June 18, 2017

"လှတာကိုမှ လိုချင်သူ"၁၉ရက် ဇွန်လ ၂၀၁၇ခုနှစ် ဒီလှိုင်းစာစောင် အတွဲ(၆) အမှတ်(၂၃)မှ


" မင်းတို့မိန်းမတွေ ဘဲဥကြက်ဥဝယ်ရင် ဘာကိုရွေးကြတာလဲ"
ကိုယ်တိုင်ကတော့ ဘဲချေးကြက်ချေး မပါတာရယ် အရွယ်ညီတာရွေးတာပင် ။ ဘဲေ ချးကြက်ချေးတွေ ကပ်ပါလာက ဆေးကြောရ အချိန်ကုန်ပြီး အရွယ်မညီက ဟင်းကို ဝေပုံချရခက်သည်။ သူရသည့် ဥကပိုကြီးတယ် ကိုယ်ရတာက ကငယ်တယ် အငြင်းပွားမနေရအောင် ရွေးရခြင်းလို့ ဖြေဖြစ်သည်။ တချိုကတော့ စိမ်ပြေနပြေ ရွေးသည် လူတကိုယ်အကြိုက်တမျိုး မဟုတ်ပါလား။ တချို့ကတော့လက်ကလေးနဲ့ ဆကာဆကာ ချိန်ပြီးရွေးကြသည်။ နောက်ပိုင်းမှာ ဈေးသည်တွေက ရေစိုအဝတ်ကလေးတွေနဲ့ ဘဲဥ ကြက်ဥတွေကို သေချာဆေးကြော သုတ်သင်ပြီး ရောင်းလာကြသည်။ လှလှပပလေး ရောင်းတဲ့ဆိုင်က ညစ်ပေပြီး သဘာဝအတိုင်း ရောင်းတာထက် ပိုရောင်းရသည်။ လူဆိုတာ လှတာကိုမှ လိုချင်သူချည့် မဟုတ်ပါလား။
ထိုင်းနိုင်ငံမှာ တော့ ကြက်ဥ ဘဲဥကို ရွေးဝယ်နေကြတာ မတွေ့ရသလောက်၊ သူတို့ ဈေးနှုန်း သတ်မှတ်ထားသည့် အတန်းအစားအလိုက် အရွယ်အစားမှာ တိုင်းထားသလို ညီနေသည့်အတွက် ရွေးချယ်ဖို့ မလိုပဲ လိုချင်သည့် အရေအတွက်သလောက် ပြောဝယ်ကြတာများသည်။ သတင်းတပုဒ်မှာ ဖတ်ဖူးသည်။ ကြက်တွေကို အစာကျွေးတာကအစ ကိုယ်အလေးချိန်နဲ့ အခြားအချိုးအစားတွေ တညီထဲ ဖြစ်အောင် သေချာ မွေးထားပြီး ဥသည့် ဥတွေကိုလည်း အလေးချိန် အရွယ်အစား အတူတူဖြစ်အောင် ဥ ခိုင်းသည့် စနစ်ဖြင့် ဥ ကလေးတွေ တညီထဲ ဖြစ်အောင် လုပ်နိုင်ပြီလို့ ဖတ်ရဖူးသည်။ လူတွေအကြိုက်ကို လိုက်လို့ လူတွေကဖန်တီးကြရတာဖြစ်သည်။
" ပန်းတွေက လှလိုက်တာ အစစ်အတိုင်းပဲ၊ အတုလို့ မထင်ရဘူးနော် တကယ့်အစစ်အတိုင်းပဲ " ဒါကတော့ အတုက အစစ်လိုလှနေတဲ့ ပန်းကလေးတွေ၊ ပစ္စည်းလေးတွေ တွေ့ရင် ပြောလေ့ရှိတဲ့ စကား၊ တခါတလေကျပြန်တော့ " လှလိုက်တာ အတုလား" တဲ့ သိပ်ကိုလှလွန်းလို့ အစစ်ဆို အဲဒီလောက် မလှနိုင်၊ တုပထားလို့သာ ဒီလောက်လှတာလို့ ထင်မြင်ပြီး မေးကြတဲ့ သဘော၊ အရင်းစစ်က အတုနှင့်အစစ်မှာ အစစ်ကိုအတုက လိုက်တုရင်း သူကပိုလှသည့် သဘောဖြစ်နေတယ်လို့ သုံးသပ်ရပေမည်။ မြက်ခင်းတု ပန်းတု ဆိုတာတွေက အလှအပအတွက် ကြာရှည်ခံအောင် တုကြတာ အပြစ်မဆိုသာပေမယ့် လူ့အသက်ကို ထိခိုက်စေနိုင်သည့် အတုမျိုးတွေကျ ပြသနာရှိလာချေပြီ။ ကြက်ဥအတုတဲ့ တိတိကျကျ သတင်းထုတ်တာ တခါမှ မကြားဖူးပေမယ့် အတု ရှိသည်လို့တော့ လူမှုကွန်ယက်တွေမှာ ပုံတွေတင်တာ တွေ့ဖူးရလေသည်။ သနပ်ခါးအတု ဝယ်မိလို့ တဲ့ ဝယ်ခဲ့မိသူ အမျိုးသမီးလေး တင်ထားတာ ဖတ်လိုက်ရသည်။ ဒါမျိုးကျပြန်တော့ ဘယ်သူသေသေ ငတေမာပြီးရော ဆိုသည့် ဝိသမလောဘစိတ်တွေ ကြောင့်ဖြစ်သည်။
သနပ်ခါးနှင့် ခပ်ဆင်ဆင်တူသည့် သစ်ပုလွေလို အခြား အပင်အမြစ်တွေကို လိမ်ရောင်းတာက ကိုယ်ညံ့လို့ ကိုယ်မသိလို့ ခံရတာဆို ထားပါတော့၊ အခုက သနပ်ခါးအတုံးပြောင်မှာ သနပ်ခါးအပွေးဖတ်တွေကို ကော်ဖြင့် သေချာကပ်ထားပြီး ရောင်းတာဖြစ်သတဲ့၊ သွေးလိမ်းပြီး အဖတ်တခုကွာကျသွားလို့ အထဲက ပျစ်ချွဲချွဲနဲ့ ဖြူဖြူအနှစ်တွေ တွေ့မှ သိရပါသတဲ့ ကလေးတွေကို လိမ်းတောင် လိမ်းပေးပြီးပြီလို့ ဆိုလေသည်။ ဒါမျိုးကတော့ လွန်လွန်းလှသည် ဆိုရမည်။ ရပ်ကွက်တွေမှာ သွေးလိမ်းပြီးလို့ ကုန်နေသည့် သနပ်ခါးတုံးတွေကို လိုက်ဝယ်သည့်သူတွေ ရှိသည်။ သူတို့က ဆွဲခြင်းလေးတွေနဲ့ ချိန်ခွင်ကိုင်ပြီး လိုက်ဝယ်တာ ဖြစ်သည်။ ဘာအတွက် သုံးသလဲဆို သနပ်ခါးအခဲ လုပ်ဖို့လို ဆိုလေသည်။ သနပ်ခါးခဲဆိုတာကလည်း သနပ်ခါးအတုံးတွေကို စက်နဲ့ကြိတ်ပြီး လုပ်ကြတာဆိုတော့ လည်း ဟုတ်လောက်သည်ပေါ့။ ရေစကြိုကနေ သနပ်ခါးတုံးတွေ ရန်ကုန်ကို လာရောင်းသည့် အမျိုးသမီးနှင့် ခင်မင်သွားတဲ့ အခါက သူပြောပြတာနှင့် ဆက်စပ်စဉ်းစားမိသည်။ သနပ်ခါးတွေကို တောင်းကြီးတွေနှင့် ထည့်သယ်ရာ ကြွေကျသည့် အခေါက်ဖတ်တွေကို လိုက်ဝယ်သည့် လူတွေ ရှိသတဲ့၊ သူသနပ်ခါးရောင်းသည့် အနှစ်(၂၀) ကာလအတွင်း အရင်က အကြွေဆို နှမြောပေမယ့် လွှင့်ပစ်ရတာရှိသည်။ အခုတော့ အကြွေရော ကိုင်းဖျားကိုင်းနား အားလုံး ရောင်းရတယ်လို့ ဆိုလေသည်။ ဒါ့ဖြင့် အဆိုပါ အတုံးတွေ အဖတ်တွေကို ဒီလို လှည့်ဖျားရောင်းဖို့ လုပ်ကြလေသလား စဉ်းစားစရာ။
အဆိုပါ သနပ်ခါးရောင်းသည့် အမျိုးသမီးလေးနှင့် သနပ်ခါးဝယ်သုံးရင်း ခင်မင်ရာက သူရန်ကုန်ရောက်ပြီဆိုက တည်းသည့်အိမ်အထိ လိုက်ပြီး သနပ်ခါးရွေးယူတာ သတိရမိသည်။ ကိုယ်တိုင်လည်း လိမ်း၊ သနပ်ခါးကလည်း အစစ်ဖြစ်သည့်အတွက် ခင်မင်သူတွေကိုပါ ပြန်ရောင်းပေးရင်း သနပ်ခါး အစစ်အတု သာမက အနုအရင့် အဖြူပွေး အဝါပွေး၊ နှစ်ထပ်ပွေး တထပ်ပွေး၊ ဘယ်လောက်သွေးသွေး တော်တော်နှ်င့် အပွေးမကုန်တတ်သည့် ကျောက်ပွေး၊ ရွှေဘိုနှင့် ရှင်မတောင် စသည့် သနပ်ခါးနှင့်ပတ်သက်သည့် ဂုဏ်တွေကို မျက်စေ့ဖြင့် ကြည့်လိုက်တာနှင့် တန်းသိတဲ့ အထိ ဗဟုသုတရခဲ့သည်။
တရက်မှာ သူတည်းရာ အိမ်သို့ သနပ်ခါး သွားယူရာ သူက ပန်းချီဆွဲနေတာ တွေ့ရသည်။ စုတ်တံ သေးသေးလေးရယ် ခွက်တခုထဲက နီနီ အရည်ရယ် သနပ်ခါးတုံးတွေရယ် တွေ့တော့ တခုခုပဲဆိုကာ သူ့ကို ဘာလုပ်တာလဲ မေးမိတော့ " လူတွေကလှတာ ကြိုက်တယ်မဟုတ်လား ဒီတော့ လှအောင် လုပ်ရတယ်" လို့ ဆိုလေသည်။ သနပ်ခါးတုံးရဲ့ အပွေးကြားက ခပ်သေးသေးလိုင်းတွေကြားမှာ ရှားစေးကို ရေဖျော်ထားသည့် အရည်ကို စုတ်တံဖြင့် လိုင်းအတိုင်း ဆွဲပေးသည့်အခါ သနပ်ခါးတုံးက ပိုကြွလာပြီး အခေါက်ပိုပေါ်ကာ ပိုလှလာလေသည်။
" ညီမရဲ့ သနပ်ခါးက ရှင်မတောင် အစစ်ဖြစ်တယ်၊ နုတဲ့အတုံးတောင် မွှေးနေတာ ဘာဖြစ်လို့ ဒီလိုလုပ်ရသလဲ ဒီအတိုင်းရောင်းပါ" လို့ ပြောတာကို သူက အခုလို ပြန်ရှင်းပြသည်။
" ကျမနဲ့ ဈေးမှာ ယှဉ်ရောင်းတဲ့ အမျိုးသမီးက တော်ရုံအတုံးကို ရှာစေးတွေတင်ပြီး ဈေးခေါ်ရောင်းတာ အလုအယက်ဝယ်ကြတယ်၊ ကျမ သနပ်ခါးက အစစ် အမျိုးအစားလည်း ကောင်းပေမယ့် တော်တော်ရင့်တဲ့ အတုံးတောင် သူ့ကို မယှဉ်နိုင်ဘူး ဖြစ်နေတယ်၊ လာဝယ်တဲ့သူတွေက ဟိုဘက်ဆိုင်မှာ ဒီ့ထက်လှတယ် ဈေးကဒီလောက်မရှိဘူးဆို ပြောကြတယ်၊ လူတွေက လှတာကြိုက်တယ်မဟုတ်လား ဒီတော့ ကျမလည်း ကြာကြာထိုင်ရောင်းနေရရင် စားစရိတ်နေစားရိတ် ထောင်းတယ် မြန်မြန်ကုန်အောင် လူတွေအကြိုက် လုပ်ရောင်းရတာပဲ"
သူရောင်းတာကို လိုက်ကြည့်တဲ့အခါ ရှာစေးတင်ထားတဲ့ အတုံးတွေက အရောင်းသွက်တာကို တွေ့ရတော့သည်။ စိတ်ထဲကနေ ခက်တာပဲ လို့ ဝယ်သူတွေကို အားမလိုအားမရ ဖြစ်ရသည်။ ကိုယ်တိုင် ရွေးယူတဲ့အခါ ရှားစေးလွတ်တာတွေသာ ရွေးယူပြီး ပြန်ရောင်းဖြစ်လေသည်။ ရှားစေးက အန္တရာယ်မရှိဖူး ပြောပေမယ့် သနပ်ခါးလိမ်းချင်လို့ ဝယ်တာ ရှာစေးပါတာတော့ ဘယ်သူက ကြိုက်ပါမလဲ၊ ဒါပေမယ့် သူကတော့ ရှားစေးသုံးတာ လူတွေကြိုက်အောင် လုပ်ရတာလို့ ဆိုလေသည်။
သူကတော့ အစစ်ကို ပိုလှအောင် မွမ်းမံသူဆိုပေမယ့် အစစ်ကနေ အတု အဖြစ် ရောက်ရသူပေါ့၊ အတုတွေ ပေါသည့် ခေတ် နောက်အတုတမျိုးက လူမှုကွန်ယက်မှာတောင် အကောင့်တုတဲ့၊ သနပ်ခါးအစစ် ရွေးရသလို အကောင့်တုကိုလည်း ရှောင်ရန် ရွေးရသည့် စံ တွေရှိသည်။ မရွေးလို့မရ၊ အကောင့်တုတွေသည် အဆဲသန်သည်၊ အမုန်းစကားဆိုသည်။ စည်းမရှိကမ်းမရှိ ပြောချင်ရာပြောသည်၊ အများသူငါ ကြည့်သင့်လား မြင်သင့်လား စဉ်းစားဉာဏ် မသုံးပဲ သွေးရဲရဲသံရဲရဲ ပိုးလိုးပက်လက် မြင်မကောင်းသည့် ပုံတွေ တင်သည်၊ ဖြန့်သည်။ အတိုချုံးးက ဝိသမလောဘသမားထက် ဆိုးသည့် ရွံစရာသတ္တဝါတွေ ဖြစ်သည်။
ကိုယ်နဲ့မသိက လက်မခံဆိုသည့် မူက စာလေးဘာလေးရေးတဲ့အခါ စာဖတ်ပရိတ်သတ်ဆိုသည့် အမြင်ကို ထည့်တွက်ရသေးသည်။ ဓါတ်ပုံမပါက လက်မခံ၊ ပုံမပါသော်လည်း အပြင်မှာသိသူ လက်ခံ၊ ပုံမပါ အပြင်မှာလည်း မသိပေမယ့် တဆင့်တဆင့်သိရင်း ဖြင့် မည်သူမည်ဝါ သိက လက်ခံ၊ ပရိုဖိုင်မပါ အပြင်မှာလည်း မသိ ဆွေမျိုး ညီအကိုမောင်နှမတွေရဲ့ အသိမိတ်ဆွေ ဆိုက လက်ခံ၊ ဒီလိုဖြင့် အတု အစစ် ခွဲရသည်။ အချို့ဆိုက ဘယ်သူနှင့်မှ မသိပေမယ့် စောင့်ကြည့်ပြီး ကိုယ့်စာလေးတွေ အားပေးနေသူလို့ သိလာတဲ့အခါပဲ ဖြစ်ဖြစ်၊ တယောက်ယောက်နဲ့ ပတ်သက်တာသိလာလို့ပဲ ဖြစ်ဖြစ် အတန်ကြာမှ လက်ခံဖြစ်သည်။ တချို့ အကောင့်တုတွေက အဆိုပါ စောင့်ကြည့်ဆဲ ကာလမှာပင် နာမည်တွေ တမျိုးပြီး တမျိုး ပြောင်းသွားတာကို တွေ့နေရလေသည်။ ပရိုဖိုင်က ဓါတ်ပုံကလည်း ကိုရီးယားမင်းသမီး မင်းသားပုံတွေ အမျိုးမျိုး ပြောင်းနေလေသည်။ အကောင့်တု စစ်ခွဲနိုင်ဖို့ ကိုရီးယားဇာတ်လမ်းတွဲတွေ များများ ကြည့်ပေးရမလိုလို၊
အတု အစစ် သေချာ ခွဲနိုင်သည့် အကျိုးဆက်က အရည်မရအဖတ်မရ ပေါက်ကရတွေ မမြင်မတွေ့ရသည်သာမက ဆဲသံဆိုသံကင်းကာ စက်ဆုတ်ဖွယ်ပုံတွေ တင်တာလည်း မမြင်ရပေ။ လူအများ ဝမ်းနည်းတာကိုပင် ဝမ်းသာအားရရေးကြတယ်လို့ ပြောသံကြားရတဲ့အခါ " အော် ဒီလို ပြောကြသတဲ့လား" ဆိုတာ သိရပြီး ကိုယ့်အကောင့်ထဲ ဒါမျိုးရေးသူတယောက်မှမရှိ၊ သိတောင်မသိ ၊ ဝမ်းနည်းစိတ်မကောင်း ဆုတောင်းကြတာသာ ဖတ်ရတာ တော်သေးတယ်လို့ တွေးမိရင်း ကိုယ့်အကောင့်ကို ကြံဖန်ဂုဏ်ယူလိုက်မိသေးသည်။
လူမှုကွန်ယက်က တဆင့် မိန်းကလေးတွေကို ချစ်ကြိုက်ယောင်ဆောင်ပြီး လိမ်လည်လည့်ဖျားသည့် အမှုတွေနှင့် လူမှုကွန်ယက်ကနေ ချိန်းခြောက်နေသည့် အမှုတွေ များပြားလာလေသည်။ အလှအပဆိုတာကို လူတိုင်းကြိုက်တာမှန်ပေမယ့် တကယ်လှတာလား အတု အစစ်လားဆိုတာ ခွဲခြားသိမြင်နိုင်ကြပါစေ ဆုတောင်းမိသည်။
အဆိုးဆုံးက နိုင်ငံ့ခေါင်းဆောင်တွေကို မတန်မရာ သူတို့နဲ့ တန်းတူထားပြီး အရပ်ထဲ ရပ်ဖြစ်သလို ဆဲကြဆိုကြတာမှာ အကောင့်အတုတွေ များလှသည်။ ကိုယ့်အကောင့်မှာ ဆဲသူမရှိတာတောင်မှ သတင်းစာမျက်နှာတွေရဲ့ သတင်းအောက်က ကောမန့်တွေမှာ မြင်မကောင်းအောင် ဆဲဆို တိုင်းထွာ ရေးကြတာ စိတ်ပျက်စရာမြင်ရသည်။ သည်အကောင့်ဟာ မည်သူမည်ဝါဆိုတာ ဘယ်သူမှ မသိရင်တောင်မှ ကာယကံရှင်ကိုယ်တိုင်တော့ သိမှာပဲမဟုတ်လား ကိုယ့်ကိုယ်ကို ရှက်သင့်သည်။ သတင်းမီဒီယာတွေကလည်း အဆဲအဆိုတွေကို မဖျက်ပဲ ထားကြသည်။ ကြည့်ရသည်မှာ ညစ်ပေနေသည့် ပတ်ဝန်းကျင်ကြီးတခုလို ဖြစ်နေသည်။ ဆဲနေတာ တိုင်းထွာနေတာကို ဖြုတ်၊ အကောင့်တွေကို လက်မခံ ဆိုကာ ညီညီညာညာ ဝိုင်းကျဉ်ကြက အလှကြိုက်သည့်လူတွေ အတွက် လှပတဲ့ ပတ်ဝန်းကျင် ဖြစ်လာမှာပင်၊ အပေါ်ယံအလှကိုမကြည့်ပဲ သဘာဝအလှကိုကြည့်ကာ သာယာအေးချမ်းသည့် ပတ်ဝန်းကျင်ကို ထုဆစ်ကြပါစို့။
ခိုင်ခိုင်စောလွင်

No comments:

Post a Comment