October 14, 2013

ခွေးတရား စီရင်ခန်း

ဒီနေ့မနက်စောစော ဆူဆူညံညံ အသံတွေ နဲ့ နိုးခဲ့ရတယ်။
ဆူညံတာက တစ်ကြိမ်မဟုတ် နှစ်ကြိမ်တောင်။ ဒါပေမယ့် အမှုက တွဲရက်၊ ဖြစ်ချင်တော့ အိမ်ရှေ့တည့်တည့်မှာ။

ပထမ တစ်ကြိမ်က မနက်စောစော ၆နာရီ လောက်မှာ လူတစ်ယောက် အော်သံနဲ့အတူ ခွေးတွေ ကြောက်လန့်တကြား ထွက်ပြေးတဲ့အသံ ရယ် တုတ်တစ်ချောင်းကို မြေကြီးပေါ် ပွတ်တိုက်ဆွဲသွားတဲ့ အသံတွေရယ် ဆူညံနေတာမို့ ဘာဖြစ်တာပါလိမ့် ထကြည့်တော့ အိမ်ရှေ့အိမ်က အမျိုးသားကြီး တစ်ယောက် ဝါးလုံးရှည်ကြီး ကိုင်ပီး ခွေးတွေကို လိုက်ရိုက်တာ တွေ့လိုက်ရပါတယ်။
စိတ်ထဲမှာလည်း ရီချင်သွားတယ်။ အဲဒီ အမျိုးသားကြီးက အသက်(၆၀)ကျော် လောက်ရှိပြီ။ ခွေးကို လူလို တယုတယ မွေးကြတဲ့ ထိုင်းနိုင်ငံမှာ သူက ထူးဆန်းစွာ ခွေးတွေ သူ့အိမ်ရှေ့လာရင် အမြဲတမ်း မောင်းထုတ်တတ်တယ်။ သူက မနက်မိုးလင်းရင် သူ့အိမ်ရှေ့တင်မက ပတ်ဝန်းကျင်က အိမ်ရှေ့တွေပါ တံမျက်စီး လှဲနေကြ။
အဲဒီ ခွေးတွေကလည်း လစ်ရင် လစ်သလို မြေပြောင်ပြောင်မှာ လာပီး ချေးပါကြတယ်။ မနက်မိုးလင်းလို့ အိမ်ရှေ့ထွက်ရင် ခွေးချေးပုံက မပြတ်တမ်း တွေ့နေရာက ဒီရက်ပိုင်းမှာ အဲဒီလူကြီး မောင်းထုတ် နေတဲ့ အတွက် မတွေ့ရတာ ကြာလှပြီလို့ မှတ်မှတ်သားသား ဖြစ်နေမိတုန်း အခုလို ဖြစ်တာပါပဲ။
ခွေးတွေကို လိုက်ရိုက်ပြီးလို့ သိပ်မကြာခင်မှာပဲ ဆူညံဆူညံ အသံတွေ ကြားရလို့ ကြည့်လိုက်တော့ အဲဒီလူကြီးအိမ်နဲ့ မျက်စောင်းထိုး အိမ်က အသက် အစိတ်လောက် ရှိမယ် ထင်တယ်၊ မိန်းကလေး တစ်ယောက်က သူ့ခွေးကို ရိုက်လိုက်လို့ အဖိုးကြီးကို လာရန်တွေ့တယ်။ အဖိုးကြီးကလဲ တစ်ခွန်းမခံ ပြော၊ ကောင်းမလေးကလဲ ပြောနဲ့ တော်တော်နဲ့ မပြီးတဲ့ အပြင် အဖိုးကြီးရဲ့ ဇနီးကပါ ဝင်ပြောတော့ ဆူညံ ပွက်လောကို ရိုက်နေတာပါပဲ။ အဖွားကြီးကတော့ အသံကျယ်ကျယ်နဲ့ ပြောနေပေမယ့် ဒေါသသံ မပါဘူး။ အဖိုးကြီးကတော့ ဒေါသတွေ ပေါက်ကွဲပြီး ကောင်မလေးကိုတောင် ဆွဲရိုက်တော့ မလား မှတ်ရတယ်။
အဲဒီကောင်မလေးက သူ့ခွေးကို ဘယ်လောက်ချစ်လဲ ဆိုရင် ဆိုင်ကယ်မောင်သွားရင် ဆိုင်ကယ်ခြင်းထဲ ထဲ့ခေါ်သွားတတ်တယ်။ သူတင်မဟုတ် ထိုင်းမှာက ခွေးကို ဂရုသိပ်စိုက်တယ်။
ခေါ်တာတောင် ကလေး၊ သားလေး၊ သမီးလေး အဲဒီလို၊
မကြာခဏလဲ တွေ့နေရတယ်။ ထိုင်းတွေက လမ်းဘေးမှာနေတဲ့ ခွေးကိုတောင် သူတို့ ဝယ်စားနေတဲ့ အကင်ဆိုင်က အကင်ကို ဝယ်ပြီး ချကျွေးတာ တင်မက ဆိုင်မှာစားနေရင်း သူကတစ်ခုစား လက်ကလဲ အဲဒီ လမ်းဘေး ခွေးကို တစ်ခု ချကျွေး အဲလို လုပ်တာတွေ တွေ့ရတယ်။
ပိုင်ရှင်က ဂရုတစ်စိုက် မွေးထားတဲ့ ခွေးဆိုရင်တော့ ပြောမနေနဲ့တော့ ခေါင်းစည်းကြိုးတွေ ဖဲပြားတွေနဲ့ ဆိုင်ကယ်ပေါ်မှာ ကားပေါ်မှာ အခန့်သား ၊ မီးပွိုင့်မှာများ တွေ့လို့ လူကို ကြည့်ပုံက မခန့်လိုက်ပုံများ တန်းတူ ကြည့်တာ။ လူက်ု အတူတူ အောက်မေ့ပုံရတယ်။ ချစ်တဲ့ သူတွေကတော့ မဲတူတာလေးတောင် လမ်းဘေးရပ်ပြီး ကလေးလေး လုပ်နေတာဆိုတော့ အဲလိုတွေ့ရင် သူတို့မှာ သဘောတကျပေါ့။
အဲဒီလို အခြေအနေမှာ ဝါးလုံးနဲ့ရိုက်တယ်ဆိုတော့ အသဲတွေ ဆတ်ဆတ်ခါ ပြီး ရန်ဖြစ်ကြပါလေရော။ အသံတွေတိတ်သွားတော့ ဘယ်လို ပြီးသွားတယ် အဆုံးသတ်သွားတယ် မသိလိုက်။
" အေးလေ သူတို့ခွေးတွေကလည်း ချေးပါ သေးပေါက် လုပ်နေတာပဲ "
ရိုက်တဲ့သူကလဲ ဒါပဲ ပြောပီး ရိုက်တာဆိုတော့ ပြီးပြီ ထင်ပါရဲ့ တွေးနေတုန်း ( ၁၀) မိနစ်လောက်ပဲ ကြာတယ်။ ရဲ ရောက်လာပါလေရော။
ဥပဒေအရဆိုရင် တရိစ္ဆာန်ကို ရိုက်လို့ မရဘူး။ ကောင်းမလေးက ရဲကို ခေါ်လိုက်တာပဲ။
စောစောက အဖိုးကြီး အဖွားကြီး လင်မယားနှစ်ယောက်လဲ စောစောကလောက် လေသံ မမာတော့ဘူး။ အဖိုးကြီးဆိုရင် ဘာမှ မပြောသာတော့ဘူး။ ဒါပေမယ့် သူက လမ်းထဲမှာ ရှိတဲ့ ပိုင်ရှင်မဲ့ ခွေးတွေ စည်းမရှိ ကမ်းမရှိ လျှောက်သွားနေတာ၊ အိမ်တွေရှေ့မှာ မစင်စွန့်တာတွေပါ ပြောပြတယ်။ ဆိုလိုတာက ပိုင်ရှင်မဲ့ ခွေးတွေကို ရိုက်တာပေါ့။
ကောင်မလေးက သူ့ခွေးလဲ အရိုက်ခံရ ရန်လဲ အတွေ့ခံရ၊ သူပြောတာလဲ လက်မခံတော့ ရဲကို ပြောခိုင်းပုံရပါတယ်။ ရဲနဲ့ ရှင်းတာပါ။
ကောင်းမလေးက အိမ်ပိုင်နဲ့နေတာမဟုတ်ဘူး။ အိမ်ငှားနေတာ။ သူ့အိမ်က လူကြီးတွေက ဈေးသည်ထင်ပါတယ်။ နေ့လည်ဆို ဘေးတွဲဆိုင်ကယ်ပေါ်မှာ စားစရာ တွေတင်ပြီး ဈေးရောင်းထွက်သွားကြပြီ။ ဘယ်မှာ ရောင်းတာလဲတော့ မသိ။
အဖိုးကြီး အဖွားကြီးတွေက ပိုက်ဆံချမ်းသာတယ်။ သူတို့ နေတဲ့အိမ်တင်မကဘူး အနားမှာတင် အိမ်ပိုင် (၃)လုံးလောက် ရှိတယ်။ တခြားမှာနဲ့ဆို အိမ်(၅)လုံးလောက်ပိုင်တယ်။ အိမ်ငှားစားထာတာ တစ်လတစ်လ ဝင်ငွေတွေလည်း ရှိတယ်။
စကားများကြတော့ နင်တို့က အိမ်ငှားနေပြီး ခွေးတွေ မွေးထားရလားဆိုတာလဲ ပါတယ်။
ရဲက ဒါတွေ မေးလဲမမေးဘူး။ ဘာလုပ်လဲတောင် မမေးဘူး။ သူ့အလုပ်က ခွေးကို ရိုက်လို့ လာရှင်းရတာ။
သူက အဖိုးကြီးကို ပြောလိုက်တယ်။ ခွေးဆိုတာ တရိစ္ဆာန်၊ ဘာမှ အသိဉာဏ်ရှိတာ မဟုတ်ဘူး။
ဟိုဟို ဒီဒီ လျှောက်သွားမှာပဲ။ ဒါသဘာဝပဲ။ တုတ်နဲ့ရိုက်ဖို့ မလုပ်ရဘူး ပြောသွားတယ်။
ပထမ အကြိမ်မို့ ပညာပေးသွားတယ် ထင်ပါရဲ့။
ဒီလိုနဲ့ အသံတွေ တိတ်သွားပြီး။ ရဲလဲပြန်သွားလေရဲ့။
သေချာတာတစ်ခုကတော့ အဖိုးကြီး ခွေးတွေကို ရိုက်လို့ မရတော့ဘူး။
ဒါကတော့ ထိုင်းမှာ ကိုယ့်မျက်စိရှေ့တင် စီရင်သွားတဲ့ ခွေးတရားစီရင်ခန်းလေးပေါ့။

No comments:

Post a Comment