July 30, 2017

" ဖြူဖြူပြာပြာနီနီဝါဝါ"၃၁ရက် ဇူလိုင်လ ၂၀၁၇ခုနှစ် ဒီလှိုင်းစာစောင် အတွဲ(၆) အမှတ်(၂၉)မှ


ချင်းမိုင်မြို့ရဲ့ လိုဂို လို့ ပြောရလောက်အောင် ချင်းမိုင်မြို့ကို ရိုက်ကူးပြသပါက ရှေးကမြို့ရိုးတွေနဲ့အတူ ကားနီနဲ့ တုတ်တုတ်တို့ကိုပါ တွဲလျက်ပြလေ့ရှိကြသည်။ ချင်းမိုင်ကို အလည်ရောက်လာသည့် သူတွေ လေဆိပ်ကနေ လမ်းပေါ်ရောက်သည်နှင့် မျက်လုံးထဲ တန်းမြင်တာက ဥဒဟိုသွားလာနေကြသည့် ကားအမျိုးအစားတွေထဲကမှ Isuzu အနီရောင်ခရီးသည်တင်ကားတွေ ဖြစ်သည်။ ကားနီလို့ မြန်မာပြည်သားတွေ ခေါ်သလို ထိုင်းလူမျိုးတွေကိုယ်တိုင်ကလည်း "လွတ်ဒန်းင်" အနီရောင်ကားလို့သာ ခေါ်ကြတာဖြစ်သည်။ တကယ်တော့ ခရီးသည်တင်ကားမှာ အဆိုပါ အနီရောင်တမျိုးတည်း မဟုတ်ပါ။ အဝါရောင်၊ အဖြူရောင်၊ အပြာရောင်လိုင်းတွေ ရှိပါသေးသည်။ တုတ်တုတ် လို့ခေါ်သည့် သုံးဘီးကားကတော့ ခရီးသည်တင်ကားပေမယ့် သူက စင်းလုံးငှားသာ ဖြစ်သည်။သူက လမ်းပေါ်မှာ တယောက်ချင်း ထပ်မတင်ပါ။ တဦးတည်း တဖွဲ့တည်းက ငှားကြတာဖြစ်သလို ဈေးလည်းပိုများလေသည်။
ကားဖြူ၊ ကားဝါ၊ ကားပြာတို့က သူ့ဂိတ်နဲ့သူရှိပြီး သူ့လမ်းကြောနှင့်သူ မောင်းကြသည်။ ဈေးနှုန်းသတ်မှတ်ချက်လည်း အတိအကျရှိသည်။ ဂိတ်စကနေ နေရာအပိုင်းလိုက် (၁၀)ဘတ်ကစပြီး သတ်မှတ်သည်။ (၁၅)ဘတ်၊ ဘတ်(၂၀)ကနေ နောက်ဆုံး ခရီးစဉ် အစအဆုံး ဘတ်(၄၀)အထိ သတ်မှတ်ထားတာဖြစ်သည်။ သူတို့က ချင်းမိုင်မြို့တွင်းနဲ့ မြို့ပြင်အနီးက ရွာတွေကို ဆွဲကြတာဖြစ်သည်။ အနီးစပ်ဆုံး ဆိုရက ရန်ကုန်- လှည်းကူး၊ ရန်ကုန်- မင်္ဂလာဒုံ ၊ ရန်ကုန်-သန်လျင် ခရီးစဉ်မျိုးတွေ ဖြစ်သည်။ ကားနီကတော့ တမြို့လုံး သူ့နေရာချည့် ဖြစ်သည်။ ခရီးသည်ငှားသည့်နေရာ ဘယ်နေရာဖြစ်ဖြစ် လိုက်နိုင်က လိုက်သည်။ သူက လူတွင်ကျယ် ဖြစ်လှသည်။ ဝန်ကြီးချူပ် ထပ်ဆင်ရှနာဝပ် လက်ထက်က အောက်ခြေပြည်သူတွေ အလုပ်ရအောင် အကောင်အထည်ပေးသွားတဲ့ အစီအစဉ်ထဲက တခုလို့ သိရသည်။ ဒါ့ကြောင့် တချို့က ချင်းမိုင်မှာ ကားနီဆရာတွေက လူတွင်ကျယ်လုပ်သည်လို့ ဆိုကြပြောကြသည်။
ကားနီယာဉ်လိုင်းက ဂိတ်သတ်မှတ်ချက်မရှိ၊ အဆင်ပြသည့်နေရာမှာ ကိုယ့်အုပ်စုနဲ့ကိုယ် ဂိတ်ထိုးကြသည်။ ဈေးတို့ ဟိုတယ်တို့ နိုင်ငံခြားသားအလည်များတဲ့ လမ်းလို နေရာတွေမှာ ဂိတ်ထိုးတတ်ကြသသည်။ အချို့က ခရီးသည်ရှာရင်း လမ်းတွေပေါ် ပတ်မောင်းနေတတ်ကြသည်။ ငှားမည့်သူတွေ့က တင်ပြီးမောင်း မောင်းရင်းလူရှာ ဒီလို မောင်းနေကြတာလည်း ရှိသည်။ ကားနီတွေ လူမပါပဲ ဥဒဟို သွားလာနေတာ မြင်ရက သူတို့ ဆီဘိုးနဲ့ ကိုက်ပါ့မလား သိချင်မိသည်။ မေးမြန်းကြည့်တော့ ကားပိုင်မဟုတ်က ပိုင်ရှင်(အုံနာ)ကို တနေ့ဘတ်(၁၀၀) ပေးပြီး ငှားရသည်။ ဆီ(၁၀၀)ဘိုးထည့်က တနေကုန်မောင်းပါလေ့ဟု ဆိုသည်။ ဒီတော့ အရင်းကို တွက်ကြည့်တဲ့အခါ ဘတ်(၂၀၀) အရင်းရှိသည်။ အစကနဦးတုန်းက ကားနီငှားစီးက ဘယ်စီးစီး ခရီးသည်တယောက်ကို ဘတ်(၂၀)၊ လွန်ခဲ့သည့် (၈)နှစ်လောက်က ဘတ်(၂၀)ပေးပြီး အဝေးကြီးသွားရတဲ့အခါ ကားပေါ်ကတောင် ဆင်းပေးလိုက်ချင်တဲ့ အထိ အားနာခဲ့ရဖူးသည်။ သို့သော် ယခု နှစ်နှစ်ခန့်အတွင်း ဘယ်စီးစီး ဘတ်(၂၀) မရတော့ပေ။ နေရာအနီးအဝေးကို လိုက်ပြီး ဘတ်(၅၀) (၁၀၀) အထိ တောင်းလာကြလေသည်။ ဒီဇယ်ဈေး ဓါတ်ဆီဈေး တက်လို့လားဆို မဟုတ်ပေ၊ စားသောက်ကုန်တွေ ဈေးတက်လာလို့ ပိုတောင်းတာ ဖြစ်နိုင်သည်။
ဒါပေမယ့် ကားနီယာဉ်မောင်းတိုင်း ထိုသို့မဟုတ်၊ အချို့က ရိုးရိုးသားသားပဲ ဘတ်(၂၀) ပဲယူသလို ကိုယ်သွားမယ့်ခရီးက အနည်းငယ်လှမ်းက ဘယ်လောက်ပေးမလဲ သူတို့က မေးတတ်သည်။ ဘတ်(၃၀) ဘတ်(၄၀) စသဖြင့် သင့်တင့်သောဈေးဖြင့် ဖြတ်ပြီးလိုက်သည်။ လမ်းကျတော့ သူတင်ချင်သလောက် ခရီးသည် တင်လေ့ရှိသည်။ များသောအားဖြင့်တော့ ကားစင်းလုံးပြည့်အောင် တင်လေ့မရှိပါ။ လူသုံးလေးယောက်လည်းရ ကားပေါ်မှာ ကနဦးငှားလာတဲ့ ခရီးသည် သွားမယ့် လမ်းကြောင်းနဲ့ ဆန့်ကျင်က မတင်တတ်၊ ဒီတခုကတော့ ခရီးသည်မျက်နှာကြည့်တာမျိုး သဘောကျစရာကောင်းသည်။ သူတို့ ငွေရဖို့ တခုထဲနှင့် လူတပြုံတမကြီးတင်တာမျိုး မရှိချေ။ တချို့ ကားနီဆရာတွေကတော့ ခေတ်စကားနဲ့ ပြောရက ရိတ်ချင်သည်။ နိုင်ငံခြားသားဆို ပိုတောင်းတတ်သည်။ ဒီလိုလူမျိုးက အနည်းအကျဉ်းတော့ရှိတာပဲ ဖြစ်သည်။ ဘယ်လောက်ပဲ ငွေစကားပြောသည့် ကားဆရာပဲဖြစ်ဖြစ် တူညီသည့် အချက်မှာ ကလေးတွေအတွက် ကားခ မယူကြပေ။ မွေးစကနေ (၇)နှစ် (၈) နှစ်ခန့် အရွယ်အထိ ကလေးမျိုး (၃)ယောက်နှင့် လူကြီးတယောက်ထဲ ငှားက လူကြီးတယောက်စာသာ ယူလေသည်။
ကားနီ ကားဖြူ ကားဝါ ကားပြာ ယာဉ်လိုင်းအားလုံးမှာ စပယ်ယာခေါ် ယာဉ်အကူမပါပါ။ ဂိတ်သတ်မှတ်ထားသည့် ကားလိုင်းတွေဖြစ်သည့် ကားဝါ၊ ကားပြာ၊ ကားဖြူ တို့က ဂိတ်စက စစီးပြီး ဆင်းချင်သည့်နေရာ ရောက်က ဘဲလ်တီးလိုက်ရုံသာ။ လမ်းကနေပြီး တားစီးလည်း ရပ်ပေးသည်။ ကားနီလို ဈေးစကားပြောစရာမလိုပဲ တက်သွားရုံ၊ ဆင်းတော့လည်း ကားထွက်သွားမှာဆိုးလို့ ကသုတ်ကရက် ဆင်းစရာမလို၊ ဆင်းပြီး ကားရှေ့က ယာဉ်မောင်းဆီ ယာဉ်စီးခ သွားပေးရတာဆိုတော့ မောင်းထွက်သွားက ကားခရမှာမဟုတ်၊ ကားခကို စောင့်ယူသည်၊ ပြန်အမ်းစရာရှိက စိတ်အေးလက်အေး ပြန်အမ်းသေးသည်။ ကားပေါ်ကလူတွေကလည်း စိတ်ရှည်သည်။ တချို့ဆိုက ပိုက်ဆံကို ကြိုတင်ထုတ်မထားပဲ ဆင်းတော့မှ ကားဆရာဆီ ပေးကာနီးမှ ပိုက်ဆံအိတ်ကိုထုတ် ပြီးမှ ပိုက်ဆံကိုထုတ်ရေကာ ပေးတာလည်း ရှိသည်။ ကားဆရာက လုပ်ပါဟလို့လည်း မလော၊ အင်မတန်စိတ်အေးလက်အေးရှိလှသည်။ အကျိုးကတော့ ခရီးသည်တွေ ဘေးကင်းတာဖြစ်သည်။ ဒါမျိုးက ကားနီဆရာတွေလည်း အတူတူပင်၊ စိတ်ရှည်လက်ရှည်နှင့် စိတ်အေးလက်အေးရှိကြသည်။
လွန်ခဲ့သည့် (၆)နှစ်ခန့်က ဆရာမောင်ဝံသ ချင်းမိုင်ကို ရောက်စဉ် ဆရာ့ကို ကြိုလာတဲ့ ကားပေါ်ကနေ အရှေ့မှာ ခရီးသည်ကို စိတ်အေးလက်အေး ရပ်ပေးနေတာ ၊ ခရီးသည်ကဆင်းပြီး ယာဉ်မောင်းထံ ကားခပေးနေတာ ရပ်စောင့်ရင်း မြင်နေရတာ ကြည့်ပြီး ကားနီစီးကြည့်ချင်လိုက်တာလို့ ပြောတော့ မပြန်ခင် စီးကြည့်ပါဆရာ ၊ ဆရာ သင်္ကန်းကျွန်းက အပြန် ဘတ်စ်ကားပေါ်ကနေ ဒရောသောပါးဆွဲချသလို ဘတ်စ်တွေနဲ့ ဆီနဲ့ရေ လို ကွာပါတယ်လို့ ပြန်ပြောမိတာ သတိရသည်။ ကားပေါ်မှာ ပါလာသည့် သူတွေထဲကမှ သတင်းထောက်တယောက်က " ဆရာစီးကြည့်ပါ စိတ်ချမ်းသာလိမ့်မယ် ချင်းမိုင်မှာ လူငယ်တွေက ဆိုင်ကယ်တွေအသုံးများပြီး အဖိုးကြီးအဖွားကြီးတွေက ကားနီစီးကြတော့ ကားသမားတွေက စိတ်ရှည်တယ်" လို့ အပြောကို ဆရာက တဟားဟားရယ်မောပြီး သဘောကျသွားလေသည်။
ထိုင်းရောက်ကာစ ဈေးကအပြန် အထုတ်အပိုးတွေနှင့် ကားနီစီးသည်။ ကားပေါ်မှာ လူသုံးယောက်သာပါသည်။ ဟိုင်းလပ်စ်ကားတွေက မြန်မာပြည်က လိုင်းကားတွေ ပုံစံအတိုင်းပင်၊ ဘေးနှစ်ဖက်မှာ ခုံတန်းရှည် နှစ်တန်း ရှိသည်။ မြန်မာပြည်က ကားလေးလိုင်းနှင့်မတူတာက အလယ်ခုံ မထားတာရယ် ထိုင်ခုံတွေက လူတယောက်ကျကျနန ထိုင်လို့ရတဲ့ အတိုင်းအဆရှိသည်။ ဘေးတန်းကို လက်လေးလုံးလောက်ထားပြီး အလယ်ခုံတွေနဲ့ ကြပ်ညပ်နေအောင် တင်လို့မရ၊ စည်းကမ်းသတ်မှတ်ချက်က တစင်းလုံး (၁၁)ယောက်ထက် ပိုမတင်ရ၊ အဆိုပါနေ့က အထုတ်တွေကို ပေါင်ပေါ်တင်ထားမိသည်။ ပြီးတော့ ကားပေါ်ရောက်သည်နှင့် ကားခကို အသင့်ထုတ်က ကိုင်ထားလိုက်သည်။
" အထုတ်တွေ အောက်မချထားပါနဲ့ ကိုယ့်ပေါင်ပေါ်ကိုယ်တင်ထားပါ၊ ကဲ ကားခတွေ အသင့်ထုတ်ထား၊ တောင်းမှ ဟိုနှိုက်ဒီနှိုက်မလုပ်နဲ့ " ဆိုတဲ့ အသံက ဘယ်လောက်တောင် အကျင့်ပါသလဲဆို အတူပါလာတဲ့ ထိုင်းမှာအနေကြာပြီဖြစ်တဲ့ မိတ်ဆွေ အမျိုးသမီးကလေးက ရယ်ရယ်မောမောနဲ့ အထုတ်တွေ အောက်ကိုချပေးရင်း ဒီလောက် နေရာအကျယ်ကြီး ချထားပါအန်တီရဲ့လို့ ဆိုလေသည်။
ယခုနောက်ပိုင်းတော့ ကားနီတွေက ဈေးကို လိုသလိုတောင်းတာမျိုး ဈေးဆစ်ရတာမျိုး ဖြစ်လာတဲ့အခါ Uber တက္ကစီတွေ ငှားစီးလာကြသည်။ အွန်လိုင်းက ကားငှားရတဲ့စနစ် ပေါ်တာကြာပေမယ့် Uber က မြန်မာပြည်မှာလို တရားဝင် ဆွဲခွင့်မရပေ။ Uber အွန်လိုင်းတက္ကစီတွေက အင်တာနက်ကနေ ခေါ်လိုက်တာနှင့် အိမ်အထိလာခေါ်သလို ဈေးကလည်း ကားနီထက်တောင် သက်သာသည်။ တခါတလေ ကားနီထက် အနည်းငယ်ပိုပေးရတာရှိပေမယ့် အိမ်ရှေ့အထိရောက်တာရယ် စကားများများ မပြောရတာနှင့်ပင် တန်သည်လို့ သဘောထားရသည်။ Uber မရှိခင်က ကားနီငှားလိုက လမ်းထိပ်အထိ ထွက်ငှားရသည်၊ ဒါကပြဿနာမရှိ၊ အထုတ်အပိုးတွေ ပါလာလို့ စငှားကတည်းက အိမ်အထိ ပို့ပါလို့ ဈေးပါ သဘောတူပြီး လိုက်လာပြီးမှ လမ်းထိပ်မှာ ဆင်းတော့ဆိုကာ ရပ်နေတာမျိုး မကြာခဏ ကြုံလာတဲ့အခါ အိမ်အထိ ရောက်တဲ့ စင်းလုံးငှား တုတ်တုတ်ကို ဈေးကြီးပေးပြီး ငှားရသည်။ တုတ်တုတ်ကတော့ အနီးဆုံးကို ဘတ်(၁၀၀) ကစတောင်းတာဖြစ်သည်။
Uber ယာဉ်မောင်းတွေက ကားနီတို့ တုတ်တုတ်တို့ကို ကြောက်ကြရသည်။ ချင်းမိုင်မှာ Uber တရားဝင်ဆွဲလို့မရအောင် ကားနီတွေ တုတ်တုတ်တွေက ဆန္ဒပြထားတာဖြစ်သည်။ သူတို့နှင့် Uber တွေ့လို့က မရှောင်၊ Uber တက္ကစီလို့ သေချာသိတာနှင့် ကားနံပါတ်ကို ဓါတ်ပုံရိုက်ထားပြီး တိုင်ကြတာဖြစ်သည်။ တခါကတော့ အွန်လိုင်းကနေ ကားခေါ်ပြီး ရောက်လာတော့မှ ဆီးဖမ်းပြီး ဒဏ်ရိုက်တာလုပ်လို့ Uber ခေါ်က တော်တော်နှင့် မလိုက်တာ ဖြစ်လိုက်သေးသည်။ နောက်တော့ Uber ယာဉ်မောင်းတွေကလည်း ကြံရဖန်ရသည်။ အွန်လိုင်းက ခေါ်ပြီးသည်နှင့် ဖုန်းဆက်ကာ အတည်ပြုပြီးမှ လာတော့သည်။ အထူးသဖြင့် အင်္ဂလိပ်လိုပြောတာရယ်၊ ထိုင်းလိုပြောပေမယ့် မပီတော့ ထိုင်းမဟုတ်မှန်းသိက စိတ်ချလက်ချ လာခေါ်လေသည်။ Uber ယာဉ်မောင်းတွေနဲ့ မကြာခဏ ဆုံတိုင်း သူတို့ အဖြစ်ကို ပြောပြတတ်လေသည်။ လေဆိပ်လိုမျိုး စီစီတီဗွီ နဲ့ ရဲတွေ ရှိတဲ့နေရာဆိုက ကားပေါ်မှာကတည်းက တောင်းပန်ပြီး အကျိုးအကြောင်းပြောကာ ကားခကို ကြိုပေးထားဖို့ ပြောတတ်သည်။
ဒါပေမယ့် ကားနီတွေ တုတ်တုတ်တွေကို မျက်မုန်းကျိုးနေတာမျိုး ဖြစ်မနေ။ ကားနီ၊ တုတ်တုတ်တို့ကို မြင်က သူတို့ကို ဖိုက်နေတဲ့လူတွေလေလို့ ရယ်ရယ်မောမော ပြောပြတာ မကြာခဏ ကြုံဖူးသည်။
Uber လို အကောင်းစား ကားအတွင်းမှာ မွှေးကြိုင်ပြီး အေးမြနေတဲ့ လေအေးပေးစက်နဲ့ ဇိမ်ကျကျ စီးရတဲ့ အငှား ကားတွေပေါ်လာပေမယ့် ကားနီကရော ရပ်သွားသလား၊ ရပ်မသွားပါ၊ သူလည်း သူ့အတိုင်းအတာနဲ့သူ၊ သူ့ပရိတ်သတ်နဲ့သူ လမ်းပေါ်မှာ လူတွေတင်လို့ အသွားအလာမပျက် သွားနေတုန်းပါ။ ကမ္ဘာ့နိုင်ငံအသီးသီးက ခရီးသွားဧည့်သည်တွေ အလည်အပတ်လာရင်း ဟိုနားဒီနား ၊ ဟိုလည်ဒီလည် ငှားစီးကြရင်း သူတို့လည်း သူ့အတိုင်းအတာနဲ့သူ ဆက်ပြီး သွားနေကြတုန်းပါပဲ၊ ဘယ်သွားသွား(၂၀)လို့ ကြိုတင်စုံစမ်းပြီး သိခဲ့တဲ့ နိုင်ငံခြားသားတွေနဲ့တွေ့ရင် အိုခေ အိုခေ ပိုင်း ဆို သွားသလို တောင်းလို့ ရသလောက် ရလို့ သွားတာလည်း ရှိနေပြန်တာပဲ ဖြစ်သည်။
ဘယ်လိုပဲ ဈေးတွေ တောင်းနေပါစေ ကားပေါ်ကနေ တွန်းချတာ၊ ကားပေါ်ကနေ မဆင်းရသေး မောင်းထွက်တာ၊ ကားပေါ်မှာ ခရီးသည်ပါလာတာကို အလေးမထားပဲ ခရီးသည်တင်ကား အချင်းချင်းပြိုင်မောင်းကြတာ ၊ ပိုငွေပြန်မအမ်းတာ၊ ဆင်းမယ့်နေရာ ရပ်မပေးတာ၊ ခရီးသည်ကို ရန်ပြုတာ ရိုက်မောင်းပုတ်မောင်းလုပ်ချင်တာ စတာတွေ တစိုးတစေ့မှ မရှိပဲ ကားပေါ်က ဆင်းသွားတဲ့ ခရီးသည်တိုင်းကို" ခေါ်ခွန်ခပ်" ကျေးဇူးတင်ပါတယ်ခင်ဗျာလို့ ပြောတဲ့ ထုံးတမ်းစဉ်လာကတော့ ယဉ်ကျေးမှုထိန်းသိမ်းထားရာမြို့ ဆိုတဲ့ ဂုဏ်ဒြပ်နဲ့အညီ နာမည်သတင်းမွှေးနေလျက် ရှိမြဲရှိနေဆဲ။
ခိုင်ခိုင်စောလွင်

July 24, 2017

" ရောင်စုံတွေကြား စုန်ကာဆန်ကာ"၂၄ရက် ဇူလိုင် ၂၀၁၇ခုနှစ် ဒီလှိုင်းစာစောင် အတွဲ(၆) အမှတ်( ၂၈) မှ


" ထိုင်းရောက်မြန်မာရွှေ့ပြောင်း အရေးကိစ္စများစွာထဲကမှ လတ်တလော ကိစ္စမှာ နေထိုင်ခွင့် ဗီဇာ ပြည့်နေသည့် အလုပ်သမားတွေ အရေးဖြစ်သည်။ အလုပ်သမားတွေ ကိုင်ဆောင်သည့် အထောက်အထားအမျိုးမျိုး ကွာခြားပုံကို စာရေးသူ ရေးသားခဲ့ဖူးသည့်အတွက် ထိုအကြောင်းကို မပြောလိုတော့ပါ။ အထောက်အထားမဲ့ မြန်မာတွေအတွက် ပန်းရောင်ကဒ်ဟု ခေါ်သည့် လက်မှတ်ထုတ်ပေးစဉ်ကလည်း တကြိမ် ရေးခဲ့ဖူးပါသေးသည်။ ယခုဆိုသော် ထိုင်းစစ်အစိုးရ တက်စဉ်ကမှ စတင်ထုတ်ပေးခဲ့သည့် ထိုပန်းရောင်ကဒ်မှာပင် သက်တမ်းတိုးတာပင် သုံးကြိမ်တိုင် နေချေပြီ။ ယာယီပတ်စ်ပို့ ခေါ် ခရမ်းရောင်စာအုပ်၊ MOU ဖြင့် လာရောက်အလုပ်လုပ်သည့် အလုပ်သမားတွေ ကိုင်သည့် အလုပ်သမားတွေ အခေါ် စာအုပ်ကြီး အနီရောင် စာအုပ် စသဖြင့် မျိုးစုံထဲကမှ ယာယီပတ်စ်ပို့တွေ နေထိုင်ခွင့် ကုန်ဆုံးတော့မည် ဖြစ်၍ ပတ်စ်ပို့အကြီး ပြောင်းဖို့၊ ပန်းရောင်ကဒ် ကိုင်သူများကို ပတ်စ်ပို့အကြီး လုပ်ပေးဖို့ ၂၀၁၅ခုနှစ်မတိုင်ခင်ကတည်းက မြန်မာအစိုးရကို ထိုင်းအစိုးရက အကြိမ်ကြိမ် အကြောင်းပါသော်လည်း အကြောင်းမထူးသဖြင့် ယခုသော် ထိုင်းအစိုးရက ပန်းရောင်ကဒ်ကိုင်သူတွေကို နေထိုင်ခွင့် ထပ်တိုးပေးမည်၊ ယာယီပတ်စ်ပို့( ခရမ်းရောင်စာအုပ်) သက်တန်းကုန်သူတွေ၊ သက်တမ်း ထပ်မတိုးသူတွေ အဖို့မူ မြန်မာပြည်ပြန် ပတ်စ်ပို့လုပ်ကာ MOU စနစ်ဖြင့် ပြန်လာဖို့ ပြောလေပြီ၊ အကယ်၍ သက်တမ်းမတိုးပါက စာအုပ်မှာ ပျက်ပျယ်ပြီး ပန်းရောင်ကဒ်တမျိုးတည်းသာ ထုတ်ပေးမှာ ဖြစ်ပြီး အဆိုပါ ထိုင်းအစိုးရဘက်က ထုတ်ပေးသည့် ပန်းရောင်ကဒ်ဖြင့် အလုပ်လုပ်ဖို့ပဲ ဖြစ်သည်။"
ဒါက လွန်ခဲ့တဲ့ တနှစ်ခန့် (၂၀၁၆ခုနှစ် မတ်လ(၄)ရက် ဒီလှိုင်းစာစောင် အတွဲ(၅) အမှတ်(၁၁) မှာ ရေးခဲ့တာပါ။ တနှစ်ကျော်ကြာလာပြီး ယခုတဖန် ဒီအကြောင်းပဲ ပြန်ကြုံကြရပြန်လေပြီ။ ပြီးခဲ့သည့် တပတ်ကျော်က အဖမ်းအဆီးတွေကြောင့် ထိုင်းနိုင်ငံက ရွှေ့ပြောင်းအလုပ်သမားတွေ အထူးသဖြင့် မြန်မာပြည်သားတွေ နေရပ်ပြန်ကြတဲ့ အကြောင်းနဲ့ ထိုင်းအစိုးရဘက်က အဖမ်းအဆီးရပ်မှပဲ မြန်မာအလုပ်သမားတွေအဖို့ သက်သာရာရမယ့်အကြောင်း ရေးခဲ့ပါသေးသည်။
ဇူလိုင်လ(၄)ရက်မှာ ၂၀၁၇ခုနှစ် ဇွန်လ(၂၀)ရက်နေ့က ထုတ်ပြန်လိုက်သည့် အလုပ်သမားဥပဒေကို ခေတ္တဆိုင်းငံ့ထားလိုက်သည့် သတင်းထွက်လာပါသည်။ ဆိုင်းငံ့ကာလမှာ ၂၀၁၇ ဇူလိုင် ၂၃ ရက်မှ ၂၀၁၈ ဇန်နဝါရီ ၁ ရက်အထိ ခြောက်လကြာမြင့်မည် ဖြစ်သည်။ ပထမတော့ ထိုခြောက်လအတွင်း မြန်မာပြည်ကိုပြန် ပတ်စ်ပို့လုပ်ပြီး MOU နဲ့ ပြန်လာ လို့ ဆိုတာဖြစ်သည်။ တကယ်တန်းကျ မလွယ်လှတာလည်း ထိုင်းအစိုးရက သိပုံရသည်။ ပတ်စ်ပို့လုပ်ဖို့ မှတ်ပုံတင်မရှိသူ၊ သန်းခေါင်စာရင်း မရှိသူတွေ များသည်။ တကယ်တော့ ခေတ်အဆက်ဆက် စနစ်မကျခဲ့တဲ့ ဇစ်မြစ်ကစသည်။ ထိုင်းလူမျိုး မိတ်ဆွေတယောက်က မေးဖူးသည်။ မြန်မာတွေက မွေးပြီးတာနဲ့ အိမ်ထောင်စုစာရင်း မသွင်းဘူးလား၊ မှတ်ပုံတင်က နိုင်ငံသားတယောက်အတွက် အရေးကြီးတာ မသိဘူးလား ဘာလို့ မလုပ်သလဲ တဲ့၊ သူတို့နဲ့ မြန်မာတွေက ဖြတ်သန်းလာရတဲ့ အခြေအနေက တကယ်ကိုမတူပါ။ မြန်မာပြည်မှာက ယခုတိုင် မပြီးဆုံးနိုင်သည့် ပြည်တွင်းစစ်တွေ တိုက်ပွဲတွေ ရှိသည်။ နယ်စပ်ဒေသက တိုင်းရင်းသားတွေဆီ အစိုးရဝန်ထမ်းတွေ အရောက်အပေါက်နည်းလှသည်။ ကိုယ့်ရွာထဲ ကိုယ့်ဘာသာနေ တိုက်ပွဲဖြစ်တော့ ထွက်ပြေး၊ ရွာပျောက်သွားလို့ နောက်တရွာတည်နေကြ၊ ဘယ်မှာလဲ သန်ခေါင်စာရင်းနဲ့ မှတ်ပုံတင် ၊ ထိုသို့သော တိုင်းရင်းသားတွေ အများအပြား တဖက်နိုင်ငံကို တရားမဝင်ဝင်ရောက် အလုပ်လုပ်ကြတာ သန်းနဲ့တောင်ချီ ရှိနေပြီ။
အစကတည်းက ဆုံးနေပြီ၊ ဘယ်လို ပတ်စ်ပို့ လုပ်မည်နည်း။ အခုတော့ ထိုင်းအစိုးရဘက်က သတင်းတပုဒ် ထပ်ထုတ်လာသည်။ ဂျူလိုင်လ ၂၄ ရက်နေ့မှ သြဂုတ်လ ၁၀ရက်နေ့ထိ (၁၅)ရက်အတွင်း အထောက်အထား ထုတ်ပေးမည်တဲ့၊ တော်တော့်ကို အဆင်ပြေအောင် လိုက်လုပ်ပေးနေပေမယ့် အဆင်မပြေနိုင်အောင် အခြေအနေတွေကလည်း အများသား ။ ယခု (၁၅) ရက်အတွင်း ထုတ်ပေးမှာက နေထိုင်ခွင့် ပန်းရောင်ကဒ် ဖြစ်သည်။ အဆိုပါ ပန်းရောင်ကဒ်ကို အလုပ်ရှင်ကိုယ်တိုင် တပါထဲ လိုက်ပါကာ လုပ်ရမည်။ ဒါအလွန်ကောင်းပါသည်။ အေးဂျင့်တို့ ပွဲစားတို့နဲ့လုပ်သလို အလုပ်ရှင်နာမည်က သူတို့ ငှားရမ်းထားသည့် နာမည်ခံသူဌေးကိုထည့်၊ အလုပ်နေရာ နဲ့ အလုပ်တွေ လွဲချော်မှု တွေဖြစ်ကြရာ အခုအဲဒါမျိုး မရှိတော့ပဲ ကိုယ့်အလုပ်ရှင်နဲ့ အလုပ်နေရာ မှန်မှန်ကန်ကန် ဖြစ်ပြီဆိုတော့ အဆင်ပြေသည်။ သွှိုမဟုတ်က( မတူပါက)အလုပ်ရှင်ရော အလုပ်သမားပါ ဒဏ်ငွေ ဘတ်(၄)သိန်းတဲ့ ၊ သို့သော် ဒါက တခဏအတွက်သာ၊ အထောက်အထားလေးနဲ့ နေလို့ရသည့် လတ်တလော အခြေအနေ၊ ဒီပန်းရောင်ကဒ် ရပြီးက မြန်မာအစိုးရဘက်က တာဝန်ရှိသူတွေ လာရောက်လုပ်ကိုင်ပေးမည့် CI (certificate of identification) မည်သူမည်ဝါဖြစ်ကြောင်း အထောက်အထားလက်မှတ် ( အစိမ်းရောင်စာအုပ်) တနည်းအားဖြင့် မြန်မာပြည်သား ဖြစ်ကြောင်း သက်သေခံလက်မှတ် ကို ယူကာ ပတ်စ်ပို့ပြန်လုပ်ကြဖို့ဖြစ်သည်တဲ့။
၂၀၁၈ခုနှစ် မတ်လအထိ အကြုံးဝင်သည်ဆိုတော့ လတ်တလော နေလို့ ရသေးသည့်သဘော၊ အဆိုပါ CI မည်သူမည်ဝါ ဖြစ်ကြောင်း အထောက်အထားထုတ်ပေးဖို့ ထိုင်းအစိုးရနဲ့ မြန်မာအစိုးရတို့ အကြိမ်ကြိမ် ညှိနှိုင်းပြောဆိုခဲ့ပြီးနောက် မြန်မာဘက်က လုပ်ပေးနေတာလည်း ကာလကြာပါပြီ။ မိတ်ဆွေတယောက် ပြောသလို အလုပ်သမားတွေက သန်းနဲ့ချီရှိနေတာ သိရက်နဲ့ လာလုပ်ပေးတဲ့ မြန်မာအစိုးရက ဆယ်ဂဏန်းသာ၊ ဘယ်တော့မှ မဆုံးနိုင်တဲ့ ဇာတ်လမ်းတပုဒ်လို ဖြစ်နေတော့မှာလားတဲ့
"ထိုင်းအစိုးရက ဥပဒေသစ်ကို ဆိုင်းငံ့ပေးထားသည့် ခြောက်လအတွင်း ထိုင်းရောက် တရားမ၀င်မြန်မာလုပ်သားအားလုံးကို မည်သူမည်ဝါဖြစ်ကြောင်း ထောက်ခံချက်(CI)လက်မှတ်များ အပြီးထုတ်ပေး နိုင်ရန် ဆောင်ရွက်မည်ဖြစ်ပြီး လက်ရှိတွင် ဖမ်းဆီးမှုများ မရှိတော့ ကြောင်း၊ ထိုင်းရောက်တရားမ၀င် မြန်မာလုပ်သားအားလုံးကို CI လက်မှတ် များအပြီးထုတ်ပေးရန် လက်ရှိထုတ်ပေးနေသည့် CI စခန်းခြောက်ခုကို စက်အင်အား၊ လူ အင်အားများ တိုးချဲ့၍ ဆောင် ရွက်ပေးမည်ဖြစ်ကြောင်း" သံအမတ်ကြီး ပြောတာကို သတင်းတပုဒ်မှာ ဖတ်လိုက်ရသည်။ တကယ်တော့ ဒါကလည်း ထိုင်းအစိုးရက အလုပ်သမားတွေကို ဖမ်းတဲ့အခါတိုင်း နှစ်စဉ် ဒီလို ဖြေနေကျပါပဲ၊
‘CI စခန်းကတော့ စခန်း တစ်ခုကို တစ်နေ့လူဦးရေ ၅၀၀ ထက်ပိုပြီး လုပ်မပေးနိုင်ဘူး။ ၅၀၀ ဆိုတာ တော်တော်လေးကို လုပ်ပေးရတယ်။ညအထိလုပ်ပေးရတယ်" လို့ မ ဟာချိုင်မြို့CI ထုတ်ပေးစခန်းတခုက လူတယောက် ပြောတာ ဖတ်လိုက်ရသည်။ မဲဆောက်၊ မယ်ဆိုင်၊ ရနောင်း၊ ဘန်ကောက်တို့မှာ စခန်းတစ်ခုစီနဲ့ မဟာချိုင်မှာ စခန်းနှစ်ခု စုစုပေါင်းစခန်းခြောက်ခု ဖွင့်ထားတယ်လို့ သိရလေသည်။
ထိုင်းအစိုးရက ရွှေ့ပြောင်းအလုပ်သမားတွေနဲ့ ပတ်သက်ပြီး တိတိကျကျကိုင်တွယ်ချင်သည့် သဘောရှိသည်။ သူ့နိုင်ငံမှာ မြန်မာ လာအို ကမ္ဘောဒီးယား အစရှိတဲ့ ရွှေ့ပြောင်းအလုပ်သမား မည်၍မည်မျှ ဘယ်နေရာတွေမှာ ဘယ်နှစ်ယောက်၊ ဘာအလုပ်တွေ လုပ်နေကြလဲ၊ အကြောင်းတစုံတရှိက အချက်အလက်ကို ဖတ်ကနဲ ရှာလို့လွယ်အောင် တိကျချင်ပုံရသည်။ မတိမကျ စာရင်းမရှိအင်းမရှိ ကြုံသလို ဖြတ်သန်းခဲ့ကြရသည့် မြန်မာတွေနဲ့ကျ မလွယ်ရေးချမလွယ် ဖြစ်နေရသည်။ ယခုနောက်ပိုင်း မြန်မာဘက်က လုပ်ပေးချင်လာသော်လည်း ကွှမ်းကျင်မှုနှင့် စနစ်မကျတာတွေ ကြောင့် ပိုလို့ပင် ကြာနေတော့တာဖြစ်သည်။
လတ်တလောတော့ ငြိမ်သွားပေပြီ။ မြန်မာအလုပ်သမား သောင်းဂဏန်းကျော် နေရပ်ပြန်သွားတာ ထိုင်းအစိုးရအဖို့ အနည်းငယ် လှုပ်လှုပ်ရှားရှားဖြစ်သွားရသည်။ ထိုင်းစစ်ကောင်စီ တက်လာကာစမှာ ယခုလို အဖမ်းအဆီးတွေ စဖြစ်တာမှာ ကမ္ဘောဒီးယားအလုပ်သမားတွေကို သူတို့ အစိုးရက နယ်စပ်ကစောင့်ကြိုပြီး ခေါ်သွားပြီး ကမ္ဘာ့မီဒီယာတွေမှာ အုတ်အော်သောင်းတင်း သတင်းတွေ ပါလာပြီးနောက်ပိုင်း ဒါက မြန်မာအလုပ်သမားတွေ အစုလိုက်ပြန်ကြတာ ဒုတိယအကြိမ်ထပ်ဖြစ်တာ ဖြစ်လေသည်။ ဒီတခေါက် အဖမ်းအဆီးခံရတာမှာ မြန်မာအလုပ်သမားတွေအများဆုံးလည်း ဖြစ်သည်။
ပန်းရောင် အလုပ်သမားကဒ်၊ ခရမ်းရောင် ယာယီနိုင်ငံကူးလက်မှတ်၊ မည်သူမည်ဝါဖြစ်ကြောင်း ထုတ်ပေးထားသည့် အစိမ်းရောင်စာအုပ်၊ MOU ဖြင့် တရားဝင်လာရောက်သည့် နိုင်ငံကူးလက်မှတ်အနီရောင်စာအုပ်၊ ရှိသေးသည် အပြာရောင် ဝပ်ပါမစ်စာအုပ် အဆိုပါ စာအုပ်တွေကို လည်ပင်းမှာ၊ ခါးမှာ သီကုံးကာ အလုပ်လုပ်နေကြသည့် ပုံတွေ လူမှုကွန်ယက်တွေကတဆင့် ဘန်ကောက်ပို့စ်အထိ ရောက်လာသည်။
ဖတ်ခဲ့ဖူးသည့် ကာတွန်းတကွက်ကို မြင်ယောင်မိသည်။
လူလေးယောက် မတ်တတ်ရပ်နေသည်။ သူတို့ အရှေ့မှာ ပိန်ကပ်ပြီး အရိုးပေါ်အရေတင်နေသည့် လူတယောက်က ကြမ်းပြင်မှာ လေးဘက်တွားသွားနေသည်။ ခေါင်းမှာလည်း ဘုတွေ ထွက်နေပြီး ပါးစပ်က ဟစိ ဟစိ ဖြစ်နေပြီ။ အဲဒီလူ့ကို စာတန်းထိုးတာက ထိုင်းရောက် မြန်မာအလုပ်သမားတဲ့၊ ရပ်နေသည့် လူလေးယောက်ထဲက နှစ်ယောက်ရဲ့ လက်ထဲမှာ ဆူးတွေပါသည့် တင်းပုတ်လို လက်နက်ဖြင့် အဆိုပါ ထိုင်းရောက် အလုပ်သမားကို ရိုက်ပုတ်ထားဟန် ရေးဆွဲထားသည်။ အဆိုပါ ရပ်နေတဲ့ လူတွေရဲ့ နာမည်တွေကတော့ အထောက်အထားခဏခဏလုပ်ရတဲ့ အလုပ်သမားကဒ်ဘိုး၊ passport ကြေး၊ work permit ကြေး၊ ရက်(၉၀) တုံးထုခ တဲ့၊ တယောက်က "အဲဒီကောင် သွားနေတုန်းပဲ"လို့ ဆိုနေပြီး အခြားတယောက်က အခြေအနေကောင်းတယ်ဟုတ် တဲ့။
လတ်တလောတော့ မြန်မာအလုပ်သမားတွေအဖို့ အဖမ်းအဆီးခံရမယ့် စိုးရိမ်စိတ်တွေ မရှိတော့ပဲ ခါတိုင်းနှစ်တွေလို ဆေးမြီးတိုလေး ရပြန်ကာ ယက်ကန်ယက်ကန် သွားကြရပြန်အုန်းမှာပေါ့။
ခိုင်ခိုင်စောလွင်

July 2, 2017

" မှတပါး အခြားမရှိ"၃ရက် ဇူလိုင် ၂၀၁၇ခုနှစ် ဒီလှိုင်းစာစောင် အတွဲ(၆) အမှတ်(၂၅)


ကျောက်စရစ်တောမာခေါင်ခေါင်မှာ အတောင်ကျွတ်သော ကြိုးကြာ ရေရှာမရသကဲ့သို့ ဆိုတဲ့ ဆရာမောင်သာရရဲ့ ဝတ္ထုခေါင်းစဉ်တခု ကို အခုတလောမှာ မျက်စေ့ထဲ မြင်ယောင်နေရသည်။ ခက်ခဲပင်ပန်းစွာ အလုပ်လုပ်နေရသည့် မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ တထိတ်ထိတ်နဲ့ နေထိုင်နေရပြီး မြန်မာအစိုးရဖက် တာဝန်ရှိသူတွေကပါ " နေရပ်ကိုသာ ပြန်ကြပါ" ဆိုတဲ့ ထုတ်ပြန်စာတွေ ဖတ်ပြီး မွန်းကြပ်သည့်စိတ်ကို အလုပ်သမားတွေနေရာကနေ ခံစားနေမိရသည်။ ထိုင်းနိုင်ငံမှာ မြန်မာရွှေ့ပြောင်းအလုပ်သမား (၄)သန်းခန့် ရှိတာမှာ တရားမဝင်ဝင်ရောက်လာပြီး အထောက်အထားမရှိပဲ လုပ်ကိုင်နေသူ တသန်းခန့်ရှိလေသည်။ အဆိုပါ တသန်းခန့်မှာ ကိုယ့်မြေကနေ ပျော်လွန်းလှ၍ ထွက်လာကြသူ တယောက်မှမပါ၊ အတောင်ကျွတ်တဲ့ ကြိုးကြာတွေချည့်သာ၊
အလုပ်အကိုင်အခွင့်အလမ်း မရှိတဲ့ အပြင် ရပ်ရွာအေးချမ်းမှုမရှိ စိုးတထိတ်ထိတ် နေရသည့် ဘဝတွေကနေ အသက်ရှင်နေနိုင်ဖို့ တခုတည်းသော ထွက်ပေါက်အဖြစ် သူများနိုင်ငံဆီ အရဲစွန့် သွားရောက် လုပ်ကိုင်ကြသည်။ ထိုင်းအစိုးရရဲ့ ရွှေ့ပြောင်းအလုပ်သမားတွေအပေါ် ထုတ်ပြန်သည့် စည်းကမ်းချက် ၊ ဥပဒေ စတာတွေရှိသည်။ အစိုးရအချင်းချင်း အပြန်အလှန် သဘောတူချက်တွေမှာ တဖက်က အလုပ်လုပ်တာ တုန့့် နှေးတုန့်နှေး ဖြစ်နေက အခြားတဖက်က လိုက်ပါလုပ်ဆောင်ရတာ မလွယ်ပြန်၊ အကျိုးဆက်က အလုပ်သမားတွေအပေါ် ကျရောက်လေသည်။
ယာယီနေထိုင်ခွင့်နှင့် အလုပ်လုပ်ခွင့်ပေးထားသည့် ပန်းရောင်ကဒ်၊ ယခင်က ထုတ်ပေးထားသည့် ခရမ်းရောင် ယာယီနိုင်ကူးလက်မှတ်၊ စတာတွေကို သတ်မှတ်ပေးထားသည့် ကာလအတွင်း ဖျက်သိမ်းကာ ပတ်စ်ပို့ နိုင်ငံကူးလက်မှတ် ပြန်လုပ်ကြဖို့ လွန်ခဲ့သည့် (၃)နှစ်ကတည်းက ထိုင်းအစိုးရက အသိပေးထားပြီးဖြစ်သည်။ ပထမဆုံး ထုတ်ပေးသည့် ပန်းရောင်ကဒ်တွေ သက်တမ်းကုန်သည့်တိုင် မြန်မာအစိုးရက နိုင်ငံကူးလက်မှတ်တွေ ထုတ်ပေးဖို့ ကြန့်ကြာနေသည့်အခါ ထိုင်းအစိုးရက ဒုတိယအကြိမ် သက်တမ်း ထပ်မံတိုးပေးပြီး ယခုအချိန်ထိ အသိအမှတ်ပြုပေးထားသည်။ သို့သော် ခရမ်းရောင်စာအုပ်တွေကိုတော့ သက်တမ်းကုန်သည့်အခါ ထပ်မံအသုံးပြုခွင့်မပေးတော့ပဲ နိုင်ကူးလက်မှတ်အနီရောင်စာအုပ် လုပ်ကာ MOU ဖြင့် ပြန်လာဖို့ ၊ အကယ်၍ မလုပ်နိုင်သေးပါက ပန်းရောင်ကဒ် ပြောင်းလဲ လုပ်ထားပြီး တရားဝင် နေထိုင် လုပ်ကိုင်ဖို့ နည်းလမ်းမျိုးစုံ ဖြေရှင်းပေးပြန်သည်။
ပြီးခဲ့သည့် ဧပြီလ သင်္ကြန်အလုပ်ပိတ်ရက် အတွင်း မြန်မာပြည်က မိသားစုထံ ပြန်လည်ကြသည့်သူတွေထဲက အချို့မှာ ဗီဇာ ရုတ်သိမ်းခံရတာတွေ ရှိသလို စစ်ဆေး မေးမြန်းခံရတာတွေ ရှိသည်။ အကြောင်းက ယာယီနိုင်ကူးလက်မှတ် ခရမ်းရောင်စာအုပ်ကို အသိအမှတ်မပြုတော့ဟု ထိုင်း အစိုးရက တရားဝင်ကြေညာပြီးကာမှ မြန်မာအစိုးရဘက်က နိုင်ငံကူးလက်မှတ်အနီရောင် ထုတ်ပေးဖို့ အချိန်မမီသေး၍ ဆိုကာ ခရမ်းရောင်စာအုပ်မှာ သက်တမ်း ရှိသေးက ရှိသလောက် လုပ်ကိုင်ခွင့် ဆက်ပေးမည်လို့ ကြေညာပြီး ဆက်လက် အသိအမှတ်ပြုထားသည်။ ဒါကို တချို့ အလုပ်သမားတွေက သတင်းအချက်အလက် ဂဃနဏ မသိရှိပဲ အလုပ်လုပ်ခွင့် ဗီဇာ ကုန်နေပြီး ပတ်စ်ပို့ သက်တမ်းရှိတာကို ဆက်လက်နေထိုင်ပြီး အပြန်မှာ ပိတ်ခံရတာဖြစ်သည်။ အပိတ်ခံရသူမှာ နှစ်အကန့်အသတ်လိုက် ထိုင်းနိုင်ငံကို လာရောက်အလုပ်လုပ်ခွင့်မရှိတော့ပဲ နစ်နာမှုတွေ ဖြစ်ကြရသည်။
အသိတယောက်ကတော့ လေယာဉ်ဖြင့်ပြန်ရာ လေဆိပ် လဝက ကနေ သီးသန့် စစ်မေးတာ ခံရပြီး စာအုပ်မှာ မှတ်ချက်ရေးတာခံရပြီးမှ လေဆိပ်ကနေ ထွက်ခွင့်ရသည်။ မှတ်ချက်က နိုင်ငံခြားသားရွှေ့ပြောင်း အလုပ်သမားကို ငှားရမ်းခွင့်မှာ (၄)နှစ်သာလို့ ရေးပေးလိုက်သည်။ အဆိုပါ အမျိုးသမီးလေးမှာ စိုးတထိတ်ထိတ်ဖြင့် ထိုင်းကို ပြန်ခွင့်ရပါ့မလား ဖြစ်ရင်း ဟိုမေးဒီမေးဖြင့် နားရက်စေ့ပြီး မြန်မာပြည်က ပြန်လာခဲ့သည်။ သူ့မှာ မိသားစုနှင့်တွေ့ရသော်လည်း အပြန်ခရီး အဆင်ပြေပါ့မလား အမြဲ စိုးထိတ်နေရသည်တဲ့၊
ထိုင်းနိုင်ငံ လေဆိပ်ကို ရောက်တဲ့အခါ လဝက အမျိုးသမီးက သူ့ကို လူအများကြားကနေ ခေတ္တဘေးမှာ ခဏ ရပ်ခိုင်းထားပြီး အခြား လဝက လူကြီးတယောက်ကို ခေါ် သူ့စာအုပ်ကို ပြကာ ဝင်ခွင့်ပေးလို့ ရမရ အတည်ပြုသည်တဲ့၊ အဆိုပါ ရာထူးတဆင့်မြင့်ပုံရသည့် လဝက အရာရှိက " သူ့မှာ ဗီဇာရော ဝပ်ပါမစ်ရော သက်တမ်း ရှိနေတဲ့ အတွက် ပေးလို့ ရပါတယ်လို့ ဆိုမှ ထိုင်းအဝင်တုံးကို ဒုံးကနဲထုပေးမှ အလုံးကြီးကျရသတဲ့၊ အလုပ်သမားတွေနဲ့ ပတ်သက်ပြီး ဥပဒေတွေ ထုတ်ပြန်ထားပေမယ့် အစိုးရအချင်းချင်း ဆက်သွယ်ဆောင်ရွက်ရတာတွေကြောင့် အပြောင်းအလဲတွေ မကြာခဏ ရှိတတ်ရာ တာဝန်ရှိသူတွေပင် ဇဝေဇဝါ ဖြစ်ရရာ အလုပ်သမားတွေအဖို့ ဆိုဖွယ်မရှိ။
ထိုကဲ့သို့သော အထောက်အထား အပြောင်းအလဲတွေမှာ အလုပ်သမားတွေအဖို့ ငွေကုန်ကြေးကြ များလှသည်။ အချို့မှာ ထပ်မံမလုပ်နိုင်တဲ့အတွက် အထောက်အထားမဲ့တွေ ဖြစ်ကုန်တာလည်း ရှိသည်။ တကယ်တန်း အကျိုးဖြစ်သွားတာက ကြားကပွဲစားတွေ အေးဂျင့်တွေ ဖြစ်သည်။ ပန်းရောင်ကဒ်လုပ်ပါက အလုပ်ရှင်က စိုက်ပေးပြီး လစာထဲက ပြန်ဖြတ်တာမျိုး ရှိသလို အချို့က မိမိဖာသာ စိုက်ထုတ် လုပ်ကြရသည်။ အလုပ်သမားတွေခမျာ နှစ်စဉ် ဗီဇာကြေး ဝပ်ပါမစ်ကြေး တို့ဖြင့် လုံးလည် ချာလည် လိုက်နေရသည်။ ဒီလို လုပ်ပြီးပြန်လို့ အထောက်အထား ရှိပြီဖြစ်လို့ စိတ်ချနေ၍ မရ၊ အေးဂျင့်တို့ လုပ်ပေးတာကသူဌေးတယောက်က နာမည်ခံကာ အလုပ်အကိုင်ကလည်း သူတို့ ရေးပေးတဲ့ အတိုင်း ဆိုတော့ အမှန်တကယ် အလုပ်လုပ်နေတဲ့ သူဌေး၊ နေရာ၊ အလုပ်အကိုင်တွေ လွဲနေတာတွေချည်း ဖြစ်ကုန်သည်။
ယခု ထုတ်ပြန်လိုက်သည့် ထိုင်းအစိုးရ အလုပ်သမားဝန်ကြီးဌာနက ယခင်က ထုတ်ပြန်သည့် စည်းကမ်းချက်တွေနှင့် အတူတူပေမယ့် ပြစ်ဒဏ်ကတော့ များလွန်းလှသည်။ အလုပ်ရှင်ကိုပါ ဒဏ်ငွေ ရိုက်မည်လို့ သတ်မှတ်ထားရာ ယခုလို ဒဏ်ငွေ ကို အလုပ်ရှင်လည်း ပေးဖို့မလွယ်၊ အထောက်အထားရှိပါသောလည်း အလုပ်ရှင်နာမည် လွဲနေတာ၊ အလုပ်နေရာလွဲနေတာ၊ စတာတွေ ဒဏ်ငွေရိုက်မှာ ဖြစ်ရာ ကြီးလေးသည့် ဒဏ်ငွေကြောင့် အလုပ်သမားတွေမှာ အာမခံချက် မရှိ၊ အိမ်ပြန်ဖို့ စဉ်းစားရပြီ၊ အိမ် ဘယ်မှာလဲ ဘယ်ကို ပြန်မလဲ ဘယ်မှာနေမလဲ သူတို့အတွက်မေးခွန်း၊ ရွာလုံးကျွတ် မရှိတော့သည့် သူတွေ၊ ရွာပင် ဘယ်ရောက်သွားမှန်းမသိ လို့ ရွာနေရာပင် မရှိသည့်သူတွေ ဘယ်ကို ပြန်ကြမည်နည်း၊ ရွာမှာ မိဘဆွေမျိုး ရှိသေး၍ ပြန်တော့မည် ဆိုသူတွေလည်း ဒီမိဘဆွေမျိုးတွေကိုပင် အလုပ်လုပ်ပြီး ထောက်ပံ့နေရရာ ရွာပြန် ဘာလုပ်စားကြမည်နည်း၊ ပြေးစရာမြေမရှိ နေလို့လည်းမရ ဘေးကျပ်နံကျပ် စိတ်ဖိစီးမှုတွေဖြင့် ဘယ်သူ့အားကိုးရပါ့ အာကိုးရာ နတ္ထိ၊
လူငယ်လေးတယောက် " အိမ်ပြန်တော့မယ် ဆရာမ၊ ဒိလောက်ငွေတွေ ဒဏ်မဆောင်နိုင်ဘူး" တဲ့ ဘယ်ကိုပြန်မလဲ စီတာပူတဲ့ ကချင်ပြည်နယ်က အလာမလွယ်သလို အပြန်လည်း ခက်ချေပြီ၊
ဘန်ကောက်မှာ အဖမ်းအဆီးတွေ စနေတဲ့ သတင်းတွေ ရုပ်သံသတင်းတွေမှာ မြင်ရတာ စိတ်မချမ်းသာစရာ၊ အရွယ်မျိုးစုံ အလုပ်သမားတွေ ၊ အထောက်အထားရှိရှိ မရှိရှိ တန်းစီ၊ ရှိသူတွေ စစ်ထုတ် အားလုံးကတော့ ငုပ်တုတ် လူတန်းစီထားရသည့် မြင်ကွင်းတွေ၊ နှစ်နိုင်ငံ သဘောတူညီမှုဖြင့် အလုပ်သမားခိုင်းစေရေး လုပ်ဖို့ မြန်မာအစိုးရဖက် အလုပ်လုပ်တာ နှောင့်နှေး လှသည်။ မြန်မာအစိုးရက ဘာလုပ်လုပ် နှေးသည်၊ ကြာတော့လည်း ပြည်သူက အစိုးရသည် အားကိုးရာ မဟုတ်လို့ ထင်လာသည်သာမက အစိုးရကို ရှိသည်လို့ပင် မမြင်တော့၊ ဒါဟာ အစိုးရကိုမကောင်းဘူးလို့ ပြောတာမဟုတ်သလို ကိုယ်ပိုင်အမြင်လည်းမဟုတ်ပါ၊ အလုပ်သမားတွေဆီက အသံကို ပြန်ပြီး ပြောပြတာ ဖြစ်သည်။ ကိုယ့်အားကိုယ်ကိုး ရအောင် အားလည်း မရှိ ဆိုးလိုက်သည့် ထိုင်းရောက်မြန်မာအလုပ်သမားတွေရဲ့ ဘဝ၊
တရားမဝင်လုပ်သားများ နှင့်ပတ်သက်ပြီး ထိုင်းအစိုးရက လက်ရှိထုတ်ပြန်တဲ့ ဥပဒေသစ် မှာ ပြစ်ဒဏ်ကြီးလေးတဲ့အတွက် ထိုင်း နိုင်ငံမှာ အထောက်အထားလုံးဝ မရှိဘဲ နေထိုင်သူ မြန်မာနိုင်ငံသား များ မြန်မာနိုင်ငံသို့ ပြန်ကြဖို့ ထိုင်း နိုင်ငံဆိုင်ရာ မြန်မာသံရုံးရှိ အလုပ်သမားသံအရာရှိရုံးက ဇွန်လ၂၆ ရက်မှာ သတိပေး ထုတ်ပြန် ခဲ့လေသည်။
ထိုင်းအစိုးရက နိုင်ငံခြား သား အလုပ်သမားတွေရဲ့ အလုပ် တာဝန် စီမံခန့်ခွဲရေး အက်ဥပဒေ စီမံချက်အရ တရားမဝင် အလုပ် လုပ်ကိုင်နေထိုင်နေသော နိုင်ငံ ခြားသား အလုပ်သမားတွေကို ဒဏ်ငွေ ဘတ်နှစ်ထောင်မှ လေး သိန်းအထိနှင့် ထောင်ဒဏ် ငါး နှစ်အထိ ချမှတ်နိုင်ကြောင်း ထိုင်း အစိုးရက ဇွန်လ ၂၀ ရက်က စပြီး ကြေညာခဲ့ပြီးနောက် ထိုင်းနိုင်ငံ ဘန်ကောက်မှာရှိတဲ့ မြန်မာသံရုံး ထိုင်းနိုင်ငံဆိုင်ရာ အလုပ်သမားရုံးက ထုတ်ပြန်ချက်တွေ ကြေငြာပေးသည်။
လက်ရှိ ထိုင်းနိုင်ငံအတွင်း နိုင်ငံကူးလက်မှတ်၊ ပန်းရောင် ကတ်၊ ယာယီနိုင်ငံကူးလက်မှတ် များ ကိုင်ဆောင်ထားတဲ့ မြန်မာနိုင်ငံသားအားလုံး မိမိတို့ လက်ရှိ လုပ်ကိုင်နေသော အလုပ်ရှင်နှင့် အလုပ်လုပ်ခွင့်လက်မှတ် (Work Permit) ပြုလုပ်ထားဖို့နဲ့ လက်ရှိ အလုပ်လုပ်ကိုင်နေတဲ့ အ လုပ်ရှင်နဲ့ မိမိကိုင်ဆောင်ထား သည့် အလုပ်ပါမစ်ပါ အလုပ်ရှင် မတူညီပါက သက်ဆိုင်ရာမြို့နယ် အလုပ်သမားရုံးများမှာ သွား ရောက်ပြောင်းလဲကြဖို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားလေ သည်။
ထိုင်းအစိုးရရဲ့ ကြေညာချက်မှာ နိုင်ငံခြားသားအလုပ်သမား များအတွက် တားမြစ်ထားတဲ့ အလုပ်များနဲ့ အလုပ်ပါမစ်မရှိ သော အလုပ်သမားများကို ငှားရမ်းလက်ခံထားသည့် အိမ်ရှင်သူဌေးတွေမှာ ဘတ်ငွေလေး သိန်း (ကျပ်သိန်း ၁၆၀ ကျော်)မှ ဘတ်ငွေရှစ်သိန်း (ကျပ်သိန်း ၃၂၀ ကျော်)နှင့် အလုပ် သမား၏ အလုပ်ပါမစ် အပါအဝင် ကိုယ် ပိုင်စာရွက်စာတမ်းများကို သိမ်းဆည်းထားတဲ့ အလုပ်ရှင်တွေကို ဒဏ်ငွေ ဘတ်တစ်သိန်းနှင့် ထောင်ဒဏ် ခြောက်လချမှတ်ခံရမည်ဟု ကြေညာထားတဲ့အတွက် ထိုင်းအလုပ်ရှင်တွေက စိုးရိမ်နေကြပြီး တရာမဝင်အလုပ်သမား ရှိနေသူက အာမမခံရဲပဲ အလုပ်သမားတွေကို ပြန်ကြဖို့သာ လုပ်နိုင်ကြတော့သည်။
‘တရားမဝင် နေထိုင်တဲ့သူ တွေ အကုန်ပြန်ကြတာကောင်း မယ်။ ပြန်ပြီး MoU နဲ့ပြန်လာ။ သူ များနိုင်ငံက ဥပဒေထုတ်ထားရင် တော့ လေးစားလိုက်နာရမယ်။ တရားဝင်နဲ့ လာနေတာ အဆင် ပြေတယ်။ အခုက သူတို့ထုတ် ထားပြီးသွားပြီ။ အဲဒီတော့ အဖမ်း ခံရတာတွေ မဖြစ်ရအောင် ပြန် ကြတာ အကောင်းဆုံးပါပဲ’’ လို့ အလုပ်သမားသံအရာရှိ က 7Day Daily မှာ ပြောထားတာ ဖတ်ရသည်။
တကယ်တော့ MOU နဲ့ လာကြဖို့ ထိုင်းအစိုးရက အကြိမ်ကြိမ် ပြောကြားခဲ့တာလည်း ကြာပြီဖြစ်သလို မြန်မာနိုင်ငံသားဖြစ်ကြောင်း စစ်ဆေးပြီး နိုင်ငံကူးလက်မှတ်တွေ ထုတ်ပေးဖို့ကိုလည်း အကြိမ်ကြိမ် စောင့်ဆိုင်းခဲ့တာဖြစ်သည်။ မည်သို့ပင်ဆိုစေ မြေစာလေးတွေကတော့ နင်းပြားဘဝကနေ ဘယ်လို ရုန်းထွက်ကြမလဲ ၊ အရင်နှစ်တုန်းကလို ထိုင်းအစိုးရက အလုပ်သမားတွေ မရှိရင် ကြုံရမယ့် သူတို့ နိုင်ငံသား အလုပ်ရှင်တွေ အဆင်မပြေမှုတွေကို ဖြေရှင်းပေးဖို့ကြိုးစားရင်း မြန်မာအလုပ်သမားတွေအတွက် အသက်ရှုချောင်မည့် အခွင့်အရေးလေးများ ရလာလေမလား မျှော်လင့်ရုံမှတပါး အခြားမရှိ၊
ခိုင်ခိုင်စောလွင်