May 21, 2017

" ထားခဲ့တဲ့ အမွေဆိုး"၂၂ရက်မေလ ၂၀၁၇ခုနှစ် ဒီလှိုင်းစာစောင် အတွဲ(၁၆) အမှတ်(၁၉)



မေလ ဒုတိယပတ်မှာ ထိုင်းနိုင်ငံအဝှမ်းက ကျောင်းတွေ ပြန်ဖွင့်လေပြီ။ ယခုနှစ်မှာတော့ မေလ(၁၅)ရက်နေ့မှာ ကျောင်းတွေ ဖွင့်သည်။ ကျောင်းမဖွင့်ခင် တရက်အလို ဘန်ကောက်ပို့စ် သတင်းစာမှာ ကျောင်းချိန် ယာဉ်ကြောပိတ်ဆို့မှု ဖြေရှင်းဖို့ ယာဉ်ထိန်းရဲတွေ အသင့်ပြင်ထားပြီ ဖြစ်ကြောင်း သတင်းဖတ်ရသည်။ ဒီကနေ့ ကျောင်းစဖွင့်တာနှင့် လမ်းပေါ်မှာ လှုပ်လှုပ်ရှားရှား သွားသွားလာလာတွေ ပိုတွေ့ရသည်။

ချင်းမိုင်လိုမြို့ကလေးမှာတော့ မိဘတွေက မော်တော်ဆိုင်ကယ်နဲ့ ကလေးတွေ ကြိုတာ ပို့တာ အများဆုံးတွေ့ရပြီး ကျောင်းကားနဲ့တဖုံ ကိုယ်ပိုင်ကားနဲ့တနည်း ကြိကြပို့ကြ တာ တွေ့ရသည်။ ကျောင်းပိတ်ထားသည့် ရက်အတွင်း လမ်းရှင်း ကားရှင်းရုံမက ကန့်သတ်ထားသည့် အချိန်အတွင်း တလမ်းမောင်း စနစ်လည်း မရှိ ၊ နှစ်လခွဲခန့် လွတ်လွတ်လပ်လပ် သွားလာရာက ယခု အပြင်ထွက်တော့မည်ဆိုက အချိန် နေရာ အထိန်းအချူပ်ကို ပြန်ပြီး သတိထားရတော့ပေမယ့် လမ်းပေါ်မှာ ခါတိုင်းလို သွေ့ခြောက်မနေတော့ပဲ ကျောင်းဝတ်စုံနဲ့ ကျောင်းသားလေးတွေ မြင်ရတာ လန်းဆန်းတက်ကြွ ပြီး စိတ်ကြည်နူးစရာ မြင်ကွင်းတွေနှင့် အဓိပ္ပါယ်ရှိသလို ခံစားလာရသည်။
သည်လိုခံစားမှုမျိုးက ကိုယ့်မိခင်နိုင်ငံမှာ ကျောင်းဖွင့်ချိန် ရောက်လို့ ကျောင်းသွားနေတဲ့ ကလေးတွေ မြင်ရတိုင်း ခံစားရသည့် ပီတိမျိုးနှင့်အတူတူပဲဖြစ်သည်။ ဒီအရွယ် ကလေး ၊ လူငယ်တွေ အတွက် စာသင်ခန်းကို သွားကြတဲ့ မြင်ကွင်းက ကျက်သရေ အရှိဆုံးနှင့် လောကကြီးလှပနေတဲ့ အချိန်လို့ ခံစားရသည်။ ဘယ်နိုင်ငံမှာပဲ ဖြစ်ဖြစ် အနာဂတ်မျိုးဆက်တွေ ပညာသင်နေကြပါလား ဆိုသည့် အသိစိတ်က အနာဂတ်လောက အတွက် အကောင်းမြင်သည့် ခံစားချက်ကို ရရှိခံစားမိတာပဲ ဖြစ်သည်။
မြန်မာနိုင်ငံမှာတော့ ဇွန်လပထမအပတ် ပထမဆုံး တနင်္လာနေ့ ၊ အထူးသဖြင့် ဇွန်လ(၁) ရက်နေ့က တနိုင်ငံလုံး အခြေခံပညာကျောင်းများ စတင်ဖွင့်သည့်နေ့၊ အဆိုပါနေ့မှာ ကလေးတွေလည်း ကျောင်းကို သွားဖို့ တက်ကြွနေကြသည့်အချိန်၊ မိဘတွေတင်မက ပတ်ဝန်းကျင်က လူတွေကပါ ကြည်နူးကျေနပ် ဝမ်းမြောက်ကြချိန်ပဲ ဖြစ်သည်။ မြန်မာပြည်မှာ မကြာခင် ကျောင်းတွေ ပြန်ဖွင့်တော့မှာပါလား အတွေးနဲ့အတူ ကျောင်းနေအရွယ် ကလေးအားလုံး စာသင်ခန်းဆီ တည့်တည့်မတ်မတ် အရောက်လာနိုင်ကြရဲ့လား အတွေးပါ တဆက်ထဲ ဖြစ်မိသည်။
မှန်ရာ ပြောရက လွန်ခဲ့သည့် နှစ်အနည်းငယ် ခန့်ကမှ မြန်မာပြည်မှာ ကျောင်းမနေနိုင်သည့် ကလေးတွေ များပြားလှတာ စာရင်းဇယား ခန့်မှန်းခြေတွေ ထွက်လာမှ သိန်းနှင့်ချီ ရှိမှန်းသိရတော့သည်။ ကျောင်းနေရမည့် အရွယ်မှာ မိဘနဲ့အတူ မိသားစုဝမ်းရေးအတွက် ဝိုင်းဝန်း ငွေရှာပေးနေရသည့် ကလေးတွေ များလာမှန်း မြင်လာတာ ရှိပေမယ့် အဲဒီလောက် အရေအတွက် ကျောင်းပြင်ပ ရောက်နေမယ်မှန်း မထင်မိခဲ့ပေ။ အခြေခံပညာကိုပင် သင်ယူခွင့်ဆုံးရှုံးခဲ့ရသူတွေ ဒီလောက်များလာသော် တက္ကသိုလ်အဆင့်ဆိုက ပိုလို့ပင် အခွင့်အရေးနည်းလိမ့်မည်လို့ တွက်ဆရလေသည်။
အကြောင်းအမျိုးမျိုးကြောင့် နယ်စပ်ဒေသကို ရွှေ့ပြောင်းရောက်ရှိနေသည့် ကျောင်းနေအရွယ်ကလေးတွေ ရှိသေးသည်။ တချို့ကတော့ နယ်စပ်မှာပဲ ဖွင့်လှစ်ထားသည့် ရွှေ့ပြောင်းကျောင်းတွေမှာ တက်ရောက်သင်ကြား နေနိုင်ကြသေးသည်။ ထိုင်း-မြန်မာ နယ်စပ်ဒေသမှာ ရွှေပြောင်းကျောင်းပေါင်း (၁၃၆)ကျောင်း ရှိပြီး ကျောင်းပြင်ပရောက်နေသည့် မြန်မာရွှေ့ပြောင်းကလေးငယ် (၃)သိန်းခန့်ရှိနေသည်တဲ့။
မြန်မာပြည်တွင်းမှာလည်း အစိုးရကျောင်းတွေက ကျောင်းလခ၊ ကျောင်းအပ်နှံခ၊ စာအုပ်ဘိုး၊ ဝတ်စုံ စတာတွေ မပေးရပဲ လူပဲ လာပါဆိုတာတောင် ကျောင်းတက်ဖို့ ခက်ခဲနေသည့် ကျောင်းနေအရွယ်တွေ များစွာ ရှိနေလေသည်။ အရပ်ဖက်အဖွဲ့အစည်းတွေကလည်း ကျောင်းနေအရွယ် လူငယ်တွေ ကျောင်းတက်နိုင်ဖို့ ဝိုင်းဝန်း ကူညီကြတာ မြင်တွေ့ရသည်။ ယိုယွင်းပျက်ဆီးခဲ့သည့် လူ့ဘောင်ကို NLD အစိုးရနှင့် အခြား လူမှုအထောက်အကူပြု အဖွဲ့များ အရပ်ဖက်အဖွဲ့အစည်းတွေကပါ ဝိုင်းဝန်း ကြိုးပမ်းနေကြပေမယ့် ခရီးမရောက်နိုင်သေးပဲ ရှိနေသည်။ အဓိကပြဿနာက အိမ်ထောင်စု မိသားစုတွေရဲ့ စားဝတ်နေရေး ပြဿနာ အခက်အခဲတွေပဲ ဖြစ်သည်။ အထူးသဖြင့် ကျေးလက်တောရွာ အပါအဝင် နယ်စပ်ဒေသမှာ အများဆုံးဖြစ်သည်။
ပြီးခဲ့သည့် အပတ်က ဆောင်းပါးမှာ ရေးခဲ့ပါသေးသည်။ နေအိမ်ရပ်ကွက်တွေကို ခဲတွေနဲ့ပေါက် တုတ်တွေနဲ့ရိုက်တဲ့ အမှုကျူးလွန်သူ ငါးယောက်မှာ လေးယောက်က အသက်(၁၃)နှစ်နဲ့ (၁၄) နှစ်အရွယ်တွေ ကျောင်းမနေကြပါတဲ့။ ရှေးတုန်းကတော့ မိန်းကလေးဆိုပါက အတန်းပညာကုန်အောင် သင်ဖို့မလို ရေးတတ်ဖတ်တတ်ပါက အိမ်မှုကိစ္စကို မိခင်နှင့်ဝိုင်းကူ အိမ်ထောင်ထိန်းသိမ်းရေး စီမံခန့်ခွဲတာလုပ်ဆိုကာ ဗိုင်းကောင်းကျောက်ဖိ အိမ်တွင်းထားကာ မိဘတို့က ထိန်းသိမ်းသွန်သင်ကြတာ ကြားဖူးသည်။ ယခု ယောင်္ကျားလေးတွေ ကျောင်းမထားပဲ အိမ်မှာ ဗိုင်းကောင်းကျော်ဖိ ထားဖို့ဆိုတာ မဖြစ်နိုင်။ ယောင်္ကျားလေးသဘာဝအရနဲ့ ဒီအသက်အရွယ် လူငယ်တွေရဲ့ ဗီဇအရ ပြင်ပပတ်ဝန်းကျင်ကိုသာ စိတ်အာရုံ အားသန်တဲ့ ဓလေ့ရှိတာမှာ ကျောင်းစာနဲ့တကွ လေ့လာသင်ယူစရာ မရှိတဲ့အချိန် ဆိုးသွမ်းတဲ့ဘက် ဦးတည်သွားကြတာပင်။
" တက္ကသိုလ်တွေမှာ ကျောင်းသား (၆၀) ရာခိုင်နှုန်းလောက်က အမျိုးသမီးတွေ၊ အစိုးရဝန်ထမ်း ( ၇၀) ရာခိုင်နှုန်းလောက်က အမျိုးသမီးတွေ၊ တက္ကသိုလ်ပါမောက္ခအများစုက အမျိုးသမီးတွေ၊ မူလတန်းကျောင်းဆရာဆို မရှိသလောက်ပဲ၊ ဆရာမတွေချည်း၊ အခြေခံပညာအထက်တန်းလောက်တောင် မအောင်ထားတဲ့ ယောင်္ကျားလေးတွေ ဘာလုပ်စားမလဲ၊ သူတို့အနာဂတ်ကို ဘယ်လိုဖြတ်သန်းမလဲ ၊ အမျိုးသားတွေ ဘယ်ရောက်ကုန်သလဲ၊ သူတို့အတွက် စိတ်ပူမိတယ်၊"
နိုင်ငံတော်အတိုင်ပင်ခံပုဂိုလ် ဒေါ်အောင်ဆန်းစုကြည် လန်ဒန်မှာ မြန်မာပြည်သားတွေနဲ့ တွေ့ဆုံပွဲမှာ ပညာရေးနဲ့ပတ်သက်တဲ့ မေးခွန်းတခုကို ဖြေကြားခဲ့တာ ဖြစ်သည်။
ဖွန်လ(၁) ရက်နေ့ဆိုပါက မြန်မာပြည်တွင် ကျောင်းတွေ ပြန်ဖွင့်တော့မည်။ ပျော်ရွှင်စွာ ကျောင်းတက်လာကြတော့မည့် ကလေးတွေများစွာရှိသလို ကျောင်းစာသင်ခန်းတွေနှင့် အလှမ်းဝေးပြီး ကိုယ်နဲ့မဆိုင်သလို နေနေရသည့် ကျောင်းနေအရွယ် ကလေးတွေလည်း များစွာရှိနေသေးသည်။ ပူမယ်ဆို ပူရုံသာတတ်နိုင်ပေမယ့် တမျှော်တခေါ် လိုက်ပူကြည့်မိရင်းက နောင်အနာဂတ်အတွက် အတွေးစရှည်နေမိလေသည်။
လွန်ခဲ့သည့် ဆယ်နှစ်ခန့်က စာပေဗိမ္မာန်နဲ့ အမျိုးသားစာပေဆု ဆုရတဲ့သူတွေ မြန်မာ့အသံမှာ အင်တာဗျူး အသံလာသွင်းစဉ်က ကဗျာဆရာ ပျဉ်းမနားမောင်နီသင်းလည်း ပါလာရာ အမှတ်တရ စာတိုလေး ရေးပေးပါလို့ မှတ်တမ်းစာအုပ်ထိုးပေးတော့ ဆရာက ဒီကဗျာလေးကိုပဲ ရေးပေးပြီး လက်မှတ်ထိုးပေးခဲ့တာ ပြန်အမှတ်ရမိသည်။
" ပန်းကလေးများ ပွင့်တော့မည်
ဖူးတံဝင့်လို့ချီ
နေခြည်မှာ ရွှေရည်လောင်း
ငါတို့ စာသင်ကျောင်း" တဲ့
ကျောင်းသင်ခန်းစာမှာ ပါရှိတဲ့ အဆိုပါ ကဗျာလေးထဲကလို ငါတို့စာသင်ကျောင်းလို့ အားရပါးရ လိုက်မဆိုနိုင်တဲ့ ကလေးတွေ အများကြီး ရှိနေသတဲ့။ အနာဂတ်တိုင်းပြည်ရဲ့ တိုးတက်မှုမှာ ပညာကသာ ထိပ်ကပါလို့ ပြောနေကြတဲ့ ခေတ်မှာ ပညာမသင်နိုင်တဲ့ ကလေးတွေ များစွာ ရှိနေသတဲ့။
တိုင်းပြည်ရဲ့ငွေကို ကိုယ်ပိုင်ငွေလို ယူဆောင် သုံးစွဲကြပြီး မိမိမိသားစု ကောင်းစားရေးသာလုပ်ရုံမက ပြည်သူတွေကိုပါ လိမ်ညာလှည့်စား ခဲ့ကြသည်။ မြန်မာပြည်ကြီး တိုးတက်ပြီး ပညာရေးအဆင့်မြင့်ပါပြီဆိုပြီး အပေါ်ယံကြောတွေ လုပ်ပြခဲ့ကြသည့် အကျိုးဆက်ကို နောင်လာနောက်သားတွေ စုပြုံ ခံစားလိုက်ရတာပဲဖြစ်သည်။ ထိုသူတို့ ထားခဲ့သည့် အမွေဆိုးကို နိုင်ငံသူနိုင်ငံသားအားလုံး တတ်အားသရွေ့ ဝိုင်းဝန်းဖယ်ရှားဖို့ လုပ်ဆောင်ကြရုံမှတပါး အခြားမရှိ။
ခိုင်ခိုင်စောလွင်