December 31, 2015

" ဒီမိုကရေစီကွမ်းစကား"၂၈ရက် ဒီဇင်ဘာ ၂၀၁၅ ဒီလှိုင်းစာစောင် အတွဲ(၄) အမှတ်(၅၁) မှ

                      အခုတလော အမှိုက်သိမ်း၊ အမှိုက်ကောက် ကိစ္စတွေ ပြောကြ ရေးကြရင်း ကွမ်းစားသည့် ကိစ္စတွေ တော်တော်များများ ပြောလာကြလေသည်။ ပြောလည်းပြောစရာပါ၊ ကွမ်းစားသည့်အတွက် ရလာမည့် ရောဂါတွေကလည်း ကြောက်ခမန်းလိလိ၊ ကွမ်းစားပြီး စည်းကမ်းမဲ့ထွေးလိုက်သည့် ကွမ်းတံတွေး အကြောင်းကလည်း မြို့ပြရဲ့ သရုပ်ပျက် လက္ခဏာ တစ်ခု ဖြစ်လာနေလေပြီ။
ကွမ်းစားတာနှင့် ပတ်သက်ပြီး ယခင်က ကွမ်းစားသည့်လူတွေ များစွာ ရှိပါသော်လည်း ကွမ်းတံတွေး ကိစ္စ ဘယ်လိုရှင်းကြပါလိမ့်၊ ဒီလောက် မြင်မကောင်းအောင် မြို့ရွာ အနှံ့ ရဲဗလောင်းခပ်ကာ ကမ္ဘာကျော်သည်အထိ ဖြစ်ရပါလိမ့် စဉ်းစားတွေးတော နေမိလေသည်။
မြန်မာလူမျိုးတွေ ကွမ်းစားတာ ဘိုးဘွားဘီဘင် လက်ထက်၊ ရှေးဘုရင် အဆက်ဆက်ကတည်းက ရှိခဲ့သည့် ဓလေ့ ဖြစ်သည်။ ဘုရင် မိဖုရား အစရှိသူတို့ရဲ့ ဝါးဖတ်ကို စားခွင့် ရသူက မျက်နှာသာအပေးခံရသူ၊ သူတို့ရဲ့ ချစ်ခင် ယုံကြည်ကိုးစားခံရသူလို့တောင် ပြောကြတာ ဖတ်ဖူးသည်။ နှစ်ဆယ်ရာစုတိုင် ကျေးလက်ဒေသတွေမှာ အိမ်တွေမှာ ကွမ်းအစ်ထား စားကြပြီး ဧည့်သည်ဆောင်သည် လာပါက လက်ဖက်အစ်နှင့် အတူ ကွမ်းအစ်ပါ ယူဆောင်ကာ ဧည့်ခံကြလေသည်။ မြို့ကြီးပြကြီးမှာတော့ ကွမ်းယာဆိုင်လေးတွေ ရှိလာပြီး အလွယ်တကူ ဝယ်ယူစားသောက်ကြ သော်လည်း ကျမတို့ ငယ်စဉ်က ကွမ်းစားသူ ရှားပါးလှပါသည်။ လုပ်ငန်းခွင်မှာ ကွမ်းစားတာလည်း သိပ်မတွေ့ရပါ၊ များသောအားဖြင့် လမ်းထိပ်က ကွမ်းယာဆိုင်လေးတွေမှာ အရက်သောက်ထားသူက ဘတ်စ်ကားပေါ်မှာ၊ အိမ်ပြန်ရောက်တဲ့အခါ လူမသိအောင် အနံ့မထွက်အောင် ဝါးဖို့ ဝယ်စားကြတာ များလေသည်။ ယခုသော် ကွမ်းယာဆိုင်တွေ မှိုလိုပေါက်လာပြီး ကွမ်းစားသူများမှာ အရွယ်သုံးပါးမရွေး နေရာမရွေး စားနေကြတာ မြင်ရသည်။ မိုးလင်းသည်နှင့် ပဲပြုတ်သည်နှင့်အပြိုင် ဖွင့်လာကြရသည်။ အဘယ့်ကြောင့် ဆိုသော် ကွမ်းစားသူသည် မျက်စေ့နှစ်လုံး ပွင့်သည်နှင့် ပါးစပ်ထဲ ကွမ်းယာ ကောက်ထဲ့တာဖြစ်လို့နေသည်။
နေပြည်တော်မှာ ကွမ်းယာဆိုင်တွေ အပြိုင်အဆိုင် ဖွင့်ရာ ကွမ်းယာဆိုင်တန်းကြီးမှာ ဟိန်းလို့နေသည်။ ငယ်စဉ်က တွေ့ဖူးသည့် ထုံးအိုး၊ ရှားစေးအိုး၊ စမုံစပါး၊ အာမွှေး သည်မျှမက၊ ဆေးဘူးတွေ အမျိုးအမည် စုံလှသည်၊ ကွမ်းယာဆိုင်မှာ ဆေးဆိုင်ကြီးတမျှ ကျယ်ဝန်းလှလေသည်။ ကွမ်းဘိုးတစ်နေ့ မည်မျှကုန်သလဲလို့ ခင်မင်သည့် မိတ်ဆွေ၊ ဆွေမျိုးရင်းချာ တချို့ကို မေးမြန်းပြီး ခန့်မှန်းကြည့်ရာ အနည်းဆုံး တစ်နေ့ကို တစ်ယောက်စာ တစ်ထောင်ဘိုး ကုန်သည်ဟု သိရလေသည်။ တစ်လကို ကျပ်သုံးသောင်း ကွမ်းဘိုးကုန်ကျသည်။ ရသည့်လခကို မေးကြည့်တော့ ထိုလူတွေထဲမှာ တစ်လကို ကျပ် ခြောက်သောင်း ရသည့်သူသာ ခပ်များများ။ သူတို့ရသည့် လခ၏ တစ်ဝက်တိတိကို ကွမ်းယာစား ဖို့ သုံးလိုက်ကြတာ ဖြစ်သည်။
ကွမ်းယာဆိုင်တွေမှာ ကိုယ်တိုင် မယာနိုင်တော့၍ လူငှားရသည် အထိ တိုးတက်လာသည်။ ယခင်က ဆေးလိပ်ခုံအလုပ်သမ (ဆေးလိပ်ခုံသမ) လို့ ခေါ်ကြသည့် ဆေးလိပ်ရုံတွေမှာ ဆေးလိပ်လိပ်ရသည့် မိန်းကလေးတွေကို ပြန်လည် မြင်လာမိသည်။
စားပွဲကြီးပေါ်မှာ ဆိုင်ရှင် ဖြစ်သူက အညှာ၊ ထိပ် ဖြတ်ပြီးသား ကွမ်းရွက်တွေကို ဖဲချပ်စီသလို ဗြန်းကနည်း စီချလိုက်ကာ ထုံး ဆေး အခြား အဆာပလာတွေကို လိုက်ထဲ့သည်။ အနားမှာ အမျိုးသမီး ငါးယောက်ခန့်က ပြီးသမျှက်ု ကောက်ထုတ်ရသည်။ ကွမ်းရွက်ဆေးသည့်သူ၊ ကွမ်းရွက်ညှပ်သူတွေက အနောက်မှာ သတ်သတ်၊ ကွမ်းယာသူတွေက သတ်သတ်၊ ဆိုင်ရှေ့မှာ ကွမ်းရောင်းသူရှိသေးသည်။ တနေ့တနေ့ နေဝင်မိုးချူပ် ရောင်းရတာ လက်မလည်။ ထိုသို့သော ကွမ်းကို စားပြီးသကာလ ဘာအကျိုး ရသလဲဆိုတော့ ကောင်းကျိုး တစ်စက်မှ မရှိ၊ ရောဂါရမည်၊ ကင်ဆာ မျိုးစုံ၊ ကျောက်ကပ်ရောဂါ၊ အသဲရောဂါ စုံလို့နေသည်။ ဒါတင်မက ပတ်ဝန်းကျင်မှာ ဆိုးရွားစွာ ညစ်ပတ်လာလေတော့သည်။
ရန်ကုန်မြို့ကြီး အပါအဝင် နေပြည်တော် အစရှိသော မြို့တွေ နီရဲနေသလို မြန်မာတွေရှိသည့် နိုင်ငံခြားတိုင်းပြည်တွေမှာပါ ကွမ်းတံတွေးကိစ္စ ပွက်လောရိုက်ကုန်သည်။ တောင်ကိုးရီးယားမှာတော့ အမြင့်ဆုံး ပြစ်ဒဏ်ပေးတော့မည်ဟု ကြိုတင် ကြေညာလေပြီ။ ထိုင်းနိုင်ငံ မဲဆောက်မှာတော့ မြန်မာအလုပ်သမားတစ်ယောက် စည်းကမ်းမဲ့စွာ ကွမ်းတံတွေးထွေးတာ မိတဲ့အတွက် ဒဏ်ငွေ ဘတ်နှစ်ထောင် ဒဏ်ရိုက်ခံရတာ သတင်းတွေမှာ မြင်လိုက်ရသည်။ ထိုအလုပ်သမားရဲ့ တစ်နေ့လုပ်ခသည် ဘတ်(၂၀၀)မှ (၃၀၀) ဝန်းကျင်သာ ရှိပါလိမ့်မည်။ စည်းကမ်းမဲ့စွာ ဆိုသည့် စကားမှာ တိုင်းပြည်နှင့် လူမျိုး ပုံရိပ်ကို များစွာထိခိုက်လှပါသည်။
ထိုင်းနိုင်ငံမှာပင် မြန်မာအများစု နေထိုင်လေ့ရှိသည့် ရပ်ကွက်ကလေးတွေမှာ ကွမ်းယာဆိုင်တွေ၊ ကွမ်းတံတွေးကွက်တွေ မြင်ရလေ့ရှိသည်။ ထိုအခါ မြန်မာတွေသာ ကွမ်းစားပြီး ထိုင်းလူမျိုးတွေရော မစားကြဘူးလား သိချင်လာသည်။ ထိုင်းလူမျိုးတွေမှာ မြန်မာလူမျိုးတွေကဲ့သို့ ကွမ်းစားသည့် ဓလေ့ရှိပါသည်တဲ့၊ ယခုတော့မဟုတ်၊ ရှေးဘုရင်လက်ထက်ကတည်းက စားကြသည်။ ထို ရှေးဘုရင်လက်ထက်မှာကတည်းက ကွမ်းမစားရ အမိန့်ထုတ်ခဲ့လို့ ယခုတိုင် မစားကြတော့ပါလို့ သိရလေသည်။ ပြီးခံသည့် နှစ်က မြန်မာပြည်မှာ ရုံတင်ပြသခဲ့သည့် ထိုင်းရုပ်ရှင်ဇာတ်ကား " Pee Mak" မှာ သရုပ်ဆောင် စစ်သည်တော်တချို့ သွားတွေမဲနေတာဟာ အဲဒီခေတ်က ကွမ်းစားလို့ သွားတွေ မဲတာကို ပေါ်လွင်အောင် ထဲ့ပြီး ရိုက်ပြတာလို့ သိရလေသည်။
ဘယ်ဘုရင်လက်ထက်မှာ ကွမ်းမစားဖို့ အမိန့်ထုတ်သလဲ လို့ ထိုင်းဆရာမ တစ်ယောက်ကို မေးကြည့်ရာ ရာမ(၅) မင်းဆက်လို့ ပြောပြသည်။ ထိုဆရာမက တဆက်ထဲလိုလိုပင် ထိုဘုရင် ရာမ(၅)က ထိုင်းနိုင်ငံမှာ ကျွန်ပြုတဲ့ စနစ်ကို မလုပ်ဖို့ ဥပဒေ သတ်မှတ်ခဲ့တာလို့ ဆက်ပြောပြသည်။ အနောက်တိုင်းဝတ်စုံ၊ အထူးသဖြင့် ထိုင်းလူမျိုး အမျိုးသမီး အမျိုးသားတွေ ထမီ ပုဆိုးဝတ်ရာက ဘောင်းဘီ ဝတ်ခွင့်လည်း ပြုခဲ့သည် ဆိုရာ ရာမမင်းဆက် နံပါတ်(၅) ဘုရင်အကြောင်းကို စိတ်ဝင်စားကာ ရှာဖွေဖတ်ကြည့်မိလေတော့သည်။ ထိုအခါမှ ရာမမင်းဆက် နံပါတ်(၅) မှာ ဘုရင် ချူလာလောင်ကွန် ဆိုတာ သိရလေတော့သည်။ ကျမတို့ မြန်မာတွေက ချူလာလောင်ကွန်ကို တော်တော်များများသိကြပါသည်။ ထိုင်းနိုင်ငံရဲ့ ပထမဆုံး တက္ကသိုလ်ကို ၁၉၁၇ခုနှစ်မှာ တည်ထောင်ခဲ့တာမှာ အဆိုပါဘုရင်ရဲ့ နာမည်ကို ပေးခဲ့တာ ဖြစ်သည်။ ချူလာလောင်ကွန်တက္ကသိုလ် တဲ့၊
ဒီရက်ပိုင်းမှာပဲ Channel News Asia က ထုတ်လွင့်တဲ့ The Last King of Burma မှာ ရတနာဂီရိမှာ လက်ရှိနေထိုင်နေသည့် သီပေါမျိုးဆက်တွေကို ကြည့်ကာ စိတ်ထဲ တရားရမိသည်။ မြန်မာပြည်က သီပေါဘုရင်ရဲ့ ဆွေတော်မျိုးတော် တစ်ယောက်ရဲ့ စကားပြောခန်းမှာ သူ့ရဲ့ ဘိုးတော်အကြောင်းကို ဖေ့စ်ဘွတ် လူမှုကွန်ယက်မှာ တင်လိုက်ရာ ဝိုင်းဆဲကြသည့် ကောမန့်တွေ ဖတ်ပြီး အလွန်စိတ်မကောင်း ဖြစ်ရကြောင်း ပြောတာ ကြည့်လိုက်ရသည်။
စည်းမျဉ်းခံဘုရင်စနစ်ကို ချူလာလောင်ကွန်က ချမှတ်ခဲ့ပြီး လိုက်နာကျင့်သုံးခဲ့ကာ သီပေါဘုရင်က အသိအမှတ်ပင်မပြု ခါးခါးသီးသီး ငြင်းဆန်ခဲ့တာလေး ယှဉ်ပြီး သတိရမိလေသည်။ ဘုရင်ချူလာလောင်ကွန်ဟာ ( ၁၈၆၈) ခုနှစ်မှာ တစ်ကြိမ်နဲ့ ( ၁၈၇၃) ခုနှစ်မှာ တစ်ကြိမ် နန်းတက်ခဲ့သည်ဆိုရာ ကုန်းဘောင်မင်းဆက် မြန်မာဘုရင်တို့ စိုးစံချိန်ပဲ ဖြစ်သည်။ နောက်ဆုံးမင်းဆက် သီပေါဘုရင် ထီးနန်းစိုးစံစဉ် ထိုင်းမှာ ဘုရင်ချူလာလောင်ကွန် စိုးစံနေချိန်ဖြစ်သည်။ ပြင်သစ်နှင့် အင်္ဂလန်တို့လို ဘုရင်အုပ်စိုးသည့်နိုင်ငံဖြစ်သော်ငြား ရွေးကောက်ပွဲနှင့် ဒီမိုကရေစီစနစ်၏ လစ်ဘရယ်အတွေးအခေါ်တွေကို သဘောကျခဲ့သူဖြစ်သည်။ ထိုင်းနိုင်ငံကို ဒီမိုကရေစီစနစ် လမ်းစဖွင့်ပေးခဲ့သူအဖြစ် သမိုင်းမှတ်တမ်း တင်ခံရသည်။ အနောက်နိုင်ငံမှာ ပညာသင်ကြားခဲ့ပြီး သူထီးနန်းစိုးစံစဉ်မှာ ပြင်သစ်နှင့် အင်္ဂလန်နိုင်ငံတို့ရဲ့ အုပ်ချူပ်ပုံကို အတုယူပြီး စည်းမျဉ်းခံဘုရင်စနစ်ကို ကျင့်သုံးဖို့ရာ အခြေခံဥပဒေကို ရေးဆွဲခဲ့လေသည်။လူတွေကို အင်အားသုံးပြီး အတင်းအကျပ် ခိုင်းစေသည်ကို ရပ်တန့်စေပြီး လုပ်အားနှင့်ထိုက်တန်သည့် လုပ်ခပေးရေး ၊ အလုပ်သမားဥပဒေကိုလည်း ပြဌာန်းခဲ့သည်။ မြန်မာပြည်မှာလည်း နိုင်ငံရပ်ခြားကို ပညာတော်သင်သွားခဲ့သည့် ဝန်ကြီးအချို့က မင်းအာဏာကို ထိန်းကျောင်းနိုင်မည့် အဆိုပါ စနစ်ကို သဘောကျခဲ့ကြသည်။ သို့သော် ယခုခေတ်အခေါ် check and balance ပြုမည့် မင်းအာဏာကို အထိမခံခဲ့ကြပေ၊ ။
အဆိုပါ ချူလာလောင်ကွန်ဘုရင်က ပြင်သစ်ပြည်ကို နှစ်ကြိမ်တိုင် သွားရောက်ခဲ့ပြီး ပြင်သစ်နန်းတော်ကြီးရဲ့ သပ်ရပ်ခန့်ညားမှုနဲ့အတူ သန့်ရှင်းမှုကို တွေ့မြင်ခဲ့ရသဖြင့် သူ့နန်းတော်တိုင်က ကွမ်းတံတွေးးတွေကို ပြန်မြင်ယောင်ကာ တိုင်းပြည်ရောက်တာနှင့် ကွမ်းမစားကြဖို့ အမိန့်ထုတ်ခဲ့တာလို့ ထိုင်းဆရာမ ပြောတာ အမှတ်ရမိသည်။ ထို့အတူ အနောက်တိုင်းသားတွေ ဝတ်ဆင်သည့် ဘောင်းဘီ ကို ထိုင်းလူမျိုး အမျိုးသမီး အမျိုးသားအားလုံးကို ဝတ်ဆင်ခွင့်ပြုခဲ့သည်။ ထိုစဉ်က ဝတ်ဆင်သည့် အဝတ်အစားတွေသည် ပိတ်စအရှည်တွေ များစွာ အသုံးပြုရသည့်အတွက် အကုန်အကျများသည်က တစ်ကြောင်း၊ ပေါ့ပေါ့ပါးပါး အလုပ်လုပ်ရာမှာ လွယ်ကူသည်က တစ်ကြောင်း စသည်တို့ကို ထောက်ပြီး ဝတ်ဆင်ခွင့်ပြုခဲ့သည်ဟု ဆိုလေသည်။
" မြန်မာတွေက ပြောင်းပြန်ဖြစ်နေတယ်၊ လုပ်ငန်းခွင်ထဲမှာ ပုဆိုး ထမီတွေ ဝတ်ဆင်ပြီး ပွဲလန်းသဘင်ကျ ဘောင်းဘီ ၊ ဂါဝန်တွေ ဝတ်ဆင်ကြတယ်လို့ ဂျပန်လူမျိုး တစ်ယောက်က ပြောတဲ့ အကြောင်း၊ မြန်မာလူမျိုးတွေ အတွက် လုပ်ငန်းခွင်မှာ နိုင်ငံတကာ အဆင့်မီချင်ရင် လုံခြုံတဲ့ ဘောင်းဘီကိုသာ ဝတ်ဆင်သင့်တယ်လို့ " လူမှုကွန်ယက်တစ်ခုမှာ ရေးသားတာ ဖတ်ရဖူးလေသည်။
ပြောရလျင်တော့ (၁၈)ရာစုနှစ်မှာကတည်းက အိမ်နီးချင်း ထိုင်းနိုင်ငံမှာ ကွမ်းစားခြင်းကို တားမြစ်ခဲ့ပြီး ဖြစ်လေသည်။ မင်းအာဏာသည် ဥပဒေထက်ပင် ပြင်းသည် မဟုတ်ပါလား၊ အာဏာကို ကောင်းသည့်ဖက်မှာ သုံးခဲ့တော့ နောက်မျိုးဆက်တွေအထိ အစဉ်အလာကောင်း ရခဲ့တာပဲ ဖြစ်လေသည်။ မြန်မာလူမျိုးတွေရဲ့ ကွမ်းတံတွေးသည် မည်မျှ ကမ္ဘာကော်ျသနည်း ဆိုသော် ၁၉၉၀ NLD ရွေးကောက်ခံအမတ် တစ်ဦးဖြစ်သည့် ဒေါက်တာတင့်ဆွေရဲ့ ဆောင်းပါးတစ်ပုဒ်မှာ ဖတ်ရတာလေးက ပြုံးရမလို မဲ့ရမလို၊
" ဟိုတခါတုံးက အမေရိကန် ကျောင်းသားတွေ အရှေ့ဖက်နယ်စပ်ကို လေ့လာဘို့ လာကြဘူးတယ်။ ၁၉၈၈ မြန်မာပြည်က ကျောင်းသားတွေ ဆန္ဒပြကြလို့ ထွက်ပြေးရပြီး မကြာခင်ကပေါ့။ မြန်မာပြည် နယ်စပ်လမ်းတွေပေါ်က နီနီရဲရဲ အကွက်တွေ မြင်တော့ ဒါ မြန်မာကျောင်းသားတွေရဲ့ သွေးလားလို့ မေးကြတယ်။ သွေးတော့သွေးပါ။ အမှန်က ရွှေဗမာတွေ ထွေးထားတဲ့ ကွမ်းသွေးတွေဖြစ်ပါတယ်၊ "
ကွမ်းစားတာ ရောဂါရသည်၊ ကွမ်းတံတွေး ထွေးတာဟာ သိက္ခာမဲ့သည်၊ မကောင်းတာကို မလုပ်ခြင်းက နိုင်ငံကြီးသားပီသသည်၊ စည်းကမ်းရှိသော လူမျိုးကြီးပီသသော ဇာတိဂုဏ်ကို အင်မတန် အလေးထားသော ကျမတို့ မြန်မာလူမျိုးတွေသည် အိမ်နီးချင်းထိုင်းနိုင်ငံနှင့် အမြဲတန်းယှဉ်ရလေ့ရှိသည်။ ထိုအခါ ဇာတိမာန် အင်မတန်ကြီးမားသော မြန်မာတို့သည် ဘာသာ ၊ သာသနာ၊ ယဉ်ကျေးမှု ထံုးတမ်းစဉ်လာမှာ အမြဲတန်း အသာရလေ့ရှိသည်။ သို့သော် စည်းကမ်းအရာမှာတော့ အမြဲတန်း နောက်ကျလေ့ရှိသည်။ ၁၈ရာစုနှစ်လောက်ကတည်းက ဒီမိုကရေစီယဉ်ကျေးမှု စတင်ပြီဆိုသော အိမ်နီးချင်း ထိုင်းနိုင်ငံနှင့် မြန်မာနိုင်ငံသည် လက်တွေ့မှာ နိုင်ငံရေးရေချိန်အရ ကွာခြားမှု သိပ်မရှိသေးလို့ မြင်မိသည်။ စည်းကမ်းအရာမှာတော့ " တို့ခေတ်ရောက်မှ ညံ့ကျရတော့မှာလား" ဆိုစကားကို နှလုံးမူပြီး စည်းနဲ့ကမ်းနဲ့ နေထိုင်ကြလျင်ဖြင့် ဒီမိုကရေစီလမ်းကြောင်းပေါ် ဖြောင့်ဖြောင့်ဖြူးဖြူး လျှောက်နိုင်ကြပါလိမ့်မည်ဟု ယုံကြည်မိပါသည်။
ခိုင်ခိုင်စောလွင်

" လျှောက်ရမည့် ခြေလှမ်းများ"၂၂ရက် ဒီဇင်ဘာ ၂၀၁၅ခုနှစ် ထုတ် ပြည်သူ့အရေးဂျာနယ် အတွဲ(၂) အမှတ်(၆၅) မှ

မြန်မာပြည်မှာ မိတ်ဆွေအတော်များများနဲ့ ဆုံတွေ့ရခိုက် ပညာရေးနဲ့ ပတ်သက်ပြီး ပြောဖြစ်တာမှာ သူတို့က ကိုယ်တတ်ထားတဲ့ ပညာနဲ့ လက်တွေ့ အလုပ်လုပ်ရတဲ့ ဘဝကို လိုချင်ပါတယ်လို့ ပြောပြရင်း တဆက်ထဲမှာ ၂၀၁၅ခုနှစ် ရွေးကောက်ပွဲမှာ NLD အျနိုင်ရရှိပြီး ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် အစိုးရအဖွဲ့မှ ပညာရေးအတွက် ပြု ပြင်ပြောင်းလဲမှုတွေ လုပ်ပေးရန် မျှော်လင့်သည်ဟု ဆိုလေသည်။ ပညာရေးနှင့် ပတ်သက်ပြီး ဖတ်ရသမျှ၊ ကြားရသမျှ အားလုံးကတော့ မြန်မာပြည်သူတစ်ရပ်လုံးက နိမ့်ကျနေသည့် ပညာရေးစနစ်ကို ပြုပြင်ပြောင်းလဲလိုကြခြင်းပင်။ ပညာရေးစနစ် ချွတ်ခြုံကျနေသည်မှာ အာဏာရှင်ခေတ် တလျှောက်လုံးဆိုတာ ဘယ်လိုမှ ငြင်းမရသည့် အချက်ပင်၊
ပညာဆိုတာမှာ အတန်းတွေ တစ်တန်းပြီး တစ်တန်း အောင်သွားပြီး ဂုဏ်ထူးတွေ တသီတတန်းကြီး ထွက်သူတွေ များတာနှင့် ပညာတတ်တွေ များလာပြီဟု အပေါ်ယံကြော လက်ခံထားတာ ကြာပါပြီ။ တကယ်တော့ မူလတန်းအဆင့်ကပင် လူတစ်ဦးချင်းစီရဲ့ ထားရှိရမည့် စိတ်ဓါတ်၊ ပတ်ဝန်းကျင်မှာ ဆက်ဆံ ပြောဆိုမှု၊ လူတစ်ယောက်ချင်းစီ လိုက်နာရမည့် ကျင့်ဝတ်စည်းကမ်း စတာတွေကို တဆင့်ချင်း သင်ယူခဲ့ရမှာဖြစ်သည်။ ယခုသော် ကျောင်းသား ကျောင်းသူများမှာ မူလတန်းအရွယ် သူငယ်တန်းကစကာ စာပြီးစာ ၊ စာကျက်၊ ကျူရှင်တက် စာမေးပွဲအောင်ဖို့ အဓိက ဆိုသည့် လွဲမှားသည့် ပညာရေး သင်ကြားမှုစနစ်ဖြင့် နှစ်ပေါင်းများစွာ ကျင်လည်ခဲ့ရသည်။
" ထမင်းဝိုင်းမှာ ဟင်းခပ်လျင် ဇွန်းကို ကို မည်သည့် လက်ဖြင့် ကိုင်ရမည်နည်း၊ ဘယ်ဘက်လက်ဖြင့် ကိုင်ပြီးမှ ဟင်းခပ်ရပါမည်၊ မိမိထက် အသက်အရွယ်ကြီးသူများက ခေါ်လျှင် ခင်ဗျာ/ ရှင် ဟု ထူးရပါမည်" စတာတွေကို စာအနေဖြင့်ကျက်မှတ်ပြီး စာမေးပွဲမှာ အမှတ်ရအောင်၊ ဖြေနိုင်အောင် အလွတ်ကျက်မှတ်တာပဲ ရှိကြသည်။ ထိုအချင်းအရာတွေသည် သင်ရိုးညွှန်းတန်းတွေ ကျောင်းစာတွေဟု မှတ်ယူပြီး လူမှုဘဝပတ်ဝန်းကျင်မှာ ကျင့်ကြံနေထိုင်ရမှာတွေ ဆိုတာ မေ့နေကြသည်။ ဆရာ ဆရာမတွေမှာလည်း များပြားလှသည့် သင်ရိုးညွှန်းတန်းကို သူ့အချိန်နှင့်သူ ပြီးအောင် တွန်းသင်နေရသည့် အတွက် သွန်သင်ဆုံးမခြင်း ဆိုသည့် အချိန်တွေ နည်းပါး သွားကြရသည်။
ငယ်စဉ်ကတည်းက အမှိုက်ကို စနစ်တကျ စွန့်ဖို့၊ တွေ့ရာနေရာမှာ အလွယ်တကူ အမှိုက်မပြစ်ဖို့၊ ပတ်ဝန်းကျင်သန့်ရှင်းရေး၊ မိမိနဲ့တကွ ပတ်ဝန်းကျင်အတွက် မိမိကိုယ်တိုင် လိုက်နာဖို့ ၊ အချင်းချင်း ရိုင်းပင်းကူညီဖို့ စတာတွေ လက်တွေ့ကျကျ လိုက်နာအောင် လမ်းပြပေးနိုင်ဖို့ အခွင့် မရှိခဲ့ကြပါ၊ ငယ်ရွယ်သူအများစုမှာ ကျောင်းစာသင်ခန်းမှာ သူတို့ရဲ့ ဘဝအချိန်ကို ပေးထားကြပေမယ့် တကယ်တန်း ရလာတာက စာ တွေသာဖြစ်သည်။ ကျောင်းတွေကမှ တဆင့် လူငယ်တွေရဲ့ စိတ်ဓါတ်အဆင့်အတန်းကို မြှင့်တင်ပေးရမှာဖြစ်သည်။ နှစ်ပေါင်းများစွာကြာသောအခါ လူငယ်များ၏ စိတ်ဓါတ်အဆင့်အတန်းသည် အတ္တကြီး၍ တစ်ကိုယ်ကောင်းဆန်သော ၊ ပတ်ဝန်းကျင်မှာ ဘယ်လိုနည်းဖြင့် အနိုင်ရ နိုင်လျင်ပြီးရော ဆိုသည့် တကိုယ်ရေ ကောင်းစားရေး စိတ်တွေ လွှမ်းမိုးကုန်လေသည်။ လူတစ်ဦးချင်းစီ၏ စိတ်ဓါတ်သည် ထိုတိုင်းပြည်၏ တိုးတက်မှု၊ ဆုတ်ယုတ်မှုနှင့် သက်ဆိုင်သည်ဆိုတာကို နှစ်ပေါင်းများစွာ ကြာသောအခါ ကွက်ကွက်ကွင်းကွင်း ပေါ်လာလေတော့သည်။
တန်းစီရမည့် နေရာမှာ စုပြုံတိုးနေကြတာ၊ ဆေးလိပ်မသောက်ရမယ့် နေရာမှာ ဆေးလိပ်လက်ကြားက မချ၊ ပတ်ဝန်းကျင်က ကလေးသူငယ်၊ လူကြီးလူငယ်တွေကြား အငွေ့တထောင်းထောင်း မှုတ်နေတာ၊ အော်ကြီးဟစ်ကျယ် စကားတွေ ပြောနေတာ စတဲ့ အခြေခံ ကျင့်ဝတ်တွေကို ဖောက်ဖျက်မှန်းမသိ ဖောက်ဖျက်နေကြတာ၊ လူနေမှု အဆင့်အတန်းဆိုတာ ကိုယ့်ရဲ့ ထိန်းသိမ်းနိုင်တဲ့ ကိုယ်မှုနှုတ်မှုဆိုတာ မသိကြတော့ပါ။
ပညာတတ် ဆိုတာ စာတော်တဲ့သူလို့ စွဲနေသည့် ပညာရေးစနစ်ကို ပြောင်းလဲရမှာတော့ သေချာသည်။ ပြောင်းချင်သည်ဆိုတာ NLD အစိုးရအဖွဲ့တက်လာပါက နိုင်ငံခြားက ကျောင်းကောင်းတွေ မြန်မာပြည်ကို လာတော့မည် ၊ ကျောင်းကောင်းကောင်းတွေမှာ စာတွေ အများကြီး သင်ရတော့မည်ဟု မျှော်လင့်လျင်တော့ အနာဂတ်မြန်မာပြည် ပညာရေး ဒုံရင်းပဲ ဖြစ်ပါလိမ့်မည်။ အဓိကက အသိပညာ အတတ်ပညာကို မှန်မှန်ကန်ကန် သင်ယူခွင့် ရရှိဖို့နှင့် ကျောင်းနေအရွယ် ကလေးများ ပညာသင်ကြားခွင့် ရရှိရေးသာ ဖြစ်သည်။ ပညာမသင်နိုင်သည့် အရေအတွက် များလာလေလေ တိုင်းပြည်ရဲ့ လူနေမှု အဆင့်အတန်း နိမ့်ကျလာလေသာဖြစ်သည်။
မြန်မာပြည်မှာ လွန်ခဲ့သည့် ငါးနှစ်ခန့်ကထက် ကျောင်းမနေနိုင်သူ လူငယ်တွေ များလာတာတွေ့ရပါသည်။ ရန်ကုန် နှင့် နေပြည်တော် တဝိုက်မှာ စားသောက်ဆိုင်တွေ၊ ဈေးဆိုင်တွေ၊ ဈေးဝယ်စင်တာတွေမှာ ကျောင်းနေရမည့် အသက်( ၁၈) နှစ်မှ (၂၀) ဝန်းကျင် လူငယ်လေးတွေ အလုပ်လုပ်နေကြတာ တွေ့ရသည်။ အဆိုပါကလေးတွေသည် သက်ဆိုင်ရာ အသက်အရွယ်အလိုက် အလယ်တန်း ၊ အထက်တန်း၊ တက္ကသိုလ် အဆင့်တွေမှာ တက်ကြွစွာ ပညာသင်နေကြရမည့် အရွယ်တွေ ဖြစ်သည်။ ရန်ကုန်မြို့ ရှိ ယုဇနပလာဇာ တစ်ခုထဲမှာပင် အထက်တန်းပညာကို သင်ယူရမည့် ကလေးတွေ အလုပ်လုပ်နေကြတာ များစွာ မြင်ခဲ့ရသည်။
အဆိုပါ ကလေးတွေမှာ မိဘတွေကို ကူညီပြီး စားဝတ်နေရေးအတွက် အတန်းပညာကို စွန့်ခဲ့ကြရတာဖြစ်သည်။ သူတို့ ဘယ်အရပ်တွေကလာကြသလဲ မေးမြန်းကြည့်ရာ အထက်အညာဒေသနှင့် ဧရာဝတီတိုင်းက ကလေးတွေ၊ လူငယ်တွေ အများစုဖြစ်နေသည်။ ယခင်က မိန်းကလေး အပျိုအရွယ်ကလေးတွေကို စားသောက်ဆိုင်မှာ လုံးဝ မမြင်ဖူးခဲ့ရာက ယခုသော် မိန်းကလေးတွေပါ လက်ဘက်ရည်ဆိုင်၊ စားသောက်ဆိုင်တွေမှာ အလုပ်လုပ်နေကြလေသည်။ အရင်ကလို စားသောက်ဆိုင်က မိန်းကလေးဆိုပါက အထင်အမြင်သေးသော ပုံစံတော့ မရှိ၊ ကလေးသာသာ အရွယ်တွေ အမှန်တကယ် အလုပ်လုပ်ကိုင်နေတာ ဖြစ်သည်။ သို့သော် အဆိုပါနေရာသည် သူတို့နေရမည့် နေရာမဟုတ်ပါ၊ သူတို့ အသက်အရွယ်မှာ ပညာသင်ကြားရမည့် အရွယ်တွေသာ ဖြစ်သည်။
ပြည်ပမှာ အထုသဖြင့် ထိုင်းနိုင်ငံမှာ အဆိုပါ အသက်အရွယ် လူငယ်တွေ အလုပ်လာလုပ်နေကြတာ တွေ့ရပြန်သည်။ စားသောက်ဆိုင်၊ ဆောက်လုပ်ရေး၊ အိမ်အကူ၊ သန့်ရှင်းရေး စတာတွေမှာ အသက်(၂၀) ဝန်းကျင်လူငယ်တွေ သိန်းချီ လုပ်ကိုင်နေကြသည်။ ထိုင်းကို ရောက်နေသည့် လူငယ်တွေကတော့ ကရင်ပြည်နယ်၊ ရှမ်းပြည်နယ်တွေက အများဆုံးဖြစ်ပြီး ရခိုင်၊ ချင်း၊ တနင်္သာရီ၊ ကချင် စသည့်ဒေသက လာပြီး အလုပ်လုပ်ကြတာလည်း များစွာရှိလေသည်။ ပညာမသင်ကြားရသည့် တိုင်းပြည်က လူငယ်တွေ ဘယ့်လောက် များနေပြီလဲ တွက်ဆ၍ ရနိုင်သည်။
ပညာရေး အဆင့်မြှင့်တင်ဖို့ ဆိုရာမှာ ကျောင်းနေရမည့် အရွယ်အားလုံး စာသင်ခန်းတွင်း ရောက်ရှိရေးသည် အရေးအကြီးဆုံး ဖြစ်လာနေပေပြီ၊
ပညာရေးအဆင့်အတန်းကို သင်ကြားရသည့် စနစ်နှင့် တိုင်းတာမည်ဆိုက အားလုံးမှန်သည် မဆိုနိုင်ပါ၊ ကျမ တွေ့ကြုံရသည့် အတွေ့အကြုံအရ ထိုင်းနိုင်ငံက အတန်းတွင်း သင်ကြားရသည့် ဘာသာရပ်တွေမှာ မြန်မာနိုင်ငံက ကလေးတွေက ပိုလို့ပင် သာပါသည်။ မြန်မာကျောင်းသားတွေ ထိုင်းကျောင်းသားတွေနှင့် အချိန်မရွေး ယှဉ်လို့ ရနိုင်ပါသည်။ မြန်မာကျောင်းသားတွေမှာ ထိုင်းကျောင်းသားတွေရဲ့ အထက်မှာ အမြဲရှိပါသည်။ သို့သော် ပညာရေးအဆင့်အတန်းဆိုတာ စာတတ်တာတစ်ခုထဲကို ဦးတည်ခဲ့၍ ယခုလို အဆင့်အတန်း နိမ့်ကျခဲ့တာ ဖြစ်လေသည်။ ထိုင်းကျောင်းတွေမှာ လူ့ဘဝကို ဘယ်လို ဖြတ်သန်းရမလဲ ဆိုသည့် ယဉ်ကျေးမှု၊ ပတ်ဝန်းကျင်နဲ့ ဆက်ဆံရေး၊ ကျန်းမာရေးအသိအမြင်တွေပါ သင်ကြားပေးလိုက်တာဖြစ်လေသည်။
ထိုင်းနိုင်ငံမှာ မူလတန်းမှ အထက်တန်း၊ တက္ကသိုလ်အထိ အစိုးရအထောက်အပံ့အပြည့်အဝပေးထားသည့် ကျောင်း၊ နိုငံတကာကျောင်း၊ နိုင်ငံခြားမှ အဖွဲ့အစည်းတစ်ခုမှ ပညာရေးထောက်ပံ့ပေးထားသည့် ကျောင်း၊ ပုဂလိကကျောင်း၊ ပုဂလိကနှင့် နိုင်ငံခြားကျောင်း ချိတ်ဆက်ထားသည့်ကျောင်း၊ အစိုးရအထောက်အပံ့ အချိျူ့နှင့် နိုင်ငံတကာပညာရေးအဖွဲ့ အချို့ရဲ့ အထောက်အပံ့ ပူးပေါင်း ပေးထားတဲ့ ကျောင်း မျိုး စုံရှိလေသည်။ ဘုရင့်မိသားစုက ထောက်ပံ့ထားသည့် ကျောင်းတွေလည်းရှိသည်။ အဓိကက ကျောင်းနေရမည့် ကလေးသူငယ်တွေ နေရာမျိုးစုံမှာ သင်ယူနိုင်သည့် အခွင့်အရေးတွေ များစွာရှိသည်။ သို့သော် ထိုကျောင်းများအားလုံးမှာ ထိုင်းအစိုးရက သတ်မှတ်ထားသည့် သင်ရိုးညွှန်းတန်း ရာခိုင်နှုန်း မည်၍မည်မျှ ထဲ့သွင်းရမည်ဟု ဥပဒေ သတ်မှတ်ထားပြီးသား ဖြစ်သည်။ အဓိကကတော့ ငွေကြေးတတ်နိုင်သူက တတ်နိုင်သလို ကြိုက်နှစ်သက်ရာ ကျောင်းတွေမှာ ထားနိုင်သလို ကျောင်းနေအရွယ် ကလေးတွေ ကျောင်းနေနိုင်ဖို့ အစိုးရက လုံးဝတာဝန်ယူထားတာပဲ ဖြစ်သည်။ ပညာရေးအဆင့်အတန်းက ဒီမှာပင် ကွာခြားသွားပြီ၊ ကျောင်းသားရဲ့ ကြိုးစားမှုနှင့် ထူးချွန်မှုကို မြေတောင်မြှောက်ပေးသည့် စနစ်တွေနှင့် ပေါင်းစပ်လိုက်သော် အဆင့်မီပညာရေးစနစ်ကို ရောက်ရှိသွားတာ ဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည်နှင့် အတူ ဓါတ်ပုံယှဉ်တွဲရိုက်ထားသည့် နာမည်ကြီး ထိုင်းအမျိုးသမီး သတင်းထောက်ဆိုပါက သတင်းအတတ်ပညာသာမက ဘာသာစကား၊ နိုင်ငံတကာအတွေ့အကြုံ ၊ အစရှိသည့် သင်တန်းတွေကို တခုပြီးတခု သင်ကြားခဲ့ပြီးမှ အဆိုပါ သတင်းဌာနမှာ လုပ်ကိုင်ရခြင်းဖြစ်သည်။ မြန်မာပြည်မှာ ဘွဲ့ရပြီး လုပ်ငန်းခွင်ဝင်ပါက ကျောင်းစာနှင့် လုပ်ငန်းခွင် အပ်စပ်ခြင်း မရှိပေ၊ ထိုင်းမှာ ယာဉ်ထိန်းရဲတွေ လမ်းဆုံလမ်းခွမှာ လက်တွေ့ကွင်းဆင်းပြီး ယာဉ်ကြောအချက်ပြတာ၊ အဲဒါကို ဆရာတွေက တခါထဲ အမှတ်ပေးနေတာ၊ ကျောင်းသားတွေက အနားက လိုက်နာမှတ်သားနေကြတာ အဲဒီမြင်ကွင်းတွေ တွေ့ရသည့်အခါ တသက်နှင်တကိုယ် မြန်မာပြည်မှာ ဒါမျိုး လက်တွေ့ကွင်းဆင်းတာ တခါမှ မကြားမသိ မမြင်ခဲ့ပါလို့ သတိရမိလေသည်။
တိုင်းပြည်ရဲ့ ပညာရေးအဆင့်အတန်းကို ပြည်သူအားလုံး ပြောင်းလဲလိုတာ မဆန်းတော့ပါ၊ တကယ်တော့ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချူပ် ရွေးကောက်ပွဲမှာ အနိုင်ရရှိတာ မြန်မာပြည်သူတွေအတွက် ညအမှောင် အိပ်မက်ဆိုးတွေက နိုးထလာခဲ့တဲ့ မနက်ခင်းလိုပါပဲ၊ မျော်လင့်ချက် အသစ်တွေနဲ့ နေ့သစ်တွေကို ဖန်တီးရတော့မယ့် အချိန်အခါ ကောင်းကို ရောက်လာတာပဲ ဖြစ်လေသည်။ ဒီလို အချိန်မှာ နိုင်ငံတကာအဆင့်မီနိုင်ရန် နိုင်ငံတကာကို ခြေလှမ်းဖို့ ခြေလှမ်းတွေ ညီမှ ဖြစ်ပေမည်။ မတူသည့် ခြေလှမ်းတွေ ညီအောင် အတ္တတွေလျှော့ထားရမည်။ တကိုယ်ရေ တမိသာစုကောင်းစားရေးတွေ လျှော့ချပြီး အများအတွက် ရည်ရွယ်သော အများနှင့်သက်ဆိုင်သော ပညာရေးအဆင့်ကို ဦးတည်ရပေမည်။ နိုင်ငံတကာအဆင့်မီ ပညာရေးလို့ ပြောနေကြတာ မှန်ကောင်းမှန်သော်လည်း လက်တွေ့မှာ ပညာသင်ရမည့် အရွယ်အားလုံး ပညာသင်ခွင့်ရရေးဆိုသည့် အခြေခံအုတ်မြစ်ကို အခိုင်အမာချမှတ်လုပ်ဆောင်နိုင်မှ နိုင်ငံတကာအဆင့်ကို ရောက်မည့် ပထမခြေလှမ်း အစပြုသည်ဟု ဆိုရပေမည်။
ခိုင်ခိုင်စောလွင်

" ခပ်ညံ့ညံ့တွေ ယူမလား" ၂၀၁၅ခုနှစ် ဒီဇင်ဘာလ (၂၁)ရက် နေ့ထုတ် ဒီလှိုင်းစာစောင် အတွဲ(၄) အမှတ်(၅၀)မှ

                         ၂၀၁၅ခုနှစ် အောက်တိုဘာလမှာ မြန်မာပြည်သို့ ခေတ္တပြန်ရောက်ခဲ့ပါသည်။ နိုဝင်ဘာလ(၈)ရက်နေ့ ရွေးကောက်ပွဲမှာ ဆန္ဒမဲထဲ့မည်၊ နှစ်ရက်လောက်နေပြီးက မြန်မာပြည်က ပြန်မည်ဟု တွက်ထားလိုက်သည်။ သို့သော် အကြောင်းကြောင့် နောက်ထပ် နှစ်ပတ်နီးပါး နေဖြစ်သွားသည်။ ထိုင်းက ပါလာသည့် သောက်နေကျ သွေးတိုးရောဂါအတွက်ဆေး မှာ ကုန်သွားသည့်အတွက် ဆေးဆိုင်မှာ တစ်ကဒ် ဝယ်လိုက်သည်။ တစ်ကဒ်မှ မြန်မာငွေ (၄၀၀) ကျပ်ပေးရသည်။ အဆိုပါဆေး နာမည်၊ ထုတ်လုပ်သည့် ကုမ္မဏီနာမည်၊ ပါဝင်သည့် အလေးချိန် ၊ ထုတ်လုပ်သည့်တိုင်းပြည် စတာတွေကို သောက်နေကျ ကုန်သွာသည့် သည့်ဆေးကဒ်နှင့် တိုက်ကြည့်ရာ အင်္ဂလိပ်အက္ခရာ တစ်လုံးမကျန်တူပါသည်။ သို့သော် ကွာခြားတာက မြန်မာပြည်မှာ ပိုပြီး ဈေးသက်သာနေတာပဲ ဖြစ်သည်။
အဆိုပါ သွေးကျဆေးကို စာရေးသူ သောက်လာသည်မှာ (၃) နှစ်ကျော်ခန့် ရှိလာပါပြီ။ ထိုင်းမှာ ဝယ်စဉ်က (၁၀)လုံးပါ တစ်ကဒ်ကို (၃၅) ဘတ် ပေးရပါသည်။ ယခင် ငွေလဲနှုန်းနှင့်ပင် ကျပ် တစ်ထောင်နှင့်ငါးဆယ် ကျသင့်ပြီး ယခုဆိုလျင် တစ်ထောင့်နှစ်ရာကျနေပါသည်။ ဈေးက မြန်မာပြည်မှာ သုံးပုံ တစ်ပုံ သက်သာပါသည်။ အလားတူ သတိထားမိသည့် နောက်တမျိုးမှာ သွားတိုက်ဆေး၊ ထိုင်းနိုင်ငံထုတ် close up သွားတိုက်ဆေး ဘူးကြီးတစ်ဘူးကို ထိုင်းဘတ်ငွေ ( ၄၉) ဘတ်ဖြင့် ဝယ်လာခဲ့ပြီး ကုန်သွားသည့် အတွက် ကုန်တိုက်တစ်ခုမှာ ဝင်ဝယ်ရာ မြန်မာငွေ (၈၀၀) ကျပ်သာ ကျလေသည်။ ကုန်ပစ္စည်းတွေကို စိတ်ကူးဖြင့် တင်သွင်း ရောင်းချကြည့်ရင်း အမြတ်ရပါ့မလား တွေးမိသည်။ ကုန်သည်တွေမှာ မမြတ်ပဲ အလှုပေးသလို လျှော့ရောင်းမှာမဟုတ်ဟု ဆင်ခြင်မိသည်။
မြန်မာပြည်မှာနေရင်း သွေးပေါင်ချိန်က ပုံမှန်အနေအထားမှာ မရှိ၊ ဆေးသောက်နေသည့်ကြားမှ သွေးပေါင်ချိန် အနည်းငယ် မြင့်နေသည်။ ဆိုးဆိုးရွားရွား တိုးနေတာတော့ မဟုတ်၊ သွားရလာရတာ၊ နေပူတာနှင့် ခရီးပမ်း၍ ဖြစ်မည်ဟု တွက်လိုက်သည်။ အဆိုပါဆေးကို စသောက်ကတည်းက နံနက် အစာစားပြီး တစ်ကြိမ်၊ တစ်ကြိမ်လျင် တစ်လုံး ဆရာဝန်က သောက်ခိုင်းရာ သွေးပေါင်ချိန် ပုံမှန်ဖြစ်လာပြီး ရံဖန်ရံခါ သွေးပေါင်ချိန် ပုံမှန်ရှိရမည်ထက် ကျဆင်း နေတတ်တဲ့ အတွက် ဆရာဝန်က သွေးပေါင်ချိန် တိုင်းပြီးမှ တစ်ရက်ခြား၊ ထိုမှတဖန် နှစ်ရက်ခြား တခါသာ သောက်ရတာကြာပြီဖြစ်သည်။ ယခုသော် နေ့စဉ် သောက်သည့်ကြားက မြင့်နေသည်။ ထိုင်းကို ပြန်ရောက်ချိန်မှာလည်း ထို့အတူပင်၊ အစားအသောက်လည်းမမှားပါပဲ တစ်ရက်မှာ အပေါ်သွေးပေါင်ချိန် (၁၅၀) တွေဘာတွေ ဖြစ်ကုန်သည်။ တစ်ရက်မှာ အိမ်ကနေ ဆေးသောက်ဖို့ မေ့ခဲ့၍ ဆေးခန်းမှာ ဆေးဝင်ဝယ်ပြီး သောက်လိုက်သည်။ ဝယ်နေကျ သောက်နေကျ အဆိုပါ ဆေးပဲ ဖြစ်သည်။ ယခုသောက်လက်စ မြန်မာပြည်က ဝယ်လာသည့် ကဒ်က ကုန်ကာနီးပြီ ဆိုကာ တခါထဲ ဝယ်ထားလိုက်သည်။ နောက်ရက်မှာ ဖောက်လက်စနှင့် ထိုင်းမှာဝယ်သည့် ဆေးကဒ်ကိုပဲ ဆက်လက်သောက်ရာ နှစ်ရက်ခြားမှ တခါသာ ပြန်သောက်ရလေသည်။
ထူးခြားတာက အဲဒါသာပင်၊ နောက်ဆုံး ကောက်ချက်ချတော့ ဆေးက သောက်သာသောက်နေရသည်၊ မည်သည့်သက်ရောက်မှုမျှ မရှိတာဖြစ်သည်။ ဆေးတွေသည် မြန်မာပြည်တွင်းကို မည်သည့် လမ်းကြောင်းက လာတဲ့အတွက် ဒီလောက် ဈေးပေါနေတာဘာလဲ အဖြေက ရှင်းနေသည်။
ထိုင်းနိုင်ငံထုတ် ကိုယ်လိမ်းပေါင်ဒါ တစ်ဘူးကို မိတ်ဆွေတစ်ယောက်အား လက်ဆောင်အဖြစ် ပေးဖူးသည်။ အဆိုပါ မိတ်ဆွေက ထိုတံဆိပ်ကို ကြိုက်သဖြင့် မြန်မာပြည်က ဈေးဝယ်စင်တာ တစ်ခုမှ ဝယ်ယူသုံးစွဲရာ အပြင်ပန်း ဘူးခွံ စာသား တံဆိပ် တစ်လုံးမှ မလွဲသော်လည်း အနံ့မရ၊ ယခင်ဘူးလို ကြာကြာ အနံ့မမွှေးဟု ပြောပြဖူးတာ သတိရသည်။
တချိန်က မိတ်ဆွေ တစ်ယောက် ပြောပြသည့် ထိုင်းနိုင်ငံက ကုန်ပစ္စည်းတွေ မြန်မာပြည်ကို တင်သွင်းသည့် တစိတ်တဒေသအကြောင်းကို ပြန်သတိရမိသည်။ နာမည်ကျော် ထိုင်းနိုင်ငံထုတ် အမှတ်တံဆိပ်ပါ ဘိလပ်မြေကို မြန်မာပြည်က ကုန်သည် တစ်ယောက်က ဝယ်ယူဖို့ ဘန်ကောက်အနီးမှာရှိတဲ့ အဲဒီစက်ရုံတိုင်အောင် အရောက်လာပြီး သူဌေးနဲ့ အရောင်းအဝယ်စကား ပြောကြသည်တဲ့။
ဥပမာ ဆိုပါစို့ တစ်အိတ်ကို ဘတ်(၁၀၀)နှင့်ရောင်းပေးမည်၊ ဒါက စက်ရုံဈေး၊ အများကြီးသက်သာသည်။ ဈေးစုံစမ်းပြီး ပြန်သည်။ ဒါကို ကြားသည့် ပွဲစားတစ်ယောက်က အဆိုပါကုန်သည်မှာ ဆောက်လုပ်ရေး လုပ်ငန်းခွင်တွေ အများကြီးရှိတာ သိသည်။ သူသာချိတ်မိက ရရှိမည့် အကျိုးအမြတ်က မနည်းလှ၊ ထိုကုန်သည်နှင့် တွေ့ရန် ကြိုးပမ်းသည်။ တွေ့သည်။ ပိုင်ရှင်ကိုယ်တိုင် ပြောလိုက်သည့် စက်ရုံဈေးထက် သက်သာသည့်ဈေးနှင့် ရောင်းပေးမည်၊ သူက တစ်ရာနှင့်ရောင်းတာ များသည်၊ ဘတ် ( ၈၀) နှင့် ပေးမည် ၊ ဘယ်လောက်ယူမလဲ၊ မြန်မာပြည်က လာသည့် ကုန်သည် သူဌေး ငိုက်ကနဲ ပါသွားသည်။ တစ်အိတ်ကို ဘတ်(၂၀) သက်သာမည်၊ မနည်းပါလား၊ တံဆိပ်က ဒီတံဆိပ်နော် ဟုတ်ပါတယ် ချွပ်စွပ် ၊ အလေးချိန် တစ်ဂရမ်တောင် မလျှော့စေရ ၊ အိပ်နမူနာ ကြည့်ပါရစေ၊ ကြည့်ပါ ၊ ကိုင်ကြည့် ၊ လျက်ဆားလို လျက်ကြည့်လို့မရလို့သာ ၊ ဖင်ပြန်ခေါင်းပြန် စစ်၊ အိုခေ အတူတူပဲ ဈေးလည်းသက်သာတယ်၊ ထောင်သောင်းချီ ဝယ်သွားသည်တဲ့။ အမှန်တကယ် ထုတ်လုပ်သည့် ပိုင်ရှင်တောင် မရောင်းနိုင်တာ ဒီလူက ဘယ်က ထုတ်ပြီး လို့ ရောင်းသနည်း၊ အတု ၊ အတုလို့ မထင်ရအောင်ကို တုထားသည့် ပစ္စည်း၊ အရောအနှောတွေ ဘယ့်လောက်ပါသလဲ မသိ၊ ရန်ကုန်က မိတ်ဆွေ အန်တီ တစ်ယောက်ပြောပြဖူးသည်။ ကန်ထရိုက်တိုက် တစ်ခုမှာ အပေါ်က အလွှာက ငရုပ်သီးထောင်းရာ အောက်ထပ် အလွှာကို ငရုပ်ဆုံ ထွက်ကျလာသတဲ့၊ ကိုယ်တိုင်မမြင်ရတဲ့ အတွက် ထားပါတော့၊ အပေါ်ထပ်က ရေချိုးပါက အောက်ထပ်ကို ရေစိမ့်တာ ကိုယ်တိုင် တွေ့ဖူးသည်။ နောက်ပိုင်းမှာ ကျော်မကောင်းကြားမကောင်း ဆောက်တာတစ်နှစ်မပြည့်သေးသည့် တိုက်တွေ အက်ကြောင်းတွေထင်လာလို့ ပြောင်းပေးရတဲ့ တိုက်ခန်းတွေမနည်းမနော။
လူတွေရဲ့ အသက်အန္တရာယ်ကို ထိပါးလာသည်အထိ ဖြစ်လာချေပြီ။ ငယ်စဉ်ကတည်းက ကြားဖူးတာ ရှိသည်။ ယိုးဒယားပစ္စည်းက ဈေးကြီးတယ်၊ ဈေးချိုတာလိုက်မိရင် အတုနဲ့ တိုးတယ်၊ အတုလည်းများတယ်၊ တရုတ်ကလာတဲ့ ပစ္စည်းပဲ သုံးတော့မယ်တဲ့၊ တော်တော်များများ ပြောကြတာဖြစ်သည်။
နယ်စပ်မှာ ထုတ်ထုပ်ပြီး မြန်မာပြည်ကို တရားမဝင်သည့် လမ်းကြောင်းမှ တင်သွင်းနေသည့် ပစ္စည်းတွေရဲ့ အန္တရာယ်က မသေးလှပေ။ အဓိကက တရားဝင်ကူးသန်းရောင်းဝယ်မှုကို တင်းကြပ်ထားပြိး နားလည်မှုနှင့် လုပ်နေကြတာများ၍ ထိုသို့ ဖြစ်လာရခြင်းပင်၊ နားလည်မှုဆိုတာ လာဘ်ပေးလာဘ်ယူမှုနှင့် အဂတိလိုက်စားမှုတွေပဲ ဖြစ်သည်။
ပေါင်ဒါ၊ ရေမွှေး၊ မျက်နှာလိမ်းခရင် ၊ အစရှိသည့် အလှကုန်တွေပါမကျန် မီးဖိုချောင် အသုံးအဆောင်ဖြစ်သည့် ပန်းကန်ဆေးသည့် အဆီ၊ ရေချိုးခန်းသုံး ကြမ်းတိုက်ဆီ၊ ဆေး အစရှိတာတွေ မှာ အတုတွေ အရောတွေ အရည်အသွေးမမှီတာတွေ များစွာ တင်သွင်းသည်။ေ၇ချိုးခန်းအိမ်သာ ဆေးသည့် ဆေးပါ အရည်အသွေးမမီ၊ မမီယုံမက အန္တရာယ်ပါ ရှိနိုင်သည်။ နာမည်ကြီး ထိုင်းနိုင်ငံထုတ်" ဘဲ "အမှတ်တံဆိပ်မှာ မြန်မာပြည်ကိုရောက်သည့်အခါ အငွေ့တထောင်းထောင်း ထွက်သည့် အက်စစ်တွေ ဖြစ်လို့နေသည်။ သူ့ကုမ္မဏီက ထုတ်သည့်ဆေးမှာ အနံ့သင်း၍ ပိုးသတ်ပေးသည့် အရည်အသွေးမီ ထုတ်တာဖြစ်သည်။ ရေချိုးခန်းထဲမှာ တိုက်ချွတ်ဆေးကြော နေတုန်း အပြင်ကပြန်လာသည့် သမီးက အငွေ့တွေ ဘယ်ကထွက်သလဲ အလန့်တကြား လိုက်ရှာမှ သိရသည်။ စိတ်ထဲမှာ မကျေနပ်သော်လည်း ဘယ်သူ့ကို သွားပြောရမှန်းပင် မသိ၊ ထိုင်းမှာ သူ့ကိုယ်ပိုင် ထုတ်သည့် ပစ္စည်းကို သူကိုယ်တိုင်တောင် မှတ်မိပါ့မလားမသိ၊ အသွင်အပြင် အမှတ်တံဆိပ် ဘူးခွံ ထပ်တူထပ်မျှ အတွင်းက ကျီးအာသီးလို ဖြစ်နေသည်။
မည်သည့်တိုင်းပြည်မှ အရည်အသွေးမမီတာကို တင်သွင်းခွင့်မပြု၊ လက်မခံ၊ အန္တာရာယ်ရှိနိုင်သည်ဆိုက ပိုလို့ပင် ဝေးသေးသည်။ မြန်မာပြည်ကနေ ပြည်ပကို ပို့သည့် ပို့ကုန်တွေ အလွယ်တကူ ပို့လို့ရပါသလား၊ အဆင့်ဆင့် ဖြတ်ကျော်ပြီး ပို့တာတောင်မှ သူတို့တိုင်းပြည်ရောက်ပြီး မကြိုက်က အရည်အသွေးမမီဆိုကာ ပြန်ပင် ပို့လိုက်သေးသည်။ ကိုယ့်တိုင်းပြည်ကတော့ တွေ့ရာ ကြုံရာ အကုန် ဒလဟော စီးဝင်နေသည်။ အင်မတန် အန္တရာယ်များလှပါသည်။ ပြည်သူတွေမှာ အရည်အသွေးမမီသည့် စားကုန်တွေ၊ ပစ္စည်းတွေကို သုံးစွဲရင်း ကျန်းမာရေး ထိခိုက်လာသည့်အခါ အရည်အသွေးမမီသည့် ဆေးဝါးများကို သုံးစွဲပြီး အသက်တိုကြရလေသည်။
ပြည်ပသွင်းကုန် စိစစ်ရေးသည် နာမည်သာရှိသည်။ အစိုးရအဆက်ဆက် ဒီအတိုင်းပဲ သွားနေတာဖြစ်သည်။ တခါတလေ တရားမဝင်လမ်းကြောင်းကလာသည့် ကုန်ပစ္စည်းတွေ၊ အရည်အသွေးမမီတာတွေ ၊ သုံးစွဲရန် မသင့်ဆိုကာ မီးပုံရှို့သည့် သတင်းတွေ ဖတ်ရသည်။ အဆိုပါ ဖြစ်စဉ်သည် မီးရှို့ယုံနှင့် ပျောက်ကွယ်မသွားပါ၊ အဓိကကတော့ မိမိတိုင်းသူပြည်သားများ အသက်အန္တရာယ်ကို ချိန်းခြောက်နေရိုးမှန်က တိတိကျကျ ဥပဒေ၊ စည်းကမ်းများ ထုတ်ပြန်ပြီး တိတိကျကျ အရေးယူ ဆောင်ရွက်ရမည့် အနေအထားဖြစ်လာပါပြီ။
ပြည်သူလူထုရဲ့ အသက်အိုးအိမ်ကို ကာကွယ်ဖို့ တရားဥပဒေစိုးမိုးမှုမှာ အရေးကြီးလှပါသည်။ ဒီနေရာကနေ ကုန်သည်ကြီးများ ၊ အရောင်းအဝယ်လုပ်သည့် သူဌေးသူကြွယ်များကို ပြောကြားလိုသည်မှာ အများပြည်သူ ပြေလည် အေးချမ်း စိတ်ချမ်းသာမည့် နည်းလမ်းများဖြင့် ကုန်သွယ်ပါမှ သမာအာဇီဝ ကျပါလိမ့်မည်။ မိမိ အမြတ်များများရဖို့ အတ္တအကျိုးအတွက် ပြည်သူတွေ ဘာဖြစ်ဖြစ် စီးပွားရှာသော် အဆိပ်သင့် စီးပွားရေးသာ ဖြစ်နေပါလိမ့်မည်။ အစားအသောက်၊ အသုံးအဆောင်၊ ဆေးဝါး အစရှိသည့် နိစ္စဓူဝ အသုံးပြုနေရသည့် အရာများ ဘေးအန္တရာယ်ကင်းရှင်းစေကြောင်း စေတနာကောင်းဖြင့် ရေးသားလိုက်ပါသည်။
ခိုင်ခိုင်စောလွင်

" ပြည်သူအားလုံး ပါဝင်ကြရမည့် အပြောင်းအလဲခရီး"၇ရက် ဒီဇင်ဘာ ၂၀၁၅ ဒီလှိုင်းစာစောင် အတွဲ(၄) အမှတ်(၄၈)မှ


၂၀၁၅ခုနှစ် ရွေးကောက်ပွဲ မတိုင်မီကာလနှင့် ရွေးကောက်ပွဲ အလွန် ကာလ တွေမှာပါ ပြည်သူအားလုံး အဓိက ပြောင်းလဲချင်တာ ပညာရေး နဲ့ ကျန်းမာရေး လို့ သတင်းစကားတွေ ကြားရလေသည်။ ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချူပ်ကို ပြည်သူတွေ မဲပေးရွေးချယ်ခဲ့ကြသည်။ ပြောင်းလဲချိန်တန်ပြီ၊ အမှန်တကယ်ပြောင်းလဲဖို့ NLD ကို မဲပေးစို့ ကြွေးကြော်ကာ ပြည်သူ့ဆန္ဒကို ပြည်သူ့အင်အားဖြင့် ဖော်ထုတ်ပြသနိုင်ခဲ့ကြပါသည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချူပ် အနိုင်ရရှိပြီးနောက် အစိုးရဖြစ်လာသည့်အချိန်မှာ ပြည်သူတွေက နိမ့်ကျနေသည့် ကျန်းမာရေးစောင့်ရှောက်မှုနှင့် ဆိုးရွားလှသည့် ကျန်းမာရေး အခြေအနေတွေကို အဓိကထားပြီး ပြောင်းလဲလိုကြဟန်ရှိသည်။ အမှန်တကယ်လည်း မြန်မာပြည်သူတွေရဲ့ ကျန်းမာရေး အဆင့်အတန်းမှာ များစွာ နိမ့်ကျနေပြီး ကျန်းမာရေးစောင့်ေ၇ှာက်မှု အပြည့်အဝ မရရှိခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာခဲ့ပါပြီ။ ကိုယ့်ပြဿနာကိုယ်ရှင်း ကိုယ့်တာဝန် ကိုယ်ယူ ၊ အစိုးရဆိုတာ ပြည်သူကို စောင့်ရှောက်ရမှာဆိုတာကိုပါ ပြည်သူတွေ ထည့်မတွက်ခြဲ့တာကြာပါပြီ။ ယခုသော် ပြည်သူက ရွေးချယ်လိုက်သော အစိုးရအဖွဲ့ ဖြစ်လာပါက ပြည်သူတွေ အတွက် လိုအပ်ချက်ကို အလုံးစုံ ဖြည့်ဆည်းပေးနိုင်တော့မည်ဟု မျှော်မှန်းကြလေသည်။
တကယ်တော့ ကျန်းမာရေးစောင့်ရှောက်မှုဆိုတာ အစိုးရမှာ တာဝန်ရှိသလို ပြည်သူတစ်ဦးချင်းထံမှာလည်း တာဝန်ရှိပါသည်။ ကိုယ်ဝန်ဆောင်မိခင်များ မီးဖွားသည့်ကိစ္စမှအစ နာမကျန်းသည့် သက်ကြီးရွယ်အိုများ၊ ဘဝအာမခံချက် မရှိသည့် သက်ကြီးရွယ်အို စောင့်ရှောက်မှု၊ အခြေခံလူတန်းစားများ အတွက် ကျန်းမာရေး စောင့်ရှောက်မှု အစရှိတာတွေကို ပြည်သူတွေအတွက် ယခင်အစိုးရက ဘာတစ်ခုမှ လုပ်ကိုင်ပေးခဲ့တာ ၊ စနစ်တကျ စီစဉ်ပေးခဲ့တာ မရှိခဲ့ယုံမက ပြည်သူတွေကို အခြေခံကျန်းမာရေး ပညာပေး အဆင့်တောင် ပြည့်ပြည့်ဝဝ မပေးခဲ့ကြပါဘူး။
ဒါ့ကြောင့် နှစ်ပေါင်းများစွာ ကျန်းမာရေး ဗဟုသုတ အားနည်းခဲ့ကြတဲ့ အတွက် မလိုလားအပ်ပဲ ရောဂါပိုးတွေ အလွယ်တကူ ကူးစက်ခံကြရတာဖြစ်လေသည်။ အစိုးရသစ်လက်ထက် ရောက်လာပါက ဒီတာဝန်တွေ အစိုးရအလုပ်ပဲလို့ အားလုံးပုံချလို့ မဖြစ်သေးပါ၊ ပြည်သူတွေဖက်ကလည်း ကျန်းမာရေးနဲ့အညီ ကျင့်ကြံ နေထိုင် လိုက်နာရမယ့် အချက်တွေကို လိုက်နာဖို့ လိုပါမယ်၊ ခေတ်မီဆေးရုံတွေ၊ စနစ်တကျ ကျန်းမာရေး စောင့်ရှောက်မှုတွေ လုပ်ပေးလျှင်တောင် ပြည်သူတစ်ဦးချင်း၊ လူတစ်ကိုယ်စာစီက ကျန်းမာရေးအသိစိတ်နဲ့ ပူးပေါင်း ပါဝင်ကြဖို့ လိုပါသည်။ ဒါကလည်း ကိုယ်တိုင် တွေ့မြင်ခဲ့ရ၍ ရေးရတာဖြစ်ပါသည်။
မိတ်ဆွေ ဆွေမျိုးသားချင်း၊ သူငယ်ချင်း မိသားစုအိမ်တွေ ရောက်တိုင်း ၊ ကျန်းမာရေး လူမှုရေး ကိစ္စအဝဝကို စကားပြောဖြစ်တိုင်း အသဲရောင် ဘီပိုး စီပိုး ရှိသူတွေ များလာတာ ကြားရသည်။ ကျမလည်း မနေနိုင် " တွေ့သမျှ လူတိုင်း ကျန်းမာရေး ကိစ္စ မေးတိုင်း
ဘယ်သူ့ကတော့ စီပိုးလေ ဘယ်သူကတော့ ဘီပိုး" လို့ ထမင်းစားရေသောက် ပြောတာကို တအံ့တဩ ပြန်ပြောတဲ့ အခါ မြန်မာပြည်မှာတော့ အသဲပိုးတွေက လူတိုင်းလိုလို ရှိတာပဲလေလို့ ခပ်အေးအေး ပြန်ဖြေသံကြားရလေသည်။
လမ်းမတွေမှာ ကွမ်းတံတွေးတွေ ရဲရဲနီအောင် ထွေးထားကြသည်။ နီရဲနေသော လမ်းမတွေ ဖြစ်နေသည်။ လတ်လတ်ဆတ်ဆတ် ထွေးထားသော ကွမ်းတံတွေးမြင်တိုင်း အော့နှလုံးနာမိသည်။ ဒီလူတွေ ဘာဖြစ်လို့ ဒီလောက် စည်းကမ်းမဲ့ရသလဲ အတွေးအမြဲပေါ်သည်။ လမ်းမတွေပေါ်မှာ နောက်ဆုံးပေါ် ကားတွေ များစွာ သွားလာနေကြသည်။ အငှားယာဉ်များမှာလည်း ဟောင်းနွမ်းတာ မတွေ့ရသလောက်၊ သို့သော် ထိုကားရဲ့ ဘေးတံခါးတွေမှာ ကွမ်းတံတွေး စီးကြောင်းတွေက အတန်းလိုက်၊ ကားမောင်းရင်း ဖတ်ကနဲ လမ်းပေါ် လှမ်းထွေးလိုက်၍ အမြန်ရှောင်ရတာက ရှိသေးသည်။ ထိုသူတွေမှာ ကွမ်းစား၍ ကျန်းမာရေး ထိခိုက် ရောဂါ ရမည်ဆိုတာ ခဏထား၊ သူတို့ ဖိုးကနဲ ဖတ်ကနဲ ထွေးလိုက်တာကနေ စောစောက ပြောသည့် ပိုးရှိသူတွေဆိုပါက လေထဲကနေ ပိုးတွေ ပျံ့လေပြီ။
ခရီးသည်တင်ကားပေါ်မှာ ပါးစပ်မပိတ်၊ လက်မကာပဲ ဟတ်ချိုး ချေချသူတွေ ၊ ချောင်းဆိုးသူတွေ၊ လမ်းလျှောက်ရင်း လူနဲ့ မျက်နှာချင်းဆိုင် ဆုံမိခိုက်မှာ ချောင်းဆိုးလိုက်တာတွေ အများအပြားဖြစ်လာသည်။
" နှာချေ ချောင်းဆိုးလျင် ဘယ်လိုလုပ်ရမလဲ၊ နှာချေ ချောင်းဆိုးလျင် ပါးစပ်နှင့် လက်ကို အုပ်၍လည်းကောင်း၊ လက်ကိုင်ပုဝါနှင့် အုပ်၍လည်းကောင်း ဆိုးရပါမည်"
မူလတန်း ဘဝတွက်တာဘာသာရပ်မှာ ကလေးတွေ အလွတ်ကျက်တာ ကြားဖူးသည်။ ယခု လူငယ်လေးတွေသည် ထိုစာကို စာမေးပွဲမှာ ဖြေပြီး မေ့လိုက်ဟန်ရှိသည်။ တကယ်တော့ ထိုဘဝတွက်တာ ဘာသာဆိုတာကို စာထဲမှာ ထဲ့မသင်ခင်ကတည်းက လူဖြစ်လာကြသည့် သူတွေမှာ ယခုလို အပြုအမူမျိုးတွေ မရှိကြပါ။ မှတ်မှတ်ရရ လွန်ခဲ့သော ၇နှစ်ခန့်ကပင် ယခုလို အပြုအမူတွေ မတွေ့ရပါ၊ အတော်ကို ရှားပါသည်။ မထိန်းနိုင်၍ နှာချေမိပါက ကားပေါ်ပါ အခြားခရီးသည်တွေကို တောင်းပန်ဟန်ကြည့်ကာ သူတို့ အမူအယာအတွက် ရှက်ကိုးရှက်ကန်း ဖြစ်ကြသည်။ ယခုသော် ထိုကိစ္စအတွက် ပတ်ဝန်းကျင်ကို ဂရုမစိုက်ယုံမက မယဉ်ကျေးသည့် အပြုအမူဆိုတာ သိပုံပင်မရ၊
လူ့ပတ်ဝန်းကျင်မှာ ဒီလိုလူတွေ များလာမှတော့ ရောဂါပိုး ကူးစက်တာတွေ များလာတာမဆန်းတော့၊ အခြေခံ လူတစ်ဦးချင်း သိသင့်သည့် လိုက်နာရမည့် အဆင့်ကလေးကိုပင် ဖောက်ဖျက်နေကြလေသည်။ အမှိုက်ကို ပတ်ဝန်းကျင်မှာ အလွယ်တကူ လွှတ်ပစ်တာ ၊ မိမိရဲ့ အညစ်အကြေးကို အလွယ်တကူ လမ်းပေါ် စွန့်ထုတ်လိုက်တာ နိုင်ငံကြီးသား မပီသယုံမျှမက ပတ်ဝန်းကျင်ညစ်ညမ်းကာ မိမိပတ်ဝန်းကျင်ရဲ့ ကျန်းမာရေးကိုပါ ပြန်လည် ထိခိုက်စေသည့် အပြုမူဆိုတာ အသိရှိကြရဲ့လား မေးခွန်းထုတ်စရာပင်၊
နာမည်ကြီး ပလာဇာတစ်ခုရဲ့ အရှေ့မှာ သစ်သီးတွေကို ခွဲခြမ်းပြီး ဗန်းကလေး နဲ့ ရောင်းတာမှာ ဘာအဖုံးအအုပ်မှ မရှိ၊ ယင်ကောင်တလောင်းလောင်း၊ အဆိုပါ ဈေးသည်ကို ကြည့်လိုက်တော့ သနပ်ခါး အဖွေးသား ရွှေတွေ အပြည့်၊ ကျန်းမာရေး ဗဟုသုတ နတ္ထိ၊ ဝယ်စားသူတွေ ရောဂါတွေ ရတာမဆန်း၊ တွန်းလှည်းကလေးနှင့် နောင်နောင်သည် ခေါ်မလား၊ ရှောက်ချိုသီး၊ ဆီးသီး ၊ နာနတ်သီးတွေကို သန့်သန့်ပြန့်ပြန့် ခင်းကျင်းပြီး အုပ်ဆိုင်းကာ ရောင်းနေတာတွေ့သည်။ ကျမလည်း မဆိုးဘူးဆိုကာ ဝယ်လိုက်သည်။ စပ်ထားတဲ့ မဆလာနဲ့ အသီးကို ဘူးထဲ လှုပ်ယမ်းပြီး အိတ်ကလေးထဲ ထဲ့သည်အထိ ဟုတ်နေသည်။ လှည်းမှာ ချိတ်ထားသည့် ပလတ်စတစ်ဘူးထဲက တုတ်တံကလေးကို လှမ်းအပေးမှာ တုတ်က မှိုတွေနှင့်၊ အားမနာပဲ ယူပြီး လွှတ်ပစ်လိုက်မိသည်။ ဈေးသည်က ' အမဘာသာ ရွေးယူလိုက်ပါ " ဆို၍ ဘူးထဲ ကြည့်လိုက်ရာ အားလုံး အောက်ခြေမှာ မှိုတွေနှင့်၊
မယူပဲ လှည့်ထွက်ရင်း တုတ်ကလေးတွေ လဲလိုက်ပါလား စားတဲ့သူတွေ ရောဂါ ရမယ်လို့ ပြောခဲ့လိုက်သည်။ အဆိုပါ ဈေးသည်က မဆိုးပါ၊ နောက်ရက်မှာ ဘူးအသစ်နှင့် တုတ်ကလေးတွေ အသစ်တွေချည်း ဖြစ်နေသည်။ မည်သူတွေ မည်မျှလောက် စားခဲ့ပြီမသိ၊ လူတွမှာ အစားအသောက် စားတိုင်း ရောဂါပိုးပါ အဆစ်ရနေလေသည်။
စားသောက်ဆိုင်တွေလည်း ထို့အတူပင် ကျန်းမာရေးအတွက် ဂရုစိုက်မှု အင်မတန်နည်းပါးပါသည်။ ဆိုင်တွေမှာတော့ ဒီလိုပါပဲလို့ စောဒကတက်ချင်လည်း တက်ပါ၊ သို့သော် ယခုခေတ်မှာ မိသားစုဝင်တွေ အားလုံး အလုပ်ထွက်လုပ်နေကြသည့်အတွက် အပြင်ဆိုင်က မှာစားနေကြတာများပါသည်။ ငါးပိရည်ကျိုကိုပင် မကျိုနိုင်ကြတော့၊ အသင့်ဝယ်ကာ စားနေကြတာ တွေ့နေရသည်။ အစားအသောက် သန့်ရှင်းမှုသည် ကျန်းမာရေးအတွက် အခြေခံ အကျဆုံး အချက်ပင်၊
ရန်ကုန်၊ နေပြည်တော် ရောက်ခဲ့ သမျှ အစားအသောက်ကို လက်အိတ်ဖြင့် ကိုင်သည့် ဆိုင်တစ်ဆိုင်မှ မတွေ့ခဲ့ရပါ၊ အသုပ်စုံဆိုင်ဆိုပါက အသုပ်နယ်သည်၊ ပိုက်ဆံပြန်အမ်းသည်၊ ထိုလက်သည် ပိုက်ဆံကိုင်လိုက် အသုပ်နယ်လိုက်၊ လက်အိတ်ဖြင့် ကိုင်တွယ်တာ မရှိ၊ ပလတ်စတစ်လက်အိတ်ကလေးတွေ မဝယ်နိုင်သော်မှ ထုတ်ပိုးရန်ထားသည့် ကြွတ်ကြွတ်အိတ်ကို လက်မှာ စွပ်ကာ တခါသုံးလက်အိတ်သဖွယ် အသုံးပြု၍ ရလေသည်။ ဆီထမင်းရောင်းသည့် ဈေးသည် တစ်ယောက် ထိုသို့ သုံးတာ တွေ့ရသည်၊ ပိုက်ဆံကို လက်အိတ်ချွပ်ပြီး ကိုင်သည်၊ ဆီထမင်း ထဲ့မည်ဆိုက ထိုအိတ်ကလေး ပြန်စွပ်သည်၊ ထိုသူ့မှာ ကျန်းမာရေးဗဟုသုတ ရှိသားဟု ဆိုတော့ ကောက်ညှင်းတွေ လက်ကို ကပ်မှာဆိုးလို့ ဟု ဆိုလေသည်။ ဘယ်လိုပဲ ဖြစ်ဖြစ် အစားအသာက်ကို လက်နှင့် မကိုင်တွယ်တာ တော်သေးသည် ပြောရမည်။
ပိုက်ဆံတွေမှာ ပိုးမွှားတွေ တွယ်ကပ်နေသည် ဆိုတာ စာတွေမှာ မဖတ်ရလို့ မသိခဲ့ရင်တောင်မှ သိသာနေသည့် အချက်က ငါးဆယ်တန် တစ်ရာတန် နှစ်ရာတန် တစ်ထောင်တန်တွေ အးလုံး နွမ်းဖတ်ကြေမွကာ ပိုက်ဆံအပေါ်မှာ မှိုလိုအရာဖွေးဖွေးတွေက သာမာန်မျက်စေ့ဖြင့်ပင် မြင်ရသည်။ စားသောက်ဆိုင်ကြီးတွေကတော့ ဟန်ကျသည်။ စားပွဲထိုးနဲ့ ကောင်တာက ငွေကိုင်က သတ်သတ် ၊ အစားအသောက် ကိုင်တွယ်သူက သတ်သတ်၊ သို့သော် အများစုက အခြေခံလူတန်းစားတွေ စားသောက်ရာ ဆိုင်တွေမှာ ဖြစ်နေတာပင်၊ ဆေးမတိုးသည့် တီဘီ၊ အသဲရောင်ပိုး စတာတွေ အတွက် ဆေးဝါးတွေ မိုးပျံအောင်ကောင်းပြီး ကုသမှုတွေ အစွမ်းကုန် ပေးသော်မှ လူတိုင်း ကျန်းမာရေးနေထိုင်မှု အဆင့် မရှိလျင် ကူးစက်မှုက ရပ်လို့ ရပ်မှမဟုတ်၊ အားလုံး ကျန်းမာရေး အသိနှင့် လိုက်နာဖို့လိုပါသည်။
မှတ်မှတ်ရရ အသိမိတ်ဆွေ သုံးလေးအိမ်မှာ ပန်းကန်ဆေးသည့် အဖတ်တွေ ဟောင်းနွမ်းနေတာ၊ ကြမြင့်စွာ မလဲလှယ်ပဲ ဒီအတိုင်း သုံးနေတာ တွေ့ရသည်။ အဓိက အရေးကြီးတာ ဆေးကြောသန့်စင်သည့် ပစ္စည်း၊ တပတ်တခု လဲလှည်းပေးဖို့ အားမနာတန်း ပြောမိသည်။ စီပိုး ရှိနေသည် ဆိုသည့် အသိတစ်ယောက်၊ သူ့ မီးဖိုချောင်က ပန်းကန်ဆေးသည့် အဖတ်က ပါး၍ပေါက်နေပေပြီ၊ အဖတ်ကလည်း မည်မျှကြာသည်မသိ အတော် ညစ်ပတ်နေပြီ၊
ဒါတွေက လူတစ်ဦးချင်း ကျင့်ကြံမှ ဖြစ်မည်။ ပြောင်းလဲခြင်းဆိုတာမှာ ပြည်သူတစ်ဦးချင်းကလည်း လိုက်ပါ ပြောင်းလဲမှ ဖြစ်မည်။
" တို့ကတော့ အာဏာရှင်ကို မကြိုက်လွန်းလို့ NLD ကို ရွေးလိုက်ပြီ၊ သူတို့က တို့ကို ဘာလုပ်ပေးမလဲ၊ တို့ဘဝတွေ ဘာတွေ ပြောင်းလဲ လာမလဲ၊ တို့လိုချင်တာ ပြောင်းပါ့မလားလို့ ထိုင်စောင့်နေ ထိုင်ကြည့်နေ၍ မဖြစ်ပါ၊ မိမိကိုယ်တိုင်နှင့် မိမိမိသားစု၊ မိမိ အသိုင်းအဝန်းက တစ်ဦးချင်း တစ်ယောက်ချင်းကလည်း မကောင်းသည့် အမူအကျင့်၊ ဆိုးဝါးသည့် နေထိုင်ပုံစနစ် ဖြစ်နေသလား၊ ကျန်းမာရေး ထိခိုက်စေမည့် ပုံစံမျိုး မိမိထံက စနေသလား ကိုယ့်ကိုယ်ကို လေ့လာ သုံးသပ်ပြီး အားလုံးပါဝင် ပြောင်းလဲ ရပါလိမ့်မည်၊ မိမိတစ်ယောက်ချင်း၊ မိမိတစ်အိမ်ကစကာ ကျန်းမာရေး အခြေခံ လိုက်နာမှုတွေ ကျင့်ကြံကြရပေမည်၊ ရောဂါကတော့ ဖြစ်မှာပဲ အစိုးရက တာဝန်ယူ ဆိုက မဟုတ်သေး၊ အစိုးရက ကျန်းမာရေးစောင့်ရှောက်မှု အပြည့်အဝ တာဝန်ယူသော် ကျန်းမာရေးနှင့်အညီ နေထိုင် လုပ်ကိုင်ရမည်က ပြည်သူတစ်ယောက်ချင်း၏ တာဝန်ပင်။ မဲပေးပြီးပြီ တို့တာဝန် ပြီးပြီ မမှတ်စေလိုပါ၊ ပြည်သူအားလုံးပါ ပူးပေါင်းပါဝင်ပြီး ပြောင်းလဲစရာရှိတာ လိုက်ပါ ပြောင်းလဲရပေမည်။
ခိုင်ခိုင်စောလွင်

ပြောင်းကိုပြောင်းမှ ဖြစ်တော့မည် ၂ နိုဝင်ဘာ ၂၀၁၅ ဒီလှိုင်း



                     
           ရွေးကောက်ပွဲကျင်းပဖို့ ရက်သတ္တ နှစ်ပတ်ခန့်သာ လိုတော့သည့် အချိန်မှာ  ကိုယ့်တိုင်းပြည် ကိုယ့်ပတ်ဝန်းကျင်အခြေအနေကို  လက်တွေ့ကျကျ  တွေ့မြင်လိုက်ရသည့်  အခါမှာတော့ နှစ်ပေါင်းများစွာ အာဏာကို လက်ဆင့်ကမ်း အုပ်ချူပ်ခဲ့သည့် စစ်အာဏာရှင်တို့ရဲ့  ခေါင်းဆောင်မှုကနေ ပြည်သူတွေ ဘာမှ အကျိုးခံစားရတာ မရှိပဲ  ဆင်းရဲနေကြတာ တွေ့မြင်ရပြီး  အရာအားလုံးနီးပါးမှာ ချွတ်ခြုံကျနေတာ မျက်ဝါးထင်ထင် တွေ့ရပေတော့သည်။  ထိုအခါမှာတော့  ရွေးကောက်ပွဲ ယှဉ်ပြိုင်မည့် ပါတီထဲက အဓိက အင်အားကြီး ပါတီ နှစ်ခုအနက် အမျိုးသားဒီမိုကရေစီအဖွဲ့ချူပ် NLD နိုင်မှ ဖြစ်မည်လို့ လုံးဝ မှတ်ယူလိုက်ရပေသည်။  NLD ရဲ့ အဓိက ပြိုင်ဖက်ဖြစ်ပြီး လက်ရှိ အာဏာရ ပါတီမှာ ယခင့်ယခင်ကတည်းက နာမည်သာပြောင်းသည့် အဖွဲ့ ဖြစ်ရာ ကိုယ်ကျိုးရှာ သည့် အဆင့်က မတက်သည့် အဖွဲ့ဆိုတာ ပြောနေရန်ပင်မလိုပေ။
                    ရန်ကုန်မြေကို ခြေချမိကတည်းက ပြည်သူတွေရဲ့ နေထိုင်သွားလာ လှုပ်ရှား  ရုန်းကန်နေရတာ ကြည့်ပြီး စားဝတ်နေရေးအတွက် ဤမျှခက်ခဲ ရုန်းကန်နေရသည့် မြန်မာလူမျိုးတွေအတွက် ရင်နာမိလေသည်။  တိုင်းပြည်သယံဇာတတွေကို အာဏာရှင်နှင့် အပေါင်းပါတွေ ဝေခြမ်းယူထားပြီး ပြည်သူတွေမှာ လူချင်းတူသူချင်းမျှ မနေရပါလား စိတ်မကောင်းဖြစ်ရသည်။  ဘိုးဘွားပိုင်အိမ်ကို  မရောက်တာကြာပြီး ပြန်ရောက်သည့် အချိန်တွင် ဆွေမျိုးသားချင်း အရင်းအချာတွေက နေစရာမရှိလို့ လမ်းဘေးဆင်းနေရပြီး  စီမံခန့်ခွဲဖို့ ခန့်ထားသည့် အလုပ်သမားက အပိုင်စီးကာ တက်နေသကဲ့သို့ ခံစားရလေသည်။
            ဆင်းရဲသမှ နေရတာက တဲပုပ်၊ သောက်စရာ ရေကောင်းရေသန့် ဝေးစွ သုံးစရာရေမရှိ ၊ မီးမရှိ ဆင်းရဲနေသည့် လူတွေလို တိုက်ခန်းနှင့် နေစရာ ရှိသော်လည်း လမ်းတွေက ပျက်ဆီး၊ ချိုင့်ခွက်တွေ အပြည့် မြေသားပင်မရှိတော့သည့် လမ်းပေါ်မှာ  တန်ဘိုးရှိသည့် အသက်ကို ပုံအပ်ပြီး စိတ်ဆင်းရဲစွာ နေထိုင်ရသည့် လူတွေလည်း များစွာရှိနေလေသည်။ သက်ကြီး ရွယ်အို စောင့်ရှောက်မှုဆိုတာ မရှိ၊  အိုကြီးအိုမတွေ တောင်းရမ်းစားသောက်နေကြတာ များစွာ တွေ့ရသည်။ ကျောင်းနေအရွယ် ကလေးသူငယ်တွေ  နေရာအမျိုးမျိုးမှာ အလုပ်လုပ်နေကြတာ တွေ့ရသည်။  အထူးသဖြင့် မိန်းမပျိုလေးတွေ  လမ်းဘေး လက်ဘက်ရည်ဆိုင်နဲ့ စားသောက်ဆိုင်တွေမှာ စားပွဲထိုးတွေ လုပ်နေကြရသည်။ သူတို့လေးတွေ ရှိလှ ၁၉နှစ်၊ (၂၀) နှစ် အရွယ်တွေချည်းသာ။ ပညာရေးနိမ့်ကျ နေတာထက်  ပညာသင်ကြားခွင့်တွေ ဆုံးရှုံးနေကြရသည်။ အနာဂတ် လူငယ်တွေ အများစုမှာ  ဘဝတိုးတက်ရေး အသိဉာဏ်မြင့်မားရေး  အခွင့်အလမ်း ဘာမှ မရှိ၊ အစိုးရက ဘာတစ်ခုမှ လုပ်ဆောင်ပေးတာ မရှိ။  ကျောင်းနေအရွယ် ကလေးက စပြီး တက္ကသိုလ်ပညာ သင်ယူရမည့် အရွယ်တွေ အားလုံး မိသားစု စားဝတ်နေရေးအတွက် ဝိုင်းဝန်းဖြည့်ဆည်းနိုင်ဖို့ အလုပ်တွေ လုပ်နေကြရသည်။
             လူချင်းတူ သူချင်းမျှ နေထိုင် စားသောက်ရသလားဆိုတော့ ဝေးစွ၊ ကုန်းဈေးနှုန်းကလည်း ကြောက်ခမန်းလိလိ၊ ရှာရတဲ့ သူတွေ အသက်မထွက်ရုံ တမယ်ပင်၊ နေရတော့ရော၊  အလယ်အလတ်လူတန်းစားပင် ရန်ကုန် ဆင်ခြေဖုံးပင် မကပ်နိုင်၊  မြို့သစ်မှာနေရတာတွေက ဘုရားစူး လူတွေ နေကြတာ ဟုတ်ရဲ့လား ထင်စရာ၊ အွန်လိုင်းမှာ ကျောင်းသားခေါင်းဆောင် တစ်ယောက် ရေးထားသည့် “ တိရိစ္ဆာန်သာသာဘဝတွေ”  ဆိုတာကို မျက်ဝါးထင်ထင် တွေ့လိုက်ရသလိုပင်။  
မြန်မာပြည်သူတွေ အားလုံး ဆင်းရဲနေသလားဆိုလားတော့ မဟုတ်ပြန်၊  ချမ်းသာသည့် သူများကတော့ ကျိကျိတက် ချမ်းသာကြသည်။ အချို့ဝန်ထမ်းတွေပင် ရသည့်လခထက် ပိုလျှံစွာ သုံးစွဲနိုင်၊ နေထိုင်နိုင်တာတွေ ရှိနေတာ တွေ့ရပြန်သည်။
သာမာန်ပြည်သူအများစုကတော့ ကျန်းမာရေး စောင့်ရှောက်မှု လုံးဝ မခံစားရတာ သေချာသည်။  ဘာမှ စမ်းသပ်နေစရာမလိုလောက်အောင်ပင် ချိနဲ့နေသော ကိုယ်ခနာ၊ ညှိုးလျသော မျက်ဝန်းတွေထဲက ဝါကျင်နေသော မျက်လုံးများ၊  မွဲခြောက်ခြောက် အသားအရေ တို့သည် သူတို့ရဲ့ ကျန်းမာရေး လက္ခဏာကို ဖော်ညွှန်းပြသနေသကဲ့သို့ အတိုင်းသားပင်၊ 
                      အစိုးရသည် ပြည်သူကို မစောင့်ရှောက်ပဲ ပစ်ပယ်ထားသည့်  အသွင်သဏ္ဍန်က အတိုင်းသား။ တိုင်းပြည်က ဘာဝင်ငွေမှ မရှိတဲ့ အတွက် ဆင်းရဲနေတာလား ဆိုတော့ မဟုတ်ပြန်၊ အခု စာရေးနေတဲ့ အချိန်မှာပဲ ဖေ့စ်ဘွတ်နဲ့ ဂျာနယ်တွေမှာ အာဏာရှင်တို့ရဲ့  ကျောက်စိမ်းအရောင်းအဝယ် သတင်းက ဟိုးလေးတကြော်ကြော် တက်လာတာ ဖတ်ရသည်။ ကျောက်စိမ်းကရရှိသော ဝင်ငွေသည် ၂၀၁၄ခုနှစ် တစ်နှစ်ထဲမှာပင် အမေရိကန်ဒေါ်လာ ၁၂ဘီလျံ ရှိပြီး အစိုးရကျန်းမာရေး အသုံးစားရိတ်ရဲ့ (၄၆) ဆ ရှိတယ်လို့ ဆိုသည်။ အဆိုပါ ဝင်ငွေတွေ ဘယ်ကို ရောက်သွားသလဲဆိုတာ မေးခွန်းထုတ်ထားတာ ဖတ်ရပါသည်။
ကျောက်စိမ်းအပါအဝင် မြန်မာပြည်က ထွက်သည့် သယံဇာတတွေရဲ့ အကျိုးအမြတ်ကို ပြည်သူတွေ ထိထိရောက်ရောက် မခံစားရပဲ အကျိုးခံစားနေရသည့် သူတွေ ရှိနေတာ ငြင်းမရပါ။
              ထိုင်းမှာ အိမ်နီးချင်း အမျိုးသမီးက ထိုင်းနိုင်ငံသား၊  အိမ်မြေ ခြံတွေ ငါးလုံးခန့်ရှိသည်။  အနားမှာပင် လက်ရှိနေသည့် အိမ်မပါပဲ သုံးထပ်တိုက် နှစ်လုံး ရှိပြီး အခြားသူများကို လခဖြင့် ငှားထားသည်။ ရင်းနှီးလာတဲ့အခါ သူပြောပြချက်အရ သူတို့သည် တရုတ်လူမျိုးတွေ ဖြစ်သည်။ မြန်မာနယ်စပ်မှာ ကျောက်စိမ်း အရောင်းအဝယ်ဖြင့် ကြီးပွားပြီး ထိုင်းနိုင်ငံမှာ အခြေချနေထိုင်နေတာ ဖြစ်သည်။ သူက ပြောသေးသည်။ ယခင်ခေတ်တွေက သူတို့ တရုတ်တွေ အချင်းချင်းမှာ  နွမ်းပါးသူတွေ့ပါက မြန်မာပြည်သွားပါ၊ ဟိုမှာ အလုပ်လုပ် ၊ အများကြီး လုပ်စရာမလို သုံးနှစ်လောက်ဆိုပါက နေစရာ အိမ်၊ တိုက်နှင့် ကားနှင့် အဆင်ပြေလာကြသည်လို့ ဆိုလေသည်။
မြန်မာပြည်သူတွေ ဆင်းရဲမွဲတေ၊ အလုပ်အကိုင်မရှိ၍ အိမ်နီးချင်းနိုင်ငံတွေမှာ အလုပ်သွားလုပ်နေရချိန်မှာ အခြားနိုင်ငံသားတွေက ကိုယ့်တိုင်းပြည်က သယံဇာတတွေက ရရှိတဲ့ အကျိုး အမြတ်ကို ခံစားပြီး ချမ်းသာစွာနေကြတာ တွေ့ရတာ အင်မတန် ရင်နာစရာ ကောင်းလှသည်။ ထိုအမျိုးသမီး တစ်ယောက်ထဲမကပါ၊  အိမ်နီးချင်းနိုင်ငံမှာ အခြေချနေထိုင်သည့် သူလို အခြားနိုင်ငံသား အားလုံးနီးပါး မြန်မာပြည်ရဲ့ ကျောက်စိမ်းနှင့် တွင်းထွက်တွေမှ အကျိုးအမြတ်တွေ ရရှိခံစားပြီး ချမ်းချမ်းသာသာ နေကြရသည်။ သူတို့ သားစဉ်မြေးဆက်ပင် စားမကုန်ပါ။ တိုက်တွေ မြေတွေ မိသားစုဝင်တွေ အတွက် လူစေ့အောင် ဝယ်ထားကြသည်။ သားသမီးတွေက ထိုင်းနိုင်ငံသားတွေ ဖြစ်ကုန်ကြပြီး အဆင့်မြင့်ပညာတွေ သင်ကြားနေကြပြီ။
ဒါတွေအားလုံးသည် တိုင်းပြည်ရဲ့ သယံဇာတကို ကောင်းမွန်စွာ မထိန်းသိမ်းနိုင်ခြင်းနှင့် အုပ်ချုပ်မှု စီမံခန့်ခွဲမှု ညံ့ဖျင်းမှုတို့ ကြောင့်ဆိုတာ မြေကြီးလက်ခတ်မလွဲပေ။ ဤမျှ ညံ့ဖျင်းသည့် အစိုးရမျိုး ပြည်သူတွေ ဆက်လက် ကြုံနေအုန်းမည်ဆိုပါက  ဒုက္ခဆင်းရဲတွင်း ဘဝကနေ တသက်လုံး လွတ်မှာမဟုတ်။ တိုင်းပြည်ရဲ့ စီးပွားရေး ချွတ်ခြုံကျကာ တိုင်းပြည် ဆင်းရဲနေ၊ ပြည်သူတွေ ဆင်းရဲမွဲတေ နေသည့် ဘဝက လွတ်အောင် အကောင်းဆုံး နည်းလမ်း ရှိနေတာ အဆိုးထဲက အကောင်းဖြစ်သည်။
ဒီအခြေအနေကို ပြည်သူတွေ လက်လွတ်မခံပါနှင့်။ တိုင်းပြည်ကြီးကို အကောင်းဆုံးပြောင်းလဲနိုင်မည့် အခွင့်အရေးသည် လာမည့် ရက်သတ္တပတ်အတွင်း ရောက်ရှိလာတော့မည်။ အတိမ်းအစောင်း မခံသည့် အခြေအနေတွင် ပြည်သူအားလုံး ပြောင်းမှ ဖြစ်တော့မည်။ ပြောင်းကို ပြောင်းရမည်လို့ သံနိတ်ဌာန်ချပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချူပ် NLD ကိုသာ မဲပေးလိုက်ကြပါစို့လို့ အတိအလင်း တိုက်တွန်းလိုက်ရပါသည်။
ခိုင်ခိုင်စောလွင်

" ဘယ်ကလာ သလဲ၊ ဘယ်နယ်ကလဲ" ၁၉ အောက်တိုဘာ ၂၀၁၅ ဒီလှိုင်းစာစောင်မှ

                             
                        အွန်လိုင်းပေါ်ကနေ မိတ်ဆွေ တစ်ယောက်က  "ဆရာမခင် ​​ဗျာ ထိုင်းနိုင်​ငံ​ရောက်​ မြန်​မာနိုင်​ငံသားများ မဲ​ပေးခွင့်​ အားလုံးမရကြဘူးလို့သိရတယ်​ စိတ်​မ​ကောင်းဘူး " လို့ ပြောလာသည်။ သူနဲ့ စကားအပြန်အလှန်ပြောရင်း မဲပေးလို့ မရသည့် အကြောင်း ရှင်းပြလိုက်သည်။ ပြည်ပရောက် မြန်မာတွေ သက်ဆိုင်ရာ သံရုံးမှာ မဲပေးနိုင်ဖို့ အချက်တွေက ထိုင်းနိုင်ငံရောက် မြန်မာတွေအတွက် အခက်အခဲတွေ အများကြီး ရှိလေသည်။  မိမိမဲစာရင်း ပါမပါကို မြန်မာပြည်က ကိုယ်နေတဲ့ အရပ်မှာ အရင် စုံစမ်းရမည်။ မဲစာရင်းပါပြီး မဲထဲခွင့် ရသည်နှင့် သံရုံးမှာ ကြိုတင်မဲပေးခွင့် လျှောက်လွှာ တင်ရသည်။ အွန်လိုင်းက ပို့လည်းရပါသည်။ မဲထဲ့ရမည့်နေ့တွင် ဘန်ကောက်ရှိ မြန်မာသံရုံးသို့ လူကိုယ်တိုင်  နိုင်ငံကူးလက်မှတ်( ပတ်စ်ပို့) မူရင်း၊ မှတ်ပုံတင် မူရင်း (မရှိက မိတ္တူ ယူလာ) တို့ပြ၍ ကြိုတင်မဲထဲ့ရမည်။  ထိုင်းနိုင်ငံရောက် မြန်မာလူမျိုးး အများစုမှာ ရွှေ့ပြောင်းအလုပ်သမားတွေ ဖြစ်သည်။ သူတို့မှာ အဆိုပါ အချက်အလက်များနှင့် ကိုက်ညီဖို့ အလွန် အလှမ်းကွာဝေးလှပေသည်။              မန်မာနိုင်ငံသားအများဆုံး ရှိသော ထိုင်းနိုင်ငံတွင် မြန်မာနိုင် ငံသားလေးသန်းခန့်ရှိရာ ယင်းအ နက်မှ နှစ်သန်းသည် တရားဝင် နေထိုင်သူများဖြစ်ပြီး ကျန်နှစ် သန်းသည် တရားမဝင်နေထိုင်သူ များဖြစ်သည်။ သို့သော် ထိုင်းနိုင် ငံတွင် ကြိုတင်မဲပေးရန် စာရင်း ပေးသွင်းထားသော မြန်မာလူဦး ရေမှာ စက်တင်ဘာအတွင်း ၃၀၀ ခန့်သာရှိနေသေးကြောင်း ထိုင်း နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ရဲ့ ပြောကြားချက်ကို ကိုးကားပြီးရေးထားတာ ဂျာနယ်တစ်စောင်မှာ ဖတ်လိုက်ရသည်။ တရားမဝင် နေထိုင်သူများအတွက်ကတော့ ဆိုဖွယ်ရာမရှိ၊ ဘာအချက်အလက်မှ မပြည့်စုံနိုင်ပါ၊ တရားဝင်နေထိုင်သည့် အလုပ်သမားတွေတောင်မှ တချို့က ထိုင်းအစိုးရက ၂၀၁၅ခုနှစ်မှာ ထပ်မံထုတ်ပေးထာသည့် ပန်းရောင်ကဒ်လို့ ခေါ်သည့် အလုပ်သမားကဒ်( ကဒ်မှာရေးထားတာက non- Thai citizen ) တွေသာ ကိုင်ထားပြီး မှတ်ပုံတင်မရှိ၊ အိမ်ထောင်စုစာရင်း မရှိ၊ ဘာအထောက်အထားမှ မရှိပေ၊ ထိုင်းအစိုးရက သူ့နိုင်ငံမှာ လာရောက်နေထိုင်သည့် မြန်မာအပါအဝင် လာအို၊ ကမ္ဘောဒီးယား နိုင်ငံသားတွေကို အထောက်အထားရှိအောင် လုပ်ပေးထား၍ အဆိုပါ ကဒ်မှာ မြန်မာ လို့ သတ်မှတ်ပေးတာပဲ အထောက်အထား ရှိသည်။
                  မြန်မာပြည်မှာ သူတို့ရဲ့ အထောက်အထားက ပိုလို့ပင် ကင်းလှသည်။ မြန်မာပြည်မှာ နယ်စပ်ဒေသမှာနေသည်။ ဘာမှတ်ပုံတင်မှ မရှိ၊ မရ၊ အိမ်ထောင်စုစာရင်း ဆိုတာ ဘာကိုပြောမှန်းပင်မသိ၊ အခုလို ရွေးကောက်ပွဲအတွက် လူဦးရေ စာရင်းပြုစုတာမှာ သူတို့နာမည်တွေ ပါမှာမဟုတ်တာ ရာနှုန်းပြည့် သေချာသည်။ တဖက်ကကြည့်ပြန်တော့ မဲပေးရမည့် လူဦးရေစာရင်းမှာ သူတို့မပါသည့် အတွက် အခုလို မဲထဲ့ခွင့် မရသည့်အခါ ဘာမှ နစ်နာစရာ မရှိလို့ တွက်သော် မှန်သလိုလိုနှင့် လူတစ်ယောက် လူ့အခွင့်အရေးစံနှင့် ယှဉ်သော် သန်းနှင့်ချီသော မြန်မာလူမျိုးတွေ လူ့အခွင့်အရေး ဆုံးရှုံးနေရသည်။ လူသားဆန်မှုတွေ ပျောက်ကွယ်နေရသည်။ လူ့ဘဝရဲ့ အဓိပ္ပါယ် ပျက်ပြယ်နေရသည်။ မိတ်ဆွေဖြစ်သူက မဲအရေအတွက် လျော့မှာ စိုးရိမ်၍ မလျော့နိုင်ကြောင်း ပြောပြပြီး သူနဲ့ စကားပြတ်သွားပေမယ့် စိတ်ထဲမှာ တနုံ့နုံ့နှင့် အတွေးနယ်ချဲ့ကျန်နေခဲ့သည်။
              တကယ်တော့ ထိုင်းမှာ  စစ်တပ်အာဏာသိမ်းသည့် ၂၀၁၃ခုနှစ်ကတည်းက ယာယီနေထိုင်ခွင့်တွေ ထုတ်ပေးပြီး အလုပ်သမားတွေကို နိုင်ငံသားစိစစ်ပြီး နိုင်ငံကူးလက်မှတ် ထုတ်ပေးဖို့၊ ဒါမှမဟုတ်လည်း ယာယီနိုင်ငံကူးလက်မှတ်( ခရမ်းရောင်စာအုပ်) တွေ ထုတ်ပေးဖို့ ထိုင်းအစိုးရက မြန်မာအစိုးရကို အကြိမ်ကြိမ် တိုက်တွန်းနေတာဖြစ်သည်။ ထိုင်းအစိုးရဖက်မှ တာဝန်ရှိသူတွေနှင့် မြန်မာနိုင်ငံမှ တာဝန်ရှိသူတွေ အကြိမ်ကြိမ် ဆွေးနွေးကြတာလည်း သတင်းတွေမှာ မြင်ခဲ့ရသည်။ ပထမဆုံးအကြိမ် ပန်းရောင်ကဒ်တွေ သက်တမ်းကုန်သည့်အခါ မြန်မာအစိုးရဖက်မှ ဘာမှ ထိထိရောက်ရောက် ဆောင်ရွက်ပေးနိုင်ခြင်း မရှိသည့် အတွက် ထိုင်းအစိုးရကပဲ သက်တမ်း ထပ်တိုးပေးထားလိုက်သည်။ တချိန်ထဲမှာပဲ အဆိုပါ မြန်မာအလုပ်သမားတွေကို နိုင်ငံသားစိစစ်ပြီး နိုင်ငံကူးလက်မှတ် ထုတ်ပေးဖို့ မြန်မာအစိုးရ တာဝန်ရှိသူတွေဖက်က တုတ်တုတ်မျှပင် မလှုပ်ချေ။ အချို့ အလုပ်သမားတွေက မှတ်ပုံတင်ရှိကြသည်။ နိုင်ငံကူးလက်မှတ် လုပ်ပေးက အဆင်သင့် ဖြစ်အောင်ဆိုကာ မိမိဒေသ ရပ်ရွာတွေကို စားရိတ်အကုန်ခံပြီး ပြန်ကာ အိမ်ထောင်စုစာရင်း ပြန်ယူကြသည်။ အချို့ ဘာမှ မရှိသည့် အလုပ်သမားတွေကလည်း ပြန်ပြီး မှတ်ပုံတင်တွေ အိမ်ထောင်စုစာရင်းတွေ ပြန်ယူကြရာ အားလုံး အသင့်ရှိသည့် လူတွေလည်း များစွာ ရှိနေသည်။ တချို့ကျပြန်တော့ ကိုယ့်ဒေသမှာ တိုက်ပွဲတွေက မစဲသေး၊ ရွာပင် ဘယ်လို ရှာရမှန်းမသိတဲ့ အခြေအနေမှာ မှတ်ပုံတင်ဆိုတာ အဝေးကြီး၊ အိမ်ထောင်စုစာရင်းဆိုတာ ပိုပြီး အလှမ်းကွာ၍ ထိုင်းအစိုးရက ထုတ်ပေးသည့် ကဒ်ကလေးပဲ ကိုင်ကာ မြန်မာ ဆိုတဲ့ အထောက်အထားလေး ခပ်ယဲ့ယဲ့နှင့် ရပ်တည်နေရရှာသည်။
                ၂၀၁၄ခု တစ်နှစ်လုံးနှင့် ၂၀၁၅ နှစ်ဆန်းပိုင်းကာလတွေမှာ မြန်မာအစိုးရတာဝန်ရှိသူတွေက အထောက်အထားတွေ လုပ်ပေးမယောင်နှင့် လေသံပစ်ပြီး မလုပ်ပဲနေသည့်အခါ သူတို့မှာ ဘတ်ဂျက်အင်အား လူအင်အား မရှိဆိုသည့် အကြောင်းပြချက်ကို ယခုလို  ရွေးကောက်ပွဲကာလ မဲထဲ့ဖို့ ဖြစ်လာသည့်အခါ အဆိုပါလုပ်ရပ်တွေမှာ သွေးရိုးသားရိုး မှ ဟုတ်ရဲ့လားလို့ သံသယဝင်မိလေတော့သည်။ အဆိုပါ မိတ်ဆွေ ပြောသလို ထိုင်းမှာရှိတဲ့ သန်းချီတဲ့ အလုပ်သမားတွေသာ မဲထဲ့ခွင့်ရခဲ့ရင် အဆိုပါမဲတွေဟာ တန်ဘိုးရှိတဲ့ မဲတွေ ဖြစ်လာမှာပင်၊ အစိုးရကြောင့် အကြောင်းအမျိုးမျိုးနဲ့ တဖက်နိုင်ငံကို ရောက်နေကြရတဲ့ လူတွေအဖို့ အာဏာရအစိုးရကို ထောက်ခံမဲထဲ့ဖို့ လုံးဝမရှိတာ သေချာသည်။
               ဘန်ကောက်လို မြို့ကြီးမှာတော့ မြန်မာပြည်ကနေ အစိုးရအလုပ်နဲ့ ရောက်နေသူတွေ၊ အစိုးရရဲ့ စကောလာနဲ့ ကျောင်းတက်နေသူတွေ၊ အစိုးရအသိုင်းအဝန်းက သူတို့ရဲ့ သားသမီးတွေကို  ကျောင်းတက်စေရင်း ရောက်နေသူတွေ ထိုသူတွေကတော့ အထောက်အထား အပြည့်ဖြင့် မဲပေးနိုင်ပါလိမ့်မည်။ ကြိုတင်မဲ လျှောက်စဉ်က ချင်းမိုင်တက္ကသိုလ်မှာ မဟာတန်းတက်ရောက်နေသည့် ကျောင်းသူနှစ်ယောက်က ချင်းမိုင်ကောင်စစ်ဝန်ရုံးလိပ်စာတောင်းတဲ့ အတွက် ပေးလိုက်ရင်း ယခုမဲထဲ့ကာနီးသော် သတိတရ မေးကြည့်ရာ ချင်းမိုင်မှာ ပေးလို့မရသည့် အတွက် ဘန်ကောက်ကို သွားရမယ်လို့ ပြောသည်။  သွားဖို့ လမ်းစားရိတ်လိုက ပြောပါဟု ဆိုရာ လမ်းစားရိတ်လည်းမလိုပါ၊ သွားပြီးတော့ မဲပေးဖြစ်အောင် ပေးမှာဟုဆိုလေရာ ထိုလူငယ်လေးတွေ အတွက် အားတက်ရပြန်သည်။
                   ‘‘တစ်ကမ္ဘာလုံးပြည်ပရောက် မြန်မာတွေ သုံးသောင်းကျော်မဲပေးဖို့ စာရင်းပေးထားတဲ့အထဲက စင်ကာပူကတင် နှစ်သောင်းကျော်တယ်ဆိုတော့ စင်ကာပူကလူတွေကတောင် ပိုတက်ကြွတယ်လို့ ဆိုရမလားပဲ’’ဟု စင်ကာပူနိုင်ငံတွင် နေထိုင်သူတစ်ယောက်ရဲ့ အပြောကို  7 Day မှာ ဖတ်လိုက်ရသည်။ တကယ်တန်းပြောရရင် မလေးရှားမှာလည်း သိန်းနှင့်ချီသော အလုပ်သမားတွေ မဲပေးခွင့်မရရှာ၊ မလေးရှားက ထိုင်းနိုင်ငံပြီးလျင် မြန်မာလူမျိုး ဒုတိယအများဆုံး အလုပ်လုပ်နေတာဖြစ်သည်။ မြန်မာလူမျိုး ကိုးသိန်းမှာ ခြောက်သိန်းက တရားမဝင်နေထိုင်သူတွေ ဆိုပြန်တော့ မဲပေးခွင့် ဆုံးရှုံးသူဦးရေက ပိုလို့ပင် များလှသည်။
                    ၂၀၁၁ခုနှစ် ထိုင်းနိုင်ငံမှာ ရွေးကောက်ပွဲလုပ်တော့ ကျမတို့ကို ထိုင်းဘာသာ သင်ပေးတဲ့ ထိုင်းလူမျိုး ဆရာမက ကျောင်း(၃)ရက်ပိတ်တဲ့ အကြောင်း၊ သူ့ရဲ့ အိမ်ထောင်စုစာရင်းက ချင်းမိုင်မှာမရှိပဲ တခြား ခရိုင်မှာမို့ အဲဒီကို ပြန်သွားပြီး မဲထဲ့ရမှာမို့လို့ ပြောပြတာ အမှတ်ရသည်။ သင်တန်းသားထဲက တချို့က ဆရာမ မဲမပေးလည်း ရတယ်မဟုတ်လား ဆိုတာကို ရွေးကောက်ပွဲမှာ မဲထဲ့ခွင့်ရဖို့ဆိုတာ လူတစ်ယောက်အတွက် အင်မတန် တန်ဘိုးရှိကြောင်းနဲ့ အစိုးရကို ရွေးချယ်ဖို့ လူတစ်ယောက်ချင်းရဲ့ အခွင့်အရေးကို သေသေချာချာ ပြောပြတာ သတိရမိသည်။ ယခုတော့ မြန်မာလူမျိုးတွေ သန်းနှင့်ချီပြီး မဲပေးခွင့် ဆှုံးရှုံးသည်။ အစိုးရဆိုတာ သူတို့မှာ ရွေးချယ်ခွင့်မရှိ၊ ဒါ့ထက် အဆရာထောင်ချီမက ဆုံးရှုံးရတာကတော့ လူ့အခွင့်အရေးပါပဲ၊ လူဖြစ်ပါရက် အထောက်အထား ခိုင်ခိုင်မာမာ မရှိ၊ ကိုယ့်နိုင်ငံသားပါလို့ သတ်သတ်မှတ်မှတ် တာဝန်ယူမည့်သူမရှိ၊
                    သူတို့မှာ ဘယ်ကလာသလဲ၊ ဘယ်နယ်ကလဲ မေးသူရှိရင် ဖြေချင်ကြရှာပါလိမ့်မယ်၊ သူတို့မှာ အထောက်အထားမဲ့နေရာက တို့အားလုံး မြန်မာကလာတာလို့ ဖြေချင်ကြပါလိမ့်မယ်။ သည့်ထက် ပိုပြီး အခုလို ရွေးကောက်ပွဲကာလမှာ သူငါငါ ရွေးကောက်ပွဲအကြောင်းပြောသံကြားယုံနဲ့ စိတ်ထဲမှာ မချင့်မရဲ မဲထဲ့ချင်လိုက်တာလို့ နှုတ်က ဖွင့်မပြောပဲ စိတ်ထဲကနေ တနံ့နုံ့တွေးနေကြပါလိမ့်မည်။ ဒီလို ဘဝတွေ အဖြစ်အပျက်တွေက ပြောင်းလဲသွားအောင် အပြောင်းအလဲတစ်ခုကိုလည်း မျှော်လင့်နေကြပါလိမ့်မယ်၊ အပြောင်းအလဲကို ငံ့လင့်နေကြသူတွေအထဲ ပြည်ပရောက် ရွှေ့ပြောင်းအလုပ်သမားတွေလည်း မချွင်းမကျန် ပါတာကတော့ သေချာသည်။ ဘယ်ကလာပြီး ဘယ်ကိုသွားရမည်ဆိုတဲ့ လမ်းစကို သူတို့ လိုချင်ကြတာတော့ သေချာသည်။
ခိုင်ခိုင်စောလွင်

" အရိပ်ကို လိုချင်သူများ အောက်တိုဘာ ၂၆ ဒီလှိုင်းစာစောင်မှ



                                         လွန်ခဲ့တဲ့(၅)နှစ်ခန့်က ရန်ကုန်နဲ့ အခုရန်ကုန်ကို ယှဉ်ကြည့်ရင်း တော်တော်လေး အံ့ဩသွားမိသည်။ တကယ်တန်းက ဒီလောက်ကွာခြားသွားလိမ့်မယ် လုံးဝမျှော်လင့်မထားပါ။ ပြောင်းလဲသွားသည်မှာ အံ့မခန်း၊ ကောင်းသော ပြောင်းလဲခြင်းလို့ ဘယ်လိုမှ ပြောမရသည့် ပြောင်းလဲခြင်းတွေ များစွာ တွေ့ရသည်။  ထိုအပြောင်းအလဲ အကြားက ပြည်သူတွေကို ကြည့်ရသည်မှာ  ကွင်းကျယ်ကြီး တခုမှာ နေပူပူအောက် ဒဏ်ပေးခံထားရသည့် လူတွေနှင့် တူနေလေသည်။
             ကားတွေ ပေါလာသည်၊ လူလတ်တန်းစားတွေ ကားစီးလာနိုင်ကြသည်။ ဝန်ထမ်းတွေလည်း ကားတွေ ဝယ်စီးနိုင်ကြသည်။ အငှားယာဉ်တွေလည်း ပေါလှသည်။  မိတ်ဆွေတစ်ယောက်က အငှားယာဉ်တွေ များလာတာနဲ့ ပတ်သက်ပြီး  ခေါင်းကုတ်ဖို့ လက်မြှောက်တာတောင် သတိထားနေရတယ်၊ “ အကို ကားငှားမလို့လား” လို့ အနားရောက်လာလို့လေလို့ ရယ်စရာ ပြောသည်။  ကားတွေနှင့် ပြည့်သိပ်လာသော ရန်ကုန်လမ်းတွေမှာ ဘယ်သွားသွား လမ်းကြောတွေ ပိတ်ဆို့ကုန်သည်။  ကားတင်သွင်းခွင့်တွေ ပေးလိုက်ပြီး နောက်ဆက်တွဲ ပြဿနာကို ထည့်မစဉ်းစားသည့်အတွက် ပြည်သူတွေ ခက်ခဲကုန်သည်။ သို့သော် မြန်မာလူမျိုး ပီပီ သည်းခံကြသည်မှာ အံ့မခန်း၊ မြန်မာလူမျိုးတွေ အတော်သည်းခံနိုင်မှန်း သိလာသည်။

တာမွေမှာ ကုန်းကျော်တံတား ဆောက်သည်။  စနစ်တကျ လမ်းလွှဲထားတာ၊ လမ်းညွှန်ထားတာ ၊  ယာဉ်ကြောမပိတ်ဖို့ ကြိုတင်စီစဉ်ထားတာ ဘာမှ မရှိ၊ ကားတွေ လူတွေ အဆင်ပြေသလို သွားကြရသည်။  တာမွေမှာ (၂) နာရီ တိတိ ယာဉ်ကြောပိတ်တာ စောင့်ရင်း  သည်းခံနေရသည့် လူတွေကို တွေ့ရသည်။  ထိုသည်းခံမှုသည် ကျေနပ်၍ သည်းခံခြင်းမဟုတ်၊ မနိုင်၍ သည်းခံ ရခြင်း ဖြစ်သည့်အတွက် ထိုစိတ်ခံစားမှုတွေသည် အလုပ်ဌာန မိသားစုထဲနှင့် ပတ်ဝန်းကျငိလူမှု အသိုင်းအဝန်း ဆက်ဆံမှုကို ရိုက်ခတ်ကုန်တာ တွေ့ရသည်။ အတော်များများမှာ မလိုအပ်ပဲ ပင်ပန်းစွာ ရုန်းကန်နေကြရသည်။ စားဝတ်နေရေးအတွက်  ရှာဖွေရတာ ပင်ပန်းတာက တမျိုး၊ သွားလာရေး ခက်ခဲတာက တမျိုး ခက်ခက်ခဲခဲ ဖြစ်နေကြရသည်။ ရန်ကုန်မြို့ကြီးကို ခြုံကြည့်ပြီး အသက်ရှုကြပ်လာသည်။ ရန်ကုန်သည်  အတော်ဆိုးနေပြီလို့ အပြောကို ကားဆရာက ဆိုးတာမဟုတ်ဘူး၊ ပျက်နေပြီ၊ မြို့ပျက်ကြီး ဖြစ်နေပြီလို့ ဆိုသည်။  ကိုယ့်ဇာတိ ကိုယ့်ရပ်ဌာနေကို  အဆိုးမမြင်ချင်သည့် စိတ်ကြောင့် ခပ်ဖွဖွ ဝေဖန်မိပေမယ့်  စကားစပ်မိသည့် လူအတော်များများကတော့  မြို့ပျက်ကြီးပါလို့ ပြောတာကို လက်ခံရသည်။

                 အားလုံးက ဒီအခြေအနေကို ပြောင်းလဲပစ်ချင်သည်ဟု ဆိုကြသည်။  စကားပြောမိသည့်  လူတိုင်းက ပြောင်းမှကို ဖြစ်မည်။ အခုအတိုင်းသွားလို့က ချောက်ထဲထိုးဆင်းဖို့သာ ရှိသည်လို့ ဆိုလေသည်။ သူတို့ ပြောသည့်  မြို့ပျက်ကြီးဆိုတာကို အလုံးစုံထောက်ခံမိသည့် အချိန်ကတော့ ရန်ကုန်မြို့ရဲ့ အပြင်က မြို့သစ်တစ်ခုဖြစ်တဲ့ ယုဇနဥယျာဉ်မြို့တော်ကို ရောက်စဉ်မှာဖြစ်သည်။ လိုက်ပို့သည့် ကားဆရာကတော့ လူတွေကို လူလို့ အသိအမှတ်မပြုတာ၊ လူလိုကို မနေရတဲ့ ဘဝမျိုး ဖြစ်အောင် လုပ်ထားတာလို့ ရင်ဖွင့်လေသည်။ စာရေးသူ အပြည့်အဝ ထောက်ခံယုံမက ရင်နင့်အောင် ခံစားရပါသည်။
                 ကားတွေ ဝင်ထွက်သွားလာနေကြသည့် အများပြည်သူသွားလမ်းသည် ဘုရားစူး လမ်းပါ လို့ ဘယ်လို ပြောရမည်ပင်မသိ၊ ကတ္တရာသားမရှိတာ၊ ကွန်ကရစ်သားတွေ မရှိတော့တာကတော့ စကားထဲ ထဲ့ပြောမနေနှင့်၊  ချိုင့်ခွက်တွေ ချည်း ဖြစ်နေပြီး လမ်းအောက်ခံ  သံချောင်းတွေ ထိုးထိုးထောင်ထောင် ထွက်နေသည်။ လကမ္ဘာနှင့် နှိုင်းရအောင်လဲ လကမ္ဘာက ချိုင့်ခွက်တွေမှာ သံချောင်းတွေ ရှိပုံမရ။ ကားတွေမှာ ချိုင့်ခွက်တွေကို လူးလိမ့်နေအောင် ရှောင်မောင်းရင်း လမ်းအောက်ခြေက  ထိုးထွက်နေသည့် သံချောင်းတွေရဲ့ ရန်ကို ထပ်ရှောင်ရပြန်သည်။  ခရီးသွား အပေါင်းမှာ အန္တရာယ်ကြားကနေ နေ့စဉ် သွားလာနေကြရသည်။ နေတဲ့ အိမ်ယာထဲမှာလည်း လူနေတဲ့ အရပ်ပါလို့ ပြောရမှာ ရှက်စရာ ကောင်းလှသည်။ လူတွေသည် အမှိုက်တွေ ဝန်းရံလျက် နေနေကြရသည်။  ဖွေးဖွေးလှုပ်နေသော အမှိုက်တွေကြားမှာ လူတွေ သွားလာနေကြသည်။  အဆိုပါ  မြို့သစ်ကို တည်ခဲ့သော ခရိုနီကြီးကို ခဏလောက် လှည့်ကြည့်ပါအုန်းလို့ ဆိုလိုက်ချင်သည်။  မြို့သစ်တည်၊ အစိုးရထံက ငွေချေး၊ ပြည်သူကို ပြန်ရောင်း၊ သို့သော် နေထိုင်တဲ့ သူတွေအတွက် အမှိုက်စနစ်တကျ ပစ်ဖို့ စီစဉ်ပေးထားခြင်းမရှိ၊  မြို့ကို ဆက်လက် ထိန်းသိမ်းပြုပြင် ပေးခြင်းမရှိသည့်အခါ  မြန်မြန် ပျက်ဆီးသွားတာ ဖြစ်သည်။  မြန်မာပြည်သူတွေကို ကြည့်ရင်း အတော့်ကို စိတ်ထဲခံစားရပါသည်။  အစိုးရက ပြည်သူတွေကို ဒုက္ခအပေါင်းနှင့် ပစ်ထားတာပါလား သိမြင်ရသည်။  ဒါ့ကြောင့်လည်း အဆိုပါ ပြည်သူအများက ဒီလိုအခြေအနေဆိုးတွေကနေ လွတ်ချင်နေကြသည်။ 
               ရန်ကုန်မြို့အနှံ့ သွားလာရင်း တွေ့ကြုံရသည့် စိမ်းစိမ်းကျက်ကျက် ဘယ်သူပဲ ဖြစ်ဖြစ် သူတို့ပြောလာသည့် စကားက ပြောင်းလဲမှ ဖြစ်မည်။ ပြောင်းကို ပြောင်းမှ ဖြစ်တော့မည်။ နေရိပ်မှာ အေးအေးလူလူ နေချင်ကြပြီ။ အစိုးရက ချမ်းသာပြီး ပြည်သူတွေ ဒုက္ခအပေါင်း ဝန်းရံနေသည့် ဘဝက လွတ်ချင်ကြပြီ။ ပြည်သူတွေက ခံစားရတာများလွန်း၍  ကောင်းကောင်းကြီးသိနေပြီ။ သူတို့ကို ဆင်းရဲတွင်းက လွတ်အောင် လုပ်ပေးမည့် ၊ ဒုက္ခအပေါင်းက  လွတ်မြောက်စေသည့်  အဖွဲ့ကို အစိုးရဖွဲ့နိုင်အောင် အင်တိုက်အားတိုက် မဲပေး ရွေးချယ်ကြတော့မည်။  ပြည်သူ့ဆန္ဒကို အလေးပေးပြီး  ပြည်သူကို အရိပ်အောက်ကို  ရောက်သွားနိုင်အောင်  တရားမျှတမှု၊ လူသားဆန်မှုတို့ဖြင့်  ရွေးကောက်ပွဲကို  တရားသဖြင့် ကျင်းပပေးစေချင်ပါသည်။  ပြည်သူအတွက် ဘာတစ်ခုမှ လုပ်မပေးနိုင်ခဲ့တာကို  ရွေးကောက်ပွဲကို တရားနည်းလမ်းတကျ လုပ်ပေးခြင်းဖြင့် ပြန်လည် ဖြည့်ဆည်းပေးလိုက်ပါတော့လို့သာ ဆိုချင်ပါသည်။ 
ခိုင်ခိုင်စောလွင်

" သခင်ဖြစ်ချင်ရင်ဖြင့်" ၁၂ရက် အောက်တိုဘာ ၂၀၁၅ ဒီလှိုင်းစာစောင် အတွဲ(၄) အမှတ်(၃၉)

အမျိုးသားဒီမိုကရေစီအဖွဲ့ချူပ် ဥက္ကဌ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေး ခရီးစဉ် တလျှောက် ပြောကြားသည့် စကားတွေကို မှတ်သားနားထောင်ရင်း " သခင်အကျင့်ကို ကျင့်ကြပါ သခင်မျိုးဟေ့ တို့ဗမာ မိုးအောက်မြေပြင်မှာ အထက်တန်းစိတ်နဲ့ စာမရီသွေး တို့ဗမာ" ဆိုသည့် ဝိုင်အမ်ဘီ ဆရာတင် ရေးဖွဲ့ခဲ့သည့် " တို့ဗမာ" သီချင်းထဲက စာသားလေးကို ယခုတလော ပြန်ကြားယောင်နေမိသည်။ သီချင်းစာသားထဲက ဗမာဆိုတာက ထိုခေတ်က အသုံးပါ။
" ကျွန်တော်တို့က NLD ကို မဲပေးမယ်၊ ဒါဆိုရင် NLD က ဘာပြန်ပေးမလဲ" ဆိုတဲ့ အမေးကို ဒေါ်အောင်ဆန်းစုကြည်က " အဲဒီလို သူများဆီက ပေးကမ်းတာကို မျှော်လင့်နေရတဲ့ ဘဝတွေကလွတ်အောင် လုပ်ပေးမှာလို့ ဖြေတာ ကြားလိုက်ရတာ ကြက်သီးများတောင် ထမိပါသည်။ ဒါ့အပြင် ဘယ်အစိုးရကိုမှ ပုံပြီး မအပ်နဲ့ အစိုးရဆိုတာ ပြည်သူခိုင်းတာ လုပ်ရမှာ။ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချူပ် အစိုးရဖြစ်လာရင်လည်း ပြည်သူအတွက် လုပ်ပေးဖို့ ခိုင်းပါ၊ အစိုးရကို ပြည်သူက ခိုင်းရမှာ ဟု စည်းရုံးရေးခရီးစဉ်မှာ ပြောကြားလေသည်။
တကယ်တော့ မြန်မာလူမျိုးတွေဟာ ဉာဏ်ရည်ထက်မြက်ပြီး အကင်းပါးကြသည်။ တစ်ထွာပြက တလံမြင်တတ်ကြသည်။ မျိုးချစ်စိတ်ရှိပြီး ဇာတိဂုဏ် မျိုးရိုးဂုဏ် ထယ်ထယ်ဝါဝါ ဖြင့် မာန်ကြီးသူများ ဖြစ်ကြသည်။ ထိုင်းလူမျိုးတွေက မြန်မာလူမျိုးဆိုက အထင်ကြီးသည်။ သူတို့ထက် ထက်မြက်မှန်း ပါးနပ်မှန်း သိကြသည်။ စနစ်မကောင်း၍ မြန်မာပြည်ကလူတွေ သူတို့ဆီ အောက်ခြေသိမ်းက အစ လာလုပ်နေပေမယ့် နဲနဲတော့ စိုးရွံ့ကြသည်။ မြန်မာဆိုပါက နှိမ်သည်ဟု အချို့ ပြောသလို နှိမ်ခံရသည့်သူတွေလည်း အထိုက်အလျှောက် ရှိပါသည်။ အထောက်အထားမရှိပဲ ရွှေ့ပြောင်းရောက်လာသည့် အတွက် အလုပ်ရှင် မျက်နှာ ကြည့်နေရသည့် သူတွေ ရှိသလို ပါးပါးနပ်နပ် လုပ်တတ်ကိုင်တတ်၍ အလုပ်ရှင်က မိသားစုလို ဆက်ဆံတာလည်း ရှိပါသည်။ ကျမ မြင်တွေ့ဖူးသမျှ မြန်မာ အလုပ်သမားတွေ အများစုကတော့ အလုပ်ရှင်က အင်မတန် အားကိုးပြီး မြန်မာပြည်ပြန်သွားမှာကိုပင် စိုးရိမ်နေတာတွေ့ရလေသည်။ တချို့ဆိုင်ရှင်တွေဆိုပါက အဂ်လိပ်စကား မပြောနိုင်၊ မြန်မာအလုပ်သမားတွေက ဈေးရောင်းဈေးဝယ်ကတော့ ထမင်းစားရေသောက် ပြောနိုင်သည်။ ဈေးသည်တစ်ယောက်ဆိုလျင် မင်းတို့ မြန်မာတွေက တို့လူမျိုးတွေထက် အင်္ဂလိပ်လို ပို ပြောတတ်ကြတယ်လို့ ဆိုသည်။ ထိုင်းလူမျိုး ပညာတတ် အထက်တန်းလွှာ အသိုင်းအဝန်းတွေမှာ အင်္ဂလိပ်လို မွှတ်နေအောင် ပြောတတ်တာ မဆန်းပေမယ့် သာမန်လူတန်းစား၊ ဈေးသည် ဆိုင်ရှင်တိုင်း အင်္ဂလိပ်လို မပြောတတ်ကြပါ၊ မြန်မာလူမျိုးတွေက မူလတန်းအဆင့်လောက်တက်ခဲ့ပြီး တဖက်နိုင်ငံ အလုပ်လုပ်နေတာတောင် ဟဲလို နေကောင်းလား ဘာယူမလဲ ဘယ်ဈေးပါ ဘာအရောင်ရှိတယ် မရှိဘူး၊ မလျှော့ဘူး၊ ကျေးဇူးတင်ပါတယ် အဲလောက်ကတော့ အသာလေးပင်၊ ဒါ့ကြောင့် သူတို့က မြန်မာတွေက လူတိုင်းလိုလို အင်္ဂလိပ်လို ပြောနိုင်တယ်လို့ အထင်ကြီးတာ ဖြစ်သည်။
စစ်အာဏာရှင်လက်ထက် ပြည်သူတွေ ဆင်းရဲ ဒုက္ခရောက်ပြီး တဖက်နိုင်ငံမှာ အလုပ်သွားလုပ်ကြသည့်အခါ အနှိမ်ခံခဲ့ရသည့် ကြားက မြန်မာတို့ရဲ့ အကင်းပါးမှု ဂုဏ်သိက္ခာရှိမှု စတာတွေကြောင့် သူတို့က ခိုင်းနေရပေမယ့် သူတို့က ပြန်ပြီး အားကိုးနေရသည့် အခြေအနေမျိုး ဆိုက်လာရသည်။ မြန်မာအလုပ်သမားတွေ ပြန်သွားပါက သူတို့အလုပ်တွေ အခက်တွေ့မယ်ဆိုတာ သိလာကြသည်။ မြန်မာလူမျိုးတွေက အစိုးရမကောင်းလို့ အုပ်ချုပ်တဲ့ စနစ်ကြောင့် အခုလို နေနေရတာ၊ စနစ်သာကောင်းလို့ကတော့ ထိပ်တန်းပဲ ဆိုတာ သူတို့ သိကြသည်။ ၂၀၁၀ခုနှစ် ရွေးကောက်ပွဲ အပြီး မြန်မာနိုင်ငံ ဒီမိုကရေစီစနစ်ဆီ ကူးပြောင်းတော့မည်ဟု ဆိုသောအခါ ထိုင်းလူမျိုးတွေ မျက်စေ့တွေ နားတွေ ဖွင့်ထားကြသည်။ မူလတန်း ကျောင်းတွေမှာ မြန်မာစာကို ထဲ့သွင်းသင်ကြားလာသည်။ တက္ကသိုလ်တွေမှာ မြန်မာဘာသာကို ထဲ့သွင်းလာကြသည်။ သတင်းဌာန၊ အသံလွှင့်ဌာနတွေမှာ သတင်းသမားတွေကို ရန်ကုန် နိုင်ငံခြားဘာသာတက္ကသိုလ်ကို ပို့လွှတ်ပြီး မြန်မာဘာသာကို သင်ယူစေရာ ယခုဆိုသော် သတင်းဌာနတိုင်းမှာ မြန်မာလို ရေးတတ် ဖတ်တတ်ပြီး မြန်မာလူမျိုးတစ်ယောက်ကဲ့သို့ စကားပြောနိုင်သည့် ဝန်ထမ်းတွေ အသင့်ရှိနေပေပြီ။ မြန်မာကို ယှဉ်ပြိုင်နိုင်ဖို့ အသင့်ပြင်နေကြဟန်ရှိသည်။ အများပြောလေ့ရှိကြသည့် ထိုင်းတွေက မြန်မာကို ကြောက်တယ်ဆိုတာ မြန်မာစကားရဲ့ ကြွယ်ဝတဲ့ အနက်ကြောင့် အဓိပ္ပါယ် တမျိုး ဖြစ်နေတာဖြစ်သည်။ ကြောက်တယ်ဆိုတာ မကောင်းဆိုးဝါးကို ကြောက်သလို ကိုယ့်ကို နိုင်တဲ့သူကို ပြန်မလုပ်ရဲလို့ ကြောက်သလို အဲဒါမျိုးကို ပြောတာမဟုတ်၊ မြန်မာတွေ ရဲ့ အစွမ်းအစကို သိလို့ စိုးရိမ်မကင်းတဲ့ စိတ်နဲ့ တို့ကို ကျော်သွားမလား၊ သာသွားမလား ဆိုတဲ့ စိတ်ပင်ဖြစ်သည်။
ထိုင်းလူမျိုးတွေက တိုင်းတပါးသား အုပ်ချူပ်မှုအောက်မှာ မနေခဲ့ရသည့် အပြင် အုပ်ချူပ်သည့် ဘုရင်နှင့် အစိုးရအဆက်ဆက်က ပြည်သူကို ဦးထိပ်ထားသည့် သူတွေ ဖြစ်နေသည်။ ပြည်သူ့အတွက်ဆိုတာကို လုပ်ကိုင်ပေးသူတွေ ဖြစ်နေသည်။ ဒါ့ကြောင့် ထိုင်းပြည်သူတွေမှာ သဘာဝတရားအရ အပူအပင်ကင်းသည်၊ စိတ်ပိုင်းဆိုင်ရာ အေးဆေး လုံခြုံသည်။ ဘဝကို ဖြတ်သန်းရမှာ တွန်းတွန်းတိုက်တိုက် မရှိ၊ ဒါ့ကြောင့် အထိုင်အထ လေးသည်၊ မြန်မာတွေက လွတ်လပ်ရေးကိုပင် တိုက်ယူထားရသည်။ လိုချင်တာကို တွန်းတွန်းတိုက်တိုက် ယူရသည်။ ဇွဲရှိသည်။ ဘဝတွေ ကြမ်းတမ်းကြသည်။ စစ်အာဏာရှင်လက်ထက်မှ စကာ ကမ္ဘာပေါ်ရှိ နိုင်ငံများအနက် ဘယ်နိုင်ငံမှာမှ မရှိသည့် ကျောင်းသားတွေ လက်နက်စွဲကိုင်ခဲ့ရသည့် ကျောင်းသားတပ်မတော်ဆိုတာ မြန်မာမှာပဲ ရှိသည်။ မဟုတ်မခံ၊ တွန်းလှန်စိတ် အပြည့်ရှိသည်။ မြန်မာလူမျိုးတွေရဲ့ ပင်ကိုယ်မူလက တော်ပြီးသား အခံရှိရာ စနစ်သာကောင်းသွားပါက ဆိုဖွယ်ရာ မရှိဟု တွက်ထားပုံရသည်။
မြန်မာအလုပ်သမားတွေက ပစ္စည်း ငါးမျိုး အထက် ဆယ်မျိုး မကဝယ်လည်း တန်ဘိုးတွက်တာမှာ စိတ်တွက်နှင့် ဖျတ်ကနည်း တွက်နိုင်သည်။ ပစ္စည်းတွေကို အိတ်ထဲထဲ့ပေးရင်း ကျသင့်တန်ဘိုးကို ဇာတ်ကနည်း တောင်းယူနိုင်သည်။ ထိုင်းလူမျိုးတွေက နှစ်ခုလောက်ဝယ်သည်နှင့် ဂဏန်းပေါင်းစက်နှိပ်ရသည်။ တစ်ရာနှင့် နှစ်ရာပေါင်းတာပင် ဂဏန်းပေါင်းစက် သုံးတာ ကိုယ်တွေ့ ကြုံဖူးသည်။ မြန်မာတွေက အတတ်မြန်သည်၊ ခေါင်းဆောင်နိုင်သည်၊ ဦးဆောင်နိုင်သည်၊ တချို့ ဆိုင်တွေ ဆိုပါက မြန်မာအလုပ်သမားကို ဦးဆောင်စေသည်။ ဒါတင်မက ဆောက်လုပ်ရေး လုပ်ငန်းခွင်တွေ ၊ ရေလုပ်ငန်းတွေမှာ မြန်မာတွေက ဦးဆောင်သည်။ ငွေရှိသည့် ထိုင်းလူမျိုးက ငွေစိုက်ယုံသာ၊ သို့သော် မြန်မာတွေက ဗိုလ်ချုပ်ပြောသလို တလွဲဆံပင်ကောင်းတာတွေ ရှိသည်။
ဒီရက်ပိုင်းမှာပဲ ထိုင်းနိုင်ငံကို လူကုန်ကူးနေတဲ့ အကြီးဆုံးဂိုဏ်းကို ဖမ်းမိတာမှာ ခေါင်းဆောင်တွေက မြန်မာတွေ ဖြစ်နေသည်။ ထိုင်းမှာ ငွေရှိသည့် ထိုင်းလူမျိုး သူဌေးတွေနှင့် ရင်းနှီးလာပြီး လူရည်လည်လာသည့် မြန်မာတွေက ထိုသို့ မြန်မာအချင်းချင်းအပေါ် လူလည်လုပ်တတ်ကြသည်။ ထိုင်းစကားကျွမ်းကျွမ်းကျင်ကျင်တတ်ပြီး အလုပ်ရှင်နှင့် အပေးအယူမျှလာကာ သူတို့က မြန်မာအလုပ်သမားခေါ်လာ၊ ငွေကြေးတွေ အမြတ်ထုတ်ယူ၊ အချင်းချင်းနှိပ်ကွပ် ဒီလိုလုပ်ကြသည်။ တချို့ဆိုက ထိုင်းအလုပ်ရှင်က ဘာမှမသိ၊ မြန်မာအချင်းချင်း လူလည်လုပ်တာဖြစ်သည်။ ထိုင်းအလုပ်ရှင်နှင့် တိုက်ရိုက် အလုပ်လုပ်ကြသည့်သူတွေက အဆင်ပြေတာများပါသည်။
မြန်မာပြည်မှာ ပုစွန်ထုတ်ကို လတ်လတ်ဆတ်ဆတ်ဖြစ်အောင် မဲနယ်လို ဆေးတွေ ထိုးကြသည်ဟု ကြားဖူးပြီး ထိုင်းမှာတော့ အစားအသောက်နှင့် ပတ်သက်ပါက ထိုသို့ မလုပ်ဟု သိရ၍ စိတ်ချနေရာမှ တခါမှာ ပုစွန်ထုတ်တွေ ကြည့်ရသည်မှာ ပုံမှန်မဟုတ်ဟု ထင်ပေမယ့် သံသယမဖြစ်မိ။ မကြာပါ၊ တာဝန်ရှိသူတွေက ရေထွက်ပစ္စည်းတွေ စစ်ဆေးရာမှာ ဂဏန်းတွေမှာ မပုပ်အောင် ဖော်မလင်ထိုးထားတာ၊ ပုစွန်ထုတ်တွေ စိမ်းညို့နေအောင် စိမ်းပြာနေအောင် မဲနယ်ဆိုးတာ စတာတွေ ဈေးကွက်မှာ တွေ့ရတဲ့အတွက် ထိုင်းလုပ်ငန်းရှင်တွေကို ပြင်းပြင်းထန်ထန် အရေးယူသည့် သတင်းတွေ တက်လာသည်။ ထိုင်းရေလုပ်ငန်းရှင် တချို့ အပြောက သူတို့ အလုပ်သမားတွေက မြန်မာပြည်မှာ ဒီလိုလုပ်တယ် ဒီလိုလှအောင် ကြာကြာခံအောင် ဒီလိုလုပ်လို့ အကြံပေးလို့ လုပ်မိပါသတဲ့၊ ဘယ်လိုပဲဖြစ်ဖြစ် အရေးယူတော့ သူတို့ပဲ အရေးယူခံရတာပါ။ မြန်မာတွေက အဲလိုပါ၊ ထိုင်းတွေကို ဒီလိုနည်းတွေ သင်ပေးတတ်ပါသေးသည်။ ၂၀၁၀ နောက်ပိုင်းမှာ မြန်မာနိုင်ငံက လမ်းပွင့်သွားပြီး ထိုင်းလူမျိုးတွေ မြန်မာပြည်ကို ဘုရားဖူးလာကြသည်။ ရွှေတိဂုံ၊ ကျိုက်ထီးရိုး ဖူးကြသည်။ အချင်းချင်းလည်း မေးကြသည်။ မြန်မာပြည် ရောက်ပြီးပြီလား၊ ရွှေတိဂုံဖူးပြီးပြီလားတဲ့၊ မြန်မာပြည်ကို ရောက်ဖူးသူများလာသည်။ တရက်မှာ မိတ်ဆွေ မိန်းကလေးတစ်ယောက် လမ်းမှာ မော်တော်ပီကယ် စစ်တာနှင့် ဆုံသည့် အကြောင်း ၊ အခု မော်တ်ာပီကယ်တွေက မြန်မာပြည်ကို ရောက်ဖူးပြီး မြန်မာပြည်က မော်တော်ပီကယ်တွေကို အတုခိုးလာသလား မသိဘူးတဲ့ဟု ဆိုလေရာ ဘာဖြစ်လို့လဲ မေးတော့ မော်တော်ပီကယ်တွေက သစ်ပင်အနောက်မှာ ပုန်းနေကြပြီး ဦးထုပ်မဆောင်းတဲ့ လူတွေ့မှ ထွက်လာပြီး တားတယ်တဲ့ ၊
သူ့အပြောကို ရယ်ရသည်။ တလက်စထဲ မကောင်းတာဆို မြန်မာတွေဆီက လာတယ် မထင်ပါနဲ့အေလို့ ပြောရသေးသည်။
လတ်တလော ထိုင်းနိုင်ငံရှိ မြန်မာအလုပ်သမားတွေကို သူတို့ အလုပ်ရှင်တွေ မေးကြတာက ဒေါ်အောင်ဆန်းစုကြည် အစိုးရဖြစ်ရင် ပြန်ကြမှာလားတဲ့။
မြန်မာပြည်သူလူထုမှာ စစ်အစိုးရလက်ထက် ဆင်းရဲမှုကို မိမိဘာသာ ရုန်းကန်ကျော်ဖြတ်ရင်း ငွေကို ရရင်ရသလို ရှာကြရာက ဟိုလူ့ဆီက အခွင့်အရေးလေး ရနိုး၊ ဒီလူ့ဆီက အကျိုးအမြတ်ရနိုး ရပေါက်ရလမ်းကို မျှော်ကြရသည်။ ထိုအကျင့်တွေ နှစ်ပေါင်း ငါးဆယ်ကျော် စွဲကပ်လာရာ ဘာပေးမှ ဘာလုပ်မည် အပေးအယူတွေ ဖြစ်လာသည်။ ဆန်ပေးမှဆီရ ဆိုတာကို လက်သုံးစကားလုပ်ပြီး လုပ်ထုံးလုပ်နည်းအမှန်ဟုပင် ယူဆလာကြသည်။ သူတပါးဆီက ပေးကမ်းတာကို လက်ဝေခံရင်း သူတပါးထံက မျှော်ကိုးသည့် အကျင့်တွေ ဖြစ်လာသည်။
ထိုကဲ့သို့ သူတပါးထံက မျှော်ကိုးပြီး ရလာတာမျိုးမဟုတ်ပဲ ပြည်သူတွေ အေးဆေးစွာ မတောင့်မတ နေရသည့် ဘဝတွေကို ရောက်အောင် လုပ်ပေးနိုင်မည့် အစိုးရကို ပြည်သူတွေ ရွေးချယ်မှ ဖြစ်မည်။ ပြည်သူတွေကို ဆင်းရဲတွင်းကနေ ဆွဲထုတ်ပေးနိုင်မည့် အစိုးရမျိုး မြန်မာပြည်သူတွေအတွက် လိုအပ်နေပေပြီ။ ဇာတိသွေး ဇာတိမာန် အပြည့်ရှိသည့် မြန်မာ၊ သခင်မျိုးဟေ့ တို့ဗမာ လို့ ကြွေးကြော်ခဲ့ကြသည့် မြန်မာ၊ စိန်မှန်ကင်း အစစ်ဖြစ်သည့် မြန်မာတွေသည် ခေတ်အဆက်ဆက် သခင်သာဖြစ်ချင်ခဲ့ကြတာ ဖြစ်သည်။ သခင်စိတ်သာရှိသည်။ ပြည်သူသာသခင် ပြည်သူသာဘုရင် ဖြစ်ရမည့် ခေတ်စနစ်ဆီသို့ အရောက်သွားကြရအောင်၊ သူများပေးတာကမ်းတာ သူများဆီက မျှော်လင့်နေရတဲ့ ဘဝတွေကလွတ်အောင် လုပ်ပေးမည့်သူကိုသာ ရွေးချယ်လိုက်ကြပါစို့လို့ ဆိုချင်ပါသည်။
ခိုင်ခိုင်စောလွင်

December 30, 2015

" ကံကောင်းခြင်းတွေနဲ့ ၂၀၁၅"

ဖတ်ဖူးသည့် စာထဲက
စကားလုံးတစ်ချို့ကို သတိရနေမိသည်။
" လူတွေမှာ ဘာပဲလုပ်လုပ် အဆင်ပြေသည့် အချိန် တစ်ချိန်တော့ ဘဝမှာ ရှိစမြဲ" တဲ့။ ဖြတ်သန်းခဲ့ရတဲ့ အသက်အရွယ် အရ ဒီလိုအချိန်တွေ များစွာ ကြုံခဲ့ဖူးသလို ခက်ခဲသည့် အချိန်တွေလည်း များစွာ ရှိခဲ့ဖူးလေသည်။ ခပ်ဝေးဝေးတောင် မဟုတ်၊ ၂၀၁၅ခုနှစ် ကုန်ဆုံးပြီး ၂၀၁၆ခုနှစ်ကို ကူးပြောင်းတော့မည် ဆိုသောအခါ ၂၀၁၄ခုနှစ်ကုန်၍ ၂၀၁၅ခုနှစ်ကို ကူးခါနီးမှာ ရေးခဲ့သည့် " နှစ်ထောင့်ဆယ့်လေးမှာ" ဆိုသည့် အက်ဆေးကို ပြန်ဖတ်ရင်း မနှစ်ကနဲ့ ဒီနှစ် ကိုယ့်ခံစားချက်တွေ မတူတော့တာ သတိထားမိလိုက်သည်။ http://khinekhinesawlwin.blogspot.com/2014_12_01_archive.ht…
" အားလုံးခြုံကြည့်လိုက်သည့်အခါမှာတော့ ၂၀၁၄ခုနှစ်က ပုံမှန်အတိုင်းပါပဲ၊ စိုင်းထီးဆိုင် သီချင်းတစ်ပုဒ်လိုပေါ့၊ ကိုယ်စွမ်းသလောက်တော့ ကိုယ်ကျိုးးစားတာပါပဲ၊ အကောင်းဆုံးမဟုတ်တောင် အလယ်အလတ်တော့ မကနိုင်ဘူးလို့ ကိုယ့်ငါးချဉ် ကိုယ်ချဉ်မိတာပေါ့လေ၊" ဒါလေး ပြန်ဖတ်မိတဲ့အခါ လောကကြီးမှာ အဆင်ပြေအောင်နေဖို့ ကြိုးစားရင်း ကိုယ့်ကိုယ်ကို မာန်တင်းထားတဲ့ မချိတချိအပြုံးလေးနဲ့ ရေးထားမိတာလို့ တွက်လိုက်မိသည်။ ထိုစဉ်က စိတ်ခံစားချက်ကနေ ထွက်လာတာ ဖြစ်မည်။
" ၂၀၁၄ခုနှစ်မှာ စာရေးသက်( ၄)နှစ်ပြည့်ပြီ၊ ချိုးလင်းပြာအမျိုးသမီးမဂ္ဂဇင်း၊ မောက္ခပညာရေးမဂ္ဂဇင်း၊ ကောင်းကင်အနုပပညာ မဂ္ဂဇင်း၊ ပြည်သူ့အရေး၊ ဗွိုက်စ်၊ စံတော်ချိန်နေ့စဉ်သတင်းစာ တွေမှာ စာတွေရေးရင်း ကျေနပ်မိသည်။
လာမည့်နှစ်သစ် ၂၀၁၅ ခုနှစ်မှာလည်း ကျရာနေရာမှာ ရပ်တည်ရင်း ကိုယ်စွမ်းသလောက် ကိုယ်ကျိုးစားဖို့ပဲ ပြင်ထားမိသည်။ အကောင်းဆုံးဖြစ်တာ မဖြစ်တာထက် ကောင်းအောင်တော့ တစ်နှစ်ထက်တစ်နှစ် ကြိုးစားပြီး နေသွားရပေအုန်းမည်။"
ဒါလေးက နှစ်ထောင့်ဆယ့်လေးမှာ ရဲ့ နိဂုံးချူပ်လေး၊ ကိုယ်ရေးထားတာ ကိုယ်ဖတ်ရင်း ကိုယ့်အဖြစ်တွေကို ပြုံးမိလေသည်။
ယခု စာရေးနေသည့် ၂၀၁၅ခုနှစ်၊ ဒီဇင်ဘာ(၃၁) ရက်နေ့သည် ၂၀၁၅ခုနှစ်ရဲ့ နောက်ဆုံးနေ့ပဲ ဖြစ်သည်။ မနက်ဖန်ဆိုပါက (၂၀၁၆)ကို ကူးပြောင်းရောက်ရှိပေတော့မည်။ ထုံးစံအတိုင်း (၂၀၁၅) ခုနှစ်ကို လည်ပြန် ပြန်ကြည့်မိသော် ကိုယ့်အတွက် အကောင်းတွေ များလှသည်။ ဝမ်းသာစရာပေါ့၊ ဝမ်းသာစရာတွေ အများကြီးထဲကမှ အထင်ကရ အဖြစ်တစ်ခုကတော့ အမိမြန်မာပြည်ကို ပြန်လည် သွားရောက်နိုင်ခဲ့သည်။ ပြည်ပကို ရောက်ရှိပြီး (၅)နှစ် ကျော်လာသည့် အချိန်မှာ ကိုယ့်မွေးရပ်မြေ မဟာရန်ကုန်ကို တစ်ကြိမ်တခါတောင်မှ ပြန်ဖြစ်ပါ့မလားလို့ အမြဲ တွေးမိသည်။ အသက်(၇၀) ကျော်ပြီဖြစ်သော မိခင်ကြီးကို တွေ့မှ တွေ့ရပါ့မလား စိတ်ထဲက စိုးရိမ်မိသည်။ အမေနှင့်တကွ မောင်နှမတွေနှင့် ဆုံရသည်။ အနှစ်နှစ်ဆယ်နီးပါး မတွေ့ရသည့် ဆွေမျိုးများနှင့်ပင် ပြန်ဆုံခဲ့ရသည်။ ကျောင်းပြီးကတည်းက မထုတ်ပဲထားခဲ့သည့် ဘွဲ့လက်မှတ်ကို အနှစ်နှစ်ဆယ်အကြာမှ ထုတ်ယူခဲ့လေသည်။ ဘယ့်လောက် အမှတ်တရ ဖြစ်စရာတွေပါလဲ၊
အမှတ်ရစရာနဲ့ ဘယ်တော့မှ မမေ့နိုင်တဲ့ အဖြစ်အပျက်တစ်ခုကတော့ ၂၀၁၅ ခုနှစ် နိုဝင်ဘာလ(၈) ရက်နေ့မှာ ကျင်းပတဲ့ ရွေးကောက်ပွဲမှာ ကိုယ်ရွေးချယ်ချင်တဲ့ ပါတီကို ကိုယ်တိုင်ကိုယ်ကျ မဲပေးခွင့် ရခဲ့တာပါပဲ၊ ဒီအဖြစ်ကတော့ ဘဝမှာ တကယ့်ကို ကျေနပ်စရာအဖြစ်ပါ၊ ကိုယ်မဲထဲ့ခဲ့တဲ့ ပါတီကလည်း နိုင်ငံတဝန်း တောင်ပြိုကမ်းပြို နိုင်ခဲ့ပြန်သည်။ ထိုပါတီကို ၁၉၉၀ပြည့်တုန်းကလည်း မဲပေးခဲ့ဖူးလေသည်။ ဒါ့ကြောင့် ပြောတာဖြစ်သည် ၂၀၁၅သည် ကံကောင်းခြင်းတွေ များသည့်နှစ်၊
ကိုယ့်ဘဝမှာ ငယ်စဉ်ကတည်းက အဖြစ်ချင်းဆုံးက ကျောင်းဆရာမ၊ တကယ်လည်း ကျောင်းဆရာမ ဘဝကို အရင်ဦးဆုံး လုပ်ခဲ့ဖူးသည်။ သို့သော် ဖြတ်သန်းရသည့် ဘဝရဲ့ အဆင်ပြေမှု၊ အဆင်မပြေမှုကြားမှာ ဖြစ်ချင်တာကို ဘေးဖယ်ထားပြီး ဖြစ်သင့်တာတွေ ဦးစားပေးခဲ့ရပြန်သည်။ ဘယ်တော့မှ ပြန်ရတော့မည် မထင်သည့် ဆရာမ ဘဝကို (၂၀၁၅)ခုနှစ်မှာ ပြန်လည် ရရှိခဲ့ပြန်သည်။ ဒီတချိန်မှာ ခံစားချက်ကတော့ အသက်အရွယ်အရ ကွာခြားလို့နေသည်။ ဘဝကို ဘာမှ မစွမ်းဆောင်ပဲ ကုန်ဆုံးတော့မလားလို့ ထင်ထားရာက ကိုယ်စွမ်းနိုင်သလောက် လုပ်ခွင့်ကလေး ရလာပြန်လေသည်။
အသက်အရွယ် တဖြည်းဖြည်း ကြီးလာကတည်းက ကိုယ်ဖြတ်သန်းနေတဲ့ ကာလမှာ ဖြတ်သန်းရင်း အများအတွက် ကိုယ်လုပ်ပေးနိုင်တာကို လုပ်ပေးချင်စိတ်တွေ ပေါ်လာတာ ကြာပြီ။ အခုတော့ ကိုယ်သင်ထားခဲ့တဲ့ ပညာတွေကို နောက်မျိုးဆက်ကို ပြန်ပြီး မျှဝေနိုင်လေပြီ၊ အင်မတန် ကျေနပ်စရာအဖြစ်ပါပဲ၊ လူချင်တန်းချင်တာတွေလည်း တတ်နိုင်သလောက် လှုဖြစ်သည့် အခွင့်အရေးတွေ ရခဲ့သည်။ မြန်မာပြည်တွင်း ဒေသအနှံ့ ရေကြီးရေလျှံစဉ်က လှုချင်စိတ် ဖြစ်သည်။ သို့သော် ကိုယ်တစ်ယောက်ထဲ လှုပါက ဘယ့်လောက်မှ မရှိနိုင်၊ မထင်မှတ်ပဲ ခင်မင်ရင်းနှီးသည့် မိတ်ဆွေတချို့ နှင့် အတူလက်တွဲပြီး အဝတ်အစား၊ အသုံးအဆောင်နှင့် ငွေကြေးတို့ လှုဖြစ်ခဲ့သည်။ ကိုယ်ဖြစ်ချင်တာကို အဆင်ပြေပြေ အကောင်အထည် ဖော်နိုင်တဲ့ နှစ်ပေပဲလို့ ပြောရပေမည်။
နှစ်ထောင့်တစ်ဆယ့်လေးမှာရဲ့ နိဂုံးပိုင်းမှာ ပါရှိတဲ့ ဂျာနယ်ထဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချူပ်က ထုတ်ဝေတဲ့ " ဒီလှိုင်း" စာစောင်ရဲ့ နာမည်ကို မတွေ့မှ ဒီလှိုင်းစာစောင်မှာ ကိုယ်စရေးတာ (၂၀၁၅)ခုနှစ်မှာလို့ မှတ်သားသိရပြန်သည်။ ဟုတ်တာပေါ့ ဒီနှစ်ထဲမှာပဲ ဒီလှိုင်းအတွက် လူမှုဘဝဆောင်းပါးတွေ ရေးပေးပါလို့ ပြောလာတာ ပြန်သတိရသည်။ ရွေးကောက်ပွဲနီးလာတဲ့အခါ NLD အောင်နိုင်ရေး ဆောင်းပါးတွေ ရေးရင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချူပ် ရွေးကောက်ပွဲမှာ အနိုင်ရရှိပြီး အစိုးရဖြစ်ရင် ဒီလှိုင်းမှာ ဆက်မရေးတော့ဘူး တွေးမိပေမယ့် ဆက်ပြီး ရေးဖြစ်နေပြန်သည်။ ရေးစရာ အကြောင်းကလေး ပေါ်လာတိုင်း ဒါလေးကတော့ ဒီလှိုင်းကိုပဲ ပို့လိုက်မယ် လို့ ရည်စူးမိပြန်လေသည်။
အလုပ်ကနေ အနားရတဲ့အခါ စာရေးရင်း ဘဝကို ဖြတ်သန်းမယ်လို့ စိတ်ကူးဟာ လက်တွေ့မှာ စောစီးစွာပဲ ဖြစ်လာခဲ့သည်။ ၂၀၁၅ခုနှစ်မှာတော့ ကိုယ့်ရဲ့ ဝါသနာ ဖြစ်တဲ့ ကျောင်းဆရာမအဖြစ်ကို ပြန်ရပြီး၊ ဝါသနာပါတဲ့ စာသင်တဲ့ အလုပ်ကိုလုပ်ရင်း ရေးချင်တာတွေ ရေးခွင့်ရနေတာ ကံကောင်းခြင်းတွေ ပါပဲလို့ ကျေနပ်နေမိလေသည်။
ခိုင်ခိုင်စောလွင်