May 14, 2017

" နေထွက်ချိန်မှာ နေဝင်သည်" ၁၅ရက် မေလ ၂၀၁၇ခုနှစ် ဒီလှိုင်းစာစောင် အတွဲ(၆) အမှတ်(၁၈)မှ


ပဲခူးမှာ လူငယ်တွေ အုပ်စုဖွဲ့ ဆိုးသွမ်းပြီး အကြောင်းမဲ့ တုတ်ဖြင့်ရိုက် ဒါးဖြင့်ထိုးတဲ့အတွက် လူ(၆)ယောက် ဒဏ်ရာရပြီး လူတစ်ယောက် သေဆုံးသွားတယ်ဆိုတဲ့ သတင်းဖတ်ရတာ ကြောက်ခမန်းလိလိ၊ ကြောက်တယ်ဆိုတာ သူတို့ကို ကြောက်တာမဟုတ်၊ ကျူးလွန်သူတွေရဲ့ စိတ်ဓါတ်၊ အင်မတန်ကြောက်စရာ ကောင်းတဲ့ စိတ်ဓါတ်တွေ ဖြစ်နေပါလား အတွေးနယ်ချဲ့မိသည်။ စခန်းမှုးက သတင်းထောက်တွေကို ပြောပြချက်က ပိုလို့ပင် မျက်လုံးပြူးစရာ၊
"ယင်းဖြစ်စဉ်နှင့် ပတ်သက်ပြီး ပဲခူးမြို့မ ရဲစခန်းမှူးက “ဥဿာမြို့သစ်ဆိုင်တစ်ဆိုင်မှာ ထန်းရည်သောက်ပြီး လိပ်ပြာကန်မှာ အတွဲချောင်းမယ်၊ ပြဿနာရှာမယ်ဆိုပြီး လာကြတာ။ ဆိုင်ကယ်တစ်စီးက သူတို့ကို ၀င်တိုက်မလိုလုပ်လို့ ပြဿနာတက်ပြီး စဖြစ်တာလို့ သိရတယ်။ အုပ်စုဖွဲ့ပြီး ဆူပူအောင် နောက်ကမြှောက်ပေးတဲ့အဖွဲ့ မရှိပါဘူး။ ကျွန်တော်တို့ လိုက်ဖမ်းတော့ ချက်ချင်းမိတယ်။ အိပ်နေလို့ နှိုးပြီးဖမ်းရတယ်။ သူတို့က ဒီလောက်အထိ ဖြစ်မယ်လို့ ထင်မထားဘူး” ဟု ပြောကြား သည်။"တဲ့
လမ်းမပေါ်မှာ တွေ့ရာမြင်ရာ လူတွေကို ဘာရန်ညှိုးရန်စမှ မရှိပါပဲ အသားလွတ် ရိုက်နှက်၊ဒါးနဲ့ခုတ်၊ ထိတ်လန့်စွာ ထွက်ပြေးသွားတဲ့ လူတွေရဲ့ ကျန်နေတဲ့ ဆိုင်ကယ်တွေကို မီးတင်ရှို့ကြတဲ့ ရက်စက်တဲ့ စိတ်ဓါတ်တွေနဲ့ ဒီလောက် ကမ်းကုန်အောင် ဆိုးသွမ်းပြုမှုခဲ့ပြီး ဘာမှ မဖြစ်သလို စိတ်အေးလက်အေး အိပ်နေနိုင်ပြီး ဘာမှ ဖြစ်လောက်တဲ့ ကိစ္စမဟုတ်လောက်ဘူးလို့ အတွေးရှိတဲ့ လူငယ်တွေရဲ့ စိတ်ဓါတ်ဟာ ကြောက်စရာ စိုးရိမ်ရေမှတ် အမြင့်ဆုံးကို ရောက်နေပြီလို့ မြင်သည်။ ဖမ်းမိတဲ့ လူငယ်ကလေးတွေ ကြည့်လိုက်တော့ အသက်(၂၀)ဝန်းကျင်တွေ၊ တက်သစ်စလူငယ်တွေမှာ စဉ်းစားချင့်ချိန်ညဏ်၊ ဝေဖန်ပိုင်းခြားဉာဏ်နဲ့ တွေးခေါ်မြော်မြင်မှုတွေ ပျောက်ဆုံးနေတာ ထင်းထင်းကြီးမြင်နေရသည်။ သူတို့တွေ စာသင်ကျောင်းတွေနဲ့ ဝေးကွာခဲ့ကြသလား ၊
အဲဒီမတိုင်ခင် တပတ်ခန့်က လှုမှုကွန်ယက်မှာ ဖတ်လိုက်ရတဲ့ အဖြစ်အပျက်တခုကို သတိရလိုက်မိသည်။ မြို့နာမည် သေချာမမှတ်မိတော့၊ နယ်မြို့တမြို့မှာပဲ ဖြစ်သည်။ အသက်(၁၅)နှစ် (၁၆)နှစ် အရွယ် အုပ်စုလိုက် ရပ်ကွက်ထဲမှာ သောင်းကျန်းကြသည်တဲ့၊ သူတို့လက်ထဲမှာ ဒါး၊တုတ်တွေနဲ့ ပုဆိန်ပါပါသည်တဲ့၊ တွေ့ရာမြင်ရာ လိုက်ခုတ်ပြီး တချို့အိမ်မှန်တွေကို ပုဆိန်နှင့် ပေါက်သွားသည်တဲ့၊ ဖမ်းမိတော့ ပျော်လို့ လုပ်တာလို့ ဆိုသည်တဲ့၊ မှတ်ချက်တွေမှာ ရေးတာတခုက သူတို့ပျော်နည်းမျိုးနဲ့ လူငယ်တွေအားလုံး ပျော်ကြရင်ဖြင့် တနိုင်ငံလုံး မသာပေါ်ကုန်ကြတော့မှာပဲတဲ့။
လူငယ်တွေ ထင်တိုင်းကြဲ ဆိုးသွမ်း သတ်ချင်ဖြတ်ချင် ရိုက်ချင်နှက်ချင် ဖြစ်နေကြတဲ့ အမှုတွေ စိပ်လာလို့ စိုးရိမ်စွာပဲဒီအပတ်မှာ ဒီအကြောင်းနဲ့ ပတ်သက်ပြီး စာရေးမယ်ဆိုကာ သိမ်းဆည်းထားတဲ့ သတင်းအချက်အလက်အချို့ကို စာရေးနေရင်း ပြန်အရှာ လူမှုကွန်ယက်မှာ တခဏချင်း တက်လာတဲ့ သတင်းတပုဒ်ကို ဖတ်လိုက်ရတော့ စိတ်လက်မသက်မသာ ဖြစ်ရပြန်လေသည်။
"နေအိမ်၊ ဆိုင်ခန်းနှင့် ကားမှန်များအား ခဲဖြင့် လိုက်လံထုနေသည့် အရွယ်မရောက်သေး သူများကို ရဲစခန်းသို့ ခေါ်ယူပြီး အုပ်ထိန်းသူများထံ ပြန်လည် အပ်နှံ"တဲ့၊
ဖြစ်တာ ကချင်ပြည်နယ် ဗန်းမော်မှာတဲ့၊ သတင်းမှာ ဖတ်ရတာက
" ဖြစ်စဉ်မှာ ဗန်းမော်မြို့အတွင်း ခဲများဖြင့်ပစ်ပေါက်ခံနေရကြောင်း သတင်းအရ ရဲတပ်ဖွဲ့ဝင်များက စုံစမ်းဆောင်ရွက်နေစဉ် မေ ၅ ရက် ည ၉ နာရီခန့်က အရွယ်မရောက် သေးသူလူငယ်ခြောက်ဦးသည် ဆိုင်ကယ်နှစ်စီးဖြင့် ဂေါ်ရာကန်ထိပ်ထီ ဆိုင်မှမှန်များ၊ ခွန်သာရပ်ကွက် မင်းကုန်းရပ်ကွက် ပလောင်တန်းဈေး ဆိုင်ခန်းများနှင့် အိမ်အမိုးများ၊ မြို့မရပ်ကွက် တရုတ်ဘုံကျောင်းရှေ့ရှိ ကားမှန်အား ခဲဖြင့်ထုပြီး သိမ်မဟာ ဘုရားဝင်းအတွင်းသို့ရောက်ရှိနေစဉ် ဖမ်းဆီးထိန်းသိမ်းရမိခဲ့သည်" တဲ့
အဲဒီမှာ လူငယ်လေးတွေက အသက်(၁၅)နှစ်အရွယ် (၃)ယောက်( ကျောင်းမနေ)တဲ့၊ အသက်(၁၄)နှစ်က (၂)ယောက် ကျောင်းမနေ၊ အသက်(၁၃)နှစ်တယောက်က ဆဌမတန်းတက် တဲ့ စုစုပေါင်း(၆) ယောက်၊ အရွယ်မရောက်သေးတဲ့ အတွက် မိဘအုပ်ထိန်းသူထံ ပြန်အပ်နှံလိုက်တဲ့ သတင်း။
ဒီအရွယ်တွေက စာသင်ခန်းထဲရောက်နေပြီး ကိုယ်နဲ့ရွယ်တူတွေနဲ့ ပျော်ပျော်ရွှင်ရွှင် အေးအေးချမ်းချမ်း နေရမယ့်အရွယ် ၊ စာသင်ခန်းမှာ ဆရာ/ ဆရာမတွေရဲ့ ဆုံးမသွန်သင်မှုကို နာခံရင်း အတန်းပညာကို သင်ယူကာ ဘဝရဲ့ ရည်မှန်းချက်တွေ စိတ်ကူးတွေ ဖြိုးဖြိုးဖျတ်ဖျတ် ကွန့်မြူးနေရမည့်အချိန်၊ ဘဝကို ဘယ်လိုဖြတ်သန်းကြမလဲဆိုတာ တွေးတောင်မတွေးပဲ စိတ်ကူးနဲ့ ရှေ့ကိုသာတိုးပြီး အားတက်သရော ကြိုးစားနေချင်ကြရှာတဲ့ အရွယ်တွေမှာ ကျောင်းမနေကြပါတဲ့၊ ကျောင်းမနေမှတော့ လုပ်ချင်တာတွေ လုပ်ကုန်ကြပြီး အကျိုးနဲကြချေပြီ။
၁၉၇၀- ၁၉၈၀ ကြား ဖြတ်သန်းခဲ့ဖူးသည့် သူတွေ ပြန်လည် မှတ်မိကြမည်ထင်သည်။ ယခုအချိန်ဆို အသက်(၅၀)နှင့် (၆၀) ဝန်းကျင် အရွယ် ရှိသူများ ကောင်းကောင်းမီခဲ့ကြသည့် " လမ်းသရဲ" တခေတ် ရှိခဲ့ဖူးပါသည်။ လမ်းဆုံ လမ်းခွတွေမှာ ညဖက်မှ ထွက်ပြီး လမ်းသွားလမ်းလာတွေကို နှောင့်ယှက် ရန်စ ၊ မိန်းကလေးတွေကို မထီတရီ နှောင့်ယှက်ကြသည့် လူငယ်တချို့ ရှိခဲ့သည်။ သူတို့က ကျောင်းလဲ မနေကြ၊ ဆံပင်အရှည်တွေနှင့် ညဖက်ကျမှ ထွက်ပြီး သောင်းကျန်းသည့်အတွက် " လမ်းသရဲ" ခေါ်ဟန်တူသည်။ ထိုခေတ်ထိုအခါက ဆံပင်ရှည်ထားသည့် ခေတ်ဖြစ်ရာ မိဘတွေက ဆံပင်ရှည်ထားသည့် သားတွေကို လမ်းသရဲနှင့် မှားမှာဆိုး၍ ဆံပင်ညှပ်ခိုင်းရတာ မိဘနဲ့ သားသမီးကြား ပြဿနာတခုပင် ဖြစ်ခဲ့သည်။ အဆိုတော် ဘိုဘိုဟန် ဆိုထားတဲ့ သီချင်းတပုဒ်မှာတောင် " ဆံပင်ရှည်ထားတိုင်း လမ်းသရဲ မထင်နဲ့" စာသားလေးပါတာ ရှိခဲ့သည်။ လမ်းထိပ် အုတ်ခုံတွေမှာ လမ်းဆုံလမ်းခွမှာ ဂစ်တာတဒေါင်ဒေါင် တီးကြသည့် အနုပညာဝါသနာပါသည့် လူငယ်တွေတောင် လမ်းသရဲတွေနှင့် မှားပြီး အထင်သေးခံတာမျိုး ကြုံကြဖူးသည်။
အဆိုပါ လမ်းသရဲတွေက အသားလွတ် ဓါတ်တိုင်က မီးလုံးတွေ ခွဲသည်။ အုတ်ခုံတွေ ရိုက်ချိုးသည်။ အုပ်စုဖွဲ့ပြီး ချိန်းရိုက်သည်။ သူတို့ကို ကြည့်မိသူကိုတောင် " ဘာကြည့်တာလဲ မိုက်လား" ဆိုကာ ထိုးနှက်တာမျိုး ရှိသည်တဲ့။ ညဖက် လမ်းမပေါ်မှာ အမျိုးကောင်းသားသမီးတွေ လူကြီးသူမတွေ အေးအေးချမ်းချမ်း သွားလာလို့မရပဲ တထိတ်ထိတ် တလန့်လန့် နေကြရသည်။ ရန်ပွဲတွေ သွေးသံရဲရဲတွေ မကြာခဏ ကြုံရ ကြားရသည်။ မိန်းကလေးတွေသာမက ယောင်္ကျားလေးတွေပါ တော်ရုံ ကိစ္စမရှိက ညဖက် အပြင်မထွက်ကြ၊ မိဘတွေက ပေးမထွက်၊ အကြောင်းရှိ၍ ထွက်ရပါက မိဘ ဦးကြီး ဒေါ်ကြီး မောင်နှမ အစုလိုက် အဖော်လုပ်ပြီး သွားကြရသည်။ တော်သေးတာက ထိုခေတ်ထိုအချိန်ကာလမှာ ယခုခေတ်လို ညကြီးမင်းကြီးအထိ အလုပ်လုပ်ရတာ၊ ကျူရှင်သွားရတာတွေ မရှိသေး၊ ဒီတော့ အပြင်မှာ ညအချိန်မတော် ရှိတာ လမ်းသရဲ လို့ အလိုလို သတ်မှတ်ကြတော့သည်။ ဒီတော့ ဒီလို လူတွေ ရှင်းသွားအောင် စီမံချက်ချပြီး အရေးယူလိုက်တာ လမ်းသရဲ မျိုးတုံးသွားတော့သည်။ တဖက်ကလည်း အသက်မပြည့်သည့်လူငယ်တွေပါက စာသင်ကျောင်းပို့နိုင်အောင် စီစဉ်ပေးရာ မြို့နယ်တိုင်းမှာ စေတနာညကျောင်းတွေဆိုတာ ပေါ်လာပြီး လမ်းပေါ်က လူငယ်အချို့ စာသင်ခန်းထဲ ပြန်ရောက်သွားတာ အမှတ်ရမိသည်။
ကျောင်းတံခါးတွေပိတ်ထားတာ ထောင်တံခါးတွေ ဖွင့်ထားတာနှင့် အတူတူလို့ ပြောလာကြတယ် မဟုတ်ပါလား၊ ကျောင်းတွေ ဘယ်လောက်များအောင် ဖွင့်ဖွင့် ကျောင်းနေအရွယ်တွေ စာသင်ခန်းကို ရောက်မလာပဲ လမ်းပေါ်မှာ ရှိနေသ၍ ပိတ်နေတဲ့ ကျောင်းနှင့် ဘာများ ထူးပါအုန်းမလဲ၊ ဒီကနေ့ လူငယ်တွေဟာ နောင်မှာ လူကြီးတွေ ဖြစ်လာကြမှာ ဖြစ်တဲ့အတွက် ဒီလို လူငယ်ကလေးတွေ ဒီလို ကြီးပြင်းလာကြရင်ဖြင့် သတင်းမှာ မှတ်ချက်ဝင်ရေးသလို တနိုင်ငံလုံးမသာပေါ်ရုံ ဘယ်ကမလဲ နိုင်ငံပါသေသွားပေတော့မည်။ မိဘ၊ ဆရာ၊ ပတ်ဝန်းကျင် အားလုံးကပါ တက်ညီလက်ညီ ဆောင်ရွက်ကြပြီး လမ်းပေါ်ကလူငယ်တွေနဲ့ အကြောင်းကြောင်းကြောင့် စာသင်ခန်းကနေ လမ်းပေါ်ဆင်းသွားတဲ့ လူငယ်တွေအတွက် စိတ်ပိုင်းဆိုင်ရာနဲ့ ရုပ်ပိုင်းဆိုင်ရာတွေ ပြုပြင်ပြောင်းလဲ နိုင်ဖို့ ဝိုင်းဝန်းလုပ်ဆောင်ပေးဖို့ လိုအပ်နေပေပြီ။

No comments:

Post a Comment