July 30, 2017

" ဖြူဖြူပြာပြာနီနီဝါဝါ"၃၁ရက် ဇူလိုင်လ ၂၀၁၇ခုနှစ် ဒီလှိုင်းစာစောင် အတွဲ(၆) အမှတ်(၂၉)မှ


ချင်းမိုင်မြို့ရဲ့ လိုဂို လို့ ပြောရလောက်အောင် ချင်းမိုင်မြို့ကို ရိုက်ကူးပြသပါက ရှေးကမြို့ရိုးတွေနဲ့အတူ ကားနီနဲ့ တုတ်တုတ်တို့ကိုပါ တွဲလျက်ပြလေ့ရှိကြသည်။ ချင်းမိုင်ကို အလည်ရောက်လာသည့် သူတွေ လေဆိပ်ကနေ လမ်းပေါ်ရောက်သည်နှင့် မျက်လုံးထဲ တန်းမြင်တာက ဥဒဟိုသွားလာနေကြသည့် ကားအမျိုးအစားတွေထဲကမှ Isuzu အနီရောင်ခရီးသည်တင်ကားတွေ ဖြစ်သည်။ ကားနီလို့ မြန်မာပြည်သားတွေ ခေါ်သလို ထိုင်းလူမျိုးတွေကိုယ်တိုင်ကလည်း "လွတ်ဒန်းင်" အနီရောင်ကားလို့သာ ခေါ်ကြတာဖြစ်သည်။ တကယ်တော့ ခရီးသည်တင်ကားမှာ အဆိုပါ အနီရောင်တမျိုးတည်း မဟုတ်ပါ။ အဝါရောင်၊ အဖြူရောင်၊ အပြာရောင်လိုင်းတွေ ရှိပါသေးသည်။ တုတ်တုတ် လို့ခေါ်သည့် သုံးဘီးကားကတော့ ခရီးသည်တင်ကားပေမယ့် သူက စင်းလုံးငှားသာ ဖြစ်သည်။သူက လမ်းပေါ်မှာ တယောက်ချင်း ထပ်မတင်ပါ။ တဦးတည်း တဖွဲ့တည်းက ငှားကြတာဖြစ်သလို ဈေးလည်းပိုများလေသည်။
ကားဖြူ၊ ကားဝါ၊ ကားပြာတို့က သူ့ဂိတ်နဲ့သူရှိပြီး သူ့လမ်းကြောနှင့်သူ မောင်းကြသည်။ ဈေးနှုန်းသတ်မှတ်ချက်လည်း အတိအကျရှိသည်။ ဂိတ်စကနေ နေရာအပိုင်းလိုက် (၁၀)ဘတ်ကစပြီး သတ်မှတ်သည်။ (၁၅)ဘတ်၊ ဘတ်(၂၀)ကနေ နောက်ဆုံး ခရီးစဉ် အစအဆုံး ဘတ်(၄၀)အထိ သတ်မှတ်ထားတာဖြစ်သည်။ သူတို့က ချင်းမိုင်မြို့တွင်းနဲ့ မြို့ပြင်အနီးက ရွာတွေကို ဆွဲကြတာဖြစ်သည်။ အနီးစပ်ဆုံး ဆိုရက ရန်ကုန်- လှည်းကူး၊ ရန်ကုန်- မင်္ဂလာဒုံ ၊ ရန်ကုန်-သန်လျင် ခရီးစဉ်မျိုးတွေ ဖြစ်သည်။ ကားနီကတော့ တမြို့လုံး သူ့နေရာချည့် ဖြစ်သည်။ ခရီးသည်ငှားသည့်နေရာ ဘယ်နေရာဖြစ်ဖြစ် လိုက်နိုင်က လိုက်သည်။ သူက လူတွင်ကျယ် ဖြစ်လှသည်။ ဝန်ကြီးချူပ် ထပ်ဆင်ရှနာဝပ် လက်ထက်က အောက်ခြေပြည်သူတွေ အလုပ်ရအောင် အကောင်အထည်ပေးသွားတဲ့ အစီအစဉ်ထဲက တခုလို့ သိရသည်။ ဒါ့ကြောင့် တချို့က ချင်းမိုင်မှာ ကားနီဆရာတွေက လူတွင်ကျယ်လုပ်သည်လို့ ဆိုကြပြောကြသည်။
ကားနီယာဉ်လိုင်းက ဂိတ်သတ်မှတ်ချက်မရှိ၊ အဆင်ပြသည့်နေရာမှာ ကိုယ့်အုပ်စုနဲ့ကိုယ် ဂိတ်ထိုးကြသည်။ ဈေးတို့ ဟိုတယ်တို့ နိုင်ငံခြားသားအလည်များတဲ့ လမ်းလို နေရာတွေမှာ ဂိတ်ထိုးတတ်ကြသသည်။ အချို့က ခရီးသည်ရှာရင်း လမ်းတွေပေါ် ပတ်မောင်းနေတတ်ကြသည်။ ငှားမည့်သူတွေ့က တင်ပြီးမောင်း မောင်းရင်းလူရှာ ဒီလို မောင်းနေကြတာလည်း ရှိသည်။ ကားနီတွေ လူမပါပဲ ဥဒဟို သွားလာနေတာ မြင်ရက သူတို့ ဆီဘိုးနဲ့ ကိုက်ပါ့မလား သိချင်မိသည်။ မေးမြန်းကြည့်တော့ ကားပိုင်မဟုတ်က ပိုင်ရှင်(အုံနာ)ကို တနေ့ဘတ်(၁၀၀) ပေးပြီး ငှားရသည်။ ဆီ(၁၀၀)ဘိုးထည့်က တနေကုန်မောင်းပါလေ့ဟု ဆိုသည်။ ဒီတော့ အရင်းကို တွက်ကြည့်တဲ့အခါ ဘတ်(၂၀၀) အရင်းရှိသည်။ အစကနဦးတုန်းက ကားနီငှားစီးက ဘယ်စီးစီး ခရီးသည်တယောက်ကို ဘတ်(၂၀)၊ လွန်ခဲ့သည့် (၈)နှစ်လောက်က ဘတ်(၂၀)ပေးပြီး အဝေးကြီးသွားရတဲ့အခါ ကားပေါ်ကတောင် ဆင်းပေးလိုက်ချင်တဲ့ အထိ အားနာခဲ့ရဖူးသည်။ သို့သော် ယခု နှစ်နှစ်ခန့်အတွင်း ဘယ်စီးစီး ဘတ်(၂၀) မရတော့ပေ။ နေရာအနီးအဝေးကို လိုက်ပြီး ဘတ်(၅၀) (၁၀၀) အထိ တောင်းလာကြလေသည်။ ဒီဇယ်ဈေး ဓါတ်ဆီဈေး တက်လို့လားဆို မဟုတ်ပေ၊ စားသောက်ကုန်တွေ ဈေးတက်လာလို့ ပိုတောင်းတာ ဖြစ်နိုင်သည်။
ဒါပေမယ့် ကားနီယာဉ်မောင်းတိုင်း ထိုသို့မဟုတ်၊ အချို့က ရိုးရိုးသားသားပဲ ဘတ်(၂၀) ပဲယူသလို ကိုယ်သွားမယ့်ခရီးက အနည်းငယ်လှမ်းက ဘယ်လောက်ပေးမလဲ သူတို့က မေးတတ်သည်။ ဘတ်(၃၀) ဘတ်(၄၀) စသဖြင့် သင့်တင့်သောဈေးဖြင့် ဖြတ်ပြီးလိုက်သည်။ လမ်းကျတော့ သူတင်ချင်သလောက် ခရီးသည် တင်လေ့ရှိသည်။ များသောအားဖြင့်တော့ ကားစင်းလုံးပြည့်အောင် တင်လေ့မရှိပါ။ လူသုံးလေးယောက်လည်းရ ကားပေါ်မှာ ကနဦးငှားလာတဲ့ ခရီးသည် သွားမယ့် လမ်းကြောင်းနဲ့ ဆန့်ကျင်က မတင်တတ်၊ ဒီတခုကတော့ ခရီးသည်မျက်နှာကြည့်တာမျိုး သဘောကျစရာကောင်းသည်။ သူတို့ ငွေရဖို့ တခုထဲနှင့် လူတပြုံတမကြီးတင်တာမျိုး မရှိချေ။ တချို့ ကားနီဆရာတွေကတော့ ခေတ်စကားနဲ့ ပြောရက ရိတ်ချင်သည်။ နိုင်ငံခြားသားဆို ပိုတောင်းတတ်သည်။ ဒီလိုလူမျိုးက အနည်းအကျဉ်းတော့ရှိတာပဲ ဖြစ်သည်။ ဘယ်လောက်ပဲ ငွေစကားပြောသည့် ကားဆရာပဲဖြစ်ဖြစ် တူညီသည့် အချက်မှာ ကလေးတွေအတွက် ကားခ မယူကြပေ။ မွေးစကနေ (၇)နှစ် (၈) နှစ်ခန့် အရွယ်အထိ ကလေးမျိုး (၃)ယောက်နှင့် လူကြီးတယောက်ထဲ ငှားက လူကြီးတယောက်စာသာ ယူလေသည်။
ကားနီ ကားဖြူ ကားဝါ ကားပြာ ယာဉ်လိုင်းအားလုံးမှာ စပယ်ယာခေါ် ယာဉ်အကူမပါပါ။ ဂိတ်သတ်မှတ်ထားသည့် ကားလိုင်းတွေဖြစ်သည့် ကားဝါ၊ ကားပြာ၊ ကားဖြူ တို့က ဂိတ်စက စစီးပြီး ဆင်းချင်သည့်နေရာ ရောက်က ဘဲလ်တီးလိုက်ရုံသာ။ လမ်းကနေပြီး တားစီးလည်း ရပ်ပေးသည်။ ကားနီလို ဈေးစကားပြောစရာမလိုပဲ တက်သွားရုံ၊ ဆင်းတော့လည်း ကားထွက်သွားမှာဆိုးလို့ ကသုတ်ကရက် ဆင်းစရာမလို၊ ဆင်းပြီး ကားရှေ့က ယာဉ်မောင်းဆီ ယာဉ်စီးခ သွားပေးရတာဆိုတော့ မောင်းထွက်သွားက ကားခရမှာမဟုတ်၊ ကားခကို စောင့်ယူသည်၊ ပြန်အမ်းစရာရှိက စိတ်အေးလက်အေး ပြန်အမ်းသေးသည်။ ကားပေါ်ကလူတွေကလည်း စိတ်ရှည်သည်။ တချို့ဆိုက ပိုက်ဆံကို ကြိုတင်ထုတ်မထားပဲ ဆင်းတော့မှ ကားဆရာဆီ ပေးကာနီးမှ ပိုက်ဆံအိတ်ကိုထုတ် ပြီးမှ ပိုက်ဆံကိုထုတ်ရေကာ ပေးတာလည်း ရှိသည်။ ကားဆရာက လုပ်ပါဟလို့လည်း မလော၊ အင်မတန်စိတ်အေးလက်အေးရှိလှသည်။ အကျိုးကတော့ ခရီးသည်တွေ ဘေးကင်းတာဖြစ်သည်။ ဒါမျိုးက ကားနီဆရာတွေလည်း အတူတူပင်၊ စိတ်ရှည်လက်ရှည်နှင့် စိတ်အေးလက်အေးရှိကြသည်။
လွန်ခဲ့သည့် (၆)နှစ်ခန့်က ဆရာမောင်ဝံသ ချင်းမိုင်ကို ရောက်စဉ် ဆရာ့ကို ကြိုလာတဲ့ ကားပေါ်ကနေ အရှေ့မှာ ခရီးသည်ကို စိတ်အေးလက်အေး ရပ်ပေးနေတာ ၊ ခရီးသည်ကဆင်းပြီး ယာဉ်မောင်းထံ ကားခပေးနေတာ ရပ်စောင့်ရင်း မြင်နေရတာ ကြည့်ပြီး ကားနီစီးကြည့်ချင်လိုက်တာလို့ ပြောတော့ မပြန်ခင် စီးကြည့်ပါဆရာ ၊ ဆရာ သင်္ကန်းကျွန်းက အပြန် ဘတ်စ်ကားပေါ်ကနေ ဒရောသောပါးဆွဲချသလို ဘတ်စ်တွေနဲ့ ဆီနဲ့ရေ လို ကွာပါတယ်လို့ ပြန်ပြောမိတာ သတိရသည်။ ကားပေါ်မှာ ပါလာသည့် သူတွေထဲကမှ သတင်းထောက်တယောက်က " ဆရာစီးကြည့်ပါ စိတ်ချမ်းသာလိမ့်မယ် ချင်းမိုင်မှာ လူငယ်တွေက ဆိုင်ကယ်တွေအသုံးများပြီး အဖိုးကြီးအဖွားကြီးတွေက ကားနီစီးကြတော့ ကားသမားတွေက စိတ်ရှည်တယ်" လို့ အပြောကို ဆရာက တဟားဟားရယ်မောပြီး သဘောကျသွားလေသည်။
ထိုင်းရောက်ကာစ ဈေးကအပြန် အထုတ်အပိုးတွေနှင့် ကားနီစီးသည်။ ကားပေါ်မှာ လူသုံးယောက်သာပါသည်။ ဟိုင်းလပ်စ်ကားတွေက မြန်မာပြည်က လိုင်းကားတွေ ပုံစံအတိုင်းပင်၊ ဘေးနှစ်ဖက်မှာ ခုံတန်းရှည် နှစ်တန်း ရှိသည်။ မြန်မာပြည်က ကားလေးလိုင်းနှင့်မတူတာက အလယ်ခုံ မထားတာရယ် ထိုင်ခုံတွေက လူတယောက်ကျကျနန ထိုင်လို့ရတဲ့ အတိုင်းအဆရှိသည်။ ဘေးတန်းကို လက်လေးလုံးလောက်ထားပြီး အလယ်ခုံတွေနဲ့ ကြပ်ညပ်နေအောင် တင်လို့မရ၊ စည်းကမ်းသတ်မှတ်ချက်က တစင်းလုံး (၁၁)ယောက်ထက် ပိုမတင်ရ၊ အဆိုပါနေ့က အထုတ်တွေကို ပေါင်ပေါ်တင်ထားမိသည်။ ပြီးတော့ ကားပေါ်ရောက်သည်နှင့် ကားခကို အသင့်ထုတ်က ကိုင်ထားလိုက်သည်။
" အထုတ်တွေ အောက်မချထားပါနဲ့ ကိုယ့်ပေါင်ပေါ်ကိုယ်တင်ထားပါ၊ ကဲ ကားခတွေ အသင့်ထုတ်ထား၊ တောင်းမှ ဟိုနှိုက်ဒီနှိုက်မလုပ်နဲ့ " ဆိုတဲ့ အသံက ဘယ်လောက်တောင် အကျင့်ပါသလဲဆို အတူပါလာတဲ့ ထိုင်းမှာအနေကြာပြီဖြစ်တဲ့ မိတ်ဆွေ အမျိုးသမီးကလေးက ရယ်ရယ်မောမောနဲ့ အထုတ်တွေ အောက်ကိုချပေးရင်း ဒီလောက် နေရာအကျယ်ကြီး ချထားပါအန်တီရဲ့လို့ ဆိုလေသည်။
ယခုနောက်ပိုင်းတော့ ကားနီတွေက ဈေးကို လိုသလိုတောင်းတာမျိုး ဈေးဆစ်ရတာမျိုး ဖြစ်လာတဲ့အခါ Uber တက္ကစီတွေ ငှားစီးလာကြသည်။ အွန်လိုင်းက ကားငှားရတဲ့စနစ် ပေါ်တာကြာပေမယ့် Uber က မြန်မာပြည်မှာလို တရားဝင် ဆွဲခွင့်မရပေ။ Uber အွန်လိုင်းတက္ကစီတွေက အင်တာနက်ကနေ ခေါ်လိုက်တာနှင့် အိမ်အထိလာခေါ်သလို ဈေးကလည်း ကားနီထက်တောင် သက်သာသည်။ တခါတလေ ကားနီထက် အနည်းငယ်ပိုပေးရတာရှိပေမယ့် အိမ်ရှေ့အထိရောက်တာရယ် စကားများများ မပြောရတာနှင့်ပင် တန်သည်လို့ သဘောထားရသည်။ Uber မရှိခင်က ကားနီငှားလိုက လမ်းထိပ်အထိ ထွက်ငှားရသည်၊ ဒါကပြဿနာမရှိ၊ အထုတ်အပိုးတွေ ပါလာလို့ စငှားကတည်းက အိမ်အထိ ပို့ပါလို့ ဈေးပါ သဘောတူပြီး လိုက်လာပြီးမှ လမ်းထိပ်မှာ ဆင်းတော့ဆိုကာ ရပ်နေတာမျိုး မကြာခဏ ကြုံလာတဲ့အခါ အိမ်အထိ ရောက်တဲ့ စင်းလုံးငှား တုတ်တုတ်ကို ဈေးကြီးပေးပြီး ငှားရသည်။ တုတ်တုတ်ကတော့ အနီးဆုံးကို ဘတ်(၁၀၀) ကစတောင်းတာဖြစ်သည်။
Uber ယာဉ်မောင်းတွေက ကားနီတို့ တုတ်တုတ်တို့ကို ကြောက်ကြရသည်။ ချင်းမိုင်မှာ Uber တရားဝင်ဆွဲလို့မရအောင် ကားနီတွေ တုတ်တုတ်တွေက ဆန္ဒပြထားတာဖြစ်သည်။ သူတို့နှင့် Uber တွေ့လို့က မရှောင်၊ Uber တက္ကစီလို့ သေချာသိတာနှင့် ကားနံပါတ်ကို ဓါတ်ပုံရိုက်ထားပြီး တိုင်ကြတာဖြစ်သည်။ တခါကတော့ အွန်လိုင်းကနေ ကားခေါ်ပြီး ရောက်လာတော့မှ ဆီးဖမ်းပြီး ဒဏ်ရိုက်တာလုပ်လို့ Uber ခေါ်က တော်တော်နှင့် မလိုက်တာ ဖြစ်လိုက်သေးသည်။ နောက်တော့ Uber ယာဉ်မောင်းတွေကလည်း ကြံရဖန်ရသည်။ အွန်လိုင်းက ခေါ်ပြီးသည်နှင့် ဖုန်းဆက်ကာ အတည်ပြုပြီးမှ လာတော့သည်။ အထူးသဖြင့် အင်္ဂလိပ်လိုပြောတာရယ်၊ ထိုင်းလိုပြောပေမယ့် မပီတော့ ထိုင်းမဟုတ်မှန်းသိက စိတ်ချလက်ချ လာခေါ်လေသည်။ Uber ယာဉ်မောင်းတွေနဲ့ မကြာခဏ ဆုံတိုင်း သူတို့ အဖြစ်ကို ပြောပြတတ်လေသည်။ လေဆိပ်လိုမျိုး စီစီတီဗွီ နဲ့ ရဲတွေ ရှိတဲ့နေရာဆိုက ကားပေါ်မှာကတည်းက တောင်းပန်ပြီး အကျိုးအကြောင်းပြောကာ ကားခကို ကြိုပေးထားဖို့ ပြောတတ်သည်။
ဒါပေမယ့် ကားနီတွေ တုတ်တုတ်တွေကို မျက်မုန်းကျိုးနေတာမျိုး ဖြစ်မနေ။ ကားနီ၊ တုတ်တုတ်တို့ကို မြင်က သူတို့ကို ဖိုက်နေတဲ့လူတွေလေလို့ ရယ်ရယ်မောမော ပြောပြတာ မကြာခဏ ကြုံဖူးသည်။
Uber လို အကောင်းစား ကားအတွင်းမှာ မွှေးကြိုင်ပြီး အေးမြနေတဲ့ လေအေးပေးစက်နဲ့ ဇိမ်ကျကျ စီးရတဲ့ အငှား ကားတွေပေါ်လာပေမယ့် ကားနီကရော ရပ်သွားသလား၊ ရပ်မသွားပါ၊ သူလည်း သူ့အတိုင်းအတာနဲ့သူ၊ သူ့ပရိတ်သတ်နဲ့သူ လမ်းပေါ်မှာ လူတွေတင်လို့ အသွားအလာမပျက် သွားနေတုန်းပါ။ ကမ္ဘာ့နိုင်ငံအသီးသီးက ခရီးသွားဧည့်သည်တွေ အလည်အပတ်လာရင်း ဟိုနားဒီနား ၊ ဟိုလည်ဒီလည် ငှားစီးကြရင်း သူတို့လည်း သူ့အတိုင်းအတာနဲ့သူ ဆက်ပြီး သွားနေကြတုန်းပါပဲ၊ ဘယ်သွားသွား(၂၀)လို့ ကြိုတင်စုံစမ်းပြီး သိခဲ့တဲ့ နိုင်ငံခြားသားတွေနဲ့တွေ့ရင် အိုခေ အိုခေ ပိုင်း ဆို သွားသလို တောင်းလို့ ရသလောက် ရလို့ သွားတာလည်း ရှိနေပြန်တာပဲ ဖြစ်သည်။
ဘယ်လိုပဲ ဈေးတွေ တောင်းနေပါစေ ကားပေါ်ကနေ တွန်းချတာ၊ ကားပေါ်ကနေ မဆင်းရသေး မောင်းထွက်တာ၊ ကားပေါ်မှာ ခရီးသည်ပါလာတာကို အလေးမထားပဲ ခရီးသည်တင်ကား အချင်းချင်းပြိုင်မောင်းကြတာ ၊ ပိုငွေပြန်မအမ်းတာ၊ ဆင်းမယ့်နေရာ ရပ်မပေးတာ၊ ခရီးသည်ကို ရန်ပြုတာ ရိုက်မောင်းပုတ်မောင်းလုပ်ချင်တာ စတာတွေ တစိုးတစေ့မှ မရှိပဲ ကားပေါ်က ဆင်းသွားတဲ့ ခရီးသည်တိုင်းကို" ခေါ်ခွန်ခပ်" ကျေးဇူးတင်ပါတယ်ခင်ဗျာလို့ ပြောတဲ့ ထုံးတမ်းစဉ်လာကတော့ ယဉ်ကျေးမှုထိန်းသိမ်းထားရာမြို့ ဆိုတဲ့ ဂုဏ်ဒြပ်နဲ့အညီ နာမည်သတင်းမွှေးနေလျက် ရှိမြဲရှိနေဆဲ။
ခိုင်ခိုင်စောလွင်

No comments:

Post a Comment