April 17, 2015

မွေးနေ့များကို အလေးထားသူရဲ့ မွေးနေ့

                            
                                     အန်ကယ်နဲ့ ဒေါ်အောင်ဆန်းစုကြည်၊ ဦးသိန်းစိန် တို့က အသက်အတူတူတွေ၊ ဟော မခိုင်အမေနဲ့လည်း အသက်အတူတူပဲ။ မခိုင်အမေက ဇန်နဝါရီ၊ အန်ကယ်က ဧပြီလ(၁၇)ရက်၊ ဒေါ်အောင်ဆန်းစုကြည်က ဇွန်လ (၁၉)ရက်၊ ဦးသိန်းစိန်က ဧပြီလ (၂၀)ရက် ၊ ၁၉၄၅ခုနှစ်ဖွားတွေလို့ ပြုံးပြုံးကြီး ပြောတတ်တဲ့ ဆရာ မောင်ဝံသကို မကြာခဏ သတိရမိသည်။ ဒီကနေ့ ဆရာမောင်ဝံသကို မွေးဖွားခဲ့သည့်နေ့။ ဆရာရှိနေအုန်းမယ် ဆိုရင်ဖြင့် ဆရာရေးတဲ့ မွေးနေ့နဲ့ ပတ်သက်တာလေးတွေ ဖတ်ရမှာ အသေအချာပင်။ လောကကြီးမှာ ဆရာမရှိတော့ပေမယ့် ကျမကတော့ ဆရာ့မွေးနေ့ကို မှတ်မှတ်သားသား အမြဲရှိမိသည်။ ဆရာရေးတဲ့စာထဲမှာ   ဒေါ်အောင်ဆန်းစုကြည် ၊ ဦးသိန်းစိန် နှင့် ဆရာတို့ သက်တူရွယ်တူ ဆိုတာ ထဲ့ရေးတတ်တာလည်း မကြာခဏဆိုတော့ အမှတ်ထင်ထင် ရှိနေမိသည်။
                             တကယ်တော့ ကျမအမေက ၁၉၄၄ခုနှစ်ဖွား၊ ဆရာရေးထားတဲ့ စာတစ်ပုဒ်မှာ ဘတ်စ်ကားပေါ်ကနေ အဆင်း ကားချင်းပြိုင်မောင်းလာတော့ ဘတ်စ်ကား စပယ်ယာက ဆရာဆင်းမယ့် မှတ်တိုင်အရောက်မှာ ဆွဲချမတတ် ဆင်းခိုင်းတာလေး ဖတ်ရပြီး ကောမန့်မှာ ဆရာက ကျမ မေမေနဲ့ သက်တူရွယ်တူတွေမို့ ဘတ်စ်ကားစီးရင် စိတ်ပူရတဲ့အကြောင်း ရေးလိုက်ပါတယ်။
                     ဆရာနဲ့ ကျမတို့ ဆုံဖြစ်တဲ့ အချိန် ဆရာ့ကို သွားကြိုတဲ့ ကားပေါ်ကနေ ဆင်းဆင်းချင်းမှာပဲ "  မခိုင် အမေက ဘယ်လဖွားလဲလို့ " တန်းမေးရာ ဇန်နဝါရီ (၂၉) လို့ ဖြေလိုက်မိသည်။ ထိုနေ့က စကားဝိုင်းမှာ အသက်တူတွေ အကြောင်းပြောတော့ ကျမအမေကိုပါ ထဲ့ပြောသွားတာဖြစ်သည်။ ကျမခင်ပွန်းကပင် ကျမအမေရဲ့ မွေးလကို ဆရာက ထဲ့ပြောလို့  စကားဝိုင်းမှာ အံ့ဩနေဟန်ရှိလေသည်။ ကျမစိတ်ထဲက ဆရာ့ကို နောက်မှ အမေက ၁၉၄၄ခုနှစ်ဖွားဖြစ်ကြောင်းနဲ့ ကျမ ဆိုလိုလိုက်တာ ကျမမေမေနဲ့ ဆရာတို့ သက်တူရွယ်တူလို့ ဆိုလိုတာ ဖြစ်ကြောင်း ပြောပြအုန်းမှလို့ တွေးထားလိုက်သည်။
               သို့သော် ဆရာနှင့်ကျမတို့  လူချင်းတွေ့ဆုံ ခဲ့ရသည်မှာ  ထိုအချိန်သည် ပထမဆုံးနှင့် နောက်ဆုံးအကြိမ် ဖြစ်မှန်း နောက်မှ သိရလေသည်။  ဆရာနှင့် လူချင်း ထိုအချိန်မှ ဆုံခဲ့ရသော်လည်း ဆရာ မောင်ဝံသကို ၁၉၇၅- ၇၆ ဝန်းကျင်ကတည်းက စတင် ရင်းနှီးခဲ့လေသည်။ ဆရာ့စာအုပ်များကို ဖတ်ပြီး မောင်ဝံသကို သိနေခြင်းဖြစ်သည်။ ဆရာနှင့် ဆုံတော့ ကစ်ဆင်ဂျား စာအုပ်ကို ဆရာရေးတဲ့အချိန်က အသက်(၂၇) နှစ်ပဲ ရှိသေးတယ်ဟု ပြောဖြစ်ရာ ဆရာက တအံတဩနှင့် ကျမကို မှတ်မိ၍ ဆိုကာ ချီးကျူးလေသည်။
                တကယ်တော့ ဆရာ့စာအုပ်တွေထဲကမှ အတ္ထုပ္ပတ္တိစာအုပ် မျိုးတွေကို ကျမက မူလတန်းကျောင်းသူ ဘဝကတည်းက ဖတ်ခဲ့ဖူးလေသည်။ အဘယ့်ကြောင့်ဆိုသော် ကျမရဲ့ ဖေဖေက ဆရာ့စာဖတ်ပရိတ်သတ်မို့ ဆရာ့စာအုပ်တွေကို ဝယ်ယူ သိမ်းဆည်းထားလေသည်။ ကျမငယ်စဉ်မှာပင် ကျမရဲ့ ဖခင်က နယ်သို့ အလုပ်တာဝန်ဖြင့် ပြောင်းရွှေ့ရရာ ကျမကို နေပူထဲ ထွက်မဆော့ဖို့၊ အကိုနဲ့ မောင်လေး တွေနဲ့ လိုက်မဆော့ပဲ စာဖတ်ဖို့ ပြောရင်း စာအုပ်သေတ္တာသော့ကို ပေးထားခဲ့ လေသည်။ ထိုကျွန်းသေတ္တာထဲမှ စာအုပ်တွေက တဆင့် ဆရာ မောင်ဝံသကို ကျမ အသက် (၁၀) နှစ်ဝန်းကျင်ကတည်းက သိနေခဲ့တာပင်။ ကျမဖတ်သည့် စာအုပ်ကို အမေက ကောက်လှန်ရင်း နောက်ကြောက စာရေးသူရဲ့ ကိုယ်ရေးအကျဉ်းကို အမေက ဖတ်ကြည့်ကာ မောင်ဝံသက မေမေနဲ့ ရွယ်တူပဲ၊ ငယ်ငယ်လေးရှိသေးတာပဲ၊ မေမေက အဖိုးကြီး ထင်နေတာလို့ ထိုစဉ်က အသက်(၃၀) ပင် မပြည့်သေးသည့် ကျမရဲ့ မိခင်က ပြောတာကို ဆရာ့ကို ဆုံတုန်း ပြောပြဖြစ်လေသည်။
              ၁၉၉၀ခုနှစ်မှာ ဝေါမြို့နယ်ကနေ NLD လွှတ်တော်ကိုယ်စားလှယ်အဖြစ် ဆရာအရွေးခံရတဲ့အခါ ကျမတို့ မိသားစုတွေ ကိုယ်နဲ့ ရင်းနှီးတဲ့ မိတ်ဆွေ အရွေးခံရသလို ဝမ်းသာအားရ ပြောဖြစ်ကြပြန်သည်။  ဆရာထောင်က လွတ်လာပြီး ကလျာ မဂဇင်းမှာ"  ဝေါမြို့မှ မိဝိုင်းသို့" ဆိုတဲ့ အပတ်စဉ် ဆောင်းပါးကို စောင့်ဖတ်ကြသည်။
               ကျမရဲ့ သမီးကြီး ၂၀၀၆-၂၀၀၇ ခုနှစ်မှာ ဆယ်တန်းအောင်ပြီး  ရန်ကုန်တက္ကသိုလ်မှာ ပထမဆုံး ဖွင့်လှစ်တဲ့ သတင်းအတတ်ပညာဘာသာရပ် နဲ့ တက္ကသိုလ်တက်တဲ့အခါ ပြဌာန်းစာအုပ်ရယ်လို့ ရေရေရာရာ မရှိသေးပဲ ဝါရင့် သတင်းစာဆရာကြီး အချို့ ရဲ့  အတွေ့အကြုံနဲ့ နိုင်ငံခြားက ပြဌာန်းချက်အချို့ကို ဘာသာပြန်ထားတာတွေ သင်ကြားတာ တွေ့ရတဲ့အတွက် ဆရာ မောင်ဝံသရေးသားတဲ့ "  သတင်းစာပညာ သဘောတရားနဲ့ လက်တွေ့" ဆိုတဲ့ စာအုပ်ကို ဝယ်ပေးလိုက်သည်။ ကျမ သမီးက ထိုစာအုပ်ကို ပြဌာန်းစာအုပ် အဖြစ် သူ့ဘာသာသူ လေ့လာလေသည်။ ကျောင်းကို ယူသွားရာ ကျောင်းက ဆရာမတစ်ယောက်က  ငှားဖတ်ပြီး သတင်းအတတ်ပညာ ဘာသာရပ်အတွက် အင်မတန် အသုံးတဲ့သည့် စာအုပ်လို့ ပြောသည်တဲ့။ ဘယ်မှာ ဝယ်လို့ ရသလဲ မေးသည်လို့ သမီးက ပြန်ပြောပြလေသည်။ ဒါ့ကြောင့် သမီးကြီးက ဆရာ မောင်ဝံသမှာ သူ့အတွက် ဆရာ တစ်ယောက်လို့ မကြာခဏ ပြောတတ်လေသည်။
               ကျမပင် ထိုစာအုပ်ကို ရန်ကုန်တက္ကသိုလ် သတင်းအတတ်ပညာ ဘာသာရပ် အတွက် ပြဌာန်း စာအုပ်အဖြစ် ထားပါက အလွန် သင့်လျော်မည့်အကြောင်း ဆရာ့ထံကို လျှောက်လွှာ စာမျက်နှာ နှစ်မျက်နှာခန့် ရေးပြီး စာအုပ်မှာပါသည့် ဒေါင်းစာပေသို့ လိပ်မူကာ စာအိပ်ထဲထဲ့သည်အထိ မှတ်မိပြီး ထိုစာကို ဆရာ့ထံ ပို့ဖြစ်လား မပို့ဖြစ်လား ပြန်စဉ်းစား၍ မရတော့။ မမှတ်မိပဲ ဖြစ်နေသည်။
              ကျမသည် ဆရာမောင်ဝံသ စာတွေကို ဖတ်ရှု ပြီး ဆရာ့ကို ရင်းနှီးနေသော်လည်း လူချင်း ဆုံရလိမ့်မည်လို့ မတွေးမိပေ။ ၂၀၁၁ခုနှစ် မှာ  ဆရာ ချင်းမိုင်ကို ရောက်လာတဲ့အချိန်မှာ ကျမတို့ ဝမ်းသာအားရ ဆုံဖြစ်ကြသည်။ ဆရာ့ကိုမြင်လိုက်ရသည့် အခိုက် ကျမ အဖေကို အထူးတလည် သတိရသွားရလောက်အောင် ဆရာသည် ကျမ ဖေဖေနှင့် စကားပြောဟန် ရယ်မောဟန်တို့ ဆင်လှပေသည်။ ကျမ ဘဝမှာ ကျမလေးစားရသည့် လူများထဲကမှ ကျမဖေဖေပြီးလျင် ကျမမိဘကဲ့သို့ လေးစားရသည်မှာ ဆရာမောင်ဝံသပင် ဖြစ်သည်လို့ သေသေချာချာ သိခဲ့ရလေသည်။
               ချင်းမိုင်ကပြန်ပြီး မြန်မာပြည်ပြန်အရောက်မှာ ကျမရဲ့ ဖေ့စ်ဘွတ်ကို စာတိုလေး ပို့လာရာ ဆရာ့ရဲ့ ခင်မင်တတ်မှုနဲ့ ကျမတို့ အပေါ် သံယောဇဉ်ထားမှု ကို မျက်ရည်လည်မတတ် ဝမ်းသာခဲ့ရလေသည်။
" ကိုရွှေအောင်တို့မိသားစုကို သတိရနေပါတယ်။ ကိုယ်စိတ်နှစ်ဖြာ ချမ်းသာပါစေ" တဲ့

                 ဆရာနှင့်ဆုံစဉ်မှာ ကိုရွှေအောင်က အကြောင်းအရာ တခုခုကို ပြောပြလျင် ရေးပါဗျ၊ ကိုရွှေအောင်ရ အဲဒါလေး ရေးပါဗျလို့ ပြောတတ်သည်။ လူငယ်တွေကို အားကိုးတာလည်း မကြာမကြာ ထဲ့ပြောသည်။ အငြင်းပွားစရာ အကြောင်းအရာတခုကို  အများလက်ခံနိုင်အောင် အထောက်အထားတွေ အယူအဆတွေနှင့် အေးအေးဆေးဆေး ပြောပြတတ်သည်။ မိဘက သားသမီးကို ငယ်ငယ်က အကြောင်းတွေ ပြန်ပြောသလိုမျိုးဖြစ်လေသည်။ ဆရာသည် ထိုအချိန်က အင်မတန် လျှမ်းလျှမ်းတောက်ပြီး သတင်းစာပညာ သတင်းလောကမှာ ဆရာတဆူ ဖြစ်သော်လည်း ဆရာ့မှာ ငါသိ ငါတတ် ငါပြောတာအမှန် လုံးဝမတွေ့ရပဲ လူငယ်တွေ ပြောတဲ့ အမြင်၊ လူငယ်တွေရဲ့ အယူအဆ၊ တိုင်းပြည်အပေါ် ထားတဲ့ လူငယ်တွေရဲ့ သဘောထားတွေကို လေးလေးနက်နက် နားထောင်သွားလေသည်။
               ဆရာ ရန်ကုန်ပြန်သွားပြီး  ဖေ့စ်ဘွတ်မှာ ဆရာ့စာတွေ တင်တာ မတွေ့တာရယ်၊ ဆရာ့ကို မီဒီယာမှာ မတွေ့ရသလို ဖြစ်တဲ့အခါ  ဆရာ မောင်ဝံသ ထူးထူးဆန်းဆန်း ငြိမ်နေပါလားလို့ ပြောဖြစ်ကြသည်။ ကိုရွှေအောင်က ရခိုင်ဖက်ကို စုံစမ်းရေးကော်မရှင်အဖွဲ့အနေနဲ့ သွားနေကြတာ ဖြစ်မယ်လို့ ပြောဖြစ်သည်။ အဲဒိနောက်ပိုင်းမှာလည်း  ဆရာ့ကို သိသိသာသာပဲ မတွေ့တဲ့အတွက် တစ်ရက်မှာ ကျမတို့ ဆရာ့ဆီ ဖုန်းဆက်လိုက်လေသည်။
                ဆရာ့မိသားစုဝင် တစ်ယောက်က ဖုန်းကိုင်တဲ့အခါ ကိုရွှေအောင်က ဆရာများ နေမကောင်းဘူးလားမသိဘူးလို့ ကျမကို လှည့်ပြောနေသေးသည်။  ဆရာ့ကို ( ဆရာ့သားဟု ထင်ပါသည်) သူ့သားက ဘယ်သူဆက်တာပါလဲ မေးပြီး  ကိုရွှေအောင် ဆက်တာပါဆိုတော့ ပြောမယ် ပြောမယ် လို့ ပြောသည်။
                     ဆရာ့ကို သတိရလို့ ဆက်တာဖြစ်ကြောင်းနဲ့ ဆရာ့ကို လိုင်းပေါ်မှာ မတွေ့တာလည်းကြာလို့ ဖြစ်ကြောင်း ပြောတဲ့အခါမှ ဆရာက အဆုတ်မှာ spot တွေ့တဲ့အကြောင်းနဲ့ သေချာအောင် စင်္ကာပူကို ဆေးသွားစစ်ဖို့ စီစဉ်နေကြောင်း ကြားရတဲ့အခါ မဟုတ်ပါစေနဲ့လို့ အဲဒီကတည်းက ဆုတောင်းပေမယ့် ဆုတောင်းမပြည့်ခဲ့ပါဘူး။
                    တိုင်းပြည်ရဲ့ နိုင်ငံရေး အခင်းအကျင်းတွေ တခုခု ကြုံရတိုင်း ဆရာ့ကို အမြဲ သတိတရ ပြောဖြစ်မိကြရသည်။ ဆရာရှိရင် ဘာရေးမလည်းမသိဘူး၊ ဆရာသာရှိရင် ဒီဖြစ်စဉ်ကို ဘယ်လို ပြောမလည်း သိချင်လိုက်တာ စသဖြင့် သတိရမိကြရလေသည်။ ဆရာရဲ့ သတင်းစာဆရာ နိုင်ငံရေးသမား တယောက်အနေနှင့်  သမာသမတ်ကျစွာ ပြောဆို ရေးသားတာတွေ သိချင်ရင်း သတိရမိလေသည်။
ထိုင်းဝန်ကြီးချူပ် ယင်လတ် ကို ဖယ်ရှားပြီး နောက် ယခုအချိန်မှာ တရားရင်ဆိုင်နေရသည့် ဖြစ်စဉ်၊ သတင်းတွေကို ဖတ်ရ ကြည့်ရသည့်အခါ  " ညီမလေးရယ် စိုးရိမ်မိတယ်" ဆိုသည့် ဆရာ့ဆောင်းပါးကို ပြန်ရှာဖတ်ဖြစ်လေသည်။  ထိုဆောင်းပါးကို  ရွေးကောက်ပွဲမှာ ယင်လတ် အနိုင်ရရှိခဲ့သည့် အချိန်တွင် ပြည်သူ့ခေတ်ဂျာနယ်မှာ ရေးသားခဲ့ခြင်း ဖြစ်လေသည်။
                     
                နောက်ဆုံးအချိန် အထိ  စေတနာ အပြည့်ဖြင့် စာရေးသားခဲ့သော ဆရာ၊ အင်မတန် တာဝန်ကျေပြွန်လှသည့် သတင်းစာဆရာ နိုင်ငံရေးသမားကြီးတယောက် ဖြစ်သော ဆရာ၊  ဆရာသည် လူသာသေသော်လည်း နာမည်မသေသည့် လူစားပင်ဖြစ်လေသည်။
ယနေ့သည် ဆရာ့ရဲ့ မွေးနေ့၊ ထိုမွေးနေ့ကိုပင် သင်္ကြန်ရောက်ပြီ ဆိုသည်နှင့် ဆရာ့မွေးနေ့ ရောက်တော့မှာပါလားလို့ အမြဲမှတ်မှတ်ထင်ထင် ဖြစ်ရလေသည်။ 
ဆရာမရှိတော့သော်လည်း ဆရာ့စာများနှင့် ဆရာ့မွေးနေ့ကို မှတ်မှတ်ထင်ထင် ရှိနေသူတွေ များစွာ ရှိနေပါသေးသည်။

No comments:

Post a Comment