May 29, 2017

" ဒီနေရာမှာ အမှိုက်ပစ်လို့မရဘူး"၂၉ရက် မေလ ၂၀၁၇ခုနှစ် ဒီလှိုင်းစာစောင် အတွဲ(၆) အမှတ်(၂၀) မှ


အမှိုက်တွေကို တွေ့ရာနေရာမှာ ကြုံသလို လွှင့်ပစ်တဲ့ အကြောင်း ရေးကြပြောကြ များလှပါပြီ။ လူမှုကွန်ယက်တွေမှာလည်း အမှိုက်ကို စနစ်တကျ rပစ်ကြတဲ့ မြန်မာပြည်သားတွေအကြောင်းနဲ့ အခြားနိုင်ငံမှာ အမှိုက်ကို ဘယ်လို စည်းကမ်းတကျ ပစ်ကြကြောင်း၊ လမ်းတွေ ရပ်ကွက်တွေ ဘယ်လောက် သန့်ရှင်းကြောင်း ဓါတ်ပုံတွေ၊ ဗီဒီယိုတွေပါ တင်ပြီး အတုယုစရာ အားကျဖွယ်ကောင်းလောက်အောင် ရေးပြ ပြောပြကြတာလည်း များစွာ တွေ့ရလေသည်။ ကိုယ်တိုင်လည်း စည်းကမ်းမဲ့ အမှိုက်ပစ်လို့ ညစ်ပေနေတဲ့ ရပ်ကွက် လှုမှုဝန်းကျင်အကြောင်းတွေ ရေးခဲ့ဖူးပါသည်။ သို့သော် ဒီနေရာမှာ အမှိုက်ပစ်လို့မရဘူးဆိုတဲ့ အသိမျိုးကို တာဝန်မဲ့မှုတွေက လွှမ်းခြုံနေသေးတာလား စဉ်းစားစရာ အကြောင်းတွေ ပေါ်လာပြန်လေသည်။
မြန်မာပြည်ကို အလုပ်ကိစ္စနဲ့ သွားခဲ့ပြီး ထိုင်းကို ပြန်ရောက်လာတဲ့ ထိုင်းဆရာမကို မြန်မာပြည် ဘယ်လိုလဲ မေးလိုက်ရာ " ပျော်ဖို့ကောင်းတယ်" ဆိုတဲ့ အဖြေက စိတ်ထဲ ကျေနပ်သွားလေသည်။ အလုပ်ကိစ္စတွေပြီးလို့ ငွေဆောင်ကမ်းခြေကို အပန်းဖြေခရီးသွားကြသေးသည် ဆိုရာ ထိုင်းနဲ့ မြန်မာ နှိုင်းယှဉ်ပြီး မေးလိုက်ရာ မြန်မာပြည် ကမ်းခြေက ပိုလှတယ်လို့ ဆိုပြန်ရာ ကိုယ့်တိုင်းပြည်အတွက် ကျေနပ်ပီတိ ဖြစ်ရပြန်သည်။ သို့သော် အဆိုပါဆရာမက မေးခွန်းတခု ပြန်မေးရာ အချိန်အတန်ကြာ ပြန်ဆွေးနွေးဖြစ်သည့် အကြောင်းအရာ တခု ဖြစ်သွားရလေသည်။
" ကျမ နားမလည်နိုင်တာတခုက ဆရာမတို့ မြန်မာလူမျိုးတွေက ဘာဖြစ်လို့ အမှိုက်ကို အလွယ်တကူ ပစ်ချလိုက်ကြတာလဲ၊ အမှိုက်ပုံးမှာ ပစ်ဖို့ အနီးအနားမှာ အမှိုက်ပုံးမရှိရင်တောင် ကိုယ့်ဖာသာ သိမ်းဆည်းထားပြီး အမှိုက်ပုံးတွေ့မှ ပစ်ဖို့ မသိကြတာလား၊ လူတိုင်းလိုလို ကားစီးသွားရင် ကားပေါ်ကနေ ပစ်ချသွားတတ်ကြတယ်နော်တဲ့"
"လူတိုင်းတော့ မဟုတ်ပါဘူး၊ အခုနောက်ပိုင်း တချို့ လူမှုရေးအဖွဲ့အစည်းတွေကပါ အမှိုက်တွေ လိုက်ကောက်သိမ်းတာတွေ ပညာပေးတာတွေ လုပ်နေကြပါပြီ။ တခြားသူတော့ မသိဘူး၊ ကျမကိုယ်တိုင်ကတော့ အခု ထိုင်းကို ရောက်မှ မဟုတ်ပါဘူး၊ မြန်မာပြည်မှာ နေစဉ်ကတည်းက လက်ထဲမှာ တခုခုစားပြီးလို့ ကျန်တဲ့ အိတ်ခွံ ဒါမှမဟုတ် တစ်ရှုးစကို ပစ်စရာ အမှိုက်ပုံးမတွေ့ရင် လမ်းဘေးကို အလွယ်တကူ ပစ်ချလိုက်ဖို့ ဝန်လေးပါတယ်၊ တခါတလေ အိမ်အထိပါလာပြီး အိမ်ရောက်မှ အမှိုက်ပုံးထဲ ပစ်လိုက်တာ ရှိပါတယ်" ပြောမိသည်။
အဲဒီလို လူတွေချည်း ရှိရင် ဒီလို အမှိုက်တွေ ဗလပွဖြစ်မှာမဟုတ်ဘူးလို့ အဆိုပါ ဆရာမက ဆက်သည်။
" တခြားသူတွေထက် ပိုဆိုးတာက ပရဟိတလည်း လုပ်တယ်ပြောသေး ကားပေါ်ကနေ စားပြီး အမှိုက်ကို လမ်းပေါ် ပစ်ချတာ၊ ကျမက အမှိုက်တွေကို စုထားတာ လက်ထဲမှာ တထုတ်ကြီးဖြစ်နေတော့ ကျမကို အမှိုက်တွေ စုထားတာ ပြန်ရောင်းစားဖို့လားလို့ နောက်နေသေးတယ်၊ ကျမ အရမ်းအံ့ဩတယ်" လို့ သူကြုံခဲ့ရတာ ပြောပြတာ လူကို နှုတ်ဆွံ့သွားစေတော့သည်။
တိုတိုတုတ်တုတ်ပဲ အဖြေပေးပြီး စကားဖြတ်လိုက်သည်။
" တာဝန်မဲ့တဲ့ စိတ်တွေ များလာကြပြီ" ဒါ့ထက်ပိုပြီး ဘာများပြောနိုင်အုန်းမှာလဲ။
တကယ်တော့ ဒီအမှိုက်ပြဿနာက စိတ်ထဲမှာ ပျောက်မသွားပဲ ဘာဖြစ်လို့ ဒီလို စည်းကမ်းမဲ့ အမှိုက်ပစ်ရသလဲ အတွေးနယ်ချဲ့ရာက အမှိုက်ကစပြဿဒ်မီးလောင်မဟုတ်ပဲ ဦးဏှောက်ပူတဲ့အထိ အချက်အလက်တွေ များစွာ တွေးလိုက်မိလေသည်။ စည်းကမ်းကို မသိတာထက် လစ်ရင်လစ်သလို အချောင်ခိုတတ်တဲ့ စိတ်တွေ၊ တကိုယ်ရေကောင်းစားရေးစိတ်တွေ၊ သူများဘာဖြစ်ဖြစ် ကိုယ့်မထိပြီးရော အတ္တကြီးစိတ်တွေအပါအဝင် တာဝန်မဲ့မှု တာဝန်မယူမှု တွေအထိ ရောက်သွားကာ အခြေခံအကျဆုံးဖြစ်သည့် စိတ်ဓါတ်ယိုယွင်းပျက်ဆီးမှုကို တွေ့ရလေသည်။ ပညာတတ် ဘွဲ့ရ ဆိုတာထက် အကျင့်သီလနဲ့ တာဝန်ယူတတ်မှု ကိုယ်ကျင့်တရား အခြေခံကစပြီး ပျက်ဆီး နေတဲ့ လူတွေ များလာတာကို ပြလိုက်တယ်လို့ ယူဆမိသည်။
ဒီနေရာမှာ တိုက်ဆိုင်စွာပဲ သတင်းတပုဒ်ကို သတိရမိပြန်သည်။ ရန်ကုန်တိုင်းအစိုးရဝန်ကြီးချူပ်နဲ့ ချန်ဂရီလာ ဟိုတယ် မီးပြတ်တဲ့ ကိစ္စမှာ ဘက်ပေါင်းစုံကရေးကြပြောကြ မျိုးစုံအောင်ဖတ်ရသည်။ အကြောင်းရင်းက မီးပြတ်နေတဲ့ နာရီဝက်အတွင်း တာဝန်ရှိသူ၊ ဝန်ထမ်း တဦးတယောက်မှ အကျိုးအကြောင်း လာပြောတာ မရှိတာပင်၊ ဒီနေရာမှာ ဝန်ကြီးချူပ်မဟုတ်ပဲ အခြားသူတယောက်ဆိုပါကလည်း ဟိုတယ်ဘက်ကနေ အကျိုးအကြောင်း တခုခုတော့ ပြောရမည့် တာဝန် ရှိလေသည်။ အကြောင်းရှိလို့ ပဲဖြစ်ဖြစ်၊ နည်းပညာချို့ယွင်းမှု တခုခု ရှိလို့ ပဲဖြစ်ဖြစ် တနေ့လုံးမီးပြတ်နေရင်တောင် တာဝန်ခံသည့်စကား တခုခုတော့ ပြောကိုပြောရမည်။ တာဝန်ခံမှု တောင်းပန်မှု တာဝန်ယူမှု အားနည်းကြတာ မြင်ရသည့် တစိတ်တပိုင်းတခုသာ။ နေရာတိုင်း ဌာနတိုင်းမှာ ကန့်သတ် သတ်မှတ်ထားသည့် စည်းကမ်းတွေရှိပါသည်။ အသံလွှင့်ရုံမှာ မီးပြတ်က အသံလွှင့်တာ ရပ်သွားသည်။ အဆိုပါနေ့ တာဝန်ကျသူက မီးပြတ်သည်နှင့် နာရီကို မျက်တောင်မခတ် ကြည့်နေရသည်။ (၂)မိနစ်ကျော်က တောင်းပန်ရပါသည်။ ဒါသည် စည်းကမ်းနှင့် တာဝန်ယူထားမှုဖြစ်သည်။
အမှိုက်ပစ်တာနှင့် ဒီသတင်း ဘာဆိုင်လဲ ဆိုက သိပ်ကိုဆိုင်သည် လို့ ဆိုရမည်၊ အခြေခံ ကိုယ်ကျင့်တရား တာဝန်သိစိတ်တွေက လမ်းဘေးအမှိုက်ပစ်တဲ့ ကိစ္စကနေ နိုင်ငံတော်အဆင့် အစည်းဝေးတွေအထိ ဆိုင်သည်။
မျှော်လင့်စရာ သတင်းတပုဒ်ကလေးတွေ့တော့ အားတက်မိရသည်။ နိုင်ငံကြီးသားပီသစေရန် ပညာရေးစနစ်မှာ ပြည်သူ့နီတိ( ကိုယ်ကျင့်တရား) အပါအဝင် မျိုးဆက်ပွားကျန်းမာရေးနဲ့ ဒီမိုကရေစီ ဘာသာရပ် သုံးခုကို ပညာရေးကောလိပ်၊ အခြေခံပညာ အလယ်တန်းနဲ့ အထက်တန်းတွေရဲ့ အထွေထွေဘာသာရပ်အခန်းမှာ မိတ်ဆက်သင်ကြားရုံမက လက်ခံသင်ကြားပေးဖို့ လွှတ်တော်မှာ အဆိုတင်သွင်းသည်တဲ့၊ အဆိုရှင် လွှတ်တော်ကိုယ်စားလှယ်က " ကျမတို့ နိုင်ငံဟာ နိုင်ငံကြီးသားပီသအောင် သင်ပေးတဲ့ ပညာရေးစနစ်မရှိတာ နှစ်ပေါင်းများစွာ ကြာပါပြီ။ ဒါ့ကြောင့် ဒီခေါင်းစဉ် သုံးခုကို သင်ရိုးညွှန်းတန်း အထွေထွေဘာသာရပ်ထဲမှာ ထည့်သွင်းသင်ကြားပေးစေလိုပါတယ်၊ ပြည်သူ့နီတိ( ကိုယ်ကျင့်တရား) နဲ့ ပတ်သက်လျှင်လည်း ငယ်စဉ်ကတည်းက စနစ်တကျ သင်ကြားပြီး ကျင့်သုံးလိုက်နာရန် စီမံဆောင်ရွက်ပေးခြင်း မရှိခဲ့တာကြောင့် လက်ရှိကာလများမှာ စက်ဆုတ်ဖွယ်ရာ ပြစ်မှုဖြစ်ပွားခြင်းတွေ ရှိလာတယ်" လို့ အဆိုတင်သွင်းရာမှာ ပြောကြားသွားလေသည်။
အကျင့်သီလကောင်းတယ်ဆိုလို့ရှိရင် ကျွန်မတို့ ယဉ်ကျေးမှုရဲ့ အဆင့်အတန်းကအလိုလိုကို တက်လာမှာပါ။ ဒါကတော့ပြောစရာမရှိပါဘူး။ ဒီလိုပဲ ပညာရေးကတော့ တက်လာမှာပါ။ ကျွန်မတို့ `အကျင့်သီလလည်းရှိမယ်၊ ကျွန်မတို့ ယဉ်ကျေးမှုလည်း ထိန်းသိမ်းနိုင်မယ်ဆိုရင် ပညာရေးကတော့တက်လာမှာပဲ´ ။
`ပညာရေးဆိုတာအင်မတန်မှ အကျင့်သီလနဲ့ ဆိုင်ပါတယ်´။ `ပညာဆိုတာဟာ စာအုပ်ကြီးထဲက တတ်တဲ့ပညာမဟုတ်ပါဘူး။ ဘဝကသင်ခန်းစာပေးတဲ့ ပညာတွေပါ။ လောကီ၊ လောကုတ္တရာပညာ နှစ်ခုလုံးကိုတတ်မှ ပညာတတ်တယ်´ လို့ ကျွန်မတို့ ဆိုနိုင်မှာဖြစ်ပါတယ်။ ဒီတော့ဒီဟာလည်း အကျင့်စာရိတ္တနဲ့၊ အကျင့်သီလနဲ့ အင်မတန်မှဆက်နွယ်နေပါတယ်။
လူထုခေါင်းဆောင်၊ နိုင်ငံတော်အတိုင်ပင်ခံပုဂိုလ်ဒေါ်အောင်ဆန်းစုကြည်ရဲ့ လူထုနဲ့ အမေးအဖြေတခုထဲက အကျင့်သီလနဲ့ ပတ်သက်ပြီး ဖြေထားတာ အင်မတန် မှတ်သားစရာ ကောင်းလှပါသည်။ ဘယ်နေရာမှာ အမှိုက်ပစ်ရမှာလဲ၊ ဒီနေရာမှာ အမှိုက်ပစ်လို့ မရဘူးဆိုတဲ့ အသိစိတ်နဲ့ ထိန်းချူပ်နိုင်မှု ၊ ကိုယ့်အမှိုက်ကို ကိုယ်တာဝန်ယူမှု၊ ကိုယ့်လက်ကလွတ် ပြီးရော ပတ်ဝန်းကျင်မှာ ဘာဖြစ်ဖြစ်ဆိုသည့် လှုမှုပတ်ဝန်းကျင်ကို မထီမဲ့မြင်မှုတွေ တဖြည်းဖြည်း လျော့နည်းလာပါမှ ယဉ်ကျေးသောနိုင်ငံကြီးသားပီသသော မြန်မာလူမျိုးတွေ ဖြစ်လာကြမှာ ဧကန်မလွဲပေ။ ဒါ့ကြောင့် စည်းကမ်းမဲ့ နေတတ်သူတွေ ဒီနေရာမှာ အမှိုက်ပစ်လို့မရဘူး ဆိုတဲ့ အသိစိတ်ကလေး နှလုံးသွင်းပြီး နိုင်ငံကြီးသားပီသစွာ နေတတ်အောင် တဖြည်းဖြည်း မိမိကိုယ်တိုင်ကပဲစပြီး လေ့ကျင့်ကြပါလို့ တိုက်တွန်းလိုက်ပါရစေ။
ခိုင်ခိုင်စောလွင်

May 21, 2017

" ထားခဲ့တဲ့ အမွေဆိုး"၂၂ရက်မေလ ၂၀၁၇ခုနှစ် ဒီလှိုင်းစာစောင် အတွဲ(၁၆) အမှတ်(၁၉)



မေလ ဒုတိယပတ်မှာ ထိုင်းနိုင်ငံအဝှမ်းက ကျောင်းတွေ ပြန်ဖွင့်လေပြီ။ ယခုနှစ်မှာတော့ မေလ(၁၅)ရက်နေ့မှာ ကျောင်းတွေ ဖွင့်သည်။ ကျောင်းမဖွင့်ခင် တရက်အလို ဘန်ကောက်ပို့စ် သတင်းစာမှာ ကျောင်းချိန် ယာဉ်ကြောပိတ်ဆို့မှု ဖြေရှင်းဖို့ ယာဉ်ထိန်းရဲတွေ အသင့်ပြင်ထားပြီ ဖြစ်ကြောင်း သတင်းဖတ်ရသည်။ ဒီကနေ့ ကျောင်းစဖွင့်တာနှင့် လမ်းပေါ်မှာ လှုပ်လှုပ်ရှားရှား သွားသွားလာလာတွေ ပိုတွေ့ရသည်။

ချင်းမိုင်လိုမြို့ကလေးမှာတော့ မိဘတွေက မော်တော်ဆိုင်ကယ်နဲ့ ကလေးတွေ ကြိုတာ ပို့တာ အများဆုံးတွေ့ရပြီး ကျောင်းကားနဲ့တဖုံ ကိုယ်ပိုင်ကားနဲ့တနည်း ကြိကြပို့ကြ တာ တွေ့ရသည်။ ကျောင်းပိတ်ထားသည့် ရက်အတွင်း လမ်းရှင်း ကားရှင်းရုံမက ကန့်သတ်ထားသည့် အချိန်အတွင်း တလမ်းမောင်း စနစ်လည်း မရှိ ၊ နှစ်လခွဲခန့် လွတ်လွတ်လပ်လပ် သွားလာရာက ယခု အပြင်ထွက်တော့မည်ဆိုက အချိန် နေရာ အထိန်းအချူပ်ကို ပြန်ပြီး သတိထားရတော့ပေမယ့် လမ်းပေါ်မှာ ခါတိုင်းလို သွေ့ခြောက်မနေတော့ပဲ ကျောင်းဝတ်စုံနဲ့ ကျောင်းသားလေးတွေ မြင်ရတာ လန်းဆန်းတက်ကြွ ပြီး စိတ်ကြည်နူးစရာ မြင်ကွင်းတွေနှင့် အဓိပ္ပါယ်ရှိသလို ခံစားလာရသည်။
သည်လိုခံစားမှုမျိုးက ကိုယ့်မိခင်နိုင်ငံမှာ ကျောင်းဖွင့်ချိန် ရောက်လို့ ကျောင်းသွားနေတဲ့ ကလေးတွေ မြင်ရတိုင်း ခံစားရသည့် ပီတိမျိုးနှင့်အတူတူပဲဖြစ်သည်။ ဒီအရွယ် ကလေး ၊ လူငယ်တွေ အတွက် စာသင်ခန်းကို သွားကြတဲ့ မြင်ကွင်းက ကျက်သရေ အရှိဆုံးနှင့် လောကကြီးလှပနေတဲ့ အချိန်လို့ ခံစားရသည်။ ဘယ်နိုင်ငံမှာပဲ ဖြစ်ဖြစ် အနာဂတ်မျိုးဆက်တွေ ပညာသင်နေကြပါလား ဆိုသည့် အသိစိတ်က အနာဂတ်လောက အတွက် အကောင်းမြင်သည့် ခံစားချက်ကို ရရှိခံစားမိတာပဲ ဖြစ်သည်။
မြန်မာနိုင်ငံမှာတော့ ဇွန်လပထမအပတ် ပထမဆုံး တနင်္လာနေ့ ၊ အထူးသဖြင့် ဇွန်လ(၁) ရက်နေ့က တနိုင်ငံလုံး အခြေခံပညာကျောင်းများ စတင်ဖွင့်သည့်နေ့၊ အဆိုပါနေ့မှာ ကလေးတွေလည်း ကျောင်းကို သွားဖို့ တက်ကြွနေကြသည့်အချိန်၊ မိဘတွေတင်မက ပတ်ဝန်းကျင်က လူတွေကပါ ကြည်နူးကျေနပ် ဝမ်းမြောက်ကြချိန်ပဲ ဖြစ်သည်။ မြန်မာပြည်မှာ မကြာခင် ကျောင်းတွေ ပြန်ဖွင့်တော့မှာပါလား အတွေးနဲ့အတူ ကျောင်းနေအရွယ် ကလေးအားလုံး စာသင်ခန်းဆီ တည့်တည့်မတ်မတ် အရောက်လာနိုင်ကြရဲ့လား အတွေးပါ တဆက်ထဲ ဖြစ်မိသည်။
မှန်ရာ ပြောရက လွန်ခဲ့သည့် နှစ်အနည်းငယ် ခန့်ကမှ မြန်မာပြည်မှာ ကျောင်းမနေနိုင်သည့် ကလေးတွေ များပြားလှတာ စာရင်းဇယား ခန့်မှန်းခြေတွေ ထွက်လာမှ သိန်းနှင့်ချီ ရှိမှန်းသိရတော့သည်။ ကျောင်းနေရမည့် အရွယ်မှာ မိဘနဲ့အတူ မိသားစုဝမ်းရေးအတွက် ဝိုင်းဝန်း ငွေရှာပေးနေရသည့် ကလေးတွေ များလာမှန်း မြင်လာတာ ရှိပေမယ့် အဲဒီလောက် အရေအတွက် ကျောင်းပြင်ပ ရောက်နေမယ်မှန်း မထင်မိခဲ့ပေ။ အခြေခံပညာကိုပင် သင်ယူခွင့်ဆုံးရှုံးခဲ့ရသူတွေ ဒီလောက်များလာသော် တက္ကသိုလ်အဆင့်ဆိုက ပိုလို့ပင် အခွင့်အရေးနည်းလိမ့်မည်လို့ တွက်ဆရလေသည်။
အကြောင်းအမျိုးမျိုးကြောင့် နယ်စပ်ဒေသကို ရွှေ့ပြောင်းရောက်ရှိနေသည့် ကျောင်းနေအရွယ်ကလေးတွေ ရှိသေးသည်။ တချို့ကတော့ နယ်စပ်မှာပဲ ဖွင့်လှစ်ထားသည့် ရွှေ့ပြောင်းကျောင်းတွေမှာ တက်ရောက်သင်ကြား နေနိုင်ကြသေးသည်။ ထိုင်း-မြန်မာ နယ်စပ်ဒေသမှာ ရွှေပြောင်းကျောင်းပေါင်း (၁၃၆)ကျောင်း ရှိပြီး ကျောင်းပြင်ပရောက်နေသည့် မြန်မာရွှေ့ပြောင်းကလေးငယ် (၃)သိန်းခန့်ရှိနေသည်တဲ့။
မြန်မာပြည်တွင်းမှာလည်း အစိုးရကျောင်းတွေက ကျောင်းလခ၊ ကျောင်းအပ်နှံခ၊ စာအုပ်ဘိုး၊ ဝတ်စုံ စတာတွေ မပေးရပဲ လူပဲ လာပါဆိုတာတောင် ကျောင်းတက်ဖို့ ခက်ခဲနေသည့် ကျောင်းနေအရွယ်တွေ များစွာ ရှိနေလေသည်။ အရပ်ဖက်အဖွဲ့အစည်းတွေကလည်း ကျောင်းနေအရွယ် လူငယ်တွေ ကျောင်းတက်နိုင်ဖို့ ဝိုင်းဝန်း ကူညီကြတာ မြင်တွေ့ရသည်။ ယိုယွင်းပျက်ဆီးခဲ့သည့် လူ့ဘောင်ကို NLD အစိုးရနှင့် အခြား လူမှုအထောက်အကူပြု အဖွဲ့များ အရပ်ဖက်အဖွဲ့အစည်းတွေကပါ ဝိုင်းဝန်း ကြိုးပမ်းနေကြပေမယ့် ခရီးမရောက်နိုင်သေးပဲ ရှိနေသည်။ အဓိကပြဿနာက အိမ်ထောင်စု မိသားစုတွေရဲ့ စားဝတ်နေရေး ပြဿနာ အခက်အခဲတွေပဲ ဖြစ်သည်။ အထူးသဖြင့် ကျေးလက်တောရွာ အပါအဝင် နယ်စပ်ဒေသမှာ အများဆုံးဖြစ်သည်။
ပြီးခဲ့သည့် အပတ်က ဆောင်းပါးမှာ ရေးခဲ့ပါသေးသည်။ နေအိမ်ရပ်ကွက်တွေကို ခဲတွေနဲ့ပေါက် တုတ်တွေနဲ့ရိုက်တဲ့ အမှုကျူးလွန်သူ ငါးယောက်မှာ လေးယောက်က အသက်(၁၃)နှစ်နဲ့ (၁၄) နှစ်အရွယ်တွေ ကျောင်းမနေကြပါတဲ့။ ရှေးတုန်းကတော့ မိန်းကလေးဆိုပါက အတန်းပညာကုန်အောင် သင်ဖို့မလို ရေးတတ်ဖတ်တတ်ပါက အိမ်မှုကိစ္စကို မိခင်နှင့်ဝိုင်းကူ အိမ်ထောင်ထိန်းသိမ်းရေး စီမံခန့်ခွဲတာလုပ်ဆိုကာ ဗိုင်းကောင်းကျောက်ဖိ အိမ်တွင်းထားကာ မိဘတို့က ထိန်းသိမ်းသွန်သင်ကြတာ ကြားဖူးသည်။ ယခု ယောင်္ကျားလေးတွေ ကျောင်းမထားပဲ အိမ်မှာ ဗိုင်းကောင်းကျော်ဖိ ထားဖို့ဆိုတာ မဖြစ်နိုင်။ ယောင်္ကျားလေးသဘာဝအရနဲ့ ဒီအသက်အရွယ် လူငယ်တွေရဲ့ ဗီဇအရ ပြင်ပပတ်ဝန်းကျင်ကိုသာ စိတ်အာရုံ အားသန်တဲ့ ဓလေ့ရှိတာမှာ ကျောင်းစာနဲ့တကွ လေ့လာသင်ယူစရာ မရှိတဲ့အချိန် ဆိုးသွမ်းတဲ့ဘက် ဦးတည်သွားကြတာပင်။
" တက္ကသိုလ်တွေမှာ ကျောင်းသား (၆၀) ရာခိုင်နှုန်းလောက်က အမျိုးသမီးတွေ၊ အစိုးရဝန်ထမ်း ( ၇၀) ရာခိုင်နှုန်းလောက်က အမျိုးသမီးတွေ၊ တက္ကသိုလ်ပါမောက္ခအများစုက အမျိုးသမီးတွေ၊ မူလတန်းကျောင်းဆရာဆို မရှိသလောက်ပဲ၊ ဆရာမတွေချည်း၊ အခြေခံပညာအထက်တန်းလောက်တောင် မအောင်ထားတဲ့ ယောင်္ကျားလေးတွေ ဘာလုပ်စားမလဲ၊ သူတို့အနာဂတ်ကို ဘယ်လိုဖြတ်သန်းမလဲ ၊ အမျိုးသားတွေ ဘယ်ရောက်ကုန်သလဲ၊ သူတို့အတွက် စိတ်ပူမိတယ်၊"
နိုင်ငံတော်အတိုင်ပင်ခံပုဂိုလ် ဒေါ်အောင်ဆန်းစုကြည် လန်ဒန်မှာ မြန်မာပြည်သားတွေနဲ့ တွေ့ဆုံပွဲမှာ ပညာရေးနဲ့ပတ်သက်တဲ့ မေးခွန်းတခုကို ဖြေကြားခဲ့တာ ဖြစ်သည်။
ဖွန်လ(၁) ရက်နေ့ဆိုပါက မြန်မာပြည်တွင် ကျောင်းတွေ ပြန်ဖွင့်တော့မည်။ ပျော်ရွှင်စွာ ကျောင်းတက်လာကြတော့မည့် ကလေးတွေများစွာရှိသလို ကျောင်းစာသင်ခန်းတွေနှင့် အလှမ်းဝေးပြီး ကိုယ်နဲ့မဆိုင်သလို နေနေရသည့် ကျောင်းနေအရွယ် ကလေးတွေလည်း များစွာရှိနေသေးသည်။ ပူမယ်ဆို ပူရုံသာတတ်နိုင်ပေမယ့် တမျှော်တခေါ် လိုက်ပူကြည့်မိရင်းက နောင်အနာဂတ်အတွက် အတွေးစရှည်နေမိလေသည်။
လွန်ခဲ့သည့် ဆယ်နှစ်ခန့်က စာပေဗိမ္မာန်နဲ့ အမျိုးသားစာပေဆု ဆုရတဲ့သူတွေ မြန်မာ့အသံမှာ အင်တာဗျူး အသံလာသွင်းစဉ်က ကဗျာဆရာ ပျဉ်းမနားမောင်နီသင်းလည်း ပါလာရာ အမှတ်တရ စာတိုလေး ရေးပေးပါလို့ မှတ်တမ်းစာအုပ်ထိုးပေးတော့ ဆရာက ဒီကဗျာလေးကိုပဲ ရေးပေးပြီး လက်မှတ်ထိုးပေးခဲ့တာ ပြန်အမှတ်ရမိသည်။
" ပန်းကလေးများ ပွင့်တော့မည်
ဖူးတံဝင့်လို့ချီ
နေခြည်မှာ ရွှေရည်လောင်း
ငါတို့ စာသင်ကျောင်း" တဲ့
ကျောင်းသင်ခန်းစာမှာ ပါရှိတဲ့ အဆိုပါ ကဗျာလေးထဲကလို ငါတို့စာသင်ကျောင်းလို့ အားရပါးရ လိုက်မဆိုနိုင်တဲ့ ကလေးတွေ အများကြီး ရှိနေသတဲ့။ အနာဂတ်တိုင်းပြည်ရဲ့ တိုးတက်မှုမှာ ပညာကသာ ထိပ်ကပါလို့ ပြောနေကြတဲ့ ခေတ်မှာ ပညာမသင်နိုင်တဲ့ ကလေးတွေ များစွာ ရှိနေသတဲ့။
တိုင်းပြည်ရဲ့ငွေကို ကိုယ်ပိုင်ငွေလို ယူဆောင် သုံးစွဲကြပြီး မိမိမိသားစု ကောင်းစားရေးသာလုပ်ရုံမက ပြည်သူတွေကိုပါ လိမ်ညာလှည့်စား ခဲ့ကြသည်။ မြန်မာပြည်ကြီး တိုးတက်ပြီး ပညာရေးအဆင့်မြင့်ပါပြီဆိုပြီး အပေါ်ယံကြောတွေ လုပ်ပြခဲ့ကြသည့် အကျိုးဆက်ကို နောင်လာနောက်သားတွေ စုပြုံ ခံစားလိုက်ရတာပဲဖြစ်သည်။ ထိုသူတို့ ထားခဲ့သည့် အမွေဆိုးကို နိုင်ငံသူနိုင်ငံသားအားလုံး တတ်အားသရွေ့ ဝိုင်းဝန်းဖယ်ရှားဖို့ လုပ်ဆောင်ကြရုံမှတပါး အခြားမရှိ။
ခိုင်ခိုင်စောလွင်

May 14, 2017

" နေထွက်ချိန်မှာ နေဝင်သည်" ၁၅ရက် မေလ ၂၀၁၇ခုနှစ် ဒီလှိုင်းစာစောင် အတွဲ(၆) အမှတ်(၁၈)မှ


ပဲခူးမှာ လူငယ်တွေ အုပ်စုဖွဲ့ ဆိုးသွမ်းပြီး အကြောင်းမဲ့ တုတ်ဖြင့်ရိုက် ဒါးဖြင့်ထိုးတဲ့အတွက် လူ(၆)ယောက် ဒဏ်ရာရပြီး လူတစ်ယောက် သေဆုံးသွားတယ်ဆိုတဲ့ သတင်းဖတ်ရတာ ကြောက်ခမန်းလိလိ၊ ကြောက်တယ်ဆိုတာ သူတို့ကို ကြောက်တာမဟုတ်၊ ကျူးလွန်သူတွေရဲ့ စိတ်ဓါတ်၊ အင်မတန်ကြောက်စရာ ကောင်းတဲ့ စိတ်ဓါတ်တွေ ဖြစ်နေပါလား အတွေးနယ်ချဲ့မိသည်။ စခန်းမှုးက သတင်းထောက်တွေကို ပြောပြချက်က ပိုလို့ပင် မျက်လုံးပြူးစရာ၊
"ယင်းဖြစ်စဉ်နှင့် ပတ်သက်ပြီး ပဲခူးမြို့မ ရဲစခန်းမှူးက “ဥဿာမြို့သစ်ဆိုင်တစ်ဆိုင်မှာ ထန်းရည်သောက်ပြီး လိပ်ပြာကန်မှာ အတွဲချောင်းမယ်၊ ပြဿနာရှာမယ်ဆိုပြီး လာကြတာ။ ဆိုင်ကယ်တစ်စီးက သူတို့ကို ၀င်တိုက်မလိုလုပ်လို့ ပြဿနာတက်ပြီး စဖြစ်တာလို့ သိရတယ်။ အုပ်စုဖွဲ့ပြီး ဆူပူအောင် နောက်ကမြှောက်ပေးတဲ့အဖွဲ့ မရှိပါဘူး။ ကျွန်တော်တို့ လိုက်ဖမ်းတော့ ချက်ချင်းမိတယ်။ အိပ်နေလို့ နှိုးပြီးဖမ်းရတယ်။ သူတို့က ဒီလောက်အထိ ဖြစ်မယ်လို့ ထင်မထားဘူး” ဟု ပြောကြား သည်။"တဲ့
လမ်းမပေါ်မှာ တွေ့ရာမြင်ရာ လူတွေကို ဘာရန်ညှိုးရန်စမှ မရှိပါပဲ အသားလွတ် ရိုက်နှက်၊ဒါးနဲ့ခုတ်၊ ထိတ်လန့်စွာ ထွက်ပြေးသွားတဲ့ လူတွေရဲ့ ကျန်နေတဲ့ ဆိုင်ကယ်တွေကို မီးတင်ရှို့ကြတဲ့ ရက်စက်တဲ့ စိတ်ဓါတ်တွေနဲ့ ဒီလောက် ကမ်းကုန်အောင် ဆိုးသွမ်းပြုမှုခဲ့ပြီး ဘာမှ မဖြစ်သလို စိတ်အေးလက်အေး အိပ်နေနိုင်ပြီး ဘာမှ ဖြစ်လောက်တဲ့ ကိစ္စမဟုတ်လောက်ဘူးလို့ အတွေးရှိတဲ့ လူငယ်တွေရဲ့ စိတ်ဓါတ်ဟာ ကြောက်စရာ စိုးရိမ်ရေမှတ် အမြင့်ဆုံးကို ရောက်နေပြီလို့ မြင်သည်။ ဖမ်းမိတဲ့ လူငယ်ကလေးတွေ ကြည့်လိုက်တော့ အသက်(၂၀)ဝန်းကျင်တွေ၊ တက်သစ်စလူငယ်တွေမှာ စဉ်းစားချင့်ချိန်ညဏ်၊ ဝေဖန်ပိုင်းခြားဉာဏ်နဲ့ တွေးခေါ်မြော်မြင်မှုတွေ ပျောက်ဆုံးနေတာ ထင်းထင်းကြီးမြင်နေရသည်။ သူတို့တွေ စာသင်ကျောင်းတွေနဲ့ ဝေးကွာခဲ့ကြသလား ၊
အဲဒီမတိုင်ခင် တပတ်ခန့်က လှုမှုကွန်ယက်မှာ ဖတ်လိုက်ရတဲ့ အဖြစ်အပျက်တခုကို သတိရလိုက်မိသည်။ မြို့နာမည် သေချာမမှတ်မိတော့၊ နယ်မြို့တမြို့မှာပဲ ဖြစ်သည်။ အသက်(၁၅)နှစ် (၁၆)နှစ် အရွယ် အုပ်စုလိုက် ရပ်ကွက်ထဲမှာ သောင်းကျန်းကြသည်တဲ့၊ သူတို့လက်ထဲမှာ ဒါး၊တုတ်တွေနဲ့ ပုဆိန်ပါပါသည်တဲ့၊ တွေ့ရာမြင်ရာ လိုက်ခုတ်ပြီး တချို့အိမ်မှန်တွေကို ပုဆိန်နှင့် ပေါက်သွားသည်တဲ့၊ ဖမ်းမိတော့ ပျော်လို့ လုပ်တာလို့ ဆိုသည်တဲ့၊ မှတ်ချက်တွေမှာ ရေးတာတခုက သူတို့ပျော်နည်းမျိုးနဲ့ လူငယ်တွေအားလုံး ပျော်ကြရင်ဖြင့် တနိုင်ငံလုံး မသာပေါ်ကုန်ကြတော့မှာပဲတဲ့။
လူငယ်တွေ ထင်တိုင်းကြဲ ဆိုးသွမ်း သတ်ချင်ဖြတ်ချင် ရိုက်ချင်နှက်ချင် ဖြစ်နေကြတဲ့ အမှုတွေ စိပ်လာလို့ စိုးရိမ်စွာပဲဒီအပတ်မှာ ဒီအကြောင်းနဲ့ ပတ်သက်ပြီး စာရေးမယ်ဆိုကာ သိမ်းဆည်းထားတဲ့ သတင်းအချက်အလက်အချို့ကို စာရေးနေရင်း ပြန်အရှာ လူမှုကွန်ယက်မှာ တခဏချင်း တက်လာတဲ့ သတင်းတပုဒ်ကို ဖတ်လိုက်ရတော့ စိတ်လက်မသက်မသာ ဖြစ်ရပြန်လေသည်။
"နေအိမ်၊ ဆိုင်ခန်းနှင့် ကားမှန်များအား ခဲဖြင့် လိုက်လံထုနေသည့် အရွယ်မရောက်သေး သူများကို ရဲစခန်းသို့ ခေါ်ယူပြီး အုပ်ထိန်းသူများထံ ပြန်လည် အပ်နှံ"တဲ့၊
ဖြစ်တာ ကချင်ပြည်နယ် ဗန်းမော်မှာတဲ့၊ သတင်းမှာ ဖတ်ရတာက
" ဖြစ်စဉ်မှာ ဗန်းမော်မြို့အတွင်း ခဲများဖြင့်ပစ်ပေါက်ခံနေရကြောင်း သတင်းအရ ရဲတပ်ဖွဲ့ဝင်များက စုံစမ်းဆောင်ရွက်နေစဉ် မေ ၅ ရက် ည ၉ နာရီခန့်က အရွယ်မရောက် သေးသူလူငယ်ခြောက်ဦးသည် ဆိုင်ကယ်နှစ်စီးဖြင့် ဂေါ်ရာကန်ထိပ်ထီ ဆိုင်မှမှန်များ၊ ခွန်သာရပ်ကွက် မင်းကုန်းရပ်ကွက် ပလောင်တန်းဈေး ဆိုင်ခန်းများနှင့် အိမ်အမိုးများ၊ မြို့မရပ်ကွက် တရုတ်ဘုံကျောင်းရှေ့ရှိ ကားမှန်အား ခဲဖြင့်ထုပြီး သိမ်မဟာ ဘုရားဝင်းအတွင်းသို့ရောက်ရှိနေစဉ် ဖမ်းဆီးထိန်းသိမ်းရမိခဲ့သည်" တဲ့
အဲဒီမှာ လူငယ်လေးတွေက အသက်(၁၅)နှစ်အရွယ် (၃)ယောက်( ကျောင်းမနေ)တဲ့၊ အသက်(၁၄)နှစ်က (၂)ယောက် ကျောင်းမနေ၊ အသက်(၁၃)နှစ်တယောက်က ဆဌမတန်းတက် တဲ့ စုစုပေါင်း(၆) ယောက်၊ အရွယ်မရောက်သေးတဲ့ အတွက် မိဘအုပ်ထိန်းသူထံ ပြန်အပ်နှံလိုက်တဲ့ သတင်း။
ဒီအရွယ်တွေက စာသင်ခန်းထဲရောက်နေပြီး ကိုယ်နဲ့ရွယ်တူတွေနဲ့ ပျော်ပျော်ရွှင်ရွှင် အေးအေးချမ်းချမ်း နေရမယ့်အရွယ် ၊ စာသင်ခန်းမှာ ဆရာ/ ဆရာမတွေရဲ့ ဆုံးမသွန်သင်မှုကို နာခံရင်း အတန်းပညာကို သင်ယူကာ ဘဝရဲ့ ရည်မှန်းချက်တွေ စိတ်ကူးတွေ ဖြိုးဖြိုးဖျတ်ဖျတ် ကွန့်မြူးနေရမည့်အချိန်၊ ဘဝကို ဘယ်လိုဖြတ်သန်းကြမလဲဆိုတာ တွေးတောင်မတွေးပဲ စိတ်ကူးနဲ့ ရှေ့ကိုသာတိုးပြီး အားတက်သရော ကြိုးစားနေချင်ကြရှာတဲ့ အရွယ်တွေမှာ ကျောင်းမနေကြပါတဲ့၊ ကျောင်းမနေမှတော့ လုပ်ချင်တာတွေ လုပ်ကုန်ကြပြီး အကျိုးနဲကြချေပြီ။
၁၉၇၀- ၁၉၈၀ ကြား ဖြတ်သန်းခဲ့ဖူးသည့် သူတွေ ပြန်လည် မှတ်မိကြမည်ထင်သည်။ ယခုအချိန်ဆို အသက်(၅၀)နှင့် (၆၀) ဝန်းကျင် အရွယ် ရှိသူများ ကောင်းကောင်းမီခဲ့ကြသည့် " လမ်းသရဲ" တခေတ် ရှိခဲ့ဖူးပါသည်။ လမ်းဆုံ လမ်းခွတွေမှာ ညဖက်မှ ထွက်ပြီး လမ်းသွားလမ်းလာတွေကို နှောင့်ယှက် ရန်စ ၊ မိန်းကလေးတွေကို မထီတရီ နှောင့်ယှက်ကြသည့် လူငယ်တချို့ ရှိခဲ့သည်။ သူတို့က ကျောင်းလဲ မနေကြ၊ ဆံပင်အရှည်တွေနှင့် ညဖက်ကျမှ ထွက်ပြီး သောင်းကျန်းသည့်အတွက် " လမ်းသရဲ" ခေါ်ဟန်တူသည်။ ထိုခေတ်ထိုအခါက ဆံပင်ရှည်ထားသည့် ခေတ်ဖြစ်ရာ မိဘတွေက ဆံပင်ရှည်ထားသည့် သားတွေကို လမ်းသရဲနှင့် မှားမှာဆိုး၍ ဆံပင်ညှပ်ခိုင်းရတာ မိဘနဲ့ သားသမီးကြား ပြဿနာတခုပင် ဖြစ်ခဲ့သည်။ အဆိုတော် ဘိုဘိုဟန် ဆိုထားတဲ့ သီချင်းတပုဒ်မှာတောင် " ဆံပင်ရှည်ထားတိုင်း လမ်းသရဲ မထင်နဲ့" စာသားလေးပါတာ ရှိခဲ့သည်။ လမ်းထိပ် အုတ်ခုံတွေမှာ လမ်းဆုံလမ်းခွမှာ ဂစ်တာတဒေါင်ဒေါင် တီးကြသည့် အနုပညာဝါသနာပါသည့် လူငယ်တွေတောင် လမ်းသရဲတွေနှင့် မှားပြီး အထင်သေးခံတာမျိုး ကြုံကြဖူးသည်။
အဆိုပါ လမ်းသရဲတွေက အသားလွတ် ဓါတ်တိုင်က မီးလုံးတွေ ခွဲသည်။ အုတ်ခုံတွေ ရိုက်ချိုးသည်။ အုပ်စုဖွဲ့ပြီး ချိန်းရိုက်သည်။ သူတို့ကို ကြည့်မိသူကိုတောင် " ဘာကြည့်တာလဲ မိုက်လား" ဆိုကာ ထိုးနှက်တာမျိုး ရှိသည်တဲ့။ ညဖက် လမ်းမပေါ်မှာ အမျိုးကောင်းသားသမီးတွေ လူကြီးသူမတွေ အေးအေးချမ်းချမ်း သွားလာလို့မရပဲ တထိတ်ထိတ် တလန့်လန့် နေကြရသည်။ ရန်ပွဲတွေ သွေးသံရဲရဲတွေ မကြာခဏ ကြုံရ ကြားရသည်။ မိန်းကလေးတွေသာမက ယောင်္ကျားလေးတွေပါ တော်ရုံ ကိစ္စမရှိက ညဖက် အပြင်မထွက်ကြ၊ မိဘတွေက ပေးမထွက်၊ အကြောင်းရှိ၍ ထွက်ရပါက မိဘ ဦးကြီး ဒေါ်ကြီး မောင်နှမ အစုလိုက် အဖော်လုပ်ပြီး သွားကြရသည်။ တော်သေးတာက ထိုခေတ်ထိုအချိန်ကာလမှာ ယခုခေတ်လို ညကြီးမင်းကြီးအထိ အလုပ်လုပ်ရတာ၊ ကျူရှင်သွားရတာတွေ မရှိသေး၊ ဒီတော့ အပြင်မှာ ညအချိန်မတော် ရှိတာ လမ်းသရဲ လို့ အလိုလို သတ်မှတ်ကြတော့သည်။ ဒီတော့ ဒီလို လူတွေ ရှင်းသွားအောင် စီမံချက်ချပြီး အရေးယူလိုက်တာ လမ်းသရဲ မျိုးတုံးသွားတော့သည်။ တဖက်ကလည်း အသက်မပြည့်သည့်လူငယ်တွေပါက စာသင်ကျောင်းပို့နိုင်အောင် စီစဉ်ပေးရာ မြို့နယ်တိုင်းမှာ စေတနာညကျောင်းတွေဆိုတာ ပေါ်လာပြီး လမ်းပေါ်က လူငယ်အချို့ စာသင်ခန်းထဲ ပြန်ရောက်သွားတာ အမှတ်ရမိသည်။
ကျောင်းတံခါးတွေပိတ်ထားတာ ထောင်တံခါးတွေ ဖွင့်ထားတာနှင့် အတူတူလို့ ပြောလာကြတယ် မဟုတ်ပါလား၊ ကျောင်းတွေ ဘယ်လောက်များအောင် ဖွင့်ဖွင့် ကျောင်းနေအရွယ်တွေ စာသင်ခန်းကို ရောက်မလာပဲ လမ်းပေါ်မှာ ရှိနေသ၍ ပိတ်နေတဲ့ ကျောင်းနှင့် ဘာများ ထူးပါအုန်းမလဲ၊ ဒီကနေ့ လူငယ်တွေဟာ နောင်မှာ လူကြီးတွေ ဖြစ်လာကြမှာ ဖြစ်တဲ့အတွက် ဒီလို လူငယ်ကလေးတွေ ဒီလို ကြီးပြင်းလာကြရင်ဖြင့် သတင်းမှာ မှတ်ချက်ဝင်ရေးသလို တနိုင်ငံလုံးမသာပေါ်ရုံ ဘယ်ကမလဲ နိုင်ငံပါသေသွားပေတော့မည်။ မိဘ၊ ဆရာ၊ ပတ်ဝန်းကျင် အားလုံးကပါ တက်ညီလက်ညီ ဆောင်ရွက်ကြပြီး လမ်းပေါ်ကလူငယ်တွေနဲ့ အကြောင်းကြောင်းကြောင့် စာသင်ခန်းကနေ လမ်းပေါ်ဆင်းသွားတဲ့ လူငယ်တွေအတွက် စိတ်ပိုင်းဆိုင်ရာနဲ့ ရုပ်ပိုင်းဆိုင်ရာတွေ ပြုပြင်ပြောင်းလဲ နိုင်ဖို့ ဝိုင်းဝန်းလုပ်ဆောင်ပေးဖို့ လိုအပ်နေပေပြီ။

May 7, 2017

" ပြောင်းမှာလားလို့ မေးချင်သည်" ၈ရက် မေလ ၂၀၁၇ခုနှစ်၊ ဒီလှိုင်းစာစောင် အတွဲ(၆) အမှတ်(၁၇)


ကျောင်းပိတ်ထားတုန်းမှာ ရှေ့လာမယ့် စာသင်နှစ်အတွက် သတ်မှတ်ထားတဲ့ သင်ရိုးညွှန်းတန်းတွေ လေ့လာရင်းက မြင်မိတွေးမိခံစားမိတာလေးကို ဖေ့စ်ဘွတ်မှာ ရေးတင်လိုက်သည်။ မထင်မှတ်ပဲ ခါတိုင်းရေးတဲ့ စာတွေနဲ့မတူ share လုပ်သူ like လုပ်သူတွေ များလှသည်။ မြန်မာပြည်တွင်းက မြို့နယ်ပညာရေးပေ့ခ်ျတွေကို ရှယ်ကြတာလည်း အများသား၊ ပညာရေးနှင့်သက်ဆိုင်သည့် ပေ့ခ်ျတွေအများအပြားနှင့် ဆရာ/ ဆရာမတွေကပါ ရှယ်ကြတာ သတိထားမိသည်။ သူတို့ ရှယ်သည့်အခါ ရေးကြသည့် စာလေးတွေ ကိုကြည့်ပြီး သုံးသပ်မိသည်က မြန်မာပြည်သူတို့ ပညာရေးနဲ့ပတ်သက်ပြီး အပြောင်းအလဲကို ပြင်းပြင်းထန်ထန် လိုချင်နေကြပြီဟု၊ ခေတ်မီစနစ်ကျပြီး လူ့လောကအလည်မှာ မှန်မှန်ကန်ကန် အသုံးတည့်နိုင်သည့် ပညာရေးစနစ်ကို လိုချင်နေကြတာ ထင်ရှားလှသည်။
ရေးလိုက်သည့်အကြောင်းက ထူးထူးခြားခြား မဟုတ်ပါ၊ ထိုင်းနိုင်ငံက ပြဌာန်းထားသည့် ကျောင်းသင်ခန်းစာထဲပါသည့် အကြောင်းအရာလေးတွေကို စိတ်တိုင်းကျ သဘောကျပြီး ရေးလိုက်တာသာဖြစ်သည်။
" ထိုင်းသင်ရိုးညွှန်းတန်းတွေ လေ့လာရင်းက ဘာသိလာရလဲဆိုတော့ ကျောင်းသားတယောက်က မူလတန်း၊ အလယ်တန်းလောက် တတ်မြောက်ပြီးတာနဲ့တင် လူ့လောကမှာ လူပီသသ နေတတ်တဲ့ အလေ့တွေ ရသွားစေတယ်၊ ကိုယ့်ကိုယ်ကို ကျန်းမာရေး စောင့်ရှောက်မှုနဲ့ အသက်ရှည်အောင် ဘယ်လို နေထိုင်သွားရမယ်ဆိုတာ သိသွားစေတဲ့ အပြင် အခြားသူတွေအပေါ် ပြစ်မှုကျူးလွန်မိရင် ကျရောက်လာနိုင်တဲ့ တရားစီရင်မှု ဥပဒေအကြောင်းတွေပါ အခြေခံကအစ သိထားကြပြီ ဖြစ်တယ်၊ အဲဒီအတွက် မိမိကိုယ်တိုင် အပေါ်မှာလဲ ဥပဒေအရ ကာကွယ်ထားတာတွေ ကျောင်းသားဘဝကတည်းက သိထားတဲ့အတွက် စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာ လုံခြုံမှုကို ခံစားပြီး ကြီးပြင်းရတဲ့ သဘောကို မြင်ရတယ်။
ကိုယ်အခု လေ့လာနေတဲ့" Physical Education " ဆိုတဲ့ ဘာသာရပ်မှာ လူ့ဘဝကို ဘယ်လိုရတာလဲ၊ အာဒံနဲ့ဧဝ၊ ဗြဟ္မာကြီး(၄) ဦး၊ ဒါတွေ မပါပဲ ရိုးရိုးလေးပဲ ရှင်းပြထားတယ်၊ အဖေနဲ့ အမေပါမယ်။ တဖြည်းဖြည်း အရွယ်နဲ့လိုက်ကာ ပြောင်းလဲသွားတဲ့ ရုပ်ပိုင်းဆိုင်ရာ စိတ်ပိုင်းဆိုင်ရာ သဘောတရားတွေ၊ sex နဲ့ ပတ်သက်ပြီး မသဘာဝ၊ ကျားသဘာဝ ရှင်းပြထားတယ်၊ sexual abuse နဲ့ ပတ်သက်ပြီး ဥပဒေတွေ အမျိုးမျိုး ရှိတာကို sector အလိုက် ပြစ်မှုအမျိုးမျိုး ခွဲပြပြီး ထောင်ဒဏ် ငွေဒဏ် ကျခံနိုင်ရတယ်ဆိုတဲ့ အချက်တွေလည်း ပါတယ်၊
ဒီနေရာမှာ အလိုမတူပဲ လိင်ပိုင်းဆိုင်ရာ ကျူးလွန်တဲ့ သူကို သေဒဏ်အထိ အပြစ်ပေးတယ်ဆိုတာပါ ဖတ်ရတယ်။ အသက်(၁၅)နှစ်အောက် အရွယ်တွေအပေါ် လိင်ပိုင်းဆိုင်ရာ ပြစ်မှုကျူးလွန်ခဲ့ရင် ကြီးလေးတဲ့ ပြစ်ဒဏ်တွေ ပေးတယ်ဆိုတာ ပုဒ်မတွေနဲ့ သေချာရေးထားတယ်၊ ကျူးလွန်ခံရသူ သေသည်အထိ ဖြစ်ခဲ့ရင် ကျူးလွန်သူဟာ သေဒဏ်လို့ တိတိကျကျ ရေးထားတယ်။
ကျောင်းမှာ ငယ်စဉ်ကတည်းက ပြစ်မှု ပြစ်ဒဏ် ကောင်းကျိုးဆိုးကျိုးကို ပြောပြထားတယ်။ ဥပဒေဆိုတာ မသိလို့ မဖြစ်ရအောင် သိစရာရှိတာ ပေးသိထားတယ်။ ငယ်ရွယ်သူတွေကို အကြောက်တရားမရှိစေရ ဆိုပေမယ့် မဟုတ်တာလုပ်တာကို ကြောက်တတ်အောင် တခါထဲ အသိပေးပုံရတယ်။
အဲဒိနောက် ကူးစက်ရောဂါ အကြောင်းတွေ၊ ရောဂါကူးစက်ပုံနဲ့ ကာကွယ်နည်းတွေ စနစ်တကျ ရှင်းပြထားတယ်၊ အရှည်ကြီးနဲ့ စာလေးလေး မဟုတ်ပဲ ကျောင်းသားအရွယ်တွေ ရှင်းရှင်းလင်းလင်း သိအောင် တိုတိုတုတ်တုတ် ကျစ်ကျစ်လစ်လစ် ရေးထားတယ်၊
အိမ်သုံးဆေးဝါးတွေကို ဘယ်လို စနစ်တကျ အသုံးပြုနိုင်တယ်ဆိုတာ ဆောင်ရန်ရှောင်ရန် တွေနဲ့ သေချာ ရေးသားပြဋ္ဌာန်းထားတယ်၊
ကိုယ်ကာယလေ့ကျင့်ခန်း အမျိုးအစားတွေနဲ့တကွ လေ့ကျင့်ခန်းယူခြင်း အကျိုးတွေ တခုချင်းစီ ရေးထားတယ်၊ သီချင်းဆိုပြီး ကတဲ့ လွယ်လွယ်ကူကူ လေ့ကျင့်ခန်းနည်းတွေပါ ပုံနဲ့တကွ ရေးထားတယ်။
နောက်ဆုံးမှာတော့ Thai Massage ရဲ့ အကျိုးနဲ့ စီးပွားရေး လုပ်ငန်း အဖြစ်တွင်ကျယ်လာပုံ တွေ ပြဋ္ဌာန်းထားတယ်၊ ထိုင်းနိုင်ငံတဝှန်းမှာရှိတဲ့ မာဆတ်သင်တန်းကျောင်းတွေရဲ့ လိပ်စာတွေ သေချာပြုစု ထည့်သွင်းပေးထားတယ်၊ အလယ်တန်းအောင်လို့ အသက်မွေးဝမ်းကျောင်း ပညာအဖြစ် ဆက်သင်ချင်က သင်နိုင်မယ့် ရည်ရွယ်ချက်ပါ တခါထဲ ပါပုံရတယ်။
ထိုင်းသင်ရိုးညွှန်းတန်း အတိုင်း ကိုယ်သင်ဖူးတာ သင်္ချာရယ်၊ သိပ္ပံရယ်၊ အဲဒီဘာသာရပ်တွေမှာ မြန်မာသင်ရိုးညွှန်းတန်းနဲ့ သိပ်မကွာပေမယ့် တခြား ဘာသာရပ်တွေက တော်တော်လေး ကွာတာ သတိပြုမိတယ်။ မူလတန်းအဆင့်ကတည်းက အခြေခံ စာရင်းအင်းပညာ ပါတယ်၊ ဈေးစာရင်း ပြုစုတာ ဈေးဝယ်တာ ဈေးရောင်းတာ ပါတယ်။
အတန်းပညာ သင်ယူတတ်မြောက်ပြီးတဲ့အခါ ၂၃နဲ့ ၄၅ မမြှောက်တတ်ရင် calculator နဲ့ မြှောက်ချင် မြှောက်ကြလိမ့်မယ်၊
လူ့ဘဝကို ဘယ်လိုရပ်တည်မလဲ ဆိုတဲ့ အတွေးအခေါ်နဲ့ တိုင်းပြည်ရဲ့ ဥပဒေဘောင်အတွင်း အများနဲ့ နေသားတကျ ဘယ်လို နေထိုင်ရမယ်ဆိုတာတွေတော့ အများကြီး တတ်သွား သိသွားကြလိမ့်မယ်ထင်တယ်။"
ဒီစာကို ရေးပြီးနောက်ပိုင်း ဆွေးနွေးလာတဲ့ သူတချို့ရဲ့ စကားသံတွေအရ မြန်မာ့ပညာရေးရဲ့ သင်ရိုးညွှန်းတန်းမှာ ပါဝင်မှု အားနည်းနေတဲ့ စိတ်ပိုင်းနဲ့ ရုပ်ပိုင်းဆိုင်ရာ တိုးတက်စေတဲ့ သင်ကြားနည်းတွေ ပါဝင်စေချင်တယ်ဆိုတာရယ်၊ လိင်ပိုင်းဆိုင်ရာ ပြောင်းလဲမှုနဲ့ အဲဒီအပေါ်မှာ အမြတ်ထုတ်မှုတွေ မဖြစ်အောင် သင်ခန်းစာတွေ ထည့်သွင်းစေချင်ပုံရကြတယ်လို့ ကောက်ချက်ချမိရသည်။ sex နဲ့ ပတ်သက်လာရင် မိဘနဲ့ သားသမီး မပြောသင့်တဲ့အရာလို့ လက်ခံထားတာတွေ ၊ အလွန်အမင်း ဖိနှိပ်မှုတွေ များတဲ့ အရှက်အကြောက်ကို ဦးစားပေးတာတွေ အခုလို ခေတ်ကြီးမှာ မရှိသင့်တော့ပေ။ ငယ်စဉ်ကတည်းက ပညာရေးကနေတဆင့် သင်ယူသွားရမယ့်အရာတွေမှာ တဖြည်းဖြည်း အရွယ်ရောက်လာတဲ့အခါ လူ့လောကထဲ အများနဲ့ သင့်တင့်အောင် လူလူချင်း အဆင်ပြေအောင် ပေါင်းသင်းဆက်ဆံ တတ်ကြဖို့ အသိတရားတွေ ရသွားဖို့ လိုလေသည်။
ကျောင်းစာမှာ မေးခွန်းတခုအတွက် နှစ်မျက်နှာ သုံးမျက်နှာ ရှိတဲ့ စာတွေ အလွတ်ရအောင်ကျက်၊ စာမေးပွဲမှာ ချရေး အောင်သွားပြီး တတန်းပြီးတတန်းတက်ကာ အချိန်တန်ဘွဲ့ရ၊ စာတတ်ပေတတ် ဖြစ်ကြပြီး ပညာမတတ်ခဲ့သူတွေ များလာပါက တိုင်းပြည်အနာဂတ် မတွေးရဲစရာပါ။ စာသင်တာ ရာထူးကောင်းကောင်းရဖို့၊ ပိုက်ဆံများများ ရှာနိုင်ဖို့ ဆိုသည့် မျိုးဆက်သစ်တွေချည်း ဖြစ်လာပါက သာယာအေးချမ်းသည့် လူ့ပတ်ဝန်းကျင် ဆိတ်သုဉ်းသွားပါလိမ့်မည်။
မြန်မာပြည်သား နိုင်ငံသူနိုင်ငံသား အားလုံးက ဒီအဖြစ်တွေကို သိရှိပြီး ညံဖျင်းလှပြီး ခေတ်မမီတော့သည့် သင်ရိုးညွှန်းတန်းနေရာမှာ ခေတ်စနစ်နဲ့ ကိုက်ညီသည့် သင်ရိုးညွှန်းတန်းတွေကို နောင်လာမည့် မျိုးဆက်သစ်တွေအတွက် ထားပေးစေချင်လှတာတွေ့ရသည်။ လတ်တလော ပြောင်းလဲနေတာက အတွင်းကျကျမဟုတ်ပဲ ပြောင်းယောင်ဆောင်ထားသည့် ဟန်ပြအခြေအနေတွေ ဖြစ်တယ်ဆိုတာ အားလုံးက သိနေပေပြီ။ ပြည်သူကလည်း ပြောင်းချင်နေတာအသင့် ဆိုက ပြည်သူနဲ့အတူ သတ္တိရှိရှိ လိုက်ပါ ပြောင်းလဲ နိုင်ရမည်၊ ပြောင်းလဲတယ်ဆိုတဲ့ အဓီပ္ပါယ်စစ်စစ်က မူလအတိုင်း အသွင်အပြင်မရှိတော့တာကို ဆိုလိုသည်။ နာမည်တွေ လိုက်ပြောင်းတာ နာမည်သာပြောင်းမည်၊ အနှစ်သာရက ဒုံရင်းဒုံရင်းသာ၊ ပြည်သူကအတူလိုက်ပါ ပြောင်းလဲပါမည် ဆန္ဒပြင်းပြတာကို တာဝန်ရှိသည့် ပြည်သူ့အစိုးရက ရဲရဲတင်းတင်း ဦးဆောင် ပြောင်းလဲနိုင်ပါစေ မျှော်လင့် ဆုတောင်းနေမိပါတော့သည်။
ခိုင်ခိုင်စောလွင်