November 12, 2014

ပျိုလေးရဲ့မောင်ထိုင်းယောင်ယောင် (၁) (၂) (၃)

အိမ်ဦးနတ်က ထိုင်းနိုင်ငံ ရောက်နေတာ ( ၆) နှစ်ကျော်လို့ (၇) နှစ်ထဲသာရောက်တာ ထိုင်းစကားကို " ဆဝါဒီခပ်" = မင်္ဂလာပါ ခင်ဗျာ လို့ နှုတ်ဆက်တာနဲ့ " ထောက်လိုင်ခပ် " ဘယ်လောက်လဲ ဆိုတာလောက်ပဲ တတ်တယ်။
ဒါတောင် သူက ထောက်လိုင်ခပ် လို့ ဆိုလိုက်တာနဲ့ ဈေးသည်က ဟာ့စစ်ပ်= ငါးဆယ် ဆိုရင်သိသေးတယ်၊ ကျဲ့စစ်ပ် တို့ ပက်ဒ်စစ်ပ် တို့ဆိုရင် ဘယ်လောက်မှန်း မသိတော့ဘူး၊ အဲဒီအခါ သူက နပ်တယ်၊ တရာတန်ပေးလိုက်တယ် အေးရော၊ ဈေးသည်ဆီက ပြန်အမ်းငွေ ကြည့်ပြီး ဘယ်လောက်ကျသလဲ သိသွားတယ်။
ဒါပေမယ့် သူအပြင်သွားရင် လမ်းမှာ လမ်းမသိတဲ့သူက ထိုင်းထင်ပြီး သူ့ကို နေရာမေးသေးတယ်။ ထိုင်းနဲ့ ဆင်တယ်လို့ အနေကြာတဲ့သူတွေက ပြောကြတယ်။ အလုပ်ထဲကလူတွေက သူ့ကို ရယ်ကာမောကာ မကြာခဏ ပြောလေ့ရှိတယ်။
" ဦးလေးက ထိုင်းလူမျိုးနဲ့တော်တော်တူတယ်၊ အဲဒီတော့ ဦးလေးရယ် မထူးပါဘူး ထိုင်းသူဌေးကြီးတွေ ဝတ်သလို လည်ပင်းမှာ စက်ဘီးချိန်းကြိုးလောက်ရှိတဲ့ ဆွဲကြိုးကြီးဆွဲ၊ ပြီးတော့ ဘုရားပုံ လော့ကက်သီးအကြီးကြီးတွေ အများကြီး ဆွဲတယ်လေ၊ အဲလိုဆွဲ၊ ပြီးရင် လက်မှာ လက်မလောက်ရှိတဲ့ ဟန်းချိန်းကြီး ပတ်လိုက် ၊ဒါဆို ဦးလေးကို ဘယ်သူကမှ မကပ်ရဲတော့ဘူး၊ ဘယ်သူကမှ မစစ်ရဲတော့ဘူး " တဲ့
သူနဲ့ လမ်းလျှောက်သွားရင် လမ်း နေရာ မေးတဲ့ သူတွေ မကြာခဏ ကြုံရတယ်၊ မေးတဲ့သူကလဲ ကိုယ့်ကို မမေးဘူး။ သူ့ဆီ တန်းသွားပြီး မေးတယ်၊ ကြည့်ရတာ ကိုယ့်ကို ထိုင်းအဖိုးကြီးနဲ့ ယူထားတဲ့ ကိုးရီးယားမလေးလား? ဂျပန်မလေးလား ထင်ဟန်တူတယ် ၊ ( ဤကား ကိုယ့်ငါးချဉ်ကိုယ်ချဉ်၊ ကိုယ်ထင်ကုတင် ခြေလေးချောင်းတည်း ) ၊ သူ့ခမျာ ကလေးမလေးတွေ ၊ အမကြီးတွေ၊ လူငယ်လေးတွေက လက်အုပ်ကလေးချီကာ ချီကာ အနားကပ်လာရင် ထိုင်းစကား မတတ်ပါဘူး၊ ဦးလေးက ထိုင်းလူမျိုး မဟုတ်ပါဘူး ဆိုတာတောင် မပြောတတ်တော့ လက်ကလေးတခါခါနဲ့ ရယ်ပြနေရတယ်။
အဲဒီအခါကျ ကိုယ်က အနားကပ်ပြီး တတ်သလောက် မှတ်သလောက် ပြောပြရတယ်၊
စိုင် ဘယ်ဘက် ၊ ခွာ ညာဘက်၊ တရုံးပိုင်း တည့်တည့် ၊ လီယိုစိုင် ဘယ်ကွေ့ အဲလောက်တော့ရတယ်။
သူတို့မေးတဲ့ နေရာမသိရင်တောင် မိုက်လူ လို့တော့ ပြောလိုက်နိုင်တယ်။
မနက်ဖက် ကျုံးဖက်လမ်းလျှောက်တိုင်း အမြဲလိုလို ကြုံတဲ့အခါ ကြာတော့ သူကနပ်လာတယ်။ လမ်းမေးတော့မယ် ဆိုရင် သိသာတယ်၊ ဆိုင်ကယ်နဲ့ဆို အနားကို အသာလေးကပ်ရပ်ပြီး ပြုံးပြတော့တယ်၊
ကားနဲ့ဆိုရင် မှန်တခါးတဖြည်းဖြည်း ချပြီး " ဖိ" လို့ လက်အုပ်အုပ်ချီတယ်၊ သူကတော့ အဲလို ဆိုင်ကယ်ရပ်ပြီး ပြုံးပြတာတို့ ကားကဖြေးဖြေးနဲ့ ဘီးလှိမ့်ရုံမောင်းပြီး မှန်ချလိုက်ပြီဆို အရှေ့ကို ခပ်သုပ်သုပ် လျှောက်တော့တာပဲ။ အဲဒီအခါကျ ကိုယ်နဲ့တိုးတာပေါ့၊ ကိုယ်လဲ မတတ်ပါဘူး။ ဒါပေမယ့် သူ့ထက်နဲနဲ သာတယ်၊ မေးရင် ကိုယ်သိတာဆို ဖြေနိုင်တယ်၊ မသိဘူးလို့ ပြန်ပြောနိုင်တော့ သူ့ဆီ ဦးတည်လာတဲ့သူက ကိုယ့်ဖက် မြှားဦးလှည့် အဲ လက်အုပ်ကလေး လှည့်ချီတာပေါ့။
သူတို့ကလည်း ကိုယ့်ဆီက စကားသံကြားတာနဲ့ ထိုင်းလူမျိုးမဟုတ်မှန်း တန်းသိတာပဲ၊ မေးပြီးရင် အားနာဟန်နဲ့ အိုး... ခွန်ထိုင်း မှတ်လို့ အဲလို ပြောသွားကြတယ်။
ဒီနေ့လဲ ကြုံရတယ်၊ မနက်က သောကြာဈေးမှာ ရှမ်းခေါက်ဆွဲ စားနေတုန်း လူတယောက်က ဆိုင်ထဲမှာ ဒီလောက် လူတွေအများကြီးထဲကမှ သူ့ဆီကို တန်းတန်းမတ်မတ် လမ်းမေးတယ်၊ ကိုယ်က ရုတ်တရက် ရှမ်းဆိုင်ဆိုတော့ မြန်မာပြည်က လူတွေ လာစားတတ်တာမို့ မြန်မာတယောက်က မြန်မာလိုပဲ လာပြောတာထင်လို့ ကြည့်နေလိုက်တယ်။
သူက ဘာစိတ်ကူးပေါက်တယ်မသိ ငါစကားနားမလည်ဘူးလို့ ဘိုလို မှုတ်လိုက်တယ်၊ ဟိုလူလဲ နှဖူးကို လက်နဲ့ရိုက်လို့ ရယ်ပြပြီး ထွက်သွားတယ်။ အဲဒီလူကြည့်ရတာ ကျန်းမာရေး ကောင်းပုံမရဘူး၊ ဟိုကြည့်ဒီကြည့် လှုပ်တုတ်လှုပ်တုတ် ထော့နဲ့ထော့နဲ့ နဲ့ ထွက်သွားပါလေရော။ ကိုယ်တွေလဲ သူ့ကြည့်ပြီး ကံမကောင်းတဲ့သူများ လမ်းမမှတ်မိလို့ ဘယ်လို သွားရမှန်းမသိလို့ မေးပါတယ်ဆိုမှ မသိတဲ့သူ မတတ်တဲ့ လူနဲ့ လာတွေ့ရတယ်လို့ ပြောမိကြတယ်။
ကဲ ဒီတော့ မထူးပါဘူး ၊ ရုံးကလူတွေ ပြောသလို သူ့ကို ဆွဲကြိုးကြီးနဲ့ ဟန်းချိန်းလက်မလောက် ဝယ်ပြီး ဆွဲပေးလိုက်ရင်ကောင်းမယ်၊ ဒါမှ ထိုင်း ဟိုက်ဘော့စ်ဆိုပြီး တယောက်မှ အနားမလာတော့မှာ၊ မေးချင်ရင်တောင် သူ့ဘေးက စက္ကထရီမလေးပဲ မေးတော့မယ်ဆိုပြီး ကိုယ့်ဆီရောက်လာရင်" မိုက်လူ" လို့ ပြောလိုက်မယ် အေးရော၊


ပျိုလေးရဲ့မောင် ထိုင်းယောင်ယောင် (၂)
တကယ်တန်းက အပိုင်း(၂)ဆိုပြီး ဆက်ရေးဖို့ အစီအစဉ်မရှိပါဘူး၊ ဒါပေမယ့် မိတ်ဆွေ သူငယ်ချင်းတွေက မြှောက်ပေး အဲ အားပေးကြတော့ ကိုယ်လည်း ပြောစရာ အကြောင်းလေးတွေ မကုန်သေးတဲ့အခါ ဗဟုသုတအလို့ငှာ ရယ်မောပျော်စရာ အဖြစ် ဆက်ပြီး ရေးလိုက်ပါအုန်းမယ်။
ပြောရရင် ကိုယ်က ထိုင်းစာကို ဖတ်တတ်တယ်၊ အဓိပါယ်တော့ အကုန်မသိဘူး၊ ဖတ်ပြဆိုရင် တလက်မလောက် အထူရှိတဲ့ ဖတ်စာအုပ်က အသာလေးပဲ၊ အဲ အဓိပါယ်မသိဘူး၊ သေသေချာချာ ဆက်ပြီး မသင်ဖြစ်တာရယ် ထိုင်းဘာသာနဲ့ ရေးထားတဲ့စာတွေ ဖတ်လေ့မရှိတာရယ်၊ ထိုင်းလူမျိုးတွေနဲ့ ပြောဆို ဆက်ဆံတာ မရှိတဲ့ အတွက် ဖြစ်မယ်ထင်တာပဲ၊ အမှန်ကတော့ ကိုယ့်အားနည်းချက်ပါ၊ အားမစိုက်တာ၊
အိမ်ဦးနတ်က တို့တအိမ်လုံးမှာ တယောက်လောက် တတ်ထားရင် ကောင်းမယ်လို့ ပြောတတ်ပေမယ့် ကိုယ်တတ်ထားသလောက်နဲ့ပဲ ကျေနပ်နေရတယ်။ ကိုယ်က မလွယ်ဘူးချည်း ညည်းပြနေတာ၊ မလွယ်တဲ့ အကြောင်း ပြောရရင် ဘာသာစကား သုတေသန စာတမ်းဖြစ်သွားမှာမို့ ခဏအသာထားပြီး ပျိုလေးမောင် အကြောင်းဆက်ပါအုန်းမယ်။ မိသားစု သူ့ဆီ ပြောင်းမလာခင်မှာ ထိုင်းစကား မတတ်ပဲ နေလို့ ဖြစ်ပါ့မလားဆိုတာကို သူက လက်ညှိုးတချောင်းထိုးပြတတ်ရင် ရတယ်တဲ့၊ ကိုယ်လိုချင်တာ လက်ညှိုးထိုးလိုက် ကျသလောက်ပိုက်ဆံ ပေးလိုက်ရုံပဲ၊ ထိုင်းတွေက သူများပိုက်ဆံ ပိုမယူဘူးတဲ့၊ ဆဲဗင်းအလင်းဗင်းတို့ တက်စကိုလိုတပ်စ် တို့မှာ ဝယ်ရင် ဈေးရေးထားတာ ကောက်ယူရုံပဲလို့ ပြောတာပေါ့၊ တကယ်လည်းပဲ ကိုယ်အလည်အပတ် ရောက်တဲ့အချိန်မှာ ဈေးထဲက ဟင်းသီးဟင်းရွက်သည်တွေမှာ ဈေးကပ်ထားတာ လက်ညှိုးလေးထိုးပြရင် အိတ်ထဲ ကောက်ထဲ့ပေးလိုက်တာပဲ၊ ကျသလောက်ပိုက်ဆံ တန်းပေးတော့ ဟုတ်သားပေါ့၊
သူက ဆက်ပြောသေးတာ ထိုင်းတွေက လူကြီးသူမဆို သိပ်ရိုသေတာ၊ ဘာမှမပူနဲ့၊ အေးဆေးပဲတဲ့။
သူနဲ့ ရုံးကမိတ်ဆွေတို့ မော်တော်ဆိုင်ကယ်စီးသွားရင် ကြုံရတာပြောပြတယ်။ ယာဉ်ထိန်းရဲတွေက ချက်ပွိုင့်မှာ ဆိုင်ကယ်တွေ တစီးပီးတစီး တားစစ်တော့ သူစီးလာတဲ့ ဆိုင်ကယ်ကိုလဲ တားတယ်၊ အနားရောက်တော့ ဆိုင်ကယ်ဦးထုပ် လေကာကို လှပ်လိုက်တယ်ဆို လူမြင်ပြီး လူကြီးတွေပဲဆိုကာ" မိုက်ပလိုင်ခပ်" ဘာမှမဖြစ်ဘူး၊ ကိစ္စမရှိဘူးလို့ အဓိပါယ်ရမယ်ထင်တယ်၊ အဲလိုပြောပြီး ခါးလေးညွတ်လို့ လက်အုပ်လေးချီကာ မစစ်တော့ပဲ သွားခိုင်းသတဲ့၊ သူ့မိတ်ဆွေကလည်း ပြောသတဲ့ သူတို့က လူငယ်တွေကို အဓိကထားစစ်တာ၊ လိုင်စင်မရှိပဲ မောင်းတာရယ် နောက်တခုက မူးယစ်ဆေးပေါ့ဗျာ ဒါတွေ အဓိကထားစစ်တာ၊ လူကြီးတွေဆိုတော့ အားနာတယ် ထင်တယ်တဲ့၊ ပြီးတော့ဗျာ ခင်ဗျားတို့ကျတော်တို့က ထိုင်းပုံစံပေါက်တယ်တဲ့ဗျ အဲလို ပြောတယ်တဲ့၊
အမယ်သူက သူ့မျက်နှာကို သူယုံကြည်မှု ရှိတယ်၊ သူ့ကို ထိုင်းဦးလေးကြီးလို့ ထင်ကြတယ်ဆိုပြီး၊
တခါသား ကိုယ်တွေက ကားအနောက်ခန်းမှာ၊ သူက အရှေ့ကထိုင်လို့၊ မောင်းတဲ့သူက ကိုမင်းသိုက်ပေါ့၊ ညဖက် တနေရာကပြန်အလာ ချက်ပွိုင့် ရောက်ကာနီးမှာ ခါးပါးပတ်ဗျလို့ ပြောတော့ သူက ပတ်တော့ ပတ်လိုက်ပါတယ်၊ ပြီးတော့ ဟေ့လူ လုပ်မနေနဲ့ မှန်ချပြီး ကျုပ်မျက်နှာပြလိုက်တဲ့
ကိုမင်းသိုက်ပြန်ပြောပြတာ ၊ ဟုတ်တယ်အမတဲ့၊ သူတို့နှစ်ယောက် အဲလို တခါ ညဖက်ကြီး ပြန်ကြတာ စစ်တာအကြီးအကျယ်ပဲ၊ အဲဒီမှာ ကားကိုလဲတားရော မှန်လေးချပေးလိုက်တာ လူကြီးတွေဆိုပီး " မိုက်ပလိုင်ခပ်" ဆိုကာ သွားတော့ သွားတော့ လွှတ်လိုက်သတဲ့။
သူက အဲလို မကြာခဏ ပြောရင်ကိုယ်က ထိုင်းအဖိုးကြီးဆိုပြီး မစစ်တာ၊ စကားပြောကြည့်မှ သိမယ်၊ သူတို့သာ တခုခုမေးရင် ဘယ်လို ပြောမလဲဆိုတော့ ပြုံးနေတယ်။ သူကိုယ်တိုင် ဆိုင်ကယ်နဲ့အလုပ်သွားတဲ့အခါ ကိုယ်က စိတ်ပူပြီး ရဲနဲ့တွေ့ရင် နပ်ခေါင်လို့ ပြောလိုက်၊ သူတို့က " နပ်ခေါင်" ဆိုရင် သတင်းထောက်ဆိုတော့ " ပိုင်" ပဲ ဂိုး ၊ သွားပေါ့၊ အဲဒီ စာလုံးလေးကိုတောင် သွားကာနီးကျ ဘာ ဘာခေါင် ဘာနတ်နဲ့ မေးနေလို့ ကဲ ကဲ ထားလိုက်တော့၊ မေးရင် ထုံးစံအတိုင်း လက်ကလေးခါပြီး ပြုံးပြုံးလေးသာ နေလိုက်တော့လို့ ပြောရတော့တယ်။ သူ့မှာ လူအထောက်အထားရှိတယ်၊ ဆိုင်ကယ်ကလည်း လိုင်စင်ရှိတယ်၊ အမောင်းလိုင်စင်က မလုပ်ထားတော့ မရှိ၊ အဲဒီတော့ ရှိတာသာ ထုတ်ပြလိုက် လိုင်စစ်မရှိရင် ဘောင်ချာ ပေးလိမ့်မယ်၊ ဒဏ်ဆောင်လိုက် ပြီးတာပဲလို့ စိတ်လျှော့ထားလိုက်တယ်။ သူကတော့ သူရုပ်ကို သူယုံကြည်စွာနဲ့ ခရီးဆက်နေတာ ဟုတ်နေတာပဲ၊
ပြောရရင် ကိုယ်ထိုင်းစာ နဲနဲ လူရိုသေ ရှင်ရိုသေ ရေးတတ် ဖတ်တတ်တာ သူ့ကျေးဇူးမကင်းဘူး ပြောရမယ်။ သူက ဘယ်လိုမှ မတတ်တော့ ကိုယ့်ဘာသာပဲ သင်ရင်ကောင်းမလား စဉ်းစားနေတုန်း ကြုံရတာ ပြောပြပါအုန်းမယ်။
မိသားစုက သူနဲ့အတူ တစုတစည်းထဲ လိုက်နေကာစ၊ တရက်မှာ ကိုယ်က အစာအိမ်နဲနဲ နာချင်နေတယ်၊ ဒါနဲ့ ညနေဖက်ကို ဆန်ပြုတ် သောက်မယ်ဆိုပြီး ဆန်ပြုတ်ဆိုင်သွားကြတယ်၊ မသွားခင်မှာ အတူနေတဲ့ ကိုမင်းသိုက်တို့ လင်မယားကို ဆန်ပြုတ်ကို ဘယ်လို ခေါ်သလဲ မေးမလို့ စောင့်နေကြတာ၊ သူတို့လင်မယား အပြင်သွားတာ တော်တော် မှောင်တဲ့ အထိ ရောက်မလာတော့ မစောင့်နိုင်တာရော၊ သူကလဲ ဆိုင်ကိုသူရောက်ဖူးတယ် ဆိုတာနဲ့ ကိုယ့်ဘာသာပဲ သွားလိုက်ကြတယ်။
သူက ဘာမှပြောစရာမလိုဘူး၊ လက်ညှိုးထိုးပြလိုက်ယုံပဲ၊ အိုးတွေက ဆိုင်ရှေ့မှာ ခင်းထားတာလို့ ပြောတယ်။
ကိုမင်းသိုက်က သတ်သတ်လွတ်သမား၊ ညနေဆို နေ့တိုင်းလိုလို အဲဒီဆိုင်က ဆန်ပြုတ်နဲ့ ပဲသွေး စားတယ်၊ ဆန်ပြုတ်က တကဲ့ကို ဆန်ပြုတ်အစစ်၊ ဆားတောင်မပါဘူး၊ ဟင်းတွေနဲ့ တွဲရောင်းတာ၊ ထိုင်းဟင်းပေါ့၊ ဆီမပါတဲ့ ထိုင်းစတိုင်ပဲငံပြာရည်လို ညိုညိုအရည်နဲ့ ပြုတ်ထားတာတွေနဲ့ ဝက်အူမကြီးတို့၊ အခေါက်ကင်တို့၊ ဝက်သားကင်သုပ်တို့နဲ့ တွဲစားရတာ၊ ကိုယ်က တခါမှ ဆိုင်ကို မရောက်ဖူးသေးဘူး၊ ကိုမင်းသိုက်က ဖောက်သယ်ဖြစ်ပြီး သူ့ထုံးစံအတိုင်း နာမည်တောင် ပေးပြီးသွားဘီ။
" မျက်နှာပုပ်မကြီးဆိုင်" တဲ့
ကိုယ်တွေက လူတယောက်ရဲ့ ရုပ်ရည်ကို အဲလို နှိမ့်ချပြီး ခေါ်တာမကြိုက်လို့ ပြောတော့ ဟာ အမ မမြင်ဘူးသေးလို့ မြင်ရင် ကျတော်ပြောတာ မမှားဘူးဆိုတာသိမယ်တဲ့၊ သူက စိတ်ပုပ်တာမဟုတ်ဘူးဗျ၊ ၊ သူ့ပုံစံကလည်း စူပုပ်နေတာမဟုတ်ဘူး၊ အပေါက်လဲမဆိုးဘူး၊ ဒါပေမယ့် မျက်နှာက အရယ်အပြုံးမရှိဘူး၊
အဲဒီဆိုင်ကို သူသွားဝယ်ကာနီးတခါ ပြန်လာတဲ့တခါ အသွားအပြန် မျက်နှာပုပ်မကြီးနဲ့တွေ့ရအုန်းမယ်၊ စခန်းသွားရအုန်းမယ် ပြောပြီးသွား၊ ပြန်လာရင်လဲ မျက်နှာပုပ်မကြီးကလေ ဆိုပြီး သူစိတ်တိုင်းမကျတာက အမြဲ၊ ဒါပေမယ့် နေ့စဉ်လိုလို သွားသွားဝယ်စားတာပါပဲ။
ဒါနဲ့ ဆန်ပြုတ်ဆိုင် ချီတက်သွားရော ဆိုပါတော့၊ ဟိုရောက်တော့ အိုးတွေ တခုချင်းလိုက်ကြည့်တာ ဆန်ပြုတ်အိုး မတွေ့ဘူး၊ ဆိုင်ရှင်က ဘာယူမလဲ မေးတယ်ထင်ပါ့၊ ကိုယ်ကလဲ တလုံးမှ မထွက်တတ်တော့ ခေါင်းကုပ်ရင်း ဆိုင်ထဲမှာများ ရွှေ့ထားသလား ဆိုပြီး ခြေဖျားထောက်ပြီး ကဲကြည့်တာပေါ့၊ သူလဲ ယောင်ပြီး လိုက်ကြည့်သေးတယ်၊ ပြီးမှ စိတ်မရှည်သလိုနဲ့ တခြားလူတွေကို လှည့်ပြီး ရောင်းတယ်။ သူ့ဘေးက အကူရောင်းတဲ့ အမျိုးသမီးကို တတောင်နဲ့တွက်ပြီး ကိုယ့်ဆီမေးဖို့ လွှတ်တယ်၊ ဆိုင်အကူ အမျိုးသမီး အနားမရောက်ခင် အိမ်ဦးနတ်ကို အားကိုးတကြီး လှည့်ကြည့်တော့ သူက ဆိုင်ထဲကို လိုက်မှ မဝင်လာပဲ၊ ဆိုင်အရှေ့ ပလက်ဖောင်းမှာ လမ်းဘက်ကို မျက်နှာလှည့်ပြီး ကားတွေ ဆိုင်ကယ်တွေ သွားတာငေးနေလေရဲ့၊
ကိုယ်ထွက်လာတာတွေ့တော့ မရဘူးလားတဲ့၊ အိုးမတွေ့ဘူးဆိုတော့ အာ ဘာလို့မတွေ့ရမှာလဲ၊ လာ လာ ဆိုပြီး ဆိုင်ထဲကို အရှေ့ကနေ ဦးအောင်ဝင်သွားတယ်၊ ဟိုလဲ ရောက်ရော ကိုယ့်လိုပဲ ဟိုကြည့်ဒီကြည့် လုပ်ရော၊ ပါးစပ်ကလည်း ပြောသေးတယ်၊ ခါတိုင်း ဒီမှာပဲ ဟင်းအိုးတွေနဲ့ အတူထားတာပဲတဲ့ မလျှော့ဘူး၊ ဆိုင်ရှင်က သူ့ဆိုင်ကအိုးတွေကို မျက်လုံးပေါက်မတတ် လာကြည့်နေတဲ့ ကိုယ်တို့နှစ်ယောက်ကို ဇဝေဇဝဝါနဲ့ကြည်ပြီး ဘာမှမပြောတော့ပဲ သူ့အလုပ်သူလုပ်နေတယ်၊ အဲဒီတော့မှ ဒီအမျိုးသမီးမျက်နှာ စိတ်တိုတာမတွေ့ရ၊ အပြောင်းအလဲ မရှိဆိုတာ တွေ့ရမှ ကိုမင်းသိုက်ပြောတာသတိရတယ်။ သူ့မျက်နှာက အော်ရီဂျင်နယ်ပဲ၊
ကဲကဲ ကိုမင်းသိုက်ကို ဖုန်းဆက်ပြီး မေးဆိုတော့၊ ကိုမင်းသိုက်ဖုန်းနံပါတ်က ကိုယ့်ဆီမှာ မရှိဘူး၊ ကိုမင်းသိုက်ကတော် တပ်ချုပ်ကြီးရဲ့ဖုန်းနံပါတ်ပဲ ရှိတယ်၊ အဲဒါပဲ လှမ်းဆက်လိုက်တော့ မကိုင်ဘူး၊ လမ်းပေါ်မှာ ဖြစ်နေပုံရတယ်၊ ဒါနဲ့ ပြန်မယ်ပေါ့၊ ဆိုင်ရှေ့လဲ ရောက်ရဲ့သားနဲ့ ဆန်ပြုတ်ကလေးတောင် အဖြစ်ရှိအောင် မဝယ်တတ်တဲ့ သူ့ကိုရော ကိုယ့်ကိုယ်ရော အင်မတန် စိတ်ပျက်မိတယ်၊ သူက အကြံရဘီတဲ့၊ ဆိုင်ထဲမှာ စားနေတဲ့သူတွေဆီက ပန်းကန်ကို လက်ညှိုးထိုးပြလိုက်မယ်တဲ့၊ တော်ပါပြီ စားနေတဲ့သူက ဘာမှန်းညာမှန်းမသိမှ ရှုပ်ကုန်မယ် စကားလဲပေါက်အောင် ပြန်ရှင်းပြနိုင်မှာ မဟုတ်ပဲဆိုပြီး၊ ဒါနဲ့ လှည့်ပြန်ကြမယ် အလုပ်မှာ ကိုယ်က တွေးတယ်၊ ထမင်းကို ထိုင်းလို " ခေါက်" လို့ခေါ်တယ်၊ ဟင်းချိုလို ခေါက်ဆွဲပြုတ်လို သောက်စရာ ဟင်းကို" တုံ့ "ဆိုတာ ထဲ့ပြောကြတယ်၊ ဥပမာ တုံ့ယမ်း ချဉ်စပ် ဟင်းရည်မျိုး၊ ဒါဆိုရင် ထမင်းပြုတ်ဆိုတော့ တုံ့ခေါက် ဒါမှမဟုတ် ခေါက်တုံ့ လို့ ပြောကြည့်မယ်ဆိုတော့ စမ်းကြည့်တာပေါ့ ဆိုပြီး ဆိုင်ထဲ ပြန်ဝင်တာပေါ့၊ ဒါဟာ နောက်ဆုံးကြိုးစားခြင်းပေါ့၊
ကိုယ်တွေ ဆိုင်ထဲ ပြန်အဝင် လာပြန်ဘီဆိုတဲ့ အကြည့်နဲ့ ဆိုင်ရှင်က တချက်လှမ်းကြည့်တယ်၊ သူကိုယ်တိုင်မလာဘူး၊ ဆိုင်အကူကို လွှတ်လိုက်ပြန်တယ်၊ ဒါနဲ့ ကိုယ်က တုံ့ခေါက် လို့ ပြောပြီး အကူအမျိုးသမီးရဲ့ မျက်နှာကို အကဲခတ်တယ်၊ သူက မျက်မှောင်ကျူံ့တယ်၊ ဒါနဲ့ ချက်ခြင်းပဲ" ခေါက်တုံ့" လို့ ပြောင်းပြောလိုက်တော့ ဩ........ ဆိုပြီး ခေါင်းငြိမ့်တယ်၊ တိုက်ဆိုင်ပုံများ အဲဒီတော့မှ အလုပ်သမားကောင်လေးက ဆိုင်အတွင်း အနောက်ဖက်မှာ ထားတဲ့ ဆန်ပြုတ်အိုးကြီးကို မလာတာ တပြိုင်တည်းလိုလို တွေ့ရပါလေရော၊ အဲဒီတော့မှ ကိုယ်တို့ နှစ်ယောက် တပြိုင်ထဲလိုလို ထအော်ပြီး လက်ညှိုးထိုးတာ ဆိုင်ထဲမှာ စားနေတဲ့လူတွေတောင် ခေါင်းထောင်ကြည့်တယ်။ ဝမ်းသာလိုက်တာမှ ကမ္ဘာဦးလူတွေမီးကို စတွေ့တာ ဒီလိုမျိုး ခံစားချက်ပဲ ဖြစ်မယ်လို့ တွေးမိတယ်၊ စိတ်ထဲမှာ ကျေနပ်နေတယ်၊ ကိုယ်တွေးတဲ့ စာလုံးကလဲ မှန်၊ ဆန်ပြုတ်ကိုလဲ တွေ့ရှိဆိုတော့ စိတ်ထဲ ကျေနပ်သွားတယ်၊ ပဲသွေးဟင်းကို လက်ညှိုးထိုးပြီးမှာတယ်၊ ပြီးတော့ " စိုင်ထူ" လို့ ပြောလိုက်တယ်၊ " စိုင်" ဆိုတာ ထဲ့တာ၊ " ထူ" ကအိတ်၊ အိတ်နဲ့ထဲ့မယ်ပေါ့၊ စိုင်ထူ ကတော့ ရောက်ကတည်းက ပြောတတ်တယ်၊
လမ်းရောက်တော့ ကိုမင်းသိုက်ရဲ့ တပ်ချုပ်ကြီးက ဖုန်းပြန်ဆက်တယ်၊ အမဘာဖြစ်လို့လဲပေါ့၊ ဘာမှမဖြစ်ဘူး၊ ဆန်ပြုတ်ကို ထိုင်းလို ဘယ်လိုခေါ်သလဲ မေးမလို့ ဆိုတော့ စကားမဆုံးခင်ပဲ အမ ကျမလဲမသိဘူး။ နေအုန်း ကိုမင်းသိုက်ကို မေးလိုက်အုန်းမယ်ဆိုပြီး ပြောတော့ နေနေ အခု ရဘီလို့ ကမန်းကတန်းပြောရတယ်။ အိမ်လဲ ရောက်ရော တပ်ချုပ်ကြီးက ရင်ဖွင့်တယ်၊ သူဒါ့ကြောင့် ထိုင်းမှာမနေချင်တာတဲ့၊
ကိုယ်ကတော့ ကလေးတွေ ကျောင်းတက်နေပြိဆိုတော့ အင်း ထိုင်းစာတော့ တတ်အောင်သင်မှဆိုပြီး သင်ဖို့ ကြိုးစားရတော့တာ။ ကလေးတွေက ထိုင်းကျောင်းတက်တာ မဟုတ်တော့ ထိုင်းလို မသင်ရတော့ သူတို့လည်း အားကိုးဖို့မမြင်၊ ကိုယ့်ကိုယ်သာ အားကိုးရာဆိုပြီး မာန်တင်းရတော့တယ်။
ထိုင်းစကား သင်မှ ဖြစ်မှာလို့ ကိုယ့်မြန်မာအသိုင်းအဝိုင်းကြား ညည်းမိရင် သူတို့က မလွယ်ဘူးချည်းပြောတယ်၊ ထိုင်းစကားက ရှုပ်တယ်၊ စကားလုံတလုံးကိုပဲ အသံအနေအထား အမျိုးမျိုးပြောင်းပြီးပြောရတာ၊ အသံထွက်ပြောင်းတာနဲ့ အဓိပါယ်ကွာတယ် အဲလိုပြောတဲ့သူကတမျိုး၊ ငယ်ရွယ်တဲ့ ကလေးမလေးတွေကတောင် သမီးတို့တောင် တက်ဖူးတယ် ကော ကိုင်၊ ခေါ ခိုင် ကနေ မတက်ဘူးတဲ့ ၊ အိမ်ဦးနတ်ကိုတော့ သူ့ရုံးက မိတ်ဆွေတွေနဲ့ လူငယ်လေးတွေက ပြောတယ်၊ ဦးလေး ထိုင်းစကားတတ်ချင်ရင် အလွယ်ဆုံးနည်းက ထိုင်းမလေးတယောက်နဲ့ ဂဲလ်ဖရန့် ဖြစ်ရင်ရပြိတဲ့၊ ဒါနဲ့ ဦးလေး အသက်ကြီးပါပြီကွယ်လို့ ကိုယ်က ပြောရတယ်၊ အမယ် ဦးလေးကလည်း သူသင်လိုက်ရမလား ကိုယ့်ကို ချိန်းခြောက်သေးတယ်၊ ဒါနဲ့ ကိုယ်တွေရောဆိုတော့ အမတို့က ထိုင်းစကားတတ်ချင်ရင် ထိုင်းလူမျိုးဆိုင်ရှင်ဆီမှာ အရောင်းစာရေး သွားလုပ်၊ ဒါမှမဟုတ် အလုပ်သမား လုပ်လေ မြန်မြန်တတ်တယ်၊ ရေမကူးတတ်တဲ့သူ ရေထဲကို တွန်းချလိုက်သလိုပေါ့တဲ့၊
ကံကောင်းချင်တော့ ရွှေ့ပြောင်းမြန်မာကျောင်းတကျောင်းဖြစ်တဲ့ BEAM ကျောင်းမှာ ထိုင်းစာ အခမဲ့ သင်တန်းလည်း ဖွင့်ရော ပထမဦးဆုံး အသုတ်ကတည်းက ပြေးတက်လိုက်တာပေါ့၊ ကံကောင်းလို့ ရေထဲတွန်းချခံရမယ့်ကိန်းက လွတ်သွားတယ် ၊ သတိရတာရှိရင် ဆက်ရေးအုန်းမယ်


ပျိုလေးရဲ့မောင် ထိုင်းယောင်ယောင်- (၃)

တကယ်ဆိုရင် အခုဆက်ရေးမှာက ဒီခေါင်းစဉ်နဲ့ မဆိုင်တော့ဘူး၊ ဒါပေမယ့် ဒီခေါင်းစဉ်က မြစ်ဖျားခံလာတာဆိုတော့ လုံးလုံးကြီး မဆိုင်တာမဟုတ်ပြန်ဘူး၊ ဒါနဲ့ပဲ ဒီခေါင်းစဉ်အောက်မှာ ဆက်ရေးဖို့ ဆုံးဖြတ်လိုက်တယ်၊ အသက်ကြီးလာတဲ့အခါ စကားစ ရရင် တော်တော်နဲ့ အဆုံးမသတ်ပဲ ပေါက်ပေါက်ဖောက်သလိုပေါ့၊ လူငယ်စကားနဲ့ပြောရရင် ပေရှည်တာပေါ့လေ၊
ကိုယ်ထိုင်းစာ အရေးအဖတ် သွားတက်တဲ့ BEAM Education Foundation ဆိုတာ အရှည်က Bridging Education Access to Migrants မြန်မာလိုဆိုရင်ဖြင့် ရွှေ့ပြောင်းအလုပ်သမားများအတွက် ပညာရေးပေါင်းကူးအစီအစဉ် လို့ ခေါ်တယ်၊ အိမ်နဲ့က မနီးမဝေးပေမယ့် လိုင်းကား စီးသွားရတယ်၊ မြန်မာပြည်မှာဆိုရင် ပုစွန်တောင် ရေကျော်ကနေ ယုဇနပလာဇာကို သွားရသလောက်ရှိမယ်။
သင်တန်းစမတက်ခင်ကတည်းက ကိုယ့်လောက် အသက်ကြီးတဲ့သူ ရှိမှာမဟုတ်ဘူးလို့ တွက်ဆထားတဲ့အတိုင်း ကျောင်းရောက်တော့ လာတက်တဲ့ ကလေးတွေက အငယ်ဆုံး (၁၆)နှစ်နဲ့ အကြီးဆုံး (ကိုယ်မပါ) အသက်အစိတ်ဝန်းကျင် အရွယ်တွေ၊ ဆရာမတောင် အသက်( ၂၇) နှစ်လားရှိတယ်၊ နောက်ပြီး တိုင်းရင်းသားတွေ များတယ်၊ နယ်စပ်ကနေ အကြောင်းအမျိုးမျိုးနဲ့ ရောက်လာကြပြီး အလုပ်လုပ်နေတဲ့ အလုပ်သမားတွေချည်းပဲ။ ဈေးရောင်းအကူ၊ စားပွဲထိုး၊ သန့်ရှင်းရေး၊ အိမ်ဖော်၊ ကားဝပ်ရှော့ အလုပ်သမား၊ စသဖြင့် အောက်ခြေအလုပ်သမားတွေ ဖြစ်ကြတယ်၊ သူတို့က အများအားဖြင့် ထိုင်းစကားတတ်ကြတယ်။ စာမတတ်တဲ့ အတွက် အလုပ်ထဲမှာ မျက်နှာငယ်ရတယ်ဆိုပြီး အခုလို ကျောင်းဖွင့်တယ်ကြားလို့ လာတက်ကြတာ၊ စကားအပြင် စာပါတတ်ထားရင် ဆိုင်ရှင်က ပိုပြီး သဘောကျတယ်လို့ စားသောက်ဆိုင်က စားပွဲထိုးကောင်လေးက ပြောပြတယ်။ သင်တန်းကြေးက အခမဲ့ဆိုတော့ တက်နိုင်ကြတယ်၊ ဒါပေမယ့် အလုပ်တဖက်နဲ့မို့ တချို့ဆိုပါက နေ့စဉ် လာမတက်နိုင်ကြဘူး၊ ရှမ်းတိုင်းရင်းသားတွေကတော့ ဟန်ကျတယ်၊ ထိုင်းဘာသာစကားက ရှမ်းစကားနဲ့ ခပ်ဆင်ဆင်ပဲ၊ အနီးစပ်ဆုံး ဥပမာပေးရရင် ရခိုင်စကားလိုပေါ့ မြန်မာတွေ နားလည်တယ်၊ သိပ်ကွဲတဲ့ စကားလုံးမှသာ မသိတော့တာ။ ကြုံတုန်းပြောရရင် လာအိုကလည်း ထိုင်းနဲ့စကားအတူတူပဲ၊ လာအိုမှာ ထိုင်းဘတ်ငွေ သုံးလို့ရတယ်၊ တလောက ရွှေ့ပြောင်းအလုပ်သမားတွေအတွက် ထိုင်းအစိုးရက ဆက်သွယ်စုံစမ်း မေးမြန်းနိုင်တဲ့ ကောစင်တာတွေ ဖွင့်ပေးတာမှာ မြန်မာ၊ ကမ္ဘောဒီးယား လူမျိုးတွေအတွက် သက်ဆိုင်ရာ ဘာသာနဲ့ ပြောနိုင်တဲ့သူတွေ ထားပေးထားပြီး လာအို အလုပ်သမားတွေ အတွက် ထားမပေးဘူး၊ ဘာသာစကား အတူတူပဲမို့လို့ ဆိုတယ်။
ကျောင်းဆိုတာ ကိုယ်နဲ့ ကင်းကွာနေတာ ကြာပြီ။ အခုနေပြန်တွက်ကြည့်တာ နှစ်အစိတ်ရှိပြီ။ အဲဒီတော့ စိုးရိမ်တာက သင်တန်းတက်တဲ့အထဲ ကိုယ်က ဘိတ်ချေး ဖြစ်ကျန်ခဲ့မှာ မလိုက်နိုင်မှာ အဲဒါကို အတော်စိုးရိမ်မိတယ်၊ ဒါပေမယ့် တကယ်တန်းကျ ကလေးတွေက အလုပ်တဖက်နဲ့မို့ သင်တန်းမှာသင်တာပဲ မှတ်ပီး အိမ်ရောက် ပစ်ချ အလုပ်ပြေးဆိုတော့ သူတို့က မနည်းလိုက်ရတယ်၊ ကိုယ်ကတော့ အိမ်ရောက်ရင် ခနနား စားစရာရှိတာစားပြီး တနေ့လုံး စာပြန်ကြည့်၊ ကကြီး ခခွေး ရေးကျင့်သလို လက်ရေးလှစာအုပ် ဝယ်ပြီး ရေးကျင့်ဆိုတော့ အသက်ကြီးပေမယ့် သူတို့ထက် သာလာတယ်၊ ဒါက ကိုယ့်ဘာသာ ပြောတာမဟုတ်ဘူး၊ ဆရာမက ပြောတာ၊ တော်ကြာ ကြွားတယ်ထင်မဆိုးလို့
ဆရာမက "အခါ" လူမျိုး၊ ထိုင်း-အခါ တဲ့၊ မြန်မာအလုပ်သမားတွေနဲ့ ဆက်ဆံ ပြောဆိုရင်းက မြန်မာအလုပ်သမားတွေဆီကနေ မြန်မာစကားတတ်လာတယ်လို့ ဆရာမကပြောပြတယ်၊ နဲနဲပဲ တတ်တာလို့ပြောပေမယ့် တကယ်များတတ်ရင် မလွယ်ဘူး၊ ဆရာမက မြန်မာဘုရင်တွေအကြောင်း ကိုယ်တွေထက်တောင် ပိုသိနေတယ်၊ ကိုးကွယ်တာက ခရစ်ယာန်ပေမယ့် ပိဋကတ်သုံးပုံဆိုတာ သိတယ်၊ သေချာ သိတာ၊ ဦးအောင်ဇေယျဆိုတာ အလောင်းမင်းတရားကြီးလို့ ဆရာမကပြောတာကို သင်တန်းက လူငယ်တယောက်က ဘုရင့်နောင်လို့ ငြင်းတာနဲ့ ကိုယ်ကပါ ဆရာမဘက်က လိုက်ပြီး အထောက်အထားနဲ့ ပြောပြရတယ်၊ ဆရာမက ထိုင်းလိုရော မြန်မာလိုရော ပြောပြီး သင်ရတယ်၊ သင်တန်းသားတိုင်းက ထိုင်းစကားသိပ်မပေါက်တာလဲ ပါကြတယ်။ တချို့တိုင်းရင်းသားတွေက မြန်မာစကား သိပ်မပေါက်တာပါတယ်၊ အဲဒီအခါကျ ဆရာမပြောတဲ့ မြန်မာစကားကိုပဲ မြန်မာလို အဓိပါယ်ပေါ်အောင် ကိုယ်က သူတို့ကို ပြန်ရှင်းပြရတယ်၊ ဒါနဲ့ပဲ ကိုယ်က ဆရာမနဲ့ တခြားသင်တန်းသားတွေကြား မြန်မာစကားကို မြန်မာလို ပြန်ပြောရတဲ့ စကားပြန်ဖြစ်လာတယ်။
ကျောင်းဆိုတာ စာတင်မက တခြားဗဟုသုတတွေပါ အသိပညာတွေပါ ရစေတယ်ဆိုတာ သိပ်မှန်တယ်၊ သင်တာက ထိုင်းစာအရေးအဖတ် ဆိုပေမယ့် ဆရာမဆီက ထိုင်းနိုင်ငံရဲ့ နိုင်ငံရေးအခြေအနေ၊ ဘုရင်စနစ်အကြောင်းတွေ သိရတယ်၊ ဒါ့အပြင် ကိုယ်တို့ မြန်မာပြည်က အာဏာရှင်တွေ အကြောင်းလည်း ဆရာမက သိသွားတယ်၊ ဒီနေရာမှာထူးဆန်းတာက ဆရာမက မိုးသီးဇွန်ဆိုတာ သိနေတယ်၊ ကိုယ်ကတော့ အဲဒီသင်တန်းတက်ရတာ ကိုယ့်တိုင်းရင်းသား လူမျိုးစုတွေတောင် စုံသလောက် သိလိုက်ရတယ်။ သူတို့ရဲ့ စိတ်နေသဘောထားတွေ အကုန် နားလည်လာရတယ်၊ တိုင်းရင်းသားတွေက စကားပြောတာ အင်မတန် ယဉ်ကျေးတယ်၊ တခုခုပြောပြီးရင် ခင်မျာ့၊ ရှင့်၊ အဲလို ထဲ့ထဲ့ပြောကြတယ်၊ ဟုတ်ကဲ့ရှင့် မသိဘူးရှင့်၊ အဲလို၊ သူတို့ကလည်း ကိုယ့်ကို မေးတယ်၊ မြန်မာပြည် ဘယ်ကလာသလဲ အဲလို၊ ကိုယ်ကလဲ မေးတယ်၊ ကိုယ်မေးရင် သူတို့က ရယ်ကြတယ်၊
သူတို့နဲ့ ပတ်သက်ပြီး မသိတာတွေ များလို့လေ၊ တယောက်ကို ဘာလူမျိုးလဲလို့ မေးလိုက်ရင် လီဆူး တဲ့၊ အဲဒီတော့ ကိုယ်က အော် ကချင်ပေါ့ အဲလိုပြောရင် ပျာပျာသလဲ ရှင်းတယ်၊ ကချင်က ကချင်ပဲ ၊ လီဆူးက လူမျိုးတခု အဲလို ရှင်းပြတယ်၊ နောက်တယောက်ကျပြန်တော့ " မြို" တဲ့၊ ထုံးစံအတိုင်း ကိုယ်က ချင်းပေါ့ ဆို မဟုတ်ဘူးတဲ့ ခေါင်းခါတယ်၊ ဒါနဲ့ မလျှော့ဘူး၊ ရခိုင်ပေါ့ ဆိုတော့ ရယ်ကြတယ်၊ " မြို" က မြိုပဲလေ အန်တီတဲ့၊ ရှိသေးတယ်" ပအို့ဝ် "လူမျိုးလို့ ပြောတဲ့ကလေးကို ရှမ်းပေါ့ ဆိုတော့ မဟုတ်ဘူး၊ ပအို့ဝ် က ပအို့ဝ်ပဲလေတဲ့၊ ရှမ်းမဟုတ်ဘူး၊ တဖြေးဖြေးသိလာတယ်၊ ကိုယ်က ရန်ကုန်ကနေ အဝေးဆုံး ပျဉ်းမနားကျော်ပြီး ဘယ်မှရောက်ဖူးခဲ့တာမှ မဟုတ်တာ၊ ကျောင်းစာမှာ ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ ဗမာ၊ ရခိုင်၊ ရှမ်း လို့ သင်ခဲ့ရတာလေ၊ အဲလောက်ပဲ သိတယ်၊ ပအို့ဝ်တို့၊ လီဆူး၊ ခမီ၊ မြို ဆိုတာတောင် အပြင်စာတွေ ဖတ်လို့ နဲနဲသိထားတာ၊ မြန်မာ့အသံမှာ အသံလွှင်ဝန်ထမ်းဘဝ ရောက်မှ တိုင်းရင်းသားဘာသာ (၈)မျိုး လွှင့်လို့ ကရင်မှာ ပိုးကရင်နဲ့ စကောကရင် ဆိုတာ သိလာတာ၊
ကိုယ့်တိုင်းရင်းသားတွေ အကြောင်း ထိုင်းစာတက်ရင်း သိရာက သူတို့ဘဝတွေပါ သိလာရတယ်၊
ကိုယ်တို့ငယ်ငယ်က ပြည်ထောင်စုအလံ ကျိုက္ကဆံကွင်းမှာ ရပ်နားရင် တိုင်းရင်းသားပြခန်းတွေ လိုက်ကြည့်ရတာ အင်မတန် သဘောကျတာ၊ တိုင်းရင်းသားကိုယ်စားလှယ်တွေ ညီလာခံတက်လာတဲ့ သတင်းတွေ သတင်းစာမှာတွေ့ရင် သဘောကျတယ်၊ တို့ပြည်ထောင်စုသားတွေ တော်တော်ချစ်ကြတာပဲဆိုပြီး၊ တိုင်းရင်းသားအချင်းချင်း ချစ်ကြည်ရေးဆိုတဲ့ ရေဒီယိုဇာတ်လမ်းတွေ၊ သီချင်းတွေ နားထောင်ရရင် တိုင်းရင်းသားတွေကို ချစ်ခင်မိတယ်။
" ကချင် ကယား ကရင် ချင်း မွန် ဗမာ ရခိုင် ရှမ်း တို့တတွေ ပြည်ထောင်စုသား တိုင်းရင်းသား ညီအကို မောင်နှမတတွေ သွေးစည်းကာသာလေ ညီညွတ်ချစ်ခင်ပေ၊ အေးအတူ ပူအမျှ မူအရ အတူတကွလက်တွဲကြမယ်လေ လာ လာလေ လာကြပြီလေ "  ဆိုတဲ့ စာသားပါတဲ့ " တို့ပြည်ထောင်စုသား" ဆိုတဲ့ သီချင်းဆို သိပ်ကြိုက်၊ " ဟေ ဟေ ဟေ လာကြပြီလေ ရေမြေတောအနှံ့က တို့ဆွေသဟာတွေ ရပ်ဝေးကဆွေ ရပ်နီးကဆွေ စုပေါင်းနေထိုင်သလေ ဝေလေလေ ဝေ............လေလေ" ဆိုတဲ့ အပိုဒ်ကျ လိုက်တောင် ဆိုလိုက်သေးတယ်။
တကယ်တန်းကျ တိုင်းရင်းသားတွေနဲ့ အခုလို အတူဆုံမိမှ သူတို့ရဲ့ ဘဝ၊ သူတို့ခံစားချက်၊ သူတို့ လိုအပ်ချက်တွေကို သေသေချာချာ သိရတော့တာ။ အတူတူ သင်တန်းတက်တဲ့ တိုင်းရင်းသားတွေ အကြောင်း စပ်မိလို့ ပြောတာ နဲနဲ ရှည်သွားတယ်၊ အဲ သင်တန်းရောက်တာနဲ့ ဆရာမက နာမည်တွေ ကြည့်ပြီး နာမည်အရှည်အတိုင်း ခေါ်ဖို့ခက်မယ်ဆိုကာ တယောက်ချင်းကို မှတ်မိလွယ်မယ့် နာမည် တလုံးစီ ခေါ်မယ်လို့ ဆိုတယ်၊ ကောင်လေးတယောက်ကတော့ " လင်း" တဲ့၊ သူ့နာမည်ထဲက နောက်ဆုံးအလုံးကို ခေါ်မယ်ပေါ့၊ ထိုင်းလို ဆရာမက ဝှိုက်ဘုတ်မှာ ရေးပေးတယ်၊ အဲဒါကို ကိုယ့်ရဲ့ စာအုပ်မှာ ကူးပြီး နာမည်ထိုးထားရတယ်၊ စာလုံးပေါင်းမတတ်သေးပေမယ့် ကြည့်ပြီး ကူးထားပေါ့၊
" လင်း" ကို ลิง လို့ ဆရာမက ရေးပေးတယ်၊ ထိုင်းစာမှာက ဗျည်း(၄၄) လုံးရှိတာ အဲဒီမှာ ล ဆိုတဲ့ ဗျည်းက (၃၆)လုံးမြောက် ဆိုတော့ တော်တော်ကြာမှ အဓိပါယ်သိတယ်၊ " မျောက်" ကိုခေါ်တာ၊ အဲဒီကလေးက အိမ်ကနေ ဖုန်းဆက်ပြီး ဆရာမကို သူ့နာမည်ပြောင်းပေးဖို့ ပြောရှာတယ်၊ နောက်နေ့ သင်တန်းမှာ ဆရာမက သူ့နာမည် ပြောင်းသွားပြီနော် ဆိုပြီး နာမည်တခု ပြောင်းပေးတယ်၊
ကိုယ့်ကို ဆရာမက " ခိုင်"ဆိုတာ ဘာအဓိပါယ်လဲ မေးတယ်၊ နာမည်ပေးဖို့၊ တကယ်တန်း မေးတော့ မနည်း ရှင်းပြရတယ်၊
မြန်မာမိန်းကလေးတွေ အများဆုံး မှည့်လေ့ ရှိတဲ့ နာမည်၊ တခြားစာလုံးတွေနဲ့ တွဲပြီး မှည့်တတ်တယ် ဥပမာ- တင်တင်ခိုင်၊ ခိုင်ခိုင်မြင့်၊ ခိုင်သဇင်၊
" ခိုင်"တို့ " လှိုင်" တို့ဆိုတာ မြန်မာမိန်းကလေးနာမည် ပေါ့၊ ဆရာမက သိပ်မရှင်းဘူးထင်ပါရဲ့၊ ခိုင်ရဲ့ မူရင်း အဓိပါယ်၊ ဘာကို ဆိုလိုလဲ ဆိုတာ ထပ်မေးပြန်တယ်၊ တခြားအသုံးမှာတော့ ခိုင် ဆိုတာ မြဲမြံတယ်၊ ခိုင်မာတယ် ၊ တည်တံ့တယ်ပေါ့ ပြောပြရင်းက ကိုယ့်နာမည် ဘာများ ပေးလိုက်မလဲ စိတ်စောနေရတယ်၊ ဆရာမက ကဲ ဒါဆိုလဲ မြန်မာ အသံထွက်အတိုင်း ထွက်တဲ့ ထိုင်းသံနဲ့ပဲ ပေးလိုက်မယ်ဆိုပြီး ကိုယ့်နာမည်ကို ไข่
" ဥ" လို့ အဓိပါယ်ရတဲ့ စာလုံး ပေါင်းပေးတယ်၊ ကြက်ဥကို ไข่ไก่ လို့ဆိုပေမယ့် တကယ်တန်း အသုံးက ไข่ ပဲဆိုတော့ကာ ကိုယ့်နာမည်က " ကြက်ဥ " ပေါ့ ။
နာမည်နဲ့ပတ်သက်ရင် ခိုင် ဆိုတာနဲ့ စာရေးဆရာ တက္ကသိုလ်ဘုန်းနိုင်ရဲ့ " သူငယ်ချင်းလိုပဲ ဆက်၍ခေါ်မည်ခိုင်" လို စိတ်ကူးယဉ်စရာ နာမည်ကြီး ဇာတ်ဆောင်နာမည်မို့ သဘောကျ နေရတာ၊ ဒါတင်မက အဆိုတော် အက်စ်ကဲနက် ဆိုထားတဲ့ " နွေချိုရွှေဥဩ ပန်းပိတောက်ကိုမြင်မှ နွေရောက်တာ ကိုယ်သိတယ်............. အော်.......... နွေတဲ့လား " အဲ အဲဒီ " ရင်သို့တိုးဝှေ့ဆဲပါခိုင်" သီချင်းတို့လို ခပ်နုနု နွဲ့နွဲ့ အခေါ်လေးမို့ ကျေနပ်စရာပေါ့၊ ( တခုတော့ရှိတယ် အဆိုတော် တွံတေးစိုးအောင် နာမည်ကြီးစဉ်က မယ်ဒလင်လေး တောင်တောင်တင်တင်နဲ့ ခေါက်ပြီး မခိုင် မခိုင် မခိုင်ရယ် မခိုင်ကိုပဲ ချစ်ပါတယ် သီချင်းလိုမျိုး တော့ မကြိုက်လှဘူးပေါ့လေ)
အခုတော့ ကိုယ့်နာမည် " ခိုင်" ကို ထိုင်းဆရာမက ပေးလိုက်တာက " မကြက်ဥ" တဲ့ ၊ ကျေကျေနပ်နပ်ပဲ အခုထိ ဒီနာမည်ကို သုံးတယ်၊ စာအုပ်မှာလည်း အဲဒီလိုပဲ နာမည်ထိုးထားတယ်၊ မှတ်မှတ်ရရပေါ့။

No comments:

Post a Comment