August 27, 2012

မယ်လူမွှေးအတွက် မွေးနေ့လက်ဆောင်

   သိပ္ပံမောင်ဝရဲ့ စကားပြေတွေ သင်ခဲ့ရစဉ်က ဆရာ့ရဲ့ပင်တိုင် ဇာတ်ကောင် မောင်လူအေး တစ်ယောက် သူ့ရဲ့သားလေး မောင်လူမွှေး အမေးအမြန်းထူပုံ၊ ကလေးပီပီ ကလေးအတွေး တွေးပီး မေးခွန်းတွေ မေးရာက အဖြေရကျပ် ဂျောက်ကျ ခဲ့ရပုံတွေကို ဖတ်ရင်း သဘောကျမိခဲ့လေသည်။ ကိုယ်တိုင်ကြုံရသည့် အခါတွင်တော့ သဘောကျသည်ထက် အကျဉ်းအကျပ်ကျရသဖြင့် ချွေးပျံရလေသည်။ ကျမ၏ သမီး (၃) ယောက်အနက် အငယ်ဆုံး ဖြစ်သူသမီး ကျမှ အနှီ မောင်လူမွှေးလို အဖြေရကျပ်တဲ့ ကပ်သီးကပ်သတ် မေးခွန်းတွေ မေးလေ့ရှိရာ သူ့ကို မယ်လူမွှေးဟုပင် ခေါ်ရမလို ဖြစ်ရလေသည်။ သူ့အထက်က သူ့ရဲ့ အမတွေ အလိုလိုသိတာကို အဲဒီအသက်အရွယ်မှာပင် သူက အလိုလို မသိတာတွေ ဖြစ်လာတော့ စိုးရိမ်စိတ်ပင် ဝင်မိသည်အထိ ဖြစ်ခဲ့ရသည်။ ဒုတိယ သမီးတုန်းကတော့ ဘာမှလဲ အမေးအမြန်းမရှိ ၊ လူကြီးလေးလို သိနေသည်ဟု ထင်ရသည်။ ဒါတောင် ၁၉၉၆ကနေ၁၉၉၉ ဝန်းကျင်က  မြန်မာဘောလုံးအသင်း အရှေ့တောင်အာရှ ပြိုင်ပွဲတွေမှာ လျှမ်းလျှမ်းတောက်စဉ်က မြန်မာပါသည့် ဘောလုံးပွဲစဉ်တွေ ကြည့်ခဲ့စဉ်ကတော့ ရီစရာ ဖြစ်ခဲ့ရသည့် မေးခွန်း တခု မေးဘူးသည်။ သန်းတိုးအောင်၊ မျိုးလှိုင်ဝင်း၊ ဝင်းအောင်၊ ကြည်လွင် တို့ကို ကျမတို့ အားပေးလွန်း၍ သူသိနေသည်။ ဘောလုံးပွဲ စကြည့်သည်နှင့် သူမေးတာက မြန်မာက ဘာအရောင်လဲ ဆိုတာပင်။ ကျမတို့ ကြည့်ရင် သူပါ မအိပ်ပဲ အစားအသောက်တွေ ထိုင်စားရင်း ကြည့်သည်။ ဒီလိုနှင့် ပွဲပေါင်းမနည်း ကြည့်ဖြစ်ပီးကာမှ အားလပ်ချိန်တချိန်တွင် သူမေးလေသည်။
" သမီး ကြည့်နေတာ ကြာဘီ၊ အင်္ကျီ အမဲရောင် ဝတ်ထားတဲ့ လူကြီးက တခါမှလဲ မကန်ပဲ ဘာလို့ လျှောက်ပြေးနေတာလဲ" တဲ့။ ကျမတို့မှာ ရုတ်တရက် ကြောင်သွားပီးမှ အူတက်မတတ်ရယ်ရလေသည်။ ပီးမှ ဒိုင်လူကြီးဆိုတာကို သေသေချာချာ ရှင်းပြရသည်။ နောက်ကိုလဲ မသိရင်မေးဘို့ ပြောရသည်။ သူ့စိတ်ထဲ ဇဝေဇဝါနှင့် ပွဲပေါင်းများစွာ ကြည့်နေခဲ့ခြင်းပင်။ ဒါတစ်ခုကလဲ ကလေးပီပီ မေးသင့်တာပဲ ဆိုပီး ဘယ်လိုမှ မနေ။ သူ့ အောက် ယခု မယ်လူမွှေးလက်ထက်ကျမှ ကျမတို့မှာ အဖြေပေးရန် မကြာခဏ ချွေးပြန်ခဲ့ရတော့သည်။
                  ဇူလိုင်လထဲတွင် သမီးကြီးက သူ့မွေးနေ့မှာ အလုပ်ထဲက ဝန်ထမ်းအားလုံးကို ကော်ရည်ခေါက်ဆွဲ ကျွေးချင်သည်။ ချက်ပေးပါ ပြောလာသည့်အတွက် ချက်ပေးခဲ့သည်။ လူ လေးငါးဆယ် အတွက်ကို အမေကိုယ်တိုင် တစ်ယောက်ထဲ ချက်ရသည့် အတွက် အားနာသည်လား မပြောတတ်။ သူ့အတွက် မွေးနေ့လက်ဆောင်ကို ဘာပေးပါ ညာပေးပါ မပြော မတောင်းဆိုပဲ အလိုက်တသိနေလေသည်။ ထို့အတွက် သမီးကြီးကို ကြိုမပြောပဲ " သမီးအတွက် မွေးနေ့လက်ဆောင်" ဆိုသော အက်ဆေးရေးပီး ဖေ့စ်ဘွတ်မှ tag ပေးလိုက်သည်။ မထင်မှတ်ပဲ သူငယ်ငယ်က အကြောင်းအရာလေးတွေ ပြန်ဖတ်ရင်း သဘောကျကျေနပ်လေသည်။ ဒါကို ကျောင်းမှာ ရောက်နေသော သမီးအငယ်ဆုံးက သူ့မွေးနေ့ကျရင်လဲ ရေးပေးပါဆိုကာ ကောမန့်ရေးပီး ချက်ချင်းပြောလေသည်။ ကျမကလဲ သူ့ကို စချင်သည့် အတွက် သမီးငယ်ငယ်က အကြောင်းတွေ ပြန်စဉ်းစားလို့ ရရင် ရေးပေးမယ်ဆိုကာ ပြောလိုက်သည်။ ကျမတွင် သမီး(၃)ယောက်ရှိရာ  ဤအငယ်ဆုံးသမီးကို လွန်ခဲ့သော (၁၄)နှစ်၊ ဒီနေ့ဒီရက်တွင် မွေးဖွားခဲ့ပါသည်။  အမှန်က သမီးငယ် အကြောင်းသည် တခုတ်တရ ပြန်စဉ်းစား နေရလောက်အောင် မမှတ်မိစရာ မရှိ။ ထူးခြားသည့် သူ့အတွေး သူ့မေးခွန်းတွေကြောင့် စိတ်မှာ ပူပင်သောက ရောက်ခဲ့ဘူးသည့်အတွက် တသက် မမေ့နိုင်သည့် အကြောင်းတွေပင်။ အခုတော့ သမီးငယ်ရဲ့ မွေးနေ့ လက်ဆောင်အဖြစ် သတိရတာလေးတွေ ပြောဖြစ်ရေးဖြစ် ရပြန်ပါသည်။ သူ့အထက် အမ နှစ်ယောက်ရှိသည့်အတွက် သမီးငယ်သည် အမတွေ လုပ်တာ လိုက်လုပ်ချင်သည်။ သူ့အမတွေ ရတာ သူမရမှာ သူ့အမတွေ နောက် သူကျန်ခဲ့မှာ အမြဲစိုးရိမ်တတ်သည်။ ဒါ့ကြောင့် သူ့အမ အကြောင်းရေးပေးပီး သူ့အကြောင်းမရေးလျှင် ကျေနပ်မည်မဟုတ်ပေ။ သမီးကို အသက်(၄)နှစ် ပြည့်သောအခါ ပုဂလိက မူကြိုကျောင်းသို့ ပို့လိုက်သည်။ သူ့ဘဝတွင် ပတ်ဝန်းကျင် အသစ်သို့ ပထမဆုံး ရောက်ဘူးခြင်းပင်။ ပထမဆုံးနေ့တွင် အဆင်ပြေပါ့မလား၊ အငယ်ဆုံးဖြစ်သည့် အတွက် အိမ်မှာ အရာရာ အလိုလိုက်ခံ ရတဲ့အတွက် သူစိမ်းတွေနဲ့ အဆင်ပြေပါ့မလား အမျိုးမျိုးတွေးပူသဖြင့် သူငယ်ချင်းများနှင့်တဲ့အောင် ဘယ်လိုနေဘယ်လိုထိုင် စသဖြင့် သေသေချာချာ ပြောဆိုပီး ပို့ထားလိုက်သည်။ ကျောင်းက ပြန်ရောက်သောအခါ သူကပြောပြလေသည်။
" အမေ.. တချို့သူငယ်ချင်းတွေက သမီးနဲ့ မတူဘူးတဲ့"
ကျမကလဲ " ဘယ်တူပါ့မလဲ သမီး.. လူတွေက တယောက်နဲ့ တယောက် အဲလိုပဲ မတူကြဘူး၊ ဒါပေမယ့် သူငယ်ချင်းဖြစ်သွားဘီဆို မတူလဲ ခင်ခင်မင်မင် နေရတယ်၊ ရန်မဖြစ်ရဘူး" လို့ ပြောရင်းက ဘာမတူတာလဲ မေးလိုက်မိသည်။
" တချို့သူငယ်ချင်းတွေက မတ်တတ်ရင်းပီး ရှုးရှုးပေါက်ကြတယ်.. သမီးတို့နဲ့ မတူဘူး" တဲ့။ ဖြစ်ပုံက ဆရာမက ထမင်းစားသောက်ပီး တရေးအိပ်ရမယ်၊ အားလုံး ရှုးရှုးပေါက်ကြ လွှတ်လိုက်တာမှာ သူက သိသွားခြင်းပင်။ ကျမက ဟုတ်တယ် အဲဒီသူငယ်ချင်းတွေက ယောင်္ကျားလေးလို့ ခေါ်တယ် ပြောပြရသည်။ ဒါဆို သမီးကရောတဲ့၊ " သမီးက မိန်ကလေး " လို့ ဆိုတော့ အော်တဲ့။ ကျမစိတ်ထဲ ဘယ်လိုပါလိမ့် အောက်မေ့သည်။ သူ့အထက်က အမ နှစ်ယောက်သည် သူတို့ကိုယ်ကို မိန်ကလေးဖြစ်မှန်း၊ အချို့သည်  ယောင်္ကျားလေး ဖြစ်မှန်း ဘယ်အချိန်က ဘယ်လိုသိလဲ ကျမမသိသလို၊ တခါမှလဲ မမေး၊ မေးစရာလဲမလိုပဲ အလိုလို ဒီလိုပဲ သိသွားသည်ပဲ ထင်သည်။ သူက ဒါကို မသိ။ တရက်မှာ ကျောင်းပိတ်ရက် ဖြစ်တဲ့အတွက် ကလေးတွေ အိမ်ရှေ့ကွက်လပ်မှာ ဆော့ကစားတုန်း သမီးအဖေက ရေချိုးနေသည်။ သူကလဲ ဘယ်သူမှ မရှိသည့်အတွက် ရေချိုးခန်တခါးကို စေ့ရုံထားပီး ဂျက်မချပဲ ရေချိုးနေသည့် အခိုက် သမီးငယ် မယ်လူမွှေးသည် ဆော့ကစားရာမှ အန္တရာယ်မလွယ်နိုင်၍ အပြေးအလွှား ဝုန်းကနဲ ရေချိုးခန်းဖွင့် အဝင် တားချိန် ပြောချိန် မရလိုက်ပဲ တွေ့ကြလေသည်။ သမီးငယ်က ဝမ်းသာအားရ အံ့ဩတကြီး ပြေးထွက်လာပီး " အမေရေ..... အဖေကြီးက ယောင်္ကျားလေး အဖေကြီးက ယောင်္ကျားလေး" ဟု အော်နေတော့သည်။ တဆက်ထဲ နှစ်အိမ်ကျော်မှာနေသည့် သူ့ ဘကြီး( သမီးငယ်ကို အင်မတန်ချစ်ပီး အလိုလိုက်လွန်းသူ) ထံ ပြေးကာ ပြောပြန်လေသည်။ " ဘဘကရော ဘာလဲ" ဟုလဲ မေးနေသေးသည်။ ဘကြီးရဲ့သမီးက ဆရာဝန်တယောက် ဖြစ်သည့်အတွက် သမီးငယ်ရဲ့ အသိကို စိတ်ပူစွာ မေးမိရလေသည်။ အဲဒီညီမ ဆရာဝန်ကတော့ စိတ်မပူနဲ့အမ ကလေးတွက သူ့အသိနဲ့သူပဲ၊ သူတွေးတတ်သလို သူသိသလို တယောက်နဲ့ တယောက်က တူတာမဟုတ်ဘူး။ ဘာမှ မဖြစ်ဘူး၊ ကလေးဆိုတာ ကလေးလိုပဲ တွေးတာ မှတ်တာ သိတာ။ သိပုံချင်းကွာကြတယ် ပြောတဲ့ အတွက် စိတ်အေးရပါတော့သည်။။ ဒါတောင် ဘာလို့ အလိုလို မသိတာလဲဆိုတဲ့ အတွေးက ကျမကို ပူပင်လာတတ်စေပြန်ပါသည်။  သူ့အဖေဟာ ယောင်္ကျားလေးလို့ သူသိပီးတဲ့ အချိန်မှာ အိမ်လာတဲ့ဧည့်သည် ပြောတာပီးရင် အဲဒီဧည့်သည်ကို သမီး အဖေက ယောင်္ကျားလေး သိလားဆိုပီး သူ့အဖေကို ဂုဏ်ယူပီး ပြောနေပြန်ပါသည်။ ဧည့်သည်ကလဲ ဘာပြောမှန်း မသိတော့ သူကျေနပ်အောင် အော် အေးအေး ဆို ပီးတာပါပဲ။ ကျမတို့ အိမ်ယာလေးက ညဘက် မီးပြတ်ပီဆို ကလေးတွေက ကွက်လပ်ကလေးမှာဆော့ကြ။ အပျိုပေါက် လူပျိုပေါက်ကလေးတွေကလဲ သူ့အစုနဲ့သူ စကားထိုင်ပြောကြ နေကြလေ့ရှိသည်။။ မိန်းကလေးတချို့က ရုပ်ရှင်မင်သားအကြောင်း ဘယ်မင်းသားက ဘယ်လို အဲဒီကနေ ယောင်္ကျားလေးတွေ အကြောင်း ပြောကြဟန်တူသည်။သမီးငယ်က ကြားပီး " မမတို့ သမီးအဖေက ယောင်္ကျား သိလား" ဝင်ပြောတော့ ကလေးမလေးတွေက သူ့ကို စနောက်ချင်တာနဲ့ ဟုတ်လို့လား မဟုတ်ပါဘူး ဟုတ်လဲမဟုတ်ပဲနဲ့ စသဖြင့် ပြောကြတော့ သမီးက တရှုးရှုးတရှဲုရှဲ စိတ်ဆိုးပါလေရော။ ဒါနဲ့ လာလိုက်ခဲ့ ခေါ်တော့ ကလေးမလေးတွေက ရယ်မောပီး အိမ်ရှေ့ရောက်လာပါလေရော။ သူတို့က ကျမကို မျက်စိမှိတ်ပြပီး ထပ်စကြပြန်သည်။ အဲဒီမှာ သမီးက အဖေ အဖေ .. အဖေကြီးက ယောင်္ကျားလေးနော်တဲ့၊ သူ့အဖေကလဲ ဘာမှန်းမသိတော့ စာဖတ်နေရင်းက အင်း...... ဆိုပီး ခေါင်းငြိမ့်ပြလိုက်လေသည်။ ကလေးမလေးတွေကလည်း ဟုတ်ပါဘူး ထပ်ပြောတော့ သူ့အဖေလုံခြည်ကို ပြေးကိုင်ပီး အဖေ ပြလိုက် ပြလိုက်လေ လဲဆိုရော ကလေးမလေးတွေ အမလေး အော်ပီး ပြေးကြတာ တန်းနေတာပဲ။ အဲဒီကလေးမလေးတွေက အခုဆို အသက်(၃၀) ဝန်းကျင်တွေ ဖြစ်၊ အိမ်ထောင်ကျတဲ့သူက ကျလို့၊ တနေရာမှာ ပြန်ဆုံဖြစ်ရင် အဲဒီသမီးအကြောင်းကို ပြန်ပြော ရယ်ပွဲဖွဲ့လို့မဆုံးအောင် အမှတ်ရနေကြလေသည်။
           ထိုစဉ်က ကျမနဲ့ သမီးဖေဖေတို့က ဝန်ထမ်းတွေ ဖြစ်သည့်အပြင် ဂျူတီကလဲ ညဂျူတီဆို (၁၂) နာရီအထိ၊ မနက်ဂျူတီဆင်းရလျှင် မနက်(၆)နာရီ အရောက် အလုပ်ဝင်ကြရသည့်အတွက် ကိုယ်ခွဲမရှိသည့် ကျမတို့ နှစ်ယောက်အတူ ဂျူတီဆင်းရပါက တခြားသူနှင့်ဂျူတီချိန်းပီး ဆင်းရသည်။ သို့အတွက် အိမ်မှာတယောက်ရှိလျှင် တယောက်က အလုပ်မှာ ဖြစ်၍ မိသားစု ထမင်းအတူ မစားဖြစ်တာချည်းပင်။ ကလေးတွေနှင့်ကျမ၊ ကလးတွေနှင့် သူ့အဖေ၊ ဒီလိုနေခဲ့ရသည်။ ရှားရှားပါးပါး မိသားစုစုံသည့် နေ့ခင်းတရက် ထမင်းလက်ဆုံစားဖြစ်ကြသည်။ သမီးအငယ်ဆုံးက အရင်ဦးအောင် ဟင်းကိုခပ်ပီး ကျမပန်းကန်ထဲကို ဦးချဖို့ပြင်ရာ ကျမက အဖေ့ကို အရင်ဦးချလေ ပြောရသည်။ သူက လက်က ဇွန်းကို ကိုင်ထားရင်းက " ဘာဖြစ်လို့လဲ" မေးရာ ကျမက အဖေကို အရင်ဦးချရတယ်ဆိုတော့ " ဘာဖြစ်လို့လဲ" ထပ်မေးသည်။ ကျမလဲ အဖေက ဒီအိမ်မှာ အသက်အကြီးဆုံးလေ လို့ တတ်သမျှ ဖြေရလေသည်။ သူ့အတွေးက ဘယ်လိုရှိသည်မသိ။ ချက်ချင်းပင် "အဖေကြီးနဲ့ အမေကြီး ဘာတော်လဲ စဉ်းစားနေတာ၊ လက်စသတ်တော့ အဖေကြီးက အမေကြီးရဲ့ အကိုပါလားတဲ့" ကျမလဲ သူထပ်မေးလာမှာ ကြောက်တာရော၊ ဘာဖြေရမှန်းမသိတာရော ပေါင်းပီး ရီပဲ ရီနေလိုက်ရသည်။ သူ့အမနှစ်ယောက်ကလဲ ဝိုင်းရီကြလေသည်။ သမီးအလတ်ကလေးက အငယ်ဆုံးနှင့်(၂) နှစ်သာကွာရာ ကျမက သမီးကရော သိလားဆိုတော့ သိတာပေါ့ အမေကလဲတဲ့။ သူ့ညီမကို ကြည့်ပီး ပြုံးစိစိဖြင့် ရီနေလေသည်။ ကျမတို့ မိသားစု ညနေလမ်းလျှောက်ထွက်လျှင် သူတို့ညီအမက ရှေ့က စကားတပြောပြောသွားနေရာက နောက်လှည့်ကြည့်ရင်း သူ့အဖေက ကျမကို အမှတ်တမဲ့ ပခုံးကို လက်တင်တာမျိုး၊ လက်ကိုတွဲထားတာမျိုး တွေ့ပါက အဲဒီအငယ်မက ပြန်ပြေးလာပီး လက်ကို ဖြုတ်ချတတ်သည်။ ဒါက အမြဲလိုလို ဘာဖြစ်မှန်းမသိ။ တရက်တွင်တော့ အဖြေပေါ်လေသည်။ သူ့အမတွေနှင့် အခွေကြည့်သည်။ ဗီစီဒီကြည့်သည်။ ဗီဒီယိုကားတွေ ကြည့်သည်။ သမီးကြီးက ဟော သူတို့ရီးစားဖြစ်သွားကြဘီ၊ ကြိုက်သွားကြဘီ စသဖြင့်ပြောတာ သူမှတ်ထားပီး တွေးနပုံရသည်။ ကျမတို့ဆီ ပြေးလာပီး အခုမှပဲ သိတော့တယ်။ အဖေနဲ့ အမေက ရီးစားတွေကိုးတဲ့။ လမ်းလျှောက်ရင်းက သမီးတို့ဖေဖေက သူ့ကိုစချင်စိတ်နဲ့ ကျမပခုံးပေါ်လက်တင်ရင်းက သမီးရေလို့ လှမ်းခေါ်တဲ့အခါ ဘာမှမဖြစ်ဘူး အဖေကြီးတို့က ရီးစားတွေပဲ ဖက်လို့ရတယ်အပြောကို ရီကြရပြန်သည်။  ဒီအကြောင်းတွေကို  ၂၀၁၀ခုနှစ်မှာ စာရေးဆရာမ တူးတူးသာနဲ့ ပြောဖြစ်ကြတော့ မတူးက သူ့ဘလော့မှာ ဒီအကြောင်းလေးကို " အဖေနဲ့အမေ ဘာတော်လဲ " ခေါင်းစဉ်နဲ့ ရေးထားပီး အောက်ဆုံးမှာ အခုတော့ ဒီသမီးလေးလဲ အဖေနဲ့အမေဘာတော်လဲ သိလောက်ပါဘီလို့ ရေးကာ သူ့ရဲ့ မွေးနေ့လက်ဆောင်လို့ ပြောတာကို သဘောကျကျေနပ်နေလေသည်။ အဖေနဲ့အမေ ဘာတော်တယ်ဆိုတာကို တဖြည်းဖြည်းမှ တွေးတတ်သိတတ်တဲ့ သမီးငယ်ဟာ အခုတော့ ကျမကွန်ပျူတာသုံးရင် မသိတာကို သူပဲ ပြောပြသည်။ ၈ျီမေးလ်၊ ဖေ့စ်ဘွတ်နဲ့ တခြားဆိုဒ်တွေ ဘလော့တွေ ဖွင်ထားရင်းက ဆိုဒ်တခုကိုပိတ်ချင်ရင် မေ့ပီး close tab တခုလုံး ပိတ်ကာ လုပ်ပါအုန်း အမေကြီး ဖေ့စ်ဘွတ်ကြီးပျောက်သွားပြန်ဘီ

ဆို၊ သူက အမေကို အမေကြီးကတော့လေ ဆိုကာ မှတ်ထားလေအမေရဲ့ ဒါကိုပိတ်ချင်ရင် ဒါကိုပဲပိတ်၊ ဆိုင်မှာသာသွားသုံးလို့ ကတော့ အမေကြီး အကောင့် သူများခိုးတော့မှာပဲ စသဖြင့် ပူပူပင်ပင် ပြောတတ်လေဘီ။ သူ့ကို သူငယ်တန်းကျောင်းမထားခင် စာစသင်တော့ အင်္ဂလိပ်စာ အေဘီစီ အကြီးတွေသင်ပီး စာလုံးသေး သင်မယ်လဲဆိုရော မသင်တော့ဘူး အကြီးနဲ့ပဲ ရေးမယ်ပြောတာ မနည်းသင်ပေးရသည်။ ကကြီးရဲ့ အကြီးက ဘာလဲ မေးခွန်းကို ချွေးပြန်အောင် ဖြေခဲ့ရသည်။ apple အဲပဲလ် ပန်းသီးဆိုတာကို မြန်မာလို ပန်းသီး ၊ အင်္ဂလိပ်လိုရောဆိုတော့ apple ဆိုတော့ မဟုတ်ဘူးလေ အင်္ဂလိပ်တွေက ဘာသီးလို့ခေါ်လဲ မေးရာ ကျမမှာ လုံးလည်လိုက်အောင် ရှင်းပြရင်း ကိုယ့်သမီးဖြစ်နေလို့ တခြားကလေးဆို ပြန်အမ်းလိုက်ဘီ ပြောရင်း စိတ်ပျက်ခဲ့ရဘူးသည်။ သင်္ချာသင်တဲ့ အခါမှာလည်း ၅ထဲက ၂ကိုနှုတ်၊ လက်ငါးချောင်းထောင် လက်နှစ်ချောင်းချိုးချ သုံးချောင်းကျန် အဖြေ ၃ ကို သူမကျေနပ်။ ဘာလို့ ငါးချောင်းထောင်ရတာလဲ။ နှုတ်တယ်ဆိုတာဘာလဲ၊ မေးပြန်ရာ ဒီတပုဒ်ကို သင်ရင်း အချိန်တွေကုန်ကာ အော်ငိုချင်စိတ်တောင် ပေါက်ခဲ့ရလေသည်။ သမီးအဖေက ကျူရှင်ပို့လိုက် မသင်ပေးတောနဲ့လို့ စိတ်မရှည်စွာဆိုလေရာ ဒီပုံစံနဲ့ တခြားသူနဲ့ဖြစ်မှာမဟုတ် တွေးကာ အားတင်းပီး သင်ရပြန်သည်။ ပစ္စည်း၅ခုကိုရှာပီး တန်းစီပြ အဲဒီနောက် ၂ခုကို လွှတ်ပစ်လိုက်ရင်းက ဘယ်နှစ်ခုရှိသေးလဲ ဆိုကာ ကျန်တာကို အဖြေရှာပြရသည်။ နောက်တော့ သိပါဘီတဲ့။ ဓါတ်ကြိုးပေါ်မှာနားနေတဲ့ ငှက်ကလေး ၃ကောင် ကိုပြထားပီး တကောင်ပျံသွားတာကို သူမြင်လိုက်တဲ့နောက် ဘယ်နှစ်ကောင်ကျန်သလဲဆိုတော့ ၂ကောင်ကျန်တယ် သူဖြေသည်။ ကျောင်းတက်လို့ စာမေးပွဲ ရလဒ်တွေ ပြတော့ ဘာသာစုံ ၁၀၀ အပြည့်ရတာတွေ့ ရပြန်တော့ ရင်အေးရပြန်သည်။ အေကို အကြီးပဲရေးမယ်၊ အသေးတွေမမှတ်တော့ဘူး မရေးချင်ဘူး ဆိုခဲ့သောသမီးငယ်သည် အခုတော့ သူတို့ဆရာ နိုင်ငံခြားသားတွေနှင့် စကားဖောင်ဖောင် ပြောလို့ အဖွဲ့ပင်ကျနေသေးသည်။ ကလေးဆိုတာ ကလေးတွေးပဲတွေးတာ တယောက်နဲ့တယောက် လောကကို သိတာ မတူဘူးဆိုသည့် ညီမစကားကို တဖြည်းဖြည်း သဘောပေါက်လာသည်။ အခုတော့လည်း မသိတာရှိရင် အမေကို မမေးတော့ ။ အင်တာနက်လေး ဖွင့်ပီး တဒေါက်ဒေါက် ခေါက်ပီး သိနေလေပြီ။ ကျမက မေးရင်တောင် အမေ အဲဒါ ဒီမှာ ရှာလိုက်ပြောနေဘီ။ တခါတလေ ကျောင်းကနေ လှမ်းပီး အမေရေ ဒါလေး ဖတ်ကြည့်ပါအုန်းဆိုကာ လင့်တွေ လှမ်းပို့တတ်ပြန်သည်။ အလွယ်တကူ မသိသည့် သမီး၊ စစ်စစ်ပေါက်ပေါက် မေးတတ်သည့် သမီးငယ်တယောက် အခုတော့ မမေးတော့ပြီ။ သူ့မှာ မေးရန်မလို၊ အဖြေတွေက လက်တကမ်းမှာ ရှိနေပြန်တော့ အဆင်သင့်နေဟန်တူသည်။ အခုအချိန်မှာ သူမမေးတော့ပေမယ့် ကျမက အမေးခံချင်နေသည်။ သူသိတာတွေ မှားနေလား မှန်နေလား စစ်စစ်ပေါက်ပေါက် ကျမပြောပြချင်နေပြန်သည်။ မယ်လူမွှေးဆီက  ကပ်သီးကပ်သပ်မေးမှာတွေကို ကြိုးစားပီးဖြေချင်နေပါသေးသည်။ ဒီအသက်အရွယ်မှာ ဘယ်လိုအတွေးတွေ တွေးနေဘီလဲ၊ ဘာတွေကိုများ စစ်စစ်ပေါက်ပေါက် သိချင်နေသလဲ။ ဘဝအတွက် ဘာတွေရည်မှန်းထားပီး ဘယ်လိုအရာတွေကို စိတ်ဝင်စားသလဲ သိချင်ပါသည်။သမီးငယ် ဝါသနာပါရာ အကြောင်းအရာတွေကို  ကျမလဲ ကူပီးတွေးပေးချင်ပါသည်။ ကူပီး စဉ်းစားပေးချင်ပါသေးသည်။
( သမီးငယ်ရဲ့မွးနေ့အမှတ်တရ)

August 19, 2012

အမီနာ--( ကိုမင်းသိုက်)


                  ဒီနေ့ ဟာ့ဒစ် တွေထဲ ပြန်လှန်မွှေတော့ ဒီ ကြောင်မလေးပုံပြန်တွေ့တယ်၊
" ကြိုး " ဇာတ်လမ်းတိုအတွက် Test Shot ရိုက်ထားတဲ့ပုံပါပဲ ။ဒီဓါတ်ပုံကို ပြန်ကြည့်ရင်း ကျွန်တော် " ကြိုး " ဇာတ်လမ်းတိုကို ရိုက်ခဲ့စဉ်က ကြုံခဲ့ရတဲ့ မဟာအခက်အခဲများစွာတွေထဲက  တစ်ပိုဒ်ကို လဲ ပြန်အမှတ်ရမိပါတယ်။ ဒီဇာတ်လမ်းတို အတွက် Script မရေးခင် ဒီ ဇာတ်လမ်းမှာ ဘာအရောင်တွေ အဓိက သုံးမလဲ ဆိုတာအရင်တွေးယူပါတယ်။

 " အနီ၊အနက်၊အစိမ်းရယ် - အစိမ်းမှာတင် အစိမ်းနုနဲ့အစိမ်းရင့်" ဒီအရောင်တွေ ကို ဦးစားပေးမျာများသုံးမယ်ပေါ့ ဆုံဖြတ်လိုက်တယ်၊ ပြီးတော့ Script ရေးတယ်၊ ရေးရင်းနဲ့ တစ်ခါထဲ ဘယ်သရုပ်ဆောင်ကို ဘယ်အရောင် သုံးမယ်ပါ အကြမ်းဖျဉ်း သတ်မှတ်ပြီးပုံဖေါ်တယ်ပေါ့ဗျာ၊  အဲ့ဒီ မှာ အဓိက ကျတဲ့ ကြောင် .. နောက်ဆုံး ဇာတ်ရှိန်ကို မြှင့်တဲ့ နေရာမှာ သရုပ်ဆောင်မည့် ကြောင်၊ ဒီကြောင်ကို ဘာရောင်သုံးမလဲ တွေးတော့ အနက် သုံးမယ်ပေါ့ ကြောင်အနက် .. လုံးလုံးအနက်ကြီးတော့မဟုတ်ရဘူး ရင်သား ဗိုက်သားမှာ အဖြူပါရမယ်၊ နှုတ်ခမ်းမွှေးအဖြူအရှည်ကြီးလိုချင်တယ်၊ မျက်လုံး ဝါမယ် သို့မဟုတ် စိမ်းမယ်ယ်ပေါ့ ၊  ခြေလက်လေးချောင်းလုံး အစပ်နားလေးတွေမှာ ဖြူတာလေး လိုချင်တယ်ပေါ့ အရွယ်က တစ်နှစ်သားလောက်ပေါ့၊  စိတ်ကူးယဉ်လိုက်တယ် တော်တော်ဟန်ကျနေပြီ၊  ဒါနဲ့ Script အကြမ်းပြီးတော့ လိုတာတွေ ရှာ ရိုက်မည့်နေရာတွေ လိုက်ကြည့် အဲ့ဒီ လိုတာတွေထဲမှာက ကြောင်က တစ်နံပတ်အဓိကဖြစ်နေတော့ ဘော်ဘော်တွေကို
 သံချောင်းခေါက်ရတာပေါ့၊  ဘော်ဘော်တွေ အားကိုးရတယ် ဖုန်းတွေ တ တီတီ နဲ့ သွားကြည့် ၊အဆင်မပြေ၊ ရက်တွေကလဲတဖြေးဖြေး သတ်မှတ်ရက် ကို ကျော်လာနေပြီ ပူစီက ဝေလာဝေးပဲ အရေးထဲ ချစ်ဘော်ဘော်တယောက်က ညကြီးအချိန်မတော် ဖုန်းဆက်လာတယ်  မင်းလိုချင်တဲ့ ကြောင် တစ်ကောင်မဟုတ်ဘူး တထောကြီးပဲ အခုသွားကြည့်မှ ရမှာ  ရွှေပြည်သာဟိုဖက် နားက ရွာဘုန်းကြီးကျောင်းမှာ အနက်တွေချည့်ပဲ စိတ်ကြိုက်သာယူအပိုင်တောင်ပေး
မတဲ့ 

" တော်တော်အားတက်သွားတယ် ..
 " မင်းကိုယ်တိုင်ကြည့်ခဲ့ပြီးပလား " ဆိုတော့ 
.. " ဟုတ်ဘူး .. ငါ့စော်လေး အဒေါ်က အဲ့ဒီမှာနေတာ သူတို့ပြောတာတဲ့ "

 စိတ်ပျက်သွားတယ် မစွန့်စားရဲဘူး ညကြီးအချိန်မတော် ကား အသွားအပြန်ငှားသွားရမှာကိုက ဘတ်ဂျက်ထိမယ် 
 အဲ့တော့ နောက်တမျိုးပြောင်းပြီး ဘော်ဒါတွေကို ထပ် သင်တန်းပေးရတယ် ၊
 ကျွန်တော်လိုချင်တဲ့ ကြောင်တွေ့ရင် ပိုင်ရှင်ရှိရင်ခွင့်တောင်းမရှိရင် အသာလေးပွေ့လာပြီး ခေါ်လာကြည့်၊
အဲ့ဒီကြောင် နေနေကျနေရာကနေ ခပ်လှမ်းလှမ်းကို ချီသွားကြည့် ၊
 ပါလာရင် လူတွေ ကားတွေ ရှုတ်တဲ့ နေရာအထိ ထပ်သွေးတိုးစမ်းခေါ်သွားကြည့် ခေါင်းလေးပွတ်မေးလေးပွတ်ချော့ကြည့်ပေါ့ဗျာ၊
 အဲ့  . အဲ့လို ယဉ်ပြီဆိုရင်တော့ သင်လို့ ပြုလို့လဲရတယ် အားလုံးအဆင်ပြေတယ်
 အဲ့ဒီအခါကျမှ ကျွန်တော့်ဆီ ဆက်ပေါ့ .. အာနဲ့ သင်တန်းလဲပေးပြီးရော တစ်ယောက်မှ ဖုန်းမဆက်ကြတော့ဘူး အဆင်မပြေဘူးပေါ့ဗျာ၊
 ကြောင်ရဲ့ သဘောကလဲ သူ့ နယ်မြေကိုကျော်တာနဲ့ ကုပ်ခြစ်ပြီး ဒိုးတော့တာပဲလေ ၊
 ကျွန်တော်လဲ တော်တော်စိတ်ဓါတ်ကျသွားတယ်၊  ကြောင်မရရင် ဘယ်လိုမှ မဖြစ်နိုင်တော့ဘူး၊ တန်ပို က သူနဲ့ တင်ရမှာကိုး၊
 ကျွန်တော်ကိုယ်တိုင်လဲ မနက်ဆို ခြင်းတောင်းကြီးကိုင်ပြီး ကြောင်ရှာပုံတော်ဖွင့်တယ်၊ 
တရပ်ထဲ နေ နောင်တော်ကြီး မန္တလေးသိန်းဇော်ကတော့ ကျွန်တော့်ကို ကြည့်ပြီး 

" သြော်... ညီတော်မောင်တယောက် ကြောင်လိုက်ရှာရင်း  ကြောင်သွားရှာပြီ... လို့တောင် ကွယ်ရာမှာပြောသတဲ့ ၊
 နောက်မှ သူကိုယ်တိုင် ပြန်ပြောပြတာ။
 နောက်ဆုံးမရတော့ မရိုက်တော့ဘူးပေါ့ဗျာ . စိတ်လျော့လိုက်တယ်။ 

 ဒါနဲ့တနေ့ ကျွန်တော့်အစ်ကိုလိုလဲဖြစ် နှစ် ၃၀ နီးပါး ရင်းနှီး တိုင်ပင်ဖက် တစ်ဦးဖြစ်တဲ့
 ဂျာကြီး"  ဖိနိုင် "လို့ ခေါ်တဲ့ ကိုသိန်းနိုင်ကြီးနဲ့ မနက်စောစော ရွှေဂုံတိုင်ဆေးရုံနဲ့ တာမွေအဝိုင်းကြားက
 အောင်ချမ်းသာအိမ်ယာရှေ့ ညောင်ပင်နားက လက်ဖက်ရည်ဆိုင်မှာ ပန်းချီ ကိုလှထွဏ်းအောင်နဲ့ ထိုင်ရင်း အာထု နေရင်း
 ကြောင်အကြောင်းပြန်လည်သွားပြန်ရော၊
ဝိုင်းထဲမှာ ထိုင်နားထောင်နေတဲ့ အောင်ချမ်းသာအိမ်ယာ သာရေးနာရေးက ကိုအောင် ဆိုတဲ့ တယောက်ကလဲဘာရယ်မဟုတ်
ထိုင်နားထောင်နေရင်း သူက အရင် ထ ပြန်သွားတယ် 
သိပ်မကြာဘူး ချာတိတ်တယောက်ပြေးလာပြီး 
" အစ်ကိုတို့ ဝိုင်းထဲက ကြောင်လိုချင်တဲ့ သူရှိတယ်ဆို ..ဟိုမှာ ဓမ္မာရုံထဲမှာ ကြောင်တကောင်ရထားပြီ 
ဖမ်းထားလို့မြန်မြန်လိုက်ခဲ့ပါ " လို့ လာခေါ်တယ်၊
 ကျွန်တော်လဲ စိတ်တော့မပါပေမယ့် ရှာပေးတဲ့လူကို အားနာတာနဲ့ ထလိုက်သွားကြည့်တော့ ..
 ဟာဗျာ.. ကွက်တိထက်တောင်ပိုတယ်ဗျာ၊ ကျွန်တော်လိုချင်တဲ့ အရည်အချင်းတွေ အစုံပဲ

 ကြောင်အနက်မ ၊ အပေါ်နှုတ်ခမ်းမှာလဲ ကာလာ ၂မျိုးကွဲနေသေးတယ်၊ ကျွန်တော်ပြောမပြလောက်အောင် ဝမ်းသာသွားတယ်၊ ကြောင်မလေးက ပိုင်ရှင်မရှိဘူး အဲ့လိုပဲ လည်ပတ်စားနေတာ ကြုံရာအိပ်ပဲ ၊ 
အခု ဓမ္မာရုံထဲမှာအိပ်နေတာ.. အဝင်တံခါးဝ နားမှာအိပ်နေတာ .. ဓမ္မာရုံကလဲ သံပန်းသံတံခါးနဲ့ဆိုတော့ ..
ခုဏက ထထွက်သွားတဲ့ ကိုအောင်က ကြောင်မလေး ဂုတ်ကို ဆွဲပြီး အပြင်မှ ဆောင့်ချောင်ထိုင်နေတာ၊
 ဓမ္မာရုံက သော့ခပ်ထားတာကိုး ၊ကြောင်ကလဲ လွတ်ထွက်သွားမစိုးလို့ ၊ ဓမ္မာရုံသော့ပြေးပြီး သွားယူတဲ့ သူက ယူပေါ့ဗျာ၊
 ကျွန်တော်ပတ်ဝန်းကျင်ကိုမေ့သွားတယ်

 ပြီးတော့ ဘာလုပ်ရမယ်ဆိုတာသတိရတော့ ကျွန်တော့်ဂျာကြီးကို အကူအညီတောင်းဖို့ လှည့်ကြည့်လိုက်တော့ 
ဂျာကြီးမရှိတော့ဘူး၊
 
ကားငှားပြီး မင်္ဂလာဈေးဖက်လစ်သွားတယ်တဲ့ .. ကြောင်ထည့်ဖို့ ပလပ်စတစ်ခြင်းနဲ့ ကြောင်စာဝယ်ဖို့တဲ့ ..
 ဂျာကြီက အဲ့လို အားကိုးရတာ။ အဲ့ဒါနဲ့ ဓမ္မာရုံသော့ရတော့ ကျွန်တော်အထဲကို ဝင်လိုက်တယ် 

ကိုအောင်ကလဲ ကြောင်ကို ဂုတ်က ဆွဲထားတာ လွှတ်လိုက်တယ်၊
ကြောင်မလေးက မပြေးဘူးဗျ .. ကျွန်တော့်ကို မော့ကြည့်နေတယ် .. 
ဓမ္မာရုံတံခါးကို ပြန်ပိတ်လိုက်ပြီး ကျွန်တော် သူ့ ခေါင်းလေးကို အသာပွတ် မေးစေ့အောက်လေးကို ပွတ်ပေးလိုက်တော့
 ငြိမ်သွားတယ် ၊ ကျွန်တော်တော်တော်ပျော်သွားတယ်၊ ကင်မရာထုတ်ပြီး သူ့ကို ရိုက်ကြည့်တယ် ၊ 

ကင်မရာထဲက ပုံပြန်ကြည့်တယ်.. ရေရေလည်လည်ကို ညွတ်သွားတယ်ဗျာ၊
 အားတွေလဲ တက်လာတယ်၊ ဂျာကြီးရောက်လာတော့ ခြင်းထဲထည့် ကြောင်စာလေးပါထည့်ပြီး ပိတ်လိုက်တယ်.
 ကြောင်မက အော်တယ် ဒါပေမယ့် အေးဆေးပဲ၊
 ကြောင်စာတော့ မစားဘူးဗျ၊ ဒါနဲ့ ပဲ ကားငှားပြီး ကျွန်တော် အိမ်ပြန်လာတယ်၊

 အိမ်ရောက်တော့ သူ့ကို လွှတ်လိုက်ပြီး တံခါးတွေ အားလုံးပိတ်လိုက်တယ် ၊
 သူက ထိုင်ခုံအောက်ကို လစ်သွားပြီး အေးဆေး ခြေဆန့်လက်ဆန့်နဲ့ ကျွန်တော့်ကို လှမ်းကြည့်နေတယ်၊
 ကျွန်တော် ဂျာကြီးကိုငါးကြော်လေး ဖန်ခိုင်းပြီး ထမင်းကျွေးတယ် အပီဝါးတယ်၊

 အိုကေပြီဗျာ.. ၃ ရက်လောက် ယဉ်အောင်ထားပြီးမှ ဒီကြောင်မ ကို သေချာသင်မယ်ပေါ့ .. ခုန်ဖို့ပဲလိုတယ်. 
ခုန်တတ်ရင် ကျွန်တော်လိုချင်တာရပြီ၊  လောလောဆယ်တော့ သူ့ကို
" အမီနာ " လို့ နာမည်ပေးလိုက်ပြီး ခေါ်တဲ့ အခါ "အ" ဖြုတ်ပြီး " မီနာ !! မီနာ !! လို့ခေါ်တယ်..
အသံအစူး အမြင့်နဲ့ ဆိုတော့ သူ  သူ့နာမည်ကို မှတ်မိသွားတယ်၊ 
 ကြောင်ခေါ်လာတော့ ကျွန်တော် အိမ်မှာ တစ်ယောက်ထဲ၊  တပ်ချုပ်ကြီးကအပြင်ဒိုးနေတာ အေးဆေးပဲ၊
 ညနေ တပ်ချုပ်ကြီးပြန်လာတော့ ကြောင်မကို တချက် ဖမ်းရှိုးပြီး မျက်စောင်းလှမ်းထိုးတယ်.
. သူက ကြောင် မချစ်ဘူး .. ခွေး ချစ်တဲ့ သူ၊ ကြောင်ကို အတို့အထိလဲ မလုပ်ဘူး ..
 အမြင်ကပ်တယ်တဲ့၊ ကြောင်တွေက စားပြီး လစ်တာတဲ့ သ္ခင်မှန်းလဲမသိဘူးတဲ့ .. ဒါ သူ့ ကောက်ချက်၊ ထားလိုက်ပါ၊

 ကျွန်တော် လိုချင်တာရပြီပဲ၊ ပြဿနာက ညကျမှ စ ကွိုင်ပူတော့တာ၊
 ည အိပ်ချိန်ကျတော့ ကျွန်တော်နဲ့ တပ်ချုပ်ကြီး ကြား အိပ်ယာပေါ်ဝင်ခွေတယ်၊ 
မအိပ်ခင်မှာ ထူးဆန်းတာက ကျွန်တော့် အပေါ်မှာရော တပ်ချုပ်ကြီးအပေါ်ရော တက်ပြီး နှိပ် သလို နင်းသလိုနဲ
့ သူ့ ခြေလက်တွေ နဲ့ အမြှီးလေးထောင်ပြီး တက်နင်းပေးတယ်ဗျ၊ 
တပ်ချုပ်ကြီးတောင် နည်းနည်း ညွတ်သွားတယ်၊

 " ဒီကြောင်မအနှိပ်သည်သေလို့ဝင်စားတာလားမသိဘူးတဲ့ "

 ဒါနဲ့ ကျွန်တော်လဲ အိပ်ပျော်သွားရောပဲ ..
 တရေးနိုးတော့ ပူညံပူညံနဲ့ တပ်ချုပ်ကြီး မီးဖွင့်ပြီး ကွိုင်နေပြီ.. ဘာဖြစ်လဲ မသိ
. ကျွန်တော်လဲ အိပ်ချင်မူးတူးနဲ့ ထ လိုက်တော့ တပ်ချုပ်ကြီးက
 " ရှင့်ဘေးလဲ ရှင်ပြန်ကြည့်အုန်း " ဆိုတော့
 ကြည့်လိုက်တော့ လာထား 

..  ဒေါ်အမီနာက လက်စင်ပေးသွားတယ်.. ရှုရှုးကွက်ကြီး အကြီးကြီးပဲ မွှေ့ယာပေါ်မှာ ပေးသွားတာ ..
 သူလဲ ဘယ်ပျောက်သွားပြီလဲ မသိတော့ဘူး ခေါ်လဲ မတွေ့တော့ဘူး
ကျွန်တော် ပြန်အိပ်မပျော်တော့ဘူး ၊ 
တပ်ချုပ်ကြီးကတော့ မွှေ့ယာကြီးဆွဲထောင်ပြီး ကြမ်းပေါ်မှာပဲ ဖျာခင်းပြီး ပြန်ကြိုးသွားပြီ ..
 တော်တော်လေး တင်းနေပုံရတယ် ၊
 ကျွန်တော်လဲ ကြောင်မကို လိုက်ရှာတော့ မျက်နှာကြက်ပေါ်မှာ တွေ့တယ်
မျက်လုံးကြီး တဝင်းဝင်းနဲ့ ကျွန်တော်ခေါ်တော့ အနားလာတယ်.. ဆွဲချလို့တော့မလိုက်ဘူး ပြန်ရုန်းတယ်၊ 
ထားလိုက်တော့ မနက်မှ ကြည့်ရှင်းမယ်ပေါ့၊ အဲ့လိုနဲ့ နောက်နေ့တွေကျ လဲ သူမဆင်းတော့ဘူး ။
အစာကို မျက်နှာကြက်ပေါ်တင်ပေးရတယ်၊ညညဆို မီးပိတ်ရင်တော့ဆင်းဆင်းလာတယ် အိပ်ယာပေါ်တော့မတက်တော့ဘူး ၊
 ခြေသုပ်ဝတ်ပေါ် သွားပြီး ထပ်ပေါက်ချတယ်၊ ဒီကြောင်မ အပေါ့သွားတာတောင် ဇိမ်ကျကျသွားချင်ပုံရတယ်.. 
 ၃ ရက်လောက်ကျတော့ အိမ်မှာလဲ အနံ့နံ လာတာပေါ့ဗျာ၊ 
 သူ့ကို သင်ဖို့နေနေသာသာ ဘယ်လိုမှ နေ့ဖက် အောက်ဆွဲချဖို့ အဆင်မပြေဘူး . တစ်ပတ်၊ ဆယ်ရက် 
. ကျွန်တော် စိတ်ဓါတ်ကျလာပြီ
 ဖြေးဖြေးချော့ဆွဲချပြီး အီကြာကွေးကို ငါးပြုတ်ရည်စိမ် သုပ်ပြီး ကျွေးလဲ မစားဘူး၊ ထမင်းနဲ့ ငါးရိုးနယ်ဖတ်ကျွေးတာပဲ စားတယ်၊ 
 ကျွန်တော် စိတ်လေနေပြီ သူ့ကိုလဲ မျက်ခြေမပြတ်ကြည့်ကြည့်နေရတယ် ၊ ဒိုးသွားမှာစိုးလို့ .. 
ဘယ်လို မှ မဖြစ်နိုင်တော့မှန်းဆုံးဖြတ်လိုက်ပြီး နောက်တစ်ကောင် ထပ်ရှာတယ် ဇွဲမလျော့တော့ဘူး ၊
 ဒီလိုနဲ့ ကြောင်တွေ ထပ်ရှာရင်း ရှာရင်း မြောက်ဒဂုံ ၃၅ ရပ်ကွက် က အိမ်တစ်အိမ်မှာ ငှားနေတဲ့အခြေခံ လက်လုပ်လက်စား မိသားစုလေး တစ်စု အိမ်မှာ ကြောင်လေး ၂ ကောင်သွားတွေ့တယ် ..
 တစ်ကောင်က ၈ လသားပဲရှိသေးတယ်၊
အရမ်းယဉ်တယ်.. လမ်းမပေါ်ပွေ့ခေါ်သွားလဲ လိုက်တယ်.. ဆော့တာလဲ အရမ်းပဲ၊ ခုန်တာကတော့ လွှားခနဲကိုနေတာ ကျွန်တော် သဘောကျပေမယ့် ကြောင်လေးက ညှက်နေတယ် အရောင်ကလဲ မွဲတယ်၊
 ပိုင်ရှင်ကို ခွင့်တောင်းတော့  ငှားမယ် သေချာဂရုစိုက်ရမယ်တဲ့ ၂ ပတ်ငှားမယ်တဲ့၊ သူက ကက်ဖု ပဲ စားတာတဲ့၊ 
သူတို့ မိသားစု စားဖို့ထက် အဲ့ဒီ ကြောင် ၂ ကောင်အတွက် ကက်ဖု ကို မပြတ်အောင်ထားတာတဲ့ .. စည်းကမ်းချက်တွေကလဲ များသား၊ 
ထားလိုက်ပါ၊ ကျွန်တော်ဒီကြောင်လေးနဲ့ပဲရိုက်ရတော့မယ်၊ 
ကျိန်းသေတာက ဒီကောင်က လုံးဝ သေချာ သင်ပေးလို့ရတဲ့ အနေအထားရှိတာ ကျွန်တော်သိလိုက်တယ်၊ 
အဲ့ဒါနဲ့ ဒီကောင့်ကို လောလောဆယ် " ဗေလုဝ " လို့ နာမည်ပေးပြီး " ဗေကြီး " ဆိုပြီး အဖျားဆွတ်ခေါ်လိုက်တယ်၊ 
ပိုင်ရှင်တွေ က နာမည်မပေးရသေးဘူး

 ကျွန်တော်ပေးလိုက်တဲ့ နာမည်ကို ပိုင်ရှင်တွေလဲ သဘောကျတယ်၊ 
ဒါနဲ့ပဲ ကျွန်တော် ခြင်းတစ်လုံးနဲ့ ဒီကောင့်ကို အိမ်ကို မ လာပါလေရော၊ 
အိမ်ရောက်တော့ ထူးထူးခြားခြား တပ်ချုပ်ကြီးက ဗေကြီးကို မြင်မြင်ခြင်း သဘောကျသွားတယ်။
 ပေါ်ပေါ်တင်ပြီး ခေါင်းတွေ မေးတွေ ပွတ်လို့၊ ကျွန်တော်တောင် အံ့သြသွားတယ် ..
 အဲ့ဒီ မှာ အပေါ်က မဆင်းတဲ့ ဒေါ်အမီနာက မျက်နှာကျက်အဝင်ပေါက်က ငုံကြည့်ပြီး ဆင်းချလာပြီး ဗေကြီကို ရန်ရှာပါလေရောပဲ .. ပွဲက လှနေပြီ .. တပ်ချုပ်က ဗေကြီးဖက်က၊
 ကျွန်တော် ကြောင် ၂ ကောင်ရယ် တပ်ချုပ်ရယ်ကြားရူးချင်လာတယ်၊
 ဗေကြီးက တကယ့် ငပြောင် အေးဆေးပဲ ဒေါ်အမီနာ့ကိုလဲ ဂရုမစိုက်ဘူး၊ သူ့အိမ်ကျနေတာပဲ ဟိုဟိုဒီဒီလဲ လိုက်မစူးစမ်းဘူး၊ 
ကျွန်တော်က ရောက်ရောက်ချင်း အချိန်မဆွဲတော့ဘူး
 ပလပ်စတစ်ဗူးအကြည်လေးတခုထဲမှာ ကက်ဖု ဆယ့်ငါးလုံးလောက်ထည့်ပြီး "ကလောက် ကလောက် " မြည်အောင်ခေါက်ပြီး ဗေကြီး ကို မောင်းတော့ တာပဲ ၊
အဆင်ပြေတယ် အသံကြားရာလိုက်တယ်၊ ဗူးလေးမြှောက်ထားရင်လဲ ခုန်တယ်၊
 ဗြောင်းဆန်အောင် ဗောင်းလန်အောင်ကို သောင်းကျန်းတာ ဗေကြီးတို့က .. 
အဲ့သလိုနဲ့ပဲ .. ညကျတော့ ကျွန်တော် စဉ်းစားခန်းဝင် အတွေးတွေ ညှစ်ပြီး Script ကိုပြန်ပြောင်းရေးရပါတော့တယ်၊ 
ကျွန်တော့် ဇာတ်လိုက်ကျော်ကြီး အဘဝေ နေတဲ့ အခန်းအောက်က လူမရှိတဲ့ အခန်းထဲ မှာ ကြောင် ၂ ကောင်ရှိနေမယ်ပေါ့၊
 သားအမိတော့မဟုတ်ဘူး ပုံမတူတော့ ကြောင်တူဝရီးပေါ့ဗျာ၊
 ဆာနေတဲ့ ဗေကြီးက သူတို့ အခန်း ဗရံဒါပေါ်မှာ တင်နေတဲ့ အီကြာကွေးနဲ့ လက်ဖက်ရည်ထုပ်ကို ဆွဲဖို့ အသွား 
အဒေါ်လုပ်သူ ဒေါ်အမီနာမ က နောက်က လိုက်လာပြီး တူတော်မောင် ဗေကြီးကို စိတ်ပူတဲ့ အကြည့်နဲ့ လိုက်ကြည့်မယ်ပေါ့ဗျာ..
 အဲ့လို ကြောင်တွေရဲ့ကဏ္ဍမဟာ Script တော်ကြီးကို မိုးလင်းစဉ်းစား ရေးသားရင်း 
ကျွန်တော့် " ကြိုး " ဇာတ်လမ်းတို ကို ကြောင် ၂ ကောင်နဲ့ ဇာတ်ရှိန်မြင့်ဖို့ အချောသပ်လိုက်ရပါတော့တယ်၊
 ရိုက်ကူးရေးပြီး လို့ ဗေကြီးကို အိမ်ပြန်ပို့ရတော့မယ်၊ ဒေါ်အမီနာ တော့ဘယ်ပို့ရမှန်းမသိ၊
 အိမ်က တပ်ချုပ်ကလဲ ဗေကြီးကို အပိုင်ဝယ် လိုက်ပါလား တိုက်တွန်းနေပြီ၊
 ဗေကြီး ရိုက်ကွင်းမှာ ဘာမှ မဖြစ်တာပဲ ကျွန်တော် ကံကောင်းတယ်၊ အချိန်တန်တော့ အိမ်ပြန်ပို့ရတော့မယ်..
 ဗေကြီးပိုင်ရှင်တွေကလဲ ဘယ်လောက်ပေးပေး မရောင်းဘူး ခပ်တင်းတင်းပဲ၊
 ဒါနဲ့ ဗေကြီးကို အိမ်ပြန်ပို့ ပြီး  ၂ ရက်အကြာ
 ဒေါ်အမီနာ တစ်ကောင် လုံးဝရှာမရအောင် စုံးစမြုတ်စ ပျောက်ချင်းမလှ ပျောက်သွားရှာက ခုချိန်ထိပါပဲ ၊
 နောက်တစ်လကြာတော့ ကျွန်တော့် ဇာတ်လိုက်ဗေကြီးကို သတိတရနဲ့ သူနှစ်သက်တဲ့ ကတ်ဖု အထုတ်ကြီး ဝယ်ပြီး 
သူ့ အိမ်သွားပို့တော့ ဗေကြီးတို့လဲ အိမ်ပြောင်းသွားကြပြီး ဘယ်ရောက်သွားလဲ ကျွန်တော်စုံစမ်းမရတော့ပါဘူး၊

 ကျွန်တော့် ဘဝ ဖြတ်သန်းမှု တစ်ပိုင်းတစ် ထဲက ဗေကြီးနဲ့ ဒေါ်အမီနာ၊
 အခု ဒီ အမှတ်တရ စာလေး ရေးနေချိန်မှာတော့ ဗေကြီးတကောင်သက်ရှိထင်ရှားမှ ရှိပါလေစ၊
 ဒေါ်အမီနာကတော့ ဘာလဲ ဘယ်လဲ လို့ တွေးရင်း မိုးအေးအေးမှာ " ကြိုး " ဇာတ်လမ်းတိုထဲက ကြောင်လေး ၂ကောင် ကို 
အမှတ်တရ အောင်းမေ့မိပါရဲ့။

မင်းသိုက် ( သြဂုတ်လ ၁၉ ရက်၊ ၂၀၁၂ - နေ့ခင်း ၂နာရီ ၄၅မိနစ် - ရန်ကုန် )
"တပ်ချုပ်" = ၁၉၈၈ အရေးတော်ပုံအချိန် က ကျွန်တော် ဆုလာဘ်အဖြစ် ရခဲ့ရသော ရှု့မငြီးသည့် ကျွန်တော့် ချစ်ဇနီး " Fatty" 
                                  
                                                                     
                                                                     
                                             
 

August 14, 2012

အိမ်မက်တွေနဲ့ကမ္ဘာ (ကောင်းကင် နိုင်ငံပြု အနုပညာ မဂဇင်းမှ) ကူးယူပါသည်။

့အန
                                                           ညက အိပ်မက်ကို မနက်အထိ သတိရနေဆဲ၊ သတိရရင်းက ရင်တွေတလှပ်လှပ် ခုန်သည်ကမပျောက်သွားသေး။ အိပ်မက်ထဲမှာ ကိုယ်ဟာ ဘုရင်မကြီးတဲ့၊ အိပ်မက်ထဲကလို အပြင်မှာလဲ တကယ်ပဲ ဘုရင်မ ဖြစ်နေရင် ကိုယ်ဘာလုပ်မလဲ၊ တွေးရင်းတွေးရင်း  ဘုရင်မလဲ မဖြစ်ချင်ပါ၊ အိပ်မက်သည် တကယ်မဟုတ် ဆိုပေမယ့် ထိုအိပ်မက်ကို သတိရနေမိပြန်သည်။

၁။
    ဘုရင်မကြီး ဖြစ်တဲ့ ကိုယ့်ကို ဘုရင်တပါးက တူနှစ်ကိုယ်တိုင်းပြည် ထူထောင်ကြစို့ ဆိုကာ အတူလက်တွဲ အုပ်ချုပ်ကြလေသည်။ ကိုယ်က ဘုရင်မကြီးပဲ။ ရှင်ဘုရင်နဲ့ ညား မိဖုရားဆိုတဲ့ စကား အတိုင်းဆို သူကရော၊ သူက အိပ်မက်ထဲမှာလဲ ဘုရင်ကြီးပါပဲ၊ ကိုယ်လဲ ဘုရင်မ သူကလဲ ဘုရင်ကြီးပါပဲ၊ တိုင်းပြည်တစ်ပြည်ထဲကို ဘုရင်မရော ဘုရင်မကြီးပါ ပူးတွဲ အုပ်ချုပ်သည်။ အပြင်မှာတော့ ဒါမျိုးရှိသည် မကြားဖူး အိပ်မက်ထဲမှာတော့ သူ့ဟာနဲ့သူ ဟုတ်လို့နေသည်။ ဘယ်လောက် အဆင်ပြေသနည်းဆို အနှစ်(၂၀)တောင် နန်းသက်ရ နေသည်တဲ့။ အိပ်မက်ထဲမှာ။ သားတော်သမီးတော်ကလဲ (၃) ပါးတောင်ရှိနေသည်။ ဘုရင်မကြီးလဲ သက်တော် အတော်လေးရလာသည်။ ဒီအချိန်မှာ ဘုရင်ကြီးက စပြီး စိန်ခေါ်လေသည်။ သူလဲ ဘုရင်ကြီး ဖြစ်ပါလျှက် ဘုရင်မကြီး ပြောသမျှ အမိန့်တော် ချသမျှ နေလာခဲ့တာ နှစ်ပေါင်း (၂၀) ကျော်လာခဲ့ပြီ။ အခု သီးမခံနိုင်တော့ပါ။ ဘုရင်မကြီး ကန့်သတ်ထားသော အမိန့်တွေကို ပယ်ဖျက်ပေးပါတဲ့။ ဘာတွေဖြစ်ကုန်လဲ ဘုရင်မကြီး မသိတော့ပါ။ ဘုရင်မကြီး ချမှတ်ထားသည့် သူ့အတွက် ဘတ်ဂျက်ကို ပြင်ဆင်ပေးပါ၊ ဘုရင်မကြီး သတ်မှတ်ထားသည့် မည်သည့်နေ့တွင် ဘာအသား၊ နွား နို့ကဘယ်လောက် အသီးက ဘယ်ရွေ့ဘယ်မျှ၊ စတာတွေကိုလဲ သုံးဆောင်ချင်မှ သုံးဆောင်မည်။ ကိုယ်သုံးဆောင်ချင်သည်ကို အချိန်မရွေး ဘယ်နေ့ဖြစ်ဖြစ် သုံးဆောင်မည်တဲ့။ နောက်တခုက ဘုရင်ကြီးသည် ယစ်ရွှေရည်ကို အင်မတန် နှစ်သက်တော်မူရာ ဘုရင်မကြီးက တန်ဆေးလွန်ဘေးဖြစ်မည် ဆိုကာ ကန့်သတ်ထားပီး တနေ့ ဒီမျှသာ ဆိုတာကို လက်မခံတော့ပါ။ သူကြိုက်တာကို သူ့စိတ်ကြိုက် သောက်ခွင့်ပေးရမည်တဲ့။ ဒါတင်လားဆိုတော့ မပြီးသေးပါတဲ့၊ ဘုရင်ကြီးသည် ဘုရင်မကြီး အမိန့်ဖြင့် ကပွဲသဘင်တွင် မကရတာ တော်တော်ကြာနေပြီ။ ဘုရင်ကြီးက အဆိုအက အင်မတန် ဝါသနာပါလေရာ အောင့်အီးသည်းခံခဲ့ရတာ တော်တော်ကြာခဲ့ပါပြီတဲ့။ အခုတော့ သည်းမခံနိုင်ပါ။ သူ့စိတ်ထဲ ကချင် ဆိုချင်လာရင် ကပွဲသဘင်မှာ ကမည် ခုန်မည် ၊ မတားပါနှင့်တဲ့။ ဒီတောင်းဆိုချက်တွေ ကြားတော့ ဘုရင်မကြီးမှာ ရုတ်တရက် ဒေါသထွက်သည်။ ပညာရှိအမျက် အပြင်မထွက်ဆိုတဲ့ ဆိုရိုးအတိုင်း အပြင်မထွက်အောင် ထိန်းရင်းက စဉ်းစားတော်မူလေသည်။ ဒါတွေ ချမှတ်ထားတာ ဘယ်သူ့အတွက်လဲ။ ကိုယ့်အတွက် မပါ၊ ဘုရင်ကြီးရဲ့ ဂုဏ်သိက္ခာ ရာဇအိနြေ္ဒ အတွက်ပင် မဟုတ်ပါလား။ ဒီဘုရင်ကြီးတော့ အသက်ကြီးမှ ဒုက္ခ လှလှ တွေ့တော့မှာပါလား။ ဘာလုပ်ရင် ကောင်းမလဲ၊ ဘုရင်ကြီးအတွက် စဉ်းစားလို့ မပြီးသေးခင်မှာ သားတော် သမီးတော်တို့က တစခန်းထ လာကြပြန်လေသည်။ တချိန်ထဲမှာ တိုင်ပင်တော်မူ ထားကြသလား အောက်မေ့ရသည်။
     သားတော်ကြီးက သူပြောပြောနေသည့် သူလိုချင်နေသည့် ချစ်စံအိမ်ဇာတ်ကားထဲမှာ မင်းသား ရိန်း စီးသည့် ကားကို ဝယ်ပေးရန် ဘတ်ဂျက်တောင်းသည်။ ဘုရင်မကြီးက အခုစီးနေသည့် ကားသည် တော်ဝင်တွေ စီးသည့်ကား ဖြစ်တဲ့အပြင် ကားဆိုတာ စီးလို့ရ တော်ရောပေါ့ ဆိုတာကို သူ လက်မခံနိုင်ပါ။ ဘာ့ကြောင့်လဲဆို အဆိုတော် စိုင်းစိုင်းခမ်းလှိုင်တောင် ဝယ်စီးနေပြီ၊ သူက ဘုရင့်သားတော်ဖြစ်ပီး မစီးနိုင်ရကောင်းလားလို့ အပြောခံနေရပြီ။ ဒါ့ကြောင့် ဝယ်မည်၊ ဘာအမိန့်မှ လာမပေးနှင့် ဝယ်မည်တဲ့။ ခပ်တင်းတင်း တင်လျှောက်လေသည်။ သမီးတော်တွေက သူတို့ အတွက် ထုတ်ပေးထားသည့် ဘတ်ဂျက်သည် အဝတ်အစားဘိုးပဲ ရသည်။ လက်ဝတ်ရတနာ ဖန်စီ ဆန်းဆန်းလေးတွေ မဝယ်ရတာကြာပြီ။ ဟိုဟိုသည်သည် ရှော့ပင်းထွက်ရင် မလောက်တော့ပါတဲ့။ ကမ်းခြေ အပမ်းဖြေသွားချင်တာ ဘတ်ဂျက်ကြည့်နေရတာနှင့် ဘယ်မှ မရောက်တာ ကြာပါရောလားတဲ့။ ဘတ်ဂျက်တိုးပေး၊ လွတ်လပ်စွာ အစောင့်အရှောက်များ မပါပဲ သူငယ်ချင်းများနဲ့ ကမ်းခြေသွားရေး တင်ပြလာကြသည်။
   ဘုရင်မကြီး စဉ်းစားနေရလေပြီ။ ဘုရင်ကြီးအပါအဝင် သားတော်သမီးတော်များက ဘုရင်မကြီး စဉ်းစားနေတာကို မရိပ်မိပဲ မပေးချင်၍ မသိယောင်ဆောင်ကာ ငြိမ်နေသည်လို့ ထင်ကြဟန်တူသည်။ ဘုရင်မကြီး အိပ်ခန်းဆောင် အဝသို့ လာရောက်၍ အရေးဆိုကြတော့သည်။
      ဘတ်ဂျက် တိုးပေး.... တိုးပေး
      လွတ်လွတ်လပ်လပ်... သွားလာရေး..  တို့အရေး.. တို့အရေး
     လုပ်ချင်တာ လုပ်ခွင့်ရရေး.... တို့အရေး
     အဲ.. အဲဒါကနေ ဘယ်လိုရောက်သွားသည်မသိ။
    ဒီမိုကရေစီရရှိရေး...   တို့အရေး
    လူ့အခွင့်အရေးပိတ်ပင်မှု ... အလိုမရှိ၊ အလိုမရှိ။
ဘုရင်မကြီး နားတွေအူလာသည်၊ ဆူညံသံတွေက နားအနီးကို အတင်းပဲ ကပ်လို့နေသည်။ မျက်လုံးဖွင့်ပီး ဒီလောက်တောင်ဆူညံရသလား ပြောမည်ပြင်တော့ မျက်လုံးကဖွင့်မရ။ နောက်ဆုံး ဆူညံသံတွေက လွတ်အောင် အတင်းလူးလဲ ထဖို့ လုပ်ရင်း နိုးလာသည်။ အိပ်ယာနဘေးမှာ အိမ်ဦးနတ်က ဘီဘီစီလား အာအက်ဖ်အေလားဖွင့်ပီး နားထောင်နေသည်။ ကျမလဲ ပုခုံးပေါ်ကျနေသည့် ဆံပင်တွေကို ကလစ်တခုဖြင့် စုညှပ်ရင်း ဘာလုပ်တာလဲ မေးမိသည်။
" မေ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေတာ တွေ့လို့ ကိုယ်တိုင် မနှိုးရက်လို့ အသံပေးတာလေ"တဲ့။ ကျမရယ်လိုက်မိသည်။ ခေါင်းရင်းက နာရီကို လှမ်းကြည့်တော့ နံနက် ၆နာရီနဲ့ မိနစ်လေးဆယ်။ ခါတိုင်း ၆နာရီခွဲဆို ပုံမှန်နိုးနေကျ၊ ဒီနေ့ အိပ်မက်က ရှည်လို့လားမသိ၊ နောက်ကျနေပြီ။ ကလေးတွေ ထမင်းဗူးအတွက်၊ နံနက်စောစောစာ အတွက် ချက်ရ ပြုတ်ရမည်။
အင်း........  ရေဒီယို အသံကြောင့် အိပ်မက်ထဲမှာ ဒိမိုကရေစီရရှိရေး တို့အရေးတွေ ရောကုန်တာလားမသိပါဘူး တွေးရင်းက အမိန့်တော် မမှတ်လိုက်ရသည့် အိပ်မက်ထဲက ဘုရင်မကြီး ကိုယ့်ကိုယ်ကို သတိရမိတော့သည်။

၂။
   ည တစ်နာရီခွဲမှ အိမ်ပြန်ရောက်လာသည့် ခင်ပွန်းသည်ကို ဒီမနက် စကားပြောဖို့ မောင်းတင်ထားသည်။ ညကတည်းက ပြောချင်ပေမယ့် ကိုယ်စိတ်ပူနေတာရော၊ ကလေးတွေကလဲ စိတ်ပူပီး မျှော်နေတာတွေရော စိတ်မောလူမော ဖြစ်ရတာရယ်၊ ညဥ့်လဲ အတော်နက်နေတာရယ်ကြောင့် မပြောပဲ အသာလေးမြိုသိပ်နေခဲ့ရသည်။
သူ့ကို စကားပြောချင်နေတာ ရိပ်မိသည်ထင့်၊ ရှောင်ဖယ်ရှောင်ဖယ် လုပ်နေသည်။ နောက်ဆုံး ဘယ်လိုမှ ရှောင်မရတော့မှ " ကဲ.. ပြော ဘာပြောမလို့လဲ" စကားစလေသည်။
" နောက်ကျမယ်ဆို ဖုန်းလေးဘာလေး ဆက်ပီး ပြောလေ၊ အခုတော့ အလုပ်ကနေ ပြန်မလာတော့ ဘယ်သွားမှန်းမသိ၊ ဘယ်လာမှန်းမသိ၊ဖုန်းကလဲ ပိတ်ထားသေးတယ်။ အလုပ်ထဲက လူတွေကို လိုက်ဖုန်းဆက်မေးရ၊ အတူ ပြန်တဲ့သူတွေကို လိုက်မေးရ၊ အိမ်မှာနေတဲ့သူတွေ ဘယ်လောက် စိတ်ပူရတယ်မှတ်လဲ" ကိုယ့်စကားဆုံးတော့
" အေး နောက်ဆက်မယ် ပြီးရောမှလား၊ ညကလဲ ဧည့်သည်ရောက်လာလို့ ဆိုင်မှာဧည့်ခံရင်း စကားပြောတာနဲ့ မိုးချုပ်သွားတာ"
" အဲဒါ ညထဲက သိတယ်လေ၊ ဧည့်သည်က ကားထဲကဆင်းလာပီး လာနှုတ်ဆက်သေးတာပဲ၊ ဆိုလိုတာက သွားချင်သွားပါ၊ ဘယ်သွားတယ်ဆိုတာသာ အိမ်ကို အသိပေးဖို့ပြောနေတာ"
သူ့ အပြစ်နှင့်သူမို့ ဘာမှပြန်မပြောပဲ အလုပ်သွားတော့သည်။ ကိုယ့်စိတ်ထဲရှင်းသွားပေမယ့် သူ့စိတ်ထဲ မကျေနပ်တာ ညဘက် အလုပ်ကအပြန်မှ သိရတော့သည်။ယမကာလေး ဝင်လာပီဆို အာသွက်လျှာသွက်သည့် သူ့ထုံးစံအတိုင်း" ကဲ.. မေ လာပါအုန်း၊ ဒီနေ့တော့ အပြတ်ရှင်းရမယ်၊ ကိုယ့်အခွင့်အရေး ပြောတော့မယ်"
" မြတ်စွာဘုရား" မနေ့က အိပ်မက်ထဲက ဘုရင်မကြီးကို သတိရမိတော့သည်။
" ကိုက ဒီအိမ်မှာ အကြီးဆုံးပဲ၊ အဲဒါ မေ့အနေနဲ့ ဘာမှ ဆရာလုပ်စရာ မလိုဘူး၊ ကို့ဘာသာ ဘယ်သွားသွား ဘာလုပ်လုပ်၊ ကိုယ့်ကိုယ်ကို သိတယ်၊ နောက်ပီး...." သူ့စကားဆုံးအောင် နားမထောင်တော့၊ " ဘာပြောတယ်၊ ကိုယ့်ကိုသိပေမယ့် အိမ်ကလူတွေ မသိဘူးလေ၊ ကို ဘယ်သွားတယ်ဆိုတာ အိမ်ကလူက ဘယ်လိုသိနိုင်မလဲ. ဒီလိုမပြောပါနဲ့"
သူကလဲ သူပြောချင်တာ ဆက်ပြောသည်။
" နောက်တခုက ကိုယ့်မှာ အလုပ်၊ အလုပ်ကနေအိမ်၊ အိမ်ကနေ အလုပ် ဒါနဲ့ပဲ လုံးလည်လိုက်နေတယ်၊ အနုပညာဆိုတာ ကိုယ့်မှာပျောက်ကွယ်နေတာ ဘယ်လောက်ကြာဘီလဲ၊ အနုပညာကို မခံစားရတာ ဘယ်လောက်ကြာပီလဲ။"
" ကဲ.. ဒါဖြင့် ကို ဘာလုပ်ချင်လဲ."
" ကာရာအိုကေ သွားဆိုချင်တယ်၊ မေ နေရာတကာ လိုက်မပြောပါနဲ့ ။ ကို့မှာ ဒီမိုကရေစီပျောက်နေတာကြာပီ၊ ကို့အတွက် ဒိမိုကရေစီအခွင့်အရေးရမှဖြစ်မယ်။ဒီနေ့ပဲ တိုက်ပွဲဝင်တယ်။ဒီနေ့ ဒီရက်ကစပီး ဆိုမယ် ကမယ်၊ ကလပ်မှာ မကရတာလဲ ကြာပီ၊ဒါပဲ ကဲ မေ မင်းဘာပြောချင်လဲ"ကျမ စိတ်ထဲအတော် မကောင်းဖြစ်ရသည်။ ကိုယ်က နေရာတကာ လိုက်ပိတ်ပင်နေသည့် လူစားမျိုးလဲမဟုတ်၊ သူအရက်ဆိုင်ထိုင်တုန်း ဘယ်ဆိုင်မှာရှိနေတယ် လာခဲ့ဆို အတူလိုက်ထိုင်ဖူးသည်။
ကလပ်မှာ အလုပ်ထဲက သူငယ်ချင်းတွေစုပီး ကကြခုန်ကြမည်၊ အားလုံးစုံမှာမို့ လိုက်ခဲ့ပါဆို ကလပ်က ဆူညံသည့် ဒိန်းကနဲဂီတသံက နှလုံးကိုလာဆောင့် သလို ခံစားရသော်လည်း လူမှုရေးအရ လိုက်ပါခဲ့ပေးသည်။ သူတို့အကကို ကိုယ်ကိုတိုင် မကတတ်သလို မကြိုက်လဲ မကြိုက်တာတောင် ခုံတလုံးနှင့် ထိုင်ကြည့်နေခဲ့ပေးဖူးသည်။ ဘာမှမပြောချင်တော့၍ ဘာမှ မပြောပဲ နှုတ်ဆိတ်နေလိုက်မိသည်။ မနက်ကျ ထပ်ပြောလာလျှင် ကြိုက်သလို လုပ်လို့ ပြောရမည်လား၊ ကို့မှာ သွေးတိုးရောဂါ ရှိတယ်လို့ သိကတည်းက အရက်ကို ဆိုင်မှာမသောက်ပဲ အိမ်မှာ သောက်ဖို့၊ အသက်ကြီးလာတဲ့အတွက် ကလပ်တွေမှာ မကြီးမငယ်နဲ့ ခုန်ပေါက်ကခုန်နေတာ မသင့်တော်ပါဘူးလို့ ပြောခဲ့တာတွေက ဘယ်သူ့အတွက်လဲ စသဖြင့် လေပြေထိုးရမှာလား။ လားပေါင်းများစွာ စဉ်းစားရင်းက အိပ်မက်ထဲက ဘုရင်မကြီးဖြစ်ခဲ့စဉ်က တစုံတခု အမိန့်မချခဲ့ပဲ လန့်နိုးလာတာကို သတိရမိတော့သည်။
" မေရေ.. ညက ကို နဲနဲ များသွားလားမသိဘူး၊ ကိုယ့်ကို ဆေးပေးပါအုန်း"
အလုပ်သွားကာနီး သူလှမ်းအပြော ဆေးကိုယူပေးရင်းက ပိုက်ဆံတထပ်ပါ ပေးလိုက်သည်။
" ဘာလဲဟ.. ဒီပိုက်ဆံတွေက.."
" ကာရာအိုကေ ဆိုဖို့ရယ်၊ ကလပ်သွားဖို့ရယ် ဘတ်ဂျက်တိုးပေးလိုက်တယ်" ကျမရဲ့ စကားအဆုံးမတော့ သူက တဟားဟားရယ်ရင်း" မူးလို့ ပြောတာပါကွာ ကိုယ့်အသက်တောင် မနည်းမွေးနေရတာ ဘယ်ကလပ်သွားက နိုင်မှာလဲ ။" ကျမစိတ်ထဲ ကျေနပ်ပေမယ့် ကိုယ်ကပဲ ပိတ်ပင်သယောင် အမျိုးမျိုး ပြောနေတာကို ထပ်မကြားချင်တဲ့အတွက် " ဒီမှာ ရှင့်ကို ဒီမိုကရေစီပေးပီးသား... ကို့ဘာသာ ကြိုက်တာလုပ် လူတိုင်းမှာ ကိုယ်လုပ်ချင်တာလုပ်ပိုင်ခွင့်ရှိတယ်၊ မတားဘူး၊ တားတယ်ဆိုတာ အားလုံးကောင်းဖို့အတွက်ပဲ၊"
" ဟုတ်ပါတယ်မေရယ်၊ ဒီအိမ်မှာ မေက ဘုရင်မပဲ မေ စီမံတာ ကောင်းတာချည်းပဲလေ၊ ဘုရင်မကြီးဆိုတော့ ကြိုက်သလို စီမံခန့်ခွဲပါ ဟုတ်ပီလား"။ လာပြန်ပီလား ဒီဘုရင်မ၊ အိပ်မက်ထဲမှာလဲ ဘုရင်မ၊ အပြင်မှာလဲ နောက်သလိုလိုနဲ့ သူ့အပြောက ဘုရင်မတဲ့၊
              ဟိုးတရက်က အိပ်မက်ကို ဒီညဆက်မက်လို့ ရရင်ကောင်းမည်။ အိပ်မက်ထဲက ကိုယ်ဖြစ်နေသည့် ဘုရင်မကြီးက အမိန့်တစ်စုံတရာ ချလိုက်လျှင် အိပ်မက်ထဲက ဘုရင်ကြီးက ဘာပြောမလဲ သိချင်နေမိသည်။ ဘုရင်ကြီး အပြောကို သိလိုသဖြင့် အိပ်မက်ဆက်မက်ချင်နေသေးသည်။ ကိုရယ် ဘုရင်ကြီးရယ်၊ ကိုယ်ရယ် ဘုရင်မကြီးရယ် အိပ်မက်ထဲမှာ လုံးထွေးလိုက် ဆုံးဖြတ်လိုက် ဘာတွေဖြစ်လာမလဲ။ ဒီလိုပဲ အိပ်မက်တွေနဲ့ လုံးထွေးရင်း ဘုရင်မကြီးဖြစ်လိုက် နိုးလာလိုက်နဲ့ပဲ ကျေနပ်နေရတော့မည်ထင်သည်။
 
                                                                                                                                                       ခိုင်ခိုင်စောလွင်

August 7, 2012

“အမေ့သား စကားတိုးတိုးပြောလှည့်ပါ ”(တင်မိုး)


“အမေ့သား စကားတိုးတိုးပြောလှည့်ပါ ”
(တင်မိုး)

ကာရံချိုမြ
သွေးစစွန်းထင်းနေတယ် ။
တယောကြိုးလည်း
တီးတိုးငိုကြွေးနေတယ် ။
ဂစ်တာတလက်
အုတ်ခုံထက်မှာ
အသက်မရှိရှာတော့ဘူး ။

အမေ့အိမ်နား
ဒီညများမှာ
စစ်သားဖိနပ်
တခွပ်ခွပ်နဲ့
ရပ်လို့စောင့်နေတယ် ။

အိမ်လည်ကြူးတဲ့သား
မိုးစက်တွေကြားမှာ
ငှက်ဖျား မိနေရော့သလား ။

အမေ့နားမှာ
သားခေါ်သံများ
တိုးတိုး ကြားလျင်
နားကိုလှည့်စား
ဒီညများ
ဘယ်သွားနေလဲ လူကလေးရယ် ။

သားတို့ကျောင်းက
ခွပ်ဒေါင်းလံကလေး
ရေမြောင်းဘေးမှာ
သွေးတွေစွန်းလျက်
ညနေဘက်က
အရပ်ထဲကလူတွေတွေ့ခဲ့သတဲ့ ။

အမေ့သား
စကားတိုးတိုးပြောလှည့်ပါ ။

တင်မိုး
(ဒေါင်းအိုးဝေ အတွဲ (၁) ၊ အမှတ် (၇) အောက်တိုဘာလ၊၁၉၈၉ မှ)

August 3, 2012

သမီးအတွက်မွေးနေ့လက်ဆောင်( Kaungkin မဂဇင်းမှ ကူးယူပါသည်)

မဂ္ဂဇင်း - အက်ဆေး
Written by ခိုင်ခိုင်စောလွင်   
Monday, 23 July 2012 14:48
စံမင်း
လွန်ခဲ့သော နှစ်ဆယ့်တစ်နှစ်က ဒီနေ့ရက်မှာ သမီးကြီးကို မွေးဖွားခဲ့သည်။ ယောင်္ကျားလေးမှ မိန်းကလေးမှ ဟူ၍ စိတ်မှာ မရှိ။ သမီးဖေဖေရော ကျမပါ ဘာလေးဖြစ်ဖြစ်ဟု ပြောဖြစ်ကြသည်။ မွေးကာနီးတော့ ဘာလေးဖြစ်မလဲ မသိဘူး၊ ဘာလေးလိုချင်သလဲ မေးတော့ သမီး  ဖေဖေက လူလေး ဟုဆိုလေရာ ကျမ ဟက်ဟက်ပက်ပက် ရယ်မောခဲ့ရသည်။ ဒါက သူ့စကား မဟုတ်။ ခုနှစ်စဉ်အလွမ်း ဇာတ်ကားမှာ သုမောင်ပြောတာကို ပြန်ပြောသည့် အတွက် ရယ်ရခြင်းပင်။ ဒီရုပ်ရှင်ကလည်း ကြည့်ထားတာ မကြာသေး။ နေ့စေ့ လစေ့နှင့် သွားကြည့်ဖြစ်သည်။  ကိုယ်ဝန် နေ့စေ့ လစေ့နှင့် ကြည့်ရသည်က အပျော်အပါး ဝါသနာပါလွန်း၍ မဟုတ်သလို ရုပ်ရှင်ဆိုလျှင် မကြည့်ရ မနေနိုင်လွန်း၍လည်း မဟုတ်ပါ။ ကျမတို့ နှစ်ယောက်စလုံး ရုပ်ရှင်ကြည့်လျှင် ဒါရိုက်တာနှင့် ဇာတ်လမ်းကို အရင်ကြည့်ပီးမှ ကြည့်လေ့ရှိသည်။ ဒါရိုက်တာဆိုလျှင် မောင်ဝဏ ကားဆို မလွတ်တမ်းကြည့်သည်။ သရုပ်ဆောင်ထဲတွင် သဘာဝမင်းသား သုမောင်ကို ကြိုက်သည်။ စာရေးဆရာထဲတွင် မင်းလူကိုကြိုက်သည်။ မင်းလူရဲ့ ဝတ္ထုကို သုမောင်က သရုပ်ဆောင်ပီး ဒါရိုက်တာ မောင်ဝဏရိုက်သည့် ဒီ ခုနှစ်စဉ်အလွမ်းကို ကြည့်ဖြစ်အောင် ကြည့်တော့သည်။ ဒါရိုက်တာ မောင်ဝဏကလည်း ကားရိုက်ကျဲသည်။ တော်ရုံရိုက်တာ မဟုတ်တော့ ကြည့်ဖြစ်အောင် ကြည့်ရလေသည်။ ကိုယ်ဝန်က နောက်အပတ်ထဲ မွေးမှာဖြစ်သည့်အတွက် ကျမမှာ တကယ့်ကို လေးလံလျှက် ရှိနေသည်။ ထိုင်ခုံတွင် ကြာကြာမထိုင်နိုင်၊ ခုံတန်းတွေ အနောက် ထွက်သွားပီး မတ်တပ်ရပ် ကြည့်ရပြန်သည်။ မတ်တပ်ကြာကြာ ရပ်ပြန်တော့လည်း ခါးက မခံနိုင်အောင် နာလာသည့်အတွက် ထိုင်ရပြန်သည်။ ထိုင်လိုက်ထလိုက် အကြိမ်ပေါင်းမနည်း လုပ်ပီးကြည့်နေရသည်။ နောက်ဆုံးတွင် ရုပ်ရှင်ရုံ ဝန်ထမ်းတစ်ယောက်က ကျမအဖြစ်ကို သိသွားပီး ခုံတန်းများနောက်တွင် ပလတ်စတစ်ခုံလေးတစ်ခုံ လာချပေးလေသည်။ ထိုင်ခုံရှိရာ နေရာကို ထွက်လိုက်ဝင်လိုက် လုပ်စရာမလိုပဲ နောက်ဆုံးတွင် တစ်ယောက်ထဲ ထိုင်လိုက်ထလိုက်ဖြင့် ကြည့်ခဲ့လေသည်။ တိုက်တိုင်ဆိုင်ဆိုင် ဇာတ်ဝင်ခန်းတစ်ခုမှာ ခင်သန်းနုက ကိုယ်ဝန်ဆောင်နှင့်ဖြစ်နေ၍ ကြည့်ရင်းရီရသေးသည်။ အဲဒီမှာ ခင်သန်းနုက သုမောင်ကို ဘာလေးလိုချင်လဲ မေးရာ သုမောင်က လူလေး လို့ ရုပ်တည်သံပြတ်နှင့် ပြောပီး သရုပ်ဆောင်လေသည်။ သူက ဒါကို သဘောကျသည်ထင့် ။ ကျမအမေးကို သုမောင်အိုက်တင်နှင့်ဖြေလေသည်။ ဒါတင်မက သမီးကြီး လေးဘက်သွား၍ ဟိုဆွဲဒီဆွဲ လုပ်သည့်အခါ  စာအုပ်စင်မှ စာအုပ်များကို တစ်အုပ်မှ မကျန်အောင် ဆွဲချလေသည်။ ပီးတော့ စာအုပ်ပုံကြားတွင် သွားကလေး ငုတ်တုတ်ဖြင့် အဖေကို တလှညိ့ အမေကို တလှည့် ရယ်ပြနေသေးသည်။ ကျမက စာအုပ်များကို ပြန်ထပ်ရင်း ပွစိပွစိ လုပ်လေရာ သမီးဖေဖေက လုပ်ပစေ ဒါမှ စာအုပ်တွေနဲ့ ရင်းနှီးမှာဆို၍ ခုနှစ်စဉ်အလွမ်းမှ ဇာတ်ဝင်ခန်းတခုကို မြင်ယောင်လာရပြန်သည်။              
              ကျမတို့နှစ်ယောက်စလုံးသည် သမီးကို အတန်းပညာသာမက ပြင်ပဗဟုသုတ အသိဥာဏ်ပညာ ပြည့်စုံစေလိုကြသည်။ ဒီအတွက် စာများများဖတ်စေချင်သည်။ သမီးစာမဖတ်တတ်ခင်ကတည်းက စာအုပ်များကို ဖတ်ပြသည်။ သမီးက သဘောကျသည့်အတွက် ကျေနပ်မိကြသည်။ တဖြေးဖြေးနှင့် သမီးသည် စာအုပ်များကို ကြိုက်နှစ်သက်လာလေသည်။ အလုပ်နားရက် တပတ်တခါ အိပ်ခန်းရှင်းလျှင် အိပ်ယာပေါ် နှင့် ကုတင်အောက်တွင် ကျနေသော စာအုပ်များ ရွှေသွေး မိုးသောက်ပန်း ပုံပြင်စာအုပ်များ ဇာတ်ကြီးဆယ်ဘွဲ့ သရုပ်ဖော် စာအုပ်များ စသည်တို့ကို တထပ်ကြီး စာအုပ်စင် ပြန်ပြန်ပို့ရသည်။ သူ့ဘာသာ ဖတ်တတ်လာသည့်အခါတွင် ကာတွန်းများကို ဖတ်လာသည်။ ဖတ်ပြဘို့ မလိုတော့။ ကျမသည် လောဘကြီးစွာပင် သမီး ဘာစာအမျိုးအစားတွေ ကြိုက်မလဲဆိုတာကို သိချင်နေမိသည်။  သူ သူငယ်တန်းအရောက်တွင် အဆိုတော်ဗဒင် သီချင်းအခွေက တော်တော်ပေါက်ရာ အဲဒီသီချင်းအားလုံးကို တစ်ပုဒ်မကျန် တလုံးမကျန် ဆိုနိုင်လေသည်။ ကျမအိမ်အလုပ်များ လုပ်စရာရှိသဖြင့် လုပ်နေလျှင် သူက တခါးပေါက်မှာ ခြေထောက်ကလေးချပီး ဌာဏ်ကရိုင်းကျကျ စိတ်လွတ်ကိုယ်လွတ် ဆိုလေရာ ကျမတို့နှင့် မျက်နှာချင်းဆိုင် တိုက်ခန်းတွင်နေထိုင်သည့် ဆိုင်းဆရာ ရွာစား စိန်စတင်းရဲ့တပည့် မြစတင်းက ပြုံးပြုံးဖြင့် ထိုင်ထိုင်ကြည့်ရင်း အားပေးလေသည်။ ကျမနှင့် ဆုံမိသည့်တနေ"့ ညည်းသမီး (၇) နှစ်လောက်ဆို ဦးလေးဆီပို့လိုက်၊ ပတ္တလားနဲ့ အဆိုချပေးမယ်၊ အခု ကလေးမို့ စည်းဝါး သံစဉ် မသိတာတောင် သူက အဝင်အထွက် အနိမ့်အမြင့်ကို မှန်အောင်ဆိုနိုင်တယ်။" ဟုဆိုလေရာ ကျေနပ်ရပြန်သည်။ အနုပညာဆိုတာ ဘာပဲဖြစ်ဖြစ် သိမ်မွေ့နူးညံ့စေသည် မဟုတ်ပါလား။
                အချစ်ဝတ္ထုတွေ သမီးဖတ်လာတာတွေ့ရတော့ သမီးဖေဖေက ဖတ်ပလေ့စေ။ လူဆိုတာ အချစ်ဆိုတာရှိမှာပဲတဲ့။ နောက်ပိုင်းတော့ သူက ဂျူး ကိုကြိုက်လာပြန်သည်။ ဆရာမ ဂျူး ရဲ့ဇာတ်ကောင်တွေကလည်း ထက်ထက်မြက်မြက် ရှိသဖြင့် သဘောကျသည်တဲ့။ ထိုစာရေးဆရာများက စာရေးကျဲသည့် အတွက် ဖတ်စရာ ရှားလာသည့်အခါ အိမ်က စာအုပ်တွေထားသည့် အခန်းထဲ ဝင်မွှေရာက မစန္ဒာကို ကြိုက်သည်တဲ့။ မိုးမိုး(အင်းလျား) ရဲ့ ညီမလေးက အချစ်ကိုကိုးကွယ်သတဲ့လား ကိုဖတ်အပြီး " လောကမှာ စု လို စိတ်ကူးယဉ်တဲ့ မိန်းကလေးတွေ ရှိမှာပဲန်ာတဲ့" သမီးရဲ့ မေးခွန်းအသွားအလာကို နားထောင်ရင်း ကျေနပ်ရပြန်သည်။ ပျောက်သောလမ်းမှာ စမ်းတဝါးကို ဖတ်ပီးပြန်တော့ " ဒီဝတ္ထုဖတ်ပီး စိတ်ညစ်လိုက်တာ၊ သမီး အပျိုကြီးပဲ လုပ်တော့မယ်" ဆိုပြန်သေးသည်။ သမီးဖေဖေက လူဖြစ်လာရင် လောကတာဝန်ကျေပွန်ရတယ်၊ အပြောကို ရီရသေးသည်။ ကျမကတော့ စာဖတ်ပါ။ လောကကိုလေ့လာပါ။ တဖြေးဖြး လူတွေအကြောင်း လောကအကြောင်း သိလာပါလိမ့်မယ်လို့ တဖွဖွပြောဖြစ်သည်။  ဘဝဆိုတာ လွယ်လွယ်နဲ့ဖြတ်သန်းရသလို ခက်ခက်ခဲခဲ ရုန်းကန်ရတာတွေလည်းရှိတယ်။ တကယ်တော့ ဘဝဆိုတာ ရုန်းကန်နေရတာပါပဲ။ အဲဒီအခါ အခက်အခဲတွေ့တဲ့ အခါ စိတ်မပျက်အောင်၊ စိတ်ဓါတ်မကျအောင် နေနိုင်ဘို့က ကိုယ်ခံအားကောင်းမှ ဖြစ်မှာ။ အဲဒီအတွက် စိတ်ဓါတ်ခွန်အားတွေ ကြံ့ခိုင်ဘို့က စာပေဖတ်ရှုလေ့လာထားရင် စိတ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုရှိတယ်စသဖြင့်ပြောပြရသည်။
              သမီးက တက္ကသိုလ်တက်ရာ ကျမတက်ခဲ့သည့် ရန်ကုန်တက္ကသိုလ် (ဗိုလ်တထောင်နယ်မြေ) တွင်ပင်တက်ရသည်။ သူတို့ခေတ်ကျတော့ အမျိုးသားစီမံခန့်ခွဲမှုကောလိပ် ဟုခေါ်လေသည်။ ကျောင်းစာကြည့်တိုက်မှာ  စာအုပ်ငှား ခိုင်းရာ ဖတ်ချိန်မရပါတဲ့။ ကျမလဲ ရတဲ့အချိန် ရသလောက်ဖတ်ဆိုကာ တပတ်တအုပ် ငှားဖြစ်အောင်ငှားခိုင်းရလေသည်။ တိုင်းပြည်ရဲ့ သမိုင်း၊ ကျောင်းသားတွေရဲ့ သမိုင်းကို သိရပေမည်။ အရှေ့ကနေဝန်းထွက်သည့်ပမာ ငှားခဲ့ပါ ဆိုပီး ဖတ်ကြည့်ဆိုရာ ကျောင်းစာတဖက်နှင့်မို့ မပီးခင် အချိန်စေ့သဖြင့် ပြန်အပ်ရပြန်သည်။ သမီးသည် နိုင်ငံရေးစာပေတွေ စိတ်မဝင်စားဘူးလား  တွေးမိပြန်သည်။ ကျောင်းပိတ်ရက်တရက်တွင်တော့ ကုန်းဘောင်ရှာပုံတော်ကို ဖတ်နေပြန်သည်။ ဒီလိုဆိုတော့လဲ ဟုတ်သားဟု ကျေနပ်ရပြန်သည်။ ဆရာတော်ဦးဇောတိက စာအုပ်များ ဖတ်ပီး ရွှေတိဂုံဘုရား အရှေ့ မုဒ်က မင်္ဂလာဗျူဟာအသင်းမှာ တရားစခန်းဝင်တော့ ယောဂီများဝတ်တော့မလား တွေးရပြန်သည်။
ကျမကို သမီးဖေဖေက သူတို့ရုံးက ရာထူးနေရာအတွက် အလုပ်စာမေးပွဲစစ်တော့ စာမေးပွဲခန်းစောင့်သည့် အတွေ့အကြုံကို ပြောပြသည်။ လိုချင်တာက အမျိုးသားဝန်ထမ်း၊ လာလျှောက်သည်က အမျိုးသမီးတွေ များသည်။ ဒီဘက်ခေတ်မှာ အစိုးရအလုပ်ကို ယောင်္ကျားလေးတွေ သိပ်မလျှောက်ကြတော့ လုပ်ငန်းသဘာဝအရ ယောင်္ကျားလေးလိုချင်သည့်အခါ တော်ရုံဖြေနိုင်ရင် ခေါ်လိုက်သည်သာ။ အခုလည်း မိန်းကလေးအများကြားတွင် ယောင်္ကျားလေးက (၃)ယောက်သာပါသည်တဲ့။ သမီးဖေဖေစောင့်သည့် အခန်းတွင် တစ်ယောက်ပါလာလေသည်။ ဒီတယောက်ကို ကြည့်လိုက်တော့ ပြောတာဆိုတာ အသံသြဇာ မဆိုးလို့ တွက်မိသည်။ ဒါ့ကြောင့် ရေးဖြေအောင်ရင် အခြေအနေကောင်းသည့်အတွက် သူဖြေသည့်အနား ခနခန ဖြတ်လျှောက်ရင်း အကဲခတ်ကြည့်သည်တဲ့။ အဲဒီကောင်လေးကလဲ သူဖြတ်သွားရင် မော့ကြည့်ပီး ပြုံးပြုံးပြသည်။ သူကလဲ ပြန်ပြုံးပြရင်း မျက်မှန်းတန်းမိလေသည်တဲ့။ တော်တော်လေးကြာတော့ သမီးဖေဖေကို ခေါင်းလေးဆတ်ပြပြီး မေးခွန်းနေရာကို လက်ကလေးထောက်လို့ ပြလေရာ အသာလေးကပ်ပြောမယ်ပြင်မိသည်တဲ့။ မေးခွန်းကိုလဲ ကြည့်မိရော ဒေါသက ဘယ်လိုဘယ်လို အထွတ်အထိပ်ရောက်သွားမှန်း မသိတာနဲ့ ချာကနဲလှည့်ထွက်ခဲ့တာ ဖြေဆိုချိန်ပီးတဲ့ အထိ အဲဒီကောင်လေးနား မသွားတော့ပါတဲ့။ မေးခွန်းက မြန်မာနိုင်ငံ လွတ်လပ်ရေးရတဲ့ ခုနှစ် လ ရက် ကို ကွက်လပ်ကလေးထဲ ဖြည့်ခိုင်းတာပါ။ ဒါကို ကျမနားထောင်အပီးမှာ သမီးစာကျက်နေတာကို ရပ်ခိုင်းပီး မြန်မာနိုင်ငံလွတ်လပ်ရေးရတဲ့ ခုနှစ် လ ရက် ပြောလို့ မေးခွန်းထုတ်မိလေသည်။ သမီးရဲ့ အဖြေကြားမှ တော်ပါသေးရဲ့ဆိုရာ သမီးက ကျမကို ကြောင်ကြည့်နေလေသည်။ သမီးဖေဖေကတော့ တို့သမီးက ဒါမျိုးဖြစ်မလားဟတဲ့ ပြောနေသေးသည်။
          ကျမသည် သမီးကို သိသင့်သိထိုက်သည်များ မသိမှာကိုလဲပူသည်။ ပညာတတ်တာ မတတ်တာထက် အသိဥာဏ်နုံ့နဲ့မှာကို ပူသည်။ အရာရာတိုင်းကို ကျောင်းပညာမှာ မရနိုင်သလို ၊ အရာရာတိုင်းကိုလည်း မိဘက ပြောပြနေလို့ မရနိုင်ပေ။ အဲဒီအတွက် လိုအပ်ချက်က စာများများဖတ်မှ ဖြစ်မည်။ အတိက်ကအကြောင်းကို အတိတ်ကလူတွေ ရေးသည့်စာတွေ ဖတ်ခြင်းဖြင့် သိနိုင်သည်။ မျက်မှောက်ကာလအကြောင်းကို ခေတ်စနစ်တွေ ဖြတ်သန်းရင်း သိနိုင်သည်။ အဲဒီအတွက် ခေတ်ရဲ့ သရုပ်ဖော် စာရေးဆရာ သမိုင်းဆရာ သတင်းစာဆရာ ပန်းချီ ပန်းပု အနုပညာ စသည်တို့ကို လေ့လာရမည်။ ခေတ်ကို မျက်ခြေမပြတ်ရန် ထိုခေတ်ရဲ့ သမိုင်းကို ဖြစ်စဉ်ကို သိနေဖို့လိုသည်။ အဲဒီအတွက် သမီးကို ပြောခဲ့သည်မှာ ယခုဆိုလျှင် အနှစ်နှစ်ဆယ်ကျော်ခဲ့ပြီ။ ဆက်လက်ပြီးလဲ ဒီစကားကို ပြောနေရအုန်းမည်သာ။ အဲဒီစကားကတော့ " သမီးရေ... ဘယ်နေရာရောက်ရောက် ဘယ်အချိန်ပဲဖြစ်ဖြစ်... စာဖတ်ပါ၊ " လို့ပဲဖြစ်လေသည်။
                                                                                                                                                                  ခိုင်ခိုင်စောလွင်