August 27, 2017

" ဘယ်ဆီကိုရောက်ရောက် ဘယ်လောက်ပဲဝေးဝေး "၂၈ရက် ဩဂုတ်လ ၂၀၁၇ခုနှစ် ဒီလှိုင်းစာစောင် အတွဲ(၆) အမှတ်(၃၃)


လူမှုကွန်ရက်မှာ ဓါတ်ပုံတပုံတွေ့လိုက်ရသည်။ မြို့ပတ်ရထားပေါ်မှာ လူနှစ်ယောက်အရက်သောက်နေတဲ့ပုံ၊ လူနှစ်ယောက်မှာ လူငယ်တွေ မဟုတ် အသက်အရွယ်အားဖြင့် အနည်းလေး လေးဆယ်အထက်လို့ မှန်းလို့ရသည်။ အတော်လေး စိတ်ဓါတ်ရင့်ကျက်နေရမည့် အရွယ်တွေ ဖြစ်သည်။ သူတို့ မြို့ပတ်ရထားပေါ်က ခုံတန်းပေါ်မှာ အရက်ပုလင်းထောင်ပြီး အရက် သောက်နေကြသည်။ ဓါတ်ပုံကို စာသားနဲ့ အတူ တွဲတင်ထားရာ " မြို့ပတ်ရထားပေါ်မှာ စည်းမဲ့ကမ်းမဲ့ လွတ်နေတဲ့ပုံ တာဝန်ကျ ရဲလည်း ရှိတယ် အရေးမယူဘူး ဒါလား ဒီမိုကရေစီ၊ တခါတခါ မြန်မာနိုင်ငံက လူတချို့ကို ကြည့်ပြီး စိတ်ကုန်တယ်၊ လွဲနေတယ်ဗျာ လွဲနေတယ်၊ ခြံထဲမှာပဲ မနေနဲ့ ခြံပြင်လည်း ထွက်ကြပါ၊ သူတပါးတိုင်းပြည်မှာ ဘယ်လိုနေထိုင်ပြောဆို လုပ်ကိုင်စားသောက်လဲဆိုတာလေ့လာပါ" တဲ့ သူ ရေးထားတာ ဖတ်မိပြီး ဒီနှစ်အစမှာ စာသွားသင်ရင်း ရောက်ခဲ့ရသည့် ချင်းမိုင်မြို့ပြင်က မြန်မာဆောက်လုပ်ရေး အလုပ်သမားတွေ နေထိုင်သည့် camp စခန်းဆီက မြင်ကွင်းကို မြင်ယောင်မိလေသည်။
ကျမ စာပြနေတဲ့ ကျောင်းကနေ ပရိုဂရမ်အသစ်တခုကို ဒီစာသင်နှစ်မှာ စပါသည်။ ကျမတို့ကျောင်း တနည်းအားဖြင့် ဖောင်ဒေးရှင်းရဲ့ အဓိက ရည်မှန်း ထားရာက ရွှေ့ပြောင်းအလုပ်သမားတွေရဲ့ ဘဝကို ပြောင်းလဲပေးနိုင်ဖို့ အလုပ်ခွင်နဲ့ ပညာရေးကြား ပညာရေးတံတား ထိုးပေးပြီး လျှောက်လှမ်းနိုင်သည့် အစီအစဉ် ဖြစ်သည်။ ထိုင်းနိုင်ငံကို အကြောင်းအမျိုးမျိုးနဲ့ ရောက်လာကြသည့် လူငယ်အများစု ရှိကြသည်။ အချို့မှာ စာကောင်းကောင်း မသင်ခဲ့ရသလို အချို့ကတော့ အလယ်တန်း၊ အချို့ကတော့ အထက်တန်းအထိ တက်ရောက်ခဲ့ကြပြီး ကျောင်းပညာကို ဆက်လက်သင်ယူခွင့် မရရှိတော့ပဲ ဝမ်းရေးအတွက် တဖက်နိုင်ငံကို ရောက်လာကြသည်။ အချို့က မိမိရပ်ရွာမှာ စစ်ဘေးကြောင့် ဘယ်လိုမှနေမရတဲ့ အတွက် စွန့်စားကာ တဖက်နိုင်ငံအသီးသီးကို ထွက်လာကြသည်။ ထိုလူငယ်တွေ ထဲကမှ ကျောင်းပညာကို အလုပ်တဖက်ဖြင့် သင်ယူကြရင်း တက္ကသိုလ်အဆင့်အထိ လှမ်းနိုင်ကြသူများ ရှိလာပြီဖြစ်သည်။ ကျောင်းကနေ တဆင့် ထိုင်းတက္ကသိုလ်အသီးသီးတက်ရောက်ပြီး ဘွဲ့ရသွားသည့် လူငယ် ဆယ်ဂဏန်းပင် ရှိလာပြီဖြစ်သည်။ တက္ကသိုလ်တက်ဆဲက (၇၆) ယောက် ရှိသေးသည်။ ယခုနှစ် စာသင်နှစ်မှာ စတဲ့ အစီအစဉ်ကတော့ မြန်မာပြည်ကနေ ထိုင်းနိုင်ငံကို ရောက်လာတဲ့အခါ ကလေးဘဝကနေ ရွှေ့ပြောင်းပါလာပြီး ထိုင်းကျောင်းမှာ ပညာဆက်သင်၊ ထိုင်းစကားသာ ပြောတတ် ထိုင်းလိုသာ ရေးတတ်ဖတ်တတ်ဖြစ်နေသည့် မြန်မာကလေးတွေအတွက် မြန်မာဘာသာစကားကို ရေးတတ် ဖတ်တတ်အောင် သင်ကြားပေးဖို့ ဖြစ်သည်။
တကယ်တန်း အဆိုပါ လူငယ်ကလေးတွေနေသည့်နေရာက မြို့ပြင်မှာ ရှိတာမို့ ကျောင်းရှိရာ နေရာသို့ စာလာသင်ယူဖို့ မဖြစ်နိုင်ပါ။ တနေ့လုံး ကျောင်းတက်ပြီး ကျောင်းဆင်းချိန်မှာ နောက်တခု ထပ်တက်ဖို့ တော်ရုံဇွဲဖြင့် မရနိုင်ပါ။ သို့သော် မြန်မာပြည်သားများပီသပါပေသည်။ ကျောင်းက ပြန်ရောက်သည်နှင့် သူတို့ကို လာသင်ပေးသည့် ရှမ်းဘာသာ၊ မြန်မာဘာသာတို့ကို အားတက်သရော သင်ယူကြလေသည်။ အဓိက ရည်ရွယ်ထားတာ လူငယ်တွေ ဖြစ်သည့်အတိုင်း အသက် ( ၁၅)နှစ်မှ အထက် ဖြစ်ရာ အချို့ကလေးများမှာ အသက်( ၅)နှစ်ကနေ (၁၀) နှစ်ဝန်းကျင်ပေမယ့်လည်း မြန်မာစာသင်လိုကြရာ သင်ပေးရလေသည်။ အဆိုပါကလေးတွေက သူတို့မိဘတွေ ထိုင်းနိုင်ငံကို ရောက်ပြီးမှ မွေးကြသည့် ကလေးတွေ အများစု ဖြစ်ကြလေသည်။ ချင်းမိုင်မှာ ရှိတဲ့ အိမ်ယာဆောက်လုပ်ရေးမှာ နာမည်ကျော် ဆောက်လုပ်ရေး လုပ်ငန်းကြီး တခုဖြစ်သည့် "ကန်ကနုတ်" ဆိုသည့် ဆောက်လုပ်ရေးလုပ်ငန်းခွင်မှာ မြန်မာပြည်သား အလုပ်သမားတွေ များစွာ ရှိသည်။ ဆောက်လုပ်ရေးလုပ်ငန်းက လုပ်ငန်းများ စဉ်ဆက်မပြတ် လုပ်ကိုင်နေရရာ အလုပ်သမားများကို အိမ်ယာဆောက်လုပ်နေသည့် ပတ်ဝန်းကျင်က သူဌေးပိုင် မြေမှာ ခေတ္တနေထိုင်ခွင့်ပေးထား သည်။ ၎င်းတို့အတွက် အလုပ်သမားလိုအပ်သည့် ပြဿနာမဖြစ်အောင် အလုပ်သမားများကို တစုတည်း စုဆောင်းထားသည့် သဘောဖြစ်သည်။
အဆိုပါ အလုပ်သမားများမှာ ဆောက်လုပ်ရေးလုပ်ငန်းခွင်တွင် လုပ်ကိုင်ရင်း စုရပ်အဖြစ် အဆိုပါ ကမ့်မှာ နေထိုင်လာရာ (၁၀) နှစ်ကျော်လာပြီ ဆိုလေသည်။ အိမ်ယာအသစ်များ ထပ်မံဆောက်လုပ်သည့်နေရာက အနည်းငယ် လှမ်းသည့် နေရာသို့ ရောက်သွားသော်လည်း နေထိုင်ရာ ကမ့်ကနေ ကားတွေဖြင့် စုဝေးသွားရောက်ပြီး လုပ်ကိုင်ကြ၊ ညနေ အလုပ်သိမ်းသည့်အခါ ကြိုပေးသည့် အလုပ်သမားကားတွေဖြင့် ပြန်လာကြဖြင့် ကမ့်တွေမှာ ဆက်လက်ပြီး နေထိုင်ခွင့်ရနေကြတာ ဖြစ်သည်။ သို့ဖြစ်ရာ အသက်(၁၆)နှစ်အရွယ် ရှိသည့် ကလေးဆိုက သူ(၆)နှစ်အရွယ်က မိဘတွေနဲ့ အတူ မြန်မာပြည်ကနေ ပါလာတာလို့ မှန်းလို့ရသလို၊ အသက်( ၇) နှစ် ရှစ်နှစ်ခန့် ရှိသည့် ကလေးဆိုက အလုပ်သမားကမ့်ကို ရောက်ရှိပြီးမှ မွေးကြတာလို့ ခန့်မှန်း၍ ရလေသည်။ အားလုံးသော ကလေးတွေကတော့ မြန်မာစကားလုံးဝ မပြောတတ်ကြတော့ပေ။
အဆိုပါ ကလေးတွေမှာ ချင်းမိုင်မြို့ပြင်မှာ ရှိသည့် အလုပ်သမား ကမ့်မှာ နေထိုင်ရရာ သူတို့ ဆီအရောက် သွားရောက်သင်ပေးနိုင်မှ အဆင်ပြေသဖြင့် မိုဘိုင်းပညာရေးစနစ်ကို စတင်ဖြစ်ခဲ့လေသည်။ မြို့တွင်းကနေ (၁၄) ကီလိုမီတာ ခန့်ဝေးသည့် အဆိုပါ နေရာကို ကားဖြင့် နာရီဝက်နီးပါး သွားရလေသည်။ ကလေးတွေကလည်း အားတက်သရော ပညာသင်ယူလိုကြလေသည်။ နေထိုင်ရသည့် အလုပ်သမားကမ့်မှာ မိသားစု (၉၆) စုရှိသည်တဲ့၊ လမ်းမြေက ရွှံမြေ၊ တွင်းတွေ ချိုင့်တွေ များစွာရှိသည်။ လမ်းခင်းပေးမထားပါ၊ အိမ်ယာမဟုတ်သည့်အပြင် ခေတ္တနေဖို့ ပေးထားပြီး လုပ်ငန်းပြီးက ရွှေ့ရမှာမို့ အတည်တကျ သတ်မှတ်ထားတာမဟုတ်၍ဖြစ်သည်တဲ့။ ခေတ္တ နေဖို့ ထားသည့်နေရာမှာ ကိုယ့်မြန်မာပြည်သားတွေက ဟန်ကျပန်ကျ ရှေ့နောက်ပူပင်မှုမရှိပဲ နေနေကြတာ ဖြစ်သည်။ သွပ်ပြားစတြွေ့ဖင့် မိုးကာ ထားသည့် မြေစိုက် အခန်းကလေးတွေမှာနေကြသည်။ ဘုံ အိမ်သာ၊ ဘုံရေချိုးတဲ့နေရာ စသဖြင့် ရှိသည်။ အရွယ်ရောက်လာသည့် မိန်းကလေးတွေနေရာကနေ သူတို့ လုံခြုံမှု ရှိကြရဲ့လား တွေးနေမိသည်။ အဆိုပါအလုပ်သမားကမ့်ထဲကို ဝင်လိုက်သည်နှင့် မျက်နှာစာတန်းမှာ ဘုံဆိုင် ( အရက်ဆိုင်) ကို တန်းကနဲ မြင်ရသည်။ အလုပ်သမားတွေ ဆောက်လုပ်ရေးလုပ်ငန်းခွင်ကနေ ပြန်လာကြသည်နှင့် အရက်ဆိုင်ထိုင်ကြသည်။ အချို့က အလုပ်သမားတွေ တင်လာသည့် ကားပေါ်ကနေ ဆွဲချနေရပြီ။ အိမ်ပြန်ရောက်လို့ ရောက်မှန်းပင်မသိ၊ အလုပ်ခွင်မှာကတည်းက သောက်လာကြပြီ။ ပင်ပင်ပန်းပန်းလုပ်လို့ရသည့် ငွေတွေမှာ တန်ဘိုးတွေကမနဲ၊ သူတို့ ဒါတွေကို စဉ်းစားမိရဲ့လားမဆိုနိုင်၊ သူတို့ ပတ်ဝန်းကျင်ဘေးမှာ နံရံအမြင့်တွေ ကာရံထားသည့် ဗီလာ( အိမ်ယာ) တွေကို လက်ညှိုးထိုးပြပြီး ဒါတွေ သူတို့ဆောက်ခဲ့တာပေါ့ ဆိုကြသည်။ လှပပြီး တန်ဘိုးရှိသည့် အိမ်တွေကို ဆောက်လုပ်ပေးကြပြီး သူတို့ကတော့ ဗွက်တွေ ရွှံ့တွေထဲ လူဖြစ်ရုံနေနေကြရလေသည်။
တရက် စာသင်ဖို့ အသွား ကားရှင်းသဖြင့် နာရီဝက်ခန့် စောရောက်သွားသည်။ စာသင်ဖို့ လုပ်ပေးထားသည့် အဆောင်လေးက သုံးထပ်သားအဟောင်းတွေကို ကြမ်းခင်းလုပ်ထားပြီး တဖက်ပိတ် ဝါးထရံကာလေး ရှိသည်။ စာသင်ရတာ လေတဖြူးဖြူးတော့ ရသည်။ အဆိုပါ ပေါက်ပြဲ ယိုင်နဲ့နေသည့် ဇရပ်လိုအဆောင်မှာ ဘုရားကျောင်းဆောင်လေးနှင့် ဘုရားဆင်းတုတော် တဆူရှိသည်။ ဒီလိုမြင်ရပြန်တော့ မဆိုးပါဘူးလို့ ကောက်ချက်ချမိသည်။ အဆိုပါ စောရောက်သွားသည့်နေ့က အဲဒီအဆောင်ပေါ်မှာ လူစုလူဝေးကို လှမ်းတွေ့လိုက်သည်။ စနေနေ့ ဖြစ်၍ အလုပ်ပိတ်ရက်ဖြစ်ရာ အလုပ်သမားတွေ အစည်းဝေး ဒါမှမဟုတ် ဆွေးနွေးပွဲ တခုခု လုပ်နေသလား တွေးရင်း အဆောင်အထိ လျှောက်သွားမိသည်။ အမျိုးသမီး အမျိုးသား နှစ်ဆယ်ကျော်ခန့် ရှိသည်။ အားလုံး ခေါင်းတွေ လည်ပြန်ကြည့်ပြီး တိုးတိုး တိုးတိုး စကားတွေ ပြောနေတာ မြင်မှ သူတို့ ဝိုင်းနေသည့် မြင်ကွင်းကို သေချာတွေ့ရတော့သည်။ ဖဲဝိုင်း နှစ်ဝိုင်း၊ အမျိုးသားတွေရော အမျိုးသမီးတွေပါ ဖဲရိုက်နေကြတာဖြစ်သည်။ ဆရာမလာတာ မြင်တော့ ဖဲချပ်တွေ ကပျာကယာ ကောက်ယူပြီး အလျိုအလျို ထွက်သွားကြသည်။ အချို့လည်း အတူပါသည့် ကလေးတွေကို ငေါက်ငန်းရင်း အချို့က ဘတ်(၂၀)တန်ကလေးကို လက်ထဲ ကျစ်ကျစ်ပါအောင် ဆုပ်လို့ မချင့်မရဲ ထွက်သွားကြလေသည်။
အဆောင်ပေါ် ကျန်ခဲ့သည့် ဆေးလိပ်တို ဆေးလိပ်ပြာ၊ အချိုရည်ဘူးခွံအချို့ မုန့်ထုတ်သည့် အိတ်အခွံတွေ ဟိုတစသည်တစ စတာတွေကို ကြည့်ရင်း ကိုယ့်လူမျိုးတွေ ဘယ်နေရာရောက်ရောက် ဘယ်နေရာ နေနေ နေချင်သလို နေကြတာ၊ စည်းလွတ်ဝါးလွတ် နေချင်တာ၊ ပရမ်းပတာ နေချင်ကြတာ စတာတွေ တောင်စဉ်ရေမရ တွေးနေမိသည်။ သူတို့မှာ မြန်မာပြည်ကနေ အခြေအနေအရပ်ရပ်ကြောင့် သူတပါး တိုင်းပြည် လာရောက် အလုပ်လုပ်နေကြသော်လည်း ကိုယ့်ဘဝကို ပြောင်းလဲအောင် တိုးတက်အောင် စိတ်ကူးမှ ရှိပါလေစ၊ ကိုယ့်အတွက်သာမက ကိုယ့်သားသမီးတွေ ရှေ့ရေး တွေးကြည့်ကြပါရဲ့လား ၊ သူတို့ ပြောနေကြတာ မြန်မာပြည်မှာ ဘာမှ မပြောင်းလဲသေးလို့ သူတို့လည်း ပြန်မရသေး ဆိုတာပင်၊ ပြောင်းလဲတယ်ဆိုတာ သူများက လာပြီး ပြောင်းလဲပေးရတာလို့ ထင်နေဟန်တူသည်။ ကိုယ်ကစလို့ ကိုယ့်မိသားစု အားလုံး ကောင်းသော အနေအထားတခုကို တဖြည်းဖြည်း ကျင့်ယူ ပြောင်းလဲပေးရမှာ၊ သူတို့ ဘဝတွေကို ကိုယ်တိုင် အရင်ဆုံး ပြောင်းလဲရမှာ မေ့နေကြဟန်တူသည်။ ဘဝပေးအခြေအနေအရ ဆင်းရဲကြပေမယ့် သန့်သန့်ရှင်းရှင်း စည်းကမ်းတကျ နေထိုင်တတ်တာကတော့ လူတဦးချင်း အမူအကျင့်နှင့်သာဆိုင်သည်။ ရသည့်လုပ်အားခကို ဖဲရိုက် အရက်သောက်ဖို့ သုံးလိုက်သည်ဆိုတာထက် ဖဲရိုက် အရက်သောက်သည့် အလုပ်ကို လွတ်လပ်၍ လွယ်လွယ်လုပ်နေကြသည့် ပုံစံမျိုးဖြစ်နေသည်။ လွတ်လွတ်လပ်လပ် နေထိုင်ရတာ ဒီမိုကရေစီအခွင့်အရေးမဟုတ်၊
" တကယ့် ဒီမိုကရေစီရဖို့ဆိုတာ ဒီမိုကရေစီ စနစ်နဲ့ ကိုက်ညီတဲ့ စိတ်ဓာတ်တွေ မွေးမြူနိုင်မှရမှာ။ ဒီလိုမွေးမြူနိုင်မှ ကျွန်မတို့ရဲ့ ဒီမိုကရေစီကလည်း တည်တံ့ခိုင်မြဲနိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် ကျွန်မတို့ စိတ်ဓာတ်တွေကို ပြုပြင်ဖို့လိုပါတယ်။ အင်္ဂလိပ်လိုပြောရရင် mindset ပေါ့နော်။ ကိုယ့်ရဲ့ အတွေးအခေါ်၊ အမြင်၊ အနေအထား၊ ရပ်တည်မှုအားလုံးပေါ့။ ဒါတွေကို မပြုပြင်ဘဲနဲ့ ဒီမိုကရေစီကို နိုင်ငံအတွက် အကျိုးရှိအောင်လုပ်လို့ မရပါဘူး။ ဒီမိုကရေစီ ဆိုတာ အခွင့်အရေးတွေပါလာပါတယ်။ "
ဩဂုတ်လ (၁၁)ရက်နေ့က နေပြည်တော်မှာ ကျင်းပတဲ့ မြန်မာ့ဒီမိုကရေစီ ကူးပြောင်းမှုဖြစ်စဉ် သုံးသပ်ဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားမှာ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တက်ရောက်မိန့်ခွန်းပြောကြားသည့် စကားထဲက ဒီစကားစုလေးကို သေချာ ပြန်သတိရမိလေသည်။ အဲဒီနေ့ကပဲ အစီအစဉ်ကြေညာသူ အမျိုးသမီးက အတိုင်ပင်ခံပုဂိုလ်ကို အမှာစကားပြောပေးဖို့ ကြေညာပြီးတဲ့နောက် လက်ခုပ်တီးပြီး ကြိုဆိုဖို့ ပြောတာမှာ အတိုင်ပင်ခံပုဂိုလ်ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်က အဲဒီလိုမျိုး သူမကြိုက်တဲ့အကြောင်း စကားမပြောခင် ထည့်ပြောသွားလေသည်။ အဆိုပါ အမျိုးသမီးလေးမှာ ပတ်ဝန်းကျင်လေ့လာမှု အားနည်းတာပဲလား၊ ဒီလို ကိစ္စတွေဟာ ပြောင်းလဲပစ်ရမယ်ဆိုတာ မသိလေသလား၊ ဒီလို အကြောင်းအရာတွေကို နိုင်ငံတော်အဆင့် အခန်းအနားမှာပင် ပြောင်းလဲရမှန်းမသိကြသေးတာ တွေ့မြင်နေရလေသည်။
အကျင့်ပါနေသည့် မကောင်းသည့် အမူအကျင့်တွေကို တဖြည်းဖြည်း ပြောင်းပစ်နိုင်မှ တယောက်ချင်းကနေ တအိမ်ထောင်၊ တအိမ်ထောင်ကနေ တရပ်ကွက်၊ တရပ်ကွက်ကနေတမြို့ ၊ တနိုင်ငံ အဆင့်ဆင့် ကောင်းသောအနေအထားကို ရောက်မှာဖြစ်လေသည်။
" တချို့တွေက ဒီမိုကရေစီအခွင့်အရေးတွေကို အပြုသဘောဆောင်တဲ့ပုံစံ၊ အပေါင်းလက္ခဏာဆောင်တဲ့ပုံစံနဲ့ သုံးစွဲကြပါတယ်။ တချို့တွေကတော့ ဒီလိုမဟုတ်ဘဲ ဒီမိုကရေစီအခွင့်အရေးတွေကို အနုတ်လက္ခဏာ ဆောင်တဲ့ပုံစံနဲ့ သုံးစွဲကြတယ်။ ဘယ်သူတွေက ဘယ်လို့သုံးစွဲနေတယ်ဆိုတာတော့ ပြည်သူပြည်သားတွေက သိမယ်လို့ ထင်ပါတယ်။ တချို့က နိုင်ငံမှာ ဒီမိုကရေစီ မရှိခဲ့တာ အင်မတန်ကြာခဲ့လို့ ကျွန်မတို့ နိုင်ငံသူနိုင်ငံသားတွေဟာ ဒီမိုကရေစီနိုင်ငံရေး နားမလည်ဘူးလို့ ထင်ကြပါတယ်။
ဥပဒေအရ၊ လုပ်ထုံးလုပ်နည်းအရ၊ အုပ်ချုပ်ရေးစနစ်အရ၊ နားမလည်တာရှိနိုင် ပါတယ်။ ဒါပေမယ့် ပြည်သူပြည်သားတွေဟာ မှန်ကန်မှုနဲ့ မမှန်ကန်မှု ကိုတော့ ခွဲခြားပြီး မြင်တဲ့သူက များပါတယ်။ ဒါကြောင့် ဒီမိုကရေစီပြုပြင် ပြောင်းလဲရေးဟာ မှန်ကန်တဲ့ ပုံစံနဲ့သွားနေသလား၊ မသွားဘူးလားဆိုတာ အသိဆုံးကတော့ ပြည်သူပြည်သားတွေပါပဲ။ မှန်ကန်တဲ့ပုံစံနဲ့ သွားရင်တောင်မှ အားလုံးဟာ ချက်ချင်း လက်ငင်း ကောင်းသွားဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ နေရာတိုင်းမှာလည်း အောင်မြင်မှု ရဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ အဖက်ဖက်က ကြိုးစားရ ပါတယ်။ တချို့ဆိုရင် ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကို အမြင်တစ်ခုတည်းနဲ့ပဲ မြင်ပါတယ်။ တစ်ဖက်ကနေပဲ မြင်ပါတယ်" တဲ့
လူမှုကွန်ယက်တွေမှာ တနေ့တပုဒ် မကောင်းရေးပေး၊ ဆဲပေးလို့ အခကြေးငွေတွေ ရယူထားသလား ထင်ရအောင် ပုံမှန် မကောင်းထိုင်ပြောနေသည့် လူတန်းစားတွေ ရှိသည်။ ထိုအထဲမှာ အမတ်ဟောင်းတယောက်မှာ အဆိုးဆုံးဖြစ်သည်။ အပြုသဘောဆောင်သည့် လက္ခဏာ တစုံတရာမရှိပဲ မီးကုန်ယမ်းကုန် ဒီမိုကရေစီအခွင့်အရေးကို အနုတ်လက္ခဏာဆောင်တဲ့ဘက်က သုံးစွဲနေတာဖြစ်သည်။ သူလဲ အသိပညာရှိပေမယ့် လွတ်လပ်ခြင်းကို တလွဲသုံးတဲ့ ပညာရေနိမ့်ပါးတဲ့ အလုပ်သမားတွေနဲ့ အတူတူပင်၊ တိုင်းပြည်ရဲ့ အပြောင်းအလဲမှာ ကိုယ်ကစလို့ ခက်ခဲသည့် ဘဝအခြေအနေကနေ စားဖို့ နေဖို့ ရတဲ့အခိုက်အတန့် နောင်အနာဂတ်အတွက် ကောင်းသောပြောင်းလဲခြင်းတွေ ဖြစ်အောင် လွတ်လပ်ခြင်းအရသာကို တန်ဘိုးရှိရှိ အသုံးချကြစေလိုပါသည်။ ဘယ်နေရာမှာပဲနေနေ ဘယ်ဆီကိုပဲရောက်ရောက် လွပ်လပ်ခြင်းကို စည်းမဲ့ကမ်းမဲ့ တလွဲ သုံးနေသ၍ ကောင်းမွန်တဲ့ လူမှုပတ်ဝန်းကျင် ဖြစ်လာမှမဟုတ်တာသေချာလေသည်။
ခိုင်ခိုင်စောလွင်

August 20, 2017

" အတိတ်ရဲ့ ဒါဏ်ရာတခု"၂၁ရက် ဩဂုတ်လ ၂၀၁၇ ဒီလှိုင်းစာစောင် အတွဲ(၆) အမှတ် ( ၃၂) မှ


ကိုယ်လက်တွေ နာကျင်ကိုက်ခဲပြီး ဖျားချင်ချင် ဖြစ်တာနဲ့ ပါရာစီတမောတလုံးသောက်ပြီး ဆေးရုံသွားပြလိုက်သည်။ ဆေးအရှိန်ကြောင့် အဖျားသွေးပျောက်သွားဟန်ထင့်၊ ဆရာဝန်နဲ့ တွေ့တဲ့အချိန်မှာ အဖျားမရှိတော့ပါ၊ ဆရာဝန်လည်း ချောင်းဆိုးသလား နှာစေးသလား မေးရိုးမေးစဉ် မေးခွန်းတွေ မေးပြီး ဆေးပေးလိုက်သည်။ ဆေးယူတဲ့အခန်းမှာ ဆေးသွားယူတော့ ဝန်ထမ်းဖြစ်သူ အမျိုးသမီးက ဆေးသောက်ရမည့် အညွှန်းစာရွက် ကပ်ထားတာ ပြရင်း နှုတ်ကလည်း ထပ်မံရှင်းပြသည်။ ပါရာစီတမော အလုံး(၂၀)ပါ တအိတ်၊ ချွဲပျော်ဆေး bisolvon (၁၅)လုံးပါ ပလတ်စတစ်ထုတ်တထုတ်၊ နှာစေးပျောက်ဆေး Maxiphed (၁၀)လုံးပါတအိတ်၊ ချောင်းဆိုးပျောက်ဆေး Dextrome( ၁၀)လုံးပါ တအိတ် စုစုပေါင်း ဆေးလေးမျိုး ပေးလိုက်သည်။ ငွေကြေး တပြားတချပ်မှ မပေးခဲ့ရပါ။ ထိုင်းအစိုးရက တယ်ဟုတ်ပါလား ၊ ဆေးဝါးကုသမှုစားရိတ် အလကားပေးနိုင်တယ်လို့ ယူဆက မမှန်ပါ၊ ထိုင်းနိုင်ငံသာမက ကမ္ဘာအဝှမ်း ချမ်းသာသည့် နိုင်ငံများ အပါအဝင် နိုင်ငံတိုင်းမှာ ဆေးဝါးကုသမှု စားရိတ်အတွက် ကျန်းမာရေးအာမခံ ဆိုတာ ပြည်သူတိုင်းက ကြိုတင်ပေးသွင်းထားရတာဖြစ်သည်။
ဆေးရံကနေ အိမ်ပြန်အရောက် စိတ်ပြေလက်ပျောက် ဖေ့စ်ဘွတ်ဝင်ကြည့်မိတဲ့အခါ လူအတော်များများ ပြောနေကြသည့် ခေါင်းစဉ်က ချပ်သင်း တဲ့၊ ဒါနဲ့ မနက်ကတော့ ဗီဒီယိုဖိုင်တခု တွေ့လိုက်မိပြီး မျက်နှာထားရိုးရိုးရှင်းရှင်း သိမ်သိမ်မွေ့မွေ့နဲ့ လူတယောက်က မတ်တတ်ရပ်အနေအထားနဲ့ရှိနေတာမှာ မျက်နှာချင်းဆိုင်က လူငယ်ကလေးတယောက်က နွဲ့နွဲ့လျလျ လျှာအပြားလိုက် သွားစေ့ပြီး ပြောတဲ့ လေသံနဲ့ လုပ်ပြောပြော နေတာမြင်ရလို့ စိတ်ပျက်စွာ မကြည့်ပဲ ကျော်သွားခဲ့သည့် ဗီဒီယိုဖိုင် ဖြစ်နေသည်။ အခုခေတ် ယောင်္ကျားလေး မိန်းကလေး အတော်များများ စကားပြောတာ မိန်းကလေးနဲ့ ယေင်္ကျားလေး ပြောပုံဆိုပုံ လေယူလေသိမ်း မကွာကြတာ သတိပြုမိသည်။ လူထုဒေါ်အမာ ရေးသည့် အမေ့ရှေးစကားထဲက စာတွေ သတိရမိလေသည်။ တချိန်ကတော့ ကြည်လင်ပြတ်သားသည့် ပြောဆို တင်ဆက်မှုမျိုးကို ရေဒီယို ရုပ်မြင်သံကြားတွေကနေ မှတ်သား အတုယူလို့ရသည်။ ယခုခေတ်ကတော့ အက်ဖ်အမ်မ် တွေမှာ ပြောနေကြတာ ယေင်္ကျားမိန်းမ ချွဲပစ်နေကြသည့် လုပ်သံတွေ များလှရာ ခေတ်ကာလ လူငယ်အချို့ ဒီလိုပုံစံတွေ အတုခိုးပြောတာ မဆန်းလှလို့ ဆိုရမည်။
" ချပ်သင်း" တိုက်နယ်ဆေးရုံမှာ အဆိုပါလူငယ်ကလေးတွေ ဖွင့်ထားသည့် ပြင်ပစာသင်စောင်က ကျောင်းသူကလေးတွေ ဆေးခန်းလာပြရာက အဆင်မပြေဖြစ်တာတွေကို တိုက်နယ်ဆရာဝန်ထံ လာရောက်ပြောပြနေတဲ့ ဗီဒီယိုဖိုင် ဖြစ်သည်။ အဓိက ပြဿနာက ဆေးရုံမှာ ဆေးဝါးမလုံလောက်တာ၊ ဆေးရုံမှာ ဆေးမရှိပေမယ့် အပြင်မှာ ဝယ်လို့ရနေတာ၊ နောက်တခုက တိုက်နယ်ဆရာဝန်လေးရဲ့ ပြင်ပဆေးခန်းမှာ ကုသရင် တန်ရာတန်ကြေးကျသင့်စွာပေးနိုင်က ကုလို့ ရတာ ဒါတွေကို ပြောဆိုနေကြတာ ဖြစ်သည်။ ဗီဒီယိုဖိုင်ကိုကြည့်ပြီး စနစ်ဆိုးရဲ့ သားကောင်များ ဆိုသည့် စကားလုံးကိုသာ တွင်တွင်သတိရနေမိတော့သည်။ ဆေးရုံမှာ ဆေးဝါးမလုံလောက်တာ မြန်မာပြည် တနံတလျားရှိ ဆေးရုံတိုင်းလိုလိုပါ။ ချပ်သင်း တိုက်နယ် တခုထဲ မဟုတ်ပါ။ ရန်ကုန်မြို့က ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှာတောင် ဆေးဝါးပြည့်စုံလာတယ်လို့ ပြောစမှတ်ပြုကြတာ တနှစ်ဝန်းကျင်သာ ရှိပေအုန်းမည်။ ကျန်းမာရေးအသုံးစားရိတ်က ၂၀၁၂ ခုနှစ် တုန်းက လူတဦးချင်း GDP ရဲ့ ၂ရာခိုင်နှုန်း သာ ရှိခဲ့သည်။ ဆေးရုံမှာ ဆေးဝါးမလုံလောက်တာတင်မက အရက်ပြန်က အစ ဝယ်ရတယ် ဆိုတာမျိုးက ဖြစ်နေတာ ဆယ်စုနှစ် သုံးစုပင်မကတော့၊ ဆေးရုံမှာ တာဝန်ကျသည့် ဝန်ထမ်းတွေမှာ သူတို့လုပ်အားကို မရှိမဲ့ရှိမဲ့ ဆေးဝါးများကို အသုံးပြုရင်း အစွမ်းကုန် ကုသပေးကြပါလိမ့်မည်။ ကိုယ်တိုင်လုပ်ပိုင်ခွင့်ရမည့် ကိုယ်ပိုင်ဆေးခန်းမှာဆိုက ကိုယ့်ဘတ်ဂျက်နဲ့ကိုယ် လိုသည့်ဆေးတွေ ဝယ်ဖြည့် ကုသပေးက ဆေးရုံမှာ မရှိသည့်ဆေး မရသည့်ဆေးဖြင့် တတပ်တအား ကူညီ ကူသပေးရင်း ရပ်ရွာရဲ့ ကျန်းမာရေး ပြဿနာကို တဖက်တလမ်းက ဖြေရှင်းတာလည်း ရောက်သည်။ ဆေးရုံမှာ လာမကုနဲ့ ငါ့ဆေးခန်းလာလို့ ဘယ်ဆရာဝန်ကမှ ပြောမှမဟုတ်၊ သူတို့ သင်ယူခဲ့သည့် ဆေးပညာဘွဲ့ယူစဉ်ကတည်းက သူတို့ ကတိသစ္စာပြုပြီးသား။ ဆေးကူသသည့် ဆရာဝန်ဆိုတာ တော်ရုံ စိတ်ဖြင့် မလုပ်နိုင်၊
အဆိုပါ ဆရာဝန်မှာလည်း ဆေးရုံမှာ မဖြေရှင်းနိုင်သည့် ကုသမှုတွေကို သူ့ရဲ့ကိုယ်ပိုင်ဆေးခန်းမှာ ဖြေရှင်းပေးဟန်တူသည်။ စေတနာနှင့် အသပြာ တွဲမိတော့ အထင်လွဲစရာတွေ ဖြစ်ကြပြန်သည်။ ဆေးရုံမှာ ဆေးမရှိပဲ ဆေးခန်းကျ ဆေးရှိသည် ဖြစ်နေတာ၊ ဒါလည်း မြန်မာတနိုင်ငံလုံး ဒီလိုချည့်သာ။ ဆေးရုံတွေမှာ ဆေးမရှိပဲ ပြင်ပဆေးဆိုင်တွေမှာ ဆေးတွေတောင်ပုံယာပုံ ရှိနေသည်။ ငွေရှိက ဘာဆေးလိုချင်သလဲ နာမည်ပြော မရမရှိ။ ဒီလိုဖြစ်နေတာကိုက အလွဲတခု မဟုတ်ပါလား။ ဆေးကုသနေရသည့် စနစ်ကိုက အစိုးရဆေးရုံတွေကနေ ဝန်ဆောင်မှုရော ဆေးဝါးပါ အလကားပေးရသည့် စနစ်မျိုး ဖြစ်နေသည်။ ချမ်းသာသည့် တိုင်းပြည်များမှာပင် ဆေးရုံသွားပြ ဝန်ဆောင်မှုနှင့် ဆေးအလကားရတာ မရှိပါ။
ထိုင်းနိုင်ငံရဲ့ ကျန်းမာရေးစောင့်ရှောက်မှုက ကမ္ဘာ့အဆင့်မီရှိသည်။ မြန်မာလူမျိုးတွေသာမက အခြားတိုင်းပြည်အသီးသီးကပင် လာရောက် ဆေးကုသခံယူကြသည်။သို့ဖြစ်ရာ ထိုင်းပြည်သူတွေအတွက် ကျန်းမာရေး စောင့်ရှောက်မှုကဖြင့် အင်မတန်ပြည့်စုံမှု ရှိသည် ပြောရမည်။ ပြည်သူလူထုရဲ့ အဓိကလိုအပ်ချက်ကို ဖြည့်ဆည်းပေးဖို့ အကောင်အထည်ဖော်တာမှာ ကျန်းမာရေးစောင့်ရှောက်မှုအတွက် အစီအစဉ်ကောင်းတွေ ချမှတ်လုပ်ဆောင်နိုင်ခဲ့တာလည်း တခုအပါအဝင်ပင်၊ " အစိုးရဝန်ထမ်း၊ ပုဂလိကဝန်ထမ်းနှင့် ထိုင်းအစိုးရက တရားဝင်ခွင့်ပြုထားသည့် အဖွဲ့အစည်းအသီးသီးမှာ အလုပ်လုပ်ကိုင်ကြသည့် ဝန်ထမ်းနှင့် အလုပ်သမားများမှာ လစာဝင်ငွေရဲ့ ငါးရာခိုင်နှုန်းကို ကျန်းမာရေးအာမခံအဖြစ် လစဉ်ပေးသွင်းရလေသည်။ ဘတ်(၇၅၀) ထက်မပိုသော ပေးသွင်းမှုဟုဆိုရာ လခများသူလည်း (၇၅၀) ထက်တော့ ပိုမသွင်းရဟုဆိုလိုသည်။ ထိုသို့ အာမခံပေးသွင်းထားသူမှာ မိမိအာမခံထားရှိရာ ဆေးရုံကို သွားပြပါက ဝန်ဆောင်မှုအပါအဝင် ဆေးဖိုးဝါးခ ပေးရန်မလိုချေ။ ဆေးရုံတက်ရတာမျိုးနှင့် ခွဲစိတ်ကုသတာမျိုးတွေမှာပါ ပေးရန်မလိုပေ။ အာမခံထားချင်သည့် ဆေးရုံမှာ အစိုးရဆေးရုံသာမက ပုဂ္ဂလိက ဆေးရုံတွေမှာပါ ထား၍ ရလေသည်။ ဆေးရုံလာသည့်အခါ အာမခံကဒ်ပြလိုက်ရုံသာ။
အစိုးရဝန်ထမ်းမဟုတ်သည့် အခြားထိုင်းပြည်သူများအတွက်ကတော့ ဘတ်(၃၀) ဆေးကုသမှုဆိုတာ ရှိသည်။ အဆိုပါအစီအစဉ်ကို စတင်ခဲ့တာ အနှစ်(၃၀) ရှိပြီဟု ဆိုလေသည်။ ဘတ်(၃၀)ဖြင့် ဆေးဝါးကုသမှု ခံယူနိုင်သည့် သူတွေထဲ မြန်မာအလုပ်သမားတွေပါ အခွင့်အရေးရရှိပါသည်။ ထိုင်းနိုင်ငံကို လာရောက်အလုပ်လုပ်နေကြသည့် ရွှေ့ပြောင်းအလုပ်သမားတွေ ကျန်းမာရေးစောင့်ရှောက်မှု မရရှိက ထိုင်းအစိုးရမှာပါ နစ်နာမှုတွေ ရှိသည်။ ဒါ့ကြောင့် ကျန်းမာရေးစောင့်ရှောက်မှုကို တန်းတူပေးထားတာဖြစ်သည်။ ဘတ်(၃၀) ကဒ်ဖြင့်ပြက ဆေးရုံမှာ ဘတ်(၃၀)သာ ပေးသွင်းရတာဖြစ်သည်။ ဆေးဝါးကတော့ ဆေးရုံတိုင်းမှာ အပြည့်ရှိသည်။ ပြင်ပဆေးဆိုင်တွေမှာလည်း ဆေးတွေ ပေါပေါများများ ရှိသည်။ ဈေးနှုန်းလည်း ချိုသာသည်။ အကြောင်းက ဆေးဝါးအပေါ် ကောက်ခံသည့် အခွန်က မဖြစ်စလောက်သာ၊ အရက် ဆေးလိပ်အပေါ်ကောက်ခံသည့် အခွန်ကသာ အများဆုံးဖြစ်သည်။ ဒါ့အပြင် ထိုင်းပြည်တွင်းမှာပင် ဆေးဝါးမျိုးစုံ ထုတ်လုပ်နိုင်ရာ ပြည်ပမှဝယ်ယူရတာ အင်မတန်နည်းပါးသည့်အချက်က ဆေးဝါးလိုအပ်ချက် ပြည့်စုံနေမှုရဲ့ အဓိကအားသာချက်ဖြစ်သည်။
သာမန် ထိုင်းပြည်သူလည်းမဟုတ်၊ ထိုင်းအစိုးရဝန်ထမ်းလည်း မဟုတ်သည့် နိုင်ငံခြားသားများဆိုပါက ကျန်းမာရေး အာမခံ ဝယ်ယူခွင့်ရှိသည်။ ပုဂ္ဂလိက ကုမ္မဏီတွေမှာ ကျန်းမာရေးအာမခံ ထားရှိသူမှာ ဆေးရုံပြတာ ဆေးရုံတက်တာ ခွဲစိတ်တာ စသဖြင့် အဆင့်လိုက် ကျသင့်သလို အာမခံကုမ္မဏီက ပေးသွင်းပေးသည်။
ကျန်းမာရေးနှင့်ပတ်သက်၍ ဆေးရုံကို လူနာတယောက် ရောက်လာက ပထမဆုံးလုပ်ရာမှာက ကုသမှုလို့ ထိုင်းအစိုးရက ဆိုထားသည်။ ထိုင်းအစိုးရအဆက်ဆက် ပြောထုံးက ဆေးရုံကို လူနာရောက်လာခဲ့ရင် အဆိုပါလူနာမှာ ဘယ်သူလဲ ဘာတွေရှိလဲ ဆိုတာထက် အရင်ဆုံးကုသပေးလိုက်ပါတဲ့၊
အဆိုပါ စကားအမှန်ဆိုတာ မျက်မြင် ကြုံဖူးတာ နှစ်ခါရှိပါသည်။ ပထမတခါက ဆေးရုံမှာ စောင့်နေတုန်း အလုပ်သမားတယောက် လုပ်ငန်းခွင် မတော်တဆမှုဖြစ်ပြီး သတိမေ့လျက် ရောက်လာသည်။ သူနာပြု ဆရာဝန်နှင့် အခြားကျန်းမာရေးဝန်ထမ်းတွေ အရေးပေါ်အခန်းဖွင့်ပြီး ချက်ခြင်းကုသပေးသည်။ ဆေးထုတ်သည့်အခန်းပြေးပြီး ဆေးသွားထုတ်သူက ထုတ်၊ ပြေးပြေးလအားလွှား ကုကြသည်။ ပြီးမှ ဝန်ထမ်းတယောက်က လူနာနှင့်အတူပါလာသည့် အဖော်ကို မှတ်ပုံတင်ဌာနကို သွားပြီးစာရင်းသွင်းခိုင်းသည်။ ဆရာဝန်နှင့် သူနာပြုများ အခန်းထဲကနေ လိုတာတောင်း ဆေးအပါအဝင် ပစ္စည်းကရိယာ အသင့် ၊ လူနာစိတ်ချရပြီဆိုမှ ဆရာဝန်က ထွက်လာကာ လုပ်ဆောင်ရမှာတွေကို လူနာရှင်ကိုပြော၊ ငွေစကားကို ဆရာဝန်ကပြောစရာမလို၊ ဒီလောက်ကုန်မယ် တတ်နိုင်လား၊ ဒီဆေးက ဈေးကြီးတယ် ဆေးရုံမှာမရှိဘူး ဘယ်ဆေးခန်းမှာသွားဝယ် ပြောစရာမလို၊ ပြောတောင်ပြောဖူးကြရဲ့လားမသိ။ ဆရာဝန်က ကုသရေးသက်သက်၊ သူကုဖို့ လိုအပ်တာ အသင့် ၊
နောက်တယောက်ကတော့ မြန်မာပြည်ကနေ ချင်းမိုင်ကို အလည်လာတဲ့ မိတ်ဆွေတယောက်၊ ဆိုင်ကယ်မှောက် သတိလစ်ပြီး ဆေးရုံရောက်တာ အရေးပေါ်ခန်းထဲထည့်ပြီး လိုအပ်တာအကုန်ကုသမှုပေးထားသည်။ အသက်ကို မရရအောင် ကယ်ထားသည်။ အသက်ရှုနေပေမယ့် သတိမရသေး၊ ဘယ်သူကမှ ငွေရေးကြေးရေး တပြားမှ မပေးရသေးပဲ လူ့အသက်ကို ကယ်ရမည်ဆိုသည့် စိတ်ဖြင့် ကုသမှုကို ဦးစားပေးထားတာဖြစ်သည်။
ကျန်းမာရေးစောင့်ရှောက်မှုကိစ္စ စာရေးတဲ့အခါ အချက်အလက် မှားမှာဆိုးတဲ့အတွက် ထိုင်းလူမျိုး ဆရာမကို သေချာ မေးမြန်းရသည်။ သူက ကျန်းမာရေးစောင့်ရှောက်မှုမှာ ထိုင်းက မြန်မာထက်အများကြီးသာပါတယ်လို့ ပြောတာကို မှန်ပါတယ်လို့ ပြောလိုက်ရတာပါပဲ၊ စိတ်ထဲကတော့ သူတို့ကံကောင်းလိုက်တာ၊ တို့လူမျိုးတွေ ဘာလို့ ဒီလို အခွင့်အရေးမရကြတာလဲ လို့ တွေးနေမိသည်။ ကိုယ်တိုင်ပင် ထိုင်းရောက်ကာစက ဘာအာမခံမှုမှ မရှိတာကနေ မြန်မာရွှေ့ပြောင်းကျောင်းမှာ ဆရာမဝင်လုပ်တဲ့အခါ ထိုင်းအစိုးရက ပေးသည့် ကျန်းမာရေးအာမခံကို ရရှိခံစားခွင့် ရလေသည်။ လစဉ်အာမခံကြေး ဘတ်(၇၅၀) ပေးသွင်းရသည်။ ထိုင်းဆရာမက ပြောတာက ကိုယ့်ရဲ့အာမခံကို ကိုယ်တိုင်မသုံးရလို့ ကျန်းမာရေးကောင်းလေလေ ကုသိုလ်ပိုရလေပေါ့တဲ့၊ ဘာလို့လည်း ဆိုတော့ ဒီငွေတွေနဲ့ ဝေမျှပြီး ကုသပေးနေတာမို့ တခြားကုသဖို့လိုတဲ့သူတွေကို ကျန်းမာရေးစားရိတ် share ပေးတဲ့သဘောပေါ့တဲ့၊ အစိုးရက ဒီလောက်လူအများကြီး အလကား ဘယ်တတ်နိုင်ပါ့မလဲတဲ့၊ ဒါအစိုးရက ဖော်ဆောင်ထားတဲ့ ဝေမျှစနစ်တခုပေါ့လို့ ဆိုသည်။
ထိုင်းကျန်းမာရေးစောင့်ရှောက်မှုအတွက် အဓိက ထားသည့် ဆရာဝန်တွေ ပြောသည့်စကားတခွန်းက " When most doctors see patients they don't see schemes...... they treat diseases. "
ဘယ်သူပဲဖြစ်ဖြစ် ဘယ်နိုင်ငံသားပဲဖြစ်ဖြစ် ကိုယ့်အလုပ်ကို နောက်ဆံတင်းတင်း နဲ့ ပြည့်ပြည့်ဝဝ လုပ်ရက စိတ်အေးလက်အေး ရှိကြပေမည်။ မိမိအလုပ်ကို ကြောင့်ကျခပ်သိမ်းမရှိပဲ လုပ်နေရက လုပ်ငန်းခွင်ပျော်ရွှင်မှုရရှိမည်။ အဆိုးဆုံးဖြစ်သည့် ကိုယ့်အလုပ်ကို စော်ကားတာ ကိုယ့်ဋ္ဌာနကို စော်ကားတာမျိုးကို ဘာမှပြန်မပြောပဲ စိတ်လျှော့လက်လျှော့ ပြောချင်တိုင်းသာပြောကြပါလို့ လည်စင်းပေးနေရသည့် ဘဝတွေက လွတ်ချင်ကြသူချည့်သာ၊ အခုတော့ ငါဘယ်သူလဲ မင်းဘယ်သူလဲ ဆိုတာတွေကြားမှာ အပြစ်ရှိသူပမာ အပြုံးမပျက် ရပ်ပီး နားထောင်နေပေးရတဲ့ ဘဝတွေ ဘယ်လောက်တောင် ဘယ်အချိန်ထိ နေပေးနေကြရမှာပါလိမ့်။
ခိုင်ခိုင်စောလွင်

August 13, 2017

"ဇာတ်လမ်းတစ်ပုဒ် ပန်းလေးတစ်ဆုပ်"၁၄ရက်ဩဂုတ်လ ၂၀၁၇ခုနှစ် ဒီလှိုင်းစာစောင် အတွဲ(၆) အမှတ်(၃၁)မှ


အားတဲ့ရက်တွေမှာ ရုပ်ရှင်ဇာတ်လမ်းတွဲတွေ ကြည့်လို့ရအောင်ဆိုကာ သမီးတယောက်က ဇာတ်လမ်းတွဲလေးတွေ ဖုန်းပေါ်မှာ bookmark တင်ပေးထားသည်။ စာဖတ်ရာက အပြောင်းအလဲအဖြစ် ရုပ်ရှင်ဇာတ်လမ်းတွဲတွေ ကြည့်ရင်းက သမီးဖြစ်သူတင်ပေးထားတဲ့ ဇာတ်လမ်းတွဲတွေ ကုန်သလောက်နီးပါး ဖြစ်ကာ တကားသာ ကျန်တော့သည်။ ဇာတ်ကားနာမည်က Kill me, Heal me တဲ့ ၊ ဒီတခေါက်တော့ ပေါ့ပေါ့ပါးပါး ရုပ်ရှင်ကြည့်ရတဲ့ ခံစားချက်လေးပဲ ပြောတော့မယ်လို့ ကြည်ကြည်နူးနူး တွေးမိသည်။ ရုပ်ရှင်က ကြည်နူးစရာ ဇာတ်လမ်းမို့လားဆိုတော့ မဟုတ်ပြန်၊ စိတ်ရောဂါဆန်ဆန် ဇာတ်လမ်းပေမယ့် ကြောက်ရွံ့စရာ မပါပဲ ကြည့်ရတာ စိတ်ဝင်စားစရာ ကောင်းလှသည့်အပြင် နာမည်ကျော် မြန်မာရုပ်ရှင်မင်းသားတယောက်ကို သတိရစေသွားအောင် စွမ်းသည်လို့ ဆိုရပေမည်။
ရုပ်ရှင်ကြည့်တယ်ဆိုတာတောင် လူတယောက်နှင့်တယောက် မတူကြပေ။ တချို့က ထိုးခန်းသတ်ခန်း ဖိုက်တင်ခန်းမှ ကြည့်ရတာ ကြိုက်သလို တချို့က ရယ်စရာဟာသတွေမှ ကြိုက်နှစ်သက်ကြသည်။ သရဲကားမှ ကြည့်တတ်တဲ့ သဲထိတ်ရင်ဖို ကြိုက်သူမျိုးလည်း ရှိသေးသည်။ ကိုယ်တိုင်ကတော့ သွေးရဲရဲသံရဲရဲ အသာထား ကားတွေအပြိုင်မောင်းတာတောင် မကြည့်ရဲတာမို့ မိသားစုကို ဇာတ်အိမ်တည်ထားတာမျိုး နဲ့ ဒရမ်မာဇာတ်လမ်းတွေသာ ကြည့်ဖြစ်သည်။ ရုပ်ရှင်ကားတွေ ပို့ပေးတတ်တဲ့ သမီးဖြစ်သူကို မိသားစုပျော်စရာကားလေးတွေ များများရှာပေး ဆိုတော့ အဲဒီလို ကားမျိုးတွေ သိပ်မရှိပါ၊ ရှိတာတွေက ကြည့်ပြီးသားတွေ ဖြစ်လို့ နေပြီ ဆိုရာ သတ်တာဖြတ်တာ သွေးရဲရဲသံရဲရဲ မပါတာသာ ပို့ပေးလို့ တဆင့်လျော့ ပြောတဲ့အခါ kill me, Heal me ဆိုတဲ့ ဇာတ်လမ်းတွဲကို နာမည်ကြည့်ပြီး Kill မြင်တာနှင့် နောက်ချန်ခဲ့တာဖြစ်သည်။
တကယ်တန်း ကြည့်လိုက်တဲ့အခါမှာ အပိုင်း(၂)လောက် အရောက်မှာပဲ နာမည်ကျော် ရုပ်ရှင်သရုပ်ဆောင် အဆိုတော် ထုတ်ဝေသူ ဇာတ်ညွှန်းဆရာ စာရေးဆရာ ဒါရိုက်တာ ဝင်းဦးကိုယ်တိုင် သရုပ်ဆောင် ရိုက်ကူးသည့် " ဆောင်းအိပ်မက်" ရုပ်ရှင်ကို သတိရသွားလေတော့သည်။ ကိုရီးယားဇာတ်လမ်းတွဲကို ပြီးဆုံးအောင်တော့ မကြည့်ရသေးပေမယ့် ဇာတ်လမ်းတွဲ ထက်ဝက်ကျိုးတဲ့ အချိန်မှာ အဆိုပါ ဇာတ်လမ်းက ဝင်းဦး ပထမဆုံးအကြိမ် အကယ်ဒမီ ရသွားတဲ့ " ဆောင်းအိပ်မက်" ဇာတ်လမ်းပဲလို့ တထစ်ချ ပြောလို့ရလေသည်။ ဒီလိုဖြင့် ဝင်းဦးက အဆိုပါ ကိုးရီးယားဇာတ်လမ်းတွဲကို များ ကော်ပီကူးလိုက်သလားလို့ စိတ်ကူးနဲ့တောင် တွေးစရာမလိုပါ။ ဘာ့ကြောင့်လဲဆိုတော့ ကိုရီးယားဇာတ်လမ်းတွဲက နှစ်နှစ် သုံးနှစ်ခန့်သာ ရှိသေးပြီး ဝင်းဦး ကွယ်လွန်သွားတာပင် (၂၉) နှစ် ရှိခဲ့ပြီမဟုတ်ပါလား။
ဝင်းဦးရဲ့ နာမည်ကျော် ကျောက်မဲအကျဉ်းသားကဲ့သို့ ဇင်းဒါးအကျဉ်းသားကို မှီငြမ်းခဲ့သလို ဇာတ်လမ်းဖြစ်ခဲ့ပါလိမ့်မည်။ ယခင်ခေတ် ရုပ်ရှင်အတော်များများမှာ မှီဲငြမ်းဖြစ်ပေမယ့် ပုံတူ ထပ်တူ ဖြစ်မနေ၊ မြန်မာလူမျိုးတို့ လိုက်ပါခံစားနိုင်သည့် ဇာတ်လမ်းဇာတ်ကွက်မျိုး ဖြစ်အောင် ဖန်တီးခဲ့ကြလေသည်။ရုပ်ရှင်ကြည့်နေရင်း နိုင်ငံခြားဇာတ်လမ်းတခုခုကို မှီငြမ်းထားတာလို့ ခံစားချက်ဖြစ်မနေပေ။ အဆိုပါ" ဆောင်းအိပ်မက်" ရုပ်ရှင်ကို ၁၉၆၇ခုနှစ်မှာ ရိုက်ကူး ထုတ်လုပ်ခဲ့ပြီး ဝတ္ထုဇာတ်ညွှန်း ဒါရိုက်တာ သရုပ်ဆောင် ဝင်းဦး ဖြစ်သည်။ တကားလုံး ဝင်းဦး ဖန်တီးချက်ချည့်ပင်ဖြစ်သည်။ ဝင်းဦးနှစ်ကိုယ်ခွဲကာ သရုပ်ဆောင်ထားပြီး အဆိုပါ ဇာတ်ကားဖြင့် အကယ်ဒမီဆွတ်ခူးရရှိသွားလေသည်။ " ဆောင်းအိပ်မက်" ရုပ်ရှင်ရုံတင်စဉ်က တစ်နှစ်ခွဲသာသာအရွယ်သာ ရှိသေးတာမို့ မကြည့်ခဲ့ရပေမယ့် ရုပ်မြင်သံကြားပေါ်ကာစ ၁၉၈၂ခုနှစ် ဝန်းကျင်မှာ တနင်္ဂနွေနေ့တိုင်း မြန်မာရုပ်ရှင်ဇာတ်လမ်းဟောင်းတွေ ပြန်ပြတာမှာ ကြည့်ခဲ့ရပြီး အင်မတန်ကြိုက်ခဲ့ရသည့် ဇာတ်လမ်းတပုဒ်ဖြစ်ခဲ့သည်။
အနက်ရောင်ကိုသာ ဝတ်ဆင်ခဲ့သည့် ဇော်မင်း ၊ သူက စရိုက်ကြမ်းကြမ်း၊ ကျော်မင်း ဖြစ်သွားပြန်တော့ နူးနူးညံ့ညံ့ ၊ လူတကိုယ်စိတ်နှစ်မျိုး ဖြင့် စိတ်ဝေဒနာခံစားနေရသည့် ခေတ်ပညာတတ် ထက်မြက်သည့် လူငယ်တယောက်အကြောင်း ရင်တထိတ်ထိတ်ကြည့်ခဲ့ရတဲ့ ခံစားမှုပင်ပြန်ပေါ်လာသည်။ အစပိုင်းမှာ အမွှာညီအကို လို့ထင်ပြီး လူနှစ်ယောက်လို့ ထင်ထားနိုင်အောင် သရုပ်ဆောင်တာတွေ ကောင်းလှသည်။ နောက်မှ လူတယောက်ထဲ ဖြစ်နေတာ တဖြည်းဖြည်း ပရိတ်သတ်က သိလာရသည်။
ဇာတ်လမ်းကျောရိုးတူနေသည့် ဇာတ်လမ်းတွဲကို ကြည့်မိပြီး နှစ်ပေါင်းများစွာက ရုပ်ရှင်ကို မမေ့မလျော့ တကွက်ချင်း ပြန်သတိရစေတာက ကိုယ်တိုင်မှတ်ညဏ်ကောင်းတာထက် ဖန်တီးသူတို့ရဲ့ အစွမ်းက ပိုလို့ပင် အားသာမှုကြောင့်လို့ ပြောရပေမည်။ ဒါ့ကြောင့် လူ့ဘဝမှာ အနုပညာရဲ့ လွှမ်းမိုးမှုက ပိုအားသာချက်ရှိတယ်လို့ ပြောရမည်၊ အဆိုပါ အားသာချက်ကို အခွင့်ကောင်းယူပြီး အကျိုးရှိအောင် လုပ်နိုင်ပါက ကောင်းကျိုးအထွေထွေ ရမှာဧကန်မလွဲလို့ တွေးနေမိသည်။
ဇာတ်လမ်းကို ကြိုက်ခဲ့တာတင်မက ဇာတ်ဆောင်စရိုက်တို့ရဲ့ လွှမ်းမိုးမှုက ယခုလို နှစ်ပေါင်းများစွာ ကြာလာသည့်အချိန်တိုင်အောင် မမေ့နိုင်ပဲ ပြန်အမှတ်ရစေနိုင်သည့် ဇာတ်ရဲ့ လွှမ်းမိုးမှုက ဖန်တီးသူတို့ရဲ့ အောင်မြင်မှုပဲဖြစ်သည်။ ဘယ်တော့မှ မမေ့နိုင်အောင် လူတယောက်ရဲ့ ရင်ထဲကနေ ဦးဏှောက်ထဲမှာ စွဲမြဲစွာတည်နေဖို့ ဖန်တီးဖို့က မလွယ်ပေ၊ အနုပညာရဲ့ အောင်မြင်မှုဆိုတာ ဒါမျိုး ဖြစ်သည်။ စွယ်စုံအနုပညာရှင် ဝင်းဦးကို ချီးကျူးပါက မြင်းထိန်းငတာ ဖြစ်နေပေအုန်းမည်၊ ပရိတ်သတ်ရင်ထဲ ရာသက်ပန်စွဲမြဲမှတ်ထင်စေတဲ့ ဒီလိုဇာတ်လမ်းမျိုး မြန်မာပြည်မှာ ရိုက်ကူးပြ ဖန်တီးနိုင်ခဲ့တယ်ဆိုတာ ခေတ်လူငယ်တွေ သိစေချင်လှသည်။ အခုခေတ်လူငယ်တွေ သူတပါးတိုင်းပြည်က ရုပ်ရှင်ဇာတ်လမ်းတွေကို ကောင်းလှချည်ရဲ့လို့ တမောမော့့ ဖြစ်နေရတာကလည်း မြန်မာရုပ်ရှင်ဇာတ်ကားအများစုက စွဲမက်ဖွယ်ရာ အရည်အချင်းမရှိကြတော့ပေ။
ရာစုနှစ်ဝက်နီးပါး ဆင်ဆာကိုရှောင်ရင်းက အလွတ်နိုင်ဆုံး ရယ်စရာဟာသတွေသာ ရိုက်ကူးရင်း မျိုးဆက်သစ်လူငယ်တွေက ရုပ်ရှင်တွေကပေးတဲ့ အနှစ်သာရ ဖြစ်တဲ့ ဘဝစစ်စစ်တွေကို မခံစားရတော့သလို အတုယူစရာ သင်ခန်းစာယူစရာ မတွေ့မမြင်ကြရတော့ပေ၊ ပေါ်လစီကားဆိုကလည်း အနုပညာရသမပါ အတုံးလိုက်အတစ်လိုက် တစုံတခုကိုသာ ဦးတည် ရိုက်သွင်း ပြသကြရာ လူတွေက မကြိုက်ကြ၊ အနုပညာကိုပါ ရိုက်ချိုးခြင်း ခံခဲ့ရယုံမက အနုပညာကနေ မျိုးဆက်သစ်တွေကို ပါးပါးလေး ပညာပေးနိုင်သည့် အရည်အချင်းတွေ ဆိတ်သုဉ်းခဲ့ရလေသည်။ မြန်မာလူမျိုးတွေမှာ အနုပညာခံစားနိုင်သူတွေများသလို ဖန်တီးနိုင်သူတွေလည်း များစွာရှိပေသည်။ မွေးကာစ အူဝဲဆိုကတည်းက ချိုမိုင်မိုင်ဆိုတဲ့ တေးသံလေးနဲ့လက်ချိုးပြီး ကြီးပြင်းခဲ့ရသူတွေချည့်သာ။
အနုပညာဆိုတဲ့ ယဉ်ကျေးမှု လျော့ကျသွားလေ လူမျိုးရဲ့ အနာဂတ် ရိုင်းစိုင်းခက်ထန်မှုတွေဆီ ဦးတည်သွားမှာ စိုးရိမ်စရာပင်။ အနုပညာဖန်တီးသူတွေမှာ ကျဉ်းထဲကြပ်ထဲကပင် သူတို့ ပြောချင်သည့် အကြောင်းအရာတွေကို ထုတ်ဖော်ရေးသား ပြသနိုင်ခဲ့ကြသော်လည်း နှစ်ပေါင်းများစွာ ကြာမြင့်လာသည့်အခါ မျိုးဆက်တွေ လျော့ပါးလာလေသည်။ တချိန်က ကျဉ်းထဲကြပ်ထဲကပင် အနုပညာဖြင့် ပုံဖော်ဆောင် ပြသနိုင်ခဲ့သည့်နိုင်ငံ့အရေး ကဗျာ ဝတ္ထု ဆောင်းပါး အက်ဆေး သီချင်းတွေ များစွာ ရှိခဲ့သေးရာ ယခုလိုအချိန်မှာ တိုင်းပြည်ရဲ့ အနာဂတ်အတွက် အနုပညာကနေ ဖော်ဆောင်ပေးနိုင်တဲ့ ဇာတ်လမ်းဇာတ်ကွက်တွေ ၊ အထူးသဖြင့် လူငယ်ထုကြား ကြောက်ခမန်းလိလိ ထိုးဖောက်နေရာဝင်ယူနေသည့် မူးယစ်ဆေးဆိုတဲ့ လမ်းမှားမရောက်အောင် ဇာတ်လမ်းတွေ ဖန်တီးထုတ်လုပ်ကြစေချင်ပါသည်။
ထိုင်းနိုင်ငံမှာပင် ရုပ်ရှင်၊ ရုပ်မြင်သံကြားဇာတ်လမ်းတွေမှာ သရုပ်ဆောင်တွေ ဆေးလိပ်သောက်တာ ရိုက်ကူးပြသခြင်းမရှိတော့ပါ။ ဒါ့ကြောင့် ထိုင်းမှာ လူငယ်အတော်များများ ဆေးလိပ်မသောက်ကြတော့ပါ။ " ဆေးလိပ်မသောက်ရ' လို့ အတုံးလိုက်အတစ်လိုက် ပညာပေးဖို့ မလိုပဲ အနုပညာဖန်တီးမှုကနေ ပညာပေးသွားတာဖြစ်သည်။ ရှေးက အနှစ်သုံးလေးဆယ်ကျော်က ဇာတ်လမ်းတွေ ပြန်ပြပါကပင် ဆေးလိပ်သောက်နေတာ ဖျက်ပြီးမှ ပြန်ပြတော့သည်။ ရုပ်ရှင်ဇာတ်လမ်းတခုကို ကြည့်လိုက်ပြီးသည့် လူငယ်တယောက်အနေနှင့် သရုပ်ဆောင် မင်းသားရဲ့ အဝတ်အစားမျိုးကို အတုယူနိုင်သလို ဇာတ်လမ်းသဘောကိုလည်း အတုမြင် အတတ်သင်ကြမှာမို့ အနုပညာဖြင့်တိုင်းပြည်ကို ကယ်တင်ပါလို့ ဖန်တီးသူများကို တိုက်တွန်းလိုက်ချင်ပါသည်။
ခိုင်ခိုင်စောလွင်

August 6, 2017

" ဘဝထိုထိုအတွင်းမှာ ငိုချင်းရှည်များကင်းဝေးပါစေ" ၇ရက် ဩဂုတ်လ ၂၀၁၇ခုနှစ် ဒီလှိုင်းစာစောင် အတွဲ(၆) အမှတ်(၃၀)


ဒီရက်ပိုင်းအတွင်း မြင်ရတဲ့ မြင်ကွင်းတွေက စိတ်ကိုအတော် ထိခိုက်ခံစားရ စရာချည့် ဖြစ်နေသည်။ စိတ်ပေါက်ပေါက်ဖြင့် ဖေ့စ်ဘွတ်မှာ " ဆင်းရဲခြင်းပြိုင် ဘယ်သူနိုင်" လို့ စာတိုလေး ရေးတင်ဖြစ်လိုက်သည်။ ဒီအပတ်စာမူကို အဆိုပါခေါင်းစဉ်ပဲ ပေးတော့မည် ပြင်ပြီးမှ စိတ်လျှော့ကာ မပေးဖြစ်တော့ပေ၊ ယခုစာကို ရေးဖို့ပင် အားတင်းကာ ရေးရသည်။ ကြည်နူးစရာ သဘောကျစရာ ဝမ်းမြောက်ဖွယ်ရာ အကြောင်းအရာတွေ ရေးတဲ့အခါ လက်သွက်ပြီး စိတ်ကြည်နူးရသလောက် ဆင်းရဲဒုက္ခတွေ အကြောင်း ရေးဖို့ကျ တွန့်ဆုတ်မိကာ စိတ်မသာမယာ ဖြစ်ရသည်။ အဆိုးဆုံးကတော့ တချိန်က အီသီယိုပီးယားနိုင်ငံက ကလေးတယောက်ရဲ့ ပုံရိပ်ဟာ မြန်မာပြည်က ကလေးလေးဖြစ်နေတာပင်။
အရိုးပေါ်အရေတင်လို့ ပြောရင်တောင် အရေပြားလေးမြင်ယောင်နေရပေအုန်းမည်၊ အခုက မြင်လိုက်ရတာ အရိုးဂေါက်ဂက် ကလေးလေး၊ အဝတ်အစားဝတ်လို့မရအောင်ပင် ခန္တာကိုယ်မှာ အနာတွေက အကွက်လိုက်၊ အာဟာရချို့တဲ့တာလို့ ဆရာဝန်တွေက ယဉ်ယဉ်လေး သုံးလိုက်ပေမယ့် အစာရေစာငတ်ပြတ်တာပါပဲ။ အဆိုပါကလေးမှာ မိုးမိတ်နဲ့ ၂၈ မိုင်လောက်ဝေးတဲ့ မိုင်းငေါ့မြို့နယ်ခွဲ ကျောက်လုံးကြီးရွာကနေ မိုးမိတ်ဆေးရုံကို ရောက်လာတာဖြစ်သည်။ ရောက်လာပုံက ရုပ်ရှင်ဇာတ်လမ်းတွေကထက်ပင် ဇာတ်နာလှသည်။ မူးယစ်ဆေးစွဲနေသည့် မိဘနှစ်ပါးက သားသမီး(၅)ယောက်ကို မကျွေးမွေးနိုင်ပဲ ပစ်ထားသည်။ ပတ်ဝန်းကျင်နဲ့ ဆွေမျိုးနီးစပ်တွေက ပေးကမ်းစာလေးနဲ့ အသက်ရှင်နေကြသည်တဲ့။ နောက်ဆုံး မိဘတွေက သူ့ကလေးတွေကို ငွေတသိန်းနဲ့ ရောင်းစားလိုက်တော့မယ်လို့ သိလိုက်ရတဲ့ အခါ အသက်(၁၂)နှစ်အရွယ်သာ ရှိသေးတဲ့ သမီးအကြီးဆုံးက ငွေသုံးထောင်ကို လက်ထဲ ကျစ်ကျစ်ပါအောင်ဆုပ်လို့ သူ့မောင် ညီမလေးတွေ အပါခေါ်ကာ ဆိုင်ကယ်ကယ်ရီသမားအကူအညီနဲ့ ဆေးရုံကို ထွက်ပြေး ရောက်ရှိခဲ့ရသည့် အဖြစ်။ ဇူလိုင်လ (၂၃)ရက်နေ့မှာ မိုးမိတ်ဆေးရုံကို ရောက်လာတာ မောင်နှမ (၅)ယောက်ရှိတယ် ဆိုပေမယ့် (၄)ယောက်သာ ရောက်လာတာ ဖြစ်သည်။ သတင်းတွေအရ တယောက်သတင်းကို မေးမြန်းဆဲလို့ ဆိုသည်။ ရောက်လာတဲ့ ကလေး(၄)ယောက်ထဲကမှ အဲဒီနေ့မှာပဲ ငါးနှစ်သားကလေးက ဆုံးပါးသွားရှာသည်။ ရက်အနည်းငယ်အကြာ (၂)နှစ်အရွယ်ကလေးလည်း ထပ်မံသေဆုံးခဲ့ပြန်သည်။ ယခုတော့ အမကြီးဖြစ်တဲ့ အသက်(၁၂)နှစ်အရွယ် နဲ့ ရက်(၂၀)သာရှိသေးတဲ့ ကလေးငယ်ကလေးတို့ နှစ်ယောက်သာ ကျန်သည်။ အဆိုပါ အရိုးဂေါက်ဂက်နှင့်ပုံတွေမှာ ဆုံးပါးသွားသည့် ကလေးတွေပဲ ဖြစ်သည်။ ငါးနှစ်အရွယ်က ယောင်္ကျးလေးဖြစ်ပြီး နှစ်နှစ်အရွယ်က မိန်းကလေးဖြစ်သည်တဲ့၊ ယခုကျန်နေတာက မိန်းကလေးနှစ်ယောက်ဖြစ်သည်။
ဒီအကြောင်းအရာတွေ ဖေ့စ်ဘွတ်မှာ တက်လာပြီး သတင်းမီဒီယာတွေမှာ ပါလာပြီးတဲ့နောက် လူမှုဝန်ထမ်းနဲ့ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက သိရှိပြီး ဝန်ကြီးရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ယခုလို ရေးတင်ထားတာ ဖတ်ရသည်။
"လားရှိုးလူမှုဝန်ထမ်းရုံးမှ ဒုတိယညွှန်ကြားရေးမှူးဒေါ်အးအေးမြင့်နှင့်အဖွဲ့မှ မိုးကုတ်ဆေးရုံသို့သွားရောက်ပြီး ဆရာဝန်ကြီးနှင့်အတူ ကလေးများနှင့်ပါတွေ့ခဲ့ပါသည်။
မနက်ဖြန်တွင် မြို့နယ်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီအစည်းအဝေးခေါ်ယူသွားမည်ဖြစ်ပြီး ကော်မတီဆုံးဖြတ်ချက်ကိုရယူ၍ ကလေးသူငယ်ဥပဒေအရ ကလေးသူငယ်များ၏အကောင်းဆုံးအကျိုးရရှိစေရေး လူမှုဝန်ထမ်းဦးစီးဌာနမှ အစွမ်းကုန်ဆောင်ရွက်ပေးသွားပါမည်။ "
ကူညီမည့်သူပေါ်လာတာ ဝမ်းသာစရာပါ၊ သို့သော် ပြဿနာအရင်းအမြစ်က ဆင်းရဲတာထက် ဆိုးသည့် မူးယစ်ဆေးဝါးပြဿနာ၊ အဆိုပါမိသားစုမှာ ပလောင်တိုင်းရင်းသား လို့ သိရသည်။ တိုင်းရင်းသားဒေသတွေမှာ မူးယစ်ဆေးဝါးပြဿနာ ခြိမ်းခြောက်ခံနေရတာ ရာစုနှစ်ဝက်ပင်မကတော့ပေ။ တဖြည်းဖြည်း အခြေအနေ ဆိုးရွားလာသည့် သဘောဖြစ်သည်။
" မိုးမိတ်မြို့နယ်ထဲမှာ မူးယစ်ဆေးသုံးစွဲသူတွေ များပြားတာကြောင့် မကြာသေးခင်က မူးယစ်ဆေးဖြတ်ဌာန၊ ပြန်လည်ထူထောင်ရေးဌာန ဖွင့်လှစ်ခဲ့ပြီး လောလောဆယ် တက်ရောက်ကုသနေ သူ ၅၀ ကျော်ရှိကြောင်း၊ အားလုံးမှာ လူလတ်ပိုင်းတွေပဲ ဖြစ်တယ်လို့ " မိုးမိတ်ဆေးရုံအုပ်ကြီးက သတင်းမီဒီယာတွေကို ရှင်းပြတာမှာ ထည့်သွင်းပြောသွားတာဖြစ်သည်။ တအောင်းပလောင် TNLA နယ်မြေမှာပြုလုပ်တဲ့ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအခမ်းအနားကို တက်ရောက်သတင်းယူခဲ့လို့ မတရားအသင်းဆက်သွယ်မှုပုဒ်မနဲ့ ဖမ်းဆီးထားတဲ့ ဒီဗွီဘီနဲ့ ဧရာဝတီသတင်းဌာနက သတင်းထောက်တွေကို ရုံးထုတ်တဲ့နေ့မှာ သတင်းထောက် ကိုအေးနိုင်ပြောသွားတာ သတိရမိသည်။ သူတို့ကို ဖမ်းထားတဲ့ သီပေါထောင်မှာ အကျဉ်းသား လေးရာ့ငါးဆယ်ကျာ် ရှိတာမှာ သုံးရာကျော်က မူးယစ်မှုနဲ့ကျတဲ့ သူတွေဖြစ်နေသတဲ့ အဲဒီထဲမှာ အများစုက လူငယ်တွေ ဖြစ်နေလို့ တိုင်းပြည်အတွက် အများကြီးနစ်နာတယ်လို့ ပြောသွားတဲ့အပြင် အပြင်မှာလက်ဘက်ရည်တခွက် (၄၅၀)ကျပ် ရှိပေမယ့် မူးယစ်ဆေးဝါး ရာဘတပြားရဲ့ တန်ဘိုးဟာ (၃၅၀)ကျပ်သာ ရှိပြီး အလွန်ဈေးသက်သက်သာသာနဲ့ ရနေတယ်လို့ ဆိုရာ စိုးရိမ်စရာ အလွန်ကောင်းတဲ့ အခြေအနေလို့ မြင်မိသည်။
ထိုင်းနိုင်ငံဖက်ကို ရွှေ့ပြောင်း ရောက်ရှိပြီး အလုပ်လာလုပ်နေကြတဲ့ တိုင်းရင်းသားဒေသက မိသားစုတွေ၊ လူငယ်ကလေးတွေကို မြင်ရတိုင်း တိုင်းပြည်ရဲ့ လူသားအရင်းအမြစ်တွေ ဆုံးရှုံးနစ်နာရတယ်လို့ မြင်မိတာကနေ တိုင်းရင်းသားဒေသက မိသားစုတွေ လူငယ်တွေအတွက် ဘေးအန္တရာယ်အသွယ်သွယ်ထဲကမှ မူးယစ်အန္တရာယ်က လွတ်မြောက်လာတာပဲ ဝမ်းသာရမလို မကြာခဏ ဖြစ်ရသည်။ အသိ တိုင်းရင်းသားတယောက် ထိုင်းမှာအလုပ်လုပ်ပြီး သူ့ရပ်ရွာ ခဏပြန်လည်ရာ သူ့ရွာမှာ မူးယစ်ဆေးသုံးစွဲနေသည့် သူတွေချည်း တွေ့လာရ၍ စိတ်ပျက်ကာ နောင်ပြန်မသွားချင်တော့လို့ ပြောဖူးတာ သတိရမိသည်။ အိမ်အကူလာလုပ်နေသည့် တိုင်းရင်းသူအမျိုးသမီး တယောက်မှာ ရှမ်းပြည်နယ်မှာ ကျန်ခဲ့တဲ့ သူ့သားလေး အရွယ်ရောက်လာတဲ့အခါ ဆေးသမားဖြစ်သွားမလား စိတ်ပူပြီး ကျောင်းပညာတောင် ဆက်မသင်စေတော့ပဲ သူ့ထံ ခေါ်ထားလိုက်တော့တာ သိခဲ့ဖူးသည်။ ဒါမျိုး မိခင်သောကတွေ ဘယ်လောက်များ ရှိနေပါလိမ့်။
ထိုင်းနိုင်ငံ ချင်းမိုင်ဖက် အခြမ်း ရောက်ရှိနေထိုင် အလုပ်လာလုပ်နေကြသည့် တိုင်းရင်းသားတွေထဲမှာ ရှမ်းပြည်နယ်ဘက်က တိုင်းရင်းသားမျိုးနွယ် တွေ လာရောက် လုပ်ကိုင်ကြတာ အများဆုံးဖြစ်သည်။ ဘန်ကောက်အပါအဝင် ထိုင်းတနိုင်ငံလုံးမှာ မြန်မာပြည်ဒေသအသီးသီးက လာရောက်ကြတာ သန်းနှင့်ချီ ရှိကြသည်။ အထူးသဖြင့် ဒေသတွင်း မတည်မငြိမ်ဖြစ်နေသည့် အရပ်တွေက စွန့်စားထွက်လာကြတာ များသည်။ ထိုင်းနိုင်ငံတောင်ပိုင်းမှာဆိုက ရခိုင်ပြည်နယ် ရမ်းဗြဲကျွန်း မာန်အောင်ကျွန်းတို့က လာရောက်ာကသူတွေ များလှသည်။ ဒီလို ရောက်လာတာ ယခု လတ်တလော တနှစ်နှစ်နှစ်အတွင်းမှာ မဟုတ်၊ လွန်ခဲ့သည့် ဆယ်စုနှစ်များစွာကတည်းက ရောက်လာနေကြတာဖြစ်သည်။
လွန်ခဲ့သည့်အပတ်က ချင်းမိုင်က ဆောက်လုပ်ရေးကုမဏီကြီးမှာ အလုပ်လုပ်နေကြတဲ့ မြန်မာတိုင်းရင်းသားဒေသက အလုပ်သမားတွေနေတဲ့ စခန်းတခုကို ရောက်ခဲ့သည်။
ကိုယ့်မြေကိုယ့်ရေမှာ ပျော်ရွှင်စွာကြီးပြင်းရမည့် ကလေးငယ်တွေ အပျိုရွယ်မိန်းကလေးတွေကို မြင်ခဲ့ရပြီး စိတ်မကောင်းဖြစ်ရသည်။
မြန်မာနိုင်ငံသား ရှမ်းပြည်နယ်ဘက်ကနေ ဆောက်လုပ်ရေးလုပ်ငန်းခွင်မှာ အလုပ်လာလုပ်ကြတာဖြစ်သည်။ လုပ်ငန်းရှင်က နေဖို့နေရာ ပေးထားသည်။ နေလာကြတာ ဆယ်နှစ်ကျော်ရှိပြီး နေထိုင်နေတဲ့ အိမ်ထောင်စု( ၉၆ )စုရှိသတဲ့။
အိမ်ရောက်တဲ့အထိ ဒီမြင်ကွင်းက စိုးမိုးလွန်းလှသည်။ ဒါကို ဖျောက်ဖျက်နိုင်ဖို့ ဖြစ်လာတာက အထက်မှာ ရေးခဲ့တဲ့ ကလေးတွေအကြောင်း မြန်မာပြည်က သတင်းတပုဒ်ပေါ့။
အဲဒီသတင်းနဲ့ ရုပ်ပုံတွေ မြင်ရတဲ့အခါ အတွေးခံစားချက်က ရုတ်ချည်း ပြောင်းလဲ သွားရတော့သည်။
ထိုင်းကိုရောက်နေတဲ့ သူတို့မှာ့  အနေဆင်းရဲပေမယ့် မီးအချိန်ပြည့်ရသည်။ မှောင်မှောင်မဲမဲ မနေရ၊ အိမ်တိုင်းမှာ ရေသွယ်ပေးမထားပေမယ့် ဘုံဘိုင်လုပ်ပေးတဲ့နေရာမှာ စုပြီး ရေချိုးရသဖြင့် ရေမီးအစုံအလင်ရတယ်လို့ ပြောရမည်။ ကျောင်းနေအရွယ်ကလေးတွေကို ကျောင်းထားရမှာဖြစ်တဲ့အတွက် ထိုင်းအစိုးရကျောင်းကလက်ခံထားပြီး စာသင်ပေးထားသည်။ အနည်းဆုံး ထိုင်းဘာသာစကားကို ကျွမ်းကျင်စွာ ရေးတတ်ဖတ်တတ်နေကြပြီ။ ထိုင်းပညာရေးရဲ့ မူလတန်းစနစ်အရ ကိုယ့်ထက်ကြီးသူကို တလေးတစေား နှုတ်ဆက်ဖို့ သင်ယူထားကြပြီ။ ယဉ်ယဉ်ကျေးကျေး တိုးတိုးညင်းညင်း စကားပြောတဲ့ အကျင့် ရနေကြပြီ။ မိဘတွေကလည်း ဆောက်လုပ်ရေးလုပ်ငန်းခွင်မှာ ပင်ပန်းခံပြီး လုပ်ကိုင်ကျွေးမွေးသည်။ ကုန်ကုန်ပြောရင် ကလေးတွေရော မိဘတွေပါ မူးယစ်သားကောင်အဖြစ်က လွတ်လာကြတာ လောကငရဲက လွတ်မြောက်ခြင်းလို့ ယူဆလိုက်မိသည်။
" မင်းတို့ ဆင်းရဲတာ မိုးမိတ်ဆေးရုံရောက် မောင်နှမလေးတွေထက် အများကြီးသာပါသေးတယ်" လို့ တွေးရင်း ဆင်းရဲတာပြိုင်စရာ မဟုတ်ပေမယ့် စိတ်ထဲကနေ ပြိုင်ရင်း တဖက်ကို အနိုင်ပေးနေမိသည်။
လွှတ်တော်ထဲမှာ ကရင်ပြည်နယ် ၊ကြာအင်းဆိပ်ကြီးအမတ် ဒေါ်နော်ဆာမူထူး က မေးခွန်းမေးပြီးနောက် ချမ်းမြေ့ပါစေ ချမ်းမြေ့ ချမ်းမြေ့ပါစေ တဲ့ သီချင်းဆိုပြီး နှုတ်ဆက်သွားတော့ ချမ်းမြေ့ပါစေ သီချင်းထဲကစာသားတွေအတိုင်း ပြည်သူပြည်သားတွေ ရရှိခံစားကြပါစေလို့ စိတ်ဖြစ်ပေါ်မိသည်။ ဘဝအထိုထို ဆိုတဲ့ စကားလုံး လေးလုံးမှာ များပြားလှသည့် တသက်နှင့်တကိုယ် မကြုံဖူးရသည့် ဘဝမျိုးစုံ ဇာတ်လမ်းစုံ ကြားရမြင်ရသည့်အခါ အေးချမ်းလှသည့် ပြည်သူတွေ ပျော်ရွှင်ကျန်းမာသည့် ပြည်သူတွေ မျက်စေ့ထဲ မှန်းမျှော် မြင်ယောင်နေမိသည်။ အဆိုပါ အမတ်သည်လည်း ထိုကဲ့သို့ခံစားချက်ဖြစ်ဟန်တူသည်။
" ဘဝထိုထို အတွင်းမှာ ငိုခြင်းရှည်များ ကင်းဝေးကာလေ ရနံ့ကင်းသော ပန်းလည်းလန်းပါစေ ရနံ့မွှေးသော ပန်းလည်း လန်းပါစေ အနီးဝေး နိမ့်မြင့် ဆင်တိုင်းတင့်တယ်လေ ...စမ်းသီတာ ရေနှယ်အေးစေ၂ မေတ္တာတေးနဲ့ အသံလေးတော့ ပြုလိုက်ချင်ပေ...... ချမ်းမြေ့ ချမ်းမြေ့ပါစေ ချမ်းမြေ့ ချမ်းမြေ့ပါစေ ...................."
ဘဝထိုထိုအတွင်းမှာ ငိုချင်းရှည်များ ကင်းဝေးပါစေ အထပ်ထပ်ရွတ်ရင်း ဆေးရုံပေါ်မှာ ညီမငယ်ကလေးကို ရင်ဝယ်ပိုက်၊ ပိုက်တန်းလန်းနဲ့ အရိုးပေါ်အရေတင်နေတဲ့ ညီမလေးကို စိုက်ကြည့်ရင်း တရှုံ့ရှုံ့ငိုနေတဲ့ အမကြီးဖြစ်သူ ၁၂နှစ်အရွယ် သမီးကလေးမျက်နှာက တဝဲလည်လည် ပေါ်လို့သာ လာနေတော့သည်။ ဒီကလေးက လွတ်အောင် ပြေးလာနိုင်ခဲ့လို့သာ အစိုးရဝန်ကြီးဌာနက တာဝန်ရှိသူတွေ သိရှိကြရခြင်း ဖြစ်သည်။ အဆိုပါ မိသားစုလို အဖြစ်မျိုး ဝေးလံခေါင်သီတဲ့ အရပ်ဒေသတွေမှာ ဘယ်လောက်တောင် ရှိနေမလဲ၊ လူ့ဘဝဆိုတာ ဘာရယ်လို့မှ သေချာရေရာ မသိနိုင်သေးတဲ့ ကလေးအရွယ်ကလေးတွေ ဆင်းရဲခြင်းမကတဲ့ လောကငရဲတွင်းမှာ လူမသိသူမသိ ကျရောက်နေကြမလား ဆင့်ကဲဆင့်ကဲ တွေးနေမိတော့သည်။
ခိုင်ခိုင်စောလွင်