October 31, 2014

ရင်ထဲကဆူး

                           
       အထက်ပါ  ဓါတ်ပုံထဲမှာပါတဲ့ ကလေးလေးကို ၂၀၀၉ခုနှစ်က စတင်သိကျွမ်းခဲ့လေသည်။ ထိုဓါတ်ပုံလေးကို ကျမနှင့် သားအမိလို ရင်းနှီးသည့်အခါမှ သူက ထုတ်ပြခဲ့တာပင်။ သူက ကျမရဲ သမီးကြီးထက် အသက် တစ်နှစ် ပိုကြီးသည်။  သို့သော် ဖြတ်သန်းရသည့် ဘဝအတွေ့အကြုံက ကြမ်းတမ်း ခက်ခဲလှသည်။ သူ့ကို စတင်သိသည့် အရွယ် သူ့အသက်(၂၀)မှာ သူကအိမ်ထောင်ကျနေပြီ။ အိမ်ထောင်ဘက်ရသည်ကတော့  ကံကောင်းတယ် ပြောရမည်။   ပညာတတ်( ဒီနေရာမှာ ပညာတတ်လို့ သုံးလိုက်တာ ဘွဲ့ရလို့ ဆိုလိုခြင်းမဟုတ်) လူငယ်တဦး၊ သတင်းသမား စာရေးသူ တယောက်၊ အင်္ဂလိပ်ဘာသာဖြင့် ရေးသားထားသည့် နိုင်ငံရေး အသားပေး စာအုပ်များကို  ကောင်းစွာ ဖတ်နိုင် ဘာသာပြန်နိုင်သူတယောက်။ ဒါ့ကြောင့်လည်း စစ်အာဏာရှင်တွေရဲ့ ဖမ်းဆီး နှိပ်စက်ခြင်းက လွတ်မြောက်အောင်  ဖခင်ဖြစ်သူက လက်စွဲပြီး ထွက်ပြေးလာခဲ့ရသည့်  ရန်ကုန်က အထက်တန်းကျောင်း တခုက သုံးဘာသာ ဂုဏ်ထူးဖြင့် အထက်တန်းအောင်မြင်ပြီးသား ကျောင်းသူ ကလေးမလေးကို လက်ထပ်ပြီးနောက် တပြည်တရွာမှာ တက္ကသိုလ်ဆက်တက်နိုင်အောင် ဖေးမ တွန်းအားပေးခဲ့တာ ဖြစ်သည်။
                  စာရေးသူတို့နှင့် ဒီကလေးမက အတိတ်ရေစက် နီးပုံရသည်။ ၂၀၁၀ခုနှစ်မှာ တအိမ်ထဲမှာ အတူနေဖို့ ကြုံရင်း မိသားစုလိုဖြစ်လာသည်။ ထိုအိမ်မှာ မိသားစု သုံးစု အတူနေခဲ့ကြဖူးသည်။ တအိမ်ထဲဆိုသော်လည်း  အိမ်ကကျယ်သည်။ ကြီးသည်။ ပြီးတော့ သုံးထပ်၊ အိမ်ဘေးမှာ ကပ်ရက် တိုက်တစ်လုံး ရှိသည်။ ထိုအိမ်မှာ ကိုမင်းသိုက်( ကြိုး ဇာတ်ကား ဖန်တီးသူ) နှင့် သူ့ဇနီး နေသည်။ ရေချိုးခန်း၊ မီးဖိုချောင်၊ အိမ်သာ သီးသန့်၊ အိမ်မကြီးနှင့် မစပ်ယှက်။ ဒီဘက်က အိမ်မကြီးမှာ အောက်ထပ်က ဧည့်ခန်း ၊ ရေချိုးခန်း၊ အိမ်သာ၊ မီးဖိုချောင်က နှစ်ဆင့်( နှစ်ခန်း)၊ ဒုတိယထပ်မှာ အခန်းကျယ်ကြီး နှစ်ခု၊ ဝရန်တာအကျယ်ကြီး တခုနှင့် ရေချိုးခန်း၊ အိမ်သာရှိသည်။ ထိုအထပ်မှာ စာရေးသူတို့ မိသားစု နေထိုင်သည်။ ထိုကလေးမလေး လင်မယားက အပေါ်ဆုံးထပ်မှာ နေသည်။ အိမ်ကျယ်သည့် အတွက် တယောက်နှင့်တယောက် မတွေ့ကြ။ ညနေဆိုလျှင်ဖြင့် အောက်ကိုဆင်းကာ အိမ်ရှေ့ ကွက်လပ်မှာ ထိုင်စကားပြောကြသည်။ ကိုမင်းသိုက်ရဲ့ အမျိုးသမီးက ရန်ကုန်သို့ မကြာမကြာ ပြန်တတ်ရာ၊ သွားလိုက်လာလိုက် နေသည့်အတွက် ကျမနှင့် ထိုကလေးမလေး တို့ အဖော်ပြုကာ နေကြလေသည်။
                  ကျမရဲ့ သမီးတွေနှင့် အပြင်သွားစရာရှိက သူ့ကိုပါ အတူခေါ်သည်။ သမီးတွေလားဟု မေးလာသူရှိက ဟုတ်တယ်ဟု ကျမက ဖြေသည်။ စိတ်ထဲမှာ ဒီကလေးမလေးကို ကိုယ့်သမီးတယောက်လို ဖြစ်မိသည်။ သူ့မှာ မိခင်နှင့် ကင်းကွာ နေရသည့်အတွက် ကျမတို့ သားအမိတွေ လုံးထွေး ငြင်းခုံ ပြောဆိုနေတာမြင်ရင် ခပ်ငေးငေး ကြည့်ရင်း ပြုံးနေတတ်တာ သတိထားမိသည်။ အစပိုင်းမှာ သမီးလားလို့ သူ့ကို  အမေးခံရတိုင်း  ခပ်ရှိန်းရှိန်း ဖြစ်နေတတ်ပေမယ့် နောက်ပိုင်းမှာ သွက်သွက်လက်လက်ပင် သူက သမီးတွေပါလို့  ဖြေလေသည်။ ကျမ သမီးတွေကိုလည်း သူ့ညီမတွေဟုပင် ပြောသည်။ ထိုစဉ်က သူ့မိခင် မသန္တာက အင်းစိန်ထောင်မှာ တသက်တကျွန်းကျနေသည့် အချိန် ဖြစ်သည်။ ထိုအကြောင်းတွေကို သူပြောလို့ သိရတာမဟုတ်၊ ကိုယ့်အသိုင်းအဝန်းက တဆင့် သိရတာဖြစ်သည်။ သူက သူ့အကြောင်း သူများအကြောင်း အလာပသလာပ မပြောတတ်။ နောက်ပိုင်းမှ သိရတာ သူက အဖေတူသမီး။  မိခင် ထောင်ကျနေသည့်အချိန်မှာ သူက အပျိုပေါက်ကလေး ဖြစ်နေပြီး ဖခင်နှင့် နေခဲ့ရသည့်အတွက် အချို့ကိစ္စတွေ သူမသိ။ ကျမကို တရင်းတနှီး ပြောဆိုမေးမြန်းရာက ရင်းနှီးရာမှ ဒီဓါတ်ပုံကလေးကို ထုတ်ပြလေသည်။ သူတို့ မိသားစု အကြောင်း ပြောပြလေသည်။
                    သူ့အဖေက ကိုပါကြီး၊ ၁၉၈၈ခုနှစ်မှာ ဒေါ်အောင်ဆန်းစုကြည်ကို အနီးကပ် စောင့်ရှောက်သည့် သုံးရောင်ခြယ်အဖွဲ့မှ လူငယ်တဦး၊ သူ့အမေလည်း NLD အဖွဲ့ဝင်တဦး၊ နိုင်ငံရေးကို ထဲထဲဝင်ဝင် လုပ်ကြရင်း အမေက ထောင်ကျနေပြီ။ သူသည် စိတ်မာသည်။ သူ့အမေအကြောင်း ပြောပြတာမှာ ဟန်မပျက်။ အသက်ငယ်ငယ်ရွယ်ရွယ်နှင့် ရင့်ကျက်နေသည့် သူ့ကို ကျမ သမီးများကို နမူနာပြ ပြောပြမိသည်။ ကျမသမီးတွေက သူ့အပေါ်  အမတယောက်လို ကြင်နာကြသည်။ ခင်မင်ကြသည်။ သူကလည်း သူ့ညီမတွေလို ဖေးမသည်။   အတူနေရင်း ကိုပါကြီးနှင့် မသန္တာတို့အကြောင်းကို သိနေရသည်။ ရန်ကုန်မှာ လေဖြတ်နေသည့် အဖိုးအကြောင်းလည်း သိရသည်။ သူ့အကြောင်းကို သူတပါးကို ပြောခဲလှသည့် သူသည် ကျမကို အတော်များများ ပြောပြတတ်သည်။ သူ့မိဘတွေနှင့် ကျမတို့လင်မယားမှာ  သက်တူရွယ်တူဟု မကြာခဏ ပြောတတ်သည်။ ကျမကလည်း ကိုယ်ဖြတ်သန်းခဲ့ရသည့် ဘဝတစိတ်တဒေသကို ပြန်ပြောပြရင်း လူ့ဘဝ အတွေ့အကြုံတွေကို မျှဝေပေးဖြစ်သည်။ အသက်အရွယ် ကွာပေမယ့် အတွေးအမြင် ခံယူချက် နီးစပ်သည်။ လူငယ်စကားနှင့်  ပြောရလျှင် ရင်ဘတ်ချင်း နီးကပ်သည်။
                 ကျမတို့ အိမ်ရဲ့ အိမ်သူကြီးဖြစ်သူ ကိုမင်းသိုက်က အလုပ်မှ နှုတ်ထွက်ပြီး နေရပ်ပြန်ဖို့  အကြောင်းဖြစ်လာသောအခါ ကျမတို့၏ မိသားစုလို နေကြသော အဆိုပါအိမ်ကြီးမှ တအိမ်ထောင်စုဆီ ခွဲထွက်ကြရင်း တနေရာစီ  ခွဲကာ နေထိုင်ကြရသည်။ သို့သော် အိမ်ကို အဝင်အထွက် မပျက်။ အကြောင်းရှိက သွားလာ ဝင်ထွက်ရင်း သူ့အမေ သတင်းကို မေးရသည်။ ၂၀၁၀ခုနှစ် နောက်ပိုင်း နိုင်ငံရေးအကျဉ်းသားများကို အခွဲခွဲ အထစ်ထစ် လွှတ်ပေးနေရာ အမြဲ သတင်းမေးရသည်။ ၂၀၁၂ခုနှစ် နှစ်ဆန်းပိုင်းလောက်မှာတော့ မသန္တာ လွတ်မြောက်လာရာ  သားအမိတွေ ပြန်ဆုံကြကြောင်း ဝမ်းသာစရာ ကြားသိရသည်။ ယခုတော့ ဘယ်လောက်မှပင် မကြာလိုက် သူ့ဖခင်သည် ဘယ်တော့မှ မဆုံနိုင်သည့် ခရီးကို ထွက်သွားရပေပြီ။ မတရားနှိပ်စက် ဖမ်းဆီးခံရပြီး အသတ်ခံရကာ  သေဆုံးသွားခဲ့ရသည်။
                        ကိုပါကြီး ပျောက်နေသည့် သတင်းကို ကြားကတည်းက သူ့ဆီ ဖုန်းဆက်ပြီး သတင်းမေးသည်။ သူတို့လည်း သေသေချာချာ မသိ။ ဖမ်းသွားသည်သာ သိပြီး အခြေအနေကို စောင့်ကြည့်ဆဲ ဖြစ်သည်။ နောက်ပိုင်း သူ့အမေ မသန္တာက လူပျောက်မှုဖြင့် အမှုဖွင့်တာ သတင်းတွေမှာ ဖတ်ရသည်။ ရက်ပိုင်းအတွင်းမှာပင် ကိုပါကြီးကို စစ်တပ်က ပစ်ခတ်လိုက်၍ သေဆုံးသွားပြီ ဆိုသော သတင်းကို ဖတ်ရလေသည်။ ဤကလေးမလေးကို သတင်းမေးဖို့ တွန့်ဆုတ်နေမိသည်။ အင်မတန်မှ ဝမ်းနည်းကြေကွဲဖွယ်ရာ အတွက် အားပေးဖို့ စကားလုံးတွေ  ထွက်လာအောကျမကိုယ်တိုင်ပင် အင်အားကမရှိလှ။   ကျမကိုယ်တိုင်ပင် ဝမ်းနည်း ကြေကွဲရသည်။ ထပ်တူထပ်မျှ  တုန်လှုပ်မိသည်။ သို့သော် သူ့ကို အားပေးချင်သည်။ ကိုယ့်ကိုယ်ကို တည်ငြိမ်အောင် ကြိုးစားပြီးမှ  သူ့ထံ တယ်လီဖုန်းဆက်သည်။ ပထမတကြိမ် သူ့ခင်ပွန်းကိုင်သည်။ မရိပ်မိ၊ နောက်ရက်မှာ ထပ်ဆက်သည်။ မကိုင်၊ နဲနဲတော့ ရိပ်မိသွားသည်။ ကျမအသံကို ကြားပါက သူတင်းထားသည့် စိတ်တို့ လျှော့ကျကာ အားကိုးတကြီး ငိုချလိုက်မည် ထင်သည်။ ဒါဆို ကျမရော ခံနိုင်ပါ့မလား၊ တွေးမိပြီး ဖုန်းထပ်မဆက်ပဲ ဖေ့စ်ဘွတ်ကနေ မက်စေ့ခ်ျပို့လိုက်သည်။ ထူးထူးထွေထွေ ဘာမှမမေးပဲ ကျန်းမာရေး ဂရုစိုက်ပြီး ကိုယ့်ကိုယ်ကို နေကောင်းအောင် နေဖို့သာ ရေးလိုက်သည်။ မကြာမီ စာပြန်ထားတာ တွေ့ရလေသည်။

" အန်တီ့ဖုန်းဆက်တာ သမီး တမင် မကိုင်တာပါ၊ သမီးကြားပါတယ်၊ သမီး ငိုမိမှာဆိုးလို့ပါတဲ့"
နောက်ရက်မှာတော့ သူ့အဖေအတွက် အလှုလုပ်ရာ ဘုန်းကြီးကျောင်းမှာ ဆုံကြသည်။  သူနှင့်မတွေ့ခင်ကတည်းက ကိုယ့်စိတ်ကို သတိထားပြီး နေသည်။ တွေ့သည့် အခိုက်မှာ သူ့အဖေနှင့် ပတ်သက်တာတွေ မပြောပဲနေသည်။ မေးလည်း မမေး၊ မေးရန်လည်းမလို၊ သတင်းတွေက မီဒီယာမှာ အစုံ တက်နေပြီ။ သူ့မျက်နှာကိုသာ အကဲခပ်ရင်း သူ့အမေ မသန္တာအကြောင်းသာ မေးလိုက်သည်။ သူ့အမေအကြောင်း ပြောရင်းက သူ့အဖေ ကိုပါကြီးဆီ ဆက်သွားသည်။ စကားဆုံးအောင် မပြောနိုင်၊ ဆို့နစ်စွာ မျက်ရည်ကျသည်။ ကျမလည်း ဆက်မမေး ဘာမှမပြောပဲ ငြိမ်နေလိုက်သည်။ ၁၉၈၈ခုနှစ်ကတည်းက နိုင်ငံရေးနယ်ပယ်မှာ လှုပ်ရှားခဲ့သည့် မိသားစုထဲက သွေးသား၊ သူ့ကို မွေးဖွားသည့် ၁၉၉၀ခုနှစ်ကစပြီး ဘဝတလျှောက် ကြုံခဲ့ရသည့် ဖြတ်သန်းခဲ့ရသည်များက သူ့ကို အထိုက်အလျောက် ခံနိုင်ရည် ရှိစေခဲ့ဟန်တူသည်။ ငိုချမည့်ဟန်မှ မျက်ရည်သိမ်းလိုက်သည်။ အခိုက်အတန့်ပဲ ကြာသည်။ ကျမကို သူဆက်ပြောသည်။
" စပြီး အဖမ်းခံရတယ်ဆိုတာ ကြားလိုက်ကတည်းက သမီးတို့ တွေးမိပါတယ်။ စစ်တပ်က ဖမ်းတယ်ဆိုကတည်းက တရားရုံးရောက် ထောင်ချ၊ ဒီလောက်ပါပဲ သမီးတို့ ဒီလောက်အထိပဲ မှန်းထားပါတယ်၊ ထောင်ကျတဲ့အထိတော့ မှန်းထားပါတယ်။ ဒီလောက်ကြီးအထိ ရက်စက်မယ်လို့ ..............."
 စကားဆုံးအောင် မပြောနိုင်ပဲ အတန်ကြာပြီးမှ " ................................ ထင်မထားဘူး အန်တီရယ် တဲ့"
                     ကျမ သူ့မျက်နှာကို ကြည့်ရင်း သူ့ရင်ထဲမှာ စိုက်ဝင်နေတဲ့ ဆူးကို တွေ့လိုက်ရသည်။ ဒီလို အမူအယာမျိုး ကျမ တွေ့ဖူးခဲ့ ရသည့် အသက်နှစ်ဆယ်ဝန်းကျင် လူငယ်လေးတွေရဲ့ မျက်နှာတွေ များစွာ ရှိခဲ့ပါသည်။
                    ကချင်တိုင်းရင်းသူလေးတွေ၊ ရှမ်းတိုင်းရင်းသားတွေ၊ ကရင်အမျိုးသမီးလေးတွေ များစွာ ထိတွေ့ ပြောဆို ဆက်ဆံခဲ့ဖူးသည်။ ကျမကို တွေ့တွေ့ချင်း ဗမာ ဆိုသည်နှင့် အနည်းငယ်တွန့်ဆုတ်သွားကာ၊  သတိထားပြီး ဆက်ဆံသည့် အမူအယာရှိသည့် ကချင်တိုင်းရင်းသူလေးသည် ခင်မင်ရင်းနှီးသွားသည့်အခါမှာတော့ သူတို့ ကချင်ပြည်နယ် အစွန်အဖျားက ရွာတွေမှာ စစ်တပ်ရောက်လာပြီး သူပုန်နှင့်ဆက်ဆံသည်ဆိုကာ ဖမ်းသွားပြီး နှိပ်စက် ဘယ်ရောက်သွားမှန်းမသိရတော့သည့် သူတို့ရွာက လူငယ်တွေအကြောင်း ပြောပြတာ နားထောင်ရသည်။ ဗမာစစ်တပ်က တိုင်းရင်းသူလေးတွေကို မုဒိန်းကျင့်တာတွေ ပြောတာ ကြားရသည်။ စာကောင်းကောင်းမသင်ရပဲ စစ်တပ်နှင့် တိုင်းရင်းသားလက်နက်ကိုင်တွေ အကြား ရှောင်ရှား ဗျာများရတာတွေ ကြားဖူးရသည်။
ရှမ်းတိုင်းရင်းသူလေးကတော့ သူ့အမေက ရွာစဉ်လှည့်ပြီး ဆေးကုပေးသည့် ကျန်းမာရေးဆရာမ၊ စစ်တပ်ဝင်လာတော့ သူပုန်ကို ဆေးကုသပေးသည်ဆိုကာ ဖမ်းသည်။အကြိမ်ကြိမ် အဖမ်းခံရပြီးသည့်နောက်  မနေရဲတော့၊ ဆေးကုနေသရွေ့ ဖမ်းနေတော့မည်။ သမီးတွေကလည်း အရွယ်ရောက်လာပြီ။ ဒါ့ကြာင့် တဖက်နိုင်ငံထဲ ထွက်ပြေးပြီး နေရသည်။ သူတို့ရင်ထဲမှာ ဆူးတွေ ရှိသည်။ သူတို့ ပြောပြတာနားထောင်ရင်း ဒီပြဿနာ ဘယ်တော့ ဖြေရှင်းပြီးပါ့မလဲ တွေးနေမိသည်။ အလားတူ ရှမ်းတိုင်းရင်းသား လူငယ်တယောက်ကတော့ အသက်(၁၅) နှစ်ကတည်းက တဖက်နိုင်ငံသို့ ရောက်နေသည်။ သူ့အမေက သူ့ကို ရွာမှာထားပါက ဘိန်းသမား ဆေးသမား ဖြစ်သွားမှာလည်း စိုးရိမ်သည်။ စစ်တပ်က အရွယ်ရောက်လာသည့် လူငယ်တွေဆိုပါက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့န
ှင့် ပတ်သက်သည် ဆက်နွယ်သည်ဆိုကာ အမြဲ သံသယရှိသည်။ အချိန်မရွေး ဖမ်းခေါ်သွားနိုင်သည်ဖြစ်ရာ စိတ်ချရအောင် တဖက်နိုင်ငံသို့ ထွက်သွားခိုင်း သဖြင့် ရောက်နေရသည်။ ကရင်တိုင်းရင်းသူလေးတွေကျပြန်တော့ စစ်ပြေးရင်း ဒုက္ခသည်စခန်းတွေမှာ လာရောက်နေထိုင်ရသည်။ ဒုက္ခသည်စခန်းတွေမှာ စာသင်ကျောင်းလေးတွေ ရှိနေတော့ တော်သေးသည်။ စာကို ဆက်သင်ချင်သူက ဆက်ပြီး သင်ယူလို့ရသည်တဲ့။ ရွာထဲကို စစ်တပ်ဝင်လာပါက စိုးရိမ်ကြောက်ရွံ့ရသော စိတ်တို့သည် ယခုတိုင် အိပ်မက် မက်နေဆဲ၊ ထိုအိပ်မက်ကို မက်မိပါက အိပ်ယာက နိုးလာသည့်တိုင် ထိတ်လန့် တုန်လှုပ်နေဆဲပါလို့ ပြောပြသည်။ ကရင်တိုင်းရင်းသူလေးတွေကတော့ ရိုးသားစွာပဲ သဘောကောင်းသည်။ မနောကောင်းသည် ၊ တခြားသူတွေလို ဗမာစစ်တပ်ကို သိပ်မုန်းတာပဲလို့ နာကျည်းစွာ မပြော။ စစ်ဖြစ်တာ မကောင်းပါဘူးလို့သာ ဆိုလေသည်။
 ဘယ်လိုပဲဖြစ်ဖြစ်  ထိုကလေးတွေနှင့် တွေ့ဆုံ စကားပြောဖြစ်တိုင်း သူတို့ရင်ထဲက ဆူးကို တွေ့မြင်ရသည်။ ယခု ကိုပါကြီးရဲ့ သမီး၊ သူ့ရင်ထဲမှာ ဆူး တချောင်းစိုက်ဝင်သွားပြန်ပြီလား၊ ရင်ထဲမှာ ဆူးတွေပြည့်နေမည့် မျိုးဆက်သစ် လူငယ်လေးတွေ ဖြစ်လာတော့မှာလား၊ မေတ္တာတရားပြည့်နေမှ မေတ္တာကို ပြန်လည်ပေးဝေ နိုင်ကြမှာဆိုလျှင်ဖြင့် အမုန်းဆူးတွေ စိုက်ဝင်နေပါလျှင် အမုန်းတွေ ပျံ့သွားတော့မှာလား တွေးရင်း အနာဂတ် လူငယ်လေးတွေ ရင်ထဲက ဆူးတွေကို အချိန်မီ ဖယ်ထုတ်ပေးနိုင်ဖို့ လိုအပ်နေပါပကောလို့ တွေးနေမိသည်။ 
ခိုင်ခိုင်စောလွင်

October 24, 2014

တရားသဖြင့် ( အောက်တိုဘာ(၂၄) ရက် The Voice Daily ) မှ


ထိုင်းနိုင်ငံ ၊ တောင်ပိုင်း စူရတ်ဌာနီရှိ ကော့သောင်ဝ်( လိပ်ကျွန်း) မှာ ဗြိတိသျှ လူမျိုး နှစ်ဦးဖြစ်သည့် ဒေးဗစ်မေလာနှင့်ဟန်နာတို့ အသတ်ခံရသည့် သတင်း ကို ရုပ်မြင်သံကြားမှ ကြည့်ရပြီး မကြာမီ ထိုကျွန်းပေါ်ရှိ မြန်မာရွှေ့ပြောင်းအလုပ်သမားများကို အဓိကထားပြီး စစ်ဆေးနေသည့် သတင်းများ နေ့စဉ် ကြားသိနေရလေသည်။ ထိုကျွန်းမှာ နေထိုင်ပြီး အလုပ်လုပ်ကိုင်နေသော မြန်မာအလုပ်သမားခုနှစ်ထောင်ခန့် ရှိသည်ဟု သိရလေသည်။ မျိုးဗီဇ (DNA) စစ်ဆေးခံနေသည့် မြန်မာအလုပ်သမားများ၏ ပုံရိပ်ထဲမှာ သနပ်ခါး ပါးကွက်ကျားနှင့် မြန်မာမိန်းကလေးတွေကိုပါ ထိုင်းရုပ်မြင်သံကြားတွင် တွေ့မြင်ရပါသည်။ ထိုသတင်းတွေ မြင်ရသည့်အခါ စိတ်ထဲကနေ ထိုလူသတ်မှုကို ကျူးလွန်သူတွေမှာ မြန်မာလူမျိုးတွေ မဟုတ်ပါစေနှင့်ဟု ဆုတောင်းနေမိလေသည်။ အဘယ့်ကြောင့်ဆိုသော် လူသတ် မုဒိန်းမှု ဖြစ်နေသည့် ဆိုးရွားလှစွာသော ဤရာဇဝတ်မှုကြီးကို မြန်မာလူမျိုးက ကျူးလွန်ခဲ့ပါက ကမ္ဘာ့အလယ်မှာ မျက်နှာမပြဝံ့အောင် အရှက်ရစေသည့် အပြင် လတ်တလော ကမ္ဘာက အာရုံစိုက်နေသည့် မြန်မာနိုင်ငံ၏ ပုံရိပ်ကို များစွာ ထိခိုက်နိုင်သောကြောင့် ဖြစ်လေသည်။ ရခိုင်အရေး၊ မိတ္ထီလာအရေး စသည့် ကိစ္စများဖြင့် မြန်မာကို အကြမ်းဖက်သူများဟု ထင်မြင်နေသည့် အခိုက် ယခုကဲ့သို့သော ရာဇဝတ်မှုကို မြန်မာလူမျိုး တစ်ဦးဦးကများ ကျူးလွန်ခဲ့ပါက ရာဇဝင်တွင်ရစ်ပေတော့မည်။ သို့အတွက် မဟုတ်ပါစေနဲ့ဟု ဆုတောင်းနေရလေသည်။
မကြာမီ ရက်ပိုင်းမှာပင် ဖမ်းဆီးစစ်ဆေးခံရသည့် မြန်မာရွှေ့ပြောင်းအလုပ်သမားများ
ကို DNA မတူဟုဆိုကာ ပြန်လွှတ်ပေးသည့် သတင်းကို ကြားသိရလေသည်။ ထိုအတောအတွင်း တရားခံဖမ်းမိရေး အတွက် စုံစမ်းစစ်ဆေးနေသည့် သတင်းများကို မပြတ်ကြားသိရလေသည်။ ထိုင်းရဲချုပ်က အမှုကို စစ်ဆေးနေသည့် ရဲအဖွဲ့ကို နေ့စဉ် တစ်နာရီခြား တစ်ခါခန့်လူသတ်မှုနှင့် ပတ်သက်သည့် အခြေအနေကို မပြတ်မေးမြန်းနေသည့်အပြင် ထိုင်းရဲချုပ်ကိုလည်း ထိုင်းဝန်ကြီးချုပ်က နေ့စဉ် မေးမြန်းသည်ဟု သိရလေသည်။ မကြာမီ မြန်မာအလုပ်သမား နှစ်ယောက်ကို လူသတ်မှုကျူးလွန်သည့် တရားခံများဟု ဖမ်းဆီးပြီး သတင်းထုတ်ပြန်လိုက်လေသည်။
ထိုလူငယ်နှစ်ဦးမှာ ကနဦးက DNA စစ်ဆေးခဲ့ပြီး ဟန်နာ့ဆီမှာ တွေ့ရှိရသည့် DNA နှင့် ကိုက်ညီမှုမရှိဆိုကာ ပြန်လွှတ်ပေးခဲ့သည့် လူငယ်တွေ ဖြစ်လေသည်။ မြန်မာလူငယ် နှစ်ယောက်ကို တရားခံဟု ပြောဆိုလိုက်သတင်း ထွက်ပေါ်လာပြီးနောက် ထိုင်းဆိုရှယ်မီဒီယာနှင့်တကွ ကမ္ဘာအရပ်ရပ်ရှိ ဆိုရှယ်မီဒီယာများတွင် မဖြစ်နိုင်ဆိုသည့် ယူဆချက် ထင်မြင်ချက် ထောက်ပြချက်များနှင့် scapegoats ဆိုသည့် တရားခံအဖြစ် အစားထိုးသည်ဆိုသော ပြောဆိုချက်များ ပေါ်ထွက်လာခဲ့လေသည်။ ဤသို့ဖြင့် ထိုင်းနိုင်ငံ ကော့သောင်ဝ်( လိပ်ကျွန်း) ပေါ်က ဗြိတိသျှလူမျိုး နှစ်ဦး အသတ်ခံရသည့် သတင်းသည် ကမ္ဘာ့သတင်းများတွင် ထိပ်တန်းရောက် သတင်းတစ်ခု အဖြစ်သို့ ရောက်ရှိလာလေတော့သည်။
ထိုင်းနိုင်ငံမှ နာမည်ကျော် မှုခင်းဆရာဝန်ကြီး၏ တွက်ဆမှုများနှင့်အတူ CSI LA ( Critical Thinking = คิดอย่างมีวิจารณญาณ
Skeptics = ช่างสงสัย Investigation = สืบสวน) ဖေ့စ်ဘွတ် လူမှုကွန်ယက်တွင် သုံးသပ်ထားချက်များက ပြစ်မှုးကျူးလွန်သူဟု ယူဆနိုင်သည် များကို ခြေရာကောက်ပြထားသည်။ AC ဘားပိုင်ရှင်နှင့် သားဖြစ်သူတို့ကို အများအမြင်တွင် သံသယဖြစ်ဖွယ် အချက်အလက်များ ရှိနေပါလျက်နှင့် စုံစမ်းစစ်ဆေးခြင်း မရှိသည့် အနေအထားများကို ထောက်ပြထားလေသည်။
သို့သော် ထိုင်းအာဏာပိုင်တို့သည် ထိုင်းလူမျိုးတို့က ယခုလိုလုပ်ရပ်မျိုး မလုပ်ဆိုသည့် ကနဦး ထင်မြင်ချက်ကို ကိုင်စွဲကာ မြေနိမ့်ရာလှံစိုက် ဆိုသကဲ့သို့ ၎င်းတို့ ပြုလုပ်နေကျ အတိုင်း မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ
ကိုသာ တရားခံအဖြစ် ရွေးချယ်ခဲ့လေသည်။ စာမျက်နှာပေါင်း (၈၅၀) ကျော်ပါသည့် အမှုတွဲကို တရားရုံးသို့ တင်ခဲ့ရာ အမှုကို စွဲချက်တင်ရန်မပြည့်စုံဆို၍ ပယ်ချခံခဲ့ရာမှ အမှုကို ပြန်လည်တည်ဆောက်ပြီး တရားရုံးမှာ ရုံးတင် တရားစွဲရန်အတွက် ထိုင်းအစိုးရ ဥပဒေရုံးကနေ လက်ခံပြီး တရားလိုပြ သက်သေများကို စတင်စစ်ဆေးနေပြီ ဖြစ်သည်။ မြန်မာလူမျိုးတွေက ယခင်ကကဲ့သို့ မျက်လုံးပိတ် နားပိတ်နေရသည့် ဘဝမျိုး မဟုတ်ပဲ အထိုက်အလျောက် လွတ်လပ်စွာ သတင်းများကို ဖတ်နေမြင်နေ သိနေပြီဖြစ်ရာ ယခုအမှုအတွက် လွှတ်တော်မှာပါ အဆိုတင်သွင်းပြီး နိုင်ငံတော်အဆင့် လိုက်လံ ဖြေရှင်းနေပြီ ဖြစ်လေသည်။ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးနှင့် ထိုင်းနိုင်ငံရှိ လူမှုရေးအဖွဲ့အစည်း၊ အလုပ်သမားအရေး ဆောင်ရွက်နေသူများက ဝိုင်းဝန်း တွေ့ဆုံပြီး တရားခွင်မှာ တရားသဖြင့် ဖြစ်အောင် ဆောင်ရွက်နေကြလေပြီ။
ထိုင်းဝန်ကြီးချုပ်ျနှင့်တကွ ထိုင်ရဲတပ်ဖွဲ့အကြီးအကဲတို့ကတော့
့ သူတို့မှာ သက်သေ အထောက်အထား အပြည့်အစုံ အခိုင်အမာ ရှိ၍သာ ဖမ်းဆီးတာဖြစ်ကြောင်း အခိုင်အမာပြောကြားနေဆဲ ဖြစ်သည်။ ထိုင်းနိုင်ငံဆိုင်ရာ ဗြိတိန်သျှသံအမတ်ကြီးနှင့်သေဆုံးသူ ဟန်နာ၏မိသားစုတို့က အမှန်တကယ် ပြစ်မှု ကျူးလွန်သည့်သူကိုသာ အပြစ်ဒဏ်ချတာ မြင်လိုကြောင်း သတိပေးစကား ဆိုလေသည်။
နေ့စဉ်နှင့်အမျှ သတင်းမှာ တွေ့မြင်ရသည့် ထိုမြန်မာလူငယ် နှစ်ယောက်ကို တွေ့ရသည့်အခါ အင်မတန် စိတ်ဆင်းရဲရသည် ဖြစ်ရာ သူတို့မိဘတွေကို စာနာမိလေသည်။ ကလေးတွေ၏ မိဘတွေကို ထိုင်းနိုင်ငံသို့ ခေါ်ယူဖို့ မြန်မာလူငယ်များဘက်မှ လိုက်ပါဆောင်ရွက် ပေးမည့် ထိုင်းရှေ့နေက အကြံပြုရာ မိဘများ ထိုင်းနိုင်ငံသို့ ရောက်ရှိလာကြပေပြီ။
ဒီအမှုအခင်းကို မြင်ရာက စာရေးသူသည် တရားဥပဒေနှင့် လူတွေ၏ မတရားသော လုပ်ရပ်များကြောင့် ဘဝသေ ဘဝနာကြရသည့် အဖြစ်အပျက်များကို သတိရမိလေသည်။ အမှန်တကယ် ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက် အချို့နှင့် စာရေးဆရာတို့ ရေးသားကြသော ဝတ္ထုများစွာကို ပြန်ပြောင်း သတိရမိလေသည်။ တရားခံ အစစ်အမှန် မဟုတ်ပါပဲ လက်တလုံးခြား လိမ်လည် ထွက်ဆိုချက်၊ လှည့်ဖျားထားသော သက်သေအထောက်အထား စသည်တို့ဖြင့် အပြစ်မရှိသူတွေ တရားခံ ဖြစ်ကြရသည့် အကြောင်းကို တွေးနေမိလေသည်။
ပြီးခဲ့သည့်နှစ်က စာရေးသူ တက်ရောက်နေသည့် ထိုင်းဘာသာစကား သင်တန်းမှာ သင်တန်းဆရာမက တစ်ရက်မှာ အတန်းထဲ ဝင်ဝင်ချင်း " ဝမ်းသာစရာ ပြောရအုန်းမည်" ဟုဆိုလေသည်။
၂၀၀၉ခုနှစ်က ထိုင်းနိုင်ငံ၊ ချင်းမိုင်မှာ ထိုင်းကျောင်းသူတစ်ဦးကို မတရားကျင့်ပြီး သတ်ဖြတ်ခဲ့တယ်ဆိုကာ ဖမ်းဆီးခဲ့တဲ့ မြန်မာအလုပ်သမားတယောက်ကို တရားခံ အစစ်တွေ့ပြီ ဖြစ်လို့ ပြန်လွှတ်ပေးလိုက်တယ်၊ တရားခံက လာအိုနိုင်ငံသားဖြစ်နေတယ်။ မှားဖမ်းတဲ့ အတွက် လျော်ကြေးလဲ ပေးလိုက်တယ်လို့ ပြောလေရာ သင်တန်းခန်းထဲမှာ တယောက်တပေါက် အသံတွေ ညံသွားလေတော့သည်။
" ဟာ ဝမ်းသာစရာပဲ ပိုက်ဆံတွေလဲ ရဘီ" " ထောင်ထဲမှာ စိတ်ဓါတ်တွေကျပြီး အခုတော့ ဝမ်းသာသွားမှာပဲ" " ပွတာပဲဟေ့"
ထိုသင်တန်းမှာ တက်ရောက်နေသူ အများစုက ရွှေ့ပြောင်းမြန်မာအလုပ်သမားတွေ ဖြစ်လေသည်။
စာရေးသူက တရားခံအဖြစ် သတ်မှတ်ခံရသည့် အချိန်မှာ အဲဒီအလုပ်သမားရဲ့ခံစားချက်၊ တရားရုံးက ပြစ်မှု မကျူးလွန်ပါပဲ ပြစ်မှုကျူးလွန်တာ မှန်ကန်ပါတယ် ဆိုပြီး စီရင်ချက်ချတဲ့ အခါ မတရားခံရတဲ့ ခံစားချက်၊ ထောင်ထဲမှာ တသက်တကျွန်း ပြစ်ဒဏ်ကို ခံစားနေရတဲ့ ဒီလူရဲ့ စိတ်ပိုင်းဆိုင်ရာ နဲ့ ကြုံတွေ့ရတဲ့ ဒုက္ခအဖုံဖုံ စတာတွေ အပြင် ပတ်ဝန်းကျင်မှာ မုဒိန်းကောင် လူသတ်သမား ဆိုတဲ့ အမြင် စတာတွေကို ရလာတဲ့ ငွေနဲ့ တန်တယ် ထင်သလားလို့ မေးခွန်းထုတ်လိုက်ရာ အားလုံးငြိမ်သွားလေသည်။ ပြီးတော့မှ တစ်ယောက်ချင်း ဖြေးလေးစွာ ပြောလာကြသည်က တကယ်တန်းကျ ငွေ ဟာ အဓိက မကျဘူး၊ အမှန်တရားသာ အဓိကပဲလို့ ဆိုကြလေတော့သည်။
ထိုင်းဆရာမကတော့ သင်တန်းသားတွေ ပြောနေတာကို ငြိမ်ပြီး နားထောင်ရာက စကားတစ်ခွန်းပြောလေသည်။
" ဒါ့ကြောင့် တရားစီရင်ရေးမှာ “အပြစ်မရှိသူ တဦး ပြစ်ဒဏ်ကျခံရသည်က အပြစ်ရှိသူတရားခံတစ်ရာ လွတ်မြောက်သည်ထက် ဆိုးဝါးတယ်" ဆိုတဲ့ စကား ရှိတယ်လို့ ပြောလေသည်။
ထိုအဖြစ်အပျက်မျိုးကို ကမ္ဘာ့နိုင်ငံအသီးသီးမှ နာမည်ကျော် စာရေးဆရာများက ဝတ္ထုပေါင်းများစွာ ဇာတ်လမ်းများစွာ ရေးသား ပုံနှိပ်ခဲ့ကြလေသည်။ တကယ့် အဖြစ်အပျက်တင်မက ဝတ္ထုဆိုသည်ကလည်း လူ့ဘဝပတ်ဝန်းကျင်က အဖြစ်အပျက်တို့ဖြင့် ထုံမွှန်းထားသော အကြောင်းအရာတွေပင် ဖြစ်ရာ အမှုစစ်နှင့် တရားခွင်တို့မှ မှားယွင်းဆုံးဖြတ်ခံရသည့် အကြောင်းအရာများကို ဖတ်ရတိုင်း လောကကြီးမှာ တရားသဖြင့် ဆုံးဖြတ်နိုင်တဲ့ နေရာတွေ မရှိတော့ဘူးလား ဟု မကြာမကြာတွေးမိလေသည်။ စာရေးသူ ဖတ်ဖူးသည့် ဘာသာပြန်ဝတ္ထု တစ်ပုဒ်မှာ ဖတ်နေရင်းက အင်မတန်ခံစားရပြီး ဝတ္ထုဇာတ်လမ်းအဆုံးမှာ လောကကြီးမှ လူတွေရဲ့ မတရားမှု ၊ တရားစီရင်ရေးစနစ်၏ ရိုးသားစွာ မှားယွင်းမှုများကို တနုံ့နုံ့ ဖြင့် ရင်နင့်စွာ ဖတ်ခဲ့ရဖူးလေသည်။
ခရီးသွား လူရွယ်သည် လမ်းခရီး တည်းခိုဆောင်တစ်ခုမှာ တည်းခိုရင်း ဒုက္ခရောက်လာဟန် ရှိသည့် ခရီးသွားတစ်ဦးကို သနားသောအားဖြင့် အတူတည်းခိုခွင့် ပြုခဲ့လေသည်။ နာမည်မသိ၊ လိပ်စာမသိသည့် ထိုလူငယ်နှင့် တစ်ခန်းထဲအတူ ညအိပ်ရင်း နံနက်လင်းသော် ထိုလူငယ် မရှိတော့ပေ။ သို့ဖြင့် ခရီးဆက်လာရာ လမ်းခရီးမှာ စစ်သားများနှင့် လူအချို့က သူ့ကို ရပ်တန့်ပြီး ဝိုင်းဝန်းရှာဖွေရာ သူ့ရဲ့ ခရီးဆောင်အိတ်ထဲမှာ သွေးများခြောက်ကပ်နေပြီဖြစ်သည့် ဒါးတစ်လက်ကို တွေ့ပြီး လတ်တလော အသဲအသန် ရှာဖွေနေသည့် လူသတ်တရားခံကို သက်သေ အထောက်အထားနှင့်တကွ တွေ့ပြီ ဆိုကာ ဖမ်းဆီး ခေါ်ဆောင်သွားကြလေသည်။
တရားရုံးမှာ တရားစွဲတင်ရာ သူ၏ ခုခံ ချေပမှုများသည် ဘယ်လိုမှ အရာမထင်။ နေရပ်မှာ ကျန်ရှိခဲ့သည့် မိသားစုဝင်များကလည်း နကိုကတည်းက ဆင်းရဲလွန်း၍ အလုပ်သစ်ရှာမည်ဆိုကာ ထွက်သွားသည့် ထိုသူအတွက် လိုက်ပါဆောင်ရွက်ရန် မဆိုနှင့် ထိုခရီးဝေးကို လာဖို့ပင် ငွေအင်အားမရှိ။ ဒါ့အပြင် သူ့လင်ယောက်ျား ၊ သူတို့ ဖခင်သည် ငွေကြေးလိုအပ်သည့်အတွက် လူသတ်ပြီး လုယက်မှုကို ကျူးလွန်ခဲ့နိုင်သည်လို့ ထင်မြင်ယူဆကာ သူတို့ကို အမှုပတ်မှာပင် စိုးရွံ့ကြောက်လန့်နေကြလေသည်။
နောက်ဆုံးမှာတော့ ခရီးသွား၏ အိတ်ထဲမှ ရရှိသည့် ဒါးတစ်လက်ကို သက်သေ အခိုင်အမာပြုကာ ခရီးသွားမှာ သေဒဏ် ချမှတ်ခံရလေတော့သည်။ ထောင်ထဲမှာ နေထိုင်ရင်း အယူခံဖြင့် တစ်သက်တစ်ကျွန်း အဖြစ် ပြောင်းလဲခဲ့ကာ နှစ်ပေါင်းများစွာ ထောင်ထဲမှာပင် ဘဝတစ်လျှောက် နေထိုင်ခဲ့ရလေသည်။ သူ့အသက် ခြောက်ဆယ် ကျော်လာသည်အထိ သူသည် ထောင်ကို ရောက်လာသည့် ထောင်ကျတွေ၏ လိုအပ်ချက်ကို ဖြည့်ဆည်းပေးရင်း ဘဝကို ထောင်ထဲမှာပင် ကောင်းကောင်းမွန်မွန် ဖြတ်သန်းရင်း နေတတ်ခဲ့လေသည်။ နေမကောင်းသည့် ထောင်ကျတွေကို ပြုစုပေးသည်။ ရေနွေးလိုလျင်ရအောင် ရေနွေးအိုး မပြတ်တည်ပေးတတ်သည်။ ထိုသို့ နေထိုင်လာရာက ထောင်မှုးတွေ ပြောင်းသွားသည့်တိုင် သူ့ရဲ့ ဂုဏ်သတင်းက လူချင်းဆက် လက်ဆင့်ကမ်းရင်း သူ့ကို ထောင်းမှုးများက ယုံကြည်စွာ ဆက်ဆံလာကြသည်။ ထောင်ကို အသစ်ရောက်လာသည့် လူတိုင်းကို လူသတ်မှု အကြောင်းနှင့်ပတ်သက်ပြီး သူဘာမှ မသိခဲ့ရသည့် အကြောင်းကို ပြောပြတတ်လေသည်။
တရက်မှာတော့ အမှုတစ်ခုဖြင့် ထောင်ကျ ရောက်လာခဲ့သည်။ အခြားသူများနည်းတူ လိုအပ်ချက်တွေကို သူက ပြောပြ ၊ လုပ်ကိုင် လမ်းညွှန်ပေးလေသည်။ သို့သော် ထိုသူသည် သူ့ကို လိုလားပုံမရ။ သူမသတ်ပဲ ထောင်ကျရသည့် အကြောင်းကို ပြန်ပြောပြတိုင်း နားထောင်ခြင်းမရှိသည့်အပြင် ရိုင်းပြစွာ တုန့်ပြန်တတ်သေးသည်။ သို့သော် သူသည် ဒီလိုလူမျိုးတွေ ကြုံတွေ့ဖူးခဲ့သည်ဖြစ်ရာ မေတ္တာမပျက် ဆက်ဆံလေသည်။
တကယ်တော့ ထိုသူသည် တည်းခိုဆောင်မှာ အတူတည်းခိုရင်း သူကျူးလွန်ခဲ့သည့် လူသတ်မှုမှ သွေးပေနေသည့် ဒါးကို ခရီးသွာ၏ အိတ်ထဲကို ထဲ့ခဲ့သူပင်။ သူကမမှတ်မိပေမယ့် ထောင်ကျက မှတ်မိပြီး စိုးရိမ်စိတ်ကြီးစွာ ဖြစ်နေခြင်းပင်။ သူ့ကို မမှတ်မိယောင် ဆောင်ကာ ညအချိန်မတော်မှ လာရောက် သတ်ဖြတ်မည်လား၊ ဒါမှမဟုတ် တနည်းနည်းဖြင့် သေအောင် လုပ်ကြံမည်လားဆိုတာကို အမြဲ သံသယ ရှိနေလေသည်။ တဖြည်းဖြည်းနှင့် ကျန်းမာရေးချို့တဲ့ကာ နာမကျန်းဖြစ်လာရာ အဖိုးအိုက ပြုစုလေသည်။ အဖိုးအိုသည် သူ့ကို အမှန်တကယ် မမှတ်မိသည်ကို သိရှိသွားလေသည်။ သို့သော် သူ၏စိတ်တို့သည် ဆင်းရဲခြင်းကြီးစွာ ဖြစ်နေလေသည်။ ထောင်ထဲမှာ ကျန်းမာရေးချို့တဲ့လာပြီး ကွယ်လွန်သွားသည့်အခါ ပြီး ထောင်ပိုင်ဆီကို လိပ်မူပြီး
စာတစ်စောင်ကို ရေးသားခဲ့လေသည်။ ထိုသူ၏ သက်သေခံစာနှင့် ဝန်ခံ ထွက်ချက်များကြောင့် အဖိုးအိုမှာ တရားခံ အစစ်မဟုတ်မှန်း သိရှိသွားပြီး ထောင်မှ လွှတ်ပေးလိုက်လေသည်။ ဘဝတလျှောက် ထောင်ထဲမှာ နေခဲ့ရသည့်အတွက် ပတ်ဝန်းကျင်မှာ သူဘယ်လိုရပ်တည် နေထိုင်ရပါမလဲ၊ ဤမျှသော နှစ်ပေါင်းများစွာ အတွင်း တကြိမ်မျှ အဆက်အသွယ်မရှိတော့သည့် မိသားစုကို သူဘယ်လိုမှ ဆက်သွယ်ရမှန်းပင် မသိတော့၊ သားသမီးတွေရဲ့ အမည်နာမတွေကိုပင် မေ့လျော့နေခဲ့လေပြီ။ ဝတ္ထုရဲ့ အဆုံးသတ်မှာတော့ တရားမျှတခြင်းဆိုတာ ဘုရားသခင်ဆီမှာ ရှိပါလျှက်နှင့် သူ့ထံကို ဘာ့ကြောင့် နောက်ကျမှ ရောက်လာရပါသလဲ လို့ အဆုံးသတ်ထားလေသည်။ ထိုဝတ္ထုသည် လောကကြီးကို သရော်ထားသည်။ နာကျင်မှုများစွာကို ပေးသည့်အပြင် တရားစီရင်ရေး၏ အားနဲချက်ကို ဖော်ကျူးထားလေသည်။ ထိုကဲ့သို့သော ဝတ္ထုမဟုတ်ပဲ ဝတ္ထုဆန်လှသည့် အဖြစ်အပျက်တွေ လူ့လောကမှာ များစွာ ဖြစ်ပျက်နေလေသည်။
ထိုကဲ့သို့ ဖြစ်စဉ်များကို ဖတ်ရခိုက်မှာ မတရားမှုကို ခံရပြီး ဘဝသေသွားရသည့် လူတွေ လောကကြီးမှာ ဘယ့်လောက်တောင် ရှိနေသလဲ မကြာမကြာ တွေးမိလေသည်။ လူတွေမှာ စားဝတ်နေရေးအတွက် လှုပ်ရှားရုန်းကန်ရင်း မထင်မှတ်ပဲ ထိုသို့သော အဖြစ်အပျက်တွေ ကြုံလာသည့်အခါ တရားရုံး၏ ဆုံးဖြတ်ချက်ကို တရားမျှတစွာ ဆုံးဖြတ်ပေးလိမ့်မည်ဟု အားကိုးတကြီး ရှိကြတာ ဓမ္မတာပင်။ သို့သော် လိမ်လည် လှည့်ဖျားထားသည့် သက်သေအထောက်အထားများကို လက်ကိုင်ထားပြီး အမှန်ဟု မှားယွင်းဆုံးဖြတ်ခဲ့သည့် အဖြစ်အပျက်တွေကလည်း များစွာ ရှိခဲ့လေရာ ကော့သောင်ဝ်ကျွန်း( လိပ်ကျွန်း) အမှုဖြစ်စဉ်တွင် ဖမ်းဆီးခံထားရသည့် မြန်မာအလုပ်သမား လူငယ်နှစ်ယောက် အတွက် စိုးရိမ်ဖွယ်ရာ အခြေအနေ ဖြစ်လေသည်။ သို့သော် တဖက်မှာ မြန်မာအစိုးရ ကိုယ်တိုင်က ယခင်အခြေအနေများနှင့် မတူပဲ မြန်မာအလုပ်သမားများဖက်မှ ရပ်တည်ကာ ဝင်ရောက် ပြောဆိုမှုများ ရှိလာတာ ဝမ်းသာစရာ ကောင်းပါသည်။ ထိုင်းနိုင်ငံရှိ မြန်မာသံအမတ်ကြီးမှ ယခုလူသတ်မှု မုဒိန်းမှု မှာ အဓိကတရားခံ မဟုတ်ပါပဲ တရားခံအဖြစ် ဖမ်းဆီးထားခြင်းကို လိုက်ပါဆောင်ရွက်နေကြောင်း ၊ မြန်မာလူငယ်နှစ်ဦးက သူတို့ကို နှိပ်စက် စစ်ဆေးသည့်အတွက် အမှုကို ကျူးလွန်ပါသည်ဟု ဝန်ခံခဲ့ရသည့်အကြောင်း ၊ ပါဝင်ပတ်သက်မှု ရှိနိုင်သော်လည်း နောက်ကွယ်မှာ မည်သူမည်ဝါတွေ ရှိနေသည်ကို အမှန်အတိုင်း ပေါ်ပေါက်အောင် မေးမြန်း စုံစမ်းနေကြောင်း ရှင်းလင်းတာတွေ ဖတ်ရလေသည်။
ထိုင်းနိုင်ငံ လူ့အခွင့်အရေး ကော်မရှင်မှလည်း ရဲတပ်ဖွဲ့က ဖမ်းစီးစစ်ဆေးစဉ် နှိပ်စက်ညှင်းပမ်းမှုများ ကျူးလွန်ခဲ့သည်ကို စစ်ဆေးတွေ့ရှိထားလေပြီ။ အဆိုပါအမှုကို တရားမျှတမှုရှိအောင် ဗြိတိန်နှင့် မြန်မာတို့မှ စောင့်ကြည့်စစ်ဆေးမည့် အဖွဲ့တွေ ထိုင်းနိုင်ငံကို လာရောက်ခွင့် ပြုလိုက်ပြီလည်း ဖြစ်သည်။ စောစောပိုင်း ကာလကတည်းက အများ တွက်ချက်ထားသည့်အတိုင်းပင် မြန်မာလူငယ်နှစ်ယောက်က သူတို့သည် လူသတ်မှု ကျူးလွန်ခြင်း မရှိကြောင်းနှင့် နှိပ်စက်ညှင်းပမ်း သဖြင့် ဝန်ခံခဲ့ရကြောင်း ထွက်ဆို ကြလေပြီ။
ထိုင်းနိုင်ငံ တောင်ပိုင်း လိပ်ကျွန်း လူသတ်မှုနဲ့ပတ်သက်ပြီး ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ ၀င်းဇော်ထွန်း နဲ့
ဇော်လင်းတို့ဟာ ထိုင်းရဲထံမှာ ထွက်ဆိုခဲ့ရတဲ့ ဝန်ခံချက်ကို ပြန်လည် ရုပ်သိမ်းလိုက်ပြီလို့ သူတို့ ရဲ့ ရှေ့နေတွေက သတင်းဌာနတွေကို ပြောလိုက်ပါပြီ။
သူတို့အနေနဲ့ လူသတ်မှုမှာ ပါဝင်ပတ်သက်ခြင်း မရှိဘဲ ထိုင်းရဲက နှိပ်စက်ပြီး အတင်းဝန်ခံခိုင်းတာဖြစ်ကြောင်း လူ့အခွင့်အရေးဆိုင်ရာ ထိုင်းရှေ့နေများကောင်စီ အဖွဲ့ဝင်ကို ပြောကြားခဲ့တယ်လို့ ထိုင်းရုပ်သံ ချန်နယ် ၃ မှာ သတင်းဖော်ပြသွားပြီ ဖြစ်သည်။ ထိုင်း
့ရှေ့နေများကောင်စီအနေနဲ့ အဘက်ဘက်က တရားမျှတမှု ရှိအောင် ဘာသာပြန်တွေဘက်ကိုလည်း မေးမြန်းရဦးမှာ ဖြစ်ကြောင်း၊ မြန်မာလူငယ် ၂ ဦးကတော့ လူသတ်သူက ဘယ်သူဆိုတာကို ပြောတာ မဟုတ်ဘဲ ဒီအမှုမှာ သူတို့ မပတ်သက်တဲ့အကြောင်းကိုသာ ပြောဆိုခဲ့ကြောင်း၊ သူတို့ပြောဆိုမှုတွေဟာ မှန်ကန်တယ်လို့ ယုံကြည်ကြောင်း လူ့အခွင့်အရေးဆိုင်ရာရှေ့နေ နိုင်းရတ်ဆဒါး မနုရဒ်ဆဒါးက ပြောကြားတာကို ထိုင်းရုပ်သံ ချန်နယ် ၃ မှာ လွှင့်ထုတ်သွားလေသည်။ ထိုင်းနိုင်ငံ လူ့အခွင့်အရေးကော်မရှင်က ယခုအမှုမှာ မတရား အဖမ်းခံရသူများ မဖြစ်စေရန် ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ သတင်းထုတ်ပြန်ထားလေသည်။
သို့ဖြစ်ရာ လိပ်ကျွန်းပေါ်မှ ဗြိတိသျှလူမျိုး နှစ်ဦး အသတ်ခံရသည့် ယခုအမှုမှာ ဖမ်းဆီးခံထားရသည့် မြန်မာအလုပ်သမားတွေ အတွက် ထိုင်းနိုင်ငံ တရားရုံးမှ တရားမျှတစွာ အမှန်ကို အမှန်အတိုင်း တရားသဖြင့် ဆုံးဖြတ်ပေးနိုင်ပါမှ ကျဆင်းနေသော ဂုဏ်သိက္ခာကို အဖတ်ဆယ်နိုင်ပါလိမ့်မည်။ ထိုမျှမက မတရားပြုကျင့်ခံရပြီး အသတ်ခံခဲ့ရသည့် ဟန်နာနှင့် ဒေးဗစ်တို့အတွက်လည်း တရားပါလိမ့်မည်ဟု ယုံကြည်မိလေသည်။
ခိုင်ခိုင်စောလွင်

October 15, 2014

သုံးနားညီ( ၁၅အောက်တိုဘာ ၂၀၁၄ The Voice Daily)မှ

ဂျီဩမေထြီ ဘာသာရပ်မှာ အနားသုံးနားဖြင့် ဖွဲ့စည်းထားသည့် ပုံသဏ္ဍန်ကို တြိဂံဟု ခေါ်လေသည်။ တြိဂံ အမျိုးမျိုး ရှိရာ အနား သုံးနားစလုံး ညီနေသော တြိဂံမှာ အချိုးကျ လှပသည်ဟု ထင်မိလေသည်။ ဒါ့ကြောင့် ဖြစ်မည်။ ပညာရေး၊ စီးပွားရေး၊ လူမှုရေး အထိမ်းအမှတ် အမှတ်တံဆိပ် (လိုဂို) များမှာ သုံးဦးသုံးဖလှယ်၊သုံးမျိုးသုံးစား အချိုးညီမျှခြင်း ဆိုတာ ကိုယ်စားပြုသည်ကို ပြသလိုပါက တြိဂံပုံဖြင့် ဖော်ပြကြတာ တွေ့မြင်ဖူးသည်။
ဥပမာ- ဆရာ မိဘ ကျောင်းသား၊ သီလ သမာဓိ ပညာ၊
အထက်ကျောင်း တစ်ကျောင်းက ကျောင်းသုံးဗလာစာအုပ် ကိုယ်ပိုင် ထုတ်ရာမှာ စာအုပ်တံဆိပ်က တြိဂံပုံ၊ ထိုတြိဂံပုံမှာ အနားတွေက စိတ်ဓါတ် စည်းကမ်း ပညာ စသဖြင့် တွေ့ရလေသည်။ အဆိုပါ သုံးခုညီညီညာညာ ပေါင်းစပ် ဖွဲ့တည်ထားသော ခိုင်ခန့်သည့် သဘောဆောင်လေသည်။
စာရေးသူ စဉ်းစားမိနေသည့် သုံးခုကတော့ လူပြောများလှသည့် လူ မူ စနစ် အကြောင်းဖြစ်လေသည်။ လူပြောင်း မူပြောင်း စနစ်ပြောင်း၊ လူမပြောင်း စနစ်ပြောင်း စတာတွေ ပြောကြ ရေးကြတာ ဖတ်ရလေသည်။ တကယ်တော့ ပြောင်းလဲခြင်းကို မြန်မာပြည်သူတွေ လိုလားခဲ့သည်မှာ ကြာပါပြီ။ လွန်ခဲ့သည့် (၂၆)နှစ်ကတည်းက ဖြစ်ပေါ်ခဲ့သည့် ရှစ်လေးလုံး ဒီမိုကရေစီ အရေးတော်ပုံကြီးက သက်သေတည်လေသည်။
အမေရိကန်သမတအိုဘားမား၏ ရွေးကောက်ပွဲ မဲဆွယ်သည့် စကားဖြစ်သော change ဆိုတာ လူသိထင်ရှား ဖြစ်လာပြီး ကမ္ဘာအနှံ့ အပြောင်းအလဲဆိုတာ စပြီး ထင်ထင်ရှား သိမြင်လာကြလေသည်။
စစ်အာဏာရှင်တို့ အုပ်ချုပ်နေသော မြန်မာနိုင်ငံပင် change အပြောင်းအလဲ ဖြစ်ခဲ့ရသည်။ ဒီမိုကရေစီစနစ်ဆီသို့ ဦးတည်လာသည်။ စနစ်ပြောင်းခဲ့လေပြီ။ အပေါ်ယံပြောင်းသလား၊ အနည်းငယ်ပြောင်းသလား၊ ဟန်ပြပြောင်းသလား မေးခွန်းတွေ အကြားက ပြောင်းလဲနေပါသည်လို့ ဖြစ်ခဲ့ချေပြီ။ ဒီအပြောင်းအလဲမှာ စနစ်တစ်ခုဆီကို သွားနေသည်လို့ ကြွေးကြော်ထားတာမို့ စနစ် ပြောင်းသည်။ လူကလဲ ယခုအစိုးရသည် စစ်ယူနီဖောင်းမှ အရပ်ဝတ်ကို ပြောင်းဝတ်သည်ဟု အများက မည်သို့ပင် ဆိုစေ ယခုအစိုးရက ယခင်အစိုးရဟု နာမည်တပ်ကာ ပြောဆိုနေတတ်သဖြင့် သူတို့သည် ယခင်လူများ မဟုတ်ကြလို့ ဆိုချင်ဟန်တူသည်။ ထားပါတော့ စနစ်ပြောင်းသည်၊ လူပြောင်းသည်။ မူကိုလည်း ပြောင်းနေပြီဟု ဆိုကြပြန်သည်။ ပြောင်းသည်ပဲ ဆိုပါတော့။ ပြည်သူတွေ အတွက် ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး စတာတွေ ဘာတွေ ပြောင်းလဲလာသနည်း။
ပညာရေးကို ပြောင်းလဲဖို့ ကျိုးစားရင်း ဝန်ကြီးတွေ တစ်ယောက်ပြီး တစ်ယောက် ပြောင်းသံ ကြားနေရသည်။ မူပြောင်းမရလို့ လူပြောင်းသလား၊ ကျန်းမာရေးလည်း ထို့အတူပင်။ ပြည်သူတွေသာ အပြောင်းအလဲကို မျှော်လင့်ရင်း ချွတ်ခြုံကျနေရလေသည်။
ဆိုခဲ့သော တြိဂံတွင် အနားသုံးနားရှိရာ ထိုအနားသုံးနား အချိုးတကျ ရှိပါမှ လှပသော သုံးနားညီ တြိဂံအဖြစ် တွေ့ရပေလိမ့်မည်။ အနားသုံးနားမှာ အခြေခံအကျဆုံးအနားက ဖြောင့်ရမည်၊ ငြိမ်ရမည်။ ကျန်သော အနားတွေက မညီလျှင် ညှိပေးရမည်။ ဖြတ်ထုတ်ရမည်။ လိုတိုးပိုလျှော့ လုပ်တန်တာ လုပ်ရမည်။ အခြေကတော့ ခိုင်နေရမည်။
အပြောင်းအလဲ ဖြစ်သည့် စနစ်တစ်ခုကို ပုံဖော်လိုလျှင် ထိုစနစ်ကို ဦးတည်ထားကာ လူနှင့် မူကို ပြောင်းရပေမည်။ စနစ်ကတော့ အငြိမ်ဖြစ်သည်။ လူနှင့် မူမှာ မူ ဆိုတာ လူက ချမှတ်ပြီး လူက ထိုမူကို လုပ်ဆောင်ရမည် ဖြစ်ရာ လူ က အရေးကြီးပြန်သည်။ သို့သော် လက်ရှိမြန်မာပြည် အပြောင်းအလဲမှာ ချိန်သားကိုက်၍ မရလေသည့်အလား မပြောင်းလဲနိုင်သေး။ မူ မှာလိုအပ်နေသလား၊ လူမှာ လိုအပ်နေသလား၊ ချိန်ဆကြည့်က သိနိုင်ပေမည်။ အမှန်တကယ် အပြောင်းအလဲကို လိုလားပြီး အမှန်စင်စစ် ပြောင်းလဲလိုသည့် လူ ဟုတ်ပါသလား မေးခွန်းထုတ်စရာ အပြင် မူ ကရော၊ ဘယ်လို ပြောင်းနေသည့် မူပါလဲ။
အတုယူစရာ၊ ချဉ်းကပ်စရာ နိုင်ငံများစွာ ရှိပါသည်။ လွတ်လပ်ပွင့်လင်း လာပါသည်ဟု ဆိုပြီးနောက် နိုင်ငံ့ခေါင်းဆောင်များ အာရှ၊ ဥရောပနှင့် ဒီမိုကရေစီဘိုးတော်ဟု ခေါ်ဝေါ်နေကြသည့် စကင်နေဗီယန်နိုင်ငံများ ဆီသို့ သွားလာကြလေသည်။ ဘယ်လို မူ များ ယူလာပြီး လုပ်ဆောင်နေသလဲ။
အခြေခံ အကျဆုံး လူမှုပတ်ဝန်းကျင်တွင်ပင် မူကို အောင်မြင်အောင်၊ လှပတင့်တယ်အောင် လုပ်ဆောင်နိုင်ပါပြီလား။ လမ်းကူးသည့် အမူအကျင့်ကို အများသူငါ လိုက်နာအောင် မူချတတ်ပြီလား၊ စိမ်ပြေးတန်း လိုက်ကစားသလို ဖမ်းလိုက်ကြ၊ ပြေးလိုက်ကျ၊ ငြိမ်သွားပြန် ဖြစ်တာမျိုးက ယခင်အတိုင်းပင်။
ဘုရားရင်ပြင်ပေါ် ဘောင်းဘီအတို၊ စကဒ်အတိုဖြင့် မတက်ရ ဒါကစည်းကမ်းချထားပြီးသား မူ တစ်ခု၊ လူတွေက အားလုံးမလိုက်နာ၊ တက်လာလျှင် ဘုရားရင်ပြင်လုံခြုံရေးက လိုက်ဖမ်းသည်။ စကားများကြသည်၊ ဒါမှမဟုတ် ထွက်ပြေးသည်။ ဒါတွေက ယဉ်ကျေးသော လူ့အဖွဲ့အစည်းမှာ မရှိသင့်တော့ပေ။
အိမ်နီးချင်း ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်ခရိုင်မှာ နာမည်ကျော် တောင်ပေါ်ဘုရားဆိုတာရှိသည်။ နိုင်ငံခြားသားအများအပြား လာရောက်လေ့ရှိသည်။ အကြောင်းက တောတောင်ရှုမျှော်ခင်းတွေကို တောင်ပေါ်မှနေ၍ ကြည့်ရသည့်အရသာ၊ တောင်တက်လမ်းတလျှောက် သာသာယာယာ ရှိသည့် အရသာတွေကို ခံစားကြရုံမက ချင်းမိုင်မြို့ကို တောင်ပေါ်ကနေ ဆီးပြီး မြင်ရသည့် အရသာကို သဘောကျကြ၍ ဖြစ်လေသည်။
ထိုင်းနိုင်ငံမှာလည်း မြန်မာနိုင်ငံကဲ့သို့ပင်၊ ဘုန်းကြီးကျောင်း၊ ဘုရားရင်ပြင် ဝင်ရောက်ပါက ဘိနပ်မစီးရပါ။ မြန်မာပြည်ရှိ အချို့သော ဘုန်းကြီးကျောင်းတွေမှာ ဘိနပ်စီးကြသလို ထိုင်းဘုန်းကြီးကျောင်း အချို့မှာလည်း ဘိနပ်စီး၍ ရသည့် ကျောင်းတွေ ရှိပါသည်။ ထို့အပြင် ဘုန်းကြီးကျောင်းနှင့် ဘုရားရင်ပြင်သို့ ဘောင်းဘီတိုနှံ့နှံ့၊ စကဒ်ပေါင်တိုများ ဝတ်ဆင်ပြီး ဝင်ခွင့်မပြုပါ။ ဘာသာ ယဉ်ကျေးမှု အတော်ပင် နီးစပ်ပါသည်။
သို့သော် ထိုမူကို လိုက်နာပုံချင်း ကွာခြားလှလေသည်။ တောင်ပေါ်ဘုရားသို့ တက်ရောက်ဖူးမျှော်ပါက သာမာန် လှေကားကပဲ တက်သည် ဖြစ်စေ၊ စက်လှေကားဖြင့် တက်သည်ဖြစ်စေ၊ ဘုရားရင်ပြင်ပေါ် ရောက်သည်နှင့် ဝတ်ထားသည့် အဝတ်သည်ပေါင်တို ပေါင်ပြတ် ပေါင်ပေါ်နေပါက ရင်ပြင်တော် လုံခြုံရေးမှ ထမီ၊ ဘောင်းဘီ ဆီးပြီးပေးလေသည်။ အဝတ်လဲခန်း သွားရန်မလို ၊ ထိုနေရာမှာပင် အပေါ်က ထပ်ပြီးဝတ်လိုက်ရုံသာ။ ထမီက ဗြန့်ထမီ၊ အစနှစ်ဘက်မှာ ကြိုးတစ်စစီ ပါသည်။ ကိုယ်မှာ ပတ်ပြီး ကြိုးစနှစ်စကို ချည်လိုက်ရုံသာ၊ အမျိုးသားများလည်း ထို့အတူပင်၊ ရှမ်းဘောင်းဘီကဲ့သို့ ခပ်ပွပွကို ခါးမှာ သားရေကြိုးမပါပဲ ပုဆိုးလို ခါးမှာပတ်ပြီး ဝတ်လိုက်ရုံပင်၊ ဘုရားဖူးပြီး ပြန်ဆင်းပါက ချွပ်ပြီး ပြန်ထားခဲ့ရုံပင်။ စကားအများကြီးလည်း မပြော၊ အခြေအတင် ဖြစ်ရန်လည်းမလိုသည့် အပြင် ဘောင်းဘီအတို ဝတ်လာမိ၍ ဘုရားရင်ပြင်မှ ပြန်ဆင်းရသည် လို့ မရှိတော့ပေ။ သူတို့ နိုင်ငံသားတွေပင် တခါတရံ သိလျက်နှင့် ဝတ်လာတာလည်း ရှိပါသည်။ တနေရာမှ ခရီးသွားဟန်လွှဲ ရောက်လာတာ ဖြစ်နိုင်သလို ပေါ့ပေါ့ပါးပါး ဝတ်လို၍ ဝတ်လာပြီးမှ တောင်ပေါ်ရောက်ပါက် လုံခြုံရေးထံက ထမယူပြီးထပ်ဝတ်လိုက်မယ်လို့ ကြိုတင် စိတ်ကူးလာဟန်ရှိသည်။ လှေကားမှ တက်လာပြီး လုံခြုံရေးနား သွားကာ ထမီတစ်ထည်ကောက်ယူ အသာပတ်လို့ ဆက်လျှောက်လေသည်။
ဘုရားရင်ပြင်ပေါ် ဘောင်းဘီအတို(ဒူးခေါင်းအထိ တိုလျင် ရသည်။) ဖြင့် မတက်ရ ဆိုသည့် ချမှတ်ထားသည့် မူ ကို လူတွေ လိုက်နာအောင် အေးအေးချမ်းချမ်း ဖြေရှင်းထားလေသည်။ အခြေခံအကျဆုံး မူ တခုကို လူတွေနှင့် အဆင်ပြေအောင် လုပ်တာကို ပြောလိုတာဖြစ်သည်။ ဆိုင်းဘုတ်ချိတ်ထား၊ အစောင့်မမြင်သည့် သူက တမျိုး၊ အစောင့် မြင်၍ ပြောပြန်လျင် ဟိုတစ်ယောက်ကျ ဘာလို့ ရသလဲ စသဖြင့် အငြင်းပွားဖွယ်ရာ တွေနှင့် လုံးထွေးနေတတ်သည့် ဖြေရှင်းနည်းမျိုးတွေ မရှိသင့်ဟု ထင်မြင်မိလေသည်။
“ အမျိုးသားစည်းကမ်းအစ စာသင်ကျောင်းက”လို့ ဆိုကြသည့် အတိုင်း စာသင်ကျောင်းမှ ကလေးတွေကို အလေ့အကျင့်များစွာ ပေးရမည်သာဖြစ်သည်။ ကျောင်းဆိုသည်က စာချည်း ဖိသင်နေရုံ ဖြင့် စာသင်ကျောင်းဟု မဆိုထိုက်ပေ၊ ယဉ်ကျေးမှုကို ထိန်းရမည်ဟု စာထဲ သင်ပေးရုံဖြင့် ကလေးတွေ မသိနိုင်။ ထိုင်းနိုင်ငံ ချင်းမိုင်က မူလတန်းမှ အထက်တန်းအထိ ကျောင်းသားတွေသည် တပတ်မှာ တစ်ရက် ရိုးရာဝတ်စုံ ဝတ်ဆင်ရလေသည်။ ရိုးရာဝတ်စုံ ဝတ်ပြီး သွားလာနေသည့် ကျောင်းသူ/ ကျောင်းသားတွေကို တွေ့ပါက ဒီနေ့ သောကြာနေ့လို့ သတိပြုမိရသည်။ အဆိုပါ ကလေးတွေသည် နောင် ကြီးပြင်းလာသည့် အခါ သူတို့ ဝတ်ချင်သလို ဝတ်ဆင်သည့်တိုင် မူလတန်းက (၁၂)တန်းအထိ တပတ်မှာ တစ်ရက် မပျက်မကွက် ဝတ်ဆင်ခဲ့ရသည့် ရိုးရာ အဝတ်အစားဆိုတာကို မေ့လိမ့်မည် မထင်ပေ။ စာတန်းထိုးပြီး ဆိုင်းဘုတ်ချိတ်တာထက် တာသွားလေသည်။
တလောက ရန်ကုန်မြို့က အထူးကု ဆေးရုံကြီးတစ်ခုမှ နာမည်ကြီး ဆရာဝန်ကြီးနှင့် ကုသရန် တိုကင်ယူရသည့် အကြောင်း ဖတ်လိုက်ရသည်။ တိုကင်ယူရတာ အဆန်း မဟုတ်ပါ။ ဆန်းတာက နောက်ထပ်ပြလိုသည့် လူနာက တိုကင် လာယူသည့်အခါ ဆေးရုံမှာ တိုကင် ကုန်နေပြီး အနားက ကွမ်းယာဆိုင်မှာ တိုကင် ဝယ်လို့ ရနေခြင်းပင်။ ဒါကို လမ်းညွှန်တာက ဆေးရုံက သူနာပြုဆရာမဆိုတော့ ပိုလို့ပင် ဆန်းလှသည်။ ရောဂါဖြစ်လို့ ဆေးကုရတာပင် မလွယ်လှပါလား၊ ဆရာဝန်နှင့်ပြရဖို့ ခနထား၊ ပြခွင့်ရဖို့ တိုကင်ကိုပင် ပိုက်ဆံပေးပြီး လိုက်ဝယ်ရသည့် အဖြစ်။ ဘယ်လို လူတွေက ဘယ်လို မူတွေနှင့် လုပ်နေကြပါသလဲ။ မကျန်းမာသည့် ပြည်သူတွေ အဆင်ပြေကြပါစေ ဆိုသည့် စိတ်ထားလေးများ မရှိကြတော့ပါလား တွေးမိရလေသည်။
ထိုင်းက ဆေးရုံတစ်ရုံကို စာရေးသူ ရောက်ဖြစ်တဲ့အခါ စကားပြန်လုပ်သူ အမျိုးသမီးက စာရေးသူကို ဝမ်းသာအားရ ပြောပြဖူးတာ သတိရသည်။
“ မြန်မာပြည်က ဆရာဝန်(၅)ယောက် ဒီဆေးရုံမှာ ရောက်နေတယ်။ လာလေ့လာကြတာ၊ မြန်မာပြည်မှာ ဒီလို စနစ်တကျ ပြန်လုပ်မယ်လို့ ပြောတာ ကြားမိတယ်” လို့
ဆိုလေသည်။ သူတင်မဟုတ် စာရေးသူပါ ဝမ်းသာလိုက်သည့် ဖြစ်ခြင်း။
ဆေးရုံကို လာသည့် လူနာမှန်သမျှ အနည်းနှင့်အများ ဝေဒနာ ခံစားနေရသူချည်း ဖြစ်သည့် အတွက် ဘယ်သူတစ်ဦး တစ်ယောက်မှ ကြာကြာ မစောင့်ချင်တာ ဓမ္မတာပင်။ ဒါကို ဆေးရုံမှ တာဝန်ရှိသူတွေက ဖြေရှင်းပေးနိုင်နေရမည်။ လူနာထံက ငွေကြေးကို ရယူထား သလို လူနာအတွက် အဆင်ပြေအောင် မူ ချမှတ်ထားရပေမည်။ ကုသိုလ်လည်းရ ဝမ်းလည်းဝသည့် အလုပ်မျိုး ဖြစ်အောင် တန်ဖိုး ရှိအောင် လုပ်၍ ရပေသည်။
စာရေးသူ ရောက်သည့်ဆေးရုံမှာ ဝင်လိုက်သည်နှင့် ဆေးရုံကဒ် ပြသည့်နေရာမှာ ဝန်ထမ်း အနည်းဆုံး (၄)ယောက်ရှိသည်။ ကွန်ပြူတာနှင့် အချက်အလက်များ စစ်ဆေးပြီး လူနာဟောင်း ဆိုပါက အချက်အလက်များ ရှာဖွေထားနှင့်သည်။ ပြီးလျှင် သွေးပေါင်ချိန်၊ လူပေါင်ချိန်၊ အဖျားတိုင်း သည့်နေရာကို သွားရသည်။ အားလုံးပြီးပါက ဆရာဝန်နှင့် တွေ့ဖို့ သူနာပြု တစ်ယောက်က လာခေါ်မည်။ ဆရာဝန်နှင့်တွေ့ပြီး သာမန်ဆိုပါက ဆေးယူရမည့် ကောင်တာအနား သွားထိုင် စောင့်ယုံသာ။ နာမည်ခေါ်လျှင်ကပ်ရက်က ကောင်တာမှာ ပိုက်ဆံသွင်း၊ ဆေးထုတ်၊ ဆေးကိုဘယ်လိုသောက်ရမည်ဆိုတာ ကောင်တာက ထပ်ပြော ဒါပဲ ဖြစ်သည်။
ဆရာဝန်နှင့် တွေ့ပြီး အီးစီဂျီ၊ ဓါတ်မှန် ရိုက်ဖို့လိုပါက လူနာမှတ်တမ်းမှာ ဆရာဝန်ရေးပေးတာကို ထိုအခန်းတာဝန်ကျဆီ ပို့ပေး၊ လူရှင်းပါက ရိုက်လို့ရပြီ ဆိုပါက လာခေါ်၊ဝင်ရိုက်၊ ပြီးပါက သူနာပြုတွေ လာယူပြီး ဆရာဝန်ထပ်ပြ ၊ အခြေအနေပြော ရှင်းပြ ၊ ဆေးပေး ၊ ဒါပဲဖြစ်သည်။
အဝမှာ ဝင်လာကတည်းက လူတွဲလာရတာမျိုး၊ ပုံမှန်မဟုတ်ပဲ လျှောက်လာတာမျိုး တွေ့ပါက ဘီးတပ်ကုလားထိုင်ကို အဆင်သင့် လာပေးပြီး ဝန်ထမ်းက လူနာသွားရမည့် နေရာ အားလုံး လိုက်ပို့လေသည်။ လက်ဘက်ရည်ဘိုး ပေးရန်မလို၊ ဒါသူ့အလုပ်ဖြစ်လေသည်။ ဒီအလုပ်လုပ်ဖို့ ဆေးရုံက သူ့ကို လခပေးထားပြီးဖြစ်လေသည်။ လူနာထံက မယူ မတောင်း။
သွေးပေါင်ချိန်သည့် နေရာမှာပင် အဖျားကြီးလို့ပဲ ဖြစ်ဖြစ်၊ သွေးပေါင်တွေ တက်နေတာပဲ ဖြစ်ဖြစ် ဖြစ်နေသည့် လူနာမျိုးကို အများတကာလို စောင့်မနေစေတော့ပဲ ချက်ခြင်း ပြရမည့်ဆီ ပို့ပေးလေသည်။ လူနာက မနေနိုင်တော့ပါ၊ ဆရာဝန်ဆီ ပို့ပေးပါ ပြောရန်မလိုပေ။ စနစ်တကျ လုပ်ဆောင်သွားကြလေသည်။ ဆေးရုံ တစ်ခုလုံး ရံဖန်ရံခါ လူနာနာမည် ခေါ်သံမှတပါး တိတ်ဆိတ်ငြိမ်းချမ်း နေလေသည်။
လူနာတစ်ယောက် ဆေးရုံသို့ လာပြပါက လုပ်ဆောင်ရမည့် အလုပ်တွေကို ဆေးရုံဝန်ထမ်းတွေက အားလုံး လုပ်ပေးတာဖြစ်လေသည်။ ကျန်းမာရေး စောင့်ရှောက်မှုဆိုတာ ဒီလိုသာ ဖြစ်ရမည်။
နေမကောင်းသည့်သူသည် ဆေးရုံသို့ ရောက်သည်နှင့် အရာခပ်သိမ်း ဆေးရုံက ဝန်ထမ်းတွေ ခိုင်းတာ လိုက်လုပ်ရသည်။ ဟိုမှာ ဟိုဟာ သွားယူ၊ ဒီကိုပြန်လာ ဒါသွားလုပ်၊ စသဖြင့် လူနာရှင်ကပါ ဝိုင်းလုပ်ရသည်။ ဟိုပြေးဒီပြေး ပြေးရသည်။ ထိုအဖြစ်မျိုးသည် လူချင်းတူပါလျက် အဘယ့်ကြောင့် ကိုယ့်တိုင်းပြည်မှာ ဖြစ်နေရသလဲ။ ဆူညံစွာ ပြောဆို အော်ဟစ်သံတွေ သောသောညံနေရပါသလဲ၊ သူတို့ လုပ်ဆောင်သလို ကိုယ့်တိုင်းပြည်မှာ လုပ်လို့ ရနိုင်ပါသည်။
အဓိကကတော့ လူနှင့် မူပါပဲ။ လှပသော တြိဂံလေး တစ်ခု အဖြစ်တွေ့ရသည်မှာ သူ့ကို အနားသတ် ဖွဲ့စည်းထားသည့် အနားလေးတွေ ညီမျှ နေလို့သာ ဖြစ်သည်။ စနစ်တစ်ခုကို လှလှပပ အဆင်ပြေပြေ ချောချောမွေ့မွေ့ ဖြစ်စေဖို့ရာ လုပ်ဆောင်မည့် လူ၊ ထိုစနစ်ကို အကောင်အထည်ဖို့ ချမှတ်သည့် မူ စတာတွေ အစွန်းမထွက် ညီညီညာညာ ဟန်ချက်ညီညီဖြင့် သုံးနားညီအောင် လုပ်ဆောင်ဖို့ လိုအပ်နေသည်ဟု ထင်မြင်မိပါတော့သည်။
ခိုင်ခိုင်စောလွင်

October 13, 2014

" ဝလုံးလေးမှဝိုင်းအောင် မရေးနိုင်ခင် " ပြည်သူ့အရေးဂျာနယ် အတွဲ၁- အမှတ်၃ ပါဆောင်းပါး



ဝ , ဝလုံးကလေး ဝိုင်းဝိုင်းရေး
                                       စာရေးသူတို့ ငယ်စဉ် လွန်ခဲ့သော နှစ်ပေါင်း(၄၀) ကျော်ခန့်က အသက်(၅)နှစ်ပြည့်ပြီ ဆိုပါက ကျောင်းသို့ ပို့လေသည်။ ကျောင်းရောက်ပါက ဆရာမက ဝ ,လုံးကို ပထမဆုံး ရေးစေသည်။ ကျန်သည့် ဗျည်းများကို တော်တော်နှင့် မရေးခိုင်းသေးပေ။ ဝ, လုံးကလေးကို ဝိုင်းနေအောင် ရေးတတ်ပြီး အဆွဲအငင်မှန်လာပြီဆိုကာမှ နောက်ထပ် အသစ်တစ်လုံး ထပ်ရေးခိုင်းလေသည်။  မရေးတတ်သည့် ကလေးကို ဆရာ/ ဆရာမက စိတ်ရှည်လက်ရှည်ဖြင့် ကလေးရဲ့  လက်ကို အပေါ်က အုပ်ကိုင်ကာ ရေးပြလေသည်။  ထိုစဉ်က အချိန်ယူ ရေးခဲ့ရသည့် အကြောင်းကို ကိုယ်ကိုယ်တိုင် ကျောင်းဆရာမ ဖြစ်သည့်အချိန်မှာ ကလေးတွေနှင့် ပတ်သက်သည့် ဆောင်းပါးများ ဖတ်ရှုလေ့လာမိသည့် အခါမှ သိလာရသည်။ ကလေးတွေရဲ့ နုနယ်သည့် လက်ချောင်းကလေးတွေကို ဒဏ်မဖြစ်စေဖို့ ခဲတံကို ကိုင်နိုင်အောင် အသားကျအောင် လေ့ကျင့်ပေးတာပဲ ဖြစ်လေသည်။ ဝ. လုံးကို အဆွဲအငင်မှန်အောင်၊ မှတ်မိအောင် အပြင် ခဲတံကိုင်တာ ကျင့်သားဖြစ်အောင် တပြိုင်နက်ထဲ လေ့ကျင့်ပေးတာဖြစ်လေသည်။ စာချည်းပဲ ရေးသားတာထက် အကြောင်းအရာတစ်ခုခုကို ပြောပြတာ၊ ကဗျာတွေရွတ်ရတာ စသဖြင့် သင်ရလေသည်။ ဂဏန်းအရေအတွက် ၁၊ ၂၊ ၃၊.............. အစရှိသည်ကို တခါထဲ ရေးခိုင်းတာမျိုး မဟုတ်ပဲ မြန်မာစာ ဗျည်းအက္ခရာ ရေးကျင့်ဆဲမှာ ဂဏန်းတွေကို ကဗျာရွတ်ရလေသည်။
                
 တစ်နှစ် သုံး လေး ငါး
ငါးလေးတစ်ကောင် ဖမ်းမိတယ်
ဘာဖြစ်လို့ လွှတ်လိုက်တယ်
ကျွန်တော့်/ ကျမ လက်ကို သူကိုက်တယ်
အား လားလား အာလားလား
ဟိုးးးးးးးးးးးး ငါးလေးလွတ်သွားပြီ
သင်္ချာ အရေအတွက် တစ်ကနေငါးအထိ မှတ်တတ်ယုံမက ပျော်ရွှင်စရာ ကြည်နူးစရာ ၊ ကလေးအချင်းချင်း ရယ်မော ရင်းနှီး သွားစေရာ ကဗျာလေး ဖြစ်လေသည်။
ကလေးတွေက ကျောင်းဆိုတာ ကြောက်စရာလို့ မသတ်မှတ်ပဲ ကျောင်းရောက်ရင် ကဗျာရွတ် စာရေး ပုံပြောကြ စသဖြင့် ပျော်လာကြသည့် အပြင် ဆရာ/ ဆရာမ ပြောပြသည့် ကိုယ့်ပတ်ဝန်းကျင်မှာ မကြားဖူးသည့် အကြောင်းအရာတွေကို သိချင်လာသည်။ ဤသို့ဖြင့် ကလေးတွေရဲ့ သင်ယူလိုမှု စူးစမ်းလိုစိတ်ဖြစ်မှု နားထောင်လိုစိတ် စတာတွေကို ကျောင်းကနေ လေ့ကျင့်ပေးတာပဲ ဖြစ်လေသည်။
             ၁၉၈၈ခုနှစ် နောက်ပိုင်း ကာလတွေမှာ ကျောင်းဆိုတာ အမြင်တစ်မျိုးသို့ ပြောင်းသွားစေသည့် အကြောင်းတရားတွေ ဖြစ်လာလေသည်။  ခေတ်ကာလမှာ အပြိုင်အဆိုင်တွေ များလာရာက မိဘတွေရဲ့ စိတ်မှာ ပြိုင်ဆိုင်တဲ့ စိတ်တွေ ကိန်းအောင်းလာတာမှာ  ကလေးတွေအပေါ် သက်ရောက်လာဟန် တူသည်။
ကလေးကို အသက်(၅) နှစ်မပြည့်ခင်မှာပင် သူငယ်တန်း ဖတ်စာ သင်ပုန်းကြီးကုန်အောင် သင်ထားကြလေသည်။ ကလေးဆိုတာမျိုးက သင်ယူလွယ်သည့် သူမျိုး ဖြစ်ရာ တတ်တာမှန်ပါသည်။ အသက်(၃) နှစ်အရွယ် ကလေးတစ်ယောက်မှာ ဘာသာစကား (၃)မျိုးကို သင်ယူနိုင်သည့် အရည်အချင်း မှတ်ဥာဏ်ရှိလေသည်။ စာရေးဖို့ကတော့ သူတို့ရဲ့ လက်ချောင်းလေးတွေကို လေ့ကျင့်ပေးဖို့ လိုသည်။ ပုံဆွဲခြင်း ဆေးခြယ်ခြင်း ဖြင့် လက်အရိုးတွေကို အကျင့်ဖြစ်အောင် လုပ်ပေးလို့ရလေသည်။ ပုံမှန်အားဖြင့် အသက်(၅) နှစ်နှင့် (၆) နှစ်အရွယ် ရောက်မှသာ စာရေးတာ သင့်တော်လေသည်။ တချို့နိုင်ငံတွေမှာ အသက်(၆) နှစ်ပြည့်မှ မူလတန်းပညာကို စပြီး သင်ရလေသည်။ မိဘတွေက ကိုယ့်ကလေးကို အားလုံးတတ်အောင် ကြိုတင်သင်ကြားပြီးမှ ကျောင်းသို့ ပို့လေရာ ဆရာ/ ဆရာမတွေကလည်း တချိန်တုန်းကလို ရေးနည်းတွေ ဆွဲနည်းတွေ ပြောမနေတော့ပဲ ကကြီး တစ်မျက်နှာရေး၊ ပြီးပြီလား ပြီးရင် ခခွေးရေး စသဖြင့် ခပ်မြန်မြန်သာ သွားလေသည်။ ကဗျာရွတ်တယ်ဆိုတာ မရှိတောပေ၊ ၊ ကဗျာရွတ်တာ မူကြိုကလေး ၊ မူကြိုတန်းမှာသာ ရွတ်ရတာလို့ တွက်လာကြလေသည်။ ကလေးတွကလည်း တတ်ပြီးသား ကကြီး ခခွေးကို အလုအယက်အပြိုင်အဆိုင် ရေးကြလေသည်။ ဆရာမထံမှ အမှတ်ကို သူ့ထက်ငါ အရင်ရအောင် အမြန်ရေးကြလေသည်။ ဒါ့ကြောင့် ကလေးတွေမှာ ကျောင်းစနေတဲ့ အရွယ်မှာကတည်းက ပြိုင်ဆိုင်လိုစိတ်တွေ တွန်းအားတွေ နှင့် ဖြစ်နေလေပြီ။  အတန်းဖော် အချင်းချင်း ချစ်ခင်ရင်းနှီးမှုဆိုတဲ့ အားတွေ ယုတ်လျော့ ကျဆင်းရာ အခြေခံအကြောင်းတရားတွေ ဖြစ်လာလေသည်။
ပုဗ္ဖာစရိယ မိနှင့်ဘ
                        
                        မိဘတစ်ချို့က အလုပ်တစ်ဖက်၊ စီးပွားရေး တစ်ဖက်ဖြစ်လာသည့်အခါ ကလေးပညာရေး အတွက် ကိုယ်တိုင်ကိုယ်ကျ  မကြည့်နိုင်တာက တစ်ကြောင်း၊ အများတကာ ကျူရှင်ထားတဲ့ အတွက် ထားမှ ဆိုကာ ကျူရှင်ကျောင်းကို ပို့လေသည်။ ယခင်ကာလတွေ တုန်းက ကျူရှင်ယူတဲ့သူဆိုတာ စာမလိုက်နိုင်သူတွေသာ ယူကြတာ၊ ကျောင်းမှာ ဆရာမကိုယ်တိုင်က စာမလိုက်နိုင်တဲ့ ကျောင်းသားကို အိမ်မှာ စာလုပ်ဖို့အရင်ဆုံး တိုက်တွန်းသည်။ အိမ်မှာ မိဘတွေက အလုပ်တစ်ဖက်နဲ့မို့ မအားလို့ပဲ ဖြစ်ဖြစ်၊ မိဘပြောတာ နားမထောင်လို့ပဲ ဖြစ်ဖြစ် စာမလုပ်ဘူးဆိုပါမှ ကဲ မောင် ဘယ်သူ၊ မဘယ်ဝါ မင်းတော့ ကျူရှင်ယူဖို့ လိုပြီလို့ နို့မို့ စာမေးပွဲကျတော့မယ် ဆိုကာ ကျူရှင် တက်စေလေသည်။ အခုခေတ်က ဒီလိုမဟုတော့ပေ၊ ကိုယ့်ကလေး အခြေအနေကို မိဘတွေက သေသေချာချာ မသိ၊ ကျောင်းနဲ့ ကျူရှင် ပြေးလွှားနေရသည့်အချိန်တွင် မိဘနှင့် သားသမီးအကြား အချိန်မရှိတော့ပေ။ စာလိုက်နိုင်သည့် ကလေးကလည်း မိဘက ကျူရှင်ပို့၍ သွားနေရရာ သူ့အတွက် စာကြည့်ချိန် လျော့နေသည့်အတွက် မကျေနပ်၊ မိဘကလည်း အများနည်းတူ ကျူရှင်ကို အချိန်မှန်မသွားရင် မကြိုက်၊ ကလေးတွေမှာ ဖိဆီးမှုတွေ ရှိလာလေသည်။ ကျူရှင်မယူနိုင်သည့် ကလေးကြပြန်တော့ သူကိုယ်တိုင် စာလိုက်နိုင်လျှင် ကိစ္စမရှိ၊ မိဘကို စိတ်မပူနှင့် သူစာလိုက်နိုင်ပါတယ် ဆိုပါက မိဘရော ကလေးပါ စိတ်ချမ်းသာရပြန်သည်။ ဒီလိုကလေးတွေ မိဘတွေလည်း များစွာရှိပါသည်။ တချို့ကျပြန်တော့ ကလေးက စာမလိုက်နိုင်၊ မိဘကလည်း ကျူရှင်မထားနိုင် ဖြစ်ကြပြန်တော့ ကလေးမှာ စိတ်ဖိဆီးမှုတွေ၊ သူ့ဘဝကို  မကျေနပ်မှုတွေ ရှိလာပြန်သည်။
             အရေးအကြီးဆုံးက လက်ဦးဆရာ ဖြစ်တဲ့ မိဘက ကိုယ့်သားသမီးရဲ့ အခြေအနေကို သိအောင် လေ့လာ ဂရုစိုက်ဖို့ လိုလေသည်။ တစ်နေကုန် အလုပ်လုပ်ရသည့်တိုင် ကိုယ့်သားသမီးနှင့် ထမင်းအတူစားရင်း စကားပြောရင်းက ကိုယ့်ကလေး အခြေအနေကို အကဲခပ်ခွင့် ရနိုင်လေသည်။ မိဘကိုယ်တိုင် တစ်နာရီခန့် အချိန်ပေးပြီး ဒီကနေ့ ကျောင်းမှာ ဘာတွေ သင်ခဲ့သလဲ ၊ ဘာလိုအပ်သလဲ ပြန်သင်ပေးတာမျိုး၊ လေ့ကျင့်ခန်း ဝိုင်းပြီး စစ်ပေးတာမျိုး လုပ်ပေးနိုင်ပါက မိဘနှင့် ကလေးကြား နားလည်မှု ရစေပြီး ကလေးရဲ့ အခြေအနေကို ကိုယ်တိုင် သိခွင့်ရနိုင်ပေသည်။ ကျူရှင်ထားတာမှာပင်  တစ်ချို့မိဘတွေက အတန်းပိုင်ဆရာ ပြောင်းတိုင်း တစ်ခါ ပြောင်းပြီးထားလေသည်။ အမှန်က ကိုယ့်ကလေးကို ကျူရှင်ထားပါက ဆရာတစ်ယောက်ဆီ စွဲစွဲမြဲမြဲ ထားပါက ဆရာ မိဘ ကျောင်းသားကြား နားလည်မှု ပိုရှိစေနိုင်သည်။ ကိုယ့်ကလေး အထာကို ဆရာက သိလာတဲ့အခါ ကျောင်းသားနဲ့ဆရာ အကြား နားလည်မှု ရှိလာသည်။ ကျောင်းသားအထာကို နားလည်သည့်အတွက်လည်း သင်ကြားရာမှာ ပိုပြီး ထိရောက်လာနိုင်လေသည်။ ကျောင်းပြေး ကျူရှင်ပြေး ပြဿနာ တွေ မိဘ ဆရာ ကျောင်းသားအကြား အလွယ်တကူ ဖြေရှင်းနိုင်ပြီး ကျောင်းသားရဲ့ အခြေအနေကိုလည်း အမြဲမပြတ် သိနိုင်လေသည်။

လက်ဦးဆရာမည်ထိုက်စွာကား ပုဗ္ဖာစရိ မိနှင့်ဘ
          
           ကလေးတစ်ယောက် စာလုံးတွေ စပြီး ရေးတတ်ဖို့နဲ့ မြန်မာဗျည်းအက္ခရာတွေကို မှန်ကန်အောင် ဆွဲတတ်ဖို့ ဆရာတင်မက မိဘကပါ ဝိုင်းဝန်း ကြည့်ရှုရမယ့် ခေတ်အခြေအနေမျိုးမှာ ကလေးရဲ့ အမူအကျင့်၊ စာရိတ္တ၊ ကိုယ်ကျင့်တရားကောင်းဖို့ဆိုတာ ဆရာနဲ့ မိဘတွေမှာ အလွန်ပဲ တာဝန်ရှိလေသည်။
"မိဘဆရာပူးပေါင်း ကလေးပညာကောင်း" ဆိုတာ ပညာမှာ အတတ်ပညာသာမက အသိပညာကိုပါ ဆိုလိုသည်။
 ဥပမာ- ကျောင်းကနေ သူများ  ပစ္စည်းတစ်ခုခု အိမ်ကိုပါလာခဲ့ရင် မိဘက သိရပါမယ်။ ဘာ့ကြောင့်ယူလာရသလဲ ဆိုတာ သေချာမေးပြီး ကိုယ်တိုင်ကိုယ်ကျ ပြန်ပေးခိုင်းရမှာ ဖြစ်သလို ဆရာမကိုလည်း ပြောပြထားရမှာ ဖြစ်သည်။  ငယ်စဉ်ကတည်းက လေ့ကျင့်ပေးရမည့် အမူအကျင့်တွေဖြစ်လေသည်။  ဒါ့အပြင် တစ်ဖက်သားကို ရန်စတတ်၊ နောက်ပြောင်တတ်တဲ့ ကလေးမျိုးကိုလည်း ပျော်ရွှင်စရာနောက်ပြောင်တာထက် ပိုကဲလာရင်၊  ထိခိုက်သည်အထိ နောက်ပြောင်တာမျိုးဆိုပါက ဆရာဆရာမရော မိဘကပါ စောင့်ကြည့် ဆုံမပဲ့ပြင်ရမှာ ဖြစ်သည်။  အမြဲတမ်း တဖက်သားကို ရန်လို ရန်စနေတဲ့ ကလေးမျိုးကိုလည်း မိဘနဲ့တိုင်ပင်ပြီး ဆိုဆုံးမ ထိန်းသိမ်း ပဲ့ပြင်ရမှာသာ ဖြစ်သည်။
           အခုတလော အသက်(၂၀)ဝန်းကျင်လူငယ်တစ်ချို့( တချို့ဆို တက္ကသိုလ်ကျောင်းသားတွေ ဖြစ်နေပြီ) မူးယစ်ဆေးစွဲတာ၊ မူးယစ်ဆေးသုံးပြီး ရမ်းကားတာ၊ ဆေးကြောင်ပြီး လူသတ်တာ စတာတွေ ဖတ်ရ ကြားရသည့် အခါ စိတ်မကောင်း အလွန်ဖြစ်ရပါသည်။  မိဘတွေ အတွက်ရော ကာယကံရှင် လူငယ်တွေအတွက်ပါ နှမြောတသ ဖြစ်မိရသည်။
 ကိုယ့်ရဲ့ သားသမီး မူးယစ်ဆေးတစ်ခုခု သုံးနေတာကို မိဘက လုံးဝမသိတာလား၊ လုံးဝမသိတာဆိုရင်  တော်တော်လွန်လှပြီ လို့ပြောရမည်ပင်။ သိရက်နဲ့ လွှတ်ထားတာဆိုပါက ပိုတောင် လွန်လှချေပြီ။ သားသမီးကို ချစ်တာနှင့် နှစ်တာ လွဲနေတာလို့ ပြောရမည်။ ဒါ့ကြောင့် နောက်ဆက်တွဲ မလိုလားတဲ့ ဆိုးကျိုးတွေ ဖြစ်လာတာပင်။ ဖြေရှင်းရမည့် နည်းလမ်းရွေးပြီး အကောင်းဆုံးဖြစ်အောင် အဖြေရှာဖို့ လိုနေသည်ဟု ထင်မြင်မိသည်။
 ဆေးစွဲလို့ ဆေးသုံးလို့ ကျောင်းကနေ ရာသက်ပန် ထုတ်လိုက်တယ်ဆိုတာမျိုးက  ဆရာ/ဆရာမတွေဘက်က နည်းမှန်လို ကျင့်သုံးနေတာကြာပါပြီ။ ဆေးစွဲနေတာ ဆေးသုံးနေတာ သိပြီ၊ ဒီတော့  ဆေးဖြတ်ဘို့ နည်းလမ်းရှာ ၊ ဆေးဖြတ်တဲ့ ကျန်းမာရေးဆိုင်ရာ အဖွဲ့အစည်းနဲ့ဆက်သွယ် ဆောင်ရွက် ပြီးရင် ကျန်းမာအောင် အနားယူပြီး ကျောင်းပြန်တက်ပါ စသဖြင့် ဆွေးနွေးညှိနိုင်း ကြတာက  ကျောင်းသားအဖို့ နစ်နာမှုမရှိယုံသာမက သူ့ဘဝမှာ စာသင်ရအုန်းမည် ကျောင်းတက်လို့ ရသေးသည်ဆိုတဲ့ မျှော်လင့်ချက်ရှိနေခြင်းက အကောင်းဘက်ကို ဦးတည်ဖို့ လမ်းစတခုပဲ ဖြစ်လေသည်။ 
         မူးယစ်ရမ်းကားတာမျိုးမဟုတ်ပဲ ဒေါသအလျောက် စိတ်အလိုလိုက်သည့် လူသတ်မှုတွေကလည်း မကြားဝံ့အောင်ပင်။ အများအားဖြင့် ချစ်သူသမီးရီးစား အကြား လူသတ်တဲ့အထိ ဖြစ်ကြတာတွေ  ကြားနေရသည်။  လူတစ်ယောက်လုံး မဆိုထားနှင့်၊့ ခြင်တစ်ကောင်၊ ပုရွက်ဆိတ်တစ်ကောင် သတ်ဖို့တောင် ဝန်လေးကြတဲ့ မြန်မာလူမျိုးတွေ အတွက် နှလုံးတုန် ရင်တုန်ရတဲ့ အဖြစ်တွေပါပဲ။ လူတစ်ယောက်ကို သေအောင် သတ်ရဲတဲ့ စိတ်တွေ ဘာ့ကြောင့် ဖြစ်လာရသလဲ၊ မကြောက်မရွံ့ လက်မတွန့်ရလောက်အောင် သူတပါး အသက်ကို သတ်ရတာ ယဉ်ပါးနေတာလား၊ တွေးကြည့်တော့ ကလေးတွေ ငယ်စဉ်ကတည်းက တိုက်ကြ ခိုက်ကြတဲ့ ဂိမ်းတွေ ကစားတာ၊ လူတစ်ယောက်ကို ကိုယ်ကိုယ်တိုင် သေနတ်နဲ့ပဲ ဖြစ်ဖြစ်၊ လက်နက်တစ်ခုခုနဲ့ပဲ ဖြစ်ဖြစ် ပစ်လိုက် ခတ်လိုက်တာတွေက ကွန်ပျူတာနဲ့ ဂိမ်းကစားရင်း  သတ်နေကျ ဆိုတော့ လူသတ်တာကို ယဉ်ပါးနေလာကြတာလား၊  ဒါ့ကြောင့် လူသတ်ချင်စိတ် ပေါက်လောက်အောင် ဒေါသဖြစ်စရာ ကြုံလာတဲ့အခါ လူသတ်ဖို့ ဝန်မလေးတော့တာ၊ လက်ရဲဇက်ရဲ ဖြစ်လာတာ ဖြစ်မည်။
      တခါတရံမှာ လူငယ်မပြောပါနှင့်၊ လူကြီးတွေတောင် စိတ်တိုဒေါသ ဖြစ်လာရင်  သတ်ပလိုက်မယ်ဘာညာ ရေရွတ်တတ်ပေမယ့် တကယ်တန်း သတ်ဖို့ဆိုတာ စိတ်တောင် မကူးကြပါဘူး။ ဒေါသဖြစ်လွန်းလို့ ပြောလိုက်ကြတာသာ ရှိတာပါ။ အခုက သတ်ချင်စိတ်ပေါက်အောင် စိတ်တိုတာနဲ့ ခြင်တစ်ကောင်ကို  ဖြတ်ကနဲ ရိုက်လိုက်သလို  လက်မြန်ခြေမြန် ဆိုတော့ စိုးရိမ်စရာ အခြေအနေ ဖြစ်နေတာ တွေ့လာရလေသည်။

အခုခေတ် ကလေးတွေက (၃)နှစ်သား အရွယ်ဆိုရင်ပဲ ကွန်ပျူတာကို ကောင်းကောင်း သုံးတတ်နေပြီ။ မိဘတွေကလည်း ကိုယ့်ကလေး ခေတ်မီတယ် ဆိုပြီး သဘောကျတတ်လေသည်။  တက်ဘ်လက်တို့ အိုင်ပက်တို့ဆိုလဲ လူကြီးတွေလိုပဲ သုံးတတ်ကြလေသည်။  ကလေးဆိုတာက အတတ်မြန်သည်။  သူတို့ရဲ့ မူရင်းဇစ်မြစ်ကိုက သင်ယူချင်သည့်  စိတ်တွေအပေါ်မှာ အခြေခံလေသည်။  အတုမြင်အတတ်သင်ဆိုတာ ကလေးတွေမှအစစ်၊

             စာရေးသူရဲ့ ပတ်ဝန်းကျင်မှာ  လသားအရွယ် ကလေးလေး တစ်ယောက်ရှိလေသည်။ ထိုကလေးလေးက ကွန်ပျူတာနဲ့ ကလေးသီချင်းတွေ ဖွင့်ပေးရင် သိပ်ကြိုက်သည်။ သူ့အမေက ကလေးသီချင်းတွေ ဖွင့်ပြသည့်အခါ  ကြာလာတော့ သီချင်းတွေကို သိလာလေသည်။  ဘယ်လောက်သိလာ သလဲဆိုရင် သီချင်းမလာခင် တီးလုံးလာကတည်းက ဘယ်တီးလုံးဆို ဘယ်လို လိုက်လှုပ်ရတယ်ဆိုတာပါ  သိနေပြီး ဟန်တပြင်ပြင်နှင့် ဖြစ်သည်။  သီချင်းရဲ့ တီးလုံးအတိုင်း လိုက်လှုပ်တတ်သည်။  အဲဒါ (၆)လသား ကျော်ကျော်ပဲ ရှိသေးတော့ စာရေးသူတို့မှာ တအံ့တဩ။
 သူ့ခေတ်နဲ့သူ လူဖြစ်လာရတယ်လို့သာ ကောက်ချက်ချမိလေသည်။  စာရေးသူတို့ ကလေးတွေ ငယ်စဉ်တုန်းက   ကလေးသီချင်းတွေ ပုံပြင်တွေကို အာပေါက်အောင် ဆိုပြ ပြောပြရလေသည်။ ဆိုပါအုန်းဆို မောနေပေမယ့် ဆိုပြရသည်။ ပုံပြင်ကပြီးနေပြီ မအိပ်မချင်း ပြောအုန်း ပြောအုန်း ပူဆာပါက  ပါးစပ်ပုံပြင်တွေ ဆက်တိုက် ဖြစ်လာတော့သည်။ ၊ တခါတလေ ပုံပြင်က တိုလို့၊ အရှည်ကြီး ပြောပါလို့ ပူဆာရင် ပုံပြင်ထဲက "လူအ"ကြီး (၇)ယောက်က ကိုယ့်ပါးစပ်ထဲမှာ " အ" ခြင်း မျိုးစုံနဲ့ အနေရတော့တာ၊ ရွှေယုန်နဲ့ ရွှေကျားလည်း တစ်ချိန်လုံး ရန်ဖြစ်နေရလေသည်။

 ကနေ့မိဘတွေက အိုင်ပက်လေးနှင့်  ကလေးသီချင်းတွေ ဖွင့်ကာ  ကလေးရှေ့ ချထားပြီး  အိမ်မှုကိစ္စလုပ်စရာ ရှိတာ လုပ်နေလို့ရလေသည်။  နည်းပညာတိုးတက်မှုတွေက လူတွေကို သက်သာစေတာ မှန်လေသည်။  ဒါပေမယ့် ကလေးတွေကို မိဘက ဆက်ပြီး ကြည့်နေဖို့တော့ လိုပါလိမ့်မည်။ သူတို့ဘာသာ ဂိမ်းတွေ ကစားလာတဲ့အခါ ဘယ်လို ဂိမ်းတွေ ကစားနေသလဲ၊ ရုပ်ရှင်တွေ ကြည့်နေတဲ့အခါ ဘယ်လို ရုပ်ရှင်တွေ ကြည့်နေသလဲ၊ မိဘက အကဲခပ်နေရမှာ ဖြစ်လေသည်။  တိုးတက်လာသည့်  ခေတ်နှင့် အညီ နည်းပညာကို ကောင်းသည့် ဘက်က အသုံးချနိုင်ဖို့၊ ကောင်းသည့် နေရာမှာ အသုံးပြုနိုင်ဖို့ ၊ အကျိုးရှိစွာ အသုံးပြုဖို့ မိဘနှင့် ဆရာတွေမှာ ပိုပြီး  တာဝန်ရှိလာလေသည်။
 အရင်တုန်းက ဝလုံးကလေး ဝိုင်းအောင် ဘယ်လို ရေးရမလဲလို့ ဆရာမတွေက သင်ပေးသလို ၊ မိဘတွေကပါ သင်ပေးခဲ့ကြရသည်။ ဝလုံးလေးကို အောက်ကနေစပြီးဆွဲရမယ်၊ အပေါ်ကနေဆွဲပြီး ရေးတဲ့အခါ ဝလုံးနဲ့တူတာပဲ ရှိတယ်၊ အဲဒါ ဝလုံး အစစ်မဟုတ်ဘူး၊ ဝလုံးအမှန် မဟုတ်ဘူးလို့  ပြောသလို  အခုခေတ်မှာတော့  အဝိုင်းကလေးတွေ လည်တာ စောင့်ကြည့်ရင်း ဘယ်ဟာအစစ်အမှန် ဘယ်လိုမျိုးကို ကြည့်ရမယ် စတာတွေ ပြောဖို့လိုအပ်နေပါပြီ။ ဝလုံးကလေးမှ ဝိုင်းအောင် မရေးတတ်ခင်ကတည်းက သုံးတတ် ကြည့်တတ်နေတဲ့ ခေတ်မီစက်ပစ္စည်းတွေကို တန်ဖိုးရှိတဲ့နေရာမှာ တန်ဖိုးရှိရှိ အသုံးချနိုင်ဖို၊ နည်းမှန်လမ်းမှန် သုံးနိုင်ဖို့  မိဘနှင့်ဆရာတို့မှာ တာဝန်ရှိလာပြီလို့ မြင်မိလေသည်။
ခိုင်ခိုင်စောလွင်