October 31, 2016

" မှ....... တဆင့်" ၃၁ရက် အောက်တိုဘာလ ၂၀၁၆ခုနှစ် ဒီလှိုင်းစာစောင် အတွဲ(၅) အမှတ်(၄၂)မှ

" မှ..... တဆင့်"

                              
                  " အချစ်အကြောင်းပြောကြရအောင်" ရုပ်ရှင်ကို မနေ့ကမှ ကြည့်ဖြစ်လိုက်သည်။ တစ်နာရီနဲ့ မိနစ်နှစ်ဆယ်ခန့်သာ ကြာမြင့်ပေမယ့် ကြည့်ပြီးတဲ့နောက် မှတ်သားလိုက်နာစရာတွေ  ရလိုက်လေသည်။ ဗီဒီယိုဇာတ်လမ်းပေမယ့် ရုပ်ရှင်ကားကြီး တကားစာနီးပါး ဆွဲဆောင်မှုရှိလေသည်။ မူရင်းကိုက စာရေးဆရာမ မစန္ဒာရဲ့ ဝတ္ထုတို (၃)ပုဒ်ကို ပေါင်းရိုက်ထားတာ ဖြစ်လေတော့ ဆိုဖွယ်ရာမရှိ။ စာရေးဆရာမ မစန္ဒာရဲ့ ဝတ္ထုတိုင်းလိုလိုက  မြန်မာ့လူမှုဘဝသရုပ်တွေကို ပုံဖော်ထားတာချည့်မို့လား။  ဒီကားကို ရိုက်သည့် ဒါရိုက်တာက သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ " စာကြွင်း" ဆိုကာ အခုလို ရေးထားသည်။

                  "အချစ်အကြောင်းပြောကြရအောင်"
လို့ နာမည်ပေးခဲ့တဲ့ အဲဒီဝတ္ထုတိုသုံးပုဒ်စုစည်းမှု ဇာတ်ကားရဲ့ အဓိက ပေးချင်တဲ့ မက်ဆေ့ခ်ျ က
" အမျိုးသားပြန်လည်သင့်မြတ်ရေး၊ ပြည်တွင်းစစ်ရပ်စဲရေး"
ပါပဲ။ အချစ်အကြောင်းပြောကြရအောင်
မောင်နှမ ညီအကိုတွေ ရန်မဖြစ်ကြပါနဲ့တော့လို့ ပြောခဲ့တာပါ။
ချိုတူးဇော်
                              မြန်မာဗီဒီယိုဇာတ်လမ်းတွေ မကြည့်တာ ကြာပါပြီ။ ရုပ်ရှင်လည်း ထို့အတူ၊ အရင်ကမကြည့်တာက ဝန်ထမ်းအလုပ်၊ အိမ်အလုပ်နဲ့ မအားလပ်တာမို့ မကြည့်ဖြစ်တာဖြစ်ပြီး အားလပ်တဲ့ အခါကျပြန်တော့ အချိန်ပေးပြီး ကြည့်လိုက်ပေမယ့် ဘာတခုမှ အသိပညာမရ၊ ဟေးလေးဝါးလေး ဇာတ်သိမ်းသွားတာမျိုး၊ ဒေါသတွေ အော်ဟစ်ဆူညံတာတွေချည်းမို့ စိတ်ညစ်ကာ ဆက်ပြီး မကြည့်ဖြစ်တော့တာဖြစ်သည်။  မအားလပ်တဲ့ အချိန်တုန်းကမှ  ကိုယ်ကြိုက်သည့် ဒါရိုက်တာ၊ စာရေးဆရာ ဇာတ်ညွှန်းဆရာ ကားဆိုက အချိန်ပေးပြီး သွားကြည့်ဖြစ်သေးသည်။ ဗီဒီယိုဇာတ်လမ်းတွေလည်း အိမ်မှာတင် ကလေးတွေ ကြည့်နေတုန်း ဖြတ်သွားဖြတ်လာ ကြည့်ဖြစ်သည်။ သေသေချာချာ အချိန်ရတော့ မကြည့်ဖြစ်တော့ အကြောင်းက အရေမရအဖတ်မရ တွေများလှတာမို့ အချိန်ကုန်မခံတော့တာပင်။ သားသမီးတွေကိုပင် မြန်မာကားတွေ သိပ်မကြည့်နဲ့ အပြောအဆိုတွေ၊ အပြုအမူတွေ ရိုင်းလာလိမ့်မယ်လို့ ပြောမိရသည်အထိ။ တခါတရံ မီးဖိုချောင်ထဲမှာ ချက်ပြုတ်နေရင်း အော်ဟစ်သံတွေ ဆူဆူညံညံကြား၍ ဘယ်အိမ်က ရန်ဖြစ်သလဲ မေးရာ ဗီဒီယိုကြည့်နေကြတာတဲ့
                        လွန်ခဲ့တဲ့ အနှစ်(၂၀)ခန့် ဗီဒီယိုခေတ်ဦးကာလမှာကတည်းက ရမ်းကားဆူညံ ခိုးဆိုး သရုပ်ဖော်ဇာတ်ကားတွေ များစွာ အောင်မြင်ခဲ့လေသည်။ တောရောမြို့ပါ လူကြိုက်များ လူကြည့်များခဲ့ကြလေသည်။  တကားအောင်မြင်တော့ ဆက်ကာဆက်ကာ ရိုက်ကြရင်း မြန်မာ့လူမှုဘဝ၊ ယဉ်ကျေးမှု အနုပညာတွေကို သရုပ်ဖော်တာ အားနည်းလာပြီး လွန်လွန်ကဲကဲ ဆိုးသွမ်းမိုက်ရိုင်းပြတာတွေ သရုပ်ဖော်တာ ကဲလာခဲ့သည်။ မင်းသားကတော့ ဇာတ်လမ်းမှာ အစွမ်းကုန်မိုက်ပြီး ဇာတ်သိမ်းတော့ ကောင်းခြင်းနဲ့ သိမ်းလိုက်ပေမယ့် အတုယူခဲ့တဲ့ လူငယ်တွေအတွက်က ဇာတ်သိမ်းမကောင်းပါ။ လွန်ခဲ့သည့် အနှစ်(၂၀)က ဒီလို ဇာတ်လမ်းတွေနဲ့ ကြီးပြင်းခဲ့ရတဲ့ ကလေးတွေ ဒီကနေ့ အရွယ်ရောက်လာတဲ့အချိန် အဲဒိလို လူမှုစရိုက်တွေ ဖြစ်လာကြတာ အများအပြားဆိုတာ  ဒီကနေ့ အမှုအခင်းတွေကြည့်လိုက်တာနှင့် ရှင်းနေသည်။ လူငယ်တွေ ဒါးကိုင်သောင်းကျန်းတာ၊ ရပ်ကွက်ထဲ လူကြီးသူမက အမြင်မတော်လို့ ပြောတာကို ကိုယ်ထိလက်ရောက် ပြန်တုန့်ပြန်တာ စတာတွေကြည့်လိုက်ရင် ဗီဒီယိုဇာတ်လမ်းထဲက အပြုအမူတွေနဲ့ တထပ်တည်း ဖြစ်လို့နေသည်။
            မြန်မာ့ယဉ်ကျေးမှုလို့ ဆိုလိုက်တာနဲ့ တာဝန်ရှိသူတွေက ကြီးကြပ်လိုက်တာက ဘောင်းဘီမဝတ်ရဘူး၊ ပုဆိုးတိုက်ပုံဝတ်ရမယ်လို့သာ မြင်ကြသည်။ အဝတ်အစားမှာပဲ ယဉ်ကျေးမှုရှိတာမဟုတ်၊ ယဉ်ကျေးမှု၊ အနုပညာကို သေသေချာချာ မသိနားမလည်ပဲ လုပ်ခဲ့တဲ့အတွက် မြန်မာ့ယဉ်ကျေးမှုနဲ့ အနုပညာတွေ လူမှုဘဝတွေမှာ အတော်လေး အားချိနေပေပြီ။ ပြဇာတ်၊ စာပေ၊ ရုပ်ရှင်၊ ဂီတ တွေကတဆင့် ယဉ်ကျေးမှုတွေ စီးဆင်းအောင် လုပ်နိုင်ပါမှ မျိုးဆက်တွေတိုင်အောင် လက်ဆင့်ကမ်းနိုင်ပြီး  မြန်မာ့ယဉ်ကျေးမှု၊ လူနေမှုစရိုက်။ မိဘနဲ့သားသမီး၊ မိတ်ဆွေသူငယ်ချင်း အချင်းချင်း၊ မိမိအိမ်နီးချင်း ပတ်ဝန်းကျင်နဲ့ ပြောဆိုဆက်ဆံတဲ့ မြန်မာ့ယဉ်ကျေးမှု ကို ပေါ်လွင်အောင် သရုပ်ဖော်ပေးပါမှ ကြည့်ရှုတဲ့ လူငယ်တွေအတွက် အသိတခုခု ရရှိသွားပါမှ တိုးတက်တဲ့ ယဉ်ကျေးမှုကို ရရှိပေလိမ့်မည်။
             စာရေးဆရာမ မစန္ဒာရဲ့ ဝတ္ထုတွေက မိသားစု၊ ပတ်ဝန်းကျင် ဘဝသရုပ်ဖော်တွေဖြစ်ရာ ထိုအထဲကမှ အမေချက်တဲ့ပုစွန်ကြားခုနှစ်ကောင်၊ သူ့ကုသိုလ်၊ ဤသို့ပင်မျှော်လင့်မိပါသည် ဝတ္ထုတို (၃)ပုဒ်ကို ရုပ်ရှင်အဖြစ် ဖန်တီးလိုက်ရာ မြန်မာလူမျိုးတွေရဲ့ လူနေမှုဘဝကို ကွက်ကွက်ကွင်းကွင်း မြင်ရပေသည်။ ဖေတော့မောင်တော့ ရန်ဖြစ်ခန်း၊ သတ်မယ်ဖြတ်မယ် မိုက်ရင်ထွက်ခဲ့ ဘယ်သူ့မှလူမထင်ဘူးဆိုတဲ့ ပြယုဂ်တွေ တခုမှမပါပဲ မြန်မာလူမျိုးတို့ရဲ့ လူနေမှုဘဝ၊ မိသားစုအတွင်း ဆက်ဆံရေး၊ လူတွေရဲ့ စားဝတ်နေရေးအခြေအနေတွေကို အတိုင်းသား ပြလိုက်နိုင်သည်။ ဒါရိုက်တာမှာ ဒီဝတ္ထုတွေ ပိုက်ဆံပေးပြီး ဝယ်ထားတာ ငါပိုင်တာပဲ ကျောရိုးပဲယူပြီးထည့်ချင်တာထည့်ရိုက်တာမျိုးမလုပ်၊ ဝတ္ထုအတိုင်း သေသေချာချာရိုက်ပြတာကိုက လူအချင်းချင်းလေးစားခြင်း ဆိုတဲ့ အဆင့်မြင့်ယဉ်ကျေးမှုကို ပေါ်လွင်နေလေသည်။ ရုပ်ရှင်ကြည့်ပြီးနောက်  ဝတ္ထုကို ဖျက်ဆီးလိုက်တာလို့ တဖွဖွ ပြောကြရသလို မဖြစ်၊ ဒါကိုက အနုပညာဖန်ဆင်းခြင်းတခု၊
                 ဝတ္ထုဖတ်စဉ်က သဘောကျနှစ်ခြိုက်ခဲ့ရပြီး ဆင်ခြင်စရာတွေ မှတ်သားလိုက်ရသလို ရုပ်ရှင်ကြည့်အပြီးမှ ဘယ်တုန်းကမှ ရုပ်ရှင်ကြည့်ပြီး ခံစားချက်မရှိသည့်ကိုယ့်မှာ မျက်ရည်ကြားက အသိသညာတွေ များစွာ ရလိုက်လေပြန်သည်။ သို့သော် ဒီရုပ်ရှင်က ပေါ်လစီဇာတ်ကား မဟုတ်ပါ။ လူကြိုက်များလှတဲ့ ကိုရီးယားရုပ်ရှင်တွေမှာလည်း ချစ်ကြိုက်ကွဲညားတွေ ဆိုပေမယ့် သူတို့ တိုင်းပြည်ရဲ့ လူနေမှုစရိုက်၊ ပတ်ဝန်းကျင်၊ စားသောက်မှုပုံစံတွေ တွေ့မြင်ကြည့်ရှုရပြီးတဲ့နောက် ခရီးသွားလုပ်ငန်းတွေ တိုးတက်လာကာ တိုင်းပြည်ရဲ့ဝင်ငွေ တိုးတက်လာလေသည်။ အနုပညာ အဆိုအက ရုပ်ရှင်ရုပ်မြင်တွေကတဆင့် တိုင်းပြည်ကို နိုင်ငံတကာက သိမြင်လာကြတာ ဖြစ်သည်။
          အမှိုက်ကောက်တာ ရှက်စရာ မဟုတ်ပါ၊ အမှိုက်ပစ်တာ ရှက်စရာလို့ စည်းကမ်းတွေ ဆိုင်းဘုတ်ချိတ်ထားပါသော်လည်း အမှိုက်တွေက အပုံလိုက် ဖြစ်မြဲ၊ လူတွေ ကြိုက်နှစ်ပါတယ်ဆိုတဲ့ သရုပ်ဆောင်တွေရဲ့ ဇာတ်ဝင်ခန်းတွေမှာ အမှတ်တမဲ့ လှုပ်ရှားမှုလေးတွေကနေ မင်းသားက အသုံးပြုပြီးတဲ့ တစ်ရှုး ဒါမှမဟုတ် အမှိုက်တခုခုကို စကားပြောနေရင်း ၊ လုပ်လက်စက အမှတ်တမဲ့ အမှိုက်ပုံးရှာကာ လွှင့်ပစ်တာမျိုး၊ ဘတ်စ်ကားပေါ် ထိုင်ခုံမှာထိုင်နေရာက သက်ကြီးရွယ်အို တယောက် မတ်တပ်ရပ်နေတာတွေ့လို့ နေရာပေးလိုက်တာမျိုး၊  ဈေးဆိုင်မှာ ပစ္စည်းဝယ်ရင်း အရှေ့ကရောက်နှင့်သူကို ကျော်မတက်ပဲ အသာဝင်တန်းစီတဲ့ စရိုက်မျိုး၊ စားသောက်ဆိုင်တွေမှာ အော်ဟစ်ဆူညံစွာ မှာပြီး တခြားဝိုင်းတွေကို ဂရုမစိုက် ဆူညံအော်ဟစ် စားသောက်နေကြတာမျိုး မလုပ်ပဲ ပတ်ဝန်းကျင်ကို လေစားတဲ့ အမူအယာမျိုးတွေ ရုပ်ရှင်တွေ ဇာတ်လမ်းတွေကတဆင့် ကြည့်လာရဖန်များသော် အတုယူသည့် လူငယ်တွေအတွက် ထိုအတိုင်းလိုက်လုပ်ကြမှာသေချာသည်။ ယခုတောင်မှ ရုပ်ရှင်ထဲက သရုပ်ဆောင်တွေ အတုယူပြီး ပုဆိုးလေးပင့်ကာ တုတ်ဆွဲကာနဲ့ ဘယ်သူ့မှလူမထင်လို့ ဖြစ်လာကြသေးတာပဲ မဟုတ်လား၊  အမျိုးသမီးတွေရန်ဖြစ်ကြတဲ့ ပုံစံတွေ သတင်းတွေမှာ တက်လာတာ ရုပ်ရှင်တွေ ဗီဒီယိုထဲက သရုပ်ဆောင် အမျိုးသမီးတွေ ပြောတဲ့အတိုင်း ခပ်မိုက်မိုက်တွေ ပြောကြတာ တွေ့နေရလေသည်။ ဒါကိုကြည့်ခြင်းအားဖြင့် ရုပ်ရှင် ဇာတ်လမ်းတွေကနေ လူနေမှုစရိုက်တွေကို ပြောင်းလဲလိုက်တာပဲလို့ ကောက်ချက်ချမိသည်။
                       သရုပ်ဆောင်တွေရဲ့ အပြောအဆို အမူအယာ၊ ဝတ်စားနေထိုင်မှုကို အမှုမဲ့အမှတ်မဲ့ မပြုမိစေပဲ ဇာတ်ဝင်ခန်းတွေမှာ ပြောဆိုပါက ယဉ်ကျေးသော လူ့အဖွဲ့အစည်းတွေ ပေါ်လာပါလိမ့်မည်။ လူကြီးသူမကို ဆက်ဆံပုံဆက်ဆံတာ ၊ ရွယ်တူချင်းပြောဆိုတာ၊ ကိုယ့်ထက်ငယ်သူကို ပြောဆိုတာတွေကအစ အထူးသတိပြုပြီး ရိုက်ပြပါက ပေါ်လစီကားဆိုတာ ရိုက်ပြဖို့ပင်မလိုပေ။  ပြင်ပလောကမှာက မင်းသား မင်းသမီးတွေက ချမ်းသာကြတာများသည်၊ ဇာတ်ပို့ဇာတ်ရံတွေက သူတို့မျက်နှာကြည့်နေရသည့်စိတ်( mood) တွေ ဇာတ်ဝင်ခန်းထဲအထိ ပါလာဟန်တူသည်။ အဖေ အမေ အဖြစ်သရုပ်ဆောင်သည့် ဇာတ်ပို့တွေက သားသမီးတွေရဲ့ မျက်နှာရိပ်မျက်နှာကဲကြည့်နေရသလို အိုက်တင်တွေ ဖြစ်နေသည်။ သားသမီးတွေကလည်း အဖေနဲ့အမေကို မခန့်လေးစား ပြန်ပြောဟန်က ဇာတ်လမ်းဇာတ်ကွက်နဲ့ မဆိုင်ပဲ ပေါ်လွင်နေသည်။ ဦးလေး အဒေါ် သရုပ်ဆောင်သူတွေနှင့်ဆိုက ဆိုဖွယ်ရာမရှိ၊ လူငယ်က လူကြီးကို ရိုသေလေးစားဟန် သရုပ်ဆောင်ကွက်တွေ ဟန်ပန်တွေ မမြင်ရတာကြာလေပြီ။
                          မြန်မာ့ယဉ်ကျေးမှုရဲ့ အနှစ်ဖြစ်တဲ့ ကြီးသူကိုရိုသေ၊ ရွယ်တူကိုလေးစား၊ ငယ်သူကို သနားညှာတာဆိုတဲ့ စရိုက်လက္ခဏာတွေ မဖန်တီးကြ၊ အော်ဟစ် ဆူညံ စည်းမရှိကမ်းမရှိ၊ လူတွေကြား ဆေးလိပ်သောက်ပြတာမျိုး၊ နောက်ပြောင်ဟန်ပြကွက်တွေမှာ ပိုဆိုးသေးသည်။ လူ့တန်ဘိုးမရှိ၊ လူကိုတန်ဘိုးထားသည့် အပြုအမူ အပြောအဆိုတွေ ဆိတ်သုဉ်းနေလေပြီ။ " ဇာတ်သမားပြန်ရင် မှတ်သားစရာကျန်ရမယ်" တဲ့ ရှေးက ဇာတ်တော်တွေ ကပြရာက လူတွေ လိုက်နာကျင့်သုံး စရာတွေ သိရှိ မှတ်သားပြီး ဆိုရိုးရှိတဲ့စကား၊ အခုက ကျန်တော့ကျန်သည်၊ အမိုက်စကား၊
                  ပုဂံခေတ်ရဲ့ ဝတ်စားဆင်ယင်မှု၊ အနုပညာ၊ စာပေ၊ ယဉ်ကျေးမှုတွေကို ယနေ့ခေတ်လူတွေ သိမြင်ရတာက တစုံတဦးကမှ ကျန်နေရစ်ကာ ပြောပြတာမျိုးမဟုတ်၊ အဲဒီခတ်ကလူသားတွေရဲ့ နယ်ပယ်အသီးသီးကတဆင့် ထားရစ်ခဲ့တဲ့ မှတ်တမ်းမှတ်ရာတွေကနေ တဆင့် သိကြရတာဖြစ်သည်။ မျိုးဆက်သစ်တွေတိုးတက်ဖို့ အဆင့်ဆင့်သော မျိုးဆက်တွေမှာ တာဝန်ရှိသည်။ ကိုယ်လုပ်နေတဲ့ အလုပ်ကို ကိုယ်တိုင်တန်ဘိုးထားပြီး အကောင်းဖက်ကို ဦးတည်ကာ ပြုမူကြဖို့လိုလေသည်။ ယဉ်ကျေးမှုအဆင့်အတန်းဆိုတာ တိုင်းပြည်ရဲ့ အဆင့်၊ တိုင်းပြည်က လူတွေရဲ့ အဆင့်အတန်းပဲဖြစ်သည်။ မြန်မာလူမျိုးဆိုတာ ကိုယ်ပိုင်စာပေ၊ ယဉ်ကျေးမှုတွေနဲ့ အဆင့်အတန်းမြင့်တဲ့ လူမျိုးပါလို့ ခေတ်အဆက်ဆက် ကြွေးကြော်ခဲ့တာ ဖြစ်သည်။  အဆင့်မြင့်သော လူနေမှုဘဝဆိုတာ တိုက်ပေါ်မှာနေ ကိုယ်ပိုင်ကားစီးတာနှင့် ဖြစ်တာမဟုတ်။ တိုက်ပေါ်ကနေ အမှိုက်ပစ်ချ၊ ကိုယ်ပိုင်ကားအကောင်းစားစီးပြီး သူများသွားမယ့်လမ်းကို ခေါင်းထိုးကာ ပိတ်တတ်တဲ့ အကျင့်ဆိုးတွေ စိတ်ဓါတ်တွေ ၊ လမ်းလျှောက်နေသူကို ကားပေါ်ကလူက ညှာတာရမယ်ဆိုတဲ့ စိတ်ဓါတ်မသိသူတွေ ၊များလာလေ ယဉ်ကျေးတဲ့ တိုင်းပြည် ဘယ်လိုမှဖြစ်မလာနိုင်ပေ၊ အဆင့်မြင့်တဲ့လူမျိုး၊ အဆင့်မြင့်တဲ့ တိုင်းသူပြည်သားတွေ ဖြစ်ဖို့၊  ကိုယ်ပိုင်ယဉ်ကျေးမှုတွေ ၊ အလေ့အထ လူနေမှုပုံစံတွေ ဆက်လက်ပြီး အဆင့်မြင့်ဖို့ ပစ္စုပ္ပန်လူသားရင်းမြစ်တွေကနေ အထူးဂရုပြု  ကြိုးပမ်းကြဖို့ လိုနေပါပြီ။ 
ခိုင်ခိုင်စောလွင်

October 23, 2016

" ချစ်ကြသည်ဆိုရာဝယ်" ၂၄ရက်အောက်တိုဘာ ၂၀၁၆ခုနှစ် ၊ ဒီလှိုင်းစာစောင် အတွဲ(၅) အမှတ်(၄၁)မှ

" ချစ်ကြသည်ဆိုရာဝယ်"
                                           ထိုင်းနိုင်ငံရဲ့ ရုပ်မြင်သံကြားချန်နယ်တိုင်းမှာ ထိုင်းဘုရင်ကြီးရဲ့ ဘဝပုံရိပ်တွေကို ပြသတာ ကြည့်ရသည်။ ထိုအခါ ထိုင်းဘုရင်ကြီး ဘူမိဘောအဒူယာဒက်ရဲ့ သူ့တိုင်းသူပြည်သားတွေအပေါ် ထားရှိတဲ့ နှလုံးသားပုံရိပ်တွေကို အတိုင်းသားတွေ့မြင်ရလေတော့သည်။ ကြီးကျယ်မြင့်မားလှတဲ့ ဘုရင့်ဩဇာကို ကိုယ်ကျိုးအတွက် အာဏာစက်တည်တာ မဟုတ်ပဲ ပြည်သူတွေအတွက် အသုံးချခဲ့တာကို လက်တွေ့ သိမြင်ခွင့်ရလေတော့သည်။ ထီးနန်းသက် နှစ်(၇၀)ကြာ ထိုင်းနိုင်ငံကို စိုးစံခဲ့တဲ့ ရာမမင်းဆက်(၉) ဘုရင်ဘူမိဘောရဲ့ ပုံရိပ်မှာ မေတ္တာဓါတ်တွေ လွှမ်းခြုံနေတဲ့ ဖခင်တယောက်ကဲ့သို့ တွေ့မြင်ရလေသည်။ ဒါ့ကြောင့်လည်း ပြည်သူအားလုံး ဖြေမဆည်အောင် ကြေကွဲဝမ်းနည်း နှမြောတသ ပူဆွေးနေကြတာ ဖြစ်မည်။
                                           ၂၀၁၆ခုနှစ် အောက်တိုဘာလ(၁၃)ရက်နေ့မှာ ထိုင်းဘုရင်ကြီးနတ်ရွာစံသွားပြီ ဖြစ်ကြောင်း ထိုင်းအစိုးရက တရားဝင် သတင်းထုတ်ပြန်လိုက်ပါသည်။အဆိုပါရက်မတိုင်ခင် ကတည်းက ဘုရင်ကြီးရဲ့ ကျန်းမာရေးအခြေအနေ စိုးရိမ်ရတာကို သတင်းထုတ်ပြန်ထားပြီးဖြစ်သည်။ အောက်တိုဘာ(၁၃)ရက်နေ့ နေ့လည် ၃နာရီ ၂၅မိနစ်မှာ ကွယ်လွန်သွားပေမယ့်  ညနေ(၅)နာရီခန့်မှာ လူမှုကွန်ယက်တွေနဲ့ ပြည်ပသတင်းဌာနတခုကနေ ထုတ်ပြန်တာပဲရှိပြီး ထိုင်းအစိုးရက ကြေညာတာမရှိသေးပါ၊ ဒါပေမယ့် သတင်းထောက်အချို့ရဲ့ သူတို့ ကိုယ်ပိုင် လူမှုကွန်ယက်တွေကနေ သတင်းတွေက တက်နေပါပြီ။ ထိုင်းပြည်သူတွေက သူတို့အစိုးရရဲ့ တရားဝင်သတင်းထုတ်ပြန်တာ မရှိသေးတဲ့အချိန်မှာ စည်းကမ်းတကျ ငြိမ်သက်စွာပဲ သတင်းကို စောင့်မျှော်နားထောင်ရင်း ဘုရင်ကြီးအတွက် ဆုတောင်းပေးနေကြလေသည်။ ည(၇)နာရီမှာ အနက်ရောင်ဝတ်စုံဝတ်ဆင်ထားသည့် သူတစ်ယောက် အစီအစဉ်တွေကြားကနေ ထွက်လာတာနဲ့ သတင်းကောင်းမဟုတ်တော့ဖူးဆိုတာ တန်းကနဲ သိရလေသည်။ သတင်းကြားပြီးတဲ့နောက် ဘုရင်ကြီးကို အင်မတန်ချစ်မြတ်နိုးကြတဲ့ ထိုင်းပြည်သူတွေအတွက် စိတ်မကောင်းဖြစ်ရသလို ပြည်သူတွေရဲ့အကျိုးကို တစိုက်မတ်မတ် လုပ်ပေးသွားတဲ့ ဘုရင်ကြီးကို နှမြောတသဖြစ်မိနေလေသည်။ 
                            ပြည်သူတွေရဲ့ အခြေအနေသိရအောင် ထွက်ကြည့်မှ ဆိုကာ ပတ်ဝန်းကျင်ကိုလျှောက်ကြည့်မိသည်။  ပြည်သူတွေရဲ့မျက်နှာ သိသိသာသာ မကောင်းပဲ မျက်စေ့မျက်နှာပျက်နေကြကာ ရုပ်မြင်သံကြားသတင်းတွေကို အဆက်မပြတ် နားထောင်နေကြသလို အချို့က ဆိုင်မှာ စားသောက်နေဆဲမို့  ဖြစ်ဟန်တူသည်။ စားသောက်ဆိုင်က ဖွင့်ပြထားတဲ့  ရုပ်မြင်သံကြားကို ကြည့်နေကြသလို အချို့က လက်ကိုင်ဖုန်းတွေဖြင့် အလုပ်ရှုပ်နေကြတာ တွေ့ရသည်။ သို့သော်  ယောက်ယက်ခပ်အောင် ပြေးလွှား ပြောဆို နေထိုင်ကြတာ မတွေ့ရပါ။ ဆန်တွေ ဆီတွေ စားစရာတွေ အလုအယက် ပြေးဝယ်ကြတာလည်း မတွေ့ရပါ။ ရုတ်ရုတ်သဲသဲ လှုပ်လှုပ်ရွရွ အပြုအမူတွေ မတွေ့ရပါ။
                   ထိုင်းရုပ်မြင်သံကြား ချန်နယ်အားလုံး မူလအစီအစဉ်တွေ ရပ်တန့်ထားပြီး ဘုရင်ကြီးရဲ့ မှတ်တမ်းတွေကို ပြသနေလေသည်။ ရံဖန်ရံခါ ကြေညာချက်အချို့ကို ထုတ်ပြန်ကြေညာတာ ဝန်ကြီးချူပ်ရဲ့ ကြေညာချက်တွေ လွှင့်ပေးတာပဲ ရှိတော့သည်။ ပြည်သူတွေ ပူဆွေးဝမ်းနည်းနေကြတာ ရုပ်မြင်သံကြားမှာ တွေ့ရသည်။ ဘုရင်ကြီး ဆေးကုသခံယူခဲ့သည့် ဆီရိရတ် ဆေးရုံရှေ့မှာ ဘုရင်ကြီးကို လာရောက် ဂါဝရပြုသူတွေ အများအပြားတွေ့ရသည်။  နောက်ရက်မှာ ရုပ်ကလပ်ကို ဆီရိရတ်ဆေးရုံကနေ မြဘုရားအနီးက နန်းတော်ကို သယ်ဆောင်ရာလမ်းတလျှောက် စောင့်ဆိုင်းနေကြတဲ့ ပြည်သူတွေ လမ်းတလျှောက် ပြည့်နှက်နေပြီး အားလုံးကြေကွဲဝမ်းနည်းနေကြလေသည်။ ဆို့နစ်စွာ ငိုကြွေးနေကြသူများကိုလည်း တွေ့နေရသည်။ တနေရာစီ အသီးသီးမှာ လူတွေ ထောင်သောင်းမက ရှိနေပေမယ့် တိုးဝှေ့ ဆူညံအော်ဟစ်မနေပဲ စည်းကမ်းတကျ ငြိမ်သက်စွာ စောင့်ဆိုင်းနေကြတာ တွေ့ရလေသည်။ ထိုင်းပြည်သူတွေ စည်းကမ်းရှိစွာ ဖြင့် ဒီမိုကရေစီစံနှုန်းတွေနဲ့အညီ ကျင့်ကြံနေထိုင်တတ်တဲ့ အလေ့တွေ ဖြစ်ထွန်းနေလေပြီ။
                
                     ထိုင်းဘုရင်ကြီး အုပ်စိုးစဉ်ကာလအတွင်း သူ့တိုင်းသူပြည်သားတွေကို အခြေခံအကျဆုံး လိုအပ်ချက်ဖြစ်သည့် အစားအစာကို ပေါပေါများများ ရှိအောင် စီမံပေးထားတာ လို့ ထိုင်းလူမျိုး မိတ်ဆွေပြောပြတာ သတိရသည်။ ပြည်သူတွေ ဝမ်းဝအောင် ကြံဆောင်ပေးသည်တဲ့။ အခြေခံစားကုန်ဖြစ်သည့် ဆန်၊ ဆီ၊ နှင့်တကွ အသီးအနှံ ဟင်းသီးဟင်းရွက်တွေ ပေါပေါများများ ထွက်ရှိအောင် နည်းပညာတွေဖြင့် ကူညီပေးခဲ့လေသည်။ ဘုရင်ကြီးရဲ့ နန်းသက်ကာလတလျှောက် တစိုက်မတ်မတ် လုပ်ဆောင်ခဲ့သည်များမှာ စိုက်ပျိုးရေးနှင့် ရေရရှိရေးတို့ ဖြစ်သည်။ ယခုအချိန်မှာ ထိုင်းပြည်သူတွေမှာ အကျိုးကျေးဇူးတွေများစွာ ရရှိနေပေပြီ။ ဆန်နှင့်တကွ ဟင်းသီးဟင်းရွက် သစ်သီးဝလံတွေမှာ အရည်အသွေးကောင်းကာ အံ့ဩစရာကောင်းလောက်အောင် ဖြစ်ထွန်းထွက်ရှိပြီး ပြည်တွင်းစားသုံးဖို့ ဖူလုံယုံမက ပြည်ပနိုင်ငံအသီးသီးကိုပင် တင်ပို့ရောင်းချနေရပေပြီ။ မြန်မာအပါအဝင် လာအိုနှင့်တကွ အိမ်နီးချင်းနိုင်ငံတွေကပင် ထိုင်းနိုင်ငံရဲ့ စိုက်ပျိုးရေးထွက်ကုန်တွေကို ဝယ်ယူတင်သွင်းနေရပေပြီ။
                    ဘုရင်ဘူမိဘောမှာ နယ်စွန်နယ်ဖျား ကျေးရွာတင်မက တောင်ပေါ်ဒေသတွေပါ သွားရောက်ပြီး ပြည်သူတွေကြား ကိုယ်တိုင်ကိုယ်ကျ သွားတာ တွေ့မြင်ရလေသည်။  အဆောက်အဦထဲ ထိုင်ပြီး တာဝန်ရှိသူတွေ ရှင်းပြတာကို နားထောင်တာမျိုး မဟုတ်၊ သူကိုယ်တိုင် သွားရောက်ပြီး ဒေသခံတွေနဲ့ လူချင်းတွေ့ ပြောတာ နားထောင်တာ ဖြစ်သည်။ ဒေသခံတွေနဲ့ တွေ့တာမှာ ထုံးတမ်းစဉ်လာအရ ဘုရင်ကို လက်အုပ်ချီရှစ်ခိုးရတာပေမယ့် ဘုရင်ရဲ့ ကိုယ်ဟန်ပန်မှာ မောက်မာဝံ့ကြားဟန် တစိုးတစိမှ မရှိ၊ တခါတရံ နှုတ်ဆက်သည့် ပြည်သူတွေအထဲ သက်ကြီးဝါကြီးတွေ့က ဒူးထောက်ထိုင်ချတာပင် တွေ့ရသည်။ မေးတာတွေကို  ဖြေကြားနေသည့် ကျေးလက်ဒေသက ပြည်သူတွေနဲ့အတူ ကြမ်းတပြေးထဲ ထိုင်ကာ သေသေချာချာ မှတ်သားသွားတာကို မြင်ရသည်။ ပြည်သူတွေနဲ့ အနီးကပ်နေကာ ပြည်သူတွေလိုအပ်ချက်ကို သိရှိပြီး ဖြည့်ဆည်းပေးသည့် ဘူမိဘောဘုရင်မင်းမြတ်ကို ပြည်သူတွေ ချစ်ခင်ကြတာ ဖြစ်သည်။ တောအထပ်ထပ် တောင်အသွယ်သွယ်  ကင်မရာတလုံးလွယ်ကာ သွက်လက်တဲ့ ခြေလှမ်းတွေနဲ့ သွားရောက်နေတဲ့ ဘုရင့်ရဲ့ ပုံရိပ်တွေကို မြင်ရတာမှာ တိုင်းပြည်အတွက် စွမ်းစွမ်းတမံ လုပ်ကိုင်နေတာ အထင်းသား၊ အခမ်းအနားတွေမှာ ထုံးတမ်းစဉ်လာအရ ထီးတော်မိုးတွေက ထီးဆောင်းပေးတာရှိပေမယ့် ကျေးလက် တောတောင်အနှံ့ ခရီးသွားတဲ့အခါ ကိုယ့်ဘာသာ ထီးဆောင်းပြီး သွားလာနေတာတွေ မြင်ရသည်။ ပြည်သူနှင့်တသားထဲ ရှိပြီး ပြည်သူ့ဘဝကို သိရှိအောင်နေကာ ပြည်သူတွေရဲ့လိုအပ်တာတွေ ဖြည့်ပေးတဲ့ ဘုရင်ကို ပြည်သူအားလုံး ချစ်ခင်ကြတာ မဆန်းပါ။ မေတ္တာပေး၍ မေတ္တာရသည်။ မေတ္တာကို တောင်းယူ၍မရပါ။
                            လူတွေရဲ့ အခြေခံလိုအပ်ချက်ဖြစ်သည့် စားစရာ ဝတ်စရာ နေစရာ မပူရက လူဖြစ်ရကျိုးနပ်ပေပြီ။ စားဝတ်နေရေးပြည့်စုံအောင် အခြေအနေတွေ ဖန်တီးဖို့ နည်းပညာလိုသည်။ အဆိုပါနည်းပညာကို ပညာရှင်တွေသာ တတ်မြောက်ပြီး အမှန်တကယ် အသုံးပြုရမည့် သူတွေ လက်ထဲ ရောက်အောင် ဖြန့်ဝေမှု မလုပ်နိုင်က အချည်းနှီးပင်၊ ထိုင်းနိုင်ငံ ကျေးလက်ဒေသက စိုက်ပျိုးရေးလုပ်ကိုင်သည့် ပြည်သူတွေမှာ နည်းပညာနှင့်တကွ စိုက်ပျိုးရေးဆိုင်ရာ လုပ်ငန်းသုံးတွေ အပြည့်အဝ ရရှိသည်။ နည်းပညာဖြင့် ပြုပြင်ဖန်တီးထားသည့် စိုက်ပျိုးပင် မျိုးစေ့တွေ လွယ်လွယ်ကူကူ ပေါပေါများများ ရကြသည်။ ထိုအရာကပင် တိုင်းပြည်မှာ စိုက်ပျိုးရေးကဏ္ဍတိုးတက်လာသည့် အကြောင်းတွေဖြစ်သည်။  ဘိန်းအစားထိုး စိုက်ပျိုးထားသည့် တောင်ပေါ်ဒေသက စတော်ဘယ်ရီခင်းနှင့် စပျစ်သီးတို့ ထွက်ရှိမှုက အံ့မခန်း၊ ဈေးကောင်းရသည့် အသီးအနှံတွေ စိုက်ပျိုး ထွက်ရှိတဲ့အတွက် ဘိန်းစိုက်ပျိုးမှုကို အမှန်တကယ် ပပျောက်စေခဲ့လေသည်။
                     မြန်မာပြည်က လာရောက်နေထိုင်တဲ့ တိုင်းရင်းသူတယောက်ကတော့ ဒုက္ခသည်စခန်းက ကလေးတွေ ပညာသင်ခွင့်ရတာ ဘုရင်ကြီးကျေးဇူးလို့ ပြောပြသည်။ ထိုင်းဘုရင်မင်းမြတ် ဘူမိဘောမှာ သူ့တိုင်းပြည်မှာ ရောက်ရျိနေထိုင်ကြတဲ့ သူအားလုံးကို မေတ္တာရှေ့ထားသည်တဲ့၊ ဘုရင့်အကြောင်း ရေးထားတာတွေမှာ   ဘုရင်ကြီးက အရှက်အကြောက်ကြီးပြီး သနားကြင်နာတတ်တယ် လို့ တော်တော်များများ ဖတ်ရသည်။ ထိုင်းနိုင်ငံမှာ နေထိုင်ကြတဲ့  ကျောင်းနေအရွယ်ကလေးတွေ အားလုံး ဘယ်လူမျိုးမဆို စာသင်ခန်းထဲ ရောက်ဖို့ ပညာသင်ကြားဖို့ စီမံပေးခဲ့တာမို့ ဒုက္ခသည်စခန်းက မြန်မာကလေးတွေပါ ပညာသင်ခွင့်ရကြတာလို့ တိုင်းရင်းသူကလေး ပြောတာ အမှတ်ရသည်။
ထိုင်းဘုရင်ကြီးနတ်ရွာစံသွားတဲ့ အတွက် ထိုင်းနိုင်ငံသားတွေနည်းတူ ထိုင်းနိုင်ငံထဲမှာ သန်းနဲ့ချီပြီး အလုပ်လုပ်ကိုင်နေကြတဲ့ မြန်မာနိုင်ငံသားတွေလည်း ဝမ်းနည်းကြေကွဲနေကြလေသည်။ 
ဘုရင်ကြီး နတ်ရွာစံသွားတဲ့ အတွက် ၀မ်းနည်းမိတဲ့အကြောင်းနဲ့ ရွေပြောင်းအလုပ်သမားတွေ ၊ ဒုက္ခသည်တွေကို ဆယ်စုနှစ်နဲ့ချီပြီးခိုလှုံခွင့်ပေးခဲ့ရုံ သာမက ရွေ့ပြောင်းကလေးငယ်တွေရဲ့ ပညာရေး ၊ ကျန်းမာရေးကို ပါ ဆောင်ရွက်ပေးခဲ့တဲ့အတွက် ဘုရင်ကြီးရဲ့ ကျေးဇူးတွေ ရှိနေတဲ့အကြောင်း ရွေ့ပြောင်းအလုပ်သမားတဦးက ပြောပြတာ သတင်းမှာ နားထောင်လိုက်ရသည်။
                   ဘုရင်ဆိုတဲ့ ဩဇာကို ရာဇမာန်မထားပဲ ပြည်သူတွေအပေါ် မေတ္တာနဲ့ ဆက်ဆံကာ ပြည်သူတွေကောင်းစားဖို့  နှစ်ပေါင်းများစွာ လုပ်ဆောင်ပေးခဲ့သည့် အကျိုးဆက်က ပြည်သူတွေရဲ့ စားဝတ်နေရေးဖူလုံကာ လူတန်းစေ့နေထိုင်နိုင်ကြတာ ဖြစ်သည်။ ပြည်သူတွေအဖို့တနေ့တာစားဖို့အတွက် နင်လားငါလား ရုန်းကန်ရှာဖွေရသည့် ဘဝအမောတွေ မခံစားရ၊ ငြိမ်းချမ်းစွာနေရသည့် ကာလတွေ ဖြတ်သန်းခဲ့ရသည်။ စားစရာမရှား၊ ဝတ်စရာမရှား၊ ဒီလိုဘဝတွေ ရောက်အောင် ဖန်တီးပေးခဲ့သည့် ဘုရင်ကြီးကို နတ်သားတပါးမျှ ကိုးကွယ် အလေးထားကြတာ မဆန်း၊ ဘုရင်ဘူမိဘောရဲ့ ပုံရိပ်တွေမှာ ရာဇမာန်ကင်းကာ မေတ္တာထားကာ ပြောဆိုနေသည့် ပုံရိပ်တွေ တွေ့မြင်ရသည်။ နေထိုင်ခဲ့သည့် သက်တမ်းတလျှောက် ကောင်းကျိုးချည့်သာ ဆောင်ရွက်သွားပြီး လူသားတို့နှလုံး ငြိမ်းအေးသွားအောင် စွမ်းဆောင်သွားလေသည်။
                      ထိုင်းဘုရင် ဘူမိဘောလ်အဒူယာဒက် နတ်ရွာစံပြီးတဲ့နောက် ဘုရင်ကြီးနဲ့ပတ်သက်တဲ့ အမှတ်တရ ဓာတ်ပုံတွေ၊ ဗွီဒီယိုဖိုင်တွေ၊ စာတွေ လူမှုကွန်ရက်မှာ ဖော်ပြကြတဲ့အထဲက သမီးဖြစ်သူ မင်းသမီး သီရိဒုံထံ လွန်ခဲ့တဲ့ ၁၂ နှစ်က ပေးပို့ခဲ့တယ်ဆိုတဲ့ စာတစ်စောင် ထွက်ပေါ်လာလေသည်။ မင်းသမီးကိုယ်တိုင် အများပြည်သူ တွေ အကျိုးရှိအောင်   တင်ထားတာလို့ ဆိုလေသည်။
ဖေဖေ့သမီး
ဒီမြေပေါ်မှာ အရာတိုင်းဟာ အမြဲဒွန်တွဲပြီး ဖြစ်လာတယ်။
မှောင်မည်းခြင်းနဲ့ လင်းထိန်ခြင်း
လိမ္မာခြင်းနဲ့ မိုက်မဲခြင်း
မိမိနှစ်သက်ရာကို ရွေးချယ်ရစတမ်းဆိုရင်
လူတိုင်းဟာ အလင်းရောင်ကိုသာ နှစ်သက်မယ်။
ကောင်းမွန်သောအရာကိုသာ နှစ်သက်မယ်။
ဒါပေမယ့် ကိုယ်နှစ်သက်တဲ့အရာကို ရချင်မှရမယ်။
အဲဒီ လင်းထိန်သောနေရာ သို့မဟုတ်
ကောင်းမွန်သောနေရာကို ရောက်ဖို့ဆိုရင်
နည်းလမ်းရှိပါတယ်။
အဲဒါကတော့ သူတပါးကို ချစ်ခင်ခြင်းပါပဲ။
ဘာကြောင့်လဲဆိုတော့ သူတပါးရဲ့ ချစ်ခင်မှုကို ရခဲ့ရင် ပြဿနာတိုင်းကို ဖြေရှင်းနိုင်လိမ့်မယ်။
ဒီကမ္ဘာမှာ ချမ်းသာသုခတွေနဲ့ပဲ ရှိစေချင်တယ်ဆိုရင် ငြိမ်းချမ်းမှုပဲ ရှိစေလိုတယ်ဆိုရင် လူတွေရဲ့ ချစ်ခင်မှုကို ရရှိမှဖြစ်မယ်။
သမီးကို ဖေဖေ ဒီလို ပြောချင်တယ်။

၁။ အတိတ်မှာပဲ ဖြစ်စေ၊ ပစ္စုပ္ပန်မှာပဲ ဖြစ်စေ၊ အနာဂတ်မှာပဲ ဖြစ်စေ သူတပါးကို ကိုယ်နဲ့ အတူတူ မွေးဖွားလာသူ၊ ကိုယ်နဲ့အတူတူအိုမယ့်သူ၊ ကိုယ်နဲ့အတူ နာမယ့်သူ၊ ကိုယ်နဲ့အတူ သေမယ့်သူချည်းပဲလို့ သဘောထားပါ။
၂။ လောကကြီးကို အကောင်းမြင်ပါ။ အဲဒီထက်ပိုကောင်းအောင် မြင်ပါ။။ ပြဿနာကို ဆီလျော်မှန်ကန်စွာ ဖြေရှင်းနိုင်ဖို့ လောကကို အမှန်တရားနဲ့ ရှုမြင်ပါ
၃။ ထီးတည်းနေတတ်အောင် နေပါ။ ဆိုလိုတာက စိတ်ကို ရောင့်ရဲမှုနဲ့ အခြေခံတာ၊ ရှိသလောက်နဲ့ ရသလောက်နဲ့ ရောင့်ရဲတင်းတိမ်တာ၊ စွဲလမ်းမှုမရှိတာ၊ ရှိလည်း ကောင်းတယ်၊ မရှိရင်လည်း ရတယ်လို့ သဘောထားပါ၊ ကိုယ့်အခြေအနေနဲ့ကိုယ် တင်းတိမ်မှု ရှိပါ။
– လောဘကြီးလို့ နောက်ပိုင်းဒုက္ခရောက်သွားရတဲ့ ဖားပြုတ်လို မဖြစ်ရဘူး (တရံသော အခါ ဖားပြုပ်သားအမိက နွားတကောင်ကို တွေ့သတဲ့၊ ဖားပြုပ်လေးက ‘နွားကအကြီးကြီးပဲ မေမေလို့ ကြီးလိုက်တာ’လို့ ချီူကျူးလိုက်တော့ ဖားပြုပ်မကလည်း ငါလည်းကြီးအောင် လုပ်တတ်တယ် ဆိုပြီး သူ့ကိုယ်ကို ဖောင်းလိုက်တယ်၊ ဒီလောက်လား၊ ဒီလောက်လား ဆိုပြီး ထပ်ကာထပ်ကာ ဖောင်းလိုက်တော့ ဗိုက်ကွဲသွားတဲ့ ပုံပြင်)
– အလုပ်ကို နိုင်သလောက်ပဲ လုပ်ပါ၊ မနိုင်တဲ့ဝန်ကို မထမ်းပါနဲ့။
– မိမိအခြေအနေနဲ့ လိုက်လျောညီထွေတဲ့ အသက်မွေးဝမ်းကျောင်းမှုမျိုးကိုသာ လုပ်ပါ။
၎။ စိတ်ကို တည်တံ့အောင်ထားပါ။ ပျင်းရိခြင်းရဲ့ ပြစ်ဒဏ်နဲ့ ကြိုးစားခြင်းရဲ့ ဆုလာဘ်တွေ ကို မြင်တတ်ပါစေ ၊ မမျှော်လင့်တဲ့အရာတွေ ကြုံဆုံလာရခဲ့ရင်လည်း ပူပင်ဝမ်းနည်းမနေဘဲ အခြွေအရံရှိခြင်း အခြွေအရံမဲ့ခြင်း၊ သုခဖြစ်ခြင်း ဒုက္ခဖြစ်ခြင်း၊ ချီးမွမ်းခြင်း ကဲ့ရဲ့ခြင်း၊ လာဘ်ရှိခြင်း လာဘ်ပိတ်ခြင်း၊ ရာထူးတက်ခြင်း၊ ရာထူးကျခြင်း ဆိုတဲ့ လောကဓံတရားကို အောက်မေ့ပြီး ရှိပါစေတော့လို့ သဘောထားလိုက်ပါ ။
ဖေဖေ
၂၀၀၄ ခုနှစ် အောက်တိုဘာ ၆ ရက်

“မေတ္တာဟူသည် စိမ့်စမ်းရည်သို့ တည်ငြိမ်အေးညံ့ မြရောင်ဖန့်သား။ သိမ့်သိမ့်ရစ်ခြုံ ကိုယ်၌လှုံမူ နံ့ထုံမဉ္ဇူ  ပျံ့မွှေးကြူလျှက် မတူပြိုင်ကင်း၊ သည်းထိချဉ်းလိမ့်။ ညှင်းညှင်းငြိမ့်ငြိမ့် တသိမ့်သိမ့်ရှင့်။  ဖိန့်ဖိန့်ဖျောင်းမျှ ဖျက်မရသည်။ သာစွမေတ္တာ၊ အရသာ အရသာ။”
                  အဆိုတော် ထားရဲ့ သီချင်းလေး ကြားယောင်ရင်း ဘဝတခုကို ဖြတ်သန်းရာမှာ ကိုယ့်ကိုယ်ကိုယ် တန်ဘိုးထားပြီး အများကို မေတ္တာထားကာ  ဖြတ်သန်း ဆောင်ရွက်သွားတဲ့  တိုင်းပြည်ဥသျှောင်တွေနဲ့ ကိုယ့်အတ္တကို ရှေ့တန်းတင်ပြီး အများကောင်းကျိုးကို လျှစ်လျှူရှု ပစ်ပယ် ကာကိုယ်ကျိုးစီးပွားသာ ဆောင်ရွက်သွားတဲ့ ခေါင်းဆောင်တွေ အပေါ် ပြန်လည် တုန့်ပြန် ရရှိလာတဲ့ ပြည်သူတွေရဲ့ မေတ္တာသဘောကို နှိုင်းယှဉ်ကြည့်နေမိလေတော့သည်။ခိုင်ခိုင်စောလွင်

October 16, 2016

" တမ်းတမိသည် သာယာရွှေပြည်" ၁၇ရက်အောက်တိုဘာ ၂၀၁၆ခုနှစ်၊ ဒီလှိုင်းစာစောင် အတွဲ(၅) အမှတ်(၄၀)မှ



" များစွာသောသူခပ်သိမ်းတို့ သည် သား တကွဲ ၊ မယား တကွဲ ၊မိ တကွဲ ၊ ဖ တကွဲ ၊ ဖြစ်ကြ ရ ကုန်၏။ ထို သူတို့ ၏ ဆင်းရဲ ဒုက္ခ ကို ငါငြိမ်းပါအံ့။ ထို သူ တို့ ၏ မျက်ရည် ကို ငါ သုတ် ပါအံ့။ ငါ ၏ ယာဘက်လက်ဖြင့် ဆန်စပါး ရိက္ခာကိုပေးအံ့။ ငါ ၏ ၀ဲဘက်လက်ဖြင့် ၀တ်စားတန်ဆာပေးအံ့။ အမိ သည် သားငယ် ကို ရင်ခွင်၌ နှစ်သိမ့် စေ အံ့ သကဲ့ သို့  ငါ သည်လည်း တိုင်းသူပြည်သား တို့ ကို နှစ်သိမ့်စေ အံ့။"
                              
                  သတင်းတွေဖတ်ပြီး စိတ်လက်ညစ်ငြူး ကာ စိတ်မချမ်းမသာဖြစ်ရာက စာတွေရှာဖွေ ဖတ်ကာ စာထဲစိတ်နှစ်နေမိတော့သည်။ မြန်မာနိုင်ငံရဲ့သမိုင်းမှာ ဘယ်ခေတ်ဘယ်ကာလမှာ ပြည်သူတွေ ငြိမ်းငြိမ်းချမ်းချမ်း နေခဲ့ရသလဲ လို့ သမိုင်းနောက်ပြန် လှည့်ပြန်တွေးရင်း နှစ်တရာ၊ နှစ်ငါးရာ၊ နှစ်ခုနှစ်ရာ နှစ်တထောင်ဆီ စိတ်ကူးဖြင့် လျှောက်ကြည့်မိသည်။  စစ်အာဏာရှင်ခေတ်၊ မဆလ တပါတီအာဏာရှင်ခေတ်၊ လွတ်လပ်းရေးကြိုးပမ်းမှုကာလ၊ ဂျပန်ခေတ်၊အင်္ဂလိပ်ခေတ်၊  သက်ဦးဆံပိုင်ပဒေသရာဇ်ခေတ်ဖြစ်သည့်  ကုန်းဘောင်ခေတ်၊ အင်းဝခေတ်၊  ကာလယန္တယားကို စိတ်ဖြင့် ဖြတ်သန်းလိုက်ရာ ပုဂံခေတ် ကျန်စစ်သားမင်းလက်ထက် တိုင်းပြည်အခြေအနေကို ဖတ်ရတဲ့အခါမှ  စိတ်ထဲ ငြိမ်းအေးမှုကို ရရှိလေတော့သည်။ ကျန်စစ်သားမင်းလက်ထက် တိုင်းပြည်ကို မည်သို့မည်ပုံ အုပ်ချူပ်ခဲ့သည်ကို မွန်ဘာသာဖြင့် ရေးထိုးထားသည့် ကျောက်စာများမှတဆင့် မြန်မာပြန်တာ ဖတ်ရသည်။
" တင့်တယ်သော ကျက်သရေရှိသော အရိမဒ္ဒနပြည်၌ တုန်လှုပ်ချောက်ခြားခြင်း ၊ ကြောက်ရွံ့ခြင်းမှကင်းသော အုပ်စိုးနည်း" ၊ အုပ်စိုးနေသော အစိုးရကို အပြစ်မရှိက ကြောက်ရွံ့ခြင်း လုံးဝ မရှိစေရာတဲ့ ၊ စာရေးသူက ရှေးကထင်ထင်ရှားရှား ရှိခဲ့တဲ့ နိုင်ငံရေးလို့ ရေးတာ ဖတ်ရသည်။
ကျန်စစ်သားမင်းသည် ပြည်သူအများအားလည်း စာရိတ္တကောင်းမွန်လာစေရန်သွန်သင်ခဲ့ပြီး တိုင်းသူပြည်သားများကို ရင်ဝယ်သားကဲ့သို့အုပ်ချုပ်ခဲ့သောကြောင့် ပြည်သူအပေါင်းစိတ်ချမ်းသာရသည်လို့ ကျောက်စာများမှာ ရေးထိုးထားခဲ့သည်။
                    တိုင်းပြည်အေးချမ်းပြီး စည်ပင်ဝပြောယုံမက ဒေသတွင်းနိုင်ငံတွေအကြား ဝံ့ဝံ့ကြွားကြွား သိက္ခာရှိရှိ ရပ်တည်နိုင်ခဲ့သည်။  အိမ်နီးချင်းနိုင်ငံများက လေးလေးစားစားနှင့် ခန့်ခန့်ညားညား ဆက်ဆံတာ ခံရသည်။ ကျန်စစ်သား ၏ နန်းသက် အတွင်း မြန်မာနိုင်ငံတော်၏ ဂုဏ် သိက္ခာသည် အတိုးတက် အမြင့်မားဆုံး ကာလ ဟု ဆိုရလိမ့်မည်လို့ ဖတ်ရရာ  ပုဂံခေတ် ပြည်သူတွေရဲ့ ဘဝကို ရော်ရမ်းမှန်းဆရင်း ကျေနပ်နေမိရာက လက်ရှိကာလကိုပင် ခေတ္တမေ့သွားရလေသည်။
                  သို့သော် မေ့လို့မရပါ။ နေ့စဉ်သတင်းတွေမှာ တုတ်တပျက် ဒါးတပျက် သတင်းတွေက ပလူပျံနေလေသည်။ တရက်များဆို ဒါးထိုးသည့်သတင်း ဆက်တိုက် သုံးခု ဖတ်လိုက်ရသည်။ စိတ်မချမ်းမြေ့စရာပါလား လို့ တယောက်ထဲ အသံထွက် ရေရွတ်မိသည်အအထိပင်။ တက္ကစီငှားစီးသည့် ခရီးသည်က ကားဆရာကို ဒါးဖြင့်ထိုးသွားသည့် သတင်း၊ ယာဉ်မောင်းက ခရီးသည်ထံက ငွေနဲ့ပစ္စည်းကို ဒါးထောက်လုယူတဲ့သတင်း၊ ဟိုတယ်မှာ ထိုးသွင်း ပြတ်ရှဒဏ်ရာတွေနဲ့ သေဆုံးနေတဲ့သတင်း၊ ဗျောက်အိုးဖောက်တာကို မဖောက်ဖို့ ပြောတဲ့ အမျိုးသမီးကို ဖောက်တဲ့လူငယ်က ဒါးနဲ့ ထိုးသွားတဲ့သတင်း၊ ပြန်ဆက်ဖို့ ပြောတဲ့ ရီးစားကို ပြန်လက်မခံတဲ့အတွက် အဆောင်ထဲအထိဝင်လာပြီး ဒါးနဲ့ထိုးတဲ့သတင်း၊ ဆက်ရေးက ဒါးသတင်းတွေနဲ့တင် စာမူကော်လံပြည့်လောက်သည်။ ပြစ်မှုကျူးလွန်သူတွေရဲ့ အသက်တွေက (၁၇)၊ (၁၈) ကနေ နှစ်ဆယ်ဝန်းကျင်တွေ၊ ဒီအရွယ်တွေက ပြစ်မှုကျူးလွန်နေရမယ့် အရွယ်တွေမဟုတ်၊ အညွန့်တလူလူနဲ့ ဘဝတက်လမ်းအတွက် ကြိုးစားနေရမယ့်အချိန် မဟုတ်ဘူးလား၊ စာသင်ခန်းထဲ ရောက်နေပြီးပညာကြိုးစားရှာနေရမယ့် အရွယ်တွေမဟုတ်ပါလား၊
အခုက လူငယ်တွေ ပြစ်မှုကျူးလွန်တာရဲ့နောက်ဆက်တွဲမှာ အရက်သေစာသောက်စားခြင်းနဲ့ မူးယစ်ဆေးသုံးစွဲခြင်းတို့က ထိပ်ဆုံးက ပါဝင်နေသည်။ မြန်မာပြည်မှာ အပေါဆုံးက မူးယစ်ဆေးဝါး ဆေးပြားတွေ ဖြစ်နေတာလို့ ပြောကြတာ များလာပြီ။ ဒီတိုင်းဆက်သွားက လူမျိုးတုံးပေတော့မည်။
               ရှမ်းပြည်နယ် တိုင်းရင်းသားဒေသတခုက မိခင်တယောက်ရဲ့ သောကကို နားထောင်ရတာပြန်အမှတ်ရသည်။  သာလေးမွေးထားတာ  အသက်(၁၀)နှစ်လောက်  ရောက်လာက စစ်တပ်က ပေါ်တာဆွဲတာခံရမလား၊ မူးယစ်ဆေးသုံးတော့မလား၊ လက်နက်ကိုင်တိုက်တဲ့အထဲ ရောက်သွားမလား ပူရတာနဲ့ တဖက်နိုင်ငံကိုပဲ ထွက်လာခဲ့ပြီး ရရာအလုပ်လုပ် နေလိုက်ရသည်တဲ့၊ စာမမတ်ပေမတတ် ဘဝရောက်ရပေမယ့် လူကောင်းလေးတော့ ဖြစ်ကျန်သည်ဆိုလေသည်။ ရင်ထဲနင့်ရသည့် အကြောင်းအရာတွေ တသွေမတိမ်း သံတူကြောင်းကွဲတွေ များစွာ နားထောင်ခဲ့ရဖူးသည်။ အလုပ်လုပ်နိုင်တဲ့ အရွယ်ကောင်းလေးတွေ  အန္တရာယ်အပေါင်းက ရှောင်ခွာဖို့ ထွက်လာကြသည်။ ထိုအထဲမှာ ဆင်းရဲဒုက္ခတွေလည်း ပါသည်။ ဒီအကြောင်းတွေလည်း ရေးရတာ အပ်ကြောင်းထပ်ပါပြီ။
            အခုအချိန်မှာ မူးယစ်ဆေးဝါးပြဿနာက နယ်စပ်ဒေသတွေကနေတဆင့် ရန်ကုန်လို မြို့ကြီးပြကြီးတွေအထိ ရောက်လာပြီ။ လူငယ်တွေ မူးယစ်ကျေးကျွန်တွေ ဖြစ်လာကြသည်။ မိခင်တွေ သောကများရပြီ၊ မိသားစုတွေ စိုးရိမ်နေရပြီ၊ မလုံခြုံသည့်ဘဝတွေ ဖြစ်နေကြရပြီ၊
ဒါတွေက လတ်တလော ဖြစ်လာရသည့် အကြောင်းမဟုတ်၊ အရင်းစစ်တော့ တဖြည်းဖြည်းပျက်သုဉ်းလာသည့် စနစ်ဆိုးကြောင့် မြေစာပင်ဖြစ်ရသည့် မျိုးဆက်တွေ ပေါ်လာရတာပင်၊ ယခုမျိုးဆက်ကနေ ဒီအတိုင်းဆက်သွားသော် လူငယ်မျိုးဆက်တွေ အတွက် ဆက်ပြီးမတွေးဝံ့၊
                ဆိုးဝါးလှသည့် သတင်းအဖုံဖုံထဲကမှ  သတင်းတပုဒ်က အင်မတန်စိတ်ထိခိုက်ရပြီး တခါမှ မမြင်ဖူး မသိဖူးသည့် မိခင်တယောက်ရဲ့ သောကကို မျှဝေခံစားမိကာ အိပ်မရတဲ့ အထိ အတွေးတွေ ဝင်မိတဲ့အထိပင်။ ကလေးမြို့က မူးယစ်တပ်ဖွဲ့မှုးကို ရန်ပြုချိန်းခြောက် ကားမှန်ခွဲတဲ့ သတင်းဖြစ်သည်။
             " တပ်ဖွဲ့စုမှူးအနေနဲ့ကင်းစခန်းတွေကို လှည့်လှည်စစ်ဆေးမှုပြုနေစဉ် ကလေးမြို့ တာဟန်း ရပ်ကွက်အခြမ်း ဗိုလ်ချုပ်လမ်းနဲ့ဒိုးဝိုင်းချောင်းသုဿာန်လမ်းအကွေ့မှာ လူငယ်တစ်ဦးဟာ ဆိုင်ကယ် လမ်းပြောင်းပြန်စီးနေတာကြောင့် ဟွန်းတီးခဲ့ရာကနေ ကားနောက်လိုက်လာပြီး ကားရှေ့ ဆိုင်ကယ်ရပ် ကားဘောနပ်ပေါ်တက် ကားမှန်ခွဲ ဆဲဆိုပြီး သတ်ပစ်မယ် ဟု ခြိမ်းခြောက်ခဲ့တာ ဖြစ်တယ်” လို့ တာဝန်ရှိ ရဲတပ်ဖွဲ့ဝင်တဦးက ပြောတာ ဖတ်ရသည်။ အဆိုပါလူငယ်မှာ အသက်(၁၈)နှစ်အရွယ် ဖြစ်ပြီး၊ အရက်သေစာသောက်စားထားတယ်လို့လည်း ဖော်ပြထားသည်။ တဆက်ထဲ မြို့ခံတဦးရဲ့ အမြင်ကိုပါ ဖတ်လိုက်ရသည်။

“အရက်နှင့် မူးယစ်ဆေးဝါးက လူငယ်တွေကြားမှာ စိမ့်ဝင်နေပြီး သုံးစွဲသူအဖို့ ပင်ကိုယ်စိတ်ပျောက်ပြီး မလုပ်ရဲတာမရှိ ဖြစ်တတ်တယ်။ နေရတာ ခုဆို အစစ အရာရာ သတိထားနေရတယ်။ လုံခြုံမှု မရှိဘူး”
                သတင်းက မူးယစ်ရမ်းကားတဲ့ သတင်းပါပဲ၊ ဒါပေမယ့် သတင်းနဲ့အတူ ဖော်ပြပါလာတဲ့ သတင်းဓါတ်ပုံထဲမှာ ညစ်ပေစုတ်ချာလှတဲ့ လူငယ်တယောက် တုံးလုံးလဲနေပြီး လူကြီးတယောက်က အတင်းဖမ်းချူပ် မိမိရရဆုပ်ကိုင်နေဟန်က အင်မတန် စိတ်မကောင်းစရာဖြစ်လို့နေသည်။ လူငယ်လေးရဲ့ မျက်နှာက တကယ့်ကို ကလေးသာသာအရွယ်၊ ပညာရှာရမယ့်အရွယ်တွေ ဆိုးသွမ်းလူငယ်ဖြစ်ပြီး လူကြီးတွေက ဖမ်းချူပ်နေတဲ့ ပုံရိပ်တွေ မမြင်ရက်စရာ များလာသည်။ ဒီပုံကို သူ့ရဲ့မိခင် မြင်ရသော်၊ ဒီမြင်ကွင်းကို ကြည့်ပြီး ဘယ်လောက်တောင်ခံစားရမလဲ၊ ဘယ်မိခင်မှ ကိုယ့်သားလေး လူဆိုးဖြစ်အောင် မွေးလိုက်မယ်လို့ စိုးစိမှမရှိ၊ သူ့အရွယ်က လှချင်ပချင် ဝတ်ချင်စားချင်သည့်အရွယ်၊ ဒီလိုအရွယ်မှာ အရွယ်နဲ့မလိုက် စုတ်ချာစွာ ဝတ်ဆင်ရသည်။ မြင်ရတာပင်စုတ်ချာသော် မမြင်ရတဲ့ စားသောက်နေထိုင်မှုဘဝ အဘယ်မျှ စုတ်ချာနေမှာပါလိမ့်၊ ဆင်းရဲတဲ့ ဘဝထွက်ပေါက်က မူးယစ်သေစာ သောက်စားတဲ့ဘဝကို ပို့လိုက်လေသလား၊ ပူးတွဲပါတဲ့ပုံက ပိုဆိုးသည်။ ကြေမွနေသည့် ကားမှန်မှာ ကျည်ရာ အပေါက်၊ ပန်းထွက်ထားသည့် သွေးစသွေးနေတွေ၊  " စကားပြောသော အသဲနှလုံး" ရုပ်ရှင်ထဲက နာမည်ကျော် မိခင်မေတ္တာ စကားလေးလို  "သား လူလေး ဘယ်နားနာသွားသေးလဲ " လို့တောင် သူ့အမေ မေးခွင့်ရပါ့မလား၊
                  လူငယ်တွေက အရက်နဲ့ မူးယစ်ဆေးကို ဘဝရဲ့ ထွက်ပေါက်အဖြစ် သုံးနေကြတယ်လို့ တချို့က သုံးသပ်ကြသည်။ ဒါ့ဖြင့် ဆင်းရဲလှသည့် ဘဝတွေမှာ ဖြတ်သန်းရသည့် လူငယ်တွေအတွက် ဘဝနေနည်းတွေ လမ်းပြဖို့ လိုနေတာ သေချာသည်။ တိုင်းပြည်ဆင်းရဲ ချွပ်ခြုံကျတာကနေ  ဆင်းရဲမွဲတေသူများလာတာ၊ ပညာမသင်နိုင်တဲ့ ကလေးတွေများလာတာ၊ ငယ်ငယ်ရွယ်ရွယ်နဲ့ မိသားစုအတွက် ငွေရှာရင်း လူငယ်ဘဝ ပျောက်ဆုံးနေရတာ၊ နေထိုင်ရတာ လုံခြုံမှုမရှိတာ စတာတွေ အပြင် ဆင်းရဲတဲ့ အတွက် မြေနိမ့်ရာလှံစိုက်ခံရတဲ့ အဖြစ်တွေကတပုံတပင်။ ဆင်းရဲသူကို အိမ်နီးချင်းက အဖက်မလုပ်၊ ပစ္စည်းပျောက်က သူဆင်းရဲသာယိုးတတ်တဲ့အတိုင်း နိုင်ငံနှင့်ယှဉ်လိုက်က မြန်မာဆိုတာနှင့် မြေနိမ့်ရာလှစိုက်လိုသည့် အဖြစ်တွေ များစွာ ဖြစ်လာပြန်လေသည်။ တနေ့က ထိုင်းသတင်းမှာ လမ်းဘေးမှာနေတဲ့ အခြေအနေမဲ့ ထိုင်းလူမျိုး (၃)ဦးအထိ သတ်ခံခဲ့ရပြီး အသတ်ခံခဲ့ရတဲ့ လူတွေအားလုံးမှာ ပုံစံတူ သတ်ခံရတယ်လို့ ကြေညာသည်။  လူသတ်သမားကို  လိုက်လံ စုံစမ်းဖော်ထုတ်နေပြီလို့ ဆိုရာ စိတ်ထဲမှာ " ဘုရား ဘုရား မြန်မာတွေ မဟုတ်ပါစေနဲ့၊ မြန်မာကိုလည်း မယိုးစွပ်ပါစေနဲ့ ရက်စက်တဲ့ လူသတ်တရားခံအစစ်ကိုသာ အမှန်အတိုင်း ရှာဖွေနိုင်ပါစေ" လို့ ဆုတောင်းနေမိသည်။
               ဆုတောင်းကား မပြည့်၊ နောက်ရက်မှာ အဆိုပါ စိတ္တဇဆန်ဆန် လူသတ်မှုကို ကျူးလွန်သူကို ရဲက ဖမ်းမိရာ မြန်မာတဲ့၊ အသက်နှစ်ဆယ် လူငယ်တယောက်၊ တိုက်တိုက်ဆိုင်ဆိုင် မြန်မာ့ဒါးသတင်းတွေ စိတ်ပျက်လို့ ထိုင်းချန်နယ်ကို ကြည့်မိတဲ့အခိုက် အဆိုပါ လူသတ်တရားခံကို ဖမ်းမိသည့် သတင်း ကြည့်လိုက်ရတာဖြစ်သည်။ မြန်မာပြည် မော်လမြိုင်က ထိုင်းမှာ လာရောက်အလုပ်လုပ်ရင်း အထောက်အထား မရှိတဲ့အတွက် အဖမ်းခံရကာ နယ်စပ်ကို ပြန်ပို့ ခံရပြီး ပြန်ဝင်လာတာ ခြောက်ရက်သာ ရှိသေးသည်တဲ့၊ အမှိုက်ကောက်ပြီး ဝင်ငွေရှာကာ ရပ်တည်နေတာဖြစ်သည်တဲ့၊ ထုံးစံအတိုင်း လက်ထိတ်တန်းလန်းနဲ့ ကျူးလွန်တဲ့ ပုံစံတွေ သရုပ်ပြခိုင်းတာမှာ သူ့ပုံစံက အေးအေးဆေးဆေး၊ ကြည့်ရတာ ဘာမှ နားမလည်ပဲ သူအမှိုက်ကောက်တာကို လိုက်ပြနေတဲ့ပုံစံ၊ သူ့မိသားစုက မြန်မာပြည်ထဲ ကျန်ခဲ့တာလား၊ သူက အလုပ်လုပ်မယ်ဆိုပြီး ထိုင်းဘက်ထွက်လာတာလား၊
                 အမျိုးသမီးအကျဉ်းထောင်မှာ ထောင်ဝင်စာသွားတွေ့စဉ်က တသက်တကွန်းကျနေသည့်  မော်လမြိုင်ဘက်က မိန်းကလေးတယောက်ကို ဆုံဖူးသည်။ အိမ်ကိုအကြောင်းကြားပေးရမလား၊ အိမ်ကသိသလား အမေးကို သိသလား မသိသလား သေချာမသိ၊ အိမ်ကလူတွေက သူထိုင်းဘက်မှာ အလုပ်သွားလုပ်မှာဆိုတာပဲ သိပြီး အဆက်အသွယ်ပြတ်သွားတာဖြစ်သည်တဲ့၊ အခုဆို အနှစ်နှစ်ဆယ် ထောင်ထဲ နေလာပြီးတဲ့အခါ အိမ်လိပ်စာတောင် မမှတ်မိတော့ပါလို့ ဆိုသည်။ ဒီလိုပဲ အိမ်နှင့်အဆက်အသွယ်ပြတ်ပြီး အကြောင်းအမျိုးမျိုးနဲ့ ရုန်းကန်နေရသူတွေ တပုံတပင်။
        " သူသတ်တာ ဟုတ်ရဲ့လားမသိ၊ သူ့ကြည့်ရတာ အူကြောင်ကြောင် အတီးအတ ပုံနဲ့ " ဆိုတော့ မိတ်ဆွေတယောက်က " ဟုတ်ပကွာ ဆင်းရဲလို့ တရားခံ ဖြစ်ပြန်ပြီလား မသိ" လို့ စိတ်ပျက်လက်ပျက် ရေရွတ်သည်။ ရဲတွေက DNA စစ်ဖို့ ယူသွားတာပဲလေ ၊ စီစီတီဗွီကလည်း သူ့ပုံ၊ အဝတ်အစားကလည်း အတူတူပဲဆိုတော့ ဖြစ်ရင်လည်း ဖြစ်နိုင်တာပဲ ဒီလိုပဲ ခန့်မှန်းပြောကြရသည်။ ကိုယ်တိုင်သိတဲ့ မြင်တဲ့ ကိစ္စတွေမှ မဟုတ်၊
စိတ်ထဲမတော့ တယောက်ထဲ စုံထောက်လုပ်နေမိသည်။ အမှိုက်ကောက်နေပေမယ့် စက်ဘီးက နဲနဲ သစ်နေတာမှာ သူ့ကို ဒီတိုင်းလျှောက်သွားနေလို့ တယောက်က စက်ဘီးတစီးပေးထားလို့ စက်ဘီးနဲ့ အမှိုက်လိုက်ကောက်တာလို့ ရဲထံ အစစ်ခံထားတာ ဖတ်ရရာ အဝတ်အစားကရော လူသတ်တရားခံက ပေးလို့ ဝတ်ထားတာ မဖြစ်နိုင်ဘူးလား၊ မျက်နှာကို အကဲခပ်တာမှာ လူသတ်လောက်တဲ့ ရုပ်လက္ခဏာမရှိ၊ ဒါပေမယ့် စိတ်ရောဂါရှိနေရင်တော့ လုပ်နိုင်တာပဲ ၊ ကိုယ့်နိုင်ငံသားဆိုတော့လည်း ညှာညှာတာတာ တွေးမိလေသလား ကိုယ့်ကိုယ်ကိုပြန်မေးရင်း ဒီရက်ပိုင်း စိတ်မကောင်းစရာ သတင်းတွေနှင့်လုံးထွေးနေမိတော့သည်။ မကြာပါ၊  မြန်မာလူငယ်ကို ဖမ်းမိပြီး တရက်သာခြားသည်။ အဆိုပါ လူသတ်သည့်ပုံစံအတိုင်း လမ်းဘေးမှာ အိပ်နေသည့် အခြေအနေမဲ့ လူတယောက် ပုံစံတူ အသတ်ခံရပြန်သည်တဲ့၊ ဒါဖြင့် လူသတ်တရားခံက ဘယ်သူလဲ၊ အခုထိတော့  ဖမ်းမိသည့် သတင်းတက်မလာသေး၊ ဒါဖြင့် အဆိုပါ မြန်မာလူမျိုး အမှိုက်ကောက်သူ ဘာဖြစ်သွားပြီလဲ၊ ဘယ်သူမှမသိ၊ ထိုင်းနိုင်ငံမှာရှိတဲ့ ကိုယ့်တိုင်းပြည်က တာဝန်ရှိသူတွေကရော အမှိုက်ကောက်သူက လူလို့ တွေးမိကြရဲ့လား၊ ဘာမှ ပြောသံမကြားရ၊ အပြစ်ရှိလား၊ မရှိလား ၊ တရားခံအစစ်လား ၊ စွပ်စွဲခံရတာလား ကာကွယ်ရပ်တည်ပေးမယ့်သူမရှိ၊ ဒါ့ကြောင့်လည်း ထိုင်းနိုင်ငံထောင်ထဲမှာ မြန်မာလူမျိုးတွေ ထောင်ဂဏန်းမက ရှိသည်။
ဆင်းရဲတော့ လူလူသူသူ ဆက်ဆံမခံရတဲ့အပြင် တစုံတခုဆိုက ယိုးစွပ်ခံရတာ ထိပ်ဆုံးက မြန်မာပေါ့၊
                      " များစွာသောသူခပ်သိမ်းတို့ သည် သား တကွဲ ၊ မယား တကွဲ ၊မိ တကွဲ ၊ ဖ တကွဲ ၊ ဖြစ်ကြ ရ ကုန်၏။ ထို သူတို့ ၏ ဆင်းရဲ ဒုက္ခ ကို ငါငြိမ်းပါအံ့။ ထို သူ တို့ ၏ မျက်ရည် ကို ငါ သုတ် ပါအံ့။ ငါ ၏ ယာဘက်လက်ဖြင့် ဆန်စပါး ရိက္ခာကိုပေးအံ့။ ငါ ၏ ၀ဲဘက်လက်ဖြင့် ၀တ်စားတန်ဆာပေးအံ့။ အမိ သည် သားငယ် ကို ရင်ခွင်၌ နှစ်သိမ့် စေ အံ့ သကဲ့ သို့  ငါ သည်လည်း တိုင်းသူပြည်သား တို့ ကို နှစ်သိမ့်စေ အံ့။"
ကျန်စစ်သားမင်းရဲ့ မူရင်း မွန်ဘာသာဖြင့် ရေးထိုးထားသည့်  ရွှေစည်းခုံဘုရား ကျောက်စာကို မြန်မာပြန်ထားတဲ့ နန်းတက်ကတိ ကို အကြိမ်ကြိမ်ပြန်ကြားယောင် နေမိပါတော့သည်။
ခိုင်ခိုင်စောလွင်

October 9, 2016

၁၀ရက်အောက်တိုဘာ ၂၀၁၆ခုနှစ် ဒီလှိုင်းစာစောင် အတွဲ(၅) အမှတ်(၃၉)မှ

" ငွေလမင်းလား .......      စမ်းရေလား "

                             
               နေပြည် တော်၊ သင်္ဂဟဟိုတယ်မှာ  ကျင်းပတဲ့ "၂၀၁၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း၏ အသေးစိတ် သုတေသန စာတမ်း( ၃) စောင် ထုတ်ပြန်ခြင်း အခမ်းအနား" မှာ ထုတ်ပြန်တဲ့ အချက်အလက် သတင်းတွေ ထွက်လာပြီး  ပြည်သူတွေအကြား အပြန်အလှန်ပြောကြတာတွေ ကြားရတော့သည်။ မွေးဖွားခြင်းနှင့် လက်ထပ်ထိမ်းမြားခြင်း၊ သေဆုံးခြင်း၊ ကိုယ်ဝန်ဆောင်မိခင်သေဆုံးခြင်း စတဲ့ စာတမ်းသုံးစောင်ထုတ်ပြန်လိုက်တာမှာ အရွယ်ရောက်သူ အမျိုးသမီးတွေ အိမ်ထောင်ပြုနှုန်းကျဆင်းတာကိုလည်း  ဆွေးနွေးသွားရာ လူမှုကွန်ယက်မှာ အပြန်အလှန်ပြောကြ၊ ရေးကြ၊ ဝေဖန်ကြ ဖတ်ပြီး  " နိုင်ငံရေးဆိုတာ ကိုယ်နဲ့မဆိုင်ဘူးလို့ သတ်မှတ်လို့မရဘူး၊ မီးဖိုချောင်ထဲမှာ ထမင်းချက်ေ
နတဲ့ အိမ်ရှင်မလည်း နိုင်ငံရေးလုပ်နေတာပါပဲ" ဆိုတဲ့ ၂၀၁၀ခုနှစ် မှာ နေအိမ်အကျယ်ချူပ်က လွတ်လွတ်ချင်း လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ပြောခဲ့တဲ့ မိန့်ခွန်းထဲက စကားတချို့ကို သတိရမိလေသည်။
                              
     အိမ်ထောင်သားမွေးအလုပ်က လူ့အဖွဲ့အစည်းအတွင်းက လူတဦးချင်း၊ မိသားစုတစုအတွင်း အရေးလို့ ထင်ရပေမယ့် တကယ်တန်းကျ နိုင်ငံ့အရေးလည်း ဖြစ်လေတော့သည်။ လွန်ခဲ့သည့် ဆယ်နှစ်ခန့်က ဂျပန်နိုင်ငံမှာ ဒီလို စစ်တမ်းမျိုး ထွက်လာဖူးပြီး သက်ကြီးရွယ်အို ဦးရေ များပြားလာကာ အရွယ်ရောက်ပြီး  အိမ်ထောင်မပြုသည့် လူဦးရေလည်း အလွန်များပြားနေသည်တဲ့၊ အဖြေရှာတော့ အရွယ်ရောက်လူငယ်တွေ ပညာနှင့်အလုပ်အကိုင် ရှာဖွေနေရတဲ့အတွက် ဖြစ်သည်တဲ့၊  ထိုင်းနိုင်ငံမှာလည်း လူဦးရေ စစ်တမ်း ထွက်လာတာမှာ လူငယ်မျိုးဆက်သစ်တွေ မရှိတော့မှာ စိုးရိမ်ရတဲ့ အထိ ကလေးမွေးဖွားနှုန်းကျဆင်းနေတာ တွေ့ရတယ်လို့ ထုတ်ပြန်တာ ဖတ်ရသည်။ မွေးဖွားနှုန်းကျဆင်းလာက  အနာဂတ်မှာ လူငယ်ဦးရေနည်းသွားပြီး သက်ကြီးပိုင်းတွေချည်း ဖြစ်လာမှာ စိုးရိမ်နေရပြီလို့ သိရလေသည်။ မြန်မာပြည်ကတော့ အရှေ့တောင်အာရှမှာ အိမ်ထောင်မပြုသည့် အမျိုးသမီး ရာခိုင်နှုန်းမြင့်တက်မှု ဒုတိယလိုက်သည်တဲ့။
                              အမျိုးသမီးတွေ အိမ်ထောင်ပြုမှု နည်းမှတော့ ကလေးမွေးဖွားနှုန်းကျတယ်ဆိုတာ ဓမ္မာတာ၊ ဒါ့အပြင် အိမ်ထောင်ပြုတဲ့ အမျိုးသမီးတွေအဖို့လည်း သားသမီး ယူဖို့ စဉ်းစားတာမှာ ရှေးကလို ဘုရားပေးတဲ့  ရတနာလို့ ရတိုင်းမယူနိုင်ကြတော့ပေ၊ စီမံကိန်းဖြင့် သားသမီးယူကြရသည်။ မွေးတာလွယ်သည် ကျွေးတာခက်သည်၊ ပညာသင်ရတာ ပိုတောင်ခက်သည်လို့ ပြောကြတာများတော့ ရှေးက ဒါဇင်နှင့်ချီမွေးကြသည့် မိဘဘိုးဘွားများကို အားနာစရာ၊ တဖြည်းဖြည်းနှင့် မွေးရတာပင် မလွယ်တော့တဲ့ အခြေအနေဆိုတော့ သားသမီးတယောက်မျှပင် မယူကြသည့် အခြေသို့ ဆိုက်ကုန်တော့သည်။ မိသားစုစီးပွားရေးကနေ နိုင်ငံစီးပွားရေးအထိ သက်ဆိုင်လာပြန်လေသည်။ မိသားစုတဦးချင်းစောင့်ရှောက်မှု
ကနေ နိုင်ငံတော်က ပြည်သူတွေအပေါ်စောက်ရှောက်နိုင်မှု အဆင့်အတန်းကိုပါ ပြနေတာဖြစ်သည်။
                        လွန်ခဲ့သည့် နှစ်ပေါင်း(၆၀) ကာလအတွင်း ပြည်သူတွေက ကိုယ့်ဝမ်းကိုယ်ကျောင်းခဲ့ရတြာ
ဖစ်သည်။ အစိုးရက ပြည်သူအပေါ်စောင့်ရှောက်တာ ဘာမှမရှိ၊ အနှီးပိတ်စကိုပင် ကလေးမွေးပြီးမှ ထောက်ခံစာနှင့် သမဝါယမဆိုင်က ထုတ်ယူရတာဖြစ်သည်။ " အူဝဲ" ဆိုအမေ့ဝမ်းက ကျွတ်တာနှင့် အနှီးကတန်းပတ်ရတာဖြစ်သည်။ ဒီတော့ ကိုယ့်ဖာသာဝယ်၊ အပြင်က မှောင်ခိုဈေးနှင့် ဝယ်ရတာဖြစ်သည်။ မှောင်ခိုဈေးကွက်မှာ ပစ္စည်းရှိပြီး အစိုးရဆိုင်ကျ ကိုယ်တာနှင့်ရောင်းတာဖြစ်သည်။ နို့မှုန့်ဆိုက ကလေးကို သန်းခေါင်စာရင်းထဲထည့်ပြီး သန်းခေါင်စာရင်းပြမှ ရောင်းပေးတာဖြစ်သည်။  ကလေးတနှစ်လောက်မှ အစိုးရထံက  နို့မှုန့်စရသည်။ ဒီလို အခက်အခဲတွေကြားက ကျမရဲ့  အမေတို့ တကျိပ်မွေးနိုင်ခဲ့သေးသည်။ အဲဒီအမေတို့ခေတ်မှာ သားဆက်ခြားရေး ပညာပေးတွေ ပေါ်လာပြီး  မိသားတစုမှာ သားသမီး (၅)ယောက်၊ (၆) ယောက်သာ အလွန်ဆုံး မွေးကြတော့သည်။ အမေ့အမေတို့ခေတ်မှာ ဘာအတားအဆီးမှ မရှိ၊ သိလည်းမသိ၊ သားသမီးဆိုတာ ရတနာ ဆိုကာ မွေးကြတာ အချို့များဆို (၁၃)ယောက်တဲ့၊ တဒါဇင်တောင်ကျော်သေးသည်။ အဆင့်ဆင့် လက်ဆင့်ကမ်းထိန်းရင်း  ကြီးကြသည်။ ပညာရေး စီးပွားရေး လှုမှုရေး စီမံကိန်း ဘာမှ မတွက်ကြ၊
                ကိုယ်တို့ခေတ်ကျ တယောက်နှုန်း၊ တယောက်ဆိုတော်ပြီ၊ ဒီတယောက်ကိုပဲ လူတလုံးသူတလုံး ဖြစ်အောင် ပြုစုလိုက်တော့မယ်ဆိုတဲ့ အဖြစ်တွေ ရောက်လာသည်။ အဓိကက စားဝတ်နေရေးပါပဲ၊ နောက် ရှေ့ရေးနောင်ရေး ပညာရေး၊ စားရိတ်စားက ကြီးမြင့်လာပြီး အစိုးရရဲ့ ပြည်သူအပေါ် ထောက်ပံ့မှု မရှိတဲ့ စနစ်ကြောင့် ကိုယ့်အားကိုယ်ကိုးရတာမို့ ကလေးတယောက် ယူဖို့ ကုန်ကျစားရိတ်ကို မိဘတွေ တွက်ချက်လာရသည်။
             ကိုယ်ဝန်စဆောင်ကတည်းက မိခင်ကလေးစောင့်ရှောက်မှု ဆိုတာ မရှိ၊ ကိုယ့်ဖာသာ စောင့်ရှောက်ရမည်၊ ဆေးရုံပြတာ၊ ဆရာဝန်ပြခ၊ ဆေးဝါးစားရိတ် တွက်ရပြီ။ မွေးဖွားသည့် ကုန်ကျစားရိတ်တွက်ရပြီ၊ မွေးပြီး စောင့်ရှောက်ဖို့ ဝန်ထမ်းဖြစ်က ကလေးကို ထိန်းဖို့ စုံနဖာစီအောင် များပြားသည်။ ဒါကကလေး ပိစိပဲရှိသေးသည်။ ကြီးလာပါက ကျောင်းထားရမည်၊ ဝန်ထမ်းဖြစ်က ကြိုပို့မလုပ်နိုင်၊ ကျောင်းကားက၊ ကျောင်းစားရိတ် ၊ တဖြည်းဖြည်း အတန်းကြီးလာသည့်အခါ သိန်းနှင့်ချီသော ပညာသင်ကြားရေးစားရိတ် စသဖြင့် ကြုံတွေ့ရတာတွေ  ကြုံရသူက လက်ဆင့်ကမ်းရင်း နောက်လူတွေ မြင်တွေ့ရင်း ကလေးယူဖို့ တွန့်ကုန်တာဖြစ်မည်။ နောက်ပိုင်း အိမ်ထောင်ပြုပြီး သားသမီး မယူသူတွေရှိလာသည်။ ထိုကတဆင့် အိမ်ထောင်ပြု ပြီး အတူနေဖို့ နေစရာ အိမ်၊ အိမ်ငှားခတွေကြီးမြင့်တာ၊ အိမ်ငှားဆိုလို့ တလောကတင် ကာတွန်းတကွက်မှာ မြန်မာလူမျိုးမှန်ရင် အိမ်ပိုင်မရှိပါဘူးကွဲ့ဆိုတဲ့ ကာတွန်းပင် သတိရမိသေးသည်။ အာဏာရှိသူတွေက သူတို့ပိုင်ဆိုင်တဲ့ အိမ်တွေ မြေတွေ များလွန်းလို့ မှတ်တောင်မမှတ်မိဆိုတဲ့ကလာမှ ပြည်သူတွေက နေစရာအိုးပိုင်အိမ်ပိုင်မရှိ၊ နိုင်ငံရေးစနစ်ဆိုးကို ကြုံခဲ့ရတာ အခုတိုင် ရှင်းမရနိုင်တဲ့အဖြစ်၊  တအိုးတအိမ်ထူထောင်ဖို့ ငွေကြေးအင်အားက အဆမတန်၊ အိမ်ငှားခတွေက မြင့်၊  ၊ ဒီတော့ အိမ်ထောင်မပြုသူတွေများလာ။
နှစ်ပေါင်းကြာလာတော့ အခုလို လူဦးရေလျှော့ကျ၊ အိမ်ထောင်မပြုပဲနေသူများလာ  ဖြစ်လာတာပင်၊ နိုင်ငံရေးတွေပါလာတာပေါ့။
                အိမ်ထောင်မကျသည့် အမျိုးသမီး ရာခိုင်နှုန်းမြင့်တက်မှုနှင့်အတူ ကလေးမွေးဖွားနှုန်းလည်း ကျဆင်းလာတာကြောင့် အဆိုပါကိစ္စမှာ တိုင်းပြည်၏ အနာဂတ်နှင့်ပါ သက်ဆိုင်နေသဖြင့် လူဦးရေ ထိန်းညှိနိုင်ရန် “လူဦးရေမူဝါဒ” တရပ်ကို ရေးဆွဲ ပြဌာန်းရန် အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာနက ပြင်ဆင်လျက်ရှိတယ်လို့ စစ်တမ်း ထုတ်ပြန်တဲ့ အခမ်းအနားမှာ ပြောသွားသည်။
           " သူတို့ မွေးခိုင်းတိုင်းမွေးရမလား။ ဘယ်သူကကျွေးမှာလဲ၊ သူတို့ယူခိုင်းတိုင်းယူရမလား" စတဲ့ ကောမန့်တွေနဲ့ အတူ အမျိုးသမီးတွေရဲ့ဘဝ၊ အိမ်ထောင်သည်တွေရဲ့ ရင်ဖွင့်သံ မျိုးစုံကို  လူမှုကွန်ယက်မှာ ဖတ်ရသည်၊ အများပြောကြတာကတော့ စားဝတ်နေရေးကိစ္စတွေပါပဲ၊ မွေးဖွားနှုန်းကျဆင်းတာကတော့ သမရိုးကျ တွက်ကြည့်တာနှင့်ပင် သူတို့ ကောက်ယူထားသည့် စစ်တမ်းနှင့်ကိုက်သည်။ အမေက အခု အသက်(၇၃)နှစ်၊ အဲဒီကာလအပိုင်းနှင့် တွက်သော် အဖွားတို့ ခေတ်က မိခင်တယောက်ကို သားသမီး(၁၀)ယောက်၊ အမေတို့ခေတ်မှာ တအိမ်ထောင် သားသမီး(၅)ယောက်သာယူကြသည်။ ကိုယ်တို့ခေတ်မှာ တယောက်သာ ယူကြတာ များသည်။ အချို့  နှစ်ယောက်၊ အချို့  သုံးယောက် ယူကြတာ အနည်းအကျဉ်းရှိသေးသည်။   အားလုံးခြုံသော် မိခင်တယောက်ကို (၃)ယောက်နှုန်း မွေးကြသေးသည်။ ယခုနောက်ပိုင်းကတော့ စစ်တမ်းအရ နှစ်ယောက်ခွဲနှုန်း ဖြစ်နေသည်တဲ့၊ ဒါက ကျေးလက်ဒေသမွေးဖွားနှုန်းက ခြောက်ယောက်၊ ခုနှစ်ယောက် ရှိနေလို့ ဖြစ်သည်တဲ့။

''အမျိုးသမီးတစ်ယောက်က ပျမ်းမျှကလေးနှစ်ယောက်ခွဲနှုန်းမွေးနေပါတယ်။ မြန်မာနိုင်ငံက အာရှနိုင်ငံတွေနဲ့ နှိုင်းယှဉ်ရင် အလယ်အလတ်အနေအထား မှာရှိနေတယ်။ လေ့လာချက်တွေအရ ဆယ်စုနှစ်တစ်စုမှာ ကလေးတစ်ယောက် နှုန်း မွေးနှုန်းကျလာတယ်။ အခုလက်ရှိ နှစ်ယောက်ခွဲအထိကျလာတယ်။ အဲဒါ ဟာ အမျိုးသမီးတစ်ယောက် ကလေးမွေးနှုန်းက အမျိုးသမီးအားလုံးကို အခြေခံ ပြီးတွက်တာပါ။ အိမ်ထောင်ကျဖူးတဲ့ အမျိုးသမီးတွေကို အခြေခံပြီးတွက်တဲ့ အခါမှာတော့ ကလေးမွေးနှုန်းက ငါးယောက်ဖြစ်သွားပါတယ်။ မြို့တော်တော် များများနဲ့ ပညာတတ်အသိုင်းအဝိုင်းတွေမှာ ကလေးမွေးနှုန်း နည်းလာတာတွေ့ရပေမယ့် ကျေးလက်ဒေသတွေမှာတော့ ခြောက်ယောက်၊ ခုနစ်ယောက်ထိမွေးပါတယ်။ ဒါကြောင့် ကလေးမွေးနှုန်းကျတယ်ဆိုတာက ကိုယ့်နိုင်ငံအနေအထားနဲ့ နှိုင်းယှဉ်ရင်တော့ ကျလာတာမှန်ပါတယ်။ အာဆီယံနိုင်ငံတွေနဲ့နှိုင်းယှဉ်ရင်တော့ ဒီလောက်ကြီးမကျပါဘူး''ဟု ညွှန်ကြားရေးမှူး ဒေါက်တာခိုင်ခိုင်စိုးက ပြောသည်။
            ကျေးလက်ဒေသက မိခင်တွေကြောင့် နှစ်ယောက်ခွဲနှုန်း ဖြစ်သွားတာ ဖြစ်နိုင်သည်။ တဖန် ကျေးလက်ဒေသက မိခင်တွေကျ မိသားစုစီမံကိန်းတွေ၊ သားဆက်ခြားရေး ပညာပေးတွေ လုပ်ကြရပြန်သည်တဲ့။ တရက်က ကျောင်းမှာ အစည်းဝေးလုပ်ရင်းက ထိုင်းနိုင်ငံမှာ ရောက်ရှိနေတဲ့ မြန်မာနိုင်ငံသား ရွှေ့ပြောင်းလူဦးရေအကြောင်း စကားစပ်မိကြသည်။ အဲဒီကမှတဆင့် ထိုင်းမှာလည်း လူဦးရေ မွေးဖွားနှုန်းတွေ ကျလာတာ ပြောမိကြတာမှာ ထိုင်းဆရာမက " ကလေးမွေးဖွားနှုန်းတွေ ကျမှာပေါ့ နည်းပညာတွေ တိုးတက်လာတယ်၊  အိုင်ဖုန်းတွေ အိုင်ပက်တွေ ဂိမ်းတွေ ပေါ်လာတော့ ညလည်း တော်တော်နဲ့ မအိပ်ကြဘူး" တဲ့
အဲဒီကနေ စလိုက်တာ မြန်မာပြည်ကျေးလက်ဒေသမှာ  သားဆက်ခြားရေးပညာပေးတင်မက လျှပ်စစ်မီးလင်းရေးအထိ ရောက်ကုန်တော့သည်။ 
            အိမ်ထောင်ပြု ဘုရားတည် ဆေးမင်ရည်စုတ်ထိုး နောင်ပြင်နိုင်ရန် ခက်သည့်အမျိုး  စကားအတိုင်းပြင်နိုင်ရန်ခက်ခဲသမို့ စဉ်းစားတာ ထားပါတော့၊ သားသမီးယူဖို့ အရေးပင် စဉ်းစားလာကြရတာ ဖြစ်သည်။ တကယ်က မိသားစုသိုက်သိုက်ဝန်းဝန်း ကြီးပြင်းကြက ပျော်စရာပေါ့။ ဒါပေမယ့် အများစုက ပျော်စရာကနောက် ခက်ခက်ခဲခဲ ဖြတ်သန်းရသည့် ဘဝတွေကို တွေးရင်းမောကြကာ စီမံကိန်းတွေ ပြောင်းကုန်တာဖြစ်သည်။ ကလေးတယောက်ထဲရှိက မိဘတွေမရှိတဲ့အချိန် ဆိုးတိုင်ပင် ကောင်းတိုင်ပင် အဖော်သဟဲ မရှိမှာတွေးမိကာ (၃)ယောက်တိတိ ယူခဲ့သော ကျမကို သတ္တိခဲကြီးပမာ လာရောက်ချီးကျူးစကားပြောသူပင် ရှိခဲ့ပါသည်။ ထိုဦးလေးကြီးနှင့် သူ့အမျိးသမီးတို့က ဝန်ထမ်းတွေ ဖြစ်တဲ့အတွက် သားလေးတယောက်ကို ဘယ်ထားရမှန်းမသိ၊ အလုပ်ကအပြန် ကလေးထားကို ပို့ထားရသည့် အိမ်ကို သွားကြိုရတာတမျိုး  ကလေးကကျောင်းပိတ်ရက် မိဘတွေအလုပ်က ပိတ်ရက်မဟုတ်လို့  အလုပ်ကို ကလေးတန်းလန်းနဲ့ ခေါ်လာရသည့်အတွက် အဆင်မပြေတာတွေ ပြောကြရင်း အလုပ်တဖက်နဲ့  ကလေးသုံးယောက်မိခင်ကို အံ့ဩချီးကျူးလေတော့သည်။ သူတို့မှာ နေရေးထိုင်ရေး စီးပွားရေး ပြည့်စုံသူတွေ ဖြစ်သည်။ သို့သော် သားသမီးမွေးပြီး မိဘရင်ခွင်မှာ သေသေချာချာ စောင့်ရှောက်ဖို့ အချိန်မပေးနိုင်သည့်အတွက် တယောက်နဲ့တင် တော်ပါပြီ ဖြစ်လေတော့သည်။ ဒါမျိုးတွေလည်း  တော်တော်များများ ကြုံရတာပဲဖြစ်သည်။ မွေးနိုင်ပါသည်။ ကြွေးနိုင်ပါသည်၊ ထိန်းဖို့ အချိန်မရှိတာပါ ဆိုတာလည်း ရှိသည်။ လူတကိုယ် တမျိုးစီ အဆင်မပြေကြတာတွေ ရှိလာသည့် လူမှုပတ်ဝန်းကျင် ဖြစ်လာတာက အဓိက အချက်ပင် ။
                           ပညာရှင်တွေကတော့ ကလေးမွေးဖွားနှုန်းကျဆင်းတာ၊ ကလေးသူငယ်သေဆုံးမှုနဲ့ အမျိုးသမီးတွေအိမ်ထောင်ပြုနှုန်း ကျဆင်းတာ၊ အမျိုးသားတွေ သက်တမ်းတိုတာ စသဖြင့် လေ့လာသုံးသပ်ပြီး လူဦးရေမူဝါဒ ချမှတ်ကြမယ်လို့ ဆိုကြသည်။ "
" အိမ်ထောင်မရှိသူ အပျိုကြီးများသည် လွတ်လပ်မှုကို နှစ်သစ်၍ ဖြစ်စေ၊ ပညာနှင့်အလုပ်အကိုင် ရှာလို၍ ဖြစ်စေ အိမ်ထောင် မပြုကြ သော်လည်း ၄င်းတို့ အသက်အရွယ် ကြီးရင့်လာပြီး မှီခိုစရာ အသိုင်းအ၀ိုင်း မရှိသည့်အခါ ထိုအမျိုးသမီးများကို မည်ကဲ့သို့ ဆောင် ရွက်ပေးရမည်ကို စဉ်းစားရန် လိုအပ်လာမည်ဖြစ်ကြောင်း" ထည့်သွင်းပြောထားရာ သားသမီးမွေးဖွားလာသည့်အခါ မွေးဖွားလာသည့် ကလေးရဲ့ အနာဂတ်အတွက် အစိုးရက မည်သို့မည်ပုံ တာဝန်ယူတယ်ဆိုတာတွေ ရှိလာက လူဦးရေတိုးလာနိုင်စရာ အကြောင်းရှိလေသည်။
ထိုင်းနိုင်ငံမှာပင် သားသမီးမွေးဖွားပြီးက လုပ်ငန်းခွင်ပြန်ဝင်ဖို့အတွက် ကလေးကို အဖိုးအဖွားတွေလက်ထဲ အပ်ထားရတာ၊ ကလေးထိန်းကျောင်းတွေပို့ရတာ၊ အိမ်အကူခေါ်ရတာ စတာတွေ ရှိလာသည်။ တိုးတက်လာသည့် လူနေမှုစနစ်နှင့်အညီ  လူတိုင်းအလုပ်လုပ်ပြီး မိသားစုဝင်ငွေရအောင် လုပ်ကြရသည်။ အမျိုးသမီးတွေ အိမ်မှာပဲ နေရသည့် အခြေအနေမျိုးမဟုတ်ကြတော့ပေ။  ကလေးတယောက်မွေးက ထောက်ပံ့ကြေးမည်၍မည်မျှ ပေးပါတယ်ဆိုတဲ့ တိုင်းပြည်တွေမှာတောင် ကလေးမယူနိုင်သည့် အခြေအနေတွေ ရှိနေဆဲဖြစ်သည်။
                    ဆွေစဉ်မျိုးဆက်၊   ဆွေမျိုးအသိုင်းအဝန်းနှင့်  မိသားစုအသိုင်းအဝန်းဆိုတာကို ဂုဏ်ယူစရာ၊ နွေးထွေးစွာ ပြုစုပျိုးထောင်ကြသည့် ၊ မိသားစုသံယောဇဉ် ထားတတ်ကြသည့်  မြန်မာလူမျိုးတွေပင် မိသားစုပုံစံမပျက်အောင် ကျားကန်ကြရင်းက လူဦးရေ မွေးဖွားနှုန်းတွေ ကျဆင်းနေပြီ။
  " သမီးလေးတဲ့ စမ်းရေပေါ့  ကြင်နာသူရယ် မွေးဖွားခဲ့ ရင်မှာလေတကယ်ပဲ အေးသွား ..." သံသရာစမ်းရေ သီချင်း၊ "

 မေ့သားကြီးရင် ဘာလုပ်မလဲ မေးတော့ ပြုံးယောင်ယောင် ဂီတသမားလုပ်မလား မေးတော့  ပြုံးယောင်ယောင်" မေ့သားမောင် သီချင်း

" ကမ္ဘာကြီးထဲ ဘယ်သူ ဘယ်အရာမှ နှိုင်းမရ ရင်ထဲကရတနာတပါး  အို အနက်ရှိုင်းဆုံး ချစ်မေတ္တာတရား၊ သမီးလေးသာ ဖန်ဆင်းပေးနိုင်ခဲ့တာ ရင်မှာ စိမ့်စမ်းရေအလား စီးဆင်းနေ ဒီမေတ္တာ.........." ဆိုတဲ့ တုနှိုင်းမဲ့မေတ္တာ
" အရယ်အပြုံးများနဲ့ အကြည်ဆုံးမျက်နှာလေးတွေ ငွေလမင်းလား စမ်းရေလား နှလုံးသားမှာ ညီမျှမေတ္တာ ဘဝမှပျော်တယ်  ဆွဲလဲသံလား တေးသံလား သားတို့သမီးတို့ စကားချိုတယ် ဖေဖေကြီးမှာ စိတ်ချမ်းသာပါတယ်........................."  ဖေဖေကြီးကိုချစ်တယ် သီချင်း
ဒီလို သီချင်းတွေ ပေါ်လစီသီချင်း၊ မူဝါဒဆိုင်ရာသီချင်းတွေ  မဟုတ်ပါ၊ သားသမီးဆိုတာ ရတနာ ဆိုတဲ့ ချစ်ခြင်းမေတ္တာဖွဲ့ သီချင်းတွေသာ ဖြစ်နေမှာပါ၊ လူဦးရေမူဝါဒကို ချမှတ်ရာမှ အိမ်ထောင်ပြုရေး၊ ကလေးမွေးဖွားရေးတွေထက် မိသားစုတွေ၊ နိုင်ငံသူနိုင်ငံသားတွေ ဘဝကို ဘယ်လို ဖြတ်သန်း ရုန်းကန်နေရသလဲ ဆိုတဲ့ အချက်ပေါ်မှာစဉ်းစားပြီး နိုင်ငံသူနိုင်ငံသားတွေ အတွက် ဖြည့်ဆည်းပေးနိုင်ပါမှ နိုင်ငံတော်အတွက်လိုအပ်တဲ့ အရင်းအမြစ်တွေ ပေါ်ထွက်လာမှာကတော့ သေချာလေသည်။
ခိုင်ခိုင်စောလွင်

October 2, 2016

၃ရက်အောက်တိုဘာလ ၂၀၁၆ခုနှစ်၊ ဒီလှိုင်းစာစောင် အတွဲ(၅) အမှတ်(၃၈)မှ

" သူ့အသံလေးများကြားချင်စေသလား"

                                                                                         " စကားပြောရင် တိုးတိုးပြော
                                                                                            တိုးတိုးပြော
                                                                                           စကားကျယ်ကျယ်ပြောရင်
                                                                                           စကားကျယ်ကျယ်ပြောရင်
                                                                                          ရှက်စရာ၊ ရှက်စရာ "
                          မူလတန်းအရွယ်ကလေးတိုင်း လိုလို ရွတ်ဆိုခဲ့ရတဲ့ ကဗျာလေး၊ စကားပြောတာမှာလည်း ယဉ်ကျေးမှု ရှိသည်။ မြန်မာ့ယဉ်ကျေးမှုတွေထဲမှာ စကားပြောတာသာမက ကိုယ်အမူအယာ နှုတ်အမူအယာ စသဖြင့် လိုက်နာရတာတွေ များစွာရှိလေသည်။ စကားကျယ်ကျယ်ပြောတာ ပင် ရှက်စရာ အဆိုရှိက လော်စပီကာလို  အသံချဲ့စက်ကနေ အင်မတန်ကျယ်သည့် အသံဖြင့်အော်  ပြောနေကြတာ ဆိုက ပြောဖွယ်ရာမရှိ။  ယခင် ခေတ်ဟောင်း တုန်းကနှင့် အခုခေတ် လော်စပီကာယဉ်ကျေးမှုချင်းက ခြားနားသွားလေပြီ။ တချိန်က ကျေးလက် မြို့ပြတွေမှာ ထွန်းကားခဲ့သော လော်စပီကာအသံမှာ လူတို့ကြောင့်ပဲ အရိုင်းဘဝရောက်ကာ လော် ဆို တော်ကွယ် ဆိုသည့် အခြေအနေကို ဆိုက်ရောက်ခဲ့ရလေတော့သည်။
                  လော်စပီကာအသံကြောင့် ခံစားနေရတဲ့ သူတွေရဲ့ ရင်ဖွင့်သံတွေ ကြားရသည့်အခါ အသုံးပြုသည့်လူတွေနှင့် အသုံးပြုသည့် ပုံစံကြောင့် လော်စပီကာအသုံးပြုဖို့ ဥပဒေတွေနဲ့တောင် သတ်မှတ်သင့်ပြီဆိုတဲ့ အသံတွေ သောသောညံလာလေတော့သည်။ ဓမ္မရုံမှာ တရားရွတ်ဖတ်နေတုန်း နိုင်ငံခြားသားတယောက်က  မိုက်ကရိုးဖုန်း  ကြိုးတွေ ဖြုတ်ဖြတ်သည်ဆိုသည့် သတင်းကို ဖတ်ရသော် လူအမျိုးမျိုးရဲ့ ဝေဖန်သံတွေ ထွက်လာသည်။ ဘာသာတရားကို နှောင့်ယှက် ဖျက်ဆီးလိုတာ မဟုတ်ပဲ နားညည်းလို့ မခံနိုင်၍ ဖြုတ်တယ်ဆိုတာမျိုး ကိုယ်တိုင်ခံစားဖူးသူတွေ ရေးကြသည်။ အဖြစ်မှန်ကို သေချာမသိသေးသော်လည်း အားလုံးက လော်စပီကသံ နားမခံနိုင်၍ ဖြစ်ရသည်လို့ ကောက်ချက်ချကြတာ တူနေသည်။ လော်စပီကာရဲ့ ဒဏ်ကို လူတော်တော်များများ မချိမဆန့် ခံစားနေရတဲ့အတွက်အဆိုပါ  ဖြစ်ရပ်အကြောင်း ကြားတာနဲံတင် ချက်ဆိုနားခွက်မီးတောက်ကာ အဖြေတန်းပြောကြလေသည်။ လော်စပီကာရဲ့ ဒဏ် ခံကြရပုံတွေကို တယောက်တမျိုး ရေးကြပြောကြတဲ့အထဲ "ကျတော်ဆိုရင်ဗျာ ဓမ္မာရုံနဲ့မျက်နှာချင်းဆိုင်မှာ နေရတာ စဉ်းစားသာကြည့်ကြပါတော့"  တဲ့ ၊ အတော်လေးကို စိတ်ပျက်နေဟန်က အထင်းသား။
                အမေရိကားကနေ မြန်မာပြည်မှာရှိတဲ့ သူ့ဇာတိရပ်ရွာကို အလည်ပြန်တဲ့ ကရင်တိုင်းရင်းသူလေးတယောက် လော်စပီကာသံကြောင့် နားမခံသာအောင် ဖြစ်လို့ ရေးထားတာ ဖတ်ရဖူးသည်။ ရပ်ကွက်ထဲ ဖွင့်ထားတဲ့ လော်စပီကာအသံကြောင့် တအိမ်ထဲ မျက်နှာချင်းဆိုင် ထိုင်နေတဲ့ လူနှစ်ယောက် အချင်းချင်းစကားပြောတာ မကြားရလို့ အော်ပြောနေရတဲ့ အကြောင်း၊ ဒီလိုသာ ပြောနေရရင် လိပ်ခေါင်းရောဂါတောင် ရနိုင်ကြောင်း ရေးထားသည်။
တချိန်တုန်းက ကျေးလက်ဒေသတွေမှာ လော်စပီကာ ဖွင့်ရင် ပျော်ကြသည်။ အပြေးပင် ကြိုကြသေးသည်။ စက်ပစ္စည်းတွေနဲ့  လော်စပီကာတင်လာသည့် နွားလှည်း၊ ဒါမှမဟုတ် မြင်းလှည်းနောက် ကလေးတွေ တပုံတပင်ဖြင့် လှည်းနောက်မြီးကိုင်ကာ လိုက်ကြလေသည်။
"  လော်စပီကာလာပြီဟေ့"
ဒီလိုပင် ဝမ်းသာအားရ အော်လာကြသည်။ လူကြီးတွေက ခြံစည်းရိုးအဝ၊ တခါးဝတွေ ပြတင်းပေါက်တွေ ဖွင့်လို့ တဖုံ တပြုံးပြုံးဖြင့် ကျေနပ်ကာ နေကြသည်။ မကြာခင်မှာ သူတို့ နားထောင်ချင်သည့် ဇာတ်ထုတ်တွေ၊ ဇာတ်တော်တွေ နာရကြားရ နားထောင်ရပေတော့မည်။ အလှုသွားပြီး တရားနာရေစက်ချ စားသောက်ရပေအုန်းမည်။ တရွာလုံးပျော်လို့ မော်လို့၊ တို့ရွာမှာအလှု ရှိတယ်ပေါ့။
            ခြေင်းလက်ခင်း သာတဲ့အချိန်၊  လယ်သိမ်းပြီးလို့ စပါးပေါ်ချိန် ပဲပေါ်ချိန် လှုကြတန်းကြ ဂုဏ်ယူကြတဲ့ အချိန်၊ လော်စပီကာသံလေး နာနာဖွင့်နိုင်တဲ့ ရွာက အလှုအတန်း လုပ်နိုင်တဲ့ရွာပေါ့၊ လှုနိုင်တန်းနိုင်တဲ့ ရွာပေါ့။ ရွာတို့ ထုံးစံ အလှုရက်က တပတ်ဆယ်ရက်၊ အလှုရက်မတိုင်ခင်ကတည်းက လော်စပီကာ စဖွင့်သည်။ ရွာသားတွေ အကြိုက် စက်ဆရာကလည်း သိသည်။ သီချင်းဖွင့်မည်၊ နေ့လည်နေ့ခင်းဆိုက သက်ကြီးဖိုးဖွားတွေ ကျောဆန့်ချိန်၊ သူတို့အကြိုက် ဇာတ်ထုတ်တွေ ဖွင့်သည်။ အဖိုးအဖွားတို့ကလည်း ကျောလေးခင်း မျက်စေ့လေးစင်းကာ ကောင်းလိုက်တဲ့ ဇာတ် ၊ ကျေနပ်လို့၊
             လော်စပီကာကို ရွာရဲ့ အမြင့်ဆုံး အပင်ပေါ်ချိတ်ပြီး စက်ဆရာက လိုသလို ချိန်ဆကာ လွှင့်တာဖြစ်သည်။ တရွာနှင့်တရွာက အဝေးကြီး၊ လယ်ကွင်းတွေကို ဖြတ်ကာ အခြားရွာက ခပ်သဲ့သဲ့ကြားရမည်၊ ပင်တိုင်ရွာကတော့ တရွာလုံး စိတ်ကြိုက် နားထောင်ပေရော့၊ ဘယ်မလဲ လော်စပီကာ အသံမုန်းတဲ့သူ၊ လော်စပီကာကို ပိတ်ပေးပါပြောတဲ့သူ၊ အသံဒဏ်မခံနိုင်လို့ ခဲနဲ့ပေါက်သူ တခါမှာ မကြားခဲ့ မရှိခဲ့ပါ။
             လွန်ခဲ့ နှစ်ထဲ လယ်ဝေးမြို့နယ်မှာရှိတဲ့ အမေ့ဇာတိရွာကို အလည်သွားကြစဉ်က အမေကြီးတို့အိမ်ဝိုင်းထဲ မဝင်ခင် မျက်နှာချင်းဆိုင် အိမ်ဝိုင်းထဲက ဆောင်းဘောက်စ်သံ ဆူဆူညံညံ အသံကိုကြားရလေသည်။ သီချင်းဖွင့်ထားတာ ဘာသီချင်းမှန်းကို မသိရလောက်အောင် ကွဲအက်နေသည့်အသံ ထွက်သည်။ သီချင်းသံဟုပင် မထင်ရ တဝုန်းဝုန်း အသံသာထွက်နေလေသည်။ ငယ်ငယ်ကတည်းက မကြာခဏ အလည်ရောက်ဖူးတိုင်း အလှုရှိတဲ့ရက်ကလွဲလို့ တရွာလုံး တိတ်တိတ်ဆိတ်ဆိတ် နေကြတဲ့ ဓလေ့ရှိတာမို့ " အိမ်ရှေ့ဝိုင်းက အလှုရှိလို့လား" မေးမိရာ ဘာအလှုမှမရှိဘူး၊ နေ့နေ့ညည သိပ်ဆူတယ်၊ အဲလိုချည်း ဖွင့်နေတော့တာပဲတဲ့ အဖြေရသည်။ လူတွေကလည်း တခြားကပြောင်းလာ၊ မရင်းနှီးတော့ မပြော၊ ပြောပြန်က ရန်ပြုမှာဆိုးလို့ ကျိတ်မှတ်နေရတဲ့ ဒုက္ခက မသေး၊ အနှစ်သုံးလေးဆယ်အတွင်း ပြောင်းလဲသွားတာ လူတွေက ဆူညံသံတွေ ဖန်တီးလာတာ ဖြစ်သည်။ ပတ်ဝန်းကျင်ကို ဂရုမစိုက်သည့် အကျင့်တွေ ဖြစ်လာသည်။
            မြို့ပေါ်ကျပြန်တော့ ရပ်ကွက်အသီးသီးမှာ လော်စပီကာကို မနက်(၄)နာရီကတည်းက စဖွင့်သည်တဲ့၊ အကြောင်းကတော့ ဘာသာရေးပါပဲ၊ ဒါပေမယ့် နိစ္စဒူဝ ဆူညံလာတော့ လက်ခံတာ လွဲကုန်သည်။ လက်မခံချင်တာတွေ ဖြစ်လာသည်။ အနှေးယာဉ်တွေ ကားတွေဖြင့် အသံကုန် လိုက်အော်တာ ရှိသေးသည်။ လော်စပီကာ ဆိုတဲ့ အမျိုးက အသံကုန်ကြားနိုင်အောင် ရပ်ကွက်အတွင်းနေတဲ့သူတွေ သိအောင် အော်ပြောရတာ မှန်ပေမယ့် ၊ အသုံးပြုပုံလွဲနေတော့ လူတွေ ရဲ့ ချဉ်ဖတ် ဖြစ်သွားရတာ ဖြစ်မည်။ တိုက်နား လမ်းနား ရောက်မှ ရုတ်တရက် စက်ဖွင့်ပြီး အော်တာက ရှိသေးသည်။ နှလုံးရောဂါ ရှိသူ၊ ကျန်းမာရေး မကောင်းသူ၊ ဒါမှမဟုတ် သက်ကြီးရွယ်အိုတွေ အိပ်နေက ရုတ်တရက် လန့်နိုးသော် ဘယ်လောက် အထိတ်တလန့် ဖြစ်မည်နည်း၊ လော်စပီကာက တန်ဘိုးရှိပါသည်။ သူ့ကို မသုံးပဲ နေလို့ မရတဲ့ အလုပ်တွေ ရှိပါသည်။ သို့သော် တန်ဘိုးတည့်အောင်၊ နားခံသာအောင် သုံးတတ်ဖို့ လိုနေတာဖြစ်သည်။ အဓိကကတော့ လူတွေပါပဲ။
                    ထိုင်းနိုင်ငံရဲ့ ဒုတိယမြို့တော် ချင်းမိုင်မှာ ရပ်ကွက်တိုင်း၊ လမ်းတိုင်း၊ ဈေးတိုင်းမှာ လော်စပီကာ ရှိပါသည်။ အမြဲလိုလို တပ်ထားတာဖြစ်သည်။ သို့သော် အမြဲလိုလို ဖွင့်ထားတာ မရှိပါ။ သူ့ကို လိုတဲ့ အချိန်မှာ သုံးတာ ဖြစ်သည်။ သုံးတာတောင်မှ လော်စပီကာသုံးစရာရှိလို့ သုံးတာပဲ ဆိုကာ ဂွီဂွီဂေါ်ဂေါ် အသံတွေ ဆူညံပြီး စက်ကို ကလိနေတာမျိုးကို မိုက်ဖွင့် မသုံး။ လုပ်စရာရှိတာ ချိန်ဆပြီးမှ ၊ အခြားလူတွေ မကြားအောင် လုပ်ပြီးမှ မိုက်ဖွင့်သုံးတာဖြစ်သည်။ ရုတ်တရက် လော်စပီကာအသံထွက်လာပြီး လန့်ဖြန့် မသွားအောင် သီချင်းအေးအေးကို ဖြေးဖြးညင်ညင်သာသာ စဖွင့်သည်။ ကြားရသည့် ရပ်ကွက်သူရပ်ကွက်သား၊ လမ်းသူလမ်းသားအပေါင်းက " ဟော ရပ်ကွက်က လော်စပီကာဖွင့်တယ်၊ ဘာများ ပြောမလို့ပါလိမ့်၊ ဘာကိစ္စရှိပါလိမ့်" သေသေချာချာ နားစိုက်ထောင်ကြရသည်။
 ရပ်ကွက်အတွင်းက မိဘညီအကိုမောင်နှမများခင်ဗျား ဆေးရုံကဆရာဝန်တွေ မျက်မှန်လာလုပ်ပေးပါမယ်၊ အသက်(၄၀) နဲ့အထက်တွေ ဘယ်နေ့ ဘယ်အချိန် ဘယ်နေရာကို လာကြပါ၊ ဒါမှမဟုတ် ခြင်ဆေး၊ ပိုးဟတ်နှိမ်နင်းဖို့ ဆေးတွေ ဝေပါမယ်၊ ဒါမျိုး၊ တခါတလေ ဒီနေ့က ဘာနေ့ထူးနေ့မြန်မို့ အပင်လေးတွေ ဝေပါမယ်၊ စိုက်ပျိုးဖို့ အပင်ပေါက်လေးတွေ ရပ်ကွက်ရုံးမှာလာယူနိုင်ပါတယ်၊ တခါတလေ ခွေးတွေ ကာကွယ်ဆေး ထိုးပေးမှာမို့ ကိုယ့်အိမ်ကခွေးတွေ ဆေးလာထိုးဖို့ ဘုန်းကြီးကျောင်းကို ဘယ်အချိန်လာကြပါ ဒီလို ကြေညာတတ်သည်။
၂၀၁၁ခုနှစ် ထိုင်းနိုင်ငံတဝှမ်း ရေကြီးစဉ်က ရပ်ကွက်တွေမှာ လော်စပီကာနေ ရေမှတ်ဘယ်ကို ရောက်နေပါပြီ။ ရေကြီးနိုင်ပါတယ် စသဖြင့် ကြေညာပေးနေပြီး ရပ်ကွက်ထဲကို ရေဝင်လာတော့မယ့် နေ့မှာ ဒီနေ့ ရေတက်လာမှာ ဖြစ်တဲ့ အကြောင်း ကြေညာလို့ အချိန်မီ နေရာ ပြောင်းကြရသည်။ တချို့ နှစ်ထပ်တိုက်တွေက အပေါ်မှာ နေလို့ ရတဲ့အတွက် မပြောင်းပဲ အပေါ်ထပ်မှာပဲ နေခဲ့ကြတဲ့အခါ လော်စပီကကနေပဲ တာဝန်ရှိသူတွေက အချိန်နဲ့အလိုက်  စားစရာ၊ သောက်ရေ၊ ဆေးဝါး ဝေနေတဲ့ အကြောင်း  ရေဘေးသင့်သူတွေ သိအောင်  ကြေညာပေးကြလေသည်။
             နောင်လည်း  မြစ်ရေတက်ချိန်ဆိုက ရပ်ကွက်ထဲ ဘယ်အချိန်ကြေညာမလဲ နားစွင့်ကြရသည်။ ကြေညာသံမကြားရက စိတ်အေးရသည်။
             ယခုလို သာမန်အချိန်မှာပင် အလှုအတန်းရှိက အလှုခံသည့်အကြောင်း ဘယ်နေရာမှာ လှုနိုင်ကြောင်း၊ အလှုပြီးက ဘယ်သူကဘယ်လောက် ငွေစာရင်းရွတ်ပြတာ (၁၅) မိနစ်အပြင် ပိုမကြာ ပြီး ပိတ်ထားလိုက်တာ ဖြစ်သည်။ နံနက်(၈)နာရီ တကြိမ်၊ ညနေ (၆)နာရီ တကြိမ် ရေဒီယို၊ ရုပ်မြင်သံကြားကနေ နိုင်ငံတော်သီချင်း ထုတ်လွှင့်ပေးရာ အဆိုပါ လမ်း၊ ရပ်ကွက် ကျောင်း ဈေးတွေရဲ့ လော်စပီကာကနေ နိုင်ငံတော်သီချင်းသံထွက်လာက ဈေးထဲလျှောက်နေသူ၊ လမ်းလျှောက်နေသူ လူအပေါင်းက ခေတ္တငြိမ်သက် အလေးပြုကြတာ ဖြစ်သည်။  လော်စပီကာကို စနစ်တကျဖြင့် အသုံးတည့် အောင် သုံးလို့ ရပါသည်။ သုံးလည်း သုံးရမည်သာ ဖြစ်သည်။
           ချင်းမိုင်က အကြီးဆုံး ဈေးကြီး ဖြစ်သည့် " ကာဒ်လုံ" ဈေးမှာ လော်စပီကာတွေ များစွာရှိသည်။ သို့သော် ဆူညံမနေပါ၊ မနက်စောစော တရားခွေ ဖွင့်တာ ကြားရသည်။ တရားသံကို ဈေးတွင်းကြားနိုင်အောင်ဖွင့်ပေးထားပြီး အသံကြားအေးချမ်းနေသည့် အနေအထားသာဖြစ်သည်။ ဈေးပိတ်ကာနီး  ဈေးသယ်ဈေးဝယ်တွေ အပြင်ထွက်ပေးဖို့ လော်စပီကာကနေ အသိပေးတာ ဖြစ်သည်။ အချင်းချင်း သတိပေးသလို တိုးတိုးသက်သာ သာ၊ မခံနိုင်အောင် အတင်းကုန်းအော်သည့် လေသံနှင့် အသံ( Tone) မမြင့်၊ မအော်၊ သတိပေးရုံသက်သက်၊ ရောင်းလို့မပြီးသူတွေ သတိတရ လော်စပီက အသံထွက်တာနှင့် ဈေးပိတ်ချိန် ရောက်ပြီ သိမ်းမှ ဆိုပြီး တန့်လှန့်ရုံသာ။ နှင်ထုတ်သလို နင်းကန် ဖွင့်ပြောတာမဟုတ်၊
              ရန်ကုန်၊ စမ်းချောင်းမှာ နေစဉ်က အလှုခံလာတာ  မလှုတဲ့အခန်းကို မော့်ကြည့်ပြီး လောစပီကာနဲ့ အဆက်မပြတ် အော်အော် နေတာ ၊ စောင်းသလို ချိတ်သလိုဖြင့် အလှုဒါနနဲရင် ဘယ်လိုဖြစ်မှာ ပြောဆိုကြတာ သတိရမိသေးသည်။ ဒါက ရုတ်တရက် ရပ်ကွက်ထဲ လှည့်လာတဲ့ လော်စပီကာအဖွဲ့၊ ပင်တိုင် လော်စပီကာဖွင့်တာက သတ်သတ် ရှိသည်။ အိမ်ရဲ့ အနောက်ဖက်မှာ ဟံသာဝတီဘူတာသို့ ဆင်းသည့် လမ်းကလေးရှိသည်။  အထက်ကြည့်မြင်တိုင်လမ်းကတဆင့် သွားရသည့် ဘတ်စ်ကားဂိတ်တွေရှိသည်။ ဒါ့ကြောင့် အဆိုပါ လမ်းကလေးမှာ လူသွားလူလာများသည်။ ဘူတာဘက်ကို ဆင်းတဲ့ တက်တဲ့ လမ်းကလေးဘေး ကုက္ကိုပင်အောက်မှာ အလှုခံမဏ္ဍပ်ရှိသည်။ လော်စပီကာက အဆိုပါ ကုက္ကိုပင်ပေါ်မှာ၊ မနက် (၄)နာရီထိုးတာနှင့် ဘွန္တော သဗုရိသသူတော်စင်အပေါင်းတို့ အစချီကာ ဖွင့်သည်။ ဒီဘက် ရပ်ကွက်က ဝန်ထမ်းတွေဆိုတော့ သူ့အသံကြားတာနှင့် အိပ်ယာထကြရလို့ အဆင်ပြေသည်။ အိမ်ရှင်မတို့ တနေ့တာ စကြရပြီ။ သူကတော့ သီချင်းသံတွေ ဆူညံအောင်မဖွင့်၊ ဥပသကာ အဘိုးကြီးတယောက်က နေ့စဉ် ဘုရားရှစ်ခိုးနှင့် ဇာတ်တွေ ပင်တိုင် ရွတ်တာဖြစ်သည်။ တယောက်ထဲ ပင်တိုင်ဆိုတော့ " ကွက်စိပ်" ဟောသလို နားထောင်လို့ အကောင်းသား၊ ဒါပေမယ့် ခက်တာက သူက မိုက်ကို လက်ကမချ၊
"  ဒီလိုနဲ့ သောနုတ္ထိုမုဆိုးကြီးဟာ....  ဟော လာပါပြီခင်ဗျ  သဒ္ဒါထက်ထက်သန်သန်နဲ့ကို ရောက်လာတဲ့ လူငယ်ကလေးခဗျာ့ ဘယ်လောက်လှုမလဲ မသိ အိတ်ကို နှိုက်နေတုန်းပေါ့ဗျာ ဟော တစ်ရာ ခင်ဗျ တစ်ရာ လှုပါမယ်တဲ့ နာမည်လေးပြော လိပ်စာကရော ..." စတဲ့ မေးမြန်းတုန်းကိုပဲ မိုက်ကမလွတ် ကြေညာနေတော့တာ ၊ နောက်ဆုံး သာဓု သာဓု သာဓု သုံးကြိမ်ကနေ ဆုတောင်းပေးလိုက်တာ နောက်လူလာမှရပ် ဒီလိုနဲ့ ဆဒ္ဒန်ဆင်မင်းဇာတ်ဟာ ဝါတွင်းသုံးလသာ ကုန်ရော ဇာတ်မသိမ်းနိုင်သေး၊ ဝါတွင်းသုံးလပြီးလို့ ဆွမ်းသိမ်းပွဲ တရက် ပြီးတာနဲ့ နောက်ရက်ကစ ကထိန်အတွက် အလှုဆက်ခံ ဆိုတော့ ဒီလော်စပီကာက အသံက နားယဉ်လို့ပင်နေလေသည်။ အခုခေတ် လော်တွေထက်စာရင် သူက ဆူဆူညံညံ အသံမဖြစ်ပဲ တယောက်ထဲ ပြောဟောနေတော့ နားခံသာတယ် ပြောရမည်၊ တခါတလေ ဇာတ်တော်ထဲ မပါပဲ သူဖာသာထည့်ပြောတဲ့ အကြောင်းတွေ ကြားရတဲ့အတွက် မီးဖိုချောင်မှာ ချက်ရင်းပြုတ်ရင်း ရယ်ရတာတွေ ရှိသည်။
                လော်စပီကာကို အသုံးပြုတာမှာ စနစ်တကျနဲ့ ပတ်ဝန်းကျင်အနှောင့်အယှက် မဖြစ်အောင် သုံးလို့ရတာပဲ ဖြစ်သည်။ သုံးခွင့်ရသူတွေက လက်ထဲ မိုက်ကရိုဖုန်းရောက်သည်နှင့် ပြောချင်တာတွေ ပြော၊ စက်ဆရာကလည်း မလိုအပ်ပဲ အသံကုန်တင် ကွဲအက် စူးရှ နားမခံသာတဲ့ အဖြစ်မျိုး တွေ မလုပ်ကြဖို့ လိုတာတော့အမှန်ပင်၊ ရပ်ကွက်ထဲ လှည့်တာမျိုး၊ ဖွင့်တာမျိုးက ပိုလို့ပင် ဆင်ခြင်ရပေမည်၊ ရုတ်တရက် စက်ဖွင့်လိုက်လို့ လူအများ လန့်သွားမလား ကိုယ်ချင်းစာ စိတ်မွေးဖို့လိုလေသည်။  လော်စပီကာဖွင့်ရသည့် အကြောင်းနှင့် ဆူညံနေတဲ့ သီချင်းသံတွေ ဖွင့်ရတာ ကိုက်ရဲ့လား တွေးခေါ်စဉ်းစားတတ်ဖို့လည်း လိုသေးသည်။ တရားခွေ ဖွင့်ထားတာ တရားရွတ်နေတာပဲ ဆိုကာ ရှိသမျှအသံနှုန်း တင်ထားဖို့လည်းမလိုပေ။ လူအိပ်ချိန်၊ အများသူငါ အနားယူချိန်၊ ကျောင်းသားတွေ စာကြည့်ချိန်၊ စာမေးပွဲအချိန် စသဖြင့် အသိတရားကိုယ်စီဖြင့် လော်စပီကာကို သူ့နေရာနဲ့သူ တန်ဘိုးရှိရှိ အသုံးပြုနိုင်ကြမယ်ဆိုရင်ဖြင့် လော်စပီကာအသံ ယောင်လို့တောင် မကြားချင်ဆိုသည့် အဖြစ်မျိုး မရောက်နိုင်ပါ၊ လိုအပ်လို့ အသုံးပြုပြီး စနစ်တကျ တန်ဘိုးရှိရှိ အသုံးချကြပါက  လော်စပီကနေ တို့တတွေ ဘာတွေသိရမလဲလို့ လူအများက မျှေ်လင့်လာသည့် အခြေအနေသို့ပင် ရောက်လာနိုင်ပါသေးတော့သည်။
ခိုင်ခိုင်စောလွင်