February 12, 2014

ဖေဖေါ်ဝါရီကို အမှတ်ရစေသူများ- ၂

ဒေါ်ဒေါ်( ဒေါ်မြကြည်)

ဖေဖေါ်ဝါရီလ ရောက်တဲ့ အခါ ကိုယ့်ဘဝမှာ  အမှတ်တရဆိုတာထက် ရင်ထဲမှာ စူးတွေ ဆောက်တွေနဲ့ သပ်လျှိုထားခဲ့ သလို အမှတ်ရစေတဲ့ အကြောင်းတွေကို ဖြစ်ပေါ်စေတဲ့ အမှတ်ရစေတဲ့သူတွေ တော်တော် များများ ရှိနေပါလား ဆိုတာ သတိပြုလာမိတဲ့ အခိုက် ဒီစာတွေကို ရေးဖြစ်ပါတော့တယ်။

ဒေါ်ဒေါ်က ကျမနဲ့ သွေးသားတော်စပ်သူ မဟုတ်ပေမယ့် ကျမ အမှတ်ရနေရတဲ့ သူတစ်ယောက် ဖြစ်ပါတယ်။ တကယ်တန်း ပြောရရင် ဖေဖေါ်ဝါရီလကို အမှတ်ရစေတဲ့ ပထမဆုံးသော သူ  တစ်ယောက်ပါ၊ အဖေ့ကို အရင် ရေးဖြစ်ခဲ့ပေမယ့် တကယ်တန်း ဖေဖေါ်ဝါရီလ ရောက်တိုင်း အမှတ်ရဖို့ အရင်ဆုံး ဖြစ်ခဲ့တာကတော့ ဒေါ်ဒေါ်ပါ။ ဒေါ်ဒေါ်ဟာ ကျမဘဝမှာ ပထမဆုံး တွေ့ကြုံခဲ့ရတဲ့ သက်ရှိ ဝတ္ထုတစ်ပုဒ်လို့ ပြောရရင် မမှားနိုင်သလို ကျမ မိခင်ပြီးရင် အမေအရွယ် အမျိုးသမီးကြီး တစ်ယောက်ကို  ပထမဆုံး ခင်မင် သံယောဇဉ်  ဖြစ်ခဲ့ရသူလဲပဲ ဖြစ်ပါတယ်။ ဒေါ်ဒေါ်ဟာ လူ့ဘဝစတယ်လို့ ပြောကြတဲ့ အသက်(၄၀) စွန်းကာစမှာပဲ လေဖြတ်ပြီး ဦးနှောက်သွေးကြောပြတ်တဲ့ ရောဂါနဲ့ ကွယ်လွန်ခဲ့ပါတယ်။ လွန်ခဲ့တဲ့ အနှစ်(၃၀) ကတည်းက ကွယ်လွန်ခဲ့တာ သက်ရှိထင်ရှား ရှိနေမယ်ဆိုပါက အသက်(၇၀) နီးပါး ရှိနေမှာ ဖြစ်ပါတယ်။ ကျမ အမေထက် တစ်နှစ်ကျော်ကျော်ခန့် ကြီးပါတယ်။
          
           ဒေါ်ဒေါ်နဲ့ ကျမ ခင်မင်ခဲ့ကြတာ ဒေါ်ဒေါ့်သမီး ဖြစ်တဲ့ ကျမ သူငယ်ချင်းကြောင့် ဖြစ်ပေမယ့် တကယ်တန်းကြ မိဘချင်း  မိတ်ဆွေ သူငယ်ချင်း ဖြစ်တာကြောင့်  ပိုပြီး ရင်းနှီးခဲ့ကြတာ ဖြစ်ပါတယ်။
ဒေါ်ဒေါ့် ခင်ပွန်းက ကျမ ဖေဖေရဲ့ သူငယ်ချင်းပါ။ ဘဏ်ဝန်ထမ်းတွေ ဖြစ်ပေမယ့် ဌာနတော့ မတူပါဘူး။ အိမ်ချင်းကလဲ တစ်မြို့နယ်ထဲ နေပေမယ့် လမ်းနဲနဲ ခြားပါတယ်။
        ညနေ ထမင်းစားသောက် ပြီးရင် ဒေါ်ဒေါ်တို့ မိသားစုက ကျမတို့ အိမ်ဘက်ကို လမ်းလျှောက်ရင်း ဝင်လာလည်လေ့ရှိပါတယ်။ ကျမတို့က မိသားစုလိုက် သွားလည်တာ မရှိသလောက်ပါ။ အမေက ကျောင်းဆရာမ ဆိုတော့ ကျောင်းက အပြန် အိမ်မှုကိစ္စ လုပ်စရာတွေ လုပ်တာနဲ့ ဘယ်မှ မထွက်ဖြစ်ပဲ အိမ်လာလည်ရင် ဝမ်းသာ အားရ စကားပြောဖြစ်ကြပါတယ်။
    ကျမတို့ ကလေးတွေကလည်း အင်မတန် ဝမ်းသာကြပါတယ်။ ကျောင်းမှာ တစ်ခန်းထဲပေမယ့် ထင်သလောက် မဆော့ရပဲ အိမ်လာမှ  လွတ်လွတ်လပ်လပ် ဆော့ကစားကြရတဲ့ အတွက် ပျော်ကြတာပါ။

  ဒေါ်ဒေါ်နဲ့ ကျမအမေက ကလေးမွေးထားတာ တစ်ဖက်နဲ့တစ်ဖက် အဖော်ရအောင် မွေးထားလား မှတ်ရပါတယ်။ ဒေါ်ဒေါ့်သား အကြီးဆုံးက ကျမအကို အကြီးဆုံးနဲ့သက်တူ ရွယ်တူ။ ဒုတိယ သမီးက ကျမနဲ့ သက်တူရွ.ယ်တူ၊ ကျောင်းမှာလဲ စာသင်ခန်းတစ်ခန်းထဲအတူ၊ ကျမအောက်က မောင်လေးနဲ့ ဒေါ်ဒေါ့်သား တတိယမြောက်နဲ့က သက်တူရွယ်တူ၊ တစ်ခါ အဲဒီအောက်က မိန်းကလေးနဲ့ကျမ ညီမနဲ့သက်တူရွယ်တူ၊ ဒေါ်ဒေါ်က သားသမီး(၅)ယောက် မွေးထားတာ၊ အဲဒီ (၅)ယောက်စလုံး အစဉ်အတိုင်း ကျမတို့ မောင်နှမတစ်တွေနဲ့ သက်တူရွယ်တူတွေ ဖြစ်နေပါတယ်။ ဒါတင်မက ယျောင်္ားလေးနဲ့မိန်းကလေး အဲလိုတောင် မဟုတ်ပဲ ယောင်္ကျားလေးဆို ဒီဘက်က ယောင်္ကျားလေး၊ မိန်းကလေးဆို ဒီဘက်က မိန်းကလေး ဆိုတော့  အတန်းတူ သူငယ်ချင်းတွေပါ ဖြစ်ကုန်ပါတယ်။ တစ်မိသားစုလုံး သူငယ်ချင်းတွေ ချည်း ဖြစ်ကြတာပါ။
   ဒေါ်ဒေါ်နဲ့ ကျမအမေက ခင်ပွန်းသည်ချင်း သူငယ်ချင်းဖြစ်ရာက ခင်မင်ကြတာဖြစ်ပါတယ်။ နောက်ပိုင်း ဖေဖေက တာဝန်ကျရာ နယ်မှာ သွားနေရတဲ့အခါ ဒေါ်ဒေါ်တို့က အဝင်အထွက် မပျက်ခဲ့ပါဘူး။
  ဒေါ်ဒေါ်က ပိန်ပိန်ပါးပါး အသားဖြူဖြူနဲ့ မျက်နှာ အင်မတန် ချိုပါတယ်။ ပြေပြစ်လှပတဲ့ ဒေါ်ဒေါ့်ရဲ့ ရုပ်ရည်နဲ့ မလိုက်ဖက်တာက ကွမ်းအမြဲစားနေတတ်တာပါ။ ကွမ်းကို အိမ်မှာ ကိုယ့်ဘာသာ ယာစားတတ်ပါတယ်။ ဝန်ထမ်းဖြစ်တဲ့ ခင်ပွန်းသည် ရတဲ့ လစာနဲ့ လောက်ငှအောင် သုံးစွဲတတ်တာကို အတုယူဖွယ် တွေ့ရပါတယ်။ ဒေါ်ဒေါ့်ခင်ပွန်းဟာ အသောက်အစား လဲ မရှိတဲ့အတွက် အပို ကုန်စရာ မရှိပေမယ့် သားသမီး(၅)ယောက် အပါအဝင် မိသားစု  စုစုပေါင်း(၇) ယောက် စားစရိတ် ကျောင်းစားရိတ်ကို အရာရှိငယ်တစ်ယောက်ရဲ့ လစာနဲ့ အကြွေးလဲ မတင်အောင် တော်တော့်ကို ခြိုးခြံ နေထိုင် စားသောက်တာကို မှတ်မှတ်သားသား တွေ့ရပါတယ်။
  ကျမတို့ မိသားစုကလဲ ပြည့်စုံတဲ့ မိသားစုတော့ မဟုတ်ခဲ့ပါဘူး။ ဒါပေမယ့် ဖေဖေ့ရဲ့ အရာရှိလစာ၊ အမေကလဲ ဝင်ငွေရှိတဲ့ ကျောင်းဆရာမ ဖြစ်တဲ့အပြင် ကျောင်းချိန် ပြင်ပမှာ ကျူရှင်ကျောင်း ဖွင့်ထားတဲ့ အတွက် ဝင်ငွေ အထိုက်အလျှောက် ရှိတဲ့ အပြင် အစားကောင်းကို ကြိုက်နှစ်သက်တဲ့ အတွက် ဆီပြန်ဟင်း ၊ အရည်သောက်ဟင်းနဲ့ တို့စရာ ငပိ မပါမဖြစ် အဲဒီလို စားပါတယ်။
 ဒေါ်ဒေါ်ကတော့ ဆီပြန်ဟင်းချက်တာ သိပ်မတွေ့ရပဲ ဘဲဥကြော်တာတောင် တစ်ယောက်တစ်လုံးနှုန်း သတ်မှတ်တာမျိုး မဟုတ်ပဲ ဘဲဥ ၃လုံးလောက်ကို ခေါက်ပြီး ကြက်သွန်နီများများ ခရမ်းချဉ်သီး ထဲ့ကာ ကြော်ပြီး ဟင်းချို ဒါမှမဟုတ် ချဉ်ရည်ဟင်းနဲ့ တွဲပြီး ချက်တတ်ပါတယ်။ ထမင်းစားတဲ့ အခါ ဆာတဲ့သူကစား အဲလိုမျိုး မဟုတ်ပဲ မိသားစု ဆုံမှ အတူ စုစားကြပါတယ်။ ကျမက ချွေတာရေး လုပ်မှန်းမသိပဲ အဲလို စားတာကို သဘောကျနေပါတယ်။ ဘယ်လောက်ဆာဆာ မစားသေးပဲ သူ့ရဲ့ ခင်ပွန်းနဲ့ သားသမီးတွေစုံမှ အတူစားတာကို သဘောကျ နေခဲ့ဖူးပါတယ်။  သူငယ်ချင်းနဲ့အတူ လိုက်လည်ရင်း ဒေါ်ဒေါ်က ထမင်းစားခိုင်းပါက မကြာခဏ ဝင်စားတတ်ပါတယ်။ အားနာရမှန်းမသိခဲ့၊ အကြောင်းက ကျမက ဆီပြန်ဟင်းတွေ မကြိုက်၊ သားငါးမပါပဲ ဖွယ်ဖွယ်ရာရာ ချက်ထားတတ်သည့် ဒေါ်ဒေါ်ချက်သည့် ဟင်းတွေကို စားချင်၍ပဲ ဖြစ်ပါတယ်။
     ကန်စွန်းရွက်ကို အစိမ်းရောင်မပျက် ရေနွေးဖြောပြီး မန်ကျည်းရေ၊ ကြက်သွန်ကြော်၊ နှမ်းတို့နှင့် သုပ်ထားသည့် ကန်စွန်းရွက်သုပ်လိုမျိုး၊ ကန်စွန်းရွက် အနီ၊ ကင်ပွန်းချဉ်ရွက် ဇရစ်ရိုးတို့ကို ပုစွန်ခြောက်မှုန့် ငါးမူးဖိုး ပြေးဝယ်ပြီးထဲ့ကာ ခပ်စပ်စပ်ချက်ထားသည့် စပ်ချဉ်ဟင်း လို့ ဒေါ်ဒေါ်ပြောသည့် ဟင်းမျိုးတွေ ကို ဒေါ်ဒေါ့် အိမ်မှာသာ ပထမဆုံး စားဖူးတာ ဖြစ်ပါတယ်။
   ကျမအမေက ဒေါ်ဒေါ့်အိမ်မှာ ထမင်းစားခဲ့ပြီးပြီ ဆိုပါက အမြဲဆူပါတယ်။
" မမြကြည်က ခြစ်ခြုပ်ပြီး ချက်ထားရတာ ဘာလို့ သွားစားနေရတာလဲ"
အဲဒီကနေ ဟင်းအကုန်အကျ သက်သာအောင် ညနေစာကို မိသားစု ရုံးပြန် ကျောင်းပြန် အတူစု စားရတာဆိုတာပါ သိသွားတော့မှ ဒေါ်ဒေါ် ခေါ်ကျွေးရင် မစားတော့ပါ။ မစားရက်တော့တာဖြစ်ပါတော့တယ်။
   ဒေါ်ဒေါ်က ရိပ်မိပြီး မစားမှန်းသိတဲ့အခါ ကျမတို့ နားလည်မှု တစ်ခု လုပ်ပါတယ်။ အဲဒါကတော့ အသားငါး ဆီပြန်ဟင်း ကြိုက်တဲ့ ဒေါ်ဒေါ့်သမီး ကျမရဲ့ သူငယ်ချင်းက ကျမအိမ်မှာ ကျမရဲ့ ကိုယ်တာ ဟင်းကို ယူစားပြီး ကျမက ဒေါ်ဒေါ်ချက်တဲ့ ဟင်းကို စားပါတယ်။ ဒီလိုနဲ့  သူ့လက်ရာကိုမှ ကြိုက်တဲ့ ကျမနဲ့ သံယောဇဉ်တွေ ပိုပီး ရှိလာခဲ့တဲ့ အပြင် မိသားစု ကိစ္စ၊ စားဝတ်နေရေး အခက်အခဲ အကြပ်အတည်းတွေ ဖွင့်ပြောပြတဲ့ အထိ သမီး တစ်ယောက်လို ဖြစ်လာပါတော့တယ်။ သူ့သမီးကိုတောင် ပြောမပြတဲ့ အကြောင်းတွေ ကျမကို ရင်ဖွင့် ပြောပြလာပါတယ်။
  အဲဒီ အချိန်ကာလက ဒေါ်ဒေါ့် ခင်ပွန်း ရတဲ့ လခက (၃၀၀) ကျော်ပဲ ရှိပါတယ်။ ဒါက အရာရှိငယ် တစ်ယောက်ရဲ့ လစာပါ။ ကျောင်းစားရိတ်၊ ကလေး မုန့်ဖိုး နဲ့ လမ်းစားရိတ် ဖယ်လိုက်ပြီး ဆန်ဝယ်၊ ဆီဝယ် ပြီးပါက ဟင်းချက်စရာ အတွက် တစ်နေ့ ငါးကျပ်သာ သုံးရပါမယ်။ ဒါ့ကြောင့်  အပို ဆိုလို့ ဘာတစ်ခုမှ မဝယ်နိုင်ပါဘူးတဲ့။ သူ အခုလောလောဆယ် လုပ်ချင်တာ တစ်ခုက သူ့ခင်ပွန်းကို တိုက်ပုံ အကျ င်္ီ တစ်ထည် ချုပ်ပေးချင်ပါတယ်တဲ့။
  ဒေါ်ဒေါ် ပြောပြမှ သတိထားမိပါတယ်။ ဒေါ်ဒေါ့် ခင်ပွန်းမှာ တိုက်ပုံ အင်္ကျီ တစ်ထည်သာ ရှိပါတယ်။ အဲဒီ တစ်ထည်တည်းသော တိုက်ပုံ အနက်ရောင်ကိုပဲ ဝတ်တတ်တာ သတိပြုမိပါတယ်။ ဒေါ်ဒေါ့် အိမ်မှာ အဆောင်အယောင် ဘာမှ မရှိပေမယ့် အိမ်ထဲဝင်လိုက်ရင် စိတ်ချမ်းမြေ့ စရာ ကောင်းလောက်အောင် ရှင်းသန့်နေပါတယ်။ ဧည့်ခန်းမှာ ထိုင်စရာခုံ တစ်လုံးမှ မရှိပဲ ပြောင်လက်အောင် တိုက်ထားတဲ့ သစ်သားကွပ်ပျစ်ခုသာ ရှိပါတယ်။ အဲဒီ ကွပ်ပျစ်မှာ ထိုင်ကြ၊ ထမင်းစားတော့လဲ အဲဒီ ကွပ်ပျစ်နားမှာပဲ စားပွဲအဝိုင်းလေး ချပြီး ဝိုင်းဖွဲ့ စားကြပေမယ့် ပျော်စရာ ကောင်းလှပါတယ်။
 ဒေါ်ဒေါ်ဟာ သူသာ ကွယ်လွန်သွားတာ သူ့ဆန္ဒမပြည့်သွားရှာပါဘူး။ ဒါ့ကြောင့် သူကွယ်လွန်ပြီး မကြာခင်နှစ်မှာ ကွယ်လွန်သွားခဲ့တဲ့ သူ့ခင်ပွန်းဟာ အဲဒီ တိုက်ပုံအနက်ကလေးနဲ့ပဲ လွှမ်းခြုံ သဂြိုလ်ခြင်း ခံခဲ့ရတာ မှတ်မိပါသေးတယ်။
   ကျမက နံနက်စာကို ထမင်းကျော်စားပါက ရင်ပြည့်ပြီး တစ်နေ့လုံး ဘာမှ စားလို့ မရတဲ့ အကြောင်း၊ ဒါ့ကြောင့် အမေက မိသားစု အားလုံး ထမင်းနဲ့ ပဲပြုတ်ကျော် စားပေမယ့် ကျမက မစားပဲ နေတဲ့အခါ   ဈေးထဲမှာ စားချင်တာ သွားစားဆိုကာ မုန့်ဖိုး တိတ်တိတ်လေး ပေးတဲ့ အကြောင်း ပြောရင်းက ဘာတွေ ဝယ်စားလဲ မေးပါတယ်။ ကျမက အသုပ်စုံတို့၊ မုန့်ဟင်းခါးတို့ ဝယ်စားတဲ့ အကြောင်း၊ ကျောင်းဖွင့်ရက် ဆိုပါက ကျောင်းမှာ ကိုယ့်မုန့်ဖိုးနဲ့ ဝယ်စားဖြစ်ကြောင်း၊ ကျောင်းပိတ်ရက် ဆိုပါက မုန့်ဖိုးမရရင် အမေက တခါတလေ အဲဒီလို ပေးတယ်ဆိုတာ ပြောပြပါတယ်။ ဒေါ်ဒေါ်က သူဆိုရင် အဲဒီလို နံနက်စာ ဝယ်မစားတာ အိမ်ထောင်ကျကတည်းက ဖြစ်တဲ့ အကြောင်း ၊ မုန့်ဟင်းခါး၊ အသုပ် သူမကြိုက်ပေမယ့် အုန်းနို့ခေါက်ဆွဲကို အရမ်းကြိုက်တဲ့ အကြောင်း ပြောပါတယ်။
   ကျမက ကျမ အမေ ဝယ်စားတဲ့ ဆိုင်က အုန်းနို့ခေါက်ဆွဲ အရမ်းကောင်းတဲ့ အကြောင်း၊ အုန်းနို့ခေါက်ဆွဲနဲ့ ကြက်ခြေထောက် ကြက်ခေါင်း ပဲသွေး စတာတွေပါ ထဲ့စားလို့ ရတဲ့ အကြောင်း ပြောပြတဲ့အခါ အံ့ဩ သွားပြီး အဲဒီလို ရောင်းနေတာ စားကြတာ သူမသိ၊ သူမစားတာ နှစ်ပေါင်းများစွာ ကြာနေပြီ၊ စားချင်လိုက်တာ၊ တစ်ခါလောက် ဝယ်စားမယ်လို့ ပြောပါတော့တယ်။ ဆိုင်နေရာကို ကျမက သေသေချာချာ ညွှန်ပြလိုက်ပါသေးတယ်။
  ဒေါ်ဒေါ့်ဆီ ရောက်တဲ့အခါ သတိရတဲ့အခိုက် အုန်းနို့ခေါက်ဆွဲဆိုင် ရှာလို့တွေ့သလား၊ ကောင်းတယ် မဟုတ်လား၊ ကြိုက်တယ်မှလား မေးလိုက်တိုင်း ရယ်နေပါတော့တယ်။ ဆိုင်ကို တွေ့ပြီ ဒါပေမယ့် ဝယ်မစားဖြစ်သေးဘူး လို့ မကြာခန ပြောပါတယ်။
  တစ်ရက် ညနေဖက် ဒေါ်ဒေါ့်သမီးဖြစ်သူ  ကျမသူငယ်ချင်းနဲ့ စကားတွေ ပြောကြရင်း ဒေါ်ဒေါ်က ကန်စွန်း၇ွက် ဝယ်ခိုင်းပါတယ်။ ဒေါ်ဒေါ်တို့နေတဲ့ အိမ်နားမှာ အားကစားကွင်းကြီး တစ်ခု ရှိပါတယ်။ အဲဒီကွင်းရဲ့ ပတ်ပတ်လည်မှာ ကန်စွန်းခင်း တမျှော်တခေါ်ရှိပါတယ်။ ကန်စွန်းစိုက်တဲ့ သူတွေက ကန်စွန်းခူးတဲ့သူ ငှားပြီး ခူးကာ အစည်းတွေ စည်းပြီး ကျမတို့ရပ်ကွက် ဈေးမှာ ဖောက်သည် သွင်းကြပါတယ်။ အဲဒီ စိုက်ခင်းမှာ သွားဝယ်ရင် ငါးမူးဖိုး  ဆိုပါက အစည်းလိုက်မဟုတ်ပဲ တစ်ပွေ့တစ်ပိုက်ကြီး ရပါတယ်။ အဲဒီ ကန်စွန်းရွက်တွေကို ဝိုင်းနွှင်ပေးရင်း ဒေါ်ဒေါ်က ပြောပါတယ်။ ဒီညနေ ကန်စွန်းရွက်သုပ်ရင် ကြက်သွန်ကြော်၊ နှမ်း မြေပဲ အားလုံးပေါင်း ငါးမူးဖိုး ဝယ်လိုက်ရင် ဒီဟင်းတစ်ခွက် တစ်ကျပ်ကျတယ်။ ဒေါ်ဒေါ် အုန်းနို့ခေါက်ဆွဲ ဝယ်စားဖို့ ဈေးထဲမှာ အကြိမ်ကြိမ် ကြိုးစားခဲ့တယ်၊ ဆိုင်ရှေ့ ရောက်မှ ပြန်လှည့်လာခဲ့တာ အကြိမ်ကြိမ်ပဲ၊
  အုန်းနို့ခေါက်ဆွဲတစ်ပွဲ တစ်ကျပ်၊ ပဲသွေးရယ် ကြက်ခြေထောက် ဖြစ်ဖြစ် ကြက်ခေါင်းဖြစ်ဖြစ် ထဲ့စားလိုက်ရင် ငါးမတ်၊ တစ်ကျပ်ခွဲ လောက် ကျမယ်၊ ဒေါ်ဒေါ် မစားတော့ပါဘူး သမီးရယ်တဲ့။
  ဒီတော့မှ ရိပ်မိပြီး ဒေါ်ဒေါ့်ကို အံ့ဩသွားပါတယ်၊ စိတ်ထဲမှာ သနားသလို ဘယ်လိုဖြစ်မှန်း မသိပဲ၊
" ဒေါ်ဒေါ် ၊ ဒေါ်ဒေါ့်ကို ကျမ ဝယ်ကျွေးမယ်၊ ကျမက ကျောင်းတက်တဲ့နေ့မှာ ကားခနဲ့မုန့်ဖိုးတစ်နေ့(၁၀)ကျပ်ရတယ်။ အဲဒါ တစ်ခါတလေ စနေတနင်္ဂနွေ ကျောင်းပိတ်တဲ့ ရက်အထိ ပိုတတ်တယ်၊ ပိတ်ရက်ကျ ကျမ ဝယ်ခဲ့မယ် သိလား " ဆိုတော့
ဘာမှ ပြန်မပြောပဲ သူ့စတိုင် အတိုင်း ပြုံးနေပါတော့တယ်။
  ဒေါ်ဒေါ် လေဖြတ်ပြီး ဆေးရုံတင်လိုက် ရတယ်လို့ သိလိုက်ရတဲ့အခါ ကျောင်းက အပြန် ကမန်းကတန်းပဲ ရန်ကုန်ဆေးရုံကြီး ဦးနှောက်နဲ့အာရုံကြော အဆောင်ကို သွားခဲ့ပါတယ်၊ သတိမရပဲ အိပ်နေသလို အသက်ရှုသံ ခပ်ပြင်းပြင်းနဲ့ ပက်လက်ကလေး ငြိမ်သက်နေတဲ့ ပုံစံကို ကြည့်ပြီး  ဘာမှလဲ မဖြစ်ပါဘူး၊ ဆေးတွေ တစ်လုံးပြီး တစ်လုံးထိုးနေတာ ဆိုတော့ ပြန်နိုးလာမှာလို့ ထင်နေမိပါတယ်။ ကျမအသက်(၁၈)နှစ် အရွယ် ရောက်သည်အထိ  ခင်မင်ရတဲ့ သူတစ်ယောက် သတိလစ်နေတာကို တွေ့ရတာ ပထမဆုံး မြင်ကွင်းပါ။
  ဒေါ်ဒေါ်က အဲဒီနေ့မှာ ရေချိုး ခေါင်းလျှော်ပြီး အင်္ကျီတောင် မဝတ်ရသေး ပါးစပ် နဲနဲ ရွဲ့နေတာကို ဒေါ်ဒေါ့်ရဲ့ သမီး အငယ်ဆုံး လေးတန်းကျောင်းသူက
" အမေ့ပါးစပ် ရွဲ့နေတယ်"
ပြောတော့ မှန်ထဲ လှမ်းကြည့်လိုက်သေးတယ်၊ ပြီးတော့ သတိလစ်သွားတယ်လို့ သိလိုက်ရပါတယ်။
 မလှုပ်မယှက် ဘာမှ မလုပ်နိုင်တော့တဲ့ သူကို  သားသမီး  တစ်တွေ တစ်လှည့်စီ စောင့်ရင်းက (၃) ရက်မြောက်မှာ ကျမသူငယ်ချင်း စောင့်ရတဲ့ အချိန်မှာ ကျမပါ အတူ ကူစောင့်ပေးခဲ့ပါတယ်။ ဒီ(၃) ရက်အတွင်း အကိုတွေ မောင်တွေလဲ ပင်ပန်းနေပြီဖြစ်တဲ့ အတွက် နားခိုင်းလိုက်ပါတော့တယ်။
 ဒေါ်ဒေါ့်ကို စောင့်နေရင်း အစာတောင်းတာလဲ မတွေ့၊ အချိန်တန်ရင် ပါးစပ်ကနေ အရည်တစ်ခုခု ထဲ့၊ ခန္တာကိုယ်ကို ဟိုဘက် ဒီဘက် စောင်းပေး စတာတွေ လုပ်ပေးနေရင်းက ဗြုန်းကနဲ ဒေါ်ဒေါ့်ကို အုန်းနို့ခေါက်ဆွဲ မကျွေးဖြစ်သေးတာ သတိရလိုက်မိပါတော့တယ်။
   တကယ်တန်းပြောရရင် အဲဒီခေတ်က အခုခေတ်လို  ကျွပ်ကျွပ်အိတ်လို အိတ်တွေနဲ့ဝယ်လို့ရရင် ဒီလို ဖြစ်မှာမဟုတ်ပါဘူး။ မုန့်ဆိုင်ရောက်တိုင်း " ဟာ" ကနည်း ဖြစ်ဖြစ်သွားပါတယ်။ ထဲ့စရာ ချိုင့် မေ့ခဲ့လို့ပါ။ ဈေးသည်ကတောင် ချိုင့် မေ့ပြန်ပြီ ပြောပြီး ထိုင်စားလိုက်တိုင်း ချိုင့်မပါလဲ စားသွားပေါ့ ဗိုက်ထဲ ထဲ့သွားပေါ့ အဲဒီလိုစတတ်ပါသေးတယ်။ ဒေါ်ဒေါ့်ကိုလဲ ပြောဖြစ်ပါသေးတယ်။ ဆိုင်ရောက်မှ ချိုင့်မပါလို့ မဝယ်ဖြစ်ဘူး ဖြစ်နေတယ်။ ဒီတစ်ခါ သေသေချာချာ သတိထားပြီး ယူသွားမယ်၊ စသဖြင့် ပြောပြောနေတာလဲ မကြာခဏ ဖြစ်နေပါတော့တယ်။
 သတိလစ်နေတဲ့ ဒေါ်ဒေါ့်ကို ကြည့်ပြီး ဒေါ်ဒေါ် သတိရလာရင် သေသေချာချာကို ဝယ်ကျွေးမယ်၊ ဒါပေမယ့် သွေးတိုးရှိတာလဲ အခုမှ သိတာဆိုတော့ တည့်ပါ့မလား လို့ တွေးနေမိပါတယ်။
  အဲဒီညကို ကျော်ပြီး မနက်လင်းအားကြီးမှာ ဒေါ်ဒေါ် ကွယ်လွန်သွားပါတော့တယ်။
ကျမတို့ လက်ပေါ်မှာ အသက်ထွက်သွားတာ ဖြစ်ပါတယ်။ ကျမရဲ့ အသက်(၁၈)နှစ် တက္ကသိုလ် တတိယနှစ် တက်နေတဲ့ အရွယ်မှာ လူတစ်ယောက် ကိုယ့်လက်ထဲ အသက်ထွက်သွားတာ ပထမဆုံး တွေ့လိုက်ရခြင်းပင်။ လူတစ်ယောက် သေတာကို ပထမဆုံး ဒက်ထိ မြင်ရတဲ့ အပြင် နဘေးမှာ အားကိုးစရာ လူကြီးသူမ တစ်ယောက်မှ မရှိတဲ့အတွက်  ကျမနဲ့သက်တူသူငယ်ချင်းနှစ်ယောက် ရုတ်တရက် ငိုဖို့နေနေသာသာ ကြောင်တောင်သာ ကြည့်နေမိပါတော့တယ်။ တာဝန်ကျ ဆရာဝန်က ဆုံးသွားပြီ၊ အသက်မရှိတော့ဘူး ပြောတာတောင် ဟုတ်ရဲ့လားလို့ ဒေါ်ဒေါ့်ကို တွေတွေ ကြည့်နေတာ အိမ်ကလူတွေ ရောက်လာပြီး ဆေးရုံ အအေးခန်းဆီ ယူသွားတဲ့ အထိပါပဲ။
     အမေနဲ့ ပတ်သက်တဲ့ ဝတ္ထုတွေ၊ ရုပ်ရှင်တွေ ကြည့်ရတဲ့အခါ  ထမင်းနည်းနေရင် အမေမဆာသေးဘူး သားတို့စား၊ သမီးတို့စား၊ ဒါမှမဟုတ် ကြက်သားဟင်းချက်တာကို ပြပြီး အမေက ကြက်ဆိုရင် ခြေထောက်ကိုက်ရတာ ကြိုက်တာ၊ အသားတွေ မကြိုက်ဘူး စသဖြင့် သရုပ်ဖော်တာ သရုပ်ဆောင်တာ ကြည့်ရတာ အတော်နောက်ကျပါတယ်။ အမေတစ်ယောက်ရဲ့ မေတ္တာ ၊ စွန့်လွှတ်အနစ်နာခံတဲ့ စိတ်တွေကို ဒေါ်ဒေါ့် ဆီက အစောကြီး ကတည်းက သိခွင့်ရခဲ့ပါတယ်။ ဒေါ်ဒေါ်ဟာ ကျမ ဘဝ အတွက် သက်ရှိ ရုပ်ပြ၊ သက်ရှိ ဝတ္ထု တစ်ပုဒ်အဖြစ် အစောကြီးကတည်းက ဖတ်ခဲ့ မြင်ခဲ့ရပါတယ်။
  ဒါတင်မက သေခြင်းတရားကိုပါ  ထင်သာ မြင်သာအောင် ပြခဲ့ပါတယ်။ ရုတ်တရက် အိပ်မက်လို့ ထင်ရလောက်အောင် အကောင်းပကတိကနေ ခွဲခွာ သွားတဲ့ အတွက် သေခြင်းတရားကို သိရှိယုံမက သေခါနီး ခံစားသွားရတာကိုပါ တရားသဘောနဲ့ ပြခဲ့လေသလား မသိပါ။
ဒေါ်ဒေါ်နဲ့ ပတ်သက်ပြီး အုန်းနို့ခေါက်ဆွဲ မကျွေးရလိုက်ရတဲ့ အဖြစ်မျိုး မရောက်ရလေအောင် သတိထားနိုင်တဲ့ အဖြစ်တွေ အသိတွေ ရခဲ့ပါတယ်။ လူတစ်ယောက် သေခါနီးမှာ ခံစားရတဲ့ ဝေဒနာကို မျက်ဝါးထင်ထင် တွေ့ခဲ့ဖူးရပါတယ်။
အခုလို ဖေဖေါ်ဝါရီလ ရောက်ပြီဆိုတာနဲ့ တစ်ပြိုင်နက်ထဲ ကျမရင်ထဲမှာ စူးစူးရှရှ သတိရနေမိတဲ့ ကျမ ချစ်ခင်ရတဲ့ ပထမဆုံး မိခင်အရွယ် လူကြီးသူမတစ်ယောက် ဖြစ်တဲ့ ဒေါ်ဒေါ်(ဒေါ်မြကြည်) ကို ကျမဘဝမှာ ဘယ်တော့မှ မမေ့နိုင်၊ မေ့လဲ မမေ့ အမှတ်ရနေပါတော့တယ်။
 

  


February 9, 2014

ဖေဖေါ်ဝါရီကို အမှတ်ရစေသူများ- ၁

အဖေ

ဖေဖေါ်ဝါရီလ ရောက်တဲ့ အခါ ကိုယ့်ဘဝမှာ  အမှတ်တရဆိုတာထက် ရင်ထဲမှာ စူးတွေ ဆောက်တွေနဲ့ သပ်လျှိုထားခဲ့ သလို အမှတ်ရစေတဲ့ အကြောင်းတွေကို ဖြစ်ပေါ်စေတဲ့ အမှတ်ရစေတဲ့သူတွေ တော်တော် များများ ရှိနေပါလား ဆိုတာ သတိပြုလာမိတဲ့ အခိုက် ဒီစာတွေကို ရေးဖြစ်ပါတော့တယ်။

 ဖေဖေဝါရီကို အမှတ်ရစေသူတွေထဲက ပထမဆုံး ရေးချင်ပြီး ရေးဖြစ်တာကတော့ "အဖေ"၊
 ကျမရဲ့ အဖေ အကြောင်းပါ။  အဖေ ဆိုတာက မိသားစုမှာ သားသမီးတို့ရဲ့ ဖခင်ကို ခေါ်တာမို့ အဖေ လို့ ခေါင်းစဉ်တပ်ရပေမယ့် ကျမအပါအဝင် ကျမတို့ မောင်နှမတွေက အဖေကို  " ဖေဖေ" လို့ခေါ်ပါတယ်။
ဖေဖေက သူ့မိသားစုမှာ သားကြီး ဖြစ်တဲ့ အပြင် မောင်နှမ(၂)ယောက်သာရှိပါတယ်။ အဖေ့အောက်မှာ အဖေ့နှမ တစ်ယောက်သာရှိပါတယ်။ အသက်ကြီးမှ အိမ်ထောင်ကျပြီး မွေးဖွားလာတဲ့ အဖိုးအဖွားတွေက ဘယ်လောက်ချစ် ဘယ်လောက် အလိုလိုက်မလဲ ဆိုတာ ပြောစရာတောင် မလိုပါဘူး။
                ဒါ့ကြောင့် အဖေ့နှမ ကို မိန်းကလေးမို့ ရွာမှာ ရှိတဲ့ မူလတန်းကျောင်း အောင်တာနဲ့ ကျောင်းဆက်မထားပေမယ့် အဖေ့ကိုတော့ မြို့ပေါ်အထိ ကျောင်းဆက်ထားခဲ့ပါတယ်။ မြို့ပေါ်ရောက်တာနဲ့ အဖေဟာ အမြင်ကျယ်လာပြီး ရန်ကုန်မှာ ကျောင်းတက် အလုပ်ဝင်တဲ့ အထိ ဖြစ်အောင် ကြိုးစားခဲ့ပါတယ်။ အဲဒီလို အမြင်ကျယ်တဲ့ အဖေ့ကြောင့် ကျမတို့ မောင်နှမတစ်တွေ ရန်ကုန်မှာမွေး ရန်ကုန်မှာကြီးပြီး လူနေမှုအဆင့်အတန်း အထိုက်အလျောက် မြင့်ခဲ့တာ ဖြစ်ပါတယ်။ အဖေက သူ့သားသမီးတွေကို အင်္ဂလိပ်စာမတတ်မှာ အင်မတန်ပူရှာပါတယ်။ ဒါ့ကြောင့် မအားတဲ့ကြားကနေ ကျမတို့ မောင်နှမတစ်တွေကို အင်္ဂလိပ်စာ သင်ပေးပါတယ်။ ကလေးပီပီ ကျောင်းစာမဟုတ်ပဲ အပြင်စာ သင်တာကို တငြီးငြီး တညူညူနဲ့ သင်ယူကြပါတယ်။အဖေ့ကျေးဇူးကို  ဘယ်အချိန်မှာ သိလာရသလဲဆိုတော့ အထက်တန်းမှာ အက်ဆေးရေးရတဲ့အခါ အဖေ သင်ပေးခဲ့တဲ့  ဝါကျတည်ဆောက်ပုံ၊ အချိန်ကာလ အသုံးအနှုန်းတွေဟာ တကယ်တန်း အသုံးဝင်ပြီး ဒီလို ဒီလိုေ၇းရတာပါလား ဆိုတာ သိလိုက်ရခြင်းပင်။ ထိုအချိန်မှာ အဖေက သူ့အလုပ်နဲ့နယ်တကာ လှည့်နေရတာဖြစ်တဲ့ အတွက် သားသမီးတွေကို အချိန်မပေးနိုင်တော့၊
            နယ်တကာ လှည့်ပြီး ခရီးတွေ ထွက်ရခြင်းရဲ့ အကျိုးရလဒ်ကတော့ မြန်မာပြည် တစ်ပြည်လုံး အစွန်အဖျားမကျန် အဖေ မရောက်ဘူးတဲ့ မြို့ မရှိတာ အပြင် မိတ်ဆွေတွေလဲ မြန်မာပြည် အနှံ့ ရှိခဲ့ရာက အရက်ကို စွဲစွဲမြဲမြဲ သောက်တတ်လာတာပင်။
          အရက်သောက်ကာစမှာ အမေနဲ့ မကြာခဏ ကတောက်ကဆဖြစ်၊ စကားများ ရန်ဖြစ်တာတွေ ဖြစ်ခဲ့ပေမယ့် နောက်ပိုင်းမှာတော့ အမေလဲ မပြောနိုင်တော့၊ အဖေက အသက်ပြည့် အငြိမ်းစားယူသည်အထိ အရက်ကို စွဲမြဲစွာ သောက်ခဲ့ပါတော့တယ်။
        အဖေ အရက်သောက်နေတဲ့ ကာလ တစ်လျှောက်လုံးမှာ အဖေ့ကို ငြူစူ ပြောဆိုတာမျိုး မလုပ်ခဲ့တဲ့အတွက် ကျမကို ဆုံးမခဲ့တဲ့ နှစ်ဘက်သော အဖွားတွေရဲ့ ကျေးဇူးကို အခုချိန်ထိ ကျေးဇူးတင်နေဆဲပါ။
       အရက်ကို စွဲစွဲမြဲမြဲနဲ့ ကြိုက်နှစ်သက်စွာ သောက်လာတာကို သိတဲ့ အဖေ့ရဲ့အမေ၊ အမေ့ရဲ့အမေ ၊ ကျမတို့အခေါ် အမေကြီးဟာ အဖေ့အပေါ် ပြောဆို မိမှာဆိုးလို့ ထင်ပါရဲ့။ ကျမကို ပြောဆိုဆုံးမပါတယ်။
"  အဖေ အရက်မူးပြီး စကားတွေအများကြီး ပြောရင် ဘာမှ ပြန်မပြောနဲ့၊ အရက်မူးနေရင် သွေးကကြွပြီး ဆူချင်ပူချင်တယ်၊ စကားများမယ်၊ အဖေဆိုတာ အရက်မူးနေလဲ အဖေပဲ၊ အဖေကို အပြစ်ပြောရင် ၊ မူးနေတယ်ဆိုပီး ပြောချင်တာတွေ အပြစ်တင်တာတွေ ပြောနေရင် ငါ့မြေး ငရဲကြီးမယ်။ မှတ်ထား ငါ့မြေး အဖေဟာ အရက်သမားပဲဖြစ်ဖြစ် လူဆိုးပဲ ဖြစ်ဖြစ် အဖေဟာ အဖေပဲ "
အဖေ အရက်မူးလာပြီး စကားတွေ အပ်ကြောင်းထပ်အောင်ပြော၊ စာကျက်နေလဲ ဆူညံနေလို့ ကျက်မရ၊ အမေနဲ့စကားများပြီး ဆူညံတာ စတာတွေကို  ဘာအကြောင်းကြောင့် ဖြစ်ဖြစ် အဖေဟာ အဖေပဲ ဆိုတဲ့ စကားတွေ နားမှာ ကြားပြီး ဘယ်တော့မှ ခွန်းတုံ့ပြန်မပြောဖြစ်တော့။ အမေ့ကိုလဲ
" အမေ ပြောမနေပါနဲ့၊ ပြောချင်ရင် မနက်မှ ပြော" လို့ ပြောဖြစ်ခဲ့ပါတယ်။
အမေ နားလည်လား သဘောပေါက်လားတော့ မသိ။ အမေပြောနေကျ စကားက သူတို့ သားအဖက လိုက်တယ်လို့တော့ မကြာမကြာ ပြောတာ ပြန်ကြားရပါတယ်။ အမေက ကျမ အဖေ့ကို အရက်သောက်တာနဲ့ ပတ်သက်ပြီး တားမြစ်တာ၊ မကြိုက်တဲ့ အကြောင်း ဆူပူတာ မလုပ်လို့ သဘောကျပုံ မရပါဘူး။
     ကျမ စိတ်ထဲမှာတော့ ပြောလို့ မရမယ့်အတူ  ကျန်းမာရေးမထိခိုက် အောင် သောက်ဖို့လောက်သာ ပြောယုံပဲ လို့ သဘောထား ထားပါတယ်။
ကျမ အိမ်ကို အဖေ လာလည်ပါက ညနေ ရောက်တာနဲ့ အဖေ့အတွက် အရက်က အသင့်။ ကျမရဲ့ ခင်ပွန်းက အလိုက်တသိ ဝယ်ပေးတာပါ။  သူလဲ သောက်တတ်သူပင်။  ဒါပေမယ့် သောက်တဲ့ အရက်အမျိုးအစားမတူ။
ကိုယ့်အရက် ကိုယ်သောက်ရင်း တီဗွီကြည့်သူကကြည့်၊ စကားပြောသူကပြော ဒီလိုပဲ အဆင်ပြေသွားတာပင်။
အမေက တခါတလေ အဖေ့ကို ဘုပြောသည်တဲ့။
" ရှင် အေးအေးဆေးဆေး အရက်သောက်ချင်ရင် ရှင့်သမီးအိမ်မှာ သွားသောက်' လို့ပြောတယ်တဲ့။
ကျမက  အရက်ရဲ့ ဆိုးကျိုးကို သိပေမယ့် အရက်ကြိုက်တတ်သူ၊ အရက်စွဲနေသူကို မသောက်နဲ့၊ အခုရပ်၊ မသောက်ပဲနေ လို့ ဘယ်လို ပြောမည်နည်း။ အရက်သောက်တဲ့ အဖေနဲ့ နီးနီးကပ်ကပ် နေခဲ့ရတဲ့ အတွက် အရက်စွဲနေသူတွေကို တွေ့ရင် မကြောက်ပဲ သူတို့ကို သနားစိတ်သာ ဝင်နေတတ်ပါတယ်။  အဲဒီလို သူတွေက မကောင်းတာကို မကောင်းမှန်းသိပေမယ့် ဖြတ်မရပဲ တဝဲလည်လည် ဖြစ်နေတာကို တွေ့နေရလို့ပင်။
  အဖေနဲ့ကျမ နားလည်မှု ရသွားတာတစ်ခုက အဖေ အလုပ်က အပြန် အရက်သောက်လာပြီဆိုပါက အိမ်ပြန် အမြဲ နောက်ကျပါတယ်။  အမေကလည်း အလုပ်တစ်ဖက်နှင့်ဆိုတော့ မိုးချုပ်သည်အထိ မစောင့်နိုင်တော့၊ စောစီးစွာ အိပ်ယာဝင်ရပါတယ်။  မနက် ကျောင်းသွား၊ ချက်ရပြုတ်ရ ဈေးသွားရနှင့်မို့ အမေသည် ညဖက်ဆို ပင်ပန်းနေပြီ။ အဖေပြန်မလာမချင်း ဘယ်လိုမှ မစောင့်နိုင်။ ထိုအခါ ကျမက စာကြည့်ရင်း စောင့်ပြီး အဖေ့ကို ထမင်းခူးကျွေးရပါတယ်။ အဖေမလာသေးလေ စာပိုကျက်ရလေလို့ စိတ်ထဲ အောက်မေ့ကာ စောင့်ပါတယ်။  တမင်စောင့်နေတာ မဟုတ်ပေမယ့် သိပ်မိုးချုပ်လာရင်တော့ အဖေ ပြန်ရောက်သင့်ပြီ၊ နောက်ကျလိုက်တာ၊ ကားမှရှိတော့ရဲ့လား၊ ကားမရလို့လား စသဖြင့်တော့ စာကျက်ရင်း တွေးမိတာ မကြာခဏပါပဲ။
 အဖေ့ကို တံခါးစောင့်ဖွင့်ပေး၊ ထမင်းခူးကျွေးတိုင်း အဖေအမြဲပြောတာက
" ငါ့သမီး ရှိလို့ တော်သေးတာပေါ့"တဲ့
အရက်သောက်တာများတဲ့နေ့လို တော်တော် မူးလာရင် အဖေ့ကို ကြည့်ပြီး သနားမိလေသည်။
ထမင်းသာ စားနေသည်။ အရသာရော သိရဲ့လား၊ အတွေးက ခနခန ဝင်လာတတ်ပါတယ်။  ကျမ စောင့်နေမှန်း သိပါက အဖေသည် ဘယ်လောက်မူးမူး၊ တိတ်တိတ်ဆိတ်ဆိတ် အိပ်ယာဝင်တတ်ပါတယ်။  အိပ်ယာဝင်ကာနီးတိုင်းမှာ
 " ငါ့သမီး စာကျက်သံကြားရတာ အဖေ စိတ်ချမ်းသာတယ်၊ ပညာတတ်ကြီး ဖြစ်အောင်လုပ်။ အဖေ့ထက်တော်အောင်လုပ်၊ သားသမီးဆိုတာ မိဘထက် တော်ရမယ်"
ဒီလို စကားတွေသာ အပ်ကြောင်းထပ်အောင် ပြောတတ်ပါတယ်။
ဒါ့ကြောင့်လဲ နားအေးပါးအေး ရှိတဲ့အတွက် အမေက သဘောကျပါတယ်။  ဒါတောင် တခါတလေ ကျမကို ဆုံးမရင်း အိပ်နေတဲ့ အကိုကို အကြောမတည့်တဲ့ အချိန်ဆိုပါက စောင်းမြောင်း ပြောလေသည်.။ အမေက အဲဒီလို ပြောတာမျိုးကို မကြိုက်။
" စာမကျက်ပဲ အိပ်နေတဲ့သူကတော့ ဘယ်တော့မှ မတိုးတက်ဘူး၊ ပညာမတတ်ရင် ကူလီဖြစ်မယ်၊ ရွာမှာ သူရင်းငှားသာ သွားလုပ်"
 အဲဒီကနေ ရှင် သူများတွေ အိပ်နေပြီ၊ သူလဲ စာကျက်ပြီးလို့ အိပ်နေတာ ဘာညာ စတာကနေ စကားများချင် ထများနေတတ်ပါတော့တယ်။ 
    ကျမ ကိုယ့်အိမ်ထောင်နဲ့ကိုယ် ဖြစ်တဲ့အခါ အဖေ့ကို ဘယ်သူထမင်းကျွေးသလဲ၊ အဖေ့အဝတ်တွေ ဘယ်သူလျှော်ဖွပ် မီးပူတိုက်သလဲ ဆိုတဲ့ အတွေးတွေနဲ့  မကြခဏသတိရစိတ် ဖြစ်ရပါတယ်။
အဖေက အမေ့ကို စိတ်ဆိုးလို့ပဲ ဖြစ်ဖြစ်၊ သူ့သားတစ်ယောက်ယောက်နဲ့ စကားပြောအဆင်မပြေလို့ပဲဖြစ်ဖြစ် ကျမအိမ်ကို ရောက်လာတတ်လေသည်။ သတိရလို့ မရောက်တာကြာလို့ လာတာထက် အိမ်မှာ တစ်ယောက်ယောက်နဲ့စကားများပြီး ရောက်လာတတ်တာက ပိုလေသည်။
"အဖေ အိမ်မှာပဲ နေပါ၊ ဒီကနေပဲ ရုံးတက်ပါ"
ပြောလည်း ခနသာ။ မကြခင် စိတ်ပြေပြီး ပြန်သွားတတ်လေသည်။
အဖေ လေဖြတ်သည်မှာ ၂၀၀၅ခုနှစ် ဒီဇင်ဘာ၂၅ ခရစ်စမတ်နေ့မှာပင် ကျမဆီ မရောက်တာကြာလို့ သွားမည်ဟု လှေကားအဆင်းမှာ လျှော်လဲရာက လေဖြတ်သွားလေသည်။
ကျမက အမေ့ကို အမေနဲ့စကားများပြီး ကျမဆီလာမယ်ပြောပြီး ဖြစ်တာလား မေးလို့ အမေစိတ်ဆိုးသေးသည်။
အဖေ လေဖြတ်တဲ့ ဖြစ်စဉ်က ပြန်တွေးကြည့်တိုင်း လေဖြတ်သည့် ဗဟုသုတနည်းပါးသေးတာကို သတိရမိစေလေသည်။ လေဖြတ်တာ ဘယ်လို နေလို့ ဘယ်လိုအကြောင်းတွေကြောင့် ဆိုတာ သိထားတာထက် ကွဲလွဲစွာ ဖြစ်သွားတဲ့အတွက် လေဖြတ်တာခံလိုက်ရတယ်လို့ တွက်မိပါတယ်။ အခု အချိန်မှာတော့ အဖေ ဖြစ်ခဲ့တဲ့ ဖြစ်စဉ်ကို လေဖြတ်တဲ့ ရှေ့ပြေးလက္ခဏာ တစ်ခုအဖြစ် ဖတ်ရမှတ်ရပါတယ်။
အဖေ လက်တစ်ဖက် မလှုပ်မရှား ဖြစ်တဲ့ အထိ လေဖြတ်မခံရခင်က ရှေ့ပြေးလက္ခဏာ တစ်ခု အရင်ဖြစ်ပါတယ်။
အဲဒါကတော့ ရုတ်တရက် စကားတွေ ဗလုံးဗထွေး ပြောပြီး စကားပြောလို့မရတာပါ။
ဖြစ်ပုံက အိမ်မှာနေရင်း ဖြစ်တာမဟုတ်ပဲ လမ်းလျှောက်သွားရင်း အိမ်ကို ပြန်အလာမှာ ဗလုံးဗထွေး စကားတွေ ဝူးဝူးဝါးဝါး ပြောတော့ အမေက အပမှီတာ ထင်သတဲ့။
အဖေကအဲဒီ အချိန်မှာ အရက်မသောက်တော့ပါဘူး။ အရက်ကို တိကနဲ မသောက်ပဲ နေနေတာပါ။
ကျမ ခင်ပွန်းက အိမ်ကိုလာတိုင်း အမြဲပြောပါတယ်။ အရက်ကို တသက်လုံးသောက်လာပြီး အခုလို ရုတ်တရက် မသောက်ပဲ နေတာ မကောင်းဘူး ဆိုတော့ အဖေက သူဘာမှ မဖြစ်ဘူး၊ စားလို့သောက်လို့ ကောင်းနေတာပဲလို့ ပြန်ပြောပါတယ်။ တကယ်လဲ ဘာမှမဖြစ်တဲ့ အပြင် အရက်ကို ရုတ်တရက် ဖြတ်လိုက်ရင် အကြောဆိုင်းတတ်တာ၊ အားနည်းပြီး လေဖြတတ်တတ်တယ်ဆိုတာကိုလဲ ကျမတို့ မသိခဲ့ပါ။ မကောင်းဘူး ပြောတာ ဘာမကောင်းမှန်း သေချာ မသိတာလဲပါပါတယ်။
အဖေက မနက်ဆို လမ်းလျှောက်ပါတယ်တဲ့၊ အိမ်ကနေ လယ်ကွင်းတွေဖြတ်ပြီး မြစ်ဘေးက ဘုရားလေးဆီသွား၊ ပြီးမှ အိမ်ကိုပြန် အဲဒီလို လုပ်တယ်လို့ ပြောပါတယ်။ အဲဒီနေ့က အဖေ့လက်ထဲမှာ မီးထွန်းလက်စ ဖယောင်းတိုင် အတိုအထွာလေးတွေ လက်ထဲပါလာတာ ကြည့်ပြီး အမေက ဘုရားအထိ ရောက်ခဲ့တယ်ဆိုတာ သိတယ်တဲ့။ ဘာမှ မေးလို့မရပဲ ဝူးဝူးဝါးဝါးနဲ့ မျက်လုံးကလဲ ပြူးနေတော့ စောစောကပြောသလို ဘုရားနားမှာ ဘာအမှားသွားလုပ်သလဲ၊ ညောင်ပင်ကြီးတစ်ပင်က အစောင့်အရှောက်တွေရှိတယ်၊ အဲဒီနားက ကြမ်းတယ် ၊ လယ်ကွင်းတွေနား အပေါ့အပါး သွားမိသလား မေးလိုက်သေးသတဲ့။
တကယ်တော့ အယူတွေ လွဲကုန်တာပါပဲ။ သိပ်မကြာဘူး အဖေက ပုံမှန်ပြန်ပြီး စကားပြောနိုင်တဲ့အခါ အဲဒီ အဖြစ်ကို မေ့သွားတာ၊ အမှန်က အဲဒါ လေဖြတ်မယ့် ရှေ့ပြေးလက္ခဏာလို့ ဘယ်သူမှ မသိကြတာပါပဲ။
၂၀၀၅ခုနှစ်မှာ အဖေလေဖြတ်ပြီး စကားပါ မပြျောနိုင် ဖြစ်သွားပြီး အိမ်ထဲမှာသာ နေရတဲ့အခါ အပင်ပန်းဆုံးက အမေပါပဲ။ ကလေးတစ်ယောက်ကို ပြုစုသလို ပြုစုရတာပါ။
        အဖေ့ဆီရောက်တိုင်း ပြန်ကာနီး ကန်တော့တဲ့အခါ ကလေးတစ်ယောက်လို ငိုတတ်ပါတယ်။ ကျမ မခံစားနိုင်တဲ့ အချိန်ဟာ အဲဒီအချိန်ပါပဲ၊ ကျမဟာ အတ္တကြီးသလို ဖြစ်သွားလားဆိုတာ မကြာမကြာ ကိုယ့်ဘာသာ ပြန်မေးဘူးပါတယ်။ အဖေ့ဆီ မသွားချင်ဘူး၊ ပြန်ရင် အဖေငိုတာ မကြည့်ရက်ဘူးဆိုတဲ့ ကိုယ့်အတွေးကို ကိုယ့်ဘာသာ မှန်တယ်ထင်ခဲ့ဖူးပါတယ်။
ကျမ ပြည်ပကို သွားတော့မယ်လို့ ဆုံးဖြတ်တဲ့ အခါ အမေ့ကို မေးလိုက်ပါတယ်။
" ဖေဖေ့ကို ပြောသွားရမလား၊ မပြောပဲ သွားရမလား၊ ပြောလိုက်ရင် ငိုနေမလား" ဆိုတော့
အမေက ပြောမနေနဲ့ သမီးအဖေက ကလေးလိုဖြစ်နေပြီ၊ ဘာမှ မသိပါဘူးတဲ့။
စိတ်ထဲမှာ အဖေ့ကို ပြန်မတွေ့နိုင်ဘူးလို့  တွက်မိသလို ဖြစ်နေပေမယ့် တွေ့နိုင်သေးတာပဲလို့ တွက်မိတာလဲပါပါတယ်။
အဖေဆုံးတဲ့ ၂၀၁၂ ဖေဖေါ်ဝါရီ (၄)ရက် မတိုင်ခင်မှာ အဖေ တခုခု ဖြစ်နေလား ၊ ဖြစ်ပြီလားဆိုတဲ့ စိတ်ခံစားချက်က အံ့ဩစရာကောင်းလောက် အောင် ရရှိခဲ့တာမှာ အဖေ ဘာမှမသိဘူး၊ ကလေးလိုပဲ ဘာခံစားချက်မှ မရှိဘူးဆိုတာ မဟုတ်နိုင်ဘူး၊ မဟုတ်ဘူးလို့ အသေအချာ သိခဲ့ရသလိုပါပဲ။ အဲဒီအချက်က ကျမကို အမြဲတမ်း အမှတ်ရစေမယ့် မမေ့နိုင်တော့တဲ့ အကြောင်းအရာတွေ ဖြစ်ခဲ့ရပါတယ်။
       အဖေမဆုံးခင် ရက်ပိုင်းအလိုမှာ ကျမစိတ်တွေ အိမ်ကို အရမ်းသတိရနေပါတယ်။ ခါတိုင်း သတိရတာက ဖြတ်ကနဲ ဖြတ်ကနဲ၊ဒါမှမဟုတ် အကြောင်းအရာ တစ်ခုခု တိုက်ဆိုင်တဲ့ အခါမျိုးဖြစ်ဖြစ် အဲဒီလို အခါမှာ သတိရတတ်တာပါ။  အခုက စိတ်ထဲ လေးလေးနဲ့ အမေနေကောင်းရဲ့လား၊ အဖေ့ကို ပြုစုရတာ ပင်ပန်းပီး တခုခုဖြစ်သလား စိတ်တွေဝင်လာတဲ့အပြင် အိမ်ကအမေနဲ့ ဖုန်းပြောချင်စိတ်ဖြစ်လာတာပါ။ ဖြစ်ချင်တော့ ဖုန်းခေါ်တာဝင်သွားပြီး ဘာသံမှမကြားရ ခနခနဖြစ်၊ ဖုန်းထဲ ပြန်ကြည့်တော့ ပိုက်ဆံက ဖြတ်သွား ၊ ဒါနဲ့ တရက်ကုန်သွားပြန်၊ စိတ်ထဲမှာ ဘယ်လိုမှန်းမသိ လေးတေးတေး ဖြစ်တာက မပျောက်၊ စိတ်ခံစားချက်က တော်တော်နဲ့ မပျောက်လို့ ခင်ပွန်းဖြစ်သူကိုတောင် " စိတ်ထဲ လေးလိုက်တာ ဘာဖြစ်နေလဲ မသိဘူး" လို့ ဖွင့်ပြောဖြစ်တဲ့အထိပါပဲ။
သူက ဖုန်းရအောင်ခေါ်လေ စိတ်ထင်တာနေမှာပါလို့ ပြောပါသေးတယ်။ ဖေဖေါ်ဝါရီ(၂))ရက်ကနေ ခေါ်နေတဲ့ ဖုန်းက
ဖေဖေါ်ဝါရီ(၃)ရက် သောကြာနေ့မနက်အထိ  ဈေးသွားရင်းခေါ်လဲမရ ဖြစ်နေရာက  ညဖက်ကျမှ  ခေါ်လို့ရပါတော့တယ်။
ဖုန်းထူးလိုက်တဲ့ အမေ့အသံကြားတော့မှ တော်ပါသေးရဲ့လို့ စိတ်ထဲ အလုံးကျသွားပပါတော့တယ်။
တစ်ဆက်တည်း
" ဖေဖေ နေကောင်းလား"
ဆိုတာကို ကောင်းတယ်၊ အခုတောင် သမီးနာမည် ပြောသံကြားလို့ ပြုံးပြုံးကြီးနဲ့ နားထောင်နေတယ်၊ ပြောမလား
ကျမဖုန်းက တီတီဆိုတဲ့ အသံကလဲ ကြားနေရပြီ၊ မပြောရပဲ ပိုက်ဆံတွေ ကုန်သွားပြီး တကယ်တန်းလဲ ပြောရော ပိုက်ဆံက ကုန်နေပြီ။ ဒါနဲ့နေကောင်းကြတယ်ကြားတာနဲ့ စိတ်ထဲအေးသွားပြီး နောက်မှပဲ ပြောတော့မယ် ဖုန်းပိုက်ဆံကုန်ပြီပြောကာ ဖုန်းချလိုက်ပါတော့တယ်။
တကယ်တမ်း အဖေနဲ့စကားပြောလဲ ဝူးဝူးဝါးဝါးပဲ အဖေကျေနပ်အောင် ပြောတာ နားထောင်ရမှာပါ။
အဖေ ဆုံးပြီလို့ သိလိုက်ရတဲ့အချိန်မှာ အဲဒီနေ့က ခနလေးပဲ ဖြစ်ဖြစ် အဖေ့အသံကို နားထောင်လိုက်ရမှာလို့ တမြေ့မြေ့ ဖြစ်ရတော့တာပါပဲ။ တကယ့်ကို လက်မတင်လေးပါပဲ။ ကံကြမ္မာကပဲ အညှိုးဖွဲ့နှိပ်စက်လေသလား မသိ။
     နောက်နေ့ အဖေဆုံးမယ့်နေ့၊ ဖေဖေါ်ဝါရီ(၄) ရက်မှာ တမနက်လုံး စိတ်တွေလေးလံ၊ အိမ်ကိုလဲ ဖုန်းဆက်ပြီးပြီ၊ အားလုံးလဲ နေကောင်းကြတယ်၊ ဘာဖြစ်နေလဲ မသိဆိုတဲ့ စိတ်က လေးနေပါတော့တယ်။
ပြောပြရင် ယုံဖို့ခက်တဲ့ အကြောင်းတွေ အဲဒီတနေ့လုံး ဖြစ်နေတော့တာပါပဲ။
    မနက်၁၁နာရီလောက်မှာ အဝတ်လျှော်ပြီး  အဝတ်တွေ အိမ်အပြင်ဘက် ထွက်လှမ်းတဲ့ အချိန်မှာ ဧည့်ခန်းထဲက ထိုင်ခုံကနေ လူတစ်ယောက်ထပြီး ထွက်သွားတဲ့ အသံ ခုံကို ခပ်ကျယ်ကျယ်တွန်းဖယ်သွားတဲ့ အသံကို ပီပီသသ ကြားလိုက်ရတဲ့အခါ တစ်အိမ်လုံးမှာ ကိုယ်တစ်ယောက်တည်း ရှိတာမို့ သူခိုးဝင်သလား၊ လူဝင်လာတာလား ဆိုပီး အဝတ်လှန်းလက်စကို ထားခဲ့ပြီး ကုတင်အောက်ပါမချန် တစ်အိမ်လုံး လိုက်ရှာ၊ တံခါးတွေ လိုက်ပိတ်၊ ဘာမှလဲ မတွေ့တော့ စိတ်ထဲမှာ တခုခုပဲ ဘာလဲ မသိလို့ တွေးနေမိပါတယ်။
     နေ့ခင်း ၃နာရီကျော်လောက်မှာ  ကုန်တိုက်မှာ ဈေးဝယ်စရာရှိလို့ သမီးကြီးနဲ့အတူ ထွက်ခဲ့ကြတယ်၊ မနက်က အကြောင်းကို ဘယ်သူ့ကိုမှ မပြောခဲ့ဘူး၊ ပြောရင် ရီစရာဖြစ်မယ်၊ စိတ်ထင်တာနေမယ် စသဖြင့် ဝေဖန်ကြမယ်ဆိုတာ သိတဲ့အတွက် မပြောပဲ နေလိုက်တော့တယ်။
     ကားငှားတဲ့အခါ ကားသမားက ဘတ်(၈၀)တောင်းတယ်၊ ပုံမှန်ဈေးပဲမို့ မဆစ်တော့ဘူး။ စီးလိုက်တယ်။ တချို့ကားသမားတွေက တစ်ရာတောင်းတတ်တယ်။ အဲဒီအခါ ဆစ်ရင် အခုလိုပဲ(၈၀)ရတယ်။ တခါတလေ မရဘူးဆိုလဲ (၁၀၀) ပဲ ပေးစီးရတဲ့ အခါလဲ ရှိတယ်။
   ကားပေါ်မှာ ဒီကားသမား မဆိုးဘူး တခါထဲ ဈေးတန်းပြောတော့ စိတ်ချမ်းသာတယ် ပြောနေတုန်း ဘာမှ မကြာလိုက်၊ အိမ်ကို ပြန်လျှောက်ရင် ငါးမိနစ်လောက်ပဲ ရှိသေးတဲ့ အချိန်မှာ သူက (၈၀) မရဘူး၊ (၁၀၀)နော်တဲ့၊ စိတ်ထဲမှာ ဒေါသဖြစ်သွားတယ်။ သူတောင်းတဲ့ဈေးအတိုင်း သဘောတူလို့ စီးလာတာ၊ ကိုယ်က ဆစ်လာတာလဲ မဟုတ်၊ တနေ့လုံးလဲ စိတ်လေးလေးနဲ့မို့ ရတယ်စီးလက်စနဲ့ ပေးလိုက်မယ်လို့ မတွေးတော့ပဲ အခုရပ် ဆင်းမယ်ဆိုပြီး ဆင်းလိုက်တာ၊ သမီးကတောင် အမေက ပိုက်ဆံလေး (၂၀)နဲ့လုပ်ပြီ လို့ ပြောနေသေးတယ်။
      သမီးကို ကားသမားလုပ်ရပ် အဓိပါယ်မရှိတာ ပြောပြရင်း နဂိုထဲက (၁၀၀)တောင်းရင် ပေးစီးချင် ပေးစီးမယ်၊ အခုလို ကလိန်ကျတောင်းတာမျိုး  မပေးနိုင်ဘူး၊ ဒီကပဲ နောက်တစ်စီး စောင့်မယ်၊ ပထမဆုံး လာတဲ့ ကားနဲ့အဆင်ပြေရင် သွားမယ်၊ အဆင်မပြေရင် အိမ်ပြန်မယ်၊ စိတ်ထဲ တမျိုးဖြစ်နေတယ်လို့ ပြောပြီး နောက်ကားအလာမှာ အဆင်ပြေသွားပြီး ကုန်တိုက်တော့ ရောက်သွားသေးတယ်။
    အဲဒီည ၇နာရီမှာပဲ ရန်ကုန်က မိတ်ဆွေ ဧည့်သည်က ပြန်မှာမို့ ဆိုင်တစ်ဆိုင်မှာ ဆုံဖို့ချိန်းကြတော့ တစ်နေ့လုံး အင်တာနက် မသုံးသလောက် ဖြစ်သွားတယ်။ အမှန်က နေ့လည် ၃နာရီခွဲက အဖေ ဆုံးတယ်ဆိုတာ မေးလ်တွေပို့ထားကြတယ်။ ကျမကို ကားသမားက အလိုလိုနေရင်း ပိုက်ဆံပိုတောင်းပြီး မရရင် မပို့တော့ဘူး ပြောတဲ့ အချိန်မှာ အဖေဆုံးတာပါ။
    လိုင်းပေါ်မှာ မတွေ့တော့ တစ်ဆင့်တစ်ဆင့်နဲ့ နောက်ဆုံး ဖုန်းသတင်းနဲ့ပဲ အဲဒီညမှာပဲ အဖေဆုံးပြီဆိုတာ သိရပါတယ်။
သေခြင်းတရားဆိုတာ ဘယ်သူမှ ရှောင်ျလွှဲလို့ မရနိုင်ဘူးဆိုတာ သိခဲ့ပါတယ်။ အဲဒီလို သိတဲ့ အတွက် ကိုယ့်ဘဝမှာ အဖေ အမေနဲ့ ပတ်သက်ပြီး စိတ်ထဲ တမြေ့မြေ့ ဖြစ်စရာ မကျန်အောင် နေမယ်လို့ ဆုံးဖြတ်ခဲ့ပေမယ့်လည်း အဖေမဆုံးခင် တစ်ရက်မှာ ဖုန်းလဲ ဆက်ဖြစ်ခဲ့တယ်၊ စိတ်ထဲမှလဲ အဲဒီလို ဖုန်းဆက်ဖြစ်အောင် အံ့ဩစရာ ကောင်းတဲ့ စေ့ဆော်မှုတွေ ဖြစ်ခဲ့ပေမယ့် အဖေနဲ့စကားမပြောလိုက်ရတာကို အခုအချိန်ထိ တမြေ့မြေ့ ဖြစ်နေရတော့တယ်။ အိမ်ကို ဖုန်းဆက်တိုင်း အမေနဲ့သာ စကားပြောနေကျ၊ အဖေက စကားပြောလို့ မရတဲ့ အတွက် အဖေ့ရဲ့ ဗလုံးဗထွေးအသံကိုပဲ ဘေးက ပြောတာ ကြားနေရာက အဲဒီနေ့မှာမှ အမေက ထူးဆန်းစွာပဲ
" သမီး အဖေနေကောင်းတယ်၊ ပြောမလား ပြောမလား" လို့ ပြောခဲ့တာကို မပြောဖြစ်ခဲ့။
                အဖေဆုံးတာ  အခု ၂၀၁၄ ဖေဖေါ်ဝါရီ (၄) ရက်မှာ (၂) နှစ်ပြည့်ပါပြီ။
ကျမ တစ်သက်မှာ ဖေဖေါ်ဝါရီလကို မမေ့ပဲ အမှတ်ရစေခဲ့ပါပြီ။ မမေ့နိုင်အောင် အမှတ်ရစေခဲ့ပါပြီ။