June 4, 2017

" လူထုကိုရှက်ပါ"၅ရက် ဇွန်လ ၂၀၁၇ခုနှစ် ဒီလှိုင်းစာစောင် အတွဲ(၆) အမှတ်(၂၁)မှ



ထိုင်းနိုင်ငံ၊ ချင်းမိုင်ခရိုင်က စရဖီဆိုတဲ့ မြို့နယ်မှာ မြန်မာ တိုက်ကြက်ဖ တကောင်ကို ဘတ်တသန်းနဲ့ အရောင်းအဝယ်ဖြစ်သွားသတဲ့၊ မြန်မာငွေနဲ့ ကျပ် သိန်း (၃၉၀) တန်ဘိုးရှိတဲ့ အဆိုပါ တိုက်ကြက်မှာ ထိုင်း- မြန်မာကြက်မျိုး ဖြစ်ပါသတဲ့၊ သူ့ကို မျိုးစပ်မှာ ဖြစ်တယ်ဆိုတာလည်း သတင်းမှာ ဖတ်ရတဲ့အပြင် သတင်းစာမျက်နှာအောက်က ကောမန့်တွေက ဗဟုသုတ တမျိုးတိုးရစေပြန်သည်။
" မြန်မာတိုက်ကြက်တွေက အကောင်ငယ်ပြီး ဒေါက် သေးတယ် အခွပ်ကတော့ ထိပ်တန်းပဲ ၊ ခွပ်အားကောင်းတယ်၊ ထိုင်းကြက်တွေက အကောင်ကြီးတယ် ဒေါက်ကောင်း တယ် သန်တယ် ခွပ်အားနဲ့ ဇွဲကျ မရှိဘူး" ဆိုတဲ့ တချို့သူတွေ ရေးတာ ဖတ်ရပြီး မြန်မာနဲ့ ပတ်သက်ရင် ကြက်ကအစ ဇွဲကောင်းပြီး ပွဲတိုင်းနိုင်တဲ့ အောင်မြင်မှုတွေနဲ့ပါလား သတိပြုမိရလေတော့သည်။
တိုက်ကြက်တောင် မြန်မာကြက်မှ ဆိုသည့် အတွေးကနေ ထိုင်းမှာ ကြက်သားတွေပေါလွန်းလို့ စားတောင်မစားချင်တဲ့ အကြောင်း ပြောမိသည်။ မြန်မာပြည်မှာနေတုန်းကတော့ ကြက်သားဟင်းချက်စားနိုင်သူက တတ်နိုင်သူလို့ အသိအမှတ်ပြုသလိုတောင် ဖြစ်တာ၊ ကြက်သားဟင်းချက်ပါကလည်း အာလူးလေးရောလို့ ကြက်သားကဘယ်နှစ်တုံးနဲ့ အာလူးက ဘယ်နှစ်ခြမ်းဆိုကာ အတိုင်းအတာနှင့် စားခဲ့ရသည့် မိသားစုတွေ အကြောင်း သူငယ်ချင်းတယောက်နှင့် "ကိုယ်တာ" အကြောင်း ပြောကြတာ ပြန်အမှတ်ရမိလေသည်။ ကလေးတွေက " ကိုယ်တာ" ဆိုတာ ဘာလဲ လို့ မေးလို့ မဆလခေတ် လူနေမှုဘဝတချို့ကို ပြောပြဖူးတာလည်း သတိရလေသည်။
ကြက်သားဟင်းစားရတာတောင် အရသာက အလွန်ကွာလေသည်။ မြန်မာကြက်သားကမှ ချိုပြီးအရသာလေးလေးပင်ပင် ရှိပြီး ထိုင်းက ကြက်သားတွေက ပွစိကြီးနဲ့ အရသာပေါ့ရွှတ် သည်။ အသားတု စားရသလို ၊
ထိုင်းဖက်ကို မြန်မာပြည်ဘက်က နွားတွေ ကျွဲတွေ ခိုးသွင်းကြသတဲ့၊ တချို့ ထိုင်းကုန်သည်တွေ နယ်စပ်ကနေ ခိုးဝင်ပြီး ဝယ်ကြသတဲ့၊ ထိုင်းမှာက မြေနေရာတွေ အလွန်ပေါသည်၊ စားကျက်မြေတွေလည်း များစွာရှိသည်။ သူတို့ မွေးမြူရေးကို ကျကျနနန လုပ်နိုင်သည်။ အစိုးရကလည်း နည်းပညာနဲ့ ဘဏ်တွေကနေ ငွေကြေးက အစ အထောက်အပံ့တွေ ပေးနိုင်သည်။ ဒါ့ဖြင့် မြန်မာပြည်က နွားကိုမှ သွင်းနေတာလဲ မေးခွန်းထုတ်စရာ၊ ကြက်တွေလိုပဲ အတူတူထင်သည်။ မြန်မာနွားက ခိုင်းကောင်းလို့လား အသားကပဲ အရသာကောင်းလို့လား၊
မြန်မာ့အရင်းအမြစ်တွေဖြစ်သည့် အဖိုးတန် တွင်းတွက်အပါအဝင် သစ်တောထွက်ကုန်သာမက မြေပေါ်မြေအောက် သယံဇာတတွေ ထိုင်းကတဆင့် ကမ္ဘာအနှံ့ ရောက်ကုန်တာ ၁၉၆၂ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်း အများဆုံးဆိုတာ အားလုံးသိပြီးဖြစ်သည်။ အဲဒီနောက် အဆိုးဆုံးကတော့ လူသားရင်းမြစ်တွေ ဖြစ်သည်။ မြန်မာအလုပ်သမားတွေက သွက်သည်၊ လျင်သည်၊ ဖြတ်ထိုးညဏ်ကောင်းသည်၊ လာဘ်မြင်သည် အစရှိသော ဂုဏ်ပုဒ်တွေဖြင့် ထိုင်းအလုပ်ရှင်တွေ အားကိုးရသည့် လူသားရင်းဖြစ်တွေ ဖြစ်လာသည်။ ထိုင်းနိုင်ငံရဲ့ စိုက်ပျိုးရေးထွက်ကုန်တွေ သံပုရာသီးကအစ သကြား၊ ဆီ အထိ မြန်မာပြည်က ပြန်ပြီး ဝယ်သုံးနေကြရသည်။ အဆိုပါ သီးနှံတွေကို မြန်မာတိုင်းရင်းသား အလုပ်သမားတွေက စိုက်ပျိုးနေကြတာဖြစ်ပြီး။ စက်ရုံတွေမှာလည်း မြန်မာပြည်သားတွေ ထုတ်လုပ်သည့် ထွက်ကုန်တွေပဲ ဖြစ်သည်။ သို့သော် လုပ်ငန်းပိုင်ရှင်များ မဟုတ်ပါ။
အဆိုပါ မြန်မာအလုပ်သမားတွေရဲ့ သားသမီးအချို့ ထိုင်းနိုင်ငံမှာမွေးတာ ရှိသလို အချိုပလည်း ထိုင်းရောက်မှ ကျောင်းတက်တာ ရှိက ကျောင်းမှာ အတော်ဆုံး စာရင်းဝင်တာ မြန်မာပြည်သား ဖြစ်သည်။ ဘယ်နိုင်ငံ ရောက်ရောက် မြန်မာကျောင်းသားမှာ အတော်ဆုံးစာရင်း ဝင်တာကို သတိပြုမိသည်။
လွန်ခဲ့သည့် နှစ်ပေါင်း ခြောက်ဆယ်ကျော်အတွင်း စစ်အာဏာရှင်တို့ရဲ့ တိုင်းပြည်အုပ်ချူပ်ပုံ စနစ်ကြောင့် တိုင်းပြည်ရဲ့ သယံဇာတတွေ အိမ်နီးချင်းနိုင်ငံတွေကတဆင့် နယ်စပ်ဖြတ်ကျော် ရောက်ရှိသွားတာတွေ မနည်းမနော၊ ယိုယွင်းခဲ့သည့် စီးပွားရေးစနစ်ကြောင့် တိုင်းပြည်ရဲ့ သယံဇာတကုန်ကြမ်းတွေ တဖက်နိုင်ငံက ဈေးပေါပေါနဲ့ ဝယ်ယူပြီး အကောင်းဆုံး တန်ဘိုးအရှိဆုံး ထွက်ကုန်တွေ အဖြစ် သူတို့နိုင်ငံ တံဆိပ်တပ်ပြီး ကမ္ဘာအနှံ့ ဈေးကွက်ကို ရောက်ရှိသွားသည်။ တကယ်တန်း ပြန်တွက်ကြည့်က လွန်ခဲ့သော နှစ်(၆၀) ကနေ (၇၀) အတွင်းမှာ မြန်မာပြည်နဲ့ အိမ်နီးချင်း ထိုင်းနိုင်ငံတို့ မတိမ်းမယိမ်း ရှိနေသည့်အချိန်၊ မြန်မာပြည်မှာက ပြည်တွင်းစစ်တွေနှင့် ရင်ဆိုင်နေရချိန် ထိုင်းနိုင်ငံက အေးချမ်းစွာဖြင့် တိုင်းပြည်တိုးတက်ရာတိုးတက်ကြောင်း အားသွန်ခွန်စိုက် ကြိုးပမ်းလုပ်ဆောင်သွားကြတာပဲ ဖြစ်သည်။ ၂၀၁၀ခုနှစ်တုန်းက ဘန်ကောက်ကနေ ရောက်လာသည့် ဧည့်သည်တယောက်က ချင်းမိုင်မှာ ဈေးသည်ကအစ မိုဘိုင်းဖုန်းတွေ ပြောနေတာကြည့်ပြီး လွန်ခဲ့သည့် (၅) နှစ်ခန့် သူပထမအကြိမ် ရောက်စဉ်ကနဲ့ မတူကြောင်း၊ ထိုစဉ်က ချင်းမိုင်မှာ မိုဘိုင်းဖုန်း လူတိုင်းမကိုင်နိုင်ကြောင်း၊ လမ်းဘေးကအများပြည်သူ ပြောတဲ့ ဖုန်းတွေသာရှိကြောင်း ပြောပြတဲ့အခါ သူတို့လည်း ဆက်သွယ်ရေးမှာ တိုးတက်လာတာ မကြာသေးလို့ သတိပြုမိလေသည်။
စနေ တနင်္ဂနွေမှာ ထိုင်းရုပ်မြင်သံကြား ချန်နယ်တခုက ၁၉၈၀ခုနှစ်ဝန်းကျင်က ထိုင်းခေတ်ဟောင်း ရုပ်ရှင်ဇာတ်ကားတွေ ပြန်ပြတာမှာလည်း တိုက်တာအဆောက်အဦတွေ၊ မော်တော်ကားနဲ့ သယ်ယူပို့ဆောင်ရေး အပါအဝင် ဈေးဆိုင်တွေမှာ ထိုခေတ်ကာလ မြန်မာပြည်အခြေအနေနှင့် မတိမ်းမယိမ်းဆိုတာ သတိပြုမိရသည်။
ယခုသော် တရှိန်ထိုး တိုးတက်ပြီး တဦးချင်း ဝင်ငွေကအစ များစွာ ကွာဟသွားသည့်အပြင် အိမ်နီးချင်း မြန်မာ၊ လာအို၊ ကမ္ဘောဒီးယားနိုင်ငံတို့ရဲ့ စီးပွားရေးအရ မှီခို အားထားရာ တစိတ်တဒေသဖြစ်လို့နေချေပြီ။ အဆိုပါ နိုင်ငံတွေက လူသားအရင်းအမြစ်ကိုပင် ခေါ်ယူ သုံးစွဲနေကြလေပြီ။
မြန်မာပြည်မှာ သယံဇာတအရင်းအမြစ်တွေ များစွာထွက်ရှိသည်။ ထွက်တာမှ တမျိုးမဟုတ်၊ ဘက်စုံထွက်သည်။ စိုက်ပျိုးရန်မြေအလွန်ကောင်းသည့် ဧရာဝတီတိုင်းကြီးတခုလုံး ရှိသည်။ သို့သော် အလုပ်လုပ်ပိုင်ခွင့် အခြေအနေတွေ မပေးတော့ပေ။ သို့သော် အဆိုပါ တိုင်းပြည်ရဲ့ အကျိုးအမြတ်ကို ပြည်သူလူထုက တစိုးတစေ့မျှ ခံစားခွင့်မရရှိခဲ့ကြ၊ စားဝတ်နေရေးကြပ်တည်းတယ်ဆိုတာထက် စားစရာမရှိ ငတ်ပြတ်သည့် အခြေရောက်သည့် လူတွေရှိလာသည်။ အလုပ်အကိုင် အခွင့်အလမ်းမရှိ၊ ပညာရေးသင်ကြားခွင့်ရဖို့ တန်းတူ အခွင့်အရေးမရရှိခဲ့ကြ၊ ဒီလိုနဲ့ နှစ်ပေါင်းများစွာကြာသော် ပိုကောင်းသည့် အရပ်ဒေသ ၊ ထမင်းတလုပ်ကို တူတူတန်တန် ရှာစားလို့ ရသည့်ဒေသ၊ ပညာကို မသင်မနေရ သင်ရမည့် အရပ်ဒေသတွေကို ပြောင်းရွှေ့ ရောက်ရှိသွားကြလေသည်။
" ကျမကလေးက ထိုင်းနိုင်ငံသားကဒ် ရသွားပြီ၊ ကျမသားလေးကတော့ ထိုင်းမှာ မွေးတာမို့ ထိုင်းကျောင်းမှာ ထားလိုက်တာ မြန်မာလို မပြောတတ်တော့ဘူး ထိုင်းဖြစ်သွားပြီ၊ ကျတော်/ ကျမကတော့ ထိုင်းတောင်ပေါ်သားခံယူထားတာ "
ဒီလိုတွေ ကြားရဖန် တွေ့ရဖန်များသော် တိုင်းရင်းသားဒေသက မြန်မာတိုင်းရင်းသားတွေ ပျောက်ကွယ်သွားတော့မလား တွေးမိရသည်။ တချို့အရပ်တွေဆိုက အရွယ်ကောင်းတွေ ရွာမှာမရှိတော့ပဲ သက်ကြီးရွယ်အိုတွေသာ ကျန်တော့သည်တဲ့၊ စိုက်ပျိုးလုပ်ကိုင်စားသောက်ဖို့ လူငယ်တွေ မရှိတော့ပဲ အများစု လုပ်နိုင်ကိုင်နိုင်သူတွေ အားလုံး ထိုင်းမှာပဲ စိုက်ပျိုးရေး မွေးမြူရေး နဲ့ ဈေးရောင်းဈေးဝယ်၊ ဟိုတယ် စားပွဲထိုး ၊ ကုန်တိုက်တွေမှာ အလုပ်သမားနဲ့ သန့်ရှင်းရေး အခြား သော အောက်ခြေလုပ်ငန်းအသီးသီးတွေမှာ ဝင်ရောက်လုပ်ကိုင်နေကြပြီ။
တခါတလေ လမ်းမှာ စစ်သားနဲ့ ရဲတွေ တွေ့က ထိုင်းစစ်တပ်တွေမှာရော မြန်မာပြည်သားတွေ ရှိနေပြီလားမသိ ဆိုသည့် အပြောကို မိတ်ဆွေက ရယ်မောရင်း မရှိလောက်ပါဘူး ဖြေရင်းက" ပြောလို့တော့မရဘူး၊ မြန်မာ အမိ အဖ တယောက်ယောက်နဲ့ ထိုင်းလူမျိုးနဲ့ အိမ်ထောင်တွေကျ၊ ထိုင်းကျောင်းတက် ၊ ကျောင်းပြီးတော့ စစ်ထဲဝင် ရဲထဲဝင်ရင် ရောက်တာလည်း ရှိမှာပေါ့တဲ့" သူပြောတာလည်း ဖြစ်နိုင်သည်။ အသက်(၅၀) ကျော်ခန့်ရှိမည့် ထိုင်းလူမျိုး ကျောင်းအုပ်ဆရာမကြီးတယောက်နှင့် မိတ်တွေဖြစ်ပြီး မြန်မာပြည်က ဆိုသည်နှင့် ခင်မင်ကာ သူ့အိမ်ကို အတင်းအလည်ခေါ်၍ လိုက်သွားဖူးသည်။ သူ့မိခင်ကြီးနဲ့လည်း တွေ့ရအောင်ဆိုလေသည်။ သူ့မိခင်မှာ အသက်(၈၀)ကျော် ထိုင်းအမျိုးသမီးကြီးဖြစ်သည်။
အဆိုပါ ကျောင်းအုပ်ဆရာမကြီး စီးသည့် ဘိနပ်ကို ကြည့်လိုက်ရာ ဆင်ခြောက်ကောင် တံဆိပ် ကတ္တီပါဘိနပ်၊ သူ့အိမ်ရောက်တော့ မြန်မာပြည်က ကြေးမီးပူအပါအဝင် မြန်မာအသုံးအဆောင်ပစ္စည်းအချို့ကို သေသေချာချာ သိမ်းထားတာ မြင်ရသည်။ ထိုအခါမှ အဆိုပါကျောင်းအုပ်ဆရာမကြီးက ရှင်းပြသည်။ သူ့ဖခင်မှာ မြန်မာပြည် ရှမ်းပြည်ကတဲ့၊ ယခုတော့ ကွယ်လွန်သွားပါပြီ။ သူ့ရဲ့မောင် အငယ်ဆုံးက ရဲအရာရှိတယောက်ဖြစ်ပြီး ထိုင်း-မြန်မာနယ်စပ်မှာ တာဝန်ကျဖူးလို့ မြန်မာစကား ကောင်းစွာ ပြောတတ်သည်တဲ့။ သူကတော့ မပြောတတ်ပါတဲ့။ ဒါက ယခင်က၊ ယခုနောက်ပိုင်း ရှောင်လို့မရနိုင်အောင် တွေ့နေရသည့် မြန်မာပြည်သားတွေ များပြားလာသည်။ အဓိက ပြဿနာက နယ်မြေမငြိမ်းချမ်းတဲ့အတွက် စားဝတ်နေရေး အကြပ်ဆိုက်ခြင်း။
စားဝတ်နေရေးပြဿနာမှာ တိုင်းပြည်ရဲ့ လူထုကို အကြီးအကျယ်ချိန်းခြောက်နေတယ်ဆိုတာ သက်သေပြနေလေသည်။ စားဝတ်နေရေးကြောင့် တကြိမ်တခါမှ မရောက်ဖူးသည့် တခြားတစိမ်းနေရာမှာ သွားရောက် လုပ်ကိုင်နေရသည်။ ကိုယ့်နိုင်ငံ ကိုယ့်မြေကိုယ့်ရေမှာ အေးအေးချမ်းချမ်း နေထိုင်ရက ဘယ်သူကများ တိုင်းတပါးသွားနေပါ့မလဲ။ သယံဇာတယိုစိမ့်ရာက လူသားရင်းမြစ်တွေပါ ယိုဖိတ်ကုန်လေပြီ။ တိုင်းပြည်ကောင်းအောင်လုပ်ဖို့ အချိန်မှာ ရန်ဖြစ်တာနှင့်ပင် အချိန်ကုန်က ရှက်ဖွယ်လိလိပါတကား၊
ပြည်သူတွေကငတ်ပြတ် ဒုက္ခရောက်ပြီး လူကြီးတွေက ရန်ဖြစ်နေပါက ဒီထက်ပျက်ဆီးဖို့သာရှိတော့သည်။ ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ (၂၁)ရာစု ပင်လုံ စနေတုန်း ကာတွန်းတကွက် တွေ့လိုက်ရသည်။ ကာတွန်းထဲမှာ သရုပ်ဖော်ထားတာက စစ်သားကို ဘုရင်ခေတ်က စစ်သည်ပုံ၊ ဝန်ကြီးဝန်လေးကို လည်းထို့အတူ၊ ကာတွန်းဆရာလည်း တိုက်ရိုက်ပုံဖော်ဖို့ ၆၆(ဃ) ရှောင်ရသေးဟန်တူသည်။ ဒဏ်ရာဒဏ်ချက် အပြည့်နှင့် စစ်သည်နှစ်ယောက်က စားပွဲဝိုင်းမှာ စကားပြောနေသည့် ဝန်ကြီးဝန်လေးတွေကို ကြည်ပြီး " တကယ်တော့ စစ်တိုက်တယ်ဆိုတာ လူကြီးတွေ လေကန်ပြီး လူငယ်တွေ အသေခံရတာကွတဲ့ "
ပြီးခဲ့တဲ့ ရက်ပိုင်းက တိုက်ပွဲမှာ ကျဆုံးသွားတဲ့ စစ်ဗိုလ်ဆရာဝန်လေးရဲ့ ကဗျာတပုဒ်ကလည်း လူမှုကွန်ယက်မှာ အတော်ကလေး ဂယက်ရိုက်သွားသည်။ ကဗျာနာမည်က "သတ္တမမြောက် သုဒ္ဓကိန်းတစ်လုံး " တဲ့ ရှေ့တန်းစစ်မျက်နှာပြင်မှာ ကြုံရတဲ့ အဖြစ်အပျက်နဲ့ စစ်သည်စာဆိုရဲ့ ခံစားချက်တို့က ဖတ်ရသူအေပါင်းကို မျက်ရည်လည်စေခဲ့သည်။ အဲဒီကဗျာထဲက အစလေးတစကို ဆွဲထုတ်ရင်း တိုက်ပွဲမှာကျဆုံးသွားခဲ့ရတဲ့ စာဆိုစစ်သည် ဆရာဝန်လေးရဲ့ ရင်ထဲကို လှမ်းဖတ်မိလေသည်။
ရွှေပြည်တော်ဟာ...
မျှော်တိုင်းဝေးနေပေမယ့်
ခြေတစ်လှမ်းလှမ်းတိုင်းတော့
သချိုင်း ဟာ မမျှော်ပဲ နီးနီးလာတယ်
ပါးစပ်နဲ့ ရှင်းနေတဲ့ စကားဝိုင်းတွေအောက်မှာ
သေနတ်နဲ့ ရင်းခဲ့ရတဲ့ အသက်ပေါင်းများစွာ တဲ့
သူ့ကဗျာတပုဒ်လုံးမှာ အဓိပ္ပါယ်ပေါင်းများစွာ၊ သူကျဆုံးပြီးမှ ဒီကဗျာကို ဖတ်ရသူတွေရော၊ သူ့ကိုသိသူရော၊ မသိသူရော အားလုံးကပါ ဗိုလ်သန့်ထင်ဝေ ( ကလောင်အမည် လက်ရုံး) ကောင်းရာမွန်ရာရောက်ပါစေ၊ ဒီလိုအဖြစ်မျိုး နောင် မကြုံရပါစေနဲ့ ဆုတောင်းပေးကြရင်း တိုင်းပြည်ကြီးငြိမ်းချမ်းပါမှ ဆိုသည့် အတွေးတွေဆီ ရောက်ရသည် ။
တန်ဘိုးရှိသော အသက်တွေ ရင်းခဲ့ရပြီ၊ တန်ဘိုးရှိသော လူသားတွေ ဆုံးရှုံးနေရပြီ။ ဆယ်စုနှစ်များစွာ အတ္တအကျိုးတွေ လုပ်ကိုင်ခဲ့ကြပြီ။ ယခုအချိန်အထိ ဘက် မလျှော့ချင်ကြသေး၊ သတင်းမှာတောင် ဖတ်လိုက်ရသေးသည်။ ဘာတဲ့ သူတို့က ကစားကွက် ဖော်နေသေးတာ ဆိုပါလား။ သယံဇာတပေါကြွယ်လွန်းတဲ့ နိုင်ငံက လူထုတွေ စားစရာမရှိ ဆင်းရဲလှပြီး တပါးသူထံ အလုပ်လုပ်ပေးရင်း အခစားဘဝရောက်နေရတဲ့ ကိုယ့်တိုင်းပြည်က လူထုတွေ၊ နယ်မြေမအေးချမ်းလို့ ဒုက္ခသည်စခန်းမှာ နေရတဲ့ မြန်မာပြည်ဖွား တိုင်းရင်းသားတွေ၊ နယ်စပ်ဒေသမှာ ရုန်းကန်ရပ်တည်ရင်း အမှိုက်ပုံကို အိမ်လုပ်နေရသူတွေ အားလုံးဟာ မြန်မာပြည်မှာမွေး မြန်မာပြည်မှာ ကြီးပြင်းခဲ့သည့် မြန်မာလူထု သာဖြစ်သည်။ မြန်မာပြည်သားတွေ ဒီလိုဘဝရောက်ကုန်တာ တိုင်းပြည်တိုးတက်အောင် စွမ်းဆောင်နေကြသည့် ပတ်ဝန်းကျင် အိမ်နီးချင်းနိုင်ငံတွေကြား ရှက်စရာအဖြစ်၊ ဆက်လက်ပြီး တိုင်းပြည်မငြိမ်းချမ်းက အဆတရာပိုလို့သာ ဆိုးပေအုန်းတော့မည်။
ဒုတိယပင်လုံဖွင့်ပွဲမှာ ပြည်သူ့လွှတ်တော်ဥကဌ ဦးဝင်းမြင့် ရွတ်ပြသွားတာ နားထဲကမထွက်
" မေတ္တာမဖက်၊သစ္စာပျက်က၊စစ်မက်လည်းများ၊ပြည်ချောက်ခြား၏၊တိုင်းကားမသာ၊.ပြည်ကြီးနာလိမ့်."
ပြည်ကြီးနာလိမ့်... ပြည်ကြီးနာလိမ့် တဲ့ ၊
ခိုင်ခိုင်စောလွင်

No comments:

Post a Comment