May 20, 2013

နွှဲခဲ့ဖူးသော လေလံပွဲ

အခြေခံပညာကျောင်းတွေ မကြာခင်ပြန်ဖွင့်တော့မှာမို့ မိဘတွေ ကလေးတွေ လှုပ်လှုပ်ရွရွ ဖြစ်လာကြပြီ။ ပညာရေးနဲ့ ပတ်သက်ပြီး ယခု အစိုးရလက်ထက်မှာတော့ လှုပ်လှုပ်ရွရွဖြစ်နေတာကြာပါပြီ။ လွှတ်တော်ထဲမှာ ပညာရေးပြုပြင်ပြောင်းလဲဖို့ ပြင်ကြဆင်ကြ ပြောကြဆိုကြ လှုပ်လှုပ်ရွရွ။ မီဒီယာမှာလဲ ထို့အတူ ပညာရေးပြုပြင်ပြောင်းလဲရေးတွေ ပြောကြဆိုကြ ရေးကြ လှုပ်လှုပ်ရွရွ။ မြန်မာပြည်ရဲ့ ပညာရေးစနစ်က စနစ်ဆိုးရဲ့ အောက်မှာ နစ်မွန်းနေခဲ့တာ နှစ်ပေါင်းများစွာ ရှိခဲ့ပါပြီ။ ပြုပြင်စရာတွေကတော့ အများကြီးပါပဲ။ နိုင်ငံတကာ အဆင့်မီပညာရေးစနစ်ဖြစ်အောင် အတန်း၊ သင်ရိုးညွှန်းတမ်း စတာတွေသာမက လူသားအရင်းအမြစ်တွေအထိ စုံလို့ပါပဲ။ ပညာရှင်များကလဲ စိုးရိမ်ပူပန်မှုတွေနဲ့အတူ ပညာရေးစနစ်ပြောင်းလဲရေးကို စောင့်ကြည့်နေကြပါတယ်။ အခြေခံက စပြီးပြောင်းလဲရမှာမှန်ပေမယ့် သိမ်မွေ့ညင်သာစွာပြောင်းလဲဖို့ လိုတဲ့အကြောင်းလဲ ရေးကြပြောကြတာ ဖတ်နေကြားနေရပါတယ်။ အဓိကကတော့ မူလတန်းပညာ မသင်မနေရ၊ ကျောင်းနေအရွယ် ကလေးအားလုံး ကျောင်းနေနိုင်ရေး စသဖြင့် လုပ်ဆောင်လာနေကြပါတယ်။ မြန်မာတစ်နိုင်ငံလုံးမှာ အခြေခံပညာကျောင်း သုံးသောင်းခြောက်ထောင်ကျော်ရှိပြီးတော့ ဒီကျောင်းအားလုံးကို အစိုးရက လုံလောက်တဲ့ထောက်ပံ့မှုတွေ အပြည့်အဝ မပေးနိုင်တာလဲ နှစ်ပေါင်းများစွာ ကြာနေပါပြီ။ အဓိက ပြဿနာကဒါပါ။ စာသင်ကျောင်းအတွက် အထောက်အပံ့ မပေးနိုင်ပါဘူးဆိုကာမှာ ကျောင်းသားတစ်ဦးချင်းစီရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်ဖို့ဆိုတာ တော်တော့်ကို မလွယ်ကူပါ။ ကလေးတစ်ယောက် ကျောင်းနေဖို့ အတွက် သာမာန် လက်လုပ်လက်စား မိဘတစ်ယောက်အနေနဲ့ မလွယ်လှပါဘူး။ ခုလို မေလဒုတိယပတ် ကျောင်းအပ်ရာသီ ရောက်ပြီဆိုမှဖြင့် မိဘတွေရင်ထဲလဲ တလှပ်လှပ်နဲ့ လှုပ်လှုပ်ရွရွဖြစ်ရပြန်ပါပြီ။ ကိုယ်ကတော့ ဒီခံစားမှုတွေက ကင်းလွတ်ခဲ့ပေမယ့် ကျောင်းအပ်ရာသီရောက်တိုင်း ခိုတွေဖြစ်ကုန်ကြရတဲ့  မိဘတွေကိုတော့ သတိရမြင်ယောင် စာနာမိရပြန်ပါတယ်။               အရပ်သားအစိုးရလို့ ပြောနေကြတဲ့ လက်ရှိ အစိုးရလက်ထက်မှာတော့ ကျောင်းအပ်ချိန်မှာ ငွေကြေးကောက်ခံတဲ့ ကျောင်းအုပ်ကြီးတွေကို ထိရောက်စွာ အရေးယူမယ်ဆိုတဲ့ ကြေငြာချက်တွေ ထုတ်လာနေတာ ကြားနေ ဖတ်နေရပါတယ်။
အမှန်တကယ် ငွေကြေးမပေးရဘူးဆိုမှဖြင့် ကောင်းလေစွ. ကောင်းလေစွ။ ကျောင်းအနေနဲ့ကရော ကျောင်းသားတွေထံက မရ၊ အစိုးရကလဲ မထောက်ပံ့နိုင် ၊ ကျောင်းအတွက် ဖွံ့ဖြိုးရေးလုပ်ငန်းမှသည် ပြုပြင်မွမ်းမံရေး ၊ စသဖြင့် အများကြီး အများကြီးပါ၊ ဒီကြားထဲ ပညာရေးဝန်ကြီးဌာနက ညွှန်ကြားလာသည့် ကျောင်းတွင်းလှုပ်ရှားမှုတွေ အတွက်ကုန်ကျစရိတ် ဘယ်ကရမည်နည်း။ တလောကပင် ဖတ်လိုက်ရသေးသည်။" ကျောင်းသည်ကျောင်းနှင့်တူရမည်၊ ကျောင်းတိုင်းတွင် ပရဆေးပင်ရှိရမည်တဲ့" ပညာရေးဝန်ကြီးဌာနက ညွှန်ကြားချက်ထုတ်တဲ့အခါ ကျောင်းအုပ်ကြီးတွေက ကလေးတွေဆီက ကောက်ခံထားတဲ့ငွေ နဲ့ပဲ သုံးရတာပါပဲတဲ့။ အတိတ်က ဆိုတဲ့အသုံးကိုတော့ သဘောကျမိပါတယ်။ မှန်ပါတယ်။ အတိတ်တစ်ချိန်က ကျောင်းသားမိဘတွေနဲ့ ကျောင်းအုပ်ကြီးတွေရဲ့ အခြေအနေကို နားလည်လက်ခံစွာနဲ့ပဲ အလှုငွေဆိုတာကို ကြည်ဖြူစွာပေးခဲ့ကြဘူးပါတယ်။ ဒါပေမယ့် ဒီအတိတ်မှာပဲ လုပ်ချင်တာလုပ်ခွင့်ရတဲ့ အခွင့်ထူးခံ ပညာရေးဝန်ထမ်းတွေကြောင့် အလှုငွေ ကိစ္စဟာ ရုပ်ဆိုးအကျည်းတန်ခဲ့ရပါတယ်။ မကြာခင်လေးတင်ကမှ နေအိမ်အကျယ်ချုပ်က လွန်လာခဲ့တဲ့ နိုင်ငံတော်ဝန်ကြီးချုပ်ဟောင်းဟာ တစ်ခေတ်တစ်ခါက လျှမ်းလျှမ်းတောက်ပြီး လက်ညှိုးညွှန်ရာ ရေဖြစ်တယ်ဆိုတဲ့ အလောင်းစည်သူမင်းကြီးတမျှ မြင်ရာတွေ့ရာ လက်ညှိုးညွှန်ပြီး ဩဇာပြခဲ့ဖူးပါတယ်။ သူ မြန်မာနိုင်ငံပညာရေးကော်မီတီဥက္ကဋ္ဌ တာဝန်ယူထားစဉ်တစ်လျှောက်လုံး သူ့ကို မျက်နှာလုပ် ဖော်လံဖားနိုင်တဲ့ ကျောင်းအုပ်ကြီးတွေကို လုပ်ပိုင်ခွင့် အာဏာတွေ အပြည့်အဝပေးရာမှာ ပညာရေးလောကမှာ တခါမှ မကြားဖူး မကြုံဖူးတဲ့ ကျောင်းဝင်စနစ်တွေပေါ်လာခဲ့တာပါပဲ။ စနစ်ဆိုး မင်းဆိုးရဲ့ အမွေအနှစ်တွေပါ။ အစိုးရကျောင်းလို့ နာမည်ရှိပေမယ့် ကျောင်းအုပ်ကြီးပိုင်တဲ့ ကိုယ်ပိုင်ကျောင်းလို လုပ်ချင်တာလုပ်ခဲ့ကြတာပါ။ ဒီစနစ်ဆိုးကို ယခု တက်လာတဲ့ အစိုးရက တဖြည်းဖြည်းတိုက် နေတယ်လိုတော့ အပေါ်ယံမှာ တွေ့နေရပါတယ်။ အတိတ်က ငွေကြေးရယူခဲ့ရတာမှာ အဓိကကတော့ ရန်ကုန်မြို့ရဲ့ အထင်ကရကျောင်းကြီးတွေပါပဲ။ Top ten ကျောင်းလို့သမုတ်ကျတဲ့ အဲဒီကျောင်း(၁၀) ကျောင်းက ကျောင်းအုပ်ကြီးတွေကို မနှစ်က ခုလို ကျောင်းအပ်ရာသီမှာ ခေါ်ယူသတိပေးတာလဲ ကြားလိုက်မိပါသေးတယ်။ ဒါပေမယ့်လည်း ကျောင်းဖွင့်ရာသီ ရောက်တိုင်း သတိပေးနေရတယ်လို့တော့ မဖြစ်သင့်တော့ပါဘူး။ အဲဒီအတွက် အဖြေရှာသင့်နေပါပြီ။ အတိတ်ကငွေကြေးရယူမှုကတော့ စာရေးဆရာသိပ္ပံမောင်ဝရေးခဲ့တဲ့ အင်းလေလံ အတိုင်း ကိုယ်တွေ့ကြုံခဲ့ဖူးတာလေး ပြောပြချင်ပါတယ်။

ပထမအကြိမ်လေလံ
------------------------



   ၁၉၉၆ ခုနှစ်က သမီးကို ကျောင်းစအပ်ဖို့ အချိန်ရောက်လာပါတယ်။ အိမ်နဲ့ မနီးမဝေးမှာ မူလတန်းကျောင်းတစ်ကျောင်းရှိပါတယ်။  အိမ်နဲ့နီးပေမယ့်  အဲဒီကျောင်းက လမ်းမကျယ်ကြီးတစ်ခုကို ဖြတ်ကူးရပါတယ်။ အဲဒီအတွက် သမီးကို ကျောင်းပို့၊ ကျောင်းကြိုဖို့ လူတစ်ယောက် လိုပါတယ်။ စာရေးသူတို့ လင်မယားနှစ်ယောက်စလုံးက ဝန်ထမ်းတွေဖြစ်တဲ့ အတွက် ပုံမှန် ကြိုပို့ မလုပ်ပေးနိုင်ပါဘူး။ အဲဒီမှာ စဉ်းစားကြတော့ စာရေးသူတို့မြို့နယ်ထဲမှာ နာမည်ကြီး စောစောကရေးခဲ့တဲ့ Top ten စာရင်းဝင် အထက်တန်းကျောင်း တစ်ကျောင်းရှိပါတယ်။ ဒီကျောင်းကို ထားဖို့ ရွေးလိုက်ပါတယ်။ အကြောင်းကတော့ သူငယ်တန်းက ဆယ်တန်းရောက်တဲ့အထိ ကျောင်းပြောင်းဖို့လဲမလိုပဲ တစ်ဆက်ထဲပြီးသွားတာရယ်၊ ကျောင်းဖယ်ရီ ရှိတဲ့အတွက် အိမ်ရှေ့အရောက် ကားပေါ်တက် ကားပေါ်ကဆင်းရုံပါပဲ။ နောက်တခုက စာရေးသူတို့ရုံးကနေ ကားစီးရင် တစ်မှတ်တိုင်သာ ရှိပါတယ်။ အကြောင်းကြီးငယ်ပေါ်လာလို့ ရုံးကနေ သွားကြိုရင်လဲ လမ်းလျှောက်ပါက ၁၀မိနစ်ပဲ ကြာတာဆိုတော့ အဆင်ပြေဆုံးဖြစ်နေတာရယ်ကြောင့် အဲဒီကျောင်းကို အပ်ဖို့ဆုံးဖြတ်လိုက်ပါတယ်။ သမီးကို ကျောင်းအပ်ရမယ့်အချိန်မှာ စာရေးသူတို့က ကျောင်းကိစ္စတွေနဲ့ တော်တော်အလှမ်းဝေးတဲ့ အချိန်ဖြစ်နေတာကြောင့် ဟိုမေးဒီမေး မေးရပါသေးတယ်။ သင်္ကြန်အပြီး အောင်စာရင်းတွေ ထွက်အပြီးမှာ ကျောင်းအပ်ဖို့ လျှောက်လွှာကို သန်းခေါင်စာရင်း ပြပြီးဝယ်ရပါတယ်။ လျှောက်လွှာမှာ ကလေးနာမည်ကို တခါထဲရေးပေးလိုက်ပါတယ်။ အဲဒါကို ဖြည့်ပြီး တင်ခဲ့ရတယ်။  ကျောင်းက ကြေညာတဲ့ရက်မှာ မိဘကို ခေါ်တွေ့မယ်လို့ပြောလိုက်ပီး မေလ ပထမပတ်မှာ မိဘတွေခေါ်တွေ့တဲ့အခါ ဘာလို့ ခေါ်သလဲဆိုတော့ အလှုငွေကိစ္စ ဆွေးနွေးမှာပါတဲ့၊ ကျမလဲ ကိုယ်ရတဲ့ဝင်ငွေနဲ့ တွက်ချက်ပြီး ၊ ကလေးလဲ ကျောင်းဝင်ခွင့်ရအောင် ဘယ်လောက်လှုမယ်ဆိုတာ တွေးထား မှန်းထားလိုက်ပါတယ်။ ကျောင်းရဲ့ ခန်းမကြီးထဲရောက်တော့ မိဘတွေဆိုတာ ပြည့်လျှံနေတာပါပဲ။ ရွှေတွေ စိန်တွေကလဲ သီးလို့ ဝတ်စားလာလိုက်ကြတာ။ အလှုမင်္ဂလာဆောင်တစ်ခုခုများ ရောက်နေသလားအောက်မေ့ရပါတယ်။ ကျမကတော့ ရုံးကထွက်လာရတာဆိုတော့ ဋ္ဌာနယူနီဖောင်းလေးနဲ့၊ တစ်ကိုယ်လုံးမှာ ရွှေဆိုလို့ တစ်မှုန်တောင် ဝတ်မထားတဲ့အပြင် လက်ပတ်နာရီတောင် ပတ်မလာမိပါဘူး။ ကျမလဲ လွတ်နေတဲ့ ခုံတစ်ခုမှာ ထိုင်ရင်းအကဲခပ်လိုက်တဲ့ အခါ စစ်ယူနီဖောင်းဝတ်တွေနဲ့ လာကြတာကိုတွေ့ရပါတယ်။ ဗိုလ်မှုးတွေ ဗိုလ်မှုးကြီးတွေ၊ သူတို့မိန်းမတွေ မအားကြဘူးထင်ပါရဲ့၊ ကျမအတွေးမဆုံးခင်မှာပဲ ဒီကဗိုလ်မှုးတွေ ပြီးမှ မိဘတွေ ခေါ်မယ်နော်ဆိုတဲ့ ဆရာမ တစ်ယောက်အသံနဲ့ အတူ တစ်ယောက်ပြီးတစ်ယောက် အခန်းထဲကို ခေါ်ခေါ်သွားတော့တာပါပဲ၊ အဲ.. သူတို့ မိန်းမတစ်တွေလဲ ကပ်ရက်ပါသွားကြတာတွေ့မှ သဘောပေါက်လိုက်ပါတော့တယ်။  နောက်နားဆီက အသံတစ်သံခပ်တိုးတိုးထွက်လာပါတယ်။
" ကျောင်းအပ်တာလဲ သူတို့က ပါတာပဲ၊ နေရာတကာကိုပါတယ်" တဲ့၊ တစ်ယောက်ကလဲ ထောက်ခံလိုက်ပါသေးတယ်။
" အေးလေ  သူတို့ခေတ်ကိုး လုပ်ကြပေါ့တဲ့"
ကျမလဲ တဖြည်းဖြည်း သဘောပေါက်သွားပါတော့တယ်။ အော် လုပ်ပိုင်ခွင့် ရတုန်း မရှက်မကြောက် တပ်ကယူနီဖောင်းပြပြီးတောင် ကျောင်းဝင်ခွင့် တောင်းကြတယ် လို့ ကောက်ချက်ချမိပါတယ်။ အဲဒီနောက် တစ်ယောက်ပြီးတစ်ယောက် ကလေးနာမည်ခေါ်ပြီး တွေ့ပါတယ်။ သူငယ်ချင်းတစ်ယောက်ရဲ့အမေကို စောစောက သတိမထားလိုက်မိပဲ အခန်းထဲ ဝင်ကာနီးမှ တွေ့လို့ ပြန်ထွက်လာရင်တော့ မေးမှပဲ၊ သူငယ်ချင်းက နယ်မှာ ဆန်စက်တွေ ဦးစီးနေရလို့ မအားတာနဲ့ သူ့ကလေးကို ကျောင်းလာအပ်ပေးတာဖြစ်မယ်လို့လဲတွေးမိ ပါသေးတယ်။ ပြန်ထွက်လာတော့ အနားမကပ်နိုင်ပါဘူး၊ အဲဒီအန်တီ့ မိတ်ဆွေတွေပဲလား၊ ဒါမှမဟုတ် ကျောင်းရောက်လာပီး စကားပြောရင်း သိသွားတာလား မပြောတတ်ပါဘူး၊ တော်တော်များများက ဝိုင်းအုံပြီး မေးနေကြလို့ပါပဲ၊
" အန်တီ.. ဘယ်လိုလဲ.. အဆင်ပြေလား.. "
" ပြေပါတယ်" လို့ အဲဒီ အန်တီရဲ့ အဖြေကို " ဘယ်လောက်နဲ့ တဲ့သွားလဲတဲ့"
ကျမလဲ တော်တော်လေး စိတ်ဝင်စားသွားတာကြောင့် သေသေချာ နားထောင်လိုက်ပါတယ်။
" အန်တီ့ကို အန်တီ့သားက သူ့သမီး ဒီကျောင်းဝင်ခွင့်မရမှာစိုးရိမ်လို့ အမေ.. သုံးသိန်းလှုမယ်ပြောနော် လှုလိုက်ပြောတာ တော်သေးတာပေါ့အေ အန်တီက အကြောသိလို့ တခါထဲမပြောလိုက်တာ" ဆိုတော့ တစ်ယောက်က ပြောပါအုန်းအန်တီရဲ့ သမီးတို့ အလှည့်ရောက်တော့ အဆင်ပြေအောင်" တဲ့
အဲဒီအန်တီက သူအထဲရောက်တော့ ဘယ်လောက်လှုမလဲဆိုတော့ တစ်သိန်းလို့ပြောလိုက်တယ်တဲ့၊ အဲဒီတော့ ကျောင်းအုပ်ဆရာမကြီးက အမလေး.. အန်တီရယ် အန်တီဝတ်စားထားတဲ့ စိန်တွေလဲ အားနာပါအုန်းလို့ ပြောသတဲ့ ၊ ဒါက သမီးဆင်ထားတာပါလို့ ပြောလိုက်တော့၊ အန်တီရယ် ဒီကျောင်းက တစ်သိန်းမကပါဘူးလို့ ပြောတယ်တဲ့၊ ဒါနဲ့ အန်တီက နှစ်သိန်းတော့လှုပါ့မယ်ဆိုတော့ အင်းလေ နှစ်သိန်းဆိုတော့ လက်ခံပါ့မယ်တဲ့၊ ဒါနဲ့ နှစ်သိန်းနဲ့ ပွဲပြတ်ဘီ အောက်မေ့တာ အနားက ဒုကျောင်းအုပ်က အေတန်းမလိုချင်ဘူးလား ထပ်မေးသတဲ့၊ အန်တီ့မျက်စေ့ထဲ မြေးဖြစ်တဲ့သူ မျက်နှာပေါ်လာတယ်တဲ့၊ ဒါနဲ့ အေတန်းဆို ဘယ်လောက်လဲ ဆိုတော့ တစ်သိန်းထပ်မလားတဲ့ ၊ ဒါနဲ့ သုံးသိန်းနဲ့ ပြတ်သတဲ့၊ လျှောက်လွှာမှာ ငွေသုံးသိန်းလှုတန်းပါမည်လို့ လက်မှတ်ထိုးပေးခဲ့ရတယ်တဲ့၊
"ကဲကဲပြန်မယ် ပြန်မယ်၊ သူ့အဖေ စိတ်ပူနေရော့မယ်၊ ငွေသုံးသိန်းနဲ့ အေတန်းလဲ ရတဲ့ အကြောင်း ဖုန်းဆက်ပြောရအုန်းမယ်"  ဆိုပြီး ထွက်သွားပါလေရော။
ကျန်တဲ့သူတွေက တို့က တစ်သိန်းမှန်းတာဆိုတော့ ငါးသောင်းကစပြောမှ၊ ဒါဆိုရပါ့မလား ၊ တစ်သိန်းကပဲ စပြောပြီး တစ်သိန်းခွဲနဲ့ ဖြတ်လိုက်ရင် ကောင်းမယ် စတဲ့ အသံတွေ သောသောညံနေပါတော့တယ်။ ကျမလဲ ဒါမျိုးတခါမှ မကြုံဘူးတဲ့ အတွက် စဉ်းစားငေးမောနေတုန်းမှာပဲ အနားကပ်လာပီး " အမ ဘယ်ဋ္ဌာနကလဲတဲ့" ရုတ်တရက် မေးလာလို့ ကြည့်လိုက်တော့ ရဲဝတ်စုံနဲ့ အမျိုးသမီးတစ်ယောက်ဖြစ်နေတယ်။ သူမေးတာဖြေရင်း ဘယ်နှစ်တန်းအပ်မှာလဲဘာညာပြောဖြစ်ကြပါတယ်။ သူကနယ်ကပြောင်းလာတာမို့ ကျောင်းသားအသစ် အပ်မှာပါပဲ၊ ဒါပေမယ့် တတိယတန်းကို အပ်ရမှာပါ၊ ကျမက ခုမှ ကျောင်းစတက်ဖို့ အပ်ရမှာပြောကြရင်း သူက ဝန်ထမ်းဖြစ်တဲ့အတွက် အများကြီး မတတ်နိုင်ကြောင်း ၊ ဒါ့ကြောင့် ငါးသောင်းပဲ မှန်းထားကြောင်းပြောပါတယ်။ ကျမစိတ်ထဲ သူတို့တွေ ပိုက်ဆံတွေ ဘယ်ကရပါလိမ့်လို့ တွေးနေမိပါတယ်။ တလက်စထဲ ကိုယ်မှန်းထားတာ သူ့ရဲ့ ဆယ်ပုံတစ်ပုံပဲ ရှိတာကို သိသွားတော့ အမ ..ဒီအတိုင်းဆို မလွယ်ဘူးထင်တယ်လို့ ပြောပြနေသေးတယ်။ ကျမ ပြန်ရင်ကောင်းမလား စဉ်းစားလိုက်ပါတယ်။ နောက်တော့ တတ်နိုင်တဲ့သူက လှုတာလက်ခံပြီး မတတ်နိုင်တဲ့သူလဲ အထိုက်အလျောက်တော့ လက်ခံမှာပါ။ ဆရာ/ ဆရာမ တွေလဲ ဝန်ထမ်းတွေပဲ သဘောပေါက်မှာပါ၊ ဒါတွေက ရမယ့်သူတွေမို့ ချမ်းသာမှန်းသိလို့ တောင်းတာနေမှာပဲလို့ တွေးထားလိုက်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျမတစ်လခက အထက်တန်းပြဆရာမ တစ်ယောက်ရဲ့ လခနဲ့ အတူတူပါပဲ။ လခ ၁၂၅၀ကျပ် ရတဲ့ ဝန်ထမ်းတစ်ယောက်က ဘယ်လိုလုပ်ပြီး သိန်းဂဏန်းလှုနိုင်ပါ့မလဲ။ လင်မယားနှစ်ယောက်ပေါင်းမှ ၂၅၀၀ကျပ် ရတာ၊ ၅၀၀၀ကျပ်ဆိုတာ  ကလေးကျောင်းအပ်ဖို့နဲ့ ကျောင်းကို လှုဖို့ စုထားဆောင်းထားရတာ။ စုမထားရင် လင်မယားနှစ်ယောက် နှစ်လလုံးလုံး ဘာမှမစားပဲ လှုရမယ့် အတိုင်းအတာတစ်ခု။ ၅၀၀၀ကျပ်ဆိုတာ ကျမတို့ အတွက်ကတော့ ဒီလိုလို့ ပြောပြလိုက်ရုံပေါ့။ အတွေးနဲ့ အတူ အားတက်ပီး ကျမ ကလေးရဲ့ နာမည်ကို ခေါ်မှာစောင့်နေလိုက်ပါတယ်။ ကျမကို စကားလာပြောတဲ့ ရဲမေလေးက သူလဲ အလုပ်ပြန်သွားရမှာမို့ ဆရာမကို သွားပြောတော့ ခေါ်သွင်းလိုက်ပါတယ်။ ပြန်ထွက်လာတော့ ပြုံးပြုံးလေးပဲဆိုတော့ အဆင်ပြေပုံရပါတယ်။ သူက ကျမကို လာနှုတ်ဆက်ပြီး "ဝန်ထမ်းဆိုလို့ ဒီလောက်နဲ့ပေးလိုက်တာ ဘယ်သူ့မှ ငါးသောင်းနဲ့ ရတယ် မပြောနဲ့လို့ ဆရာမကြီးက မှာလိုက်တယ်တဲ့ "အသာလေးကပ်ပြောသွားသေးတယ်။ " အမလဲ  ငါးသောင်းတော့ ပြောတဲ့၊ စေတနာနဲ့ပြောတာပါတဲ့၊ အခန်းကတော့ နောက်ရောက်မယ်ပြောတယ်။ ရတယ်လို့ ပြောခဲ့တယ်တဲ့၊ ဘယ်အခန်းရရပေါ့တဲ့။ "
            ကျမစိတ်တွေ ဒွိဟ ဖြစ်နေချိန်မှာပဲ ကျမ သမီးနာမည် ခေါ်ပါတယ်၊ အခန်းထဲ ဝင်လိုက်တဲ့အခါ အဖြူအစိမ်းဝတ်စုံနဲ့ ဆရာမ(၃) ယောက်က အတန်းလိုက်ထိုင်နေတာကို တွေ့ရပါတယ်။ အလယ်မှာ ကျောင်းအုပ်ဆရာမကြီးကထိုင်ပြီး ဘေးတစ်ဖက် တစ်ချက်မှာတော့ ဒုကျောင်းအုပ်ဆရာမနဲ့ ကျောင်းရဲ့မိဘဆရာအသင်းက ဆရာမကြီး အားကိုးရတဲ့ ဆရာမတစ်ယောက်ထိုင်နေကြပါတယ်။" ထိုင်သမီး" ဆိုတဲ့ ကျောင်းအုပ်ဆရာမကြီးရဲ့ မျက်နှာကို ပြုံးပြရင်း ဆရာမကြီးရင်ညွန့်က ဖိတ်ဖိတ်တောက်နေတဲ့ စိန်လော့ကက်သီးဆီကို မျက်စေ့က ရောက်သွားရာက လွယ်ပါ့မလားဆိုတဲ့ အတွေးကခေါင်းထဲ ရောက်လာပြန်ပါတယ်။
" ကဲ သမီးရေ သမီးလဲ ဝန်ထမ်းဆိုတော့၊ ရှည်ရှည်ဝေးဝေး မပြောတော့ပါဘူး၊ သမီးဘယ်လောက်လှုမယ်ဆိုတာ လျှောက်လွှာမှာ ရေးလိုက်ပါတဲ့" ကျောင်းအုပ်ဆရာမကြီးက အဲဒီလို ပြောအပြီးမှာတော့ ဒုကျောင်းအုပ်က ကျမတင်ခဲ့တဲ့ လျှောက်လွှာကို ကျမလက်ထဲ ပေးပါတယ်။ သူလက်ထောက်ပြတဲ့ နေရာမှာ ငွေ ၅၀၀၀ကျပ် လှုဒါန်းပါမည်လို့ ရေးပြီးပြန်ပေးလိုက်ပါတယ်။ ဆရာမကြီးက လျှောက်လွှာကို ယူကြည့်ပြီး အပြုံးမပျက် ခုလိုပြောပါတယ်။
" သမီးရေ.. သမီးရေးထားတာ ငါးထောင်လား၊ ငါးသောင်းလား ဆရာမကြီးမရှင်းလို့နော်တဲ့"
 မြတ်စွာဘုရား... ငါ သုညတစ်လုံး ပိုရေးမိဘီထင်တယ်... အတွေးနဲ့ အတူ လျှောက်လွှာကို ကမန်းကတန်း ဟန်မဆောင်နိုင်စွာပဲ ဆွဲယူ ကြည့်လိုက်မိပါတယ်။ ခု ဆယ် ရာ ထောင်  ဟာ... ငါးထောင်ပါ ဆရာမကြီးလို့ ပြောလိုက်မိပါတော့တယ်။ အဲဒိအချိန်မှာ ဆရာမတွေရဲ့ မျက်နှာဟာ ကျမစိတ်ထဲမှာ ကြွက်ကလေးကို မစားပဲ ဆော့နေတဲ့ ကြောင်မကြီး (၃)ကောင်လို့ မြင်လာမိပါတယ်။
" အေးပါ သမီးရယ်.. ငါးထောင်နဲ့တော့ ဆရာမကြီးတို့ ကျောင်းက ဘယ်ရမလဲ၊ ထပ်တိုးပါအုန်း၊ နဲနဲ မဟုတ်ဘူးနော် တော်တော်တိုးရမှာ၊ "
အဲဒီအချိန်မှာ ကျမစိတ်ထဲ အမှန်တကယ်ဖြစ်နေတာက ချာကနဲ လှည့်ထွက်ဖို့ပါပဲ၊ ဒါပေမယ့် ကျမ ရိုင်းပြသူတစ်ယောက် မဖြစ်ချင်ပါဘူး။ သမီးအတွက် အားတင်းလိုက်ပါတယ်။ ကျမမျက်စေ့ထဲ တနင်္လာသမီးဆို ပုလဲဆောင်ရမယ်ဆိုပြီး အဆောင်လုပ်ထားတဲ့ ပုလဲလက်စွပ် ကလေးကို ပြေးမြင်ပြီး အဲဒါရောင်းရင် နောက်ထပ် ငါးထောင်တိုးလို့ ရတယ်လို့ တွေးလိုက်မိပါတယ်။" တစ်သောင်းဆိုရင်ရော ဆရာမကြီး" ကျမအသံယဲ့ယဲ့ လေးအဆုံးမှာ ဆရာမကြီးက ရုပ်ရှင်မင်းသမီးကြည်ကြည်ဋ္ဌေး ရယ်သလိုရယ်လိုက်ပါတယ်။ တကယ်ပြောတာပါ၊ အဲဒီလို ရုပ်ရှင်ထဲက အတိုင်းရယ်ပြီးတော့မှ" အမလေး.. သမီးရယ်.. ကိုယ့်သားသမီး ဒီလိုကျောင်းမှာ နေရဖို့ အရေး ဒီလောက်ကလေးနဲ့ရပါ့မလား.. စဉ်းစားကြည့်ပါအုန်း" ကျမရင်ထဲမှာ ပြောစရာစကားတွေ တပုံကြီးပါ။ ကိုယ်ခွဲမရှိလို့၊ အဆင်ပြေဆုံးမို့ စသဖြင့်.စသဖြင့် ။ဒါပေမယ့် ဘာစကားမှ ပြောချင်စိတ်မရှိတာမို့ ဒီတိုင်းပဲထိုင်နေလိုက်ပါတော့တယ်။ အဲဒီအချိန်မှာ တယောက်က ထပ်ပြောပါတယ်။ " သမီးတို့ဋ္ဌာနက ဒီကျောင်းမှာ အများကြီးပဲ ကျောင်းသားဟောင်းတွေ ရှိပါတယ်။ ညွှန်ချုပ်ဒရိုင်ဘာရဲ့ ကလေးတောင် ဒီကျောင်းမှာပဲလေ၊ သူတောင်ထားနိုင်သေးတာပဲ၊
သူပြောတဲ့ အဲဒီဒရိုင်ဘာကို ကျမသိပါတယ်။ ဓါတ်ဆီဈေးတွေ ဈေးကောင်းတာလဲ ကျမသိပါတယ်။ ကျမတို့နဲ့ မျက်နှာချင်းဆိုင် တိုက် အောက်ထပ်မှာနေတာပါ။ အဲဒီ ဒရိုင်ဘာမိန်းမက လက်ကောက် တစ်တောင်ဆစ်လောက်ရှိတယ်၊ ဝတ်ထားတာ။ အိမ်မှာနေရင်းလဲ အလှုပွဲလမ်းသွားသလို ပြင်ဆင်ဝတ်စားထားတာပါ။ အတန်းပညာကတော့ မရှိပါဘူး၊ စကားပြောရင် အာကျယ်လျှာကျယ်နဲ့ပါ။ ကျမယောက္ခမကြီး အိမ်လာလည်တော့ အော်... သူခိုးရွှေရ တပြပြဆိုတာ ဒါမျိုး မှတ်ထားလို့ ကျမကို ဆုံးမဖူးတာတောင် မှတ်မိလိုက်ပါသေးတယ်။ ကျမလဲ ကိုယ့်အတွေးနဲ့ကိုယ် ဘာမှမပြောတော့မှ မတိုးတော့ဘူးလားတဲ့ ကျောင်းအုပ်ဆရာမကြီးမျက်နှာက မှုန်ကုပ်ကုပ်နဲ့ပြောလာပါတော့တယ်။ ကျမလဲ ကိုယ်ကို မတ်အောင် ပြင်ထိုင်လိုက်ပီး" ဆရာမကြီး မျက်နှာကို စေ့စေ့ကြည့်လို့ လုံးဝ မတိုးနိုင်တော့ပါဘူး" ပဲ ပြောလိုက်ပါတော့တယ်။
" ကောင်းပြီလေ.. ဒါဆို ဆရာမကြီးတို့ အဖို့ ပြောစရာ မရှိတော့ပါဘူး၊ ပြန်နိုင်ပါဘီတဲ့"
ကျောင်းက အပြန်မှာ ကျမစိတ်ထဲ ဘဝင်မကျတာတွေ ဘောင်ဘင်ခပ်နေပါတော့တယ်။ ကားစီးရင် တစ်မှတ်တိုင်ဆို ရုံးကိုရောက်ပေမယ့် ပြည်လမ်းမကြီးအတိုင်း လမ်းလျှောက်နေမိပါတယ်။ အိမ်ရောက်လို့ သမီးကမေးရင်၊ သမီးအဖေကမေးရင် ဘယ်လိုပြောရမလဲ၊ အားလုံကိုသိအောင် ပြောလဲပြောပြချင်တယ်။ ပြန် မပြောချင်လောက်အောင်ကိုပဲ စိတ်ကုန်နေမိတယ်။ ဘာလဲ ဒီကျောင်းက နိုင်ငံတော်အစိုးရကျောင်းလား။ ပုဂလိကကျောင်းလား ကျမတစ်ယောက်ထဲ အတွေးတွေနဲ့ ရုံးကိုပြန်ခဲ့ရပါတယ်။ ရုံးရောက်တော့ အပေါင်းအသင်း လုပ်ဖော်ကိုင်ဖက်တွေက တွေ့ခဲ့လား အဆင်ပြေလား မေးကြတာကို ပြုံးပဲပြလိုက်ပါတော့တယ်။
သမီးအဖေကို အားလုံးပြောပြတဲ့အခါ သူက ကျမထင်သလို စိတ်မတို ဒေါသမထွက်ပဲ " ဟုတ်လို့လားဟာ၊ ဟုတ်ပါ့မလားဟာနဲ့" အံ့ဩလို့သာနေတော့တယ်။

ဒုတိယအကြိမ်ဆင်နွှဲ လေလံပွဲ
------------------------------------
                          သမီးကိုကျောင်းအပ်ဖို့ အဆင်မပြေဖြစ်တဲ့အခါ ကျမငယ်ငယ်က ကျောင်းအပ်ခဲ့ရတာကို ပြန်ပီးတွေးနေမိပါတယ်။ ကိုယ်တွေတုန်းက ကျောင်းအပ်တာ ကျောင်းတက်တာ ခက်ခဲတဲ့ အလုပ်မဟုတ်ပါဘူး။ မူလတန်းအရွယ်( သူငယ်တန်းကနေ လေးတန်းအထိက) မေမေနဲ့ တစ်ကျောင်းထဲမို့ မေမေက ကျမတက်ရမယ့်ဆရာမဆီ အပ်လိုက်တာပါပဲ။ ကျောင်းဖွင့်ရင် သမီးရေ ဘယ်ဆရာမအခန်းနော်လို့ ပြောလိုက်တာနဲ့တင် အဲဒီအခန်းထဲ ဝင်ထိုင်နေလိုက်တာပါပဲ။လွယ်လိုက်တာမှ။ လေးတန်းအောင်တော့ အလယ်တန်းကျောင်းပြောင်းရပါတယ်။ မေမေကလဲ ကျောင်းမှာ ကျောင်းအပ်လက်ခံနေရတာဆိုတော့ ကျမကို လိုက်မအပ်ပေးနိုင်ပါဘူး။ သမီးရော့ ပိုက်ဆံဆိုပေးလိုက်တာ မိဘဆရာအသင်းကြေး ၅ကျပ်လား အဲဒီလောက်ပါပဲ ၊ ကိုယ်တက်ရမယ့် အခန်းရှေ့သွားပီး အတန်းပိုင်ဆရာမဆီ အပ်တယ်ဆို လျှောက်လွှာလေးကိုယ့်ဘာသာဖြည့် ၊ ဆရာမက မိဘမပါဘူးလား မေးတော့မေးတာပါပဲ။ မေမေက ကျောင်းအပ်လက်ခံနေလို့ မလာနိုင်ပါဘူး၊ အဖေရောဆို၊ ဖေဖေက နယ်လှည့် စာရင်းစစ်ထွက်နေရတယ်ပြောလိုက်ရင် အေးအေး ဆိုပီးတာပါပဲ။ နောက် လက်ဆင့်ကမ်းပီးသိသွားတော့ အတန်းတိုင်း မမေးတော့ပါဘူး။
ကျောင်းအပ်တာ၊ ကျောင်းနေတာတွေဟာ မိဘတွေအတွက် ဝန်ထုပ်ဝန်ပိုး မဖြစ်ခဲ့ပါဘူး။ ကျမလိုပဲ သမီးအဖေလဲ ငယ်ငယ်က ကျောင်းနေခဲ့တာ သတိရသွားတယ်ထင်ပါတယ်။သမီးရဲ့အဖေက ကလေးကို အဆင်ပြေတဲ့ကျောင်း ကျောင်းကားကြိုပို့ရှိတဲ့ ကျောင်းထားမှဖြစ်မယ်ဆိုပီး မလျှော့တဲ့ဇွဲနဲ့ သူငယ်ငယ်က တက်ခဲ့တဲ့ကျောင်းမှာထားမယ်၊ မနက်ဖန် ရုံးကနေ နှစ်ယောက်အတူသွားကြမယ်လို့ ပြောလာပါတယ်။ သူနေခဲ့တဲ့ ကျောင်းကလဲ Top ten မှာပါတဲ့ ကျောင်းပဲမို့ ကျမကတော့ သွားဖို့ အားမရှိပါလှပါဘူး။ သူကတော့ ငယ်ငယ်တုန်းက ဆရာမတွေတော့ မရှိလောက်တော့ဘူး။ ဒါပေမယ့် တို့ကျောင်းက ဒါမျိုးတော့ မဟုတ်ဘူးလို့ ဆိုနေပါသေးတယ်။ ကျမကတော့ တခါထဲနဲ့ ကြားဖူးနားဝ ရှိလာတာကို ပြောပြလိုက်ပါသေးတယ်။ မြို့နယ်မတူရင် ကိုယ်နေတဲ့ မြို့နယ်နဲ့ ကျောင်းရှိတဲ့ မြို့နယ်မတူရင် မလွယ်ဘူးတဲ့၊ ပိုပေးရတယ်ဆိုတာကို လာစမ်းပါ ကိုယ့်တုန်းကလဲ တခြားမြို့နယ်ကပဲ လာတက်တာပဲလေ ။ ရတယ်တဲ့။

           ကျောင်းရောက်တော့ ထုံးစံအတိုင်း မိဘတွေ စုရုံးစုရုံး တွေ့ရပြန်ပါတယ်။ ကြယ်ပွင့်တွေကလဲ ယောက်ယက်ခပ်လို့၊ ကျမကို သမီးအဖေက သူတို့ကဘာလာလုပ်တာလဲတဲ့။ ကျမကလဲ ရှင့်လိုကလေးမိဘပဲနေမှာပေါ့ ဆိုတော့ ၊ မတူဘူးလေဟာတဲ့၊ ကျောင်းအုပ်ဆရာမကြီး ရောက်မလာသေးတဲ့ အတွက် ကျမတို့ ကိုစောင့်ခိုင်းထားပါတယ်။ ဒီကျောင်းက ကျောင်းအုပ်ဆရာမကြီးကို ကျမတို့ တစ်ခါမှ မမြင်ဖူးပါဘူး။( ပထမကျောင်းက ကျောင်းအုပ်ဆရာမကြီးက ကျမတို့ဋ္ဌာနမှာ ကလေးအစီစဉ်တွေ ရုပ်မြင်သံကြားလာရိုက်တာ၊ အသံသွင်းတာတွေ လာဖူးတာမို့ မြင်ဖူးထားပါသေးတယ်။ )ဆရာမကြီးက ကျောင်းဝင်းထဲမှာပဲ နေပုံရပါတယ်။ ကျောင်းဆောင်နောက်ကထွက်လာတာတွေ့ရပါတယ်။ အဲဒီလိုအလာမှာပဲ ကျမတို့စောင့်နေရတဲ့ ကျောင်းဆောင်နဲ့ မျက်နှာချင်းဆိုင်က ဆောက်လုပ်ဆဲကျောင်းဆောင်ရှေ့မှာ ဆောက်ဆဲ အဆောက်အဦက ရေတွေစီးပီး ဗွက်အိုင်ကလေးဖြစ်နေတဲ့ အိုင်ထဲဆရာမကြီးနင်းမိပြီး ခြေထောက်နစ်နေပါတော့တယ်။ သမီးအဖေက ကမန်းကတန်းပြေးပြီး လက်မောင်းကနေဆွဲပီးတွဲခဲ့ရပါတယ်။ ပြီးမှ အဲဒါ ကျောင်းအုပ်ဆရာမကြီးမှန်းသိတာပါ။ ဗွက်ထဲကနေဆွဲပေးလို့လားမသိပါ၊ သားက ကလေးကျောင်းအပ်ဖို့လားဆိုပီး ခနပဲ စောင့်ရပါတယ်၊ ဟိုသားလေး ခေါ်လိုက်ဆိုတော့ သမီးအဖေက ကျမကို တွေ့တယ်မှလား အဆင်ပြေတယ်ဆိုတဲ့သဘောနဲ့ မျက်ရိပ်ပြပါတယ်။ ကျမလဲ နောက်က ကပ်လိုက်ပီး ထိုင်တောင်မထိုင်ရသေးပါဘူး။ ဘယ်မြို့နယ်ကလဲ ၊ ဘယ်နှစ်တန်းအပ်မှာလဲ မေးပြီး ကိုယ့်မြို့နယ်မှာ ဘာလို့ မအပ်တာလဲ မေးခွန်းတွေကို သူ့ဘာသာဆက်တိုက်ပဲမေးပါတော့တယ် အဖြေတောင်မစောင့်ပါဘူး၊ ကဲကဲ ဒါဖြင့် သုံးသောင်းပဲပေးဆိုပီးတခါထဲ တန်းပြောပါတယ်။ ကျမမျက်စေ့ထဲ ရိပ်ကနဲပဲမြင်လိုက်ရပါတယ်။ သမီးအဖေက အခန်းအပြင်ကို ရောက်သွားပါတော့တယ်။ ဆရာမကြီးလဲ စကားတို့လို့တန်းလန်း၊ ကျမလဲ အူကြောင်ကြောင်နဲ့ ရပ်နေရမလား၊ ထွက်သွားမရလား ဖြစ်နေရပါတော့တယ်၊ ပြီးတော့မှ" ဟုတ်..  ဟုတ်ကဲ့  သွားလိုက်ပါအုန်းမယ်" ဆိုပီး အခန်းအပြင်ကို အပြေးအလွှား ထွက်ခဲ့ရပါတယ်။ ရှုးရှုးရှဲရှဲဖြစ်နေတဲ့ သမီးအဖေကိုကြည့်ပီး ရီလဲရီချင်နေပါတယ်။
" ကိုယ်က ကျောင်းဆရာမမှတ်နေတာ လက်စသတ်တော့ ဈေးသည်မိန်းမကြီးပဲ၊ ဒီလိုမှန်းသိ စောစောကဗွက်နစ်နေတာ ဆွဲမတင်ပေးပါဘူး" ပွစိပွစိပြောပါတော့တယ်။ သမီးကို ဘယ်ကျောင်းမှ မထားဘူးဆိုတဲ့အကြောင်းနဲ့ စာတတ်ဘို့လွယ်ပါတယ်၊ မင်းသင်တတ်တယ်မှလား။ သူငယ်တန်းစာသင်။ နောက်နှစ်တစ်တန်းစာသင် အဲလိုပဲသင်သွား စာတတ်တယ်။ ဘယ်ကျောင်းမှ မထားနဲ့ဆိုတာ ထပ်တလဲလဲပြောပါတော့တယ်။ ကျမလဲ စိတ်ပြေအောင် တစ်ခွန်းမှ ပြန်မပြောပဲ ငြိမ်ပီးနားထောင်လိုက်ရပါတော့တယ်။
နောက်မှ သူငယ်ချင်းတစ်ယောက်က အကြံပေးပါတယ်။ပထမ ကျောင်းမှာ သမီးရဲ့ကြီးတော်ရှိပါတယ်။ အထက်တန်းပြဆရာမပါ။ ကျမတို့ကပဲ တုံးတာလား ၊ ခေတ်ကိုကပဲ ဖြစ်တာလားမသိပါဘူး၊ ကျောင်းမှာ အခံဆရာမရှိရင် လိုက်လို့ရတယ်ဆိုတာ သိလာရပါတယ်။ သမီးအဖေက သူ့အမကြီးဆီသွားပြောပြတော့ သူက အနားကကျောင်းမှာပဲ ထားမယ်လို့ထင်တာမို့မမေးမိတဲ့အကြောင်း၊ သူ့ကျောင်းမှာ ထားမယ်ဆိုရင်လဲ သူ့ကို လာပြောပြီး လုပ်ထုံးလုပ်နည်းအတိုင်းသွားလို့ရကြောင်း စုံနေတာပါပဲ ဆူလဲဆူပါတယ်။ ကျမတို့လဲ ကိုယ့်အပြစ်နဲ့ကိုယ် ငြိမ်နေရပါတယ်။ သမီးအဖေက ကျနော်တို့တော့ မတွေ့တော့ဘူး၊ မရရင်နေ၊ မမကြီး ပြောရင်လဲပြောလို့ပြောပါတော့တယ်။ အဆုံးသတ်မတော့ ကြီးတော်က မုန့်ပုန်းတစ်ပုံး၊ပါတိတ်တစ်စုံနဲ့ ဆရာမကြီးကို ကန်တော့ပြီး ကျမယောင်းမက ခုမှ ကလေးကျောင်းစထားတာဆိုတော့ အထာမသိလို့ပါ၊ သူတို့လဲ ဝန်ထမ်းဆိုတော့ ဒီလောက်ပဲ တတ်နိုင်လို့ပါဆိုတော့ တစ်သောင်းနဲ့တော့မရဘူး၊ သူတို့ မတတ်နိုင်ရင် ဆရာမစိုက်ပေးလိုက်ပေါ့ ကိုယ့်တူမပဲဆိုတာနဲ့ ကြီးတော်ကြီးက တစ်သောင်းစိုက်လိုက်ရပါတော့တယ်။ သမီးက အဲဒီကျောင်းကနေ ဆယ်တန်းအောင်ပြီး အခုဘွဲ့ရတဲ့အထိသာရောက်ရော ကျမမှာ ဒီအဖြစ်အပျက်တွေကို မေ့ကိုမမေ့နိုင်ခဲ့တာပါ။ အဲဒီနောက်ပိုင်း တော်တော်ဆိုးတဲ့ သတင်းတွေကြားရပါတယ်။ ဘယ်ကျောင်းက ဘယ်ဈေး၊ ဘယ်ကျောင်းကဖြင့် ဒီလောက်ဈေးဆိုရတယ် စသဖြင့်ကြားရတာ စိတ်မချမ်းသာစရာပါ။ ဘာတွေဖြစ်ကုန်ပြီလဲ။ ဒီလိုနဲ့ နယ်မြို့လေးတွေအထိ အလှုငွေကိစ္စတွေဟာ အခြေအနေဆိုးလှပါတယ်။ အဲဒါ ဆယ်စုနှစ်တစ်နှစ်ကျော်လောက် ဖြစ်ခဲ့တာပါ။ မိဘတွေ လိမ့်နေအောင်ခံခဲ့ရတာပါ။ ခုတော့ ဒီကိစ္စတွေ ဒီလေလံပွဲတွေ ပပျောက်အောင်လုပ်နေပြီ ဆိုတော့ ကလေးတွေ မိဘတွေအတွက် အားတက်စရာပါပဲ။ ကျောင်းနေဖို့ရာ အခက်အခဲဆိုတာ မရှိသင့်တဲ့အရာပါ။ ကျောင်းနေအရွယ် ကလေးအားလုံးကျောင်းနေနိုင်ရမည်ဆိုတာကိုပဲ အကောင်အထည်ဖော်နိုင်ရင် အခြေခံကျတဲ့ ပြောင်းလဲမှု အစပျိုးလာပြီလို့ ဆိုနိုင်ပါပြီ။ ကျောင်းတွေမှာ လှုချင်သူတွေ လှုနိုင်သူတွေရှိပါတယ်၊ ဒါဟာ မှန်ကန်တဲ့ နည်းလမ်း သူ့စေတနာနဲ့ သူပါ။ အလှုကို ဓါးပြတိုက်နေသလို အလှုခံလို့ မဖြစ်ပါဘူး။


ပြောင်းလဲစရာတွေ
---------------------


အလှုငွေတွေ ကောက်ခံခြင်းမရှိတော့ဘူးဆိုရင် အစိုးရအနေနဲ့ တာဝန်ရှိသူတွေ အနေနဲ့ ပညာရေးဆိုင်ရာဘတ်ဂျက်တွေ တိုးမြှင့်ပေးဖို့ လိုလာမှာကတော့ အသေအချာပါပဲ။ ပညာရေးမှာလဲ ခေတ်စနစ်နဲ့ ကိုက်ညီမှုမရှိတော့တဲ့ အခကြေးငွေတွေ ပြောင်းလဲဖို့တော့လိုနေပါပြီ။ မိဘဆရာအသင်းကြေး (၅)ကျပ်က ခုချိန်ထိ ငါးကျပ်ဆိုရင်တော့ဖြင့် လွဲနေပြန်ပါတယ်။ ဘဝင်မကျစရာပါပဲ။ ခေတ်အခြေအနေအရ ပြောင်းသင့်တာ ပြောင်းရမှာပါ။ တလောဆီက မင်းသမီးတစ်ယောက်က ဂျာနယ်လစ်မိန်းကလေးတစ်ယောက်ကို ပါးရိုက်တဲ့ အမှုမှာ တရာရုံးက ပါးရိုက်တဲ့ မင်းသမီးကို ဒဏ်ငွေ ၁၀၀၀ကျပ်ဆောင်ဖို့ အမိန့်ချလိုက်တာမှာ ဝေဖန်သံတွေ ပွက်ပွက်ညံနေပါတော့တယ်။ အမှန်ကတော့ ခေတ်နဲ့မညီတော့တဲ့ ဥပဒေပြဌာန်းချက်တွေကြောင့်ပါ။ ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေပုဒ်မ ၄၈၈အရ ကလေးစားရိတ်၊မယားစားရိတ်ဆိုရင် ဒီခေတ်ကာလမှာ ရယ်စရာပင်ကောင်းနေပါသေးတယ်။ သားသမီးတစ်ဦးသည် ဖခင်ထံမှ တစ်လငွေ ၁၀၀ကျပ်ထက်မပိုသော စားရိတ်ကို တောင်းဆိုနိုင်သည်။ ဇနီးသည်တစ်ဦးသည် မိမိခင်ပွန်းသည်ထံမှ တစ်လငွေ ၁၀၀ကျပ် ထက်မပိုသော စားရိတ်ကို တောင်းဆိုနိုင်သည်တဲ့ ခေတ်မမီတော့တဲ့ပြဌာန်းချက်တွေပါ။ ပါးတစ်ချက်ရိုက် ၁၀၀၀ကျပ်။ ကလေးတစ်ယောက် ၁၀၀ဆိုရင် ကလေး၁၀ယောက်မှ တစ်ထောင်ကျပ်၊ မယားငါးယောက်ယူထားရင် မယားစားရိတ်ကတစ်ယောက် ၁၀၀နှုန်းဆို ဘာမှပင်မကျပေ။ ပညာရေးမှာလဲ ခေတ်စနစ်နှင့် မကိုက်ညီတဲ့ ပြဋ္ဌာန်းချက်တွေကြောင့် စီမံအုပ်ချုပ်ရသူများ အထူးသဖြင့် ကျောင်းအုပ်ကြီးများမှာလည်းအခက်အခဲတွေ ဖြစ်ကြရပါတယ်။ ဒါ့ကြောင့်
ဟန်ချက်ညီညီပြောင်းလဲရင်း ပညာရေးစနစ်တိုးတက်ကောင်းမွန်ဖို့သာမျှော်လင့်ရပါတယ်။ ပညာရေးနဲ့ပတ်သက်ပြီး ပြောင်းလဲစရာတွေကို  အမှန်တကယ် သိရှိနားလည်ပြီး  လက်တွေ့မှာ သင့်တော်မှန်ကန်စွာ ပြောင်းလဲမှုတွေ လုပ်နိုင်တယ်ဆိုရင်ဖြင့် ပြီးခဲ့တဲ့ ဆယ်စုနှစ်တစ်ခုလုံး ကြုံတွေ့ခဲ့ရတဲ့ ကျောင်းလေလံပွဲတွေကတော့ဖြင့် တဖြည်းဖြည်း ပျောက်ကွယ်သွားမှာကတော့ အသေအချာပါပဲ။

No comments:

Post a Comment