June 11, 2017

" စကားလုံးစီထားတဲ့ ထမင်းချိုင့်"၁၂ရက်ဇွန်လ ၂၀၁၇ခုနှစ် ဒီလှိုင်းစာစောင် အတွဲ(၆) အမှတ်(၂၂)မှ


ကျောင်းသူဟောင်းတယောက်က ကျောင်းကိုအလည်လာတဲ့အချိန် ကိုယ့်ထမင်းချိုင့်ကို တွေ့ပြီး " ထမင်းချိုင့်ယူလာတယ်ဆိုတော့ ဟင်းကောင်းချက်လာတယ်ထင်တယ်" လို့ အပြောကို နားထဲ ရုတ်တရက် ဆန်းသွားမိပေမယ့် ပါးစပ်ကတော့ ကျောင်းလာတဲ့နေ့တိုင်း ထမင်းချိုင့်ထည့်လာပါတယ် လို့ ပြန်ဖြေလိုက်သည်။ ဒီမှာက စကားအဆန်း ကြားရတိုင်း စကားပေါ်လိုက်ပြီး အဓိပ္ပါယ်ကောက် အကျကောက်လို့ မရဘူးဆိုတဲ့ အတွေ့အကြုံ အသိတွေကြောင့် ပြောရိုးပြောစဉ်ပြောသလို ပြန်ပြောနိုင်ပေမယ့် ထမင်းချိုင့်ကနေ လူတွေရဲ့အဆင့်အတန်း ကြွယ်ဝမှု ငွေကြေးသုံးစွဲနိုင်မှုကို ခန့်မှန်းတတ်ကြတဲ့ အစဉ်အလာသဘောဖြစ်နေတဲ့ လူတချို့အကြောင်းကို ပြန်လည် သတိရမိလေတော့သည်။
ထိုင်းနိုင်ငံ ချင်းမိုင်ကို အလုပ်လုပ်ဖို့အပါအဝင် အကြောင်းအမျိုးမျိုးနဲ့
-- ရွှေ့ပြောင်းရောက်ရှိနေတဲ့ အလုပ်သမားတွေထဲကမှ အခြေခံပညာအလယ်တန်းအဆင့် အောင်မြင်ပြီးသူတွေနဲ့ အခြေခံအထက်တန်းကို ပြီးဆုံးအောင် မတက်ရောက်နိုင်ခဲ့တဲ့ မြန်မာပြည်ဒေသအသီးသီးက လူငယ်တွေ ကို ပညာဆက်လက်သင်ပေးပြီး တက္ကသိုလ်အဆင့်ကို တက်ရောက်နိုင်အောင် သင်ပေးနေတဲ့ BEAM( Bridging Educational Access to Migrants) ကျောင်းဆိုတာရှိသည်။ အဆိုပါကျောင်းမှာ ကလေးတွေက တိုင်းရင်းသားပေါင်းစုံ စုံလင်လှပါသည်။ မြန်မာပြည်မှာ နေထိုင်စဉ်က ကြားရုံသာ ကြားဖူးပြီး မမြင်ဖူးသည့် လူမျိုးစုလေးတွေကိုပါ တွေ့မြင်ခွင့်ရပြီး မြန်မာပြည်က တိုင်းရင်းသားမျိုးနွယ်စုအသီးသီးရဲ့ ဘဝတွေကို သိခွင့်ရခဲ့ရသည်။ ထိုအခါမှ တိုင်းရင်းသားဝတ်စုံတွေဝတ် အစိုးရရုပ်မြင်သံကြားနဲ့ ရေဒီယိုတွေမှာ ပြသထုတ်လွှင့်နေတာတွေက အပေါ်ယံအသွင်အပြင်တွေ ဖြစ်ပြီး တကယ့်လက်တွေ့မှာ ဆိုးရွားလှတဲ့ ဘဝအခြေအနေတွေကို ဖြတ်သန်းရပြီး မငြိမ်းချမ်းပဲ ထိတ်လန့်စွာနေခဲ့ရတဲ့ သူတို့ရဲ့ ဘဝတွေကို ရင်နှင့်အမျှ သိရှိခံစားခဲ့ရလေသည်။
အဆိုပါ ကျောင်းက ကလေးတွေကို အိမ်နီးချင်းအနေနဲ့တမျိုး သမီးတို့ရဲ့ သူငယ်ချင်းတွေအနေနဲ့ တဖုံ သိခွင့်ရခဲ့တာကနေ သူတို့အကြောင်း တစေ့တစောင်းကို ဆောင်းပါးတွေလည်း ရေးခဲ့ဖူးသည်။ အင်တာဗျူးတွေလည်း ရေးခဲ့သည်။ ထိုကတဆင့် မိမိတတ်နိုင်တာ ကူညီပေးရင်း အဆိုပါ BEAM ကျောင်းက ဆရာလိုသည့်အခါ လျှောက်ထားဖြစ်ရာက ဆရာမအဖြစ် ပြန်လည် ရောက်ရှိခဲ့ရသည်။ ကျောင်းအုပ်ချူပ်သူ ဆရာတို့ရဲ့ နောင်မှာ ပြောစကားအရ ကိုယ်က တိုင်းရင်းသားကလေးတွေကို စိတ်ဝင်စားမှုရှိပြီး သူတို့ဘဝတွေကို နားလည်ခံစားနိုင်တယ်လို့ ယူဆတာရယ် ၊ သူတို့အကြောင်းကို သိရှိပြီးဖြစ်လို့ သည်းခံအနစ်နာခံနိုင်မယ် ထင်တဲ့အတွက် လက်ခံလိုက်တာလို့ ဆိုလေသည်။
ဒီစကားက တကယ်လေးနက်ပါသည်။ တိုင်းရင်းသားတွေနဲ့ ဆက်ဆံပြောဆိုတာမှာ မတူကွဲပြားတဲ့ ယဉ်ကျေးမှုနဲ့ ဘာသာစကား၊ ခံယူချက်တွေမှာ နားလည်လက်ခံ သဘောပေါက်နိုင်ဖို့ ခဲယဉ်းလှလေသည်။ ပထမဆုံး တိုင်းရင်းသားဒေသက ကျောင်းသားတယောက်နှင့် တွေ့ဆုံစဉ်က အဖြစ်ကို သတိရမိသည်။
အိမ်မှာ နို့စိမ်းခေါက်ဆွဲ ချက်စားတဲ့အတွက် သမီးရဲ့သူငယ်ချင်းတွေပါ လာစားကြတာ နယ်စွန်နယ်ဖျားအရပ်ဒေသက တိုင်းရင်းသားလူငယ်လေးလည်း ပါလာသည်။ စားပွဲဝိုင်းမှာ ထိုင်ပြီးတဲ့နောက် အားလုံးက ပန်းကန်အသီးသီးကို လက်လှမ်းတဲ့အခါ သူက ဒီတိုင်း ငုတ်တုတ်ထိုင်နေသည်။ စားလေဆိုတော့ မစားတတ်ဘူး ဆိုလေရာ ရုတ်တရက် စ နောက်ချင်စိတ်ဖြင့် လွယ်လွယ်လေး ပါးစပ်ထဲထည့် ဝါးလိုက်ရုံပဲ ပြောမိသည်။ နောက်မှ ပြန်စဉ်းစားရာ သူတို့အရပ်ဒေသမှာ ဒီလိုစားစရာ မရှိတဲ့အတွက် ဘယ်လို ထည့်စားရမယ် မသိလို့ ပြောတာဖြစ်မယ်တွေးပြီး စားပုံစားနည်း သေချာပြမှ သူစားသည်။ စားမယ့်စားတော့ နှစ်ပန်းကန်မက သုံးပန်းကန်စားသည်။
ပြီးမှ သူတခါမှ မစားဖူးတဲ့အကြောင်းနဲ့ ပြန်ကာနီးမှ ခေါင်းလေးညွတ်လို့ အခုအစားအသောက်အတွက် ကျေးဇူးတင်ကြောင်း ပြောသည်။ အဲဒီပထမဆုံး ကနေ သတိထားပြီး တိုင်းရင်းသားကလေးတွေနဲ့ ပြောဆိုတဲ့အခါ သူတို့နှုတ်ထွက်စကားကို ကိုယ်ကြီးပြင်းရာ မြို့ကြီးပြကြီးရဲ့ အရိပ်မထိုးပဲ နားလည်လက်ခံဖို့ သတိထားဖို့ မှတ်ထားလိုက်မိသည်။ နောက်ပိုင်းမှာတော့ သူတို့နဲ့ တသားထဲကျသွားပြီး ဘာ့ကြောင့်ပြောတယ်ဆိုတဲ့ အဓိပ္ပါယ်ကိုကောက်မနေပဲ သူတို့ပြောချင်တာ တန်းသိတဲ့ဆီအထိ ရောက်သည်။
" ဆရာမ ဆရာမရှင်းပြနေတဲ့အချိန် နားလည်ပြီး ငါ့ဖာသာ ပြန်ဖတ်ရင် မေ့ကုန်ရော ငါဘယ်လိုလုပ်ရမလဲ" ဆိုတဲ့ နောက်ဆုံးတန်းက ကျောင်းသူတယောက်ရဲ့ စကားနဲ့ ရုတ်တရက် အခေါ်အဝေါ်က စိတ်ကို တမျိုးဖြစ်သွားပေမယ့် ပြောစရာရှိတာ ပြန်ပြောပြမိသည်။ ခေါ်တော့ ဆရာမ ပြောတော့ ငါ ဆိုတာကို တဖြည်းဖြည်း ယဉ်ပါးလာခဲ့သည်။ ငါ လို့ ပြောတာ ဗမာမှာ ကိုယ့်ကိုယ်ကို စကားပြောရင် ငါလို့ ပြောတယ်လို့ပဲ သူတို့ သိခဲ့ပုံရသည်။ တချို့ဆို ဗမာစကားပင် မတတ်တဲ့ အတွက် အခြားတတိယဘာသာစကား တခုခုနှင့် အစားထိုးပြောရသေးသည်။ ဒါက တိုင်းရင်းသားဒေသတွေမှာ ပညာရေးထိရောက်အောင် မပို့ချနိုင်တာ သက်သေတခုပင်၊ တိုင်းနဲ့ပြည်နယ် မြို့တော် ဒါမှမဟုတ် မြို့ကြီးပြကြီးမှာ နေခဲ့ဖူးသူလောက်သာ ဗမာစကားပြောနိုင်ကြပြီး စကားကို ဖွယ်ဖွယ်ရာရာ ပြောတတ်ကြသည်။ အတော်များများက ရိုးရိုးရှင်းရှင်း ဘွင်ဘွင်းကြီးတွေပင်။
ပြီးခဲ့သည့် တရက်ကပဲ စာရေးဆရာတယောက် ကျောင်းကို လာ ဟောပြောတာမှာ ဆရာက " လဲကျရင်ပြန်ထနိုင်ရမယ်" ခေါင်းစဉ်နဲ့ ဟောရင်း ယုံကြည်ရာကို အဓိပ္ပါယ်အရင် ဖွင့်သည်။ ကျောင်းသားတွေကို မေးသည်။ ရယ်စရာအနေဖြင့် ကျောင်းသူလေးတဦးကို " ညည်းရော ဝတ်မှုံရွှေရည်ဖြစ်ချင်တယ်လို့ စိတ်ကူးတယ်မှလား" မေးရာ " မဖြစ်ချင်ပါဘူး ဘာလို့ ဖြစ်ချင်ရမှာလဲ ဟင်.......... " ပြန်ပြောတဲ့ လေသံနဲ့ အမူအယာက ဘာတွေလာပြောနေတာလဲ မျက်မှောင်ကြုံ့ ပြောတာ မြင်တော့ ကိုယ်က အားနာသလိုဖြစ်မိပေမယ့် အဆိုပါဆရာကလည်း ဒါမျိုးတွေ ကြုံဖူးတာ ရိုးနေဟန်ပင် ဘာမှမဖြစ်၊ ကလေးမလေးကလည်း ရိုင်းတာမဟုတ် သူမှစိတ်မကူးပဲ သူ့လာပြောလား သဘာဝအတိုင်းပြောတာ၊ ဒါမျိုးကို မြို့ကြီးပြကြီး လူ့ယဉ်ကျေးလို့ သတ်မှတ်တဲ့စံတွေနဲ့ တိုင်းလို့မရတဲ့ သဘော သဘာဝ။
ယခင်က မြန်မာတနိုင်ငံလုံးမှာ တခုတည်းသာရှိသော ဌာနမှာ အလုပ်လုပ်စဉ်က ထမင်းစားချိန်မှာ စားကြမယ်ဆိုက အတူတူအုပ်စုဖွဲ့ စားသူတွေ ကြုံဖူးသည်။ ကိုယ်တိုင်က ထမင်းစားချိန်တန်က အနားမှာရှိသူ၊ ကိုယ်နှင့်အတူ တာဝန်ကျသူ ရှိနေက စားကြစို့ ခေါ်ဖြစ်သည်။ မည်သူမည်ဝါနှင့်မဆို အတူစားဖြစ်သည်။ တချို့က မည်သူ့ကိုစောင့်အုန်းမည်၊ ဘယ်သူနှင့်မှ အတူစားမည် ဆိုက သူတို့ချင်း ခင်မင်ကြလို့ ကနဦးမှာထင်မိသော်လည်း လူတိုင်းမဟုတ်ပေမယ့် တချို့တလေက ဘယ်သူ့ထမင်းချိုင့်က ဟင်းကောင်းအမြဲပါတတ်သည်ဆိုကာ စောင့်စားကြတာလို့ သိရသည်။ ကိုယ်တိုင်ကတော့ မြိန်ရာဟင်းကောင်း သတ်မှတ်ထားသည့်အပြင် ဘယ်သူနှင့်စားစား ဘာဟင်းပါပါ ဝိုင်းဖွဲ့ စားက မြိန်တာပင်၊ ဟင်းကောင်းဆိုတာ ဈေးကြီးပေးဝယ်စားရတဲ့အရာ၊ တန်ဘိုးကြီးတာ၊ အသားဟင်းမှ လို့ မသတ်မှတ်မိပဲ ကိုယ်ကြိုက်တဲ့ဟင်း ကောင်းတာလို့ မှတ်ယူထားတာ ဖြစ်သည်။
ကြက်သားဟင်း၊ ပုစွန်ဟင်း ဆိုက အိမ်မှာ မိသားစုစုံတဲ့ အချိန် နားရက်တွေမှာ ချက်တာများသည်။ ထမင်းချိုင့်ထည့်ဖို့ လှတပတ ဖြစ်အောင် ဝေပုံချရခက်သည့်အတွက် လူစုံတက်စုံမှ ချက်စားပြီး ထမင်းချိုင့်ကို ခပ်မြန်မြန်နဲ့ လွယ်လွယ်ချက်လို့ရတာရယ် ချိုင့်နဲ့ စားလို့ အဆင်ပြေမယ့် ဟင်းလျာက်ုသာ ထည့်သွားတတ်သည်။ တရက်မှာ ထမင်းစားဖို့ ပြင်နေသည့် ဦးလေးအရွယ် ဝန်ထမ်းတယောက်ကို " ခဏစောင့်ပါ ကျမမှာ ထမင်းမြိန်စေမယ့် ဟင်းကောင်းပါတယ်" လို့ ပြောရင်း ခြင်းထဲက စတီးသုံးဆင့်ချိုင့်ကို သွားယူလာသည်။ အမြဲတန်းလိုလို ဘယ်သူ့ချိုင့်က ဟင်းကောင်းတယ် စောင့်စားတတ်သည့် သူတွေထဲက မိန်းကလေးငယ်တယောက်ပါ ထမင်းဝိုင်းမှာ ပါလာတာ သိတ်ပြုမိသည်။
ထမင်းချှို့်င့် ဖွင့်လိုက်သည့်အခါ " ဒါလား ဟင်းကောင်း" လို့ ပြောတာကို မရိပ်မိပဲ " သီးစုံပဲကုလားဟင်းနဲ့ ငါးပိထောင်းဆိုတာ ရုံးချိန်အမီ ချက်ဖို့ လက်ဝင်တာလေ ဒီနေ့ အချိန်ရလို့ သေချာချက်လာတာ အားလုံးလည်း အရည်သောက်စားရအောင် ပိုထည့်လာတယ် " ငါးပိထောင်းကို အသင့် စိတ်လာတဲ့ သံပုရာသီးစိတ် ရွှဲရွှဲညှစ်ရင်း ပြောမိတော့ သူ့မျက်နှာထားက တမျိုး၊နဲ့ " အမတို့အတွက် ဒါမျိုးကို ဟင်းကောင်းခေါ်တာလား" ဆိုတဲ့ လေသံကြောင့် စိတ်ထဲက သူကတမျိုးပါလား တွေးပေမယ့် အဓိပ္ပါယ်သေချာမသိ၊
နှစ်အနည်းငယ် အကြာမှာ သူတို့အတူ ထမင်းစားကြသူအချင်းချင်း အိမ်ကို လိုက်လည် ဝင်ထွက်ကြပြီး တယောက်ယောက်ကို ပြောနေတာတွေ ကြားရမှ ရှင်းတော့သည်။ ဘယ်သူကဖြင့် အိမ်မှာဖြင့် ဘယ်လိုနေတာ၊ ဘယ်သူကဖြင့် " အမလေး ထမင်းချိုင့်ထဲ နေ့တိုင်း ကြက်သား ဝက်သား မပြတ်ထည့်လာလို့ တော်တော်ချမ်းသာတယ် ထင်တာ သူ့အိမ်ရောက်တော့ ကြမ်းခင်းတောင် မနင်းရဲဘူး ကျွံကျမဆိုးလို့ "
ထိုသူတွေရဲ့ စိတ်ဓါတ်ကို အတော်အံ့ဩသွားပြီး လောကကြီးမှာ ဒါမျိုးတွေ ရှိပါလား ကြုံဖူးသွားသည်။ ကျောင်းသူအရွယ်က အတွေ့အကြုံနှင့် ယှဉ်၍ မရသည့် လူတွေ အကြောင်း သိလာရသည်။ ထမင်းချိုင့်ကို ကြည့်ပြီး ဆုံးဖြတ်တယ်ဆိုတာ အဲဒီမှာကြုံဖူးသွားပြီး လူတွေက ကိုယ်ဖြတ်သန်းရာ ကိုယ်ကြုံဖူးရာ ပေတံနဲ့ လိုက်တိုင်းတတ်ကြတဲ့ အကျင့်ကို ကောင်းကောင်းသတိပြုမိခဲ့ရသည်။
ရန်ကုန်ရောက်တုန်းက ယုဇနပလာဇာမှာ ဖုန်းဆင်းကဒ် သွားထည့်တာ နေတဲ့နေရာနဲ့ ခြေလှမ်း ဆယ်လှမ်းပင်မပြည့်တဲ့ နေရာမို့ အိမ်နေရင်း ထသွားလိုက်တာ ခြေဆုံးခေါင်းဆုံးကြည့်ပြီး " မထည့်ပေးနိုင်ဘူး ကိုယ့်ဖာသာထည့်" လို့ ခပ်ရိုင်းရိုင်း ပြောသည့် အရောင်းအကူဝန်ထမ်း မိန်းကလေးကို တအံ့တ ကြည့်မိရသည်အထိပင်။ ကိုယ့်သမီးတွေထက်ပင် ငယ်ရွယ်လှသည့် အရွယ်ပေမယ့် နှုတ်ထွက်ကြမ်းကာ လူကြီးသူမမှန်းမသိ သည့် အဆိုပါမိန်းကလေးကို သနားစိတ်ပင် ဖြစ်မိသည်။ ကျောင်းက တိုင်းရင်းသားကလေးတွေရဲ့ မပြောတတ်မဆိုတတ်ပဲ ပြောလိုက်သည့် " ငါက" ဆိုတာထက် အဆပေါင်းများစွာ နှုင်းယှဉ်မရနိုင်အောင် ခံရခက်လှသည်။ လူတိုင်းတော့မဟုတ်လို့ တော်တော့သည်။ သူနဲ့ ကပ်နေသည့် ဖုန်းဆိုင်က အဆိုပါအရွယ် ကလေးမလေးကပဲ ဘာကူညီရမလဲ ဆိုကာ ဆင်းကဒ်ပါကူထည့်ပေးလို့ ဖုန်းဘေလ်ဖြည့်တာ အားလုံး သူ့ဆိုင်မှာ လုပ်လိုက်သည်။
" အန်တီတို့က ဧည့်သည်တွေလား' တဲ့ ရုတ်တရက် ဖြေဖို့ စဉ်းစားရင်းက
" ဧည့်သည်တွေ .....ဆိုပါတော့ကွယ်" လို့ပဲ ရယ်ရယ်မောမော ပြန်ဖြေဖြစ်သည်။
အရိုးခံစိတ်တွေ မဟုတ်ပဲ အပေါ်ယံကိုသာ ကြည့်တတ်သည့် အလေ့အထတွေ သိပ်များကြတာ တွေ့ရသည်။ ထိုင်းနိုင်ငံကို ရောက်တဲ့ အချိန် စိတ်အသက်သာဆုံးက အစားအသောက် အဝတ်အစား အနေအထိုင်ကို ဘယ်သူကမှ အရေးမလုပ်တာပင်၊ ရေချိုးခန်းထဲ စီးသည့် ဘိနပ်ကို မှားစီးပြီး ဈေးဝယ်စင်တာ ရောက်ဖူးသည်။ အိမ်နေရင်း တီရှပ်အနွမ်းကလေးနဲ့ ချင်းမိုင်ရဲ့ အကြီးဆုံးဈေး ကာဒ်လဝမ် ခေါ် ဈေးကြီးကို ရုတ်တရက် ဝင်ဝယ်ဖို့ ဖြစ်ဖူးသည်။ ဘယ်သူကမှ အပေါ်ယံအဝတ်အစားကို ကြည့်ပီး ဝယ်နိုင်လို့လား မမေး၊ အထင်သေးသလို ဈေးမေးတာ မပြောချင်သလို မလုပ်၊ ခြေဆုံးခေါင်းဆုံး မကြည့် သူလိုကိုယ်လိုပင် ဆက်ဆံတာ ဖြစ်သည်။
ဆိုင်တွေ ဝင်စားလည်း ထို့အတူ၊ တခါတလေ မနက်စောစော လမ်းလျှောက်အပြန် ချွေးသံတချွဲချွဲ နဲ့ စားသောက်ဆိုင်ဝင်စားလည်း ခါတိုင်းလို ဝန်ဆောင်မှု ပေးတာပင်။ ခြုံပြောရက လူတယောက်ရဲ့ စားသောက်မှုနဲ့ ဝတ်စားဆင်ယင်မှုနဲ့ ထိုလူ့တန်ဘိုးကို လွယ်လွယ်ကူကူ ဆုံးဖြတ်တဲ့ အလေ့မရှိကြတာပင်၊ မိတ်ဆွေ တယောက်ကို သဘောကျမိသည့် အဆိုပါ အကြောင်းတွေ ပြောမိတော့ ထိုင်းလူမျိုးတွေက ဒီမိုကရေစီအလေ့အကျင့်တွေ အတော်ယဉ်ပါးနေပြီတဲ့ ။ တကယ်အားကျပါသည်။ ဘာမဟုတ်သည့် အပေါ်ယံကိုကြည့်မနေပဲ တကယ့်အနှစ်ကို အလေးထားတတ်သည့် အလေ့တွေက အတုယူစရာပါ။ အလုပ်ထဲမှာ သူတို့ ထမင်းစားကြပါက ဘယ်သူက ဟင်းကောင်းလဲ မမေးပါ။ မစပ်စုပါ၊ သန့်ရှင်းရေး အမျိုးသမီးလည်း သူစားချင်တာထည့်လာ၊ သူအဆင်ပြေတာထည့်လာသလို ဆရာမတွေက ကြက်ဥပြုတ်ပဲပါလာတာရှိသည်။ အချိန်မရလို့ ဘာမှာ ထည့်မလာသူကိုလည်း အခြားသူများက မျှပြီး စားလိုက်ကြသည်။ အပြင်ထွက်စားလည်း ဟင်းပေါ် ထမင်းပုံစား ဟင်းတမျိုးနဲ့ (၃၅)ဘတ် လူတိုင်း တန်းတူ စားနိုင်သည်။ တမျိုးနဲ့ မဝသူ ဟင်းနှစ်မျိုး ထည့်ပြီးစားကြသည်။
လမ်းဘေးမှာ မနက်စောစော သန့်ရှင်းရေးလုပ်သည့် အမျိုးသမီးတယောက် တံပျက်စီးလှည်းပြီးက အများသူငါ စားသောက်နေသည့် ခေါက်ဆွဲဆိုင်မှာ အများနှင်တန်းတူ တွန့်ဆုတ်ကာ ရွံ့တွ့န့်တွန့် မဖြစ်ပဲ ဝင်စားနိုင်သည်။ ဘယ်သူကမှ နှာခေါင်းမရှုံ့၊ အရေးစိုက်မနေ သူ့ကို ထူးဆန်းမနေ၊ သူဆိုင်ထဲဝင်လာတာ အထူးအဆန်းမဟုတ်၊
အဝတ်အစားသည် လူ့တန်ဘိုးအစစ်မဟုတ်၊ စားသည့် အစားအသောက်တန်ဘိုးလည်း လူ့တန်ဘိုး မဟုတ်၊ လူတယောက်ရဲ့ တန်ဘိုးအစစ်အမှန်ဆိုတာ ကြီးသူကိုရိုသေ ရွယ်တူကို အလေးထား ငယ်သူကို သနားညှာတာသည့် အလေ့အကျင့်ကို အခြေခံပြီး လူတယောက်နဲ့တယောက် မျှဝေနိုင်တဲ့ ချစ်ခြင်းမေတ္တာ ထားနိုင်ပါမှ သာယာလှပသည့် လောကကြီး ဖြစ်တည်လာမှာ ဧကန်မလွဲဆိုတာ သက်သေပြနေသလိုလို။
ခိုင်ခိုင်စောလွင်

No comments:

Post a Comment