ရခိုင်ပြည်နယ်မှာ ဖြစ်နေတဲ့ အကြောင်းအရာတွေနဲ့ပတ်သက်ပြီး လတ်တလော ပြဿနာတွေ အစပြု စတင်တဲ့ရက်ကနေ အခုအချိန်အထိ သတင်းတွေကိုသာ စောင့်ဖတ်ဖြစ်ခဲ့လေသည်။ ရခိုင်အရေးမှာ တမဟုတ်ချင်း ကမ္ဘာ့မီဒီယာအသီးသီးရဲ့ ထိတ်တန်းသတင်းတပုဒ်ဖြစ်သွားလေသည်။ သတင်းတွေကြည့်ရင်းက ရခိုင်လူမျိုးတွေ အကြမ်းဖက်ခံရတဲ့ သတင်းတွေ တိမ်မြုပ်သွားပြီး အခြားအကြောင်းအရာဆီ ဦးတည်သွားနေတာ မြင်ရသည်။ အကြမ်းဖက်ခံရပြီး သေဆုံးသွားသည့် ရခိုင်အပါအဝင် ရခိုင်တိုင်းရင်းသားမျိုးနွယ်စုတွေ ဖြစ်သည့် ဒိုင်းနက်၊ သက် ခမိ မြို လူမျိုးတွေအကြောင်း ဆွေးနွေးတင်ပြတာ မတွေ့ရပေ။ လူမှုကွန်ယက်တွေကနေတဆင့် ပညာရှင်တွေရဲ့ ဆွေးနွေးသုံးသပ်မှုတွေကြည့်ရင်း အင်္ဂလိပ်လက်အောက်ကနေ လွတ်လပ်ရေးရတဲ့ကာလ အဲဒီနောက်ပိုင်း အာဏာရှင်စနစ်အုပ်ချူပ်သည်အထိ ရခိုင်သမိုင်းကို အတော်ပင် နှံ့နှံ့စပ်စပ် သိခွင့်ရလေသည်။ ကိုယ်တိုင်တောင် မရောက်ဖူးတဲ့ဒေသ အဖြစ်သနစ်တွေကိုတောင် သူများတွေရေးမှ ဖတ်ရတဲ့ အခြေအနေ လတ်တလောဖြစ်စဉ်တွေဆိုက သတင်းတွေ များလွန်း၍ ဘယ်သတင်းအရင်းအမြစ်က ယုံကြည်ရဆုံးလဲ ကိုယ့်ဘာသာ ချင့်ချိန်ယုံရသည့် အခြေအနေဖြစ်သည်။
ပြီးခဲ့တဲ့ လထဲမှာ ထိုင်းဝန်ကြီးချူပ်ဟောင်း ယင်လပ် ပြည်ပကိုထွက်ပြေးသွားပြီဆိုသည့် သတင်းက လူမှုကွန်ယက်မှာ စတင်ပျံ့နှံ့လာသည်။ ထုံးစံအတိုင်း ထိုင်းနိုင်ငံမှာ ယုံကြည်ရသည့် သတင်းစာဖြစ်သည့် ဘန်ကောက်ပို့စ်ကို စောင့်ဖတ်ရသည်။ ဘန်ကောက်ပို့စ်မှာ သတင်းပါလာမှ ဒါတကယ်လို့ အတည်ပြုဖြစ်သည်။ မြန်မာပြည်မှာ နိုင်ငံသူနိုင်ငံသားအားလုံး ယုံကြည်ရသည့် စိတ်ချစွာ လက်ခံရမည့် သတင်းထုတ်ပြန်မှု အင်မတန်အားနည်းနေသေးသည်။ သို့ဖြစ်ရာ ကောလဟာလ ယနေ့အခေါ် ဖွ သတင်းတွေက မင်းမူနေသည်။ ဖွသတင်းတွေက လက်ဦးနေသည်။ သက်ရောက်မှုက နိုင်ငံသူနိုင်ငံသားတွေ စိုးရိမ်မှုမြင့်တက်စေပြီး ယုံကြည်မှုလျော့နည်းလာလေသည်။ စိုးရိမ်မှုလွန်ကဲရာက အကြောက်တရားဆီရောက်ကာ ယုံကြည်မှုမဲ့သည် အထိ ဖြစ်လာနိုင်လေသည်။ အကြောက်တရားက ပကတိအခြေအနေကို အမှန်အတိုင်း မမြင်နိုင်တော့ပေ။ အာဏာရှင်လက်အောက်မှာ အကြောက်တရားနဲ့ နှစ်ပေါင်းများစွာ ကြီးပြင်းခဲ့ရသူတွေဖြစ်လို့ အကြောက်တရားနဲ့ယဉ်ပါးနေတာဖြစ်တာထက် လူ့သဘာဝအရ မလုံခြုံခြင်း ဆိုတဲ့ အကြောက်တရားက မြင့်တက်သွားတာမျိုး အမေရိကန်နိုင်ငံလိုမှာပင် ဖြစ်ပျက်ခဲ့ကြသေးရာ မမှန်ကန်သည့် မရောရာသည့်ဖွသတင်းတွေကို လူတယောက်ချင်းစီကနေ စပြီးထိန်းချူပ်သည့် အကျင့် ရှိဖို့လိုသည်။ ကိုယ်ကစလိုက်ခြင်းဖြင့် နောက်တယောက်ဆီ မကူးစက်နိုင်အောင် လူတယောက်ချင်းစီကပဲ သတိ ညာဏ်ပညာနဲ့ စရပေမည်။
မနေ့တနေ့ကပဲ (၁၁)ရက်နေ့ ဘာဖြစ်မယ် ရှယ်ပေးကြပါ ဆိုသည့် မက်စေ့ခ်ျတွေ ဝင်လာသည်။ ဖွင့်ပင်မကြည့်၊ နောက်တခါ ---- ဘယ်သူရဲ့ ဖေ့စ်ဘွတ်အကောင့်ကို လက်မခံပါနဲ့ အကောင့်ပျက်မယ် ဂျီဟတ်လုပ်တာ စတာတွေ ပို့လာကြသည်။ အကောင့်ပျက်တော့ ဘာဖြစ်တုန်း အသစ်ပြန်လုပ်ပေါ့၊ ဒါကြောက်စရာမဟုတ်၊ (၁၁) ရက်နေ့မှာ တနိုင်ငံလုံး ဘာဖြစ်မယ် ဆိုလား သူကအဲဒီလောက်ကြိုသိရင် လုပ်မယ့်သူက သူမို့ ဒီလောက်သေချာသိတာပေါ့၊ သူ့သာ ဖမ်းလိုက်ယုံ၊ ဒါပေမယ့် ဘယ်သူ့ဆီက စလိုက်မှန်းမသိသည့် အဆိုပါ မက်စေ့ခ်ျကို ယုံကြည်ရသလား တကယ်ဖြစ်နိုင်လား တွေးတော ဆင်ခြင်ကြရဲ့လား မဆိုနိုင်၊ ပို့လာသူတွေထဲ တက္ကသိုလ်က ကထိက အဆင့်ဆရာမတွေတောင် ပါသေး၊ ရင်လေးစရာပါလား တွေးမိရသည်။ လွယ်လွယ်ယုံ လွယ်လွယ်ကြောက် လွယ်လွယ်မေ့သူတွေ များလှသည်။
အကြောက်တရားရဲ့ အလွန် နောက်ဆက်တွဲ ဆိုးကျိုးတွေက ပြန်လည် ဒုက္ခပေးနိုင်တာ အများကြီးရှိသည်။ အမေရိကန်လို လူ့အခွင့်အရေးအလေးထားသည့် နိုင်ငံသော်မှ (၂၀၀၁)ခုနှစ် စက်တင်္ဘာ (၁၁) ရက် တိုက်ခိုက်မှုတွေဖြစ်ပြီး နောက်ပိုင်း စိုးရိမ်မှုတွေ မယုံကြည်မှုတွေ ကြောက်လန့်မှုတွေ လွန်ကဲကာ ပြည်သူကို ထိန်းသိမ်းနေရသည့် အခြေအနေတွေ ဖြစ်ခဲ့သည်။ မြန်မာပြည်အနေနှင့် လေ့လာသင်ခန်းစာ ယူစရာတွေ တပုံချည်း ရှေ့မှာရှိနေလေသည်။ အမေရိကန်နိုင်ငံတောင်မှ 9/ 11 လို့ လူသိများသည့် ကမ္ဘာ့ကုန်သွယ်ရေးတာဝါ ညီနောင် နှစ်ခု ဆိုးရွားစွာ တိုက်ခိုက်ခံရပြီးနောက် စိုးရိမ်ထိတ်လန့်ခြင်း လွန်ခဲ့သည့် ဖြစ်ရပ်တွေ ရှိခဲ့လေသည်။ အဖြစ်ကလည်း ထိတ်လန့်ခြောက်ခြားဖွယ်ရာ များစွာပင်။ အကြမ်းဖက်သမားတွေက ခရီးသည်တင် လေယာဉ်(၄)စင်းကို ပြန်ပေးဆွဲခဲ့ပြီး နှစ်စင်းက နယူးရော့ခ်မှာရှိသည့် ( twin towers of the World Trade Center )ကို တိုက်ခဲ့သည်။ အခြားတစင်းက ဝါရှင်တန်ဒီစီ မြို့အပြင်မှာ ရှိသည့် ပင်တဂွန်စစ်ဌာနချူပ်ကို လေယာဉ်ထိုးစိုက် ဝင်တိုက်ခဲ့ပြီး တစင်းမှာ ပင်ဆယ်ဗေးလ်နီးယားမှာရှိတဲ့ လယ်ကွင်းတခုထဲ ပျက်ကျသွားခဲ့သည်။အဆိုပါ အကြမ်းဖက်မှုကြောင့် လေယာဉ်ပေါ်ပါခရီးသယ်အားလုံး အပါအဝင် လူပေါင်း (၃၀၀၀) နီးပါး အသက်ဆုံးရှုံးခဲ့ရလေသည်။
ဆယ်စုနှစ်အနည်းငယ်အကြာ အကြမ်းဖက်ဝါဒက အမေရိ ကန်နိုင်ငံကို ခြိမ်းခြောက်နေပြီဆို သည့် ဒေါ်နယ်ထရန့်ရဲ့ တန့်လှန့်သံက ထရန့်ကို သမတအဖြစ် အရွေးခံရဖို့ ဗျူဟာတခုပင်ဖြစ်ခဲ့တဲ့ အကြောင်းနဲ့ အကြမ်းဖက်သမားတွေနဲ့ အရပ်သားတွေ ရောထွေးနေတဲ့ ရခိုင်ပြည်နယ်က အခြေအနေတွေ အကြောင်းကို မိတ်ဆွေဖြစ်တဲ့ သတင်းသမား စာရေးဆရာတယောက်နဲ့ စကားပြော ဆွေးနွေးမိရင်း သူက New York ဆိုသည့် အိန္ဒိယရုပ်ရှင်ဇာတ်လမ်း တပုဒ်ကို ညွှန်းလို့ ကြည့်ဖြစ်လေသည်။ တိုက်တိုက်ဆိုင်ဆိုင် ကြည့်တဲ့နေ့က 9/11 နေ့ ဖြစ်နေသည်။
အဆိုပါဇာတ်ကားမှာ ၂၀၀၉ ခုနှစ်ကတည်းက ဆိုတော့ ကြည့်ဖူးသူအတော်များများရှိပါလိမ့်မည်။ အိုမာ ဆိုသည့် အိန္ဒိယနွယ်ဖွား အစ္စလာမ်ဘာသာဝင် လူငယ်တယောက်ကို အမေရိကန် FBI ကနေ လက်နက်တွေနဲ့ ထောင်ခြောက်ဆင်ပြီး အကြမ်းဖက်ဖို့ လုပ်တယ်လို့ ဖမ်းဆီးစစ်ဆေးတာနဲ့ ဇာတ်လမ်းကို စထားသည်။ သူ့ကို အမေရိကားကို ဘယ်လို ရောက်လာသလဲ တက္ကသိုလ်မှာ ခင်မင်ခဲ့တဲ့ သူငယ်ချင်းနာမည်တွေ မေးမြန်းရင်း " ဆမ်" နဲ့ စတင်သိကျွမ်းခဲ့ရတဲ့ အကြောင်းတွေ မေးသည်။
စကောလာရှစ်ရတဲ့အတွက် မာစတာဆက်တက်ဖို့ အမေရိကန်နိုင်ငံရောက်လာတဲ့ အိန္ဒိယနွယ်ဖွား အစ္စလမ်ဘာသာဝင် အိုမာ ၊ (၄)နှစ်သားကတည်းက အမေရိကားရောက်နေတဲ့ ဆမ် ၊ နောက် မာရာ ဆိုသည့် သူတို့လူမျိုးမိန်းကလေး၊ အိုမာ ဆမ် မာရာ လူငယ်သုံးယောက်မှာ ဆမ်က အမေရိကန်လူမျိုးတယောက်လို ဖြစ်နေပြီ။ တက်ကြွဖြတ်လတ် ထက်မြက်သည်။ အားကစားမှာတော်သည်။ လူသိများသည်။ အိုမာက မာရာကိုချစ်ပြီး မာရာက ဆမ်ကို ချစ်နေသည်။ တက္ကသိုလ်(၂)နှစ်တက်အပြီး 9/11 တိုက်ခိုက်မှု ဖြစ်တာနှင့်ကြုံကာ သူတို့ (၃)ယောက်ကွဲသွားကြသည်။ အမေရိကန် FBI က ဆမ် ကို အကြမ်းဖက်သမားအဖြစ် သိထားပြီး ဖမ်းဆီးလိုသည်။ ဆမ်နှင့် သူငယ်ချင်းဖြစ်သည့် အိုမာ ကိုအကြပ်ကိုင်ပြီး ဆမ်ရဲ့ အကြမ်းဖက်လုပ်ရပ်ကို ဖော်ထုတ်ဖို့ စစ်ဆင်ရေးလုပ်သည်။ ဆမ်ရဲ့ အိမ်မှာနေထိုင်စဉ် အိုမာရဲ့ အမျိုးမျိုး စမ်းသပ်မှုတွေအရ ဆမ်မှာ ရိုးသားသည်။ အကြမ်းဖက်လုပ်ရပ်ကို မကြိုက်နှစ်သက်၊ အိုမာ့ကို ပင် သံသယဖြင့် တားဆီးသေးသည်။ အိုမာက FBI အရာရှိကို ဆမ် မှာ အကြမ်းဖက်သမား မဖြစ်နိုင်ကြောင်း တင်ပြသည်။ လက်မခံ၊ ဆမ်ရဲ့ရှေ့မှာတင် အိုမာက ဟန်ဆောင်ဇာတ်လမ်းဆင်ကာ လူတယောက်ကို သေနတ်ဖြင့် ပစ်သတ်ပြသည်။ ဆမ်က အိုမာကို သူ့အိမ်ကနေ နှင်ထုတ်လိုက်သည်။ သေချာပြီ ဆမ်မှာ အကြမ်းဖက်သမားမဟုတ်၊ အိမ်မှ ထွက်ရမည့်နေ့မှာ ဆမ်က လိုက်ပို့ရင်း တနေရာခေါ်သွားသည်။ လူအချို့နှင့် ဆုံသည်။ ထိုသူတွေကတော့ FBI က သူ့ကို ဓါတ်ပုံတွေ ပြလိုက်သည့် အာဖဂန်၊ ပါကစ္စတန် ၊ ဘင်္ဂလားဒေ့ရှ်က ဝင်ရောက်နေသည့် အကြမ်းဖက်သမားတွေ ဖြစ်နေသည်။ ထိုအခါမှ သူ့သူငယ်ချင်း ဆမ်မှာ အကြမ်းဖက်သမား တယောက်ဖြစ်နေတာ သိသွားသည်။ စိတ်ဝင်စရာအကောင်းဆုံးက ဆမ်တယောက် ဘယ်လို အကြမ်းဖက်သမား ဖြစ်သွားတာလဲ ဆိုတာပင်။
9/11 ဖြစ်ပြီး အမေရိကန်FBI က အကြမ်းဖက်သမားတွေကို ပိုက်စိပ်တိုက် ရှာဖွေနေချိန် ရွှေ့ပြောင်းနေထိုင်သူတွေအကြား မလုံခြုံသလို ဖြစ်လာကြသည်။ ထိုအချိန်မှာ ဆမ် က မာရာနဲ့ ဆုံဖို့ ဝါရှင်တန်ဒီစီကို အသွား ဘူတာရုံမှာ အဖမ်းခံရသည်။ ရိုက်နှက်စစ်ဆေးသည်။ ရက်စက်သည့် နည်းမျိုးစုံဖြင့် စစ်ဆေးပြီး အကြမ်းဖက်သမားဖြစ်ကြောင်းဝန်ခံခိုင်းသည်။ သူတို့ပြသည့် ကုန်သွယ်ရေးအဆောက်အဦဓါတ်ပုံက ကျောင်းတုန်းက အဆောက်အဦဒီဇိုင်းပရောဂျက်တခုအတွက် ရိုက်ထားတာဖြစ်ကြောင်း ဆရာ့ကိုမေးမြန်းနိုင်ကြောင်း ထွက်ဆိုသည်။ နောက်ဆုံး အထောက်အထားမရှိတဲ့ အတွက် ပြန်လွတ်လာသည်။ အိပ်ပျော်ရင်းက နှိပ်စက်ခံရတဲ့ အိပ်မက်ဆိုးတွေကြောင့် လန့်နိုးသည်၊ အရင်က တက်ကြွသည့် အမူအယာတွေပျောက်ပြီး ကိုယ့်ကိုယ်ကို ယုံကြည်မှု မရှိတော့၊ လူတွေက သူ့ကို သံသယရှိနေတယ်လို့ ခံစားရသည်။ ရဲမြင်က ကြောက်ရွံ့စိတ်ဖြစ်သည်။ မာရာက ဆမ့်ကို အားပေးရင်း လက်ထပ်ဖို့ ပြောကာ လက်ထပ်လိုက်ကြသည်။ သို့သော် ဆမ်မှာ အရင်လိုမဟုတ် သူ့ရင်ထဲ နာကျည်းမှု၊ မကျေနပ်မှုနှင့် မလုံခြုံမှုတွေ ခံစားနေရသည်။ အရင်ကလို ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိပြီး ဒီနိုင်ငံက လူမျိုးတွေနှင့် တသားထဲ နေသလို စိတ်မဖြစ်တော့၊ နောက်ဆုံး အချူပ်ခန်းကလွတ်ကာနီး အချူပ်ခန်းထဲက လူကြီးတယောက် မှာလိုက်သည့် စကားတခုဖြင့် ပြောလိုက်သည့် နေရာကို သွားဆက်သွယ်လိုက်သည်။ ထိုကနေ အကြမ်းဖက်သမားတွေနှင့်ချိတ်မိကာ အကြမ်းဖက်သမားလုံးလုံး ဖြစ်သွားတော့သည်။
အိုမာနဲ့ ဆမ်ရဲ့ ဇနီး မာရာတို့က ဆမ် မကြာမီလုပ်တော့မည့် ဖောက်ခွဲမှုအကြီးစားကို တားဖြစ်ဖို့ ဆမ့်ကို အကြမ်းဖက်သမားအဖြစ်က ကယ်တင်ဖို့ FBIနှင့် ပေါင်းကာ ကြိုးစားကြသည်။ နေရာနှင့်အချိန် မသိသေး၊ အိုမာနှင့် မာရာက ဆမ် ကို ဖမ်းတဲ့အခါ အသေပစ်မသတ်ဖို့ ကတိတောင်းသည်။ အရာရှိ ရိုလျှားက အကြီးဆုံးတာဝန်ရှိသူကို ပြောပြသည်။ ထိုသူက အကြမ်းဖက်သမားကို အသေသာဖမ်းချင်သည်။ ဆမ်ရဲ့ ညွှန်ကြားချက်အရ ဆမ်ကန်ထရိုက်ရသည့် အဆောက်အဦတခုရဲ့ မြေအောက်အညစ်အကြေးစွန့် ပိုက်လိုင်းထဲမှာ ဆမ့်လူတွေနဲ့ အိုမာ အလုပ်လုပ်နေရင်း လက်ကိုင်ဖုန်းတွေကနေ ဖောက်ခွဲရေး လုပ်မယ့် အစီအစဉ်စတင်နေတာလို့ သိလိုက်ရသည်။ မြေအောက် ရေဆိုးမြောင်းကနေ အိုမာ ရအောင် ထွက်လာပြီး FBI အရာရှိ ရိုလျှားထံ ဖုန်းဆက်သည်။ ဖောက်ခွဲရေး လုပ်တော့မည်၊ နေရာ အဆောက်အဦတခုခုဖြစ်မည်၊ သေချာမသိသေး၊ ဆမ်က အဆိုပါ အဆောက်အဦမှာ ရောက်နေပြီ၊ လက်ကိုင်ဖုန်းက တဆင့်ဖောက်ခွဲရေးလုပ်ဖို့ အဆိုပါအဆောက်အဦမှာ လိုက်လံတပ်ဆင်နေပြီ။
ထိုနေ့မှာ ဆမ်ရဲ့ ဇနီး မာရာက FBIဌာနချူပ်မှာ အကြီးအကဲနဲ့ တွေ့ဆုံပြီး ဆမ့်အကြောင်းဆွေးနွေးကာ သူလုပ်မည့်အကြမ်းဖက်လုပ်ရပ်ကို တားဆီးကြမည်၊ ယင်းဖြစ်စဉ်မှာ ဆမ်ကို အသေပစ်မသတ်ဖို့ လက်မှတ်ထိုးပေးဖို့ တောင်းသည်။ အကြီးအကဲက လက်မှတ်ထိုးဖို့ လက်ခံလိုက်ပြီး ပြင်နေချိန်မှာ အိုမာဆီက ဖုန်းဝင်လာသည်။ ဖောက်ခွဲရေးလုပ်မှာ ယနေ့ပဲဖြစ်ပြီး မကြာခင်စမယ်ဆိုတဲ့အကြောင်း ဘယ်အဆောက်အဦဆိုတာ မသိသေးကြောင်း ဆမ်ကိုတွေ့အောင်လိုက်ရှာနေကြောင်း သိရ၍ တာဝန်ရှိသူတွေ လှုပ်လှုပ်ရှားရှားဖြစ်သွားပြီး တပ်ဖွဲ့တွေ အသင်ပြင်ဖို့ အော်ဟစ်ကြသည်။ မာရာ အခန်းထဲမှာ ကျန်နေခဲ့စဉ် အဆောက်အဦပြင်ပကနေ ဆေးသုတ်သည့်အလုပ်သမားပုံစံဖြင့် ဆမ် လျှောဆင်းနေတာ မြင်လိုက်ရသည်။ ထိုအချိန်မှာ အိုမာကလည်း ဆမ် တို့ ကိုမြင်လိုက်ပြီ။ ဖုန်းထဲကနေ အလျင်အမြန် သတင်းပို့သည်။ ဆမ် ဖောက်ခွဲမည့် အဆောက်အဦက အမေရိကန် FBIဗဟို ဌာနချူပ်၊ ဝန်ထမ်းတွေကို အဆောက်အဦထဲကနေ ထွက်သွားခိုင်းပြီး စစ်ဆင်ရေးစသည်။ ဆမ်ရဲ့လက်ထဲမှာ လက်ကိုင်ဖုန်း ၊ လက်ကိုင်ဖုန်းခလုတ်ကို နှိပ်လိုက်ပါက အသင့်ဆင်ထားသည့် အဆောက်အဦနေရာအသီးသီကနေ ပေါက်ကွဲမှုဖြစ်မည်။ မာရာ အိုမာတို့ နားချသည်။ ကျန်နေသည့် သားလေးအကြောင်းပြောပြသည်။ အမေရိကန်နိုင်ငံသားတယောက်ဖြစ်ပြီး တက္ကသိုလ်တက်နေသည့် ကာလတလျှောက် တက်ကြွဖြတ်လတ် ပျော်ရွှင်စွာနေတတ်ပြီး အများအတွက် ဆောင်ရွက်တတ်သည့် ဆမ်တယောက် တွေဝေသွားသည်။တခုခုကို ဆုံးဖြတ်လိုက်ဟန်ဖြင့် လက်ကိုင်ဖုန်းကို လက်ထဲကနေ အဆောက်အဦအောက်ဘက်အဝေးဆီကို ပစ်ချလိုက်ရာ နားလည်မှုလွဲပြီး အကြီးအကဲဖြစ်သူက " ပစ်"၊ FBI အရာရှိ ရိုလျှားက " မပစ်နဲ့" အော်ရင်း ဆမ်ရယ် သူ့ကိုကာဖို့ ပြေးသွားတဲ့ သူ့ဇနီး မာရာတို့ အချက်ပေါင်းများစွာ ပစ်ခတ်ခံရပြီး သေဆုံးသွားကြသည်။ဆမ်တယောက် မာရာ ပြောသလို အရင်ကလည်း အကြမ်းဖက်သမားမဟုတ်သလို အကြမ်းဖက်လုပ်ရပ်တွေ မလုပ်ခဲ့၊ အခုလည်း အကြမ်းဖက်လုပ်ရပ်ကို ရှောင်ရှားသွားခဲ့သည်။ သို့သော် ဆမ်တယောက် အကြမ်းဖက်သမားတယောက်အဖြစ် ဘဝကိုနိဂုံးချူပ်သွားရသည်။
ဇာတ်သိမ်းပိုင်းမှာ ရိုလျှားက သူ့ကို အတန်ကြာစကားမပြောသည့် အိုမာ့ထံ ဆမ်နဲ့ မာရာတို့ရဲ့ သားလေးပြိုင်ပွဲနေတဲ့ ဘေ့စ်ဘောကစားပွဲမှာ သွားတွေ့ရင်း" အမေရိကားမှာ ရွှေ့ပြောင်းနေထိုင်ကြရတဲ့ တို့လို မူဆလင်တွေအနေနဲ့ 9/11 အပြီးမှာ လူတွေရဲ့ မယုံကြည်မှုကို စတင်ခံခဲ့ရတယ်၊ အစ္စလမ်ဘာသာရဲ့ တရားတော်က ငြိမ်းချမ်းရေးပဲဖြစ်တယ်၊ ဒါပေမယ့် အစွန်းရောက်ဘာသာဝင်တွေကြောင့် ကိုယ့်လူမျိုး ကိုယ့်ဘာသာဝင်တွေ အနေခက်လာတဲ့အခါ အစ္စလမ်ဘာသာဝင်တိုင်း အကြမ်းဖက်သမားမဟုတ်ပါဘူးဆိုတာ ပြချင်လို့ တို့ကြိုးစားခဲ့တာ " လို့ ဆိုသည်။
အိုမာက ဘာ့ကြောင့် ဆမ်ဟာ ဒီလို အဖြစ်မျိုး ကြုံခဲ့ရတာလဲ မေးတဲ့အခါ " ဒါဟာ မှားယွင်းမှု တခု၊ အချိန် စိုးရိမ်လွန်ကဲမှု လူတွေနဲ့ နောက်ဆုံး နိုင်ငံပဲလို့ " ဆိုသည်။
(၂၀၀၁)ခုနှစ် စက်တင်္ဘာ(၉)ရက် ကမ္ဘာ့ကုန်သွယ်ရေးအဆောက်အဦတာဝါ နှစ်ခု တိုက်ခိုက်ခံရပြီးတဲ့နောက် အမေရိကန်နိုင်ငံ နယူးယော့ခ်မှာ ရွှေ့ပြောင်းနေထိုင်နေကြတဲ့ သူတွေ (၁၅၀၀) နီးပါး ထိန်းသိမ်းခံခဲ့ရပြီး အမျိုးမျိုးနှိပ်စက် မေးမြန်းခံခဲ့ရသည်။ တနိုင်ငံလုံးစိုးရမိပူပန်စွာဖြင့် ထိတ်လန့်ခဲ့ကြသည်။ အဆိုပါ နှိပ်စက်ခံခဲ့ရသည့်အထဲ အကြမ်းဖက်သမားလို့ သံသယရှိသူတွေ အမှန်တကယ်အကြမ်းဖက်သမားဖြစ်သူတွေ သံသယကနေ အကြမ်းဖက်သမားဖြစ်သူတွေအဖြစ် ထပ်မံတိုးပွားလာသလား ၊ New York ရုပ်ရှင်ဇာတ်လမ်းကိုကြည့်ရင်း တွေးစရာ ဆင်ခြင်စရာတွေ များစွာ တွေ့လိုက်မိလေသည်။
ခိုင်ခိုင်စောလွင်
No comments:
Post a Comment