April 3, 2016

" ဘဝစေရာ ဘဝ ခြေရာ'၄-၄- ၂၀၁၆ခုနှစ် ဒီလှိုင်းစာစောင် အတွဲ(၅) အမှတ်(၁၄) မှ


အမျိုးသားဒီမိုကရေစီ အဖွဲ့ချူပ် အစိုးရအဖွဲ့အတွက် ရွေးချယ်ထားတဲ့ ဝန်ကြီးစာရင်းတွေ လွှတ်တော်မှာ ကြေညာအပြီး နောက်ခံပညာရေးတွေ အကြောင်း ငြင်းကြခုန်ကြတာ ဖတ်ရလေသည်။ ဆယ်တန်းအောင်တာ မအောင်တာ ဘွဲ့ရဟုတ်တာ မဟုတ်တာ စတာတွေ အတုအယောင်၊ ကျောင်းအကြောင်းတွေ ဖတ်ရရင်းက ကျောင်းပြင်ပ ပညာရေးအကြောင်း ရေးချင်လာမိသည်။ အထူးသဖြင့် တဖက်နိုင်ငံကို ရောက်ရှိနေကြသည့် ရွှေ့ပြောင်းမြန်မာအလုပ်သမားတွေနဲ့ သူတို့ရဲ့ သားသမီးတွေ အတွက် ပညာဆက်သင်နိုင်သည့် ပညာရေးလမ်းကြောင်း အကြောင်း ဖြစ်သည်။ မြန်မာလူငယ်ကလေးတွေ ခက်ခက်ခဲခဲ သင်ယူနေကြရသည့် အကြောင်းနှင့် နိုင်ငံတကာက အသိအမှတ်ပြုသောလည်း မြန်မာပြည်က အသိအမှတ်မပြုသည့် ပညာရေးစနစ်တခုအကြောင်း ပြောပြလိုစိတ် ဖြစ်မိပါသည်။
ထိုင်းနိုင်ငံမှာ အစိုးရအသိအမှတ်ပြု ကျောင်းပြင်ပ ပညာရေး စနစ် ( ကော စော နော်) ဆိုတာ ရှိပါသည်။ နောက်တခုက အမေရိကန် GED ဆိုတာ ကိုလည်း အသိအမှတ်ပြုထားပါသည်။ မြန်မာပြည်က ရောက်လာသည့် ကျောင်းပညာ ခါးဆက်ပြတ်နေသူတို့အတွက် ပညာဆက်သင်လိုက သင်ယူနိုင်သည့် စနစ်တွေ ဖြစ်ပါသည်။
မြန်မာပြည်ကနေ အကြောင်းအမျိုးမျိုးနဲ့ တဖက်နိုင်ငံကို ရောက်ရှိလာသူတွေထဲမှာ လူငယ်လေးတွေ များလာသည်။ ပြည်တွင်းမှာ ကျောင်းမနေနိုင်သည့် ကလေးတွေ များပြားလာသလို၊ ကျောင်းနေအရွယ်တွေ အလုပ်ထွက်လုပ်နေကြသလို၊ ပြည်ပကိုလည်း များစွာ ရောက်ရှိနေကြသည်။ တချို့က ဆယ်တန်းအောင်၊ တချို့ကား အလယ်တန်းအဆင့်အထိသာ တက်ရောက်နိုင်ခဲ့ပြီး ပညာဆက်မသင်နိုင်ပဲ မိသားစု စားဝတ်နေရေးအတွက် အလုပ်လုပ်ကြရလေသည်။
ထိုသို့သော လူငယ်များအတွက် အလုပ်လုပ်ရင်း ပညာဆက်လက်သင်ယူလိုက သင်ကြားနိုင်သည့် အခွင့်အရေးတွေ ထိုင်းနိုင်ငံမှာ ရှိလေသည်။ ကော စော နော် လို့ အတိုကောက်ခေါ်သည့် ပညာရေးစနစ်မှာက ထိုင်းဘာသာကို အရေး အပြော ပိုင်နိုင်မှ သင်ယူ ခွင့်ရမည်ဖြစ်သည်။ ထိုင်းပညာရေးက သတ်မှတ်ထားသည့် မူလတန်းမှ အထက်တန်း( ၁၂) တန်းအထိ နှစ်ရှည် တက်ရမည့် စနစ်အစား တဆင့်ကို (၂) နှစ်နှုန်းဖြင့် (၆) နှစ်တက်ကြရသည်။ (၆) နှစ်ဆိုက အချိန်ကြာလွန်း၍ ဆက်မတက်လိုက အလယ်တန်းအဆင့်အပြီးမှာ အသက်မွေးဝမ်းကျောင်းပညာရပ်ဖက်ကို ကူးပြောင်း သင်ယူနိုင်ခွင့် ရရှိပြီး အသက်မွေးဝမ်းကြောင်း ဆိုင်ရာ ပညာရပ်တခုခုဖြင့် ဒီပလိုမာ (သို့) တက္ကသိုလ် တက်ခွင့် ရမည်ဖြစ်သည်။ သို့သော် ထိုင်းစာအရေးအသားကို မြန်မာအတော်များများ အဆင်မပြေကြပြန်၊ ဘာသာစကားအခက်အခဲ ရှိကြပြန်သည်။ သို့အတွက် ထိုင်းမှာ အလုပ်လုပ်နေကြသည့် မြန်မာလူငယ်လေးတွေအတွက် GED ဆိုသည့် ပညာရေးလမ်းကြောင်း တခုကို တွေ့ရှိခဲ့ကြသည်။
General Education Development ဆိုသည့် အထက်တန်းအဆင့်ပညာရေး တတ်မြောက်ကြောင်း အသိအမှတ်ပြုလက်မှတ်ဖြစ်သည်။ ထိုစနစ်မှာ အမေရိကန်နိုင်ငံက စတင်ခဲ့ပြီး အမေရိကန်၊ ကနေဒါ ၊ ဟောင်ကောင် ၊ ကိုရီးယား၊ ထိုင်းနိုင်ငံ အပါအဝင် နိုင်ငံပေါင်းစုံက အသိအမှတ်ပြုလက်ခံပြီး တက္ကသိုလ်ဆက်တက်ခွင့်ပြုပါသည်။ ၁၉၄၂ခုနှစ်က စတင်ပြီး အမေရိကန်စစ်တပ်က အမေရိကန်ပညာရေးကောင်စီထံ စစ်သားတွေအတွက် ပညာဆက်သင်ခွင့်ရဖို့ တောင်းဆိုရာကနေ တက္ကသိုလ်ဆက်တက်နိုင်ဖို့ GED ပညာရေးစနစ် ပေါ်ပေါက်လာတာ ဖြစ်သည်။ စစ်သားတွေနဲ့ သင်္ဘောသားတွေ GED ဖြေဆိုအောင်မြင်ပြီးက တက္ကသိုလ်ဆက်တက်ကာ ဘွဲ့ရရှိပြီး အရပ်ဖက် အဖွဲ့အစည်းနဲ့ ဌာနဆိုင်ရာလုပ်ငန်းတွေမှာ အလုပ်ဝင်ရောက်လုပ်ကိုင်ခွင့် ရကြလေသည်။
ပြီးခဲ့သည့် အပတ်က ရေးခဲ့သည့် ဆောင်းပါးပါ Descendant of the Sun ကိုရီးယားရုပ်ရှင်ဇာတ်ကားမှာ ကာနယ်ဖြစ်သူ ဒုတိယမင်းသားကို တပ်က ပြန်ခေါ်သည့်အခါ သူ့ရဲဘော်တွေက ဝမ်းနည်း စိတ်မကောင်း ဖြစ်ကြသည်။ ထိုအခါ သူက စိတ်မကောင်း မဖြစ်ဖို့နဲ့ မင်းတို့ ဖတ်ဖို့ စာအုပ်တွေ ထားပေးခဲ့ကြောင်း၊ GED စာမေးပွဲ ဝင်နိုင်အောင် စာတွေဖတ်နေကြလို့ ထည့်ပြောသည့် ဇာတ်ဝင်ခန်း ကြည့်လိုက်ရသည်။ အလားတူပင် " ဒီမိုကရက်တစ် အစိုးရ၊ ဒီမိုကရက်တစ်ပညာရေး ၊ စစ်အာဏာရှင်အလိုမရှိနဲ့ ပြည်သူတွေ ဆန္ဒပြတဲ့ ပုံရိပ်တွေကို ရိုက်ပြထားတဲ့ endless Love ကိုရီးယားဇာတ်လမ်းတွဲမှာ အဓိက သရုပ်ဆောင် ဖြစ်တဲ့ ကျောင်းသူမိန်းကလေးမှာ အာဏာရှင် ချန်ဒူးဝှမ် အစိုးရရဲ့ ဖမ်းဆီးခံရပြီး လူငယ်အကျဉ်းထောင်ကို ပို့ခံရသည်။ စိတ်ဓါတ်မကျပဲ GED ဖြေဖို့ စာတွေ ဖတ်ကာ ထောင်တွင်းကနေ ဖြေဆို အောင်မြင်သွားတာ၊ ထောင်ကထွက်လာတဲ့အခါ ဥပဒေ အဓိကနဲ့ တက္ကသိုလ်ဆက်တက်ပြီး ဥပဒေပညာရှင် ဖြစ်သွားတဲ့ ဇာတ်လမ်းဇာတ်ကွက် ပါရှိတာ ကြည့်လိုက်ရသည်။
အဆိုပါ ပညာရေးစနစ်မှာ အင်္ဂလိပ်စာ အဓိက ဖြစ်ရာ မြန်မာကျောင်းသားတွေအတွက် အဆင်ပြေဆုံးလို့ သတ်မှတ်ခဲ့ကြသည်။ GED ပညာရေးစနစ်ဖြင့် မြန်မာပြည်က အလုပ်သမားလေးတွေ ပညာတပိုင်းတစကနေ တက္ကသိုလ် နောက်ဆုံးနှစ်အထိ ရောက်နေကြသူများ ရှိနေကြပါပြီ။ ထိုကျောင်းသားလေးများကို မွေးထုတ်ပေးခဲ့သည့် ကျောင်းကတော့ ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ရှိသည့် BEAM ကျောင်းဖြစ်လေသည်။ အရှည်ကတော့ Bridging Education Access to Migrants ( ရွှေ့ပြောင်းအလုပ်သမားများ ပညာရေးပေါင်းကူး အစီအစဉ်) ဖြစ်သည်။ ရွှေ့ပြောင်းအလုပ်သမားတွေထဲက ပညာဆက်မသင်ခဲ့ရပေမယ့် ပညာလိုလားသူများ၊ မတတ်သာ၍ အလုပ်လုပ်နေကြရသော်လည်း ကျောင်းပညာ ဆက်လက်သင်ယူလိုစိတ်ရှိသူများကို လက်ခံပြီး (၂) နှစ် လေ့ကျင့်ပေးလေသည်။ မြန်မာပြည်ကနေ အလယ်တန်းအဆင့် အောင်မြင်ထားသူများဆိုက အင်္ဂလိပ်စာ အခြေခံ ကောင်းရှိပြီးဖြစ်ရာ ကျောင်းသားအများစု အဆင်ပြေကြသည်။ အချို့ အခြေခံအားနည်းသူများကတော့ စာသင်နှစ်ပြီးဆုံးအောင် မတက်နိုင်ကြတော့ပဲ ကျောခိုင်းသွားကြပြန်သည်။ ထိုအထဲကမှ ကျားကုတ်ကျးခဲ ရသည့်အခွင့်အရေးကို အသုံးချကာ အောင်မြင်သွားသူ ( ၉၁) ဦးရှိပြီဖြစ်သည်။
ပထမနှစ်မှာ ဘာသာရပ်ဆိုင်ရာတွေကို မြန်မာဆရာ အများစုက အင်္ဂလိပ်လို သင်္ခန်းစာတွေကို မြန်မာလို ရှင်းပြကြပြီး ဒုတိယနှစ်အရောက်မှာတော့ မြန်မာဆရာများ လုံးဝမပါတော့ပဲ နိုင်ငံခြားသားဆရာများကသာ သင်ကြား ပို့ချပေးပါသည်။ ဓာတု၊ ရှုပ၊ သင်္ချာ သုံးဘာသာပေါင်းထားသည့် သိပ္ပံဘာသာ၊ သင်္ချာ၊ သမိုင်း ပထဝီ စီးပွားရေး ကို ပေါင်းစပ်ထားသည့် လူမှုရေးဘာသာ၊ အင်္ဂလိပ်စာ ( အရေး အဖတ် အပြော နားထောင်စွမ်းရည်) အစရှိသည့် ဘာသာရပ်တွေ သင်ကြရသည်။ စာသင်နှစ် (၂) နှစ်ကုန်ဆုံးပြီး GED ဖြေဆိုနိုင်ရန် အသင့်ဖြစ်သော ကျောင်းသားများကို ရွေးချယ် ဖြေဆိုစေလေသည်။ စာမေးပွဲ ဖြေဆိုခက တဘာသာကို ဒေါ်လာ(၅၀) ဖြစ်သည်။ ထိုစာမေးပွဲကြေးကို ယခင်က ကျောင်းက ထုတ်ပေးနိုင်သော်လည်း ဘတ်ဂျတ်အခြေအနေအရ နောက်ပိုင်းမှာ အလှုခံ ရလေသည်။ ကျောင်းက နိုင်ငံခြားသားဆရာများက သူတို့ မိတ်ဆွေ အသိုင်းအဝန်းများက တဆင့် အလှုခံပေး၍ ရတာလည်းရှိသည်။ ဝက်ဆိုဒ်တွေကနေ အလှုခံရတာလည်း ရှိပါသည်။
နိုင်ငံခြားသား ဆရာများမှာ မြန်မာကျောင်းသားတွေအတွက် လုပ်အားပေးဆရာများအဖြစ် လာရောက် သင်ကြားပေးကြလေသည်။ ဒါ့ကြောင့် လူငယ်တွေမှာ အင်္ဂလိပ်စကားကို ရေလည်စွာ ပြောတတ်ဆိုတတ်သွားကြသည်။ စာမေးပွဲဖြေရာမှာ ကွန်ပျူတာဖြင့်သာ ဖြေဆိုရသည့်အတွက် ကွန်ပျူတာကို ကောင်းမွန်စွာ အသုံးပြုသွားနိုင်သည်။ အနည်းဆုံး အင်္ဂလိပ်စကားနှင့် ကွန်ပျူတာ ကွမ်းကျင်တတ်မြောက်သွားကြတာချည်းဖြစ်သည်။
BEAM ကျောင်းကို စတင်ထူထောင်ပြီး ထောက်ပံ့ပေးနေသည့် Mr. Bill Harrison ဆိုသူမှာ အသက်ကြီးပြီဖြစ်သော်လည်း ပိန်ပိန်ပါးပါး သွက်လက်သည့်ဟန်နှင့် ရိုးရှင်းစွာ နေထိုင်တတ်ပုံရသည်။ သူက အငြိမ်းစား ဘဏ်မန်နေဂျာ တယောက်ဖြစ်ပြီး သူ့မိတ်ဆွေတွေရဲ့ ပူးပေါင်းကူညီမှုတွေနဲ့ ထောက်ပံ့တာဖြစ်သည်။ ထိုင်းနိုင်ငံကို ရောက်ရှိ အလုပ်လုပ်နေကြရပြီး အတန်းပညာမပြီးဆုံးသေးသည့် မြန်မာလူငယ်လေးတွေအတွက် ကျောင်းတကျောင်း ဖွင့်ပြီး ပညာဆက်လက် သင်ကြားနိုင်ဖို့ အကောင်အထည်ဖော်ကြမည့် မြန်မာလူငယ်ကလေးတွေနှင့် တွေ့ဆုံရာက BEAM ကျောင်း ပေါ်ပေါက်လာခဲ့ရလေသည်။ အတိအကျဆိုရသော် ဆူနာမီဖြစ်စဉ်ကနေ စခဲ့ကြသည် ဆိုက မမှား၊ ၂၀၀၄ခုနှစ် ဒီဇင်ဘာလမှာ ဆူနာမိဖြစ်စဉ် ဖြစ်ပြီး ကယ်ဆယ်ရေးလုပ်ငန်းများလုပ်ကိုင်ဖို့ရာ ထိုင်းနိုင်ငံ ဖူးခက် ကို ရောက်ရှိလာသည့် မစ္စတာ ဘေလ် မှာ ထိုင်းနိုင်ငံမှာ အောက်ခြေသိမ်း အလုပ်တွေကစလို့ လုပ်ငန်းအမျိုးမျိုးမှာ လုပ်ကိုင်နေကြရတဲ့ မြန်မာအလုပ်သမားတွေရဲ့ ဆင်းရဲလှတဲ့ ဒုက္ခ အဖုံဖုံကို မျက်မြင်ကိုယ်တွေ့ သိရှိသွားရာက ဒုက္ခအဖုံဖုံ ကြုံနေရသည့် မြန်မာအလုပ်သမားတွေကို ဘယ်လို ကူညီပေးရမလဲ အကြံ ဖြစ်ပေါ်သည်တဲ့၊ ထိုအခါ အလုပ်သမားအရေးဆောင်ရွက်ပေးနေသည့် လူငယ်လေးတယောက်နှင့် ရင်းနှီးကျွမ်းဝင်သွားကြသည်။ ထိုလူငယ်ကနေတဆင့် ကျောင်းနေအရွယ် အလုပ်သမားတွေကို ပညာဆက်သင်ပေးလိုသည့် လူငယ်များနှင့်ဆုံကြကာ BEAM ကျောင်းဆိုတာကို စနိုင်ခဲ့ကြသည်။ ၂၀၁၀ခုနှစ် လွတ်လပ်ရေးနေ့က စပြီးထူထောင်ခဲ့ကြသည့် အဆိုပါကျောင်းမှ အတန်းပညာ အပြင် ၊ အသက်မွေးဝမ်းကျောင်းပညာ ဖြစ်သော စက်ချူပ်၊ ကွန်ပျူတာ စာစီ စာရိုက်နှင့် အခြားကွန်ပျူတာ အသုံးပြုပုံတို့ကို သင်ကြားပေးလေသည်။
စုစုပေါင်း ကျောင်းသား(၈၀၀) ကျော်ကို မွေးထုတ်ပေးခဲ့ပြီး GED အောင်သူ (၉၁ ) ယောက်မှာ တက္ကသိုလ်အထိ (၅၄) ယောက် ပို့ဆောင်ပေးနိုင်ခဲ့လေသည်။ ထိုင်းတက္ကသိုလ်အသီးသီးက အမေရိကန် GED ကို အသိအမှတ်ပြုထားသည်။ ကျောင်းသားများမှာ အမေရိကန်တက္ကသိုလ်၊ ထိုင်ဝမ်တက္ကသိုလ် တို့ကို တက်ရောက်ခွင့်ရသော်လည်း ငွေရေးကြေးရေး အခြေအနေနှင့် အခြားသော လိုအပ်ချက်များကြောင့် မသွားရောက်ကြပဲ ထိုင်းတက္ကသိုလ်တွေဆီသာ တက်ရောက်ကြရခြင်းဖြစ်လေသည်။
" မြန်မာပြည်မှာ စားစရာမရှိ၊ အလုပ်အကိုင်မရှိတဲ့အတွက် သူများတိုင်းပြည်မှာ အိမ်ဖော်လာလုပ်ရတယ်၊ အခု စက်ချူပ်တတ်ပြိဆိုတော့ ကိုယ့်ဘာသာ လုပ်နိုင်ပြီ၊ သူများခိုင်းဖတ်ဘဝကနေ လွတ်နိုင်ပြီ" လို့ အသက်မွေးဝမ်းကျောင်း သင်တန်းဆင်းပွဲနေ့က မိန်းကလေး တယောက်ရဲ့ မျက်ရည်ဝဲရင်း ပြောလိုက်တဲ့ စကားကို ကြားယောင်မိသည်။
သူများအိမ်မှာ အိမ်ဖော်လုပ်ရင်းက အိမ်ရှင်ယောင်္ကျားဖြစ်သူရဲ့ ရန်ကို ရှောင်ရှားရင်း ဒီဘဝက ဘယ်လိုရုန်းထွက်ရမလဲ စဉ်းစားနေရတဲ့ ရှမ်းတိုင်းရင်းသူလေးမှာ သူနာပြုဆေးပညာ ဘာသာရပ်နဲ့ တက္ကသိုလ်တက်ခွင့် ရသွားလေပြီ။ စားသောက်ဆိုင်တဆိုင်မှာ ပန်းကန်ဆေးရင်းက ကျောင်းပညာဆက်သင်ဖို့ BEAM ကိုသိရှိရာမှ တနေကုန် အလုပ်ပင်ပန်းသော်လည်း မနားပဲ ညဖက်မှာကြိုးစားတက်၍ အောင်မြင်ခဲ့သည့် ကချင် တိုင်းရင်းသူလေးလည်း တက္ကသိုလ် တတိယနှစ်ပင် ရောက်လို့နေပြီ။ GED အောင်ပြီးသူတိုင်းလည်း တက္ကသိုလ်မတက်နိုင်ပါ၊ အခက်အခဲများစွာကို ကျော်ဖြတ်ရပြန်သည်။ စကောလာကို အားကိုးရသည်။ စကောလာပေးသည့် အဖွဲ့ အများစုက မြန်မာပြည်နိုင်ငံရေးအခြေအနေအရ ပြည်တွင်းကို အားပြုသွားကြသည်။
ပြည်ပမှာက သန်းနှင့်ချီသော အလုပ်သမားတွေရဲ့ ကိစ္စတွေက ရှိနေသည်။ ယခုဆို ကျောင်းနေအရွယ် အလုပ်သမားတွေရဲ့ ပညာရေးကိစ္စတွေမှာ အခက်အခဲတွေရှိလာသည်။ လူငယ်တွေအတွက် လတ်တလောကြုံနေရသည်က တက္ကသိုလ်တက်ရန် အထောက်အပံ့ဖြစ်သည်။ သူတို့လုပ်အားခဖြင့် ဘယ်လိုမှမတက်နိုင်ပါ။ ရည်မှန်းချက်ရှိသော်လည်း ဘတ်ဂျက်ကမရှိ၊ သို့သော် ကူညီချင်သည့် ဆရာအချို့ကြောင့် ပညာသင်ပေးရင်း ခရီးဆက်နေကြရသည်။ အများစုက လုပ်အားပေးသက်သက်၊ စေတနာ့ဝန်ထမ်းတွေဖြစ်ကြသည်။
တနေ့ကပဲ GED ဖြေဆိုမည့် ကျောင်းသားတယောက်က မေးပြောပြောသည်။ GED ဖြေဖို့ တဘာသာကို ဒေါ်လာ(၅၀) နှုန်းနဲ့ ငါးဘာသာအတွက် ဒေါ်လာ(၂၅၀) ကို ကျောင်းက ရှာဖွေပြီး ထောက်ပံ့ပေး၍ တော်ပါသေးသည်။ တက္ကသိုလ်တက်ဖို့ အဆင်မပြေက ပညာရေး အဆုံးသတ်သွားမှာ စိုးရိမ်မိသည်တဲ့၊ တကယ်လို့များ မြန်မာပြည်မှာ GED ကို အသိအမှတ်ပြုခဲ့ပါက မြန်မာပြည်က တက္ကသိုလ်တခုခုမှာ ပြန်တက်ခွင့်ရပါက သူ့အတွက် အဆင်ပြေပါလိမ့်မယ်လို့ ဆိုလေသည်။
ကျောင်းသူတယောက်ကတော့ အစိုးရသစ်အပြောင်းအလည်းမှာ သူတို့ရဲ့ ပညာရေးကို အသိအမှတ်ပြုရင် သိပ်ကို ကောင်းမှာပဲလို့ မျှော်လင့်နေကြောင်း ပြောပြန်သည်။ အဆိုပါ GED အောင်ပြီးသော ကျောင်းသားများအားလုံးမှာ အင်္ဂလိပ်လို ကျွမ်းကျွမ်းကျင်ကျင် ပြောနိုင် ရေးနိုင်ကြတာကတော့ ပြည်တွင်းက အထက်တန်းအဆင့် ထက်သာလွန်ကောင်းမွန်တာ မြင်တွေ့ရပါသည်။
တက္ကသိုလ်တက်နေကြသည့် ကျောင်းသားတွေထဲကမှ တချို့ကို " မင်းတို့ ဘွဲ့ရပြီးရင် မြန်မာပြည်အတွက် အကျိုးရှိတဲ့ နေရာတွေမှာ ပြန်လုပ်ပေးနိုင်ကြမလား" အမေးကို " လုပ်နိုင်ကြပါတယ်" လို့ ဖြေကြသည်။ တချို့က အနည်းဆုံး သူတို့ရဲ့ တိုင်းရင်းသားဒေသမှာ ပြန်ပြီး အေးအေးချမ်းချမ်း နေထိုင်ခွင့်ရရင် ပြန်လုပ်ပေးနိုင်တာ လုပ်ပေးချင်ကြတယ်လို့ ပြောကြလေသည်။
သူတို့လေးတွေရဲ့ ဘဝတွေကို သိရတဲ့အခါ အဆိုတော် ခင်ဝမ်းသီဆိုထားတဲ့ " ဆယ်လ်မွန်ငါးတို့ အပြန်"သီချင်းထဲက " ဦးဆောင်သူစေရာ ယုံကြည်စွာလိုက်ခဲ့မယ် " ဆိုတဲ့ စကားကို အထပ်ထပ် ကြားနေမိလေသည်။
" ပြန်ချိန်လည်း ဆုံးဖြတ်ခိုင်မာစေ.... ရာသီလည်း တွက်ချက်မှန်ကန်စေ၊ စိတ်တူရာခိုဝင် ပြည့်စုံချိန် ပြန်ခဲ့မယ်တဲ့ ငယ်ရွယ်စဉ် ရှာဖွေစွန့်ခဲ့ပြီ မိုးဦးရေဆန် မိုးဦးရေဆန် ဆယ်လ်မွန်ငါးတို့အပြန် အပြန် အပြန် အပြန် ဆယ်လ်မွန်ငါးတို့အပြန် ၊ "
အဆိုပါ လူငယ်တွေနှင့် စကားပြောဖြစ်ရင်းက သူတို့ ကြိုးစားခဲ့ရသည့် ကြမ်းတမ်း ခက်ခဲသည့် အတိုင်းအတာကို သိရှိရပြီး ယခင် အစိုးရအဆက်ဆက် မျက်ကွယ်ပြုထားသည့် ပြည်ပရောက် ရွှေ့ပြောင်းအလုပ်သမားတွေရဲ့ ပညာရေးလမ်းကြောင်း ဖြောင့်ဖြူးလိုသည့် စိတ်ဆန္ဒများစွာ ဖြစ်ပေါ်လာမိပါသည်။
ခိုင်ခိုင်စောလွင်

No comments:

Post a Comment