January 1, 2017

" တောင်းဆုတဲ့လား..................ကလေးရေ"၂ရက် ဇန်နဝါရီ ၂၀၁၇ခုနှစ်၊ ဒီလှိုင်းစာစောင် အတွဲ(၆) အမှတ်(၁)



တိုက်ပွဲတွေကို ထောက်ခံတယ် ဟုတ်စ
" သမီး ထမင်းစားတာ မြန်လိုက်တာ၊ မျို ချနေသလိုပဲ၊ ထမင်းကို ကြေညက်အောင် ဝါးစားလေ"
" သမီးဘဝမှာ ထမင်းကို တခါမှ ညက်အောင် ဝါးစားဖို့ အချိန်မရပါဘူး ဆရာမရယ်၊ ရွာမှတုန်းက ခပ်မြန်မြန်စားထားမှ ပြေးတဲ့အခါ ဘိုက်ဖြည့်ပြီးသား ဖြစ်မှာလေ၊ တိုက်ပွဲတွေ ဖြစ်လာရင် ထမင်းစားရဖို့ မသေချာတော့ဘူး အဲဒီတော့ ထမင်းစားမြန်တာ အကျင့်ဖြစ်နေပါပြီ"
" ကလေး ဆောင့်ကြောင့် ထိုင်ပြီး မစားနဲ့လေ မင့်ကြည့်ရတာ နောက်ကြောင်းမအေးသလိုပဲ အေးအေးဆေးဆေး ထိုင်စားပါ"
" စိတ်မရှိပါနဲ့ ဆရာမရယ် ရွာမှာဆို အဲဒီလို ဆောင့်ကြောင့်ထိုင်ပြီး စားရတာ၊ အသင့်ပြေးနိုင်အောင်လေ၊ သေနတ်သံကြားတာနဲ့ ချက်ချင်းပြေးနိုင်အောင် အမြဲ အသင့်နေနေရလို့ အကျင့်ပါနေတာပါ"
လွတ်မြောက်နယ်မြေကို ရောက်ရှိလို့လာပြီး ကိုယ့်ပညာကိုယ်ရှာကာ ဘဝရပ်တည်ရေးအတွက် ကျးကုပ်ကျားခဲ ကြိုးစားနေချိန်အထိ ဖျောက်ဖျက်လို့မရပဲ နှလုံးသားအထိ ဝင်ရောက်နေတဲ့ ဒဏ်ရာတွေနဲ့ လူငယ်တွေ ၊ အသက်ရှင်လျှက် ဒဏ်ရာအပြည့် ရှိသူတွေ
အသက်တွေ စတေးခဲ့ရသူတွေ၊ ခွေးပြေးဝက်ပြေးထက် ပိုပြေးရတာတွေ ၊
တိုင်းပြည်မဲ့ပြီး ဒုက္ခသည် စခန်းကို အမိမြေ မှတ်ယူနေရသူတွေ ..................မြောက်များစွာကို
ကြည့်လိုက်ပါ ကိုယ်ချင်းစာပါ
ဒီစတေးတပ်စ် စာတိုလေးကို ကိုယ်ပိုင်ဖေ့စ်ဘွတ် စာမျက်နှာမှာ ရေးတင်လိုက်ပြီးတဲ့နောက် အသိမိတ်ဆွေ အချို့က ဒီအကြောင်း စာရှည်ရှည် ရေးပါလို့ ချက်ခြင်း ပြောလာသည်။ တဆက်ထဲမှာပဲ ပြည်တွင်းက စစ်ဘေးရှောင်စခန်းတွေထံ လိုက်လံပြီး အလှုအတန်းပြုနေကျ လူငယ်ကလေးကလည်း "စစ်ဘေးရှောင်စခန်းက ကလေးတွေကို ကိုယ်တိုင်မမြင်ရသေးလို့ ၊ ကိုယ်တိုင်မြင်ပြီး သူတို့ထံက စကားသံတွေကြားရရင် ဒီ့ထက် ရင်နင့်စရာတွေ ကြားရမှာ "လို့ ဆိုလာပြန်သည်။
သူပြောတာမှန်သည်။ ကိုယ်တိုင်က တိုက်ပွဲကြားက ပြေးလာပြီး စစ်ရှောင်စခန်းတွေမှာ ခိုနေရတဲ့ ကလေးတွေ၊ တိုင်းရင်းသားတွေထံ ကိုယ်တိုင်ကိုယ်ကျ သွားရောက်နိုင်ခြင်း မရှိသေးပါ။ ပြည်တွင်းက စစ်ဘေးရှောင်တွေကို ကိုယ်တိုင်လည်း မမြင်ဖူးသလို စကားလည်း မပြောဖူးပါ။ သတင်းတွေ ဓါတ်ပုံတွေနဲ့ စာတွေထဲမှာသာ မြင်ဖူးရခြင်းဖြစ်သည်။
မြန်မာပြည်မှာ ဖြစ်နေတဲ့ ပြည်တွင်းစစ်မီးက ကမ္ဘာပေါ်မှာ နှစ်အကြာဆုံး ဖြစ်လို့ နေပေပြီ။ ယနေ့ကဲ့သို့သော ခေတ်ကာလမှာ မိမိတိုင်းပြည်ကို အခြားတိုင်းပြည်ထက် သာလွန်အောင် အပြိုင်အဆိုင် တိုးတက်အောင်လုပ်နေကြတာ ဖြစ်သည်။ လူသားအရင်းအမြစ်ရဲ့ တန်ဘိုးကို ကောင်းကောင်း အသုံးပြုနေသည့် ကာလမှာ ကိုယ့်တိုင်းပြည်မှာက ဆင်းရဲပြီး ခေတ်နောက်ကျရလှသည့် အထဲ အချင်းချင်းရန်ဖြစ် တိုက်နေကြတုန်း ဖြစ်နေ၍ ပိုပြီး နှေးကွေးနေရလေသည်။
စစ်ပွဲတွေရဲ့ ရလဒ်က တိုင်းရင်းသားတွေရဲ့ ဘဝ မလုံခြုံရုံမက ကမ္ဘာအနှံ့ ပျံ့နှံ့ ရောက်ရှိသွားကြရလေသည်။ မိတ်ဆွေအချို့နှင့် စကားစပ်ပြောမိရင်းက မြန်မာပြည်သား မရှိတဲ့ နိုင်ငံ ကမ္ဘာပေါ်မှာ ရှိမည် မဟုတ်ပါတဲ့၊ မြန်မာပြည်ဖွား အော်စီ နိုင်ငံသားတယောက်က ပြောပြသည်။ သူတို့ ဩစတေးလျနိုင်ငံပိုင်နက်ထဲက လူသူမနီးတဲ့ ကျွန်းတကျွန်း ရှိသတဲ့၊ အဲဒီကျွန်းမှာ နေထိုင်တာကလည်း လူဦးရေ ဆယ်ဂဏန်းနီးပါးသာ ရှိသတဲ့၊ တခါက အဲဒီကျွန်းပေါ်ကို အပျော်ခရီးထွက်ရင်း ရောက်သွားတာမှာ မြန်မာတယောက် အလုပ်လာလုပ်နေတာ တွေ့ခဲ့ရတယ် လို့ သူ့အတွေ့အကြုံကို ပြန်ပြောတာ သတိရမိသည်။ လူဦးရေ ဆယ်ဂဏန်းခန့်သာရှိပြီး လူသူအရောက်နည်းပါးတဲ့ ကျွန်းပေါ်အထိ မြန်မာလူမျိုးတွေ ရောက်ပြီး အလုပ်လုပ်နေကြသည်ပေါ့၊
နယ်စပ်ချင်းကပ်နေသည့် အိမ်နီးချင်း ထိုင်းနိုင်ငံသို့ဆိုက ဆိုဖွယ်ရာမရှိ၊ ထိုင်းနိုင်ငံ ဒုတိယမြို့တော် ချင်းမိုင်မြို့မှာ ဆိုက မြန်မာပြည်က ရှမ်းပြည်နယ်နှင့် နယ်နိမိတ်ချင်း ထိစပ်နေရာ ရှမ်းလူမျိုးနဲ့ မျိုးနွယ်စုတွေ အတော်များများ ရောက်လာပြီး ရရာအလုပ်လုပ်ကြကာ နေထိုင်ကြလေသည်။ အထူးသဖြင့် စစ်ပွဲတွေကြောင့် ထွက်ပြေးလာကြသူတွေ တဖြည်းဖြည်းများလာပြီး နောက်ဆက်တွဲအဖြစ် စားဝတ်နေရေး အကျပ်အတည်းတွေကြောင့် တဖက်နိုင်ငံကို နည်းအမျိုးမျိုးဖြင့် ဝင်ရောက်လာကြတာ ဖြစ်သည်။ အဆိုးဆုံးနည်းဖြင့် ရောက်လာသူတွေကတော့ လူကုန်ကူးခံရသူတွေပါပဲ၊ အသက်ရှင်ရပ်တည်ဖို့ ခက်ခဲကြပ်တည်းလှတဲ့ ဘဝအတွက် ကိုယ့်ကိုယ်ကို စတေးပြီး မိသားစုအတွက် အလုပ်လုပ်ကြရတဲ့ သူတွေ ၊ အရွယ်ကောင်းကလေးတွေ ထုနဲ့ဒေး၊ မိန်းကလေးတွေတင် ဘဝကို စတေးကြရတာ မဟုတ်၊ ရုပ်ရည် ချောမောလှပသည့် ယောင်္ကျားလေး တွေလည်း သူတို့ ခနာကိုယ်ကို ရင်းပြီး ငွေရှာတာတွေ မနည်းမနော၊ လိင်လုပ်သား ဆိုတာ မိန်းကလေးရော ယောင်္ကျားလေးပါ ရှိလာသည့်ခေတ်။
ကလပ်တခုမှာ အပြင်ထွက်တိုင်း မြင်တွေ့နေရသည့် မြန်မာပြည်သား တိုင်းရင်းသားဒေသက လူငယ်ကလေးတွေကြည့်ပြီး ဘဝ ဆိုတာကို တွေးတောနေမိသည်။ သူတို့တွေမှ သနားဖို့ ကောင်းတာလို့ မှတ်ချက်ပြုသူကြားက ရွာမှာနေပြီး သေနတ်သံကြားရက သေလုအောင်ပြေး ၊ စစ်ပွဲတွေ မရှိလည်း ဘိန်းစားဖြစ်၊ ဘိန်းကယ်ရီ လုပ်စားရတာထက်စာရင် ဘဝလုံလုံခြုံခြုံ နေရလို့ လူတယောက်အတွက် အကောင်းဆုံးအနေအထားလို့ပဲ ဖြေသိမ့်လိုက်ကြပေါ့ လို့ ပြောမိကြရသည်။ ဒီလို အနေအထားနဲ့ ကိုယ့်လူမျိုးတွေကို မြင်ရတာ ဘယ်သူက ဘယ်လိုစိတ်ထားနဲ့ ဝမ်းသာနိုင်ပါလိမ့်မလဲ။
သတ္တဝါတခုကံတခု ဆိုတဲ့ စကားအတိုင်း သန်းချီတဲ့ လူတွေအကြား ကံကောင်းထောက်မစွာပဲ အလုပ်ရှင်ကောင်းကောင်းနဲ့ ပုံမှန်လခလေးရတဲ့ အလုပ်ကလေး လုပ်ပြီး ရွာကို ပြန်ပို့နိုင်ပြီး အခြေကျကျ နေနေတဲ့ သူတွေလည်း များစွာ ရှိလေသည်။ ထိုသူထဲမှာမှ ပညာသင်ဆဲက ထွက်လာရပြီး ထိုင်းနိုင်ငံရောက်မှ စာဆက်သင်သူတွေက ကံကောင်းစွာဖြင့် ပညာဆက်သင်ကာ ဘွဲ့ရသွားသူတွေပင် ရှိလာခဲ့လေသည်။ ဖေ့စ်ဘွတ်မှာ ရေးတင်ခဲ့သည်က ပညဆက်သင်ချင်သည့် တိုင်းရင်းသားဒေသက ကလေးတွေနှင့် စာသင်ရင်း ဆုံမိရာက သိခဲ့ရခြင်း။ သူတို့ရဲ့ စိတ်ဒဏ်ရာတွေကို ဖတ်မိခဲ့ရခြင်း ဖြစ်သည်။
အချို့ဆိုက ကားဘီးပေါက်သံ၊ ဗျောက်အိုးဖောက်သံကို ရုတ်တရက် ကြားရပါက ထိုင်ရာက ရုတ်တရက် ထပြေးမည် ဟန်ပြင်သည်အထိ တွေ့ဖူးသည်။ ရွာကထွက်လာတာ (၆)နှစ်မှသည် (၁၀)နှစ်ကြာတိုင်လည်း သူတို့ စိတ်မှာ ကြောက်လန့်စိတ်တွေ ဖျောက်မရသေး၊ သံမှိုနှက်သလို စွဲနေသည့် စိတ်ခံစားချက်၊ ယူနီဖောင်း မြင်က ဒူးတဆတ်ဆတ် တုန်လာသည့် မိန်းကလေး တယောက်လည်း ကိုယ်တိုင်တွေဖူးသည်။ သူ့ကို " မကြောက်နဲ့ ကြောက်စရာမလိုဘူး၊ သူတို့ဖာသာ ကားလမ်းရှင်းပေးနေတာ " ပြောလည်း ရယ်မောရင်းက သိရက်နဲ့ကို စိတ်ထဲက တဆတ်ဆတ်တုန်လာတာလို့ ဆိုလေသည်။ ထိုင်းနိုင်ငံက ယာဉ်ထိန်းရဲတွေ အပါအဝင် ရဲ ဝန်ထမ်းတွေ အားလုံးက ယူနီဖောင်း အရောင် အတူတူဖြစ်သည်။ ကျောင်းသားအချို့မှာ ဒုက္ခသည်စခန်းက ထုတ်ပေးသည့် လက်မှတ်တွေ ရှိသည်။ အထောက်အထား အပြည့်အစုံ ရှိသည်။ နယ်မြေကူးသန်းသွားလာက ခရီးသွားလက်မှတ်ဖြင့် သွားကြသည်ဖြစ်ရာ ထိုင်းရဲကို ကြောက်လို့မဟုတ်၊ လက်နက်ကိုင် ယူနီဖောင်းမြင်က ကြောက်သည့် စိတ် အသဲထဲတင်မက အရိုးခိုက်အောင် လန့်နေသည့်စိတ်က ဖျောက်မရတာ ဖြစ်သည်။
အင်မတန်မှ သနားစရာ ဂရုဏာသက်စရာ ကိုယ့်တိုင်းပြည်က ကလေးတွေ၊ လူငယ်ကလေးတွေပါလား လို့ ထင်မိတာသည် ပြည်တွင်းမှာရှိနေသည့် စစ်ဘေးရှောင်စခန်းက ကလေးတွေနှင့်ယှဉ်သော် ဘယ်သူပြိုင်လို့ ရပါတော့နိုင် ပြောရမတတ်ပါလား၊" ဒုက္ခ" ဆိုတာထက် အဆပေါင်းများစွာသာသည့် စကားလုံးက ဘာပါလဲ၊ အဲဒါသည် သူတို့ပဲပေါ့၊
" အန်တီ့ကို ကျတော် စစ်ဘေးရှောင်စခန်းမှာ ကလေးမလေး တယောက် ရေးထားတဲ့ ကဗျာလေး ပေးဖတ်ချင်လိုက်တာတဲ့" ကျမရဲ့ စာတိုလေးကို ဖတ်ပြီး လူငယ်လေးတယောက်က
သူမှတ်မိသလောက် ကဗျာလေး အကြောင်းကို အခုလို ပြောပြသည်။
တိုက်ပွဲတွေ ဖြစ်လို့ မိဘနဲ့ ကွဲပြီး ပြေးကြတဲ့ သူငယ်ချင်း နှစ်ယောက်၊ တယောက်က နဲနဲငယ်သည့် အခြားတယောက်ကို ကုန်းပိုးပြေးသည်တဲ့၊ တနေရာမှာ ခလုတ်တိုက်လဲတဲ့အခါ သေနတ်သံတွေကလည်း အဆက်မပြတ် ပေါ်လာတဲ့အခိုက် ကျောပိုးခဲ့တဲ့ သူငယ်ချင်းကို ထားပြီး အသက်လုပြေးရပြန်၊ စစ်ဘေးရှောင်စခန်းကို ရောက်၊ သူငယ်ချင်းဖြစ်သူ ပြေးနိုင်သလား၊ လွတ်သလား မသိ၊ စစ်ဘေးရှောင်စခန်းရောက်တော့ သူက ကဗျာလေးရေးထားသည်တဲ့၊
" စစ်သားတွေ လာတိုက်တဲ့အခါ သူငယ်ချင်းကို ကျောပိုး ပြေးနိုင်တဲ့အထိ သန်မာချင်တယ်တဲ့ နောင်ဘဝရောက်ရင် သန်မာပါရစေတဲ့"
လူသားအားလုံး သွားရမယ့် ခရီးက တခုထဲပါပဲ၊ ဘယ်လိုလူမျိုး ဘယ်လိုလူစားပဲ ဖြစ်ဖြစ် နောက်ဆုံး ရောက်ရမယ့်နေရာက တနေရာထဲပါပဲ၊ အဲဒီ ဂိတ်ဆုံးမရောက်ခင် ဖြတ်သန်းနေရတဲ့အချိန်မှာ မိမိလုပ်ရပ်ကသာ တန်ဘိုး ဆိုတာ ဆုံးဖြတ်ပေးမှာပါ၊ အသက်ရှင်ခိုက် ကိုယ့်ကြောင့် ဒါမှမဟုတ် ကိုယ့်ရဲ့ ဆုံးဖြတ်မှုကြောင့် အများ ဆင်းရဲဒုက္ခရောက်ရပါတယ် ဆိုတဲ့ အဖြစ်နဲ့ ဘဝကို အဆုံးသတ်သွားချင်ကြပါသလား၊ အတ္တမာနတွေနဲ့ ကိုယ်ကျိုးတွေပဲကြည့်ပြီး လူ့ဘဝကို အဆုံးသတ်သွားရင်ဖြင့် လူဖြစ်သော်လည်း လူ့တန်ဘိုးမရပဲ အဆုံးသတ်သွားကြရမည်မှာ အသေအချာပင်၊ ကိုယ့်နာမည်ကိုယ်ရေးပြီး ကိုယ့်ကောင်းသတင်း ကိုယ်ဖော်ရတယ်ဆိုတာ နတ်ရွာစံသွားတဲ့ ထိုင်းဘုရင်မင်းမြတ်ကြီး ဘဝဖြစ်စဉ်နဲ့ လုပ်ရပ်၊ ကွယ်လွန်သွားတဲ့အခါ ခပ်သိမ်းသော လူအပေါင်းရဲ့ စိတ်ခံစားချက်ကို ကြည့်ပြီး ကောင်းကောင်း သဘောပေါက်ရသည်က လတ်တလောလေးတင် အတုယူစရာ အဖြစ်အပျက်။
ကိုယ့်ကိုယ်ကို သူရဲကောင်းလို့ သတ်မှတ်နေကြတဲ့ စစ်ဝါဒီတွေ ကလေးတွေကို ငဲ့ကြည့်ပါ၊ ကိုယ့်ကြောင့် အပြစ်မဲ့သူတွေ ဘယ်လိုနေရသလဲ ခဏတဖြုတ် ခေါင်းငုံ့ကြည့်ပြီး သူရဲကောင်းအစစ်အမှန်လမ်းကို လျှောက်လှမ်းခြင်းဖြင့် ကလေးတွေဆုတောင်း ပြောင်းပေးလိုက်နိုင်ကြပါစေ။
ခိုင်ခိုင်စောလွင်