October 22, 2017

" သုညရဲ့ တွန်းအား"၂၃ရက် အောက်တိုဘာလ ၂၀၁၇ခုနှစ်၊ ဒီလှိုင်းစာစောင် အတွဲ(၆) အမှတ်(၄၁)မှ


၂၀၁၇ ခုနှစ် အောက်တိုဘလ(၁၁) ရက်နေ့မှာ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်သူ့အင်အားဦးစီးဌာနကနေ ၂၀၁၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းမှ ရရှိသော အချက်အလက်တွေ ကို အခြေခံပြုစုထားတဲ့ “ကလေးသူငယ်နှင့်လူငယ်လူရွယ်အကြောင်းအရာ” သုတေသနစာတမ်းကို ထုတ်ပြန်ကြေညာလိုက်တာ ဖတ်လိုက်ရပါသည်။
" သန်းခေါင်စာရင်းကောက်ယူသောကာလတွင် လူငယ်လူရွယ် (၇) သိန်းခန့် ပြည်ပတွင်ရောက်ရှိနေကြကြောင်း၊ အချို့သောနယ်စပ်ဒေသများတွင် လူငယ်လူရွယ် (၅၀) ရာခိုင်နှုန်းခန့် ပြည်ပတွင်ရောက်ရှိနေကြောင်း၊ ပြည်ပပြောင်းရွှေ့သူများ၏ (၆၀) ရာခိုင်နှုန်းမှာ လူငယ်အမျိုးသားများဖြစ်ကြောင်း သိရှိရပါသည်။" တဲ့
နယ်စပ်ဒေသဖြစ်သည့် တိုင်းရင်းသားဒေသက ကျေးရွာတွေမှာ လူငယ်တွေ လုံးဝမရှိတော့ပဲ သက်ကြီးရွယ်အိုများသာ ကျန်နေကြတယ်လို့ ဒေသခံအချို့ပြောတာ ကြားဖူးတာ ကြာပါပြီ။ အဓိကက အလုပ်အကိုင် အခွင့်အလမ်း လုံးဝ မရှိတာနဲ့ ပညာသင်ကြားခွင့် မရရှိတာတွေ ကြောင့် ဖြစ်သည်။ မူလတန်းပညာ သင်ယူပြီးဆုံးသည်နှင့် အလယ်တန်း အထက်တန်း ပညာကို ဆက်လက်သင်ယူနိုင်ဖို့ လမ်းပမ်းဆက်သွယ်ရေး ခက်ခဲခြင်း၊ ငွေကြေးမတတ်နိုင်ခြင်း စတာတွေကနေ အစပြုကာ ပညာဆက်လက်သင်ယူနိုင်ဖို့ မဖြစ်နိုင်တော့ပဲ ကျောင်းထွက်ရသည်။ ကျောင်းထွက်ပြီး ဘာအလုပ်လုပ်မည်နည်း၊ မူလတန်းပညာပြီးဆုံးသူတယောက်အဖို့ အလုပ်အကိုင် အခွင့်အလမ်း လုံးဝ မရှိပါ။ အခြား အသက်မွေးဝမ်းကျောင်းပညာကလည်း ဖြစ်ဖြစ်မြောက်မြောက် တတ်ထားတာ မရှိ၊ သူများခိုင်းတာ တောက်တိုမယ်ရ လုပ်ချင်လုပ်၊ မိဘက လယ်ခံယာခံလေး ရှိနေက လယ်ယာအလုပ်ကလေး လုပ်လို့ရသေးသည်။ ဘာအထောက်အခံမှ မရှိသူ လူငယ်တယောက်အဖို့ ဘာလုပ်မည်နည်း။ အနီးဆုံး ရေကြည်ရာမြက်နုရာ လှမ်းမြင်လိုက်တာက တဖက်ကမ်းကို ကူးပြီး အလုပ်လုပ်ရုံပေါ့၊ ဒီလိုနဲ့ တယောက်ကနေ တဆင့် ဆင့်ကဲဆင့်ကဲ အလုပ်အကိုင် အခွင့်အလမ်းရှိရာ တဖက်နိုင်ငံကို ရောက်ရှိ သွားကြသည်။
သို့ဖြင့် ရွာလုံးကျွတ် ထိုင်းနိုင်ငံ ရောက်နေသည့် အုပ်စုကြီးကိုပင် တွေ့မြင်ခဲ့ဖူးပါသည်။ နယ်စပ်ဒေသက လူငယ်အများစုက နီးစပ်ရာ ထိုင်းနိုင်ငံ ကို ရောက်ရှိနေတာ အဆန်းမဟုတ်လို့ ဆိုရပေမယ့် ရခိုင်ပြည်နယ် မန်အောင်ကျွန်းလို ဝေးလံခေါင်ဖျားသည့် အရပ်ဒေသက လူငယ်တွေ လူလတ်ပိုင်းနဲ့ အိမ်ထောင်ဦးစီး အမျိုးသားတွေပါမကျန် ထိုင်းနိုင်ငံမှာ လာရောက်အလုပ်လုပ်ကြတာ မြင်တော့ အံ့ဩမိရလေသည်။ ထိုင်းနိုင်ငံ ဘန်ကောက်ကနေ သွားရသည့် ကျွန်းကလေးတွေမှာ ရခိုင်လူငယ်တွေ များစွာ ရောက်ရှိ နေကြလေသည်။ ကော့တောင်ကျွန်း( လိပ်ကျွန်း) လူသတ်မှု ဖြစ်ပွားစဉ် က သတင်းထောက်တယောက်ကနေ ပြစ်မှုကျူးလွန်သူလို့ စွပ်စွဲခံရတဲ့ လူငယ်နှစ်ယောက်ဟာ ရခိုင်ပြည်နယ်က ဘယ်လို ရောက်လာကြတာလဲ မေးရာ ဖြေတဲ့သူက ကျွန်တော်တို့ တကျွန်းလုံး ရခိုင်တွေချည်းပါ ခင်ဗျာတဲ့
မြဝတီတဘက်ကမ်းနဲ့ နီးသည့် မဲဆောက်မြို့က ဆိုင်တိုင်းမှာ မြန်မာပြည်သား ကလေးမလေးတွေ အလွန်ဆုံးရှိလှ (၁၅)နှစ် (၁၆)နှစ် အရွယ်တွေ အလုပ်လုပ်နေကြရသည်။ လေသံလေးတွေက အညာလေသံလေးတွေမို့ မေးကြည့်လိုက်က ကျောက်ပန်းတောင်းတို့ မြင်းခြံတို့လို ဒေသကပင် လာရောက် အလုပ်လုပ်ကြသည်တဲ့၊ နယ်စပ်လို နေရာမှာ မိန်းမပျိုကလေးတွေ ငယ်ငယ်ရွယ်ရွယ်နဲ့ လာရောက်အလုပ်လုပ်နေကြတာ မြင်ရတာ စိတ်မကောင်းဖြစ်ရတဲ့ အထဲကပဲ ကောင်းရောင်းကောင်းဝယ်လုပ်စားနေတာ မြင်ရလို့ တော်သေးတယ်လို့ ဖြေတွေးရသည်။ ဘားအံ၊ ကော့ကရိတ် အစရှိသည့် ကရင်ပြည်နယ်က လူငယ်တွေလည်း အများအပြားပင် လုပ်ကိုင်နေကြသည်။ မြစ်ဝကျွန်းပေါ်ဒေသ၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်၊ ပဲခူးတိုင်း အစရှိတဲ့ ဒေသအသီးသီးက မြန်မာပြည်သားတွေကို ထိုင်းနိုင်ငံ ရောက်မှ စုံအောင် တွေ့မြင်ရလေသည်။
ချင်းမိုင်ခရိုင်မှာ မြန်မာပြည် တိုင်းရင်းသားတွေ အလုပ်လုပ်ရင်း စုဝေးနေထိုင်ကြရာက ရွာတွေပင် အများအပြား ရှိလာနေပြီဖြစ်သည်။ ဥပမာ- ချင်းမိုင်မြို့ပြင်ဘက်က ဟန်ဒုံး မှာနေတယ် ပြောလိုက်တာနှင့် အဲဒီမှာ ရှမ်းတွေ အများကြီး စုနေကြတဲ့ ရှမ်းရွာတွေ ရှိတယ်လို့ ပြောစမှတ်ပြုကြသည်။ ကချင်တွေနေတဲ့ ရွာတွေလည်း ရှိသေးသည်။ ဒါ့အပြင် ချင်းမိုင်မြို့ရဲ့ မြေနီကုန်းလို့ ပြောလို့ရတဲ့ နေရာတခုလည်း ရှိသေးသည်။ အဆိုပါ ရပ်ကွက်မှာ အမျိုးသမီးတွေက ထမီတွေဝတ်ပြီး အမျိုးသားတွေက ပုဆိုးတွေဖြင့် ကွမ်းတွေဝါးကာ မြန်မာစကားတဖောင်တဖောင်ဖြင့် သွားလာနေကြတာ မြင်ရသည်။ မြန်မာပြည် မော်လမြိုင် ၊ ကြာအင်းဆိပ်ကြီး စတဲ့ အရပ်တွေဆီက အစ္စလာမ်ဘာသာဝင်တွေ ဖြစ်သည်။ သူတို့စကားသံက မော်လမြိုင်အရပ်က လေသံမျိုးဖြစ်သည်။ သူတို့ အထောက်အထားလုပ်သည့် အခါ အလုပ်သမားကဒ်တွေမှာ လူမျိုး မြန်မာ ဖြစ်သည်။ အဆိုပါ ရပ်ကွက်မှာ ပုစုခရုမှသည် အရွယ်စုံ ဆိုဒ်စုံ လူမျိုးစုံ ရှိသည်။ ကိုးကွယ်ရာ ဗလီလည်း ရှိသည်။ သူတို့ကို မေးကြည့်ပါက မြန်မာပြည် ဘယ်တော့မှ ပြန်မှာမဟုတ်ဆိုတဲ့ အဖြေသာရှိသည်။ အဆိုပါ ရပ်ကွက်က အမျိုးသမီး တယောက်က ပြောပြဖူးသည်။ ထိုင်းမှာ သူ့အမျိုးသားက ရိုတီ(ခ) ပလာတာရောင်းသည်။ သူက အိမ်ဖော် လိုက်လုပ်သည်။ သူတယောက်ထဲကပဲ တနေ့ ဘတ်(၃၀၀) ရသည်။ ကလေးတယောက်ရှိသည်။ တနေ့ ဘတ်(၁၀၀) ဘိုက်ရိုက်စား၊ စုပင်စုမိသည်တဲ့၊ မြန်မာပြည်က ထွက်လာတာ ထမင်းငတ်လို့ ပါတဲ့၊ မြန်မာပြည်မှာ ထမင်းငတ်တဲ့ သူမရှိဘူးလို့ ဘယ်သူပြောလဲ အမ တဲ့ သူကိုယ်တိုင် ထမင်းငတ်ခဲ့ဖူးပါတယ်တဲ့၊ ဒါ့ကြောင့် ထမင်းငတ်တဲ့ နေရာ ပြန်မနေချင်တော့ပါဘူးတဲ့ ၊ အခုတော့ ကားလေးတစီးတောင် ပိုင်လို့၊ သားလေးတယောက် ရှိတာ ထိုင်းရောက်မှ မွေးတဲ့ အတွက် အဲဒီကလေး အသက်(၁၈)နှစ်ပြည့်တဲ့အခါ ထိုင်းနိုင်ငံသား ခံယူလို့ ရမယ်လို့ ဆိုလေသည်။
ရန်ကုန်လို မြို့ကြီးပြကြီးက လူလတ်တန်းစား မိသားစုရဲ့ သားသမီးတွေက ပညာတွေ သင်ယူပြီး စင်္ကာပူလို မလေးရှားလို နိုင်ငံတွေ သွားပြီး အလုပ်လုပ်ကြတဲ့ ရည်ရွယ်ချက်တွေနဲ့ ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်နေကြတဲ့ နယ်စပ်ဒေသက လူငယ်တွေ များစွာ ရှိနေသည်။ စားစရာမရှိတာ၊ စာမသင်ရတာ၊ စားဖို့အတွက် ခက်ခက်ခဲခဲ ရှာဖွေ ရတာ ကုန်ကုန်ပြောရပါက အငတ်ငတ်အပြတ်ပြတ်နေရတဲ့ ဘဝတွေကနေ ရုန်းထွက်ကြရတာဖြစ်သည်။ ရှမ်းပြည်နယ်က လာရောက် အလုပ်လုပ်တဲ့ ကလေးမလေး တယောက်၊ အသက်က (၂၀) ခန့်ရှိမည်။ ရွာကို သတိရသည်၊ သို့သော် ထိုင်းမှာက အချိန်တန် ထမင်းစားရသည်။ လကုန်သည်နှင့် ပိုက်ဆံ ရတော့မည်လို့ သိထားတဲ့ အတွက် ပူစရာမလို၊ ရွာမှာနေတုန်းက ထင်းကောက် ရောင်း မှ ပိုက်ဆံရသည်၊ တခြား ဘယ်သူက ဘာခေါ်ခိုင်းမလဲ မျှော်ရသည်တဲ့ ခေါ်ခိုင်းပြီဆိုက ပိုက်ဆံရတော့မည်၊ ထမင်းစားရတော့မည် လို့ ဝမ်းသာရသည်တဲ့၊ အဝတ်အစားဆိုတာ အသစ်တထည်ရဖို့ တနှစ်လောက် စောင့်ရတာ သစ်ကုလားအုပ်လို ပဲတဲ့၊ အမေ ဝယ်လာတော့မယ်ဆိုတဲ့နေ့ မျှော်ရတာ မမေ့နိုင်ပါတဲ့၊ ထိုင်းနိုင်ငံက ဘာဖြစ်လို့ စားစရာတွေ၊ အဝတ်အထည်တွေ ဒီလောက်တောင် ပေါရတာလဲဟင်၊ လွယ်လွယ်ဝယ်လို့ ရနေတာ ခဏလေးနဲ့ ဝယ်နိုင်တာ ဘာ့ကြောင့်လဲလို့ သူက တဖန် မေးခွန်းထုတ်ပြန်သည်။
ထမင်းတနပ်ရဲ့ တန်ဘိုးကို ထမင်းငတ်ဖူးသူတွေက ပိုသိသည်။ ဒီလို ဘဝမျိုးကို ပြန်ရောက်မှာ ကြောက်သည်။ ဒီလိုနေခဲ့ရတဲ့ ဘဝကို အလန့်ကြီးလန့်ကြသည်။ ဒါတောင် စစ်ဘေးကြောင့် ပြေးရတာ ပုန်းရတာ ထမင်းငတ်ပြီး ကြေက်ရွံ့တုန်လှုပ်နေရတာ စတဲ့ အဖြစ်တွေကနေ ထွက်လာသူတွေဆိုက ရာသက်ပန် မပြန်လိုကြတော့၊ ကိုယ်လုပ်နိုင်သ၍ စားလို့ရနေရတဲ့ ဘဝကို လက်မလွတ်ကြတော့ပေ။ ချင်းမိုင်မြို့ပြင်က ဆောက်လုပ်ရေး လုပ်ငန်းခွင်က အလုပ်သမားတွေ ဘဝမှာ အင်မတန် အနေဆင်းရဲလှသည်လို့ မြင်မိပေမယ့် သူတို့ အတွက်ကတော့ ရွာကအခြေအနေထက် အပုံကြီးသာသတဲ့၊ ရွှံ့ဗွက်ပေါ် တဲထိုးနေရပေမယ့် ရေ၊ မီး ရသည်တဲ့၊ ကလေးတွေ ကျောင်းနေရသည်၊ အလုပ်ရှိနေသ၍ စားဖို့ မပူရ၊ ရွာပြန်ရအောင် ရွာမှာ ဘာလုပ်စားမလဲ သူတို့က မေးခွန်းမေးဖို့ အသင့်။ အဆိုပါ အလုပ်သမားကင့်မ်တွေ ရောက်မှ ကလေးတွေ ထပ်ရလာတာ၊ အိမ်ထောင်ရက်သားကျတာတွေလည်း ရှိကြသည်။ တဆင့်တဆင့် အလုပ်ကလေး ရှိတယ် ဆိုကာ လာကြသည့် ရွာကလူတွေ ရွာနီးချူပ်စပ် မြို့ကလူတွေ များများလာပြီး ရွာမှာ လူပင် မကျန်တော့ပါတဲ့၊ နောက်ထပ် ရောက်လာသည့် သူတွေမှာ ပိုလို့ပင် အသက်တွေ ငယ်ငယ်လာကြသည်။ ယခင်က အသက်(၁၈)နှစ်ကနေ (၂၀) ပတ်ဝန်းကျင်တွေ အလုပ်ထွက်လုပ်ကြသည်။ ယခုနောက်ပိုင်းမှာ မြန်မာပြည်ဘက်ကနေ ရောက်လာတာ မကြာသေးပါ ပြောသည့် အရွယ်တွေက (၁၅)နှစ် (၁၆)နှစ် အရွယ်လေးတွေ များလာကြသည်။ ဒါ့ကြောင့် နောင်မှာ တိုင်းရင်းသားဒေသမှာ လူဦးရေ မျိုးဆက် ပျောက်သွားမှာပင် စိုးရိမ်နေရသည့် အခြေအနေဖြစ်သည်။
" ၂၀၁၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းအရ မြန်မာနိုင်ငံလူဦးရေရဲ့ (၄၆.၅%) သည် ကလေးသူငယ်နှင့်လူငယ်လူရွယ်များဖြစ်ကြောင်း၊ ယခုအတိုင်း ကလေးမွေးဖွားနှုန်းနှင့် ကလေးသေဆုံးနှုန်းများ ဆက်လက်တည်ရှိနေမည်ဆိုပါက နောင်လာမည့် ဆယ်နှစ်အတွင်း ကလေးသူငယ်နှင့်လူငယ်လူရွယ် ဦးရေမှာ အနည်းငယ်သာတိုးလာနိုင်ကြောင်းနှင့် ၂၀၂၄ ခုနှစ်မှာ ကလေးသူငယ်နှင့်လူငယ်လူရွယ် (၂၄.၅) သန်းနှင့် ၂၀၄၄ ခုနှစ်မှာ (၂၃.၁) သန်းသာရှိမည်ဟု ခန့်မှန်းထားကြောင်း " ဆိုထားရာ လတ်တလော လူဦးရေ သန်း(၆၀)ရှိရာကနေ သန်း(၅၀) သာရှိတော့ရာ ခန့်မှန်းသလို ကလေးသူငယ်နှင့် လူငယ်လူရွယ် ၂၄သန်းခွဲသာ ရှိမည်ဆိုက နောင်ဆယ်နှစ်မှာ စုစုပေါင်းလူဦးရေ ဆယ်သန်းခန့် ထပ်မံလျော့သွားမည့် အခြေအနေ မြင်နေရပေသည်။ အဆိုးရွားဆုံးက လူ့စွမ်းအားတွေ လျော့နည်းပေတော့မည်။
"သုည" ဆိုတာ တန်ဘိုးမရှိပါ၊ ဘဝမှာ သုညချည်း ကြုံနေရတဲ့ သူတွေက တဆင့်လှမ်းတက်နိုင်ဖို့ ကိုယ့်ဘာသာ ရုန်းကန်သွားကြရသည်။ သို့သော် တန်ဘိုးမရှိတဲ့ " သုည" ကို နေရာပြောင်းပေးလိုက်တဲ့အခါ တဆင့်တဆင့် သုည အစုအဝေးကနေ တန်ဘိုးရှိတဲ့ အဆင့်တခု ရောက်အောင် လုပ်ပေးနိုင်ဖို့ မြန်မာ့လူ့အဖွဲ့အစည်းမှာ အရေးတကြီး လိုအပ်နေပါပြီ။
ခိုင်ခိုင်စောလွင်

October 16, 2017

" လင်းလက်နေတဲ့ကြယ်"၁၆ရက် အောက်တိုဘာ ၂၀၁၇ခုနှစ် ဒီလှိုင်းစာစောင် အတွဲ(၆) အမှတ်(၄၀) မှ



ထိုင်းနိုင်တဝှန်းမှာ အောက်တိုဘာလအတွင်း အဝါရောင်ပန်းများ လွှမ်းခြုံနေပေသည်။ ယခုအောက်တိုဘာလလ (၂၆)ရက်နေ့မှာ လွန်ခဲ့တဲ့ နှစ် အောက်တိုဘာလက နတ်ရွာစံသွားတဲ့ ဘုရင်ကြီး ဈာပန အခမ်းအနားကျင်းပမှာဖြစ်ရာ ဘုရင်ကြီးရဲ့ မွေးနေ့အရောင်ဖြစ်တဲ့ အဝါရောင်ပန်းတွေနဲ့ ပူဇော်ကြမှာဖြစ်သည်။ Marigold flower မြန်မာလို ထပ်တရာပန်းခေါ်သည့် ပန်းတွေကို ဘန်ကောက်အပါအဝင် အခြားခရိုင်မြို့နယ်တွေအားလုံးမှာ ဘုရင်ကြီးရဲ့ ဈာပန အမှတ်တရအဖြစ် ဆင်ယင်စိုက်ပျိုးထားကြတာဖြစ်သည်။ ထိုင်းလို "တဖြတ်ဖြတ်လင်းလက်နေတဲ့ကြယ်" လို့ အဓိပ္ပါယ်ရသည့် အဆိုပါပန်းတွေ စိုက်ပျိုးထားတာကြည့်ပြီး အဆိုပါပန်းဝါဝါတွေရဲ့ အဓိပ္ပါယ်ကို တွေးဆနေမိလေသည်။
အဆိုပါ ထပ်တရာပန်းတွေကို ချင်းမိုင်မြို့ရဲ့ ကျုံးဘေးတလျှောက်၊ လမ်းလယ်ကျွန်းတွေမှာ စိုက်ပျိုးထားကြပြီး ရုံးဌာနအဆောက်အဦ၊ ကျောင်းတွေနဲ့ ရပ်ကွက်အသီးသီး အိမ်တွေမှာ စိုက်ပျိုးထားကြတာ ဝါဝင်းနေလေသည်။ အဆိုပါ ပန်းအကြောင်းကို စိတ်ဝင်စားမိပြီး လေ့လာကြည့်သည့်အခါ ပန်းရဲ့ အဓိပ္ပါယ်နဲ့အတူ နတ်ရွာစံ ဘုရင်ဘူမိဘောအဒူယဒက်ဘဝကို နှိုင်းယှဉ်တွေးမိလေသည်။ ဘုရင့်ရဲ့မွေးနေ့အရောင်မှာ အဝါရောင် ဖြစ်တဲ့အတွက် ဘုရင်ကြီး သက်ရှိထင်ရှား ရှိစဉ် ကတည်းက အဝါရောင်မှာ ဘုရင့်အရောင်ဆိုတာ သိရှိခဲ့ဖူးလေသည်။ ထို့အပြင် မိဖုရားကြီးက အပြာရောင်၊ သိရိဒုံမင်းသမီးက ခရမ်းရောင် စသဖြင့် အရောင်တွေ သိရှိခဲ့ဖူးလေသည်။ ယခု ဘုရင်ကြီးဈျာပနအတွက် ပန်းတွေ စိုက်ပျိုးတာမှာ ထပ်တရာပန်းကို ရွေးချယ်လိုက်တာ အဝါရောင်မို့ ဆိုတာထက် အခြားအဓိပ္ပါယ်တွေ များစွာ ရှိနေပေလိမ့်မည်။ ဒါ့ကြောင့်လည်း အဆိုပါ ပန်းလေးအကြောင်းကို လေ့လာ မေးမြန်း ဖတ်ရှုကြည့်မိတာပဲ ဖြစ်သည်။
ထိုင်းလူမျိုးတွေအခေါ် တောက်ပတဲ့ကြယ် ပန်း မြန်မာလို ထပ်တရာပန်း အင်္ဂလိပ်လို Marigold ပန်းလေးမှာ အညှာနဲ့ပင်စည်က စိမ်းစိမ်းလေး၊ အပွင့်ကဝါဝါမှာ ပွင့်ဖတ်တွေက အထပ်ထပ်၊ မြန်မာတွေက နာမည်ပေးအင်မတန်တော်သည်။ ထပ်တရာပန်းတဲ့၊ အဆိုပါ ပန်းကလေးမှာ ခြောက်သွေ့သွားက ပန်းထဲက ပွင့်ဖတ်တွေ ဝတ်ဆံတွေကို ချွေချပြီး မြေပေါ် ပြန်ကျဲလိုက်က အပင်ပြန်ပေါက်သည်၊ အပင်ပေါက်နှုန်းမြန်ပြီး အပွင့်ပွင့်လွယ်သည်။ ဘယ်တော့မှ မသေသည့်ပန်းလို့ တချို့က တင်စားသည်။ ပြီးတော့ ပတ်ဝန်းကျင်ကိုလည်း အကျိုးပြုသေးသည်တဲ့၊ အချို့ပန်းတွေက လှသလောက် ဝတ်မှုန်တွေက လူတွေကို ဒုက္ခပေးတာမျိုး ရှိသေးသည်။ အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါမျိုးလို၊ အရေပြားဓါတ်မတည့်သည့် ဝေဒနာမျိုးတွေ ဖြစ်စေလေသည်။
ထပ်တရာပန်းကတော့ သူ့ကိုစိုက်ထားတဲ့ စိုက်ခင်းပတ်လည်မှာ အခြားအပင်တွေဆီပါ အင်းဆက်ပိုးကောင်တွေ မလာနိုင်အောင် တားပေးထားနိုင်တယ်လို့ ဆိုလေသည်။ ဘယ်တော့မှ မသေသည့်ပန်း ပန်းတပွင့်ကနေ ပန်းတွေ အဆက်ဆက် ပွားများလာသည့်ပန်း၊ ပတ်ဝန်းကျင်ကို အကျိုးပြုသည့် ပန်း၊ ဒါတင်မက အရောင်အသွေားဝါဝါစိုစိုဖြင့် ကြွကြွရွရွ လှပနေသည့် ပန်းဖြင့် ဘုရင်ကြီးကို အမှတ်တရထား ဆင်ယင် စိုက်ပျိုးထားကြတာ ကြည်နူးဖွယ်ရာ တွေ့မြင်ရသည်။
ထိုင်းပြည်သူပြည်သားတွေကို တိုင်းပြည်ကို ချစ်တတ်အောင်၊ အချင်းချင်း အမုန်းမပွားအောင် အလေ့ကောင်းတွေ ဆောင်ကျဉ်းပေးခဲ့သည့် ဘုရင်ကြီးမှာ သူတို့ပြည်သူတွေ ရင်ထဲ အမြဲရှင်သန် နေမှာ သေချာသည်.။ တိုင်းပြည်အတွက် အကောင်းဆုံးတွေ လုပ်ပေးသွားတာမှာ သူရှိနေစဉ်သာမက သူမရှိတော့တဲ့နောက်ပိုင်းမှာပါ အခြေခံအကျဆုံးလိုအပ်ချက်တွေကို ဖန်တီးပေးသွားခဲ့လေသည်။ ဘုရင်ကြီး နတ်ရွာစံသွားပေမယ့် သူချမှတ်ထားခဲ့တဲ့ ပြည်သူတွေရဲ့ စိတ်နေစိတ်ထား အလေ့အကျင့်တွေနဲ့ ဖန်တီးပေးခဲ့တဲ့ စားဝတ်နေရေး အခြေခံကောင်းတွေကြောင့် ဘုရင်ကြီး မရှိတော့သည့်တိုင် မယိမ်းမယိုင် ဆက်လက်တည်ရှိနေမြဲ ဖြစ်တာကို လက်တွေ့ မြင်ခွင့်ရလေသည်။
အမျိုးကိုချစ်ပါ၊ မျိုးချစ်စိတ်ဓါတ် ရှင်သန်ထက်မြက်ရေး တို့အရေး ၊ ပြည်ထောင်စုကိုချစ်ပါ တို့ဘာသာ တို့သာသနာ စတာတွေ တလုံးတပါဒမှ လှုံ့ဆော်စည်းရုံး ဆောင်ပုဒ်ထိုးတာတေ လုပ်တာမျိုး မရှိပဲ မိမိတိုင်းပြည်ကို ချစ်တတ်အောင်၊ လူလူချင်းအလေးထားပြီး တယောက်အခွင့်အရေးတယောက် လေးစားအောင် နောက်ဆုံး ကိုယ့်နိုင်ငံမှာ လာရောက်နေထိုင်နေကြတဲ့ ကိုယ့်လူမျိုးမဟုတ်သူတွေ အပေါ်မှာပါ သနားညှာတာတတ်အောင် ရှေ့ဆောင်လမ်းပြ ပြုမူနေထိုင်ပြသွားလေသည်။ သူ့တိုင်းပြည်မှာ နေထိုင်နေသူအားလုံး ပညာသင်ကြားခွင့် ရရေးကို အဓိက လုပ်ပေးသွားတဲ့အတွက် အခြေခံပညာကို အရွယ်ရောက်သူတိုင်း သင်ခွင့် ရခဲ့ကြလေသည်။ အသိပညာရှိမှ လူမိုက်တွေနည်းသွားမှာ၊ စားစရာရှိမှ လူတွေ မဟုတ်တာမလုပ်မှာ စတာတွေကို တွေးဆသိမြင်ပြီး ဖန်တီးပေးသွားခဲ့လေသည်။ ဒါ့ကြောင့်လည်း ထပ်တရာပန်းဝါဝါတွေကို မြင်တိုင်း ဘုရင်ဘူမိဘောအဒူယဒက်အကြောင်းကို သတိတရ တွေးမိနေတာပဲ ဖြစ်သည်။
အသက်ရှင်နေစဉ်ကာလအတွင်း လောကကောင်းကျိုး အများကောင်းကျိုး အားလုံးကို ချစ်ခြင်းမေတ္တာအပြည့်ဖြင့် ဆောင်ရွက်သွားတဲ့ ဘုရင်ကြီးကို ထိုင်းပြည်သူပြည်သားတွေ လွမ်းဆွတ်တသ နှမြောနေကြတာဖြစ်သည်။ သက်ရှိထင်ရှား မရှိတော့တဲ့ လူတယောက်ကို အမြဲချစ်ခင်တမ်းတ သတိရနေတယ် ဆိုတာ အဆိုပါ လူတယောက် ထားရှိခဲ့တဲ့ ချစ်ခြင်းမေတ္တာတွေရဲ့ အတိုင်းအဆအင်အားကြီးမားမှုကြောင့် ဖြစ်သည်။
သီတင်းကျွတ်တုန်းက လူထုခေါင်းဆောင်၊ နိုင်ငံတော်အတိုင်ပင်ခံပုဂိုလ် ဒေါ်အောင်ဆန်းစုကြည်က သူ့ကို လာရောက်ကန်တော့ကြတဲ့ဝန်ကြီးတွေကို ပြောကြားလိုက်တဲ့ စကားလေး လွှတ်တော်အမတ်တယောက် ရေးထားတာ ဖတ်လိုက်ရသည်။
" ဆရာတို့က ကျွန်​မကို​တော့ ကာယကံ၊ ဝစီကံ၊ မနောကံနဲ့ ပြစ်မှားမှာ မဟုတ်ပါဘူး။တိုင်းပြည်အပေါ်မှာသာကံသုံးပါးနဲ့ မပြစ်မှားဖို့ ကြိုးစားကြပါ။" တဲ့
တိုင်းပြည်ကို ဦးဆောင်နေတဲ့ သူတွေအားလုံး တိုင်းပြည်အပေါ် ချစ်တဲ့စိတ်၊ ပြည်သူအပေါ်ချစ်တဲ့ စိတ်နဲ့ ဆောင်ရွက်ပါက ဘယ်တော့မှ မမေ့နိုင်မယ့် အကျိုးပြုသူတွေအဖြစ် ပြည်သူတွေရင်ထဲ အမြဲရှိနေမှာ အသေအချာပင်။
ခိုင်ခိုင်စောလွင်

October 8, 2017

" ကွက်လပ်တွေဖြည့်ကြစို့"၂ရက် အောက်တိုဘာ ၂၀၁၇ခုနှစ် ဒီလှိုင်းစာစောင် အတွဲ(၆) အမှတ်(၃၈)မှ


" ငါတို့မှာ လူတွေအများကြီး ၊ မင်းတို့မှာ မြေတွေအများကြီး" ဒီစကားလေးက ယခုအပတ်အတွင်း လူမှုကွန်ယက်မှာ အတော်လေး လူပြောများလှသည်။ တပ်မတော်ကာကွယ်ရေး ဦးစီးချူပ်ဟောင်း တယောက်ဖြစ်တဲ့ ဒုတိယဗိုလ်ချူပ်ကြီး သက်ဆွေ (ရေ- ငြိမ်း) က လူထုခေါင်းဆောင်ရဲ့ စက်တင်္ဘာ(၁၉) ရက်နေ့က ပြောကြားတဲ့ မိန့်ခွန်းမှာ မြန်မာပြည်က ထွက်ပြေးသွားတဲ့ ဘင်္ဂလီတွေကို ၁၉၉၃ခုနှစ် နှစ်နိုင်ငံဥပဒေအတိုင်း စိစစ်လက်ခံရန် အသင့်ရှိပါကြောင်း ဆိုတာ နားထောင်လိုက်ရတဲ့အတွက် ၂၀၁၄ခုနှစ် မေလမှာ ဘင်္ဂလားဒေ့ရှ်ကို တာဝန်နဲ့ သွားစဉ် ကြုံတွေ့ခဲ့ရတာကို ပြန်သတိရမိကြောင်း အစချီ ရေးထားတဲ့ ဆောင်းပါးထဲက နိဂုံးချူပ်ထားတဲ့ စာကြောင်းကလေးဖြစ်သည်။
အလားတူ မြန်မာနိုင်ငံမှာ မြေလွတ်တွေ အများကြီး ရှိနေတာကို စင်္ကာပူဝန်ကြီးချူပ်(ဟောင်း) လာလည်စဉ်က ပြောသွားခဲ့ဖူးသည်။ ဘင်္ဂလာဒေ့ရှ်နိုင်ငံက အဆင့်မြင့်အရာရှိတွေ ပြောလိုက်သလို အဓိပ္ပါယ်မျိုး နဲ့တော့ မတူပါ။ မြေလွတ်တွေ များစွာရှိပါလျက်နဲ့ ဘာမှမလုပ်ပဲ နေရသလား ဆိုသည့် အားမလိုအားမရ ပြောသွားတာ ဖြစ်မည်။ ထိုစကားမျိုးကို သည့်အရင်ကလည်း ကိုယ်တိုင်ကြားဖူးပါသည်။ ၂၀၁၀ခုနှစ်နောက်ပိုင်း မြန်မာပြည်ကို အလည်အပတ်သွားခွင့်ရသည့်အချိန် ထိုင်းလူမျိုး အတော်များများ ဝင်ရောက်လည်ပတ်ကြသည်။ အချို့က စီးပွားရေးအခွင့်အလန်း ဘာရမလဲ မျှော်လင့်ချက်၊ အချို့က အလည်အပတ်နဲ့ ဘုရားဖူးရုံ သက်သက် ဝင်ရောက်ကြသည်။ သူတို့ မြင်လာတာက မြန်မာပြည်မှာ မြေလွတ်တွေ အများကြီး ၊ မိတ်ဆွေ ထိုင်းလူမျိုးတွေ ကိုယ်တိုင် " မြန်မာပြည်မှာ မြေတွေ အများကြီး ရှိပါရဲ့နဲ့ ဘာဖြစ်လို့ စိုက်မစားတာလဲ ဘာဖြစ်လို့ မွေးမြူရေးတွေ မလုပ်သလဲ ဘာဖြစ်လို့.........? ဘာဖြစ်လို့ ..........? ဘာဖြစ်လို့ ..." ဆိုတဲ့ မေးခွန်းတွေ အမေးခံရလေ့ရှိသည်။
သူတို့ ယူဆတာက မြန်မာတွေက မြေကြီးက အလိုလိုထွက်လာတဲ့ အရာတွေများစွာရှိတဲ့ အတွက် ကိုယ်တိုင်ကြိုးစား လုပ်မယူတာလို့ ထင်ဟန်ရှိသည်။ ကျောင်းက ထိုင်းအမျိုးသမီး စာရေးမလေးက " ဆရာမတို့ မြန်မာပြည်မှာ ဆန်ကာနဲ့ ဒီလို ဒီလို ( သူ့လက်ကို ဆန်ကောဝိုင်း ဝိုင်းဟန်ပြရင်း) လုပ်တာနဲ့ ရွှေတွေ ရလာတယ်နော်" တဲ့ သူ့ကြည့်ရတာ အတော်လေး သဘောကျနေပုံ၊ နောက်တယောက်ကလည်း " ဆရာမတို့ မြန်မာပြည် ကချင်ပြည်နယ်မှာ ကျောက်တွေ အများကြီး မြေကြီးထဲကနေ ရတယ်နော်" တဲ့ သူလည်း မြန်မာပြည်ကို အားကျနေသည့်ဟန်၊ ဒါကျ သူတို့ပြောသမျှ ရယ်မောပြီး ဟုတ်တာပေါ့ ဟုတ်တယ်လို့ ဖြစ်ဖြစ်သည်။ နောက်ပြီး သဘာဝဓါတ်ငွေ့ ထွက်တာ ၊ ထိုင်းကတောင် ဝယ်သုံးရတာ စတာတွေ သူတို့က အားကျစွာ ပြောတာ နားထောင်ရသည်။ တက္ကစီးငှားစီးရင်းပင် မြန်မာမှန်းသိသည်နှင့် ကားဆရာတယောက်က " မင်းတို့ မြန်မာပြည်က ထွက်တဲ့ jade ကို ငါသိပ်ကြိုက်တယ်" ဆိုရာ သူ့အသံထွက်ကို ကြယ်လို့ ကြားမိတဲ့အတွက် ပြန်မေးတော့ သူက ကားရဲ့ ဒိုင်ခွက်က မီးအစိမ်းရောင် ကို လက်ညှိုးထိုးပြပြီး ဒါမျိုးလေ ဆိုမှ အော် ကျောက်စိမ်း လို့ သိသွားပြီး စိတ်ထဲက ဒီလိုဆိုတော့ တို့မြန်မာပြည်က အဟုတ်သားလားပေါ့။ ဒါပေမယ့် တကယ်တန်းကျ ဒါဟာ အပေါ်ယံသာ သိသူတွေရဲ့ အမြင်ဆိုတာ တွေးမိရသည်။
မြန်မာ့နိုင်ငံရေးသမိုင်းနဲ့ နိုင်ငံရေးဖြစ်စဉ်တွေကို လေ့လာသိရှိထားပြီး မြန်မာစကားကို ကျွမ်းကျွမ်းကျင်ကျင် ပြောတတ်ကာ လက်ရှိ နိုင်ငံရေးအခင်းအကျင်းနဲ့ သတင်းတွေကို သိနေတဲ့ ထိုင်းလူမျိုး ဆရာမတယောက်ကတော့ " မြေတွေအများကြီး ရှိလျက်နဲ့ ပြည်သူတွေကို ဘာလို့ လုပ်ခွင့်မပေးတာလဲ ထိုင်းနိုင်ငံမှာတောင် မထွက်တဲ့ တွင်းထွက်ရတနာတွေ ထွက်လျက်နဲ့ မြန်မာပြည်သူတွေ ဘာလို့ ဆင်းရဲနေရသလဲ၊ သဘာဝဓါတ်ငွေ့တွေ ထိုင်းနိုင်ငံကို ရောင်းစားနေရပြီး မြန်မာပြည်ကျ ဘာလို့ လျပ်စစ်မီးမရရသလဲ " မေးတတ်သည်။ မေးသာမေးတာ တကယ်က သူ့မှာလည်း အဖြေက သူသိပြီးသားပင်။
ထိုင်းဘုရင်ကြီးက " ထိုင်းပြည်သူတွေ ဝလင်အောင်စားဖို့ စီမံပေးတယ်၊ ပြည်သူတွေ ဝလင်အောင် စားသောက်ပြီး ပြည်သူတွေရဲ့ လူမှုဘဝပြည့်စုံပြီးမှ ပိုတာကို တခြားနိုင်ငံကို ထုတ်ရောင်းတယ်၊ ပြည်သူတွေက စားစရာမရှိပဲ ကိုယ့်ပြည်က ထွက်တာကို တခြားကို ရောင်းချတာ ဆိုးရွားတဲ့ စနစ်ပဲ" သူပြောတာကို စာဖတ်သူဆိုပါက ပြိုင်ငြင်းဖြစ်မလား၊ အာဏာရှင် စနစ်ဆိုးအကြောင်း စကားလက်ဆုံကျဖြစ်မလား၊
ယခု မြန်မာပြည်ကို ထိုင်းနိုင်ငံ မဲဆောက်ဖက်ကနေ တင်သွင်းတဲ့ ကုန်တွေထဲမှာ အစားအသောက်ကုန်တွေ အများဆုံးလို့ဆိုသည်။ အစားအသောက်ထဲမှာမှ သစ်သီးဝလံ ဟင်းသီးဟင်းရွက်တွေ အများဆုံးပါသည်၊ ထိုင်းနိုင်ငံမှာရှိသည့် ဟင်းသီးဟင်းရွက် သစ်သီးဝလံမှန်သမျှ မြန်မာပြည်မှာ စိုက်ပျိုးနိုင်သည့် သီးနှံများသာ၊ တချိန်က မြန်မာပြည်မှာ ပေါများစွာ ထွက်ရှိသည့် အမျိုးအစားများပင်။ မြန်မာပြည်မှာသာ ရှိပြီး ထိုင်းနိုင်ငံမှာ စိုက်ပျိုးခြင်းမရှိသည့် မျိုးများပင် ထိုင်းတွေက စနစ်တကျ စီးပွားဖြစ် ဘယ်လို စိုက်ပျိုးမလဲ လေ့လာ စိုက်ပျိုးကြလို့ ထိုင်းကို ရောက်ကုန်သည့် မြန်မာ့မျိုးစိတ် မျိုးရင်းတွေပင် များစွာရှိလာလေသည်။ ထိုင်းနိုင်ငံရဲ့ ၂၀၁၈ ခုနှစ် အစိုးရ အသုံးစားရိတ်သတ်မှတ်တာမှာ လူသားဖွံ့ဖြိုးတိုးတက်မှု စီးဆင်းဖို့ အတွက် (၁၉.၉%) ၊ ဆင်းရဲမှုလျှော့ချရေး၊ လူတန်းစားမညီမျှမှုကို လျှော့ချရေးနဲ့ ပြည်တွင်းစီးပွားဖွံ့ဖြိုးစေရေးမှာ ဘတ်ဂျက်ရဲ့ (၁၁.၄) ရာခိုင်နှုန်း စသဖြင့် ဖတ်ရရာ ပြည်သူကို ဦးတည်ထားသည့် လူ့စွမ်းအားတိုးတက်စေသည့် စနစ် ချမှတ်တာကို ထင်ထင်ရှားရှား မြင်ရသည်။
ထိုင်းနိုင်ငံမှာ စိုက်ပျိုးရေးထွက်ကုန်ပေါများလှပါသည်။ ပေါတယ် ဆိုတာ ကုန်ဈေးနှုန်းကို ပြောတာမဟုတ်ပါ။ ဈေးနှုန်းက ငွေလဲနှုန်းနှင့် မြှောက်ပါက တန်ဘိုးအတူတူခန့်ရှိတတ်ပါသည်။ ကုန်ပစ္စည်းအရေအတွက် ပေါများစွာ ထုတ်လုပ်နိုင်ကြတာ ဖြစ်သည်။ တရုပ်နံနံဆိုတာမျိုးကို ပဲပင်ပေါက်ပဲပြားနှင့်တွဲရောင်းသည့် ဆိုင်တွေမှာ လက်သန်းခန့် အစည်းလေးတွေ စည်းထားပြီး နေမမြင့်ခင် ဈေးမကွဲခင် ဝယ်မှ ရတတ်တာ နေမြင့်က ဘယ်ဆိုင်မှမှ ဝယ်မရတာ ကြုံဖူးသည့်အခါ ထိုင်းက ဈေးတခုမှာ တရုတ်နံနံတွေ တစည်းကို လူတယောက် တပွေ့တပိုက် ပွေ့ပိုက်လို့ရအောင် များသည့် အစည်းတွေ ကားတစီးတိုက် ချလာတာ မြင်ရသည့်အခါ တအံ့တဩ ဖြစ်ခဲ့ဖူးရသည်။ အဓိကကတော့ စိုက်ပျိုးမြေ ချဲ့ထွင်ခြင်းနဲ့ စိုက်ပျိုးနိုင်ဖို့ မျိုးစေ့နဲ့ နည်းပညာ ပေးနိုင်ခြင်း ဖြစ်သည်။" မြေလွတ်မြေရိုင်းမချန် စိုက်ပျိုးကြ"
" ပဒေသာမြေမျာ ရှာစို့လား" " မြေကြီးကရွှေသီးရမည်" လို့ တချိန်က မြန်မာပြည်မှာ ကြွေးကြော်ခဲ့ဖူးလေသည်။ လက်တွေ့မှာ နံနံပင်တောင် ထိုင်းက ဝယ်စားနေရပြီ။
၁၉၉၀ခုနှစ် ဝန်းကျင်ခန့်က ရန်ကုန်တိုင်း တွံတေးမြို့နယ် အစွန် ထန်းတပင်ချောင်းဘေးက ရွာတရွာမှာ အလယ်တန်းပြဆရာမ တာဝန်နဲ့ နေထိုင်ခဲ့ဖူးလေသည်။ လက်ထဲမှာ ငွေရှိသော်လည်း ငါးပိရည်ကြိုကို တို့စရာမပါပဲ စားခဲ့ရဖူးသည်။ အကြောင်းက ရွာမှာ အသီးအရွက်ဝယ်မရ၊ ရန်ကုန်ကနေ မော်တော်နဲ့ ပါလာမှ ဆိုင်မှာ တင်နိုင်သည်။ အိမ်ခြံဝင်းတွေ အကျယ်ကြီးမှာ အိမ်တွေက ထီးထီး၊ ခြံဝင်းထဲမှာ ဘာပင်မှ မစိုက်၊ တို့စရာ ဟင်းခတ်အမွှေးအကြိုင် အရွက်တွေ စိုက်၍ရတဲ့အကြောင်းနဲ့ စိုက်ပျိုးဖို့ ပြောသည်။ စိတ်မဝင်စားကြ၊ ရွာအပြင်မှာ နှစ်စဉ် ဝင်ငွေရဖို့ စိုက်ကြသည့် စပါး၊ ပဲနဲ့ ငါးမွေးမြူရေးတို့ကိုသာ စိတ်သန်ကြသည်။ အဆိုပါ စိုက်ပျိုးရေး မွေးမြူရေးကနေ နှစ်စဉ် သိန်း ဆယ်ဂဏန်း ရကြသည်။( ၁၉၉၀ခုနှစ်ဝန်းကျင် ငွေသားမို့ မနည်းလှ) အိမ်တိုင်း တီဗွီ ရှိသည်။ ရန်ကုန်ကနေ ရွာကို ပြန်လာသည့် မော်တော်ပေါ်မှာ ကန်စွန်းရွက်ပါသည်။ ပဲပင်ပေါက်ပါသည်။ ငှက်ပျောသီးပါသည်။ ကန်စွန်းရွက်မှာ စိုက်ရအင်မတန်လွယ်သည်။ လယ်ကွက်တွေ ချောင်းတွေ မြောင်းတွေ ပေါရာ ကန်စွန်းတညွန့်လောက် ပစ်ချထားပါလား ပြောရာ ဝယ်စားတာ အေးသည်တဲ့၊ စိုက်ထားက ကြက်တွေဘဲတွေ ဝက်တွေ ဝင်စားက ပိုင်ရှင်နှင့် စကားများရလိမ့်မည် ဆိုသည်။ ကိုယ့်အိမ်ထဲမှာ ကိုယ်ယာနားမှာ စားစရာ အသီးအရွက်တပိုင်တနိုင် စိုက်ပျိုးသည့် အလေ့မရှိသည့်အခါ မြေလွတ်တွေ ရှိပါလျက်နှင့် ရန်ကုန်နဲ့ အသွားအပြန် (၆)နာရီ က (၇)နာရီခန့် မောင်းရသည့် မော်တော်နဲ့ ဈေးပြန်ပါလာမှ စားရ မြင်ရသည်။ နောင်သော် ကျောင်းအုပ်ဆရာကြီးက ကျောင်းဝင်းထဲက မြေလွတ်တွေမှာ ချဉ်ပေါင် ပဲစောင်းလျား ကန်စွန်း သင်္ဘော ငှက်ပျော အစရှိသည့် သီးပင်စားပင်များ စိုက်ပျိုးရာ ဆရာမတွေ အသီးအရွက် အတို့အမြှုပ် စားခွင့်ရလေတော့သည်။
ထိုင်းနိုင်ငံက မြန်မာနိုင်ငံထက် ပိုမိုကျယ်ဝန်းပါသည်။ သို့သော် မြေလွတ်မြေရိုင်း ဒီတိုင်းမထား မြေမှန်သမျှ စနစ်တကျ စိုက်ပျိုးထားကြသည်။ အတုယူစရာကောင်းသည်မှာ ကိုယ့်အိမ်ကိုယ်ခြံထဲမှာပင် စားပင်သီးပင်လေးတွေ တပိုင်တနိုင်စိုက်ပျိုးထားကြသည်။ အိမ်တိုင်းလိုလိုမှာ စပါးလင်စိုက်ထားတာကို အထူးအဆန်းဖြစ်မိသည်။ နောက်မှ သိရတာက သူတို့အစားအစာမှာ စပါးလင်မဖြစ်မနေ သုံးကြရတာ များသည်။ နောက်တခုက ရှောက်ဘီလူးလို့လည်းခေါ်သည်။ တောရှောက်ခါးသီး ရှောက်နူသီး စသဖြင့် ခေါ်ကြသည့် အပင်တွေ စိုက်ထားတတ်ကြသည်။ အမြဲသုံးသည့် ဟင်းခတ်အမွှေးအကြိုင်ကို လက်လှမ်းမီအောင်စိုက်ပုံရသည်။ စပါးလင်ပင်ကို အိမ်မှာ စိုက်ထားတာတွေ့ရ၍ အရိုးစွဲနေသည့် အသိတခုကြောင့် အိမ်မှာ စိုက်လို့ ရသလားမေးရာ ခြင်လည်းပြေးသည် စားလို့လဲ ရ၍ စိုက်တာလို့ ဖြေသည်။
ထိုင်းအိမ်တွေရှေ့မှာ ခြုံလိုက်ပေါက်နေသည့် စပါးလင်တွေမြင်တိုင်း တခါက ရွာကလေးမှာနေတုန်း ရှားရှားပါးပါး လယ်ထဲက ငါးဘတ်ရလာတဲ့အတွက် အိမ်ရှင်က ဆရာမတွေကို ငါးဘတ်မွှေချက်ပေးမလို့ဆိုကာ စပါးလင် လိုက်ရှာတာ တရွာလုံးပတ်ရှာတာမှာ တပင်တောင်မရတဲ့ အဖြစ်ကို သတိရမိသည်။
နှစ်ပေါင်းများစွာ ကြာလာသည့်အခါ စနစ်၊ နည်းပညာ၊ အသိပညာဗဟုသုတတို့ရဲ့ နောက်ဆက်တွဲက တရက်ကို ထိုင်းနိုင်ငံကနေ ဟင်းသီးဟင်းရွက် အသီးအနှံချည့် ဘတ်သန်းနဲ့ချီကာ ဝယ်စားနေရပြီ။ ကိုယ့်တိုင်းပြည်က ပြည်ပကို ထွက်သွားသည့် ထွက်ငွေတွေမှာ မနည်းမနော၊ ကိုယ့်တိုင်းပြည်မှာက မြေကွက်လပ်တွေများစွာ၊ ဘယ်သူ့မှာတာဝန်ရှိတယ်၊ ဘယ်သူနဲ့ဆိုင်တယ် အသာထားပြီး တိုင်းပြည်မှာ နေထိုင်ကြတဲ့ နိုင်ငံသူနိုင်ငံသားအားလုံး တယောက်ကစ တအိမ်ထောင် တမြို့တရွာ ကနေ အဆင့်ဆင့် ဝိုင်းဝန်းဖြည့်စွမ်းကြစို့လား၊
ခိုင်ခိုင်စောလွင်

"အစစ်" အလိုရှိသည်"၉ရက် အောက်တိုဘာ ၂၀၁၇ ခုနှစ် ဒီလှိုင်းစာစောင် အတွဲ(၆) အမှတ်( ၃၉)မှ


ရန်ကုန်မြို့ ၊ သီလဝါ စက်မှုဇုံမှာ အာဂျီနိုမိုတိုတံဆိပ် ဟင်းချိုမှုန့် (အချိုမှုန့်) တွေ ထုတ်ပိုး ဖြန့်ချီတော့မယ်ဆိုတဲ့ သတင်းကို နားထောင်ရပြီးနောက် သဘောကျသူ၊ သဘောမကျသူတွေရဲ့ အသံတွေ ကြားရလေသည်။ တချို့က ကျန်းမာရေးနဲ့ မညီညွတ်တဲ့ စားသောက်ကုန်ဖြစ်တဲ့ အချိုမှုန့်ကို ထုတ်လုပ်ခွင့်ပြုရသလားလို့ ဆန့်ကျင် ရေးသားပြောဆိုကြသည်။ တချို့ကတော့ အချိုမှုန့်က မြန်မာလူမျိုးတွေရဲ့ မီးဖိုချောင်မှာ မရှိမဖြစ် မသုံးမဖြစ် သုံးနေရတဲ့အတူတူ မူလဘူတ ဂျပန်နည်းပညာနဲ့ ထုတ်လုပ်တဲ့ အာဂျီနိုမိုတို စစ်စစ်ကို ပြည်တွင်းမှာ ဝယ်ယူသုံးစွဲရမှာဆိုတော့ ပစ္စည်းအစစ်ကို သုံးရတာပေါ့လို့ ကျေနပ်သူတွေလည်း ရှိကြလေသည်။

အချိုမှုန့်ဆိုတဲ့ ဓါတုဗေဒပစ္စည်းကို စပေါ်လာစကတည်းက မြန်မာပြည်က အိမ်ရှင်မတွေ တောရော မြို့ပါ သုံးလာကြတာ မျိုးဆက် သုံးဆက်ခန့်ရှိလာပြီဖြစ်သည်။ စပေါ်ကာစကတော့ မရဲတရဲ၊ နောက်တော့ မရှိမဖြစ်ကနေ တချို့ဆိုက လွန်လွန်ကျူးကျူးပင်သုံးကြသည်။ တခါက မုန့်ဟင်းခါးဆိုင်မှာ မုန့်ပွဲမှာပြီး ပိုက်ဆံအိတ်ထဲ အသင့်ထည့်လာသည့် စက္ကူထုတ်ကလေးထဲက အချိုမှုန့်တွေ လောင်းထည့်ပြီးမှ မုန့်ဟင်းခါးကို စားသည့် အမျိုးသမီးကြီး တယောက်ကို မြင်ဖူးသည်။ ကင်ဆာရောဂါ၊ နှလုံး သွေးတိုး ဆီးချိုရောဂါတွေ အဖြစ်များလာသည့်အခါ ၂၀၀၀ခုနှစ်နောက်ပိုင်း ခန့်က စပြီး ရုပ်မြင်သံကြားမှာ ဆရာဝန်တွေက အချိုမှုန့်ရဲ့ ဆိုးကျိုးကို ဟောပြောချက်တွေ နေ့စဉ် ထုတ်လွှင့်ပေးကြသည်။ အချိုမှုန့်စားသုံးမှု လျှော့ချဖို့ နှိုးဆော်ချက်တွေ ထုတ်ပြန်သည်။ အချို့က အချိုမှုန့်အစား ငံပြာရည်ကို ပြောင်းသုံးကြသည်။
သို့သော် ငံပြာရည်က ငါး၊ ပုစွန်တို့ကနေ သဘာဝအတိုင်း ထုတ်လုပ်တာတွေ မရှိကြတော့၊ ဝိသမလောဘသမား စီးပွားရေးသမားတွေက သကြားရည် အချိုမှုန့် ဆိုးဆေးတွေ အသုံးပြု ဖန်တီးလာကြသည်။ ငံပြာရည်က အချိုမှုန့်ထက် ဆိုးသည့် အချိုရည် တမျိုး ဖြစ်နေပြန်သည်။ သို့ဖြင့် အချိုမှုန့် လုံးဝ မသုံးတဲ့အတွက် ငါးကလေး ပိုထည့် ပုစွန်ခြောက်ကလေး ပိုသုံး ဖြည့်ရအောင်လည်း ပုစွန်ခြောက်မှာလည်း အချိုမှုန့်လူးထားသေးပြန်သတဲ့၊
လက်လုပ်လက်စား အောက်ခြေလူတန်းစားတွေအတွက် ငါး၊ ပုစွန်ဆိုတာမျိုးကို ဟင်းခတ်အဖြစ်သုံးဖို့ဆိုတာ ဝေလာဝေး၊ ဒီတော့ ဈေးပေါပေါ လွယ်လွယ်နဲ့ အရသာလေးလေးပင် ရှိတဲ့ ဟင်းချိုမှုန့် က မရှိမဖြစ်လို ဖြစ်လာသည်။ အသုပ်စုံဆိုင်၊ မုန့်ဟင်းခါးဆိုင်တွေမှာလည်း ထို့အတူ အချိုမှုန့်သာ အဓိက အရသာဖြစ်အောင် သုံးကြတော့သည်။ သို့ဖြစ်ရာ အချိုမှုန့်ဈေးကွက်က မသေးတော့ပေ၊ ၂၀၀၀ခုနှစ်ခန့်က အာဂျီနိုမိုတို အချိုမှုန့်တွေ တင်သွင်းခွင့်ကို မြန်မာအစိုးရက ပိတ်လိုက်ရာမှ တရုတ်လုပ် အာဂျီနိုမိုတိုတွေ လှိမ့်ဝင်လာတော့သည်။ ပိုဆိုးတာက တရုတ်အိမ်တွင်းမှုကနေ ထုတ်လာတဲ့ အချိုမှုန့် အတုတွေ မြန်မာပြည်ကို ဝင်ရောက်လာတာပဲ ဖြစ်သည်။ မြန်မာပြည်ဈေးကွက်ရဲ့ (၇၀)% ကို တရုတ်ပြည်ထုတ် အချိုမှုန့်တွေက လွှမ်းသွားသည်။ သေချာ နောက်ကြောင်းပြန်ပြီး ပြန်တွက်ကြည့်ပါက ၁၉၉၆ခုနှစ်မှာ ဂျပန်နိုင်ငံ အာဂျီနိုမိုတို ကုမ္မဏီက မြန်မာပြည်မှာ ဌာနခွဲတခုဖွင့်ပြီး ဖြန့်ဖြူးခဲ့တဲ့ ကာလတွေမှာ Monosodium glutamate (MSG) ဆိုတဲ့ ဓါတုပစ္စည်းအရသာ ဖြစ်ပေမယ့် အစစ်ကို သုံးစွဲခွင့်ရခဲ့ကြသည်။ ၂၀၀၀ခုနှစ်ကစပြီး ပိတ်ပင်လိုက်တဲ့အခါ လူတွေက မသုံးရမနေဖြစ်လာတဲ့အခိုက် တရုတ်က တင်သွင်းတဲ့ အတုတွေ စားသုံးမိကာ ရောဂါဘယတွေ ထူပြောလာခဲ့တာ ဖြစ်သည်။
တရုတ်ပြည်ကလာတဲ့ အချိုမှုန့်တွေက အချောင်းလေးတွေ ဖြစ်သည်။ အာဂျီနိုမိုတို အစစ်က မှုန့်နေသည့် ပုံစံဖြစ်သည်။ ရောင်းချတာမှာပင် ဘာတံဆိပ်မှမပါ၊ ပလတ်စတစ်တွေဖြင့် ထုတ်ပိုးပြီး လက္ကားရောင်းကာ ဈေးသည်တွေက တဆင့်ဝယ်ပြီး ပလတ်စတစ်အိတ်ငယ်ကလေးတွေဖြင့် ပြန်လည် ထုတ်ပိုး ရောင်းချကြသည်။ အလေးချိန်ဖြင့်ပင် ချိန်တွယ်ရောင်းချကြသည်။ အချို့ဆိုက ပလတ်စတစ်အိတ်ကြီးထဲကနေ နို့ဆီခွက်ဖြင့်ပင် ချိန်တွယ် ရောင်းချတာ တွေ့ဖူးသည်။ ဘယ်ကထုတ်မှန်းမသိ၊ ဘာတွေဖြင့် လုပ်ထားမှန်းမသိရသည့် အာမခံချက် လုံးဝမရှိသည့် ကုန်ပစ္စည်းတွေကို ဈေးမှာ လွယ်လွယ်ရောင်း လွယ်လွယ် ဝယ်သုံးနေကြတာဖြစ်သည်။
သတင်းတွေမှာ ဖတ်ရတာကတော့ တရုတ်ပြည်မှာ စက်ရုံကြီးတွေ ထောင်ပြီး ထုတ်နေတာမဟုတ်ပဲ မြန်မာပြည်ဈေးကွက် အတွက် တရုတ်အိမ်တွင်း စီးပွားရေးအနေနဲ့ မိသားစုတွေကနေ ထုတ်တာလို့ ဆိုသည်။ ကြောက်စရာ ကောင်းသည့် စီးပွားရှာမှုပါတကား၊ ၁၉၈၀ခုနှစ်ဝန်းကျင်မှခန့်က မြန်မာပြည်မှာ အချိုမှုန့်စက်ရုံ ထူထောင်လိုက်သေးသည်။ ထိုစဉ်က ပြည်သူတွေ အတန်အသင့် စားသုံးလိုက်ရသည်။ ဒိုက်ဦးက အချိုမှုန့် စက်ရုံပတ်ဝန်းကျင်တခွင် မြေဧက တော်တော်များများ ကလောပီနံတွေ စိုက်ကြသည်။ ထိုအခါမှ အချိုမှုန့်ကို ကလောပီနံက ထုတ်တယ်ဆိုတာ သိတော့သည်။ ဂျပန်မှာကတော့ ရေညှိတမျိုးက ထုတ်တာလို့ ကြားဖူးထားတာ ဖြစ်သည်။ ဒိုက်ဦး အချိုမှုန့် စက်ရုံက ထုတ်လိုက်သည့် ("ဆွမ်းအုပ်" တံဆိပ်ထင်သည်။ ) အချိုမှုန့်မှာ ဈေးကွက်မှာ အာဂျီနိုမိုတိုကို အမီလိုက်နိုင်သည်။ သို့သော် မဆလ အစိုးရထုံးစံအတိုင်း အချိုမှုန့်ပင် ဗီအိုင်ပီ စားဖို့ ဖြစ်သွားပြီး ပြည်သူတွေ ဝယ်မရတော့၊ ဗီအိုင်ပီတွေက အလကားနီးပါးယူကြတာဆိုတော့ အရှုံးပေါ် စက်ရုံရပ် နောက်တော့ ဘယ်ပျောက်သွားမှန်းမသိ၊ ထိုစဉ်က ဒေသခံတွေ အလုပ်အကိုင်အခွင့်အလမ်း စီးပွားရေးအခွင့်အလမ်းတွေ အတော်အသင့် ရှိလိုက်သေးတာ သတိရမိသည်။
စနစ်တကျ နည်းစနစ်မျန်မှန်သာ လုပ်ကိုင်ခဲ့ပါက ယခုအချိန်ဆို အခြားတိုင်းပြည်ကိုပင် တင်ပို့နိုင်လောက်ပြီလို့ အချိုမှုန့်ကတဆင့် သတိရမိပြန်သေးသည်။
အာဂျီနိုမိုတို ပျောက်သွားကတည်းက မြန်မာပြည်သားတွေ အတုလေ အစစ်လော ဝေခွဲမရပဲ ဝင်လာတာ သုံးနေခဲ့ကြရတာ ဖြစ်သည်။ အချိုမှုန့်တွေက ရောဂါတွေ ရသည်ဆိုကာ ကြက်သားမှုန့် ဆိုတာ ပေါ်လာပြီး ပြောင်းသုံးကြသည်။ အဆိုပါ ကြက်သားမှုန့်ဆိုတာ ဘာတွေဖြင့် လုပ်ထားမှန်း မသိ၊ ပြည်တွင်းကိုတော့ အင်နှင့်အားနှင့် ထိုးဖောက်ဝင်လာပြီး မြန်မာပြည်က မီးဖိုချောင်နှင့်တကွ စားသောက်ကုန်တွေမှာ နေရာယူလာပြန်သည်။
အချိုမှုန့်အကြောင်းနှင့် ပတ်သက်ပြီး ဆရာဒေါက်တာတင့်ဆွေ ရေးထားတာလေး သဘောကျမိပြီး လိုက်နာမိသည်။ အချိုမှုန့်ဆိုတဲ့ Monosodium glutamate (MSG) ပေါ်လာတာ နှစ်ပေါင်း(၁၀၀) ကျော်ရှိပြီ။ သုတေသနပြုလုပ်ပြီး ထုတ်လုပ်ထားတာ ဖြစ်သည်။
"ဟင်းချိုမှုန့်သုံးစွဲနေခဲ့ကြတာ နှစ်ပေါင်း ၁ဝဝ ကျော်ပါပြီ။ သုတေသနတွေလည်းလုပ်ကြတာများပါပြီ။ အခုထိတော့ မသုံးစွဲသင့်၊ သုံးလည်းဘာမှမဖြစ် အမျိုးမျိုးရှိတယ်။ စွဲစေတာတော့ မှန်တယ်။ မသုံးရမနေနိုင်သူတွေ၊ အဲတာမပါ ဟင်းမချက်တတ်သူတွေ ရှိတယ်။ အဲတာမပါပဲ ချက်တတ်၊ စားတတ်သူတွေလည်းရှိတယ်။ဆုံးဖြတ်ချက်ကတော့ လူကြီးမင်းတို့နဲ့ ဂုဏ်သရေရှိအမျိုးသမီးတို့ သဘောပါခင်ဗျား။ ကျွန်တော့်အိမ်မှာတော့ ဧည့်သည်လာလို့ စားချင်သူဆိုရင် ပေးဘို့သာ ဝယ်ထားပါတယ်။"တဲ့
ကြက်သားမှုန့်ထက်စာရင် ဟင်းချိုမှုန့်က သုတေသနလုပ်ထားတာလည်းရှိ ကိုယ့်အရင် စားပြီး လူ့ဘဝနေသွားတဲ့သူတွေများစွာရှိသေးသည်။ ကြက်သားမှုန့်ကတော့ သုတေသနလုပ်ထားတာလည်း မရှိ၊ ဘယ်လိုအရာတွေ ရောနှောပါထားမှန်းမသိရတဲ့အတွက် ကြက်သားမှုန့်ကို မသုံးတော့ပါ။ အချိုမှုန့်ကို အသား ငါး ဟင်းတွေမှာ လုံးဝမသုံးပဲ အသုပ်၊ ဟင်းချိုလို မှာ အချိုကဲတာ ကြိုက်သူတွေ အတွက် အနည်းငယ် ထားထားပြီး ဟင်းချိုတအိုးကို လက်ညှိုးနဲလက်မကြား ပါလေကာ ရွေးစေးခန့် ထည့်သုံးလိုက်သည်။ ထိုင်းမှာက အာဂျီနိုမိုတို ဟင်းချိုမှုန့် အစစ်ရတဲ့အတွက် အဆိုပါ ရွေးစေးခန့်ဖြင့်ပင် အချို လေးပါသည်။
အိမ်နားမှာ မြန်မာပြည် မော်လမြိုင်ဘက်က အစ္စလမ်အမျိုးသမီးလေးတွေ ခေါက်ဆွဲသုပ်၊ မုန့်ဟင်းခါး လုပ်ရောင်းကြသည်။ တခါတရံ ခေါက်ဆွဲသုပ် ဝယ်စားရာ အချိုမှုန့် မထည့်နဲ့ ပြောက သူတို့က " အမ နဲနဲတော့ထည့်ပါ ဘာမှမဖြစ်ပါဘူး ဒီမှာက မြန်မာပြည်မှာလို မဟုတ်ဘူး အချိုမှုန့်က စစ်ပါတယ် " အပြောကို သေချာ စဉ်းစားမိတော့ လက်ခံမိသည်။ အချောင်းလိုက် ရှည်ရှည် မျောမျော အချိုမှုန့်တွေထက်စာရင် အစစ်ကလေး သုံးရတယ်ဆိုတော့ ကျေနပ်စရာလို့ တွေးမိရသည်။
မြန်မာပြည်သားတွေ အာဟာရပြည့်ဖို့ စားသောက်နေရတဲ့ အစားအသောက်ထဲ ဟင်းခပ် တခုဖြစ်တဲ့ ဟင်းချိုမှုန့် ခေါ် အချိုမှုန့် အတုတွေနဲ့ နှစ်ပေါင်းများစွာ သုံးစွဲကြရပြီ။ အစစ်ကို သုံးစွဲသော် ဆိုးကျိုးရှိနိုင်တယ် ဆိုသော်ငြား အတုထက်စာက အစစ်က တော်သေးသည် ဆိုရမည်။ ဒါ့ကြောင့် အာဂျီနိုမိုတို တင်မက မြန်မာပြည်သားတွေ နေ့စဉ် စားသောက်နေရသည့် အစားအသောက် ဖြည့်စွက်စာ ဆေးဝါး အားလုံး စနစ်တကျ ထုတ်ပိုး ဖြန့်ဖြူးပြီး မှတ်ပုံတင် အာမခံချက် အပြည့်ရှိသည့် ကုန်ပစ္စည်းတွေ တရားဝင်လာရောက် လုပ်ကိုင်တာကို ကြိုဆိုရမည်။ နယ်စပ်ကနေ တွေ့ရာမြင်ရာကို နာမည်ကြီး လူကြိုက်များနေသည့် တံဆိပ်ကပ်ပြီး ဝင်ရောက်တာထက် စာရင် ယုံကြည်စိတ်ချစွာ သုံးစွဲရရုံမက ပြည်သူတွေအတွက် အလုပ်အကိုင်အခွင့်အလမ်းတွေလည်း ပိုရလာနိုင်သည်။ ဘယ်အရာပဲ ဖြစ်ဖြစ် တန်ဆေးလွန်ဘေး ဆိုသည့်အတိုင်း ချင့်ချိန်ပြီး အစစ်အမှန်တွေ များများ ရကြပါစေ ဆုတောင်းမိပါသည်။
ခိုင်ခိုင်စောလွင်