဉ် မှသည် ကိုယ်တို့ အိမ်ထောင်မကျမချင်း အိပ်ယာဝင်ပုံပြင် ဖြစ်လာခဲ့သည်။ ထိုစဉ်က မောင်နှမတစ်တွေကို ခေါ်လိုက်တိုင်း လာပြန်ပဟလို့ ပွစိပွစိ ပြောခဲ့ကြသော်လည်း  ယခုအသက်အရွယ် ရောက်လာသည့် အခါမှာတော့ ကိုယ်တွေ ရိုးတွင်းချဉ်ဆီထိအောင် သံမှိုစွဲအောင် မှတ်မိနေ လက်ခံသိရှိနေတာကို သတိပြုမိလာရသည်။ ဒါ့ကြောင့်လည်း အမှန်တရား အတွက်ဆို ဘာကိုမှမမှု ရင်ဆိုင်ရန် သတ္တိတွေထွက်လာတတ်လေသည်။ သို့သော်လည်း အထိုက်အလျှောက်တော့ စွန့်လွှတ်ခဲ့ရတာတွေ ရှိခဲ့လေသည်။
၂။  
    လက်နက်ကိုင် အစောင့်အရှာက်များ အမြဲစောင့်ကြပ်နေတဲ့ အဆောက်အအုံ၊ ပြည်လမ်းပေါ်က ဖြတ်သွားဖြတ်လာရင်း တွေ့နေမြင်နေရတဲ့ ဆက်သွယ်ရေးတာဝါတိုင်ကြားက မီးထိန်ထိန်လင်းနေတဲ့ ၊ ခန့်ညားထယ်ဝါလှတဲ့ အဆောက်အဦုးံကြီး၊ ဒီအဆောက်အဦးထဲကို တော်ရုံလူ ဝင်လို့မရ၊ ဝင်ရဖို့ မလွယ်၊ အဲဒီမှာ အလုပ်လုပ်သူတွေဆို အားကျ အထင်ကြီးကြသည်။ ကိုယ်လဲ ဒီအဆောက်အဦထဲမှာ အလုပ်လုပ်ခွင့်ရခဲ့သည့် လူတစ်ယောက် ဖြစ်ခဲ့ဘူးသည်။ တစ်နိုင်ငံလုံးကို အသံလွှင့်နေတာ ကိုယ်ဖြစ်နေသည်။ တစ်နိုင်ငံလုံးကို သီချင်းတွေ ဇာတ်လမ်းတွေ လွှင့်ပေးနေတာ ဒီအဆောက်အအုံထဲက အခန်းကျဉ်းလေးတစ်ခုထဲက ကိုယ်ဖြစ်နေခဲ့ဘူးသည်။ ဒီအဆောက်အုံထဲ နေ့စဉ် ဝင်တိုင်း ပါသမျှ အိတ်တွေ ခြင်းတွေ ဖွင့်ပြခဲ့ရသည်။ ဝင်ဝင်ချင်း ဂိတ်ပေါက်ဝမှာ တစ်ကြိမ် အစစ်ဆေးခံရသည်။ ငါးမိနစ်ခန့် လမ်းလျှောက် အပြီး ဒုတိယဂိတ် အရောက် အစစ်ခံရပြန်သည်။ ကြာတော့လည်း သမရိုးကျ ဖြစ်လို့နေခဲ့သည်။ ဒီအဆောက်အဦးထဲမှာ အမှန်တရားကို ဖော်ထုတ်မိလို့ အညှိုးအတေးနဲ့ ဆက်ဆံထားတာ ခံရတဲ့ လူတစ်ချို့ရှိနေတာလဲ တွေ့ရသည်။ မှားမှန်းသိရက်နဲ့ အကြောက်တရားကြောင့် အမှန်တရားကို မျက်ကွယ်ပြုနေသူတွေလဲရှိသည်။ အမှားကို အမှန်ထင်ပြီး ပြုမူနေသူတွေလဲရှိသည်။ ကိုယ်ကျိုးအတွက် မှားမှန်းသိလျှက် ပူးပေါင်းနေသည့် ဘယ်သူသေသေငတေမာပြီးရော လူစားတွေရှိသည်။ ကိုယ့်စိတ်နှင့်လားလားမျှ မထိုက်သည့် နေရာကို ကိုယ်ရောက်ခဲ့ရချေပြီ။ ဒါပေမယ့် ကိုယ့်အလုပ်မှာ ကိုယ်ပျော်သည်။ သီချင်းတအေးအေးနှင့်နေရသည်။ ကိုယ်နားထောင်လိုသည့် သီချင်းနားထောင်လို့ ရသည်။ ဂီတအနုပညာကြားတွင် နေရသည်မှာ အေးချမ်းလှသည်။ အနုပညာရှင်များနဲ့ တွေ့ဆုံရသည်။ သူတို့ အနုပညာအစွမ်းကို ပကတိ တွေ့မြင်ရသည်။ သူတို့သရုပ်ဆောင်ပုံတွေကို အသံသွင်းခဲ့ရတာ ကိုယ်ဖြစ်နေသည်။ အရုပ်နှင့်သာ သရုပ်ဆောင်တာတွေ့ဘူးရာက အသံသရုပ်ဆောင်တာ မလွယ်တာကိုတွေ့ရသည်။ ဆယ်စုနှစ်တစ်ခု ကျော်လောက် ဒီအဆောက်အဦထဲက အလုပ်သည် ကိုယ့်ဘဝ ကိုယ့်ကမ္ဘာ ဖြစ်ခဲ့သည်။ ဒါပေမယ့် ဒီကမ္ဘာလေးထဲမှာ  ကိုယ့်အပေါ် မတရားဆောင်ရွက်တာ ရှိလာခဲ့သည်။ အမှန်တရားအတွက် ရင်ဆိုင်ခဲ့ရသည်။ ရင်းနှီးသူ တစ်ချို့က နံရံကို ခေါင်းနဲ့ မတိုက်ပါနဲ့တဲ့ အကြံပေးသည်။ အမှန်တရားအတွက် အားလုံးကို တိုက်ခဲ့သည်။ နိုင်ငံ့ အကြီးအကဲထံအထိ ရောက်အောင် အမှန်တရားကိုသိအောင် ပို့ပေးခဲ့သည်။ အားလုံးသိအောင် ပြောပြခဲ့ ရင်ဆိုင်ခဲ့ပြီး  ဒီအဆောက်အအုံထဲကို လုံးဝခြေဦးမလှည့်တော့၊ အမှန်တရားအတွက် စွန့်လွှတ်ခဲ့သည်။ ကိုယ်ပျော်ရာ ကိုယ့်ကမ္ဘာလေးတစ်ခုကို စွန့်လွှတ်ခဲ့သည်။ ဒီအတွက် ဘယ်တော့မှ နောင်တမရ။ မတရားလုပ်တာ ခံပြီး တသက်လုံးကိုယ့်ကို အညှိုးထားကာ ဆက်ဆံခံနေရတဲ့ ဘဝထက် စွန့်လွှတ်လိုက်တာ ပိုကောင်းသည်။
၃။  
      အဲဒီနောက်တော့ ကိုယ့်ဘဝသည် မိသားစုအတွက် ဖြစ်လာသည်။ အိမ်မှုကိစ္စ အဝဝသည် တစ်နေကုန် မနားရသည့် အလုပ်ပင်။ အလုပ်လုပ်စဉ်ကတော့ ထမင်းဘူးအတွက် ဟင်းတစ်ခွက်ပါအောင် အပြေးအလွှားချက်ရသည်။ ချက်ရင်းပြုတ်ရင်း လျှော်ရသည်။  အချိန်အတိုင်းအတာ တစ်ခုအတွင်းမှာ အလုပ်နှစ်ခု ဒါမှမဟုတ် သုံးခုကို တပြိုင်နက်ထဲ လုပ်ရသည်။ အိမ်အလုပ်ပဲ သီးသန့် အချိန်ပေးလို့ရလာသည့် အခါမှာတော့ ဟင်းတွေက အရသာရှိလာသည်။ အမျိုးမျိုးအဖုံဖုံ ပုံစံအမျိုးမျိုး ချက်လာနိုင်သည်။ မိသားစုအတွက် ကျေနပ်စရာတွေ ဖြစ်လာသည်။ ကိုယ့်အတွက်တော့ တခုခုလုပ်ချင်သေးသည်။ အားသည့်အချိန် စာရေးစာဖတ်ရင်း အသက်အရွယ်အရ အတွေ့အကြုံတွေကို ရေးချင်လာသည်။ ကိုယ့်မှာ ကလောင်တစ်ချောင်းရှိသည်။ ဌာနနှစ်လည်မဂ္ဂဇင်းမှာ ဆုရခဲ့သည့် ကလောင်ကို ပြန်သွေးခွင့်ရခဲ့သည်။ အထိုက်အလျှောက် စာတိုပေစလေးတွေ ရေးခဲ့သည်။ ချီးကျူး အားပေးသံတွေ တော်တော်လေးရလာခဲ့သည်။ ကိုယ့်ဘဝကို မီးဖိုချောင်ထဲမှာပဲ အချိန်ကုန်မည် ထင်ရာက အလုပ်တစ်ခုလုပ်ရလို့ ကျေနပ်နေခဲ့သည်။ သို့သော်လည်း ဒီကလောင်တစ်ချောင်းကို အမှန်တရားအတွက် လက်လွှတ်ခဲ့သည်။ စွန့်လွှတ်ခဲ့သည်။ စဉ်းစားပါသေးသည်။ သို့သော်မရပါ၊ အမှန်တရားကို ပြောရမည်။ မဟုတ်မမှန်တာဆို ငြိမ်မနေတတ်သည့် အကျင့်က ဖျောက်မရစွာ အမှန်တရားဘက်သို့ လိုက်လေသည်။ စွန့်လွှတ်လိုက်ပါသည်။ ဒါပေမယ့် ကျေနပ်သည်။ မဟုတ်တာ မမှန်တာ မတရားလုပ်တာကို ဒီအတိုင်းငုံ့ခံရတာထက် တခုခုစွန့်ရပါစေ၊ အမှန်ဖြစ်လျင်တော်ပါပြီ။ တဖြည်းဖြည်း တွေးမိလာသည်။ ဒီအတိုင်းဆို အမှန်တရားနဲ့ ရင်ဆိုင်ရတိုင်း ကိုယ်ကချည်းစွန့်လွှတ် နေရတာပါလား။ လောကချည်းက တရားမျှတပါရဲ့လား၊
အမှန်တရားဆိုတာကို စမ်းစစ်ရင်း တစုံတခုကို ရှာတွေ့မိလေသည်။
  “ လောကမှာ အမှန်ကန်ဆုံးနဲ့ အမြဲမှန်တာ၊ ဘယ်တော့မှ မမှားတာ တစ်ခုပဲရှိတယ်။ အဲဒါကတော့ မွေးဖွားပြီးရင် သေဆုံးရမှာဖြစ်တယ်။ သေခြင်းဆိုတာ အမှန်တရားပဲ။”
ဒါကို သိလာတော့ ကိုယ့်မှာစွန့်လွှတ်နိုင်ဖို့ အင်အားတွေ တော်တော် လိုနေသေးပါလား သိလာရချေပြီ။ ကိုယ်စွန့်လွှတ်ခဲ့ရတာ တွေကဘာမှမဟုတ် ဖြေသာနိုင်ပေသည်။ လောကသဘာဝ ဘယ်သူဖြစ်ဖြစ် ဒီအမှန်တရားကို မလွဲမသွေ ရင်ဆိုင်ရဦးမှာဖြစ်သည်။ ဒီတခါ စွန့်လွှတ်ရမှာကတော့  အင်မတန် တန်ဖိုးကြီးလေသည်။ ကိုယ့်ဘဝကို အဓိပါယ်မရှိ ထင်ခဲ့ရာက အခုတော့ စွန့်လွှတ်ဖို့ အင်အားတွေ မွေးရမည်၊ အမှန်တရားအတွက် စွန့်လွှတ်ခဲ့ရတာတွေက အသေးအဖွဲပင်။ ဒီအမှန်တရားကို ရင်ဆိုင်ဖို့ ဘဝက အဓိပါယ်ပိုရှိလာသည်။ အရင်က စွန့်လွှတ်ခဲ့သလို ပြုံးပြုံးလေးဟန်မပျက် စွန့်လွှတ်နိုင်ဖို့ ကိုယ့်ဘဝကို တည်ဆောက်ရမည်၊
        ယခုပင်လျှင် မအိုခင်က ကြိုတင်ကောင်းမှု ကြိုးစားပြုလော့
        ယခုပင်လျှင် မနာခင်ကကြိုတင်ကောင်းမှု ကြိုးစားပြုလော့
      ယခုပင်လျှင်  မသေခင်က ကြိုတင်ကောင်းမှု ကြိုးစားပြုလော့
ကိုယ့်ဘဝကို အဓိပါယ်မရှိ ကုန်ဆုံးနေရပြီလို့ ထင်နေရာက အဓိပါယ်ရှိတဲ့ အလုပ်တွေ လုပ်စရာအများကြီးရှိနေသေးတာကို တွေ့နေရပြီ၊ အချိန်.. အချိန်လောက်ပါ့မလား၊ အချိန်ရပါ့မလားတွေးပူမိချေပြီ။ အော်.. အမှန်တရားကို သတ္တိရှိရှိ ရင်ဆိုင်နိုင်ဖို့ ဘဝကိုလျှောက်ရပေအုန်းတော့မှာပါလား။

May 4, 2012