January 28, 2012

မြောက်ပိုင်းဒေသမှ အရိုးတွန်သံများဆောင်းပါးကြောင့်နိုးထလာသော နှလုံးသားပုံရိပ်တစ်ခု









                     
Facebook စာမျက်နှာပေါ်တွင်ဖတ်ရသည့် အဆိုပါအကြောင်းအရာများကို  လွန်ခဲ့သည့်အနှစ်(၂၀)ခန့်ကတည်းက ကျမသိရှိခဲ့ပြီးဖြစ်ပါတယ်။ လူစာရင်းအတိအကျကိုတော့ ဒီဆောင်းပါးဖတ်မှသိရပါတယ်။ ဒီဆောင်းပါးမှာပါတဲ့အတိုင်းပါဘဲ၊ အခုအချိန်မှ ဖွင့်ပြောခဲ့ကြရတာကတော့ အချိန်မကျသေးတာရယ်၊ ကျောင်းသားအချင်းချင်းဖြစ်ပျက်ခဲ့တာကို လက်ရှိစစ်အစိုးရသိရှိခဲ့ရင် လက်ညှိုးထိုး ပြောစရာဖြစ်လာမှာရယ်ကို မလိုလားတာရယ် စတာတွေကြောင့်ပါ။ ကျမလို ကာယကံရှင်တစ်ယောက်မဟုတ်တဲ့သူအနေနဲ့ပြောရရင် အစွပ်စွဲအနှိပ်စက်ခံခဲ့ရတဲ့ ကျောင်းသားတွေဟာ ကျောင်းသားစိတ်အပြည့်ရှိပြီး မိမိတို့အသက်အန္တရယ်ထိခိုက်သည်အထိ ကြုံခဲ့ရပေမယ့် အဖွဲ့အစည်းဂုဏ်သိက္ခာအတွက် ရေငုံနေခဲ့ကြပါတယ်။ ကျောင်းသားသိက္ခာထိန်းခဲ့ကြတာပါ။ ဒါပေမယ့် ဒီမိုကရေစီဖော်ဆောင်နိုင်တဲ့တစ်နေ့၊ နိုင်ငံရေးအပြောင်းအလဲတွေ ဖြစ်လာတဲ့ တစ်နေ့ကျရင် ဒီကိစ္စတွေ၊ ဒီလူတွေဟာ စစ်အစိုးရကလွှတ်လိုက်တဲ့ စစ်ထောက်လှမ်းရေးတွေမဟုတ်ဘူးဆိုတာရယ်၊ မတရားညှင်းဆဲသတ်ဖြတ်ခဲ့တယ်ဆိုတာတွေရယ်ကို ဖော်ထုတ်ကျမယ်လို့ ရည်ရွယ်ထားပီးသားဆိုတာ အဲဒီအနှစ်နှစ်ဆယ်ဝန်းကျင်ကတည်းက ကျမသိရှိပြီးသားပါ။ ဒီတော့ကျမအနေနဲ့သိပြီးသားတွေ မထူးဘဲနဲ့ဘာလို့ရေးလာသလဲလို့ဆိုတာပြောရပါမယ်။
ဒီအကြောင်းအရာတွေဖတ်လိုက်ရတဲ့အခါ အစွပ်စွဲခံရပြီး သတ်ဖြတ်ခံခဲ့ရတဲ့၊ ညှဉ်းပန်းနှိပ်စက်ခံရတဲ့ ကျောင်းသားမိဘ၊ညီအကိုမောင်နှမတစ်တွေရင်ထဲကို ကိုယ်ချင်းစာစိတ်နဲ့ခံစားမိရပါတယ်။ ကိုယ့်ရဲ့သွေးသားကိုနှိပ်စက်တာတွေကို ရင်နှင့်အမျှ၊ ကာယကံရှင်ခံစားရသည့်နည်းတူ ရင်ပွင့်မတတ်ခံစားခဲ့ရတာတွေက အသစ်တစ်ဖန်ခံစားလာရပြန်ပါတယ်။ အဲဒီအခါမှာ ကျမအမေလို ရင်းနှီးခင်မင် ချစ်ခင်လေးစားခဲ့ရတဲ့  ကျောင်းအုပ်ဆရာမကြီးတစ်ယောက်ရဲ့ လွန်ခဲ့တဲ့အနှစ်(၂၀) က
ပေါက်ကွဲလုမတတ်ခံစားခဲ့ရတဲ့ နှလုံးသားပုံရိပ်ကို ပြန်ပြီးမြင်ယောင်လာခဲ့ပါတယ်။

၂။ ဆရာမကြီးဆိုပေမယ့် ကျမတို့ငယ်စဉ်က မူလန်းပြဆရာမအဖြစ်ဆုံခဲ့ရပါတယ်။ ကျမလေးတန်းမှာ ကျမရဲ့အတန်းပိုင်ဖြစ်ခဲ့ပြီး၊ ကျမမိဘများနဲ့ ဆရာမကြီးခင်ပွန်းက ဌာနတစ်ခုမှာ အတူတာဝန်ထမ်းဆောင်တဲ့အတွက် ခင်မင်ရင်းနှီးကြပါတယ်။ လေးတန်းမှာ အတန်းပိုင်ဆရာမဖြစ်ခဲ့တဲ့အတွက်  ဆရာမလို့ခေါ်တာနှုတ်ကျိုးနေပေမယ့် ကျမနဲ့သားသမီးဖွယ် နှစ်ပေါင်းများစွာ ခင်မင်ရင်းနှီးခဲ့ပါတယ်။ နောက်ဆုံးကျမကျောင်းဆရာမလုပ်နေတဲ့အထိ ဆရာမဟာနှစ်ပေါင်းများစွာ ဆရာမကြီးဘဝနဲ့အငြိမ်းစားယူသည်အထိနှစ်(၄၀)ဝန်ထမ်းဘဝတာဝန်ထမ်းခဲ့သူပါ။ စာအသင်အပြအလွန်ကောင်းပြီး၊ ကျောင်းသားများ  ချစ်ကြောက် ရိုသေယုံမက မိဘများကပါ လေးစားကြပါတယ်၊ ဆရာမစာသင်သံကြားရတဲ့ ရပ်ကွက်ထဲက မိဘတချို့က သူ့ကလေးတွေစာကျက်ရင် “ ဒါကဒီလိုပါ “  ဟု  ပြန်ရှင်းပြတတ်ရာ၊ ကလေးတွေက “ အမေတို့တောင်စာတွေရနေပါလား” လို့ ပြန်ပြောမိကြပါတယ်။ ကလေးမိဘတွေကလည်း “ အေး မင်းတို့ ကံကောင်းတယ် ဒီလို ရှင်းကနဲ နားထဲဝင်အောင်သင်နိုင်တဲ့ဆရာမမျိုးနဲ့ တို့တွေ့ခဲ့လို့ကတော့ခုလို ကျောင်းတဝက်တပျက်နဲ့ထွက်ခဲ့မှာမဟုတ်ဘူး” “ မင်းတို့သေချာသင်ယူကြ” လို့ ပြောယူကြရပါတယ်။ ဆရာ/ဆရာမ အချင်းချင်းမှာတင် လူမှုရေး စီးပွားရေး၊ ကုန်ကုန်ပြောရရင် ဆရာမပေါက်စလေးတွေရဲ့ အချစ်ရေးကအစ ဆရာမကိုပဲ တိုင်ပင်ကြတာတွေ့ရပါတယ်။ ပေါင်းသင်းဆက်ဆံရေးအင်မတန်ကောင်းပြီး စိတ်နှလုံးအင်မတန်နူးညံ့ပါတယ်။ ဆရာမရော၊ ဆရာမခင်ပွန်းပါ  ရုပ်ရည်ချောမောကြပါတယ်။ ဆရာမဟာ ရုပ်ရည်ချောမော၊ ကျက်သရေရှိပြီး မျက်နှာအမူအယာအေးချမ်းတည်ကြည်သလောက် ဆရာမဘဝဟာ ခက်ခဲကြမ်းတမ်းလှပါတယ်၊ လောကဓံရဲ့ရိုက်ပုတ်တဲ့ဒဏ်ကို ဘဝတလျှောက်လုံးခါးစီးခံခဲ့ရပါတယ်။  ဒါပေမယ့် နင်လားဟဲ့လောကဓံလို့တောင် ကြုံးဝါးမနေပဲ အဲဒီလောကဒဏ်နဲ့ အတူလမ်းလျှေက်ရင်းဘဝကိုဖြတ်သန်းခဲ့ပါတယ်။ ကျမဟာလည်း ဆရာမရဲ့ သမီးတစ်ယောက်သဖွယ်ချစ်ခင်ခဲ့ရသူဖြစ်တဲ့အတွက် ဆရာမလောကဒဏ်နဲ့အတူလမ်းလျှေက်ချိန်မှာ တခါတရံ အဖော်အဖြစ်ပါခဲ့ပြီး  အတူလျှောက်ဖြစ်ခဲ့တဲ့ကာလတွေရှိခဲ့ပါတယ်။ ဒါကြောင့်လည်း မေ့မရနိုင်တဲ့ နှလုံးသားပုံရိပ်တွေကို တထပ်ထဲ သိရှိခဲ့ရခြင်းပါ။
          ဆရာမဟာ ဆီစက်ပိုင်ရှင် စက်သူဌေးသမီးဘဝကနေ ရုန်းကန်လှုပ်ရှား စိုးရိမ်မကင်းစွာရပ်တည်နေရမယ့်ဘဝကို  သူ့ဘာသာရွေးချယ်ခဲ့တာပါ၊  ၁၉၆၂ခုနှစ် ကျောင်းသားအရေးအခင်းကြောင့် ဆရာမတို့ရွာကို တက္ကသိုလ်ကျောင်းသားတယောက် တိမ်းရှောင်လာရာက  ဆရာမဘဝပြောင်းလဲခဲ့ပါတယ်။ အဲဒီကျောင်းသားဟာ အခုလက်ရှိဆရာမရဲ့ခင်ပွန်းပါဘဲ၊  ဆရာမက အဲဒီအချိန်က High School Final အောင်ထားပါတယ်၊ နိုင်ငံရေးသမားကိုယူရင် စိတ်ရှုပ်စရာတွေ ၊စိတ်ပင်ပန်းစရာတွေ ကြုံရလိမ့်မယ်လို့ ပြောကြဆိုကြပေမယ့် အသက်(၁၈)နှစ်မှာပဲ အိမ်ထောင်ပြုခဲ့ပါတယ်၊ အဲဒီနောက်ရန်ကုန်မှာ အခြေချနေပြီး အသက်(၁၉)နှစ်၊ သားတစ်ယောက်မွေးအပြီးမှာ မူလတန်းဆရာမစလုပ်ပါတယ်၊ အဲဒီအချိန်မှာ နယ်ကဆရာမရဲ့ဖခင်ရုတ်တရက်ဆုံးခြင်း၊ ဆီစက်ကို ပြည်သူပိုင်သိမ်းခြင်း၊  အိမ်မီးလောင်ခြင်း စတာတွေဆက်တိုက်ကြုံခဲ့ရပါတယ်၊ ဒါတွေဟာလူတိုင်းကြုံရတတ်တဲ့ လောကဓမ္မတာပဲလို့ ဖြေသိမ့်နိုင်ခဲ့တဲ့ဆရာမဟာ  သူ့ဘဝမှာ ဘယ်လိုမှ မေ့မရနိုင်မယ့် အဖြစ်အပျက်တွေ ရှိလာလိမ့်မယ်လို့ မထင်ခဲ့ပါဘူးတဲ့။
၃။
ဆရာမရဲ့သားအကြီးဆုံးက ကျမနဲ့အသက်အရွယ် အတန်းအတူတူပါ။ ဒုတိယသမီး သမီးကြီးကတော့ကျမထက်ငယ်ပါတယ်၊ အဲဒီသမီးကြီးဟာ အဖေတူသမီးပါ၊ ဒါကြောင့် အဖေဖြစ်သူကတော်တော်ချစ်ပါတယ်၊ အဖေချစ်သမီးပီပီ အမေကို  အဖေလောက်တော်တယ်လို့ ဘယ်တော့မှမမြင်ပါ၊ ဒါကြောင့်လည်း ကျမနှင့်ဆရာမ ဒီလောက်နီးနီးစပ်စပ် တွယ်တာမိတာဖြစ်နိုင်ပါသည်။ နောက်တခုက ဆရာမသည် နိုင်ငံရေးအကြောင်းမပြော၊ နိုင်ငံရေးအကြောင်းမဖတ်။ စာသာသင်လေသည်။ စာသင်သည်သာ သူ့အလုပ်။ ဆရာမ၏ သမီးကြီးက နိုင်ငံရေးစာအုပ်များကို စာဖတ်တတ်ကတည်းကဖတ်သည်၊ သူ့အဖေကလေ့ကျင့်ပေးထားခြင်းပင်၊ ၁၉၈၈ခုနှစ် ၊ မတ်လ ၊စက်မှုတက္ကသိုလ်ကျောင်းသား ကိုဖုန်းမော်ကျဆုံးပြီးနောက် တက္ကသိုလ်ဝန်းကျင်သည် မငြိမ်သက်နိုင်တော့ ။ လှုပ်လှုပ်ရှားရှားဖြစ်နေသည်၊   ဇွန်လတွင် ရန်ကုန် တက္ကသိုလ် အရေးအခင်းစလေသည်။ ဆရာမသည် သမီးကြီးကိုပူလေသည်၊ ထိုသမီးကြီးအောက်မှ သားအငယ်မှာ ဖြူဖြူနွဲ့နွဲ့ အသားဖြူဖြူအရပ်ရှည်ရှည် ပိန်ပိန်ပါးပါး  ၊ မျက်ခုံးကောင်းကောင်ျးနှင့် လူချောတစ်ယောက်၊ သူက ဒုတိယနှစ် သင်္ချာအထူးပြုဖြင့် (လုပ်သားကောလိပ်) တက်ရောက်နေသူ၊ ဒုတိယနှစ်တွင် ဖခင်၏ရုံးတွင် အလုပ်ရသဖြင့် လုပ်သားကောလိပ်ပြောင်းတက်ခြင်းပင်။ ဆရာမသည် စိတ်ပူစွာဖြင့်” မင်းအမ က ကျောင်းမှာစာမသင်တော့ဘူးဆိုလဲ မသွားနဲ့တော့ပြောတာမရဘူး၊ ဘာကြောင့်သွားနေမှန်းမသိဘူး”ဟု ပြောရာ ထိုသားအငယ်မှ “ ကျောင်းသားတွေဟောတာပြောတာ သိပ်ကောင်းတယ်၊ အဲဒါသွားပြီး နားထောင်နေတာနေမှာပေါ့။ ဒီနေ့ခေတ် ဖြစ်ပျက်နေတာတွေ အမှန်အတိုင်းပြောရဲတာ၊ သိပ်ကောင်းတာပဲ၊ မဆလ အစိုးရတော့ ဒီတချီသေဘို့သာပြင်၊ ကျောင်းသားတွေက နောက်မဆုတ်တော့ဘူး၊ ကျောင်းသားတွေ သွေးမြေကျခဲ့ရတာတွေအတွက် ပေးဆပ်ရလိမ့်မယ်၊  ဒီအစိုးရကို အပြုတ်တိုက်ဘို့စီစဉ်နေကြပြီ” ဟုပြောသည်ကို အမှတ်တမဲ့သာနေခဲ့သည်။ သမီးကြီးကို စိတ်ပူစွာ အာရုံစိုက်မိသဖြင့် သားအငယ်ကို မေ့လျော့နေခဲ့လေသည်။ ထိုသားအငယ်သည် အဲဒီအချိန်က အသက်(၂၀)အရွယ်၊ ထိုအရွယ်မှစ၍ သူ့ဘဝတစ်ခုလုံး နိုင်ငံရေးနယ်ထဲ ကျောင်းသားတော်လှန်ရေးနယ်ထဲ ရောက်သွားလိမ့်မည်ဟု မထင်ခဲ့ပါတဲ့။  တိုအချိန်တွင် အစိုးရက တိုင်းပြည်အခြေအနေကို ရိပ်မိ၍ပဲလား အစိုးရဝန်ထမ်းများကိုစည်းရုံးတာပဲလားမသိ ဝန်ထမ်းဆန်ကို တစ်ယောက်(၃)လစာ ထုတ်ပေးလေသည်။ ထိုသားအငယ်သည် အဖေ၊ အမေ၊ သူ့ကိုယ်တာများကို ကားတစ်စီးဖြင့် ထုတ်ပြီးအိမ်သို့ပို့ခဲ့ပြီး အိမ်မှပျောက်ချင်းမလှပျောက်သွားလေသည်။ ဆရာမအချစ်ဆုံးသား အတွက်ဆရာမခံစားရလေပြီ။ သမီးကြီးကပြောသည်တဲ့၊ သားငယ်သည် ကျောင်းမှာတရားတက်ဟောသည်၊ မျက်နှာစည်းရန်ပုဝါတောင်း၍ ပေးလိုက်သေးသည်တဲ့။ ဆန်များလာပို့တော့ “ အမ ဒီဆန်တွေ တို့မိသားစု(၃)လစားလို့ လောက်လား” လို့ မေးသွားတယ်၊ “ငါမရှိရင် အဖေနဲ့အမေကို ဂရုစိုက်ပါ” လို့ပြောသွားတယ်၊ “သူကတော့ တိုင်းပြည်အတွက် လုပ်စရာတွေရှိလို့ သွားဘီ” လို့ ပြောသွားတယ်ဆိုပြီး သမီးကြီးကပြန်ပြောတော့ ဆရာမလည်း ဘာမှမပြောသာတော့ပါ။ သမီးကြီးကဆက်ပြောသေးသည်တဲ့
“ မေမေစိတ်မပူနဲ့၊ မေမေ့သားတစ်ယောက်ထဲမဟုတ်ဘူး၊ ဘယ်သွားတယ်၊ ဘာလုပ်တယ်ဆိုတာ ပြောလို့မရပေမယ့် သူတို့ကျောင်းသားလှုပ်ရှားမှုတွေ ဆက်လုပ်ဘို့ သွားကြတာပါ။ မေမေ့သားအတွက် အစစ အဆင်ပြေအောင်သာ ဆုတောင်းပေးပါ။ မေမေခွဲရတယ်ဆိုတာ သေသွားတဲ့ကျောင်းသားတွေရဲ့ မိဘတွေလောက် မဆိုးပါဘူး” တဲ့
၎။
    ၈-၈-၈၈တွင် ကျောင်းသားများဦးဆောင်သော ရှစ်လေးလုံးအရေးတော်ပုံကြီးစတင်လေသည်။   ပြည်သူတစ်ရပ်လုံး  အုံးအုံးကြွက်ကြွက်တောင်းဆိုသံများကြောင့် မဆလ အစိုးရပြုတ်ကျလေသည်။ ဆရာမ၏သမီးကြီးနှင့်တစ်ကွ ဆရာမခင်ပွန်းပါ သားပျောက်၊ မောင်ပျောက်ရှာကြလေသည်။ တရားဟောသည့်နေရာတွင် စောင့်ကြည့်သည်၊ ချီတက်ရင်းနှင့် ရှာကြသည်။ သမီးကြီးသည် ကျောင်းသားသမဂ္ဂအဖွဲ့မှတဆင့် စုံစမ်းသည်၊ အချို့ကျောင်းသားများ ဇွန်အရေးအခင်းပြီးကတည်းက ရှစ်လေးလုံးအရေးတော်ပုံအတွက် တစ်နိုင်ငံလုံးအနှံ့ တာဝန်ကျရာနယ်များသို့ ရောက်နေကြောင်းတော့သိရသည်။ ကနဦးအစ ပစ်ခပ်မှုများရှိရာ အသက်ရှင်ရက်ရှိပါ့မလား သံသယဝင်လာသည်။ ထိုသံသယကို ဆရာမသည် မိခင်တို့၏သိစိတ်ဖြင့် ချေဖျက်သည်။ ကိုယ့်သွေးသားဖြင့် ဖြစ်တည်ပြီး မိမိဝမ်းကြာတိုက်မှာ ကိုးလလွယ်ဆယ်လဖွားခဲ့ရသည့် သားကို မသေသေးပါဟု အလိုလိုသိပါသည်တဲ့၊ တွေ့အောင်ရှာကြပါပြောရင်း အိပ်ယာထဲလဲလေသည်။ သမီးကြီးသည် သမဂ္ဂရှိရာ ရန်ကုန်ဆေးရုံကြီးသို့ သူတို့နေထိုင်ရာ မြို့စွန်မှ နေ့တိုင်းလမ်းလျှေက်သွားသည်။ သူ့အလုပ်သူလုပ်ရင်း မောင်ကိုစုံစမ်းသည်၊ သူလည်းစိတ်ပူနေပြီ၊ တနေ့ပြန်လာမယ်ပြောသွားတာ ဒီအချိန်ပြန်လာရမှာပေါ့ဟု ဆိုကာမျှော်ရချေပြီ။  ကျမသည် ဆရာမကို စောင့်ရှောက်ပေးရင်း သားသမီးအပူများကို မျှဝေခံစားခဲ့ရသည်။ စက်တင်ဘာ(၁၈)ရက်တွင်တော့ စစ်တပ်မှ အာဏာသိမ်းလေတော့သည်။ ကျောင်းသားများ အလုပ်သမားများ  ပြည်သူများ တောခိုကြလေပြီ။ ဆရာမသည် သားအငယ်အတွက် ပူပင်သောကများမငြိမ်းနိုင်တဲ့အတွက် ကျန်သမီးများအား အတင်းအကြပ်တားမြစ်ခဲ့လေသည်။ ဆရာမလည်းအိပ်ယာတွင် ဘုံးဘုံးလဲကာ လူထူမှသာ ထနိုင်ခဲ့ပါတော့တယ်၊  မျှော်လင့်ချက်တွေ ပြိုလဲလုဖြစ်နေပါတော့တယ်။
လုံးဝ မထင်တားအချိန်မှာမှ အမျိုးသမီးတစ်ယောက် ရောက်လာပါတယ်။ သားငယ်ဟာ သန်လျှင်ကသူငယ်ချင်းအိမ်ကို ရောက်နေတဲ့အကြောင်းနဲ့   သူဟာ သူငယ်ချင်းရဲ့ အမေဖြစ်တယ်ဆိုတဲ့အကြောင်း၊ ခုလိုအချိန်မှာ သားကိုလက်ခံမထားရဲတဲ့ အတွက် လာခေါ်ဘို့ပြောလာပါတယ်။ ဆရာမဟာ သားအသက်ရှင်ရက်ရှိနေတာကို ဝမ်းသာအားရဖြစ်သွားပြီး  ထထိုင်ပါတယ်။ လမ်းတော့မလျှောက်နိုင်ပါဘူး၊ ဆရာမခင်ပွန်းကတော့ အိမ်ရောက်ရင်ဖမ်းခံရမှာပေါ့ ၊ဘယ်လိုလုပ်ကြမလဲ စဉ်းစားနေတုန်းမှာပဲ၊ သမီးကြီးက “သူလိုက်သွားမယ်  ၊ သူကြည့်စီစဉ်ခဲ့မယ်၊ မေမေ နေကောင်းအောင်နေပါ၊  ဖေဖေကဝန်ထမ်းဖြစ်တဲ့အတွက်  ဖေဖေက ဆက်သွယ်တယ်ဆို မကောင်းပါဘူး၊ “ ဆိုကာ တခါမှမမြင်ဘူးသည့် အမျိုးသမီးကြီးတစ်ယောက်နောက်ကို လိုက်သွားလေရာ၊ ဆရာမမှာ  ဝမ်းသာစရာနှင့်အတူ စိတ်ပူပင်စွာ ကျန်ရစ်ခဲ့ပါတယ်။
သားငယ်က အရေးအခင်းကာလမှာ မြိတ်ကိုရောက်နေပြီး အဲဒီမှာ ကျောင်းသားအရေးတော်ပုံကို စတင်နိုင်ခဲ့ကြပါတယ်။ စစ်တပ်အာဏာသိမ်းပြီး ရန်ကုန်မှာရှိတဲ့ ကျောင်းသားတွေ နယ်စပ်ကိုရှောင်တိမ်းကြတော့  အရေးအခင်းမတိုင်ခင်ထွက်သွားတဲ့ သူတို့က ပြန်ဝင်လာကြတာပါ။ ဒါပေမယ့်  ပေါ်ပေါ်တင်တင် နေတာမဟုတ်ပဲ လုံခြုံတဲ့နေရာမှာပုန်းနေကြတာပါ။ သန်လျှင်ကို ကျောင်းသားတချို့နဲ့တွေ့ဘို့အလာ၊ သူငယ်ချင်းဖြစ်သူအိမ်ကိုဝင်တာဖြစ်ပါတယ်၊ အိမ်ကိုပြန်မလိုက်နိုင်ပါ၊ ကျောင်းသားအရေးကိစ္စများ လုပ်စရာများစွာ ရှိနေသေးတဲ့အတွက် သူ့ကိုမေ့ထားလိုက်ပါ၊  ဘာအကြောင်းမှ မကြားရရင် အသက်ရှင်ရက်ရှိနေသေးတယ်မှတ်ပါ လို့ ပြောပါတယ်တဲ့၊ သမီးကြီးက” အမေက တခါလောက်တော့ တွေ့ချင်ရှာမယ်၊ ဘာမပြောညာမပြော ရုတ်တရက်ပျောက်သွားလို့ ခံစားနေရတာဖြစ်မယ်။ ဒီတကြိမ်တော့တွေ့လိုက်ပါ၊ အတင်းပြန်လဲမခေါ်ပါဘူး၊ လုပ်စရာရှိတာဆက်လုပ်ပါ၊ တွေ့လိုက်ပါလို့” ပြောတဲ့ အချိန်မှာ ရန်ကုန်ဘက်က ညောင်တမ်းဆိပ်ကမ်းကို ရောက်မှ တွေ့မယ်လို့ အဖြေရပါတယ်။  ဒါပေမယ့် ညမထွက်ရအမိန့်ကရှိနေတော့ အချိန်က နာရီဝက်ပဲရပါတော့တယ်။ သမီးကြီးစီစဉ်ပေးလိုက်တဲ့ အိမ်ကို သားငယ်က သွားနှင့်ဲပီး ဆရာမနဲ့ အန်ကယ်( ဆရာမအမျိုးသား) တို့ကိုသမီးကြီးကအပြေးအလွှား လာပြန်ခေါ်ပါတယ်၊ အံ့သြစရာပါပဲ  ၊ သမီးကြီးက “ မေမေ ဒီတခါမှမတွေ့ရရင် တွေ့ဘို့မလွယ်ဘူး။ သူလုပ်စရာတွေဆက်လုပ်မှာမို့ ၊ မေမေအားတင်းပြီးလိုက်လာပါ “ လို့ပြောတယ်ဆို ဆရာမဟာ အနွေးထည်လေးထပ်ဝတ်ပြီး လမ်းထလျှောက်ပါတယ်။ ကျမက ကျန်တဲ့ဆရာမသမီးအငယ်တွေနဲ့အတူ အိမ်စောင့်ကျန်ခဲ့ရပါတယ်။ ညမထွက်ရအမိန့်ကြောင့် ဘယ်လိုမှ ပြန်မလာနိုင်ဘူးဆိုတာသိလို့ပါ။
၅။ စစ်တပ်ကအာဏာသိမ်းပြီးတဲ့နောက် နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေကို ထုတ်ပြန်ပြီး နိုင်ငံရေးပါတီများမှတ်ပုံတင်ရေးဥပဒေကို ပြဌာန်းပါတယ်၊ နိုင်ငံရေးပါတီစာရင်းတွေကို သတင်းစာမှာထုန်ပြန်တဲ့အခါ “ ဗမာ့မျိုးချစ်လူငယ်အစည်းအရုံး” ဆိုတဲ့ ကျောင်းသားပါတီတစ်ခုမှာ သားငယ်နာမည် ကိုတွေ့လိုက်ရပါတယ်။ မြေပေါ်မှာရှိနေတယ်ဆိုတာ သိထားလို့လဲ သူလို့ထင်တာပါ။ နောက်တော့ အဲဒီပါတီရဲ့ ဥက္ကဌဖြစ်သူက စိတ်အေးအေးနေဘို့ ဆရာမကို ကိုယ်တိုင်ပဲ အိမ်ကိုလာပြောပါတယ်။ နောက်ပိုင်းမှာ ဆရာမက ဘယ်လိုနေကြသလဲ၊ စားစရာရှိကြရဲ့လား သိချင်လာပါတယ်။  အဲဒီတုန်းက ဝန်ထမ်းများ ပါတီနိုင်ငံရေးကင်းရမယ်ဆိုပြီး လက်မှတ်ထိုးထားရတဲ့အတွက် ထုံးစံအတိုင်း သမီးကြီးကို ပါတီလိပ်စာအတိုင်း သွားခိုင်းပါတယ်။ စားစရာတွေ အပို့ခိုင်းပါတယ်၊  ဆန်ုပြုတ်သောက်လိုက်၊ မရှိရှိတာ စားပြီး နေနေတာသိရတော့ ပို့ပေးနေရင်းက နောက်ဆုံး ဆရာမကိုယ်တိုင် သွားကြည့်ပါတယ်။ သားငယ်က “အမေမလာပါနဲ့၊ ကျနော်တို့က ရွေးကောက်ပွဲဝင်ဘို့ထောင်တာမဟုတ်ဘူး၊  ကျောင်းသားအရေးကိစ္စတွေ လုပ်လို့ရအောင် မှတ်ပုံတင်ထားတာ၊ ထောက်လှမ်းရေးက ရိပ်မိရင်လဲရိပ်မိနေလောက်ဘီ၊ အမေ ဒုက္ခရောက်မယ် လို့ တားပါတယ်” နောက်ဆုံးမတော့ ဆရာမက  ဘယ်လိုအကြောင်းတွေကြောင့်ပဲဖြစ်ဖြစ် တနေရာရောက်ဘီဆို ဘယ်မှာရှိနေတယ်ဆိုတာ သိရရင်ကျေနပ်ဘီ၊ သားတို့ကျောင်းသားတွေကို မေမေ အမြဲမေတ္တာပို့နေတယ်၊ ဘယ်မှာရှိတယ်ဆိုတာသာပြောသွားပါ”  လို့ မှာပါတယ်၊ ဆရာမရဲ့ မသိစိတ်ထဲမှာ နိုင်ငံရေးအခြေအနေတွေကြောင့်  တနေ့သူ့သားသွားရမယ်ဆိုတာသိနေပါတယ်။
တကယ်တန်းကျတော့ သော့ခပ်ထားတဲ့ ပါတီရုံးခန်းသာကျန်ခဲ့ပီး၊  မြေလျှိုးသွားကြပါတယ်၊ အခြေခံပညာကျောင်းသားသမဂ္ဂက ကျောင်းသားတွေပါ ပါသွားကြပါတယ်။ အငယ်ဆုံးကျောင်းသားက (၁၆- ၁၇) အရွယ်တွေပါ။  ဆရာမက အင်မတန်ရိုးတဲ့အတွက် ကျောင်းသားတပ်မတော် မြောက်ပိုင်းဆိုတာတောင်မသိပါဘူး။  နောက်ပိုင်း မိဘအချင်းချင်းမေးရာက ABSDF(NB) ကိုရောက်သွားမှန်းသိရပါတယ်၊ ဆရာမလည်း AB မြောက်ပိုင်း၊ တောင်ပိုင်းက ကျောင်းသားတွေကို ဘုရားရှစ်ခိုးတိုင်း မေတ္တာပို့ပါတယ်၊ တော်ရုံပို့တာမဟုတ်ပါဘူး၊ အရှည်ကြီးကိုရွတ်ပြီးပို့ပါတယ်။ ဆရာမရဲ့ မေတ္တာပို့မှာ ဒီမိုကရေစီလဲပါပါတယ်၊ ဒီမိုကရေစီရမှ ကျောင်းသားတွေ ပြန်လာကြမှာကိုး။
၁၉၉၂ ခုနှစ်ခန့်က စစ်အစိုးရက လုပ်တဲ့ သတင်းစာရှင်းလင်းပွဲတစ်ခုကို ရုပ်မြင်သံကြားမှာ ကြည့်လိုက်ရပါတယ်။ ကျောင်းသားတပ်မတော်( မြောက်ပိုင်း)မှာ ကျောင်းသားအချင်းချင်း စစ်ထောက်လှမ်းရေးလို့စွပ်စွဲပီး သတ်ဖြတ်နေကြတာတွေကို ထွက်ပြေးလွတ်မြောက်လာတဲ့သူတွေက ဒဏ်ရာတွေ ပြပြီးရှင်းကြပါတယ်။ ကျမမှတ်မိသလောက် ပြောရရင် အူတွေတောင်ထွက်ကျလာလို့ ပြန်ထဲ့ပြီး အစိမ်းချုပ်ချုပ်တာလဲပါရဲ့။ ကျမတို့တစ်အိမ်လုံး အစိုးရကို ဆဲကြပါတယ်။ ကျောင်းသားတွေကို သက်သက်သိက္ခာချတယ်ဆိုကာ လုံးဝမယုံခဲ့ပါ၊ သားငယ် မြောက်ပိုင်းမှာရှိတယ်ဆိုတာ သိထားတဲ့ကျမဟာ ဆရာမကို အဲဒီသတင်းကြည့်ရလား၊ ဖြစ်နိုင်ပါ့မလားလို့ သွားပြီးမေးခဲ့ပါတယ်။  ဆရာမဟာ စိတ်လှုပ်ရှားရင် နှလုံးခုန်မြန်ပီး၊ ခြေဖျားလက်ဖျား အေးစက်တောင့်တင်းတဲ့  နှလုံးရောဂါတစ်မျိုး ရနေဘီဖြစ်တဲ့အတွက်၊ သေချာဆုံးအောင် မကြည့်တော့ပါတဲ့။ အတွေ့အကြုံတွေများလှပြီဖြစ်တဲ့ ဆရာမဟာ  တခုခုကိုတွေးဆနေပါတယ်။ ဖြစ်နိုင် မဖြစ်နိုင် လုံးဝမပြောပါ၊ တခုတော့ပြောပါတယ်။ သမီး အန်ကယ်ကတော့ “ အစိုးရဟာ  NLD ပြီးတော့ ကျောင်းသားတွေကို သိက္ခာချနေပြီဆိုပြီး ဆဲနေလေရဲ့”  ။ ကျမလည်း ကျမနဲ့ အန်ကယ် အမြင်ချင်းတူတယ်ဆိုပြီး အန်ကယ်နဲ့သာစကားပြောဖြစ်ခဲ့ပါတယ်။
 ၆။           “ အဖေနှင့် အမေခင်ဗျား”
                           “ ကျနော်ဟာ စစ်ထောက်လှမ်းရေးက လွှတ်လိုက်တဲ့ ထောက်လှမ်းရေးဖြစ်တဲ့အတွက် ကျောင်းသားခေါင်းဆောင်များက ဖမ်းဆီးထားပါတယ်။  မိဘများကတောင်းပန်ပြီး လာရောက်ခေါ်ဆောင်ပါမှ အသက်ချမ်းသာရာ ပေးမယ်လို့ ပြောပါတယ်။ ဒါကြောင့် အမေ(သို့မဟုတ်) အဖေ အမြန်ဆုံးလိုက်လာခဲ့ပါ “ 

                                                                             
ကျမ “စာကိုဖတ်ပြီးတာနဲ့ ဒီလောက် ကျောင်းသားအရေးတွေလုပ်နေတာ။ မိသားစုနဲ့ခွဲ၊ ကျောင်းပညာတဝက်တပျက် နဲ့ စွန့်ပြီးလုပ်လာတာ။ ဘာထောက်လှမ်းရေးလဲ။ လိုက်သွားခေါ်ရင် ထောက်လှမ်းရေးဆိုတာဝန်ခံရမှာလား “ ဆိုပြီး ဒေါသတကြီးပေါက်ကွဲပါတော့တယ်။ မျက်ရည်များလည်း ရေသွန်သလို ဝေါကနည်းကိုကျလာပါတော့တယ်။ သမီးကြီးက ကျမပခုံးကိုလာကိုင်ပြီး” စာကို မိသားစုအားလုံး ဆယ်ခေါက်ထက်မနည်း ဖတ်ပြီးကြပါဘီ။ သားငယ် အသက်ရှင်ဘို့အရေးကြီးတယ်၊ သွားခေါ်ပြီး ဟိုရောက်မှ အခြေအနေကြည့်ရမှာ။ ကိုယ်လဲမြင်ရတာမဟုတ်ဘူး။ သတင်းစာရှင်းလင်းပွဲက အဖြစ်အပျက်တွေဟာ အမှန်တွေဆို ကျောင်းသားအချင်းချင်း ပြဿနာတက်ကြတာဖြစ်မယ်၊  မိဘတွေလိုက်သွားရင် ကလေးတွေဘဲ မရိုင်းလောက်ပါဘူး။ ခုက သွားဘို့လဲပြင်နေပြီ၊ ။ အမ ကအိမ်မှာ ညီမလေးတွေနဲ့ လာနေပေးရင်ဖြစ်မလားလို့ ။အဲဒါပြောမလို့၊ ညီမလဲ ရှိနေမှာပါ။”
 ဖြစ်ပုံက ဆရာမသမီးအငယ်တယောက်က ခွဲစိတ်ခန်းဝင်စရာရှိသည်။ ဆရာဝန်နှင့်ရက်ချိန်းပြီးသား၊ ဆရာမနောက်ဆံမတင်းအောင် အိမ်မှာလူအင်အားဖြည့်ခြင်း။ သမီးကြီးကလည်း သူ့အိမ်ထောင်နှင့်တခြားမှာ နေနေပေမယ့်  ဒီရက်ပိုင်းမှာ  သူရော သူ့အမျိုးသားပါ လာနေမည်၊။
“အန်ကယ်က ဘာလို့လိုက်မသွားတာလဲ”   ဆရာမလိုက်သွားမည်ကို သိလိုက်ရသည့်အတွက် ကျမ မေးလိုက်မိသည်။
“ သမီး အန်ကယ်နဲ့ လုံးဝမဖြစ်နိုင်ဘူး၊ သူက ဘုန်းကြီးစာချသွားလုပ်နေရင် သူ့ပါ ဖမ်းချုပ်ထားလိမ့်မယ်” ဟု ဆရာမကပြောရာ အန်ကယ်က “ အန်ကယ်က စကားများများ မပြောပါဘူး။  တခွန်းပဲပြောမှာ၊ “ ဘာပြောမှာလဲ” မေးတော့ “ ဟ အန်ကယ့်ကို သွားခိုင်းလေ ။ အဲဒီတော့ ဘာပြောမလဲသိရမှာပေါ့”  တဲ့၊  
အမှန်ကတော့ သွားခေါ်မည်  ကျောင်း သားမိဘအချင်းချင်း ချိတ်ဆက်မိကြပြီးပြီ။ အလားတူစာမျိုး ရန်ကုန်ရှိ ကျောင်းမိဘတချို့ နှင့် မန္တလေး၊ သာယာဝတီ စသဖြင့် စာများရောက်လာကြပြီးပြီ။  အများအားဖြင့် အမေများသာလိုက်ကြပါသည်။ တချို့လည်းအဖေ လိုက်ကြပါသည်။ ကျမထင်တာက ယောင်္ကျားချင်းဆိုတော့ ပြောမှားဆိုမှား စကားများကြရင် အသက်အန္တရယ်ရှိ၍ ထင်ပါသည်။
             တစ်ခုပဲရှိသည်၊ ကျမအမှတ်မမှားပါက ဝန်ထမ်းဆို၍ ဆရာမတစ်ယောက်သာပါပါတယ်။။ ကျန်သူများက အငြိမ်းစားနှင့် ကုန်သည်များသာ၊ ဆရာမသည် မြို့နယ်၊ တိုင်း အဆင့်ဆင့်မှသည် ပညာရေးဝန်ကြီးဌာနအထိ စာတင်ရပါတယ်။ သားအသက်ရှင်ရေးအတွက် သွားရောက်ခေါ်ခွင့်ပြုပါရန် အသနားခံစာတင်ရပါတယ်။ သွားရောက်မည့် အဖွဲ့သည် ဆရာမသွားခွင့်ကျအောင် စောင့်ပေးကြပါတယ်။ တကယ့်ကို မိသားစုစိတ်ဓါတ် အပြည့်ရှိသူများပင်။ နောင်တချိန်တွင် ထိုမိသားစုများသည် ယခုနှစ်ပေါင်း(၂၀) ကျော်သည့်တိုင် ချစ်ခင်စည်းလုံးလျက် နေကြပါတယ်၊ သာရေးနာရေး ဖိတ်စရာမလို  အလိုလိုသွေးစည်းကြတဲ့ သွေးသောက်မိသားစုများ ဖြစ်လာပါတယ်။
ဆရာမကို တစ်လအတွင်း ပြန်လာရန်ခံဝန်ချက်ပေးပြီး လိုက်ခေါ်ဘို့ ခွင့်ပြုလိုက်ပါတယ်၊ ကျမ ဆရာမအတွက် တော်တော်စိတ်ပူမိပါတယ်။  ဒါပေမယ့် စိတ်ဆောင်လို့လား မပြောတတ်ပါဘူး ဆရာမဟာ သွက်လက်နေပြီး သူ့ကိုယ်သူကျန်းမာအောင်နေပါတယ်။ ငါအသက်ရှင်မှ ဖြစ်မယ်လို့ တွေးကောင်းတွေးနေလိမ့်မယ် ထင်ပါတယ်။
တကယ်တန်းမှာ မျှော်လင့်သလို ဖြစ်မလာခဲ့ပါဘူး၊ ဆရာမဟာ တစ်လကျော်ကျော်လောက်နေမှ ပြန်ရောက်လာသလို သားငယ်လည်းပါမလာပါ။ ဒါပေမယ့် ဆရာမဟာ သားကို မျက်မြင် အသက်ရှင်ရက်တွေ့ခဲ့ရလို့ထင်ပါတယ်၊ သိပ်စိတ်မလှုပ်ရှားပဲ ဖြစ်ကြောင်းကုန်စင် ပြောပြပါတယ်။
ရောက်ရောက်ချင်း ချက်ချင်းပေးမတွေ့ပါဘူးတဲ့၊ တော်တော်ကြာမှ တွေ့ရတဲ့အပြင် တွေ့တဲ့အခါ  အပြောအဆို ဆင်ခြင်ရပါတယ်တဲ့၊ သူတို့ကို အချုပ်ခန်းကခေါ်ထုတ်ပြီး ပေးတွေ့ပါတယ်။
အားလုံးက သတိနဲ့နေနေရတာပါတဲ့၊ ကျောင်းသားတွေကို  ရက်ရက်စက်စက် သတ်ခံခဲ့ကြတာတွေ မိဘတွေကိုပြောပြပါသတဲ့။ ဆောင်းပါးမှာပါတဲ့  အကြောင်းအရာတွေပါပဲ။ အဲဒီအတိုင်းပါပဲ၊  မိဘတွေနဲ့ပြန်ထဲ့ပေးမယ် ပြောပြီး ဘယ်လိုက ဘယ်လို စိတ်ပြောင်းသွားလည်း မသိပါတဲ့။  ပြန်လွှတ်ပေးဘို့ ဘာတစ်ခုမှမပြောတော့ပါဘူးတဲ့။ အဲဒီမှာ စောင့်ရင်းစောင့်ရင်း ရက်တွေကြာလာတာပါ။ နောက်ဆုံးတော့ မိဘတွေရဲ့တောင်းပန်မှုကြောင့် မသတ်ပါဘူးဆိုတဲ့ ကတိရလို့ ပြန်လာခဲ့ပါတယ်တဲ့။ ဆရာမကပိုဆိုးတာက တလအတွင်းပြန်ရမယ့် ခံဝန်ချက်ကလည်းရှိနေတော့ နောက်ကြောင်းမအေးပဲဖြစ်ရပါတယ်တဲ့။ ဆရာမလို ဝန်ထမ်းအမျိုးသမီးတစ်ယောက်ဟာ သားဇောကြောင့် KIA ကချင်လွတ်မြောက်ရေးတပ်မတော်ကိုဖြတ်ပြီး  ကျောင်းသားတပ်မတော်စခန်းကို  ဆိုးဝါးလှတဲ့ ရာသီဥတုနဲ့ လမ်းပန်းအခက်အခဲတွေကြားက ရောက်အောင်သွားခဲ့တာကို ဘယ်တော့မှ မမေ့နိုင်ဖြစ်ခဲ့ရပါတယ်။
ဆရာမဟာ မိသားစုကိုရော သမီးတမျှရင်းနှီးတဲ့ကျမကိုရော ခုချိန်ထိ လျှို့ဝှက်ထားတယ်လို့ ကျမထင်ထားတခုရှိပါတယ်။ ကျမဘယ်တော့မှ မေးမှာမဟုတ်သလို သမီးကြီးကလည်း သူလည်းဘယ်တော့မှ မမေးပါဘူးတဲ့။ အဲဒါကတော့ အချုပ်ခန်းကနေ ထွက်ပြေးမှ လွတ်တော့မယ်ဆိုတာကိုပါ။  
၇။  ကျောင်းသား တွေကို ထောက်လှမ်းရေးတွေပါလို့ စပြီးဖမ်းစဉ်က စစ်ဆေးရေးအဖွဲ့မှာ သားငယ်ပါပါတယ်။ သားငယ်ဟာ ဒီကျောင်းသားတွေက သူနဲ့အတူတွဲပြီးလုပ်လာတာ သူသိပါတယ်။ ဘယ်လိုမှ ထောက်လှမ်းရေးမဟုတ်ဘူးဆိုတာသိနေတော့ မေးတာမြန်းတာ ပျော့ပြောင်းပါတယ်။ နဂိုထဲကလဲ စိတ်သဘောထားပျော့ပြောင်းတဲ့ အတွက်ကတကြောင်း၊ ထောက်လှမ်းရေးမဟုတ်ဘူးဆိုတာ သိနေတာတွေကလည်း တကြောင်းကြောင့်  သူ့ရဲ့ ညှာတာမေးထားတဲ့ အချက်တွေကို သဘောမကျရာက  သားငယ်ကို စစ်ထောက်လှမ်းရေးပဲ။ မင်းလည်းသူတို့နဲ့ တစ်ဖွဲ့ထဲပဲ စွပ်စွဲပြီး ဖမ်းချုပ်တာပါပဲတဲ့။ သားငယ်ကို စစ်တဲ့အခါမှာ တရက်မှာတော့ ခေါင်းကို ဒုတ်ကနဲရိုက်ခွဲလိုက်တာ သွေးအိုင်ထဲ ပုံရက်သားကျသွားပါသတဲ့။ သေပြီလို့ အားလုံးက ထင်လိုက်ကြပေမယ့် မသေခဲ့ပါဘူး။ ဒဏ်ရာကို ပက်သဒင်းတွေ အတိုင်းအဆမရှိပေးပြီး ချုပ်ပါသတဲ့။
           သားငယ်နာမည်ကိုအော်ခေါ်ပြီး ခြံထဲကိုဝင်လာတဲ့ ချာတိတ်ကို တွေ့လိုက်ရတော့ အိမ်ထဲမှာရှိတဲ့ မိသားစုတွေ ကြောင်ငေးပြီး ကြည့်နေမိပါတယ်။ သူ့ကို သားငယ်တို့နဲ့အတူ မြောက်ပိုင်းမှာ စွပ်စွဲဖမ်းခံထားရတယ်လို့ သိထားသူပါ၊  တိုက်တိုက်ဆိုင်ဆိုင် ကျမကလည်း ဆရာမဆီ ကျောင်းကိစ္စတစ်ခုနဲ့ ရောက်အလာ ဆရာမစက်ချုပ်ဆိုင်သွားနေတာနဲ့ စောင့်နေခြင်းပါ။ ဆရာမရောက်လာတော့ ထုံးစံအတိုင်း တအံ့တသြ။ နောက်မှသိရတာက မိဘတစ်ယောက်က နောက်တခေါက် သူ့အစီအစဉ်နဲ့သူပြန်သွားပြီး အဲဒီတုန်းက  ငယ်ရွယ်သေးတဲ့ သူ့သားနဲ့အတူ  ဒီချာတိတ်အပါအဝင် တချို့ကို အာမခံ ခေါ်ထုတ်လာတာပါ၊  တဆက်ထဲ သားငယ်တို့က  မကြာခင် အချုပ်ကနေထွက်ပြေးလာမှာ သိထားတဲ့အတွက် လမ်းခရီးမှာ ချိတ်ဆက်တွေ ထားပေးခဲ့ပါတယ်တဲ့။ အစိုးရဘက်ရောက်ရင် မဖမ်းမဆီးအောင်  ဒုက္ခတွေ့နေတဲ့ ကျောင်းသားတွေ ရောက်လာရင် ကူညီအောင် စီစဉ်ပေးခြဲ့ပါတယ်တဲ့၊ ခုဆို သားငယ်တို့လည်း ရောက်လောက်ပြီဆိုပြီး  လာခဲ့တာပါတဲ့၊
ဆရာမလည်း တော်တော်စိတ်ပူသွားချေပြီ။ ပြန်အဖမ်းခံရရင်တော့ သတ်မှာကျိန်းသေနေလေပြီ၊ ထိုချာတိတ်က အာမခံသည်၊ သားငယ်တို့သည် ဒီတောလမ်းခရီးကို  ကောင်းကောင်းကျွမ်းသည်၊ မျက်စေ့မလည်နိုင်၊ ဖြစ်နိုင်သည်က မြို့ပေါ်ရောက်မှ မျက်စေ့လည်ပြီး တနေရာရောက်တာဖြစ်မည်၊ တောထဲကတော့ ကျိန်းသေလမ်းမပျောက်ပါဟုဆိုလေသည်။  ထိုအချိန် အန်ကယ်က နယ်ရောက်နေသည့်အတွက် ဖုန်းဆက်ခေါ်ရလေသည်။ အန်ကယ့်တွင် နယ်မိတ်ဆွေများစွာရှိသည်။ နယ်လှည့်စာရင်းစစ်နေရသဖြင့် မရောက်ဖူးသည့်နယ်မရှိ အဆင်ပြေသည်။ ကချင်ပြည်နယ်ရှိ နယ်ရုံးခွဲများကို သံကြိုးရိုက်၍ တဖုံ ၊ ဖုန်းဆက်၍တနည်း အကြောင်းကြားထားရာ မကြာမီ ဗန်းမော်တွင် အဖမ်းခံထားရသည်ဟု  မိတ်ဆွေတစ်ယောက်က သံကြိုးရိုက်လေသည်။ ကံတရားကားဆန်းကျယ်လှသည်။ အန်ကယ့်ထံမှ သိရသည့်အချိန်တွင် ထိုလူနှင့် သားငယ်တို့ရုံးထုတ်စစ်သည်နှင့် ကြုံရခြင်းပင်။ တောခိုကျောင်းသားများ ဖမ်းမိသည်ဟုသိရ၍  အန်ကယ့်သားလားမေးရာမှ “ မင်းအဖေ  စိတ်ပူနေတယ် ဦးလေး လှမ်းအကြောင်းကြားပေးမယ်” ဆိုကာ ဝမ်းသာအားရ လှမ်းပြောခြင်းပါ။ အထက်အဆင့်ဆင့် စာတင်ရင်း မိဘများ၏ တင်ပြမှုများကြောင့် နောက်ဆုံးတွင်တော့ မိဘရပ်ထံပြန်ရောက်ခဲ့ရချေပြီ။ ဆရာမ၏ နှလုံးသားတို့သည်လည်း ငြိမ်းချမ်းရချေပြီ။  သို့သော် စစ်အစိုးရလက်အောက်တွင်  ယုံကြည်ချက်ပြင်းထန်သော ကျောင်းသားသည် အဘယ်မှာအေးအေးနေရပါမည်နည်း၊ ၁၉၉၈ တခုသောရက်မှာ မေးစရာရှိ၍ ခနဆိုကာ ခေါ်သွားရာ ဘယ်မှာမှ မေးမရတော့ပဲ လအတော်ကြာမှ ထောင်ဝင်စာတွေ့သည့် လူတယောက်ကို အကူအညီတောင်းပြီး ပြောခိုင်းလိုက်သဖြင့် မန္တလေးထောင်တွင် ရောက်နေတာ သိရတော့ပါတယ်။ နိုင်ငံရေးအမှုတွဲတစ်ခုဖြင့် ထောင်(၇)နှစ် ကျပါတော့တယ်။ ဆရာမလည်း တောတွင်းအချုပ်ထောင်ကနေ မန္တလေးထောင်ကို သွားရပြန်ပါတယ်။
တလတခါသွားတွေ့ရင်း (၂)နှစ်အကြာ ပခုက္ကူထောင်ပြောင်းလိုက်တဲ့အတွက် ပိုပြီးဝေးလံစွာ သွားတွေ့ရပြန်ပါတယ်၊ ၂၀၀၄မှာတော့ သားငယ်ထောင်ကလွတ်မြောက်လာခဲ့ပါပြီ၊ သားငယ်အသက်လည်း (၄၀)နားနီးလာချေပြီ (၂) နှစ်ခန့်အကြာမှာတော့ သူ့ကို(၁၈)နှစ်နီးပါး သစ္စာရှိစွာ စောင့်လာတဲ့ မိန်းကလေး(အဲဒီအချိန်မှာတော့ အမျိုးသမီးကြီး) နဲ့လက်ထပ်လိုက်ပါတယ်။
ဆရာမတစ်ယောက် အဖေတူသားလို့ မကြာခနပြောတတ်တဲ့ သားငယ်အတွက် စိတ်အေးချမ်းနေတာကို ကြားသိနေရပါတယ်။
       ကျမနဲ့ ဆရာမတို့လည်း  လုပ်ငန်းတာဝန် မိသားစုတာဝန်တွေကြောင့် တနယ်ကျေးစီ ကွဲကွာနေခဲ့ကြပါတယ်။  မြောက်ပိုင်းဒေသမှ အရိုးတွန်သံများ ဆောင်းပါးကိုဖတ် လိုက်ရတဲ့အခါမှာ ကျမရင်ထဲ ကျမချစ်တဲ့ဆရာမရဲ့ သားအပေါ်ထားတဲ့ နှလုံးသားကို ပြင်းပြင်းထန်ထန် သတိရမိပါတယ်။ အကြောင်းအရာတွေဟာ ကိုယ်သိပြီးသားတွေဖြစ်ပါရက်နဲ့ နှလုံးသားတဆတ်ဆတ်တုန်အောင် ခံစားရပါတယ်၊ ဆရာမရော ဘယ်လိုနေပါလိမ့်။ သားငယ်နဲ့နီးနီးကပ်ကပ် မခွဲမခွာရှိနေပြီဖြစ်တဲ့အတွက် နှလုံးသားတွေငြိမ်သက်နေပြီလား၊  အသက်အရွယ်၊အတွေ့အကြုံတွေကြောင့် ခံနိုင်ရည်ရှိပြီး  အကြောင်းအရာတွေကို ဆုံးခန်းတိုင်အောင် ဖတ်နိုင်ပြီလား၊ ဒါမှမဟုတ် လွန်ခဲ့တဲ့ အနှစ်(၂၀)။ အေးခဲနေတဲ့ ကချင်ပြည်နယ်ရဲ့ အအေးဒဏ်ကို အံတုရင်း ကျောင်းသားတပ်မတော်စခန်းဆီက ငရဲခန်းအဖြစ်အပျက်တွေကို သတိရနေလေမလား၊ ခေါင်မိုးပေါ်က တစက်စက်စီးလာတဲ့ နှင်းရည်တွေဟာ မြေပေါ်မကျခင် တံစက်မြိတ်မှာ ခဲသွားပြီး အချောင်းလိုက်လေး တွဲကျနေတဲ့ မြင်ကွင်းကို ပြန်ပြောင်းသတိရနေလေမလား၊ ညဘက် အပေါ့အပါးထသွားချင်တဲ့အခါ ခေါင်းဖြတ်ခံထားရတဲ့ ကျောင်းသူလေးက ခေါင်းပြတ်ကြီးနဲ့ ချောက်တတ်တယ်ပြောကြလို့ ဟိုလူ့လိုက်နှိုး ဒီလူ့လိုက်နှိုဲးပြီး သွားခဲ့ရတာတွေ သတိရနေလေမလား။  ရက်စက်လှတဲ့ လူမဆန်လှတဲ့ အဖြစ်တွေကို နှလုံးပျက်လုမတတ် ကြားခဲ့ရလို့ သိခဲ့ရလို့ ပြန်တောင်မတွေးချင်တော့ပါဘူး ဆိုတာတွေကို အဟောင်းတွေ အသစ်ဖြစ်ပြီး ဆရာမနှလုံးသားတွေ နာကျင်စွာခံစားနေလေမလား။ ဘယ်လိုပဲဖြစ်ဖြစ် သမိုင်းတစ်ပတ်လည်ပြီး ဖျောက်မရစွာ အမှန်တရားတွေ  ဖော်ထုတ်နေပါပြီ။ မြောက်ပိုင်းဒေသမှ အရိုးတွန်သံများ ဆောင်းပါးလေးက  သခင်သန်းထွန်းရဲ့နောက်ဆုံးနေ့များ စာအုပ်လိုပဲ သမိုင်းတွင်ပြီး၊ သင်ခန်းစာယူစရာ အဖြစ်အပျက်တွေဆိုတာကိုတော့ ဆရာမသိပြီး ကျေနပ်နေမယ်ဆိုတာ ဆရာမနှလုံးသားကို မှန်းဆအဖြေရှာ သိနေပါတယ်။  
ရွှေစင်ဦး        



            

January 24, 2012

အမေ့သားရဲ့ ၅ (ည) ဖက်ရှင်



လွတ်ငြိမ်းချမ်းသာခွင့်ကြေငြာလေပြီ။ သားလေးပါလာပါစေ။ ပါလာမှာပါ၊ ပါလာမှာပါ၊ လွတ်လာမှာလို့ အမေယုံတယ်၊ အမေ့သားလေးလွတ်လာရင် လမ်းမှာလွဲမှာစိုးလို့၊ အမေကိုယ်တိုင် ထောင်ဗူးဝမှာ လာမကြိုတော့ဘူး။
အမေသားကို နောက်ဆုံးထောင်ဝင်စာလာတွေ့တဲ့လက ပြန်ကာနီးမှာ ထောင်မှုးဆီ ငွေတစ်ချို့ အပ်ထားခဲ့မိတယ်။ စိတ်ထဲမှာ နောက် ၇ လဆို သားလေး လွတ်ရက်စေ့ပြီ။ အမေ လာမကြိုနိုင်ခဲ့ရင် အပြန်လမ်းစရိတ် မရှိမှာစိုးရိမ်စိတ်နဲ့ အပ်ထားခဲ့မိတယ်။
ခုတော့ အဆင်သင့်လိုက်တာ။ အမေ့သား ထောင် ၇ နှစ်ကျတာ၊ လပိုင်းလေးပဲလိုပေမယ့် အမေကတော့ မျှော်နေမိတယ် သားရယ်။ သားနဲ့ အမှုတွဲတူတဲ့ သူငယ်ချင်းမိတ်ဆွေတွေရယ်၊ တစ်နိုင်ငံလုံး ရှိသမျှ အကျဉ်းထောင်တွေမှာ အသီးသီးရောက်နေတဲ့ နိုင်ငံရေးအကျဉ်းသားတွေ လွတ်လာဖို့ အမေ ဆုတောင်းနေမိတယ်။
ညက တစ်ညလုံး အိပ်မပျော်နိုင်ပေမယ့် မနက်လည်း အစောကြီးနိုးနေမိတယ်။ အမေ့သားကို ထောင်ဝင်စာတွေ့ပြီး ပြန်လာရင် ဒီနေ့လည်ဆို ရန်ကုန်ရောက်ပြီဆိုတာ အမေသိတယ်လေ။ သားကို ၇ နှစ်အတွင်း တစ်လတစ်ခါ ထောင်ဝင်စာ မပျက်မကွက်လာရင်း ကားဂိတ်မှာ ဘယ်အချိန်ကားထွက်ရင် ဘယ်အချိန်ဆိုက်မယ်ဆိုတာ အမေ အလွတ်ရနေပါပြီ။
သားပထမဆုံး မန္တလေးထောင်မှာ  ၂ နှစ်နေရတုန်းကတော့ ပြောရကြေးဆို သွားရလာရတာ အမေ သက်သာပါတယ်။ ရန်ကုန်ကအတူသွားမယ့် အဖော်တွေလည်းရှိတယ်လေ။ နောက်ပိုင်း ပခုက္ကူထောင် ပြောင်းလိုက်တော့ အမေတစ်ယောက်ထဲဖြစ်ခဲ့ရတယ်။ ဒါပေမဲ့ အမေတစ်ယောက်ထဲပေမယ့် အမေက အပြင်လောကမှာ။ အမေ့သားကတော့ ပခုက္ကူထောင်မှာ တစ်ယောက်ထဲလေ။
သားအမှုတွဲတွေက မန္တလေးထောင်မှာတစ်ချို့ကျန်ခဲ့ပြီး အခြားသူတွေလည်း နယ်ထောင်အသီးသီး ပို့ခံရတယ်လေ။ နောက်ပြီး ပခုက္ကူထောင်မှာက သားအပါအဝင် ၅ (ည) နဲ့ နိုင်ငံရေးအကျဉ်းသား ၂ ယောက်ပဲ ရှိတာ၊ တစ်ယောက်ကတော့ သူ့ကို သားကဘယ်သူဘယ်ဝါမှန်းမသိသလို သူ့ကိုယ်သူတောင် ဘယ်သူဘယ်ဝါမှန်း မသိတော့တဲ့သူတစ်ယောက်။
နောက်ပိုင်းဘယ်ပို့လိုက်မှန်းမသိတောာတာမို့ ပခုက္ကူထောင်မှာ နိုင်ငံရေးအကျဉ်းသားဆိုလို့ သားတစ်ယောက်သာ ရှိတော့တာမို့လား။ အမေ့သားကိုလည်း ဘယ်ပို့လိုက်မှန်းမသိဖြစ်ပြီး ပျောက်ချင်းမလှ ပျောက်သွားမှာစိုးရိမ်လို့ အမေ့အလုပ်ကခွင့်ယူပြီး (ခွင့်ပေးသည်ဖြစ်စေ မပေးသည်ဖြစ်စေ ခွင့်တင်ခဲ့ပြီး) သားကို တစ်လတစ်ခါ လာတွေ့နေရတာပေါ့။
ဗိုလ်ချုပ်ကြီးခင်ညွန့်နဲ့ အပေါင်းပါစစ်ထောက်လှန်းရေးတွေကို ဖမ်းဆီးထိမ်းသိန်းပြီးတဲ့နောက် စစ်ထောက်လှမ်းရေးက မတရားစွပ်စွဲ ဖမ်းဆီးထားသူများကို လွတ်ငြိမ်းချမ်းသာခွင့်ပြုတယ်ဆိုတဲ့ အမိန့်  ထုတ်လိုက်တယ်လေ။ အမေ့သားအပါအဝင် ကျောင်းသားလူငယ်တွေ၊ နိုင်ငံအတွက် ကောင်းရာကောင်းကျိုး အရေးဆိုသူတွေအားလုံးဟာ အမှန်တရားတရားအတွက် တိုက်ပွဲဝင်နေကြတာပဲလေ။
အမှန်တရားလိုလားသူတွေကို မမှန်တာလုပ်တဲ့သူတွေက အတိုင်းအဆမရှိ ဖမ်းထားတာဟာ မတရား လုပ်တာပဲပေါ့။ အမေမျှော်နေမိတယ်သားရေ။ သားကြိုက်တဲ့ ဟင်းလေးတွေချက်ရင်း အမေစောင့်နေမိပြီ။
သားကို ထောင်ဝင်စာတွေ့တဲ့အချိန်ကဆို ရတဲ့အချိန်လေးမှာ ပြောရဆိုရ အချိန်ကုန်မြန်လိုက်တာ။ ထောင်ဝန်ထမ်းတွေများ နာရီကို လက်နဲ့လှည့်နေသလား တွေးမိပါရဲ့။ ခုတော့ သားကို မျှော်ရတာ နာရီများရပ်နေသလား ခဏခဏ မော့ကြည့်ရတယ်။
အလို.. နေ့လည်တောင်ရောက်ပြီ။ သားလွတ်လာရင် ရောက်သင့်ပြီပေါ့။ ပြောလို့တော့မရပါဘူးလေ ၊ ထောင်ကထွက်ထွက်ချင်း ထမင်းလေးဘာလေး စားအုန်းမှာနဲ့ဆို အင်း… ဒီအချိန်မရောက်နိုင်သေးဘူးလေ။
အမေ့ကို သားအစ်မတစ်တွေက နေ့ခင်းတရးတမော အိပ်လိုက်ပါလား ပြောနေကြတယ်။ အမေ ဘယ်အိပ်နိုင်မှလည်း သားရဲ့။ သားပြန်အလာကို အမေထိုင်စောင့်ချင်တာပေါ့။ သားက အမေ....လို့ အော်ပြီး အိမ်ထဲပြေးဝင်လာမှာကို အမေ လက်ဆန့်တန်းပြီး ကြိုချင်တာပေါ့သားရယ်။
ဟင်.......... ဘာလိုလိုနဲ့ ညနေစောင်းလာပါပေါ့လား။ အမေ့သား........... နောက်ဆုံးကားနဲ့လိုက်လာရင်တောင် ဒီအချိန်က ရောက်သင့်တာထက် ကျော်နေပြီကော။ အမေ့သားလေး အစစချောမောပါစေ။ အမေ ခြေဆန့်လက်ဆန့် လှဲနေပါလားလို့ သမီးကြီးကပြောပြန်ပြီ။ အို....အေ  ၇ နှစ်နီးပါး စောင့်ခဲ့ပြီးပြီ၊ ခုချိန်လေးစောင့်ရတော့ဘာဖြစ်လဲ။ နောက် ၇ လကို ဆက်စောင့်ဆိုလည်း စောင့်ရမှာပဲ။
အမေ့ရင်ထဲ လှိုက်ကနည်းဖြစ်ပြီး မျက်ရည်တွေ ဝေ့တက်လာပေမယ့် အမေမငိုဘူး၊ အမေမငိုဘူး။ သားစိတ်တွေ နောက်ကြောင်းမအေးမှာစိုးတဲ့အတွက် အမေမငိုတာကြာခဲ့ပြီရော။
အင်း....... ဆီမီးထွန်းရတော့မှာပဲ၊ ညတာရှည်လာတယ်နဲံ့တူပါရဲ့ မှောင်တာစောလိုက်တာ၊ အရေးထဲ ခြံဝမှာ ဘယ်က အဖိုးအိုပါလိမ့်။ ကတုံးဆံတောက်နဲ့၊ မျက်လုံးဟောက်ပက်၊ ရယ်များတောင်ပြနေသေး၊ အင်း........ ရယ်လိုက်မှ သွားပဲ မြင်ရတော့တယ်။
မှန်း......... ရှေ့တိုးပြီး မေးအုန်းမှပါ၊ အင်္ကျီကတော့ အဖြူခေါင်းစွပ်နဲ့ ပုဆိုးက ရေတောင်မချရသေးလို့ ကော်အတောင့်သားပါလား၊ ဟင် ဘိနပ်ကလည်း သဲကြိုးက အပြာတစ်ဖက် အနီတစ်ဖက်၊ ကျွတ်ကျွတ်အိတ် ပလပ်စတစ်စကို ကျစ်ထားပြီး သဲကြိုး လုပ်...လုပ်...
အမလေး.  ဒါ...ဒါ  ထောင်ထဲက လက်မှုအတတ်....  သားလေး ..သား ... အမေ့သား...လွတ်လာပါပေါ့လား။ သားလွတ်လာပြီ။.....အမေ့သားလွတ်လာပြီ။
(၂၀၀၄ခုနှစ်က လွတ်ငြိမ်းချမ်းသာဖြင့် ပခုက္ကူထောင်မှ လွတ်မြောက်လာသော နိုင်ငံရေးအကျဉ်းသားဖြစ်သူ ကိုရဲလင်း၏ပုံရိပ်အား သတိတရ ရေးဖွဲ့ပါသည်။) 
ခိုင်ခိုင်စောလွင်

January 12, 2012

ကြိုးပိုင်ရှင်သို့လည်ပင်းလှမ်းဖက်ကြည့်ခြင်း

မြန်မာစကားတွင် ပြောလေ့ရှိသည့်စကားတစ်ခုရှိသည်။ လည်ပင်းလှမ်းဖက်သည်တဲ့။ နိုင်ငံရေးနယ်ပယ် စီးပွားရေးနယ်ပယ် လူမှုရေးနယ်ပယ် အနုပညာနယ်ပယ် စသဖြင့်နယ်ပယ်တစ်ခုခုတွင် အောင်မြင်ကျော်ကြားသူ တစ်ဦးဦးကို တစ်စုံတစ်ဦးက ငါကတော့သူနဲ့ဘယ်လိုသိခဲ့တာ၊ ဘယ်လိုရင်းနှီးတာပေါ့ စသဖြင့်ပြောတတ်ကြသည်။ တချို့ကလဲ ထိုသူနှင့်အတူတွဲပြီး ဓါတ်ပုံရိုက်ထားတာရှိလျှင် ထိုပုံပြလျှက် ပြောကြသည်။ ထိုသို့မကြာခဏပြောပါများလျှင် အပြောခံရသူသည် နားကြားပြင်းကပ်လာကာ (လိုက်ပြောနေသည့်သူသည် ဘာမှအရာမဟုတ်က ပိုဆိုးသည်) အင်း... လည်ပင်းလိုက်ဖက်နေပြန်ဘီဟု ပြောလေ့ရှိသည်။ ထိုသို့ပြောက စာရေးသူသည် တစ်စုံတစ်ဦးကို လည်ပင်းလှမ်းဖက်ကြည့်ပါရစေ။ အပြင်မှာတော့ ဖက်လို့မရ။ ဘာ့ကြောင့်လဲဆိုတော့ အဆိုပါ ကြိုးပိုင်ရှင်သည် အရပ်ခြောက်ပေနီးပါးခန့်မြင့်ပြီး၊ စာရေးသူသည် ငါးပေနှစ်လက်မသာရှိ၍ ဖြစ်လေသည်။

               ကြိုးပိုင်ရှင် ကိုမင်းသိုက်နှင့် စာရေးသူတို့မိသားစု တစ်မိုးအောက်တွင် အတူနေခဲ့ဖူးသည်။ မိသားစုနှစ်စု တစ်အိမ်ထဲတွင်စုနေက နဂိုရှိရင်းစွဲမိတ်ပင်ပျက်တတ်သည်ဟု ပြောကြရာ၊ စာရေးသူတို့ မိသားစုနှစ်စုသည် အကြောင်းကြောင်းကြောင့် တစ်မြို့စီ ဝေးသွားသည့်တိုင် မောင်နှမအရင်း၊ ညီအမအရင်းပမာ တိုင်ပင်ဆွေးနွေးဖြစ်ကြသည်။ သာကြောင်းမာကြောင်း အမြဲဆက်သွယ်မေးမြန်းသည်။

ဒါကြောင့်လည်း လွပ်လပ်ခြင်းအနုပညာပွဲတော် ပြိုင်ပွဲဝင်ရန် ပြင်ဆင်နေသည်ကို သိနေကြားနေရသည်။ ဆုရနိုင်လိမ့်မည်ဟု ကြီုတင်သိနေသည်။ အဘယ့်ကြောင့်နည်း။ ပုဂ္ဂိုလ်မင်၍ တရားခင်ခြင်းမဟုတ်။ စာရေးသူတို့ အိမ်အကြီးတစ်လုံးတွင်စုနေစဉ်က ညနေစောင်းသည်နှင့် အိမ်ဝင်းထဲမှာ ဝိုင်းဖွဲ့စကားပြောကြသည်။ တစ်ရက်မှမပျက်၊ ထိုသို့ပြောရင်း  ထူးခြားတဲ့အကြောင်းအရာ ဇာတ်ကြေင်းတစ်ခုခု အကြောင်းပြောမိလျှင် ဒီအကြောင်းကို သူရိုက်မည်။ ကင်မရာကို ဘယ်လိုထားပြီး၊ သရုပ်ဆောင်က ဘယ်လိုပုံစံ၊ ရိုက်ကွင်းက ဘယ်နေရာမှာ၊ ဘာက်ုဘယ်လို နောက်ခံထားလိုက်ရင်၊ အဲဒီအချိန်မှာ ရာသီဥတုအနေအထားက ဘယ်လိုလေးဖြစ်တဲ့အချိန်ပေါ့ စသဖြင့် နှုတ်ဖြင့် ဇာတ်ကားပေါင်းများစွာ ရိုက်ဖြစ်ကြသည်။ စာရေးသူတို့အားလုံး သူရိုက်သည့်ဇာတ်ကားနောက်သို့ စိတ်ကူးဖြင့် မျောပါခဲ့ကြဘူးသည်။ စိတ်ကူးဖြင့် အကယ်ဒမီပေးခဲ့ကြလေသည်။ သူသည်အင်မတန်စေ့စပ်သေချာသည့် သူတစ်ဦးဆိုတာ တဖြည်းဖြည်းသိလာရသည်။

         အရာရာကိုစေ့စပ်သေချာပုံက စာရေးသူ ဒီအသက်အရွယ်ရောက်သည်အထိ ဒီလိုလူမျိုး ဒီတစ်ယောက်သာဆုံဘူးလေသည်။ စာရေးသူက တချို့ကိုယ်နှင့်ကိုက်ညီသည့်ကိစ္စဆို အတုယူသည်။ စာရေးသူ ခင်ပွန်းကတော့ အင်မတန်နားညည်းသည်ဟုဆိုလေသည်။  တခါတလေမူးမူးနှင့်ရစ်လေတော့သည်။ ထိုအခါ ကိုမင်းသိုက်သည် သီးခံရှာလေသည်။ တခါက သူ့အပေါ်မကောင်း၊ ကျေးဇူးမသိသည့်လူတစ်ယောက် အသိအိမ်မှာပစ္စည်းတစ်ခုမေ့ကျန်ခဲ့သည်။ ထိုပစ္စည်းကို အိမ်ရှင်က ကိုမင်းသိုက်နှင့် လူကြုံပေးလိုက်ရာ အိမ်ပေါက်ဝအရောက်တွင် စာရေးသူခင်ပွန်းမှ " ဟေ့လူ အထဲဝင်မနေနဲ့ လှမ်းခေါ်ပေးလိုက်"ဟု ပြောရာ ကိုယ့်ကိုပေးခိုင်းလိုက်တာ လက်ရောက်ပေးမှဖြစ်မယ်ဆိုကာ၊ ကားပေါ်မှဆင်းပြီး အိမ်ထဲအရောက် သွားပို့ပေးလေသည်။ ပိုင်ရှင်က ကျေးဇူးတင်ကြောင်းပင်မဆို။ ခင်ပွန်းသည်က ကိုမင်းသိုက်အမျိုးသမီးအား" နင့်ယောင်္ကျားကို နောက်ကနေ ဖနောင့်နဲ့ပေါက်လိုက်ချင်တယ်" ဟုပြောရာ စိတ်မဆိုးပဲ ရယ်ကြလေသည်။
         သူသည် လူတိုင်းကို ကူညီဘို့ဝန်မလေး၊ သို့သော် သူ၏ စေ့စပ်စူးရှသောအမြင်က သူ့ကိုမိတ်ပျက်စေလေတော့သည်။ လူတစ်ယောက်ကို မြင်လိုက်သည်နှင့် နာမည်နှင့်လူလိုက်ဖက်အောင် ပေးတတ်သည်။ ထိုနာမည်ပြောင်ကို လူ့ရှေ့မရှောင်သူရှေ့မရှောင် ခေါ်ရာ အခေါ်ခံရသူက စိတ်ဆိုးလေသည်။ အခြားသူများက ဒက်ကနဲ ဟုတ်သားပဲ တကယ်တူတယ်ဟု စိတ်ထဲတန်းကနဲ သိရလေသည်။ စာရေးသူ၏ သမီးအငယ်ပင် မလွတ်။ ရေဘက္ကာဝင်းဟု နာမည်ပြောင်ခေါ်လေသည်။ သီချင်းဆိုလွန်းသည့်အပြင် ဆံပင်ဖြောင့်ထား၍ဖြစ်မည်။ "ရေဘက္ကာဝင်းရေ  ညည်းသာ ဦးမင်းသိုက်နေခဲ့ရတဲ့ ကြီးတော်အပျိုကြီးနဲ့ နေရရင် တစ်ရက်မှ ထမင်းစားရမှာမဟုတ်ဘူး" ဟု မကြာမကြာရေရွတ်ရသည်။ သမီးငယ်သည် အပြင်ကပြန်လလျှင် ဘယ်လောက်ပြောပြော ဘိနပ်ကို ကမန်းကတန်းချွတ်တတ်သည်။ တောင်တစ်ဘက် မြောက်တစ်ဘက်။ ကိုမင်းသိုက် ဘိနပ်ချွတ်လျှင် ဘိနပ်နှစ်ဘက်စလုံးသည် ညီညီညာညာစုစုကလေးဖြစ်သည်။ နောက်ပြီး လူသွားလမ်းတည့်တည့်တွင် ဘယ်တော့မှချွတ်မထားတတ်။ ကိုယ့်ဘိနပ်သူများတက်နင်းမည်ဆိုး၍ ဖြစ်သည်။ စာရေးသူလည်းဒီအကျင့်ရှိသည်။ ဒါ့ကြောင့်သတိထားမိခြင်း။ သူငယ်စဉ်က ဘိနပ်ချွတ်ပုံ ပုံစံမမှန်ရင် ကြီးတော်များက စည်းကမ်းမလိုက်နာဆိုကာ ထမင်းမကျွေးဟု ဒဏ်ပေးသည်။ တစ်သက်လုံး ပုံစံကျလေသည်တဲ့။ သို့ဖြင့်ရာ စာရေးသူသမီးအငယ်ကို ပြောပြ ဆုံးမလေသည်။ လူတစ်ယောက်၏ အမူအကျင့်သည် ထိုလူ၏စိတ်ပိုင်းဆိုင်ရာ တစ်စိတ်တစ်ဒေသပင်။
          စာရေးသူ၏ သမီးအလတ်နှင့်အငယ်ကို သူ၏ကားဖြင့် နေ့စဉ် ကျောင်းကြိုပို့လုပ်ပေးသည်။ သမီးငယ်သည် ကားပေါ်မှဆင်းလျှင် ကားတခါးကို နောက်မကြည့် ဝုန်းကနဲ ပိတ်သည်။ စာရေးသူက အားနာစွာ ပြောရသည်။ ကြာတော့ အမြဲမပြောနိုင်တော့ပေ။ ကိုမင်းသိုက်သည် ကား crazy။ ဒါပေမယ့် ဘာမှမပြော။ သူ၏ပုံစံအတိုင်း ကလေးများကားပေါ်တက်ရန် စနစ်တကျ ပြင်ဆင်သည်။ ကားပေါ်တက်ခါနီးလျှင် အလတ်မအရင်တက်၊ ပြီးမှ အငယ်မတက်စေသည်၊ ပြီးတော့မှ သူကိုယ်တိုင် ကားတခါးကိုပိတ်ပြီးကားပေါ်တက် မောင်းထွက်သည်။ အဆင်းတွင် အငယ်မအရင်ဆင်းရလေပြီ၊ သို့အတွက် တံခါးကို သူပိတ်ဘို့မလိုတော့ မပြောရတော့၊ အသေးအဖွဲကိုပင် စေ့စပ်သေချာစွာရှင်းတတ်လေသည်။ သို့အတွက် အလုပ်လုပ်ရာတွင်တော့ ဆိုဖွယ်မရှိ။ တခါတုန်းက ရိုက်ကွင်းတစ်ခုအတွက် သူလိုချင်သောနှင်းဆီပန်း မတွေ့၍  တောင်ပေါ်ရိုက်ကွင်းတခုမှ တနေကုန်နေပြီး ပြန်လာဖူးသည်။ နှင်းဆီပန်းခင်းကြီးများဟီးနေအောင်ပေါရက်နဲ့ဟု စာရေးသူကဆိုရာ သူလိုချင်သည့် ပုံစံမဟုတ်ပါတဲု့။ ဒီမှာ အဲဒီနှင်းဆီက အရေးကြီး အဓိက ကျလို့ဖြစ်ပါသတဲ့။ သူ့အမျိုးသမီးသည် တကယ့်ကို ပါရမီဖြည့်ဖက်ပင်။ အဆင်ပြေအောင် နောက်မှတကောက်ကောက် လိုတာလုပ်ပေးသည်။ ချေးများရကောင်းလားဟု တစ်စက်မှမညိုညင်ပေ။
         ကြိုးဇာတ်ကားကို ရိုက်ကူးနေစဉ်အတွင်း သရုပ်ဆောင်က သူ့အားမပြောမဆို ဆံပင်ညှပ်လိုက်သည့်အတွက် တော်တော်စိတ်ကသိကအောင့်ဖြစ်ရကြောင်းကိုလည်း သူကားရိုက်မပြီးခင် လှမ်းပြောသေးသည်။ " ဟိုလူတော့ တော်တော်နားပူနေလောက်ဘီ" ဟု စာရေးသူတို့လင်မယား ပြောပြီးရယ်နေရသည်။ စာရေးသူတို့ထံ ကြိုး ကိုပို့၍ကြည့်မိသည့်အခါတွင်တော့ ကြည်လင်သပ်ယပ် ကောင်းမွန်လှသည့် ဇာတ်လမ်းတိုကလေးကို သဘောကျစွာ အားပေးမိလေသည်။ မေးလ်မှတစ်ဆင့် ဆုရပါစေကြာင်း၊ကံကောင်းပါစေကြာင်းဆုတောင်းပေးရင်း တကယ်ဆုရသည့်အခါတွင်တော့ ဝမ်းသာအားရဖြစ်မိလေသည်။ စနစ်ကျသော၊ အတွေးသစ်သော ၊အမြင်သစ်သော ကြိုးပိုင်ရှင် ။ကိုမင်းသိုက် ဆက်လက်ဖန်တီးသည်များကို စောင့်ပြီးအားပေးနေရပေအုန်းမည်။

        (လွတ်လပ်ခြင်းအနုပညာပွဲတော်တွင် ဇာတ်လမ်းတိုဆုရ ဒါရိုက်တာမင်းသိုက် သို့အမှတ်တရ ရေးပါသည်။)  

January 9, 2012

ဘယ်သူတွေနိုင်ငံရေးလုပ်ကြမှာလဲ- စံမြတ်(၂၀၁၂-ဇန်နဝါရီ) အတွေးအမြင်မှ အကြိုက်ဆုံးဆောင်းပါးလေးပါ

   နိုင်ငံရေးမှာ အဆိုအမိန့်တစ်ခုရှိပါတယ်။ အဲဒီအဆိုအမိန့်က ဘယ်လိုပြောထားသလဲဆိုတော့ " ကိုယ်နဲ့ထိုက်တန်တဲ့ အစိုးရမျိုးကိုသာ ပြည်သူတွေ ရတယ်လို့" ပြောပါတယ်။ ဟုတ်ပါတယ်။

              ဒီလိုပါပဲ။
ကိုယ်က မျက်စိပိတ် နားပိတ်နေရင် အမြင်ကျဉ်းတဲ့ အစိုးရမျိုးပဲရမှာပါ။ ကိုယ်က မျက်စိပွင့် နားပွင့်နေရင် အမြင်ကျယ်တဲ့ အစိုးရမျိုးရမှာပါ။ အဲဒီလိုပါပဲ။ ကိုယ်ကပညာမတတ် ဗဟုသုတမရှိရင် ပညာမဲ့တဲ့ အစိုးရမျိုးပဲရမှာပါ။
     ဖိနှိပ်တဲ့ အစိုးရ....၊ အမြင်ကျဉ်းတဲ့ အစိုးရ.....၊ ပညာမဲ့တဲ့ အစိုးရတစ်ရပ်ရဲ့ လက်အောက်မှာ ပြည်သူတွေဟာ ဘယ်လိုများ ချမ်းသာကြွယ်ဝလာနိုင်ကြမှာလည်း။
ဖိနှိပ်တဲ့အစိုးရ......၊ အမြင်ကျဉ်းတဲ့အစိုးရ.....၊ ပညာမဲ့တဲ့ အစိုးရတစ်ရပ်ရဲ့ လက်အောက်မှာ တိုင်းပြည်က ဘယ်လိုလုပ် ဖွံ့ဖြိုးတိုးတက်လာမှာလည်း။
      ပြည်သူတွေ ချမးသာကြွယ်ဝဖို့နဲ့ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ဖို့ဆိုရင် အစိုးရကောင်းတစ်ရပ်ဟာ မလွဲမသွေ လိုပါတယ်။ အစိုးရကောင်းတစ်ရပ် ပေါ်ထွက်ဖို့ဆိုရင် နိုင်ငံရေးမှာ ပြည်သူတွေ ဘယ်လောက် တက်တက်ကြွကြွ စိတ်ဝင်စားကြသလဲဆိုတဲ့အပေါ်မှာ မူတည်ပါတယ်။ နိုင်ငံရေးမှာပြည်သူတွေ ဘယ်လောက်တက်တက်ကြွကြွ ပါဝင်ပတ်သက်နေကြသလဲဆိုတဲ့ အပေါ်မှာမူတည်ပါတယ်။
      တစ်ချိန်တုန်းကတော့ ...... ပွင့်ပွင့်လင်းလင်းပြောရရင် .....လမ်းစဉ်ပါတီခေတ်မှာရော ၊ နဝတ၊ နယက တပ်မတော်အစိုးရရဲ့ ခပ်စောစောပိုင်းကာလတွေမှာပါ နိုင်ငံရေးသမားတွေရဲ့ နိုင်ငံရေးပါတီတွေကို အပြစ်ဖို့တဲ့ဆောင်းပါးတွေကို သတင်းစာတွေထဲမှာ နာမည်အမျိုးမျိုးနဲ့ ရေးခဲ့ကြတာ ဖတ်ခဲ့ရပါတယ်။ ဒါပေမယ့် ခုတော့မဖတ်ရတော့ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ စနစ်ပြောင်းသွားလို့ပါ။ ဒီမိုကရေစီ အုတ်မြစ်ချလိုက်လို့ပါ။ ဒါကြောင့်ပဲ နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်က အစိုးရကောင်းနဲ့ သန့်ရှင်းတဲ့အုပ်ချုပ်မှု ပေါ်ထွက်လာရေးတို့ကို ပြောဆိုနေရတာပါ။
     ဒီတော့ အစိုးရကောင်းနဲ့ သန့်ရှင်းတဲ့အစိုးရတွေ ပေါ်ထွက်လာဖို့အတွက် လွှတ်တော်ထဲမှာ နိုင်ငံရေးကို တကယ်စိတ်ဝင်တစား တစိုက်မတ်မတ်လုပ်မယ့် နိုင်ငံရေးသမားကောင်းတွေ ရှိဖို့လိုလာပါပြီ။  စိတ်စေတနာမွန်မြတ်တဲ့ နိုင်ငံရေးသမားကောင်းတွေရှိလာဖို့ အရေးကြီးလာပါပြီ။ ပညာအရည်အချင်းပြည့်မီတဲ့ နိုင်ငံရေးသမားကောင်းတွေရှိလာဖို့ အချိန်အခါသင့်နေပါပြီ။ 
    တစ်ပါတီအုပ်စိုးခဲ့တဲ့ ၂၆ နှစ်လုံးလုံး နိုင်ငံရေးသမားတွေနဲ့ နိုင်ငံရေးပါတီမကောင်းကြောင်း မျက်စိလည်းနောက်၊ နားလည်းညည်းအောင် ကိုပဲ ဖတ်ခဲ့ ကြားခဲ့ရပြီးပါပြီ။ နဝတ၊ နယက၊ တပ်မတော်အစိုးရလက်ထက် အစောပိုင်းကာလတွေမှာလည်း ဒီလိုပါပဲ။ နိုင်ငံရေးသမားတွေနဲ့ နိုင်ငံရေးပါတီတွေ ကလိမ်ကကျစ်ကျကြောင်းတွေကို အကြိမ်အခါပေါင်းများစွာ ဖတ်ခြ့ရဖူးပါပြီ။
    ကိုယ့်ဘက်ကကြည့်တော့ သစ္စာဖောက် ....၊ သူ့ဘက်ကကြည့်တော့ သူရဲကောင်း ဖြစ်နေတတ်ပါတယ်။ တစ်ပါတီစနစ် မဆလ ဟာ ဖဆပလကို ရန်သူအဖြစ်နဲ့ ကြည့်ခဲ့ကြတော့ တိုင်းပြည်လွတ်လပ်ရေးကို ရယူပေးခဲ့တဲ့ ဖဆပလဟာ လူဆိုးကြီးပဲပေါ့။ ဒီလိုပါပဲ။ ဒီမိုကရေစီဘက်တော်သားတွေကလည်း တစ်ပါတီစနစ်ကိုကြည့်ကြတဲ့အခါမှာ ဖောက်ပြန်ရေးသမားတွေလို့ပဲ ရှုပ်ချသုံးသပ်ခဲ့ကြပါတယ်။ ဒါပေမယ့် ဒီနေရာမှာ တူညီနေတာတစ်ခုကိုတော့ သူတို့တစ်တွေ အားလုံးမေ့နေခဲ့ကြတယ်။  အဲဒါက ဘာလဲဆိုတော့ တစ်ပါတီစနစ်ကလူတွေက ဖဆပလ ကို လူဆိုးလူညစ်တွေလို့ စွပ်စွဲခဲ့ကြပေမယ့် သူတို့ကိုယ်တိုင်ကတော့ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ကြီးကို သစ္စာရှိရှိ ကျိုးကျိုးနွံနွံ အကောင်အထည်ဖော်ပေးနေခဲ့ကြတဲ့ နိုင်ငံရေးသမားတွေပဲ.............. ဆိုတာ သူတို့ကိုယ်သူတို့မေ့နေကြတယ်။ ဒီလိုပါပဲ။ ၁၉၈၈ ကနေ ပေါ်ပေါက်လာခဲ့တဲ့ နိုင်ငံရေးသမားတွေကလည်း တစ်ပါတီစနစ်က လူတွေကို သူတို့လည်း နိုင်ငံရေးသမားတွေပါလားဆိုတာ အသိအမှတ်ပြုဖို့ မေ့နေခဲ့ကြတယ်။ တကယ်ဆိုတော့ ဖဆပလ၊ လမ်းစဉ်ပါတီနဲ့ ဒီမိုကရေစီဘက်တော်သားတွေ အားလုံးဟာ စနစ်တစ်ခုစီမှာ လှုပ်ရှားနေကြတဲ့ နိုင်ငံရေးသမားတွေချည်းပါပဲ။ စနစ်တစ်ခုကို အောင်မြင်အောင် အကောင်အထည်ဖော်ပေးခဲ့ကြတဲ့ နိုင်ငံရေးသမားတွေချည်းပါပဲ။
   အဲဒါထက်ပိုပြီး ဆက်ပြောရရင်...........................

နဝတ၊ နယက၊ တပ်မတော်အစိုးရလက်ထက်က စစ်ဗိုလ်ချုပ်ကြီးတွေဟာလည်း နိုင်ငံရေးတာဝန်တွေကို ထမ်းဆောင်ခဲ့ကြတဲ့ လူတွေပါပဲ.........လို့ပြောနိုင်ပါတယ်။ နိုင်ငံရေးသမားတွေ လုပ်ရမယ့်အလုပ်တွေကို လုပ်ခဲ့ကြတဲ့လူတွေပါပဲလို့လည်း ပြောနိုင်ပါတယ်။
    ချုပ်ရရင်တော့ နိုင်ငံရေးနဲ့ကင်းတဲ့လူဆိုတာ မရှိပါဘူး။ နိုင်ငံရေးသမားတစ်ယောက်ရဲ့ တာဝန်ကို မထမ်းဆောင်တဲ့သူဆိုတာမရှိပါဘူး။ 
    အဲသလို တာဝန်ထမ်းဆောင်ကြတဲ့အခါမှာ မှားတာတွေလည်းရှိမယ်............မှန်တာတွေလည်းရှိကြမှာပဲပေါ့။ ဥပမာ.........စနစ်ကောင်းပေမယ့်  လူတော်တွေ၊ အတ္တကြီးကြတာတွေ.....၊ အုပ်စုဂိုဏ်းဂဏဖွဲ့ကြတာတွေကို ဖဆပလမှာ တွေ့နိုင်တယ်။ လူတွေကညံ့ရတဲ့အထဲ စနစ်ကပါ မမှန်တာမျိုးကို တစ်ပါတီစနစ်မှာ တွေ့ကြရနိုင်ပါတယ်။
    ဒီတော့ မေးစရာဖြစ်လာပါပြီ။
    မမှန်မကန် ညံ့ဖျင်းတဲ့ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ကနေ မှန်ကန်ကောင်းမွန်တဲ့ ဒီမိုကရေစီစနစ်ဆီ ပြောင်းလိုက်ပြီဆိုတော့ ဒီ ဒီမိုကရေစီ စနစ်ကြီး ကာလကြာရှည် ခိုင်မြဲအောင် ဘယ်လိုလုပ်ကြမလဲ။
                  ဟုတ်ကဲ့။
                  ပြည်သူတွေကိုယ်တိုင် တစ်ဦးချင်း၊ တစ်ယောက်ချင်း၊ တစ်ယောက်တိုင်း တစ်ယောက်တိုင်းဟာ နိုင်ငံရေးမှာ စိတ်ဝင်တစား ပါဝင်ပတ်သက်နေဖို့လိုပါတယ်။ ဒါပေမယ့် ပြည်သူတွေဆိုတာက နိုင်ငံရေးနယ်ပယ်မှာ အချိန်ပြည့်စွမ်းဆောင်နိုင်တာ မဟုတ်ပါဘူး။ ဒီတော့ ပြည်သူ့ကိုယ်စား၊ ပြည်သူ့အကျိုးကို ကူညီဆောင်ရွက်ပေးမယ့် နိုင်ငံရေးသမားတွေ လိုလာပါတယ်။ 
   ဒီတော့ ဘယ်လိုနိုင်ငံရေးသမားတွေလိုတာလဲ....... ဆိုတာ မေးစရာဖြစ်လာပါပြီ။
   ရပ်အကျိုး၊ ရွာအကျိုး အများအကျိုးကို သယ်ပိုးဆောင်ရွက်ချင်တဲ့ လူမှုရေးသမားတွေ နိုင်ငံရေးထဲ တစ်ဆင့်မြှင့် ပြောင်းဝင်ဖို့လိုလာပါပြီ။ 
   စိတ်ကောင်း စေတနာကောင်း ၊ အကျင့်စာရိတ္တကောင်းမွန်တဲ့ လူတွေ နိုင်ငံရေးကွင်းထဲမှာ သန့်သန့်ရှင်းရှင်း ဝင်ကစားဖို့ လိုလာပါပြီ။ တစ်နည်းအားဖြင့်ဆိုရင် လူရိုးလူကောင်းတွေ နိုင်ငံရေးထဲ ဝင်ပါဖို့လိုနေပါပြီ။ပြီးတော့ ပညာတွေလည်းတတ် ၊စိတ်ထားလည်း သန့်စင်မွန်မြတ်တဲ့  လူတွေ နိုင်ငံရေးနယ်ပယ်ထဲမှာ ခြေချဖို့လိုနေပါပြီ။ တနည်းအားဖြင့်ဆိုရင် လူတော်လူကောင်းတွေ နိုင်ငံရေးထဲဝင်ပါဖို့ လိုနေပါပြီ။
    ဒီလို လူမှုရေးစိတ်ဓါတ်ပြည့်ဝတဲ့လူတွေ..... လူရိုးလူကောင်းတွေ..... လူတော်လူကောင်းတွေက နိုင်ငံရေးထဲ ဝင်ရောက်လှုပ်ရှား ထိန်းမတ်ပေးမှ အစိုးရကောင်းနဲ့ သန့်ရှင်းသော အုပ်ချုပ်မှုတို့ ဖြစ်လာမှာပါ။ အဲသလိုမှ ဝင်မလုပ်ကြဘူးဆိုရင် ....နိုင်ငံရေးကို ကျောခိုင်းနေကြမယ်ဆိုရင်..........
    လူမှုရေးသမားက လူမှုရေးအဆင့်ကိုပဲ ပြန်ဆင်းပြီး ဆက်လုပ်နေလို့ရပါသေးတယ်။ သူတို့အတွက်ကတော့ ပြဿနာမရှိပါဘူး။       ဒါပေမယ့်...................
     လူရိုးလူကောင်းတွေနဲ့ လူတော်လူကောင်းတွေက နိုင်ငံရေးဟာ ကိုယ်နဲ့မဆိုင်ဘူးလို့ ခံယူပြီး နိုင်ငံရေးထဲမှာဝင်မလှုပ်ရှားကြဘူးဆိုရင်  နိုင်ငံကို လူဖျင်းလူညံ့တွေက စီမံအုပ်ချုပ်သွားကြလိမ့်မယ်။ 
    လူရိုးလူကောင်းတွေနဲ့ လူတော်လူကောင်းတွေက နိုင်ငံရေးဟာ ကိုယ်နဲ့မပတ်သက်ဘူးလို့ခံယူပြီး နိုင်ငံရေး မလုပ်ကြဘူးဆိုရင် လူလိမ်လူကောက်တွေက နိုင်ငံကို ဖဲ့ရွဲ့စားသောက်နေကြမှာပါပဲ။
   လူရိုးလူကောင်းတွေနဲ့ လူတော်လူကောင်းတွေက နိုင်ငံရေးနဲ့ ကင်းကင်းရှင်းရှင်းနေမယ် ............ လို့ ခံယူပြီး နိုင်ငံရေးမလုပ်ကြဘူးဆိုရင် လူဆိုးလူမိုက်ကြီးတွေက နိုင်ငံကို ဖိနှိပ်ညှင်းဆဲကြမှာ အမှန်ပါပဲ။
    ဂရိဒဿနပညာရှင်ကြီး ပလေတိုကလည်းပြောခဲ့ဖူးပါတယ်။ ဘယ်လိုပြောခဲ့သလဲဆိုတော့.......
    If good men are not willing to join polities, then they should be willing to be governed by sc-oundrals.
      လူကောင်းသူကောင်းတွေက နိုင်ငံရေးကို လုပ်လိုတဲ့ဆန္ဒမရှိဘူးဆိုရင် ကလိမ်ကကျစ် လူလိမ်လူကောက်တွေ အုပ်ချုပ်တာကို လိုလိုလားလား လက်ခံကြရမယ်..... တဲ့။ 
     ဒါ့ကြောင့်..................
     နိုင်ငံနဲ့လူမျိုး ဖွံ့ဖြိုးတိုးတက်ဖို့အတွက်  လူရိုးလူကောင်းတွေနဲ့လူတော်လူကောင်းတွေ နိုင်ငံရေးထဲမှာပါဖို့ အရေးတကြီး လိုအပ်နေပါပြီ။
                                                                                                                                                       စံမြတ်



January 3, 2012

ပြောင်းပြန်

၁။ကျမ၏ သမီးကြီးသည် အချို့စကားလုံးများကို တခါတလေ အမှတ်တမဲ့ ပြောင်းပြန် ပြောတတ်သည့် အကျင့်ရှိသည်။ ကျမ စပြီးသတိထားမိသည်က သမီး (၅)နှစ်အရွယ်လောက်မှပင်၊ စကားစပြောတတ်စဉ်က နားမလည်၍ ပြောသည်ဟု ထင်ထားရာမှ မည်သို့ပြင်ပြောစေသည်ဖြစ်စေ ထိုစကားလုံးကို ပြောင်းပြန်ပင်ပြောသည်။ နောက်မှ သတိထားမိပြီး ရယ်ကာမောကာ ပြန်ပြင်ပြောတတ်သည်။ ထိုအကျင့်သည် ဖျောက်မရဖြစ်လို့နေပေသည်။
           " အိမ်ကြောင်ထဲက ကိတ်မုန့်တစ်ခု သမီးစားမယ်နော်"ဟု ပြောတတ်သည်။ စကားတတ်ကာစာကတော့ ကြောင်အိမ် ကို အမှတ်မှားခြင်း ထင်မိဟည်။ တက္ကသိုလ်တက်သည်အထိ ထိုသို့ မကြာခဏ ပြောလေသည်၊ "ဟင်းတွေ နွှေးပြီး အိမ်ကြောင်ထဲမှာ ထည့်ထားတယ် အော်..မှားလို့ ကြောင်အိမ်ထဲမှာ ထည့်ထားတယ"်ဟု ပြောသည်။ " မေမေရေ တဲကင်းစောင့်ဘို့လူမရှိရင် ပိုက်ဆံပေးရမယ်တဲ့" ကျမက သမီးဘာပြောလိုက်သည်ကို ချက်ချင်းသိသဖြင့် ရယ်နေလျှင် သူ့ဘာသာ သတိရကာ " ကင်းတဲ" ဟု ပြန်ပြင်ပြောလေသည်။
၂။ ထိုရက်ပိုင်းက ကျမကွန်ပျူတာပျက်လေသည်။ ဘာသတင်းမှ မသိရ၊ ကမ္ဘာကြီးနှင့် အဆက်ပြတ်သလိုဖြစ်နေသည်။ မနက်ပိုင်း ရေဒီယိုလေးကို ကမန်းကတန်းနားထောင်ရသည်၊ ချက်ရေးပြုတ်ရေးနှင့်  အိမ်မှုကိစ္စများကြားက အပြေးအလွှားနားထောင်ရသည်။ voice မှ ဒေါက်တာနေ၀င်းမောင် နှလုံးရောဂါဖြင့် ရုတ်တရက် ဆုံးသွားကြောင်းနားထောင်လိုက်ရသည်။ နှမြောစရာ၊ အောင်ထွဋ္ဋ် ကလောင်အမည်ဖြင့်ရေးသော ဆောင်းပါးများကြိုက်သည်။ နာရေးသတင်းဓါတ်ပုံသတင်းများ ကြည့်ချင်သည်။ မကြည့်ရ။ သမီးအလုပ်က ပြန်လာလျှင် ဘာသတင်းထူးလဲ မေးရသည်။ သမီးကလည်း စိတ်ရှည်လက်ရှည် ပြောပြသည်။ ထိုရက်မှာမှ သတင်းတွေကလည်း ဆက်တိုက်ထူးနေသည်။ သမီးလည်း အလုပ်မှာကွန်ပျူတာသုံးရ၍ သိရခြင်း၊ှဇန်န၀ါရီ(၄)ရက်၊ လွတ်လပ်ရေးနေ့မှာ နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးမည့် သတင်းကလည်း  တော်တော်လေး လှုပ်လှုပ် ဖြစ်နေရာ နေ့တိုင်း ဘာထူးလဲ မေးနေမိသည်။
၃။ ဇန်န၀ါရီ(၂) ရက်နေ့ အလုပ်ကအပြန်မှာ သမီးက လွတ်ငြိမ်းချမ်းသာသတင်းကို ပြောလေသည်။ ကျမ ၀မ်းသာအားရမေးရာ " မထူးပါဘူး ထုံးစံအတိုင်းပဲ" ဟု ပြောပြပါသည်။ " တစ်သက်တစ်ကျွန်းကို သေဒဏ်၊ အနှစ်(၃၀) အထက်တွေအားလုံးကို  အနှစ်(၃၀).....ပြီးတော့...  "  ဆက်ပြောနေသော်လည်း ကျမ စိတ်မ၀င်စားတော့။ " ဘယ်လို ဘယ်လို တစ်သက်တစ်ကျွန်းကို သေဒဏ် ဟုတ်လား" ဆိုတော့မှ " ဟာ.. ဟုတ်ပါဘူး  သေဒဏ်ကို တစ်သက်တစ်ကျွန်းပြောတာပါ" ဟု ပြန်ပြောင်းပြောရင်း စိတ်တိုတိုနှင့် အလိုမကျစွာ ရယ်မောရသေးသည်။  သမီးသည် စကားပြောလျှင် ထိုသို့ ပြောင်းပြန်ပြောတတ်သည်ကို သိပြီးဖြစ်၍ လွယ်လွယ်ပြီးသွားသော်လည်း အတွေးများက လွယ်လွယ်ပျောက်မသွားတော့ပေ။
             နိုင်ငံ၏အကြီးအကဲ၊ လူကြီးမင်းများသည်လည်း ကျမသမီးလို ရှေ့နောက် စကားပြောင်းပြန် ပြောတတ်တဲ့ အကျင့်များရှိနေတာလား။ ကျမတွေးနေမိသည်။