December 18, 2011

ဖားကူးရွာရဲ့ ခမောက်ပုံပြင်



သန်လျင် ရေနံချက်စက်ရုံ ဗုံးဖောက်ခွဲမှု ကျူးလွန်တယ်လို့ စွပ်စွဲချက်တွေနဲ့ အကျဉ်းကျခံရပြီး လွတ်မြောက်လာတဲ့ ကိုညီညီဦး ရဲ့ အင်တာဗျူးကို ဖတ်ရင်း စိတ်ထဲမှာ နာကျင်မှုတွေနဲ့ တနုံ့နုံ့ဖြစ်ရပါတယ်။
တရားခံအစစ်ကို ဖော်ထုတ်ရမိရက်နဲ့ ပြန်လွှတ်မပေးဘဲ နှစ်ပေါင်းများစွာ ဖမ်းဆီးချုပ်နှောင် ထားခဲ့ပါတယ်။ ဘယ်လောက် ဆိုးရွားသည့် အဖြစ်တွေပါလဲ။ လူငယ်တစ်ယောက်ရဲ့ တက်သစ်စအချိန်၊ နုပျိုတက်ကြွစွာ လုပ်ကိုင်နိုင်တဲ့ အရွယ်ကာလ တစ်ခုလုံးကို သတ်ပစ်လိုက်တာပါပဲ။
စစ်ထောက်လှမ်းရေးတွေ မင်းမူစဉ်ကာလက မှန်သည်ဖြစ်စေ မှားသည်ဖြစ်စေ ဟုတ်တာမဟုတ်တာထား၊ တရားခံ ဖော်ပြနိုင်ရင် သူတို့တာဝန်ကျေ ပြီးရောဆိုတဲ့ ယုတ်မာတဲ့စိတ်ဓာတ်တွေနဲ့ မတရား ညှဉ်းပမ်းနှိပ်စက်ပြီး အတင်းဝန်ခံခိုင်းတာ အမှုဆင်ခဲ့ကြတာတွေ အများကြီးပါပဲ။ မြန်မာနိုင်ငံတဝန်းမှာ ဒီလို မတရားဖမ်းဆီးပြီး ထောင်ချခံခဲ့ရတဲ့သူတွေ မိသားစုတွေဟာ ဘယ်ခေတ်ဘယ်ကာလနဲ့မှမတူ စစ်အစိုးရ လက်ထက်မှာ ခံစားခဲ့ကြရပါတယ်၊။
ကိုညီညီဦးရဲ့ အင်တာဗျူးမှာ သူ့ကို အခြားတစ်ယောက်ပြောမှ ဗုံးပေါက်တဲ့သတင်းကို သိရတာပါတဲ့၊ ၁၉၈၉ခုနှစ်၊ ဇူလိုင်လ ၁၂ ရက်နေ့မှာ NLD ပါတီစည်းရုံးရေးကိစ္စနဲ့ ဖားကူးကျေးရွာ အသွားမှာ အဖမ်းခံခဲ့ရတယ်လို့ ဆိုပါတယ်။ ဖားကူးကျေးရွာလို့ ဆိုတာနဲ့ ကျမရဲ့အတွေးတွေဟာ လွန်ခဲ့တဲ့ ၂၂ နှစ် ၊၁၉၈၉ ခုနှစ်တွေဆီ ရောက်ရှိလို့ သွားပါတယ်၊
သန်လျှင်ရေနံချက်စက်ရုံ ဗုံးဖောက်ခွဲမှုနဲ့ပတ်သက်ပြီး သန်လျှင်NLD လူငယ်တွေ တော်တော်များများကို စွပ်စွဲ ဖမ်းဆီးတဲ့ သတင်းတွေ ၊တစ်ချို့ကို ယူဂျီ လို့စွပ်စွဲပြီး နှစ်ရှည်ထောင်ဒဏ်တွေ ချလိုက်တာ သတင်းစာထဲမှာ ပလူပျံအောင် ပါနေပါတယ်။
အဲဒီအချိန်က NLD ပါတီဟာ ပြည်သူတစ်ရပ်လုံး ထောက်ခံမှုရနေတာကြောင့် ထိပ်ဆုံးက ပြေးနေတဲ့ ပါတီပါ။ စစ်တပ်ကို ကျောထောက်နောက်ခံပြုထားတဲ့ မဆလ တဖြစ်လဲ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီရဲ့ အဓိကအတိုက်အခံ ပါတီဖြစ်ပါတယ်။
၁၉၈၈ခုနှစ် ရှစ်လေးလုံးအရေးတော်ပုံကို စစ်တပ်က ဖြိုခွင်းပြီး၊ စစ်အာဏာရှင်အစိုးရက နိုင်ငံရေးပါတီများ မှတ်ပုံတင်ရေး ဥပဒေကို ထုတ်ပြန်လိုက်ပါတယ်။ အဲဒီမှာ နိုင်ငံရေးပါတီပေါင်း ၂၀၀ကျော် မှတ်ပုံတင်ခဲ့ကြပါတယ်။ အဲဒီကမှ ရွေးကောက်ပွဲ ကျင်းပပေးမယ်လို့ ကတိပြုထားတဲ့ အချိန်ဲဖြစ်ပါတယ်။
ဒါ့ကြောင့် အဓီကပါတီကြီးဖြစ်တဲ့NLD ကို ဖြိုခွင်းဖို့ သိက္ခာချဖို့ နည်းမျိုးစုံနဲ့ ပါတီဝင်တွေကို စွပ်စွဲ ထောင်သွင်းအကျဉ်းချနေတာ ဖြစ်ပါတယ်၊ အထူးသဖြင့် ကျောင်းသားလူငယ်တွေကို ယူဂျီစွပ်စွဲပြီး ဖမ်းဆီးနေတာ ဖြစ်ပါတယ်။
(၂)
အဲဒီအချိန်ကာလတွေ ဖြစ်ပြီးလို့ လပိုင်း လေးပဲအကြာမှာ ကျမဟာ သန်လျှင်မြို့နယ်၊ ဖားကူးကျေးရွာ၊ အလယ်တန်းကျောင်း (အ.လ.က ဖားကူး) ကို မူလတန်းပြဆရာမအဖြစ် ရောက်ရှိသွားပါတယ်။ မြို့နယ်ပညာရေးမှုးက ကျမကိုတွေ့ပြီး ပြောတဲ့အခါ အဲဒီဖားကူး အ.လ.က က ကျောင်းသားတွေနဲ့ ရွာသူရွာသားတွေဟာ နိုင်ငံရေးအရ ရှုပ်ထွေးမှုတွေရှိတယ်၊ သတိနဲ့ပြော သတိနဲ့ နေပါလို့ဆိုပါတယ်။
ဖားကူးရွာဟာ သန်လျှင်မြို့နယ်ထဲပါနေပေမယ့် တကယ်တမ်းမြေပုံအရဆိုရင် ပဲခူးနဲ့ ပိုနီးပါတယ်။ အဲဒီရွာနဲ့ ကပ်ရက် ဝင်းခနီးဆိုတဲ့ ရွာကလေးပြီးရင် ဟိုးဖက်က ပဲခူးတိုင်းက ရွာတွေပါ။ သန်လျှင်ကို ကျော်ပြီး ပဲခူးမြစ် အတိုင်းသွားရင် နောက်ထပ် နှစ်နာရီလောက် မော်တော်နဲ့ သွားမှ ရောက်ပါတယ်။ ပဲခူးမြစ်ကမ်းနံဘေးက ရွာလေးပါ။ ရန်ကုန်ကနေ မော်တော်နဲ့သွားရပါတယ်။
နှစ်ပေါင်း ၂၀ ကျော်လို့ အဲဒီမှတ်တိုင် နာမည်ကိုတောင် မေ့နေပါပြီ။ ပုစွန်တောင်ဈေးမှတ်တိုင်နဲ့ သီတာဆိပ်လို့ ခေါ်တဲ့ ညောင်တမ်းမှတ်တိုင်ကြားမှာ မှတ်တိုင်တစ်ခုရှိပါတယ်။ အဲဒီမှတ်တိုင်ဘေးက မြေနီလမ်းလေးထဲ ဝင်သွားရင် ပုစွန်တောင်ချောင်းဘေးက ကမ်းနားတစ်ခုကို ရောက်ပါတယ်။ မော်တော်လေးတွေ၊ ငါးဖမ်းလှေလေးတွေ ဆိုက်ကပ်ထားပါတယ်။
အဲဒီမှာဖားကူးရွာကိုသွားတဲ့ တစ်စင်းထဲသော မော်တော်လေးရှိပါတယ်။ ရေတက်ရေကျနဲ့ ထွက်တာပါ။ ဒီနေ့ ဒီရက် ဒီအချိန်လို့ အတိအကျမရှိပါဘူး။ လဆန်းရက် လဆုပ်ရက် တွက်ချက်ပြီး ဘယ်နေ့မှာဘယ်အချိန် ထွက်တယ်ဆိုတာ ရှိပါတယ်။ ဆိုက်ရင်လည်း ဒီလိုပါပဲ၊ ရေတက်ရေကျတွက်တဲ့နည်းကို ကျမတို့လည်း ကျက်မှတ်ထားရပါတယ်။ ဒါမှမော်တော်ထွက်တဲ့ အချိန် သိတာပါ။ နို့မို့ဆိုရင် ရွာကိုရော ရန်ကုန်ကိုရော ရောက်ဖို့ မမြင်ပါ။
အဲဒီဆိပ်ကမ်းကနေ ပုစွန်တောင်ချောင်းအတိုင်း ခုတ်လာပြီးတော့ ဘယ်ချိုးလိုက်ရင် ရန်ကုန်မြစ်ကို ရောက်ပါတယ်။ ရန်ကုန်မြစ်ကနေ နာမည်ကျော် မြစ်သုံးခွဆုံ (တိုင်းလုံးကျော်သင်္ဘော နစ်မြုပ်တဲ့ နေရာ) ရောက်ရင် ဘယ်ဖက်ကို တစ်ခါချိုးလိုက်ရင် ပဲခူးမြစ်ကိုရောက်ပါတယ်။ အဲဒီပဲခူးမြစ်အတိုင်း ခုတ်သွားရင် ရေစုန်ဆို ၃ နာရီ၊ ရေဆန် ၄ နာရီလောက်အကြာမှာတော့ ဖားကူးရွာကိုရောက်ပါတယ်။ သီတာဆိပ်ကနေ သန်လျှင်ဆိပ်ကမ်း အရောက်က ရေစုန် ၄၅ မိနစ်၊ ရေဆန်ဆို ၁ နာရီပဲကြာတာဖြစ်တဲ့ အတွက် ရန်ကုန်-ဖားကူးအကွာအဝေးကို မှန်းလို့ ရပါတယ်။
ဘယ်မော်တော်မှလဲ ရွာကိုမလာကြပါဘူး။ ရွာကလူတွေ ဈေးဝယ်ထွက်၊ အလုပ်ကိစ္စ၊ ကျန်းမာရေးကိစ္စနဲ့ သွားကြတဲ့အတွက် ရွာက လူတစ်ယောက်ပိုင်တဲ့ အဲဒီမော်တော် တစ်စင်းပဲ အသွားအလာရှိပါတယ်။ ဒါကြောင့် မော်တော်ဆိုက်ချိန် မဟုတ်ဘဲ ဖားကူးဆိပ်ခံတံတားမှာ မော်တော်၊ စက်လှေ တစ်ခုခု ဆိုက်သံကြားရင် လူစိမ်းဧည့်သည် လာတယ်ဆိုတာ သူတို့ အလိုလိုသိကြပါတယ်။ ဒါမှမဟုတ်လဲ အကြောင်းတစ်ခုခု ထူးတယ်ဆိုတာ သိကြပါတယ်။
ကျမအပါအဝင် ဆရာမ(၃)ယောက်ဟာ ရန်ကုန်ကပါ။ ကျမတစ်ယောက်ပဲ ရန်ကုန်တက္ကသိုလ်က ပူပူနွေးနွေး ကျောင်းပီးခါစပါ။ ရွာထဲကိုရောက်တယ်ဆိုရင်ပဲ ထူးခြားတာက ကျမတို့ ကိုယ့်အထုပ် ကိုယ်ဆွဲရတာပါပဲ။ ကလေးတွေမိဘတွေက ပြေးကြိုကြလိမ့်မယ် ထင်ထားတာ တက်တက်စင်အောင် လွဲပါတယ်။ အဲဒီမှာ ကျမသတိထားမိတာက သူတို့တွေ ဆရာမတွေကို ကြည့်တဲ့ မျက်လုံးတွေဟာ ခပ်စိမ်းစိမ်း ဖြစ်နေခြင်းပါ၊ ရိုင်းတာလဲမဟုတ်ပါ။
ဘာ့ကြောင့်လဲဆိုရင် ဆရာမတွေလာတယ်ဆို လမ်းပေါ်ကနေဆင်းပြီး ဘေးမှာခေါင်းငုံ့လို့ ရပ်ပေးပါတယ်။ ကျော်သွားတော့မှ သူတို့ဘာသာ ဆက်လျှောက်ကြပါတယ်။ နောက်ပိုင်းမှာ သတိထားမိတာက ရွာသူရွာသား တွေဟာ ဆရာ/ဆရာမတွေကို ခပ်စိမ်းစိမ်းပဲနေကြတယ်။ ရင်းနှီးလိုဟန် မပြတဲ့အပြင် ပြုံးပြ နှုတ်ဆက်ခြင်းပင် မရှိတာကို တွေ့ရပါတယ်။
ကျောင်းက ရွာရဲ့အရှေ့ဘက်မှာ ရှိပါတယ်။ ရွာရဲ့ အပြင်ဘက်လို့တောင် ပြောလို့ရပါတယ်။ အဲဒီမှာ ဓနိမိုး၊ ဝါးထရံကာ၊ မြေစိုက် အဆောင်လေးက ကျမသင်ရမယ့်စတုတ္ထတန်းပါ။
အဲဒီခေတ်တုန်းက စတုတ္ထတန်းခေါ်တဲ့ ၄ တန်းက မြို့နယ်စစ်၊ ဘုတ်စစ်လို့ ခေါ်ပါတယ်၊ အရေးကြီးပါတယ်၊ တချို့ အဲဒီ ၄ တန်းကို မကျော်နိုင်လို့ ကျောင်းထွက်သွားရတာတွေ ရှိပါတယ်။ အတန်းထဲရောက်ပြီး ကိုယ့်ကိုယ်ကို ကလေးတွေနဲ့ မိတ်ဆက်စကားပြောရင်း အကဲခပ်တဲ့အခါ ကလေးတွေဟာ ဆရာမကို ရင်းနှီးလိုဟန်မပြ၊ ခပ်စိမ်းစိမ်းပဲ ဖြစ်နေတာကို တွေ့ရပြန်ပါတယ်။
စာမသင်ခင် ကလေးတွေနဲ့ ရင်းနှီးမှု ရမှဖြစ်မယ်ဆိုတဲ့ အတွေး၊ ကလေးတွေ အားထားမှု ယုံကြည်မှု ကိုရမှ ဖြစ်မယ်ဆိုတာကို တွေးမိလိုက်ပါတယ်။ ပထမဆုံးနေ့ကတော့ ခပ်တန်းတန်း စာသင်ရင်း ပြီးဆုံးခဲ့ရပါတယ်။
(၃)
ရန်ကုန်ကို နေ့ချင်းပြန်လို့ မရတဲ့အတွက် ကျောင်းမှာ တာဝန်ထမ်းဆောင်တဲ့ ဆရာ ဆရာမများဟာ ရွာထဲမှာပဲ အိမ်ငှား နေကြရပါတယ်။ ကျမတို့ ဆရာမ ၃ ယောက်ဟာ ဒီရွာမှာ အရင်ကတည်းက ရောက်နှင့်နေတဲ့ ဆရာမ နှစ်ယောက် နေတဲ့အိမ်မှာပဲ အိမ်လခဝေစုထည့်ပြီး စုနေလိုက်ကြပါတယ်။
ဆရာမတစ်ယောက်က "ဒီရွာက ကလေးတွေက ဆရာ ဆရာမ တွေအပေါ်မှာ စိုးရိမ်စိတ်တွေ ရှိနေတယ်၊ နောက်ြပီး မယုံသလို ဘာလိုလို ဖြစ်နေကြတယ်။ စာသင်ရင် ဘာမှ အစွန်းမထွက်စေနဲ့" လို့ပြောပါတယ်။ ကျမနဲ့အတူ ရောက်လာတဲ့ ဆရာမနှစ်ယောက်က အဲဒီအတွက် ဘာမှထူးခြားဟန်မပြ၊ သူတို့က သူငယ်တန်းနှင့် ပထမတန်း သင်ရသူတွေဆိုတော့ ကလေးတွေကလည်း ဘယ်လိုမှမနေ၊ သူတို့ကလည်း ဘာမှမသိ။
ကျမက ဒီရွာအကြောင်းနဲနဲ ကြားဖူးနားဝရှိထားတာရယ်၊ ဒီရောက်မှ ကျောင်းသားတွေရဲ့ အပြုအမူရယ်၊ ပိုပြီးသတိထားမိတာက စာသင်နှစ်ဝက် ရောက်နေပေမယ့် ကျောင်းသားတွေ ကျောင်းလာတက်ဖို့ စုစည်းနေရတာတွေရယ် အားလုံးကို စိတ်ဝင်စားနေမိပါတယ်။
ဒါ့ကြောင့် ကျောင်းအုပ်ဆရာကြီးက ဆရာမတို့ အဆင်ပြေကြလား မေးတာ ကျမ တစ်ယောက်ပဲ တခုတော့ အဆင်မပြေဘူးလို့ ပြောလိုက်ပါတယ်။ ဆရာကြီးက ကျမကို သေချာကြည့်ပြီး "ဆရာမ အားတဲ့အချိန် ကျနော့် ရုံးခန်းလာခဲပပါ" ပြောပါတယ်။
ခုမှ ကျောင်းပီးခါစ ဘာသင်တန်းမှလဲမတက်ခဲ့ရတဲ့အပြင် ကျောင်းမှာလည်း အသက်အငယ်ဆုံး ဖြစ်နေတဲ့ ကျမကို အရေးကြီးတဲ့ အတန်းပေးပြီး သင်ခိုင်းတာ ဆရာ ဆရာမတွေ ဝိုင်းပြီးကန့်ကွက်တာကို ဆန့်ကျင်ပြီး အတန်းပိုင်အဖြစ် အပ်တာ တွေကြည့်လိုက်ရင် ဆရာကြီးဟာ ကျမကို တော်တော် အကဲခပ်ထားတယ်ဆိုတာ ကျမ ရိပ်မိထားပါတယ်။
"လူတွေဟာ အသက်ကြီးလာရင် ရေလိုက်ငါးလိုက်ပဲ နေချင်ကြတော့တယ်။ ဒါ့ကြောင့်အသက်ကြီးလာတဲ့ ဆရာ ဆရာမတတွေဟာ စာသင်ပြီးရင်တော်ပြီ၊ ကျန်တာ စိတ်မဝင်စားကြတော့ဘူး" ဆိုပြီး စကား စလာပါတယ်။
ကျမလည်း ဆရာကြီးကို ငေးကြည့်ရင်း စာရေးဆရာ ရုပ်ရှင်ဒါရိုက်တာ မောင်ဝဏ္ဏကို မြင်ယောင်မိပါတယ်။ ဆေးပေါ့လိပ်ကလေး ခဲနေမှဖြင့်ပိုတောင်တူပါသေးတယ်။ ရွာအပြန် မော်တော်ပေါ် စောစောရောက်ရင် ခေါင်မိုးပေါ် တက်ထိုင်ပြီး ဆေးပေါ့လိပ် ခဲလို့ မြစ်ထဲ ဟိုငေးဒီငေးနေပါတယ်။ တခြားရွာက တချို့ အသက်ကြီးတဲ့ လူကြီးပိုင်းက ဆရာကြီးကို မသိတော့ "ဟိုး ခေါင်မိုးပေါ်ကသူငယ် ကြီးတော် အထုပ်ကလေး လှမ်းဆွဲပြီး အမိုးပေါ် တင်ပေးစမ်းပါ ဆိုပြီး" မကြာခဏ အခိုင်းခံရတတ်ပါတယ်။
မော်တော်အလုပ်သမားက အဲဒီတော့မှ အူယားဖားယား ပြေးလာပြီး အထုပ်ကိုသယ်ပါတယ်။ ဘာအဆောင်အယောင် ဘာဟန်ပန်မှ မရှိတဲ့ ကျောင်းဆရာပီသတဲ့ ကျောင်းအုပ်ကြီး တစ်ယောက်ပါ။ ဆရာကြီးက သူ့လက်အောက်က ဆရာမတစ်ယောက်ကိုပြောတာထက် သမီးတယောက်ကို ပြောသလို ကျမကို ပြောပြပါတယ်၊
အ.လ.က ဖားကူး မှာ သူငယ်တန်းက အဌမတန်း (ရှစ်တန်း) အထိရှိပါတယ်။ ရွာတွေမှာက ကလေး ကျောင်းထားရင် ခြေနိုင်လက်နိုင်ရှိမှ ထားကြတာဆိုတော့ များသောအားဖြင့် ၇) နှစ် ၈ နှစ် လောက်ရောက်မှ ကျောင်းစထားကြပါတယ်။ ပုံမှန် တစ်နှစ်တစ်တန်း အောင်ရင်တောင် ၈ တန်းရောက်ရင် ၁၆) နှစ်လောက် ဖြစ်နေကြပါပြီ။ အဲဒီအချိန်က ၄ တန်းမှာ တစ်,နေပြန်ရင် တချို့ အသက်နှစ်ဆယ်လောက်မှ ၈ တန်း ရောက်ပါတယ်၊ အဲဒီတော့ ရှစ်တန်းကျောင်းသားတွေဟာ များသောအားဖြင့် ၁၅ နှစ်ကနေ ၂၀နှစ် ပတ်ဝန်းကျင်တွေပါတဲ့။
၈၈ ကာလမှာ ကျောင်းသားတွေဟာ သမဂ္ဂဝင်တွေ ဖြစ်ခဲ့ကြပြီး နိုင်ငံရေးအပြောင်းအလဲနဲ့အတူ တချို့ကလည်း NLD လူငယ်တွေ ဖြစ်ပါတယ်တဲ့။ သန်လျှင်ဗုံးပေါက်ကွဲအပြီး သိမ်းကျုံး ရမ်းသမ်းဖမ်းတဲ့အခါ NLD လူငယ် ၄၀ နီးပါး အဖမ်းခံရပါတယ်။ ဖားကူးမှာ ဇူလိုင် ၁၂ ရက် NLD အစည်းဝေးလုပ်နေချိန်မှာ ဝင်ဖမ်းတာဖြစ်ပါတယ်။
ကျောင်းက အတန်းကြီးကျောင်းသားတွေ အကုန် နီးပါး အဖမ်းခံရပါတယ်။ ရွာထဲက လူငယ် လူရွယ် တစ်ယောက်မှမချန် အားလုံးခေါ်သွားပါတယ်။ ကျန်းမာရေး မကောင်းတဲ့သူက လွဲလို့ပါတဲ့။ ရွာမှာ တစ်ဦးတည်းသော ဆရာဝန်ဖြစ်တဲ့ NLD က ဒေါက်တာထွန်းသူ၊ ရန်ကုန်က အလည်ရောက်နေတဲ့ သူ့တူပါ မချန် အားလုံးကို ဖမ်းသွားပါတယ်တဲ့။ နောက်ပိုင်း စစ်ခုံရုံးမှာ အမှုစစ်တော့ သန်လျှင်ဗုံဖောက်ခွဲမှုကနေ ယူဂျီ လုပ်ပါတယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ထောင်ဒဏ်တွေ ကျကုန်ပါတော့တယ်။
ဒေါက်တာထွန်းသူနဲ့ သူ့တူက ထောင်ဒဏ်အနှစ်(၂၀) ကျာ် ကျပါတယ်တဲ့။ လယ်ထဲ ရောက်နေတဲ့ လူငယ်တစ်ချို့ သူတို့မျက်စေ့အောက် မတွေ့တဲ့ သူတချို့ပဲ လွတ်ပါတယ်တဲ့။ အဲဒီတုန်းက တစ်ရွာလုံး စိတ်မချမ်းမသာ ဖြစ်ခဲပရပါတယ်တဲ့။ ကျောင်းမှာလည်း ရှစ်တန်းကျောင်းသားမရှိတော့ဘူး၊ အခုရှိနေတဲ့ ကျောင်းသားအနည်းငယ်က ရွာနီးချုပ်စပ်က သူတို့ရွာမှာ အလယ်တန်းကျောင်းမရှိလို့ ဒီရွာမှာ လာတက်ကြတဲ့ သူတွေပါတဲ့။
ဒီရွာဟာ အစွန်အဖျားရွာဖြစ်တဲ့အတွက် တော်ရုံဘယ်သူမှ မသိနိုင်၊ ဒီရွာမှာ အစည်းဝေးလုပ်တာ ဘယ်လိုသိလဲဆိုတဲ့ အတွေးတွေ ဝင်လာကြသတဲ့။ အစိုးရဖက်က လူတွေလည်း အဝင်အထွက်မရှိပါတဲ့။ အဲဒီကတည်းက အစိုးရဝန်ထမ်းဆို အစိုးရလူဆိုပြီး ရွံ့ကြပါသတဲ့။ ဆရာ ဆရာမတွေကလည်း အစိုးရ လခစား ဆိုတော့ အစိုးရဘက်ကပဲဆိုပြီး ခပ်စိမ်းစိမ်းတွေ ဖြစ်ကုန်ကြပါတယ်တဲ့။
ဒီအကြောင်းတွေ ကြားရတဲ့အခါ ကျမ ငယ်စဉ်ကကြားဖူးခဲ့တဲ့ ဆင်စွယ်ရွာ လူသတ်ပွဲကိုတောင် သတိရမိပါတယ်။ တစ်ရွာလုံးရှိ ယောက်ျားတွေ အကုန်သတ်ပစ်လိုက်တာပါ။ ခုလဲ ထူးမခြားနားပါလားလို့ တွေးမိပါတယ်။
(၄)
အဲဒီနေ့ကစပြီး ကျမ သမိုင်းဘာသာရပ်ကို စသင်ပါတယ်။ အဲဒီမှာ ကျောင်းသားသပိတ်၊ ဗိုလ်ချုပ်အောင်ဆန်းအကြောင်း၊ လွတ်လပ်ရေးနေ့၊ ပင်လုံစာချုပ်နဲ့ ပြည်ထောင်စုနေ့ စတာတွေ သင်ရင်း ပြောရင်း သမိုင်းကြောင်းကို ခြေရာကောက်ရင်း ကျမရပ်တည်ပြီး ပြောနေတာကို သူတို့ ရိပ်မိလာပါတယ်။ ကျမ ဘယ်ဘက်မှာရှိတယ်ဆိုတာကို သူတို့ရိပ်မိလာပြီး ကျမကို ကြည်တဲ့ မျက်လုံးတွေ အရောင်ပြောင်းလာပါတယ်။ ခင်မင်ရင်းနှီးလိုဟန် ဆရာမဆိုတာထက်ပိုပြီး ရင်းနှီးချင်ဟန်တွေ ပြလာပါတယ်။
ထူးခြားတာက ရန်ကုန်က ဆရာမအသစ် ရောက်ပြီဆိုကတည်းက ကျောင်းမတက်တော့တဲ့ ကလေးတစ်ယောက် ကျောင်းပြန်လာတက်ကြည့်ပါတယ်။ တက်ကြည့်တယ်လို့ပြောရတာက သူ့ကို စာရေးခိုင်းတဲ့အခါ စာအုပ် ပါမလာဘူးချည်းပဲ ပြောနေတာပါဘဲ။ ကျမသူ့ကို စာအုပ်အသစ်တစ်အုပ် ထုတ်ပေးပြီး နောက်ပြန်မကူးရအောင် ဒီမှာရေးဆိုပြီး ပေးလိုက်ပါတယ်။
အဲဒီကလေးဟာ လက်ရေးအင်မတန်လှပြီး ဥာဏ်လည်း ကောင်းပါတယ်။ ကျမ သူ့ကို ချီးကျူးလိုက်တယ်ဆို အဲဒီကတည်းက ကျောင်းမပျက်တောကပါဘူး။ သူ့အကိုက ထောင်ထဲမှာ၊ အဖေကတော့ အဲဒီတုန်းက ရွာလူကြီး ခုတော့ အပြုတ်ပေါ့။
ကလေးရဲ့ စိတ်ထဲမှာ အရွယ်နဲ့ မမျှတဲ့ စိတ်ဒဏ်ရာတွေရခဲ့ ဖူးတယ်၊ သူ့အကို ကို ခေါ်သွားတာ အမေ မချိတင်ကဲ ကျန်ခဲ့တာ။ အဖေ ကို လူကြီးသူမမှန်း လေးစားမှုမရှိ ငေါက်ငန်းပြောဆိုတာတွေ သူမမေ့ နိုင်သေးပါတဲ့။ နောင်မှာ အဲဒီကလေးရဲ့ အိမ်ရှေ့ရောက်တိုင်း အဲဒီကလေးရဲ့အဖေဟာ ကျမ ကျောင်းကအပြန်ကို သေသေချာချာ စောင့်ပြီး နှုတ်ဆက်ရှာပါတယ်။
ကလေးတွေကို ကျမက ဆရာမနဲ့ ရေစက်ရှိလို့ ဆုံရတဲ့အကြောင်း ပြောပြပါတယ်။ ၈၈အရေးအခင်းမတိုင်ခင် ကျမက ဘွဲ့လွန်တက်နေကြောင်း၊ ကျောင်းတွေ မဖွင့်သေးလို့ စောင့်နေတာ ဖြစ်ကြောင်း။ ဒါပေမဲ့ ကျောင်းသားတွေ တော်တော်များများ တောထဲရောက်နေလို့(အဲဒီတုန်းက တောခိုတယ်လို့မပြောကြပါဘူး) အဲဒီကျောင်းသားတွေ ပြန်မလာမချင်း အစိုးရက ကျောင်းတွေပြန်ဖွင့်လည်း မတက်ဘဲ သပိတ်မှောက်ဖို့ ဆုံးဖြတ်ထားတယ်ကြားရတဲ့အတွက် ဒါကိုထောက်ခံတဲ့ အနေနဲ့ ဆရာမလည်း ကျောင်းပြန်မတက်တော့ဘူး ဆုံးဖြတ်လိုက်ပြီး ဆရာမဖြစ်လာတဲ့အကြောင်း ပြောပြပါတယ်။
ကျမနဲ့ကျမအတန်းက ကလေးတွေ တသားတည်း ဖြစ်သွားပါတယ်။ အဲဒီစာသင်နှစ်မှာ အ.လ.က ဖားကူး က စတုတ္ထတန်း ရာနှုန်းပြည့် အောင်ပါတယ်။ တစ်ကျောင်းလုံးမှာ စတုတ္ထတန်းက တစ်ခန်းထဲ ရှိတာဆိုတော့ ကျောင်းလုံးကျွတ် အောင်တယ်ပြောရင်လည်း ရပါတယ်။
နွေရာသီ ကျောင်းပိတ်ရက်မှာ ဆရာမတတွေ ရွာကို တစ်ခေါက် ပြန်ခဲ့ရပြန်ပါတယ်။ ၁၉၉၀ ရွေးကောက်ပွဲ ကျင်းပတော့မှာ ဖြစ်ပါတယ်။ ဆရာ ဆရာမတွေ မဲရုံစောင့်ကြရပါမယ်။ မဲရေတွက်ပေးရပါမယ်။ ရွာသူရွာသားတွေဟာ ကျမတို့ ဆရာ ဆရာမတွေအပေါ် သံသယ ရှိနေပါတယ်။ လူထုတစ်ရပ်လုံးက ထောက်ခံနေတာ NLDပါ။
ဒါပေမဲ့ NLD ခေါင်းဆောင်၊ ပါတီရဲ့ အထွေအထွေအတွင်းရေးမှုးဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ရွေးကောက်ပွဲ ဝင်လို့ မရအောင် လုပ်ထားပါတယ်။ ဒါပေမဲ့ အားလုံးဟာ ခမောက်ပါ။ မဆလ တဖြစ်လဲ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီကလည်း အင်အားတော်တော် ကောင်းနေတဲ့အချိန်ပါ။ သူတို့က စပါးနှံ အမှတ်အသားပါ။
ဖားကူးမဲဆန္ဒနယ်က ခမာက်အနိုင်ရတယ်လို့ သိလိုက်တဲ့အချိန်မှာ ရွာသားတွေရဲ့ သံသယဟာ ပျောက်ကွယ်သွားပါတယ်။ ဆရာ ဆရာမတွေဟာ အစိုးရလူဖြစ်လို့ အစိုးရခိုင်းသလိုလုပ်မှာ၊ အစိုးရဘက် လိုက်မယ်လို့ သူတို့ ထင်ထားပုံရပါတယ်။
ရွေးကောက်ပွဲကြီးပြီးလို့ ခမောက် အနိုင်ရလိုက်ပြီးချိန်မှာတော့ ရွာသားတွေနဲ့ ကျောင်းက ဆရာ ဆရာမတွေ တသားတည်း ပြန်ဖြစ်သွားကြပါတယ်။ အဲဒီတုန်းက လူထုတစ်ရပ်လုံးက ခမောက်ကို အင်နဲ့အားနဲ့ ထောက်ခံခဲ့ကြပေမဲ့ အာဏာမလွှဲသေးဘဲ အခြေခံဥပဒေ ဆွဲဖို့ကိုပဲ ပြင်ဆင်နေပါတယ်။ ရွေးကောက်ပွဲ အနိုင်ရ လွှတ်တော်ကိုယ်စားလှယ်တွေကိုလည်း အကြောင်းအမျိုးမျိုးပြပြီး ဖမ်းဆီိးနေပါပြီ။ ကျောင်းအုပ်ဆရာကြီးနဲ့ ရွာသူရွာသားတွေလည်း စကားဝိုင်းလေးတွေ ဖြစ်လို့နေပါတယ်။
(၅)
ဖားကူးရွာ၊ ကျမကျောင်းသားတွေနဲ့ ကျမ အထာကျလုကျခင်အချိန်မှာ၊ မမျှော်လင့်ဘဲ ရာထူးတိုး ပြောင်းရွှေ့မိန့် ထွက်လာပါတယ်။ အားလုံး အံ့သြ ဝမ်းသာဝမ်းနည်းဖြစ်ကုန်ပါတယ်။ ကျမလည်း တစ်ပတ်အတွင်း ပြောင်းဖို့ ပြင်ဆင်ရပါတယ်။
ဒီအချိန်မှာပဲ ကျောင်းအုပ်ဆရာကြီးကိုလည်း ရန်ကုန်တောင်ဥက္ကလာကို ပြောင်းရွှေ့မိန့် ထွက်လာပြန်ပါတယ်။ ဆရာကြီးလည်း မိသားစုနဲ့အတူ နေရပြီမို့ ဝမ်းသာပေမဲ့ ကျောင်းကခွဲရတော့မှာမို့ အပြည့်အဝ မပျော်နိုင်ပါဘူး။ ကျန်ခဲ့တဲ့ ဆရာ ဆရာမတွေ အားလုံး စိတ်မကောင်းဖြစ်ကြပါတော့တယ်။
ကျောင်းအုပ်ဆရာကြီးနဲ့ ကျမကို နှုတ်ဆက်ပွဲလုပ်မယ်၊ ကလေးတွေက ပွဲလေး စီစဉ်ကြပါတယ်၊ ကျမလည်း ကလေးတွေအတွက် အမှတ်တရလေးတစ်ခု လုပ်ပေးခဲ့ချင်ပါတယ်။ ဒါ့ကြောင့် အစည်းဝေးမှာ ပန်းကောက်တေး သီချင်းကို တေးသရုပ်ဖော်ကဖို့ စီစဉ်ကြပါတယ်။
အစမ်းတိုက်တဲ့နေ့မှာ ကျောင်းအုပ်ဆရာကြီးက လာကြည့်ပြီး "ကြည့်လည်း လုပ်ကြပါအုန်း ဆရာမတို့ရယ်၊ ကျနော် တောင်ဥက္ကလာမရောက်ဘဲ အင်းစိန် ရောက်နေပါအုန်းမယ်လို့" ရယ်မောပြောသွားပါတယ်။
ကျောင်းသူလေးတွေက ခမောက်လေးတွေကိုယ်စီ နောက်မှာ သိုင်းလွယ်ထားပါတယ်။ ".....တို့ဘဝရဲ့ ငယ်စဉ်တလျှောက်..ရွာဦးကျောင်းက အုန်းမောင်းခေါက်...ရောင်နီလာ မိုးဦးပေါက် ...ခရေပင်ရှိရာ အပြေး..." ဆိုတဲ့ နေရာရောက်တော့ ခမောက်ကလေးတွေချွတ်ပြီး ပန်းကောက်ထည့်တဲ့အမူအယာ လုပ်ကြပါတယ်။
အဲဒီသီချင်းမှာ တို့မှာကိုယ်စီ ခမောက်ဆိုတဲ့နေရာရောက်တော့ ခမောက်ကလေးတွေ ခေါင်းပေါ် ဆောင်းလိုက်ကြတာပါ။ တစ်ပုဒ်လုံးမှာ ခမောက်ဆိုလို့ ဒီတစ်နေရာထဲ ပါတာပါ။ ဒါပေမဲ့ အားလုံး ခမောက်ဆောင်းပြီး ကရတာကို ကျေနပ်နေကြတာပါ။ ကျောင်းခန်းအပြင်မှာ ရွာသားတွေပြည့်နေအောင် လာကြည့်တာကို တွေ့ရပါတယ်။
ရွာကထွက်လာပြီး နောက်ပိုင်းကာလတွေမှာတော့ ဆရာဆရာမနဲ့ ကျောင်းသူကျောင်းသားတွေ။ သူတို့ရဲ့ မိဘရွာသူရွာသားတွေ တစ်စိတ်ထဲ တစ်ဝမ်းထဲရှိလာကြတာကို ကြားသိရပါတယ်။
နှစ်ပေါင်းနှစ်ဆယ် ကျော်လာပြီး အခုအချိန်မှာ ပြန်တွေးမိတော့ မင်းမကောင်းတော့ ပြည်သူတွေ စည်းလုံးညီညွတ်မှုပြိုကွဲ၊ ပြည်သူတွေအ တိဒုက္ခရောက်ရတာတွေ မျက်ဝါးထင်ထင် တွေ့နေရပါတယ်။
ကိုညီညီဦး ထောင်ကျစဉ်မှာ သူ့မိဘနှစ်ပါးစလုံး ဆုံးပါးသွားခဲ့တယ်။ မဆုံးခင်မှာ ဘယ်လောက် ကိုယ်စိတ်နှစ်ပါး ဆင်းရဲခဲ့ရ ရှာမလဲလို့ ကျမတွေးနေမိပါတယ်။ အဲဒီ ဖားကူးရွာက လူတွေဟာ ဒီအမှုနဲ့ပတ်သက်ပြီး စွပ်စွဲချက်တွေ အမျိုးမျိုး စွပ်စွဲခံခဲ့ကြရပါတယ်။ နောက်ဆုံးမှာ ယူဂျီတွေပါဆိုပြီး သူတို့ရဲ့ ခင်ပွန်း၊ သား၊ မြေး၊ တူတွေကို နှိပ်စက်ညှင်းပမ်းလို့ နှစ်ရှည်ထောင်ဒဏ်တွေချခံခဲ့ရပါတယ်။
သူတို့ရဲ့ရင်ထဲမှာ ဒဏ်ရာဒဏ်ချက်တွေပြည့်ပြီး ယုံကြည်မှုတွေ ပျောက်ကွယ်ကုန်ကြရတဲ့အထိ ဖြစ်ခဲ့ရပါတယ်။ အမှန်တရားဆိုတာ သူတို့ဖက်မှာမရှိသလို ဖြစ်ခဲကြရပါတယ်။ သမိုင်းဆိုတာ ဖျောက်ဖျက်လို့မရပါဘူး။ လူထူရဲ့ ရိုးသားအေးမြတဲ့ စိတ်ဓာတ်တွေဟာ အမှန်တရားတွေပါပဲ။ အမှန်တရားဟာ သူတို့ကို ဒဏ်ခတ်ပါလိမ့်မယ်။ ။
ခိုင်ခိုင်စောလွင်

No comments:

Post a Comment