ရန်ကုန်မြို့ ၊ သီလဝါ စက်မှုဇုံမှာ အာဂျီနိုမိုတိုတံဆိပ် ဟင်းချိုမှုန့် (အချိုမှုန့်) တွေ ထုတ်ပိုး ဖြန့်ချီတော့မယ်ဆိုတဲ့ သတင်းကို နားထောင်ရပြီးနောက် သဘောကျသူ၊ သဘောမကျသူတွေရဲ့ အသံတွေ ကြားရလေသည်။ တချို့က ကျန်းမာရေးနဲ့ မညီညွတ်တဲ့ စားသောက်ကုန်ဖြစ်တဲ့ အချိုမှုန့်ကို ထုတ်လုပ်ခွင့်ပြုရသလားလို့ ဆန့်ကျင် ရေးသားပြောဆိုကြသည်။ တချို့ကတော့ အချိုမှုန့်က မြန်မာလူမျိုးတွေရဲ့ မီးဖိုချောင်မှာ မရှိမဖြစ် မသုံးမဖြစ် သုံးနေရတဲ့အတူတူ မူလဘူတ ဂျပန်နည်းပညာနဲ့ ထုတ်လုပ်တဲ့ အာဂျီနိုမိုတို စစ်စစ်ကို ပြည်တွင်းမှာ ဝယ်ယူသုံးစွဲရမှာဆိုတော့ ပစ္စည်းအစစ်ကို သုံးရတာပေါ့လို့ ကျေနပ်သူတွေလည်း ရှိကြလေသည်။
အချိုမှုန့်ဆိုတဲ့ ဓါတုဗေဒပစ္စည်းကို စပေါ်လာစကတည်းက မြန်မာပြည်က အိမ်ရှင်မတွေ တောရော မြို့ပါ သုံးလာကြတာ မျိုးဆက် သုံးဆက်ခန့်ရှိလာပြီဖြစ်သည်။ စပေါ်ကာစကတော့ မရဲတရဲ၊ နောက်တော့ မရှိမဖြစ်ကနေ တချို့ဆိုက လွန်လွန်ကျူးကျူးပင်သုံးကြသည်။ တခါက မုန့်ဟင်းခါးဆိုင်မှာ မုန့်ပွဲမှာပြီး ပိုက်ဆံအိတ်ထဲ အသင့်ထည့်လာသည့် စက္ကူထုတ်ကလေးထဲက အချိုမှုန့်တွေ လောင်းထည့်ပြီးမှ မုန့်ဟင်းခါးကို စားသည့် အမျိုးသမီးကြီး တယောက်ကို မြင်ဖူးသည်။ ကင်ဆာရောဂါ၊ နှလုံး သွေးတိုး ဆီးချိုရောဂါတွေ အဖြစ်များလာသည့်အခါ ၂၀၀၀ခုနှစ်နောက်ပိုင်း ခန့်က စပြီး ရုပ်မြင်သံကြားမှာ ဆရာဝန်တွေက အချိုမှုန့်ရဲ့ ဆိုးကျိုးကို ဟောပြောချက်တွေ နေ့စဉ် ထုတ်လွှင့်ပေးကြသည်။ အချိုမှုန့်စားသုံးမှု လျှော့ချဖို့ နှိုးဆော်ချက်တွေ ထုတ်ပြန်သည်။ အချို့က အချိုမှုန့်အစား ငံပြာရည်ကို ပြောင်းသုံးကြသည်။
သို့သော် ငံပြာရည်က ငါး၊ ပုစွန်တို့ကနေ သဘာဝအတိုင်း ထုတ်လုပ်တာတွေ မရှိကြတော့၊ ဝိသမလောဘသမား စီးပွားရေးသမားတွေက သကြားရည် အချိုမှုန့် ဆိုးဆေးတွေ အသုံးပြု ဖန်တီးလာကြသည်။ ငံပြာရည်က အချိုမှုန့်ထက် ဆိုးသည့် အချိုရည် တမျိုး ဖြစ်နေပြန်သည်။ သို့ဖြင့် အချိုမှုန့် လုံးဝ မသုံးတဲ့အတွက် ငါးကလေး ပိုထည့် ပုစွန်ခြောက်ကလေး ပိုသုံး ဖြည့်ရအောင်လည်း ပုစွန်ခြောက်မှာလည်း အချိုမှုန့်လူးထားသေးပြန်သတဲ့၊
လက်လုပ်လက်စား အောက်ခြေလူတန်းစားတွေအတွက် ငါး၊ ပုစွန်ဆိုတာမျိုးကို ဟင်းခတ်အဖြစ်သုံးဖို့ဆိုတာ ဝေလာဝေး၊ ဒီတော့ ဈေးပေါပေါ လွယ်လွယ်နဲ့ အရသာလေးလေးပင် ရှိတဲ့ ဟင်းချိုမှုန့် က မရှိမဖြစ်လို ဖြစ်လာသည်။ အသုပ်စုံဆိုင်၊ မုန့်ဟင်းခါးဆိုင်တွေမှာလည်း ထို့အတူ အချိုမှုန့်သာ အဓိက အရသာဖြစ်အောင် သုံးကြတော့သည်။ သို့ဖြစ်ရာ အချိုမှုန့်ဈေးကွက်က မသေးတော့ပေ၊ ၂၀၀၀ခုနှစ်ခန့်က အာဂျီနိုမိုတို အချိုမှုန့်တွေ တင်သွင်းခွင့်ကို မြန်မာအစိုးရက ပိတ်လိုက်ရာမှ တရုတ်လုပ် အာဂျီနိုမိုတိုတွေ လှိမ့်ဝင်လာတော့သည်။ ပိုဆိုးတာက တရုတ်အိမ်တွင်းမှုကနေ ထုတ်လာတဲ့ အချိုမှုန့် အတုတွေ မြန်မာပြည်ကို ဝင်ရောက်လာတာပဲ ဖြစ်သည်။ မြန်မာပြည်ဈေးကွက်ရဲ့ (၇၀)% ကို တရုတ်ပြည်ထုတ် အချိုမှုန့်တွေက လွှမ်းသွားသည်။ သေချာ နောက်ကြောင်းပြန်ပြီး ပြန်တွက်ကြည့်ပါက ၁၉၉၆ခုနှစ်မှာ ဂျပန်နိုင်ငံ အာဂျီနိုမိုတို ကုမ္မဏီက မြန်မာပြည်မှာ ဌာနခွဲတခုဖွင့်ပြီး ဖြန့်ဖြူးခဲ့တဲ့ ကာလတွေမှာ Monosodium glutamate (MSG) ဆိုတဲ့ ဓါတုပစ္စည်းအရသာ ဖြစ်ပေမယ့် အစစ်ကို သုံးစွဲခွင့်ရခဲ့ကြသည်။ ၂၀၀၀ခုနှစ်ကစပြီး ပိတ်ပင်လိုက်တဲ့အခါ လူတွေက မသုံးရမနေဖြစ်လာတဲ့အခိုက် တရုတ်က တင်သွင်းတဲ့ အတုတွေ စားသုံးမိကာ ရောဂါဘယတွေ ထူပြောလာခဲ့တာ ဖြစ်သည်။
တရုတ်ပြည်ကလာတဲ့ အချိုမှုန့်တွေက အချောင်းလေးတွေ ဖြစ်သည်။ အာဂျီနိုမိုတို အစစ်က မှုန့်နေသည့် ပုံစံဖြစ်သည်။ ရောင်းချတာမှာပင် ဘာတံဆိပ်မှမပါ၊ ပလတ်စတစ်တွေဖြင့် ထုတ်ပိုးပြီး လက္ကားရောင်းကာ ဈေးသည်တွေက တဆင့်ဝယ်ပြီး ပလတ်စတစ်အိတ်ငယ်ကလေးတွေဖြင့် ပြန်လည် ထုတ်ပိုး ရောင်းချကြသည်။ အလေးချိန်ဖြင့်ပင် ချိန်တွယ်ရောင်းချကြသည်။ အချို့ဆိုက ပလတ်စတစ်အိတ်ကြီးထဲကနေ နို့ဆီခွက်ဖြင့်ပင် ချိန်တွယ် ရောင်းချတာ တွေ့ဖူးသည်။ ဘယ်ကထုတ်မှန်းမသိ၊ ဘာတွေဖြင့် လုပ်ထားမှန်းမသိရသည့် အာမခံချက် လုံးဝမရှိသည့် ကုန်ပစ္စည်းတွေကို ဈေးမှာ လွယ်လွယ်ရောင်း လွယ်လွယ် ဝယ်သုံးနေကြတာဖြစ်သည်။
သတင်းတွေမှာ ဖတ်ရတာကတော့ တရုတ်ပြည်မှာ စက်ရုံကြီးတွေ ထောင်ပြီး ထုတ်နေတာမဟုတ်ပဲ မြန်မာပြည်ဈေးကွက် အတွက် တရုတ်အိမ်တွင်း စီးပွားရေးအနေနဲ့ မိသားစုတွေကနေ ထုတ်တာလို့ ဆိုသည်။ ကြောက်စရာ ကောင်းသည့် စီးပွားရှာမှုပါတကား၊ ၁၉၈၀ခုနှစ်ဝန်းကျင်မှခန့်က မြန်မာပြည်မှာ အချိုမှုန့်စက်ရုံ ထူထောင်လိုက်သေးသည်။ ထိုစဉ်က ပြည်သူတွေ အတန်အသင့် စားသုံးလိုက်ရသည်။ ဒိုက်ဦးက အချိုမှုန့် စက်ရုံပတ်ဝန်းကျင်တခွင် မြေဧက တော်တော်များများ ကလောပီနံတွေ စိုက်ကြသည်။ ထိုအခါမှ အချိုမှုန့်ကို ကလောပီနံက ထုတ်တယ်ဆိုတာ သိတော့သည်။ ဂျပန်မှာကတော့ ရေညှိတမျိုးက ထုတ်တာလို့ ကြားဖူးထားတာ ဖြစ်သည်။ ဒိုက်ဦး အချိုမှုန့် စက်ရုံက ထုတ်လိုက်သည့် ("ဆွမ်းအုပ်" တံဆိပ်ထင်သည်။ ) အချိုမှုန့်မှာ ဈေးကွက်မှာ အာဂျီနိုမိုတိုကို အမီလိုက်နိုင်သည်။ သို့သော် မဆလ အစိုးရထုံးစံအတိုင်း အချိုမှုန့်ပင် ဗီအိုင်ပီ စားဖို့ ဖြစ်သွားပြီး ပြည်သူတွေ ဝယ်မရတော့၊ ဗီအိုင်ပီတွေက အလကားနီးပါးယူကြတာဆိုတော့ အရှုံးပေါ် စက်ရုံရပ် နောက်တော့ ဘယ်ပျောက်သွားမှန်းမသိ၊ ထိုစဉ်က ဒေသခံတွေ အလုပ်အကိုင်အခွင့်အလမ်း စီးပွားရေးအခွင့်အလမ်းတွေ အတော်အသင့် ရှိလိုက်သေးတာ သတိရမိသည်။
စနစ်တကျ နည်းစနစ်မျန်မှန်သာ လုပ်ကိုင်ခဲ့ပါက ယခုအချိန်ဆို အခြားတိုင်းပြည်ကိုပင် တင်ပို့နိုင်လောက်ပြီလို့ အချိုမှုန့်ကတဆင့် သတိရမိပြန်သေးသည်။
အာဂျီနိုမိုတို ပျောက်သွားကတည်းက မြန်မာပြည်သားတွေ အတုလေ အစစ်လော ဝေခွဲမရပဲ ဝင်လာတာ သုံးနေခဲ့ကြရတာ ဖြစ်သည်။ အချိုမှုန့်တွေက ရောဂါတွေ ရသည်ဆိုကာ ကြက်သားမှုန့် ဆိုတာ ပေါ်လာပြီး ပြောင်းသုံးကြသည်။ အဆိုပါ ကြက်သားမှုန့်ဆိုတာ ဘာတွေဖြင့် လုပ်ထားမှန်း မသိ၊ ပြည်တွင်းကိုတော့ အင်နှင့်အားနှင့် ထိုးဖောက်ဝင်လာပြီး မြန်မာပြည်က မီးဖိုချောင်နှင့်တကွ စားသောက်ကုန်တွေမှာ နေရာယူလာပြန်သည်။
အချိုမှုန့်အကြောင်းနှင့် ပတ်သက်ပြီး ဆရာဒေါက်တာတင့်ဆွေ ရေးထားတာလေး သဘောကျမိပြီး လိုက်နာမိသည်။ အချိုမှုန့်ဆိုတဲ့ Monosodium glutamate (MSG) ပေါ်လာတာ နှစ်ပေါင်း(၁၀၀) ကျော်ရှိပြီ။ သုတေသနပြုလုပ်ပြီး ထုတ်လုပ်ထားတာ ဖြစ်သည်။
"ဟင်းချိုမှုန့်သုံးစွဲနေခဲ့ကြတာ နှစ်ပေါင်း ၁ဝဝ ကျော်ပါပြီ။ သုတေသနတွေလည်းလုပ်ကြတာများပါပြီ။ အခုထိတော့ မသုံးစွဲသင့်၊ သုံးလည်းဘာမှမဖြစ် အမျိုးမျိုးရှိတယ်။ စွဲစေတာတော့ မှန်တယ်။ မသုံးရမနေနိုင်သူတွေ၊ အဲတာမပါ ဟင်းမချက်တတ်သူတွေ ရှိတယ်။ အဲတာမပါပဲ ချက်တတ်၊ စားတတ်သူတွေလည်းရှိတယ်။ဆုံးဖြတ်ချက်ကတော့ လူကြီးမင်းတို့နဲ့ ဂုဏ်သရေရှိအမျိုးသမီးတို့ သဘောပါခင်ဗျား။ ကျွန်တော့်အိမ်မှာတော့ ဧည့်သည်လာလို့ စားချင်သူဆိုရင် ပေးဘို့သာ ဝယ်ထားပါတယ်။"တဲ့
ကြက်သားမှုန့်ထက်စာရင် ဟင်းချိုမှုန့်က သုတေသနလုပ်ထားတာလည်းရှိ ကိုယ့်အရင် စားပြီး လူ့ဘဝနေသွားတဲ့သူတွေများစွာရှိသေးသည်။ ကြက်သားမှုန့်ကတော့ သုတေသနလုပ်ထားတာလည်း မရှိ၊ ဘယ်လိုအရာတွေ ရောနှောပါထားမှန်းမသိရတဲ့အတွက် ကြက်သားမှုန့်ကို မသုံးတော့ပါ။ အချိုမှုန့်ကို အသား ငါး ဟင်းတွေမှာ လုံးဝမသုံးပဲ အသုပ်၊ ဟင်းချိုလို မှာ အချိုကဲတာ ကြိုက်သူတွေ အတွက် အနည်းငယ် ထားထားပြီး ဟင်းချိုတအိုးကို လက်ညှိုးနဲလက်မကြား ပါလေကာ ရွေးစေးခန့် ထည့်သုံးလိုက်သည်။ ထိုင်းမှာက အာဂျီနိုမိုတို ဟင်းချိုမှုန့် အစစ်ရတဲ့အတွက် အဆိုပါ ရွေးစေးခန့်ဖြင့်ပင် အချို လေးပါသည်။
အိမ်နားမှာ မြန်မာပြည် မော်လမြိုင်ဘက်က အစ္စလမ်အမျိုးသမီးလေးတွေ ခေါက်ဆွဲသုပ်၊ မုန့်ဟင်းခါး လုပ်ရောင်းကြသည်။ တခါတရံ ခေါက်ဆွဲသုပ် ဝယ်စားရာ အချိုမှုန့် မထည့်နဲ့ ပြောက သူတို့က " အမ နဲနဲတော့ထည့်ပါ ဘာမှမဖြစ်ပါဘူး ဒီမှာက မြန်မာပြည်မှာလို မဟုတ်ဘူး အချိုမှုန့်က စစ်ပါတယ် " အပြောကို သေချာ စဉ်းစားမိတော့ လက်ခံမိသည်။ အချောင်းလိုက် ရှည်ရှည် မျောမျော အချိုမှုန့်တွေထက်စာရင် အစစ်ကလေး သုံးရတယ်ဆိုတော့ ကျေနပ်စရာလို့ တွေးမိရသည်။
မြန်မာပြည်သားတွေ အာဟာရပြည့်ဖို့ စားသောက်နေရတဲ့ အစားအသောက်ထဲ ဟင်းခပ် တခုဖြစ်တဲ့ ဟင်းချိုမှုန့် ခေါ် အချိုမှုန့် အတုတွေနဲ့ နှစ်ပေါင်းများစွာ သုံးစွဲကြရပြီ။ အစစ်ကို သုံးစွဲသော် ဆိုးကျိုးရှိနိုင်တယ် ဆိုသော်ငြား အတုထက်စာက အစစ်က တော်သေးသည် ဆိုရမည်။ ဒါ့ကြောင့် အာဂျီနိုမိုတို တင်မက မြန်မာပြည်သားတွေ နေ့စဉ် စားသောက်နေရသည့် အစားအသောက် ဖြည့်စွက်စာ ဆေးဝါး အားလုံး စနစ်တကျ ထုတ်ပိုး ဖြန့်ဖြူးပြီး မှတ်ပုံတင် အာမခံချက် အပြည့်ရှိသည့် ကုန်ပစ္စည်းတွေ တရားဝင်လာရောက် လုပ်ကိုင်တာကို ကြိုဆိုရမည်။ နယ်စပ်ကနေ တွေ့ရာမြင်ရာကို နာမည်ကြီး လူကြိုက်များနေသည့် တံဆိပ်ကပ်ပြီး ဝင်ရောက်တာထက် စာရင် ယုံကြည်စိတ်ချစွာ သုံးစွဲရရုံမက ပြည်သူတွေအတွက် အလုပ်အကိုင်အခွင့်အလမ်းတွေလည်း ပိုရလာနိုင်သည်။ ဘယ်အရာပဲ ဖြစ်ဖြစ် တန်ဆေးလွန်ဘေး ဆိုသည့်အတိုင်း ချင့်ချိန်ပြီး အစစ်အမှန်တွေ များများ ရကြပါစေ ဆုတောင်းမိပါသည်။
ခိုင်ခိုင်စောလွင်
No comments:
Post a Comment