July 15, 2015

ဘယ်ပုံ ဘယ်နည်း ကာကွယ် .... ကာကွယ်ကြမှာလဲ( ၆-၇- ၂၀၁၅ ဒီလှိုင်းစာစောင် အတွဲ(၄) အမှတ်(၂၅) ပါ ဆောင်းပါး)

 
" အိမ်နီးချင်း" ဆိုတဲ့ စကားကို ရေးမိတာနဲ့ စာရေးသူတွေ့ကြုံခဲ့ရတဲ့ အိမ်နီးချင်းတစ်ယောက်ကို အရင်ဦးဆုံး သတိရမိသွားလေသည်။ အဆိုပါအိမ်နီးချင်းဖြစ်သူက အသက်(၇၀)ကျော် အမေကြီးတစ်ယောက်ပါ။ တစ်ရက်မှာ ဟင်းခွက်ကလေး ကိုင်ပြီး အိမ်ကိုရောက်လာတဲ့ အတွက် အိမ်နီးချင်းထုံးစံ ထွေထွေထူးထူး ချက်ဖြစ်တဲ့ အတွက် ဟင်းခွက်ကမ်းတယ်လို့ ထင်မိသည်။ သို့သော် မနေ့က ချက်ထားတဲ့ ငါးဖယ်ဆီပြန်ဟင်းကို စားမကုန်တဲ့ အတွက် လာပို့တာလို့ ဆိုသည်။ စာရေးသူက ချက်ခြင်းပဲ ငြင်းလိုက်ပါသည်။
" ကျမတို့ ဟင်းကျန် မစားတတ်ပါ" လို့ ပြောလိုက်သည်။ တကယ်လည်းမစားပါ၊ ကျန်းမာရေး ရှုထောင့်အရ နှမြောစာ မစား တာရော၊ န၈ိုကတည်းက ဟင်းကျန် ထမင်းကျန် မစားတတ်တဲ့ အကျင့်တွေကြောင့် ကိုယ့်အိမ်မှာ ကုန်နိုင်သလောက်သာ တိုင်းချက်ပါသည်။ ထိုအမေကြီးကို အဆိုပါဟင်းကို နှမြောပြီး မစားဖို့နဲ့ ကျန်းမာရေး ဗဟုသုတပါ ထပ်လောင်းပြောပြမိပါသည်။ နောက်တစ်ရက် ကြုံလို့ စကားစပ်မိတော့ အဆိုပါဟင်းက တန်ဖိုးလည်းရှိ၊ နွှေးထားတာ ကောင်းနေဆဲမို့ ဘုန်းကြီးဆွမ်းလောင်းလိုက်ပါသတဲ့၊ ကောင်းကြပါရဲ့လား လို့ တွေးမိရင်း အသက်အရွယ် ကြီးသည်ဖြစ်စေ၊ ငယ်သည်ဖြစ်စေ လူတစ်ယောက်နဲ့ တစ်ယောက် စိတ်ထား မတူတဲ့ အဘာဝကို သိရှိရလေသည်။
အဆိုပါ မတူသည့်လူမျိုးများဖြင့် ပေါင်းစပ်ဖွဲ့စည်းထားတဲ့ နိုင်ငံတွေ အချင်းချင်းမှာ အိမ်နီးချင်း အချင်းချင်း ဆက်ဆံရသည့် အကြောင်းတရားတွေ များစွာ ရှိလေသည်။ ထိုအထဲကမှ
အိမ်နီးချင်းနိုင်ငံကနေ ကြက်ကလီစာ၊ ကြက်ခေါင်း၊ ကြက်ခြေထောက်၊ ကြက်တောင်ပံ တွေ မြန်မာပြည် ဈေးကွက်ထဲ တရားမဝင် ဝင်ရောက်လာတဲ့ အတွက် စိုးရိမ်တဲ့ သတင်းတွေ ဖတ်ရသည့်အခါ အိမ်နီးချင်း ဟင်းခွက်ကမ်းသလိုများလား လို့ စဉ်းစားခန်းဝင်မိသည်။ အထူးသဖြင့် ကျန်မာရေးထောက်ခံချက်တွေ ဘာမှမပါတဲ့ အတွက် အန္တရာယ်ရှိနိုင်သည့် ဒီလို သားငါးတွေကို နယ်စပ်ကနေ တင်သွင်းလာတာမှာ စိစစ်တဲ့ အဖွဲ့တွေရဲ့ လုပ်ပုံကိုင်ပုံ အားနည်းတာနဲ့ လာဘ်ပေးလာဘ်ယူ ကိစ္စတွေကြောင့် အခုလို ပြည်တွင်းကို တရားမဝင်ရောက်လာတာပဲ ဖြစ်သည်။ နယ်စပ်မြဝတီကနေ ကုန်တင်ကားတွေနဲ့ ရန်ကုန်ဈေးကွက်အထိ ဝင်ရောက်လာတာ ဖြစ်ပြီး တင်သွင်းတဲ့ ဒိုင်တွေကို အရေးယူပေးဖို့ တိုင်စာတွေ ပို့ထားပေမယ့် ထူးမခြားနားဘူးလို့ သတင်းတွေမှာ ဖတ်ရသည်။ စားသုံးသူကာကွယ်ရေးအသင်းကပင် အဆိုပါ အသားတွေက အန္တရာယ် ရှိနိုင်တယ်လို့ ပြောတာပဲ ဖတ်ရသည်။ တားဆီးကာကွယ်ဖို့ ဘယ်ပုံဘယ်နည်း ဆောင်ရွက်နေတယ်၊ ဆောင်ရွယ်ပါမယ်လို့ ပြောတာ မကြားရပေ။
အိမ်နီးချင်းနိုင်ငံက ကြက်တွေ ဆိုတာက မွေးမြူရေးကြက်တွေပင်၊ စားလို့မကောင်း ဖွယ်တယ်တယ် အရသာနှင့်၊ ကြက်သားဆို၍သာ ကြက်သား လိုက်ရတာ၊ တကယ်တန်းက အသားတုလို အရာနှင့် ဘာမှမထူး၊ မွေးမြူရေးကြက်တွေကို ရက်တိုတိုနှင့်ကြီးအောင် အစာကျွေးပြီး သတ်မှတ်ထားသည့် ရက်ရောက်တာနှင့် သတ်ပြီး ရောင်းချတာပင်၊ သဘာဝအတိုင်း ကြီးထွားလာသည့် ကြက်တွေလိုမဟုတ်၊ ကြက်ဥလည်း ထို့အတူပင်၊ နည်းပညာတွေ တိုးတက်သည်နှင့်အမျှ အမျိုး မျိုး စမ်းသပ်ရာက ကြက်ဥကို ကြက်မအားလုံးက အလေးချိန်တူညီစွာ အရွယ်အစား တဆိုဒ်ထဲ ဥလာအောင်ပင် တီထွင်နိုင်ကြသည်ဟု ကြားဖူးလေသည်။
" မြန်မာပြည်က ကြက်သားတွေက စားလို့ကောင်းတယ်၊ အရသာရှိတယ်" လို့ မြန်မာပြည်ရောက် ထိုင်းလူမျိုးတစ်ယောက်ပြောတာ ကိုယ်တိုင်နားနှင့်ဆတ်ဆတ် ကြားဖူးသည်။ ထိုင်းမှာလည်း အိမ်ကြက် ဆိုတာ သတ်သတ်ရှိသည်။ သူက ဈေးကြီးသည့်အပြင် အရိုးကလည်းများတော့ လူတိုင်းဝယ်မစားကြ၊ မွေးမြူရေးကြက်သားက တစ်ကီလို ဘတ်(၈၀) ဆိုပါက အိမ်ကြက်က တစ်ကီလို ဘတ်၁၂၀မှ ဘတ်၁၅၀ အထိ ဈေးရှိသည်။ ထိုအိမ်ကြက်ကို လွယ်လွယ်ကူကူ မြန်မာကြက်ဟု ခေါ်ဖြစ်လေသည်။ မြန်မာပြည်မှာလည်း မွေးမြူရေးကြက်တွေ ရှိပါသည်။ အဆီများပြီး အရေခွံထူတာကလွဲပြီး စား၍ အဆင်ပြေသေးသည်။ ထိုင်းက မွေးမြူရေးကြက်တွေက ဘယ်လိုမှ စား၍မကောင်း။ သို့သော် ထိုင်းနိုင်ငံမှာ ဟင်းချက်စရာ သား ငါးထဲမှာ အပေါဆုံးက ကြက်သားပင်။ ဈေးတွေမှာ ရောင်းသည်က တောင်ပုံယာပုံ၊ ဈေးထဲလှည့်ကြည့်ရင်း ကြက်သားလေးမြင်လို့ ကြက်သားချက်ရအောင်လို့ စားချင်စရာ မဖြစ်၊ ကြည့်ရတာ ကြက်သင်္ချိုင်းနှင့်ပင် တူသေးတော့သည်။ ကြက်တွေကို သတ်ပြီး စုပုံထားသလား ထင်ရအောင် များပြားပါသည်။ ကုန်တိုင်တွေမှာတော့ လှလှပပထုတ်ပိုးပြီး ဈေးအနည်းငယ် တင်ရောင်းထားပေမယ့် သန့်ရှင်းပါသည်။ သို့သော် အရသာကတော့ ထိုနည်း၎င်းပင်။
ကြက်တစ်ကောင်ရဲ့ ခန္တာကိုယ် အစိတ်အပိုင်းတွေကို တစစီတွေ့မြင်ရသည်က လည်း မြင်ကွင်းအဆန်း၊ မြန်မာပြည်မှာက ကြက်သားသယ်ထံမှာ ဝယ်ပါက သန့်ရှင်းပြီး ကလီစာထုတ် ရှင်းလင်းပြီးသား အကောင်လိုက်၊ ရင်ပုံဆို ရင်ပုံ ၊ ပေါင်ဆိုပေါင်၊ ဒီလိုဝယ်ကြသည်။ အသဲအမြစ်ချည်းပဲဆိုပါက ဈေးတစ်မျိုး ဝယ်ကြရသည်။ ကြက်နှလုံးလိုချင်လို့ ဈေးပေါင်ကျိုးတဲ့ အထိ စောင့်ပြီး ဝယ်တတ်သည့် သူငယ်ချင်းတစ်ယောက်ရှိသည်။ ကြက်နှလုံးရဖို့ ဈေးသယ်ရောင်းကုန်သည့် အချိန်မှ ဈေးသယ်က ရောင်းလိုက်တဲ့ ကြက်အကောင်အရေအတွက်အရ ထုတ်ယူလို့ရတာကို ရှားရှားပါးပါး အချိန်ပေးပြီး ဝယ်ရဖြင်းဖြစ်သည်။ ဒါတောင် ဝယ်နေကျမို့ ဈေးသယ်နဲ့ မျက်မှန်းတန်းပြီး ခင်လာလို့ ဝယ်လို့ရတာလို့ ဆိုလေသည်။
ထိုင်းမှာကတော့ ပေါင်၊ ရင်အုံ၊ တောင်ပံ၊ နှလုံး၊ အသဲအမြစ်ကို အတွဲလိုက်တစ်မျိုး၊ အသဲချည်းပဲ တစ်စား၊ အမြစ်ချည်းပဲ တစား၊ ခြေထောက်၊ အရေခွံ၊ ဒူးခေါင်း၊ စသဖြင့် သီးသန့်ဆီ ရောင်းတာဖြစ်သည်။ အကောင်လိုက်၊ အခြမ်းလိုက် လည်း ရှိသည်။ အသားကို ညက်နေအောင် ကြိတ်ထားတာ ယူမလား၊ စင်းကောလုပ်ထားတာ ယူမလား မျိုးစုံအောင် အသင့်လုပ်ထားသည်။ ကြက်ဒူးခေါင်းလေးတွေ စမြင်ကာစက ဘာတွေပါလိမ့်လို့ တအံ့တဩ ဖြစ်ရသည်။ ဒူးခေါင်း ဆိုတဲ့အခါ ကြက်မှာ ဒူးခေါင်းရှိသလား လို့ မနည်း ပြန်တွေးရသည်။ မြန်မာပြည်မှာက ပေါင်နှင့် ခြေထောက် ခွဲခြားတာပဲ မြင်ဖူးပြီး ကြက်ပေါင်၊ ကြက်ခြေထောက် ဒီလို ချက်စားတာဆိုတော့ ဒူးခေါင်း ရှိမှန်းမသိ။
" ကြက်မှာ ဒူးခေါင်းရှိမှန်း အခုမှသိတယ်" ဆိုတဲ့ အပြောကို ရယ်ကြလေသည်။ ဟုတ်တာပေါ့ ၊ ကြက်ပေါင်ချည်းပဲ ခုတ်၊ ခြေထောက်ချည်းပဲ ခုတ်တဲ့အခါ ပေါင်နဲ့ ခြေထောက်ကြားက ဒူးဆစ်တွေ ထွက်လာသည်။ သူ့ကိုလည်း သတ်သတ်ထုတ်ကာ သီးသန့် ရောင်းသည်။ ကြက်ဒူးခေါင်း ဘတ်(၂၀) ဖိုး ဝယ်ပါက ဘူးသီးနှင့် ပေါင်း၍ ကြက်ဒူး ဟင်း ၂ခါ ခန့် ချက်စား၍ ရလေသည်။ ထိုင်းရောက်ကာစက လိုချင်တာ ယူ ၊ အားလုံး ခွဲခြားထားတာ ဖြစ်တဲ့အတွက် ပေါင်က တစ်ကီလို၊ အသဲအမြစ်က တစ်ကီလို၊ အသားချည်းပဲက တစ်ကီလို၊ ပုခုံးက တစ်ကီလို စုံအောင် အားရပါးရ ဝယ်ရာ ရောင်းသည့်သူက ဘယ်မှာ ဆိုင်ထွက်တာလဲ၊ ထမင်းဆိုင်ဖွင့်ထားတာလား လို့ပင် မေးခံရသည်။ ကြက်ပုခုံးလည်း ထို့အတူပင်၊ ပေါင်ထင်၍ ချိန်ပြီးမှ ကြက်ပေါင်များက ပိုကြီးတာ ၊ သတ်သတ် တွေ့မှ ဒါကဘာပါလိမ့် ကြက်ရဲ့ ဘယ်နေရာက အသားလဲ စဉ်းစားရသည်။ သူက တောင်ပံနဲ့ကိုယ်နဲ့အကြားကို သတ်သတ် ခုတ်ထားတာ ဆိုတော့မှ ပုခုံး ဆိုတာ သိရသည်။ ပုတိုတိုလေးတွေပေါ့၊ အသားတွေချည်းရအောင် လွှာထားခံရသည့် ကြက်ကတော့ အရိုးစုချည်းသာကျန်သည်။ စာရေးသူတို့က ကြက်အရိုးစုလို့ လွယ်လွယ်ခေါ်သည်။ တချို့ကတော့ ကြက်စကယ်လီတန်တဲ့။ အဲဒါကလည်း ခေါင်း၊ လည်ပင်း အပါအဝင် ကြက်တစ်ကောင်လုံး အရိုးစုအတိုင်း ရောင်းသည်။ ခြေထောက်မပါ၊ ထူးထူးခြားခြား ထိုင်းမှာ ကြက်ခြေထောက်က ဈေးပိုပေးရသည်။ အရိုးစု တစ်ခုလုံးမှ ဘတ်(၂၀)၊ တခါတလေ အကောင်သေးရင် (၁၀)ဘတ်နှင့်ရသည်။ ကျောက်ဖရုံသီး၊နှင့်ပြုတ်သောက်ပါက ဟင်းတစ်ခွက်ရသည်။
မြန်မာပြည်မှာ ကြက်အသဲအမြစ် ဈေးကြီးတဲ့အတွက် ရှားရှားပါးပါး ဝယ်စားခဲ့ရပေမယ့် ထိုင်းနိုင်ငံကို ရောက်တဲ့အခါ ကြက်အသဲအမြစ်ကို လှည့်မကြည့်ကြတော့၊ စာရေးရင်း သတိရမိတာ အသဲအမြစ် မစားတာပင် တစ်နှစ်နီးပါး ရှိရော့မည်။ ကလီစာတွေက ထိုင်းမှာ ဈေးပေါသည်။ အသား၊ ပေါင် တစ်ကီလို ဘတ်(၈၀) ဆိုပါက အသဲအမြစ်က ဘတ်(၆၀)ပဲရှိသည်။
ထိုင်းက စားသောက်ဆိုင်တိုင်းမှာ ကြက်သားက ဖောဖောသီသီပင်၊ ကြက်ကြော်ဆိုင်၊ အကင်ဆိုင်တွေလည်းမနည်းလှပါ၊ သို့သော် ထိုအရာတွေသည် သူတို့ ဈေးကွက်မှာ ရောင်းမကုန်သည့်အခါ မြန်မာပြည် ရောက်ကုန်တာ ဖြစ်မည်။ တခြားနိုင်ငံတွေကတော့ စားသောက်ကုန်ကန့်သတ်ချက်တွေက ပြင်းပြင်းထန်ထန် ကန့်သတ်ထားရာ အနားပင်ကပ်လို့ရမှာမဟုတ်။ ပုပ်သိုးပြီး လွှင့်ပစ်ရမည့်အရာကို ရောင်းတာဆိုလျင်တော့ အိမ်နီးချင်းမပီသလို့ပဲ ပြောရမည်။ ပိုလျှံ၍ရောင်းတာ ဖြစ်ပြီး ဈေးသက်သာတာက သူ့တိုင်းပြည်မှာကိုက ကလီစာတွေကို စားမည့်သူ မရှိ၍ သက်သာနေခြင်း ဖြစ်သည်။ နောက်တခုက နည်းပညာတွေ တိုးတက်တဲ့ အတွက် ကြက်တစ်ကောင်လုံး ဒူးခေါင်းပါမကျန် အရိုး အကြော အနုပလုံ စီလို့ရအောင် စက်တွေနဲ့ ခုတ်ထစ်တာ ဖြစ်တော့ မြန်မာပြည် ဈေးကွက်ကို ခေါင်းတခြား ကိုယ်တခြား ရောက်လာ၍ အထူးစိုးရိမ်ဖို့တော့မလို၊ သို့ပေမယ့် ဒီလို တရားမဝင်တင်သွင်းတဲ့ အတွက် စစ်ဆေးချက် အာမခံချက် မရှိတဲ့အတွက် ဘာကိုမှ ယုံကြည်လို့မရ၊ စိတ်မချရတာတော့အမှန်ပင်။
ပိုဆိုးတာက တရုတ်ပြည်မှာ လွန်ခဲ့တဲ့ အနှစ်သုံးဆယ်ခန့်က အေးခဲထားတဲ့ အသားတွေ တန်ချိန်ပေါင်းများစွာ တွေ့ရတဲ့ သတင်းကို ဖတ်ရတဲ့အခါ ကြောက်စရာကောင်းတဲ့ ဝိသမလောဘ စီးပွားရေးသမားတွေကို ထဲ့မတွက်၍မရ၊ ဒါ့ကြောင့် ဒီဆောင်းပါးကို ရေးဖို့ အတည်ပြုချင်တဲ့အတွက် စုံစမ်းကြည့်တော့မှ
" အေးခဲကြက်သားတွေ အအေးခန်းကားမဟုတ်ဘဲ သယ်ချင်ရာကားနဲ့သယ်လာတယ်။ အသားတွေက ညှီပုပ်နေပြီ။ ကလီစာ ၆လလောက်ရှိပြီ။ မန္တလေးနဲ့နယ်က ကုန်သွယ်တွေကိုလဲ ပြောပါတယ်။ မူဆယ် တရုတ်ပြည်ကအများဆုံးဝင်တာ - မုန့်ထန်းလျက်တွေ အပျော်မြန် chemical တမျိုးနဲ့ မပျော်အောင်လုပ်ရင် စိန်ခဲလိုပဲ မာနေတယ်" လို့
စားသုံးသူများသမဂ္ဂက ပြောကြားတာ သိရသည်။
ကုန်သွယ်ရေးဘက်ကို ပြောထားပေမယ့် လက်ပူးလက်ကြပ်မမိသေးဘူး ဆိုပြန်တော့ ရင်လေးစရာပင်၊ နယ်စပ်မှာ စောင့်ကြပ်နေတဲ့ အဖွဲ့အစည်းပေါင်းများစွာရှိတဲ့ကြားက မမိဘူးဆိုတာက စိုးရိမ်ဖွယ်ရာပင်။ တာဝန်ရှိသူတွေဖက်က တရားဝင် စစ်ဆေး မှတ်ပုံတင်သွင်းခွင့်ပြုနိုင်ပါကပြု၊ ၊ မပြုနိုင်ပါကလည်း ဒီလို လူသားမဆန်၊ ယုတ်မာတဲ့ ကုန်သွယ်မှုကို ထိထိရောက်ရောက် အမြန်ဆုံးအရေးယူဖို့ လိုနေပါပြီ။
မြန်မာပြည်မှာ စားသုံးဖို့ မလုံလောက်လို့ တင်သွင်းလာတာထက် ပြည်သူတွေ ဆင်းရဲတာကို အခွင့်ကောင်းယူပြီး ဈေးပေါညံဖျင်းတာတွေ တင်သွင်းတဲ့သူတွေကို တာဝန်ရှိသူတွေ မတားဆီးနိုင်ရင်တောင် ပြည်သူတွေက ဝယ်ယူအားပေးခြင်း မပြုပဲ နေကြပါလို့ တိုက်တွန်းလိုပါသည်။ အရသာလည်းမကောင်း၊ သန့်ရှင်းမှုလည်း မရှိသော အသားတွေစားတာထက် ပဲပြားလေးကို အနေတော်တုံး၊ ကြက်သွန်ဖြူ နီ၊ ဂျင်းတို့ကို ထောင်း၍ ဆီသတ်ကာ နံနံပင်နဲ့ မဆလာလေးအုပ်ကာ ချက်စားကြည့်ပါက ကြက်သားဟင်းတမျှ အရသာရှိပြီး အာဟာရလည်း အပြည့်အဝ ရရျိပါသေးသည်။ ဆိုင်တွေကလည်း ကိုယ့်ရဲ့ စီးပွားရေးကို တွက်ပြီး အမြတ်အစွန်းထက် အများအတွက်ကြည့်စေလိုပါသည်။ ကျန်းမာရေး ကိစ္စအပါအဝင် မိမိလူမျိုး၊ အမျိုးဂုဏ်သိက္ခာကို ထိန်းသိမ်းရာလည်းရောက်ပါသည်။ တာဝန်ရှိသူတွေ လျစ်လျူ ရှုသည့်တိုင် ပြည်သူအားလုံးက တိုင်းပြည်နဲ့ လူမျိုး ဂုဏ်သိက္ခာ အတွက် သူတို့ဆီက မကောင်းတဲ့ အကြွင်းအကျန်ကို မက်မက်မောမော စားသုံးကြရသည့် လူမျိုးတွေ မဖြစ်အောင် အသိစိတ်ဖြင့် ကာကွယ်ကြဖို့ လိုနေပါပြီလို့ ထပ်လောင်း ရေးသားလိုက်ပါသည်။
ခိုင်ခိုင်စောလွင်

No comments:

Post a Comment