July 24, 2017

" ရောင်စုံတွေကြား စုန်ကာဆန်ကာ"၂၄ရက် ဇူလိုင် ၂၀၁၇ခုနှစ် ဒီလှိုင်းစာစောင် အတွဲ(၆) အမှတ်( ၂၈) မှ


" ထိုင်းရောက်မြန်မာရွှေ့ပြောင်း အရေးကိစ္စများစွာထဲကမှ လတ်တလော ကိစ္စမှာ နေထိုင်ခွင့် ဗီဇာ ပြည့်နေသည့် အလုပ်သမားတွေ အရေးဖြစ်သည်။ အလုပ်သမားတွေ ကိုင်ဆောင်သည့် အထောက်အထားအမျိုးမျိုး ကွာခြားပုံကို စာရေးသူ ရေးသားခဲ့ဖူးသည့်အတွက် ထိုအကြောင်းကို မပြောလိုတော့ပါ။ အထောက်အထားမဲ့ မြန်မာတွေအတွက် ပန်းရောင်ကဒ်ဟု ခေါ်သည့် လက်မှတ်ထုတ်ပေးစဉ်ကလည်း တကြိမ် ရေးခဲ့ဖူးပါသေးသည်။ ယခုဆိုသော် ထိုင်းစစ်အစိုးရ တက်စဉ်ကမှ စတင်ထုတ်ပေးခဲ့သည့် ထိုပန်းရောင်ကဒ်မှာပင် သက်တမ်းတိုးတာပင် သုံးကြိမ်တိုင် နေချေပြီ။ ယာယီပတ်စ်ပို့ ခေါ် ခရမ်းရောင်စာအုပ်၊ MOU ဖြင့် လာရောက်အလုပ်လုပ်သည့် အလုပ်သမားတွေ ကိုင်သည့် အလုပ်သမားတွေ အခေါ် စာအုပ်ကြီး အနီရောင် စာအုပ် စသဖြင့် မျိုးစုံထဲကမှ ယာယီပတ်စ်ပို့တွေ နေထိုင်ခွင့် ကုန်ဆုံးတော့မည် ဖြစ်၍ ပတ်စ်ပို့အကြီး ပြောင်းဖို့၊ ပန်းရောင်ကဒ် ကိုင်သူများကို ပတ်စ်ပို့အကြီး လုပ်ပေးဖို့ ၂၀၁၅ခုနှစ်မတိုင်ခင်ကတည်းက မြန်မာအစိုးရကို ထိုင်းအစိုးရက အကြိမ်ကြိမ် အကြောင်းပါသော်လည်း အကြောင်းမထူးသဖြင့် ယခုသော် ထိုင်းအစိုးရက ပန်းရောင်ကဒ်ကိုင်သူတွေကို နေထိုင်ခွင့် ထပ်တိုးပေးမည်၊ ယာယီပတ်စ်ပို့( ခရမ်းရောင်စာအုပ်) သက်တန်းကုန်သူတွေ၊ သက်တမ်း ထပ်မတိုးသူတွေ အဖို့မူ မြန်မာပြည်ပြန် ပတ်စ်ပို့လုပ်ကာ MOU စနစ်ဖြင့် ပြန်လာဖို့ ပြောလေပြီ၊ အကယ်၍ သက်တမ်းမတိုးပါက စာအုပ်မှာ ပျက်ပျယ်ပြီး ပန်းရောင်ကဒ်တမျိုးတည်းသာ ထုတ်ပေးမှာ ဖြစ်ပြီး အဆိုပါ ထိုင်းအစိုးရဘက်က ထုတ်ပေးသည့် ပန်းရောင်ကဒ်ဖြင့် အလုပ်လုပ်ဖို့ပဲ ဖြစ်သည်။"
ဒါက လွန်ခဲ့တဲ့ တနှစ်ခန့် (၂၀၁၆ခုနှစ် မတ်လ(၄)ရက် ဒီလှိုင်းစာစောင် အတွဲ(၅) အမှတ်(၁၁) မှာ ရေးခဲ့တာပါ။ တနှစ်ကျော်ကြာလာပြီး ယခုတဖန် ဒီအကြောင်းပဲ ပြန်ကြုံကြရပြန်လေပြီ။ ပြီးခဲ့သည့် တပတ်ကျော်က အဖမ်းအဆီးတွေကြောင့် ထိုင်းနိုင်ငံက ရွှေ့ပြောင်းအလုပ်သမားတွေ အထူးသဖြင့် မြန်မာပြည်သားတွေ နေရပ်ပြန်ကြတဲ့ အကြောင်းနဲ့ ထိုင်းအစိုးရဘက်က အဖမ်းအဆီးရပ်မှပဲ မြန်မာအလုပ်သမားတွေအဖို့ သက်သာရာရမယ့်အကြောင်း ရေးခဲ့ပါသေးသည်။
ဇူလိုင်လ(၄)ရက်မှာ ၂၀၁၇ခုနှစ် ဇွန်လ(၂၀)ရက်နေ့က ထုတ်ပြန်လိုက်သည့် အလုပ်သမားဥပဒေကို ခေတ္တဆိုင်းငံ့ထားလိုက်သည့် သတင်းထွက်လာပါသည်။ ဆိုင်းငံ့ကာလမှာ ၂၀၁၇ ဇူလိုင် ၂၃ ရက်မှ ၂၀၁၈ ဇန်နဝါရီ ၁ ရက်အထိ ခြောက်လကြာမြင့်မည် ဖြစ်သည်။ ပထမတော့ ထိုခြောက်လအတွင်း မြန်မာပြည်ကိုပြန် ပတ်စ်ပို့လုပ်ပြီး MOU နဲ့ ပြန်လာ လို့ ဆိုတာဖြစ်သည်။ တကယ်တန်းကျ မလွယ်လှတာလည်း ထိုင်းအစိုးရက သိပုံရသည်။ ပတ်စ်ပို့လုပ်ဖို့ မှတ်ပုံတင်မရှိသူ၊ သန်းခေါင်စာရင်း မရှိသူတွေ များသည်။ တကယ်တော့ ခေတ်အဆက်ဆက် စနစ်မကျခဲ့တဲ့ ဇစ်မြစ်ကစသည်။ ထိုင်းလူမျိုး မိတ်ဆွေတယောက်က မေးဖူးသည်။ မြန်မာတွေက မွေးပြီးတာနဲ့ အိမ်ထောင်စုစာရင်း မသွင်းဘူးလား၊ မှတ်ပုံတင်က နိုင်ငံသားတယောက်အတွက် အရေးကြီးတာ မသိဘူးလား ဘာလို့ မလုပ်သလဲ တဲ့၊ သူတို့နဲ့ မြန်မာတွေက ဖြတ်သန်းလာရတဲ့ အခြေအနေက တကယ်ကိုမတူပါ။ မြန်မာပြည်မှာက ယခုတိုင် မပြီးဆုံးနိုင်သည့် ပြည်တွင်းစစ်တွေ တိုက်ပွဲတွေ ရှိသည်။ နယ်စပ်ဒေသက တိုင်းရင်းသားတွေဆီ အစိုးရဝန်ထမ်းတွေ အရောက်အပေါက်နည်းလှသည်။ ကိုယ့်ရွာထဲ ကိုယ့်ဘာသာနေ တိုက်ပွဲဖြစ်တော့ ထွက်ပြေး၊ ရွာပျောက်သွားလို့ နောက်တရွာတည်နေကြ၊ ဘယ်မှာလဲ သန်ခေါင်စာရင်းနဲ့ မှတ်ပုံတင် ၊ ထိုသို့သော တိုင်းရင်းသားတွေ အများအပြား တဖက်နိုင်ငံကို တရားမဝင်ဝင်ရောက် အလုပ်လုပ်ကြတာ သန်းနဲ့တောင်ချီ ရှိနေပြီ။
အစကတည်းက ဆုံးနေပြီ၊ ဘယ်လို ပတ်စ်ပို့ လုပ်မည်နည်း။ အခုတော့ ထိုင်းအစိုးရဘက်က သတင်းတပုဒ် ထပ်ထုတ်လာသည်။ ဂျူလိုင်လ ၂၄ ရက်နေ့မှ သြဂုတ်လ ၁၀ရက်နေ့ထိ (၁၅)ရက်အတွင်း အထောက်အထား ထုတ်ပေးမည်တဲ့၊ တော်တော့်ကို အဆင်ပြေအောင် လိုက်လုပ်ပေးနေပေမယ့် အဆင်မပြေနိုင်အောင် အခြေအနေတွေကလည်း အများသား ။ ယခု (၁၅) ရက်အတွင်း ထုတ်ပေးမှာက နေထိုင်ခွင့် ပန်းရောင်ကဒ် ဖြစ်သည်။ အဆိုပါ ပန်းရောင်ကဒ်ကို အလုပ်ရှင်ကိုယ်တိုင် တပါထဲ လိုက်ပါကာ လုပ်ရမည်။ ဒါအလွန်ကောင်းပါသည်။ အေးဂျင့်တို့ ပွဲစားတို့နဲ့လုပ်သလို အလုပ်ရှင်နာမည်က သူတို့ ငှားရမ်းထားသည့် နာမည်ခံသူဌေးကိုထည့်၊ အလုပ်နေရာ နဲ့ အလုပ်တွေ လွဲချော်မှု တွေဖြစ်ကြရာ အခုအဲဒါမျိုး မရှိတော့ပဲ ကိုယ့်အလုပ်ရှင်နဲ့ အလုပ်နေရာ မှန်မှန်ကန်ကန် ဖြစ်ပြီဆိုတော့ အဆင်ပြေသည်။ သွှိုမဟုတ်က( မတူပါက)အလုပ်ရှင်ရော အလုပ်သမားပါ ဒဏ်ငွေ ဘတ်(၄)သိန်းတဲ့ ၊ သို့သော် ဒါက တခဏအတွက်သာ၊ အထောက်အထားလေးနဲ့ နေလို့ရသည့် လတ်တလော အခြေအနေ၊ ဒီပန်းရောင်ကဒ် ရပြီးက မြန်မာအစိုးရဘက်က တာဝန်ရှိသူတွေ လာရောက်လုပ်ကိုင်ပေးမည့် CI (certificate of identification) မည်သူမည်ဝါဖြစ်ကြောင်း အထောက်အထားလက်မှတ် ( အစိမ်းရောင်စာအုပ်) တနည်းအားဖြင့် မြန်မာပြည်သား ဖြစ်ကြောင်း သက်သေခံလက်မှတ် ကို ယူကာ ပတ်စ်ပို့ပြန်လုပ်ကြဖို့ဖြစ်သည်တဲ့။
၂၀၁၈ခုနှစ် မတ်လအထိ အကြုံးဝင်သည်ဆိုတော့ လတ်တလော နေလို့ ရသေးသည့်သဘော၊ အဆိုပါ CI မည်သူမည်ဝါ ဖြစ်ကြောင်း အထောက်အထားထုတ်ပေးဖို့ ထိုင်းအစိုးရနဲ့ မြန်မာအစိုးရတို့ အကြိမ်ကြိမ် ညှိနှိုင်းပြောဆိုခဲ့ပြီးနောက် မြန်မာဘက်က လုပ်ပေးနေတာလည်း ကာလကြာပါပြီ။ မိတ်ဆွေတယောက် ပြောသလို အလုပ်သမားတွေက သန်းနဲ့ချီရှိနေတာ သိရက်နဲ့ လာလုပ်ပေးတဲ့ မြန်မာအစိုးရက ဆယ်ဂဏန်းသာ၊ ဘယ်တော့မှ မဆုံးနိုင်တဲ့ ဇာတ်လမ်းတပုဒ်လို ဖြစ်နေတော့မှာလားတဲ့
"ထိုင်းအစိုးရက ဥပဒေသစ်ကို ဆိုင်းငံ့ပေးထားသည့် ခြောက်လအတွင်း ထိုင်းရောက် တရားမ၀င်မြန်မာလုပ်သားအားလုံးကို မည်သူမည်ဝါဖြစ်ကြောင်း ထောက်ခံချက်(CI)လက်မှတ်များ အပြီးထုတ်ပေး နိုင်ရန် ဆောင်ရွက်မည်ဖြစ်ပြီး လက်ရှိတွင် ဖမ်းဆီးမှုများ မရှိတော့ ကြောင်း၊ ထိုင်းရောက်တရားမ၀င် မြန်မာလုပ်သားအားလုံးကို CI လက်မှတ် များအပြီးထုတ်ပေးရန် လက်ရှိထုတ်ပေးနေသည့် CI စခန်းခြောက်ခုကို စက်အင်အား၊ လူ အင်အားများ တိုးချဲ့၍ ဆောင် ရွက်ပေးမည်ဖြစ်ကြောင်း" သံအမတ်ကြီး ပြောတာကို သတင်းတပုဒ်မှာ ဖတ်လိုက်ရသည်။ တကယ်တော့ ဒါကလည်း ထိုင်းအစိုးရက အလုပ်သမားတွေကို ဖမ်းတဲ့အခါတိုင်း နှစ်စဉ် ဒီလို ဖြေနေကျပါပဲ၊
‘CI စခန်းကတော့ စခန်း တစ်ခုကို တစ်နေ့လူဦးရေ ၅၀၀ ထက်ပိုပြီး လုပ်မပေးနိုင်ဘူး။ ၅၀၀ ဆိုတာ တော်တော်လေးကို လုပ်ပေးရတယ်။ညအထိလုပ်ပေးရတယ်" လို့ မ ဟာချိုင်မြို့CI ထုတ်ပေးစခန်းတခုက လူတယောက် ပြောတာ ဖတ်လိုက်ရသည်။ မဲဆောက်၊ မယ်ဆိုင်၊ ရနောင်း၊ ဘန်ကောက်တို့မှာ စခန်းတစ်ခုစီနဲ့ မဟာချိုင်မှာ စခန်းနှစ်ခု စုစုပေါင်းစခန်းခြောက်ခု ဖွင့်ထားတယ်လို့ သိရလေသည်။
ထိုင်းအစိုးရက ရွှေ့ပြောင်းအလုပ်သမားတွေနဲ့ ပတ်သက်ပြီး တိတိကျကျကိုင်တွယ်ချင်သည့် သဘောရှိသည်။ သူ့နိုင်ငံမှာ မြန်မာ လာအို ကမ္ဘောဒီးယား အစရှိတဲ့ ရွှေ့ပြောင်းအလုပ်သမား မည်၍မည်မျှ ဘယ်နေရာတွေမှာ ဘယ်နှစ်ယောက်၊ ဘာအလုပ်တွေ လုပ်နေကြလဲ၊ အကြောင်းတစုံတရှိက အချက်အလက်ကို ဖတ်ကနဲ ရှာလို့လွယ်အောင် တိကျချင်ပုံရသည်။ မတိမကျ စာရင်းမရှိအင်းမရှိ ကြုံသလို ဖြတ်သန်းခဲ့ကြရသည့် မြန်မာတွေနဲ့ကျ မလွယ်ရေးချမလွယ် ဖြစ်နေရသည်။ ယခုနောက်ပိုင်း မြန်မာဘက်က လုပ်ပေးချင်လာသော်လည်း ကွှမ်းကျင်မှုနှင့် စနစ်မကျတာတွေ ကြောင့် ပိုလို့ပင် ကြာနေတော့တာဖြစ်သည်။
လတ်တလောတော့ ငြိမ်သွားပေပြီ။ မြန်မာအလုပ်သမား သောင်းဂဏန်းကျော် နေရပ်ပြန်သွားတာ ထိုင်းအစိုးရအဖို့ အနည်းငယ် လှုပ်လှုပ်ရှားရှားဖြစ်သွားရသည်။ ထိုင်းစစ်ကောင်စီ တက်လာကာစမှာ ယခုလို အဖမ်းအဆီးတွေ စဖြစ်တာမှာ ကမ္ဘောဒီးယားအလုပ်သမားတွေကို သူတို့ အစိုးရက နယ်စပ်ကစောင့်ကြိုပြီး ခေါ်သွားပြီး ကမ္ဘာ့မီဒီယာတွေမှာ အုတ်အော်သောင်းတင်း သတင်းတွေ ပါလာပြီးနောက်ပိုင်း ဒါက မြန်မာအလုပ်သမားတွေ အစုလိုက်ပြန်ကြတာ ဒုတိယအကြိမ်ထပ်ဖြစ်တာ ဖြစ်လေသည်။ ဒီတခေါက် အဖမ်းအဆီးခံရတာမှာ မြန်မာအလုပ်သမားတွေအများဆုံးလည်း ဖြစ်သည်။
ပန်းရောင် အလုပ်သမားကဒ်၊ ခရမ်းရောင် ယာယီနိုင်ငံကူးလက်မှတ်၊ မည်သူမည်ဝါဖြစ်ကြောင်း ထုတ်ပေးထားသည့် အစိမ်းရောင်စာအုပ်၊ MOU ဖြင့် တရားဝင်လာရောက်သည့် နိုင်ငံကူးလက်မှတ်အနီရောင်စာအုပ်၊ ရှိသေးသည် အပြာရောင် ဝပ်ပါမစ်စာအုပ် အဆိုပါ စာအုပ်တွေကို လည်ပင်းမှာ၊ ခါးမှာ သီကုံးကာ အလုပ်လုပ်နေကြသည့် ပုံတွေ လူမှုကွန်ယက်တွေကတဆင့် ဘန်ကောက်ပို့စ်အထိ ရောက်လာသည်။
ဖတ်ခဲ့ဖူးသည့် ကာတွန်းတကွက်ကို မြင်ယောင်မိသည်။
လူလေးယောက် မတ်တတ်ရပ်နေသည်။ သူတို့ အရှေ့မှာ ပိန်ကပ်ပြီး အရိုးပေါ်အရေတင်နေသည့် လူတယောက်က ကြမ်းပြင်မှာ လေးဘက်တွားသွားနေသည်။ ခေါင်းမှာလည်း ဘုတွေ ထွက်နေပြီး ပါးစပ်က ဟစိ ဟစိ ဖြစ်နေပြီ။ အဲဒီလူ့ကို စာတန်းထိုးတာက ထိုင်းရောက် မြန်မာအလုပ်သမားတဲ့၊ ရပ်နေသည့် လူလေးယောက်ထဲက နှစ်ယောက်ရဲ့ လက်ထဲမှာ ဆူးတွေပါသည့် တင်းပုတ်လို လက်နက်ဖြင့် အဆိုပါ ထိုင်းရောက် အလုပ်သမားကို ရိုက်ပုတ်ထားဟန် ရေးဆွဲထားသည်။ အဆိုပါ ရပ်နေတဲ့ လူတွေရဲ့ နာမည်တွေကတော့ အထောက်အထားခဏခဏလုပ်ရတဲ့ အလုပ်သမားကဒ်ဘိုး၊ passport ကြေး၊ work permit ကြေး၊ ရက်(၉၀) တုံးထုခ တဲ့၊ တယောက်က "အဲဒီကောင် သွားနေတုန်းပဲ"လို့ ဆိုနေပြီး အခြားတယောက်က အခြေအနေကောင်းတယ်ဟုတ် တဲ့။
လတ်တလောတော့ မြန်မာအလုပ်သမားတွေအဖို့ အဖမ်းအဆီးခံရမယ့် စိုးရိမ်စိတ်တွေ မရှိတော့ပဲ ခါတိုင်းနှစ်တွေလို ဆေးမြီးတိုလေး ရပြန်ကာ ယက်ကန်ယက်ကန် သွားကြရပြန်အုန်းမှာပေါ့။
ခိုင်ခိုင်စောလွင်

No comments:

Post a Comment