April 30, 2017

" တူယှဉ်ကာတွဲလို့သာ"၁ရက် မေ ၂၀၁၇ခုနှစ်၊ အတွဲ(၆) အမှတ်(၁၆)


တလခွဲ စာရေးနားပါမယ့်အကြောင်း တာဝန်ခံ အယ်ဒီတာထံ မေးလ်ပို့ အကြောင်းကြားခဲ့ပြီး တကယ်တန်းကျ (၃)လ ကြာမှ စာပြန်ရေးဖြစ်လေသည်။ ဆရာဝန်ပြောသည့် တလခွဲ ဆိုတာ ခွဲစိတ်ပြီး ကျောက်ပတ်တီးကိုင်ထားတာကို ဖြည်မည့် အချိန် ဖြစ်လေသည်။ ကျောက်ပတ်တီးကိုင်ထားသည့် လက်ကို ဖြည်ပြီးသည့်နောက် လက်မှာ ပုံသွင်းထားသည့် အတိုင်း ထောင်ထောင်လေး ဖြစ်နေသည်။ ဒါကို ပုံမှန် အခြေအနေ ရောက်အောင် လေ့ကျင့်ခန်း ပြန်ယူရတာမှာ အချိန်အတော်ယူရလေသည်။ ယခုစာပြန်ရေးနေချိန်မှာပင် လက်က အရှင်းကောင်းနေသေးတာ မဟုတ်သေး။ နေ့စဉ် လေ့ကျင့်ခန်း ယူနေရသေးသည်။
Therapy အခန်းမှာ လေ့ကျင့်ခန်း ယူရင်း ရက်မှ လ ရောက်သည်အထိ အတန်ကြာလာကာ တော်တော်နှင့် မပျောက်သည့် အတွက် စိတ်ပူပြီး ခွဲစိတ်ဆရာဝန်ထံ ပြန်လည် ပြသည့်အခါ ခွဲစိတ်ထားတာ အားလုံးကောင်းကြောင်းနှင့် ပြန်လည်ကုသရေး အခန်းက လက်ချောင်းတွေကို လေ့ကျင့်ခန်း ဘယ်လိုလုပ်ရမယ်ဆိုတာ ပြောပြ လုပ်ပြမှာပဲ ဖြစ်ပြီး မိမိကိုယ်တိုင် ကြိုးစား လုပ်ဆောင်ပါမှ အကောင်းပကတိ ပြန်ဖြစ်လာမှာ ဖြစ်ကြောင်း ရှင်းပြလေသည်။
လက်ကို မတော်တဆ ထိခိုက်မိရာက ခွဲစိတ်ကုသခံရပြီး လက်မလှုပ်ရသည့်အတွက် အလုပ်မယ်မယ်ရရ ဘာမှ မလုပ်ရပဲ လူမမာလို နားနေရသည့် အခိုက် ပုံမှန်လုပ်နေကျ အလုပ်တွေကို စိတ်ထဲက လိုက်လုပ်နေမိလေသည်။ ကြုံသမျှကို စာလုံးတွေနှင့် စီကာပတ်ကုံး မရေးရသည့်အခါ စိတ်ထဲကပဲ ရေးရင်း စာမူတွေ တပုဒ်ပြီးတပုဒ် ပေါ်လာပေမယ့် အများ ဖတ်ဖို့ ဂျာနယ် စာမျက်နှာပေါ် မပို့နိုင်ခဲ့။ လက်တဖက်ထဲဖြင့် ကွန်ပြူတာကို စမ်းရိုက်ရင်း ဆက်မရိုက်နိုင်ပဲ ထားလိုက်ရသည့် တဝက်တပျက် စာမူတွေက တပုံတပင်၊ နေကောင်းသည့်အခါ အဆိုပါ စာမူတွေက အချိန်နဲ့တပြေးညီ မဖြစ်၍ သုံးမရတော့ပေ။
ထိုအခြေအနေတွေကပင် လုပ်စရာရှိတာတွေ လုပ်နိုင်တုန်း လုပ်မှ ဆိုသည့် တွန်းအားကို ပိုရလာလေသည်။ ပတ်ဝန်းကျင်က မိတ်ဆွေများ၊ ကျောင်းသားလူငယ်များ နဲ့ သမီးလေးတွေ ကိုယ်တိုင်က လူထုခေါင်းဆောင်ရဲ့ မနားမနေ အလုပ်လုပ်နေတာတွေကို ကြည့်ပြီး" အန်တီစု အမေစု အသက်ကြီးပြီ၊ ပင်ပန်းလိုက်တာ အေးအေးဆေးဆေး နားနားနေနေ လုပ်ရင်ကောင်းမယ်" လို့ ပြည်ထောင်စုနေ့က ပင်လုံမှာ ကျင်းပသွားတဲ့ အခမ်းအနားတွေ၊ ပြည်တွင်းငြိမ်းချမ်းရေးအတွက် အားသွန်ခွန်စိုက် တွေ့ဆုံနေတဲ့ ခရီးစဉ်တွေ ကြည့်ပြီး ဂရုဏာများစွာနဲ့ ပြောကြတာ ကြားရတဲ့အခါ အသက်အရွယ်အရ လုပ်စရာရှိတာတွေ လုပ်နိုင်တုန်း ကြုံးလုပ်နေတာလို့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် တကြိမ်တခါမှ မဆုံမတွေ့ စကားမပြောဖူးပါပဲ သေချာတပ်အပ် ပြောပြမိလေသည်။ ကိုယ့်အသက်အရွယ်အရ ဒီလို စိတ်တွေ ဖြစ်လာသေးတာ တိုင်းပြည်ကို အင်မတန်ချစ်လှသည့် တိုင်းပြည်ကို အကောင်းဆုံးဖြစ်စေချင်သည့် ကိုယ့်မိခင်အရွယ် လူထုခေါင်းဆောင်အနေနှင့် ချွတ်ခြုံကျနေသည့် တိုင်းပြည်အတွက် လုပ်စရာရှိတာတွေ ရတဲ့ အချိန်အတွင်း လုပ်နိုင်သမျှ လုပ်နေတယ်ဆိုတာ တွေ့နေမြင်နေရင်း သဘောပေါက်ရတာပဲ ဖြစ်သည်။
နှစ်ပေါင်းများစွာ ချွတ်ခြုံကျနေသည့် တိုင်းပြည်ကို ကယ်တင်ဖို့ လုပ်ရတာ မလွယ်လှပါလား ဆိုတာ လက်ဒဏ်ရာ ကုရင်းက နှိုင်းယှဉ်တွေးနေမိခဲ့လေသည်။ တကယ်တန်း ခွဲစိတ်တာက လက်သန်းသေးသေးလေး၊ သို့သော် သူ့ကို လှုပ်မှာဆိုး၍ ဆိုကာ လက်ချောင်းငါးချောင်းလုံးကို ကျောက်ပတ်တီးစည်းထားလိုက်သည်။ ကျောက်ပတ်တီးစည်းပြီး တလခွဲကြာသော် ဖြည်ပြီးသည့်တိုင် လက်ငါးချောင်းစလုံး ပုံသွင်းထားသည့် အတိုင်း ထောင်ထောင်လေးနေနေကြသည်။ ပြန်လည်လေ့ကျင့်ရေး Therapy အခန်းမှာ တပတ်တရက် လေ့ကျင့်ခန်းယူ အိမ်မှာ နေ့စဉ် ကိုယ်တိုင် လုပ်ပါမှ အကောင်းပကတိအစည်းခံရသည့် လက်လေးချောင်းမှာ တဖြည်းဖြည်း ပြန်ဖြောင့်လာသည်။ အကြောနှင့် ပတ်သက်၍ စိတ်ရှည်ရသည်။ သီးခံရသည်။ အတွင်းဒဏ်ရာ ဖြစ်၍ ရှည်ကြာသည်။ ရော့ အင့် ကု၍ မပျောက်၊ ဆေးသောက်၍ မပျောက်၊ သက်သာယုံပဲ ရှိမည်။ ဘယ်သူကမှ လုပ်ပေး၍ မရ၊ ကိုယ်တိုင်ကြိုးစားမှ ရသည်။ လက်ကို ကြည့်ပြီး ကိုယ့်တိုင်းပြည်အရေးကို သတိရတယ်ဆိုတာ မုသားမဟုတ်။ အမှန်ပင်။ နှစ်ပေါင်းများစွာ ပုံသွင်းခံထားရသည့် ပြည်သူတွေမှာ ပြောင်းလဲချိန်တန်ပါပြီ ဆို၍ ပြောင်းလဲချင်သည့် စိတ်ဖြင့် ပြောင်းလဲခဲ့ကြပါသည်။ သို့သော် စိတ်မရှည်ကြ အချို့က ကန့်လန့်တိုက်ကြ၊ အချို့က ဘာမှမပြောင်းလဲပါလား မေးခွန်းထုတ်ကြ မြင်နေ ဖတ်နေ ကြားနေရသည်။
အပေါ်ယံ ရွှေမှုန်ကြဲသည့် ပြောင်းလဲခြင်းတွေကို လက်ခံခဲ့ရသည့် အကျင့်တွေ မပျောက်သေးပဲ ဘာမှ မပြောင်းလဲပါလား အတွေးတွေ လွှမ်းနေကြသည်။ ဒီနေရာမှာ မြန်မာလူမျိုးတွေ ပြောလေ့ရှိသည့် ဆိုရိုးစကားတခု အတိုင်း ပြောရပါက ကာယကံရှင်ထက် ဘေးလူကပိုမြင်တယ် ဆိုတာမျိုး ပြောရမည်ဟု ထင်သည်။ စာရေးသူတို့မှာ မြန်မာလူမျိုး မြန်မာပြည်သား စစ်စစ်ဖြစ်သော်လည်း အကြောင်းကြောင်းကြောင့် ဘေးအိမ်မှာ ခေတ္တနေနေရသည်။ ဘာ့ကြောင့် ရောက်သလဲ ဘာ့ကြောင့် မပြန်သလဲ ရေးက စာတပုဒ်စာမက ရှိပြန်တော့ ကြုံမှ ရေးပါအုန်းမည်။ အချိုပသောသူတွေက အဝေးကနေ ပြောနေတယ်၊ အဝေးကနေ ဘာသိလို့လဲ သူတို့က ဇိမ်ကျနေပြီးတော့ စသဖြင့် လှုမှုကွန်ယက်မှာ ရေးကြဝေဖန်ကြတာ ရှိသည်။ ဘယ်မှာနေနေ ကိုယ်လုပ်မှ ကိုယ်စားရတာပဲ ဖြစ်သည်။ တိုင်းချစ်ပြည်ချစ်စိတ်ကတော့ ဘယ်မှာနေနေ ပျောက်မသွားပါ။ ဘယ်မှာနေနေ ကိုယ့်လူမျိုး ကိုယ့်တိုင်းပြည်အတွက် တတ်အားသရွေ့ ရောက်သည့်နေရာမှာ လုပ်ပေးနေကြသူတွေ အများကြီးရှိနေပါသည်။
ဘေးအိမ်ကနေ ကိုယ့်အိမ်ကို လှမ်းကြည့် သည့်အခါ ပိုပြီး မြင်တာလေးတွေ ရှိလေသည်။ ပြီးခဲ့သည့် မတ်လထဲမှာ မိသားစုကိစ္စတခု ရှိ၍ ရန်ကုန်သို့ ပြန်ရောက်ပါသည်။ ယခင် ၂၀၁၅ခုနှစ်နိုဝင်ဘာလတုန်းက ရွေးကောက်ပွဲမှာ မဲပေးဖို့ ရောက်စဉ်ကနှင့် နှိုင်းယှဉ်ပြီး ပြောင်းလဲသွားပြီ လို့ နှုတ်က ပြောမိသည်။ လေဆိပ်အသစ်ကြီးက လူဝန်မှုကြီးကြပ်ရေးအရာရှိတွေ ဖော်ဖော်ရွေရွေ စကားပြောသည်။ ယခင်ကတော့ မျက်မှောင်တွေကြုတ်ပြီး တခုခုကို အလိုမကျသလို ဘာမှလည်း မပြောသည့် အမူအယာတွေ မရှိတော့ပဲ နှုတ်သွက်လျှာသွက် နှုတ်ဆက်စကား ဆိုလာပြီ။ စကားမှားလို့ ကြောက်ရတာ မရှိသည့် လက္ခဏာ၊ ရပ်ကွက်တွေ ဈေးတွေ ရောက်ပြန်တော့ ပြောင်းလဲသွားသည့် မျက်နှာတွေ တွေ့ရသည်။ ဒါကတော့ ကြောက်ရွံ့စိုးရိမ်နေသည့် မျက်နှာတွေ ဖြစ်မနေ။ ဒါကို ကာယကံရှင်တွေရော ကိုယ့်ကိုယ်ကို သိရဲ့လား တွေးမိသည်။ အရင်က လမ်းကူးလည်း ကြောက်ရ ရဲမြင် ကြောက်ရ၊ ယခုက မတရား လုပ်လို့မရ ဆိုသည့် ခံစားချက် ရှိလာဟန်တူသည်။ စိတ်ခံစားချက်က ရုပ်ကိုဟပ်နေတာလို့ ဆိုလိုက်ချင်သည်။ လူထုခေါင်းဆောင်ရဲ့ စကားထဲကလို" ပြည်သူကကြောက်နေရသည့် အစိုးရ" မဟုတ်တာ ပြည်သူတွေရဲ့ စိတ်ထဲမှာ အရိပ်ထင်နေတာဖြစ်မည်။
အတွင်းကျကျ ဖျက်ဆီးခံခဲ့ရသည့် တိုင်းပြည်ရဲ့ အတွင်းကြေရောဂါကို ရုတ်တရက် အပေါ်ယံကြော ပြောင်းလို့မရပါ။ တဖြည်းဖြည်း လေ့ကျင့်ပြီး ပြောင်းပေးပါမှ ပုံမှန်အခြေအနေ ရောက်မည်ဖြစ်သည်။ လောဘကြီး၍ မရပါ၊ အခြေခံက ပြောင်းလဲပါမှ ရေရှည် အကျိုးဖြစ်ထွန်းမည်။ အတွင်းရော အပြင်ပါဒဏ်ရာများစွာ ရရှိထားသည့် ပြည်သူတွေမှာ စိတ်ပိုင်းဆိုင်ရာ ပြောင်းလဲလာမှ အခြား ရုပ်ပိုင်းဆိုင်ရာတွေ အနောက်က တဟုန်ထိုး လိုက်ပါ ပြောင်းလဲလာပါလိမ့်မည်။ ကိုယ်တိုင်လည်း ကြိုးစားရမည်၊ ဘေးကနေ အတူ ကူညီပေးမည့် ၊ လမ်းကြောင်းဖြောင့်ဖြောင့်ပေါ် လျှောက်ရအောင် တွဲခေါ်ပေးမည့် ၊ ပြည်သူနဲ့အတူ ရှိမည့် အစိုးရနှင့် တူယှဉ်ကာသွားဖို့ ကတော့ အထူးလိုအပ်လှသည်။
ြုပုပြင်နေဆဲ ကုသနေဆဲကာလကတော့ စိတ်ရှည်ရမည်၊ ဆေးရုံက အခန်းလေးထဲမှာ လက်ကို ခေါက်လိုက် ဆန့်လိုက် လေ့ကျင့်ခန်းလုပ်ပေးသည့် အခါ အသဲခိုက်အောင် နာလွန်း၍ လုပ်ပေးသည့် ဆရာမကို ဖြတ်ကနဲ စိတ်တိုမိသည်။
" သူ့အသားမဟုတ်လို့ အတင်းလုပ်နေတာပဲ" လို့ အတွေးပေါ်မိသည်။ ထိုအချိန် အပြင်ခန်းက နိုင်ငံခြားသားတယောက်က သူ့မိတ်ဆွေဟု ထင်ရသည့် နာ၍ အော်နေသည့် လူနာကို ရယ်မော ပြောနေသည့် အသံကို ကြားလိုက်ရသည်။
" No pain No gain" တဲ့
ချက်ခြင်းဆိုသလို စိတ်ထဲလင်းလက်သွားသည်။ အနာခံမှအသာစံရမည် မြန်မာစကားပုံလို အခုအချိန် နာနာလေးလေ့ကျင့်ခန်းလုပ်မှ ပကတိအခြေအနေ အမြန်ဆုံး ပြန်ရောက်မည်ပေါ့။ အခန်းထဲ ပြန်ဝင်လာသည့် ဆရာမကို ပြုံးပြလိုက်သည်။ နိုင်ငံခြားသားကြီး ပြောလိုက်သည့် စကားကို လက်ခံတယ်လို့ ပြောလိုက်တော့ ဆရာမက လက်ချောင်းတွကို ပြန်ချိုးသည် ပြန်လှန်သည်။ ချိုးလိုက်လှန်လိုက် မျက်ရည်ထွက်မတတ် နာတာကို ကျော်ဖြတ်ဖို့ အားတင်းလိုက်သည်။ လက်တွေ ပြန်မကောင်းက ဘာမှ လုပ်လို့မရ၊ ကိုယ်ဖြစ်ချင်တာ ဖြစ်ဖို့ ကိုယ်လုပ်ချင်တာလုပ်ဖို့ အဲဒီအချိန်လေးကို အောင့်အည်းသည်းခံဖို့ ဆုံးဖြတ်ခဲ့လိုက်တာ ဖြစ်သည်။
ခိုင်ခိုင်စောလွင်

April 23, 2017

" ကျောခိုင်းနေတဲ့သူ"၂၄ရက် ဧပြီ ၂၀၁၇ ဒီလှိုင်းစာစောင် အတွဲ(၆) အမှတ်(၁၅)


ကျောင်းသားတယောက်က ဖေ့စ်ဘွတ် မက်ဆင်ဂျာကနေ " ထိုင်းက စုန်ခလာပွဲဆိုတာ မြန်မာဆီက ယူထားတာလား" တဲ့ လှမ်းမေးသည်။ အရှေ့တောင်အာရှနိုင်ငံတွေထဲက မြန်မာ၊ ထိုင်း၊ လာအို ၊ ကမ္ဘောဒီးယားနိုင်ငံတို့မှာ ရေသဘင်ပွဲ ဆင်နွှဲကြတာ အတူတူပင်၊ ထိုင်းနဲ့ လာအိုကတော့ နာမည်တူသည်။ " စုန်ခလာ( Songkran) " လို့ပဲ ခေါ်သည်။ မြန်မာတွေကတော့ " သင်္ကြန်" ၊ သီရိလင်္ကာက ဟိန္ဒူ တို့မှာလည်း ရေသဘင်ပွဲဆိုတာရှိသည်။ ပြက္ခဒိန်နှစ်အရ နှစ်သစ်အကူးအပြောင်းမှာ မြတ်စွာဘုရားရှင်ကို ရေသပ္ပါယ်ကာ အလှုအတန်းများ ပြုလုပ်ကြပြီး အချင်းချင်း ရေလောင်းရေပက် ပြု ကြသည်တဲ့။ မြန်မာဆီက စသလားဆိုတာ စာထဲပေထဲ သေချာရေးထားတဲ့ အထောက်အထား မတွေ့ရပေမယ့် သမိုင်းဆိုင်ရာ ခုနှစ် အချက်အလက်တွေနဲ့ လိုက်လံ တိုက်ကြည့်က မြန်မာတို့က ပုဂံခေတ်ကတည်းက ရေကစားသည့် အထောက်အထားတွေ့ရသည်။ ယဉ်ကျေးမှုချင်း ကူးလူးယှက်နွယ်သွားတာ ဖြစ်နိုင်သည်လို့ ပြောဖြစ်သည်။ သို့သော် ယခုလို ဂလိုဘယ်လိုက်ဇေးရှင်း ခေတ်ကြီးမှာ ကမ္ဘာကြီးက ရွာတရွာလို့ ဆိုကြချိန် ဘယ်ခေတ်မှာ ဘယ်သူ့ဆီကစစ ယနေ့ ဘယ်သူကပိုပြီး ထိန်းသိမ်းနိုင်သလဲ၊ ဖော်ဆောင်နိုင်သလဲဆိုတာက ပိုပြီး အံဝင်ခွင်ကျ ရှိမည်လို့ တွေးမိလေသည်။
အဆိုပါ ကျောင်းသားလေးမေးသမျှ တတ်နိုင်သမျှ ဖြေပေးရင်း တဖက်ကလည်း အင်တာနက်နှင့် လက်လမ်းမီရာ စာအုပ်တွေကို ဆွဲချ ရှာဖွေကာ အထောက်အထားပြု ဖြေပေးဖြစ်သည်။ နောက်ဆုံးတော့ မြန်မာပြည်က မုန့်လုံးရေပေါ်၊ မုန့်ဖက်ထုတ်တို့ပင် ထိုင်းဖက်ကို ရွှေ့ပြောင်းသူတွေ လုပ်ကိုင်ရောင်းချရင်း ထိုင်းမုန့် ဖြစ်နေတာတွေပင်ရှိသည့်အကြောင်း ပြောဖြစ်သည်။ နောက်ဆုံးတော့ အနှစ်(၆၀)ကျော် ပိတ်ဆို့တားဆီး နေရာက တဖက်နိုင်ငံကတဆင့် လုပ်ကိုင်ရင်း မြေပေါ်မြေအောက်ရေပေါ်ရေအောက် ရိုးရာတွေ တဆင့်ခံ ကူးလူးရောက်သွားတာ ရှိလေသည်။ ထိုင်းတွေ စီးပွားရှာပြစားရာ long neck လို့ ခေါ်သည့် ကယန်းလူမျိုးတွေမှာ မြန်မာ့တိုင်းရင်းသားမျိုးနှယ်စု ဖြစ်သည်။ တနေ့ကပဲ ဘန်ကောက်ပို့စ် သတင်းစာမှာ ကန်ချနဘူရီ အရပ်က မွန်တို့ရဲ့ ခေါင်းပေါ်မှာ ရေအိုးတင်ပြီး ကသည့် သင်္ကြန်တွင်း ဖျော်ဖြေမှု ရိုးရာအကအကြောင်း သတင်းတပုဒ် ဖတ်လိုက်ရသည်။
အဆိုပါ သတင်းရဲ့ အောက်က ကော့မန့်မှာ နိုင်ငံခြားသားတယောက်က သူတို့က တောင်ပေါ်သားလား မေးတာ ဖတ်လိုက်ရသည်။ ထိုင်းနိုင်ငံ ကန်ချနာဘူရီအရပ်မှာ မြန်မာနိုင်ငံ ရေး၊ ထားဝယ် က သူတွေ အများအပြား အလုပ်လာလုပ်နေကြသည့် အရပ်ဖြစ်သည်။ ယဉ်ကျေးမှုချင်းကူးလူးသည်က သဘာဝပေမယ့် ထူးဆန်းစွာပင် မြန်မာပြည်က တိုင်းရင်းသားမျိုးနွယ်စုတွေ ပြည်ပရောက်ကာ တခြားနိုင်ငံရဲ့ မျိုးးနွယ်စု အဖြစ် ရောက်ကုန်တာကတော့ လုံးဝမဖြစ်သင့်သောကိစ္စ။
အမေရိကားရောက် သူငယ်ချင်းတယောက်ကို မေရီလန်းပြည်နယ်မှာ ဗမာတွေများသလား မေးကြည့်ရာ ချင်းလူမျိုးတွေ များတယ်လို့ ပြောပြသည်။ တဆက်ထဲ သတိရမိတာ နော်ဝေနိုင်ငံမှာလည်း မြန်မာပြည်သား နှစ်ထောင်ခန့် ရှိတာမှာ ချင်းလူမျိုးက (၁၂၀၀) ခန့် လို့ ကြားဖူးရာ ချင်းတောင်မှာ ချင်းလူမျိုးတွေ ရှိပါတော့မလား အမေးကို သူငယ်ချင်းဖြစ်သူက ဤသို့ ပြန်ဖြေလေသည်။
" ခင်နေတဲ့ ချင်းတယောက်ပြောတာတော့ ချင်းတောင်မှာ ချင်းမရှိတော့ဘူး၊ သစ်ပင်နဲ့ကျောက်တုံးတွေပဲ ကျန်တယ်လို့ ပြောဖူးတယ်ဟ" တဲ့
လူဦးရေ သန်း(၆၀)ကနေ သန်း(၅၀) လျော့သွားတာ ပေါ့ပေါ့တန်တန်တော့မဟုတ်၊ တိုင်းရင်းသားဒေသတွေမှာ အလုပ်အကိုင်အခွင့်အလမ်း လုံးဝမရှိသည့်အပြင် စားဝတ်နေရေးအတွက် ရပ်တည်ဖို့ အင်မတန်ခက်ခဲတာ ပြောစရာမလို၊ အငတ်ငတ်အပြတ်ပြတ် နေရတဲ့နေရာ ဘယ်သူကြာကြာနေနိုင်ပါ့မလဲ၊ အိမ်အကူလုပ်နေတဲ့ မော်လမြိုင်သူ အိမ်အကူ ကုလားမလေး သူ မြန်မာပြည်မှာနေတုန်းက ရှာစားရခက်တာမှ ထမင်းငတ်ခဲ့တဲ့ ရက်တွေ ပြန်တောင် မတွေးချင်ပါတဲ့၊ မျက်ရည်လေး တလည်လည်နဲ့ ပြောရှာသည်။ အညာလေသံလေးတွေနဲ့ လာအိုဆိပ်ကမ်းမှာ ဈေးရောင်းနေတာတွေ့လို့ ဘယ်အရပ်ကလဲဆို တပ်ကုန်းကတဲ့ ၊ ဟိုက် တို့နိုင်ငံအနှံ့ ဒေသစုံ လူမျိုးစုံ အားလုံး ဘေးအိမ်တွေ ရောက်ပြီး အသက်မွေးဝမ်းကျောင်းနေရပါလား စိတ်မကောင်း ဖြစ်ရသည်။
ပြီးခဲ့တဲ့လက နာမည်ကျော် ရွှေတြိဂံသို့ အလည်ခရီးသွားဖြစ်ခဲ့သည်။ ထိုင်း-မြန်မာ- လာအို ရေနယ်နိမိတ်ဆီ ရောက်ခဲ့ပါသည်။ ထိုင်းနိုင်ငံဖက်အခြမ်းမှာ နယ်စပ်မြို့ ဖြစ်သော်ငြား စည်ကားလှသည်။ လုံခြုံရေး၊ လမ်းပမ်းဆက်သွယ်ရေး အထူးကောင်းသည်။ ရေမီး ပြည့်စုံသည်။ တကယ့်ကို စီးပွားရှာသည့်နေရာကောင်းတခု၊ ခရီးသွားတွေကို ဆွဲဆောင်ထားနိုင်သည့် နေရာဖြစ်အောင် ဖန်တီးထားသည်။ ရေဆိပ်ကနေ မော်တော်ဖြင့် မဲခေါင်မြစ်ထဲ လိုက်လံစီးလို့ရသည်။ ဘုတ်ပေါ်မှာ ထိုင်းသံဝဲဝဲ အင်္ဂလိပ်စကားဖြင့် ရှင်းပြသူပါသည်။ လူတယောက်ကို ဘတ်(၂၀၀)၊ ကမ်းမှာ ကပ်ထားတဲ့ ဘုတ်တွေ ငါးစီးမက၊ မြစ်ထဲကနေ ရွှေတြိဂံနယ်မြေ သုံးနိုင်ငံနယ်နိမိတ် ထိစပ်ရာ လိုက်ကြည့်ရသည်။ ထိုင်းနှင့် တဖက်ကမ်းက လာအို၊ လာအိုဖက်လည်း လှုပ်လှုပ်ရှားရှား၊ ကားတွေ သွားလာနေတာ မော်တော်ပေါ်က မြင်ရသည်။ အဆောက်အဦတွေအများအပြားနှင့် ဆောက်လက်စ အဆောက်အဦတွေ၊ ဘာသာရေးအဆောက်အဦတွေ၊ စီမံကိန်းလုပ်ဆောင်နေသည့် ဆိုင်းဘုတ်တွေ တွေ့ရသည်။ ထိုင်းဖက်လည်း ထို့အတူ ဘုရားရုပ်ပွားတော်မြတ် တဆူ တည်ထားတာ ထီးထီးမားမား ဖူးတွေ့ရသည်။
မြန်မာလို့ ဂိုက်က လက်ညှိုးထိုးသည့်အခါ ခြောက်ခြောက်သွေ့သွေ့တိတ်တိတ်ဆိတ်ဆိတ် အရသာကို ခံစားရသည့် ခြုံနွယ်ပိတ်ပေါင်း ဖုံးလွှမ်းနေသည့် မြစ်ဘေးက တောအုပ်ကလေး၊ လှုပ်ရှားမှု လုံးဝမတွေ့ရ။ လူသူမနီး ဝေးလံခေါင်လှသည်လို့ ခံစားရသည့်အပြင် ဒီနေရာဟာ လည်လို့မရ၊ ဆင်းလို့မရ၊ သွားလို့မရတဲ့အရပ်လို့ ပြောစရာမလိုအောင် သာသာယာယာ လှုပ်လှုပ်ရှားရှားမရှိ။ ကျောခိုင်းထိုင်နေသည့် ကဝေတကောင်နှင့်ပင် တူသေးတော့၊ ကိုယ့်နိုင်ငံကို အနောက်က ပတ်ကြည့်ပြီး စိတ်မကောင်း ဖြစ်တုန်း တြိဂံပုံ ကြက်လျာစွန်းနား အရောက် ခပ်ဝေးဝေးက အဖြူရောင်အဆောက်အဦကြီးက မြန်မာပြည်ဘက်ခြမ်းက " ကာစီနိုရုံ" ပါတဲ့ ၊ ကိုင်း မြန်မာဘက်ကတော့ ဒီအထိပဲ ၊ဆက်သွားလို့ မရပါတဲ့၊ ဒီကနေ လာအိုဘက်ကို သွားပါမယ်၊ တယောက်ကို ဗီဇာကြေး ဘတ်(၃၀) ပေးပြီး ဆိပ်ကမ်းကို တက်ရမှာ ဖြစ်သည်။ ဟော လာအိုဘက်က အလုပ်ဖြစ်ပါလား၊ ဘုတ်ပေါ်ပါလာတဲ့ ဂိုက်က မော်တော်စက်သံ ဆူဆူညံညံကြားကပဲ လာအိုနဲ့ မြန်မာဘက်ခြမ်းမှာပဲ ကာစီနိုရုံရှိပြီး ထိုင်းမှာ မရှိကြောင်း ၊ ထိုင်းမှာ ခွင့်မပြုကြောင်း ပြောပြနေသေးသည်။
ထိုင်းဖက်ကနေ မဲခေါင်မြစ်ကြောတလျေက် ဘယ်ဘက်အတိုင်း မြန်မာဖက်ကို လှမ်းကြည့်အပြီး မော်တော်ကို ပြန်ကွေ့ကာ မြစ်တဖက်ကမ်း လာအိုသို့ အရောက် ဆိပ်ကမ်းမှာကတည်းက မြန်မာသံတွေ ကြားနေရသည်။ ဆင်ခြေလျှောလေးအတိုင်း တက်သွားတော့ ဈေးဆိုင်ကလေးတွေ၊ နိုင်ငံခြားသား ခရီးသွားတွေကို စွဲဆောင်ထားသည့် ရိုးရာအထည် လက်ဝတ်ရတနာ လက်မှုပစ္စည်းဆိုင်တွေ အများအပြားနှင့်အတူ ရွှေပြည်နန်း သနပ်ခါး၊ အဘထရှုဆေး၊ ထွန်းရွှေဝါ အကြောပြေလိမ်းဆေး၊ မီလပ်စ်စနိုး၊ သနပ်ခါးတုံး ကျောက်ပြင်ပါမကျန် ရောင်းသည့် ဆိုင်လေးတွေတွေ့ရသည်။ သနပ်ခါးတွေဖွေးအောင်လိမ်းပြီး ကွမ်းတွေဝါးနေသည့် မြန်မာအမျိုးသမီးကလေးကို ဘယ်အရပ်ကလဲဆို တပ်ကုန်းကတဲ့၊ နောက်တယောက် ပျော်ဘွယ်ကတဲ့၊ နောက် ရမည်းသင်းကတဲ့၊ လာအိုဖက်မှာ ရွာတောင်ဖြစ်နေပြီတဲ့၊ အိမ်ခြေ ငါးထောင်ဝန်းကျင်ခန့်ရှိပြီလို့ ဆိုလေသည်။ မြန်မာပြည်ကို အလည်ပဲ ပြန်တော့သတဲ့၊ လုပ်စားလို့ ရတဲ့ လာအိုဘက်ပြန်လာနေသတဲ့။
ကိုယ့်နိုင်ငံဘက်ခြမ်းမှာ ဒီလို ဆိပ်ကမ်းလေးကနေ သူတို့လို ဈေးကွက်ကလေး ဖွင့်လိုက်ရင် ရေခြားမြေခြား ကိုယ့်နိုင်ငံသားတွေ သွားဖို့မလိုတော့၊ ခြောက်ကပ်တိတ်ဆိတ် ကျောခိုင်းနေတော့ မြန်မာတွေ တဖက်ကမ်း ရောက်ကုန်သည်။ လာအိုနိုင်ငံမှာ ဈေးသွားရောင်းနေရသည်။ ငယ်ငယ်တုန်းက လာအိုဆိုတာ သတင်းတွေမှာ မြန်မာကနေ ဆန်လှုရပြန်ပြီ။ ဆားလှုရပြန်ပြီ " အော် ဆင်းရဲလှတဲ့ နိုင်ငံပါလား" ပေါ့။
အခုတော့လည်း ကုန်းတွင်းပိတ်နိုင်ငံ၊ ဘာမှမထွက်တဲ့ နိုင်ငံ ၊ ဆားကိုတောင် ထိုင်းနိုင်ငံကနေ ဝယ်စားရတဲ့ နိုင်ငံ ဒီနိုင်ငံကို အခြေပြု အသက်မွေးနေရပါလား၊ တနုံ့နုံ့တွေးနေမိသည်။
ဆိပ်ကမ်းမှာထိုင်ရင်း ပြန်ထွက်မယ့် ဘုတ်ကို စောင့်ရင်းက မမြင့်တမြင် မြန်မာပြည်ဘက်ကို မျှော်ငေးကြည့်မိသည်။ ဟိုဘက်လှည့်နေတဲ့ ဆိပ်ကမ်းကြီးရယ် အနောက်ကို နည်းနည်းလောက် ငဲ့ကြည့်လိုက်ပါလား၊ သူများတွေ ပျော်တပြုံးပြုံးနဲ့ သွားသွားလာလာ စည်စည်ကားကား ရှိနေတယ်လေ၊ နဲနဲလောက်လှည့်ကြည့်လိုက်ရင်လေ သူတို့ ဘာလုပ်နေသလဲ၊ ဒေသခံတွေ ဝင်ငွေရအောင် ဘယ်လို အခွင့်အလမ်းတွေ ဖော်ဆောင်နေသလဲ တွေ့ရမှာသိလား၊ နဲနဲလှည့်ကြည့်မိရင်လေ လုံးဝလှည့်ကြည့်ချင်စိတ်ပေါ်လာပြီး လာပါလာပါ ရွှေဧည့်သည် ခေါ်စရာမလိုအောင် ဧည့်သည်တွေက လာချင်ရှာတာ တွေ့ရလိမ့်မယ်၊ အခုတောင် အနောက်ကနေ လာလာချောင်းကြည့်နေကြတာမဟုတ်လား၊ အလုအယက် စီးပွားရှာစရာမလိုပဲ ခပ်ပြုံးပြုံးနဲ့ အပေါ်ကနေစီးကြည့်ဖို့ အခွင့်အလမ်းကောင်းတွေ တွေ့ရလိမ့်မယ်၊ ဒါ့ကြောင့် နဲနဲလောက်တော့ လှည့်ကြည့်ပါလို့ ကျောခိုင်းနေတဲ့သူရဲ့ နောက်ကျောကို လှမ်းကြည့်ရင်း စကားတွေ ရွတ်နေမိတော့သည်