October 13, 2014

" ဝလုံးလေးမှဝိုင်းအောင် မရေးနိုင်ခင် " ပြည်သူ့အရေးဂျာနယ် အတွဲ၁- အမှတ်၃ ပါဆောင်းပါး



ဝ , ဝလုံးကလေး ဝိုင်းဝိုင်းရေး
                                       စာရေးသူတို့ ငယ်စဉ် လွန်ခဲ့သော နှစ်ပေါင်း(၄၀) ကျော်ခန့်က အသက်(၅)နှစ်ပြည့်ပြီ ဆိုပါက ကျောင်းသို့ ပို့လေသည်။ ကျောင်းရောက်ပါက ဆရာမက ဝ ,လုံးကို ပထမဆုံး ရေးစေသည်။ ကျန်သည့် ဗျည်းများကို တော်တော်နှင့် မရေးခိုင်းသေးပေ။ ဝ, လုံးကလေးကို ဝိုင်းနေအောင် ရေးတတ်ပြီး အဆွဲအငင်မှန်လာပြီဆိုကာမှ နောက်ထပ် အသစ်တစ်လုံး ထပ်ရေးခိုင်းလေသည်။  မရေးတတ်သည့် ကလေးကို ဆရာ/ ဆရာမက စိတ်ရှည်လက်ရှည်ဖြင့် ကလေးရဲ့  လက်ကို အပေါ်က အုပ်ကိုင်ကာ ရေးပြလေသည်။  ထိုစဉ်က အချိန်ယူ ရေးခဲ့ရသည့် အကြောင်းကို ကိုယ်ကိုယ်တိုင် ကျောင်းဆရာမ ဖြစ်သည့်အချိန်မှာ ကလေးတွေနှင့် ပတ်သက်သည့် ဆောင်းပါးများ ဖတ်ရှုလေ့လာမိသည့် အခါမှ သိလာရသည်။ ကလေးတွေရဲ့ နုနယ်သည့် လက်ချောင်းကလေးတွေကို ဒဏ်မဖြစ်စေဖို့ ခဲတံကို ကိုင်နိုင်အောင် အသားကျအောင် လေ့ကျင့်ပေးတာပဲ ဖြစ်လေသည်။ ဝ. လုံးကို အဆွဲအငင်မှန်အောင်၊ မှတ်မိအောင် အပြင် ခဲတံကိုင်တာ ကျင့်သားဖြစ်အောင် တပြိုင်နက်ထဲ လေ့ကျင့်ပေးတာဖြစ်လေသည်။ စာချည်းပဲ ရေးသားတာထက် အကြောင်းအရာတစ်ခုခုကို ပြောပြတာ၊ ကဗျာတွေရွတ်ရတာ စသဖြင့် သင်ရလေသည်။ ဂဏန်းအရေအတွက် ၁၊ ၂၊ ၃၊.............. အစရှိသည်ကို တခါထဲ ရေးခိုင်းတာမျိုး မဟုတ်ပဲ မြန်မာစာ ဗျည်းအက္ခရာ ရေးကျင့်ဆဲမှာ ဂဏန်းတွေကို ကဗျာရွတ်ရလေသည်။
                
 တစ်နှစ် သုံး လေး ငါး
ငါးလေးတစ်ကောင် ဖမ်းမိတယ်
ဘာဖြစ်လို့ လွှတ်လိုက်တယ်
ကျွန်တော့်/ ကျမ လက်ကို သူကိုက်တယ်
အား လားလား အာလားလား
ဟိုးးးးးးးးးးးး ငါးလေးလွတ်သွားပြီ
သင်္ချာ အရေအတွက် တစ်ကနေငါးအထိ မှတ်တတ်ယုံမက ပျော်ရွှင်စရာ ကြည်နူးစရာ ၊ ကလေးအချင်းချင်း ရယ်မော ရင်းနှီး သွားစေရာ ကဗျာလေး ဖြစ်လေသည်။
ကလေးတွေက ကျောင်းဆိုတာ ကြောက်စရာလို့ မသတ်မှတ်ပဲ ကျောင်းရောက်ရင် ကဗျာရွတ် စာရေး ပုံပြောကြ စသဖြင့် ပျော်လာကြသည့် အပြင် ဆရာ/ ဆရာမ ပြောပြသည့် ကိုယ့်ပတ်ဝန်းကျင်မှာ မကြားဖူးသည့် အကြောင်းအရာတွေကို သိချင်လာသည်။ ဤသို့ဖြင့် ကလေးတွေရဲ့ သင်ယူလိုမှု စူးစမ်းလိုစိတ်ဖြစ်မှု နားထောင်လိုစိတ် စတာတွေကို ကျောင်းကနေ လေ့ကျင့်ပေးတာပဲ ဖြစ်လေသည်။
             ၁၉၈၈ခုနှစ် နောက်ပိုင်း ကာလတွေမှာ ကျောင်းဆိုတာ အမြင်တစ်မျိုးသို့ ပြောင်းသွားစေသည့် အကြောင်းတရားတွေ ဖြစ်လာလေသည်။  ခေတ်ကာလမှာ အပြိုင်အဆိုင်တွေ များလာရာက မိဘတွေရဲ့ စိတ်မှာ ပြိုင်ဆိုင်တဲ့ စိတ်တွေ ကိန်းအောင်းလာတာမှာ  ကလေးတွေအပေါ် သက်ရောက်လာဟန် တူသည်။
ကလေးကို အသက်(၅) နှစ်မပြည့်ခင်မှာပင် သူငယ်တန်း ဖတ်စာ သင်ပုန်းကြီးကုန်အောင် သင်ထားကြလေသည်။ ကလေးဆိုတာမျိုးက သင်ယူလွယ်သည့် သူမျိုး ဖြစ်ရာ တတ်တာမှန်ပါသည်။ အသက်(၃) နှစ်အရွယ် ကလေးတစ်ယောက်မှာ ဘာသာစကား (၃)မျိုးကို သင်ယူနိုင်သည့် အရည်အချင်း မှတ်ဥာဏ်ရှိလေသည်။ စာရေးဖို့ကတော့ သူတို့ရဲ့ လက်ချောင်းလေးတွေကို လေ့ကျင့်ပေးဖို့ လိုသည်။ ပုံဆွဲခြင်း ဆေးခြယ်ခြင်း ဖြင့် လက်အရိုးတွေကို အကျင့်ဖြစ်အောင် လုပ်ပေးလို့ရလေသည်။ ပုံမှန်အားဖြင့် အသက်(၅) နှစ်နှင့် (၆) နှစ်အရွယ် ရောက်မှသာ စာရေးတာ သင့်တော်လေသည်။ တချို့နိုင်ငံတွေမှာ အသက်(၆) နှစ်ပြည့်မှ မူလတန်းပညာကို စပြီး သင်ရလေသည်။ မိဘတွေက ကိုယ့်ကလေးကို အားလုံးတတ်အောင် ကြိုတင်သင်ကြားပြီးမှ ကျောင်းသို့ ပို့လေရာ ဆရာ/ ဆရာမတွေကလည်း တချိန်တုန်းကလို ရေးနည်းတွေ ဆွဲနည်းတွေ ပြောမနေတော့ပဲ ကကြီး တစ်မျက်နှာရေး၊ ပြီးပြီလား ပြီးရင် ခခွေးရေး စသဖြင့် ခပ်မြန်မြန်သာ သွားလေသည်။ ကဗျာရွတ်တယ်ဆိုတာ မရှိတောပေ၊ ၊ ကဗျာရွတ်တာ မူကြိုကလေး ၊ မူကြိုတန်းမှာသာ ရွတ်ရတာလို့ တွက်လာကြလေသည်။ ကလေးတွကလည်း တတ်ပြီးသား ကကြီး ခခွေးကို အလုအယက်အပြိုင်အဆိုင် ရေးကြလေသည်။ ဆရာမထံမှ အမှတ်ကို သူ့ထက်ငါ အရင်ရအောင် အမြန်ရေးကြလေသည်။ ဒါ့ကြောင့် ကလေးတွေမှာ ကျောင်းစနေတဲ့ အရွယ်မှာကတည်းက ပြိုင်ဆိုင်လိုစိတ်တွေ တွန်းအားတွေ နှင့် ဖြစ်နေလေပြီ။  အတန်းဖော် အချင်းချင်း ချစ်ခင်ရင်းနှီးမှုဆိုတဲ့ အားတွေ ယုတ်လျော့ ကျဆင်းရာ အခြေခံအကြောင်းတရားတွေ ဖြစ်လာလေသည်။
ပုဗ္ဖာစရိယ မိနှင့်ဘ
                        
                        မိဘတစ်ချို့က အလုပ်တစ်ဖက်၊ စီးပွားရေး တစ်ဖက်ဖြစ်လာသည့်အခါ ကလေးပညာရေး အတွက် ကိုယ်တိုင်ကိုယ်ကျ  မကြည့်နိုင်တာက တစ်ကြောင်း၊ အများတကာ ကျူရှင်ထားတဲ့ အတွက် ထားမှ ဆိုကာ ကျူရှင်ကျောင်းကို ပို့လေသည်။ ယခင်ကာလတွေ တုန်းက ကျူရှင်ယူတဲ့သူဆိုတာ စာမလိုက်နိုင်သူတွေသာ ယူကြတာ၊ ကျောင်းမှာ ဆရာမကိုယ်တိုင်က စာမလိုက်နိုင်တဲ့ ကျောင်းသားကို အိမ်မှာ စာလုပ်ဖို့အရင်ဆုံး တိုက်တွန်းသည်။ အိမ်မှာ မိဘတွေက အလုပ်တစ်ဖက်နဲ့မို့ မအားလို့ပဲ ဖြစ်ဖြစ်၊ မိဘပြောတာ နားမထောင်လို့ပဲ ဖြစ်ဖြစ် စာမလုပ်ဘူးဆိုပါမှ ကဲ မောင် ဘယ်သူ၊ မဘယ်ဝါ မင်းတော့ ကျူရှင်ယူဖို့ လိုပြီလို့ နို့မို့ စာမေးပွဲကျတော့မယ် ဆိုကာ ကျူရှင် တက်စေလေသည်။ အခုခေတ်က ဒီလိုမဟုတော့ပေ၊ ကိုယ့်ကလေး အခြေအနေကို မိဘတွေက သေသေချာချာ မသိ၊ ကျောင်းနဲ့ ကျူရှင် ပြေးလွှားနေရသည့်အချိန်တွင် မိဘနှင့် သားသမီးအကြား အချိန်မရှိတော့ပေ။ စာလိုက်နိုင်သည့် ကလေးကလည်း မိဘက ကျူရှင်ပို့၍ သွားနေရရာ သူ့အတွက် စာကြည့်ချိန် လျော့နေသည့်အတွက် မကျေနပ်၊ မိဘကလည်း အများနည်းတူ ကျူရှင်ကို အချိန်မှန်မသွားရင် မကြိုက်၊ ကလေးတွေမှာ ဖိဆီးမှုတွေ ရှိလာလေသည်။ ကျူရှင်မယူနိုင်သည့် ကလေးကြပြန်တော့ သူကိုယ်တိုင် စာလိုက်နိုင်လျှင် ကိစ္စမရှိ၊ မိဘကို စိတ်မပူနှင့် သူစာလိုက်နိုင်ပါတယ် ဆိုပါက မိဘရော ကလေးပါ စိတ်ချမ်းသာရပြန်သည်။ ဒီလိုကလေးတွေ မိဘတွေလည်း များစွာရှိပါသည်။ တချို့ကျပြန်တော့ ကလေးက စာမလိုက်နိုင်၊ မိဘကလည်း ကျူရှင်မထားနိုင် ဖြစ်ကြပြန်တော့ ကလေးမှာ စိတ်ဖိဆီးမှုတွေ၊ သူ့ဘဝကို  မကျေနပ်မှုတွေ ရှိလာပြန်သည်။
             အရေးအကြီးဆုံးက လက်ဦးဆရာ ဖြစ်တဲ့ မိဘက ကိုယ့်သားသမီးရဲ့ အခြေအနေကို သိအောင် လေ့လာ ဂရုစိုက်ဖို့ လိုလေသည်။ တစ်နေကုန် အလုပ်လုပ်ရသည့်တိုင် ကိုယ့်သားသမီးနှင့် ထမင်းအတူစားရင်း စကားပြောရင်းက ကိုယ့်ကလေး အခြေအနေကို အကဲခပ်ခွင့် ရနိုင်လေသည်။ မိဘကိုယ်တိုင် တစ်နာရီခန့် အချိန်ပေးပြီး ဒီကနေ့ ကျောင်းမှာ ဘာတွေ သင်ခဲ့သလဲ ၊ ဘာလိုအပ်သလဲ ပြန်သင်ပေးတာမျိုး၊ လေ့ကျင့်ခန်း ဝိုင်းပြီး စစ်ပေးတာမျိုး လုပ်ပေးနိုင်ပါက မိဘနှင့် ကလေးကြား နားလည်မှု ရစေပြီး ကလေးရဲ့ အခြေအနေကို ကိုယ်တိုင် သိခွင့်ရနိုင်ပေသည်။ ကျူရှင်ထားတာမှာပင်  တစ်ချို့မိဘတွေက အတန်းပိုင်ဆရာ ပြောင်းတိုင်း တစ်ခါ ပြောင်းပြီးထားလေသည်။ အမှန်က ကိုယ့်ကလေးကို ကျူရှင်ထားပါက ဆရာတစ်ယောက်ဆီ စွဲစွဲမြဲမြဲ ထားပါက ဆရာ မိဘ ကျောင်းသားကြား နားလည်မှု ပိုရှိစေနိုင်သည်။ ကိုယ့်ကလေး အထာကို ဆရာက သိလာတဲ့အခါ ကျောင်းသားနဲ့ဆရာ အကြား နားလည်မှု ရှိလာသည်။ ကျောင်းသားအထာကို နားလည်သည့်အတွက်လည်း သင်ကြားရာမှာ ပိုပြီး ထိရောက်လာနိုင်လေသည်။ ကျောင်းပြေး ကျူရှင်ပြေး ပြဿနာ တွေ မိဘ ဆရာ ကျောင်းသားအကြား အလွယ်တကူ ဖြေရှင်းနိုင်ပြီး ကျောင်းသားရဲ့ အခြေအနေကိုလည်း အမြဲမပြတ် သိနိုင်လေသည်။

လက်ဦးဆရာမည်ထိုက်စွာကား ပုဗ္ဖာစရိ မိနှင့်ဘ
          
           ကလေးတစ်ယောက် စာလုံးတွေ စပြီး ရေးတတ်ဖို့နဲ့ မြန်မာဗျည်းအက္ခရာတွေကို မှန်ကန်အောင် ဆွဲတတ်ဖို့ ဆရာတင်မက မိဘကပါ ဝိုင်းဝန်း ကြည့်ရှုရမယ့် ခေတ်အခြေအနေမျိုးမှာ ကလေးရဲ့ အမူအကျင့်၊ စာရိတ္တ၊ ကိုယ်ကျင့်တရားကောင်းဖို့ဆိုတာ ဆရာနဲ့ မိဘတွေမှာ အလွန်ပဲ တာဝန်ရှိလေသည်။
"မိဘဆရာပူးပေါင်း ကလေးပညာကောင်း" ဆိုတာ ပညာမှာ အတတ်ပညာသာမက အသိပညာကိုပါ ဆိုလိုသည်။
 ဥပမာ- ကျောင်းကနေ သူများ  ပစ္စည်းတစ်ခုခု အိမ်ကိုပါလာခဲ့ရင် မိဘက သိရပါမယ်။ ဘာ့ကြောင့်ယူလာရသလဲ ဆိုတာ သေချာမေးပြီး ကိုယ်တိုင်ကိုယ်ကျ ပြန်ပေးခိုင်းရမှာ ဖြစ်သလို ဆရာမကိုလည်း ပြောပြထားရမှာ ဖြစ်သည်။  ငယ်စဉ်ကတည်းက လေ့ကျင့်ပေးရမည့် အမူအကျင့်တွေဖြစ်လေသည်။  ဒါ့အပြင် တစ်ဖက်သားကို ရန်စတတ်၊ နောက်ပြောင်တတ်တဲ့ ကလေးမျိုးကိုလည်း ပျော်ရွှင်စရာနောက်ပြောင်တာထက် ပိုကဲလာရင်၊  ထိခိုက်သည်အထိ နောက်ပြောင်တာမျိုးဆိုပါက ဆရာဆရာမရော မိဘကပါ စောင့်ကြည့် ဆုံမပဲ့ပြင်ရမှာ ဖြစ်သည်။  အမြဲတမ်း တဖက်သားကို ရန်လို ရန်စနေတဲ့ ကလေးမျိုးကိုလည်း မိဘနဲ့တိုင်ပင်ပြီး ဆိုဆုံးမ ထိန်းသိမ်း ပဲ့ပြင်ရမှာသာ ဖြစ်သည်။
           အခုတလော အသက်(၂၀)ဝန်းကျင်လူငယ်တစ်ချို့( တချို့ဆို တက္ကသိုလ်ကျောင်းသားတွေ ဖြစ်နေပြီ) မူးယစ်ဆေးစွဲတာ၊ မူးယစ်ဆေးသုံးပြီး ရမ်းကားတာ၊ ဆေးကြောင်ပြီး လူသတ်တာ စတာတွေ ဖတ်ရ ကြားရသည့် အခါ စိတ်မကောင်း အလွန်ဖြစ်ရပါသည်။  မိဘတွေ အတွက်ရော ကာယကံရှင် လူငယ်တွေအတွက်ပါ နှမြောတသ ဖြစ်မိရသည်။
 ကိုယ့်ရဲ့ သားသမီး မူးယစ်ဆေးတစ်ခုခု သုံးနေတာကို မိဘက လုံးဝမသိတာလား၊ လုံးဝမသိတာဆိုရင်  တော်တော်လွန်လှပြီ လို့ပြောရမည်ပင်။ သိရက်နဲ့ လွှတ်ထားတာဆိုပါက ပိုတောင် လွန်လှချေပြီ။ သားသမီးကို ချစ်တာနှင့် နှစ်တာ လွဲနေတာလို့ ပြောရမည်။ ဒါ့ကြောင့် နောက်ဆက်တွဲ မလိုလားတဲ့ ဆိုးကျိုးတွေ ဖြစ်လာတာပင်။ ဖြေရှင်းရမည့် နည်းလမ်းရွေးပြီး အကောင်းဆုံးဖြစ်အောင် အဖြေရှာဖို့ လိုနေသည်ဟု ထင်မြင်မိသည်။
 ဆေးစွဲလို့ ဆေးသုံးလို့ ကျောင်းကနေ ရာသက်ပန် ထုတ်လိုက်တယ်ဆိုတာမျိုးက  ဆရာ/ဆရာမတွေဘက်က နည်းမှန်လို ကျင့်သုံးနေတာကြာပါပြီ။ ဆေးစွဲနေတာ ဆေးသုံးနေတာ သိပြီ၊ ဒီတော့  ဆေးဖြတ်ဘို့ နည်းလမ်းရှာ ၊ ဆေးဖြတ်တဲ့ ကျန်းမာရေးဆိုင်ရာ အဖွဲ့အစည်းနဲ့ဆက်သွယ် ဆောင်ရွက် ပြီးရင် ကျန်းမာအောင် အနားယူပြီး ကျောင်းပြန်တက်ပါ စသဖြင့် ဆွေးနွေးညှိနိုင်း ကြတာက  ကျောင်းသားအဖို့ နစ်နာမှုမရှိယုံသာမက သူ့ဘဝမှာ စာသင်ရအုန်းမည် ကျောင်းတက်လို့ ရသေးသည်ဆိုတဲ့ မျှော်လင့်ချက်ရှိနေခြင်းက အကောင်းဘက်ကို ဦးတည်ဖို့ လမ်းစတခုပဲ ဖြစ်လေသည်။ 
         မူးယစ်ရမ်းကားတာမျိုးမဟုတ်ပဲ ဒေါသအလျောက် စိတ်အလိုလိုက်သည့် လူသတ်မှုတွေကလည်း မကြားဝံ့အောင်ပင်။ အများအားဖြင့် ချစ်သူသမီးရီးစား အကြား လူသတ်တဲ့အထိ ဖြစ်ကြတာတွေ  ကြားနေရသည်။  လူတစ်ယောက်လုံး မဆိုထားနှင့်၊့ ခြင်တစ်ကောင်၊ ပုရွက်ဆိတ်တစ်ကောင် သတ်ဖို့တောင် ဝန်လေးကြတဲ့ မြန်မာလူမျိုးတွေ အတွက် နှလုံးတုန် ရင်တုန်ရတဲ့ အဖြစ်တွေပါပဲ။ လူတစ်ယောက်ကို သေအောင် သတ်ရဲတဲ့ စိတ်တွေ ဘာ့ကြောင့် ဖြစ်လာရသလဲ၊ မကြောက်မရွံ့ လက်မတွန့်ရလောက်အောင် သူတပါး အသက်ကို သတ်ရတာ ယဉ်ပါးနေတာလား၊ တွေးကြည့်တော့ ကလေးတွေ ငယ်စဉ်ကတည်းက တိုက်ကြ ခိုက်ကြတဲ့ ဂိမ်းတွေ ကစားတာ၊ လူတစ်ယောက်ကို ကိုယ်ကိုယ်တိုင် သေနတ်နဲ့ပဲ ဖြစ်ဖြစ်၊ လက်နက်တစ်ခုခုနဲ့ပဲ ဖြစ်ဖြစ် ပစ်လိုက် ခတ်လိုက်တာတွေက ကွန်ပျူတာနဲ့ ဂိမ်းကစားရင်း  သတ်နေကျ ဆိုတော့ လူသတ်တာကို ယဉ်ပါးနေလာကြတာလား၊  ဒါ့ကြောင့် လူသတ်ချင်စိတ် ပေါက်လောက်အောင် ဒေါသဖြစ်စရာ ကြုံလာတဲ့အခါ လူသတ်ဖို့ ဝန်မလေးတော့တာ၊ လက်ရဲဇက်ရဲ ဖြစ်လာတာ ဖြစ်မည်။
      တခါတရံမှာ လူငယ်မပြောပါနှင့်၊ လူကြီးတွေတောင် စိတ်တိုဒေါသ ဖြစ်လာရင်  သတ်ပလိုက်မယ်ဘာညာ ရေရွတ်တတ်ပေမယ့် တကယ်တန်း သတ်ဖို့ဆိုတာ စိတ်တောင် မကူးကြပါဘူး။ ဒေါသဖြစ်လွန်းလို့ ပြောလိုက်ကြတာသာ ရှိတာပါ။ အခုက သတ်ချင်စိတ်ပေါက်အောင် စိတ်တိုတာနဲ့ ခြင်တစ်ကောင်ကို  ဖြတ်ကနဲ ရိုက်လိုက်သလို  လက်မြန်ခြေမြန် ဆိုတော့ စိုးရိမ်စရာ အခြေအနေ ဖြစ်နေတာ တွေ့လာရလေသည်။

အခုခေတ် ကလေးတွေက (၃)နှစ်သား အရွယ်ဆိုရင်ပဲ ကွန်ပျူတာကို ကောင်းကောင်း သုံးတတ်နေပြီ။ မိဘတွေကလည်း ကိုယ့်ကလေး ခေတ်မီတယ် ဆိုပြီး သဘောကျတတ်လေသည်။  တက်ဘ်လက်တို့ အိုင်ပက်တို့ဆိုလဲ လူကြီးတွေလိုပဲ သုံးတတ်ကြလေသည်။  ကလေးဆိုတာက အတတ်မြန်သည်။  သူတို့ရဲ့ မူရင်းဇစ်မြစ်ကိုက သင်ယူချင်သည့်  စိတ်တွေအပေါ်မှာ အခြေခံလေသည်။  အတုမြင်အတတ်သင်ဆိုတာ ကလေးတွေမှအစစ်၊

             စာရေးသူရဲ့ ပတ်ဝန်းကျင်မှာ  လသားအရွယ် ကလေးလေး တစ်ယောက်ရှိလေသည်။ ထိုကလေးလေးက ကွန်ပျူတာနဲ့ ကလေးသီချင်းတွေ ဖွင့်ပေးရင် သိပ်ကြိုက်သည်။ သူ့အမေက ကလေးသီချင်းတွေ ဖွင့်ပြသည့်အခါ  ကြာလာတော့ သီချင်းတွေကို သိလာလေသည်။  ဘယ်လောက်သိလာ သလဲဆိုရင် သီချင်းမလာခင် တီးလုံးလာကတည်းက ဘယ်တီးလုံးဆို ဘယ်လို လိုက်လှုပ်ရတယ်ဆိုတာပါ  သိနေပြီး ဟန်တပြင်ပြင်နှင့် ဖြစ်သည်။  သီချင်းရဲ့ တီးလုံးအတိုင်း လိုက်လှုပ်တတ်သည်။  အဲဒါ (၆)လသား ကျော်ကျော်ပဲ ရှိသေးတော့ စာရေးသူတို့မှာ တအံ့တဩ။
 သူ့ခေတ်နဲ့သူ လူဖြစ်လာရတယ်လို့သာ ကောက်ချက်ချမိလေသည်။  စာရေးသူတို့ ကလေးတွေ ငယ်စဉ်တုန်းက   ကလေးသီချင်းတွေ ပုံပြင်တွေကို အာပေါက်အောင် ဆိုပြ ပြောပြရလေသည်။ ဆိုပါအုန်းဆို မောနေပေမယ့် ဆိုပြရသည်။ ပုံပြင်ကပြီးနေပြီ မအိပ်မချင်း ပြောအုန်း ပြောအုန်း ပူဆာပါက  ပါးစပ်ပုံပြင်တွေ ဆက်တိုက် ဖြစ်လာတော့သည်။ ၊ တခါတလေ ပုံပြင်က တိုလို့၊ အရှည်ကြီး ပြောပါလို့ ပူဆာရင် ပုံပြင်ထဲက "လူအ"ကြီး (၇)ယောက်က ကိုယ့်ပါးစပ်ထဲမှာ " အ" ခြင်း မျိုးစုံနဲ့ အနေရတော့တာ၊ ရွှေယုန်နဲ့ ရွှေကျားလည်း တစ်ချိန်လုံး ရန်ဖြစ်နေရလေသည်။

 ကနေ့မိဘတွေက အိုင်ပက်လေးနှင့်  ကလေးသီချင်းတွေ ဖွင့်ကာ  ကလေးရှေ့ ချထားပြီး  အိမ်မှုကိစ္စလုပ်စရာ ရှိတာ လုပ်နေလို့ရလေသည်။  နည်းပညာတိုးတက်မှုတွေက လူတွေကို သက်သာစေတာ မှန်လေသည်။  ဒါပေမယ့် ကလေးတွေကို မိဘက ဆက်ပြီး ကြည့်နေဖို့တော့ လိုပါလိမ့်မည်။ သူတို့ဘာသာ ဂိမ်းတွေ ကစားလာတဲ့အခါ ဘယ်လို ဂိမ်းတွေ ကစားနေသလဲ၊ ရုပ်ရှင်တွေ ကြည့်နေတဲ့အခါ ဘယ်လို ရုပ်ရှင်တွေ ကြည့်နေသလဲ၊ မိဘက အကဲခပ်နေရမှာ ဖြစ်လေသည်။  တိုးတက်လာသည့်  ခေတ်နှင့် အညီ နည်းပညာကို ကောင်းသည့် ဘက်က အသုံးချနိုင်ဖို့၊ ကောင်းသည့် နေရာမှာ အသုံးပြုနိုင်ဖို့ ၊ အကျိုးရှိစွာ အသုံးပြုဖို့ မိဘနှင့် ဆရာတွေမှာ ပိုပြီး  တာဝန်ရှိလာလေသည်။
 အရင်တုန်းက ဝလုံးကလေး ဝိုင်းအောင် ဘယ်လို ရေးရမလဲလို့ ဆရာမတွေက သင်ပေးသလို ၊ မိဘတွေကပါ သင်ပေးခဲ့ကြရသည်။ ဝလုံးလေးကို အောက်ကနေစပြီးဆွဲရမယ်၊ အပေါ်ကနေဆွဲပြီး ရေးတဲ့အခါ ဝလုံးနဲ့တူတာပဲ ရှိတယ်၊ အဲဒါ ဝလုံး အစစ်မဟုတ်ဘူး၊ ဝလုံးအမှန် မဟုတ်ဘူးလို့  ပြောသလို  အခုခေတ်မှာတော့  အဝိုင်းကလေးတွေ လည်တာ စောင့်ကြည့်ရင်း ဘယ်ဟာအစစ်အမှန် ဘယ်လိုမျိုးကို ကြည့်ရမယ် စတာတွေ ပြောဖို့လိုအပ်နေပါပြီ။ ဝလုံးကလေးမှ ဝိုင်းအောင် မရေးတတ်ခင်ကတည်းက သုံးတတ် ကြည့်တတ်နေတဲ့ ခေတ်မီစက်ပစ္စည်းတွေကို တန်ဖိုးရှိတဲ့နေရာမှာ တန်ဖိုးရှိရှိ အသုံးချနိုင်ဖို၊ နည်းမှန်လမ်းမှန် သုံးနိုင်ဖို့  မိဘနှင့်ဆရာတို့မှာ တာဝန်ရှိလာပြီလို့ မြင်မိလေသည်။
ခိုင်ခိုင်စောလွင်

No comments:

Post a Comment