October 8, 2017

" ကွက်လပ်တွေဖြည့်ကြစို့"၂ရက် အောက်တိုဘာ ၂၀၁၇ခုနှစ် ဒီလှိုင်းစာစောင် အတွဲ(၆) အမှတ်(၃၈)မှ


" ငါတို့မှာ လူတွေအများကြီး ၊ မင်းတို့မှာ မြေတွေအများကြီး" ဒီစကားလေးက ယခုအပတ်အတွင်း လူမှုကွန်ယက်မှာ အတော်လေး လူပြောများလှသည်။ တပ်မတော်ကာကွယ်ရေး ဦးစီးချူပ်ဟောင်း တယောက်ဖြစ်တဲ့ ဒုတိယဗိုလ်ချူပ်ကြီး သက်ဆွေ (ရေ- ငြိမ်း) က လူထုခေါင်းဆောင်ရဲ့ စက်တင်္ဘာ(၁၉) ရက်နေ့က ပြောကြားတဲ့ မိန့်ခွန်းမှာ မြန်မာပြည်က ထွက်ပြေးသွားတဲ့ ဘင်္ဂလီတွေကို ၁၉၉၃ခုနှစ် နှစ်နိုင်ငံဥပဒေအတိုင်း စိစစ်လက်ခံရန် အသင့်ရှိပါကြောင်း ဆိုတာ နားထောင်လိုက်ရတဲ့အတွက် ၂၀၁၄ခုနှစ် မေလမှာ ဘင်္ဂလားဒေ့ရှ်ကို တာဝန်နဲ့ သွားစဉ် ကြုံတွေ့ခဲ့ရတာကို ပြန်သတိရမိကြောင်း အစချီ ရေးထားတဲ့ ဆောင်းပါးထဲက နိဂုံးချူပ်ထားတဲ့ စာကြောင်းကလေးဖြစ်သည်။
အလားတူ မြန်မာနိုင်ငံမှာ မြေလွတ်တွေ အများကြီး ရှိနေတာကို စင်္ကာပူဝန်ကြီးချူပ်(ဟောင်း) လာလည်စဉ်က ပြောသွားခဲ့ဖူးသည်။ ဘင်္ဂလာဒေ့ရှ်နိုင်ငံက အဆင့်မြင့်အရာရှိတွေ ပြောလိုက်သလို အဓိပ္ပါယ်မျိုး နဲ့တော့ မတူပါ။ မြေလွတ်တွေ များစွာရှိပါလျက်နဲ့ ဘာမှမလုပ်ပဲ နေရသလား ဆိုသည့် အားမလိုအားမရ ပြောသွားတာ ဖြစ်မည်။ ထိုစကားမျိုးကို သည့်အရင်ကလည်း ကိုယ်တိုင်ကြားဖူးပါသည်။ ၂၀၁၀ခုနှစ်နောက်ပိုင်း မြန်မာပြည်ကို အလည်အပတ်သွားခွင့်ရသည့်အချိန် ထိုင်းလူမျိုး အတော်များများ ဝင်ရောက်လည်ပတ်ကြသည်။ အချို့က စီးပွားရေးအခွင့်အလန်း ဘာရမလဲ မျှော်လင့်ချက်၊ အချို့က အလည်အပတ်နဲ့ ဘုရားဖူးရုံ သက်သက် ဝင်ရောက်ကြသည်။ သူတို့ မြင်လာတာက မြန်မာပြည်မှာ မြေလွတ်တွေ အများကြီး ၊ မိတ်ဆွေ ထိုင်းလူမျိုးတွေ ကိုယ်တိုင် " မြန်မာပြည်မှာ မြေတွေ အများကြီး ရှိပါရဲ့နဲ့ ဘာဖြစ်လို့ စိုက်မစားတာလဲ ဘာဖြစ်လို့ မွေးမြူရေးတွေ မလုပ်သလဲ ဘာဖြစ်လို့.........? ဘာဖြစ်လို့ ..........? ဘာဖြစ်လို့ ..." ဆိုတဲ့ မေးခွန်းတွေ အမေးခံရလေ့ရှိသည်။
သူတို့ ယူဆတာက မြန်မာတွေက မြေကြီးက အလိုလိုထွက်လာတဲ့ အရာတွေများစွာရှိတဲ့ အတွက် ကိုယ်တိုင်ကြိုးစား လုပ်မယူတာလို့ ထင်ဟန်ရှိသည်။ ကျောင်းက ထိုင်းအမျိုးသမီး စာရေးမလေးက " ဆရာမတို့ မြန်မာပြည်မှာ ဆန်ကာနဲ့ ဒီလို ဒီလို ( သူ့လက်ကို ဆန်ကောဝိုင်း ဝိုင်းဟန်ပြရင်း) လုပ်တာနဲ့ ရွှေတွေ ရလာတယ်နော်" တဲ့ သူ့ကြည့်ရတာ အတော်လေး သဘောကျနေပုံ၊ နောက်တယောက်ကလည်း " ဆရာမတို့ မြန်မာပြည် ကချင်ပြည်နယ်မှာ ကျောက်တွေ အများကြီး မြေကြီးထဲကနေ ရတယ်နော်" တဲ့ သူလည်း မြန်မာပြည်ကို အားကျနေသည့်ဟန်၊ ဒါကျ သူတို့ပြောသမျှ ရယ်မောပြီး ဟုတ်တာပေါ့ ဟုတ်တယ်လို့ ဖြစ်ဖြစ်သည်။ နောက်ပြီး သဘာဝဓါတ်ငွေ့ ထွက်တာ ၊ ထိုင်းကတောင် ဝယ်သုံးရတာ စတာတွေ သူတို့က အားကျစွာ ပြောတာ နားထောင်ရသည်။ တက္ကစီးငှားစီးရင်းပင် မြန်မာမှန်းသိသည်နှင့် ကားဆရာတယောက်က " မင်းတို့ မြန်မာပြည်က ထွက်တဲ့ jade ကို ငါသိပ်ကြိုက်တယ်" ဆိုရာ သူ့အသံထွက်ကို ကြယ်လို့ ကြားမိတဲ့အတွက် ပြန်မေးတော့ သူက ကားရဲ့ ဒိုင်ခွက်က မီးအစိမ်းရောင် ကို လက်ညှိုးထိုးပြပြီး ဒါမျိုးလေ ဆိုမှ အော် ကျောက်စိမ်း လို့ သိသွားပြီး စိတ်ထဲက ဒီလိုဆိုတော့ တို့မြန်မာပြည်က အဟုတ်သားလားပေါ့။ ဒါပေမယ့် တကယ်တန်းကျ ဒါဟာ အပေါ်ယံသာ သိသူတွေရဲ့ အမြင်ဆိုတာ တွေးမိရသည်။
မြန်မာ့နိုင်ငံရေးသမိုင်းနဲ့ နိုင်ငံရေးဖြစ်စဉ်တွေကို လေ့လာသိရှိထားပြီး မြန်မာစကားကို ကျွမ်းကျွမ်းကျင်ကျင် ပြောတတ်ကာ လက်ရှိ နိုင်ငံရေးအခင်းအကျင်းနဲ့ သတင်းတွေကို သိနေတဲ့ ထိုင်းလူမျိုး ဆရာမတယောက်ကတော့ " မြေတွေအများကြီး ရှိလျက်နဲ့ ပြည်သူတွေကို ဘာလို့ လုပ်ခွင့်မပေးတာလဲ ထိုင်းနိုင်ငံမှာတောင် မထွက်တဲ့ တွင်းထွက်ရတနာတွေ ထွက်လျက်နဲ့ မြန်မာပြည်သူတွေ ဘာလို့ ဆင်းရဲနေရသလဲ၊ သဘာဝဓါတ်ငွေ့တွေ ထိုင်းနိုင်ငံကို ရောင်းစားနေရပြီး မြန်မာပြည်ကျ ဘာလို့ လျပ်စစ်မီးမရရသလဲ " မေးတတ်သည်။ မေးသာမေးတာ တကယ်က သူ့မှာလည်း အဖြေက သူသိပြီးသားပင်။
ထိုင်းဘုရင်ကြီးက " ထိုင်းပြည်သူတွေ ဝလင်အောင်စားဖို့ စီမံပေးတယ်၊ ပြည်သူတွေ ဝလင်အောင် စားသောက်ပြီး ပြည်သူတွေရဲ့ လူမှုဘဝပြည့်စုံပြီးမှ ပိုတာကို တခြားနိုင်ငံကို ထုတ်ရောင်းတယ်၊ ပြည်သူတွေက စားစရာမရှိပဲ ကိုယ့်ပြည်က ထွက်တာကို တခြားကို ရောင်းချတာ ဆိုးရွားတဲ့ စနစ်ပဲ" သူပြောတာကို စာဖတ်သူဆိုပါက ပြိုင်ငြင်းဖြစ်မလား၊ အာဏာရှင် စနစ်ဆိုးအကြောင်း စကားလက်ဆုံကျဖြစ်မလား၊
ယခု မြန်မာပြည်ကို ထိုင်းနိုင်ငံ မဲဆောက်ဖက်ကနေ တင်သွင်းတဲ့ ကုန်တွေထဲမှာ အစားအသောက်ကုန်တွေ အများဆုံးလို့ဆိုသည်။ အစားအသောက်ထဲမှာမှ သစ်သီးဝလံ ဟင်းသီးဟင်းရွက်တွေ အများဆုံးပါသည်၊ ထိုင်းနိုင်ငံမှာရှိသည့် ဟင်းသီးဟင်းရွက် သစ်သီးဝလံမှန်သမျှ မြန်မာပြည်မှာ စိုက်ပျိုးနိုင်သည့် သီးနှံများသာ၊ တချိန်က မြန်မာပြည်မှာ ပေါများစွာ ထွက်ရှိသည့် အမျိုးအစားများပင်။ မြန်မာပြည်မှာသာ ရှိပြီး ထိုင်းနိုင်ငံမှာ စိုက်ပျိုးခြင်းမရှိသည့် မျိုးများပင် ထိုင်းတွေက စနစ်တကျ စီးပွားဖြစ် ဘယ်လို စိုက်ပျိုးမလဲ လေ့လာ စိုက်ပျိုးကြလို့ ထိုင်းကို ရောက်ကုန်သည့် မြန်မာ့မျိုးစိတ် မျိုးရင်းတွေပင် များစွာရှိလာလေသည်။ ထိုင်းနိုင်ငံရဲ့ ၂၀၁၈ ခုနှစ် အစိုးရ အသုံးစားရိတ်သတ်မှတ်တာမှာ လူသားဖွံ့ဖြိုးတိုးတက်မှု စီးဆင်းဖို့ အတွက် (၁၉.၉%) ၊ ဆင်းရဲမှုလျှော့ချရေး၊ လူတန်းစားမညီမျှမှုကို လျှော့ချရေးနဲ့ ပြည်တွင်းစီးပွားဖွံ့ဖြိုးစေရေးမှာ ဘတ်ဂျက်ရဲ့ (၁၁.၄) ရာခိုင်နှုန်း စသဖြင့် ဖတ်ရရာ ပြည်သူကို ဦးတည်ထားသည့် လူ့စွမ်းအားတိုးတက်စေသည့် စနစ် ချမှတ်တာကို ထင်ထင်ရှားရှား မြင်ရသည်။
ထိုင်းနိုင်ငံမှာ စိုက်ပျိုးရေးထွက်ကုန်ပေါများလှပါသည်။ ပေါတယ် ဆိုတာ ကုန်ဈေးနှုန်းကို ပြောတာမဟုတ်ပါ။ ဈေးနှုန်းက ငွေလဲနှုန်းနှင့် မြှောက်ပါက တန်ဘိုးအတူတူခန့်ရှိတတ်ပါသည်။ ကုန်ပစ္စည်းအရေအတွက် ပေါများစွာ ထုတ်လုပ်နိုင်ကြတာ ဖြစ်သည်။ တရုပ်နံနံဆိုတာမျိုးကို ပဲပင်ပေါက်ပဲပြားနှင့်တွဲရောင်းသည့် ဆိုင်တွေမှာ လက်သန်းခန့် အစည်းလေးတွေ စည်းထားပြီး နေမမြင့်ခင် ဈေးမကွဲခင် ဝယ်မှ ရတတ်တာ နေမြင့်က ဘယ်ဆိုင်မှမှ ဝယ်မရတာ ကြုံဖူးသည့်အခါ ထိုင်းက ဈေးတခုမှာ တရုတ်နံနံတွေ တစည်းကို လူတယောက် တပွေ့တပိုက် ပွေ့ပိုက်လို့ရအောင် များသည့် အစည်းတွေ ကားတစီးတိုက် ချလာတာ မြင်ရသည့်အခါ တအံ့တဩ ဖြစ်ခဲ့ဖူးရသည်။ အဓိကကတော့ စိုက်ပျိုးမြေ ချဲ့ထွင်ခြင်းနဲ့ စိုက်ပျိုးနိုင်ဖို့ မျိုးစေ့နဲ့ နည်းပညာ ပေးနိုင်ခြင်း ဖြစ်သည်။" မြေလွတ်မြေရိုင်းမချန် စိုက်ပျိုးကြ"
" ပဒေသာမြေမျာ ရှာစို့လား" " မြေကြီးကရွှေသီးရမည်" လို့ တချိန်က မြန်မာပြည်မှာ ကြွေးကြော်ခဲ့ဖူးလေသည်။ လက်တွေ့မှာ နံနံပင်တောင် ထိုင်းက ဝယ်စားနေရပြီ။
၁၉၉၀ခုနှစ် ဝန်းကျင်ခန့်က ရန်ကုန်တိုင်း တွံတေးမြို့နယ် အစွန် ထန်းတပင်ချောင်းဘေးက ရွာတရွာမှာ အလယ်တန်းပြဆရာမ တာဝန်နဲ့ နေထိုင်ခဲ့ဖူးလေသည်။ လက်ထဲမှာ ငွေရှိသော်လည်း ငါးပိရည်ကြိုကို တို့စရာမပါပဲ စားခဲ့ရဖူးသည်။ အကြောင်းက ရွာမှာ အသီးအရွက်ဝယ်မရ၊ ရန်ကုန်ကနေ မော်တော်နဲ့ ပါလာမှ ဆိုင်မှာ တင်နိုင်သည်။ အိမ်ခြံဝင်းတွေ အကျယ်ကြီးမှာ အိမ်တွေက ထီးထီး၊ ခြံဝင်းထဲမှာ ဘာပင်မှ မစိုက်၊ တို့စရာ ဟင်းခတ်အမွှေးအကြိုင် အရွက်တွေ စိုက်၍ရတဲ့အကြောင်းနဲ့ စိုက်ပျိုးဖို့ ပြောသည်။ စိတ်မဝင်စားကြ၊ ရွာအပြင်မှာ နှစ်စဉ် ဝင်ငွေရဖို့ စိုက်ကြသည့် စပါး၊ ပဲနဲ့ ငါးမွေးမြူရေးတို့ကိုသာ စိတ်သန်ကြသည်။ အဆိုပါ စိုက်ပျိုးရေး မွေးမြူရေးကနေ နှစ်စဉ် သိန်း ဆယ်ဂဏန်း ရကြသည်။( ၁၉၉၀ခုနှစ်ဝန်းကျင် ငွေသားမို့ မနည်းလှ) အိမ်တိုင်း တီဗွီ ရှိသည်။ ရန်ကုန်ကနေ ရွာကို ပြန်လာသည့် မော်တော်ပေါ်မှာ ကန်စွန်းရွက်ပါသည်။ ပဲပင်ပေါက်ပါသည်။ ငှက်ပျောသီးပါသည်။ ကန်စွန်းရွက်မှာ စိုက်ရအင်မတန်လွယ်သည်။ လယ်ကွက်တွေ ချောင်းတွေ မြောင်းတွေ ပေါရာ ကန်စွန်းတညွန့်လောက် ပစ်ချထားပါလား ပြောရာ ဝယ်စားတာ အေးသည်တဲ့၊ စိုက်ထားက ကြက်တွေဘဲတွေ ဝက်တွေ ဝင်စားက ပိုင်ရှင်နှင့် စကားများရလိမ့်မည် ဆိုသည်။ ကိုယ့်အိမ်ထဲမှာ ကိုယ်ယာနားမှာ စားစရာ အသီးအရွက်တပိုင်တနိုင် စိုက်ပျိုးသည့် အလေ့မရှိသည့်အခါ မြေလွတ်တွေ ရှိပါလျက်နှင့် ရန်ကုန်နဲ့ အသွားအပြန် (၆)နာရီ က (၇)နာရီခန့် မောင်းရသည့် မော်တော်နဲ့ ဈေးပြန်ပါလာမှ စားရ မြင်ရသည်။ နောင်သော် ကျောင်းအုပ်ဆရာကြီးက ကျောင်းဝင်းထဲက မြေလွတ်တွေမှာ ချဉ်ပေါင် ပဲစောင်းလျား ကန်စွန်း သင်္ဘော ငှက်ပျော အစရှိသည့် သီးပင်စားပင်များ စိုက်ပျိုးရာ ဆရာမတွေ အသီးအရွက် အတို့အမြှုပ် စားခွင့်ရလေတော့သည်။
ထိုင်းနိုင်ငံက မြန်မာနိုင်ငံထက် ပိုမိုကျယ်ဝန်းပါသည်။ သို့သော် မြေလွတ်မြေရိုင်း ဒီတိုင်းမထား မြေမှန်သမျှ စနစ်တကျ စိုက်ပျိုးထားကြသည်။ အတုယူစရာကောင်းသည်မှာ ကိုယ့်အိမ်ကိုယ်ခြံထဲမှာပင် စားပင်သီးပင်လေးတွေ တပိုင်တနိုင်စိုက်ပျိုးထားကြသည်။ အိမ်တိုင်းလိုလိုမှာ စပါးလင်စိုက်ထားတာကို အထူးအဆန်းဖြစ်မိသည်။ နောက်မှ သိရတာက သူတို့အစားအစာမှာ စပါးလင်မဖြစ်မနေ သုံးကြရတာ များသည်။ နောက်တခုက ရှောက်ဘီလူးလို့လည်းခေါ်သည်။ တောရှောက်ခါးသီး ရှောက်နူသီး စသဖြင့် ခေါ်ကြသည့် အပင်တွေ စိုက်ထားတတ်ကြသည်။ အမြဲသုံးသည့် ဟင်းခတ်အမွှေးအကြိုင်ကို လက်လှမ်းမီအောင်စိုက်ပုံရသည်။ စပါးလင်ပင်ကို အိမ်မှာ စိုက်ထားတာတွေ့ရ၍ အရိုးစွဲနေသည့် အသိတခုကြောင့် အိမ်မှာ စိုက်လို့ ရသလားမေးရာ ခြင်လည်းပြေးသည် စားလို့လဲ ရ၍ စိုက်တာလို့ ဖြေသည်။
ထိုင်းအိမ်တွေရှေ့မှာ ခြုံလိုက်ပေါက်နေသည့် စပါးလင်တွေမြင်တိုင်း တခါက ရွာကလေးမှာနေတုန်း ရှားရှားပါးပါး လယ်ထဲက ငါးဘတ်ရလာတဲ့အတွက် အိမ်ရှင်က ဆရာမတွေကို ငါးဘတ်မွှေချက်ပေးမလို့ဆိုကာ စပါးလင် လိုက်ရှာတာ တရွာလုံးပတ်ရှာတာမှာ တပင်တောင်မရတဲ့ အဖြစ်ကို သတိရမိသည်။
နှစ်ပေါင်းများစွာ ကြာလာသည့်အခါ စနစ်၊ နည်းပညာ၊ အသိပညာဗဟုသုတတို့ရဲ့ နောက်ဆက်တွဲက တရက်ကို ထိုင်းနိုင်ငံကနေ ဟင်းသီးဟင်းရွက် အသီးအနှံချည့် ဘတ်သန်းနဲ့ချီကာ ဝယ်စားနေရပြီ။ ကိုယ့်တိုင်းပြည်က ပြည်ပကို ထွက်သွားသည့် ထွက်ငွေတွေမှာ မနည်းမနော၊ ကိုယ့်တိုင်းပြည်မှာက မြေကွက်လပ်တွေများစွာ၊ ဘယ်သူ့မှာတာဝန်ရှိတယ်၊ ဘယ်သူနဲ့ဆိုင်တယ် အသာထားပြီး တိုင်းပြည်မှာ နေထိုင်ကြတဲ့ နိုင်ငံသူနိုင်ငံသားအားလုံး တယောက်ကစ တအိမ်ထောင် တမြို့တရွာ ကနေ အဆင့်ဆင့် ဝိုင်းဝန်းဖြည့်စွမ်းကြစို့လား၊
ခိုင်ခိုင်စောလွင်

No comments:

Post a Comment