December 18, 2011

နှစ်ပိုင်းတစ်ပိုင်းနှင့် ဘဝတစ်ခု


လူ့ကျင့်ဝတ်ဆိုတဲ့ မေးခွန်းတွေ ဆီရောက်လာရင် ကိုယ့်ကိုယ်ထဲမှာကိုပဲ အမှန်အမှား ပဋိပက္ခတွေ ဖြစ်လာတယ်လို့ စာရေးဆရာမဂျုးရဲ့ စာတစ်ပုဒ်မှာဖတ်ဖူးပါသည်။ လူတွေဟာ တစ်ခါက မှန်သည်ဟု တရားသေ စွဲမှတ်ထားမှုသည် တစ်ချိန်မှာ အပြည့်အဝမှန်ကန်ခြင်း မရှိတော့ပါ။
မှန်သည် မှားသည်ဆိုတာ လက်တွေ့ဖြစ်ရပ်ထက် အချိန်ကာလက ဆုံးဖြတ်တာပါလား၊ ဒါ့ကြောင့်နောင်တဆိုတာ ဖြစ်လာတာလား။ ဒါဆိုရင် အမှားအမှန်ဆုံးဖြတ်ဖို့ တရားသူကြီးတွေ အချိန်မည်မျှကြာအောင် စောင့်ခွင့်ရှိပါသလဲ။ တချို့အမှုတွေက နှစ်ပေါင်းငါးဆယ်ကျော်မှ တရားခံပေါ်သလို တချို့အမှုတွေက နှစ်ပေါင်းများစွာကြာမြင့်မှ တရားခံအစစ်မဟုတ်မှန်းသိလာရသည်။ တရားခံအစစ်က နှစ်ပေါင်းများစွာ လွတ်နေတတ်သည်။ ဒါဆိုအမှန်တရားဆိုတာ လတ်တလော လက်တွေ့ဆုံးဖြတ်လို့ရသည့်အရာ မဟုတ်ဘူးတဲ့လား။
(၁)
ရန်ကုန်မြို့မြေပုံကိုကိုင်ပြီး တွံတေးမြို့နယ်မှာရှိတဲ့ ရွာတွေကိုကြည့်ရာက စိတ်ပျက်စွာ ထိုင်လိုက်မိသည်။
"ဟူး...မောလှပါဘိ"
ကျမမေမေက "စိတ်မလျှော့ပါနဲ့..မနက်ဖြန် မြို့နယ်ပညာရေးမှုးရုံး တစ်ခေါက်ထပ်သွားရင် သေသေချာချာသိမှာပါ"ဟု အားပေးစကား ပြောသည်၊
တွံတေးမြို့နယ် ကသပေါင်းကျေးရွာ၊ အ.လ.က (ကသပေါင်း)ကျောင်းကို အလယ်တန်းပြရာထူးတိုးမြှင့်သည့် အမိန့်စာကို ကိုင်ထားရင်း ကျောင်းတည်ရှိရာ ကသပေါင်းရွာကို ရှာမတွေ့သည့်အတွက် အလုပ်ဝင်နောက်ကျနေခြင်းပါ။ မူလတန်းပြရာထူးမှ တာဝန်များအပ်နှံကာ ထွက်ခွာလာပြီး တာဝန်ကျရာကျောင်းသို့ တစ်ဆက်တည်း အဝင်ပြရမှာဖြစ်သည်။ သို့သော် ကျမ တာဝန်နှင့်ကင်းကွာနေသည်မှာ တစ်ပတ်ရှိနေချေပြီ။
တွံတေးမြို့နယ်ဆိုသည့်အတွက် အမိန့်စာရရချင်း မိသားစုအားလုံးဝမ်းသာကြသည်၊ ရန်ကုန်နှင့်တွံတေးဆိုသည်မှာ နေ့ချင်းပြန် သွား၍ရပါသည်။ ရန်ကုန်ပန်းဆိုးတန်းဆိပ်ကမ်းမှ တဖက်ကမ်းဒလသို့ ဇက်ဖြင့်ကူးလျှင် ၁၅ မိနစ်၊ မိနစ် ၂၀ ခန့်သာ ကြာပါသည်။ ဒလရောက်လျှင် တွံတေးသို့သွားမည့်ကားများတန်းစီပြီး လူခေါ်နေသည်။ ထိုကားများစီးသွားလျှင် တစ်နာရီခွဲခန့်ကြာလျှင် တွံတေးမြို့သို့ ရောက်ပါသည်၊ ညနေကျောင်းဆင်းလျှင် ထိုနည်းအတိုင်းပြန်လာရုံပင်၊ ထိုသို့ နေ့စဉ်ကျောင်းတက်ကျောင်းဆင်း ရုံးတက်ရုံးဆင်းသွားနေကြသူများ အများအပြားပင်။
မြို့နယ်ပညာရေးမှုးနှင့် ဝန်ထမ်းအချို့ ကျောင်းစစ်ဆေးရေး သွားကြသည်။ တစ်ပတ်ခန့်ကြာနိုင်သည်တဲ့။ ရုံးစာရေး အမျိုးသမီးတစ်ယောက်သာ ရှိသည်။ သူလည်း ရေရေရာရာမသိ၊ ကသပေါင်းရွာမှ ကျောင်းစာရေး ကျောင်းကိစ္စဖြင့် မကြာခဏ လာလေ့ရှိသော်လည်း ရွာဘယ်နားရှိမှန်း တခါမှမမေးဖူးပါတဲ့။ ရန်ကုန်ဖက်မှ ကားစီးလာသည်ကိုတော့ သိသည်တဲ့။ ကျမ မျက်စေ့ပင်လည်မိသည်။
မြို့နယ်ပညာရေးမှုး၏ လမ်းပြမှုဖြင့် ရွာသို့သွားရမည့်လမ်းကြောင်း နှစ်ခုသိခဲ့ရပြီး၊ ထိုနှစ်ခုထဲက အဆင်ပြေနိုင်ဆုံး ဖြစ်သည့်တစ်ခုကို ကျမရွေးခဲ့ပါသည်။ ကြည့်မြင်တိုင်စံပြငါးဈေး နောက်ကျောက မြစ်ကမ်းမှ မော်တော်ဖြင့်သွားရပါမည်၊ လှိုင်မြစ်တလျှောက်ခုတ်မောင်းပြီး ရေစိုကျေးရွာအရောက်တွင် ပန်းလှိုင်မြစ်သို့ခွဲသောမြစ်ကြောင်းအတိုင်း ၃ နာရီကျော်ခုတ်မောင်းပါက ကသပေါင်းရွာသို့ ရောက်ပါသည်၊
မြစ်ကြောင်းတဖြောင့်တည်း သွားရခြင်းမဟုတ်ပါ။ ချောင်းလက်တက်များ၊ ဓနိတန်းများကြားမှ သွားရခြင်းပါ။ နောက်တစ်လမ်းက ကုန်းလမ်း၊ ကုန်းလမ်းဆိုသော်လည်း ကုန်းတစ်ပိုင်းရေတစ်ပိုင်းပါ။ အဆင့်ဆင့်ဖြစ်နေသဖြင့် ထိုလမ်းကိုမရွေးခဲ့သော်ငြား မော်တော်ပျက်သည့်အခါ ထိုလမ်းမှမဖြစ်မနေ အသွားအပြန်လုပ်ရပါသည်။
ရန်ကုန်မှ အင်းစိန်ကမ်းနားရောက်သည်အထိ ဘတ်စ်ကားစီးရပါသည်၊ အင်းစိန်ကမ်းနားမှ တဖက်ကမ်းလှိုင်သာယာသို့ ဇက်ဖြင့်ကူးရပါသည်။ လှိုင်သာယာမှ ညောင်တုန်းသို့သွားသည့် ကားဖြင့် ၄၅ မိနစ်ခန့် စီးပြီးသောအခါ ထန်းတပင်မြို့နယ်အပိုင် မငေးစုရွာသို့ ရောက်လေသည်။ ထိုရွာမှာဆင်းပီး မိနစ် ၃၀ ခန့် ရွာစဉ်နှစ်ရွာကို ဖြတ်လျှောက်ရပါသည်။ ထိုရွာတန်းဆုံးသောအခါ ချောင်းတစ်ခုကို တွေ့ရလေသည်။ ထန်းတစ်ပင်ချောင်းဟု ထင်ပါသည်။ ကျမတို့က ချောင်းဟုသုံးသော်လည်း ရွာသားများက မြစ်ဟုဆိုပါသည် (ချောင်းလိုလို မြစ်လိုလို ဆိုသည့် ဝင်းဦးသီချင်းတစ်ပုဒ်ကိုပင် သတိရမိပါသေးသည်)။
ထိုချောင်းတစ်ဖက်ကမ်းက ရွာကလေးကား ကသပေါင်းရွာလေးပင်တည်း။ ချောင်းနံဘေးတွင် အငှားကုတို့မရှိပါ၊ လှေကြုံစောင့်ရပါသည်။ ချောင်းထဲ ငါးရှာဖားရှာသည့်လှေ၊ သမ္ဗာန်တွေ့လျှင် ဟိုဖက်ကမ်းသွားချင်လို့ပါ၊ လူကြုံလိုက်ပါရစေဟု ငယ်သံပါအောင်ကြုံးအော်ရင်း လိုက်သွားပါက ကသပေါင်းရွာသို့ရောက်လေသည်။ မအော်၍လည်းမရပါ။ မအော်နိုင်ပါက လူတစ်ရပ်ကျော်ရှည်သည့် ကိုင်းပင်များကြားမှာရှိနေသည့် ကျမတို့ကို အလွယ်တကူမြင်မည်မဟုတ်ချေ၊
လွန်ခဲ့သောအနှစ် ၂၀ ကျော်ကာလ၊ အသက်ကလေးကငယ်ငယ် တက်ကြွဖျတ်လတ်ပြီး ကိုယ်ဝါသနာပါတာကို စွန့်စားလုပ်ကိုင်လိုသော စိတ်ကြောင့်သာ အရောက်သွားခဲ့ခြင်းဖြစ်သည်၊ ယခု အသက်အရွယ်ဆိုရင်ဖြင့် ရွာရောက်ဖို့မမြင်။ သို့သော် ယခုတော့ အောင်ဇေယျတံတားကြီးကို ဖြတ်လို့ လှိုင်သာယာ - ညောင်တုန်းကားဖြင့် မငေးစုရွာသို့ တိုက်ရိုက်ရောက်နေပြီဟု သိရပါသည်။
(၂)
အ.လ.က(ကသပေါင်း)သည် တွဲဖက်အလယ်တန်းကျောင်းမှ အစိုးရအလယ်တန်းကျောင်းသို့ ရောက်ရှိသည့်နှစ်မှာ ကျမရောက်သွားခြင်းပင်။ အလယ်တန်းကျောင်းဆောင်က အသစ်ဖြစ်သည်၊ သွပ်မိုး အုပ်ခံ တစ်ထပ်ကျောင်းဆောင်ဖြစ်သည်၊ ဆေးနံ့ပင်မပျယ်သေး။ ကျောင်းအသစ် ဆရာမအသစ် တွေ့ကြခြင်းပင်။
ထိုရွာတွင် ရွာခံဆရာ ၂ ယောက်နှင့် ဆရာမ ၂ ယောက်ရှိပြီး ကျောင်းအုပ်ဆရာကြီးက နယ်စပ်ဒေသမှ ရန်ကုန်တိုင်းသို့ ပြောင်းရွှေ့ရောက်ရှိလာခြင်း ဖြစ်သည်၊ ကျမကို ဆဌမတန်းအတန်းပိုင်အဖြစ်ထားပြီး ပဉ္စမတန်းမှ အဌမတန်းအထိ တန်းစဉ်တိုင်းကို သင်္ချာဘာသာရပ် သင်ကြားရပါသည်။
ဆဌမတန်းတွင် ကျောင်းသား ကျောင်းသူ စုစုပေါင်း ၁၀ ယောက်ပင်မပြည့်၊ ၉ ယောက်သာရှိသည်။ ကျောင်းသားနည်းသဖြင့် သက်သာ မည်ဟုမထင်မှတ်လေနှင့်။ ထိုကျောင်းသား ၉ ယောက်စလုံးစုံ၍ စာသင်ရသည် တခါမှမရှိပါ။ ကျောင်းသားအားလုံးစုံမှ စာသင်မည် ဆိုပါက တစ်နှစ်ပတ်လုံး စာပင်သင်ရမည် မဟုတ်ချေ။
ကျမတို့မှာ စာသင်ရသည်ထက် ကျောင်းအပ်ထားသည့် ကျောင်းသားများ ကျောင်းမှန်မှန်တက်ရန် မိဘများကို စည်းရုံးရေးဆင်းနေရသည်က များပါသည်၊ ထိုစဉ်ကပြောခဲ့သည်များကို ကျမ်းပြုစုထားလျှင် စည်းရုံးရေးကျမ်းတစ်စောင်ဖြစ်လာပြီး ယခုလို ပါတီစုံခေတ်တွင် နိုင်ငံရေးသမားများ အာဂုံဆောင်က တသီးပုဂ္ဂလအမတ်ပင် ဖြစ်နိုင်လောက်သည်။
ရွာ၏အဓိကစီးပွားရေးလုပ်ငန်းက ငါးမွေးခြင်းပင်။ လယ်မြေများတွင် ငါးကန်များတူးပြီး ငါးမွေးကြသည်၊ လယ်လုပ်သူ အနည်းအကျဉ်းသာရှိသည်။ ရွာကြီးဖြစ်ပြီး အခြားရွာငယ်များမှကလေးများ အလယ်တန်းသို့ ဆက်တက်လိုပါက ကသပေါင်းရွာသို့ လာတက်ကြရပါသည်။ အထက်တန်းပညာဆက်သင်လိုလျှင် ရန်ကုန်မြို့သို့တက်၍ ကျောင်းနေကြရသည်၊ သို့မဟုတ်ပါက တွံတေးမြို့သို့ သွားတက်ရပါသည်။
ဤရွာ၏ထူးခြားမှုမှာ တွံတေးမြို့နယ်အပိုင်ဖြစ်သော်လည်း ရန်ကုန်မြို့နှင့် ပိုနီးပြီး တွံတေးသို့သွားလိုပါက ရန်ကုန်မြို့ကိုတက်ကာ ပန်းဆိုးတန်းဆိပ်ကမ်းမှ သွားရပေသည်။ ရန်ကုန်မြို့ပေါ်တွင်နေပြီး ကျောင်းဆက်တက်ဖို့ဆိုသည်မှာ စိတ်ကူးယဉ်အိပ်မက်မျှသာပင်။
ပိုက်ဆံချမ်းသာသည့် ငါးကန်ပိုင်ရှင်သူဋ္ဌေးများသာ သူတို့သားသမီးများကို ပို့နိုင်ပေသည်။ ငါးကန်ပိုင်ရှင်ဆိုသည်ကလည်း တစ်ရွာလုံးရေတွက်မှ လက်ဆယ်ချောင်းပင်မပြည့်။ မြစ်ထဲချောင်းထဲ ငါးရှာ ဖားရှာ ကွန်ပစ်သည့် ဆင်းရဲသားက အများစုပါ။
ပျိုးနှုတ်ရန်လူမရှိ၍ လူစားလိုက်သွားရခြင်း၊ အဖေက ပိုက်ဆံကြိုယူထားပြီးမှ နေမကောင်းဖြစ်၍ သားက အလုပ်သွားလုပ်ပေးရခြင်း၊ ငါးကန်ဖော်နေ၍ ဟင်းစားရရန် ကျောင်းသို့မလွှတ်ဘဲ ငါးကန်ဖော်ရန်လိုက်သွားခြင်း စုံနေသော အကြောင်းပြချက်များဖြင့် ကျောင်းလာမတက်နိုင်ကြခြင်းပါ။
ကျမတို့ဆရာမများကလည်း ပညာမတတ်လျှင် အကန်းနှင့်တူကြောင်း၊ မိဘလက်ငုပ်လက်ရင်း လုပ်သည်မှန်သော်လည်း ပညာမတတ်ပါက သူများညာချသည်ကို ခံရမည်ဖြစ်ကြောင်း၊ ငါးမွေးလျှင်လည်း ရှေးသမရိုးကျနည်းထက် ယခုခေတ်မှာ များစွာတိုးတက်နေပြီဖြစ်၍ ခေတ်မီနည်းပညာများဖြင့် ငါးသားဖောက်ခြင်း ငါးမွေးမြူခြင်းများ ရှိနေပြီဖြစ်ကြောင်း၊ ပညာကို ဆုံးခန်းတိုင်အောင်သင်ယူပြီး မိမိတတ်ထားသောပညာဖြင့် ပြန်လည်လုပ်ကိုင်လျှင် များစွာအကျိုးရှိမှာဖြစ်ကြောင်း၊ လယ်မှထွက်သည့် စပါးများ၊ ငါးမွေးမြူရေးကန်မှငါးများကို တစ်ထိုင်ထဲ နိုင်ငံခြားရောက်သည်အထိ ပို့လိုက်ကြသည်မှာ အမြှုပ်ထွက်မတတ်ပင်။
ဆရာမများကပဲ အဟောကောင်းသလား၊ မိဘများကပဲ အားနာလားမသိပါ။ ထိုသို့ရွာစဉ်လိုက်ပြော လိုက်ခေါ်ပြီးလျှင် နောက်တစ်နေ့ ကျောင်းလာတက်ကြသည်။ နည်းနည်းကြာလျှင် ပျောက်သွားကြပြန်သည်။ ထိုသို့ပေါ်လိုက်ပျောက်လိုက်ဖြင့် အနည်းဆုံး ၄ ယောက်ပြည့်လျှင် စာသင်ကြရပါသည်၊ သို့သော်ကျောင်းသားအားလုံးစုံသည့် အချိန်ရှိပါသည်၊ ထိုအချိန်ကား စာမေးပွဲဖြေသည့် အချိန်ပင်။
ကလေးများအားလုံးလိုလို ဥာဏ်ကောင်းကြပါသည်၊ ထုံထုံထိုင်းထိုင်းမရှိပါ။ လတ်ဆတ်သည့် လေကိုရှူရင်း လတ်ဆတ်သည့် သဘာဝသစ်သီး သစ်ရွက်များကို စားသုံးကြီးပြင်းလာကြ၍ထင်ပါသည်။ ထို့အပြင် ကျယ်ပြန့်လှသော ကွင်းပြင်များတွင် ပြေးလွှားဆော့ကစားရင်း သွက်လက်ထက်မြက် နေကြခြင်းဖြစ်နိုင်ပါသည်။ နှမြောစရာကောင်းသည်က သူတို့၏ ဥာဏ်ရည်ကို သူတို့ဘဝတိုးတက်ရေး ပညာတတ်ဖြစ်ရေး အနာဂတ်နိုင်ငံတော်အတွက် မျိုးဆက်သစ်လူငယ်များဖြစ်လာရေး စတာတွေထက် သူတို့အိမ်မှာ မနက်စာ ညစာကို အလျင်မီ ပုံမှန်ထမင်းစားရရေးအတွက်သာ ကူပြီး စဉ်းစားနေရပေသည်။အင်မတန် ဆင်းရဲကြပါသည်။
(၃)
ကျမတို့ ဆရာမများ ကျောင်းမှန်မှန်တက်နိုင်ရန် စည်းရုံးရင်း စာသင်ခဲ့ရာက ဒုတိယအစမ်းစာမေးပွဲကြီးအပြီး နိုဝင်ဘာလကုန်ခန့်တွင် ကျောင်းသား(၇)ယောက်ခန့် ပုံမှန်တက်လာသည့်အဖြစ်သို့ ရောက်ခဲ့ချေပြီ။
ရွာခံကျောင်းသားများအဖို့ ကျောင်းတက်ရန် လွယ်သလောက် ရွာနီးချုပ်စပ်မှ ကလေးများမှာ ကျောင်းလာတက်ရသည်ကိုက သူတို့အဖို့ စွန့်စားခန်းပင်။ မိုးတွင်းအခါ ရင်ညွန့်လောက် ရေပြည့်နေသည့် ချောက်ကိုဖြတ်ကူးရသည့်အခါ ကူးရသည်၊ လယ်ကန်သင်းရိုးပေါ်က စူးတွေ ငုပ်တွေကို ဖြတ်ရသည်၊ သူတို့လေးတွေ ကျောင်းရောက်အောင် လာတက်သည်ကို မြင်ရပြန်တော့ သနားမိပြန်သည်။
ရန်ကုန်ကျောင်းတွေမှာကဲ့သို့ ကျောင်းခေါ်ကြိမ် ၇၅% မပြည့်က စာမေးပွဲမဖြေရဆိုလျင် တစ်ယောက်မှ ဖြေရမည် မဟုတ်ပါ။ ကျောင်းအုပ်ဆရာကြီးနှင့် ကျမတို့ဆရာမများ ဥပဒေကို လက်တစ်လုံးခြားလုပ်၍ စာသင်ကြရပေသည်။ ထိုစာသင်နှစ်တွင် ကျောင်းသူကျောင်းသားများ ကျောင်းပျော်ရန် ကျောင်းနေရမည့်အရွယ် ကျောင်းတက်ချင်သည့်စိတ်ရှိရန် စည်းရုံးရေးအဖြစ် အတန်းအားလုံး (မြို့နယ်စစ်ဖြစ်သည့် အဌမတန်းမှလွဲ၍) ကျရှုံးသူမရှိ အောင်မြင်ကြလေသည်။
ထိုကိစ္စအတွက် ဆရာ ဆရာမအချင်းချင်း အနည်းငယ်လိပ်ခဲတင်းတင်း ဖြစ်သည်တော့ရှိသည်။ ရွာခံဆရာ ဆရာမများက အကြံပေးသဖြင့် လက်ခံခဲ့သော်လည်း ကျောင်းသားတိုင်း အောင်မြင်ရန်မသင့်ချေ၊ တချို့ဆိုလျှင် ဘာသာစုံကျသည်၊ ထိုကလေးမျိုးကိုဖြင့် ချန်ထားခဲ့သင့်သည်ဟု အကြံပေးသော်လည်း ကလေးတွေ၏ရှေ့ရေးအတွက် ကျောင်းဆက်တက်လိုစိတ် ရှိလာဖို့ အရေးကြီးသည့်အတွက် ကျမတို့ဆရာမများ ဒီတစ်နှစ်တော့ လက်ခံမည်ဟု ကတိထားခဲ့ကြသည်။
နောက်စာသင်နှစ်အစတွင် ရန်ကုန်မှ ဆရာမနှစ်ဦးနှင့် ဆရာတစ်ဦး ထပ်မံရောက်ရှိလာသဖြင့် ဆရာ ဆရာမအင်အားတိုးလာပေသည်၊ အားတက်စရာပင်။ ကျောင်းသူကျောင်းသားများကလည်း မြိုင်မြိုင်ဆိုင်ဆိုင်၊ ဆရာ ဆရာမများက စေတနာကောင်းကြသည်။
မနှစ်က အောင်ချက်ကောင်းသည်ဆိုသော နာမည်ကောင်းဖြင့် ချောင်းတစ်ဖက်ကမ်း ထန်းတပင်အပိုင်ရွာအချို့ကပင် လှေဖြင့်ကူး၍ လာတက်ကြလေသည်။ မနှစ်က ဆဌမတန်းမှ ကျမ၏ကလေးများ သတ္တမတန်းသို့ရောက်ပြီး အပျိုဖားဖားကလေးတွေပင် ဖြစ်နေပြီ။ မိန်းကလေးများသည် ယောင်္ကျားကလေးများထက် အရွယ်ရောက်မြန်သည့်သဘာဝအရ အချို့ကျောင်းသူလေးများသည် ဆော့ကစားခြင်းမပြုတော့ပဲ အိုက်တင်ကလေးတွေနှင့် ဖြစ်နေကြပြီ။
တချို့ ကျောင်းနေနောက်ကျသည့် ကလေးတွေဆိုပါက ၁၆ နှစ်၊ ၁၇ နှစ် အရွယ်ပင်ရောက်နေချေပြီ။ သို့အတွက် အဆိုပါ ကျောင်းသူမိန်းကလေးများ ကျောင်းလာမတက်သည့်နေ့ဆိုလျှင် အင်မတန်ရင်ပူရပါသည်။ ကျောင်းလာရင်း လမ်းမှာဘာဖြစ်သလဲ။
လယ်ကွင်းတွေ ငါးကန်တွေဖြတ်ရင်း တစ်ခုခုဖြစ်နေပြီလား စသောအတွေးများဖြင့် ပူပင်သောကရောက်ရပြန်သည်။ ထိုသို့ ပူပင်ရဖန်များလာသောအခါ လက်ကိုင်ပုဝါလေး ခါးကြားထိုး ဒေါက်မြင့်ဖိနပ်ကလေးစီး၊ ကြိမ်ခြင်းကလေးလက်ကဆွဲလျက် ကနွဲ့ကလျ လှုပ်လီလှုပ်လဲ့ အိနြေ္ဒအပြည့်ဖြင့် ကျောင်းတက်ရသည့် ဆရာမလေးတွေကို အားကျမိပြန်သည်။
"ဟင်.. အဲလိုဆို ပျင်းစရာကြီးနေမှာ၊ စာသင်ပြီးရင် အိမ်ပြန်၊ တစ်နေ့တစ်နေ့ ဒါနဲ့ပဲအချိန်တွေကုန်နေမှာပဲ၊ အခု ငါ့ဘဝ ဘယ်လောက် ပျော်စရာကောင်းသလဲ၊ ဒီနေ့ ဘယ်နှစ်ယောက်ကျောင်းပျက်ပြီး ဘယ်နှစ်ယောက်ကျောင်းတက်မလဲ ဆိုတာအဖြေတိုက်ရတာကိုက ရင်ခုန်စရာ။ ကလေးတွေကို ဒီနေ့ဘာအကြောင်းပြောမလဲ ဘာခေါင်းစဉ်ပေးပြီး ဆွေးနွေးကြမလဲ။ သူတို့လေးတွေက ရန်ကုန်က ရွှေတိဂုံဘုရားအကြောင်း ပြောပြရင်တောင် အံ့သြဘနန်း၊ ရင်သပ်ရှုမောဆိုတော့ ဘာပြောပြော စိတ်ဝင်စားကြတယ်၊ ဘယ်လောက်ကောင်းသလဲ၊ တစ်နေ့တစ်နေ့ မရိုးနိုင်သော အကြောင်းများစွာကို စာသင်ရင်း ဗဟုသုတရအောင် ပြောလို့ရတယ်။ တော်ပါပီ၊ အိုက်တင်နဲ့လည်း ကျောင်းမတက်ချင်ပါ၊ ဒီအတိုင်းပဲကောင်းပါသည်" ဆိုကာ ကျေနပ်ရပြန်သည်။
(၄)
"ဆရာမတပည့် ဖြူဝင်းထိုက် မနှစ်က စာလိုက်နိုင်တယ်မလား၊ စာလဲကြိုးစားတယ်လေ" သတ္တမတန်း အတန်းပိုင်ဆရာမက မေးလာခြင်းပါ။ ထိုဆရာမသည် ရန်ကုန်ကြည့်မြင်တိုင်မှဖြစ်ပြီး ကျမနှင့် သွားအတူ ပြန်အတူဖြစ်သည့်အပြင် ရွာတွင်နေရခိုက် တစ်အိမ်ထဲ အတူနေအတူစားသူ ဖြစ်သည်၊ နောင်တွင် နှစ်ပေါင်းများစွာ ကြာသည့်တိုင် ခင်မင်ရင်းနှီးစွာ နေခဲ့ကြသည်။
"လိုက်နိုင်ရုံတင်ဘယ်ကမလဲ၊ စာလဲတော်တယ်လေ၊ ဘာလို့လဲ" ဟု ကျမကပြန်မေးရာ
"ခုတလော ကျောင်းပျက်ရက် စိပ်လာသည်၊ စာလည်းစိတ်မဝင်စားပါတဲ့"
ဒါကို ကျမလည်း သတိထားမိပါသည်။ ကျောင်းပျက်သည်မှာ အဆန်းမဟုတ်သော်လည်း ပျက်နေကျထက် ပိုပျက်လျှင်တော့ ဆန်းသည်။ ကျမနှင့် သူ့အတန်းပိုင်ဆရာမတို့ စနေ၊တနင်္ဂနွေ ကျောင်းပိတ်ရက်တွင် သူနေသည့် ရွာသို့ လိုက်သွားမည်ဟု တိုင်ပင်ထားစဉ်မှာပင် ကျောင်းလာတက်ပြန်သည်၊
"အဘွား နေမကောင်းလို့ပါ" တဲ့
"သူတို့က မြေးအဘွား နှစ်ယောက်ပဲရှိတာ" ဟု ရွာခံဆရာမတစ်ယောက်က ဝင်ပြောသည်။
ဖြူဝင်းထိုက် အဖေနှင့်အမေသည် နောက်အိမ်ထောင် အသီးသီးနှင့် သားသမီးများပင်ရနေပြီ။ ဖြူဝင်းထိုက်သည် ဖခင်ဖြစ်သူဘက်က အဘွားနှင့်နေသည်။ တစ်ခြားသားသမီးများ ဟိုကပေး ဒီကပေးတို့ဖြင့် နေနေရခြင်းပင်။
ဝါကျင်နေသော အင်္ကျီအဖြူရောင်၊ အရောင်လွင့်ပြီး အဖြူရောင် ပြေးနေသော ကျောင်းစိမ်းလုံခြည်တို့ ဝတ်ဆင်ထားသည့်ကြားမှ နာမည်နှင့်လိုက်ဖက်စွာ ဖြူဖြူဝင်းဝင်းနှင့် လှလှပပလေး ဖြစ်သည်၊ ဆင်းရဲ၍ ပညာမတတ်ဟု မဖြစ်စေရ၊ မဖြစ်မနေကြိုးစားရမည်။ ကြိုးစားက မဖြစ်ဘူးဆိုတာမရှိဟု ပြောစဉ်က သူ့မျက်ဝန်းတွေ မျှော်လင့်ချက်ဖြင့် အရောင်တောက်လာသည်ကို မြင်တွေ့ဖူးသည်။
သတ္တမတန်းမှာ သင်္ချာသင်ပြရင်း ဖြူဝင်းထိုက်တစ်ယောက် စာတွင်စိတ်ဝင်စားမှု နည်းလာသည်ကို ကျမ သတိထားမိလာသည်။ တစ်ခါတစ်လေ စာရေးနေရင်း ပြုံးနေသည်ကို သတိပြုမိလာပါတော့တယ်၊
"ဆရာမရယ်.. ဒီအရွယ်က သစ်ရွက်လှုပ်ရင်တောင် ရယ်တတ်တဲ့ အရွယ်လေ" ရွာခံဆရာမက ဝင်ပြောတော့
"ဟုတ်လား-- ကျမတို့ဖြင့် အဲဒီအရွယ် စာကိုကုန်းအော်ကျက်နေရတာနဲ့ သစ်ရွက်လှုပ်တာတောင် မမြင်လိုက်ဘူး" ကျမလည်း စိတ်တို၍ ဘုတောလိုက်မိသည်၊
"တို့တစ်တွေက စိတ်ပူလို့ပြောရင် ရွာခံဆရာမတစ်တွေက သူတို့ရွာက ကလေးတွေကို နှိမ်ပြီးပြောတယ် ထင်နေတာ" ဆရာမတစ်ယောက်က ကျမကို ဖျောင်းဖျပါသည်။
ကလေးများအချင်းချင်း ပြောသံဆိုသံနှင့် အရိပ်အကဲကို ဖမ်းကြည့်ရုံဖြင့် တဖြေးဖြေး သိလာရပါသည်၊ ဖြူဝင်းထိုက်သည် ကျောင်းသို့လာသည့်လမ်းတွင် ငါးကန်စောင့်သည့်တဲ၌ ခေတ္တရေဝင်သောက် နားတတ်သည်။ ထိုတဲမှ လူရွယ်သည် အသက်အစိတ်ခန့် ရှိပြီး သူ့မိဘများက ရွာထဲတွင် နေကြသည်။ ကျောင်းသွားကျောင်းပြန် နှုတ်ဆက်ရင်း ခင်မင်ကြသည်တဲ့။
"ဖြူဝင်းထိုက် ကျောင်းဆင်းရင် မောင်နိုင်ဦးနဲ့ အတူပြန်" ဟု အတန်းပိုင်ဆရာမကပြောရာ မောင်နိုင်ဦးက ငြင်းသည်တဲ့။
"ကျနော်က အိမ်ပြန်ရောက်ရင် ငါးထွက်ရှာရတယ်၊ အဖေ ထောင်ထားတဲ့ ကွန်ကို ကူဖြုတ်ပေးရတယ်၊ ဝက်စာလည်းစဉ်းရတယ်၊ အိမ်သုံးဖို့ ရေထမ်းပေးရသေးတယ်၊ ဖြူဝင်းထိုက်ကို မစောင့်နိုင်ပါ၊ သူကလမ်းလျှောက်ရင် လိပ်လိုပဲ နှေးတယ်" ဟု ပြောသဖြင့် ငိုအားထက်ရယ်အားသန် ဖြစ်ရပါသည်။
နောက်ပိုင်းတွင်တော့ ဖြူဝင်းထိုက်သည် ထိုတဲကိုကျော်ပြီး ကျောင်းကိုရောက်လာဖို့ တော်တော်ခက်ခဲနေချေပြီ။ ကျမနှင့် သူ့အတန်းပိုင်ဆရာမတို့ တိုးတိုးတိတ်တိတ် တိုင်ပင်ရသည်။ ဆရာကြီးကို အကျိုးအကြောင်းပြော ကျောင်းထုတ်လိုက်လျှင် ကျောင်းလာစရာမလိုသည့်အတွက် ထိုတဲသို့ သူမရောက်နိုင်တော့။ ထိုသို့လုပ်ပါက သူ့ဘဝ ပိုဆိုးသွားလိမ့်မည်၊ အရှက်ရလိမ့်မည်။ ယခုလည်း သာမာန် သမီးရည်းစားအဆင့်ဆိုလျှင် ပြဿနာမရှိသေးပါ၊ အသာစောင့်ကြည့်ပြီး ချော့မော့တားကြမည်ဟု ဆုံးဖြတ်သည်။ အတန်းတင်စားမေးပွဲကြီးလည်း နီးလာပြီမဟုတ်ပါလား။
(၅)
ကျမတို့ ဆရာ ဆရာမများ အဖြေလွှာစစ်ဆေးပြီးကြလေပြီ။ အောင်စာရင်းအတွက် ကျောင်းအုပ်ဆရာကြီးထံ အမှတ်များ တင်ပြကြရသည်။ ကျောင်းအုပ်ဆရာကြီးနှင့် ကျမတို့ဆရာ ဆရာမများ ကျောင်းသားများ၏ အမှတ်အခြေအနေပေါ် ကြည့်ပြီး ဘုတ်အဖွဲ့ ဆုံးဖြတ်ချက်တစ်ခု ထုတ်ပါသည်။
ဘာသာရပ်စုစုပေါင်း ခြောက်ဘာသာရှိသည့်အနက် တစ်ဘာသာကျပါက (အောင်မှတ်သည် ၄၀) ထိုဘာသာရပ်တွင် (၃၀မှတ်) ရလျှင်အောင်သည်။ နှစ်ဘာသာကျပါက အနည်းဆုံး(၃၅ မှတ်) စီရလျှင် အောင်သည့်စာရင်းထဲ ထည့်ပါ။ သုံးဘာသာကျ၍ အနည်းဆုံး (၃၅ မှတ်) စီရှိနေပါက ဘုတ်အဖွဲ့သို့တင်ပါ။ အစမ်းစာမေးပွဲများတွင် ကျရှုံးထားခြင်းမရှိပါက အားလုံးစဉ်းစားမည်။ လေးဘာသာနှင့် အထက် ကျရှုံးပါက လုံးဝမစဉ်းစားပါ။ ဆရာ ဆရာမတိုင်းသည် ကျောင်းသားအားလုံးကို အောင်စေချင်သည်သာပင်။
ဖြူဝင်းထိုက် သုံးဘာသာကျလေသည်၊ ပထဝီ-၂၈မှတ်၊ သိပ္ပံ-၃၀၊ သင်္ချာ-၃၂ ။
ပထဝီပြဆရာမသည် ရွာခံဆရာမဖြစ်သည်။ ၂၈မှတ်မှ ၃၅မှတ်ကို ချက်ချင်းရအောင် ရှာဖွေနိုင်သည်၊ ၃၅မှတ်ရလေသည်။ သိပ္ပံဆရာမက ဖြူဝင်းထိုက်၏ အတန်းပိုင်ဆရာမပင်၊ ကျမနှင့်ရင်းနှီးသည့်ဆရာမ၊ သူလည်း ကောက်ရိုးပုံထဲအပ်ရှာသလို အဖြေလွှာကို မွှေနှောက်ရှာရင်း ၃၅မှတ်ပြည့်လေသည်။ ကျမ... ကျမကရော..။
ကျမတို့သည် မေးခွန်းထုတ်စဉ်ကတည်းက ထိုမေးခွန်း၏ စံပြအဖြေတစ်စုံ၊ ထိုအဖြေအတွက် အဆင့်လိုက် အမှတ်ပေးပုံ အမှတ်ပေးစည်းမျဉ်းကိုပါ တပါတည်း ကျောင်းအုပ်ဆရာကြီးကို တင်ထားပြီးဖြစ်သည်။ ထိုအတိုင်းစစ်ထားခြင်း ဖြစ်သည်။
ရွာခံဆရာမက "ကဲ ဆရာမရေ.. ဆရာမသင်္ချာဘာသာအောင်ရင် အောင်ပြီ" ဟု ပြောလာသည်၊ "ကျမ အမှတ်ပေးစည်းကမ်းအတိုင်း စစ်ထားပေမယ့် ရအောင်ရှာပေးပါမယ်၊ ဒါဟာကိုယ့်အမှား ကိုယ်ပြန်ရှာသလိုတော့ ဖြစ်နေပြီ၊ ဖြူဝင်းထိုက်ဟာ အောင်သင့်တဲ့ ကျောင်းသူတစ်ယောက် ဖြစ်ရဲ့လားဆိုတာ ကျမစဉ်းစားပြီး ရှာပေးပါမယ်" လို့ ဖြေလိုက်တယ်ဆို အဲဒီဆရာမက နှုပ်ခမ်းကို ခပ်တင်းတင်းစေ့ပြီး ကျမကို စိုက်ကြည့်ကာပြောလာသည်။
"သူ့အဘွားက စာမေးပွဲကျရင် ကျောင်းဆက်မထားတော့ဘူး၊ ရွာထဲမှာပဲ စက်ချုပ်ခိုင်းမှာတဲ့"
ကျမ ကြိုးစားပမ်းစားရှာပြီး အမှတ်ပေးပါသည်။ အဖြေမထုတ်သဖြင့် တစ်မှတ်လျှော့သည်ကို နှစ်ပိုင်းတစ်ပိုင်းပဲ လျှော့သည်၊ ဆောက်လုပ်ချက်မရေးသဖြင့် နှစ်မှတ်လျှော့ထားသည်ကို တစ်မှတ်သာလျှော့သည်။ ဤသို့ဖြင့် (၃၄ ၁/၂) သုံးဆယ့်လေးနှစ်ပိုင်းတစ်ပိုင်း ရချေပြီ။ ကျန်နှစ်ပိုင်းတစ်ပိုင်းကို မည်သိုမှ ရှာမရတော့ပါ၊ ပုစ္ဆာအားလုံးကို ဖြေဆိုထားခြင်းလည်း မရှိပါ။ ဖြေထားပါက ရှာကြံပေးလို့ ရသေးသည်၊ သို့သော် ထိုနှစ်ပိုင်းတစ်ပိုင်းကို ပေးလို့ရသည့်နည်းရှိပါသည်။ ဖြေလွှာပေါ်တွင် ရမှတ် +၁/၂ = ၃၅ ဟုရေးလိုက်ရုံသာ၊ စာစစ်သူမှ ဖြေလွှာပေါ်တွင် ကျေနပ်၍ ထည့်ပေါင်းပေးသည့် သဘောဖြင့် ပေး၍ရပါသည်၊ မေတ္တာမှတ်ပါ။
ဖြူဝင်းထိုက်သည် ကျမအတန်း ကျမလက်မှ ထွက်သွားသောကလေး ကျမသံယောဇဉ်ရှိပါသည်။ သို့သော် သူအောင်သွားလျှင် အဌမတန်း (မြို့နယ်စစ်) ရောက်မည်။ မြို့နယ်စစ်တွင် ဤပုံဖြင့်အောင်ဖို့ မလွယ်ပါ။ ကြိုးစားလျှင်ရော ကြိုးစားလျှင် အောင်နိုင်ပါသည်။
ဟုတ်ပါပြီ သူအားတက်သရော ကြိုးစားပါမည်လား၊ ကျောင်းတက်တာဗန်းပြပြီး လယ်တဲမှာဝင်ရောက်နေပါက ကျော်မကောင်းကြားမကောင်း ဖြစ်ချိမ့်မည်။ စာမေးပွဲကျပါက ကျောင်းမထားတော့ပါ ဆိုသဖြင့် ကျောင်းမတက်ဘဲနေတာကမှ အဘွား၏ အုပ်ထိန်းမှုအောက်တွင် အိနြေ္ဒရရ နေရပေအုံးမည်။ ကျမ ဆုံးဖြတ်လိုက်သည်၊ အမှတ်စာရင်းဖြည့်သည့် ပုံစံစာရွက်ကိုဖြည့်ကာ အပြီးသတ်လက်မှတ်ထိုးပြီး ကျောင်းအုပ်ဆရာကြီးထံအပ်လိုက်ပါသည်၊ ကျမအတန်းဖြစ်သော ဆဌမတန်း အောင်စာရင်း အချောသပ်စာရွက်ကိုပါအပ်ပြီး နောက်တစ်နေ့ ရန်ကုန်ပြန်ခဲ့လေသည်။
နွေရာသီကျောင်းပိတ်ရက်အပြီး ကျောင်းတွေပြန်အဖွင့်မှာတော့ ဖြူဝင်းထိုက် ကျောင်းပြန်လာတက်ခြင်း မရှိပါ။ သို့သော် အဌမတန်းကျောင်သား ၂၂ ယောက်အထိတိုးလာပါသည်။ ထိုစာသင်နှစ်တွင် မြို့နယ်စစ်ကို ဝင်ရောက်ဖြေဆိုရာ ၁၇ ယောက် အောင်မြင်ပါသည်၊ ထို ၁၇ ယောက်အနက် ၁၂ ယောက် သင်္ချာဂုဏ်ထူးပါပါသည်၊ ထိုအတွက် သင်္ချာသင်ပြထူးချွန်ဆုကို ရရှိခဲ့ပါသည်။ ကျောင်းဆရာမတစ်ယောက်အတွက် ပျော်ရွှင်ဝမ်းမြောက်မှုအတိ ဖြစ်ခဲ့ရပါသည်။
ထိုဖြစ်ရပ်များသည်ပီးခဲ့လေပြီ။ ကိုယ့်စိတ်ကိုကိုယ် ပြန်မေးခွန်းထုတ်လာနိုင်လိမ့်မည်ဟု စိုးစဉ်းမျှ မတွေးမိချေ။ သတင်းတစ်ပုဒ်ကို ဖတ်မိသည့်အချိန်တွင်မှ တစ်ချိန်က ဘယ်နေရာမှာ ပုန်းကွယ်နေမှန်း မသိခဲ့သည့် မေးခွန်းတစ်ခုသည် ပေါ်ပေါက်လာခဲ့လေသည်။
၁၉၉၃ ခုနှစ်၊ ဆူဒန်နိုင်ငံ ကယ်ဆယ်ရေးစခန်းတစ်ခုမှာ အစာငတ်ပြတ်ပြီး အရိုးပေါ်အရေတင်ဖြစ်နေတဲ့ ကလေးလေးတွေ ရှိနေပါတယ်တဲ့၊ အဲဒီထဲက အာဟာရပြတ်တောက်ပြီး ခေါင်းကြီးကိုယ်သေးဖြစ်နေတဲ့ ကလေး တစ်ယောက်ဟာ ဖုန်ထနေတဲ့မြေလမ်းပေါ်မှာ ကိုယ့်ကိုယ်ကို ဒရွတ်ဆွဲပြီး ဆေးခန်းဆီ အားယူလာနေပါတယ်တဲ့၊ အဲဒါကို ဓာတ်ပုံသတင်းထောက်တစ်ယောက်က တွေ့ရှိပြီး ရိုက်ယူနေစဉ်မှာပဲ ကင်မရာမြင်ကွင်းထောင့်မှာ ကလေးရဲ့ခပ်လှမ်းလှမ်းကနေ ဠင်းတငှက်မည်းမည်းတစ်ကောင်က ကလေးတရွေ့ရွေ့သွားတာကို စောင့်ကြည့်နေတာတွေ့လိုက်ရပါတယ်တဲ့၊ ဒါနဲ့ အဲဒီပုံကို အမိအရရိုက်ယူနိုင်ခဲ့သည်။ အဲဒီသတင်းဓာတ်ပုံဟာ နယူးယော့ခ်တိုင်းမ်မှာ မျက်နှာဖုံးဆောင်းပါးအနေနဲ့ပါလာပြီး အလှုငွေတွေ အာဖရိကနိုင်ငံတွေဆီ လှိမ့်ဝင်ခဲ့ပါတယ်တဲ့၊ အဲဒီ သတင်းထောက်လည်း ပူလစ်ဇာဆုကိုရရှိသွားသည်။
ဆုယူအပြီး သတင်းထောက်တွေနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေက မေးခွန်းများစွာ မေးကြလေသည်၊ အများသဖြင့် မေးကြသည်က" ကလေးလေး ဘာဖြစ်သွားလဲ"
ကျမသည် အကြောင်းအရာတစ်ခုခု ဖြစ်စဉ်တစ်ခုခုကို သိရှိလျှင် ကိုယ်ကိုတိုင်ဆိုရင်ရောဟု အမြဲချိန်ထိုး ကြည့်တတ်သည့်အကျင့် ရှိသည်။ ထိုသို့ ချိန်ထိုးကြည့်မိရာက ကျမနှလုံးသားတွင် မည်သည့်အချိန်ကတည်းက ပုန်းအောင်း ရှိနေသည်မသိသည့် အဖြစ်အပျက်ဆီမှ မေးခွန်းများပေါ်လာခဲ့ပေသည်။ ဓာတ်ပုံသတင်းထောက်သည် အဖြစ်အပျက်ကိုတွေ့ရခိုက် သူ့အလုပ်ကို သူလုပ်လိုက်တာဖြစ်နိုင်ပါသည်၊ "သူ ဒီဠင်းတကို ခြောက်လွှတ်လိုက်ပါတယ်" လို့တော့ ဖြေထားသေးသည်၊
ကျမတို့သည် မိမိတို့တာဝန်ကျရာ မိမိတို့နှင့်ဆိုင်ရာ ကိုယ့်အလုပ်ကိုတာဝန်ကျေအောင်လုပ်ရင်း အခြားတစ်ဖက်သားကို နစ်နာစေခဲ့ကြသည်လား၊ ကိုယ့်အလုပ်ကို မှန်ကန်စွာလုပ်ရင်း လူ့ကျင့်ဝတ်ဆိုတဲ့ မေးခွန်းတွေဆီရောက်ရင် ကိုယ့်ကိုယ်ကိုထဲမှာပဲ အမှားအမှန် ပဋိပက္ခတွေဖြစ်လာခဲ့ရလေသည်။
ခိုင်ခိုင်စောလွင်
ဝန်ခံချက်... ဓာတ်ပုံသတင်းထောက်နှင့် ပတ်သက်သည့် အချက်အလက်များကို စာရေးဆရာမ ဂျူး၏ ပိုချစ်ရတဲ့သူကိုယ်ပဲဖြစ်ပါစေ ဝတ္ထုမှ ရယူပါသည်။

No comments:

Post a Comment