May 29, 2017

" ဒီနေရာမှာ အမှိုက်ပစ်လို့မရဘူး"၂၉ရက် မေလ ၂၀၁၇ခုနှစ် ဒီလှိုင်းစာစောင် အတွဲ(၆) အမှတ်(၂၀) မှ


အမှိုက်တွေကို တွေ့ရာနေရာမှာ ကြုံသလို လွှင့်ပစ်တဲ့ အကြောင်း ရေးကြပြောကြ များလှပါပြီ။ လူမှုကွန်ယက်တွေမှာလည်း အမှိုက်ကို စနစ်တကျ rပစ်ကြတဲ့ မြန်မာပြည်သားတွေအကြောင်းနဲ့ အခြားနိုင်ငံမှာ အမှိုက်ကို ဘယ်လို စည်းကမ်းတကျ ပစ်ကြကြောင်း၊ လမ်းတွေ ရပ်ကွက်တွေ ဘယ်လောက် သန့်ရှင်းကြောင်း ဓါတ်ပုံတွေ၊ ဗီဒီယိုတွေပါ တင်ပြီး အတုယုစရာ အားကျဖွယ်ကောင်းလောက်အောင် ရေးပြ ပြောပြကြတာလည်း များစွာ တွေ့ရလေသည်။ ကိုယ်တိုင်လည်း စည်းကမ်းမဲ့ အမှိုက်ပစ်လို့ ညစ်ပေနေတဲ့ ရပ်ကွက် လှုမှုဝန်းကျင်အကြောင်းတွေ ရေးခဲ့ဖူးပါသည်။ သို့သော် ဒီနေရာမှာ အမှိုက်ပစ်လို့မရဘူးဆိုတဲ့ အသိမျိုးကို တာဝန်မဲ့မှုတွေက လွှမ်းခြုံနေသေးတာလား စဉ်းစားစရာ အကြောင်းတွေ ပေါ်လာပြန်လေသည်။
မြန်မာပြည်ကို အလုပ်ကိစ္စနဲ့ သွားခဲ့ပြီး ထိုင်းကို ပြန်ရောက်လာတဲ့ ထိုင်းဆရာမကို မြန်မာပြည် ဘယ်လိုလဲ မေးလိုက်ရာ " ပျော်ဖို့ကောင်းတယ်" ဆိုတဲ့ အဖြေက စိတ်ထဲ ကျေနပ်သွားလေသည်။ အလုပ်ကိစ္စတွေပြီးလို့ ငွေဆောင်ကမ်းခြေကို အပန်းဖြေခရီးသွားကြသေးသည် ဆိုရာ ထိုင်းနဲ့ မြန်မာ နှိုင်းယှဉ်ပြီး မေးလိုက်ရာ မြန်မာပြည် ကမ်းခြေက ပိုလှတယ်လို့ ဆိုပြန်ရာ ကိုယ့်တိုင်းပြည်အတွက် ကျေနပ်ပီတိ ဖြစ်ရပြန်သည်။ သို့သော် အဆိုပါဆရာမက မေးခွန်းတခု ပြန်မေးရာ အချိန်အတန်ကြာ ပြန်ဆွေးနွေးဖြစ်သည့် အကြောင်းအရာ တခု ဖြစ်သွားရလေသည်။
" ကျမ နားမလည်နိုင်တာတခုက ဆရာမတို့ မြန်မာလူမျိုးတွေက ဘာဖြစ်လို့ အမှိုက်ကို အလွယ်တကူ ပစ်ချလိုက်ကြတာလဲ၊ အမှိုက်ပုံးမှာ ပစ်ဖို့ အနီးအနားမှာ အမှိုက်ပုံးမရှိရင်တောင် ကိုယ့်ဖာသာ သိမ်းဆည်းထားပြီး အမှိုက်ပုံးတွေ့မှ ပစ်ဖို့ မသိကြတာလား၊ လူတိုင်းလိုလို ကားစီးသွားရင် ကားပေါ်ကနေ ပစ်ချသွားတတ်ကြတယ်နော်တဲ့"
"လူတိုင်းတော့ မဟုတ်ပါဘူး၊ အခုနောက်ပိုင်း တချို့ လူမှုရေးအဖွဲ့အစည်းတွေကပါ အမှိုက်တွေ လိုက်ကောက်သိမ်းတာတွေ ပညာပေးတာတွေ လုပ်နေကြပါပြီ။ တခြားသူတော့ မသိဘူး၊ ကျမကိုယ်တိုင်ကတော့ အခု ထိုင်းကို ရောက်မှ မဟုတ်ပါဘူး၊ မြန်မာပြည်မှာ နေစဉ်ကတည်းက လက်ထဲမှာ တခုခုစားပြီးလို့ ကျန်တဲ့ အိတ်ခွံ ဒါမှမဟုတ် တစ်ရှုးစကို ပစ်စရာ အမှိုက်ပုံးမတွေ့ရင် လမ်းဘေးကို အလွယ်တကူ ပစ်ချလိုက်ဖို့ ဝန်လေးပါတယ်၊ တခါတလေ အိမ်အထိပါလာပြီး အိမ်ရောက်မှ အမှိုက်ပုံးထဲ ပစ်လိုက်တာ ရှိပါတယ်" ပြောမိသည်။
အဲဒီလို လူတွေချည်း ရှိရင် ဒီလို အမှိုက်တွေ ဗလပွဖြစ်မှာမဟုတ်ဘူးလို့ အဆိုပါ ဆရာမက ဆက်သည်။
" တခြားသူတွေထက် ပိုဆိုးတာက ပရဟိတလည်း လုပ်တယ်ပြောသေး ကားပေါ်ကနေ စားပြီး အမှိုက်ကို လမ်းပေါ် ပစ်ချတာ၊ ကျမက အမှိုက်တွေကို စုထားတာ လက်ထဲမှာ တထုတ်ကြီးဖြစ်နေတော့ ကျမကို အမှိုက်တွေ စုထားတာ ပြန်ရောင်းစားဖို့လားလို့ နောက်နေသေးတယ်၊ ကျမ အရမ်းအံ့ဩတယ်" လို့ သူကြုံခဲ့ရတာ ပြောပြတာ လူကို နှုတ်ဆွံ့သွားစေတော့သည်။
တိုတိုတုတ်တုတ်ပဲ အဖြေပေးပြီး စကားဖြတ်လိုက်သည်။
" တာဝန်မဲ့တဲ့ စိတ်တွေ များလာကြပြီ" ဒါ့ထက်ပိုပြီး ဘာများပြောနိုင်အုန်းမှာလဲ။
တကယ်တော့ ဒီအမှိုက်ပြဿနာက စိတ်ထဲမှာ ပျောက်မသွားပဲ ဘာဖြစ်လို့ ဒီလို စည်းကမ်းမဲ့ အမှိုက်ပစ်ရသလဲ အတွေးနယ်ချဲ့ရာက အမှိုက်ကစပြဿဒ်မီးလောင်မဟုတ်ပဲ ဦးဏှောက်ပူတဲ့အထိ အချက်အလက်တွေ များစွာ တွေးလိုက်မိလေသည်။ စည်းကမ်းကို မသိတာထက် လစ်ရင်လစ်သလို အချောင်ခိုတတ်တဲ့ စိတ်တွေ၊ တကိုယ်ရေကောင်းစားရေးစိတ်တွေ၊ သူများဘာဖြစ်ဖြစ် ကိုယ့်မထိပြီးရော အတ္တကြီးစိတ်တွေအပါအဝင် တာဝန်မဲ့မှု တာဝန်မယူမှု တွေအထိ ရောက်သွားကာ အခြေခံအကျဆုံးဖြစ်သည့် စိတ်ဓါတ်ယိုယွင်းပျက်ဆီးမှုကို တွေ့ရလေသည်။ ပညာတတ် ဘွဲ့ရ ဆိုတာထက် အကျင့်သီလနဲ့ တာဝန်ယူတတ်မှု ကိုယ်ကျင့်တရား အခြေခံကစပြီး ပျက်ဆီး နေတဲ့ လူတွေ များလာတာကို ပြလိုက်တယ်လို့ ယူဆမိသည်။
ဒီနေရာမှာ တိုက်ဆိုင်စွာပဲ သတင်းတပုဒ်ကို သတိရမိပြန်သည်။ ရန်ကုန်တိုင်းအစိုးရဝန်ကြီးချူပ်နဲ့ ချန်ဂရီလာ ဟိုတယ် မီးပြတ်တဲ့ ကိစ္စမှာ ဘက်ပေါင်းစုံကရေးကြပြောကြ မျိုးစုံအောင်ဖတ်ရသည်။ အကြောင်းရင်းက မီးပြတ်နေတဲ့ နာရီဝက်အတွင်း တာဝန်ရှိသူ၊ ဝန်ထမ်း တဦးတယောက်မှ အကျိုးအကြောင်း လာပြောတာ မရှိတာပင်၊ ဒီနေရာမှာ ဝန်ကြီးချူပ်မဟုတ်ပဲ အခြားသူတယောက်ဆိုပါကလည်း ဟိုတယ်ဘက်ကနေ အကျိုးအကြောင်း တခုခုတော့ ပြောရမည့် တာဝန် ရှိလေသည်။ အကြောင်းရှိလို့ ပဲဖြစ်ဖြစ်၊ နည်းပညာချို့ယွင်းမှု တခုခု ရှိလို့ ပဲဖြစ်ဖြစ် တနေ့လုံးမီးပြတ်နေရင်တောင် တာဝန်ခံသည့်စကား တခုခုတော့ ပြောကိုပြောရမည်။ တာဝန်ခံမှု တောင်းပန်မှု တာဝန်ယူမှု အားနည်းကြတာ မြင်ရသည့် တစိတ်တပိုင်းတခုသာ။ နေရာတိုင်း ဌာနတိုင်းမှာ ကန့်သတ် သတ်မှတ်ထားသည့် စည်းကမ်းတွေရှိပါသည်။ အသံလွှင့်ရုံမှာ မီးပြတ်က အသံလွှင့်တာ ရပ်သွားသည်။ အဆိုပါနေ့ တာဝန်ကျသူက မီးပြတ်သည်နှင့် နာရီကို မျက်တောင်မခတ် ကြည့်နေရသည်။ (၂)မိနစ်ကျော်က တောင်းပန်ရပါသည်။ ဒါသည် စည်းကမ်းနှင့် တာဝန်ယူထားမှုဖြစ်သည်။
အမှိုက်ပစ်တာနှင့် ဒီသတင်း ဘာဆိုင်လဲ ဆိုက သိပ်ကိုဆိုင်သည် လို့ ဆိုရမည်၊ အခြေခံ ကိုယ်ကျင့်တရား တာဝန်သိစိတ်တွေက လမ်းဘေးအမှိုက်ပစ်တဲ့ ကိစ္စကနေ နိုင်ငံတော်အဆင့် အစည်းဝေးတွေအထိ ဆိုင်သည်။
မျှော်လင့်စရာ သတင်းတပုဒ်ကလေးတွေ့တော့ အားတက်မိရသည်။ နိုင်ငံကြီးသားပီသစေရန် ပညာရေးစနစ်မှာ ပြည်သူ့နီတိ( ကိုယ်ကျင့်တရား) အပါအဝင် မျိုးဆက်ပွားကျန်းမာရေးနဲ့ ဒီမိုကရေစီ ဘာသာရပ် သုံးခုကို ပညာရေးကောလိပ်၊ အခြေခံပညာ အလယ်တန်းနဲ့ အထက်တန်းတွေရဲ့ အထွေထွေဘာသာရပ်အခန်းမှာ မိတ်ဆက်သင်ကြားရုံမက လက်ခံသင်ကြားပေးဖို့ လွှတ်တော်မှာ အဆိုတင်သွင်းသည်တဲ့၊ အဆိုရှင် လွှတ်တော်ကိုယ်စားလှယ်က " ကျမတို့ နိုင်ငံဟာ နိုင်ငံကြီးသားပီသအောင် သင်ပေးတဲ့ ပညာရေးစနစ်မရှိတာ နှစ်ပေါင်းများစွာ ကြာပါပြီ။ ဒါ့ကြောင့် ဒီခေါင်းစဉ် သုံးခုကို သင်ရိုးညွှန်းတန်း အထွေထွေဘာသာရပ်ထဲမှာ ထည့်သွင်းသင်ကြားပေးစေလိုပါတယ်၊ ပြည်သူ့နီတိ( ကိုယ်ကျင့်တရား) နဲ့ ပတ်သက်လျှင်လည်း ငယ်စဉ်ကတည်းက စနစ်တကျ သင်ကြားပြီး ကျင့်သုံးလိုက်နာရန် စီမံဆောင်ရွက်ပေးခြင်း မရှိခဲ့တာကြောင့် လက်ရှိကာလများမှာ စက်ဆုတ်ဖွယ်ရာ ပြစ်မှုဖြစ်ပွားခြင်းတွေ ရှိလာတယ်" လို့ အဆိုတင်သွင်းရာမှာ ပြောကြားသွားလေသည်။
အကျင့်သီလကောင်းတယ်ဆိုလို့ရှိရင် ကျွန်မတို့ ယဉ်ကျေးမှုရဲ့ အဆင့်အတန်းကအလိုလိုကို တက်လာမှာပါ။ ဒါကတော့ပြောစရာမရှိပါဘူး။ ဒီလိုပဲ ပညာရေးကတော့ တက်လာမှာပါ။ ကျွန်မတို့ `အကျင့်သီလလည်းရှိမယ်၊ ကျွန်မတို့ ယဉ်ကျေးမှုလည်း ထိန်းသိမ်းနိုင်မယ်ဆိုရင် ပညာရေးကတော့တက်လာမှာပဲ´ ။
`ပညာရေးဆိုတာအင်မတန်မှ အကျင့်သီလနဲ့ ဆိုင်ပါတယ်´။ `ပညာဆိုတာဟာ စာအုပ်ကြီးထဲက တတ်တဲ့ပညာမဟုတ်ပါဘူး။ ဘဝကသင်ခန်းစာပေးတဲ့ ပညာတွေပါ။ လောကီ၊ လောကုတ္တရာပညာ နှစ်ခုလုံးကိုတတ်မှ ပညာတတ်တယ်´ လို့ ကျွန်မတို့ ဆိုနိုင်မှာဖြစ်ပါတယ်။ ဒီတော့ဒီဟာလည်း အကျင့်စာရိတ္တနဲ့၊ အကျင့်သီလနဲ့ အင်မတန်မှဆက်နွယ်နေပါတယ်။
လူထုခေါင်းဆောင်၊ နိုင်ငံတော်အတိုင်ပင်ခံပုဂိုလ်ဒေါ်အောင်ဆန်းစုကြည်ရဲ့ လူထုနဲ့ အမေးအဖြေတခုထဲက အကျင့်သီလနဲ့ ပတ်သက်ပြီး ဖြေထားတာ အင်မတန် မှတ်သားစရာ ကောင်းလှပါသည်။ ဘယ်နေရာမှာ အမှိုက်ပစ်ရမှာလဲ၊ ဒီနေရာမှာ အမှိုက်ပစ်လို့ မရဘူးဆိုတဲ့ အသိစိတ်နဲ့ ထိန်းချူပ်နိုင်မှု ၊ ကိုယ့်အမှိုက်ကို ကိုယ်တာဝန်ယူမှု၊ ကိုယ့်လက်ကလွတ် ပြီးရော ပတ်ဝန်းကျင်မှာ ဘာဖြစ်ဖြစ်ဆိုသည့် လှုမှုပတ်ဝန်းကျင်ကို မထီမဲ့မြင်မှုတွေ တဖြည်းဖြည်း လျော့နည်းလာပါမှ ယဉ်ကျေးသောနိုင်ငံကြီးသားပီသသော မြန်မာလူမျိုးတွေ ဖြစ်လာကြမှာ ဧကန်မလွဲပေ။ ဒါ့ကြောင့် စည်းကမ်းမဲ့ နေတတ်သူတွေ ဒီနေရာမှာ အမှိုက်ပစ်လို့မရဘူး ဆိုတဲ့ အသိစိတ်ကလေး နှလုံးသွင်းပြီး နိုင်ငံကြီးသားပီသစွာ နေတတ်အောင် တဖြည်းဖြည်း မိမိကိုယ်တိုင်ကပဲစပြီး လေ့ကျင့်ကြပါလို့ တိုက်တွန်းလိုက်ပါရစေ။
ခိုင်ခိုင်စောလွင်

No comments:

Post a Comment