August 6, 2017

" ဘဝထိုထိုအတွင်းမှာ ငိုချင်းရှည်များကင်းဝေးပါစေ" ၇ရက် ဩဂုတ်လ ၂၀၁၇ခုနှစ် ဒီလှိုင်းစာစောင် အတွဲ(၆) အမှတ်(၃၀)


ဒီရက်ပိုင်းအတွင်း မြင်ရတဲ့ မြင်ကွင်းတွေက စိတ်ကိုအတော် ထိခိုက်ခံစားရ စရာချည့် ဖြစ်နေသည်။ စိတ်ပေါက်ပေါက်ဖြင့် ဖေ့စ်ဘွတ်မှာ " ဆင်းရဲခြင်းပြိုင် ဘယ်သူနိုင်" လို့ စာတိုလေး ရေးတင်ဖြစ်လိုက်သည်။ ဒီအပတ်စာမူကို အဆိုပါခေါင်းစဉ်ပဲ ပေးတော့မည် ပြင်ပြီးမှ စိတ်လျှော့ကာ မပေးဖြစ်တော့ပေ၊ ယခုစာကို ရေးဖို့ပင် အားတင်းကာ ရေးရသည်။ ကြည်နူးစရာ သဘောကျစရာ ဝမ်းမြောက်ဖွယ်ရာ အကြောင်းအရာတွေ ရေးတဲ့အခါ လက်သွက်ပြီး စိတ်ကြည်နူးရသလောက် ဆင်းရဲဒုက္ခတွေ အကြောင်း ရေးဖို့ကျ တွန့်ဆုတ်မိကာ စိတ်မသာမယာ ဖြစ်ရသည်။ အဆိုးဆုံးကတော့ တချိန်က အီသီယိုပီးယားနိုင်ငံက ကလေးတယောက်ရဲ့ ပုံရိပ်ဟာ မြန်မာပြည်က ကလေးလေးဖြစ်နေတာပင်။
အရိုးပေါ်အရေတင်လို့ ပြောရင်တောင် အရေပြားလေးမြင်ယောင်နေရပေအုန်းမည်၊ အခုက မြင်လိုက်ရတာ အရိုးဂေါက်ဂက် ကလေးလေး၊ အဝတ်အစားဝတ်လို့မရအောင်ပင် ခန္တာကိုယ်မှာ အနာတွေက အကွက်လိုက်၊ အာဟာရချို့တဲ့တာလို့ ဆရာဝန်တွေက ယဉ်ယဉ်လေး သုံးလိုက်ပေမယ့် အစာရေစာငတ်ပြတ်တာပါပဲ။ အဆိုပါကလေးမှာ မိုးမိတ်နဲ့ ၂၈ မိုင်လောက်ဝေးတဲ့ မိုင်းငေါ့မြို့နယ်ခွဲ ကျောက်လုံးကြီးရွာကနေ မိုးမိတ်ဆေးရုံကို ရောက်လာတာဖြစ်သည်။ ရောက်လာပုံက ရုပ်ရှင်ဇာတ်လမ်းတွေကထက်ပင် ဇာတ်နာလှသည်။ မူးယစ်ဆေးစွဲနေသည့် မိဘနှစ်ပါးက သားသမီး(၅)ယောက်ကို မကျွေးမွေးနိုင်ပဲ ပစ်ထားသည်။ ပတ်ဝန်းကျင်နဲ့ ဆွေမျိုးနီးစပ်တွေက ပေးကမ်းစာလေးနဲ့ အသက်ရှင်နေကြသည်တဲ့။ နောက်ဆုံး မိဘတွေက သူ့ကလေးတွေကို ငွေတသိန်းနဲ့ ရောင်းစားလိုက်တော့မယ်လို့ သိလိုက်ရတဲ့ အခါ အသက်(၁၂)နှစ်အရွယ်သာ ရှိသေးတဲ့ သမီးအကြီးဆုံးက ငွေသုံးထောင်ကို လက်ထဲ ကျစ်ကျစ်ပါအောင်ဆုပ်လို့ သူ့မောင် ညီမလေးတွေ အပါခေါ်ကာ ဆိုင်ကယ်ကယ်ရီသမားအကူအညီနဲ့ ဆေးရုံကို ထွက်ပြေး ရောက်ရှိခဲ့ရသည့် အဖြစ်။ ဇူလိုင်လ (၂၃)ရက်နေ့မှာ မိုးမိတ်ဆေးရုံကို ရောက်လာတာ မောင်နှမ (၅)ယောက်ရှိတယ် ဆိုပေမယ့် (၄)ယောက်သာ ရောက်လာတာ ဖြစ်သည်။ သတင်းတွေအရ တယောက်သတင်းကို မေးမြန်းဆဲလို့ ဆိုသည်။ ရောက်လာတဲ့ ကလေး(၄)ယောက်ထဲကမှ အဲဒီနေ့မှာပဲ ငါးနှစ်သားကလေးက ဆုံးပါးသွားရှာသည်။ ရက်အနည်းငယ်အကြာ (၂)နှစ်အရွယ်ကလေးလည်း ထပ်မံသေဆုံးခဲ့ပြန်သည်။ ယခုတော့ အမကြီးဖြစ်တဲ့ အသက်(၁၂)နှစ်အရွယ် နဲ့ ရက်(၂၀)သာရှိသေးတဲ့ ကလေးငယ်ကလေးတို့ နှစ်ယောက်သာ ကျန်သည်။ အဆိုပါ အရိုးဂေါက်ဂက်နှင့်ပုံတွေမှာ ဆုံးပါးသွားသည့် ကလေးတွေပဲ ဖြစ်သည်။ ငါးနှစ်အရွယ်က ယောင်္ကျးလေးဖြစ်ပြီး နှစ်နှစ်အရွယ်က မိန်းကလေးဖြစ်သည်တဲ့၊ ယခုကျန်နေတာက မိန်းကလေးနှစ်ယောက်ဖြစ်သည်။
ဒီအကြောင်းအရာတွေ ဖေ့စ်ဘွတ်မှာ တက်လာပြီး သတင်းမီဒီယာတွေမှာ ပါလာပြီးတဲ့နောက် လူမှုဝန်ထမ်းနဲ့ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက သိရှိပြီး ဝန်ကြီးရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ယခုလို ရေးတင်ထားတာ ဖတ်ရသည်။
"လားရှိုးလူမှုဝန်ထမ်းရုံးမှ ဒုတိယညွှန်ကြားရေးမှူးဒေါ်အးအေးမြင့်နှင့်အဖွဲ့မှ မိုးကုတ်ဆေးရုံသို့သွားရောက်ပြီး ဆရာဝန်ကြီးနှင့်အတူ ကလေးများနှင့်ပါတွေ့ခဲ့ပါသည်။
မနက်ဖြန်တွင် မြို့နယ်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီအစည်းအဝေးခေါ်ယူသွားမည်ဖြစ်ပြီး ကော်မတီဆုံးဖြတ်ချက်ကိုရယူ၍ ကလေးသူငယ်ဥပဒေအရ ကလေးသူငယ်များ၏အကောင်းဆုံးအကျိုးရရှိစေရေး လူမှုဝန်ထမ်းဦးစီးဌာနမှ အစွမ်းကုန်ဆောင်ရွက်ပေးသွားပါမည်။ "
ကူညီမည့်သူပေါ်လာတာ ဝမ်းသာစရာပါ၊ သို့သော် ပြဿနာအရင်းအမြစ်က ဆင်းရဲတာထက် ဆိုးသည့် မူးယစ်ဆေးဝါးပြဿနာ၊ အဆိုပါမိသားစုမှာ ပလောင်တိုင်းရင်းသား လို့ သိရသည်။ တိုင်းရင်းသားဒေသတွေမှာ မူးယစ်ဆေးဝါးပြဿနာ ခြိမ်းခြောက်ခံနေရတာ ရာစုနှစ်ဝက်ပင်မကတော့ပေ။ တဖြည်းဖြည်း အခြေအနေ ဆိုးရွားလာသည့် သဘောဖြစ်သည်။
" မိုးမိတ်မြို့နယ်ထဲမှာ မူးယစ်ဆေးသုံးစွဲသူတွေ များပြားတာကြောင့် မကြာသေးခင်က မူးယစ်ဆေးဖြတ်ဌာန၊ ပြန်လည်ထူထောင်ရေးဌာန ဖွင့်လှစ်ခဲ့ပြီး လောလောဆယ် တက်ရောက်ကုသနေ သူ ၅၀ ကျော်ရှိကြောင်း၊ အားလုံးမှာ လူလတ်ပိုင်းတွေပဲ ဖြစ်တယ်လို့ " မိုးမိတ်ဆေးရုံအုပ်ကြီးက သတင်းမီဒီယာတွေကို ရှင်းပြတာမှာ ထည့်သွင်းပြောသွားတာဖြစ်သည်။ တအောင်းပလောင် TNLA နယ်မြေမှာပြုလုပ်တဲ့ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအခမ်းအနားကို တက်ရောက်သတင်းယူခဲ့လို့ မတရားအသင်းဆက်သွယ်မှုပုဒ်မနဲ့ ဖမ်းဆီးထားတဲ့ ဒီဗွီဘီနဲ့ ဧရာဝတီသတင်းဌာနက သတင်းထောက်တွေကို ရုံးထုတ်တဲ့နေ့မှာ သတင်းထောက် ကိုအေးနိုင်ပြောသွားတာ သတိရမိသည်။ သူတို့ကို ဖမ်းထားတဲ့ သီပေါထောင်မှာ အကျဉ်းသား လေးရာ့ငါးဆယ်ကျာ် ရှိတာမှာ သုံးရာကျော်က မူးယစ်မှုနဲ့ကျတဲ့ သူတွေဖြစ်နေသတဲ့ အဲဒီထဲမှာ အများစုက လူငယ်တွေ ဖြစ်နေလို့ တိုင်းပြည်အတွက် အများကြီးနစ်နာတယ်လို့ ပြောသွားတဲ့အပြင် အပြင်မှာလက်ဘက်ရည်တခွက် (၄၅၀)ကျပ် ရှိပေမယ့် မူးယစ်ဆေးဝါး ရာဘတပြားရဲ့ တန်ဘိုးဟာ (၃၅၀)ကျပ်သာ ရှိပြီး အလွန်ဈေးသက်သက်သာသာနဲ့ ရနေတယ်လို့ ဆိုရာ စိုးရိမ်စရာ အလွန်ကောင်းတဲ့ အခြေအနေလို့ မြင်မိသည်။
ထိုင်းနိုင်ငံဖက်ကို ရွှေ့ပြောင်း ရောက်ရှိပြီး အလုပ်လာလုပ်နေကြတဲ့ တိုင်းရင်းသားဒေသက မိသားစုတွေ၊ လူငယ်ကလေးတွေကို မြင်ရတိုင်း တိုင်းပြည်ရဲ့ လူသားအရင်းအမြစ်တွေ ဆုံးရှုံးနစ်နာရတယ်လို့ မြင်မိတာကနေ တိုင်းရင်းသားဒေသက မိသားစုတွေ လူငယ်တွေအတွက် ဘေးအန္တရာယ်အသွယ်သွယ်ထဲကမှ မူးယစ်အန္တရာယ်က လွတ်မြောက်လာတာပဲ ဝမ်းသာရမလို မကြာခဏ ဖြစ်ရသည်။ အသိ တိုင်းရင်းသားတယောက် ထိုင်းမှာအလုပ်လုပ်ပြီး သူ့ရပ်ရွာ ခဏပြန်လည်ရာ သူ့ရွာမှာ မူးယစ်ဆေးသုံးစွဲနေသည့် သူတွေချည်း တွေ့လာရ၍ စိတ်ပျက်ကာ နောင်ပြန်မသွားချင်တော့လို့ ပြောဖူးတာ သတိရမိသည်။ အိမ်အကူလာလုပ်နေသည့် တိုင်းရင်းသူအမျိုးသမီး တယောက်မှာ ရှမ်းပြည်နယ်မှာ ကျန်ခဲ့တဲ့ သူ့သားလေး အရွယ်ရောက်လာတဲ့အခါ ဆေးသမားဖြစ်သွားမလား စိတ်ပူပြီး ကျောင်းပညာတောင် ဆက်မသင်စေတော့ပဲ သူ့ထံ ခေါ်ထားလိုက်တော့တာ သိခဲ့ဖူးသည်။ ဒါမျိုး မိခင်သောကတွေ ဘယ်လောက်များ ရှိနေပါလိမ့်။
ထိုင်းနိုင်ငံ ချင်းမိုင်ဖက် အခြမ်း ရောက်ရှိနေထိုင် အလုပ်လာလုပ်နေကြသည့် တိုင်းရင်းသားတွေထဲမှာ ရှမ်းပြည်နယ်ဘက်က တိုင်းရင်းသားမျိုးနွယ် တွေ လာရောက် လုပ်ကိုင်ကြတာ အများဆုံးဖြစ်သည်။ ဘန်ကောက်အပါအဝင် ထိုင်းတနိုင်ငံလုံးမှာ မြန်မာပြည်ဒေသအသီးသီးက လာရောက်ကြတာ သန်းနှင့်ချီ ရှိကြသည်။ အထူးသဖြင့် ဒေသတွင်း မတည်မငြိမ်ဖြစ်နေသည့် အရပ်တွေက စွန့်စားထွက်လာကြတာ များသည်။ ထိုင်းနိုင်ငံတောင်ပိုင်းမှာဆိုက ရခိုင်ပြည်နယ် ရမ်းဗြဲကျွန်း မာန်အောင်ကျွန်းတို့က လာရောက်ာကသူတွေ များလှသည်။ ဒီလို ရောက်လာတာ ယခု လတ်တလော တနှစ်နှစ်နှစ်အတွင်းမှာ မဟုတ်၊ လွန်ခဲ့သည့် ဆယ်စုနှစ်များစွာကတည်းက ရောက်လာနေကြတာဖြစ်သည်။
လွန်ခဲ့သည့်အပတ်က ချင်းမိုင်က ဆောက်လုပ်ရေးကုမဏီကြီးမှာ အလုပ်လုပ်နေကြတဲ့ မြန်မာတိုင်းရင်းသားဒေသက အလုပ်သမားတွေနေတဲ့ စခန်းတခုကို ရောက်ခဲ့သည်။
ကိုယ့်မြေကိုယ့်ရေမှာ ပျော်ရွှင်စွာကြီးပြင်းရမည့် ကလေးငယ်တွေ အပျိုရွယ်မိန်းကလေးတွေကို မြင်ခဲ့ရပြီး စိတ်မကောင်းဖြစ်ရသည်။
မြန်မာနိုင်ငံသား ရှမ်းပြည်နယ်ဘက်ကနေ ဆောက်လုပ်ရေးလုပ်ငန်းခွင်မှာ အလုပ်လာလုပ်ကြတာဖြစ်သည်။ လုပ်ငန်းရှင်က နေဖို့နေရာ ပေးထားသည်။ နေလာကြတာ ဆယ်နှစ်ကျော်ရှိပြီး နေထိုင်နေတဲ့ အိမ်ထောင်စု( ၉၆ )စုရှိသတဲ့။
အိမ်ရောက်တဲ့အထိ ဒီမြင်ကွင်းက စိုးမိုးလွန်းလှသည်။ ဒါကို ဖျောက်ဖျက်နိုင်ဖို့ ဖြစ်လာတာက အထက်မှာ ရေးခဲ့တဲ့ ကလေးတွေအကြောင်း မြန်မာပြည်က သတင်းတပုဒ်ပေါ့။
အဲဒီသတင်းနဲ့ ရုပ်ပုံတွေ မြင်ရတဲ့အခါ အတွေးခံစားချက်က ရုတ်ချည်း ပြောင်းလဲ သွားရတော့သည်။
ထိုင်းကိုရောက်နေတဲ့ သူတို့မှာ့  အနေဆင်းရဲပေမယ့် မီးအချိန်ပြည့်ရသည်။ မှောင်မှောင်မဲမဲ မနေရ၊ အိမ်တိုင်းမှာ ရေသွယ်ပေးမထားပေမယ့် ဘုံဘိုင်လုပ်ပေးတဲ့နေရာမှာ စုပြီး ရေချိုးရသဖြင့် ရေမီးအစုံအလင်ရတယ်လို့ ပြောရမည်။ ကျောင်းနေအရွယ်ကလေးတွေကို ကျောင်းထားရမှာဖြစ်တဲ့အတွက် ထိုင်းအစိုးရကျောင်းကလက်ခံထားပြီး စာသင်ပေးထားသည်။ အနည်းဆုံး ထိုင်းဘာသာစကားကို ကျွမ်းကျင်စွာ ရေးတတ်ဖတ်တတ်နေကြပြီ။ ထိုင်းပညာရေးရဲ့ မူလတန်းစနစ်အရ ကိုယ့်ထက်ကြီးသူကို တလေးတစေား နှုတ်ဆက်ဖို့ သင်ယူထားကြပြီ။ ယဉ်ယဉ်ကျေးကျေး တိုးတိုးညင်းညင်း စကားပြောတဲ့ အကျင့် ရနေကြပြီ။ မိဘတွေကလည်း ဆောက်လုပ်ရေးလုပ်ငန်းခွင်မှာ ပင်ပန်းခံပြီး လုပ်ကိုင်ကျွေးမွေးသည်။ ကုန်ကုန်ပြောရင် ကလေးတွေရော မိဘတွေပါ မူးယစ်သားကောင်အဖြစ်က လွတ်လာကြတာ လောကငရဲက လွတ်မြောက်ခြင်းလို့ ယူဆလိုက်မိသည်။
" မင်းတို့ ဆင်းရဲတာ မိုးမိတ်ဆေးရုံရောက် မောင်နှမလေးတွေထက် အများကြီးသာပါသေးတယ်" လို့ တွေးရင်း ဆင်းရဲတာပြိုင်စရာ မဟုတ်ပေမယ့် စိတ်ထဲကနေ ပြိုင်ရင်း တဖက်ကို အနိုင်ပေးနေမိသည်။
လွှတ်တော်ထဲမှာ ကရင်ပြည်နယ် ၊ကြာအင်းဆိပ်ကြီးအမတ် ဒေါ်နော်ဆာမူထူး က မေးခွန်းမေးပြီးနောက် ချမ်းမြေ့ပါစေ ချမ်းမြေ့ ချမ်းမြေ့ပါစေ တဲ့ သီချင်းဆိုပြီး နှုတ်ဆက်သွားတော့ ချမ်းမြေ့ပါစေ သီချင်းထဲကစာသားတွေအတိုင်း ပြည်သူပြည်သားတွေ ရရှိခံစားကြပါစေလို့ စိတ်ဖြစ်ပေါ်မိသည်။ ဘဝအထိုထို ဆိုတဲ့ စကားလုံး လေးလုံးမှာ များပြားလှသည့် တသက်နှင့်တကိုယ် မကြုံဖူးရသည့် ဘဝမျိုးစုံ ဇာတ်လမ်းစုံ ကြားရမြင်ရသည့်အခါ အေးချမ်းလှသည့် ပြည်သူတွေ ပျော်ရွှင်ကျန်းမာသည့် ပြည်သူတွေ မျက်စေ့ထဲ မှန်းမျှော် မြင်ယောင်နေမိသည်။ အဆိုပါ အမတ်သည်လည်း ထိုကဲ့သို့ခံစားချက်ဖြစ်ဟန်တူသည်။
" ဘဝထိုထို အတွင်းမှာ ငိုခြင်းရှည်များ ကင်းဝေးကာလေ ရနံ့ကင်းသော ပန်းလည်းလန်းပါစေ ရနံ့မွှေးသော ပန်းလည်း လန်းပါစေ အနီးဝေး နိမ့်မြင့် ဆင်တိုင်းတင့်တယ်လေ ...စမ်းသီတာ ရေနှယ်အေးစေ၂ မေတ္တာတေးနဲ့ အသံလေးတော့ ပြုလိုက်ချင်ပေ...... ချမ်းမြေ့ ချမ်းမြေ့ပါစေ ချမ်းမြေ့ ချမ်းမြေ့ပါစေ ...................."
ဘဝထိုထိုအတွင်းမှာ ငိုချင်းရှည်များ ကင်းဝေးပါစေ အထပ်ထပ်ရွတ်ရင်း ဆေးရုံပေါ်မှာ ညီမငယ်ကလေးကို ရင်ဝယ်ပိုက်၊ ပိုက်တန်းလန်းနဲ့ အရိုးပေါ်အရေတင်နေတဲ့ ညီမလေးကို စိုက်ကြည့်ရင်း တရှုံ့ရှုံ့ငိုနေတဲ့ အမကြီးဖြစ်သူ ၁၂နှစ်အရွယ် သမီးကလေးမျက်နှာက တဝဲလည်လည် ပေါ်လို့သာ လာနေတော့သည်။ ဒီကလေးက လွတ်အောင် ပြေးလာနိုင်ခဲ့လို့သာ အစိုးရဝန်ကြီးဌာနက တာဝန်ရှိသူတွေ သိရှိကြရခြင်း ဖြစ်သည်။ အဆိုပါ မိသားစုလို အဖြစ်မျိုး ဝေးလံခေါင်သီတဲ့ အရပ်ဒေသတွေမှာ ဘယ်လောက်တောင် ရှိနေမလဲ၊ လူ့ဘဝဆိုတာ ဘာရယ်လို့မှ သေချာရေရာ မသိနိုင်သေးတဲ့ ကလေးအရွယ်ကလေးတွေ ဆင်းရဲခြင်းမကတဲ့ လောကငရဲတွင်းမှာ လူမသိသူမသိ ကျရောက်နေကြမလား ဆင့်ကဲဆင့်ကဲ တွေးနေမိတော့သည်။
ခိုင်ခိုင်စောလွင်

No comments:

Post a Comment