December 31, 2015

" သခင်ဖြစ်ချင်ရင်ဖြင့်" ၁၂ရက် အောက်တိုဘာ ၂၀၁၅ ဒီလှိုင်းစာစောင် အတွဲ(၄) အမှတ်(၃၉)

အမျိုးသားဒီမိုကရေစီအဖွဲ့ချူပ် ဥက္ကဌ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေး ခရီးစဉ် တလျှောက် ပြောကြားသည့် စကားတွေကို မှတ်သားနားထောင်ရင်း " သခင်အကျင့်ကို ကျင့်ကြပါ သခင်မျိုးဟေ့ တို့ဗမာ မိုးအောက်မြေပြင်မှာ အထက်တန်းစိတ်နဲ့ စာမရီသွေး တို့ဗမာ" ဆိုသည့် ဝိုင်အမ်ဘီ ဆရာတင် ရေးဖွဲ့ခဲ့သည့် " တို့ဗမာ" သီချင်းထဲက စာသားလေးကို ယခုတလော ပြန်ကြားယောင်နေမိသည်။ သီချင်းစာသားထဲက ဗမာဆိုတာက ထိုခေတ်က အသုံးပါ။
" ကျွန်တော်တို့က NLD ကို မဲပေးမယ်၊ ဒါဆိုရင် NLD က ဘာပြန်ပေးမလဲ" ဆိုတဲ့ အမေးကို ဒေါ်အောင်ဆန်းစုကြည်က " အဲဒီလို သူများဆီက ပေးကမ်းတာကို မျှော်လင့်နေရတဲ့ ဘဝတွေကလွတ်အောင် လုပ်ပေးမှာလို့ ဖြေတာ ကြားလိုက်ရတာ ကြက်သီးများတောင် ထမိပါသည်။ ဒါ့အပြင် ဘယ်အစိုးရကိုမှ ပုံပြီး မအပ်နဲ့ အစိုးရဆိုတာ ပြည်သူခိုင်းတာ လုပ်ရမှာ။ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချူပ် အစိုးရဖြစ်လာရင်လည်း ပြည်သူအတွက် လုပ်ပေးဖို့ ခိုင်းပါ၊ အစိုးရကို ပြည်သူက ခိုင်းရမှာ ဟု စည်းရုံးရေးခရီးစဉ်မှာ ပြောကြားလေသည်။
တကယ်တော့ မြန်မာလူမျိုးတွေဟာ ဉာဏ်ရည်ထက်မြက်ပြီး အကင်းပါးကြသည်။ တစ်ထွာပြက တလံမြင်တတ်ကြသည်။ မျိုးချစ်စိတ်ရှိပြီး ဇာတိဂုဏ် မျိုးရိုးဂုဏ် ထယ်ထယ်ဝါဝါ ဖြင့် မာန်ကြီးသူများ ဖြစ်ကြသည်။ ထိုင်းလူမျိုးတွေက မြန်မာလူမျိုးဆိုက အထင်ကြီးသည်။ သူတို့ထက် ထက်မြက်မှန်း ပါးနပ်မှန်း သိကြသည်။ စနစ်မကောင်း၍ မြန်မာပြည်ကလူတွေ သူတို့ဆီ အောက်ခြေသိမ်းက အစ လာလုပ်နေပေမယ့် နဲနဲတော့ စိုးရွံ့ကြသည်။ မြန်မာဆိုပါက နှိမ်သည်ဟု အချို့ ပြောသလို နှိမ်ခံရသည့်သူတွေလည်း အထိုက်အလျှောက် ရှိပါသည်။ အထောက်အထားမရှိပဲ ရွှေ့ပြောင်းရောက်လာသည့် အတွက် အလုပ်ရှင် မျက်နှာ ကြည့်နေရသည့် သူတွေ ရှိသလို ပါးပါးနပ်နပ် လုပ်တတ်ကိုင်တတ်၍ အလုပ်ရှင်က မိသားစုလို ဆက်ဆံတာလည်း ရှိပါသည်။ ကျမ မြင်တွေ့ဖူးသမျှ မြန်မာ အလုပ်သမားတွေ အများစုကတော့ အလုပ်ရှင်က အင်မတန် အားကိုးပြီး မြန်မာပြည်ပြန်သွားမှာကိုပင် စိုးရိမ်နေတာတွေ့ရလေသည်။ တချို့ဆိုင်ရှင်တွေဆိုပါက အဂ်လိပ်စကား မပြောနိုင်၊ မြန်မာအလုပ်သမားတွေက ဈေးရောင်းဈေးဝယ်ကတော့ ထမင်းစားရေသောက် ပြောနိုင်သည်။ ဈေးသည်တစ်ယောက်ဆိုလျင် မင်းတို့ မြန်မာတွေက တို့လူမျိုးတွေထက် အင်္ဂလိပ်လို ပို ပြောတတ်ကြတယ်လို့ ဆိုသည်။ ထိုင်းလူမျိုး ပညာတတ် အထက်တန်းလွှာ အသိုင်းအဝန်းတွေမှာ အင်္ဂလိပ်လို မွှတ်နေအောင် ပြောတတ်တာ မဆန်းပေမယ့် သာမန်လူတန်းစား၊ ဈေးသည် ဆိုင်ရှင်တိုင်း အင်္ဂလိပ်လို မပြောတတ်ကြပါ၊ မြန်မာလူမျိုးတွေက မူလတန်းအဆင့်လောက်တက်ခဲ့ပြီး တဖက်နိုင်ငံ အလုပ်လုပ်နေတာတောင် ဟဲလို နေကောင်းလား ဘာယူမလဲ ဘယ်ဈေးပါ ဘာအရောင်ရှိတယ် မရှိဘူး၊ မလျှော့ဘူး၊ ကျေးဇူးတင်ပါတယ် အဲလောက်ကတော့ အသာလေးပင်၊ ဒါ့ကြောင့် သူတို့က မြန်မာတွေက လူတိုင်းလိုလို အင်္ဂလိပ်လို ပြောနိုင်တယ်လို့ အထင်ကြီးတာ ဖြစ်သည်။
စစ်အာဏာရှင်လက်ထက် ပြည်သူတွေ ဆင်းရဲ ဒုက္ခရောက်ပြီး တဖက်နိုင်ငံမှာ အလုပ်သွားလုပ်ကြသည့်အခါ အနှိမ်ခံခဲ့ရသည့် ကြားက မြန်မာတို့ရဲ့ အကင်းပါးမှု ဂုဏ်သိက္ခာရှိမှု စတာတွေကြောင့် သူတို့က ခိုင်းနေရပေမယ့် သူတို့က ပြန်ပြီး အားကိုးနေရသည့် အခြေအနေမျိုး ဆိုက်လာရသည်။ မြန်မာအလုပ်သမားတွေ ပြန်သွားပါက သူတို့အလုပ်တွေ အခက်တွေ့မယ်ဆိုတာ သိလာကြသည်။ မြန်မာလူမျိုးတွေက အစိုးရမကောင်းလို့ အုပ်ချုပ်တဲ့ စနစ်ကြောင့် အခုလို နေနေရတာ၊ စနစ်သာကောင်းလို့ကတော့ ထိပ်တန်းပဲ ဆိုတာ သူတို့ သိကြသည်။ ၂၀၁၀ခုနှစ် ရွေးကောက်ပွဲ အပြီး မြန်မာနိုင်ငံ ဒီမိုကရေစီစနစ်ဆီ ကူးပြောင်းတော့မည်ဟု ဆိုသောအခါ ထိုင်းလူမျိုးတွေ မျက်စေ့တွေ နားတွေ ဖွင့်ထားကြသည်။ မူလတန်း ကျောင်းတွေမှာ မြန်မာစာကို ထဲ့သွင်းသင်ကြားလာသည်။ တက္ကသိုလ်တွေမှာ မြန်မာဘာသာကို ထဲ့သွင်းလာကြသည်။ သတင်းဌာန၊ အသံလွှင့်ဌာနတွေမှာ သတင်းသမားတွေကို ရန်ကုန် နိုင်ငံခြားဘာသာတက္ကသိုလ်ကို ပို့လွှတ်ပြီး မြန်မာဘာသာကို သင်ယူစေရာ ယခုဆိုသော် သတင်းဌာနတိုင်းမှာ မြန်မာလို ရေးတတ် ဖတ်တတ်ပြီး မြန်မာလူမျိုးတစ်ယောက်ကဲ့သို့ စကားပြောနိုင်သည့် ဝန်ထမ်းတွေ အသင့်ရှိနေပေပြီ။ မြန်မာကို ယှဉ်ပြိုင်နိုင်ဖို့ အသင့်ပြင်နေကြဟန်ရှိသည်။ အများပြောလေ့ရှိကြသည့် ထိုင်းတွေက မြန်မာကို ကြောက်တယ်ဆိုတာ မြန်မာစကားရဲ့ ကြွယ်ဝတဲ့ အနက်ကြောင့် အဓိပ္ပါယ် တမျိုး ဖြစ်နေတာဖြစ်သည်။ ကြောက်တယ်ဆိုတာ မကောင်းဆိုးဝါးကို ကြောက်သလို ကိုယ့်ကို နိုင်တဲ့သူကို ပြန်မလုပ်ရဲလို့ ကြောက်သလို အဲဒါမျိုးကို ပြောတာမဟုတ်၊ မြန်မာတွေ ရဲ့ အစွမ်းအစကို သိလို့ စိုးရိမ်မကင်းတဲ့ စိတ်နဲ့ တို့ကို ကျော်သွားမလား၊ သာသွားမလား ဆိုတဲ့ စိတ်ပင်ဖြစ်သည်။
ထိုင်းလူမျိုးတွေက တိုင်းတပါးသား အုပ်ချူပ်မှုအောက်မှာ မနေခဲ့ရသည့် အပြင် အုပ်ချူပ်သည့် ဘုရင်နှင့် အစိုးရအဆက်ဆက်က ပြည်သူကို ဦးထိပ်ထားသည့် သူတွေ ဖြစ်နေသည်။ ပြည်သူ့အတွက်ဆိုတာကို လုပ်ကိုင်ပေးသူတွေ ဖြစ်နေသည်။ ဒါ့ကြောင့် ထိုင်းပြည်သူတွေမှာ သဘာဝတရားအရ အပူအပင်ကင်းသည်၊ စိတ်ပိုင်းဆိုင်ရာ အေးဆေး လုံခြုံသည်။ ဘဝကို ဖြတ်သန်းရမှာ တွန်းတွန်းတိုက်တိုက် မရှိ၊ ဒါ့ကြောင့် အထိုင်အထ လေးသည်၊ မြန်မာတွေက လွတ်လပ်ရေးကိုပင် တိုက်ယူထားရသည်။ လိုချင်တာကို တွန်းတွန်းတိုက်တိုက် ယူရသည်။ ဇွဲရှိသည်။ ဘဝတွေ ကြမ်းတမ်းကြသည်။ စစ်အာဏာရှင်လက်ထက်မှ စကာ ကမ္ဘာပေါ်ရှိ နိုင်ငံများအနက် ဘယ်နိုင်ငံမှာမှ မရှိသည့် ကျောင်းသားတွေ လက်နက်စွဲကိုင်ခဲ့ရသည့် ကျောင်းသားတပ်မတော်ဆိုတာ မြန်မာမှာပဲ ရှိသည်။ မဟုတ်မခံ၊ တွန်းလှန်စိတ် အပြည့်ရှိသည်။ မြန်မာလူမျိုးတွေရဲ့ ပင်ကိုယ်မူလက တော်ပြီးသား အခံရှိရာ စနစ်သာကောင်းသွားပါက ဆိုဖွယ်ရာ မရှိဟု တွက်ထားပုံရသည်။
မြန်မာအလုပ်သမားတွေက ပစ္စည်း ငါးမျိုး အထက် ဆယ်မျိုး မကဝယ်လည်း တန်ဘိုးတွက်တာမှာ စိတ်တွက်နှင့် ဖျတ်ကနည်း တွက်နိုင်သည်။ ပစ္စည်းတွေကို အိတ်ထဲထဲ့ပေးရင်း ကျသင့်တန်ဘိုးကို ဇာတ်ကနည်း တောင်းယူနိုင်သည်။ ထိုင်းလူမျိုးတွေက နှစ်ခုလောက်ဝယ်သည်နှင့် ဂဏန်းပေါင်းစက်နှိပ်ရသည်။ တစ်ရာနှင့် နှစ်ရာပေါင်းတာပင် ဂဏန်းပေါင်းစက် သုံးတာ ကိုယ်တွေ့ ကြုံဖူးသည်။ မြန်မာတွေက အတတ်မြန်သည်၊ ခေါင်းဆောင်နိုင်သည်၊ ဦးဆောင်နိုင်သည်၊ တချို့ ဆိုင်တွေ ဆိုပါက မြန်မာအလုပ်သမားကို ဦးဆောင်စေသည်။ ဒါတင်မက ဆောက်လုပ်ရေး လုပ်ငန်းခွင်တွေ ၊ ရေလုပ်ငန်းတွေမှာ မြန်မာတွေက ဦးဆောင်သည်။ ငွေရှိသည့် ထိုင်းလူမျိုးက ငွေစိုက်ယုံသာ၊ သို့သော် မြန်မာတွေက ဗိုလ်ချုပ်ပြောသလို တလွဲဆံပင်ကောင်းတာတွေ ရှိသည်။
ဒီရက်ပိုင်းမှာပဲ ထိုင်းနိုင်ငံကို လူကုန်ကူးနေတဲ့ အကြီးဆုံးဂိုဏ်းကို ဖမ်းမိတာမှာ ခေါင်းဆောင်တွေက မြန်မာတွေ ဖြစ်နေသည်။ ထိုင်းမှာ ငွေရှိသည့် ထိုင်းလူမျိုး သူဌေးတွေနှင့် ရင်းနှီးလာပြီး လူရည်လည်လာသည့် မြန်မာတွေက ထိုသို့ မြန်မာအချင်းချင်းအပေါ် လူလည်လုပ်တတ်ကြသည်။ ထိုင်းစကားကျွမ်းကျွမ်းကျင်ကျင်တတ်ပြီး အလုပ်ရှင်နှင့် အပေးအယူမျှလာကာ သူတို့က မြန်မာအလုပ်သမားခေါ်လာ၊ ငွေကြေးတွေ အမြတ်ထုတ်ယူ၊ အချင်းချင်းနှိပ်ကွပ် ဒီလိုလုပ်ကြသည်။ တချို့ဆိုက ထိုင်းအလုပ်ရှင်က ဘာမှမသိ၊ မြန်မာအချင်းချင်း လူလည်လုပ်တာဖြစ်သည်။ ထိုင်းအလုပ်ရှင်နှင့် တိုက်ရိုက် အလုပ်လုပ်ကြသည့်သူတွေက အဆင်ပြေတာများပါသည်။
မြန်မာပြည်မှာ ပုစွန်ထုတ်ကို လတ်လတ်ဆတ်ဆတ်ဖြစ်အောင် မဲနယ်လို ဆေးတွေ ထိုးကြသည်ဟု ကြားဖူးပြီး ထိုင်းမှာတော့ အစားအသောက်နှင့် ပတ်သက်ပါက ထိုသို့ မလုပ်ဟု သိရ၍ စိတ်ချနေရာမှ တခါမှာ ပုစွန်ထုတ်တွေ ကြည့်ရသည်မှာ ပုံမှန်မဟုတ်ဟု ထင်ပေမယ့် သံသယမဖြစ်မိ။ မကြာပါ၊ တာဝန်ရှိသူတွေက ရေထွက်ပစ္စည်းတွေ စစ်ဆေးရာမှာ ဂဏန်းတွေမှာ မပုပ်အောင် ဖော်မလင်ထိုးထားတာ၊ ပုစွန်ထုတ်တွေ စိမ်းညို့နေအောင် စိမ်းပြာနေအောင် မဲနယ်ဆိုးတာ စတာတွေ ဈေးကွက်မှာ တွေ့ရတဲ့အတွက် ထိုင်းလုပ်ငန်းရှင်တွေကို ပြင်းပြင်းထန်ထန် အရေးယူသည့် သတင်းတွေ တက်လာသည်။ ထိုင်းရေလုပ်ငန်းရှင် တချို့ အပြောက သူတို့ အလုပ်သမားတွေက မြန်မာပြည်မှာ ဒီလိုလုပ်တယ် ဒီလိုလှအောင် ကြာကြာခံအောင် ဒီလိုလုပ်လို့ အကြံပေးလို့ လုပ်မိပါသတဲ့၊ ဘယ်လိုပဲဖြစ်ဖြစ် အရေးယူတော့ သူတို့ပဲ အရေးယူခံရတာပါ။ မြန်မာတွေက အဲလိုပါ၊ ထိုင်းတွေကို ဒီလိုနည်းတွေ သင်ပေးတတ်ပါသေးသည်။ ၂၀၁၀ နောက်ပိုင်းမှာ မြန်မာနိုင်ငံက လမ်းပွင့်သွားပြီး ထိုင်းလူမျိုးတွေ မြန်မာပြည်ကို ဘုရားဖူးလာကြသည်။ ရွှေတိဂုံ၊ ကျိုက်ထီးရိုး ဖူးကြသည်။ အချင်းချင်းလည်း မေးကြသည်။ မြန်မာပြည် ရောက်ပြီးပြီလား၊ ရွှေတိဂုံဖူးပြီးပြီလားတဲ့၊ မြန်မာပြည်ကို ရောက်ဖူးသူများလာသည်။ တရက်မှာ မိတ်ဆွေ မိန်းကလေးတစ်ယောက် လမ်းမှာ မော်တော်ပီကယ် စစ်တာနှင့် ဆုံသည့် အကြောင်း ၊ အခု မော်တ်ာပီကယ်တွေက မြန်မာပြည်ကို ရောက်ဖူးပြီး မြန်မာပြည်က မော်တော်ပီကယ်တွေကို အတုခိုးလာသလား မသိဘူးတဲ့ဟု ဆိုလေရာ ဘာဖြစ်လို့လဲ မေးတော့ မော်တော်ပီကယ်တွေက သစ်ပင်အနောက်မှာ ပုန်းနေကြပြီး ဦးထုပ်မဆောင်းတဲ့ လူတွေ့မှ ထွက်လာပြီး တားတယ်တဲ့ ၊
သူ့အပြောကို ရယ်ရသည်။ တလက်စထဲ မကောင်းတာဆို မြန်မာတွေဆီက လာတယ် မထင်ပါနဲ့အေလို့ ပြောရသေးသည်။
လတ်တလော ထိုင်းနိုင်ငံရှိ မြန်မာအလုပ်သမားတွေကို သူတို့ အလုပ်ရှင်တွေ မေးကြတာက ဒေါ်အောင်ဆန်းစုကြည် အစိုးရဖြစ်ရင် ပြန်ကြမှာလားတဲ့။
မြန်မာပြည်သူလူထုမှာ စစ်အစိုးရလက်ထက် ဆင်းရဲမှုကို မိမိဘာသာ ရုန်းကန်ကျော်ဖြတ်ရင်း ငွေကို ရရင်ရသလို ရှာကြရာက ဟိုလူ့ဆီက အခွင့်အရေးလေး ရနိုး၊ ဒီလူ့ဆီက အကျိုးအမြတ်ရနိုး ရပေါက်ရလမ်းကို မျှော်ကြရသည်။ ထိုအကျင့်တွေ နှစ်ပေါင်း ငါးဆယ်ကျော် စွဲကပ်လာရာ ဘာပေးမှ ဘာလုပ်မည် အပေးအယူတွေ ဖြစ်လာသည်။ ဆန်ပေးမှဆီရ ဆိုတာကို လက်သုံးစကားလုပ်ပြီး လုပ်ထုံးလုပ်နည်းအမှန်ဟုပင် ယူဆလာကြသည်။ သူတပါးဆီက ပေးကမ်းတာကို လက်ဝေခံရင်း သူတပါးထံက မျှော်ကိုးသည့် အကျင့်တွေ ဖြစ်လာသည်။
ထိုကဲ့သို့ သူတပါးထံက မျှော်ကိုးပြီး ရလာတာမျိုးမဟုတ်ပဲ ပြည်သူတွေ အေးဆေးစွာ မတောင့်မတ နေရသည့် ဘဝတွေကို ရောက်အောင် လုပ်ပေးနိုင်မည့် အစိုးရကို ပြည်သူတွေ ရွေးချယ်မှ ဖြစ်မည်။ ပြည်သူတွေကို ဆင်းရဲတွင်းကနေ ဆွဲထုတ်ပေးနိုင်မည့် အစိုးရမျိုး မြန်မာပြည်သူတွေအတွက် လိုအပ်နေပေပြီ။ ဇာတိသွေး ဇာတိမာန် အပြည့်ရှိသည့် မြန်မာ၊ သခင်မျိုးဟေ့ တို့ဗမာ လို့ ကြွေးကြော်ခဲ့ကြသည့် မြန်မာ၊ စိန်မှန်ကင်း အစစ်ဖြစ်သည့် မြန်မာတွေသည် ခေတ်အဆက်ဆက် သခင်သာဖြစ်ချင်ခဲ့ကြတာ ဖြစ်သည်။ သခင်စိတ်သာရှိသည်။ ပြည်သူသာသခင် ပြည်သူသာဘုရင် ဖြစ်ရမည့် ခေတ်စနစ်ဆီသို့ အရောက်သွားကြရအောင်၊ သူများပေးတာကမ်းတာ သူများဆီက မျှော်လင့်နေရတဲ့ ဘဝတွေကလွတ်အောင် လုပ်ပေးမည့်သူကိုသာ ရွေးချယ်လိုက်ကြပါစို့လို့ ဆိုချင်ပါသည်။
ခိုင်ခိုင်စောလွင်

No comments:

Post a Comment