September 17, 2017

" 9/ 11 , အကြောက်တရားရဲ့အလွန်"၁၈ရက် စက်တင်္ဘာ ၂၀၁၇ခုနှစ်၊ ဒီလှိုင်းစာစောင် အတွဲ(၆) အမှတ်(၃၆) မှ


ရခိုင်ပြည်နယ်မှာ ဖြစ်နေတဲ့ အကြောင်းအရာတွေနဲ့ပတ်သက်ပြီး လတ်တလော ပြဿနာတွေ အစပြု စတင်တဲ့ရက်ကနေ အခုအချိန်အထိ သတင်းတွေကိုသာ စောင့်ဖတ်ဖြစ်ခဲ့လေသည်။ ရခိုင်အရေးမှာ တမဟုတ်ချင်း ကမ္ဘာ့မီဒီယာအသီးသီးရဲ့ ထိတ်တန်းသတင်းတပုဒ်ဖြစ်သွားလေသည်။ သတင်းတွေကြည့်ရင်းက ရခိုင်လူမျိုးတွေ အကြမ်းဖက်ခံရတဲ့ သတင်းတွေ တိမ်မြုပ်သွားပြီး အခြားအကြောင်းအရာဆီ ဦးတည်သွားနေတာ မြင်ရသည်။ အကြမ်းဖက်ခံရပြီး သေဆုံးသွားသည့် ရခိုင်အပါအဝင် ရခိုင်တိုင်းရင်းသားမျိုးနွယ်စုတွေ ဖြစ်သည့် ဒိုင်းနက်၊ သက် ခမိ မြို လူမျိုးတွေအကြောင်း ဆွေးနွေးတင်ပြတာ မတွေ့ရပေ။ လူမှုကွန်ယက်တွေကနေတဆင့် ပညာရှင်တွေရဲ့ ဆွေးနွေးသုံးသပ်မှုတွေကြည့်ရင်း အင်္ဂလိပ်လက်အောက်ကနေ လွတ်လပ်ရေးရတဲ့ကာလ အဲဒီနောက်ပိုင်း အာဏာရှင်စနစ်အုပ်ချူပ်သည်အထိ ရခိုင်သမိုင်းကို အတော်ပင် နှံ့နှံ့စပ်စပ် သိခွင့်ရလေသည်။ ကိုယ်တိုင်တောင် မရောက်ဖူးတဲ့ဒေသ အဖြစ်သနစ်တွေကိုတောင် သူများတွေရေးမှ ဖတ်ရတဲ့ အခြေအနေ လတ်တလောဖြစ်စဉ်တွေဆိုက သတင်းတွေ များလွန်း၍ ဘယ်သတင်းအရင်းအမြစ်က ယုံကြည်ရဆုံးလဲ ကိုယ့်ဘာသာ ချင့်ချိန်ယုံရသည့် အခြေအနေဖြစ်သည်။
ပြီးခဲ့တဲ့ လထဲမှာ ထိုင်းဝန်ကြီးချူပ်ဟောင်း ယင်လပ် ပြည်ပကိုထွက်ပြေးသွားပြီဆိုသည့် သတင်းက လူမှုကွန်ယက်မှာ စတင်ပျံ့နှံ့လာသည်။ ထုံးစံအတိုင်း ထိုင်းနိုင်ငံမှာ ယုံကြည်ရသည့် သတင်းစာဖြစ်သည့် ဘန်ကောက်ပို့စ်ကို စောင့်ဖတ်ရသည်။ ဘန်ကောက်ပို့စ်မှာ သတင်းပါလာမှ ဒါတကယ်လို့ အတည်ပြုဖြစ်သည်။ မြန်မာပြည်မှာ နိုင်ငံသူနိုင်ငံသားအားလုံး ယုံကြည်ရသည့် စိတ်ချစွာ လက်ခံရမည့် သတင်းထုတ်ပြန်မှု အင်မတန်အားနည်းနေသေးသည်။ သို့ဖြစ်ရာ ကောလဟာလ ယနေ့အခေါ် ဖွ သတင်းတွေက မင်းမူနေသည်။ ဖွသတင်းတွေက လက်ဦးနေသည်။ သက်ရောက်မှုက နိုင်ငံသူနိုင်ငံသားတွေ စိုးရိမ်မှုမြင့်တက်စေပြီး ယုံကြည်မှုလျော့နည်းလာလေသည်။ စိုးရိမ်မှုလွန်ကဲရာက အကြောက်တရားဆီရောက်ကာ ယုံကြည်မှုမဲ့သည် အထိ ဖြစ်လာနိုင်လေသည်။ အကြောက်တရားက ပကတိအခြေအနေကို အမှန်အတိုင်း မမြင်နိုင်တော့ပေ။ အာဏာရှင်လက်အောက်မှာ အကြောက်တရားနဲ့ နှစ်ပေါင်းများစွာ ကြီးပြင်းခဲ့ရသူတွေဖြစ်လို့ အကြောက်တရားနဲ့ယဉ်ပါးနေတာဖြစ်တာထက် လူ့သဘာဝအရ မလုံခြုံခြင်း ဆိုတဲ့ အကြောက်တရားက မြင့်တက်သွားတာမျိုး အမေရိကန်နိုင်ငံလိုမှာပင် ဖြစ်ပျက်ခဲ့ကြသေးရာ မမှန်ကန်သည့် မရောရာသည့်ဖွသတင်းတွေကို လူတယောက်ချင်းစီကနေ စပြီးထိန်းချူပ်သည့် အကျင့် ရှိဖို့လိုသည်။ ကိုယ်ကစလိုက်ခြင်းဖြင့် နောက်တယောက်ဆီ မကူးစက်နိုင်အောင် လူတယောက်ချင်းစီကပဲ သတိ ညာဏ်ပညာနဲ့ စရပေမည်။
မနေ့တနေ့ကပဲ (၁၁)ရက်နေ့ ဘာဖြစ်မယ် ရှယ်ပေးကြပါ ဆိုသည့် မက်စေ့ခ်ျတွေ ဝင်လာသည်။ ဖွင့်ပင်မကြည့်၊ နောက်တခါ ---- ဘယ်သူရဲ့ ဖေ့စ်ဘွတ်အကောင့်ကို လက်မခံပါနဲ့ အကောင့်ပျက်မယ် ဂျီဟတ်လုပ်တာ စတာတွေ ပို့လာကြသည်။ အကောင့်ပျက်တော့ ဘာဖြစ်တုန်း အသစ်ပြန်လုပ်ပေါ့၊ ဒါကြောက်စရာမဟုတ်၊ (၁၁) ရက်နေ့မှာ တနိုင်ငံလုံး ဘာဖြစ်မယ် ဆိုလား သူကအဲဒီလောက်ကြိုသိရင် လုပ်မယ့်သူက သူမို့ ဒီလောက်သေချာသိတာပေါ့၊ သူ့သာ ဖမ်းလိုက်ယုံ၊ ဒါပေမယ့် ဘယ်သူ့ဆီက စလိုက်မှန်းမသိသည့် အဆိုပါ မက်စေ့ခ်ျကို ယုံကြည်ရသလား တကယ်ဖြစ်နိုင်လား တွေးတော ဆင်ခြင်ကြရဲ့လား မဆိုနိုင်၊ ပို့လာသူတွေထဲ တက္ကသိုလ်က ကထိက အဆင့်ဆရာမတွေတောင် ပါသေး၊ ရင်လေးစရာပါလား တွေးမိရသည်။ လွယ်လွယ်ယုံ လွယ်လွယ်ကြောက် လွယ်လွယ်မေ့သူတွေ များလှသည်။
အကြောက်တရားရဲ့ အလွန် နောက်ဆက်တွဲ ဆိုးကျိုးတွေက ပြန်လည် ဒုက္ခပေးနိုင်တာ အများကြီးရှိသည်။ အမေရိကန်လို လူ့အခွင့်အရေးအလေးထားသည့် နိုင်ငံသော်မှ (၂၀၀၁)ခုနှစ် စက်တင်္ဘာ (၁၁) ရက် တိုက်ခိုက်မှုတွေဖြစ်ပြီး နောက်ပိုင်း စိုးရိမ်မှုတွေ မယုံကြည်မှုတွေ ကြောက်လန့်မှုတွေ လွန်ကဲကာ ပြည်သူကို ထိန်းသိမ်းနေရသည့် အခြေအနေတွေ ဖြစ်ခဲ့သည်။ မြန်မာပြည်အနေနှင့် လေ့လာသင်ခန်းစာ ယူစရာတွေ တပုံချည်း ရှေ့မှာရှိနေလေသည်။ အမေရိကန်နိုင်ငံတောင်မှ 9/ 11 လို့ လူသိများသည့် ကမ္ဘာ့ကုန်သွယ်ရေးတာဝါ ညီနောင် နှစ်ခု ဆိုးရွားစွာ တိုက်ခိုက်ခံရပြီးနောက် စိုးရိမ်ထိတ်လန့်ခြင်း လွန်ခဲ့သည့် ဖြစ်ရပ်တွေ ရှိခဲ့လေသည်။ အဖြစ်ကလည်း ထိတ်လန့်ခြောက်ခြားဖွယ်ရာ များစွာပင်။ အကြမ်းဖက်သမားတွေက ခရီးသည်တင် လေယာဉ်(၄)စင်းကို ပြန်ပေးဆွဲခဲ့ပြီး နှစ်စင်းက နယူးရော့ခ်မှာရှိသည့် ( twin towers of the World Trade Center )ကို တိုက်ခဲ့သည်။ အခြားတစင်းက ဝါရှင်တန်ဒီစီ မြို့အပြင်မှာ ရှိသည့် ပင်တဂွန်စစ်ဌာနချူပ်ကို လေယာဉ်ထိုးစိုက် ဝင်တိုက်ခဲ့ပြီး တစင်းမှာ ပင်ဆယ်ဗေးလ်နီးယားမှာရှိတဲ့ လယ်ကွင်းတခုထဲ ပျက်ကျသွားခဲ့သည်။အဆိုပါ အကြမ်းဖက်မှုကြောင့် လေယာဉ်ပေါ်ပါခရီးသယ်အားလုံး အပါအဝင် လူပေါင်း (၃၀၀၀) နီးပါး အသက်ဆုံးရှုံးခဲ့ရလေသည်။
ဆယ်စုနှစ်အနည်းငယ်အကြာ အကြမ်းဖက်ဝါဒက အမေရိ ကန်နိုင်ငံကို ခြိမ်းခြောက်နေပြီဆို သည့် ဒေါ်နယ်ထရန့်ရဲ့ တန့်လှန့်သံက ထရန့်ကို သမတအဖြစ် အရွေးခံရဖို့ ဗျူဟာတခုပင်ဖြစ်ခဲ့တဲ့ အကြောင်းနဲ့ အကြမ်းဖက်သမားတွေနဲ့ အရပ်သားတွေ ရောထွေးနေတဲ့ ရခိုင်ပြည်နယ်က အခြေအနေတွေ အကြောင်းကို မိတ်ဆွေဖြစ်တဲ့ သတင်းသမား စာရေးဆရာတယောက်နဲ့ စကားပြော ဆွေးနွေးမိရင်း သူက New York ဆိုသည့် အိန္ဒိယရုပ်ရှင်ဇာတ်လမ်း တပုဒ်ကို ညွှန်းလို့ ကြည့်ဖြစ်လေသည်။ တိုက်တိုက်ဆိုင်ဆိုင် ကြည့်တဲ့နေ့က 9/11 နေ့ ဖြစ်နေသည်။
အဆိုပါဇာတ်ကားမှာ ၂၀၀၉ ခုနှစ်ကတည်းက ဆိုတော့ ကြည့်ဖူးသူအတော်များများရှိပါလိမ့်မည်။ အိုမာ ဆိုသည့် အိန္ဒိယနွယ်ဖွား အစ္စလာမ်ဘာသာဝင် လူငယ်တယောက်ကို အမေရိကန် FBI ကနေ လက်နက်တွေနဲ့ ထောင်ခြောက်ဆင်ပြီး အကြမ်းဖက်ဖို့ လုပ်တယ်လို့ ဖမ်းဆီးစစ်ဆေးတာနဲ့ ဇာတ်လမ်းကို စထားသည်။ သူ့ကို အမေရိကားကို ဘယ်လို ရောက်လာသလဲ တက္ကသိုလ်မှာ ခင်မင်ခဲ့တဲ့ သူငယ်ချင်းနာမည်တွေ မေးမြန်းရင်း " ဆမ်" နဲ့ စတင်သိကျွမ်းခဲ့ရတဲ့ အကြောင်းတွေ မေးသည်။
စကောလာရှစ်ရတဲ့အတွက် မာစတာဆက်တက်ဖို့ အမေရိကန်နိုင်ငံရောက်လာတဲ့ အိန္ဒိယနွယ်ဖွား အစ္စလမ်ဘာသာဝင် အိုမာ ၊ (၄)နှစ်သားကတည်းက အမေရိကားရောက်နေတဲ့ ဆမ် ၊ နောက် မာရာ ဆိုသည့် သူတို့လူမျိုးမိန်းကလေး၊ အိုမာ ဆမ် မာရာ လူငယ်သုံးယောက်မှာ ဆမ်က အမေရိကန်လူမျိုးတယောက်လို ဖြစ်နေပြီ။ တက်ကြွဖြတ်လတ် ထက်မြက်သည်။ အားကစားမှာတော်သည်။ လူသိများသည်။ အိုမာက မာရာကိုချစ်ပြီး မာရာက ဆမ်ကို ချစ်နေသည်။ တက္ကသိုလ်(၂)နှစ်တက်အပြီး 9/11 တိုက်ခိုက်မှု ဖြစ်တာနှင့်ကြုံကာ သူတို့ (၃)ယောက်ကွဲသွားကြသည်။ အမေရိကန် FBI က ဆမ် ကို အကြမ်းဖက်သမားအဖြစ် သိထားပြီး ဖမ်းဆီးလိုသည်။ ဆမ်နှင့် သူငယ်ချင်းဖြစ်သည့် အိုမာ ကိုအကြပ်ကိုင်ပြီး ဆမ်ရဲ့ အကြမ်းဖက်လုပ်ရပ်ကို ဖော်ထုတ်ဖို့ စစ်ဆင်ရေးလုပ်သည်။ ဆမ်ရဲ့ အိမ်မှာနေထိုင်စဉ် အိုမာရဲ့ အမျိုးမျိုး စမ်းသပ်မှုတွေအရ ဆမ်မှာ ရိုးသားသည်။ အကြမ်းဖက်လုပ်ရပ်ကို မကြိုက်နှစ်သက်၊ အိုမာ့ကို ပင် သံသယဖြင့် တားဆီးသေးသည်။ အိုမာက FBI အရာရှိကို ဆမ် မှာ အကြမ်းဖက်သမား မဖြစ်နိုင်ကြောင်း တင်ပြသည်။ လက်မခံ၊ ဆမ်ရဲ့ရှေ့မှာတင် အိုမာက ဟန်ဆောင်ဇာတ်လမ်းဆင်ကာ လူတယောက်ကို သေနတ်ဖြင့် ပစ်သတ်ပြသည်။ ဆမ်က အိုမာကို သူ့အိမ်ကနေ နှင်ထုတ်လိုက်သည်။ သေချာပြီ ဆမ်မှာ အကြမ်းဖက်သမားမဟုတ်၊ အိမ်မှ ထွက်ရမည့်နေ့မှာ ဆမ်က လိုက်ပို့ရင်း တနေရာခေါ်သွားသည်။ လူအချို့နှင့် ဆုံသည်။ ထိုသူတွေကတော့ FBI က သူ့ကို ဓါတ်ပုံတွေ ပြလိုက်သည့် အာဖဂန်၊ ပါကစ္စတန် ၊ ဘင်္ဂလားဒေ့ရှ်က ဝင်ရောက်နေသည့် အကြမ်းဖက်သမားတွေ ဖြစ်နေသည်။ ထိုအခါမှ သူ့သူငယ်ချင်း ဆမ်မှာ အကြမ်းဖက်သမား တယောက်ဖြစ်နေတာ သိသွားသည်။ စိတ်ဝင်စရာအကောင်းဆုံးက ဆမ်တယောက် ဘယ်လို အကြမ်းဖက်သမား ဖြစ်သွားတာလဲ ဆိုတာပင်။
9/11 ဖြစ်ပြီး အမေရိကန်FBI က အကြမ်းဖက်သမားတွေကို ပိုက်စိပ်တိုက် ရှာဖွေနေချိန် ရွှေ့ပြောင်းနေထိုင်သူတွေအကြား မလုံခြုံသလို ဖြစ်လာကြသည်။ ထိုအချိန်မှာ ဆမ် က မာရာနဲ့ ဆုံဖို့ ဝါရှင်တန်ဒီစီကို အသွား ဘူတာရုံမှာ အဖမ်းခံရသည်။ ရိုက်နှက်စစ်ဆေးသည်။ ရက်စက်သည့် နည်းမျိုးစုံဖြင့် စစ်ဆေးပြီး အကြမ်းဖက်သမားဖြစ်ကြောင်းဝန်ခံခိုင်းသည်။ သူတို့ပြသည့် ကုန်သွယ်ရေးအဆောက်အဦဓါတ်ပုံက ကျောင်းတုန်းက အဆောက်အဦဒီဇိုင်းပရောဂျက်တခုအတွက် ရိုက်ထားတာဖြစ်ကြောင်း ဆရာ့ကိုမေးမြန်းနိုင်ကြောင်း ထွက်ဆိုသည်။ နောက်ဆုံး အထောက်အထားမရှိတဲ့ အတွက် ပြန်လွတ်လာသည်။ အိပ်ပျော်ရင်းက နှိပ်စက်ခံရတဲ့ အိပ်မက်ဆိုးတွေကြောင့် လန့်နိုးသည်၊ အရင်က တက်ကြွသည့် အမူအယာတွေပျောက်ပြီး ကိုယ့်ကိုယ်ကို ယုံကြည်မှု မရှိတော့၊ လူတွေက သူ့ကို သံသယရှိနေတယ်လို့ ခံစားရသည်။ ရဲမြင်က ကြောက်ရွံ့စိတ်ဖြစ်သည်။ မာရာက ဆမ့်ကို အားပေးရင်း လက်ထပ်ဖို့ ပြောကာ လက်ထပ်လိုက်ကြသည်။ သို့သော် ဆမ်မှာ အရင်လိုမဟုတ် သူ့ရင်ထဲ နာကျည်းမှု၊ မကျေနပ်မှုနှင့် မလုံခြုံမှုတွေ ခံစားနေရသည်။ အရင်ကလို ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိပြီး ဒီနိုင်ငံက လူမျိုးတွေနှင့် တသားထဲ နေသလို စိတ်မဖြစ်တော့၊ နောက်ဆုံး အချူပ်ခန်းကလွတ်ကာနီး အချူပ်ခန်းထဲက လူကြီးတယောက် မှာလိုက်သည့် စကားတခုဖြင့် ပြောလိုက်သည့် နေရာကို သွားဆက်သွယ်လိုက်သည်။ ထိုကနေ အကြမ်းဖက်သမားတွေနှင့်ချိတ်မိကာ အကြမ်းဖက်သမားလုံးလုံး ဖြစ်သွားတော့သည်။
အိုမာနဲ့ ဆမ်ရဲ့ ဇနီး မာရာတို့က ဆမ် မကြာမီလုပ်တော့မည့် ဖောက်ခွဲမှုအကြီးစားကို တားဖြစ်ဖို့ ဆမ့်ကို အကြမ်းဖက်သမားအဖြစ်က ကယ်တင်ဖို့ FBIနှင့် ပေါင်းကာ ကြိုးစားကြသည်။ နေရာနှင့်အချိန် မသိသေး၊ အိုမာနှင့် မာရာက ဆမ် ကို ဖမ်းတဲ့အခါ အသေပစ်မသတ်ဖို့ ကတိတောင်းသည်။ အရာရှိ ရိုလျှားက အကြီးဆုံးတာဝန်ရှိသူကို ပြောပြသည်။ ထိုသူက အကြမ်းဖက်သမားကို အသေသာဖမ်းချင်သည်။ ဆမ်ရဲ့ ညွှန်ကြားချက်အရ ဆမ်ကန်ထရိုက်ရသည့် အဆောက်အဦတခုရဲ့ မြေအောက်အညစ်အကြေးစွန့် ပိုက်လိုင်းထဲမှာ ဆမ့်လူတွေနဲ့ အိုမာ အလုပ်လုပ်နေရင်း လက်ကိုင်ဖုန်းတွေကနေ ဖောက်ခွဲရေး လုပ်မယ့် အစီအစဉ်စတင်နေတာလို့ သိလိုက်ရသည်။ မြေအောက် ရေဆိုးမြောင်းကနေ အိုမာ ရအောင် ထွက်လာပြီး FBI အရာရှိ ရိုလျှားထံ ဖုန်းဆက်သည်။ ဖောက်ခွဲရေး လုပ်တော့မည်၊ နေရာ အဆောက်အဦတခုခုဖြစ်မည်၊ သေချာမသိသေး၊ ဆမ်က အဆိုပါ အဆောက်အဦမှာ ရောက်နေပြီ၊ လက်ကိုင်ဖုန်းက တဆင့်ဖောက်ခွဲရေးလုပ်ဖို့ အဆိုပါအဆောက်အဦမှာ လိုက်လံတပ်ဆင်နေပြီ။
ထိုနေ့မှာ ဆမ်ရဲ့ ဇနီး မာရာက FBIဌာနချူပ်မှာ အကြီးအကဲနဲ့ တွေ့ဆုံပြီး ဆမ့်အကြောင်းဆွေးနွေးကာ သူလုပ်မည့်အကြမ်းဖက်လုပ်ရပ်ကို တားဆီးကြမည်၊ ယင်းဖြစ်စဉ်မှာ ဆမ်ကို အသေပစ်မသတ်ဖို့ လက်မှတ်ထိုးပေးဖို့ တောင်းသည်။ အကြီးအကဲက လက်မှတ်ထိုးဖို့ လက်ခံလိုက်ပြီး ပြင်နေချိန်မှာ အိုမာဆီက ဖုန်းဝင်လာသည်။ ဖောက်ခွဲရေးလုပ်မှာ ယနေ့ပဲဖြစ်ပြီး မကြာခင်စမယ်ဆိုတဲ့အကြောင်း ဘယ်အဆောက်အဦဆိုတာ မသိသေးကြောင်း ဆမ်ကိုတွေ့အောင်လိုက်ရှာနေကြောင်း သိရ၍ တာဝန်ရှိသူတွေ လှုပ်လှုပ်ရှားရှားဖြစ်သွားပြီး တပ်ဖွဲ့တွေ အသင်ပြင်ဖို့ အော်ဟစ်ကြသည်။ မာရာ အခန်းထဲမှာ ကျန်နေခဲ့စဉ် အဆောက်အဦပြင်ပကနေ ဆေးသုတ်သည့်အလုပ်သမားပုံစံဖြင့် ဆမ် လျှောဆင်းနေတာ မြင်လိုက်ရသည်။ ထိုအချိန်မှာ အိုမာကလည်း ဆမ် တို့ ကိုမြင်လိုက်ပြီ။ ဖုန်းထဲကနေ အလျင်အမြန် သတင်းပို့သည်။ ဆမ် ဖောက်ခွဲမည့် အဆောက်အဦက အမေရိကန် FBIဗဟို ဌာနချူပ်၊ ဝန်ထမ်းတွေကို အဆောက်အဦထဲကနေ ထွက်သွားခိုင်းပြီး စစ်ဆင်ရေးစသည်။ ဆမ်ရဲ့လက်ထဲမှာ လက်ကိုင်ဖုန်း ၊ လက်ကိုင်ဖုန်းခလုတ်ကို နှိပ်လိုက်ပါက အသင့်ဆင်ထားသည့် အဆောက်အဦနေရာအသီးသီကနေ ပေါက်ကွဲမှုဖြစ်မည်။ မာရာ အိုမာတို့ နားချသည်။ ကျန်နေသည့် သားလေးအကြောင်းပြောပြသည်။ အမေရိကန်နိုင်ငံသားတယောက်ဖြစ်ပြီး တက္ကသိုလ်တက်နေသည့် ကာလတလျှောက် တက်ကြွဖြတ်လတ် ပျော်ရွှင်စွာနေတတ်ပြီး အများအတွက် ဆောင်ရွက်တတ်သည့် ဆမ်တယောက် တွေဝေသွားသည်။တခုခုကို ဆုံးဖြတ်လိုက်ဟန်ဖြင့် လက်ကိုင်ဖုန်းကို လက်ထဲကနေ အဆောက်အဦအောက်ဘက်အဝေးဆီကို ပစ်ချလိုက်ရာ နားလည်မှုလွဲပြီး အကြီးအကဲဖြစ်သူက " ပစ်"၊ FBI အရာရှိ ရိုလျှားက " မပစ်နဲ့" အော်ရင်း ဆမ်ရယ် သူ့ကိုကာဖို့ ပြေးသွားတဲ့ သူ့ဇနီး မာရာတို့ အချက်ပေါင်းများစွာ ပစ်ခတ်ခံရပြီး သေဆုံးသွားကြသည်။ဆမ်တယောက် မာရာ ပြောသလို အရင်ကလည်း အကြမ်းဖက်သမားမဟုတ်သလို အကြမ်းဖက်လုပ်ရပ်တွေ မလုပ်ခဲ့၊ အခုလည်း အကြမ်းဖက်လုပ်ရပ်ကို ရှောင်ရှားသွားခဲ့သည်။ သို့သော် ဆမ်တယောက် အကြမ်းဖက်သမားတယောက်အဖြစ် ဘဝကိုနိဂုံးချူပ်သွားရသည်။
ဇာတ်သိမ်းပိုင်းမှာ ရိုလျှားက သူ့ကို အတန်ကြာစကားမပြောသည့် အိုမာ့ထံ ဆမ်နဲ့ မာရာတို့ရဲ့ သားလေးပြိုင်ပွဲနေတဲ့ ဘေ့စ်ဘောကစားပွဲမှာ သွားတွေ့ရင်း" အမေရိကားမှာ ရွှေ့ပြောင်းနေထိုင်ကြရတဲ့ တို့လို မူဆလင်တွေအနေနဲ့ 9/11 အပြီးမှာ လူတွေရဲ့ မယုံကြည်မှုကို စတင်ခံခဲ့ရတယ်၊ အစ္စလမ်ဘာသာရဲ့ တရားတော်က ငြိမ်းချမ်းရေးပဲဖြစ်တယ်၊ ဒါပေမယ့် အစွန်းရောက်ဘာသာဝင်တွေကြောင့် ကိုယ့်လူမျိုး ကိုယ့်ဘာသာဝင်တွေ အနေခက်လာတဲ့အခါ အစ္စလမ်ဘာသာဝင်တိုင်း အကြမ်းဖက်သမားမဟုတ်ပါဘူးဆိုတာ ပြချင်လို့ တို့ကြိုးစားခဲ့တာ " လို့ ဆိုသည်။
အိုမာက ဘာ့ကြောင့် ဆမ်ဟာ ဒီလို အဖြစ်မျိုး ကြုံခဲ့ရတာလဲ မေးတဲ့အခါ " ဒါဟာ မှားယွင်းမှု တခု၊ အချိန် စိုးရိမ်လွန်ကဲမှု လူတွေနဲ့ နောက်ဆုံး နိုင်ငံပဲလို့ " ဆိုသည်။
(၂၀၀၁)ခုနှစ် စက်တင်္ဘာ(၉)ရက် ကမ္ဘာ့ကုန်သွယ်ရေးအဆောက်အဦတာဝါ နှစ်ခု တိုက်ခိုက်ခံရပြီးတဲ့နောက် အမေရိကန်နိုင်ငံ နယူးယော့ခ်မှာ ရွှေ့ပြောင်းနေထိုင်နေကြတဲ့ သူတွေ (၁၅၀၀) နီးပါး ထိန်းသိမ်းခံခဲ့ရပြီး အမျိုးမျိုးနှိပ်စက် မေးမြန်းခံခဲ့ရသည်။ တနိုင်ငံလုံးစိုးရမိပူပန်စွာဖြင့် ထိတ်လန့်ခဲ့ကြသည်။ အဆိုပါ နှိပ်စက်ခံခဲ့ရသည့်အထဲ အကြမ်းဖက်သမားလို့ သံသယရှိသူတွေ အမှန်တကယ်အကြမ်းဖက်သမားဖြစ်သူတွေ သံသယကနေ အကြမ်းဖက်သမားဖြစ်သူတွေအဖြစ် ထပ်မံတိုးပွားလာသလား ၊ New York ရုပ်ရှင်ဇာတ်လမ်းကိုကြည့်ရင်း တွေးစရာ ဆင်ခြင်စရာတွေ များစွာ တွေ့လိုက်မိလေသည်။
ခိုင်ခိုင်စောလွင်

September 10, 2017

" အလိုအပ်ဆုံးအရာ"၁၁ ရက်စက်တင်္ဘာ ၂၀၁၇ ဒီလှိုင်းစာစောင် အတွဲ(၆)အမှတ်(၃၅)


စားဝတ်နေရေးအတွက် ခက်ခက်ခဲခဲ လုပ်ကိုင်နေရတဲ့သူတွေ မြင်ရတဲ့ အခါ အသက်မွေးဝမ်းကျောင်းဖို့ လက်မှုပညာလေးတွေ တတ်ထားရင် ဒီလောက် ပင်ပန်းကြမှာ မဟုတ်ဘူးလို့ အတွေးပေါ်သည်။ အသက်မွေးဝမ်းကျောင်း သင်ဖို့ ဆိုတာနှင့် မိန်းကလေးဆို စက်ချူပ်သင်ဖို့၊ ယောက်ျားလေးဆို စက်ပြင် သင်တန်းတက်ဖို့ ဒီလိုမြင်ကြသည်။ ဒီလုပ်ငန်းတွေထက် ပိုပြီး နီးနီးစပ်စပ် လုပ်နိုင်သည့် အသက်မွေးဝမ်းကျောင်း ပညာရပ်တွေ များစွာရှိပြီး အိုးမကွာအိမ်မကွာ လုပ်နိုင်သလို တပိုင်တနိုင် စီးပွားရေးလုပ်ငန်းအဖြစ် လုပ်ကိုင်နိုင်သည့် လက်မှုပညာ လုပ်ငန်းတွေ များစွာ ရှိတာကို တွေ့မြင်သိရပြီး ထပ်ဆင့်မျှဝေချင်စိတ်ဖြင့် ရေးရပါသည်။
" အသက်မွေးဝမ်း ကျောင်းပညာ တိုးတက်မှသာ နိုင်ငံသူ၊ နိုင်ငံသားများရဲ့ ဘဝ အခြေအနေတိုးတက်နိုင်မည်ဖြစ် ကြောင်း " နိုင်ငံတော်အတိုင်ပင်ခံပုဂိုလ် ဒေါ်အောင်ဆန်းကြည်က နည်းပညာနှင့် အသက် မွေးဝမ်းကျောင်း ပညာရေးနှီးနှော ဖလှယ်ပွဲ တခုမှာ ပြောကြားခဲ့ဖူးလေသည်။
ထိုင်းနိုင်ငံတဝှန်း နိုင်ငံခြားသားများ မဖြစ်မနေ လာရောက်လည်ပတ်ကြသည့် လမ်းလျှောက်ဈေးနဲ့ walking street တွေမှာ ရောင်းချကြသည့် လက်မှုပစ္စည်းလေးတွေမှာ အမြင်ဆန်းပြီး ချစ်စရာကောင်းသည်။ ဈေးလည်းမများလှပဲ ဝယ်ချင်အောင် စွဲဆောင်နိုင်သည်။ အမှတ်တရ ပစ္စည်းလေးတွေသာမက စားစရာ မုန့်ကလေးတွေကိုပင် မြင်ရတဲ့ အခါ စားချင်လိုက်တာ ဆိုတာထက် ထူးဆန်းပြီး ဘယ်လိုလုပ်ထားပါလို့ မဖြစ်မနေ မြည်းစမ်းကြည့်ချင်အောင် အရောင်အဆင်းတွေ မွမ်းမံထားတတ်ကြလေသည်။ စားစရာတွေမှာ အပြာရောင်၊ ခရမ်းရောင် ဆိုတာ မရှိပေမယ့် သူတို့က အပြာရောင် ခရမ်းရောင်တွေဖြင့် လုပ်ထားပြီး ဆန်းသစ်ထားကြလေသည်။ ဓါတုဆေးဝါးတွေ သုံးထားတာမဟုတ်ပဲ သဘာဝအရွက် အပွင့် အသီးတွေကနေ အရောင်ဆိုးတာဖြစ်သည်။ တချို့က ပြောရောင်းသလို တချို့က အသုံးပြုသည့် ပစ္စည်းကိုပါ ပြသထားလေသည်။ ဒီကယူပါတယ်ဆိုတဲ့ သဘော၊ ဈေးသည်တွေထဲမှာ တခါတရံ ကျောင်းသူကျောင်းသားတွေ တွေ့ရတတ်သည်။ သူတို့လည်း ကျောင်းနေရင်း ငွေရှာကြရတာ ရှိသည်။ လက်မှုအတတ်ပညာကို ထိုင်းပြည်သူတွေ ကလေးအရွယ်ကစလို့ အသက်အရွယ် ကြီးသူတွေအထိ သူ့အရွယ်နဲ့သူ လုပ်တတ်ကြသည်။ အကြောင်းကတော့ ပညာရေးစနစ်ပဲ ဖြစ်သည်။ မူလတန်းအရွယ်ကစပြီး ကျောင်းစာ၊ ဘဝတွက်တာ၊ အားကစား စတာတွေကို တဖြည်းဖြည်း သင်ယူခွင့် ရကြသည်။ စာသင်နှစ်တနှစ်ကို နှစ်ပိုင်းခွဲပြီး ပထမစာသင်နှစ်ဝက်မှာ ဘာသာရပ်တခုကို အချိန်သတ်မှတ်ထားသည့်အတိုင်း သင်ကြားသည်။ ဥပမာ အားကစား( sport) နာရီ(၂၀၀) သတ်မှတ်ထားပြီး သင်ကြားချိန် နာရီ(၂၀၀) ပြည့်အောင် သင်ယူရသည်။ ဘဝတွက်တာ ( life skill) ဘာသာရပ်ဆိုက လူ့ဘဝမှာ ရှင်သန် ရပ်တည်နိုင်မည့် နည်းလမ်းတွေကို မူလတန်းအရွယ်ကနေ အထက်တန်းအရွယ်အထိ တဖြည်းဖြည်း လေ့ကျင့်သင်ကြားပေးတာဖြစ်သည်။
အဆိုပါ ဘဝတွက်တာ ဘာသာရပ်က လက်တွေ့ ပြုလုပ်ရတာများပြီး အတန်းကြီးသည့်အခါ ပရောဂျက်တခု အဖြစ်ပင် လုပ်ကြရလေသည်။ မူလတန်းအရွယ်မှာ သွားတိုက်တာကစပြီး တကိုယ်ရေ သန့်ရှင်းရေးနှင့် မိမိပတ်ဝန်းကျင် သန့်ရှင်းရေးအတွက် အမှိုက်ကို စနစ်တကျ ပစ်ဖို့အထိ လက်တွေ့သင်ကြား အမှတ်ပေးလေသည်။ စာဖြင့်ရေးပြီးသင်ကာ အလွတ်ကျက်စေပြီး ပြန်မေးပြန်ဖြေ လုပ်ခြင်းမရှိပဲ လက်တွေ့ နေထိုင်တာကို အမှတ်ပေးသည့် စနစ်ဖြစ်သည်။ ထိုင်းကျောင်းမှာ အသက်(၄)နှစ်ပြည့် ကလေးကို မူကြိုထားသည့် မိတ်ဆွေ တယောက်က သူ့ကလေးမှာ အပြင်သွားရင်း မုန့်စားရာက ပစ်ရမည့် အမှိုက်ကို အမှိုက်ပုံးမတွေ့၍ လက်ထဲမှာ ဆုပ်ကိုင်ထားကြောင်း ကြည်နှုးစွာ ပြန်ပြောပြသည်။ အဆိုပါ ဘဝတွက်တာ ဘာသာရပ်ကနေ မုန့်လုပ်နည်း၊ အပ်ချူပ်ခြင်း၊ ပန်းပွင့်ဖော်ခြင်း ၊ စက္ကူဖြင့်ပန်းလေးတွေ လုပ်ခြင်း စတာတွေ သင်ယူကြရသည်။ တဖြည်းဖြည်း အတန်းကြီးလာသည့်အခါ အသက်အရွယ်အလိုက် မုန့်လုပ်နည်းအမျိုးမျိုး၊ အချူပ်အလုပ် အမျိုးမျိုး၊ ထိုင်းအနှိပ်ပညာ ( ထိုင်းမာဆတ်) ၊ အသီးအနှံတွေကို အလှဖော်ခြင်း အမျိုးမျိုး၊ ဖျော်ရည်လုပ်နည်းအမျိုးမျိုး နှင့် ဆပ်ပြာလုပ်နည်းအထိပါ ကျောင်းမှာ လက်တွေ့လုပ်ပြီး သင်ယူကြရသည်။ အလယ်တန်းအဆင့် ဆိုက ကိုယ်လုပ်ထားသည့် ပစ္စည်းတွေကို အခြားသူများထံ ရောင်းချစေသည်။ ရလာသည့် ငွေကြေးကို စာရင်းအင်းမှတ်ကာ ကြိုးစားလုပ်ပြီး ရလာသည့် တန်ဘိုးကို ခံစားတတ်အောင်ပါ သင်ပေးလေသည်။
ကျောင်းမှာကတည်းက လက်မှုပညာဖြင့် အသက်မွေးတတ်အောင် လေ့ကျင့်သင်ကြားပေးလိုက်တာဖြစ်သည်။ ဒါ့ကြောင့် ထိုင်းလူမျိုး အရွယ်သုံးပါးမရွေး သူတို့ရိုးရာ မုန့်တွေကို မြန်မြန်ဆန်ဆန် ကျွမ်းကျွမ်းကျင်ကျင်နှင့် လှလှပပ ဖြစ်အောင်လုပ်နိုင်ကြသည်။ ဈေးရောင်းရမှာကိုလည်း သိမ်ငယ်သည်ဟု မမြင်ကြ၊ ဈေးရောင်းတာ သာမာန်လုပ်လေ့လုပ်ထ ရှိတဲ့ သဘောဖြစ်သည်။ ထိုင်းလူမျိုးတွေရဲ့ အရိုးဆုံး ငွေရှာနည်းကတော့ ဈေးရောင်းတာပဲ ဖြစ်သည်။ ဈေးရောင်းဖို့ အခြေခံကတော့ ကျောင်းမှာကတည်းက တတ်မြောက်ထားသည့် မုန့်ကလေးတွေ လုပ်တာနှင့် လက်မှုထည်လေးတွေ လုပ်ကြတာပဲ ဖြစ်သည်။ တခုတော့ရှိသည်၊ လိုအပ်သည့် ကုန်ကြမ်းပေါသည်။ လှသည်။ ကိုယ်လုပ်မယ့် ပစ္စည်းအတွက် လိုအပ်တဲ့ အကြမ်းထည် ပစ္စည်းကို ကိုယ့်နိုင်ငံကပဲ ထုတ်တာ ဖြစ်တဲ့ အတွက် ပေါပေါများများ လွယ်လွယ်ကူကူ ဝယ်လို့ရသည်။ ဖန်စီကျောက်ထည်လေးတွေ၊ ပလတ်စတစ်စ၊ ပိုးကြိုး ရောင်စုံ၊ ပန်းပွင့်ဖော်ဖို့ စက္ကူစ၊ အလှဆင်မည့် ဘော်ကြယ်၊ ကြယ်သီးစေ့၊ စသဖြင့် မျိုးစုံသော ပစ္စည်းတွေ တနေရာထဲမှာ ရနိုင်သည်။ ကပ်ဖို့ ရောင်စုံပလာစတာလေးတွေကအစ ပေါလှသည်။ အပ်၊ ချည်၊ ပိတ်စ စတာတွေ၊ သော့တွဲလုပ်ဖို့ သံကွင်းကလေးတွေကအစ အသင့်ဝယ်လို့ လွယ်လှသည်။ ဈေးလည်း မများ၊ ဒါ့ကြောင့် လက်မှုပစ္စည်းလေးတွေ ဆိုက (၁၀)ဘတ်၊ ဘတ်(၂၀) စသဖြင့် walking street တွေမှာ ရောင်းကြရာ ဝယ်သူကျိတ်ကျိတ်တိုး၊ လက်မှုပညာတိုးတက်ပါသည်ဆိုသည့် တရုတ်လူမျိုးတွေပင် အထူးအဆန်းဖြစ်ကာ တိုးဝှေ့ဝယ်ယူကြရသည် အထိ လုပ်နိုင်လာကြလေသည်။
ထိုင်းနိုင်ငံရဲ့ နာမည်ကျော် ပွဲတော်တွေဖြစ်သည့် စုန်ခလာ( ရေသဘင်ပွဲ) နှင့် လွိုင်ကထုံ ( တန်ဆောင်တိုင်မီးမျှောပွဲ) တွေဆိုက ဧည့်သည်အလာများကြသည်။ ထိုရာသီမှာ ထိုင်းလူမျိုးတွေ ဝင်ငွေတိုးကြသည်။ ဟိုတယ်၊ ခရီးသွားလုပ်ငန်း၊ လေကြောင်းလိုင်း၊ တည်းခိုခန်း၊ စားသောက်ဆိုင် စတဲ့ လုပ်ငန်းကြီးတွေ သာမက အောက်ခြေ အဆင့်ဖြစ်သည့် သာမာန်ဈေးသည်တွေပါ အလုပ်ဖြစ်ကြသည်။ အဆိုပါ တရာသီလောက် ရှာလိုက်ပါက တနှစ်လုံး ထိုင်းစားနေလို့ ရတယ်လို့ ဈေးသည် တယောက် ပြောပြဖူးသည်။ အဆိုပါပွဲမျိုးမှာ လှည့်လည်ကြည့်ရှု ပျော်ပါးနေသည့်အထဲ ထိုင်းလူမျိုးတွေ ပါဝင်တာနည်းပါသည်။ မီးမျှောပွဲဆိုက ငှက်ပျောပင်ကို အဝိုင်းလေးတွေ ဖြတ်ထားသည့် အကွင်းကလေးတွေ ဈေးကဝယ်၊ သစ်ခွ၊ ကြာပန်းတို့လို ပန်းလှလှလေးတွေကို သစ်ရွက်ကလေးတွေ နဲ့ စည်းကာ ဖယောင်းတိုင်လေးတွေ ငှက်ပျော်ကွင်းပေါ်စိုက်၊ ငှက်ပျောရွက်ကလေးတွေနဲ့ ငှက်ပုံ ကလေးတွေလုပ်ကာ တဖုံ မျိုးစုံ ပုံဖော်ပြီး ငှက်ပျောကွင်းကလေးတွေ လုပ်ရောင်းကြသည်။ တခုကို ဘတ်(၂၀) (၂၅)ဘတ်ကနေ အရွယ်အစားနဲ့ ပုံဖော်ထားတဲ့ အလျောက် (၃၅)ဘတ်အထိ ရောင်းကြသည်။ ဝယ်သည့်သူက မီးထွန်းပြီး ရေထဲမျောကာ ဆုတောင်းကြ ပျော်ကြ။ ဘန်ကောက်၊ ချင်းမိုင်နှင့် မြို့တိုင်းလိုလို မြစ်ဘေးတလျှောက် ဆိုင်တန်းတွေ ရာချီ ရှိပြီး အဆင်မျိုးစုံ ဒီဇိုင်းမျိုးစုံ သူ့ထက်သူ မတူအောင် ပုံဖော်လုပ်ရောင်းကြသည်။ ကျောင်းသားအရွယ်တွေလည်း အဖွဲ့လိုက် လုပ်ရောင်းကြသည်။ စာသင်ကျောင်းကနေ ရလာသည့် ဘဝမှာ ရှင်သန်ရပ်တည်ဖို့ အသက်မွေးဝမ်းကျောင်း ပြုနိုင်မည့် အခြေခံ လက်မှုအတတ်လေးတွေဖြင့် ပေါ့ပေါ့ပါးပါး ဝင်ငွေရအောင် ရှာလို့ လွယ်ကြလေသည်။
" ထိုင်းမှာ သမာအာဇီဝနဲ့ ထမင်းတလုတ် အတွက် ရှာစားဖို့ လွယ်ပါတယ်၊ ကျောင်းတွေကနေ သင်ပေးလိုက်တဲ့ လက်မှုအတတ်တွေနဲ့ ရှာစားလို့ ရတယ်၊ ထမင်းငတ်မှာ မပူရဘူး၊ ငတ်တဲ့သူကတော့ လူပျင်းပဲလို"့  ဆိုလေသည်။ လူ့ဘဝမှာ အလိုအပ်ဆုံး ဖြစ်သည့် အသက်မွေးဝမ်းကျောင်းနိုင်ဖို့ အခြေခံကို မူလတန်းအရွယ်ကနေ အထက်တန်းအထိ တခါထဲ လက်တွေ့ သင်ကြားပေးလိုက်ပြီးတဲ့နောက် ပညာကို ဆုံးခန်းတိုင်အောင် သင်သည်ဖြစ်စေ မသင်သည်ဖြစ်စေ အနည်းဆုံး ကိုယ့်မိသားစုအတွက် စားဝတ်နေရေး ဖြေရှင်းပေးနိုင်ရမည်တဲ့၊ အလယ်တန်းအောင်မြင်ပြီး တက္ကသိုလ်ဆက်တက်ဖို့ အစီအစဉ် မရှိပဲ အသက်မွေးဝမ်းကျောင်း ပညာသင်ယူချင်က အသက်မွေးဝမ်းကျောင်း ကောလိပ်တွေဆီ ပြောင်းလဲ သင်ယူနိုင်သည့် အခွင့်အလမ်းလည်း ရှိသေးသည်။ အဆိုပါ အသက်မွေးဝမ်းကျောင်းတွေမှာတော့ စက်ချူပ်၊ အိတ်ချူပ်၊ ပန်းထိုး၊ ပန်းအလှပြင်၊ Nail Art ( လက်သည်းပုံဖော်)၊ ကိတ်မုန့်ဖုတ်၊ ထိုင်းအချိုပွဲမျိုးစုံ၊ spa ၊ တချောင်းထိုး၊ နှစ်ချောင်းထိုး၊ ယက္ကန်း စသဖြင့် ကနေ ယောင်္ကျားလေးတွေအတွက် မက္ကင်းနစ် စက်ပြင်၊ ဒိုင်နမို၊ ကားပြင်၊ ကွန်ပျူတာပြင်၊ ဆောက်လုပ်ရေး အဆောက်အဦ ဒီဇိုင်း အစရှိသည့် ဘာသာရပ်တွေ သင်ယူခွင့်ရှိသည်။
မြန်မာပြည်မှာ အသက်မွေးဝမ်းကျောင်းတက္ကသိုလ်လို့ အသိအမှတ်ပြုထားသည့် ဆေးပညာ၊ အင်ဂျင်နီယာ၊ သူနာပြု၊ စာရင်းအင်းပညာ အစရှိသည့် တက္ကသိုလ်တွေကနေလည်း အဆင့်မြင့်ပညာတွေ ဆည်းပူးခွင့်တွေရှိပါသည်။ သို့သော် အခြေခံလူထုမှာ အနည်းဆုံး မူလတန်းပညာ သင်ယူပြီးတာနှင့်ပင် အသက်မွေးဝမ်းကျောင်းပညာ အချို့ကို ရရှိပြီးဖြစ်ကြသည်။
လူချင်းအတူတူ ကိုယ့်တဝါးတခါးနဲ့ မိသားစုစားဝတ်နေရေးအတွက် ပင်ပင်ပန်းပန်း ရုန်းကန်လှုပ်ရှားနေကြရတဲ့ ကိုယ့်လူမျိုးတွေ မြင်ရတိုင်း တဝမ်းတခါးအတွက် အေးအေးဆေးဆေး ရှာစားနိုင်တဲ့ လူမျိုးတွေနဲ့ နှိုင်းယှဉ်ပြီး စိတ်မကောင်းဖြစ်ကာ အဖြေရှာနေမိသည်။ ရန်ကုန်မှာ မနက် အာရုဏ်လင်းတာနဲ့ ပဲပြုတ်ထရောင်းရတာ၊ ဆိုင်ဖွင့်ဖို့ ပြင်ကြ ဆင်ကြတာတွေ မြင်ရတဲ့ အခါ ထိုင်းနိုင်ငံက ဈေးသည်တွေ မိုးလင်းကာမှ သက်တောင့်သက်သာ ဆိုင်ထွက်တာမျိုး၊ ညဘက်ရောက်မှ အေးအေးဆေးဆေး ဆိုင်ဖွင့်တာတွေနှင့် ယှဉ်ကြည့်နေမိသည်။ ဝမ်းတထွာကို ဖြည့်ရတာချင်းအတူတူ သက်တောင့်သက်သာ ဖြည့်ရတာနဲ့ ပင်ပန်းဆင်းရဲစွာ ဖြည့်ရတာ ကွာခြားလှသည်။ အခွင့်အလမ်းချင်းလည်း ကွာခြားပြီး ဘွဲ့ရထားသည့် လူတယောက်မှာပင် အသက်မွေးဝမ်းကျောင်းဖို့ အစွမ်းအစ မရှိ၊ မရလာခဲ့၊ မူလတန်းကနေ တက္ကသိုလ်ပညာအထိ (၁၅)နှစ် နီးပါး အချိန်ပေးခဲ့ပြီး စာရွက်တရွက်သာ လက်ဝယ်ပိုက်မိသည့် စနစ်မျိုး ဖြတ်သန်းရလို့ပဲဖြစ်သည်။ အဓိကက စနစ်ကြောင့်ပဲလို့ အဖြေရသည်။
အသက်မွေးဝမ်းကျောင်းပညာ ဆိုတာကို ဘာမှ မစွမ်းဆောင်နိုင်မှ ထသင်ယူရတာမျိုးမဟုတ်ပဲ ငယ်စဉ်ကတည်းက အခြေခံတတ်မြောက်လာကာ အရွယ်ရောက်ချိန်မှ ကိုယ့်ရဲ့ ဝါသနာနဲ့ ကျွမ်းကျင်မှု အဖြစ် စိတ်ကြိုက် ရွေးချယ်နိုင်တဲ့ အခွင့်အလမ်းမျိုး ရလာမှ အောင်မြင်နိုင်ပေမည်။ ကိုယ့်တိုင်းပြည်ရဲ့ အခြေအနေအရ လတ်တလောမှာတော့ အသက်မွေးဝမ်းကျောင်းပညာ သင်ပေးဖို့ အစီအစဉ်တွေ အကောင်အထည်ဖော်နေပြီဖြစ်သည်။ ဒါကိုတောင် အမြင်က အသက်မွေးဝမ်းကျောင်းပညာသင်ကျောင်း တက်တာနဲ့ကို စာမလုပ်ချင်လို့ စာမလိုက်နိုင်လို့ ညံလို့ ဆိုတဲ့ အမြင်တွေကနေ မပြောင်းလဲပဲ ဖြစ်နေသည်။ ပညာရပ်တခုကို သင်ကြားခြင်းလို့ လူမှုအသိုင်းအဝန်းက မြင်ဖို့လည်း အရေးကြီးလေသည်။ အရေးအကြီးဆုံးကတော့ ငယ်စဉ်ကတည်းက လူ့ဘဝကို ရင်ဆိုင်ဖြတ်သန်းဖို့ အနာဂတ်အတွက် အခွင့်အလမ်းကောင်းတွေ ချမှတ်ပေးနိုင်မည့် စနစ်ရှိဖို့ လိုနေတာဖြစ်သည်။
" နှုတ်မှုလက်မှုအတတ်စုကို
ငယ်နုသောအား၊ မမေ့ငြားနှင့်။
ရင်းဖျားကုန်စင်၊ တတ်မြော်မြင်က
တခုမျှလျက်၊
အသက်မွေးကြောင်း၊ ဖြစ်တုံရှောင်း၏။ ။
( ဆားတုံဆရာတော်)
ခိုင်ခိုင်စောလွင်

September 3, 2017

" နှစ်ဆယ့်သုံး နှစ်ပိုင်းတပိုင်းဒီဂရီ" ၄ရက် စက်တင်္ဘာ ၂၀၁၇ ခုနှစ် ဒီလှိုင်းစာစောင် အတွဲ(၆) အမှတ်(၃၄) မှ


ထိုင်းနိုင်ငံမှာ အခြားနိုင်ငံတွေကနေ လာရောက်နေထိုင်တဲ့ သူတွေ သန်းနှင့်ချီ ရှိကြသည်၊ တရားဝင် လာရောက်နေထိုင်တာရော တရားမဝင် နေထိုင်တာရောမျိုးစုံထဲမှာ မြန်မာ လာအို ကမ္ဘောဒီးယား တရုတ် ကုလား မျိုးစုံ ရှိကြသည်။ အစိုးရကတော့ တိုင်းပြည်အတွင်း လာရောက်နေထိုင်ကြသူတွေ အားလုံး ဥပဒေလိုက်နာဖို့နဲ့ ပြစ်မှုကျူးလွန်က အလွယ်တကူသိနိုင်ဖို့ သူ့နိုင်ငံထဲကို တရားဝင်နေထိုင်ဖို့သာ လိုလားသည်။ ခိုးဝင်လာပြီးနောက်မှာပင် မည်သူမည်ဝါ ဘယ်နိုင်ငံသားဆိုသည့် အထောက်အထားသိနိုင်အောင် လုပ်ဖို့ ဥပဒေအမျိုးမျိုး ထုတ်ပြန်ကာ ကြိုးစားနေရလေသည်။ အထူးသဖြင့် အိမ်နီးချင်းနိုင်ငံတွေရဲ့ နိုင်ငံရေး လူမှုရေး စီးပွားရေး စစ်ရေး ပြဿနာမျိုးစုံကနေ သူတို့ဆီ ရိုက်ခတ်ကာ ရွှေ့ပြောင်းနေထိုင်မှုတွေကို လက်ခံထားရသည့် တိုင်းပြည်တခုလည်း ဖြစ်သည်။ အထူးသဖြင့် အိမ်နီးချင်း မြန်မာနိုင်ငံမှ စနစ်ဆိုး ဒဏ်ကြောင့် လွင့်စင်ထွက်လာသည့် မြန်မာပြည်သား တိုင်းရင်းသားမျိုးစုံ သူတို့တိုင်းပြည်ဘက် ရောက်လာကြသည်မှာ ဆယ်စုနှစ်ပေါင်းမနည်းမနော ရှိခဲ့ပြီ။
မြန်မာပြည်နှင့် ဆက်စပ်နေသည့် နယ်စပ်မြို့တွေ ဖြစ်သည့် မဲဆောက်၊ မယ်ဆိုင် အရပ်တွေဆိုက မြန်မာပြည်နှင့်မခြား မြန်မာစကားတွေသာ ပြောကြလေသည်။ ထိုင်းလူမျိုးတွေလည်း စီးပွားရေးလုပ်၍ အဆင်ပြေအောင် မြန်မာစကား သင်ထားကြရလေသည်။ အဆိုပါ မြို့တွေမှာ နေထိုင်သည့် ထိုင်းလူမျိုးတင်မက တာဝန်နှင့် ရောက်ရှိနေထိုင်ရသည့် လဝက၊ ရဲ၊ ဘဏ်ဝန်ထမ်း ၊ ကုန်တိုက်ဝန်ထမ်း အစရှိသူတို့မှာလည်း မြန်မာစကား တတ်ကြလေသည်။ မြို့ကြီးတွေပြန်ရောက်ပြီး မြန်မာလူမျိုးတွေ့၍ မြန်မာလို ပြောနိုင်က အဆိုပါဝန်ထမ်းမှာ မဲဆောက် မယ်ဆိုင်တို့မှာ တာဝန်ကျခဲ့သူလို့ ကျိန်းသေပြောနိုင်လေသည်။ ထိုင်းနိုင်ငံ မြောက်ပိုင်း ချင်းမိုင်ခရိုင်ကတော့ သမိုင်းအစဉ်အလာအရ မြန်မာလက်အောက်ခံ အဖြစ် နှစ်ပေါင်း လေးရာခန့် ကူးလူးဆက်ဆံမှုရှိခဲ့ရာ ရှေးဘိုးဘွားတွေက မြန်မာတွေများ ဖြစ်နေမလား တွေးစရာ အခြေအနေတွေ ရှိနေလေသည်။
ခင်မင်ရင်းနှီးသွား၍ မေးမြန်းကြည့်က သူတို့ အဖေက ရှမ်းပြည်က ဆိုတာမျိုး၊ အမေက မြန်မာဆိုတာမျိုး မကြာခဏ ကြားဖူးရလေသည်။ ဆိုင်တဆိုင်မှာ ပစ္စည်းဝယ်တော့ အချင်းချင်း မြန်မာလို ပြောတာ သူတို့ကြားပြီး ထိုင်းမလေးက မြန်မာတွေလား မေးသည်။ ပြီးတော့ သူတို့ ဘိုးဘွားတယောက်ယောက်က မြန်မာဆိုတာ ပြောတာ ကြုံရတတ်သည်။ ထိုင်းလူမျိုးဖြစ်နေသည့် မြန်မာသွေးနှောတွေ အများကြီး ရှိသည်။ အလားတူ ထိုင်းလူမျိုး ဖြစ်နေသည့် တရုတ်သွေးနှောတွေလည်း တပုံချည့် ရှိသေးသည်။ သို့ဖြစ်ရာ ထိုင်းအစိုးရအနေဖြင့် နိုင်ငံသားဖြစ်လာဖို့ သူတို့မှာလည်း တိကျသည့် ဥပဒေတွေ ပြဌာန်းထားရသည်မှာ သေချာလေသည်။ အဖေက ထိုင်းလူမျိုး အမေ ထိုင်းလူမျိုး မွေးဖွားလာသည့် ကလေး ထိုင်းလူမျိုး ဖြစ်တာက သဘာဝအတိုင်း ရိုးရှင်းပါသည်။ အဖေ ဒါမှမဟုတ် အမေ တယောက်ယောက်က ထိုင်းလူမျိုး ဖြစ်ပေမယ့် အခြား နိုင်ငံခြားသားတယောက်နှင့် အိမ်ထောင်ကျပြီး မွေးဖွားလာသည့် ကလေးမှာ ထိုင်းနိုင်ငံသား ဖြစ်ခွင့်ကို သူ့အသက် (၁၈)နှစ်ပြည့်သည့်အခါ ဆုံးဖြတ် ရွေးချယ်သည့်အတိုင်း နိုင်ငံသားဖြစ်ခွင့် ရှိလေသည်။
ယခု ဆယ်စုနှစ် သုံးနှစ်အတွင်း ထိုင်းနိုင်ငံကို တရားဝင်ရော တရားမဝင်ပါ ရောက်ရှိနေသည့် မြန်မာတွေ များလှရာ အဆိုပါ မြန်မာ မိခင်ဖခင်တို့ကနေ ထိုင်းနိုင်ငံမှာ အလုပ်လုပ် နေထိုင်ရင်း မွေးဖွားလာသည့် ကလေးမှာ ထိုင်းနိုငံသား ခံယူခွင့်ရှိသည်။ ဒါကတော့ အပြည်ပြည်ဆိုင်ရာကလေးသူငယ်များအခွင့်အရေးဆိုင်ရာ သဘောတူညီချက်ကို လိုက်နာပြီး လက်ခံကျင့်သုံးရတာဖြစ်သည်။ သို့သော် မွေးဖွားပြီးက မွေးစာရင်းရယူပြီး အိမ်ထောင်စုစာရင်းတခုမှာ စာရင်းသွင်းပြီးသည့် အထောက်အထားတော့ ရှိရလေသည်။ များသောအားဖြင့် မြန်မာလူမျိုးတွေက မြန်မာအဖြစ်သာ ခံယူစိတ်ရှိရာ နိုင်ငံသားခံယူဖို့ စိုးစဉ်းမှ စိတ်မကူးကြပါ။ အလုပ်လုပ်ပြီး ပြန်သွားကြသည့် သူတွေလည်း များစွာရှိလေသည်။ သို့သော် တော်လှန်ရေးကောင်စီတက်လာပြီး ပြည်သူပိုင်သိမ်းချိန်က ပြည်ပကို ထွက်ခွာသွားသည့် သူတွေ များစွာထဲကမှ လူမသိသူမသိ ထိုင်းနိုင်ငံမှာ ဇာတ်မြှုတ်နေကြသည့် မြန်မာပြည်ပေါက် တရုတ် ကုလား များစွာရှိသည်။ သူတို့မှာ ခြံကြီး အိမ်ကြီးတွေနှင့် တခန်းတနားနေထိုင်ကြပြီး သားသမီးတွေက ထိုင်းနိုင်ငံသားတွေ ဖြစ်ကာ ထိုင်းနိုင်ငံသားတွေ အဖြစ် ဆက်လက်နေထိုင်ကြတာလည်း ရှိလေသည်။ ရှေးအဘိုးကြီး အဘွားကြီးတွေမှာ မြန်မာစကားသံကြားက မသိမသာ လိုက်ကြည့်ပြီး နေတတ်ကာ သူတို့ မျက်ဝန်းတွေက မြန်မာပြည်ကို သတိတရ လွမ်းနေသယောင်ယောင် မြင်ရလေ့ရှိသည်။ မြန်မာပြည်ရဲ့ အတိတ်သမိုင်းကြောင့် မြန်မာလူမျိုးတွေ ကြိုးပြတ်သွားတဲ့ ပုလဲပုတီးက ပုလဲလုံးလေးတွေလို လိမ့်ကာလူးကာ တနေရာစီ ရောက်ကြရတာဖြစ်သည်။
တချိန်က နယ်မြေသတ်မှတ်ပိုင်းခြားမှုကြောင့် မြန်မာနိုင်ငံသားအဖြစ်ကနေ ထိုင်းပိုင်သည့် အခြမ်းဘက်ကို ပါသွား၍ ထိုင်းဖြစ်သွားသူတွေလည်း ရှိလေသည်။ ဟိုဘက်ဒီဘက် ကပ်နေသည့် ရွာနှစ်ရွာမှာ တနိုင်ငံစီ ဖြစ်သွားကြတာလည်း ရှိသည်။ မယ်ဆိုင်ဘက်ကို ရောက်စဉ်က အခါ လူမျိုး အမျိုးသမီး တယောက်က ပြောဖူးသည်၊ ဒီဘက်အခြမ်းတွေက အစတုန်းက မြန်မာပိုင်တဲ့ အခါရွာတွေပါ၊ နယ်နိမိတ်သတ်မှတ်ပြီး ထိုင်းဘက်ကို ပါသွားတော့ အစမှာ သူတို့ ဝမ်းနည်းကြတယ်၊ အခုနှစ်ပေါင်း(၃၀) လောက်ကြာတော့မှ သူတို့က ကံကောင်းတဲ့လူတွေမှန်း သိသွားကြပြီတဲ့၊ ဘာလို့လဲဆို သူတို့မှာ ရေမီးအပြည့်အစုံနဲ့ အလုပ်လုပ်ကိုင်ခွင့် အခွင့်အလမ်းတွေ ပိုရပြီး ဟိုဘက်မှာကျန်ခဲ့တဲ့သူတွေက မှောင်ထဲမှာ နေတာ လှမ်းမြင်နေရတယ်လေတဲ့၊
၂၅၂၈ခုနှစ်နဲ့ ၂၅၃၄ခုနှစ်မှာ ထိုင်းနိုင်ငံသားဖြစ်ခွင့် ထုတ်ပေးသည့်အချိန် နိုင်ငံသားဖြစ်သွားသူတွေ ရှိသည်။ ထိုင်းမှာက သာသနာသက္ကရ်ာဇ်ကို အသုံးပြုရာ မြန်မာလိုဆိုက ၁၉၈၅ခုနှစ်နဲ့ ၁၉၉၁ ခုနှစ်တွေမှာ တိုင်းရင်းသားမျိုးနွယ်စုတွေ နိုင်ငံသားဖြစ်ခွင့် ကြုံခဲ့ကြသည်။ ၁၉၇၀ခုနှစ်ကနေ ၁၉၈၀ဝန်းကျင်မှာ နိုင်ငံရေးအခြေအနေအရ ထိုစဉ်က တရုတ်ကွန်မြူနစ်တွေရဲ့ ထိန်းချူပ်မှုအောက်မှာ တိုင်းရင်းသားမျိုးနွယ်စုတွေ ဖြစ်ကြသည့် အခါ လားဟူ မုန်း စသည့် တိုင်းရင်းသားတွေမှာ ဘိန်းစိုက်ပျိုးရေးလုပ်ကိုင်ကြသည်။ ဘိန်းနှင့် လက်နက် ရောင်းဝယ်ကြသည်။ ထိုင်းစစ်တပ်က လိုက်တိုက်သည့်အခါ ထွက်ပြေးကြရပြန်သည်။ ၁၉၈၅ခုနှစ်မှာ ဒေသနှင့် လူမျိုး မတည်မငြိမ်ဖြစ်တာကို သိရှိပြီး ထိုစဉ်က ထိုင်းဘုရင်ဘူမိဘောအဒူယဒက်ကိုယ်တိုင် တောင်ပေါ်ဒေသတွေအထိ မီးအိမ်ကလေးကိုင်ကာ ကိုယ်တိုင်ကိုယ်ကျ လိုက်ကြည့်ပြီး စီမံချက်တွေ ချမှတ်ပေးခဲ့လေသည်။ ဘိန်းအစား ကော်ဖီနှင့် အခြားသီးနှံများ စိုက်ပျိုးလုပ်ကိုင် စားသောက်နိုင်ရန် ရေ မီး ရရှိရန် ကိုယ်တိုင်ကိုယ်ကျကြီးကြပ်ပြီး စီမံကိန်းဖြင့် ဆောင်ရွက်ပေးခဲ့ရာ ဘိန်းစိုက်ပျိုးမှု ပပျောက်သွားသည်။ ဘုရင့်မိခင်ကြီးကလည်း တိုင်းရင်းသားတွေ နိုင်ငံသားဖြစ်ခွင့်ရပြီး နိုင်ငံသားအခွင့်အရေးရရှိပါက ပြေးလွှားပုန်းရှောင်နေရသည့် အခြေအနေတွေက လွတ်မြောက်မည် ယုံကြည်ကာ နိုင်ငံသားအသိအမှတ်ပြု ကဒ်ပြား အပြာရောင်တွေ ထုတ်ပေးခဲ့သည်။ မုန်း လူမျိုးတွေ အများစု ထိုင်းနိုင်ငံသားတွေ ဖြစ်ကြသည်။ ဒါက အရှေ့မြောက်ပိုင်းနဲ့ မြောက်ပိုင်းမှာဖြစ်သည်။ မြန်မာပြည် ကရင်ပြည်နယ်ဘက်မှာ ရှိသည့် စကောကရင်မျိုးနွယ် ပါကညောတွေလည်း ထိုင်းဘက်အခြမ်း ရောက်ရှိကာ ထိုင်းမှာ ထိုင်း-ကရင်ဆိုသည့် တောင်ပေါ်သားအပြင် ပါကညော ဆိုသည့် တိုင်းရင်းသားမျိုးနွယ်စု အမည်ဖြင့် နိုင်ငံသားဖြစ်ကြတာ ရှိလေသည်။
၁၉၉၁ခုနှစ်မှာလည်း ဘုရင့်မိခင်ကြီးရဲ့ မေတ္တာဖြင့် တိုင်းရင်းသား ထိုင်းတွေအခေါ် တောင်ပေါ်သားတွေကို နိုင်ငံသားအသိအမှတ်ပြုကဒ် အစိမ်းရောင်မှာ အနီကွပ်ဖြင့် ထုတ်ပေးလေသည်။ ထုံးစံအတိုင်း ငွေကြေးလာဘ်စားမှုတွေလည်း ရှိကြရာ တောင်ပေါ်သားကဒ်ကို ဝယ်ယူထားကြပြီး နိုင်ငံသားဖြစ်ခွင့် မျှော်မှန်းသူတွေလည်း ရှိသလို ငွေနဲ့ဝယ်ပြီး နိုင်ငံသားကဒ် ကိုင်ဆောင်တာတွေလည်း ရှိခဲ့ကြတယ်လို့ ထိုင်းဆရာမတယောက်က ပြောပြသေးသည်။ ထိုင်းနိုင်ငံသား ဖြစ်သွားသူတွေထဲ မြန်မာတိုင်းရင်းသားမျိုးနွယ်စုတွေ၊ မြန်မာပြည်သားတွေ တဖြည်းဖြည်း ပါသွားတာတွေ ရှိခဲ့တာ ငြင်းမရသည့် အထောက်အထားတွေ ရှိလေသည်။ ထိုင်းဆရာမ ပြောပြသလို မြန်မာနိုင်ငံရဲ့ သမိုင်းကြောင်း အခြေအနေအရပ်ရပ်တွေက ထိုင်းနိုင်ငံသားဖြစ်တည်မှုတွေ ဖြစ်လာတာ ရှိတယ်လို့ ဆိုလေရာ ငြင်းမရသည့် အချက်ပင်ဖြစ်သည်။
ကမ္ဘာအရပ်ရပ်မှာ ရှိကြသည့် နိုင်ငံအသီးသီးမှာလည်း မွေးဖွားရာ နိုင်ငံရဲ့ နိုင်ငံရေး စီးပွားရေး လူမှုရေး အထူးသဖြင့် ဒေသတွင်းမတည်ငြိမ်မှုတွေ ဖန်တီးဖြစ်ပေါ်စေတဲ့ စစ်ရေးတွေကြောင့် လွင့်စင်ရောက်ရှိသွားကြတဲ့ လူတွေများစွာရှိကြလေသည်။ ကိုယ်တိုင်ရပ်တည်နေတဲ့ ကမ္ဘာကြီးတောင် မိမိဝန်ရိုးပေါ် မိမိ နှစ်ဆယ့်သုံးနှစ်ပိုင်းတစ်ပိုင်းဒီဂရီလည်နေရာက အနည်းငယ် တိမ်းစောင်း ပြီးလည်နေတယ်လို့ သိပံပညာရှင်တွေ တိုင်းတာတွေ့ရှိထားတယ် ဆိုလေသည်။ ကမ္ဘာကြီးဒီဂရီပိုစောင်းလာနေတာတောင် တအံ့တဩ အဆန်းတကျယ် မယူဆသလို လူတွေလည်း အမျိုးမျိုး ပြောင်းရွှေ့နေကြတာ အဆန်းတော့မဟုတ်တော့ပေ။ ထိုင်းနိုင်ငံရဲ့ နိုင်ငံသားဖြစ်တည်မှု အခြေခံအကြောင်းတရားဖြစ်တဲ့ လူတွေကို လူတွေလို့ မြင်လို့ လက်ခံထားတာဖြစ်တယ်၊ ကိုယ်နေတဲ့ နိုင်ငံ ၊ ကိုယ့်နိုင်ငံသား အကျိုးစီးပွားကောင်းအောင် လုပ်ရမယ်၊ မလုပ်နိုင်ရင် အရေးယူခံရမယ် ၊ တိုင်းပြည်နဲ့ လူမျိုး အကျိုးစီးပွားပျက်ရာပျက်ကြောင်း လုပ်နေသူတွေ အထူးသဖြင့် အကြမ်းဖက်လုပ်ရပ် လုပ်သူတွေ ကိုတော့ ဘာလူမျိုး ဘာနိုင်ငံသားပဲ ဖြစ်ပစေ ဘယ်တော့မှ ခွင့်လွှတ်မှာမဟုတ်၊ တရားဥပဒေအရ အရေးယူတာခံရမှာလို့ ဆိုလေသည်။ ချင်းမိုင်လဝကရုံးမှာ ချင်းမိုင် ဗျူရိုချိဖ်ရဲ့ စကားကို ဆိုင်းဘုဒ်ထောင်ထားတာ ရှိသည်။ သူကတော့ ဒဲ့ပင်၊
" Good guys in , bad guys out" တဲ့ တချို့လူတွေအတွက်က ခပ်ပြတ်ပြတ်ပဲ ကောင်းတယ်မဟုတ်ပါလား။
ခိုင်ခိုင်စောလွင်