လူတစ်ယောက်နဲ့ တယောက် အမြင်မတူကြဘူးဆိုတာ လူတိုင်းသိသော်လည်း ကိုယ်တိုင်ကြုံရရင်ဖြင့် ကိုယ်နဲ့ အမြင်တူသည့်သူကို လူတယောက်နဲ့တယောက် အမြင်မတူနိုင်ပါလားလို့ တွေးပေးဖို့ ခက်ခဲကြသည်။ နားမလည်ပေးနိုင်ကြ၊ လူ့စိတ်လူ့သဘောကား ထူးဆန်းလှသည်။ ထိုထူးဆန်းလှသည့် လူ့အသိုင်းအဝန်းမှာ မတူကွဲပြားမှုဆိုတာ နယ်ပယ်အသီးသီးမှာ ရှိနှင့်ပြီးဖြစ်သည်။
နိုင်ငံရေး၊ စီးပွားရေး၊ လှုမှုရေး နယ်ပယ်အသီးသီးမှာရှိတဲ့ မတူကွဲပြားခြင်းတွေနဲ့ နေထိုင်ရပ်တည်ရင်း အဆင်ပြေအောင် နေနိုင်ကြသလို အဆင်မပြေပဲ ပြဿနာပေါင်းသောင်းခြောက်ထောင် အမြဲရှိနေရသည့် နိုင်ငံ လူမျိုး မိသားစု လူတဦးချင်း အသီးသီး ရှိကြသည်။
အဆင်မပြေဘူးနဲ့ အဆင်ပြေသွားတယ် ကြားမှာ ရှိနေတာက အချိန်ပဲဖြစ်သည်။ အချိန်တခုကိုစောင့်လိုက်တာနှင့် ပြဿနာတခုကနေ ပြေလည်အဆင်ပြေသည့်အခြေအနေကို ရောက်သွားမြဲဖြစ်သည်။ အောင်မြင်သည့် နိုင်ငံ အဖွဲ့အစည်း မိသားစု လူတဦးချင်းစီကို ကြည့်ပါက အချိန်အခါ ဆိုတာကို နားလည်လက်ခံကြသည့် သူတွေဖြစ်တယ်လို့ မြင်တွေ့ရလေသည်။
ဆွေမျိုးပမာ ခင်မင်ရင်းနှီးရသည့် လူငယ်လေးနှစ်ယောက် တချိန်ထဲလိုလို ပရဟိတလုပ်ငန်းတွေဖြင့် ရခိုင်ပြည်နယ် မောင်တောဘက်ကို ရောက်နေကြသည်။ တခါတရံ အတူတွဲပြီးပင် လှုတန်းမှုတွေ လုပ်နေကြတာ တွေ့မြင်ရသည်။ လူမှုကွန်ယက်မှာ သူတို့ပုံတွေ မြင်ရသည်။
သို့သော် သူတို့ တင်သည့် ဓါတ်ပုံ ၊ ရေးတင်သည့်စာတွေ မတူကြပေ။ တနေရာထဲ တချိန်ထဲ ရှိနေတာတောင် ကိုယ့်အမြင် ကိုယ့်အယူအဆနဲ့ကိုယ် ရေးကြ ပြောကြတာမြင်တော့ လူတယောက်နဲ့ တယောက် ဘယ်လိုမှ မတူနိုင်ဘူးဆိုတာကို လက်ခံမိသည်။ အချိန်ကြာလာတဲ့အခါ သူတို့ ရည်မှန်းထားတဲ့ ရွာတွေအထိ ရောက်အောင် သွားခဲ့နိုင်ကြပြီး သူတို့အလုပ်တွေကို အကောင်အထည်ဖော်နိုင်ကြတာကို တွေ့ရလေသည်။
လူမှုကွန်ယက်မှာ မိခင်ဖြစ်သူ နေမကောင်းလို့ ရန်ကုန်မြို့ရဲ့ နာမည်အကြီးဆုံးနဲ့ ငွေကုန်ကျမှုအများဆုံး ဆေးရုံမှာ ဆေးကုသရာက ကြုံတွေ့ရတာကို ပုံတွေနှင့်တကွ ရေးတာ ဖတ်ရသည်။ ထုံးစံအတိုင်း ဆဲသူ ဝေဖန်သူတွေအပြည့်။
ဆေးရုံတက်လူနာအတွက် ဆေးရုံဝတ်စုံတောင်းရာ သူနာပြုဆရာမက " လိုချင်လို့လား" မေးပြီး အတန်ကြာတဲ့အခါ လူနာဝတ်စုံကို အထုတ်လိုက် လာပေးသွားတာ ဓါတ်ပုံနှင့်တကွ တင်ထားသည်။
လူနာရှင်မှာ ထိုင်းနိုင်ငံဘန်ကောက်ရှိ ဆေးရုံတွေကို ရောက်ဖူးခဲ့ပြီး အတွေ့အကြုံအရ အတော်ကြီးကွာတာကို ကောင်းကောင်းသိပြီး မကျေမနပ်ခံစားနေရသည်။
ထိုင်းနိုင်ငံဆေးရုံတွေရဲ့ ဝန်ဆောင်မှုနဲ့ မြန်မာပြည်က ဆေးရုံတွေ ကွာပါသည်။ ဝန်ဆောင်မှုကောင်းလွန်းလို့ ဥရောပ၊ အမေရိကားတို့ကပင် ဆေးကူသမှုစားရိတ်သက်သာပြီး ဝန်ဆောင်မှုကောင်း၍ ဆိုကာ လာရောက်ကုသခံနေကြတာဆိုတော့ အထူးပြောစရာမရှိ၊
ထိုင်းက ဆေးရုံတရုံမှာ ဆေးရုံတက်ရတော့မည့် လူနာကို လူနာရှင်က ဘာမှလုပ်ပေးစရာမလိုသလို လူနာရှင်ကဘာမှ တောင်းဆိုစရာလည်းမလို၊ လိုအပ်တာ ဆေးရုံဝန်ထမ်းကနေ သူနာပြု ဆရာဝန်တွေက ကိုယ့်အပိုင်းနဲ့ကိုယ် လုပ်ပေးသွားတာ လူနာနေရမည့် အခန်းရောက်သည်အထိ၊ ခွဲစိတ်ခံရမည့် လူနာဆိုက ခွဲဖို့ပြင်တာကနေ ခွဲပြီးသည်အထိ ဆေးရုံက အားလု့းလုပ်သွားတာဖြစ်သည်။
ဆေးရုံတက်ရမယ်လို့ ဆရာဝန်က ပြောလိုက်တာနဲ့ ဝတ်လာတဲ့ အင်္ကျီကို ဆေးရုံဝတ်စုံနဲ့ တခါထဲ ပြောင်းဝတ်လိုက်ပြီးသား၊ ပြီးတဲ့အခါ လမ်းလျှောက်နိုင်သည်ဖြစ်စေ မလျှောက်နိုင်သည်ဖြစ်စေ ဝှီးချဲ၊ ကုတင် ပေါ်မှာသာ လိုအပ်တဲ့ ဆေးတွေ စသွင်းရင်း သူနာပြုတယောက် ဒါမှမဟုတ် ဆေးရုံဝန်ထမ်းတယောက်က အနားမှာ အသင့်နေပေးပြီးသားဖြစ်သည်။ ဒီလူကို ဆေးရုံက သူတို့ စောင့်ေ၇ှာက်ရမည့်လူ တနည်းအားဖြင့် ဆေးရံရဲ့ အုပ်ထိန်းမှုအောက် ရောက်သွားပြီလို့ သတ်မှတ်လိုက်တာဖြစ်သည်။
ဒီအကြောင်းကို ဖတ်မိသည့် အိမ်သားနဲ့ စကားစပ်ပြောကြရင်း အဓိကကတော့ " စနစ်" လို့ ဆိုသည်။ ဝန်ဆောင်မှုလို့ ပြောရမည့် ဆက်ဆံရေး ၊ ဒါကတော့ သူတို့တိုင်းပြည်ရဲ့ ပညာရေးစနစ်ကြောင့်ဖြစ်မည်လို့ ဆိုသည်။ " ကျောင်းမှာ ငယ်ငယ်ကတည်းက သင်ပေးလိုက်တာဖြစ်မယ်" လို့ ကောက်ချက်ချသည်။ ထိုင်းနိုင်ငံရဲ့ ပညာရေးစနစ်အကြောင်း မကြာခဏ ရေးရင်း လေ့လာထားတာတွေကနေ သိထားတာမို့ သူ့အမြင်ကို အပြည့်အဝ ထောက်ခံမိသည်။
ရန်ကုန်မြို့ရဲ့ နာမည်ကျော် ဆေးရုံက သူနာပြုဆရာမက လူနာကုတင်ခေါင်းရင်းမှာရှိတဲ့ ဘဲလ်ကနေ နှိပ်ပြီးခေါ်တဲ့အခါ ရောက်လာပြီး မေးတာက" ဘာဖြစ်လို့လဲ ဘာလိုလို့လဲ" တဲ့ ၊ ထိုင်းသူနာပြုတွေက " ကျမ ဘာကူညီပေးရမလဲ" တဲ့
အိမ်သားကတော့ မြန်မာပြည်က သူနာပြုဆရာမတွေကို ထိုင်းဆေးရုံတွေလွှတ်ပြီး သင်တန်းပေးခိုင်းဖို့ သူတို့ ဆေးရုံပိုင်ရှင်တွေကို အကြံပေးရမယ်လို့ ဆိုသည်။ သူနာပြုချင်းအတူတူ ဆေးရုံဝန်ထမ်းချင်းအတူတူ လူနာအပေါ် ဆက်ဆံတာ မတူကြ၊ အချိန်ပေးပြီး ကြိုးစားက ခက်ခဲသည့် အလုပ်မဟုတ်၍ ပြောင်း၍ ရနိုင်သည့် အကြောင်းတရားတွေလို့ ထင်မိသည်။
လူမှုကွန်ယက်မှာ အကြောင်းအရာများစွာကို မတူကွဲပြားခြားနားစွာ တွေ့မြင် ဖတ်ရှုရတတ်ရာ ထိုအထဲကမှ လူတယောက်ကတော့ မြန်မာပြည်မှာ အရက်အတုတွေသာ မင်းမူနေတဲ့အကြောင်း မြန်မာပြည်က အရက်နဲ့ ထိုင်းက အရက် ဘယ်လိုဘယ်ပုံကွာခြားကြောင်း သေသေချာချာ ရေးထားတာ ယမကာလုလင်တွေကို သနားစဖွယ်ဖြစ်လာအောင် ဖတ်ရလေသည်။ ထိုင်းနိုင်ငံသားတွေ သောက်ကြသည့် ဟုန်ထောင်အရက်လောက်ပင် အစစ်မရနိုင်သည့် အရက်တုတွေအကြောင်း စိတ်မကောင်းစွာဖတ်ရသည်။
ဆရာမင်းလူရဲ့ ယမကာလုလင်ဝတ္ထုကို ပြန်ပြောင်းသတိရမိသေးတော့သည်။ အရက်မကြိုက်သူတွေအဖို့ " သေရည်" လို့ ဆိုပေမယ့် အရက်ကြိုက်သူတွေကတော့ " ယစ်ရွှေရည်" ပေါ့၊ အရက်သောက်သူတွေကို " အရက်သမား" လို့ ခေါ်ကြပေမယ့် ကာယကံရှင်တွေကတော့ ယမကာလုလင်တွေပေါ့၊
ယမကာလုလင်တွေအဖို့ အစစ်အမှန်ကို ရဖို့လိုလားကြမှအမှန်၊ ထိုင်းမှာတောင် ဒီတရက်အတွင်း လူလတ်တန်းစားတွေ သောက်ကြသည့် " ဆန်းစောင်" ရမ် အမျိုးအစားအရက် ဈေးအတော်တက်သွားသည်။ ထိုင်းမှာက အရက်နှင့်ဆေးလိပ်အတွက် အခွန်အခမြင့်သည်။ မကြာခဏ ဈေးတက်လေ့ရှိသည်။ ယခုရက်အတွင်း တပုလင်းကို ဘတ်(၃၀) ဈေးတက်သွားတာတော့ ထူးခြားသည်။ သို့သော် စိတ်ချလက်ချအစစ်တော့ဖြစ်သည်။
မြန်မာပြည်မှာ အရက်အတုဆိုတာထက် ပိုဆိုးသည့် အရက်ပြုလုပ်နည်းတွေ ရှိသည်။ ဖားပြုတ်ထည့်ချက်သည့် အရက်၊ ရာဘာပြားထည့်ချက်တာကတဖုံ အချို့ဆိုက ရာဘာဘိနပ်ထည့်ချက်တာမြင်ဖူးသည်ဟု ဆိုကြသည်။ ထိုင်းက ယမကာလုလင်တွေကပင် အစစ်အမှန် မှီဝဲရလို့ အရက်သမားချင်းအတူတူ တပန်းသာရသည့်အဖြစ်ကို ဖတ်လိုက်ရသည်။
မတူကွဲပြားတဲ့ ဖြစ်စဉ်အများအပြားထဲကမှ " လူတွေဘာ့ကြောင့် ရက်စက်ကြမ်းတမ်းလာကြသလဲ" ဆိုပြီး တင်ထားတာတခု ဖတ်ရပြန်သည်။ ရန်ကုန်မြို့ ပုဇွန်တောင် ဘူတာရုံထဲက ခုံတခုမှာ ထိုင်နေတဲ့ လူတယောက်၊ သူ့လက်ထဲမှာ ငွေငါးရာကျပ်ကို ကျစ်ကျစ်ပါအောင် ဆုပ်ထားသည်။ တအောင့်နေတော့ လူတယောက်က လာတောင်းသည်။ မပေး၊ မပေးတော့ တောင်းသည့်လူက အတင်းလုသည်။ နှစ်ယောက်သား အပြန်အလှန်လုရင်း ရုန့်ရင်းဆန်ခပ်ဖြစ်နေတာ ပတ်ဝန်းကျင်က သတိထားမိသည်။
ဘူတာရုံထဲမှာ ရှိနေတဲ့ တာဝန်ရျိသူ လုံခြုံရေး၊ ရဲတပ်ဖွဲ့ဝင် တယောက်မှ လာရောက်ဖြေရှင်းတာမရှိ၊ တအောင့်နေတော့ လုတဲ့သူက ပိုက်ဆံမပေးလို့ဆိုကာ ခေါင်းကို အုတ်ခဲဖြင့် ထုပြီး ပိုက်ဆံကို ရအောင်ယူသွားသတဲ့၊ အထုခံရတဲ့ အလုခံရသူ ဦးခေါင်းက သွေးတွေစီးကျလာတော့ လူမျိုးခြားတယောက်က ဆေးထည့်ပေးသတဲ့ ရထားပေါ်က လူတချို့က ဆေးခန်းသွားပြဖို့ ပိုက်ဆံတွေ ဝိုင်းပေးကြသတဲ့ ၊ တကယ်တော့ ဒါက ဖြေရှင်းနည်း အစစ်မဟုတ်၊ နိုင်ငံသူနိုင်ငံသားတယောက်အနေနဲ့ လုံခြုံမှု ရှိဖို့ ၊ ဘယ်မှာနေနေ ဘယ်သူဖြစ်ဖြစ် အန္တရာယ်ကင်းဖို့ လိုအပ်သည်။
ထိုင်းမှာ ရွှေ့ပြောင်းအလုပ်သမား အဖြစ်ရောက်နေတဲ့ မိန်းကလေးတယောက်ကို လဲချားမှာ နေရတာနဲ့ ဒီမှာနေရတာ ဘယ်မှာပိုပြီး လုံခြုံမှုရှိသလဲ မေးခွန်းကို သူဖြေသွားသည်။ " ရွာမှာက မီးမှမရှိတာ ညနေ ခြောက်နာရီထိုး မှောင်စပျိုးရင် အိပ်ကြပြီလေ ဘယ်သူမှ ညဖက်အပြင်မထွက်ကြတော့ လမ်းတွေမှာလူမရှိ၊ ဒီမှာက တညလုံးသွားလာနေကြတာတောင် ဘေးကင်းပါတယ်" လို့ ဆိုလေသည်။
စက်တင်္ဘာလ(၁၉)ရက်မှာ လူထုခေါင်းဆောင် နိုင်ငံတော်အတိုင်ပင်ခံပုဂိုလ် ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောမည်။ လတ်တလောအခြေအနေက ရခိုင်အရေးနဲ့ပတ်သက်ပြီး စိတ်ဝင်စားမှု မြင့်တက်နေတဲ့အတွက် နားထောင်ကြဖို့ နိုင်ငံသူနိုင်ငံသား အားလုံး စိတ်ဝင်တစား ဖြစ်နေကြသည်။ ဒီကနေ့ ( ယခုစာကိုရေးနေရင်းက) နိုင်ငံတော်အတိုင်ပင်ခံရုံးစာမျက်နှာကို ဖွင့်ထားသည်။ ထိုင်းစံတော်ချိန် နံနက်(၁၀နာရီခွဲ) ကတည်းက ကြိုတင်စောင့်ဆိုင်းနေမိသည်။ အတိုင်ပင်ခံပုဂိုလ် မိန့်ခွန်းစပြောပါသည်။ ဘာသံမှ ထွက်မလာပါ၊ အခြားမီဒီယာတခုကို ပြောင်းဖွင့်ရသည်။ လူမှုကွန်ယက်မှာ ချက်ခြင်းရေးတင်ကြသည်။ ဒီအကြောင်းက ယခုအပတ်ဆောင်းပါးကို နိဂုံးချူပ်ဖို့ ဖြစ်သွားသည်။
စာရေးတဲ့အခါ ရည်မှန်းထားတဲ့ ခေါင်းစဉ်အတိုင်း အကြောင်းအရာအတိုင်း ရေးဖြစ်တာရှိသလို တခါတလေ စုဆောင်းထားတဲ့ အချက်အလက်တွေ အချိန်ကာလနဲ့ မကိုက်တော့တဲ့အခါ မရေးဖြစ်တာလည်း ကြုံရသည်။ တခါတရံ ရေးရင်းအကြောင်းအရာ ပြောင်းသွားတဲ့အတွက် ခေါင်းစဉ်ကို ပြောင်းလိုက်ရတာမျိုး ကြုံရသည်။ ဒီအပတ်မှာတော့ ရေးရင်းက ဆောင်းပါးနိဂုံးချူပ် အဆုံးသတ်ကို ပြောင်းလဲလိုက်ရသည်။
ရခိုင်အရေးစဖြစ်ကတည်းက အတိုင်ပင်ခံရုံးစာမျက်နှာကို လူအတော်များများ အားထားပြီး အတည်ပြုကြသည်။ သတင်းအစုံအလင်တွေကြားကနေ ယုံကြည်စိတ်ချရာ စာမျက်နှာတခုအဖြစ် ဝင်ရောက်ဖတ်ကြသည်။ အတိုင်ပင်ခံပုဂိုလ်ပြောမည့် မိန့်ခွန်းကို ဒီစာမျက်နှာကနေ နားထောင်ဖို့ အားခဲထားကြသည်။
စက်ပစ္စည်းဆိုတာ ပျက်တတ်တာသဘာဝပေမယ့် အရေးကြီးသည့် အခြေအနေမှာ ကြိုတင်ပြင်ဆင်မှုတွေ လုပ်ထားရပေမည်၊ နည်းပညာတွေ တိုးတက်နေသည့် ယခုခေတ်လိုအခါမှာ အသင့်ပြင်ဆင်ထားနိုင်သည့် အခြေအနေတွေများစွာရှိပါသည်။ ရိုးရိုးသားသားမှဟုတ်ရဲ့လားလို့ လူတယောက်ရဲ့ မှတ်ချက်စကားကို ကြားရပြီး ရမ်းသန်းမျှော်မှန်း မပြောချင်ပေမယ့် နိုင်ငံတော်အဆင့်မို့ ဒါမျိုး မဖြစ်သင့်တာကအမှန်။
ယခင် စစ်အာဏာရှင်တွေ လက်ထက်မှာ တာဝန်ရှိသူတွေ အမှားအယွင်းမရှိအောင် ကြောက်လန့်တကြား ပြင်ဆင်ကြတာက လူကြီးလမ်းကြောင်း၊ လူကြီးမိန့်ခွန်း၊ တစုံတရာ မှားယွင်း နှောင့်နှေးခြင်းမဖြစ်အောင် လုပ်ကြသည်။ အာဏာရှင်တွေကို ချစ်လွန်းလို့ထက် ကိုယ့်ကိုယ်ကို ချစ်လွန်းလို့ အပြစ်တင်မခံရအောင် ကြောက်လန့်စွာ လုပ်ကိုင်ပေးခဲ့ကြသည်။
မတူကွဲပြားတဲ့ ဘက်နှစ်ဘက်ကြား အဆင်မပြေအောင် လုပ်တယ်ဆိုတာ ဆိုးရွားလှသည့် အဖြစ်အပျက်၊ ဘက်နှစ်ဘက် အဆင်ပြေဖို့ အချိန်ဆိုတဲ့ အခွင့်အခါရှိသည်။ ထိုကာလအတွင်း လူတဦးချင်း၊ မိသားစု၊ အဖွဲ့အစည်း၊ နိုင်ငံသူနိုင်ငံသားအားလုံး မတူကွဲပြားတဲ့ အခြေအနေတွေ ရှိနေကြသော်လည်း အဆင်ပြေအောင် နေနိုင်ဖို့ အခွင့်အခါကျရောက်တတ်ပါသည်။ ယင်းအခွင့်အခါကား အချိန်ပင်၊ အဆိုပါ " အချိန်" ဆိုတာ ယခုကာလပင်၊ အချိန်ကို ကောင်းကောင်းအသုံးချပြီး နိုင်ငံကောင်းရာကောင်းကြောင်း တိုးတက်ရာတိုးတက်ကြောင်း ဝိုင်းဝန်းကြရမည့် အခွင့်အခါကောင်းလို့ မြင်မိပါသည်။
ခိုင်ခိုင်စောလွင်
No comments:
Post a Comment