April 30, 2017

" တူယှဉ်ကာတွဲလို့သာ"၁ရက် မေ ၂၀၁၇ခုနှစ်၊ အတွဲ(၆) အမှတ်(၁၆)


တလခွဲ စာရေးနားပါမယ့်အကြောင်း တာဝန်ခံ အယ်ဒီတာထံ မေးလ်ပို့ အကြောင်းကြားခဲ့ပြီး တကယ်တန်းကျ (၃)လ ကြာမှ စာပြန်ရေးဖြစ်လေသည်။ ဆရာဝန်ပြောသည့် တလခွဲ ဆိုတာ ခွဲစိတ်ပြီး ကျောက်ပတ်တီးကိုင်ထားတာကို ဖြည်မည့် အချိန် ဖြစ်လေသည်။ ကျောက်ပတ်တီးကိုင်ထားသည့် လက်ကို ဖြည်ပြီးသည့်နောက် လက်မှာ ပုံသွင်းထားသည့် အတိုင်း ထောင်ထောင်လေး ဖြစ်နေသည်။ ဒါကို ပုံမှန် အခြေအနေ ရောက်အောင် လေ့ကျင့်ခန်း ပြန်ယူရတာမှာ အချိန်အတော်ယူရလေသည်။ ယခုစာပြန်ရေးနေချိန်မှာပင် လက်က အရှင်းကောင်းနေသေးတာ မဟုတ်သေး။ နေ့စဉ် လေ့ကျင့်ခန်း ယူနေရသေးသည်။
Therapy အခန်းမှာ လေ့ကျင့်ခန်း ယူရင်း ရက်မှ လ ရောက်သည်အထိ အတန်ကြာလာကာ တော်တော်နှင့် မပျောက်သည့် အတွက် စိတ်ပူပြီး ခွဲစိတ်ဆရာဝန်ထံ ပြန်လည် ပြသည့်အခါ ခွဲစိတ်ထားတာ အားလုံးကောင်းကြောင်းနှင့် ပြန်လည်ကုသရေး အခန်းက လက်ချောင်းတွေကို လေ့ကျင့်ခန်း ဘယ်လိုလုပ်ရမယ်ဆိုတာ ပြောပြ လုပ်ပြမှာပဲ ဖြစ်ပြီး မိမိကိုယ်တိုင် ကြိုးစား လုပ်ဆောင်ပါမှ အကောင်းပကတိ ပြန်ဖြစ်လာမှာ ဖြစ်ကြောင်း ရှင်းပြလေသည်။
လက်ကို မတော်တဆ ထိခိုက်မိရာက ခွဲစိတ်ကုသခံရပြီး လက်မလှုပ်ရသည့်အတွက် အလုပ်မယ်မယ်ရရ ဘာမှ မလုပ်ရပဲ လူမမာလို နားနေရသည့် အခိုက် ပုံမှန်လုပ်နေကျ အလုပ်တွေကို စိတ်ထဲက လိုက်လုပ်နေမိလေသည်။ ကြုံသမျှကို စာလုံးတွေနှင့် စီကာပတ်ကုံး မရေးရသည့်အခါ စိတ်ထဲကပဲ ရေးရင်း စာမူတွေ တပုဒ်ပြီးတပုဒ် ပေါ်လာပေမယ့် အများ ဖတ်ဖို့ ဂျာနယ် စာမျက်နှာပေါ် မပို့နိုင်ခဲ့။ လက်တဖက်ထဲဖြင့် ကွန်ပြူတာကို စမ်းရိုက်ရင်း ဆက်မရိုက်နိုင်ပဲ ထားလိုက်ရသည့် တဝက်တပျက် စာမူတွေက တပုံတပင်၊ နေကောင်းသည့်အခါ အဆိုပါ စာမူတွေက အချိန်နဲ့တပြေးညီ မဖြစ်၍ သုံးမရတော့ပေ။
ထိုအခြေအနေတွေကပင် လုပ်စရာရှိတာတွေ လုပ်နိုင်တုန်း လုပ်မှ ဆိုသည့် တွန်းအားကို ပိုရလာလေသည်။ ပတ်ဝန်းကျင်က မိတ်ဆွေများ၊ ကျောင်းသားလူငယ်များ နဲ့ သမီးလေးတွေ ကိုယ်တိုင်က လူထုခေါင်းဆောင်ရဲ့ မနားမနေ အလုပ်လုပ်နေတာတွေကို ကြည့်ပြီး" အန်တီစု အမေစု အသက်ကြီးပြီ၊ ပင်ပန်းလိုက်တာ အေးအေးဆေးဆေး နားနားနေနေ လုပ်ရင်ကောင်းမယ်" လို့ ပြည်ထောင်စုနေ့က ပင်လုံမှာ ကျင်းပသွားတဲ့ အခမ်းအနားတွေ၊ ပြည်တွင်းငြိမ်းချမ်းရေးအတွက် အားသွန်ခွန်စိုက် တွေ့ဆုံနေတဲ့ ခရီးစဉ်တွေ ကြည့်ပြီး ဂရုဏာများစွာနဲ့ ပြောကြတာ ကြားရတဲ့အခါ အသက်အရွယ်အရ လုပ်စရာရှိတာတွေ လုပ်နိုင်တုန်း ကြုံးလုပ်နေတာလို့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် တကြိမ်တခါမှ မဆုံမတွေ့ စကားမပြောဖူးပါပဲ သေချာတပ်အပ် ပြောပြမိလေသည်။ ကိုယ့်အသက်အရွယ်အရ ဒီလို စိတ်တွေ ဖြစ်လာသေးတာ တိုင်းပြည်ကို အင်မတန်ချစ်လှသည့် တိုင်းပြည်ကို အကောင်းဆုံးဖြစ်စေချင်သည့် ကိုယ့်မိခင်အရွယ် လူထုခေါင်းဆောင်အနေနှင့် ချွတ်ခြုံကျနေသည့် တိုင်းပြည်အတွက် လုပ်စရာရှိတာတွေ ရတဲ့ အချိန်အတွင်း လုပ်နိုင်သမျှ လုပ်နေတယ်ဆိုတာ တွေ့နေမြင်နေရင်း သဘောပေါက်ရတာပဲ ဖြစ်သည်။
နှစ်ပေါင်းများစွာ ချွတ်ခြုံကျနေသည့် တိုင်းပြည်ကို ကယ်တင်ဖို့ လုပ်ရတာ မလွယ်လှပါလား ဆိုတာ လက်ဒဏ်ရာ ကုရင်းက နှိုင်းယှဉ်တွေးနေမိခဲ့လေသည်။ တကယ်တန်း ခွဲစိတ်တာက လက်သန်းသေးသေးလေး၊ သို့သော် သူ့ကို လှုပ်မှာဆိုး၍ ဆိုကာ လက်ချောင်းငါးချောင်းလုံးကို ကျောက်ပတ်တီးစည်းထားလိုက်သည်။ ကျောက်ပတ်တီးစည်းပြီး တလခွဲကြာသော် ဖြည်ပြီးသည့်တိုင် လက်ငါးချောင်းစလုံး ပုံသွင်းထားသည့် အတိုင်း ထောင်ထောင်လေးနေနေကြသည်။ ပြန်လည်လေ့ကျင့်ရေး Therapy အခန်းမှာ တပတ်တရက် လေ့ကျင့်ခန်းယူ အိမ်မှာ နေ့စဉ် ကိုယ်တိုင် လုပ်ပါမှ အကောင်းပကတိအစည်းခံရသည့် လက်လေးချောင်းမှာ တဖြည်းဖြည်း ပြန်ဖြောင့်လာသည်။ အကြောနှင့် ပတ်သက်၍ စိတ်ရှည်ရသည်။ သီးခံရသည်။ အတွင်းဒဏ်ရာ ဖြစ်၍ ရှည်ကြာသည်။ ရော့ အင့် ကု၍ မပျောက်၊ ဆေးသောက်၍ မပျောက်၊ သက်သာယုံပဲ ရှိမည်။ ဘယ်သူကမှ လုပ်ပေး၍ မရ၊ ကိုယ်တိုင်ကြိုးစားမှ ရသည်။ လက်ကို ကြည့်ပြီး ကိုယ့်တိုင်းပြည်အရေးကို သတိရတယ်ဆိုတာ မုသားမဟုတ်။ အမှန်ပင်။ နှစ်ပေါင်းများစွာ ပုံသွင်းခံထားရသည့် ပြည်သူတွေမှာ ပြောင်းလဲချိန်တန်ပါပြီ ဆို၍ ပြောင်းလဲချင်သည့် စိတ်ဖြင့် ပြောင်းလဲခဲ့ကြပါသည်။ သို့သော် စိတ်မရှည်ကြ အချို့က ကန့်လန့်တိုက်ကြ၊ အချို့က ဘာမှမပြောင်းလဲပါလား မေးခွန်းထုတ်ကြ မြင်နေ ဖတ်နေ ကြားနေရသည်။
အပေါ်ယံ ရွှေမှုန်ကြဲသည့် ပြောင်းလဲခြင်းတွေကို လက်ခံခဲ့ရသည့် အကျင့်တွေ မပျောက်သေးပဲ ဘာမှ မပြောင်းလဲပါလား အတွေးတွေ လွှမ်းနေကြသည်။ ဒီနေရာမှာ မြန်မာလူမျိုးတွေ ပြောလေ့ရှိသည့် ဆိုရိုးစကားတခု အတိုင်း ပြောရပါက ကာယကံရှင်ထက် ဘေးလူကပိုမြင်တယ် ဆိုတာမျိုး ပြောရမည်ဟု ထင်သည်။ စာရေးသူတို့မှာ မြန်မာလူမျိုး မြန်မာပြည်သား စစ်စစ်ဖြစ်သော်လည်း အကြောင်းကြောင်းကြောင့် ဘေးအိမ်မှာ ခေတ္တနေနေရသည်။ ဘာ့ကြောင့် ရောက်သလဲ ဘာ့ကြောင့် မပြန်သလဲ ရေးက စာတပုဒ်စာမက ရှိပြန်တော့ ကြုံမှ ရေးပါအုန်းမည်။ အချိုပသောသူတွေက အဝေးကနေ ပြောနေတယ်၊ အဝေးကနေ ဘာသိလို့လဲ သူတို့က ဇိမ်ကျနေပြီးတော့ စသဖြင့် လှုမှုကွန်ယက်မှာ ရေးကြဝေဖန်ကြတာ ရှိသည်။ ဘယ်မှာနေနေ ကိုယ်လုပ်မှ ကိုယ်စားရတာပဲ ဖြစ်သည်။ တိုင်းချစ်ပြည်ချစ်စိတ်ကတော့ ဘယ်မှာနေနေ ပျောက်မသွားပါ။ ဘယ်မှာနေနေ ကိုယ့်လူမျိုး ကိုယ့်တိုင်းပြည်အတွက် တတ်အားသရွေ့ ရောက်သည့်နေရာမှာ လုပ်ပေးနေကြသူတွေ အများကြီးရှိနေပါသည်။
ဘေးအိမ်ကနေ ကိုယ့်အိမ်ကို လှမ်းကြည့် သည့်အခါ ပိုပြီး မြင်တာလေးတွေ ရှိလေသည်။ ပြီးခဲ့သည့် မတ်လထဲမှာ မိသားစုကိစ္စတခု ရှိ၍ ရန်ကုန်သို့ ပြန်ရောက်ပါသည်။ ယခင် ၂၀၁၅ခုနှစ်နိုဝင်ဘာလတုန်းက ရွေးကောက်ပွဲမှာ မဲပေးဖို့ ရောက်စဉ်ကနှင့် နှိုင်းယှဉ်ပြီး ပြောင်းလဲသွားပြီ လို့ နှုတ်က ပြောမိသည်။ လေဆိပ်အသစ်ကြီးက လူဝန်မှုကြီးကြပ်ရေးအရာရှိတွေ ဖော်ဖော်ရွေရွေ စကားပြောသည်။ ယခင်ကတော့ မျက်မှောင်တွေကြုတ်ပြီး တခုခုကို အလိုမကျသလို ဘာမှလည်း မပြောသည့် အမူအယာတွေ မရှိတော့ပဲ နှုတ်သွက်လျှာသွက် နှုတ်ဆက်စကား ဆိုလာပြီ။ စကားမှားလို့ ကြောက်ရတာ မရှိသည့် လက္ခဏာ၊ ရပ်ကွက်တွေ ဈေးတွေ ရောက်ပြန်တော့ ပြောင်းလဲသွားသည့် မျက်နှာတွေ တွေ့ရသည်။ ဒါကတော့ ကြောက်ရွံ့စိုးရိမ်နေသည့် မျက်နှာတွေ ဖြစ်မနေ။ ဒါကို ကာယကံရှင်တွေရော ကိုယ့်ကိုယ်ကို သိရဲ့လား တွေးမိသည်။ အရင်က လမ်းကူးလည်း ကြောက်ရ ရဲမြင် ကြောက်ရ၊ ယခုက မတရား လုပ်လို့မရ ဆိုသည့် ခံစားချက် ရှိလာဟန်တူသည်။ စိတ်ခံစားချက်က ရုပ်ကိုဟပ်နေတာလို့ ဆိုလိုက်ချင်သည်။ လူထုခေါင်းဆောင်ရဲ့ စကားထဲကလို" ပြည်သူကကြောက်နေရသည့် အစိုးရ" မဟုတ်တာ ပြည်သူတွေရဲ့ စိတ်ထဲမှာ အရိပ်ထင်နေတာဖြစ်မည်။
အတွင်းကျကျ ဖျက်ဆီးခံခဲ့ရသည့် တိုင်းပြည်ရဲ့ အတွင်းကြေရောဂါကို ရုတ်တရက် အပေါ်ယံကြော ပြောင်းလို့မရပါ။ တဖြည်းဖြည်း လေ့ကျင့်ပြီး ပြောင်းပေးပါမှ ပုံမှန်အခြေအနေ ရောက်မည်ဖြစ်သည်။ လောဘကြီး၍ မရပါ၊ အခြေခံက ပြောင်းလဲပါမှ ရေရှည် အကျိုးဖြစ်ထွန်းမည်။ အတွင်းရော အပြင်ပါဒဏ်ရာများစွာ ရရှိထားသည့် ပြည်သူတွေမှာ စိတ်ပိုင်းဆိုင်ရာ ပြောင်းလဲလာမှ အခြား ရုပ်ပိုင်းဆိုင်ရာတွေ အနောက်က တဟုန်ထိုး လိုက်ပါ ပြောင်းလဲလာပါလိမ့်မည်။ ကိုယ်တိုင်လည်း ကြိုးစားရမည်၊ ဘေးကနေ အတူ ကူညီပေးမည့် ၊ လမ်းကြောင်းဖြောင့်ဖြောင့်ပေါ် လျှောက်ရအောင် တွဲခေါ်ပေးမည့် ၊ ပြည်သူနဲ့အတူ ရှိမည့် အစိုးရနှင့် တူယှဉ်ကာသွားဖို့ ကတော့ အထူးလိုအပ်လှသည်။
ြုပုပြင်နေဆဲ ကုသနေဆဲကာလကတော့ စိတ်ရှည်ရမည်၊ ဆေးရုံက အခန်းလေးထဲမှာ လက်ကို ခေါက်လိုက် ဆန့်လိုက် လေ့ကျင့်ခန်းလုပ်ပေးသည့် အခါ အသဲခိုက်အောင် နာလွန်း၍ လုပ်ပေးသည့် ဆရာမကို ဖြတ်ကနဲ စိတ်တိုမိသည်။
" သူ့အသားမဟုတ်လို့ အတင်းလုပ်နေတာပဲ" လို့ အတွေးပေါ်မိသည်။ ထိုအချိန် အပြင်ခန်းက နိုင်ငံခြားသားတယောက်က သူ့မိတ်ဆွေဟု ထင်ရသည့် နာ၍ အော်နေသည့် လူနာကို ရယ်မော ပြောနေသည့် အသံကို ကြားလိုက်ရသည်။
" No pain No gain" တဲ့
ချက်ခြင်းဆိုသလို စိတ်ထဲလင်းလက်သွားသည်။ အနာခံမှအသာစံရမည် မြန်မာစကားပုံလို အခုအချိန် နာနာလေးလေ့ကျင့်ခန်းလုပ်မှ ပကတိအခြေအနေ အမြန်ဆုံး ပြန်ရောက်မည်ပေါ့။ အခန်းထဲ ပြန်ဝင်လာသည့် ဆရာမကို ပြုံးပြလိုက်သည်။ နိုင်ငံခြားသားကြီး ပြောလိုက်သည့် စကားကို လက်ခံတယ်လို့ ပြောလိုက်တော့ ဆရာမက လက်ချောင်းတွကို ပြန်ချိုးသည် ပြန်လှန်သည်။ ချိုးလိုက်လှန်လိုက် မျက်ရည်ထွက်မတတ် နာတာကို ကျော်ဖြတ်ဖို့ အားတင်းလိုက်သည်။ လက်တွေ ပြန်မကောင်းက ဘာမှ လုပ်လို့မရ၊ ကိုယ်ဖြစ်ချင်တာ ဖြစ်ဖို့ ကိုယ်လုပ်ချင်တာလုပ်ဖို့ အဲဒီအချိန်လေးကို အောင့်အည်းသည်းခံဖို့ ဆုံးဖြတ်ခဲ့လိုက်တာ ဖြစ်သည်။
ခိုင်ခိုင်စောလွင်

No comments:

Post a Comment