December 25, 2014

နှစ်ထောင့်ဆယ့်လေးမှာ ( ကောင်းကင်အနုရသမဂဇင်းမှ)

  
kh
                                    
ဘာလိုလိုနဲ့ ၂၀၁၄ခုနှစ် ကုန်ဆုံးပေတော့မည်၊ တစ်နှစ်တစ်နှစ် ကုန်တာမြန်လိုက်တာလို့ ပြောနေကျ အတိုင်း ပြောဖြစ်ပြန်လေသည်။ နာရီ၊ မိနစ်၊ စက္ကန့်တွေက သူ့ပုံမှန်အတိုင်းသွားနေတာပဲ ဖြစ်သည်၊ ရက်တွေ လတွေကရော ပိုပြီးမြန်လာတာ မရှိ၊ သူ့ပုံမှန်သာ လည်ပတ် နေတာသာ ဖြစ်သည်။ ဒါဖြင့် ဘာ့ကြောင့် ငယ်ငယ်တုန်းကနဲ့မတူ အချိန်တွေ ကုန်တာ မြန်လိုက်တာလို့ ဖြစ်လာပါလိမ့်၊ ဒါက အသက်အရွယ်ရလာတဲ့  လူတွေဆီက ဒီလို စကားတွေ  ထွက်ကျလာမြဲ၊ ဒါဖြင့် ကိုယ်ကိုယ်တိုင် ထိုအသက်အရွယ်ရလာပြီ ဆိုတဲ့ အရွယ်ကို ရောက်လာပြီလို့ အလိုလို သိလာလေသည်။ အချိန်တွေ ကုန်မြန်တယ်ဆိုတဲ့ သဘောက ကုန်ခဲ့တဲ့ အချိန်ကိုတွက်တာထက် ရှေ့မှာ သိပ်မကျန်တော့တဲ့ အချိန်တွေကို ကြိုမြင်မိလို့ သာပဲ ဖြစ်မည်။ 
 
                 ဘယ်လိုပဲ ဖြစ်ဖြစ် အတိတ်ကို အတိတ်မှာထားလို့ ပြောကြပေမယ့် တစ်နှစ်ကုန်ခါနီးမှာ ဒီနှစ်ထဲ ကောင်းတာ ဆိုးတာ ဘာတွေများ လုပ်ခဲ့ပါလိမ့်လို့  ပြန်ဆင်ခြင်မိ တာတော့ အမှန်ပင်၊ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး၊  ကိုယ့်တိုင်းပြည်နဲ့ပတ်သက်တဲ့အရေး နောက်ကြောင်းပြန် သုံးသပ်နေမိသည်။ 
 
              အိမ်ရဲ့စီးပွားရေးက ကုန်သည်၊ အရောင်းအဝယ် စီးပွားရေး သမား မဟုတ်တဲ့အတွက် ခါတိုင်းနှစ်တွေလို ပုံမှန်လို့ ဆိုရမည်ပင်၊ တခုတော့ရှိသည်၊ ဘယ်လောက်စုမိသလဲ ဆိုပါက အရင်နှစ်တွေလိုပါပဲ ၊ ရတာနဲ့ ကုန်တာ စာရင်းအတိအကျပါပဲ၊ ပိုငွေ လိုငွေမရှိလို့ ပြောရမည်။ တခုတော့ ရှိသည်။ သမီးတယောက် တက္ကသိုလ်စတက်၍ သူ့အတွက် ကုန်ကျစားရိတ် ပိုလာသည်။
အကြွေးရှိသလားဆိုတော့ လူမှန်ရင် အကြွေးနဲ့ မကင်းပါ။  အကြွေးက နှစ်မျိုးတောင်၊ ကြွေးဟောင်းနှင့်ကြွေးသစ်၊ အကြွေးအသစ်ကိုလဲ မြန်မြန်ဆပ်ချင်သည်၊ အကြွေးဟောင်းကိုလဲ တဖြေးဖြေး ဆပ်နေရသည်။ အကြွေးသစ်ကနောက်မှ ရောက်လာပေမယ့် သူ့ကိုချည်း ဦးအောင် ဆပ်နေရတာမို့ ကြွေးဟောင်းကို ဖြေးဖြေးဆပ်နေရသည်။
                ကျန်းမာရေးကတော့ နှာစေး ချောင်းဆိုးတောင် မဖြစ်၊ ဒီလိုဖြင့် ကံကောင်းလှချည့်လား ဆိုပါက၊ မဟုတ်ပြန်၊  နှာစေး ချောင်းဆိုး ကိုယ်ပူ အဖျားအနာ လုံးဝ မဖြစ်ပေမယ့် သွေးတိုး ဆိုသော ရောဂါကြီးက ဝင်ရောက်နေတာ ၂၀၁၄ခုနှစ် ဆိုပါက (၅) နှစ် ပြည့်လေပြီ။ ငါးနှစ်စလုံး တိုးနေတာမဟုတ်ပေမယ့် အစားအသောက် အနေအထိုင် တချက်မှားသည်နှင့် ဒိုင်းကနဲ ၁၆၀/ ၁၀၀ တက်တက်သွားတတ်လေသည်။ 
                 လွန်ခဲ့တဲ့ (၁၀) နှစ်လောက်က သူငယ်ချင်းရဲ့အမေ ပင်စင်ယူပြီး အသက်(၆၀) ပြည့်သည်နှင့် မကြာလိုက်၊ ကျောက်ကပ်ရောဂါဖြင့် ကွယ်လွန်လေသည်။ နာရေးသတင်းမေးသွားတော့ သူ့အိမ်မှာ အဲဒီအမေရဲ့ အမေ( သူငယ်ချင်းရဲ့ အဖွား) အသက်(၈၀)ကျော်က သန်သန်မာမာဖြင့် ဧည့်ခံ စကားပြောလေသည်။
" အဖွားက ကိုယ်တွင်းကလီစာတွေ ကောင်းတယ်၊ ဘာရောဂါမှ မရှိဘူး၊ ဒါ့ကြောင့် အသက်ရှည်တာ၊ အခုထိလဲ နှာစေး ချောင်းဆိုးတောင် မဖြစ်ဘူး" လို့ ပြောတဲ့စကားကို အမြဲ သတိရရင်း ၊ ကိုယ့်ခန္ဓာကိုယ်ထဲက ကိုယ်တွင်းကလီစာဆိုတဲ့ နှလုံး၊ အသဲ၊ အဆုတ်၊ ကျောက်ကပ် ၊ အစာအိမ် စတာတွေ  ကောင်းသေးတယ်လို့ အဲဒီတုန်းက တွေးပြီး ဝမ်းသာနေတုန်း ဘာမှ မကြာလိုက် သွေးတိုးရောဝါက ဝင်ရောက်လာတော့ စိုးရိမ်ထိတ်လန့်မိသည်။ ဒီလိုက ငါးနှစ်တော့ ဖြတ်လာခဲ့ပြီလို့ တွက်မိလေသည်။
နောက်ဆုံးတော့လဲ လူမှန်ရင် သေရမှာပဲ၊ မသေတဲ့သူမရှိ၊ အဲဒီအတွက် ရောဂါတခုကတော့ ဝင်လာမှပဲလို့ ခံယူလိုက်ပြီး ဆေးပုံမှန်သောက်ရသည်။   ကျန်းမာရေးက ကောင်း၏၊ ဂရုစိုက်နေရ၏ပေါ့၊ (၂၀၁၄) ခုနှစ်အတွင်းမှာတော့ " ကောင်း" အဆင့်မှာ ရှိတယ်လို့ ဆိုလျင် ဆိုလို့ရပေသည်။
                ၂၀၁၄ခုနှစ်မှာ လှုမှုရေးအနေနဲ့ အလှုအတန်းကတော့ ခါတိုင်းနှစ်လိုပင် ၊ လစဉ် ရရှိတဲ့ စာမူခတွေ အားလုံးလှုသည်၊ ခင်ပွန်းသည်ရဲ့ စာမူခက ပိုများပြီး အပတ်စဉ် ပုံမှန်ရသည်။ အဲဒါနဲ့  ကိုယ်ရတဲ့ ကျိုးတို့ကျဲတဲ နှစ်ယောက်ပေါင်း လစဉ် တစ်သိန်းအထက် အမြဲ လှုဖြစ်သည်။ ဒီနေရာမှာ စာမူခရငွေ ကို လှုမယ်လို့ စိတ်တူသဘောတူ ဖြစ်ရသည့်အတွက် ခင်ပွန်းဖြစ်သူကို ကျေးဇူးတင်ရလေသည်။ တလတသိန်းဆိုတာ မများလှပေမယ့် တစ်နှစ်လုံး ပြန်တွက်ကြည့်တော့  ၂၀၁၄ခုနှစ် ထဲမှာတင် တစ်ဆယ့်နှစ်သိန်း (၁၂)သိန်း လှုပြီးပါပေါ့လားလို့ ကျေနပ်ပီတိစိတ်ဖြစ်ရသည်။ တကယ်တော့ ဒီလောက်လှုပြီးပြီ ဆိုတာ အခုစာရေးနေရင်း တွက်ကြည့်မှ သိတာဖြစ်လေသည်။
           စာရေးဖြစ်သည့် အဓိကအကြောင်းက တိုင်းပြည်ရဲ့အရေးမှာ လိုအပ်ချက်တွေ၊ လွဲနေတာတွေ၊ ကိုယ့်ဘဝဖြတ်သန်းခဲ့ရတဲ့ နိုင်ငံရေး အခြေအနေတွေကို  မသိမမီလိုက်သူတွေ သိနိုင်ဖို့ရယ် ရည်ရွယ်ပြီး ရေးချင်တာရယ်ကြောင့် ရေးဖြစ်နေလေသည်။ တကယ်တန်းက အားကျလေးစားခဲ့ရသည့် စာရေးဆရာမ မိုးမိုး(အင်းလျား)၊ မစန္ဒာတို့လို အချစ်၊ ဘဝသရုပ်ဖော်နဲ့မိသားစု  မေတ္တာဖွဲ့ဇာတ်လမ်းတွေ ရေးချင်တာဖြစ်သည်။ ဘယ်လိုပဲဖြစ်ဖြစ် ကိုယ်ရေးချင်တာ ပြောချင်တာ ရေးခွင့်ရနေသေးသည့်အတွက် ကျေနပ်ရလေသည်။ 
          အားလုံးခြုံကြည့်လိုက်သည့်အခါမှာတော့  ၂၀၁၄ခုနှစ်က ပုံမှန်အတိုင်းပါပဲ၊ စိုင်းထီးဆိုင် သီချင်းတစ်ပုဒ်လိုပေါ့၊  ကိုယ်စွမ်းသလောက်တော့ ကိုယ်ကျိုးးစားတာပါပဲ၊ အကောင်းဆုံးမဟုတ်တောင် အလယ်အလတ်တော့ မကနိုင်ဘူးလို့ ကိုယ့်ငါးချဉ် ကိုယ်ချဉ်မိတာပေါ့လေ၊

ဘာဖြစ်လို့ ဒီလို တွေးမိသလဲဆိုတော့ ကိုယ်ဖြစ်ချင်ခဲ့တဲ့၊ ကိုယ်လုပ်ချင်တဲ့ အလုပ်တွေကို စွန့်လွှတ်ခဲ့ရပြီး ဘဝကို တစ်ဆစ်ချိုးပြန်စရတဲ့အခါမှာ တခုခုကို ပြန်ဆုပ်ကိုင်မိအောင် လုပ်နိုင်ခဲ့ပြီလို့ ကိုယ့်ကိုယ်ကို တွေးမိလို့ပါပဲ၊

တိုင်းပြည်အတွက် အလုပ်လုပ်မယ်ဆိုပြီး ကျောင်းဆရာမ လျှောက်တာမှာတောင် " စေလိုရာစေ" လို့ လျှောက်ခဲ့သည်၊ ရွှံ့တော နွှံတောတိုးပြီး အရောက်သွားခဲ့သည်။ နောက်တဖန် အကြောင်းကြောင်းကြောင့် မီဒီယာတခုကို ရောက်တဲ့အခါမှာ ကိုယ့်အစွမ်းအစအားလုံး ထုတ်ပြီး အကောင်းဆုံးလုပ်ခဲ့သည်။ ဒါပေမယ့် ညစ်ကန်ကန် ဗျူရိုကရက်ဆန်ဆန် အာဏာရှင်မိုးကျရွှေကိုယ်တစ်စုကြောင့်  တခါမှ စိတ်တောင်မကူး အိပ်မက်တောင် မမက်ခဲ့သည့်  အလုပ်လက်မဲ့ ဘဝကို ရောက်စေခဲ့သည်။
တခါတလေ မီးဖိုချောင်မှာ ချက်ပြုတ်ရင်း၊ အိမ်သန့်ရှင်းရေးနဲ့ အဝတ်တွေ လျှော်ဖွပ် မီးပူတိုက်ရင်း ကိုယ့်ကိုယ်ကို ပြန်ပြောနေမိသည်က
ဖတ်ဖူးခဲ့သည့် ဗိုလ်မှုးချစ်ကောင်း၏ "  အနှစ်နှစ်ဆယ်" ဆိုတဲ့ စာအုပ်ထဲက စာသားလေးကို ကိုယ့်ဘာသာ မကြာခဏ ပြောနေမိခြင်း၊
"တိုင်းပြည်အတွက်  ဝန်ထမ်းဘဝ (၁၉) နှစ် ထမ်းဆောင်ခဲ့ပြီး  အသက်(၄၀) ပြည့်လို့ ကိုယ့်ကိုယ်ကိုပြန်ကြည့်တဲ့အခါ မီးဖိုချောင်ထဲ ရောက်နေပါပေါ့လား" လို့

 ရေရွတ်ရင်းက မီးဖိုချောင်ထဲကနေ ထွက်တဲ့တဒင်္ဂမှာ စာလုံးတွေစီရင်း စာရေးဖြစ်ခဲ့လေသည်။ ဘဝမှာ စာရေးဆရာ ဖြစ်ချင်ခဲ့သည်၊ ပင်စင်ယူပြီးက စာရေးမည်လို့ မှန်းထားသည့် ရည်ရွယ်ချက်က စောစီးစွာ ရောက်လို့လာလေသည်။
ဘာပဲဖြစ်ဖြစ် ကျေနပ်လေသည်။

            ၂၀၁၄ခုနှစ်မှာ စာရေးသက်( ၄)နှစ်ပြည့်ပြီ၊ ချိုးလင်းပြာအမျိုးသမီးမဂ္ဂဇင်း၊  မောက္ခပညာရေးမဂ္ဂဇင်း၊ ကောင်းကင်အနုပပညာ မဂ္ဂဇင်း၊ ပြည်သူ့အရေး( ယခင်က ပြည်သူ့ခေတ်)၊ ဗွိုက်စ်၊ စံတော်ချိန်နေ့စဉ်သတင်းစာ တွေမှာ စာတွေရေးရင်း ကျေနပ်မိသည်။
လာမည့်နှစ်သစ် ၂၀၁၅ ခုနှစ်မှာလည်း ကျရာနေရာမှာ ရပ်တည်ရင်း ကိုယ်စွမ်းသလောက် ကိုယ်ကျိုးစားဖို့ပဲ ပြင်ထားမိသည်။  အကောင်းဆုံးဖြစ်တာ မဖြစ်တာထက် ကောင်းအောင်တော့ တစ်နှစ်ထက်တစ်နှစ် ကြိုးစားပြီး နေသွားရပေအုန်းမည်။
 
                          ခိုင်ခိုင်စောလွင် 
သရုပ်ဖေါ် ကိုထိုက်

December 24, 2014

ခြစားနေသော တံခါးများနှင့်မြန်မာပြည် - ၂၃ဒီဇင်ဘာ ၂၀၁၄ ပြည်သူ့အရေးဂျာနယ်မှ

ြ ခြစားနေသော တံခါးများနှင့်မြန်မာပြည်

 မြန်မာပြည်ရဲ့ အဝင်အထွက် နယ်စပ်မြို့တွေမှာ အဓိကအားဖြင့်  လူဦးရေ ရောနှောမှာ ကြောက်နေရသည့် အနောက်တံခါးဖက်က အကြောင်းကတော့ အများရေးနေပြောနေကြဖြစ်၍ တော်တော်များများ သိရှိပြီး ဖြစ်လေသည်။ အနောက်ဘက် ဘင်္ဂလားမှ ဝင်ရောက်လာသည့် လူမျိုးများနှင့် နိုင်ငံသား ဖြစ်ရေး မဖြစ်ရေး၊ နိုင်ငံသားအဖြစ် ရှိမှု မရှိမှုတို့သည် ရှင်းမရအောင် ရှုပ်ထွေးနေသည့် အကြားမှ နောက်ထပ် ခြစားနေသည့် တံခါးများ ရှိနေတာ ရေးပြလိုပါသည်။
                                  ထိုင်းနိုင်ငံမှ  မြန်မာပြည်သို့ ထွက်ခွာမည့် မိတ်ဆွေ တစ်ယောက်ကို လေဆိပ်လိုက်ပို့ရင်း ကြုံခဲ့ရ၊ မြင်ခဲ့ရတာတွေ ဖြစ်သည်။  စစ်ဆေးရေးဂိတ်တွင်  မြန်မာနိုင်ငံကူးလက်မှတ် ကိုင်ဆောင်ထားသည့် ခရီးသည် (၁၀)ယောက်ခန့် တန်းစီစောင့်နေကြသည်။ စကားတွေ ပြောနေသည်မှာ ကျွက်ကျွက်ညံလို့နေသည်။ စာရေးသူကြားရသလောက် မြန်မာစကားတစ်လုံးမျှမပါ၊ တရုတ်ဘာသာစကားဖြင့် ပြောနေကြခြင်းဖြစ်သည်။ စာရေးသူတို့ကို ကားမောင်းပို့ပေးသည့် ထိုင်းလူမျိုး မိတ်ဆွေက စာရေးသူရဲ့ မြန်မာမိတ်ဆွေလက်ထဲက ပတ်စ်ပို့ကို ဖတ်ကနဲ ငုံ့ကြည့်ပြီး ထိုလူအုပ်ကို မေးငေါ့ကာ

 "သူတို့က မြန်မာမဟုတ်ပဲ ဘာဖြစ်လို့ အမလို မြန်မာပတ်စ်ပို့ ကိုင်ထားတာလဲ "ဟု ဗြုန်းကနဲ မေးလေသည်။
  ခေါင်းထဲမှာ  အတွေးများစွာနှင့် အဖြေများစွာ ပေါ်လာသော်လည်း သူ့ကို တစ်ခွန်းမှ ပြန်မဖြေမိပဲ ထိုလူစုဆီသို့သာ  ငေးကြည့်နေမိလေသည်။

                        ထိုထိုင်းမိတ်ဆွေကပင် အဲဒီလူအုပ်စုကို လိုက်ပို့ဟန်ရှိသည့် ထိုင်းအမျိုးသမီးတစ်ယောက်ကို တွေ့သည်နှင့် သူငယ်ချင်းပါလား ဆိုကာ ဝမ်းသာအားရ နှုတ်ဆက်လေသည်။ အတန်ကြာ စကားတွေပြောပြီး စာရေးသူတို့ အနားပြန်ရောက်လာပြီး ရှင်းပြသည်။ ထိုထိုင်းအမျိုးသမီးသည် တရုတ်လူမျိုး ဖြစ်ပြီး ထိုင်းနိုင်ငံသား ဖြစ်ကြောင်း၊ သူပြောပုံအရ ယခုခရီးသွားများသည် တရုတ်ပြည် ပြည်နယ်တစ်ခုမှ  ဖြစ်ကြောင်း မြန်မာနိုင်ငံကူးလက်မှတ်ကို ဘယ်လိုရထားတယ်ဆိုတာ မသိရပေမယ့် ထိုအမျိုးသမီးကို တွေ့လိုက်သည့်အတွက် သူသတိရသွားတာ ရှိတဲ့အကြောင်း ပြောပြလေသည်။

                     အဆိုပါ ထိုင်းမိတ်ဆွေသည် မြန်မာစကား အနည်းငယ်တတ်ကြောင်း၊ ထိုင်းနယ်စပ် မှတဆင့် မြန်မာပြည် ရန်ကုန်မြို့အထိ အမြဲ သွားတတ်ကြောင်း၊ ရံဖန်ရံခါ နယ်စပ်မှ ဝင်ရောက်ကာ  မြန်မာပြည်မှ အလည်လာရောက်မည့်သူများကို လေဆိပ်အထိ သွားကြိုပြီး  ဒီဘက်နိုင်ငံမှာ လှည့်လည် ပို့ဆောင်ပေးတတ်ကြောင်း ပြောပြလေသည်။ စာရေးသူက နယ်စပ်ကိုဝင်ရင်  သူက ဗီဇာယူပြီး ဝင်ရမှာပေါ့ ဟု မေးရာ မဟုတ်ဟု ဆိုလေသည်။ သူ့မှာ မြန်မာမှတ်ပုံတင် တနည်းအားဖြင့် မြန်မာနိုင်ငံသားကဒ် ရှိကြောင်း၊ ထိုင်းနယ်စပ်အထိ ထိုင်းမှတ်ပုံတင်ကိုင်ပြီး တဖက်ကမ်း မြန်မာပြည်ရောက်သည်နှင့် မြန်မာမှတ်ပုံတင်ကိုင်တာ ဖြစ်ကြောင်း ပြောလေရာ အံ့ဩမိရလေသည်။ စာရေးသူအံ့ဩတာကို သိသည့် သူက

 " အမတို့ မြန်မာပြည်မှာ မှတ်ပုံတင်လုပ်ရတာ အရမ်းလွယ်တယ်နော် ပိုက်ဆံပေးရင် ရတာပဲ" လို့ ဆက်ပြောနေပြန်ရာ ကိုယ့်အတွေးနှင့်ကိုယ် နူတ်ဆိတ်နေမိလေသည်။

                     တကယ်တော့ စာရေးသူကိုယ်တိုင်နှင့် စာရေးသူတို့ မိသားစုအားလုံး မှတ်ပုံတင်ကို လွယ်လွယ်နှင့်ရခဲ့သည် မဟုတ်၊ လဝက ရုံးကို အခေါက်ခေါက်သွားခဲ့ရသည်။ ထောက်ခံစာတွေ အများအပြား တောင်းခဲ့ရသည်။ ရပ်ကွက်၊ ရဲစခန်း၊ မြို့နယ် အဆင့်ဆင့် ထောက်ခံစာတွေ ယူပြီးမှ လဝက ရုံးက ပုံစံစာရွက်မှာ ဆွေစဉ်မျိုးဆက် ရာဇဝင် ဖြည့်ရသည်။ ဓါတ်ပုံကပ် လက်ဗွေနှိပ် ပြီးတာနှင့် နောက်ဆုံးအဆင့် ပြီးပြီ။ ဒါပေမယ့် ချက်ခြင်း နိုင်ငံသားကဒ်( မှတ်ပုံတင်)ကို ပေးတာမဟုတ်၊ စိစစ်အုန်းမည်ဆိုကာ တလထပ်ချိန်းပြီး တလပြည့်မှ နိုင်ငံသားစိစစ်ရေးကဒ်ကို လက်ဝယ်ပိုင်ပိုင် ရရှိခြင်းဖြစ်သည်။ ဒါက စာရေးသူတို့ ဆွေစဉ်မျိုးဆက်က မြန်မာပြည်မှာမွေး မြန်မာပြည်မှာနေ မြန်မာပြည်မှာ ကြီးပြင်းပြီး ကျောင်းတက် နေသည့်အရွယ်တွေ ဖြစ်သည်။ မှတ်ပုံတင်လုပ်ရသည်မှာ မလွယ်သည့်အတွက် မှတ်ပုံတင်ကို လုံခြုံစိတ်ချရသည့် ဘီဒိုထဲထဲ့ကာ သော့ပါခပ်ပြီး သိမ်းထားကြလေသည်။

                   ဒါ့ကြောင့် မြန်မာပြည်မှလဲ မနေ၊ မြန်မာပြည်သားလဲ မဟုတ်သည့် ထိုလူမျိုးတွေမှာ မြန်မာမှတ်ပုံတင် (နိုင်ငံသားကဒ်) တွေ ကိုင်ထားကြတာ ဘယ်လိုဖြစ်ပါလိမ့်လို့ တွေးစရာပွားနေရခြင်းဖြစ်လေသည်။

စာရေးသူ  အစိုးရအမှုထမ်းဘဝက ဌာနမှာ အသံသွင်းလုပ်ငန်းနှင့် ပတ်သက်ပြီး လာရောက်တတ်သည့် ကုလားလေးတယောက်နှင့် သိကျွမ်းရလေသည်။ သူ့အဖေက နာမည်ကြီး ကာလပေါ်တီးဝိုင်းအဖွဲ့ခေါင်းဆောင် ဖြစ်ပြီး တေးသီချင်းများစွာ ရေးသားခဲ့သည့် နာမည်ကျော် ဂီတစာဆို တစ်ယောက်ဖြစ်သည်။
စာရေးသူ၏ သမီးအကြီးကို သန်းခေါင်စာရင်းထဲ့ရန် လဝက ရုံးသို့ အသွား သူနှင့်ဆုံ၍ နှုတ်ဆက်ရင်း မေးကြည့်ရာ မှတ်ပုံတင်လုပ်ထားတာ တစ်နှစ်ရှိပြီ မရသေးလို့ လာစုံစမ်းတာ၊ မထူးသေးဟု ဆိုလေသည်။ အဲဒီနောက် (၁၀)နှစ်အကြာ သမီးအကြီးကို မှတ်ပုံတင်လုပ်ပေးဖို့ လဝက ရုံးကို ရောက်ပြန်ရာ သူနှင့်ဆုံပြန်လေသည်။ စာရေးသူက လဝက ရုံးကို (၁၀)နှစ်နေမှ တခါရောက်တာမှာ သူနဲ့ဆုံလို့ အံဩပြီး အခုထိမရသေးဘူးလား မေးရာ မရသေးကြောင်း ပြောပြန်သည်။
"  ကျမ်းကျိန်လို့ ပြီးပြီဆိုတော့ ရတော့မှာပါ ရကာနီးပါပြီလို့"  ဆိုလေသည်။
"  ကျတော်တို့က အမတို့လို မဟုတ်ဘူးလေအမ ဒီတော့ မြန်မာပြည်မှာ မွေးပေမယ့် မှတ်ပုံတင်ရဖို့ တော်တော်နဲ့မလွယ်ဘူး " ဟု ဆက်ပြောပြလေသည်။
                 အဲဒီလို အဖြစ်မျိုးတွေသာ ဆုံခဲ့ဖူးတဲ့ ကိုယ့်အဖို့ အခုလို မှတ်ပုံတင်ကို တခြားနိုင်ငံသား တစ်ယောက်က အလွယ်တကူ ရပြီးကိုင်နိုင်တာကို အံဩမိတာ မဆန်းလှပါ။
                     တလောက ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားများစွာကို ထိုင်းအစိုးရက တရားဝင်နေထိုင်ခွင့် အထောက်အထားများ ထုတ်ပေးပြီး မကြာမီ ယာယီပတ်စ်ပို့များ ထုတ်ပေးတော့မည် ဖြစ်ရာ ယာယီပတ်စ်ပို့အတွက် မှတ်ပုံတင် ( နိုင်ငံသးစိစစ်ရေးကဒ်) နှင့် အိမ်ထောင်စုစာရင်း( သန်းခေါင်စာရင်း) တို့ လိုအပ်ရာ ထိုအထောက်အထား မရှိသူတွေကို  မြန်မာပြည်ပြန်ပြီး  သွားယူဖို့၊ မရှိပါက ပြန်လုပ်ဖို့ နှိုးဆော်ထားလေသည်။ ယခင်က ယာယီနိုင်ငံကူးလက်မှတ် ကိုင်ဆောင်ထားသူတွေပင် သက်တမ်းတိုးရာမှာ မှတ်ပုံတင်၊ သန်းခေါင်စာရင်း ပြရသည်ဟု ကြားမိလေသည်။  ထိုင်းနိုင်ငံမှာ မြန်မာအလုပ်သမား သိန်းနှင့်ချီပြီး ရှိရာ ထိုအလုပ်သမားတွေ ပြန်ကြပါက အလုပ်ရှင်တွေ အခက်တွေ့တော့မှာပဲဟု ရိုးရိုးပဲ တွေးမိရာ အလုပ်သမားတစ်ယောက်က မှတ်ပုံတင်လေး ထုတ်ပြလေသည်။

သူမြန်မာပြည်ပြန်တာလဲ တခါမှ မကြားမိ၍ ဘယ်လိုရလာသလဲ မေးကြည့်ရာ ထိုင်းဘတ်ငွေ (၄၀၀၀) ဝန်းကျင်ပဲ ကုန်သည်တဲ့၊ ကိုယ်တိုင်သွားပါက လမ်းစားရိတ်၊ စားတာသောက်တာ၊ လဝကမှာ ပေးရကမ်းရမှာ ၊ အိမ်အတွက် လိုတာဝယ်သွားရ ဘာညာနှင့် ဒီ့ထက်မက ကုန်မှာဖြစ်သည်တဲ့၊ အခုတော့ ထိုင်ရာမထ ဆိုသလို နိုင်ငံသားစိစ်ရေးကဒ်ရလေပြီ။ တကယ်တော့ သူမြန်မာပြည်က ထွက်လာကတည်းက သူ့မှာ မှတ်ပုံတင်မရှိ၊ ပျောက်သွားပြီ၊ ထိုင်းမှာနေလာတာ (၁၀) နှစ်ကျော်ပြိဆိုတော့  မြန်မာမှတ်ပုံတင် မရှိလဲ ဘာမှမဖြစ်ဆိုကာ နေတာကြာပြီ။ အခုတော့ တဆင့်စကားနှင့် ကြားသိရာက နယ်စပ်မှတဆင့်  တဖက်ကမ်းမှာ  လုပ်လိုက်သည်တဲ့၊ သူသည် မြန်မာပြည် အရှေ့မြောက်ဖက်က လာခဲ့ပေမယ့် အခုတော့ ထိုမြို့သား ကြီး ဖြစ်နေပြီ။

ဒီအဖြစ်က မရိုးသားပေမယ့် ကာယကံရှင်က မြန်မာလူမျိုး ဖြစ်နေသည့်အတွက် ပြဿနာ မရှိနိုင်လို့တော့ ပြောလို့ရသည်။ ဒီလိုမျိုး မြန်မာပြည်ကို ပိုက်ဆံနှင့် ကိုယ်ရေးအချက်အလက် လှမ်းပို့လိုက်ယုံနှင့် မကြာမီ နိုင်ငံသားစိစစ်ရေးကဒ် လက်ဝယ်ပိုင်ပိုင် ရရှိသူတွေ တစတစ များပြားလာတာ စာရေးသူတွေ့ရသည်။ ထိုသူတွေသည် မြန်မာလူမျိုး မြန်မာနိုင်ငံသား စစ်စစ်တွေ ဟုတ်ပါရဲ့လားလို့ လဝက မှ တာဝန်ရှိဝန်ထမ်းတွေ တွေးမိကြပါရဲ့လား၊


                           ပီးခဲ့သည့် ရက်အနည်းငယ်က မလေးရှားမှာ မြန်မာလူမျိုးတွေကို သတ်တဲ့ လူသတ်တရားခံ မြန်မာနိုင်ငံသား(၃)ယောက်ကို ဖမ်းမိတဲ့အကြောင်း သတင်းတွေမှာ ပါလာတော့ အများက ဝိုင်းပြီး ရေးကြ ပြောကြ ဆဲကြဆိုကြသည်။ ဒီလို ရုပ်ဆင်းအင်္ဂါသည် မြန်မာ ဖြစ်ပါမလားဆိုသည့် ဝေဖန်သံတွေ ထွက်လာသည်။ မလေးရှားအစိုးရကလည်း သေသေချာချာ စိစစ်ပြီး ထုတ်ပြန်တာပဲ ဖြစ်ပါလိမ့်မည်။ သူတို့လက်ဝယ်ကိုင်ဆောင်ထားသည့် မြန်မာနိုင်ငံကူးလက်မှတ် (သို့မဟုတ်) မြန်မာနိုင်ငံသားအထောက်အထား တစ်ခုခုကို ရရှိလို့ သတင်းထုတ်တာဖြစ်မည်။ ဒါဖြင့် မြန်မာလူမျိုးပါလို့ ဘယ်လိုမှ ပြလို့မရနိုင်တဲ့ ဝတ်စားဆင်ယင်မှုနဲ့ ရုပ်ဆင်းအင်္ဂါ ရှိတဲ့သူတစ်ယောက်က မြန်မာနိုင်ငံသားအထောက်အထားတွေ သူတို့လက်ထဲ ဘာ့ကြောင့် ရှိနေသလဲ၊ ရှင်းပါသည်။

လူဝင်မှုကြီးကြပ်ရေး အတိုကောက် လဝက ရုံးတိုင်းမှာ ချိတ်ဆွဲထားသည့် " မြေမြို၍ လူမျိုးမပျောက်၊ လူမျို မှ လူမျိုးပျောက်မည်" ဆိုသည့် ၎င်းတို့၏ ဆောင်ပုဒ်ကို သူတို့ကိုယ်တိုင် လျှစ်လျှူရှု၍  ငွေကြေးရလိုသည့် စိတ်ဆနတွေက တိုင်းပြည်အပေါ် သစ္စာဖောက်နေကြ၍ပဲ ဖြစ်လေသည်။


ခိုင်ခိုင်စောလွင်