October 5, 2015

" တို့များလည်း အားကျပါရဲ့" ၅ရက် အောက်တိုဘာ ၂၀၁၅ခုနှစ်ထုတ် ဒီလှိုင်းစာစောင် အတွဲ(၄)အမှတ်(၃၈)

တကယ်တော့ ဒီစာရဲ့ ခေါင်းစဉ်ကို ပြည်သူ့ဘဝလုံခြုံဖို့ NLD အမျိုးသားဒီမိုကရေစီ အဖွဲ့ချူပ်ကို မဲပေးစို့လို့ ရေးပြီးကာမှ အရပ်စကားနဲ့ ပြောရရင် သိပ်ပြီး လော်သလို ဖြစ်သွားမလား ဆိုပြီး ခေါင်းစဉ် ပြင်လိုက်သည်။ ဒီစာရေးဆရာမ NLD ကို လော်ဘီ လုပ်လှချည်လား ဆိုပါက လော်ပါသည်လို့ ဝန်ခံရပါမည်။ အဘယ့်ကြောင့်ဆိုသော် ပြည်သူထဲက ပြည်သူတစ်ယောက်ဖြစ်သည့် ကျမသည်လည်း ပြောင်းလဲချင်သည့် သူထဲက တစ်ယောက်ဖြစ်လို့ပါ။ သည့်ထက်မက ပိုပြောရလျှင် ရှစ်လေးလုံးအရေးတော်ပုံကြီးမတိုင်မီ ၁၉၈၈ခုနှစ် ဇွန် အရေးအခင်းကို စတင်ခဲ့သည့် အချိန် ရန်ကုန်တက္ကသိုလ်ကျောင်းဝင်းထဲမှာ ရှိနေပြီး အဖြစ်အပျက်တွေကို မြင်တွေ့ ခဲ့ရသည်။ သူငယ်ချင်းတွေနှင့်တကွ မောင်နှမအရင်းအချာထဲကပင် ထောင်ကျ၊ တောခိုတွေ ဖြစ်ကုန်ကြရပြီး ကြမ်းတမ်းသည့် ဘဝတွေကို ရုန်းကန်ခဲ့ကြရတာ့ ကြုံတွေ့ရသည်။
ယခုသော် နှစ်ပေါင်းများစွာ ကြာခဲ့ပြီ၊ မြန်မာပြည်သူတွေရဲ့ ဘဝမှာ ပိုပြီး ဆိုးဝါးနိမ့်ကျလာတာ တွေ့မြင်ရသည်။ ပညာရေးအဆင့်အတန်းမှာ အလွန်ပင် ဆိုးဝါးနေလေသည်။ ကျန်းမာရေး စောင့်ရှောက်မှုနည်းပါးသည်။ ကျေးလက်ဒေသနှင့် နယ်စပ်ဒေသတို့မှာဆိုပါက ကျန်းမာရေးစောင့်ေ၇ှာက်မှုဆိုတာ လုံးဝမခံစားရပါ။ ပြည်သူတွေအားလုံးလိုလို ဘဝအာမခံချက်ဆိုတာ လုံးဝ မရှိပါ။ ပြည်သူတွေရဲ့ ဘဝအေးချမ်းပြီး သက်တောင့်သက်သာဖြင့် လုံလုံခြုံခြု့ နေထိုင်ဖို့ လုပ်ပေးရမည်မှာ ပြည်သူတွေပေးသည့် အခွန်ကိုစားသုံးရသည့် အစိုးရမှာ တာဝန်ရှိသည်။ သို့သော် စစ်အာဏာရှင်ခေတ်မှသည် ဒီမိုကရေစီအမည်ခံ အစိုးရလက်ထက်တိုင် ပြည်သူတွေအတွက် လုပ်ပေးတာ ဘာမှမရှိခဲ့ပေ။ အစိုးရသည် ပြည်သူကို ရန်သူလို လက်အောက် အခိုင်းအစေလို သဘောထားသည်။ အာဏာရှင်ဆန်သည့် စိတ်ကို မပြောင်းလဲပဲ ကျင့်သုံးသည်။ ဝန်ထမ်းတွေ အထူးသဖြင့် အုပ်ချူပ်ရေးဝန်ထမ်းတွေ ဖြစ်သည့် ရဲတွေ၊ မော်တော်ပီကယ်ခေါ်သည့် ယာဉ်ထိန်းရဲတွေနှင့် ပြည်သူတွေကြား အမုန်းတရား ပွားအောင် တမင် လုပ်ထားသည်။ ထို တမင်ဆိုတာက ဥပဒေပဲ ဖြစ်သည်။ ပြည်သူကို ကာကွယ်သည့် ဥပဒေမရှိ။ ဥပဒေဆိုတာ အချိန်မရွေး ပြည်သူကို အရေးယူဖို့ လုပ်နိုင်သည့် ဥပဒေမျိုးတွေဖြစ်နေသည်။
လတ်တလောတင် ယာဉ်ထိန်းရဲတစ်ယောက် ဓါးထိုးခံရပြီး သေသွားသည်။ ဖြစ်စဉ်ကို ကြည့်က ခိုင်မာသော လုပ်ငန်းစဉ်တွေ ဥပဒေတွေ မရှိလို့ဆိုတာ ထင်ရှားသည်။ စည်းနှင့်စနစ်နှင့် တိုင်းပြည်ကို အုပ်ချုပ်ထားပါက ဒီလို ကြေကွဲစရာတွေ ဖြစ်လာမှာမဟုတ်ပေ။ တဖက်ကကြည့်ရင်မှန်ပြီး တဖက်ကကြည့်သော် မှားသည်ဟု ထင်မြင်ရသည့် အခြေအနေဖြင့် ဥပဒေကို လက်တလုံးခြား လုပ်နိုင်သည့် အခြေအနေတွေကို ဖန်တီးထားလေသည်။ ပြည်သူအချင်းချင်း ရန်ဖြစ်အောင် အမုန်းပွားအောင် ဖန်တီးထားသကဲ့သို့ ဖြစ်နေလေပြီ။
တိုင်းပြည်မှာ တရားဥပဒေစိုးမိုးမှု မရှိသလို ဖြစ်နေသည်။ လုံခြုံမှုမရှိ၊ နောက်ကျောမလုံသော ဘဝတွေ ဖြစ်နေကြရသည်။ ပြည်သူတွေ ကမ္ဘာ့အလည်မှာ နိမ့်ပါးနေသည်။ ထိုသို့သော ဘဝအခြေအနေကို မပြောင်းလဲချင်သူ ဘယ်သူ ရှိမည်နည်း။ နာမည်ကျော် စာရေးဆရာ ဆရာဝန်တစ်ယောက်ကလည်း လူထုခေါင်းဆောင်ကို တို့မေကြီးလို့ ပေါ်တင်ပဲ ရေးပြီး NLD ကို မဲပေးဖို့ ရေးသားသည်။ ဒီလိုရေးလို့ သူ့ကို လော်ဘီ လုပ်သလား ထင်က ထင်ပါစေ ဆိုကာ ရေးတာ ဖတ်ရပြီး သဘောကျစွာ ကူးယူ မှတ်ထားမိသည်။
" လော်ဘီ (Lobby) လို့ မခေါ်ဘူး သိလား။ အက်ဒဗိုကေစီ (Advocacy) လို့ ခေါ်တယ်။ အဲ့ဒီနှစ်ခုက မတူဘူး။ လော်ဘီဆိုတာ တစုံတယောက် တသင်းတဖွဲ့အတွက် အခကြေးငွေ ဒါမှမဟုတ် အခွင့်အရေးတွေ ယူပြီး ဝါဒဖြန့် ပြန်ကြားရေးလုပ်တာ။ အက်ဒဗိုကေစီကတော့ ဘာအကျိုးအမြတ်မှ မရယူပဲ ပြည်သူလူထုအတွင်းမှာ အပြောင်းအလဲတစ်ခု ဖြစ်လာစေဖို့ စေတနာ့ဝန်ထမ်း နိဗ္ဗာန်ဆော်လုပ်တာ။ ရပ်တည်ချက်နဲ့ စေတနာ ကွာတယ်။ ဥပမာ ပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာပေးတာမျိုး၊ လူကုန်ကူးမှုပပျောက်ရေး ပညာပေးလှုံ့ဆော်တာမျိုးကို အက်ဒဗိုကေစီ ခေါ်တယ်။ လော်ဘီလုပ်တဲ့သူက သူ့ငှားထားတဲ့သူဆီက ပိုက်ဆံမရတော့ရင် ဆက်မလုပ်ဘူး။ ရပ်သွားတာ။ အက်ဒဗိုကေစီသမားကတော့ ဘယ်သူ့အထောက်အပံ့မှ မယူပဲ ကိုယ့်ထမင်းကိုယ်စားပြီး လိုချင်တဲ့ အပြောင်းအလဲ မရမချင်းလုပ်တာ။ ဒီလောက်ဆိုရင် ကိုယ်ဘာလုပ်နေတာလဲ သဘောပေါက်လောက်ပြီ ထင်ပါတယ်။" တဲ့
ပိုဆိုးတာက လတ်တလောနေနေရတာ အရှေ့တောင်အာရှမှာ ဒုတိယထိပ်သီးနိုင်ငံမှာ ဖြစ်နေတာ၊ မြင်တွေ့သမျှ သူ့နိုင်ငံသားတွေ မြင်တိုင်း ကိုယ့်နိုင်ငံသားတွေကို သတိရမိတာအမှန်၊ အဲဒီလို သတိရမိတိုင်း ပြည်သူတစ်ရပ်လုံးကို စိတ်ဓါတ်အဆင့်အတန်း၊ လူနေမှုအဆင့်အတန်း နိမ့်ကျသွားအောင် လုပ်ခဲ့သည့် အစိုးရကို နာကျည်းမိသည်။ တချို့က ကျမရေးတာဖတ်ပြီး ထိုင်းနိုင်ငံလောက်များ အထင်မကြီးလို့ ပြောတာ ကြားရသည်။ ကျမက အထင်ကြီးလို့ရေးပြနေတာမဟုတ်ပါ၊ အတုယူစရာ၊ ဆင်ခြင်စရာ ၊ အားကျစရာ စတာတွေကို သိရှိအောင် ပြောပြတာသာဖြစ်သည်။ ကျမ အမေရိကန်လို၊ အင်္ဂလန်လို နိုင်င့တွေမှာ ရောက်နေပါကလည်း ရင်လည်း ကိုယ့်ပြည်သူနဲ့ သူ့ပြည်သူ၊ ကိုယ့်တိုင်းပြည်နဲ့ သူ့တိုင်းပြည် ယှဉ်ပြီး ကြည့်နေမိ ရေးနေမိမှာပါပဲ၊ ကိုယ့်လူမျိုးကဘာတွေ အားသာတယ်၊ ကိုယ့်တိုင်းပြည်က အမေရိကန်နိုငငံထက် ဘာတွေ ပိုကောင်းတယ်ဆိုတာ နှိုင်းယှဉ်ကြည့်နေမိမှာပါပဲ။
ဒီလထဲမှာပဲ ထိုင်းနိုငငံ ဘန်ကောက်ပတ်ဝန်းကျင်က မြို့နယ် အချို့ မှာ ထိုင်းအစိုးရဖက်က အဖွဲ့အစည်းအချို့နဲ့ အရပ်ဖက် အဖွဲ့အစည်းတွေ ပူးပေါင်းပြီး မြန်မာအလုပ်သမားတွေကိုစကားအပြောအဆို အနေအထိုင်၊ ပတ်ဝန်းကျင်နဲ့ ဆက်ဆံပုံဆက်ဆံနည်းတွေ သင်တန်းပို့ချပေးတယ်လို့ သတင်းမှာကြည့်လိုက်ရသည်။ ရုတ်တရက်တော့ မြန်မာတွေကို အနေအထိုင်မတတ်လို့ ဆုံးမသလို စိတ်ထဲ တမျိုးဖြစ်သွားပေမယ့် သေသေချာချာ ပြန်တွေးတော့ အင်မတန်ကောင်းသည့် အစီအစဉ်လို့ အသိအမှတ်ပြုရသည်။ မိဘက ဆိုဆုံးမခြင်း မခံရတဲ့ ကလေးကို အိမ်နီးချင်းနဲ့ ဆရာ ဆရာမတွေက ဆုံးမပဲ့ပြင်သလို ဖြစ်နေသလားလို့တော့ တွေးမိသည်။
ထိုင်းနိုင်ငံကို ရောက်လာကာစ လူငယ်လေးတစ်ယောက် ပြောတာသတိရမိသည်။ သူက ဘန်ကောက်မှာ ဘတ်စ်ကားစီးနေရင်း သူ့စိတ်ထဲမှာ တခုခုလိုသလို ခံစားရပြီး မနေတတ် မထိုင်တတ်ဖြစ်သတဲ့၊ နှစ်ကြိမ် သုံးကြိမ် စီးပြီး သတိပြုမိလာတာက ကားပေါ်မှာ ဘယ်သူမှ အသံမထွက်ပဲ တိတ်ဆိတ်နေတာဖြစ်ပါသတဲ့။ ရန်ကုန်မှာ နေခဲ့တုန်းက ကားပေါ်တက်တာနဲ့ စပယ်ယာရဲ့ လူခေါ်သံ၊ ကားပေါ်မှာ မီးခြစ်ဆံဗူးထဲကို မီးခြစ်ဆံတွေ နေရာချသလို လူတွေကို ကျောခြင်းကပ်ခိုင်းလိုက်၊ ဟိုအကိုကြီးက ဟိုဘက်မလှည့်နဲ့ ဒီဘက်ကိုလှည့်လိုက်၊ လက်ကို ဒီနေရာကိုကိုင်၊ ဒါမှ ဟိုအမက ဒီတန်းကို ဒီလိုကိုင်လို့ရမှာ စတာတတွေအပြင်၊ ကားခတောင်းသံ ဆဲသံဆိုသံ ရေရွတ်သံ၊ မှတ်တိုင်ပါသလား မေးသံ၊ ကားအချင်းချင်းအပြိုင်အဆိုင်မောင်းကြ ကျော်တက်ကြရင်း ဆဲကြဆိုကြ နောက်ပြောင်ကြ ၊ ကားပေါ်ကလူတွေရဲ့ ပြန်လှန်ပြောဆိုသံ၊ ခရီးသည်အချင်းချင်း ကလည်း အဲဒီအသံတွေကို လွှမ်းအောင် အသံမြှင့်ပြီး အော်ပြောကြ တဲ့ အသံ စတာတွေ မကြားရလို့ သူ့မှာတခုခု လိုနေသလို ဖြစ်ပါသတဲ့။
ဒါပေမယ့် ဘန်ကောက်မှာ ကျောင်းတက်ပြီး လေးနှစ်ခန့်အကြာ ရန်ကုန်ပြန်ရောက်တဲ့ အခါ ဘတ်စ်ကားပေါ်မှာ အဲဒီလို အသံတွေ ကြားရတော့ မနေတတ်ဖြစ်ကာ ကားမစီးချင်တော့လောက်အောင် စိတ်ကုန်သွားတယ်လို့ ဆိုသည်။ လူတွေ ဘာလို့ အကြောင်းမဲ့ ဒေါသကြီးပြီး၊ အကြောင်းမဲ့ အော်ဟစ်နေကြတာလဲ တွေးမိတယ်လို့ ပြောပြလေသည်။ ထို့အတူပါပဲ မြန်မာပြည်က ပြန်လာတဲ့ ထိုင်းလူမျိုးတစ်ယောက်က လက်ဘက်ရည်ဆိုင်တွေမှာ အစားအသောက်မှာရင် ကုန်းအော်ကြတယ်နော်လို့ ပြန်ပြောပြတော့ ကိုယ့်မျက်နှာ ဖြန်းကနဲတော့ ဖြစ်မိသည်။
သူတို့တွေက စားသောက်ဆိုင်မှာ မှာရင် ဘေးကလူက ဘာပြောလိုက်မှန်းပင်မသိ၊ သူနှင့် ဆိုင်ရှင်၊ ဒါမှမဟုတ် စားပွဲထိုး နှစ်ယောက်သားကြားယုံသာ ပြောတာဖြစ်သည်။ ဒါက တကယ့်ဟိုတယ်ကြီးတွေ မဟုတ်ပါ။ လမ်းဘေးစားသောက်ဆိုင်မှာ ဖြစ်သည်။ ကွေ့တီယိုဆိုင်၊ သင်္ဘေသီးထောင်းဆိုင် စတာမျိုးလမ်းဘေးမှာ တွန်းလှည်းနဲ့ ရောင်းတဲ့ ဆိုင်တွေမှာ ရောင်းသူရော ဝယ်သူပါ ရှေ့က ရောက်သူကို ကြည့်ထားပြီး ဒီတိုင်းရပ်စောင့်တာဖြစ်သည်။ ကိုယ့်အလှည့်ရောက်ပြီဆိုမှ ဆိုင်ရှင်က ဘာယူမလဲ၊ ဝယ်သူက ဘာထဲ့ပါ ဘယ်နှစ်ပွဲ၊ ဘယ်နှစ်ထုတ် ပြောလိုက်တာဖြစ်သည်။ ဆိုင်ရှေ့ ရောက်လာတာနှင့် ဝယ်သူရှိနေက ဈေးသည်က ဘာမှမမေးသလို ဝယ်သူကလည်း ကိုယ့်ရှေ့မှာ လူရှိက ဘာမှ မပြောပါ ဒီအတိုင်း ရပ်နေတာဖြစ်သည်။
ကျမပင် ရောက်ကာစ ဆိုင်ရှေ့ရောက်သည်နှင့် ကွေ့တီယိုနှစ်ပွဲ ထုတ်မယ်၊ ဝက်သားနဲ့ အဲဒီလို ပြောသည့်အကျင့် ရှိသည်။ နောက်တော့ သူတို့ရဲ့ အကြည့်၊ ဆိုင်ရှင်က ဘယ်လောက်ပြောပြော အရေးမလုပ်မှ သူတို့ ဓလေ့ကို သိပြီး ကိုယ့်အလှည့်ရောက်မှ ကိုယ်ပြော တိုးတိုးပြော စတာတွေ အကျင့်ရလာတာဖြစ်သည်။ ဘယ်နေရာရောက်ရောက် တန်းစီကြတာ အကျင့်ဖြစ်ပြီး အေးအေးဆေးဆေး စောင့်တတ်သည့် အကျင့်ကို သူတို့ဆီက အတုယူပြီး လုပ်တတ်လာတာဖြစ်သည်။
ကျမနေသည့် ချင်းမိုင်မှာ ဘတ်စ်ကားမရှိသည့် အတွက် ဘတ်စ်ကားစီးသည့် အတွေ့အကြုံမရှိ၊ ဒါပေမယ့် လိုင်းကားအနေနဲ့ ဟိုင်းလ်စ်လို ကားတွေကို အနီရောင်။ အပြာရောင်။ အဝါရောင် ခွဲထားပြီး ဆွဲတာ စီးရသည်။ သီးသန့်စီးချင်ရင်တော့ တုတ်တုတ်ဆိုသည့် မြန်ပြည်မှာ ယခင်က ရှိခဲ့သည့် သုံးဘီးကားနဲ့ ခပ်ဆင်ဆင် ကားမျိုးကို ငှား၍ ရသည်။ သူက ဈေးကြီးသည်။ ကားနီကတော့ ဘတ်(၂၀)သာ၊ ကိုယ်သွားမယ့်နေရာ ပြောပြီး ကားပေါ်တက်၊ စပယ်ယာမပါ၊ ဆင်းတော့မယ်ဆိုရင် ဘဲလ်တီး၊ ရှေ့ခန်ကို သွားကားခပေး၊ ဘယ့်လောက်အေးချမ်းသလဲ၊ ဒါပေမယ့် မအေးမချမ်းနေခဲ့ရတဲ့ အတွက် ကားပေါ်မှာ ချောင်ချိနေတာတောင် ကိုယ့်အထုတ်တွေကို ပေါင်ပေါ်ကမချ၊ အထုတ်တွေ မနိုင်မနင်း ဖြစ်တာတောင် လက်ကကိုင်ထားသေးတာ၊ အတူပါတဲ့ အဖော်ကဖြစ်ဖြစ်၊ ကားပေါ်မှာ စီးလာတဲ့ ခရီးသည်က ဖြစ်ဖြစ် ချထားလေလို့ ပြောမှ သတိရပြီး ချဖြစ်သည်။
" ကိုယ့်အထုတ်တွေ ပေါင်ပေါ်တင်ထား၊ အောက်ကိုမချနဲ့ ၊ ပိုက်ဆံတွေ အသင့်ထုတ်ထား မတောင်းရစေနဲ့ တောင်းမှ အိတ်ထဲက ထုတ်မနေနဲ့" စတဲ့ အမြန်ယာဉ်လို့ ခေါ်တဲ့ ဟိုင်းလတ်စ် ကားသေးလေးတွေ စီးခဲ့ရတဲ့ မြန်မာပြည်တုန်းက အကျင့်က တော်တော်နဲ့ မပျောက်၊ ဒါတောင် ကားပေါ် ရောက်တာနဲ့ ပိုက်ဆံကို လက်က အသင့်ကိုင်ထားတတ်တဲ့ အကျင့်က လေးငါးနှစ်အထိတောင် မပျောက်ချင်သေး၊ ဒီလို ဘဝတွေမှာ ခေါက်ရိုးကျိုးခဲ့ရတာဖြစ်သည်။ စပယ်ယာလည်း ကြောက်ရသည်။ သူခိုင်းတဲ့ အတိုင်း လိုက်လုပ်ရသေးသည်။ အခုခေတ်ကတော့ ခရီးသည်က မခံနိုင်လို့ ပြန်ပြောရင် ဝိုင်းရိုက်ကြသေးသတဲ့။ ပြည်သူတွေကို ကာကွယ်ပေးသလား ၊ စပယ်ယာလက်ကပင် ဘဝကို အာမမခံနိုင်ကြ။
သူတို့ဆီမှာတော့ ယာဉ်ထိန်းရဲဆိုတဲ့ လူမျိုးကို ပြည်သူက သတ်ပစ်ချင်လောက်အောင် အကြောင်းမရှိ၊ ကျောင်းတက်ချိန် ကျောင်းဆင်းချိန်မှာ လမ်းရှင်းပေးသည့် .ယဉ်ထိန်ရဲတွေ များစွာတွေ့ရသည်။ ညဖက် ကားတွေ ဆိုင်ကယ်တွေ မောင်းသူတွေကို အရက်ရေချိန် တိုင်းပြီး ကျော်လျင်ဖမ်းသည်။ ဘယ်သူဖြစ်ဖြစ် ဘာဖြစ်ဖြစ် မူးလျင်း ဆက်မမောင်းရ အချူပ်ထဲထဲ့သည်။ မနက် ဒဏ်ကြေးဆောင် ပြန်လွှတ်၊ ဦးထုပ်မဆောင်းက ဖမ်းသည်။ စာရွက်ပေးလိုက်သည်။ ရုံးမှာသွားဆောင် ဘတ်(၂၀၀)၊ ဦးထုတ်မဆောင်းလို့ ဖမ်းရင် လိုင်စင်မရှိတာပါ တွေ့က ဆောင် ဒဏ်ငွေ၊ ဥပဒေအတိုင်းသာ၊ ကိုယ့်အပစ်နှင့်ကိုယ်၊ ယာဉ်ထိန်းရဲက ဥပဒေအတိုင်း သူ့အလုပ် သူလုပ် မှန်နေတာ့ ဘာမှသွားပြောလို့မရ၊ ဘယ်သူမှလဲမပြောပါ။ ယာဉ်ထိန်းရဲမြင်လို့ ဦးထုတ်မဆောင်းမိတဲ့သူက ခပ်လှမ်းလှမ်းကနေ ပြန်ကွေ့သွားလည်း အနောက်ကနေ လူဆိုးဖမ်းသလို တလကြမ်း လိုက်မဖမ်း၊ အဓိကက နောင်ကို ဦးထုတ်ဆောင်းဖို့ သိအောင် လုပ်တာသာဖြစ်သည်။
စည်းနဲ့ကမ်းနဲ့ နေသည့်လူမျိုးကို တွေ့တော့ ကိုယ့်လူမျိုးတွေ စည်းနဲ့ကမ်းနဲ့ နေတာကြည့်ချင် မြင်ချင်သည်။ ယခုနောက်ပိုင်း ပိုဆိုးသည်ဟု မိတ်ဆွေတွေ ပြောတာကြားရသည်။ မြန်မာလူမျိုးတွေကို စနစ်တကျ ဖျက်ဆီးခဲ့ကြလေပြီ။ ဒီလိုအခြေအနေတွေကို အမြန်ပြောင်းလဲမှ ဖြစ်မည်။ တကယ့်ကို ပြောင်းလဲချိန်တန်ပါပြီ။ အခြေခံ လူမှုဘဝဖြစ်သည့် အပြောအဆို အနေအထိုင်မှာပါ ပျက်ဆီးနေသည့် ဘဝတွေကို ပြောင်းလဲဖို့ အချိန်တန်ပါပြီ။ ပြည်သူတွေ၊ အစိုးရဝန်ထမ်းတွေ စစ်တပ် ရဲနဲ့ အုပ်ချုပ်ရေးတွေမှာပါ ဥပဒေစိုးမိုးမှုရှိပြီး တရားဥပဒေက တစ်ဦးတစ်ယောက် လိုသလို လုပ်လို့ရတဲ့ အရာမဟုတ်ပဲ အများပြည်သူကို အကာအကွယ်ပေးသည့် ဥပဒေတွေ ဖြစ်ရမည်။ သို့မှသာ ပြည်သူတွေရဲ့ ဘဝတွေ လုံခြုံပြီး စိတ်အေးလက်အေး နေကြရမည်။ နေနိုင်သည့် အလေ့အထများ ဖြစ်ပေါါ်လာရမည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချူပ်ကလည်း ပြောင်းလဲချိန်တန်ပြီ အမှန်တကယ်ပြောင်းလဲဖို့ NLD ကို မဲထဲ့စို့ဟု ဆိုလာပြီ။ အမှန်တကယ် ပြောင်းလဲလိုက်ကြပါစို့ ၊ သူများကို အားကျနေယုံနဲ့ မပြီးပဲ သူတို့လို ဘဝလုံခြုံပြီး အေးအေးချမ်းချမ်းနေရတဲ့ လူ့ဘဝမျိုး အားလုံး နေထိုင်သွားကြရအောင်ပါ။
ခိုင်ခိုင်စောလွင်