September 10, 2017

" အလိုအပ်ဆုံးအရာ"၁၁ ရက်စက်တင်္ဘာ ၂၀၁၇ ဒီလှိုင်းစာစောင် အတွဲ(၆)အမှတ်(၃၅)


စားဝတ်နေရေးအတွက် ခက်ခက်ခဲခဲ လုပ်ကိုင်နေရတဲ့သူတွေ မြင်ရတဲ့ အခါ အသက်မွေးဝမ်းကျောင်းဖို့ လက်မှုပညာလေးတွေ တတ်ထားရင် ဒီလောက် ပင်ပန်းကြမှာ မဟုတ်ဘူးလို့ အတွေးပေါ်သည်။ အသက်မွေးဝမ်းကျောင်း သင်ဖို့ ဆိုတာနှင့် မိန်းကလေးဆို စက်ချူပ်သင်ဖို့၊ ယောက်ျားလေးဆို စက်ပြင် သင်တန်းတက်ဖို့ ဒီလိုမြင်ကြသည်။ ဒီလုပ်ငန်းတွေထက် ပိုပြီး နီးနီးစပ်စပ် လုပ်နိုင်သည့် အသက်မွေးဝမ်းကျောင်း ပညာရပ်တွေ များစွာရှိပြီး အိုးမကွာအိမ်မကွာ လုပ်နိုင်သလို တပိုင်တနိုင် စီးပွားရေးလုပ်ငန်းအဖြစ် လုပ်ကိုင်နိုင်သည့် လက်မှုပညာ လုပ်ငန်းတွေ များစွာ ရှိတာကို တွေ့မြင်သိရပြီး ထပ်ဆင့်မျှဝေချင်စိတ်ဖြင့် ရေးရပါသည်။
" အသက်မွေးဝမ်း ကျောင်းပညာ တိုးတက်မှသာ နိုင်ငံသူ၊ နိုင်ငံသားများရဲ့ ဘဝ အခြေအနေတိုးတက်နိုင်မည်ဖြစ် ကြောင်း " နိုင်ငံတော်အတိုင်ပင်ခံပုဂိုလ် ဒေါ်အောင်ဆန်းကြည်က နည်းပညာနှင့် အသက် မွေးဝမ်းကျောင်း ပညာရေးနှီးနှော ဖလှယ်ပွဲ တခုမှာ ပြောကြားခဲ့ဖူးလေသည်။
ထိုင်းနိုင်ငံတဝှန်း နိုင်ငံခြားသားများ မဖြစ်မနေ လာရောက်လည်ပတ်ကြသည့် လမ်းလျှောက်ဈေးနဲ့ walking street တွေမှာ ရောင်းချကြသည့် လက်မှုပစ္စည်းလေးတွေမှာ အမြင်ဆန်းပြီး ချစ်စရာကောင်းသည်။ ဈေးလည်းမများလှပဲ ဝယ်ချင်အောင် စွဲဆောင်နိုင်သည်။ အမှတ်တရ ပစ္စည်းလေးတွေသာမက စားစရာ မုန့်ကလေးတွေကိုပင် မြင်ရတဲ့ အခါ စားချင်လိုက်တာ ဆိုတာထက် ထူးဆန်းပြီး ဘယ်လိုလုပ်ထားပါလို့ မဖြစ်မနေ မြည်းစမ်းကြည့်ချင်အောင် အရောင်အဆင်းတွေ မွမ်းမံထားတတ်ကြလေသည်။ စားစရာတွေမှာ အပြာရောင်၊ ခရမ်းရောင် ဆိုတာ မရှိပေမယ့် သူတို့က အပြာရောင် ခရမ်းရောင်တွေဖြင့် လုပ်ထားပြီး ဆန်းသစ်ထားကြလေသည်။ ဓါတုဆေးဝါးတွေ သုံးထားတာမဟုတ်ပဲ သဘာဝအရွက် အပွင့် အသီးတွေကနေ အရောင်ဆိုးတာဖြစ်သည်။ တချို့က ပြောရောင်းသလို တချို့က အသုံးပြုသည့် ပစ္စည်းကိုပါ ပြသထားလေသည်။ ဒီကယူပါတယ်ဆိုတဲ့ သဘော၊ ဈေးသည်တွေထဲမှာ တခါတရံ ကျောင်းသူကျောင်းသားတွေ တွေ့ရတတ်သည်။ သူတို့လည်း ကျောင်းနေရင်း ငွေရှာကြရတာ ရှိသည်။ လက်မှုအတတ်ပညာကို ထိုင်းပြည်သူတွေ ကလေးအရွယ်ကစလို့ အသက်အရွယ် ကြီးသူတွေအထိ သူ့အရွယ်နဲ့သူ လုပ်တတ်ကြသည်။ အကြောင်းကတော့ ပညာရေးစနစ်ပဲ ဖြစ်သည်။ မူလတန်းအရွယ်ကစပြီး ကျောင်းစာ၊ ဘဝတွက်တာ၊ အားကစား စတာတွေကို တဖြည်းဖြည်း သင်ယူခွင့် ရကြသည်။ စာသင်နှစ်တနှစ်ကို နှစ်ပိုင်းခွဲပြီး ပထမစာသင်နှစ်ဝက်မှာ ဘာသာရပ်တခုကို အချိန်သတ်မှတ်ထားသည့်အတိုင်း သင်ကြားသည်။ ဥပမာ အားကစား( sport) နာရီ(၂၀၀) သတ်မှတ်ထားပြီး သင်ကြားချိန် နာရီ(၂၀၀) ပြည့်အောင် သင်ယူရသည်။ ဘဝတွက်တာ ( life skill) ဘာသာရပ်ဆိုက လူ့ဘဝမှာ ရှင်သန် ရပ်တည်နိုင်မည့် နည်းလမ်းတွေကို မူလတန်းအရွယ်ကနေ အထက်တန်းအရွယ်အထိ တဖြည်းဖြည်း လေ့ကျင့်သင်ကြားပေးတာဖြစ်သည်။
အဆိုပါ ဘဝတွက်တာ ဘာသာရပ်က လက်တွေ့ ပြုလုပ်ရတာများပြီး အတန်းကြီးသည့်အခါ ပရောဂျက်တခု အဖြစ်ပင် လုပ်ကြရလေသည်။ မူလတန်းအရွယ်မှာ သွားတိုက်တာကစပြီး တကိုယ်ရေ သန့်ရှင်းရေးနှင့် မိမိပတ်ဝန်းကျင် သန့်ရှင်းရေးအတွက် အမှိုက်ကို စနစ်တကျ ပစ်ဖို့အထိ လက်တွေ့သင်ကြား အမှတ်ပေးလေသည်။ စာဖြင့်ရေးပြီးသင်ကာ အလွတ်ကျက်စေပြီး ပြန်မေးပြန်ဖြေ လုပ်ခြင်းမရှိပဲ လက်တွေ့ နေထိုင်တာကို အမှတ်ပေးသည့် စနစ်ဖြစ်သည်။ ထိုင်းကျောင်းမှာ အသက်(၄)နှစ်ပြည့် ကလေးကို မူကြိုထားသည့် မိတ်ဆွေ တယောက်က သူ့ကလေးမှာ အပြင်သွားရင်း မုန့်စားရာက ပစ်ရမည့် အမှိုက်ကို အမှိုက်ပုံးမတွေ့၍ လက်ထဲမှာ ဆုပ်ကိုင်ထားကြောင်း ကြည်နှုးစွာ ပြန်ပြောပြသည်။ အဆိုပါ ဘဝတွက်တာ ဘာသာရပ်ကနေ မုန့်လုပ်နည်း၊ အပ်ချူပ်ခြင်း၊ ပန်းပွင့်ဖော်ခြင်း ၊ စက္ကူဖြင့်ပန်းလေးတွေ လုပ်ခြင်း စတာတွေ သင်ယူကြရသည်။ တဖြည်းဖြည်း အတန်းကြီးလာသည့်အခါ အသက်အရွယ်အလိုက် မုန့်လုပ်နည်းအမျိုးမျိုး၊ အချူပ်အလုပ် အမျိုးမျိုး၊ ထိုင်းအနှိပ်ပညာ ( ထိုင်းမာဆတ်) ၊ အသီးအနှံတွေကို အလှဖော်ခြင်း အမျိုးမျိုး၊ ဖျော်ရည်လုပ်နည်းအမျိုးမျိုး နှင့် ဆပ်ပြာလုပ်နည်းအထိပါ ကျောင်းမှာ လက်တွေ့လုပ်ပြီး သင်ယူကြရသည်။ အလယ်တန်းအဆင့် ဆိုက ကိုယ်လုပ်ထားသည့် ပစ္စည်းတွေကို အခြားသူများထံ ရောင်းချစေသည်။ ရလာသည့် ငွေကြေးကို စာရင်းအင်းမှတ်ကာ ကြိုးစားလုပ်ပြီး ရလာသည့် တန်ဘိုးကို ခံစားတတ်အောင်ပါ သင်ပေးလေသည်။
ကျောင်းမှာကတည်းက လက်မှုပညာဖြင့် အသက်မွေးတတ်အောင် လေ့ကျင့်သင်ကြားပေးလိုက်တာဖြစ်သည်။ ဒါ့ကြောင့် ထိုင်းလူမျိုး အရွယ်သုံးပါးမရွေး သူတို့ရိုးရာ မုန့်တွေကို မြန်မြန်ဆန်ဆန် ကျွမ်းကျွမ်းကျင်ကျင်နှင့် လှလှပပ ဖြစ်အောင်လုပ်နိုင်ကြသည်။ ဈေးရောင်းရမှာကိုလည်း သိမ်ငယ်သည်ဟု မမြင်ကြ၊ ဈေးရောင်းတာ သာမာန်လုပ်လေ့လုပ်ထ ရှိတဲ့ သဘောဖြစ်သည်။ ထိုင်းလူမျိုးတွေရဲ့ အရိုးဆုံး ငွေရှာနည်းကတော့ ဈေးရောင်းတာပဲ ဖြစ်သည်။ ဈေးရောင်းဖို့ အခြေခံကတော့ ကျောင်းမှာကတည်းက တတ်မြောက်ထားသည့် မုန့်ကလေးတွေ လုပ်တာနှင့် လက်မှုထည်လေးတွေ လုပ်ကြတာပဲ ဖြစ်သည်။ တခုတော့ရှိသည်၊ လိုအပ်သည့် ကုန်ကြမ်းပေါသည်။ လှသည်။ ကိုယ်လုပ်မယ့် ပစ္စည်းအတွက် လိုအပ်တဲ့ အကြမ်းထည် ပစ္စည်းကို ကိုယ့်နိုင်ငံကပဲ ထုတ်တာ ဖြစ်တဲ့ အတွက် ပေါပေါများများ လွယ်လွယ်ကူကူ ဝယ်လို့ရသည်။ ဖန်စီကျောက်ထည်လေးတွေ၊ ပလတ်စတစ်စ၊ ပိုးကြိုး ရောင်စုံ၊ ပန်းပွင့်ဖော်ဖို့ စက္ကူစ၊ အလှဆင်မည့် ဘော်ကြယ်၊ ကြယ်သီးစေ့၊ စသဖြင့် မျိုးစုံသော ပစ္စည်းတွေ တနေရာထဲမှာ ရနိုင်သည်။ ကပ်ဖို့ ရောင်စုံပလာစတာလေးတွေကအစ ပေါလှသည်။ အပ်၊ ချည်၊ ပိတ်စ စတာတွေ၊ သော့တွဲလုပ်ဖို့ သံကွင်းကလေးတွေကအစ အသင့်ဝယ်လို့ လွယ်လှသည်။ ဈေးလည်း မများ၊ ဒါ့ကြောင့် လက်မှုပစ္စည်းလေးတွေ ဆိုက (၁၀)ဘတ်၊ ဘတ်(၂၀) စသဖြင့် walking street တွေမှာ ရောင်းကြရာ ဝယ်သူကျိတ်ကျိတ်တိုး၊ လက်မှုပညာတိုးတက်ပါသည်ဆိုသည့် တရုတ်လူမျိုးတွေပင် အထူးအဆန်းဖြစ်ကာ တိုးဝှေ့ဝယ်ယူကြရသည် အထိ လုပ်နိုင်လာကြလေသည်။
ထိုင်းနိုင်ငံရဲ့ နာမည်ကျော် ပွဲတော်တွေဖြစ်သည့် စုန်ခလာ( ရေသဘင်ပွဲ) နှင့် လွိုင်ကထုံ ( တန်ဆောင်တိုင်မီးမျှောပွဲ) တွေဆိုက ဧည့်သည်အလာများကြသည်။ ထိုရာသီမှာ ထိုင်းလူမျိုးတွေ ဝင်ငွေတိုးကြသည်။ ဟိုတယ်၊ ခရီးသွားလုပ်ငန်း၊ လေကြောင်းလိုင်း၊ တည်းခိုခန်း၊ စားသောက်ဆိုင် စတဲ့ လုပ်ငန်းကြီးတွေ သာမက အောက်ခြေ အဆင့်ဖြစ်သည့် သာမာန်ဈေးသည်တွေပါ အလုပ်ဖြစ်ကြသည်။ အဆိုပါ တရာသီလောက် ရှာလိုက်ပါက တနှစ်လုံး ထိုင်းစားနေလို့ ရတယ်လို့ ဈေးသည် တယောက် ပြောပြဖူးသည်။ အဆိုပါပွဲမျိုးမှာ လှည့်လည်ကြည့်ရှု ပျော်ပါးနေသည့်အထဲ ထိုင်းလူမျိုးတွေ ပါဝင်တာနည်းပါသည်။ မီးမျှောပွဲဆိုက ငှက်ပျောပင်ကို အဝိုင်းလေးတွေ ဖြတ်ထားသည့် အကွင်းကလေးတွေ ဈေးကဝယ်၊ သစ်ခွ၊ ကြာပန်းတို့လို ပန်းလှလှလေးတွေကို သစ်ရွက်ကလေးတွေ နဲ့ စည်းကာ ဖယောင်းတိုင်လေးတွေ ငှက်ပျော်ကွင်းပေါ်စိုက်၊ ငှက်ပျောရွက်ကလေးတွေနဲ့ ငှက်ပုံ ကလေးတွေလုပ်ကာ တဖုံ မျိုးစုံ ပုံဖော်ပြီး ငှက်ပျောကွင်းကလေးတွေ လုပ်ရောင်းကြသည်။ တခုကို ဘတ်(၂၀) (၂၅)ဘတ်ကနေ အရွယ်အစားနဲ့ ပုံဖော်ထားတဲ့ အလျောက် (၃၅)ဘတ်အထိ ရောင်းကြသည်။ ဝယ်သည့်သူက မီးထွန်းပြီး ရေထဲမျောကာ ဆုတောင်းကြ ပျော်ကြ။ ဘန်ကောက်၊ ချင်းမိုင်နှင့် မြို့တိုင်းလိုလို မြစ်ဘေးတလျှောက် ဆိုင်တန်းတွေ ရာချီ ရှိပြီး အဆင်မျိုးစုံ ဒီဇိုင်းမျိုးစုံ သူ့ထက်သူ မတူအောင် ပုံဖော်လုပ်ရောင်းကြသည်။ ကျောင်းသားအရွယ်တွေလည်း အဖွဲ့လိုက် လုပ်ရောင်းကြသည်။ စာသင်ကျောင်းကနေ ရလာသည့် ဘဝမှာ ရှင်သန်ရပ်တည်ဖို့ အသက်မွေးဝမ်းကျောင်း ပြုနိုင်မည့် အခြေခံ လက်မှုအတတ်လေးတွေဖြင့် ပေါ့ပေါ့ပါးပါး ဝင်ငွေရအောင် ရှာလို့ လွယ်ကြလေသည်။
" ထိုင်းမှာ သမာအာဇီဝနဲ့ ထမင်းတလုတ် အတွက် ရှာစားဖို့ လွယ်ပါတယ်၊ ကျောင်းတွေကနေ သင်ပေးလိုက်တဲ့ လက်မှုအတတ်တွေနဲ့ ရှာစားလို့ ရတယ်၊ ထမင်းငတ်မှာ မပူရဘူး၊ ငတ်တဲ့သူကတော့ လူပျင်းပဲလို"့  ဆိုလေသည်။ လူ့ဘဝမှာ အလိုအပ်ဆုံး ဖြစ်သည့် အသက်မွေးဝမ်းကျောင်းနိုင်ဖို့ အခြေခံကို မူလတန်းအရွယ်ကနေ အထက်တန်းအထိ တခါထဲ လက်တွေ့ သင်ကြားပေးလိုက်ပြီးတဲ့နောက် ပညာကို ဆုံးခန်းတိုင်အောင် သင်သည်ဖြစ်စေ မသင်သည်ဖြစ်စေ အနည်းဆုံး ကိုယ့်မိသားစုအတွက် စားဝတ်နေရေး ဖြေရှင်းပေးနိုင်ရမည်တဲ့၊ အလယ်တန်းအောင်မြင်ပြီး တက္ကသိုလ်ဆက်တက်ဖို့ အစီအစဉ် မရှိပဲ အသက်မွေးဝမ်းကျောင်း ပညာသင်ယူချင်က အသက်မွေးဝမ်းကျောင်း ကောလိပ်တွေဆီ ပြောင်းလဲ သင်ယူနိုင်သည့် အခွင့်အလမ်းလည်း ရှိသေးသည်။ အဆိုပါ အသက်မွေးဝမ်းကျောင်းတွေမှာတော့ စက်ချူပ်၊ အိတ်ချူပ်၊ ပန်းထိုး၊ ပန်းအလှပြင်၊ Nail Art ( လက်သည်းပုံဖော်)၊ ကိတ်မုန့်ဖုတ်၊ ထိုင်းအချိုပွဲမျိုးစုံ၊ spa ၊ တချောင်းထိုး၊ နှစ်ချောင်းထိုး၊ ယက္ကန်း စသဖြင့် ကနေ ယောင်္ကျားလေးတွေအတွက် မက္ကင်းနစ် စက်ပြင်၊ ဒိုင်နမို၊ ကားပြင်၊ ကွန်ပျူတာပြင်၊ ဆောက်လုပ်ရေး အဆောက်အဦ ဒီဇိုင်း အစရှိသည့် ဘာသာရပ်တွေ သင်ယူခွင့်ရှိသည်။
မြန်မာပြည်မှာ အသက်မွေးဝမ်းကျောင်းတက္ကသိုလ်လို့ အသိအမှတ်ပြုထားသည့် ဆေးပညာ၊ အင်ဂျင်နီယာ၊ သူနာပြု၊ စာရင်းအင်းပညာ အစရှိသည့် တက္ကသိုလ်တွေကနေလည်း အဆင့်မြင့်ပညာတွေ ဆည်းပူးခွင့်တွေရှိပါသည်။ သို့သော် အခြေခံလူထုမှာ အနည်းဆုံး မူလတန်းပညာ သင်ယူပြီးတာနှင့်ပင် အသက်မွေးဝမ်းကျောင်းပညာ အချို့ကို ရရှိပြီးဖြစ်ကြသည်။
လူချင်းအတူတူ ကိုယ့်တဝါးတခါးနဲ့ မိသားစုစားဝတ်နေရေးအတွက် ပင်ပင်ပန်းပန်း ရုန်းကန်လှုပ်ရှားနေကြရတဲ့ ကိုယ့်လူမျိုးတွေ မြင်ရတိုင်း တဝမ်းတခါးအတွက် အေးအေးဆေးဆေး ရှာစားနိုင်တဲ့ လူမျိုးတွေနဲ့ နှိုင်းယှဉ်ပြီး စိတ်မကောင်းဖြစ်ကာ အဖြေရှာနေမိသည်။ ရန်ကုန်မှာ မနက် အာရုဏ်လင်းတာနဲ့ ပဲပြုတ်ထရောင်းရတာ၊ ဆိုင်ဖွင့်ဖို့ ပြင်ကြ ဆင်ကြတာတွေ မြင်ရတဲ့ အခါ ထိုင်းနိုင်ငံက ဈေးသည်တွေ မိုးလင်းကာမှ သက်တောင့်သက်သာ ဆိုင်ထွက်တာမျိုး၊ ညဘက်ရောက်မှ အေးအေးဆေးဆေး ဆိုင်ဖွင့်တာတွေနှင့် ယှဉ်ကြည့်နေမိသည်။ ဝမ်းတထွာကို ဖြည့်ရတာချင်းအတူတူ သက်တောင့်သက်သာ ဖြည့်ရတာနဲ့ ပင်ပန်းဆင်းရဲစွာ ဖြည့်ရတာ ကွာခြားလှသည်။ အခွင့်အလမ်းချင်းလည်း ကွာခြားပြီး ဘွဲ့ရထားသည့် လူတယောက်မှာပင် အသက်မွေးဝမ်းကျောင်းဖို့ အစွမ်းအစ မရှိ၊ မရလာခဲ့၊ မူလတန်းကနေ တက္ကသိုလ်ပညာအထိ (၁၅)နှစ် နီးပါး အချိန်ပေးခဲ့ပြီး စာရွက်တရွက်သာ လက်ဝယ်ပိုက်မိသည့် စနစ်မျိုး ဖြတ်သန်းရလို့ပဲဖြစ်သည်။ အဓိကက စနစ်ကြောင့်ပဲလို့ အဖြေရသည်။
အသက်မွေးဝမ်းကျောင်းပညာ ဆိုတာကို ဘာမှ မစွမ်းဆောင်နိုင်မှ ထသင်ယူရတာမျိုးမဟုတ်ပဲ ငယ်စဉ်ကတည်းက အခြေခံတတ်မြောက်လာကာ အရွယ်ရောက်ချိန်မှ ကိုယ့်ရဲ့ ဝါသနာနဲ့ ကျွမ်းကျင်မှု အဖြစ် စိတ်ကြိုက် ရွေးချယ်နိုင်တဲ့ အခွင့်အလမ်းမျိုး ရလာမှ အောင်မြင်နိုင်ပေမည်။ ကိုယ့်တိုင်းပြည်ရဲ့ အခြေအနေအရ လတ်တလောမှာတော့ အသက်မွေးဝမ်းကျောင်းပညာ သင်ပေးဖို့ အစီအစဉ်တွေ အကောင်အထည်ဖော်နေပြီဖြစ်သည်။ ဒါကိုတောင် အမြင်က အသက်မွေးဝမ်းကျောင်းပညာသင်ကျောင်း တက်တာနဲ့ကို စာမလုပ်ချင်လို့ စာမလိုက်နိုင်လို့ ညံလို့ ဆိုတဲ့ အမြင်တွေကနေ မပြောင်းလဲပဲ ဖြစ်နေသည်။ ပညာရပ်တခုကို သင်ကြားခြင်းလို့ လူမှုအသိုင်းအဝန်းက မြင်ဖို့လည်း အရေးကြီးလေသည်။ အရေးအကြီးဆုံးကတော့ ငယ်စဉ်ကတည်းက လူ့ဘဝကို ရင်ဆိုင်ဖြတ်သန်းဖို့ အနာဂတ်အတွက် အခွင့်အလမ်းကောင်းတွေ ချမှတ်ပေးနိုင်မည့် စနစ်ရှိဖို့ လိုနေတာဖြစ်သည်။
" နှုတ်မှုလက်မှုအတတ်စုကို
ငယ်နုသောအား၊ မမေ့ငြားနှင့်။
ရင်းဖျားကုန်စင်၊ တတ်မြော်မြင်က
တခုမျှလျက်၊
အသက်မွေးကြောင်း၊ ဖြစ်တုံရှောင်း၏။ ။
( ဆားတုံဆရာတော်)
ခိုင်ခိုင်စောလွင်

No comments:

Post a Comment