August 27, 2014

သူ့သမိုင်းထဲက ကိုယ့်အမှတ်တရ-၅

                          မြန်မာပြည်က မောင်လေးဖြစ်သူနဲ့ အွန်လိုင်းမှာ စကားပြောရင်းက ကိုယ်ရေးနေတဲ့ သူ့သမိုင်းထဲက ကိုယ့်အမှတ်တရကို ဆက်ရေးရင် အပိုင်းတွေ နည်းမှာ မဟုတ်လို့ ပြောမိကြတယ်။ နှစ်ပေါင်း (၂၆)နှစ်အတွင်းက အဖြစ်အပျက်များစွာကို စာမျက်နှာပေါ်တင်လိုက်မိတဲ့အခါ  ရေးမဆုံးနိုင်တော့ပေ။ အဓိကက တချိန်ချိန်မှာ  အကြောင်းအရာတစ်ခုကို နောက်မျိုးဆက်တွေ ငြင်းခုံလို့ပဲဖြစ်ဖြစ်၊ သိချင်လို့ပဲ ဖြစ်ဖြစ် ပြန်ပြီး ချိန်ကိုက် တိုက်ဆိုင် တွက်ဆရလေအောင် အထောက်အထား တစ်ခု အဖြစ် ရှိနေစေချင်တဲ့ ဆန္ဒကြောင့် ရေးဖြစ်ပါတယ်။ ခင်မင်တဲ့ မိတ်ဆွေတစ်ယောက်ဖြစ်တဲ့ ကိုစိုးလင်းကလည်း အားပေးပါတယ်။
" ဆက်ရေးပါ မခိုင်" တဲ့။
နကိုထဲက ရေးဖို့ တပြင်ပြင် ဖြစ်နေသူဆိုတော့ ဒါမျိုးလာပြောလို့ကတော့ လက်မနှေးပဲ   ရှေ့သို့ ဆက်ပါအုန်းမယ်။
              ဗမာမျိုးချစ်လူငယ်အစည်းအရုံး အကြောင်းကို ကိုယ်သိတာ တလွဲဆိုတာ ကိုချိုတူးဇော်ရေးတာ ဖတ်ရမှ သေသေချာချာ သိရပါတော့တယ်။ ကိုယ့်ရဲ့မောင်လေးက သူလုပ်နေတဲ့ အဖွဲ့အကြောင်း၊ လူတွေ အကြောင်းကို မိဘညီအကိုမောင်နှမကို ပြောပြလေ့မရှိပါဘူး။ သူ့ရဲ့ထုံးစံက မလိုအပ်ရင် ဘာမှ ပြောလေ့မရှိပေ။ ကိုယ့်စိတ်ထဲမှာ ထင်နေတာက ရှစ်လေးလုံး လူထုအုံကြွမှုကို အနယ်နယ်အရပ်ရပ်မှာ တပြေးညီ  လုပ်နိုင်ဖို့ နယ်တွေ ဆင်းသွားကြတယ်။ ကိုအောင်ဇော်မင်း၊ ရဲလင်းတို့က မြိတ်၊ ထားဝယ်ဘက်ကို ဆင်းသွားပြီး ရှစ်လေးလုံးကာလမှာ ဗမာ့မျိုးချစ်လူငယ်အစည်းအရုံး ဆိုတဲ့ ကျောင်းသားလူငယ်တွေ ပါဝင်တဲ့ အင်အားစုကြီး ဖွဲ့စည်းမိတယ်။ အဲဒီကမှ စစ်တပ် အာဏာသိမ်းပြီး မြေပေါ်မှာ ရပ်တည်နိုင်အောင် ပါတီ မှတ်ပုံတင်တယ်၊ အဲဒီနောက် ရွေးကောက်ပွဲ မဝင်တဲ့ပါတီတွေ ပယ်ဖျက်ခံရတဲ့ အတွက် မြေလျှိုးကြတယ်။ အဲဒီမှာ ကိုယ့်မောင်လေး ဖြစ်တဲ့ ရဲလင်းက အေဘီ( မြောက်ပိုင်း) ကို ရောက်သွားတယ်၊ ဒီလိုထင်ခဲ့တာ။
            ဗမာ့မျိုးချစ်လူငယ်အစည်းအရုံးကို ဇွန်အရေးအခင်းကာလမှာပဲ ဖွဲ့စည်းပြီး ဗမာ့မျိုးချစ်လူငယ်အစည်းအရုံးက လူငယ်တွေ အနေနဲ့ မြိတ်၊ ထားဝယ်ဘက်မှာ အင်အားကြီးမားတဲ့ ကျောင်းသားလူငယ်တွေပါဝင်တဲ့ အဖွဲ့တစ်ခု အဖြစ် ရပ်တည်နိုင်ခဲ့တယ်ဆိုတာ နှစ်ပေါင်း(၂၆) နှစ်အကြာမှ သေသေချာချာ သိရပါတယ်။ ကိုယ်တိုင်ကိုယ်ကျ  ဦးဆောင်ပြီး ပါတီဥက္ကဌ ဖြစ်ခဲ့တဲ့ ကိုချိုတူးဇော် ရေးပြမှ  သိရခြင်းပါ။ ဒါ့ကြောင့် အသက်ထင်ရှား ရှိနေစဉ်မှာ သိတဲ့သူတွေ ရေးကြပါလို့ တော်တော်များများ ပြောကြတာ  သိပ်မှန်တာပေါ့လို့ တွေးမိပါတယ်။
             ဗမာ့မျိုးချစ်လူငယ်အစည်းအရုံး ဘယ်လိုဖြစ်ပေါ်လာတယ်ဆိုတာ ဂဃနဏ မသိတာ၊ အဲဒီ အစည်းအရုံးရှိရာကိုတော့ ချောင်းပေါက် မတတ် သွားခဲ့ရပါတယ်။ အစည်းအရုံးက လူငယ်တွေ ဖြစ်တဲ့ ကိုကျော်ကျော်သက်၊ ကိုရန်အောင်ကိုကြီး၊  ကိုတိတ်နိုင်၊ မလှယဉ်ဝိုင်း တို့ကို ဆုံဖူးခဲ့ပါတယ်။
           ကိုယ့်အမေက ကျောင်းတွေ ပြန်ဖွင့်တဲ့အခါ အလုပ်မအားတဲ့ အတွက် သူ့သားဆီကို  ကိုယ့်ကို လွှတ်ပြီး မကြာမကြာ သွားကြည့်စေပါတယ်။   အိမ်က တတ်နိုင်သလောက် ဆန်အနည်းငယ်၊ အာလူး၊ ကုလားပဲ၊ ကြက်သွန်နီ စတာတွေ အပြင် ဆေးပေါ့လိပ် စသဖြင့် ပို့ခိုင်းတာပါ။ တခါတလေ ပိုက်ဆံအနည်းငယ် ထဲ့ပေးတတ်ပါတယ်။ ကိုယ့်မောင်လေးက အိမ်အကြောင်းသိတဲ့အတွက် အိမ်မှာရှိရဲ့လား အဆင်ပြေရဲ့လား မေးတတ်ပါသေးတယ်။  အမေက တပတ်တစ်ခါပုံမှန်နဲ့ တခါတလေ  အိပ်မက်မကောင်းဘူးဆိုလဲ ကိုယ့်ကို သွားကြည့်အုံးဆိုကာ စိတ်ကူးပေါက်ရင် ပေါက်သလို လွှတ်တတ်ပါတယ်။ ကိုယ်က သွားသာသွားရတာ ဟိုရောက်ရင် အစည်းအဝေးလုပ်နေတာမျိုး ၊ တိုးတိုးတဖုံ တိုင်ပင်နေတာ တွေ့ရင် အနေခက်ပါတယ်။ ကိုယ့်မောင်လေး ကိုယ်တိုင်က တခါတလေ ခြံထဲဝင်လာတာ တွေ့တာနဲ့ စိတ်ရှုပ်သလို မကြိုက်သလို ဖြစ်ဖြစ်နေတာ၊ သူတို့လူတွေကြားမှာ ကိုယ်ရောက်လာတဲ့အခါ အနေခက်တာတွေ၊ အားနာတဲ့ဟန်တွေ တွေ့ရတဲ့အခါ  ပေးစရာရှိတာပေးပြီး ခပ်မြန်မြန်သာ ပြန်ခဲ့ပါတယ်။ အမေနောက်တခါ ခိုင်းရင် ကိုယ်က မသွားချင်တဲ့အကြောင်း၊ သူတို့က တိုးတိုးတိတ်တိတ် လုပ်နေတဲ့ အချိန် ကိုယ်ရောက်သွားရင် အနေခက်ကြောင်းပြောလဲ အချိန်တန်တော့ သွားခိုင်းတာပါပဲ။ သူ့သား ဒီတခါ တနေရာရာ ထွက်သွားရင် မျက်ခြေမပြတ်အောင်လို့ ဆိုတတ်ပါတယ်။
                 တခါတလေ အစည်းအရုံးမှာ ဘယ်သူမှ မရှိတဲ့ အချိန် ကိုယ့်မောင်လေး တစ်ယောက်ပဲ ရှိတဲ့ အချိန်ဆိုပါက သူက စိတ်လွတ်ကိုယ်လွတ် အေးအေးဆေးဆေးပဲ စကားပြောပါတယ်။ ရုံးခန်းကနေ ခြံဝအထိ လမ်းလျှောက်လိုက်ပို့ပြီး အိမ်အကြောင်း မေးတတ်ပြောတတ်ပါတယ်။ အဲလိုကြုံရင်တော့ နောက်တခါ အမေခိုင်းရင် စိတ်ပါလက်ပါ သွားဖြစ်ရပြန်ပါတယ်။
                 အစည်းအရုံးမှာ နေကြတာ မီးပေါက်ဗလပွနဲ့ ပုဆိုးကိုဝတ်လို့ စားတော့လဲ ရှိတာ ချက်ပြုတ်စားနေကြပေမယ့် သူတို့ကြည့်ရတာ ပျော်နေပုံရပါတယ်။ တစ်ရက်မှာတော့ အမေက ရဲလင်းဆီ မရောက်တာကြာပြီ သွားအုန်းဆိုတာကို ဟိုနေ့ဒီနေ့ ရွှေ့နေတုန်း  အသက် ဆယ့်လေးငါးနှစ်အရွယ် ကျောင်းသားလေးနှစ်ယောက် အိမ်ကို ရောက်လာပါတယ်။ ထုံးစံအတိုင်း အိမ်စောင့်ဖြစ်နေတဲ့ ကိုယ်က ထွက်စကားပြောတော့ ကလေးနှစ်ယောက်က  ရှက်ကိုးရှက်ကန်းဟန်နဲ့ စာတစ်စောင် ထုတ်ပေးပါတယ်။ စာကို ဖွင့်ဖတ်လိုက်တော့ ရဲလင်းလက်ရေးနဲ့ ဆန်ရှိရင် နဲနဲလောက် ထဲ့ပေးလိုက်ပါတဲ့။
            ကိုယ့်မောင်အကြောင်း ကိုယ်သိတော့ ဒါသူတို့တော်တော် အခက်အခဲ ဖြစ်လို့ လွှတ်လိုက်တာဆိုတာ ရိပ်မိလိုက်ပါတယ်။ ကလေးတွေကို ခနစောင့်ခိုင်းပြီး ဆန်ရယ်၊ တခြား ချက်စားလို့ရတာတွေ ထဲ့ပေးလိုက်ပါတယ်။ ပိုက်ဆံကတော့ ကိုယ့်မှာလဲ မရှိတာမို့ မပေးလိုက်နိုင်ပါဘူး။
ဆန်အိတ်ကလေးကို တစ်ယောက်က ပုခုံးမှာ ထမ်းလို့ တစ်ယောက်က ဘေးကနေ ခုန်ဆွခုန်ဆွနဲလိုက်သွားတဲ့  မြင်ကွင်းက ကိုယ့်တစ်သက် မမေ့နိုင်ပါ။  မိဘအိမ်မှာ အဆင်သင့် လက်ဆေးပြီး စားနိုင်ပါရက်နဲ့ မကောင်းတဲ့ အစိုးရကြောင့် ကျောင်းသားတွေ ဆင်းရဲဒုက္ခ ရောက်နေရတယ်လို့ စိတ်မကောင်းဖြစ်ရတယ်။
          အဲဒီ ကောင်လေး နှစ်ယောက်မှာ တစ်ယောက်ကတော့ အခုအချိန်အထိ ကိုယ့်ရဲ့မောင်လေး ဖြစ်တဲ့  ရဲလင်းနဲ့ ထပ်တူထပ်မျှ  သွေးသားရင်းပမာဖြစ်ရတဲ့ ဘိုဘို ( မြောက်ပိုင်းပြန်) ပဲ ဖြစ်ပါတယ်။ တစ်ယောက်ကတော့ အမှတ်မမှားရင် မြောက်ပိုင်းမှာ ကျဆုံးခဲ့တဲ့ စည်သူ ဆိုတာ ဖြစ်မယ်ထင်တယ်။
         ဘိုဘိုက သူ့မိဘ အဖိုးအဖွားက ပြည့်စုံတဲ့ မိသားစုတွေပါ။ ဘိုဘို့အမေက  သူ့သားကို ချစ်ပုံကတော့ တကယ်ကို စံပြုထိုက်ရပါတယ်။   သားတစ်ယောက်ရတဲ့ အချိန်ထိတောင် ဘိုဘိုက သူ့အမေရင်ခွင်ထဲ ဝင်ပြီး  နေတဲ့အခါ အန်တီက တဟဲ့ဟဲ့နဲ့ဟန့်ရင်းက ပြုံးနေတတ်ပါတယ်။
ဘိုဘိုပြန်ပြောတာကတော့ အဲဒီတုန်းက ဆန်လက်တစ်ဆုပ်လောက်ရှိတာ ဆန်ပြုတ်ဲပြုတ်သောက်ပြီး အမတို့အိမ်ရောက်လာတာတဲ့၊ ကိုအောင်ဇော်မင်း အမေ့အိမ်ကတော့ အခါတစ်ရာမက အဖန်ဖန် ဖြစ်နေပြီမို့ မျက်နှာပူလို့ အမတို့အိမ် တလှည့် လာကြတာလို့ ရယ်မောပြီး သတိတရ ပြောပါတယ်။ ဒါတင်မက ကိုအောင်ဇော်မင်းအမေ ရှင်ဥပဂုတ္တကိုယ်တော်ရဲ့ သပိတ်ထဲမှာ လှုထားတဲ့ ပိုက်ဆံတွေ ခဏချေးထားရသေးတယ်လို့ ပြောပါတယ်။ အဲဒါက ရဲလင်းလဲ ပြောပြဖူးလို့ သိနေတယ်။ ဘုရားစင်က အကြွေတွေကို ဘုရားထံမှာ ကန်တော့ပြီး ခေတ္တ ချေးထားတယ်၊ ပြန်ဆပ်ရမယ်လို့ ပြောဖူးတာ သတိရသွားပြီး လွန်ခဲ့တဲ့ (၅)နှစ် ၊ဘိုဘို ထောင်က လွတ်လာအပြီးမှာ အကြွေးသွားဆပ်လိုက်အုန်းလို့ သတိတရ ပြောဖြစ်ပါသေးတယ်။
ဟိုခေတ်က နှစ်ကျပ်ခွဲလောက်ဆိုပေမယ့် အဲဒီတုန်းက တစ်ကျပ်က ဘဲဥ (၅)လုံးလောက်ရတဲ့ ခေတ်ဆိုတော့ တန်ဖိုးရှိတာပင်။ တန်ဖိုးကိုတွက်တာထက် ဘုရားပစ္စည်း ၊ သံဃိကပစ္စည်းမို့  ပြန်ဆပ်စေချင်တာပင်။ ဘိုဘို့ကို မေးရအုန်းမယ်လို့ စာရေးရင်းသတိရစရာ တိုးလာပြန်ပါတော့တယ်။ 
              

August 21, 2014

သူ့သမိုင်းထဲက ကိုယ့်အမှတ်တရ- ၎

 ကိုအောင်ဇော်မင်း ( ချိုတူးဇော်) ကို ကိုယ့်ရဲ့မောင်ဖြစ်တဲ့ ရဲလင်းရဲ့ ရဲဘော်ရဲဘက် တစ်ယောက်ဆိုတာ  သိပေမယ့်  လူချင်းသေချာ မဆုံခဲ့ပါဘူး။ ကို အောင်ဇော်မင်း  ( ချိုတူးဇော်) ရဲ့ နောက်ကျောကိုသာ မြင်ဖူးခဲ့တာ ဖြစ်ပါတယ်။  နောက်ပိုင်းနှစ်တွေမှာ ရုပ်ရှင်၊ ဗီဒီယိုနဲ့ ပတ်သက်ပြီး စာစောင်၊ မဂ္ဂဇင်းတွေမှာ  ဓါတ်ပုံတွေတွေ့ရတဲ့အတွက် မျက်နှာကို မြင်ဖူးပြီး အောင်ဇော်မင်း ဆိုတာပဲလို့ သိမှတ်ထားတာပါ။  နောက်ကျောကိုသာ မြင်ဖူးခဲ့တဲ့ အကြောင်း ပြောပြပါအုန်းမယ်။
                  အဖေနဲ့အမေက သူ့သားကို တွေ့ပြီးတဲ့နောက်  စိတ်အနည်းငယ် အေးသွားပါတယ်။ အမေကတော့ အားတင်းလိုက်ပုံရပါတယ်။ ကျန်းမာရေး ပုံမှန် ပြန်ဖြစ်လာပါတယ်။ ရန်ကုန်မြို့ရဲ့ တစ်နေရာမှာ  ရှိနေတယ် ဆိုတာ သိထားပြီး လူကိုယ်တိုင်လဲ တွေ့ပြီး ဖြစ်တဲ့အတွက် စိတ်အေးသွားဟန်တူပါတယ်။ ဒါပေမယ့် ဘုရားမှာ ဆုတောင်းတာ၊ ဗေဒင်မေး ယတြာချေတဲ့ အလုပ်တွေတော့ ပိုလာတာပေါ့၊ အဲဒီမှာ အမေ့အတွက် စိတ်အေးစေတာက ရဲလင်းမှာ ဥပစ္ဆေဒကံ မပါဘူးဆိုတဲ့ ဗေဒင်ဆရာရဲ့ ဟောပြောချက်ပါ။ ဒါ့ကြောင့် အမေလဲ ကျန်းမာရေး ကောင်းလာပါတယ်။
              အလံပြဘုရားလမ်းက အိမ်မှာ တွေ့ပြီး လအနည်းငယ် ကြာလာတဲ့အခါ  ဘာသတင်းမှ မရပါပဲ အဆက်ပြတ်နေတော့ စိတ်အေးပေမယ့် အဖေနဲ့အမေမှာ စိုးရိမ်စိတ်တွေတော့ ရှိနေကြပါတယ်။
ဘဝမှာ မိသားစုရဲ့ အပူ ဆိုတာ ကွဲကွာခြင်း ဆိုတဲ့ အဲဒီအဖြစ်ပါပဲ။ ကိုယ်တို့ မိသားစုက ဆင်းရဲပါတယ်၊ ဒါပေမယ့် အဖေ့ရဲ့ သွန်သင်မှုကြောင့် ဆင်းရဲတာ ချို့တဲ့တာဟာ ကိုယ်တွေအတွက် စိတ်ပျက်စရာ၊ ဝမ်းနဲစရာ၊ ပူဆွေးစရာ၊ စိတ်ဓါတ်ကျစရာလို့ တစ်ခါမှ မတွေးခဲ့ကြပါဘူး၊ ပညာတတ်အောင်သင်၊ ပညာတတ်ရင် ကိုယ့်ဘဝကို  အေးဆေးစွာ ရပ်တည်နိုင်ကြလိမ့်မယ်လို့  ခံယူထားကြလို့ပါပဲ။ ဒါ့ကြာင့် ဆင်းရဲတဲ့ မိသားစုပေမယ့် ပူပင်သောကက မိသားစုဝင်တစ်ယောက် အစိုးရနဲ့ ဆန့်ကျင်ရာက ပုန်းလျှိုးနေရတာ အပူကြီး တစ်ခု ဖြစ်နေတော့တာပါပဲ။ ဘယ်နေ့ အဖမ်းခံရမလဲ၊ ဖမ်းမိသွားပြီလား၊ ဘေးကင်းပါစေ စသဖြင့် ဆုတောင်းနေရတာပါ။
              ဒီနေရာမှာ ဆင်းရဲချို့တဲ့ တဲ့ မဆလ ခေတ်က မိသားစုဘဝ သိရအောင် နဲနဲလောက် ပြောပြပါအုန်းမယ်။  ကိုယ့်အဖေက ဘဏ်မန်နေဂျာ၊ အမေက ကျောင်းအုပ်ဆရာမကြီးပါ၊ နှစ်ယောက်စလုံးက ရာထူးရာခံနဲ့ အစိုးရအမှုထမ်းတွေပါ။ နိုင်ငံတကာမှာဆို ထိုက်သင့်တဲ့ အစိုးရရဲ့ထောက်ပံ့မှုကြောင့်  လူနေမှုအဆင့်  တစ်ခုနဲ့ ကောင်းကောင်းမွန်မွန် နေထိုင်ခွင့် ရနိုင်ပေမယ့် ကိုယ်တို့ မိသားစုက ချို့တဲ့စွာပဲ မိသားစုဘဝကို ရပ်တည်ခဲ့ရပါတယ်။ အဖေနဲ့အမေက ပညာကို ဦးစားပေးတာမို့ ကိုယ်တို့ မောင်နှမတစ်တွေ စာအင်မတန်ကြိုးစားပါတယ်၊  ညနေ(၆)နာ၇ီ ထိုးတာနဲ့ စာတွေအော်ကျက်ကြတာ၊ ည(၈)နာရိဆို တိတ် ၊ မီးရေနဲ့ငြိမ်းသလို ဆိတ်ငြိမ်ပြီး အိပ်ကြပါပြီ။ လမ်းထဲက လူကြီးတွေက ဖားတွေ အော်ပြီဟေ့လို့ ကျီစယ်ပြီး အင်မတန်သဘောကျပါတယ်။ စာမေးပွဲရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ စာကျက်သံ အမြဲကြားနေရတာ   ကိုယ်တွေ အိမ်ပဲ ရှိပါတယ်။  
               ကိုယ်တို့ မောင်နှမတွေ တက္ကသိုလ်တက်တာ စတိုင်ပင်လို့ ခေါ်တဲ့ ထောက်ပံ့ကြေး တစ်ယောက်မှ မရခဲ့ပါဘူး။  သူတို့ သတ်မှတ်တဲ့ အချက်အလက်တွေနဲ့ မကိုက်ညီလို့ပါ။ အမှန်တကယ်လိုအပ်ပေမယ့် မရပါ။ အဖေ့အလုပ်အကိုင်ရယ်၊ အမေ့အလုပ်အကိုင်ရယ် ကြောင့် အဖေအမေ အလုပ်ရှိတယ်၊ အဖေက ပြန်တမ်းဝင် အရာရှိ ဖြစ်နေတယ်၊ ကိုယ်ကိုယ်တိုင်ကလဲ လမ်းစဉ်လူငယ် ၊ ရှေကဆောင်လူငယ်၊ လမ်းစဉ်ပါတီဝင် တစ်ခုမှ မဟုတ်။ အဲဒီတော့ မရ။
အထက်တန်းကျောင်းတက်တုန်းက ကျောင်းဆရာသားသမီးဆိုပါက ကျောင်းလခ လွတ်ငြိမ်းခွင့် ရတာမို့ ကိုယ်တို့ မောင်နှမ တစ်လ(၃)ကျပ်ဆိုတဲ့ ကျောင်းလခ မပေးခဲ့ရပါဘူး။ ကျောင်းအပ်ရင်တော့ အများနည်းတူ ကျောင်းဝင်ကြေးတွေ ပေးရပါတယ်။
              ဘောင်မဝင်လို့ မရတာလက်ခံနိုင်ပေမယ့် လွဲနေတဲ့ အချက်တွေ ရှိနေပါတယ်။ မိဘမရှိတဲ့ ကျောင်းသားကို  ဦးစားပေး စဉ်းစားပါတယ်၊  အိမ်ထောင်ဦးစီးဖြစ်တဲ့ အဖေ မရှိတဲ့သူဆိုလဲ ထဲ့စဉ်းစားပါတယ်။ အဲဒီမှာ တစ်ချို့က အဖေမရှိဘူး၊ နယ်ကနေ လာတက်ရတယ်၊ ဒါပေမယ့် တကယ်တန်းက အဖေမရှိပေမယ့် အမေက ဆီစက်တို့၊ ဆန်စက်တို့ကို ဦးစီးနေတာမျိုး၊ ဦးလေး အဒေါ် ဆွေမျိုးသားချင်းက လုပ်ပေးနေတာမျိုး ရှိပါတယ်။  တစ်ချို့ကျ  လယ်တွေ ကျန်ခဲ့ပါတယ်။ အင်တာဗျုးမှာ လယ်လုပ်တယ်ပေါ့၊
            အဲဒီ ကျောင်းသူက စတိုင်ပင်ရပါတယ်။ စတိုင်ပင်ထုတ်ရင်  သူငယ်ချင်းတွေခေါ် စကော့ဈေးသွားပြီး
မုန့်ကျွေးတတ်ကြတယ်၊ ဈေးဝယ်တယ်။ အဲဒီခေတ်က တစ်လ(၆၀)ဆိုတာ မနည်းလှဘူး။ အမေ့ရဲ့ ကျောင်းအုပ်လခကမှ ၂၇၅ ကျပ်ရတာ။ အဲဒီလို လွဲချော်မှုတွေနဲ့ သတ်မှတ်ချက်တွေ ဆုံးဖြတ်ချက်တွေ ရှိခဲ့ဖူးပါတယ်။
          ဆက်ရရင်   အမေက သူ့သူငယ်ချင်း ဆရာမကြီးတွေနဲ့  ဆုံရင် သား ဘယ်ရောက်နေသလဲ မေးတိုင်း သူ့သားကို သတိရပြီး စိတ်ထိခိုက် တတ်ပါတယ်။ သူ့သားကြိုက်တတ်တဲ့ စားစရာ ချက်တဲ့နေ့ဆိုရင် သတိတရ ပြောနေတတ်တဲ့ အပြင် မကြိုက်တဲ့ ဟင်းချက်မိတဲ့ နေ့ဆိုရင်လဲ ဒီဟင်းဆိုရင် သူ မစားဘူးလို့ ပြောတတ်ပြန်ပါတယ်။
" ပိုက်ဆံမရှိ ဘာမရှိနဲ့ ဘာတွေများ စားနေပါလိမ့်၊ မကြိုက်တာလဲ စားနေရမှာပဲ '"
အဲဒီလို မကြာမကြာ ပြောတတ်ပါတယ်။
အခုနှစ်ပေါင်း အတော်ကြာလာလို့ အဲဒီတုန်းက အကြောင်းတွေ ပြန်ပြောဖြစ်ရင် ကျန်သေးတဲ့ သားသမီးတွေ မျက်နှာကြည့်ပြီး သူ့စိတ်ကို တင်းခဲ့ရတယ်လို့ ပြောပြတတ်ပါတယ်။
         အတိအကျ မမှတ်မိတော့ပေမယ့် လအနည်းငယ်ကြာတဲ့အခါ ကိုယ့်စိတ်ထဲမှာ စိုးရိမ်စိတ် ဝင်လာပါတယ်။ ကိုယ့်မောင်လေးနဲ့ ပတ်သက်ပြီး ဘာသတင်းမှကို မကြားရတဲ့အခါ အားကိုးစရာ ဘုရားသာရှိတာမို့ နေ့စဉ် မေတ္တာပို့ ဆုတောင်းပါတယ်။  ရဲလင်းက အဲဒီအချိန်မှာ အသက်(၂၀)ဆိုတော့ သူ့ရဲ့ သက်စေ့ သဗုဒေ~ဓ ရွတ်ပေးပါတယ်။ ဒီလိုနဲ့ ဘာသတင်းအစအနမှ မရတဲ့အခါ ကိုယ်လဲ စိတ်ကူးတစ်ခု ရသွားပါတယ်။ စိတ်ကူးဆိုပေမယ့်  လူကြီးသူမတွေ ပြောတာ၊ တရားစာအုပ်တစ်ချို့မှာ ဖတ်ရတာကနေ ရသွားတဲ့ စိတ်ကူးပါ။ ဘုရားမှာ သစ္စာဆိုပြီး အဓိဌာန်ဝင်ရင် ပိုပြီး ထိရောက်တယ်၊ ဆုတောင်းပြည့်တယ် ဆိုတာကို သတိရလိုက်တာပါ။
       ဒီလိုနဲ့ ကိုယ်က အမဲသားကို တစ်လတိတိ မစားပဲရှောင်ပြီး  ရဲလင်းရဲ့ သက်စေ့ သံဗုဒေ`ဓ ဂါထာကို  တစ်လတိတိ မပျက်မကွက် ရွတ်ဆို ပုတီးစိတ် ပူဇော်ပါမည်။  ဤတစ်လအတွင်းမှာ တပည့်တော်ရဲ့မောင်လေး ဖြစ်သူ ဗုဒ~ဓဟူးသား ရဲလင်းရဲ့ သတင်းကို သိရပါလို၏။ အဆက်အသွယ် ရရပါလို၏။ လို့ ဆုတောင်းပြီး အဓိဌာန်ဝင်ပါတယ်။ အမေ့ကိုတောင် မပြောပြပါဘူး။ အဓိဌာန်ဝင်တဲ့ အတွက် မနက်တိုင်း ဘုရားဝေယျာဝစ္စလုပ်မယ် ဆိုတာ ပြောပြီး အကြောင်းအရာကို မပြောပြထားပါဘူး။
        ဒီအကြောင်းအရာက ကိုယ့်ဘဝမှာ ထူးခြားတဲ့  အမှတ်ရစရာ အဖြစ်အပျက်မို့ ပြောပြတာဖြစ်ပါတယ်။ ယုံကြည်မှုကတော့ တစ်ယောက်နဲ့ တစ်ယောက်မတူနိုင်တာမို့ ယုံကြည်ဖို့ တိုက်တွန်း ရေးပြတဲ့ သဘောမျိုးမဟုတ်ပါ။ ကိုယ်ကတော့ အဲဒီ နောက်ပိုင်းကတည်းက ဘာသာရေး ကိုင်းရှိုင်း သွားပြီး   ဘုရားရှစ်ခိုး၊ ပန်းရေချမ်းလဲ၊ သောက်တော်ရေကပ် စတဲ့ ဘုရားဝေယျာဝစ္စ ကို မပျက်မကွက် လုပ်လာတာ ယနေ့အထိပါပဲ။
          အဲဒီလို နေ့စဉ် ဘုရားရှစ်ခိုး အမျှဝေ ဆုတောင်း၊ အဓိဌာန်ပုတီး စိတ်လာတာ တစ်လပြည့်တဲ့ နေ့ကို ရောက်လာပါတယ်။ အဲဒီနေ့မှာ ကိုယ့်စိတ်က ဘဝင်မကျ ဖြစ်နေပါတော့တယ်။
" အော် ဒီနေ့ဆို အဓိဌာန်လဲ ပြည့်ပြီ။ ဘာသတင်းမှလဲ မကြားရ၊ ဒီနေ့ပြည့်ပြီဆိုတော့ တော်ပါပြီ ပုတီးစိတ်မနေတော့ပါဘူး" လို့

တွေးလိုက်ပြီး ဘုရားပန်းရေလဲ၊ သောက်တော်ရေကပ်ပြီး ပုံမှန်ပဲ ဘုရားရှိခိုးပါတယ်။ အချိန်ကတော့ မနက် ၉နာရီဆိုတာတော့ မှတ်မိပါတယ်။ နေ့စဉ်ပြုနေကျအတိုင်း မေတ္တာပို့ပြီးတဲ့အခါ သံဗုဒေ~ဓ သက်စေ့ရွတ်ပြီး ပုတီးစိတ်တာကို ရပ်မယ်လို့ တွေးလိုက်ပါသေးတယ်။ ပြီးတော့မှ တစ်လလုံးစိတ်လာပြီးမှ ဒီတစ်ရက်ကျန်တာ စိတ်မယ်ဆိုပြီး ကိုယ့်ကိုကို အားပေးရင်း ပုတီးဆက်ပြီး စိတ်ဖြစ်သွားပါတယ်။  အမေကတော့ အဲဒီအချိန်မှာ ညီမတွေနဲ့ မီးဖိုထဲမှာ ချက်ပြုတ်နေပါတယ်။ ပြန်စဉ်းစားကြည့်တော့ အမေ ကျောင်းမသွားပဲ အိမ်မှာပဲ ရှိနေလေတော့ အခြေခံကျောင်းတွေ ပြန်မဖွင့်သေးတဲ့ အချိန်ပါပဲ။  စာရေးနေရင်း အဖေ့ကို သတိရသွားတယ်။ အဖေက ဒိုင်ယာယီ ရေးတဲ့ အကျင့်ရှိတယ်။ အိမ်က စာအုပ်သေတ္တာတွေမှာ အဖေ့ရဲ့ ဒိုင်ယာယီက သေတ္တာတစ်လုံးရှိတယ်။  အဖေက အမေ့ကိုရော သားသမီးတွေကိုရော ဒိုင်ယာယီ ရေးတဲ့ အကျင့်လုပ်ခိုင်းတာ ၊ တစ်ယောက်မှ မရေးကြဘူး၊ အခုအချိန် စာရေးတော့မှ ဒိုင်ယာယီ မရေးခဲ့တဲ့ အဖြစ်ကို နောင်တရနေတယ်၊ ကိုယ့်ကိုယ်ကို အင်မတန် မှတ်ညာဏ်ကောင်းတဲ့သူလို့ တွေးထားခဲ့တာ တကယ်တန်း နှစ်တွေကြာလာတဲ့အခါ အကြောင်းအရာသာ မှတ်မိနေပြီး ရက် လ မပြောနဲ့ နှစ်အပိုင်းအခြားကို လက်ချိုးရေတွက် ပြန်နှုတ်နဲ့ စဉ်းစားနေရပြီ။
                   အဲ ပြန်ကောက်ရရင် ပုတီးစိတ်ရင်း ၂၁ပတ်မြောက် အရောက်မှာ အောက်ထပ်က လူတစ်ယောက်အသံ ကြားလိုက်ပြီး 

အမေ့နာမည်ကို မေးတာ၊   ကိုရဲလင်း သူငယ်ချင်း စတဲ့ စကားသံ ရယ်
အမေ့ရဲ့  ဝမ်းသာအားရ ကပျာကယာ ထူးလိုက်တဲ့ အသံတွေ ကြားလိုက်ရတယ်။
  ဒီနေရာမှာ(၂၁) ပတ်စိတ်ရတာက  ကိုယ့်မောင်လေးက အသက်(၂၀)ဆိုတော့အသက်ကိုတစ်ပေါင်း  တစ်ပတ်ပိုပြီး စိတ်ရတယ် ကြားဖူးတာမို့(၂၁) ပတ် စိတ်ရတာ။                    ကိုယ့်နာမည်ကို အမေက လှမ်းခေါ်သံကြားရတယ်။ အမေက အံဩဝမ်းသာပြီး ဘာလုပ်ရမှန်းမသိတာမို့ နာမည်တွေ လျှောက်ခေါ်တာလို့ နောက်မှ ပြန်ပြောပြတာ။ ကိုယ်လဲ ဝမ်းသာအားရတာရော ကျေနပ်ကြည်နူးတာရော ဘယ်လိုပြောရမှန်းမသိအောင်ကို ကျေနပ် ပီတိဖြစ်တာ၊ အဲဒါနဲ့ မဖြစ်ဘူး၊ စိတ်ပျံ့လို့ မဖြစ်ဘူး၊ ဒီတစ်ပတ်ပြီးရင် အဓိဌာန်ပြည့်ပြီ၊ အောင်မြင်ပြီဆိုတာ သိလို့ စိတ်ကို စုစည်းပြီး သံဗုဒေ~ဓါထာကိုရွတ်ရင်း ပုတီးဆက်စိတ်ပါတော့တယ်။ ဒါတောင် အမေ့ရဲ့ " ဝမ်းသာလိုက်တာ သားရယ်၊ ကျေးဇူးတင်လိုက်တာ " ဆိုတဲ့ အသံနဲ့ တည်ငြိမ်ပြီး မွန်မွန်ရည်ရည် ဖြစ်တဲ့ အသံချိုချိုနဲ့ လူငယ်တစ်ယောက်ရဲ့ ကိုရဲလင်းဆိုတဲ့ နာမည်ကို ပြောပြောနေတဲ့ အသံကိုပါ ကြားနေရပါတယ်။
                   ကိုယ့်ရဲ့ အဓိဌာန်ပြီးဆုံးသွားတာကို ဘုရားမှာ သစ္စာဆိုပြီး ပုတီးကို အသာထားပြီး အောက်ထပ်ကို ဆင်မယ်အလုပ်မှာ ပြန်ပါအုန်းမယ် ဆိုတဲ့ နှုတ်ဆက်သံ ကြားရပါတော့တယ်။
 ရဲလင်းနဲ့ပတ်သက်တဲ့ သတင်းအစအနကို လာပြောပြနေတဲ့ အဲဒီကျောင်းသား( အဲဒီတုန်းက ကျောင်းသားတစ်ယောက်လို့ပဲ သိတာ) ကို မမီတော့ဘူးဆိုတာ သိတဲ့အတွက်  ကျေးဇူးတင်လွန်းလို့ တွေ့ချင်တာနဲ့ ကမန်းကတန်းပဲ ဝရံတာကို ထွက်ပြီး အပြေးကလေးပဲ ကြည့်လိုက်တဲ့အခါ ရှပ်အင်္ကျီအဖြူကိုလက်ခေါက်ပြီး ဝတ်ထားတဲ့  ခပ်ဖိုင့်ဖိုင့် ခန္တာကိုယ်နဲ့ ကျောခိုင်းသွားတဲ့ အောင်ဇော်မင်း ( ချိုတူးဇော်) ကို တွေ့ဖူးလိုက်တာပါပဲ။
                    ဒီနေရာမှာခပ်ဖိုင့်ဖိုင့်လို့ သုံးလိုက်ရတာက  နောင်မှာ ဓါတ်ပုံတွေမှာ  ကိုချိုတူးဇော်ကို  တွေ့ရတိုင်း ကိုယ်တွေ့ခဲ့ဖူးတဲ့ ခန္တာကိုယ်ပုံစံမျိုး တစ်ခါမှ မတွေ့ရတော့ပါ။ 

                 အဲဒါက ထားဝယ်ကနေ တက်လာပြီး သူတို့ရဲ့ ဗမာ့မျိုးချစ်လူငယ်အစည်းအရုံးမှာ လူစုမိကြပြီး ရှေ့ဆက်လုပ်မှာတွေ ရှိတာမို့ ရဲလင်း အိမ်ပြန်လာရင်  ပြဿနာ အရှာခံရ မရ မသေချာတဲ့ အတွက် ကိုအောင်ဇော်မင်းက မိဘတွေ စိတ်မပူအောင် လာတွေ့သွားတာပါ။ အဲဒီတစ်ခုနဲ့ပဲ ကိုအောင်ဇော်မင်း (ချိုတူးဇော်) ကို ကျေးဇူးများစွာ တင်နေဆဲပါ။ မိသားစုရဲ့ အပူမီးကို ရေနဲ့ဖြန်းလိုက်သလို စိတ်အေးချမ်းခဲ့ရတဲ့ နေ့တစ်နေ့ပါပဲ။
              
           

August 15, 2014

သူ့သမိုင်းထဲက ကိုယ့်အမှတ်တရ- ၃

 မော်တော်က ခါတိုင်းလိုင်းဆွဲနေကျ  ခရီးသည် စီးနေတဲ့ မော်တော်ပုံစံ မဟုတ်ဘူးဆိုတာ  မော်တော်ပေါ်မှာ ထိုင်ရင်း သတိထားမိတယ်၊  ညမထွက်ရ အမိန့်ကြောင့် ခါတိုင်း နာရီဝက်တစ်စီး ထွက်နေကျ  အစိုးရ သင်္ဘောနဲ့ ဇက်တွေက ခေါက်ရေ အပြည့်မဆွဲပဲ စောစောသိမ်းတဲ့ အတွက် ကြားဖြတ် ဝင်ဆွဲကြတာ၊ အရင်က ကုန်တင်တာ ဒါမှမဟုတ် ငါးဖမ်းတဲ့ မော်တော်တွေ ဖြစ်ပုံရတယ်။  မော်တော်ဘေး တစ်ဖက်တစ်ချက်မှာ ထိုင်ရတဲ့ ခုံတန်းရှည်က ထိုင်ပြီးရင် ခြေထောက်က လွတ်နေတယ်၊ အောက်မထိ အပေါ်လဲ တင်မရ၊ မော်တော်ဝမ်းက အကျယ်ကြီးနဲ့ ဇောက်နက်နက် ဆိုတော့  မော်တော်ဝမ်းထဲ ထိုင်လိုက်ရင် ဘေး ဘယ်ညာ မတွေ့ရဘူး၊ ကိုယ်တွေလည်း ခုံမှာထိုင်ရင်းက မော်တော်လည်း အထွက် လှိုင်းတွေ ပုတ်တော့ တစ်ကိုယ်လုံး ရေရွှဲ ပါလေရော၊ အဲဒီ ပဲခူးမြစ်တောက်လျှောက် ရေစီးတဲ့အရှိန်နဲ့ လှိုင်းတွေက ပုတ်တော့  မော်တော်ဝမ်းထဲ ထိုင်ချလိုက်ရတယ်၊ ခရီးသည်တွေ စိတ်ကူးတူသွားပုံရတယ်၊ တပြိုင်ထဲလိုလို ဆင်းထိုင်ကြတာ မော်တော်က ရုတ်တရက် အလယ်မှာအိကျပြီး မော်တော်လက်ရမ်းဘေးအထိ ရေတွေ့ရပြီး လှိုင်းလဲပုတ်ရော ရေတွေ ဝင်လာပါလေရော၊ မော်တော်လုပ်သားက ဘေးမှာ တစ်ချို့ပြန်ထိုင်ဖို့ အော်ရတယ်၊ ရုတ်တရက် စိုးရိမ်ပြီး မောင်လေးကို လှမ်းကြည့်တော့ သူက အေးဆေးပါ ဒီလောက်နဲ့တော့ ဘာမှ မဖြစ်ဘူး၊ တို့ သွားခဲ့တဲ့ နေရာမှာက လှိုင်းတွေ ဒီထက်တောင် ကြီးသေးတယ်၊ ပြီးတော့ ပင်လယ် အကျယ်ကြီး လို့ ပြောတယ်၊ ကိုယ်က ဘယ်ရောက်သွားတာလဲ လို့ မမေးမိဘူး၊  ကိုယ့်စိတ်ထဲမှာ စစ်တပ်အာဏာသိမ်းပြီး ကျောင်းသားတွေ တောခိုသွားကြတာ သိနေ ကြားနေတော့ မျက်စေ့ထဲ မြန်မာပြည် တောင်ပိုင်းက မြိတ်တို့ ကော့သောင်းတို့ဖက် အလိုလို မြင်လိုက်တာပဲ၊
                    မောင်နှမ နှစ်ယောက် မော်တော်ဝမ်းထဲ ဒူးတိုက်ထိုင်နေရတာ၊ မိနစ်၂၀လောက်အကြာမှာတော့ မြစ်သုံးပွင့်ဆိုင် ကျော်ပြီလို့ ခရီးသည်တစ်ယောက်ပြောသံ ကြားတော့မှ ရန်ကုန်ရောက်ရင် ဘယ်ဆက်သွားမလဲ မေးရတော့တယ်၊
သူက စိတ်ချရပါတယ်၊  အိမ်ကလူတွေကို ဘာမှ မသိစေချင်ဘူး၊ ဘာမှမသိတာ အကောင်းဆုံးပဲ၊ စစ်ဆေးမေးမြန်းတာ လုပ်လာရင် အိမ်ကလူတွေ တကယ်ဘာမှ မသိထားရင် ဖြေရတာ အဆင်ပြေတယ်လို့ ပြောတယ်၊ ဒါလဲ ဟုတ်တာပဲလို့ တွေးလိုက်တယ်။ သူအိမ်က ထွက်သွားတော့ ရုံးက ထွေဂျာက အဖေ့ကို ဘယ်သွားလဲ ဘာလုပ်လဲ မေးတာ၊ အဖေက တကယ်ကို မသိလို့ ဘာမှကို မသိဘူးချည်း ပြောတာ၊ ရုံးကလူတွေက  မိဘတွေ ဘာမှ မသိဘူး ဆိုတာ လက်ခံကြတယ်။
           ဒါတောင် ရဲလင်းရဲ့ အလုပ်ထွက်စာကို မပေးပဲ လူကိုယ်တိုင်လာတင်မှ ပေးမယ်ဆိုပြီး ရစ်တယ်၊ တစ်လလောက်နေမှ တွမ်းတီးဝမ်းနဲ့ ဒစ်စမစ် ဆိုပြီး စာထုတ်တယ်၊ တွမ်တီးဝမ်းဆိုတာက ဝန်ထမ်းတစ်ယောက်က  အလုပ်ကို အကြောင်းမကြားပဲ ၊ ခွင့်မတိုင်ပဲ ပျက်ကွက်နေရင်၊  (၃)ပတ် တနည်းအားဖြင့် (၂၁) ရက်ကျော်တဲ့အခါ အလုပ်က ထုတ်ပယ်လိုက်တာပါ၊  အဲဒီလို ထုတ်ပယ်ခံရတဲ့ ဝန်ထမ်းဟာ သူ့ဘဝတလျှောက်လုံး  အစိုးရဝန်ထမ်း လုပ်ခွင့် မရှိတော့ပါ၊
          အဖေက စိတ်ဆိုး ဒေါသထွက်ပြီး အဲဒီ အကြီးအကဲကို တွေ့ပါသေးတယ်၊ အလုပ်ထွက်စာ တင်ထားပါရက်နဲ့ ပျက်ကွက်လုပ်ကာ ထုတ်ပယ်ပါသတဲ့၊ ဒါတင်မက ဖေဖေ့ကိုပါ သတိပေးစာ ထုတ်ပါတယ်။
အကြောင်းအရာက
" သားသမီးကို ကောင်းမွန်စွာ ထိမ်းသိမ်း စောင့်ရှောက်ခြင်း မရှိပါသဖြင့် " တဲ့။


                 ကိုယ်လဲ ရဲလင်းကို  မေမေ့ကို တွေ့လိုက်ပါလား၊ နင်တို့ ဘာတွေ လုပ်မယ်ဆိုတာ မသိတော့ အခုလိုခန တွေ့လိုက်ရင် မေမေ စိတ်ဖြေသာလိမ့်မယ်၊  အခုက ရုတ်တရက်ကြီး အိမ်ကထွက်သွားတာဆိုတော့ သူ့စိတ်ထဲ တမြေ့မြေ့ ဖြစ်နေပုံရတယ်၊  နင့်မျက်နှာတွေ့ရရင်  စိတ်ချမ်းသာပြီး နေကောင်းသွားမယ် ထင်တယ်ဆိုတော့ ငါ့ကိုတွေ့တဲ့အခါ  ငိုပြီး တားတာတွေ ဘာတွေလုပ်နေမှာ စိုးရိမ်တယ်လို့ ပြောတယ်။ ကိုယ်လဲ မေမေ့ အကြောင်းသိနေတော့ အခုမှတော့ တားမှာ မဟုတ်ဘူး၊ တွေ့ရရင် ကျေနပ်မှာပဲ ဆိုတော့ ဘယ်လို တွေ့ကြမလဲ၊ အိမ်ကိုတော့ မလိုက်ဘူး၊  အခြေအနေက ဘာမှန်းမသိဘူး အပြောကို  ထောက်ခံပြီး ကြားချပြီး အိမ်တစ်အိမ်မှာ တွေ့ဖို့ စီစဉ်ရတယ်။
           ကိုယ်လဲ ကိုယ့်မောင်လေးကို ကိုယ်ပြောပြတဲ့ အန်တီ အိမ်ဆိုရင် အိမ်ကလူတွေနဲ့ တွေ့ပြီး ပြန်လို့ အဆင်ပြေတဲ့ နေရာ ဟုတ်သလား၊ အချိန်က ကပ်နေပြိဆိုတော့ တွေ့ပြီး သူပြန်ရမယ့်နေရာကို အရောက်ပြန်ဖို့ ထဲ့တွက်ရတာ၊ ဘယ်နေရာလဲ ကိုယ်မသိတော့ သူ့ပဲ တွက်ခိုင်းရတယ်။
          အဲဒီအိမ်ဆို အဆင်ပြေတယ်၊ ဒါပေမယ့် သူတို့ သဘောကျပါ့မလားလို့ စိတ်ပူပြီး မေးတယ်၊ ကိုယ်လဲ အဲဒါတော့ မပူနဲ့ သူတို့ တစ်အိမ်လုံး ကျောင်းသားတွေဖက်က ၊ အရေးအခင်းတုန်းကတောင် တို့ကို အပ်ထားတဲ့ သူတို့အိမ်ကို သပိတ်စခန်းတောင် ဖွင့်ထားတာ ပြောမှ၊ အေး ဒါဆို အဆင်ပြေတယ်ဆိုပြီး၊ မောင်နှမနှစ်ယောက် စိတ်အေးသွားကြတယ်။
         ကိုယ့် အဖေနဲ့အမေကို ခေါ်ပြီး တွေ့မယ့် အန်တီတွေက အရေးအခင်းမဖြစ်ခင် လပိုင်းကမှ ကိုယ်တွေ အိမ်နားက ပြောင်းသွားတာ၊ အိမ်ချင်းကပ်ရက် တိုက်ခန်းနှစ်ခန်းတွဲရက်အိမ်ရဲ့ သော့ကို ကိုယ်တွေ အိမ်မှာပဲ အပ်ထားတယ်၊ ရောင်းဖို့ဆိုင်ထားတာမို့ ဝယ်သူလာရင် ကိုယ်တို့က လိုက်ပြရတယ်၊
         ရှစ်လေးလုံးကာလ   ရပ်ကွက်က ဆနပြချီတက်တဲ့သူတွေ မြို့ထဲက ပြန်လာရင် နားဖို့၊ အလံတွေထားဖို့ ၊ နောက်နေ့အတွက် ချီတက်ဖို့ ဆွေးနွေးဖို့ လူများများ ဆန့်တဲ့ နေရာ ရှာတော့ လူမနေတဲ့ အဲဒီတိုက်ခန်းကို သဘောကျပြီး အကူအညီတောင်းတယ်၊ ကိုယ်တွေလဲ အိမ်ရှင်ဖြစ်တဲ့ အန်တီ့ကို ဖုန်းဆက်ပြီး ပြောတော့ ခွင့်ပြုတာနဲ့ သပိတ်စခန်း ဖြစ်တာ။
      နောက်ပိုင်း  လုတာယက်တာ သတ်ကြဖြတ်ကြ အသံတွေကြားရပြီး ကိုယ့်ရပ်ကွက်ကို လုံခြုံရေးကိုယ့်ဘာသာ ယူကြရတဲ့အခါ ညဖက်ဆို ကင်းစခန်း ဖြစ်သွားတယ်။
         အဲဒါတွေ ပြန်ပြောပြရင်း အန်တီ့အိမ်မှာ ဆုံကြဖို့ ဖြစ်လာတယ်။ ကိုယ့်မောင်လေးကို နင်ထွက်သွားတာလဲ သူတို့သိတယ်။ ဖုန်းဆက်ရင် တွေ့ပြီလား၊ ဘာသတင်းကြားလဲ မေးနေတာဆိုတော့ သူလဲ စိတ်အေးသွားတယ်။
          သီတာသင်္ဘောဆိပ်က တက်တယ်ဆိုပဲ ဆိပ်ခံဘောတံတားပေါ်မှာ ကိုယ့်ဘိနပ်က ထောက်ခနဲ ပြတ်ပါလေရော၊ ရဲလင်းကို ကြည့်လိုက်တော့ သူက သန်လျင်တုန်းကနဲ့ မတူဘူး၊ သူ့ကြည့်ရတာ စိုးရိမ်စိတ်ဝင်နေပုံရတယ်။ မျက်မှောင်ကုပ်ပြီး ခပ်သုပ်သုပ်နဲ့လျှောက်တယ်၊ ဘိနပ်ပြတ်လို့ ထော့နဲ့ထော့နဲ့ လျှောက်ရင်း အနောက်မှာ ခွာပြီး ကျန်နေခဲ့တဲ့ ကိုယ့်ကို မြန်မြန်လာ ဘာဖြစ်နေလဲ လှမ်းခေါ်ရင်း ဘိနပ်ပြတ်မှန်း သိတော့ သူ့ဘိနပ်ကို ပေးတယ်၊ ကိုယ်လဲ ဘိနပ်အပြတ်ကို လက်ကကိုင် လက်လေးလုံးလောက် ဖနောင့်လွတ်နေတဲ့ ဘိနပ်နဲ့ အမြန်လျှောက်ရတယ်။ ရဲလင်းက ခြေဗလာနဲ့ ကားဂိတ်ကို မောင်နှမ နှစ်ယောက် သုတ်ခြေတင်ကြတယ်။ တိုက်ဆိုင်မှုကို ပြောရရင် ရုပ်ရှင်ထဲက အတိုင်းပဲ၊  သင်္ဘောဆိပ်ကနေ ကားဂိတ်ရှိတဲ့ လမ်းမရောက်အောင်  သွားနေရတဲ့  အဲဒီ အတွင်းလမ်း တစ်ဝက်လောက် အရောက်မှာ ရဲလင်းတို့ရုံးက ဘဏ်ဝတ်စုံနဲ့ဝန်ထမ်း အုပ်စုကြီးကို တွေ့ပါလေရော၊ ရဲလင်းကို တွေ့တော့ ပြုံးပြီး နှုတ်ဆက်ပြီး စကားပြောဖို့ ပြင်တာမှာ ခြေထောက်မှာ ဘိနပ်မပါတာကို ငုံ့ကြည့်ရင်း  ခပ်ကြောင်ကြောင် ဖြစ်နေကြတုန်း  ခေါင်းလေးဆတ်ပြပြီး နှုတ်ဆက်ယောင် လုပ်ကာ  ကျော်တက်ခဲ့ရတယ်။
           ဒီအကြောင်းကို ရေးရင်းမှ အဲဒီအချိန် အလုပ်တွေ ပြန်တက်နေရပြီဆိုတော့ ညမထွက်ရ အမိန့်က ထုတ်ထုတ်ချင်း ညနေ(၆)နာရီ မထွက်ရ ကနေ အချိန် နောက်ဆုတ်ထားတဲ့ အချိန်လို့ ထင်မိတယ်၊ ၆နာရီခွဲလို့ ထင်မိတယ်။ သေသေချာချာ မမှတ်မိတော့ဘူး။ စက်တင်္ဘာလထဲမှာ မဟုတ်ပဲ အောက်တိုဘာ လဆန်းလောက်များ ဖြစ်နေပြီလား မသိ၊ မသေချာ၊ မိုးကလေးအုံ့ပြပြ ဖြစ်နေပြီး မော်တော်ဆိပ်ဆင်းကာနီးမှာ မိုးနဲနဲ ရွာထားသေးတာ မှတ်မိတယ်။ စိုစိုစွတ်စွတ်နဲ့ သွားရတာ မှတ်မိတယ်။
           လမ်းမပေါ်ရောက်တဲ့အခါ  ကိုယ့်မောင်လေးကို ဘိနပ်ပြန်ပေးလိုက်တယ်၊ သူက နင်စီးသွားလို့ ပြောတာကို ကိုယ်က ငါက ဒီကနေ မေမေတို့ကို စောင့်မှာ ထိုင်နေယုံပဲ ၊ နင်က မြို့ထဲဖက်သွားရမှာ  စီးသွားတော့လို့ ပြောလိုက်တယ်။
         ကိုယ်တို့ မောင်နှမ လမ်းခွဲပြီး ကိုယ်က အဲဒီနားက  ဖုန်းဆက်တဲ့ဆိုင်ကနေ အိမ်ကို ဖုန်းခေါ်တယ်၊ ကိုယ့်အိမ်မှာ တယ်လီဖုန်းမရှိဘူး၊ အိမ်နားမှာ ဖုန်းရှိတဲ့ အိမ်က ခေါ်ပေးရင် (၅၀)ကျပ်၊ ဆက်ရင် သုံးမိနစ်ကို (၁၀၀) ပေးရတယ်၊ တယ်လီဖုန်းက  လိုင်းပူးသလို  တဂျစ်ဂျစ်မြည်ပြီး အသံတွေထွက်နေတာ၊ ဘာမှ မကြားရဘူး၊ နှစ်ခါ သုံးခါ ဆက်ကြည့်ပြီး မရတဲ့အခါ ကိုယ်နဲနဲပြာသွားတယ်၊ နာရီကြည့်ပြီး အချိန်ကို ကမန်းကတန်း တွက်လိုက်တော့ အခုအတိုင်းဆို  အန်တီတို့အိမ်မှာ ဆုံပြီး စကားပြောဖို့တောင် အချိန်ရပါ့မလား၊ အဲဒီအချိန်မှာ ကားမှတ်တိုင်မှာ  ဒတ်ဆန်းကား တစ်စီး ထိုးဆိုက်လာပြီး သုဝဏ သုဝဏ ကို ၊ ဘယ်မှ မရပ်ဘူး တိုက်ရိုက်မောင်းမှာလို့ အော်တာလဲကြားရော ကမန်ကတန်း လက်ပြပြီး တက်စီးလိုက်တော့တယ်၊ ဖုန်းဆက်နေရင်း အချိန်ကုန်မခံပဲ လူကိုယ်တိုင် ပြန်လာတာ မှန်သွားတယ်၊ ကားက လေယာဉ်ပျံမောင်းနေသလား ထင်ရတယ်။ ဘာတွေ အရေးကြီးလာသလဲတော့ မသိ၊ ကိုယ်နဲ့မှ တွေ့မိတယ်။ အံကိုက်ပဲ၊ ကားပေါ်မှာ လူ လေးငါးယောက်ပဲ ပါတယ်။ လမ်းမှာ လူလဲ ဆက်မတင်ပဲ မောင်းတာ (၁၅) မိနစ်လောက်နဲ့ ရောက်တယ်၊ ကိုယ်လဲ ဘိနပ်အပြတ်ကို လက်ကကိုင်ပြီး အိမ်ကို အသော့နှင်ရတယ်။
            အိမ်ထဲကို ကိုယ်ရောက်တာနဲ့ စိတ်ပူတဲ့ မျက်နှာနဲ့ လည်ပင်းတွေရှည်လို့ စောင့်နေကြတဲ့ အဖေနဲ့အမေကို ရဲလင်းနဲ့ တွေ့ရအောင် သွားကြမယ်၊ အန်တီတို့အိမ်မှာ စောင့်နေတယ်လို့ အတိုချုံါး်ပဲ ပြောလိုက်တယ်၊ အဖေနဲ့အမေက  မေးချင်တာတွေ အများကြီး ရှိနေတာကို မြိုသိပ်ရတဲ့ ဟန်နဲ့ ပဲ ကမန်းကတန်း ပြင်ကြတယ်။ နေမကောင်းတဲ့ မေမေ့ကိုတော့ မေမေ၊ လမ်းလျှောက်နိုင်မလား မေးတာ အမေက လျှောက်နိုင်တယ်၊ သားနဲ့တွေ့ရမှာ ရအောင်လျှောက်မှာပေါ့ လို့ပြောတယ်၊
         မှတ်မှတ်ရရ မေမေက ကိုစီအနွေးထည် ပိတောက်ခြောက်ရောင်လေး ကပျာကယာ ထပ်ဝတ်လိုက်တယ်၊ အဖေက တိုက်ပုံလေး ထပ်ဝတ်ပြီး ချက်ချင်း ထွက်ဖို့ပြင်တယ်။ အိမ်မှာကျန်ခဲ့တဲ့  မောင်နှမတွေကို အချိန်မမီလို့ ပြန်မလာနိုင်ရင် စိတ်မပူဖို့၊ အိမ်နီးချင်းတွေနဲ့ ဘယ်သူလာမေးမေး မေမေ နေမကောင်းလို့ မြို့ထဲမှာ ဆေးခန်းသွားပြတယ် ပြောပါလို့ မှာရတယ်၊ ဖေဖေက ကျန်ခဲ့တဲ့ အထဲကမှ အကြီးဖြစ်တဲ့ ညီမကို ပိုက်ဆံ ပေးနေတယ်။ ပြန်မရောက်ရင် နောက်နေ့ စားဖို့သောက်ဖို့ဆိုပြီး။
            ကားငှားဖို့ လမ်းထိပ်အထွက် လမ်းထဲက မိတ်ဆွေတွေက မေမေ့ကို နေမကောင်းမှန်းသိတော့  ဘယ်လဲ၊ ဆေးခန်း အဲလို ဖြေနေရတယ်။ တချို့က သတင်းမေးဖို့ ရပ်ပြီးစကားပြောချင်နေလို့ အားနာနာနဲ့ မသိယောင်ဆောင်ပြီး ထွက်လာရတယ်။
         ကားငှားတော့ မလိုက်တာတွေ များနေတော့ လူက စိတ်ပူနေပြီ။ အဲဒီအချိန်မှာ ကားတစ်စီးက ပုဇွန်တောင်ဈေး အထိပို့ပေးမယ်၊ ကိုယ်တွေငှားတဲ့ ဆီအထိတော့ မလိုက်ဘူး ဆိုတာနဲ့ ရတဲ့အထိပဲ ငှားလိုက်တယ်၊ ပုဇွန်တောင်ရောက်တဲ့အခါ ဈေးအရှေ့မှာပဲ ကားငှားတာမရဘူး၊ အချိန်ကလဲ သိပ်မရတော့ဘူးဆိုတာ သိနေတော့ အဖေက ဆိုက်ကားငှားလိုက်တယ်၊ ပိုက်ဆံအများကြီး ပိုတောင်းတာ မှတ်မိတယ်။ အဖေက အေးကွာ တို့က အရေးကြီးတော့ ပေးရမှာပေါ့ ဆိုပြီး ဆိုက်ကားဆရာကို ပြောသေးတယ်၊ အဖေနဲ့အမေက ရှေ့နောက် ကျောခြင်းကပ်ထိုင်ပြီး ကိုယ်က ကယ်ရီယာပေါ် ထိုင်လို့ သွားကြတာ၊ အောင်ဆန်းကွင်းရှေ့ ရောက်တော့ ဆိုက်ကားဆရာက ဆက်မသွားနိုင်ဘူး ငြင်းရော၊ ဖမ်းခံရမယ်တဲ့ ၊ အနှေးယာဉ် မဝင်ရ တဲ့၊ အဖေနဲ့ စကားများကြပါလေရော၊ ဒါနဲ့အမေက  အချိန်ကုန်တယ် ပြောမနေနဲ့ လမ်းလျှောက်သွားမယ်။ ကားတွေ့ရင် အိမ်ရှေ့ရောက်အောင် ငှားတာပေါ့ ဆိုပြီး လမ်းလျှောက်ကြတယ်၊ ကိုယ်က အမေ့ကို စိုးရိမ်နေတာ၊ အမေက သားဇောနဲ့ အားတင်းပြီး လိုက်ရှာတယ်၊ သမတရုပ်ရှင်ရုံ ဂုံးတက်ရောက်တော့ အမေ သိပ်မလျှောက်နိုင်ဘူး၊ ခပ်ဖြည်းဖြည်း ဖြစ်လာတယ်။ အဲဒီအချိန်မှာမှ ကိုယ့်ခေါင်းထဲကို အတွေးတစ်ခု ဝင်လာပြီး စိုးရိမ်စိတ်ဝင်သွားတယ်၊
           အိမ်ရှင်တွေက တစ်နေရာမှာ သူတို့ အလုပ်လုပ်တဲ့ အလုပ်ရုံ ရှိတယ်၊ အဲဒီကို တစ်အိမ်လုံး သွားနေရင် ဆိုတဲ့ အတွေးက လူကို ထူပူသွားတာပဲ၊  မောင်လေးက အိမ်တခါး ပိတ်ထားလို့ မဝင်ပဲ သူသွားရမယ့်ဆီ ဆက်သွားရင် ကိစ္စမရှိပေမယ့် ကိုယ့်မှာ အဖေရယ်၊ လမ်းကောင်းကောင်းမလျှောက်နိုင်တဲ့ အမေရယ် ၊ အိမ်ပြန်ဖို့ကလဲ  အချိန်မရတော့၊  စိတ်က ဘယ်လောက်မြန်လဲဆို သုတ်ကနဲ ရှေ့က ပြေးတော့တာ၊ အဖေ့ကို ဖေဖေရေ မေမေ့ကို စောင့်ခေါ်ခဲ့ပါ ဆိုတော့ အမေက သွားနှင့်သွားနှင့်တဲ့ လက်ကာပြတယ်။  ဂုံးတက်ကလေးကနေ လမ်းပြေပြေပေါ်လဲရောက်ရော အဲဒီ အန်တီတို့အိမ်ရှေ့ ဝရန်တာကို ကဲပြီး ကမန်းကတန်းကြည့်တော့ အန်တီ့ သမီးကြီးက လက်ကလေး အသာပြတယ်၊ ဝမ်းသာလိုက်တာ ပြောမနေနဲ့။  အိမ်ရှေ့လဲ ရောက်ရော လာပြီ လာပြီ ဆိုတဲ့ အသံ ကြားလိုက်တော့ သူတို့ တစ်မိသားစုလုံးလဲ စိတ်ပူစွာ စောင့်နေတာ သိလိုက်ရတယ်။
        အဖေရယ် အမေရယ် မောင်လေးရယ်တွေ့ကြတော့ စကားလဲ မပြောနိုင်ကြပါဘူး၊ ဒီလိုပဲ မတွေ့တာကြာတဲ့  အမေက သူ့သားမျက်နှာကြည့်ပြီး မျက်ရည်ကျတယ်၊  အမေတို့နဲ့ အတူလိုက်လာပြီး လုပ်ချင်တာ လုပ်လို့ မရဘူးလား ပြောသေးတယ်၊ ရဲလင်းက ၊ ပြန်သွားရမှာ မဖြစ်ဘူးပဲ ပြောတယ်၊
          ကိုယ်ကတော့ မောမောနဲ့ ခြေပစ်လက်ပစ်ပဲ ကြမ်းပေါ်မှာ ထိုင်ချရင်း  ကြည့်နေမိတယ်။
 အိမ်ရှင်အန်တီက တော်သေးတာပေါ့ စိတ်တွေပူလိုက်တာ  ညမထွက်ရ အချိန်က နီးနေပြီ၊  ရဲလင်းကလဲ သွားတော့မယ် မမီတော့ဘူးထင်တယ် ဆိုပြီး၊ ပြောနေတာ။ မမီရင် ဒီမှာပဲ အိပ်လိုက်ဆိုလို့ စောင့်နေတာ၊ ရှင်တို့ သားအမိ မတွေ့လိုက်ရမှာ စိတ်ပူလိုက်ရတာလို့ ပြောရှာတယ်။
         တအောင့်နေတော့ အန်တီ့သမီး အငယ်က (၁၅) မိနစ်ပဲလိုတော့တယ်၊ ပြောစရာရှိတာ ပြောကြ၊  ရဲလင်း ပြန်မယ့်နေရာက ဒီ ၁၀မိနစ်လောက်နဲ့ ရောက်မလားဆိုတော့ ရဲလင်းက ရောက်တယ်၊ အခု သွားတော့မယ်တဲ့၊ စကားသေချာလဲ မပြောရပါဘူး၊ တွေ့တယ်ဆိုရုံ၊ မျက်နှာလေးမြင်ရတယ် ဆိုရုံပဲ၊ အဖေက သူ့တိုက်ပုံထဲ လက်နှိုက်ပြီး တစ်ဆယ်တန် အသစ်ကလေးတွေ အထပ်လိုက် ပေးတယ်၊ ဘယ်လောက်လဲတော့ မသိဘူး၊ ရဲလင်းက မယူပဲ ကြည့်နေပြီး ဒီကာလကြီးမှာ အိမ်မှာ သုံးစရာမရှိပဲ နေမယ်၊ မယူဘူးလို့ ပြောတယ်၊ အဖေက ယူယူ၊ အဖေတို့က မရှိရင် ရှာလို့လွယ်တယ်၊ ငါ့သား သုံးစရာလိုတာ သုံးရအောင် ယူလို့ပြောတယ်၊ အမေကလဲ အတင်းယူခိုင်းတယ်။
      အဲဒီအချိန်မှာ အိမ်ရှင် အန်တီက ဘီရိုဖွင့်ပြီး ပိုက်ဆံ တစ်ထပ်ပေးတယ်၊ ဖေဖေ ပေးတာထက် များတယ်၊ အန်တီပေးတာတော့ မငြင်းဘူး ယူတယ်၊ အဲဒီအန်တီက သူဋ္ဌေး ၊ ပိုက်ဆံရှိတယ်၊ ကိုယ်တို့နဲ့ အိမ်နီးချင်းနေကတည်းက ကိုယ်တို့မောင်နှမတွေကို မုန့်ဖိုးပေးနေကြ၊
      ကိုယ့်မောင်လေးက အဖေနဲ့အမေရယ်၊ အန်တီ့ရယ်ကို ထိုင်ကန်တော့တယ်၊ အန်တီနဲ့ မေမေက မျက်ရည်တွေနဲ့အသံတွေ စို့နစ်ပြီး ဆုတွေပေးတယ်။ အဖေကတော့ မေးရိုးကြီး တင်းပြီး မျက်လုံးတွေနီလို့ ဆုပေးတော့ အသံတွေတုန်နေတယ်၊
" အန္တရာယ်ကင်းပါစေ၊" ဆိုတာ လူကြီး (၃)ယောက်စလုံး တညီထဲပဲ ဆုပေးကြတာ။
                 အန်တီ့ သမီးအကြီးကလည်း မျက်ရည်တွေ တရှုံ့ရှုံ့နဲ့ သုတ်လို့။ အန်တီ့သမီး အငယ်က ခပ်ထက်ထက် ခပ်သွက်သွက် ဆိုတော့ ငိုနေတဲ့ အုပ်စုကို ကဲကဲ သွားပစေတော့ သွားတော့ မဟုတ်တာလုပ်တာမှ မဟုတ်တာ ဘာမှမဖြစ်ဘူး၊ ရဲလင်းရေ အရေးတော်ပုံအောင်ရမည် ဟုတ်တယ်မဟုတ်လား ဆိုတော့ ပြုံးကြတယ်။
          ရဲလင်းလဲ လှေကားပေါ်က ဆင်းသွားရော အန်တီသမီးအကြီးက ဝရန်တာကနေ ထွက်ကြည့်ပြီး  လမ်းဟိုဘက်ကို ကူးပြီး လျှောက်သွားနေတယ်လို့ လှမ်းပြောတယ်၊ အဖေက ဒီကနေ ၁၂မိနစ်လောက်နဲ့ ရောက်မယ့်နေရာ ဘယ်နေရာဖြစ်မလဲ ပြောနေလေရဲ့။
            မေမေနဲ့ အန်တီက ဝရန်တာထွက်ပြီး ကြည့်ကြတယ်၊ တွေ့ရတယ် သွားနေပြီ၊ လို့ ပြောပြနေတယ်၊
တအောင့်နေတော့ အိမ်ထဲပြန်ဝင်လာကြတယ်၊
မေမေက " ငါ့သားလေး ဘယ်ကိုသွားတာပါလိမ့်၊ ကျောပိုးအိတ်လေးလွယ်လို့ နောက်ကျောလေးမြင်လိုက်ရတာ စိတ်ထဲ မကောင်းလိုက်တာ '' ဆိုပြီး တဖွဖွ ပြောနေရော။
အိတ်ကလေးလွယ်ပြီး တရွေ့ရွေ့သွားနေတဲ့ သူ့သားနောက်ကျောကို မမြင်ရတော့မှ အိမ်ထဲ ဝင်လာတာ။
        အဲဒီလို တရွေ့ရွေ့နဲ့ ဘယ်သွားမှန်းမသိ သွားတယ်ဆိုတာ " ဗမာ့မျိုးချစ်လူငယ်အစည်းအရုံး ABPY " ရှိရာ ဘောင်ဒရီလမ်းဘက်ကို ဆိုတာ နောက်ပိုင်းမှ သိလာရတယ်။
      

August 13, 2014

သူ့သမိုင်းထဲက ကိုယ့်အမှတ်တရ - ၂

ကိုယ့်စိတ်ထဲမှာ ထင်သည့်အတိုင်း ကိုယ့်မောင်လေး သူ့အိမ်မှာ ရောက်နေတာ အမှန်ပင်၊ သူက စစ်တပ်က မေးလားမြန်းလားလုပ်လာပါက အမှန်အတိုင်းလဲ မပြောချင်၊ လိမ်ပြောလို့ သိသွားပါက သူတို့မိသားစု ဒုက္ခ အကြီးအကျယ် ရောက်မှာကို တော်တော် ကြောက်နေတာ၊ ဒါ့ကြောင့် အိမ်လိပ်စာရအောင် ယူပြီး ရဲလင်းကို လာခေါ်ခိုင်းတာ၊ သန်လျင်ဆိုတာက အဲဒီတုန်းက နယ်မြို့သာသာလေးပဲ ရှိတာဆိုတော့ အရေးအခင်းကာလ ကိုဖြတ်သန်းပြီး စစ်တပ်အောက်မှာ ဖမ်းမှာဆီးမှာကို စိုးရိမ်ရှာတယ်။ သူ့သားအတွက်လဲ စိုးရိမ်နေတယ်၊ အိမ်မှာ အဖေ့ကို ကိုယ်ထင်တာ ပြောခဲ့တာ မှန်တယ်ဆိုတာ လမ်းရောက်မှ သိတာ၊
ဖေဖေ အဲဒီအဒေါ်ကြီး ကြည့်ရတာ ရဲလင်းကို သူ့အိမ်မှာ မထားချင်လို့ မထားရဲလို့ သားသူငယ်ချင်းဆိုတော့ လက်မခံဘူး ပြောရမှာလဲ နကိုက ဝင်ထွက်ခင်မင်နေတော့ ပြောမထွက်ဘူးထင်တယ်။ ဒါ့ကြောင့် မိဘဆီ လာပြောတာ၊ဖြစ်မယ်လို့ ပြောပြခဲ့တာ။
           သူ့ကိုကြည့်ရတာ သားတွေ့ပြီဆိုပြီး ဝမ်းသာအားရ လာသတင်းပေးတာ အကြောင်းကြားတာနဲ့ မတူပဲ တစ်ခုခုကို စိုးရိမ်ပြီး ပြောတာကို အဖေက နောက်ကွယ်က တစ်ယောက်ယောက်က ချိန်းခြောက်ပြီး ပြောခိုင်းတဲ့ ပုံစံ ထိတ်ထိတ်လန့်လန့် ဆိုတော့ မသင်္ကာဖြစ်တာ၊ 
         ကိုယ့်ကိုတော့ သူ့သားသမီး အရွယ်မို့ ပြောရဲဆိုရဲ ရှိတယ်ထင်ပါတယ်။ သူစိုးရိမ်တာကို ပြောပြတယ်။ တစ်ခါထဲ လိုက်အောင် ခေါ်ဖို့ ပြောရှာတယ်။
အဲဒီနောက်ပိုင်း သူနဲ့ကိုယ်နဲ့ စကားမပြောပဲ ကိုယ့်အတွေးနဲ့ကိုယ် ထိုင်လိုက်လာကြတယ်။ ရန်ကုန်မြစ်ထဲ ဇက် ခုတ်တယ်ဆိုပဲ လူအချို့ ထကြည့်ကြတယ်၊
လူသေ အလောင်းတွေ မြောနေတာ၊ အစုလိုက်တော့ ဟုတ်ဟန်မတူဘူး၊ ဟော ဟိုမှာ ဟိုမှာ ပြီးတော့ ဟိုးမှာ တစ်လောင်းဟေ့ ပဲလို ပြောတာကြားနေရတယ်။ ကိုယ်က ထမကြည့်ဘူး၊  ဒါတောင် ဇက်ပေါ်ကနေ ရေပြင်ဆီ ဟိုဟိုသည်သည် မျက်လုံး လှမ်းကြည့်မိတဲ့ အခိုက်မှာ  မျောလာတာ မျက်စိနဲ့ တိုးလိုက်သေးတာ၊လူ တော်တော်များများ ကတော့ကိုယ့်အတွေးနဲ့ကိုယ်   ငြိမ်သက်နေကြတယ်၊ စစ်တပ်အာဏာသိမ်းပြီး ဘာတွေ ဆက်ဖြစ်မလဲ ဘာတွေရင်ဆိုင်ရမလဲ၊ ရှေ့ဆက်ရမှာကိုပဲ တွေးနေကြပုံရတယ်။
           ကိုယ်ကလဲ ကိုယ့်မောင်လေး ဇွန်လက အခု စက်တင်္ဘာအထိ (၃)လ အတွင်း ဘယ်လိုများ ရပ်တည်နေပါလိမ့်၊ သန်လျင်က သူငယ်ချင်းဆီ ရောက်သွားတာ အကှုအညီ သွားတောင်းတာလား၊ စစ်အာဏာသိမ်းပြိဆိုတော့ သွားစရာ မရှိ နေစရာမရှိ ဒုက္ခတွေရောက်ပြီး ငယ်သူငယ်ချင်း မဟုတ်တဲ့ ဒီသူငယ်ချင်းဆီကို လာရှောင်တာလား၊ ဘယ်လိုပုံစံနဲ့ တွေ့ရမှာပါလိမ့်၊ ဂျီးအထပ်ထပ်နဲ့ အင်္ကျီအစုပ်အပြဲနဲ့ တွေ့ရမှာလား၊ အဲဒီအခါကျ ငါငိုမိမလား၊ ဘယ်လိုပုံစံပဲ တွေ့တွေ့ ငါမငိုအောင် နေမယ်၊ သူ့မှာ သွားစရာ မရှိရင် ပုန်းရမယ့် နေရာ ရှာရမယ်၊ ဘယ်ကို ပို့ပေးရမလဲ စသဖြင့် ဗြောင်းဆန်အောင် တွေးနေမိတော့တယ်။
           သန်လျင် ဇက်ဆိပ်ကနေ မြင်းလှည်းစီးပြီး အဲဒီအိမ်ကို ရောက်တဲ့အခါ အဲဒီအဒေါ်ကြီးရဲ့ ယောင်္ကျား ဖြစ်ဟန်တူတဲ့ ဦးလေးကြီးက ငါ ဟိုဘက်ခန သွားအုန်းမယ်လို့ ပြောပြီး ထွက်သွားတယ်။ သူက အားနာပြီး ထွက်သွားပေမယ့် ရုတ်တရက် ကိုယ်လာမှ ဘယ်ကိုသွားပြီး ဘာလုပ်မလို့ ထွက်သွားတာလဲလို့ တွေးချင်စရာ၊ အမှန်က သူတို့က ရိုးသားလွန်းပြီး သူတို့ စိုးရိမ်တာ ကြောက်တာကို မဖုံးနိုင်ဖြစ်နေတာ၊ အဒေါ်ကြီးက သူ့သားနာမည်ကို မေးပြီး ဘယ်သွားကြလဲ မေးတယ်။ အပြင်ထွက်သွားတာ ပြန်မလာကြသေးဘူး ဆိုတော့ အဒေါ်ကြီးက စိတ်ရှုပ်သွားပုံရတယ်၊ ကိုယ့်ကို ထိုင်ပါလဲ မပြောဘူး၊ ကိုယ်ကလဲ တဲအိမ်လေးရဲ့ အရှေ့မှာ ရှိတဲ့ ခုံတန်းရှည် တန်းလျားလို့ ထင်တယ် အဲဒီမှာ ထိုင်ချရင်း ပတ်ဝန်းကျင်ကို ကြည့်လိုက်တယ်။ မြေကွက်လပ်က အကျယ်ကြီးပဲ၊ အိမ်တွေကလည်း တစ်အိမ်နဲ့တစ်အိမ် ဝေးတယ်၊ အဲဒီခေတ်က သန်လျင်မြေဈေးက ဘယ်လောက်မှ မရှိဘူး၊ လူတွေက ခြံတွေ ဝင်းတွေနဲ့ နေကြတယ်။
       မှတ်မှတ်ရရ ၁၉၈၉ ခုနှစ် နှစ်ကုန်ပိုင်းမှာ သန်လျင်မှာ ကျောင်းဆရာမ တာဝန်ကျတော့ အဲဒီကျောင်းက  ကျောင်းအုပ်ဆရာကြီးက ဝန်ထမ်း လုပ်သက်(၃၀)ကျော်နေပြီမို့ သန်လျင်မှာ မြေကွက်တစ်ကွက်ရတာ သိလိုက်တာ၊ ၁၉၉၀ခုနှစ်မှာ ဆရာကြီးက သူလဲ မနေပဲ အလကားဖြစ်နေတယ်ဆိုပီး  ရောင်းဖို့ စဉ်းစားတယ်။  အဲဒီအချိန် သူ့သားက ဆယ်တန်းအောင်တော့ စက်ဘီးဝယ်ပေးဖို့ ပူဆာတယ်။  ဆရာကြီးကလည်း  ဆုချချင်တယ်၊ ဒါနဲ့ အဲဒီမြေကွက်ကို ရောင်းလိုက်တာ ကျပ်ငါးထောင်( ၅၀၀၀) ရတယ်။ နောက်ပိုင်း  အဲဒီမြေကွက်တွေ ဈေးတွေ ဆယ်ဂဏန်း အထိရောက်သွားတော့ ဆရာကြီးကတော်က တို့တော့ ကံမပါဘူး၊ စက်ဘီးတစ်စီးပဲ ရလိုက်တယ် ပြောတယ်။ အခုဆိုရင်တော့ ရာချီ နေလောက်ပြီ။
         ကိုယ်လဲ အိမ်ရှေ့မှာ ထိုင်ရင်း လက်ကနာရီ ကြည့်လိုက်တော့ စိုးရိမ်သွားတယ်၊ အပြန်ဇက်မမီရင် ဘယ်လိုလုပ်ရပါ့ပေါ့၊  ကိုယ့်မောင်လေး ပြန်လာတာကို စောင့်နေရတယ်။ သူလာမှ အချိန်ကြည့်ပြီး စီစဉ်ရမှာပဲ ဆိုပြီး စိတ်ကို လျှော့ထားလိုက်တယ်၊ ရန်ကုန်ဘက်ကမ်း ရောက်ရင်တော်ပြီ၊ ပြီးရင် အနီးဆုံး အိမ်တစ်အိမ် စဉ်းစားထားတာရှိတော့ နဲနဲ စိတ်အေးသွားတယ်၊
       အဖေကတော့ ဒီဘက်ကမ်းကူးဖို့ မမီရင် သန်လျင်က မြန်မာ့စီးပွားရေးဘဏ်မှာ အဖေ့နာမည်ပြောပြီး ဝင်တည်းဖို့ မှာလိုက်တယ်၊ ဒါပေမယ့် မောင်လေးရဲ့ သတင်းကို သိထားရင် ဋ္ဌာနတစ်ခုထဲဆိုတော့ သတင်းတွေက သိကြမှာပဲ၊ ဒါ့ကြောင့်  အဲဒါက ဒုတိယ ဦးစားပေး  ထားလိုက်တယ်၊  ပထမဆုံးက ရန်ကုန်ဘက်ကမ်းကို ပြန်ရောက်ဖို့လို့ တွေးထားလိုက်တယ်။
        နာရီဝက်လောက် စောင့်အပြီးမှာ ရဲလင်းနဲ့ သူ့သူငယ်ချင်းတို့ လွှားလွှား လွှားလွှားနဲ့ ရောက်လာကြတယ်။  ကိုယ်က အရင်မြင်တာ၊ သူက စကားတပြောပြောနဲ့ သူ့ထုံးစံအတိုင်း ပြုံးပြုံးနဲ့ စကားတွေ ပြောလာတာ၊  ကိုယ့်ကို ငုတ်တုပ်လဲ တွေ့ရော အံဩပြီး မျက်လုံး ပြူးသွားတယ်၊ ပြီးတော့ တစ်ချက်တွေသွားတယ် ၊ ငါ့အမ ဘယ်လို ရောက်လာပါလိမ့်လို့ တွေးတယ်ထင်တယ်၊
        ကိုယ်လဲ အစောကြီးက ကြိုတွေးထားသလို ငိုလဲမငိုချင် စုတ်စုတ်ပြတ်ပြတ်လဲ မဟုတ်ပဲ ပုံမှန်ဆိုတော့ စိတ်ထဲ အေးသလို ဖြစ်သွားတယ်၊ မောင်လေးက ကိုယ့်အနား လာထိုင်ပြီး  ထင်တော့ထင်သား မနက်က  ----ရဲ့ အမေက ငါ့ဆီက မှတ်ပုံတင်ခန ပြဆိုပြီး တောင်းကြည့်တယ်၊ အဲဒီလိပ်စာနဲ့ လာခေါ်တာလားလို့ တန်းပြောတယ်။
        ကိုယ်ကလဲ ပြန်ရအောင်၊ မေမေ နေမကောင်းဘူး၊ နင့်စိတ်နဲ့ အိပ်ယာထဲ လဲနေတယ်၊ အခု အသက်မသေပဲ ရှိတယ် ဆိုတော့ အရမ်းဝမ်းသာနေတယ် လို့ ပြောလိုက်တယ်။
         ရဲလင်းက ချက်ချင်းဆိုသလိုပဲ ငါပြန်လို့ မရသေးဘူး၊ အခု လုပ်စရာတွေ အများကြီးရှိတယ်။ ဒါ့ကြောင့် ရန်ကုန်ကို ပြန်တက်လာတာ၊ အိမ်ပြန်လို့ မဖြစ်သေးဘူး ပြောတယ်၊ မေမေ့ကို တွေ့လိုက်ပါအုန်း ပြီးမှ နင်လုပ်ချင်တာလုပ် ဆိုတော့ စဉ်းစားနေတယ်၊ သူ ခရမ်းဖက် သွားရအုန်းမှာလဲ ပြောတယ်။
       ရန်ကုန်ကို ပြန်တက်လာတာ အပြောကို သတိထားမိပြီး ရန်ကုန်မှာ အရေးအခင်းကာလမှာ ရှိမနေဘူး ဆိုတာ သိသွားပြီး    ဒါဆို ဒီ့အရင် ဘယ်မှာနေလဲလို့တောင် မမေးမိဘူး၊ ပြောစရာတွေကများနေတော့၊
           ကဲကဲ ငါနေကောင်းတယ် မေမေ့ကိုပြောလိုက်ပါ၊ မစိုးရိမ်နဲ့၊ စိတ်ချရတဲ့ နေရာမှာ ရှိတယ်လို့ သိပြီပဲ နင်ပြန်တော့ ဇက်ဆိပ်ကို လိုက်ပို့ပေးမယ် ပြောလဲပြော ထရပ်ပါလေရော၊
         အဲဒီတော့မှ ကိုယ်လဲ ပြောချင်တာကို အမြန်ပြောရတယ်၊
...... ရဲ့အမေက နင်သူ့အိမ်မှာ နေတာကို စိုးရိမ်နေတယ်၊ နင် နေလို့မဖြစ်ဘူး ဆိုတော့ မောင်လေးက ဘာမှ မဖြစ်ပါဘူး၊ ငါလဲ အကြာကြီးနေမှာ မဟုတ်ဘူး၊ ဒီတစ်ညပဲ နေပြီး မနက်ကျ ခရမ်းဘက် ကူးမှာတဲ့၊ ခပ်အေးအေးပဲ ပြောလေရဲ့၊
           ဒီတော့မှ အဲဒီအဒေါ်က ရိုးတယ် ပြီးတော့ကြောက်နေတယ်၊ အဲဒါ နင့်အတွက် အန္တရာယ်ပဲ၊ အခုက ရပ်ကွက်တွေမှာ စစ်တပ်က စစ်လားဆေးလား လုပ်နေတာ၊ လူစိမ်းရှိလား၊ ကျောင်းသားရောက်လာတာ ရှိလားမေးနေတာ၊ အဲလို လာမေးခဲ့ရင် အဲဒီ အဒေါ်က ပိပိရိရိ ညာပြောနိုင်မှာ မဟုတ်ဘူး၊ စစ်သားက တစ်ချက်လောက် ဟောက်လိုက်တာနဲ့ တန်းဖော်မှာ၊ သူတို့ပုံစံနဲ့ မဖြစ်ဘူး ဆိုတော့ သူတစ်ခါထဲ တွေကနည်း စဉ်းစားတယ်၊
ကိုယ်ကလဲ ဆက်ပြောတယ်၊
အခုက အိမ်မှာ လူစိမ်းရောက်လာရင် သတင်းပို့၊ မပို့ရင် အရေးယူမယ် ကြေညာထားတာ၊ သူက ဒီတစ်ည ဆိုပေမယ့် သူတို့အတွက် စိုးရိမ်ပြီး သတင်းပို့လိုက်ရင် နင် ဒုက္ခရောက်ပြီ ဆိုတော့ ငေါက်ကနဲ ထရပ်တယ်၊ ငါ့မှာ လုပ်စရာတွေ ရှိတယ်၊ အဖမ်းခံရလို့ မဖြစ်သေးဘူး ဆိုပြီး ကဲ ငါတို့ လစ်မယ် ဆိုပြီး ပြန်ဖို့ ပြင်တယ်၊
        ကိုယ်ကလဲ နင့်မှာ နေစရာ သွားစရာ မရှိရင် ငါပို့ပေးမယ်ပြောတော့ ရှိတယ်၊ အဲဒီအတွက်မပူနဲ့၊ အခု ဇက်မီအောင် သွားကြမယ် ဆိုပြီး အိမ်ထဲမှာ ရှိနေတဲ့ သူ့သူငယ်ချင်း နဲ့ အမေကို နှုတ်ဆက်တယ်၊ ထွက်လာတဲ့ သူ့သူငယ်ချင်းက ဘာလို့ပြန်မလဲ ဘာညာမမေးပုံထောက်တော့ သူ့အမေနဲ့ စကားပြောပြီးကြပုံ ရတယ်၊ စောစောက လွယ်လာတဲ့ ကျောပိုးအိပ်ကိုပဲ ကောက်လွယ်တော့ အထုတ်အပိုး မပါဘာမပါ ၊ အဝတ်အစားအပိုလဲ မပါဆိုတော့ သူနေနေတဲ့ နေရာတစ်ခု ရှိတာ သေချာ သွားတယ်၊
        ဒါနဲ့ မောင်နှမနှစ်ယောက်  သန်လျင်ဇက်ဆိပ်ကို သုတ်ခြေတင်ကြတယ်၊ ဘယ်သွားမယ် ဘယ်မှာလမ်းခွဲမယ် ဆိုတာ မပြောဖြစ်ဘူး၊ ဇက်ဆိပ်ရောက်တော့ အစိုးရလိုင်းတွေ မရှိတော့ဘူး၊ အောက်ဆိုဒ်ဆွဲတဲ့  စက်တပ် မော်တော်တွေ ရပ်ထားပြီး လူခေါ်နေတယ်။
         ရန်ကုန် ရန်ကုန် သီတာဆိပ် နောက်ဆုံးမော်တော် နောက်ဆုံးမော်တော်လို့ တကြော်ကြော် အော်တဲ့ဆီ အပြေးပဲ ဆင်းခဲ့ကြတယ်၊ ဒါပေမယ့် ကိုယ်တွေ ထိုင်နေတဲ့အထိ လူခေါ်တုန်း၊ ဘာပဲဖြစ်ဖြစ် ရန်ကုန်သွားမယ့် မော်တော်ထဲ ရောက်နေပြိဆိုတော့ စိတ်အေးသွားပြီး အဲဒီကျမှ အသက်ဝဝ ရှုလိုက်မိတော့တယ်။

သူ့သမိုင်းထဲက ကိုယ့်အမှတ်တရ - ၁

စာရေးဆရာ ဒါရိုက်တာ ကိုချိုတူးဇော်က " ကိုယ့်သမိုင်းကိုယ်ရေးကြတာပေါ့" ဆိုပြီး ဖေ့စ်ဘွတ်မှာ ရေးလာတာ အမှတ်စဉ် ၁၇ ရောက်လာတဲ့ အထိ လိုက်ဖတ်ရင်း ကိုယ့်ကိုယ်ကို ပြန်သတိရလာတာတွေ ရှိလာတယ်။ အကြောင်းက သူရေးတဲ့အထဲ ရဲလင်း အကြောင်းက သူနဲ့ တွဲရက် ပါလာတယ်။ ရန်ကုန်တက္ကသိုလ် ဇွန်အရေးအခင်းမှာုံကြည်ချက်တူသူတွေ လက်တွဲခဲ့ကြတာမှာ အတူတွဲပြီး  အရေးတော်ပုံကို ဆင်နွှဲခဲ့ သူချင်းမို့ ကိုယ့်သမိုင်းကိုယ်ရေးရင်း အတူ ပါလာတယ်။ ကိုယ်ကတော့  သူရေးတာတွေ ဖတ်ပြီး  ရဲလင်းရဲ့ အမ တစ်ယောက်အနေနဲ့  ကြုံခဲ့ရတာတွေ ပြန်သတိရနေရတော့တယ်။ 
               ဇွန်အရေးအခင်းမှာ ပျောက်သွားပြီး ဘယ်ရောက်မှန်း မသိဘူးလို့ ဆိုရပေမယ့် ကျောင်းသားလှုပ်ရှားမှု တစ်ခုခု လုပ်နေတာတော့ သိနေတယ်။ ဒါကလဲ ဇွန်လမှာ ကျောင်းထဲမှာ ပုဝါတွေ စည်းပြီး ဟောပြောနေတာတွေ ဖြစ်နေတုန်း ကျောင်းကနေ  အိမ်ပြန်လာတဲ့ မောင်လေးက  သူ့လွယ်အိတ်ထဲက ပစ္စည်းတွေ ထုတ်တာမှာ ကိုယ့်ရဲ့ ခေါင်းစည်းပုဝါ ထွက်လာပါလေရော။
" ဘာလုပ်တာလဲ ငါ့ပုဝါ ပြန်ပေး" လို့ ပြောရင်း တခုခုကို ဖြတ်ကနဲ သတိရသွားတယ်။ ရယ်ဖြဲဖြဲ လုပ်နေတဲ့ မောင်လေးကို နင်ပါနေပြိလား ဆိုတော့ အေး တဲ့။ ( ကိုယ်နဲ့မောင်လေးက တစ်နှစ်နဲ့၁၀လကွာတဲ့ အထက်အောက် မောင်နှမဆိုတော့ ညီအမလို ဖြစ်နေတယ်၊ နင်နဲ့ငါနဲ့ပြောကြတယ်) 
သူက အဖေနဲ့အမေကို မပြောနဲ့ဆိုတော့ ကိုယ်ကလဲ အေး လို့ ပြောလိုက်တယ်။ ကျောင်းထဲမှာ ငါတို့လဲ သွားနားထောင်တယ် အဲဒီနားမှာ ရှိတယ်ဆိုတော့  ငါ့ကို တွေ့လားတဲ့။ 
မတွေ့ဘူး လို့ပြောရင်း ကျောင်းမှာတုန်းက သင်္ချာက မောင်မောင်ကျော်ဆိုတာ ကြားလိုက်မိတာ ရှိတော့ မောင်လေးကလဲ သင်္ချာက၊  မောင်မောင်ကျော်ဆိုတာ နင်လားဆိုတော့ မဟုတ်ပါဘူးဟ ဆိုပီး ရယ်နေတယ်။ ရယ်နေတော့ ဟုတ်နေတယ်လို့တောင် ထင်မိသေးတယ် အဲဒီတုန်းက။ 
           မောင်လေးက ပထမနှစ် သင်္ချာအဓိကနဲ့ ရန်ကုန်တက္ကသိုလ်( ဗိုလ်တစ်ထောင်)မှာ တက်ပြီး ဒုတိယနှစ်အရောက်မှာ အလုပ်တစ်ဘက်နဲ့မို့ လုပ်သားကောလိပ် ပြောင်းတက်နေတာ၊ ပိတ်ရင်ဆို မိန်းထဲမှာ ပရယ်တီကယ် လာလုပ်တယ် ထင်တာပဲ။ 
        ဇွန်အရေးအခင်းအပြီး ကျောင်းတွေပိတ်တော့ ကိုယ်က အိမ်မှာ အိမ်စောင့် ဖြစ်ရော၊ ရုံးတွေနဲ့ အခြေခံကျောင်းတွေက မပိတ်သေးဘူး။ အဲဒီမှာ လေးဘီးတစ်စီးနဲ့ အိမ်ရောက်လာတဲ့ မောင်လေးကို ကိုယ်ပဲ တွေ့လိုက်ရတာ။ သူက အဖေ့ရုံး( သူ့ရုံးလဲဟုတ်) နဲ့ အမေ့ကျောင်းက ဝန်ထမ်းတွေ အတွက် ဆန်တွေ (၂လစာ) ထင်တယ် အစိုးရက ကြိုထုတ်ပေးတော့ အဲဒါတွေ ပတ်ထုတ်၊ လေးဘီးငှားပီး အိမ်လာပို့တာ။ ပျာယိပျာယာနဲ့ ဆန်အိတ်တွေချပြီး ဒီဆန်တွေ တို့မိသားစု တော်တော်ကြာကြာ စားလို့ရမယ်ထင်တယ် ပြောတယ်။ ပြီးတော့ ငါသွားတော့မယ်တဲ့ ပြန်မလာရင် အဖေနဲ့အမေကို သေချာပြောပြပါ။  ဂရုစိုက်ပါလို့ ပြောသွားတယ်။ ဘယ်သွားမယ် ဘာလုပ်တယ်ဆိုတာ မပြောပေမယ့် စိတ်ထဲက သိနေတာတွေ ရှိတော့ ဘာမှလဲ ပြန်မပြောမိ၊ မေးလဲမမေးဘူး၊ မေးလဲ ပြောမှာမဟုတ်ဆိုတာ သိနေတယ်။
          အဲဒီညမှ ရဲလင်း  အိမ်ပြန်မလာတော့ အမေက  သူနဲ့နောက်ဆုံးဆုံတဲ့ ကိုယ့်ကို မေးတော့တာပဲ၊ အမေက လုံးဝကို မရိပ်မိ မသိတာ၊ အဲဒါ ပုဝါတွေ့တာကအစ ပြန်ပြောမှ အမေက သိတယ်။ ဒါ့ကြောင့် သူပျောက်သွားတော့ လူပျောက်မတိုင်၊ ရှာလဲမရှာ  ကိုယ့်မိသားစု တိတ်တိတ်လေး နေကြတယ်။ 
        သူက သူ့အစီအစဉ်နဲ့သူ အလုပ်ထွက်စာကိုလဲ တင်လိုက်တယ်။ သူ့သဘောက တစ်ရုံးထဲမှာ ရှိနေတဲ့ အဖေကို ထိခိုက်မှာ စိုး၇ိမ်လို့ပဲ၊ ဒါပေမယ့် သူထွက်စာတင်ထားတာ မသိတော့ အဖေက သူ့သားရုံးမတက်တာ ခွင့်မဲ့ပျက်ဖြစ်မှာဆိုးလို့ အိမ်ကစိတ်ဆိုးပီး ထွက်သွားတယ်လို့ ရုံးကို ပြောထားတာ။ အဲဒီမှာတင် ထွေဂျာက ဒီမှာ အလုပ်က ထွက်စာရောက်နေပြီ ဆိုပြီး မသင်္ကာဖြစ်တော့တာပါပဲ။ ကျောင်းသားတစ်ပိုင်း ဖြစ်နေတာမို့ ခင်ဗျားသား ကျောင်းသားလှုပ်ရှားမှုမှာ ပတ်သက်နေတယ် မဟုတ်လားလို့ ခနခန ခေါ်မေးတော့တာပဲ၊ အဖေကလဲ မသိဘူးပေါ့၊ တကယ်လဲ မသိပါဘူး။ ဆန်ပေးတာတောင် ထုတ်သွားသေးတယ်ပေါ့ အဲဒီအထိ သူ့သား အလုပ်ထဲမှာပဲ စိတ်ရှိတယ် ထင်နေတာ။ 
       ရှစ်လေးလုံးမှာ လှုပ်ရှားမှုကြီးစတော့မယ် ဆိုပီး စာတွေကပ်တာ၊ ဝေတာ ဖတ်ရတော့ ဟုတ်ပြီ၊ ကျောင်းသားတွေ မြေလျှိုးပြီး လုပ်နေတာ ဆိုပြီး ရှစ်လေးလုံးကို မျှော်တာလေ၊ အဲဒီကြ ပုန်းနေတဲ့ သူ့သား ထွက်လာမှာပဲ ဆိုပြီးတော့၊ ဖြစ်ချင်တော့ မနက်စောစောမှာ ကိုယ်တွေနေတဲ့ လမ်းထိပ်က အုတ်ခုံမှာ စာတွေ ကပ်သွားတာ ဖတ်ရတော့ သူ့သားမို့ ဒီလမ်းထဲ လာကပ်တာပဲ ၊ တစ်နေရာမှာ ပုန်းပြီး ရှိနေတယ်ဆိုပြီး သူ့သားကို တွေ့ရအောင် မနက်အစောကြီး ထ လမ်းလျှောက်ချင်ယောင်ဆောင်ပြီး သားကို ထွက်စောင့်တယ်။ တကယ်တော့ ကိုယ့်မောင်လေးက ကိုချိုတူးဇော် ရေးတဲ့ စာထဲမှာ မြိတ်ကို ရောက်နေပြီ။ 
         ဟိုခမျာ စာလာကပ်တဲ့ ကျောင်းသားတွေ စာကပ်တာ မတွေ့ရတော့ဘူး၊ အဖေက အုပ်ခုံမှာ သွားစောင့်နေတော့ မလစ်လို့နေမှာ။ 
        ရှစ်လေးလုံးနေ့မှာ အမေက ကျောင်းသွားရတယ်၊ အိမ်စောင့် ဖြစ်နေတဲ့ ကိုယ့်ကို တစ်ခုခု ထူးရင် ဖုန်းဆက်လို့မှာတယ်။ သူ့သား ဆက်သွယ်လာမလားပေါ့၊ 
       ရှစ်လေးလုံး ကာလတစ်လျှောက်လုံး အဖေအပါအဝင် မောင်နှမတွေ ကိုယ့်စစ်ကြောင်းနဲ့ကိုယ် ချီတက်ရင်းက မောင်လေး ကို ရှာရတယ်။ ပြန်လာရင် အမေက ငါ့သားသတင်း ဘာကြားလဲ မေးတယ်။ ကိုယ်တွေလဲ မတွေ့၊ မကြားပေါ့၊ 
        တစ်ရက်မှာ ပုသိမ်ညွန့် ခြောက်လမ်း မှတ်တိုင်နားမှာ ကျောင်းသားတစ်ယောက် ဟောပြောနေတယ်။ နာမည်က ရဲလင်းဆိုတော့ အဖေကလူကြားထဲက ကြည့်ရတော့ ပုံကြည့်တာတော့ မတူဘူး၊ သေချာအောင်ဆိုပြီး စင်အနောက်ထဲ လိုက်သွားပြီး စောစောကဟောတဲ့ ရဲလင်း ဆိုတဲ့ ကျောင်းသားနဲ့ တွေ့ချင်လို့ပါပြောတော့   အဖေ့ကို မယုံလို့ စစ်ကြဆေးကြသတဲ့၊ ပြီးတော့လဲ မဟုတ်ပါဘူး၊ ဘယ်ရောက်နေမှန်းမသိတဲ့ လူကို ရှာနေကြတာလေ။ 
            စက်တင်္ဘာမှာ စစ်တပ်က အာဏာသိမ်းတော့ အမေလည်း အိပ်ယာထဲ လဲတော့တာပဲ။ သားစိတ်နဲ့၊ ဇာတ်လမ်းက ပြတ်ပြီလို့ အမေက ထင်နေတာ။ ဘယ်လိုမှ ရှာမတွေ့ သတင်းမကြားတာ စစ်တပ်အာဏာသိမ်းပြီဆိုတော့ သတင်းကို စုန်းစုန်းမြုတ်ပြီပေါ့၊
              ရက်အတိအကျ  မမှတ်မိတော့ပေမယ့် စစ်တပ်အာဏာသိမ်းပြီးနောက် အဲဒီလထဲမှာပဲ   အိမ်ကို  တစ်ခါမှ မမြင်ဖူးတဲ့ အမျိုးသမီး တစ်ယောက် ရောက်လာပါလေရော၊ သူ့ကြည့်ရတာ အိမ်နေရင်းက အရေးကြီးလို့ အလျင်စလို ထပြီး လာရတဲ့ ပုံစံမျိုး ၊ အိမ်နေရင်း အဝတ်အစားမှာ အပေါ်က ဖလံနယ်အကွက် အနွေးထည်လေး ထပ်ဝတ်လို့၊
မောင်..........ရဲ့ အမေပါ၊ သန်လျင်က လာတာပါ ၊  ရဲလင်း သူ့အိမ်မှာ ရောက်နေတယ်၊ မိဘတွေ လာခေါ်ပါ လို့ပြောတော့ အိပ်ယာမှာလှဲနေတဲ့ အမေက ဝမ်းသာအားရ ထထိုင်တယ်။ အဖေ့ကို သွားခေါ်လို့ ဝမ်းသာအားရ ပြောတယ်။
အဖေက ဝမ်းသာပြီး အံဩနေဟန်နဲ့ ဧည့်သည် အဒေါ်ကြီးကို မေးခွန်းတွေ မေးတော့တာပဲ။ 
ကျတော့်သားက ဘာလို့ သူ့ဘာသာ ပြန်မလာတာလဲ( အဒေါ်ကြီးက မဖြေတတ်)
ဒီအိမ်လိပ်စာ ဘယ်ကရတာလဲ ( အဒေါ်ကြီးက ရဲလင်းမှတ်ပုံတင်က ကူးလာတာ) 
ကူးလာတာဆိုတော့ ရဲလင်းက ပေးတာ မဟုတ်ဘူးပေါ့ ( အဒေါ်ကြီး ဘာပြောရမှန်းမသိ) 
အခု ကျတော့်သား ဘယ်မှာလဲ ဆိုတော့ ကျမအိမ်မှာ ကျမသားနဲ့အတူ ရှိတယ်။
အမကြီးရဲ့သား မောင်... ကို သူ့ကို ရဲလင်း ဆက်သွယ်လာရင် ဦးတို့ကို ပြောပါ ပြောထားတာ သူကမလာပဲ အမကြီးကို ဘာလို့ လွှတ်လိုက်တာလဲ ( အဒေါ်ကြီး မဖြေတတ်) 

သူက ပြန်လာခေါ်ဖို့ပဲ ပြောနေတာ၊ အဖေကလဲ မသင်္ကာတွေဖြစ်။
မောင်..........နဲ့ ရဲလင်းက ပထမနှစ်သင်္ချာ တက်တုန်းက သူငယ်ချင်းတွေဆိုတာ ဟုတ်တယ်၊ မောင်....ကလဲ အိမ်ကိုလာလည်ဖူးတော့ လူကိုလဲ သိတယ်။ သူ့အမေဆိုတာသာ အခုမှ ပြောလို့သိရတာ။ ခေတ်အခြေအနေကလဲ ဘာမှန်းမသိတော့ အဖေက သေသေချာချာ မေးနေတာ။ 
         အမေက အဖေ့ကို သူများက စေတနာနဲ့အဝေးကြီးကတောင် လာပြောရှာတာ ရှင်လိုက်သွား လို့ ပြောပါလေရော၊ 
အဖေက မနက်ကျမှ လိုက်ခဲ့မယ်၊ လိပ်စာပေးခဲ့ ၊ အခုက ညနေရောက်နေပြီ ညမထွက်ရ အမိန့်နဲ့ဆိုတော့ အပြန်ပြန်ဖို့ မလွယ်ဘူး လို့ ပြောတယ်။ 
     အဖေ ချက်ချင်းမလိုက်တာကို     အမေက သားဇောနဲ့ ထပြီး မလိုက်ရကောင်းလားလို့  ဧည့်သည်ရှေ့တင် စကားများကြပါလေရော၊ 
အဖေက မင်းဘာသိလို့လဲ ချည်းပြောနေတာ။
နောက်မှ သိရတာက အဖေက သတင်းအစရတော့ ဝမ်းသာသွားတယ်။ ဒါပေမယ့် ခေတ်က မကောင်းတော့ လူကို မယုံလို့ နောက်နေ့မှ လိုက်ခဲ့မယ် ပြောပြီး အဲဒီ အဒေါ်ကြီး ပြန်မှ အနောက်ကနေ လိုက်ချောင်းပြီး လိုက်သွားမယ်ပေါ့။ အဲလို တွက်တာ၊ အမေကတော့ ကိုယ့်သားသတင်း သိရပြီ၊ လာပြောတာလဲ သားသူငယ်ချင်းရဲ့ အမေ ၊ ဒီလို အခြေအနေမှာတောင် သန်လျင်ကနေ ကိုယ်တိုင် လာပြောရှာတာ လိုက်သွားပေါ့၊ အမေက လမ်းကောင်းကောင်း မလျှောက်နိုင်ဘူးဖြစ်နေတာ၊ 
         အဖေနဲ့အမေ စကားများကြတော့ ကိုယ်ကပဲ ကြားဝင်ပြီး လိုက်သွားမယ်၊ အပြန်မမီရင် သူငယ်ချင်းရဲ့ အမအိမ်ရှိတယ်၊ အဲဒီမှာ နေလို့ရတယ် ပြောတော့ အမေက ခွင့်ပြုတယ်၊ အဖေက လမ်းစားရိတ် ပိုက်ဆံ လာယူဆိုပြီး အပေါ်ထပ်ကို ခေါ်ပြီးမှ သူမသင်္ကာတာ ထပ်ပြောပြန်တယ်။ ဒါနဲ့ ကိုယ်ကလဲ လိုက်ခေါ်မှ ဖြစ်မယ့် အချက်တစ်ခုကို မြင်လိုက်လို့ အဲဒါ အဖေ့ကို ပြောပြလိုက်တယ်။ ဒီတော့မှ အဖေက အဲဒီ အချက်ကို လက်ခံပြီး ကိုယ့်ကို အဲဒီ အဒေါ်ကြီးနဲ့ ထဲ့လိုက်တယ်။ 
         အိမ်ကနေ သီတာဆိပ် (ထင်းပုံဆိပ်)ကို ဘတ်စ်ကားစီးပြီး အဲဒီကမှ သန်လျင်ကို ကူးတဲ့ ဇက်နဲ့ တစိခါမှ မတွေ့ဖူးတဲ့ အဒေါ်ကြီးနဲ့ လိုက်သွားခဲ့တယ်။


August 3, 2014

" အဓိပတိလမ်းပေါ် လျှောက်ဖူးခဲ့ပါသည်"

                             

                                                                             
                              ဘန်ကောက်လေဆိပ် ကနေ " သွေးသွေး"  စီးလာသည့်  လေယာဉ်က ကောင်းကင်ကို ထိုးတက်ပြီး    မကြာမီမှာပဲ မြန်မာပြည်ရဲ့ ပိုင်နက်ပေါ်က ဖြတ်သွားတာကို လမ်းပြမြေပုံကြည့်ရင်း ရင်ထဲ လှပ်ကနဲ ဖြစ်လေသည်။
  မြန်မာပြည်နဲ့ ပတ်သက်လေတိုင်း " သွေး" ရဲ့  ရင်ထဲမှာ လှိုက်ကနဲ ဖိုကနဲ  ဖြစ်ရတဲ့ ခံစားချက်တွေ  မကြာခဏ ဖြစ်လို့နေလေသည်။
ဒီလို ဖြစ်တိုင်း ဖေဖေ ဦးမြင့်မိုရ်နဲ့ မေမေ ဒေါ်သီရိတို့ကို တမ်းတမ်းတတ လွမ်းဆွတ်သတိရမိသည်မှာ အတောမသတ်။
အမေရိကား ရောက်ဖို့ အချိန်အတန်ကြာ စီးရအုန်းမည်မို့ မျက်လုံးကိုမှိတ် ခန္တာကိုယ်ကို ဖြေလျှော့ထိုင်ရင်း စိတ်က ကုန်လွန်ခဲ့သည့် အချိန်တွေဆီ တားမရဆီးမရ ရောက်လေတော့သည်။

၁။                   
                           အဓိပတိလမ်းပေါ် လျှောက်နေရင်းက စိတ်ထဲမှာ အလိုလို လွမ်းမော တသစိတ်ဖြစ်နေလေသည်။ အပန်းဖြေခန်းမရှေ့ရောက်တော့ မုခ်ဦးဆိုတာကို မှန်းဆရင်း ဒီနားမှာ ဖေဖေတို့ အာဏာရှင်ကို ဆန့်ကျင်ဖို့  စခဲ့ကြတာလို့ မှတ်မိနေပြန်သည်။ တနည်းအားဖြင့် မြင့်မိုရ်ဆိုတဲ့ စာတော်ပြီး ညာဏ်ရည်ထက်မြက်တဲ့ ဆေးတက္ကသိုလ်ကျောင်းသားတစ်ယောက်နဲ့ အထက်တန်းကျောင်းသူလေး သီရိတို့ ဆုံတွေ့ဖို့ စတင်ခဲ့တဲ့ နေရာတစ်ခု။ ဒီအကြောင်းကို ဖေဖေ ပြန်ပြောတာတွေ သတိရမိပြန်တော့  ကြေကွဲစရာ ဝမ်းနဲစရာတွေ ဖြစ်လာပြန်သည်။

"သမိုင်း အချိုးအကွေ့ အပြောင်းအလဲဆိုတာ ရုတ်ခြည်း ထဖြစ်ပွားလာတာမျိုး မဟုတ်ဘူး။ တိုင်းပြည်မှာ မကျေနပ်မှုတွေ၊ ပဋိပက္ခတွေ များများလာလေလေ၊ အဲဒီ အဖုအထစ်၊ အစိုင်အခဲတွေ
ပေါင်းစည်းမိသွားတဲ့ အချိန်တစ်ချိန်မှာ ဘယ်လိုမှ ထိန်းမနိုင် သိမ်းမရနိုင်တော့တဲ့ ပေါက်ကွဲမှု၊ပြောင်းလဲမှု၊ အချိုးအကွေ့ကြီးတစ်ခု ဖြစ်ပွားပေါ်ပေါက်လာရစမြဲပဲ" လို့  သမိုင်းပါမောက္ခ ဆရာကြီးဒေါက်တာသန်းထွန်းရဲ့ ကောက်ချက်ချ ပြောစကားကို  ဖေဖေ မကြာခဏပြန်ပြောလေ့ရှိတာကို သတိရမိသည်။
                       ကားအသွားအလာရှင်းပြီး လူသွားလူလာ ရှင်းနေသည့် အချိန်မို့ အဓိပတိလမ်းပေါ် အားရပါးရထိုင်ချရင်းက သစ်ပုပ်ပင်ဆီကို  ငေးကြည့်နေမိသည်။
"  စစ်အစိုးရလက်ထက် တစ်လျှောက်လုံး ဂိတ်ပေါက်တွေထားပြီး အဝင်အထွက် ပိတ်ထားရာက အခု အရပ်သားအစိုးရလက်ထက်ရောက်မှ ရန်ကုန်တက္ကသိုလ်ကို ဝင်ထွက်ခွင့် ရတာ"

ဆိုတဲ့  ကူညီပြီး ပို့ပေးတဲ့  ဆရာမတစ်ယောက်ရဲ့ အပြောကို ကြားယောင်မိသည်။  ကျောင်းတံခါးတွေ ပိတ်ထားပြီး ထောင်တံခါးတွေ ဖွင့်ထားသည့် အစိုးရမျိုး မြန်မာပြည်မှာ ရှိခဲ့လေသည်။

ဒီလမ်းပေါ်မှာ ကျောင်းသားတွေ  လူသတ်အစိုးရကို ဆန့်ကျင်ခဲ့ကြသည်။ အစိုးရလက်ကိုင်တုတ်နဲ့ စစ်တပ်ရဲ့ ပစ်ခတ် ဖမ်းဆီးမှုတွေကြောင့် အဓိပတိလမ်းပေါ်မှာ ဝရုန်းသုံးကါး ပြေးလွှားခဲ့ကြလေသလား၊ ပုံရိပ်တွေက မျက်စေ့ထဲ ရုပ်ရှင်ကားထဲကလို တဖျတ်ဖျတ် ပေါ်လာသည်။  သက်ပြင်းကိုချရင်း တစ်စုံတစ်ခုကို သတိရသည်။
စစ်ကိုင်းဆောင်၊ အင်းဝဆောင် ၊ ဘယ်နားမှာလဲ၊ သွားကြည့်ရမည်။
 မသွားလို့ မဖြစ် အဲဒီနေရာသည် ဖေဖေပြောပြတဲ့ အာဏာရှင်တို့ရဲ့ ဖိနှိပ်မှုတွေထဲက အရက်စက်ဆုံးတွေထဲက တစ်ခု ဖြစ်ခဲ့သည်။
ဖိနပ်ကလေး တစ်ဖက် ရှိနေသေးလား ၊ ကြည့်ချင်မိသည်။
                  လိုက်ပို့ပေးသည့် ဆရာမကို ကျေးဇူးတင်စွာပဲ ပြန်ခိုင်းလိုက်သည့်အတွက် တွေ့သည့်သူကို မေးမြန်း ရလေသည်။
 စစ်ကိုင်းဆောင်ရှေ့ ရောက်ပြန်တော့
" ဖေဖေတို့ ကျောင်းသားတွေကို လုံထိန်းတွေက အတင်းရိုက်နှက်ပြီး အချုပ်ကားပေါ် ဆွဲတင်ကြတာ။ ဖေဖေလဲ စစ်ကိုင်းဆောင်ရှေ့မှာပဲ ဖိနပ်တစ်ဖက် ကျွတ်ကျန်ခဲ့ပြီး အဲဒီ အချုပ်ကားပေါ် ပါသွားခဲ့တယ်။ ပါလာတဲ့ ဖိနပ်တစ်ဖက်က တော်တော် အဖိုးတန်သွားတယ် သမီးရဲ့ လုံထိန်းတစ်ကောင်ရဲ့ မျက်နှာကို သေသေချာချာ ကောက်ပေါက်လိုက်နိုင်တယ်"


၁၉၈၈ ခုနှစ် မတ် ၁၃၊ ၁၄၊ ၁၅ ရက်တွင် ရန်ကုန်စက်မှုတက္ကသိုလ်တွင် ဖြစ်ပွားခဲ့သည့် သတ်ဖြတ်မှု၊ ရိုက်နှက်မှု၊ ဖမ်းဆီးမှုအကြောင်းတွေ မတ် ၁၆ ရက်မှာ အခြားကောလိပ်နဲ့ တက္ကသိုလ်တွေကို ပျံ့နှံ့သွားခဲ့သည်။ ဆန္ဒပြပွဲများကနေ အစိုးရ ဆန့်ကျင်ရေး အသွင်သို့  ကူးပြောင်းလာသည်။ ရန်ကုန်တက္ကသိုလ် (ပင်မ) ၀င်းအတွင်းမှာ ကျောင်းသားထောင်ပေါင်းများစွာ စုရုံးကြပြီး အစိုးရကို ဆန့်ကျင်ခဲ့ကြသည်။
           ကျောင်းသားတွေက တက္ကသိုလ်ဝန်းအတွင်းရှိ ကျောင်းဆောင်များဖြစ်သည့် မန္တလေးဆောင်၊ အမရဆောင်၊ တောင်ငူဆောင်တွေကို လှည့်လည်ချီတက်ရင်းက

 " ဒီမိုကရေစီ ရရှိရေး တို့အရေး၊ တစ်ပါတီ အာဏာရှင် စနစ် ကျဆုံးပါစေ" ဟု

 ကြွေးကြော် ကြရာ  ကျောင်းသားများ ပူးပေါင်းလာကြပြီး ထောင်ပေါင်းများစွာသော ကျောင်းသားအုပ်ကြီးအတွင်း   ဆေးတက္ကသိုလ် ကျောင်းသားအချို့လည်း ပါဝင်လာကြသည်။
 ထိုအထဲ" မြင့်မိုရ်" လည်း တစ်ယောက် အပါအဝင် ဖြစ်ခဲ့လေသည်။
 ကျောင်းသားများထဲက အလှည်ကျ ဟောပြောနေကြရာ ဟောပြောနေသူ ကျောင်းသားတစ်ဦးက ရန်ကုန်စက်မှုတက္ကသိုလ်သို့ ချီတက်ကြစို့ ဟု လှုံ့ဆော်လိုက်ရာ ကျောင်းသားများအားလုံးက လက်သီးလက်မောင်းတန်းကာ တပြိုင်နက် ထောက်ခံခဲ့ကြပါသည်။ ကျောင်းသားများအားလုံး စုစည်းကြပြီး ညီညွတ်စွာနှင့် ညနေ (၃) နာရီမှာ ရန်ကုန်တက္ကသိုလ် အဓိပတိလမ်းမှ စတင်ထွက်ခွာခဲ့လေသည်။  ကျောင်းသားများ ချီတက်ရာ ပြည်လမ်း တလျှောက် အထက်တန်းကျောင်းသားများလည်း ကျောင်းဝတ်စုံများနှင့် ၀င်ရောက်ပူးပေါင်း လာလေသည်။ 
      ပြည်လမ်းမအတိုင်း ဆက်လက်ချီတက်လာရာ အင်းလျားလမ်းနှင့် ပြည်လမ်းထောင့်ရှိ တံတားဖြူကို အကျော်မှာ သံဆူးကြိုးခွေများနဲ့ ပိတ်ဆို့ ကာရံထား တာကို တွေ့လိုက်ရသည်နှင့် ကျောင်းသားထုကြီးသည် ရုတ်တရက် ရပ်တန့်သွားလေသည်။

လက်နက်ကိုင် စစ်သားများက  သေနတ်များနဲ့ ချိန်ထားပြီး  ဘရင်းကယ်ရီယာများကလည်း စစ်သားများနောက်ကနေ ကျောင်းသားတွေဆီကို မျက်နှာမူပြီး ချိန်ရွယ်ထားကြသည်။
ကျောင်းသားများ အားလုံး အမျိုးသားသီချင်းနှင့် စစ်ချီသီချင်းကို သံပြိုင် သီဆို ဟစ်ကြွေးလိုက်ကြသည်။


ထိုအချိန်မှာပင်  ကျောင်းသားထုရဲ့အ  နောက်ဖက်ကနေ ရာပေါင်းများစွာသော လုံထိန်းများက သေနတ်များ ဒိုင်းများ တုတ်များနှင့် ပိတ်ဆို့ ၀ိုင်းရံလိုက်ကြသည်ကို တွေ့လိုက်ကြရသည်။ ကျောင်းသားများ ပိတ်မိနေစဉ်မှာပင်  အမိန့်ပေးသံ ထွက်ပေါ်လာကာ  လုံထိန်းများက ကျောင်းသားထုအတွင်းကို့  နံပါတ်တုတ်များနှင့် ၀င်ရိုက်ကြပါတော့သည်။ နံပါတ်တုတ်များနှင့် ရိုက်သံက ကျောင်းသားများ အော်ဟစ်ပြေးလွှားကြသည့် အသံများနှင့်အတူ အတိုင်းသား ကြားနေရသည်။ ကျောင်းသားများ ခြေဦးတည့်ရာသို့ ထွက်ပြေးကြရာ ကန်ဘောင်ပေါ်တက်ပြေးသူက တက်ပြေး၊ တချို့ကလည်း အင်းလျားကန်ထဲသို့ ခုန်ဆင်းကြပြီး လွတ်မြောက်ရာလမ်းကို ရှာပြီး ပြေးသူက ပြေးကြရတော့သည်။
         အင်းလျားကန် ရေပြင်လည်း သွေးချင်းချင်းနီကာ  တံတားဖြူ သည်   ကျောင်းသားကျောင်းသူတို့၏ သွေးတွေ စွန်းထင်းခဲ့ကြရသည်။
လုံထိန်းတွေက လမ်းမတလျှောက် လဲကျနေသူ၊ ဒဏ်ရာရသူနှင့် သေဆုံးသူများကို ကားပေါ်ပစ်တင်လိုက်ကြသည်။ ဖမ်းဆီးမိသည့် ကျောင်းသားများကို ကားပေါ်ဆွဲတင်သွားကြလေသည်။ 
          အစိုးရရဲ့ စုံစမ်းရေးကော်မရှင်  ထုတ်ပြန်ချက်တွေက  အလိမ်အညာချည်းသာမို့ ကျောင်းသားအများအပြား  မခံမရပ်နိုင် ဖြစ်ကြလေပြီ။
 ရန်ကုန်တက္ကသိုလ် (ပင်မ) ဘွဲ့နှင်းသဘင်ခန်းမရှေ့မှာ ကျောင်းသား နှစ်ထောင်ကျော် ထပ်မံ စုဝေးခဲ့ကြပြီး၊ လွတ်လပ်သော ကျောင်းသားသမဂ္ဂကို ဖွဲ့စည်းလိုက်ကြောင်း ကြေညာလိုက်ကြသည်။
၁၉၈၈ ခုနှစ် မတ်( ၁၇ )ရက်မှာ စက်မှုတက္ကသိုလ် ကျောင်းသား  ကိုဖုန်းမော်၏ ဈာပနကို ကြံတောသုသန်မှာ  မီးသင်္ဂြိုဟ်မှာဖြစ်တဲ့ အတွက်  ကျောင်းသား ထောင်ပေါင်းများစွာက ကြံတောသုဿာန်မှာ စောင့်နေခဲ့ကြသော်လည်း  အာဏာပိုင်တို့က  ကိုဖုန်းမော်အလောင်းကို  တာမွေသင်္ချိုင်းမှာ တိတ်တဆိတ်  သင်္ဂြိုဟ်လိုက်ရာ ကျောင်းသားများ အကြီးအကျယ် ပေါက်ကွဲခဲ့ကြသည်။

 ကျောင်းသားများ ရန်ကုန်တက္ကသိုလ်ကျောင်းဝန်းအတွင်းသို့ ပြန်လာသောအခါ ကျောင်းဝန်း တစ်ခုလုံးကို လည်ပတ်အနီရောင် စည်းထားသော စစ်သားများ၊  လုံထိန်းများ  ဘရင်းကယ်ရီယာများနှင့် ၀ိုင်းရံပိတ်ဆို့ထားတာကို တွေ့လိုက်ရလေသည်။
               ကျောင်းသားများ ကျောင်းဝင်းအတွင်းမှာ နေပါ၊ အန္တရာယ်မဖြစ်စေရ၊ ကျောင်းအပြင်ကိုတော့ မထွက်ပါနဲ့လို့ ပါမောက္ခချုပ်ဆရာကြီးက ပြောပေမယ့် တကယ်တမ်းမှာ နေ့လည် (၂)နာရီ ဝန်းကျင်ခန့်မှာ  ကျောင်းဝန်းအတွင်းကို  စစ်သားများ လုံထိန်းများ ဝင်ရောက်ကာ  သေနတ်များ နံပါတ်တုတ်များနှင့် ကျောင်းဝန်းကို ၀င်စီးလိုက်ကြပါတော့သည်။ မျက်ရည်ယိုဗုံးတွေကို ကျောင်းသားအုပ်ထဲ ပစ်သွင်းကြသည်။   ကျောင်းဆောင်တွေထဲက ကျောင်းသားတွေကို ထွက်ခိုင်းကာ မင်းတို့ကို မဖမ်းဘူးဟု ပြောပေမယ့် ထွက်လာသော ကျောင်းသားများ အားလုံးကို အချုပ်ကားပေါ် တင်ကာ၊ ခေါ်ဆောင် သွားကြသည်။ အချုပ်ကားထဲကို ကျောင်းသားကျောင်းသူများ အဆမတန် တင်ဆောင်လာသည့်အတွက် ကားထဲမှာ မွန်းကျပ်ပြီး သေဆုံးခဲ့တဲ့ ဒဏ်ရာရ ကျောင်းသားတွေ အများအပြား ရှိလေသည်။
            တံတားဖြူ အရေးအခင်းမှာ  ခြံဝင်းတခါး ဖွင့်ပေးပြီး အိမ်ထဲမှာ ဝှက်ထားပေးခဲ့သည့် အိမ်ရှင်ကြောင့် လွတ်မြောက်ခဲ့သော မြင့်မိုရ်သည်  ရန်ကုန်တက္ကသိုလ်ဝင်းအတွင်း ဆက်လက် လှုပ်ရှားရာမှာ အဖမ်းခံရလေတော့သည်။
အဲဒီနောက် အင်းစိန်ထောင်မှာ အဖမ်းခံနေရာကမှ တစ်ဆင့်စကားနဲ့ အချုပ်ကားထဲမှာ အဆမတန်တင်ရင်း ကျောင်းသားအများအပြား အသက်ရှုကြပ် သေဆုံးခဲ့ရတာ၊ သေဆုံးတဲ့ ကျောင်းသားတွေကို ညတွင်းချင်းပဲ ကြံတောသုသန်မှာ သဂြိုလ်လိုက်တာတွေ သိရတော့ ပေါက်ကွဲကြရတဲ့ အကြောင်းနဲ့ စစ်အစိုးရရဲ့ ကျောင်းသားတွေ ရန်သူကို ဆက်ဆံသလို မတရားလုပ်တာတွေကို ဆန့်ကျင်ဖို့ ပိုပြီး ဆုံးဖြတ်လိုက်တဲ့ အကြောင်း  ၊ တံတားဖြူကနေ တံတားနီ ဖြစ်သွားတဲ့ အကြောင်း  စတာတွေ  ပြန်ကြားယောင်ရင်း  ရင်ထဲမှာ လှိုက်မောလို့ လာလေသည်။

ဒီနေရာမှာ ဖေဖေ့လိုပဲ ကျွတ်ကျန်ခဲ့တဲ့ ဘိနပ်တွေ ဘယ်လောက်တောင် ရှိနေခဲ့ပါလိမ့်။
                  တံတားနီဖက်ကို ထွက်ဖို့ အဓိပတိလမ်းပေါ် တစ်ကြော့ပြန်လျှောက်ရင်း  အသက်(၁၆)နှစ်တောင် မပြည့်သေးတဲ့ မေမေ သီရိကို မျက်စေ့ထဲ မြင်လာလေသည်။
 စက်မှုတက္ကသိုလ်ကျောင်းသား ကိုဖုန်းမော် ကျဆုံးခဲ့ရသည့် မတ်လ အရေးအခင်း ပြီးကတည်းက မတရားခံရသည့် ကျောင်းသားတွေအတွက်  စက်မှုတက္ကသိုလ်ကျောင်းတင်မက အခြားတက္ကသိုလ်က ကျောင်းသားတွေပါ ကျောင်းသားတွေအပေါ် ဖိနှိပ်မှုကို ဆန့်ကျင်ကြရာမှာ အခြေခံကျောင်းများက ကျောင်းသားတွေပါ မခံမရပ်နိုင်စွာ ပါဝင်လာကြလေသည်။
 သီရိက  သူတို့ အထက်တန်းကျောင်းမှာ တိတ်တဆိတ်စုစည်းထားတဲ့ ကျောင်းသားတွေနဲ့အတူ ဘတ်စ်ကားနှစ်ဆင့်စီးကာ တက္ကသိုလ်ကျောင်းသားတွေရဲ့ ဟောပြောတာကို လာနားထောင်ပြီး အားဖြည့်တာပင်။  အရင်ရက်က ရန်ကုန်တက္ကသိုလ်က အကိုဖြစ်သူနဲ့ လိုက်လာဖူးတဲ့ သူငယ်ချင်းရဲ့ အပြောကြောင့် လိုအပ်ရင် မျက်နှာဖုံးလို စည်းလို့ရအောင်ဆိုကာ အမေ့ရဲ့ ပုဝါကို အိမ်ကထွက်ကတည်းက လွယ်အိတ်ထဲ ဝှက်ယူလာခဲ့သေးသည်။
 ထိုပုဝါလေးကြောင့်ပဲ မြင့်မိုရ်က သူ့ကို မှတ်မှတ်သားသား ဖြစ်သွားတဲ့အတွက် တောထဲတောင်ထဲ တောခို ကျောင်းသား အဖြစ် ပြန်တွေ့တော့ မှတ်မိသွားတာ ဖြစ်သည်တဲ့။
                မတ်လ အရေးအခင်းအပြီး  ထောင်ကလွတ်လာပြီးနောက် ကျောင်းကအထုတ်ခံခဲ့ရသည့်"   မြင့်မိုရ်"  တစ်ယောက်    ကျောင်းသားသမဂအဖွဲ့နှင့်  ချိတ်ဆက်ပြီး ဇွန်လမှာ ရန်ကုန်တက္ကသိုလ်သို့   သွားရောက် ပူးပေါင်းဆောင်ရွက်လေသည်။
 ကျောင်းသားခေါင်းဆောင် တစ်ယောက်က သူ့ကို  ဟောပြောဖို့  ခေါ်လိုက်တဲ့အခါ စင်မြင့်သဏ္ဍန် ခုံတန်းရှည်ပေါ်  တိုးထွက်ရင်း မျက်နှာတော့ ပေါ်မှာပဲလို့ တွေးမိပေမယ့် ကြောက်ရွံ့စိတ်မဖြစ်။
 နာမည်ကြီး ကျောင်းသားခေါင်းဆောင်ပင် မျက်နှာဖုံးမစွပ်၊ အချို့ကတော့ ပုဝါလေးတွေ စည်းပြီး မျက်လုံးသာ ဖော်ထားသည်။

 ရုတ်တရက် လက်သေးသေးလေး တစ်ဖက်က ပုဝါတစ်စကို လှမ်းလာလေသည်။

" ဒါလေးတော့ စည်းလိုက်ပါအကို၊ နောက်ပိုင်း လုပ်စရာတွေ အများကြီးရှိလာနိုင်တယ် သူတို့မမှတ်မိအောင် တတ်နိုင်သလောက် နေကြရမှာ"
မျက်အိမ်ကျယ်ကျယ်နဲ့မျက်လုံးနက်နက်ကလေး၊ ထူးခြားတာက ထူထဲလှတဲ့ မျက်ခုံးအောက်မှာ အရွယ်နဲ့မလိုက်အောင် တည်ငြိမ်လေးနက်နေတဲ့ မျက်နှာအမူအယာနဲ့ အဖြူအစိမ်းဝတ် အထက်တန်းကျောင်းသူလေးတစ်ယောက်၊
ဒီအကြောင်းတွေ ဖေဖေပြန်ပြောတိုင်း မေမေက နားမထောင်ချင်တော့ပေ၊ တချိန်က အထက်တန်းကျောင်းသူလေးသည် အချိန် ကာလ ဖြတ်သန်းခဲ့ရတဲ့ အတွေ့အကြုံများစွာကြောင့်    အရာရာကို  ပြီးခဲ့တာတွေကို မေ့ဖို့ ကြိုးစားလေသည်။
စိတ်နာသည်၊ မေ့လိုက်မည်ဟု ဆိုတတ်ပေမယ့်  ဖေဖေကတော့ ဘယ်တော့မှ မမေ့ ၊ ကမ္ဘာကြေသော်လည်း ဥဒါန်းမကျေ၊ ၊  စစ်အစိုးရရဲ့ ယုတ်မာ ကောက်ကျစ် နှိပ်စက် လူသတ်တာတွေကို သားစဉ်မြေးဆက် သိအောင်ပြောမယ်လို့ အမြဲကြွေးကြော်လေသည်။

၂။                 ၂၀၀၈ခုနှစ်၊ " သွေး" အထက်တန်းကျောင်းတက်နေဆဲမှာ မေမေဆုံးသည်။ ဖေဖေသည် ခွပ်ဒေါင်းအလံ လွှမ်းထားသည့် မေမေ့ရုပ်ကလပ်ကို စိုက်ကြည့်ရင်း အလေးပြုလေသည်။  တောထဲမှာ ရခဲ့ဖူးသည့် ငှက်ဖျားနှင့် အဖျားမျိုးစုံကြောင့် သောက်ခဲ့ရသည့် ဆေးအရှိန်ကြောင့် အသဲကို ထိခိုက်ခဲ့ရာက အသဲခြောက်ရောဂါဖြင့် ကွယ်လွန်ခဲ့လေသည်။
 ကွယ်လွန်ချိန်မှာ မေမေ့အသက် (၃၆) နှစ်သာ ရှိသေးရာ ဖေဖေ့အဖို့ နှမြောတသ ပြောမဆုံးဖြစ်ရလေသည်။

 မေမေ မရှိတော့တဲ့ နောက်ပိုင်းမှာမှ မေမေနဲ့ ပတ်သက်တဲ့ အကြောင်းတွေကို ပိုပီး နားထောင်လာရလေသည်။

 ၁၉၈၈ ခုနှစ်မှာ ဖြစ်ခဲ့တဲ့ ဖေဖေတို့ရဲ့ ကျောင်းသားလှုပ်ရှားမှု အကြောင်းတွေကို ပြန်ပြောတိုင်းမှာ အဓိကက အမေရိကားမှာကြီးပြင်းခဲ့ရတဲ့ သမီး " သွေး" ကို သမိုင်းအမှန် အဖြစ်အပျက်တွေ သိအောင် ပြောပြနေတာမို့  ဖေဖေနဲ့မေမေ အကြောင်းက ပါလေကာမျှသာ။
  ၈၈မှာ တောထဲရောက် အဲဒီကမှ ဒုက္ခသည်စခန်းဆီက တစ်ဆင့် အမေရိကားကို ရောက်လာတာ လောက်သာ ထဲ့ပြောတတ်ရာက မေမေဆုံးပီး နောက်ပိုင်းမှာ မေမေနဲ့ ပတ်သက်တာတွေကို  တမ်းတမ်းတတ သတိတရ ပြန်ပြောတတ်လာလေသည်။
 တက္ကသိုလ်မှာ ပါမောက္ခဆရာမကြီး ဖြစ်ချင်သည့် မေမေသည် စနစ်ဆိုးကြောင့် တက္ကသိုလ်ပင် တက်ရောက်နိုင်ခြင်း မရှိခဲ့တဲ့ အကြောင်းလဲပါသည်။ မေမေ့အကြောင်း ပြောပြတိုင်း ဖေဖေ့ မျက်ဝန်းမှာ ဂုဏ်ယူဝံ့ကြွားသည့် အမူအယာနှင့်တကွ ချစ်ခင်မြတ်နိုးတဲ့ ဟန်ပန်တွေကိုပါ  တွေ့ရလေသည်။ သူ ချစ်ခင်ရသည့် ဇနီးမယားအကြောင်း ပြောနေတာနှင့်မတူပဲ သေဖော်ရှင်ဖက် ရဲဘော်ဟောင်း တစ်ယောက် အကြောင်းကို ပြောပြဖူးတာနှင့် ဆင်လေသည်။
                 ရှစ်လေးလုံးကျောင်းသားလှုပ်ရှား
မှုက ၈ရက် ၈လ ၁၉၈၈ခုနှစ်မှာ စတင်ခဲ့လေသည်။  မတ်လ ဇွန်လ ကတည်းက သနေတည်ခဲ့သော လှုပ်ရှားမှုသည်  ပြည်သူတစ်ရပ်လုံးပါဝင်လာသည့် အထွေထွေသပိတ်ကြီး ဖြစ်ကာ တစ်ပါတီအာဏာရှင် နေဝင်း အစိုးရကို ဖြုတ်ချနိုင်ခဲ့သည်လို့ ဖေဖေပြောပြလေသည်။ ဒါပေမယ့်  စစ်တပ်အာဏာသိမ်းပြီး  လှုပ်ရှားမှုတွေကို ပစ်ခတ်နှိမ်နင်းရာမှ ကျောင်းသားတွေ၊ အလုပ်သမား လူတန်းစားမျိုးစုံ တောထဲသို့ ရောက်လေသည်။ ဖမ်းဆီးခံရမှာ စိုးရိမ်ပြီး ထွက်ကြသလို အစိုးရကို လက်နက်ကိုင်ပြီး တော်လှန်မှ ဖြစ်မည်လို့ ယူဆကာ လက်နက်ကိုင်လမ်းစဉ်ကိုယုံကြည်လို့ ထွက်လာကြသူတွေ  အများအပြားပင်။

" သမီးအမေ" သီရိ"က တစ်ခါမှ အဖမ်းမခံရဘူး၊ ဒါပေမယ့် သူ့မှာ နာကျည်းစရာ ရင်ထဲမှာ ဘယ်လိုမှ မခံစားနိုင်တဲ့ အဖြစ်အပျက်ကြောင့် တောခိုလာခဲ့တာ၊ လက်နက်ကိုင်လမ်းစဉ်ကို သဘောကျလို့ တောခိုခဲ့တာ၊ ဖေဖေက အမှန်အတိုင်းပြောရရင် အဖမ်းမခံချင်လို့ပဲ၊ ထောင်ထဲမှာ နေခဲ့ဖူးတော့ အဖမ်းခံပြီး ထောင်ကျနေရင် ဘာမှ လုပ်နိုင်မှာ မဟုတ်ဘူး၊ နိုင်ငံရေးကို ဆက်လုပ်ဖို့ အတွက် တောထဲကို တိမ်းရှောင်လာတာပဲ၊ တောခိုတာပေါ့ကွာ။ ဒါပေမယ့် အံဩစရာ ကောင်းတာက လက်နက်ကိုင်တိုက်မယ့်သူက နောက်ကျမှ ရောက်လာပြီး ရှောင်ချင်တဲ့ ဖေဖေက တောထဲ အရင်ရောက်ခဲ့တယ်"

လို့ ပြောပြီး ရယ်မောနေတတ်လေသည်။

မေမေက သူ့ကို အဖမ်းမခံရဖူးဘူးလို့ ဖေဖေ ပြောလေတိုင်း သိရီမှာ အချုပ်အနှောင် ခံရမယ့်ကံ မပါလို့ ဖြစ်မယ်၊ အဖမ်းခံဖူးတယ် ဆိုပြီး မေမေက သူ့အဖြစ်အပျက်ကို ပြန်ပြောင်း ပြောတတ်လေသည်။

 " သွေး " သိတတ်စကတည်းက ဘယ်နှစ်ကြိမ်မှန်း မသိ ပြောခဲ့တာမို့ စကားလုံးတိုင်းကို အလွတ်ရနေသည့် အပြင် မေမေ အဖမ်းခံခဲ့ရသည့် ဘားလမ်း အချုပ်ခန်းကိုပင် မြန်မာပြည်မရောက်ဖူးပါပဲ မျက်စေ့ထဲ မြင်နေမိလေပြီ။

                     ဇွန်လမှာ တက္ကသိုလ်ကျောင်းတွေကို ဆန္ဒပြမှုတွေကြောင့် ပိတ်ထားလိုက်ရာ ကျောင်းသားတွေက ကိုယ့်နယ်မှာကိုယ် တိတ်တဆိတ် လှုပ်ရှားကြလေသည်။ ၈ရက်၈လ ၈၈ မှာ လူထုလှုပ်ရှားမှုကြီး ဘယ်လိုပုံစံဖြင့် စထွက်မည်ကို လူတွေ စိတ်ဝင်စားနေကြလေပြီ။ သတင်းတွေကလည်း တီးတိုးတီးတိုး ထွက်နေပြီ။
 အဲဒီနေ့မှာ သီရိကို  အိမ်က ကျောင်းမတက်ခိုင်းပေမယ့်  ကျောင်းကို ရအောင်သွားတက်သည်တဲ့။ ကျောင်းမှာက ချိန်းပြီးသား ဖြစ်နေပြီ။ ခွပ်ဒေါင်းအလံက ယူလာမယ့်သူ အသင့်၊ သူတို့ တစ်နေရာကို ထွက်မည်။  ဘယ်ကိုဆိုတာတော့ မသိသေး၊ ကျောင်းရောက်မှ သိမှာဖြစ်သည်။ အဲဒီနေ့မှာ သူတို့ကျောင်းက ကျောင်းသား(၂၀) ခန့်ဖြင့် စပြီး ချီတက်ကြသည်။
 ခွပ်ဒေါင်းအလံက တဝင့်ဝင့်၊ ဗိုလ်ချုပ်အောင်ဆန်းပုံကို လက်ကကိုင်သည့်သူလည်းပါသည်။
ဆရာမတွေ မျက်စိမျက်နှာ မကောင်းပဲ ကျန်ခဲ့သော်လည်း စိတ်မကောင်း မဖြစ်ကြပဲ တက်ကြွနေကြလေသည်။
 သင်္ကန်းကျွန်းဘက်က ကျောင်းသားတွေလဲ ချီတက်လာပြီဟုကြားရာ သွားရောက်ပူးပေါင်းဖို့ အလုပ် ဂုံစာရာကွေ့မှာ ပစ်နေပြီ၊ ကျောင်းသားတွေ ကျကုန်ပြီ ကြားရာ ထိုဖက်ကို ပိတ်ဆို့ထားလို့ ဘယ်လိုမှ သွားမရတော့ပေ။
  တာမွေဖက်က လှည့်ပြီး ချီအတက် ကျိုက္ကဆံကွင်းနား အရောက်မှာ လုံထိန်းတွေက လူစုခွဲရန် လိုက်ရိုက်ရာက ပြေးရင်းလွှားရင်း အဖမ်းခံရလေသည်။

 ဘားလမ်း ကိုရောက်တော့ အပေါ်ထပ်က အခန်းကြီး တစ်ခုမှာ သူလို အရွယ်တင်မက လူကြီးအချို့နှင့် အလုပ်သမားလို့ ထင်ရသူတွေကိုပါ တွေ့ရလေသည်။  တကယ်တော့ မြို့ထဲကို သိပ်မရောက်ဖူးသည့် အတွက် ဘားလမ်းဆိုတာ ချက်ချင်းသိတာ မဟုတ်၊ ဟိုလူပြော ဒီလူပြောနှင့် ဆက်စပ်ကြည့်မှ သူတို့ခေါ်လာသည့် နေရာက ဘားလမ်းဆိုတာ သိရလေသည်။
  ကျောင်းဝတ်စုံ အဖြူအစိမ်းနှင့် သီရိတို့ကို ရဲတစ်ယောက်က

 " ညည်းတို့ တော်တော်မိုက်တာပဲ ၊ ဒါ ဗကပတွေ သွေးထိုးလှုံ့ဆော်နေတာ၊ ညည်းတို့ အသုံးချခံ ဖြစ်နေပြီ"

အပြောကို မချိပြုံးနှင့် နားထောင်နေလိုက်သည်တဲ့။
 စိတ်ထဲမှာ ဘယ်က ဗကပ ကပါလာရတာလဲ၊ တို့ကျောင်းသားတွေ ချည်းဟာလို့ ပြောလိုက်မိသည် တဲ့။

               မေမေ့ကို စားပွဲတစ်လုံးရှေ့ ခေါ်သွားကာ  စစ်မေးသည်တဲ့။  နာမည်၊ အသက်၊ အတန်း၊ ကျောင်းနာမည်၊  မိဘ နာမည် အလုပ်အကိုင် နေရပ်လိပ်စာ မေးပြီး လိုက်ရေးရာက အဖေနာမည် ပြောပြတဲ့ အခါ အနားက ရဲတစ်ယောက်က  ဖျတ်ကနဲ သူ့ကို ကြည့်သတဲ့၊

 ပြီးတော့ ရဲမှုးကြီး "---" နဲ့ ဘာတော်လဲ မေးပါလေရောတဲ့။
သူ့ကြည့်ရတာ တစ်ခုခု ဖြစ်မှာ စိုးရိမ်သွားပုံပဲတဲ့။ ဒီတော့မှ မေမေက တစုံတခုကို ဖျတ်ကနဲ သတိရသွားပြီး သီရိရဲ့ ဘကြီးတော်ပါတယ်၊ အဖေ့ရဲ့ အကိုကြီးပါလို့ ပြောလိုက်သတဲ့။

               မေမေ့အဖေရဲ့ နာမည်က အဲဒီခေတ်က လူကြီးတွေ မှည့်တဲ့ နာမည်နှစ်လုံးလောက် မဟုတ်ဘူး၊ နာမည်က (၃)လုံး၊ ပြီးတော့ ခပ်ဆန်းဆန်း၊ အမှန်က အဲဒါ နာမည်အရင်း မဟုတ်ဘူးတဲ့၊ အမှန်က အများသူငါ မှည့်လေ့ရှိတဲ့ နာမည်မျိုး (၂)လုံးထဲ၊ ဆယ်တန်းအောင်ပြီး  တက္ကသိုလ်တက်မယ်အလုပ် သူငယ်ချင်းတွေ နာမည်ဆင်တူ မှည့်ရအောင်လို့ စိတ်ကူးပေါက်ပြီး နောက်ဆုံးမှာအဖေနာမည်တစ်လုံး ထပ်ထဲ့၊ အဖိုးရဲ့ သူငယ်ချင်းကလည်း နာမည် အသံထွက်ချင်းဆင်တူကို နောက်က အဖေနာမည်ထပ်ထဲ့တာ အဖေနာမည် တူနေတော့ နှစ်ယောက်က ရှားပါးတဲ့ နာမည်မှာ အသံထွက်ချင်း ဆင်နေတာ။


မေမေ့ အဖေကိုသိတဲ့လူက ဟိုသူငယ်ချင်းကိုပါ  တစ်နေရာမှာ သိခဲ့ဖူးရင် ခင်ဗျားတို့ ဘာတော်လဲ အမေးခံနေကြတဲ့။
 မေမေ့အဖေက သိပ်ပြီး ရှင်းပြမနေချင်ရင် ညီအကိုဗျာ ဒီလို ဖြေပြီး အေးအေးဆေးဆေး ဖြစ်တဲ့ အချိန်ဆို ကျတော်တို့က ငယ်သူငယ်ချင်းတွေ ဒီလိုဒီလို ဆိုပီး ပြောပြတတ်သတဲ့။
              ဒါကို သတိရသွားတဲ့  မေမေက " ဘကြီး" လို့ ပြောလိုက်တော့ ရဲတစ်ယောက်က ခနလေးဆိုပီး တစ်ဖက်ခန်း ဝင်သွားသတဲ့၊ တအောင့်နေတော့

" ကဲ ခလေးမ အိမ်ကိုရောက်အောင်ပြန်တော့ ညည်းအဖေဆီ ရဲမှုးကြီးက ဖုန်းဆက်လိုက်ပြီ။ ညည်းကို အမြန်ပြန်ဖို့ ပြောခိုင်းလိုက်တယ်"

                   အဲဒီမှာ လွတ်လာသတဲ့။ အမှန်ကတော့ ရဲမှုးကြီးတူမ ဆိုတာ သိသွားရင် ရဲမှုးကြီး ပြသနာတက်မှာ စိုးတဲ့အတွက် သူတို့ဆရာအတွက် ကာကွယ်ချင်လို့ ပြန်လွှတ်လိုက်တာတဲ့။

" ညည်းအမေက ညာဏ်များတာကိုး" လို့ ဖေဖေက ပြောရင် မျက်စောင်းထိုးနေတတ်လေသည်။

               ရှစ်လေးလုံးနေ့က စပြီး ကျောင်းသားတွေ အပါအဝင် ပြည်သူတွေ အလုပ်သမားတွေ  တစ်နိုင်ငံလုံး တစ်စုတစ်စည်း  ဆန္ဒပြကြရာ  စက်တင်္ဘာ(၁၈) ရက်နေ့မှာ  အာဏာရှင်တို့အလိုကျ  စစ်တပ်က  အာဏာသိမ်းလိုက်ပြီး  နောက်တစ်ရက် ဖြစ်သည့်  စက်တင်္ဘာ( ၁၉) ရက်နေ့ မှာတော့  မေမေသီရိရဲ့ နှစ်လုံးသားတွေ ကွဲကြေခဲ့ရလေသည်တဲ့။
စစ်အစိုးရကို အသဲထဲတင်မက အရိုးထဲကပါနာတယ် လို့ ဆိုတတ်ရာ " သွေး" အဖို့ မျက်ရည် ကျခဲ့ရသည့် အကြိမ် မရေမတွက်နိုင်ခဲ့။


               ထိုနေ့မှာ မေမေနဲ့ သူငယ်ချင်းဖြစ်သူတို့ အပါအဝင် အထက်တန်းကျောင်းသားများသာ ပါဝင်သည့်  အခြေခံပညာကျောင်းသားများ သမဂ စစ်ကြောင်းက  ကုန်သည်လမ်းဖက်ကို ချီတက်လာရင်း  လမ်းဘေးမှာ ခေတ္တရပ်နားခိုက် သူတို့လိုပင်    စမ်းချောင်း အလုံ ကြည့်မြင်တိုင် စသည့်  ရန်ကုန်အနောက်ပိုင်းမှ ကျောင်းသားများပါဝင် ချီတက်လာသည့်  အခြေခံပညာကျောင်းသားများ သမဂ အလံကိုင် စစ်ကြောင်း ချီတက်လာတာ တွေ့ရလေသည်။

 မေမေ့သူငယ်ချင်းက လက်မှာ ကြွပ်ကြွပ်အိတ်နဲ့ ချိတ်ဆွဲပြီး သယ်လာသည့် လိမ္မော်သီးစိတ်များ၊ သံပုရာသီးစိတ်များကို မလှမ်းမကမ်းမှာ ချီတက်လာသည့် ကျောင်းသားများကို လိုက်လံ ဝေငှလေသည်။
 ခပ်နောက်နောက် ကျောင်းသားတစ်ယောက်က နိုင်ငံတော်အလံ လွှင့်ထားသည့် ဝါးလုံးကို ကိုင်ထားရာ လက်မအားသည့် အတွက် ပါးစပ်ဟပေးရာ မဆိုင်းမတွ ခွံ့ပေးလိုက်ရာ မောင်နှမတွေလို သဘောတကျ ရယ်မောနေကြသေးသည်။

  စက္ကန့်ပိုင်းလောက်ပဲ အကြာမှာ ဝေါကနဲ ထိုးဆိုက်လာသည့် စစ်ကားအပေါ်မှာ တစ်ရပ်စပ် ပစ်ခပ်သံနှင့်အတူ သွေးသံရဲရဲ အော်ဟစ်ဆဲဆိုသံများ ဆူညံသွားလေတော့သည်။ တိုက်တွေကြားပြေးသူကပြေး ရုတ်ရုတ်သဲသဲ အချိန်မှာပင် မေမေ့သူငယ်ချင်းဖြစ်သူကို ဒေါင်းအလံကိုင်ရက်နှင့် သေနတ်ဒဏ်ရာ ပြင်းထန်စွာ ရတာကို တွေ့လိုက်ရလေသည်။

              ဖြစ်ပုံက အဲဒီစစ်ကြောင်းကို သံပုရာသီးစိတ်တွေ ပေးပြီး ကိုယ့်စစ်ကြောင်းရှိတဲ့ လမ်းဘေးနား  ပြန်အလာ လက်ထဲမှာ သမဂခွပ်ဒေါင်းအလံ ကိုင်ထားတဲ့ ကျောင်းသားလေးက ပုဆိုးပြင်ဝတ်ချင်လို့ သူ့ကို ခေတ္တကိုင်ခိုင်းပြီး ဘေးကို ထွက်အဝတ် စစ်ကြောင်းကို ဆက်ပြီး ချီတက်သွားတာမှာ အလံကို နောက်မချန်လိုတာကြောင့် ထိုစစ်ကြောင်းအတိုင်း လိုက်သွာံးရင်း အပစ်ခံလိုက်ရခြင်းပင်။

 မေမေသည် အရက်စက်ဆုံး မြင်ကွင်းကို တွေ့ကြုံခဲ့ရပြီး အသဲတင်မဟုတ် အရိုးစွဲအောင် နာကြည်းကာ လက်နက်ကိုင် တော်လှန်ဖို့ အထိ ဆုံးဖြတ်ခဲ့လေသည်။

         စစ်အာဏာရှင်တို့ရဲ့  အဖမ်းအဆီး အစစ်အဆေးတွကြောင့် အဲဒီညကတည်းက အိမ်ကိုပြန်မရောက်ပဲ ပုန်းရှောင်ပြီး   တစ်လခန့်အကြာမှာတော့ ကျောင်းသားတွေကို ဖမ်းဆီး မတရားနှိပ်စက်တာတွေ ကြားလာတဲ့အခါ လက်နက်ကိုင်ပြီး တိုက်မှ ဖြစ်တော့မယ်လို့ ယုံကြည်ကာ စိတ်တူကိုယ်တူ ကျောင်းသားများနှင့်အတူ တောခိုခဲ့လေတော့သည်။

         ၃။                             ဖေဖေကတော့ စစ်အာဏာသိမ်းပြီး ရက်ပိုင်းအတွင်းမှာပဲ  နယ်စပ်ကို ထွက်လာခဲ့ရာ KNU နယ်မြေကို စောစီးစွာပဲ ရောက်ရှိခဲ့ခြင်း ဖြစ်လေသည်။

ကျောင်းသားတပ်မတော် ABSDF ဖွဲ့စည်းပြီးနောက် စခန်းငယ်ကလေးတွေ တစ်စုတစည်းထဲ ပေါင်းစည်းရင်း ဖေဖေတို့စခန်းကို ကျောင်းသားအုပ်စု ထပ်မံရောက်လာရာ ဖြေတစ်ဖက် ငုပ်ဆူးမိလို့ ထော့နဲ့ထော့နဲ့ ရောက်လာသည့် မိန်းကလေးကို မြင်တာနှင့် တပြိုင်နက် ဇွန်လရဲ့ မိုးရေစက်တွေကြားက ပုဝါကမ်းပေးလိုက်သည့် ကျောင်းသူလေးလို့ ချက်ချင်း မှတ်မိလေသည်။

မဲသဲပြီး မုတ်ဆိတ်မွေး ပါးသိုင်းမွေးထူလပြစ်နှင့် ဖေဖေ့ကို မေမေက မမှတ်မိယုံမက ပြောပြတာကိုပင် ခပ်ကြောင်ကြောင် ဖြစ်နေသေးသည်တဲ့။
 နောက်ပိုင်းမှာတော့ တရင်းတနှီး ခင်မင်သွားကြတာ အရင်ကတည်းက ဆုံခဲ့ဖူးသူမို့ မိတ်ဟောင်းဆွေဟောင်းတွေလို တခြားသူတွေထက် ပိုရင်းနှီးသွားပါတယ်တဲ့။
 ဖေဖေကတော့ ကျောင်းတွေ ပြန်ဖွင့်ရင် ဆယ်တန်းဖြေရတော့မယ့်  အထက်တန်းကျောင်းသူလေးကို သနားကြင်နာစိတ်တွေ တဖွားဖွားနဲ့ ဂရုဏာသာ သက်နေသတဲ့။
         ဆေးတက္ကသိုလ်ကျောင်းသား ဖြစ်ခဲ့တဲ့ ဖေဖေ့ကို နောက်ပိုင်းမှာ ထိုင်းနယ်စပ်က ရွာတစ်ရွာက ဆေးခန်းမှာ ဆေးပညာ သင်တန်းတက်ဖို့ စေလွှတ်ခံရတဲ့အခါ ရုတ်တရက် မတွေ့ရတော့မှာကို စိုးရိမ်ပြီး မေ့မေ့ကို သင်တန်းက ပြန်လာတဲ့ အခါ အဖြေပေးဖို့ ပြောသတဲ့။ ချစ်တယ် ကြိုက်တယ် တလုံးမှ မပြောပါပဲ ပြန်လာရင် အဖြေပေးပါ ပြောတာကို မေမေက ဒေါသ ဖြစ်ပေမယ့် တကယ်တမ်းကြတော့  လနဲ့ချီပြီး ခွဲရတဲ့အခါမှာ သတိတရ လွမ်းဆွတ်နေသတဲ့။

       ဖေဖေဆေးသင်တန်း တက်အပြီး စခန်းကို ပြန်အလာမှာ ငှက်ဖျားဒဏ်ကြောင့် အိပ်ယာထဲ လဲနေတဲ့ မေမေ့ကိုသာ တွေ့ရလို့ စကားတောင် သေချာ မပြောနိုင်ပါ။  ငယ်ရွယ်နုပျိုတဲ့  မိန်းကလေး တစ်ယောက် အတွက် တောထဲ တောင်ထဲမှာ အစစအရာရာ ဆင်းရဲချို့တဲ့စွာနဲ့ နေထိုင်ရတာကို မျက်မြင် တွေ့နေရတဲ့ ဖေဖေဟာ ဒီအဖြစ်တွေကို ဖန်တီးခဲ့တဲ့ စစ်အာဏာရှင်တွေ အပေါ်မှာ နာကျည်းစိတ်တွေ ပိုတောင် ဖြစ်ခဲ့ပါတယ်တဲ့။
          မေမေက ကံကောင်းစွာပဲ ကျန်းမာရေး ကောင်းလာပြီး ထူထူထောင်ထောင် ဖြစ်လာတဲ့ အချိန်မှာ ကျောင်းသားရဲဘော်များကို အသိသက်သေထားပြီး  မေမေ့ကို လက်ထပ်ခဲ့ လေသည်။
          နောက်ပိုင်းမှာတော့ ရန်သူရဲ့ တိုက်ခိုက်မှုတွေ ဆက်တိုက်ဖြစ်လာပြီး စခန်းတွေ ရွှေ့ပြောင်း ဆုတ်ခွာ၊ အဲဒီနောက် ၁၉၉၁ခုနှစ် အေဘီ တတိယအကြိမ် ညီလာခံအပြီး ခေါင်းဆောင်မှု နှစ်ပိုင်းကွဲရာက ဖေဖေတို့လဲ ထိုင်းနယ်စပ်ကို ရောက်လာတော့သည်။

" သွေးသွေးမြင့်မိုရ်"  ဆိုသည့်နာမည်ကို ဖေဖေ ပေးခဲ့တာပဲ  ဖြစ်သည်။ ရန်ကုန်က ကျောင်းသားတွေ တောထဲကို အရောက် ပထမဆုံး နေခဲ့ရသည့် စခန်းနာမည်နှင့် ဖေဖေ့နာမည်ကို အမှတ်တရ အဖြစ်ပေးခဲ့ခြင်းဖြစ်လေသည်။

              မဲဆောက်အနီး  မယ်တော်ရွာက ဆေးခန်းလေးမှာ လုပ်အားပေး ကူလုပ်ရင်း မေမေနဲ့သွေးသွေးက ဒုက္ခသည် စခန်းမှာ နေထိုင်ရသည်။ 
UN က ထုတ်ပေးတဲ့ ခရီးသွား အောင်လက်မှတ်ကို လက်ထဲမှာကိုင်ရင်း သမီးဖြစ်သူရဲ့ မျက်နှာကို ကြည့်ကာ အမေရိကားကို ထွက်ခွာဖို့ ဆုံးဖြတ်ခဲ့လေသည်တဲ့။
  သမီးရှေ့ရေး အတွက် လျှောက်ထားခဲ့ပြီးမှ တကယ်ထွက်ဖို့ အချိန်ရောက်လာတဲ့အခါ   တစ်ချိန်လုံး ညစဉ် အိပ်မက်ထဲမှာ တော်လှန်ရေး မအောင်မြင်သ၍ ဒီနယ်မြေက မခွာလို့ ကြွေးကြော်ရင်း လက်မှတ်ကို ဆုတ်ဖြဲ သည်မှာ အခါခါမကပါတဲ့။

           ကံကောင်းခြင်တော့ အမေရိကားမှာ နေထိုင်ရင်း  နှစ်နည်းငယ် အတွင်းမှာပဲ   ဆေးတက္ကသိုလ်က ဖေဖေ့ဆရာနှင့် ပြန်ဆုံမိရာက  ဆေးပညာကို ဆက်လက်သင်ခွင့် ရရှိခဲ့ပြီး ဆရာဝန်အဖြစ် ကို ရလာခဲ့လေတော့သည်။
           ဖေဖေကွယ်လွန်သွားသည့် အခါမှာတော့ ဖေဖေရဲ့ဆရာ မိသားတစုလုံးက သွေးကို  သမီးတစ်ယောက်လို စောင့်ရှောက်လေသည်။
  ဆေးလိပ်လုံးဝမသောက်သည့် ဖေဖေသည် အမေရိကားကို ရောက်ကာစမှာ လုပ်ခဲ့ရသည့် လုပ်ငန်းခွင်ရဲ့ နောက်ဆက်တွဲ အကျိုးဆက်အဖြစ် ဒီရောဂါ ရခဲ့တာ ဖြစ်နိုင်တယ်လို့ ဖေဖေ့ ဆရာက သုံးသပ်လေသည်။
 အမေရိကားမှာ နှစ်ပေါင်း(၂၀)ကျော် နေထိုင်စဉ် ကာလအတွင်း မြန်မာပြည်ကို လွမ်းကြောင်း သတိရကြောင်း တစ်လုံးတပါဒမှ ပြောလေ့မရှိပေမယ့် သမီးဖြစ်တဲ့ " သွေး" ကိုတော့ မြန်မာလူမျိုး ဆိုတာ ကိုယ့်ကိုယ်ကို မမေ့ဖို့ အမြဲ ဆုံးမလေသည်။ တစ်နေ့မှာ မြန်မာပြည်အတွက် လိုအပ်လာရင် လိုအပ်တဲ့နေရာမှာ ဝိုင်းဝန်းလုပ်ဆောင်ဖို့ မကြာမကြာပြောလေသည်။ ထိုတစ်နေ့ဆိုတာ ဘယ်နေ့ ရောက်လာမလဲ ဆိုတာတော့ ဖေဖေကိုယ်တိုင်ပင် မမျှော်မှန်းနိုင်ပေမယ့် တစ်နေ့နေ့ဆိုတာကို ဖေဖေယုံကြည်နေတာတော့ သေချာလေသည်။

 မေမေ့ရဲ့ ကျေးဇူးကြောင့်  မြန်မာစာ မြန်မာစကားကို " သွေး" ကောင်းကောင်း ရေးနိုင် ဖတ်နိုင်လေသည်။ " သွေး" ကြီးပြင်းလာသည့် အသက်အရွယ်အလိုက် သင်ရမည့် မြန်မာဖတ်စာကို နှစ်အလိုက် သင်ပေးခဲ့ရာ " သွေး" အတွက် မြန်မာစာသည် မိခင်စကားပဲ ဖြစ်လေသည်။
 အထက်တန်းအောင်ပြီး တက္ကသိုလ်တက်သည့်အခါ ဖေဖေသည် မြန်မာဝတ္ထုတွေ ဖတ်သင့်တာတွေကို ရှာဖွေပေးလေသည်။ အထူးသဖြင့် သမိုင်းနောက်ခံ ဝတ္ထုများ၊ နိုင်ငံရေး နောက်ခံ အကြောင်းများ ဖြစ်သည်။

                 စာကြည့်တိုက်တစ်ခုမှာ လုပ်ငန်းခွင် intern ဆင်းနေစဉ်မှာပဲ ဘဘကြီး (ဖေဖေ့ဆရာ)  ဆက်သွယ်ပေးမှုဖြင့် မြန်မာပြည်မှာ အခြေစိုက်မည့် INGO တစ်ခုမှ   နယ်သာလန်အမျိုးသမီးကြီး တစ်ယောက်နှင့် သိရလေသည်။ ဘဘရဲ့ ပြောပြထားချက်အရ " သွေး" တို့ မိသားစု အကြောင်းကို သိနှင့်ပြီး ဖြစ်လေသည်။ သူကမ်းလှမ်းသည်က Researcher  နေရာဖြစ်ရာ မြန်မာပြည်ရဲ့ မြေကိုတောင် မနင်းဖူးသည့်" သွေး" အတွက် မဖြစ်နိုင်သည်မို့ ငြင်းပယ်ခဲ့ပေမယ့် နောက်ဆုံးတော့ volunteer သဘောမျိုးနှင့် သူ့ရဲ့ PA သဘော အဖြစ် မြန်မာပြည် လိုက်ပါဖို့ အခွင့်ပေါ်လာပါတော့သည်။

မြန်မာပြည် သွားဖို့ ပြင်ဆင်ရင်းက ဖေဖေနဲ့မေမေကို သတိတရ တမ်းတမိသည်မှာ ရင်နှင့်အမျှ ဖြစ်လေသည်။ ၂၀၁၀ခုနှစ်၊ နှစ်ဆန်းပိုင်းမှာ ကွယ်လွန်သွားခဲ့သည့် ဖေဖေ့ကို ဒီလိုအချိန်တွေ ရောက်လာမယ်ဆိုတာ သိစေချင် မြင်စေချင်လှလေသည်။
  နိုင်ငံတကာရောက်နေသည့် အေဘီရဲဘော်တွေ ပြန်ကြ သွားကြ မိသားစုနှင့်ဆုံကြ ၊ ပျော်ရွှင်ကြ၊ ဝမ်းနည်းကြ  ၊ ငိုကြ ရယ်ကြပုံတွေကို ဓါတ်ပုံတွေနှင့် ဖတ်ရ ကြားရလေ ဖေဖေနဲ့မေမေ ကို သတိရတာတွေက တားမနိုင် ဆီးမရဖြစ်ကာ မျက်ရည်တွေတွေ ကျခဲ့ရတာ အကြိမ်ကြိမ်။ ဖေဖေတို့ရဲ့ ကျောင်းသားတပ်မတော်က ခေါင်းဆောင်တွေ အရပ်သားအစိုးရလို့ ခေါ်နေကြတဲ့ အစိုးရအဖွဲ့တွေနဲ့ တွေ့ဆုံကြတဲ့ သတင်းတွေ၊ ပြည်တွင်းကို တရားဝင် ဝင်ရောက်ခွင့်ရပြီး သွားလာနေကြတာတွေ ဖတ်ရကြားရ တဲ့အခါ ဖေဖေနဲ့မေမေ ရှိရင် ဘယ်လို ဆုံးဖြတ်မလဲ ဆိုတာ သိချင်လှလေသည်။

      ၄။           သမီးဟာ မြန်မာလူမျိုးစစ်စစ်ပဲ၊ သမီးရဲ့ ခနာကိုယ်မှာ လည်ပတ်နေတဲ့ သွေးဟာ မြန်မာသွေးအပြည့်ပဲ လို့ ပြောတတ်တဲ့ ဖေဖေနဲ့မေမေကို တမ်းတရင်း မြန်မာပြည် သွားဖို့ အလုပ်တွေ ရှုပ်ရင်းက ဘဘကြီးက " သွေး" တို့ရဲ့ ဆွေမျိုးတွေရဲ့ ခြေရာကို ကောက်နေလေသည်။ ဒါပေမယ့် မြန်မာပြည်ကို ထွက်လာပြီး မြန်မာပြည်မှာ နေထိုင်သည့် အချိန်အထိ သွေးသားရင်းချာ ဆွေမျိုး အဆက်အသွယ် မရခဲ့ပေ။

              မြန်မာပြည် ရန်ကုန်မြို့၊ ပဲခူးနဲ့ ဧရာဝတီတိုင်းက ကျေးရွာအချို့ကို ရောက်ခဲ့တဲ့ အခါမှာ လိုအပ်ချက်တွေ များလွန်းလှတဲ့ ပြည်သူတွေရဲ့ ဘဝတွေကို သိလိုက်ရလေသည်။ လွန်ခဲ့သည့် နှစ်ပေါင်း (၂၅) နှစ်တာ ကာလအတွင်းက အခြေအနေကနေ ပြောင်းလဲမလာတာလား၊ ပိုပီး ဆုတ်ယုတ်လာသလား သေချာမသိပေမယ့် ဖေဖေ ပြောပြခဲ့တဲ့ အခြေအနေတွေထက် ပိုဆိုးနေတာလို့ ခန့်မှန်းမိရင်း ဖေဖေတို့ ကျောင်းသားတွေ ဘာ့ကြောင့် တော်လှန်ခဲ့ကြသလဲ၊  စစ်အာဏာရှင်စနစ်အောက်က ဘာအတွက်ကြောင့် ရုန်းထွက် လွတ်မြောက်အောင် လုပ်လိုကြသလဲ ဆိုတာ မြင်ကွင်းများက သက်သေပြနေလေသည်။
  လမ်းဘေးမှာ တောင်းရမ်းနေရသည့် ကလေးသူငယ် သက်ကြီးရွယ်အိုတွေ၊ မိုးရေထဲမှာ ကလေးငယ်လေးကို ရင်ခွင်ပိုက်ပြီး  ဗန်းကလေးထဲ စပါးတွဲတွေ ချခင်းကာ ရောင်းနေတဲ့ (၇)နှစ်၊ (၈) နှစ်အရွယ် ကလေးတွေ၊ လမ်းဆုံလမ်းခွတွေ၊ မီးပွိုင့်တွေမှာ ကားကြိုကားကြား ပန်းကုံးလေးတွေ လိုက်ရောင်းနေတဲ့ ကလေးငယ်တွေ၊ မြို့ပတ်ရထားပေါ်မှာ နဲ့ ဘူတာတဝိုက်မှာ ရေခဲထုတ်၊ ဖရဲစီးစိတ်၊ မြေပဲပြုတ်၊ အကြော်စုံ စတာတွေကို ရောင်းနေရရှာတဲ့ ကလေးသူငယ်တွေ စတာတွေကို မြင်တွေ့ရပြီး နိုင်ငံတစ်နိုင်ငံရဲ့ အုပ်ချုပ်တဲ့ အစိုးရရဲ့ တာဝန်မဲ့မှု ပစ်ပယ်ထားမှုတွေကို  အဖွဲ့က လူကြီတွေကပင် သိနေကြလေသည်။ 

          အရှေ့တောင်အာရှ နိုင်ငံတွေထဲက ထိုင်းနိုင်ငံမှာပင် အခမဲ့ ပညာရေး အရှိန်အဟုန်ကောင်းမှုကြောင့် ပညာသင်ရမည့် ကလေးတွေ သူ့အရွယ်နဲ့သူ ကျောင်းတက်နေနိုင်ပြီ ဖြစ်သည်။  ကျောင်းနေရမည့် အရွယ်မှာ စာသင်ခန်းကို ရောက်အောင် မထားနိုင်သည့် အစိုးရသည် ကိုယ့်တိုင်းပြည်ကို ကိုယ့်လက်နှင့် ဖျက်ဆီးနေတာပဲ ဖြစ်လေသည်။
          မှတ်မှတ်ရရ ဒဂုံမြို့သစ်( ဆိပ်ကမ်းမြို့နယ်) မှာရှိနေတဲ့ ပရဟိတ ကျောင်းတစ်ကျောင်းကို အဖွဲ့ကနေ ဆက်သွယ်ပြီး လိုအပ်တာတွေ ညှိနှိုင်း ဖို့အတွက် သွားကြရာမှာ တာဝန်ခံ သီလရှင်ဆရာကြီးကို ဒီလိုကျောင်းမျိုး ဘယ်လို စပြီး ထူထောင် ဖြစ်သလဲ မေးရာက ဆရာကြီးရဲ့ အဖြေထဲမှာ လိုတိုရှင်း ပြောလိုက်တဲ့ စကားလေးက တစ်ဖွဲ့လုံးကို ရင်ထဲထိ စေခဲ့လေသည်။

"  ငပိသည်က အိပ်နေတော့ ဆားသည်က ယင်မောင်းနေရတာပေါ့" တဲ့။

               အစိုးရက မြေကွက်တွေကို သိမ်းပြီး ခရိုနီတွေကို  မဖြစ်စလောက်ဈေးနဲ့ လုပ်ပိုင်ခွင့်ပေးတာတင်မက ရန်ကုန် ဆင်ခြေဖုန်း က မြို့နယ်တစ်ချို့  မီးလောင်ခံရပါက မြေပါသိမ်းပြီး မြေအစားပေးသည်ဆိုကာ မြို့သစ်ရဲ့ အစွန်အဖျားတွေကို မောင်းထုတ်ခဲ့လေသည်။
 ဘိုးဘွားပိုင်မက ဘာဖြစ်ဖြစ် ပြန်မပေးပဲ မောင်ပိုင်စီးကာ ထိုနေရာတွေ သိမ်းယူလေသည်။ သူတို့ သိမ်ဲးပီးသည်နှင့် အဲဒီနေရာတွေက တခါမှ မကြားဖူးသည့် အိမ်ဈေါ် မြေဈေးတွေ ဖြစ်ကုန်ကာ သူဌေးရပ်ကွက် ဗီအိုင်ပီ ရပ်ကွက် ဖြစ်လေတော့သည်။

  မြို့စွန်မြို့ဖျားကို သွားရော့လဟယ် ဆိုကာ ပို့လိုက်တာသာ ဖြစ်ပြီး ထိုမိသားစုတွေရဲ့ ဘဝနေထိုင်မှုကို လုံးဝ ထဲ့သွင်းမစဉ်းစားပေ။
 အလုပ်တွေက ရန်ကုန်မြို့ထဲမှာမို့ သွားရတာ အပန်းမကြီးပါလို့ ဆိုရင်တောင်မှ မိသားစုတွေရဲ့ ကလေးတွေက နေ့စဉ်ကျောင်းသွားတက်ဖို့ ခက်ခဲလေရာ ကျောင်းမနေသည့် ကလေးတွေ များလာလေတော့သည်။
 ဒါကို အမြင်မတော်သည့် သီလရှင်ကျောင်းတိုက်မှ ဆရာလေး ဆရာကြီးများက တတ်နိုင်သလောက် လက်ခံပြီး စာစသင်ပေးရာက မိဘတွေခမျာ ဝမ်းသာအားရ ကျောင်းပို့လေသည်။ စာတတ်ရင်ပြီးရော ဆိုကာ စရာမှ ကျောင်းကို လာရောက်သည့် အလှုရှင် တစ်ချို့က တွေ့ရှိပြီး ဟိုတစ ဒီတစ သိလာကာ လှုသည့်တန်းသည့်ငွေဖြင့် သင်ကြားရေးနဲ့ ပတ်သက်ပြီး လိုအပ်တာတွေ  ဖြည့်ဆည်း၊ အဲဒီကမှ ရေကန်၊ အိမ်သာ စသဖြင့် တဖြည်းဖြည်း ဖြည့်ဆည်း ခဲ့ရတာတွေ သိရလေသည်။

         သူငယ်တန်းမှ စပြီး အတန်းစဉ်လိုက် ကျောင်းသား အများအပြား ရှိရာ လုပ်အားပေးဆရာမများ ထပ်မံ ခေါ်ယူရလေသည်။ ထိုမှတဆင့်  ကျောင်းသားတွေ အမှန်တကယ် စာတတ်အောင်သင်နိုင်ပြီး အရည်အချင်း ပြည့်သည့်အတွက်  အစိုးရဆီ အပေါက်အရောက်  ရှိပြီး အဆက်အသွယ်ရှိသည့် အလှုရှင်က တဆင့် အစိုးရ အသိအမှတ်ပြု ဖြစ် လာခဲ့လေသည်။

        " သွေး" တို့ အဖွဲ့က စာသင်ဆောင် ဆောက်လုပ်ပေးဖို့နှင့် ကလေးတွေ အတွက် လစဉ် လိုအပ်သည့် စားရိတ် ကူညီ ထောက်ပံ့ပေးဖို့ ပြင်ဆင်ပြီး အဆောက်အအုံ အသစ်တစ်ခု  ဆောက်လုပ်နေပြီ ဖြစ်လေသည်။

" သွေး' ရဲ့ စိတ်ထဲမှာ အမေရိကားကို ဘယ်တော့ ပြန်မလဲ ဆိုတာ ယောင်လို့ပင် မတွေးမိပဲ လိုအပ်တာတွေ လုပ်နေရတာကိုပဲ ကြည်နူး ကျေနပ်နေလေသည်။ ဘဘကြီး နှင့် ဖုန်းပြောစဉ်ကတော့

  မြန်မာပြည်မှာ လုပ်စရာတွေ အများကြီးရှိနေတာမို့ တော်တော်နှင့် ပြန်လာဖြစ်မည် မဟုတ် အပြောကို  ဘဘကြီးက ရယ်မောသဘောကျနေသည်။

" မြင့်မိုရ် နဲ့သီရိကို မြင်စေချင်လိုက်တာ လို့ ဆိုနေသေးသည်။


ပဲခူးမြစ်ကမ်းဘေးက ရွာတွေကို ရောက်တဲ့အခါ သူတို့ရဲ့ လိုအပ်ချက်တွေကို တင်ပြပေး ပြောပြပေးတိုင်း ပညာရေးနဲ့ ပတ်သက်မှု မရှိတာတွေမို့  နားထောင်ယုံသာ နားထောင်ကာ အားပေးရင်း  လိုအပ်သည့် အကြံတွေ ပေးဖြစ်သည်။  ကျန်းမာရေး ဗဟုသုတတွေ ပြောဖြစ်လေသည်။    ကျောင်းကိစ္စရှိပါက  ရောက်တဲ့ အချိန် နှုတ်ဆက်ရင်း  စကားပြောဖြစ်ရင်း  သူတို့ဘဝတွေကို  သိနေရလေသည်။

ကိုယ့်တိုင်းပြည်မှာ နေထိုင်နေတဲ့ ပြည်သူတွေ  မပြည့်မစုံ အမိုးအကာ ရှိယုံသာ နေနေရတာကို အုပ်ချုပ်သူတွေ တာဝန်မဲ့ တာဝန်ယူမှု အားနည်းတာ သိပါလေစ၊  ဘယ်လိုများ နေနေကြပါလိမ့်လို့ တွေးနေမိလေသည်။
သို့သော် တစ်နေ့မှာ ဒီလို အမိုးအကာတွေကိုပင် မသထာပဲ ဖျက်ဆီး လေတော့သည်။

ထိုနေ့က ကျိုက်လတ်က အပြန် သီလရှင်ကျောင်းကို ပို့စရာ ရှိတာနှင့် စာရင်းကောက်စရာ အတွက် ရောက်သွားကြလေသည်။ 
သီလရှင်တွေ ဆွမ်းစားနေစဉ်မို့ အဖွဲ့ခေါင်းဆောင်လဲ ဟိုလျှောက်ဒီလျှာက် ကြည့်နေတုန်း " သွေး" တစ်ယောက် လမ်းမပေါ်က လူတစ်စု စုရုံးစုရုံးသွားတာကို လိုက်ကြည့်မိလေသည်။
 ခရိုနီတစ်ဦး ဝယ်ထားသည့် မြေဧရိယာမှာ ကျူးးကျော် ဝင်ရောက်နေ၍ ဆိုကာ တဲသာသာရှိသည့် အိမ်များကို ဖျက်ဆီးနေသည့် လူအုပ်ကို တွေ့ရလေသည်။ ငိုသံ အော်သံ ဟစ်သံများက ကြွက်ကြွက်ညံလေသည်။ ကလေးငယ်တစ်ချို့က  ငိုနေသည့်အမေကို ကြည့်ကာ တဝါးဝါး ငိုကြပြန်သည်။ တအောင့်နေတော့ သတင်းကြား၍ ထင်သည်။ သူတို့ရဲ့ ခင်ပွန်း မောင်ဖွားတွေ ရောက်လာကာ ဖျက်သည့်လူနှင့် အဖျက်ခံရသူ တို့ ရုန်းရင်းဆန်ခပ် ဖြစ်ကြလေသည်။

 " မတရားမလုပ်ကြပါနဲ့၊ သူများအသိုက်ဆိုတာ မဖျက်ကောင်းဘူး"

ကိုယ့်ကိုယ်ကို မသိလိုက်ခင်မှာပဲ " သွေး" ပါးစပ်က အသံထွက်သွားလေသည်။ ကိုယ့်အသံကိုယ်ပင် မမှတ်မိလောက်အောင် အသံအက်အက်ဖြင့် အကျယ်ကြီး ဖြစ်လေသည်။ ရုတ်တရက်  ယူနီဖောင်းဝတ် လူကြီးတစ်ယောက် အနားရောက်လာပြီး

" ကလေးမ ညည်းနဲ့ဘာဆိုင်လဲ " ပြောလေသည်။

" သွေး" စိတ်ထဲမှာ မနေသာတော့။
" ဒီမြေက ဘယ်သူပိုင်တယ် ဖြစ်တယ်ဆိုတာ တရားရုံးက ဆုံးဖြတ်လိုက်တာလား၊ အဲလို ဆုံးဖြတ်တယ်ဆိုရင် သူတို့ကို တရားနည်းလမ်းကျ  ဖယ်ခိုင်းသင့်တယ် မဟုတ်ဘူးလား၊ သူတို့ နေတဲ့ အိမ်ယာကို အခုလို လူအား စက်အားနဲ့ ဖြိုဖျက်တယ်ဆိုတာ လူသားချင်း စာနာမှု မရှိတာပဲ ၊ ဒါဟာ လူလူခြင်း အကြမ်းဖက်တာပဲ"

               ထိုသူက လည်ပင်းမှာ ကြိုးနဲ့ဆွဲထားသည့်  " သွေး" ရဲ့ ကင်မရာကို ဆတ်ကနဲ ဆွဲအဖြုတ်  ငိုက်စိုက် ငိုက်စိုက် ပါသွားရင်း နာလွန်း၍ မျက်ရည်တောင် အလိုလို စို့လေသည်။  ဓါတ်ပုံရိုက်ထား ခြင်းမရှိပါလို့ ဘယ်လိုပြောပြော ဘယ်သတင်းဌာနကလဲ၊ ဘယ်ဂျာနယ်တိုက်ကလဲ ကဒ်ပြားပြပါ ဆိုတာကို မဟုတ်တဲ့ အကြောင်း ပြောတာ လက်မခံပဲ နောက်ဆုံတော့ ရဲစခန်း ရောက်လေတော့သည်။

အဖွဲ့ခေါင်းဆောင် ရောက်လာပြီး  အကျိုးအကြောင်း ပြောကာမှ  နိုင်ငံခြားသား ဆိုသည့်အတွက် သူတို့ အထက်ကို ဖုန်းဆက်ကာ နောက်ထပ် စခန်းတစ်ခုကိုေ၇ွှ့ပြောင်းပြီး မေးမြန်းလေတော့သည်။ နောက်ဆုံးမတော့ " သွေး" တစ်ယောက် မွေးစားအိမ်ကို ပြန်ဖို့ ဖြစ်လာခဲ့တော့သည်။

        စာအုပ်ထဲက အမေရိကန်နိုင်ငံသားသည် တကယ်စင်စစ် သွေးသားက မြန်မာသွေး၊
ပြန်လာခဲ့ပီးမှ လုပ်စရာရှိတာတွေ လုပ်ပြီးမှ မြန်မာပြည် ပြန်လို့ရအောင် ကြိုးစားပါ ဆိုသည့် ဘဘစကားကို လက်ခံရင်း  မချိတင်ကဲ ပြန်ခဲ့ရလေသည်။

ငပိသည်အိပ်နေလည်း ဆားသည်က ယင်မောင်း ချင်ပေမယ့် အခုတော့ ဆက်လုပ်ဖို့ အခြေအနေက ဘယ်လိုဖြစ်လာမည်မသိ။ " သွေး" အနေနဲ့ မှန်တာပြောပေမယ့် အမှုက ကြီးလေသည်။ တာဝန်ဝတ္တရား နှောင့်ယှက်မှု၊ ဆူပူသူကို အားပေးမှု တဲ့။
၅ ။                        ဖေဖေနဲ့မေမေ  အမိမြန်မာပြည်မှာ ရှိတဲ့ မိဘ မောင်နှမတွေကို ဘာ့ကြောင့် စွန့်ခွာ ခဲ့ရသလဲ၊ အဆက်အသွယ်  ပြတ်တောက်သွားသည်အထိ ဖြစ်ခဲ့ ရသလဲ တရေးရေး မြင်ယောင် ကြားယောင်လာသည်။ တောခို ကျောင်းသားနှင့် အဆက်အသွယ်လုပ်တာ သိပါက နှိပ်စက်ခံရမည့် အရေးတွေကို ဖေဖေတို့ ရှောင်ရှားရင်း မိသားစုဆိုတာ ပျောက်ကွယ်ခဲ့ရလေသည်။
အခုတော့ မြင့်မိုရ်နဲ့ သီရိတို့ရဲ့ သွေးသား ဖြစ်တဲ့ " သွေး" တစ်ယောက်ကို  မြန်မာပြည်က စွန့်ပစ်လိုက် ပြန်လေပြီလား၊
ထိုင်း-မြန်မာ နယ်စပ်ရဲ့ တောတွင်း စခန်းငယ်တစ်ခုမှာ မွေးဖွားခဲ့တဲ့ " သွေး" သည် မြန်မာလူမျိုး စစ်စစ် မြန်မာသွေး အပြည့်ပေမယ့် မြန်မာပြည်မှာ နေခွင့်လေးပင် မရတော့ပါလား၊
     
" သွေး " မျက်ဝန်းမှာ လိုအပ်ချက်တွေ များစွာရှိနေသည့် ကလေးငယ်တွေရဲ့ ဘဝတွေကို မြင်ယောင်လာရင်း သက်ပြင်းရှိုက်ကနဲ ဖြစ်မိလေသည်။
မျက်လုံးကို ဖွင့်ကြည့်ရင်း လေယာဉ်ပြတင်းက တစ်ဆင့် မြင်နေရတဲ့ တိမ်စိုင်တိမ်ခဲတွေလို လွင့်ချင်ရာလွင့် သွားချင်ရာသွား လိုစိတ် ဖြစ်လေသည်။
အခု...
သေနတ်သံမှာ၊ မိုင်းခွဲသံမှာ
နားပင်းသွားရတဲ့ ကံ့ကော်ပွင့်တွေကို အမျှဝေရမယ်
သွေးစွန်းသွားရတဲ့ ကံ့ကော်ပွင့်တွေကို အမျှဝေရမယ်
အခု
ဘဝဖြို အမုန်းမှာ၊ မျက်ရည်ယိုဗုံးမှာ
အတုံးအရုန်းကျသွား
အဓိပတိလမ်းကို အမျှဝေရမယ်
တ.က.သ အဆောက်အုံ နံရံများကို အမျှဝေရမယ်
အမျှဝေရမယ်
ဆရာမကြီး ခင်ဆွေဦးရဲ့ နှင်းဆီကမွှေး ဝတ္ထုထဲက ကဗျာဆရာ စံညိမ်းဦး ရဲ့ ကဗျာကို ရုတ်တရက် သတိရရင်း  " အဗိပတိလမ်းကို အမျှဝေရမယ်" ဆိုတဲ့ စကားကို အဖန်ဖန် ရွတ်နေမိသည်။
ဟုတ်တယ် အမျှဝေရမယ် အမျှဝေရမယ်
အဓိပတီလမ်းကို ပြန်လျှောက်ရအောင် ပြန်ရောက်ရအောင်  အားတင်းရမယ်၊
ပြီးတော့ အမျှဝေရမယ် အမျှဝေရမယ် အမျှဝေရမယ် ။
                                                                                                                                ခိုင်ခိုင်စောလွင်