October 31, 2016

" မှ....... တဆင့်" ၃၁ရက် အောက်တိုဘာလ ၂၀၁၆ခုနှစ် ဒီလှိုင်းစာစောင် အတွဲ(၅) အမှတ်(၄၂)မှ

" မှ..... တဆင့်"

                              
                  " အချစ်အကြောင်းပြောကြရအောင်" ရုပ်ရှင်ကို မနေ့ကမှ ကြည့်ဖြစ်လိုက်သည်။ တစ်နာရီနဲ့ မိနစ်နှစ်ဆယ်ခန့်သာ ကြာမြင့်ပေမယ့် ကြည့်ပြီးတဲ့နောက် မှတ်သားလိုက်နာစရာတွေ  ရလိုက်လေသည်။ ဗီဒီယိုဇာတ်လမ်းပေမယ့် ရုပ်ရှင်ကားကြီး တကားစာနီးပါး ဆွဲဆောင်မှုရှိလေသည်။ မူရင်းကိုက စာရေးဆရာမ မစန္ဒာရဲ့ ဝတ္ထုတို (၃)ပုဒ်ကို ပေါင်းရိုက်ထားတာ ဖြစ်လေတော့ ဆိုဖွယ်ရာမရှိ။ စာရေးဆရာမ မစန္ဒာရဲ့ ဝတ္ထုတိုင်းလိုလိုက  မြန်မာ့လူမှုဘဝသရုပ်တွေကို ပုံဖော်ထားတာချည့်မို့လား။  ဒီကားကို ရိုက်သည့် ဒါရိုက်တာက သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ " စာကြွင်း" ဆိုကာ အခုလို ရေးထားသည်။

                  "အချစ်အကြောင်းပြောကြရအောင်"
လို့ နာမည်ပေးခဲ့တဲ့ အဲဒီဝတ္ထုတိုသုံးပုဒ်စုစည်းမှု ဇာတ်ကားရဲ့ အဓိက ပေးချင်တဲ့ မက်ဆေ့ခ်ျ က
" အမျိုးသားပြန်လည်သင့်မြတ်ရေး၊ ပြည်တွင်းစစ်ရပ်စဲရေး"
ပါပဲ။ အချစ်အကြောင်းပြောကြရအောင်
မောင်နှမ ညီအကိုတွေ ရန်မဖြစ်ကြပါနဲ့တော့လို့ ပြောခဲ့တာပါ။
ချိုတူးဇော်
                              မြန်မာဗီဒီယိုဇာတ်လမ်းတွေ မကြည့်တာ ကြာပါပြီ။ ရုပ်ရှင်လည်း ထို့အတူ၊ အရင်ကမကြည့်တာက ဝန်ထမ်းအလုပ်၊ အိမ်အလုပ်နဲ့ မအားလပ်တာမို့ မကြည့်ဖြစ်တာဖြစ်ပြီး အားလပ်တဲ့ အခါကျပြန်တော့ အချိန်ပေးပြီး ကြည့်လိုက်ပေမယ့် ဘာတခုမှ အသိပညာမရ၊ ဟေးလေးဝါးလေး ဇာတ်သိမ်းသွားတာမျိုး၊ ဒေါသတွေ အော်ဟစ်ဆူညံတာတွေချည်းမို့ စိတ်ညစ်ကာ ဆက်ပြီး မကြည့်ဖြစ်တော့တာဖြစ်သည်။  မအားလပ်တဲ့ အချိန်တုန်းကမှ  ကိုယ်ကြိုက်သည့် ဒါရိုက်တာ၊ စာရေးဆရာ ဇာတ်ညွှန်းဆရာ ကားဆိုက အချိန်ပေးပြီး သွားကြည့်ဖြစ်သေးသည်။ ဗီဒီယိုဇာတ်လမ်းတွေလည်း အိမ်မှာတင် ကလေးတွေ ကြည့်နေတုန်း ဖြတ်သွားဖြတ်လာ ကြည့်ဖြစ်သည်။ သေသေချာချာ အချိန်ရတော့ မကြည့်ဖြစ်တော့ အကြောင်းက အရေမရအဖတ်မရ တွေများလှတာမို့ အချိန်ကုန်မခံတော့တာပင်။ သားသမီးတွေကိုပင် မြန်မာကားတွေ သိပ်မကြည့်နဲ့ အပြောအဆိုတွေ၊ အပြုအမူတွေ ရိုင်းလာလိမ့်မယ်လို့ ပြောမိရသည်အထိ။ တခါတရံ မီးဖိုချောင်ထဲမှာ ချက်ပြုတ်နေရင်း အော်ဟစ်သံတွေ ဆူဆူညံညံကြား၍ ဘယ်အိမ်က ရန်ဖြစ်သလဲ မေးရာ ဗီဒီယိုကြည့်နေကြတာတဲ့
                        လွန်ခဲ့တဲ့ အနှစ်(၂၀)ခန့် ဗီဒီယိုခေတ်ဦးကာလမှာကတည်းက ရမ်းကားဆူညံ ခိုးဆိုး သရုပ်ဖော်ဇာတ်ကားတွေ များစွာ အောင်မြင်ခဲ့လေသည်။ တောရောမြို့ပါ လူကြိုက်များ လူကြည့်များခဲ့ကြလေသည်။  တကားအောင်မြင်တော့ ဆက်ကာဆက်ကာ ရိုက်ကြရင်း မြန်မာ့လူမှုဘဝ၊ ယဉ်ကျေးမှု အနုပညာတွေကို သရုပ်ဖော်တာ အားနည်းလာပြီး လွန်လွန်ကဲကဲ ဆိုးသွမ်းမိုက်ရိုင်းပြတာတွေ သရုပ်ဖော်တာ ကဲလာခဲ့သည်။ မင်းသားကတော့ ဇာတ်လမ်းမှာ အစွမ်းကုန်မိုက်ပြီး ဇာတ်သိမ်းတော့ ကောင်းခြင်းနဲ့ သိမ်းလိုက်ပေမယ့် အတုယူခဲ့တဲ့ လူငယ်တွေအတွက်က ဇာတ်သိမ်းမကောင်းပါ။ လွန်ခဲ့သည့် အနှစ်(၂၀)က ဒီလို ဇာတ်လမ်းတွေနဲ့ ကြီးပြင်းခဲ့ရတဲ့ ကလေးတွေ ဒီကနေ့ အရွယ်ရောက်လာတဲ့အချိန် အဲဒိလို လူမှုစရိုက်တွေ ဖြစ်လာကြတာ အများအပြားဆိုတာ  ဒီကနေ့ အမှုအခင်းတွေကြည့်လိုက်တာနှင့် ရှင်းနေသည်။ လူငယ်တွေ ဒါးကိုင်သောင်းကျန်းတာ၊ ရပ်ကွက်ထဲ လူကြီးသူမက အမြင်မတော်လို့ ပြောတာကို ကိုယ်ထိလက်ရောက် ပြန်တုန့်ပြန်တာ စတာတွေကြည့်လိုက်ရင် ဗီဒီယိုဇာတ်လမ်းထဲက အပြုအမူတွေနဲ့ တထပ်တည်း ဖြစ်လို့နေသည်။
            မြန်မာ့ယဉ်ကျေးမှုလို့ ဆိုလိုက်တာနဲ့ တာဝန်ရှိသူတွေက ကြီးကြပ်လိုက်တာက ဘောင်းဘီမဝတ်ရဘူး၊ ပုဆိုးတိုက်ပုံဝတ်ရမယ်လို့သာ မြင်ကြသည်။ အဝတ်အစားမှာပဲ ယဉ်ကျေးမှုရှိတာမဟုတ်၊ ယဉ်ကျေးမှု၊ အနုပညာကို သေသေချာချာ မသိနားမလည်ပဲ လုပ်ခဲ့တဲ့အတွက် မြန်မာ့ယဉ်ကျေးမှုနဲ့ အနုပညာတွေ လူမှုဘဝတွေမှာ အတော်လေး အားချိနေပေပြီ။ ပြဇာတ်၊ စာပေ၊ ရုပ်ရှင်၊ ဂီတ တွေကတဆင့် ယဉ်ကျေးမှုတွေ စီးဆင်းအောင် လုပ်နိုင်ပါမှ မျိုးဆက်တွေတိုင်အောင် လက်ဆင့်ကမ်းနိုင်ပြီး  မြန်မာ့ယဉ်ကျေးမှု၊ လူနေမှုစရိုက်။ မိဘနဲ့သားသမီး၊ မိတ်ဆွေသူငယ်ချင်း အချင်းချင်း၊ မိမိအိမ်နီးချင်း ပတ်ဝန်းကျင်နဲ့ ပြောဆိုဆက်ဆံတဲ့ မြန်မာ့ယဉ်ကျေးမှု ကို ပေါ်လွင်အောင် သရုပ်ဖော်ပေးပါမှ ကြည့်ရှုတဲ့ လူငယ်တွေအတွက် အသိတခုခု ရရှိသွားပါမှ တိုးတက်တဲ့ ယဉ်ကျေးမှုကို ရရှိပေလိမ့်မည်။
             စာရေးဆရာမ မစန္ဒာရဲ့ ဝတ္ထုတွေက မိသားစု၊ ပတ်ဝန်းကျင် ဘဝသရုပ်ဖော်တွေဖြစ်ရာ ထိုအထဲကမှ အမေချက်တဲ့ပုစွန်ကြားခုနှစ်ကောင်၊ သူ့ကုသိုလ်၊ ဤသို့ပင်မျှော်လင့်မိပါသည် ဝတ္ထုတို (၃)ပုဒ်ကို ရုပ်ရှင်အဖြစ် ဖန်တီးလိုက်ရာ မြန်မာလူမျိုးတွေရဲ့ လူနေမှုဘဝကို ကွက်ကွက်ကွင်းကွင်း မြင်ရပေသည်။ ဖေတော့မောင်တော့ ရန်ဖြစ်ခန်း၊ သတ်မယ်ဖြတ်မယ် မိုက်ရင်ထွက်ခဲ့ ဘယ်သူ့မှလူမထင်ဘူးဆိုတဲ့ ပြယုဂ်တွေ တခုမှမပါပဲ မြန်မာလူမျိုးတို့ရဲ့ လူနေမှုဘဝ၊ မိသားစုအတွင်း ဆက်ဆံရေး၊ လူတွေရဲ့ စားဝတ်နေရေးအခြေအနေတွေကို အတိုင်းသား ပြလိုက်နိုင်သည်။ ဒါရိုက်တာမှာ ဒီဝတ္ထုတွေ ပိုက်ဆံပေးပြီး ဝယ်ထားတာ ငါပိုင်တာပဲ ကျောရိုးပဲယူပြီးထည့်ချင်တာထည့်ရိုက်တာမျိုးမလုပ်၊ ဝတ္ထုအတိုင်း သေသေချာချာရိုက်ပြတာကိုက လူအချင်းချင်းလေးစားခြင်း ဆိုတဲ့ အဆင့်မြင့်ယဉ်ကျေးမှုကို ပေါ်လွင်နေလေသည်။ ရုပ်ရှင်ကြည့်ပြီးနောက်  ဝတ္ထုကို ဖျက်ဆီးလိုက်တာလို့ တဖွဖွ ပြောကြရသလို မဖြစ်၊ ဒါကိုက အနုပညာဖန်ဆင်းခြင်းတခု၊
                 ဝတ္ထုဖတ်စဉ်က သဘောကျနှစ်ခြိုက်ခဲ့ရပြီး ဆင်ခြင်စရာတွေ မှတ်သားလိုက်ရသလို ရုပ်ရှင်ကြည့်အပြီးမှ ဘယ်တုန်းကမှ ရုပ်ရှင်ကြည့်ပြီး ခံစားချက်မရှိသည့်ကိုယ့်မှာ မျက်ရည်ကြားက အသိသညာတွေ များစွာ ရလိုက်လေပြန်သည်။ သို့သော် ဒီရုပ်ရှင်က ပေါ်လစီဇာတ်ကား မဟုတ်ပါ။ လူကြိုက်များလှတဲ့ ကိုရီးယားရုပ်ရှင်တွေမှာလည်း ချစ်ကြိုက်ကွဲညားတွေ ဆိုပေမယ့် သူတို့ တိုင်းပြည်ရဲ့ လူနေမှုစရိုက်၊ ပတ်ဝန်းကျင်၊ စားသောက်မှုပုံစံတွေ တွေ့မြင်ကြည့်ရှုရပြီးတဲ့နောက် ခရီးသွားလုပ်ငန်းတွေ တိုးတက်လာကာ တိုင်းပြည်ရဲ့ဝင်ငွေ တိုးတက်လာလေသည်။ အနုပညာ အဆိုအက ရုပ်ရှင်ရုပ်မြင်တွေကတဆင့် တိုင်းပြည်ကို နိုင်ငံတကာက သိမြင်လာကြတာ ဖြစ်သည်။
          အမှိုက်ကောက်တာ ရှက်စရာ မဟုတ်ပါ၊ အမှိုက်ပစ်တာ ရှက်စရာလို့ စည်းကမ်းတွေ ဆိုင်းဘုတ်ချိတ်ထားပါသော်လည်း အမှိုက်တွေက အပုံလိုက် ဖြစ်မြဲ၊ လူတွေ ကြိုက်နှစ်ပါတယ်ဆိုတဲ့ သရုပ်ဆောင်တွေရဲ့ ဇာတ်ဝင်ခန်းတွေမှာ အမှတ်တမဲ့ လှုပ်ရှားမှုလေးတွေကနေ မင်းသားက အသုံးပြုပြီးတဲ့ တစ်ရှုး ဒါမှမဟုတ် အမှိုက်တခုခုကို စကားပြောနေရင်း ၊ လုပ်လက်စက အမှတ်တမဲ့ အမှိုက်ပုံးရှာကာ လွှင့်ပစ်တာမျိုး၊ ဘတ်စ်ကားပေါ် ထိုင်ခုံမှာထိုင်နေရာက သက်ကြီးရွယ်အို တယောက် မတ်တပ်ရပ်နေတာတွေ့လို့ နေရာပေးလိုက်တာမျိုး၊  ဈေးဆိုင်မှာ ပစ္စည်းဝယ်ရင်း အရှေ့ကရောက်နှင့်သူကို ကျော်မတက်ပဲ အသာဝင်တန်းစီတဲ့ စရိုက်မျိုး၊ စားသောက်ဆိုင်တွေမှာ အော်ဟစ်ဆူညံစွာ မှာပြီး တခြားဝိုင်းတွေကို ဂရုမစိုက် ဆူညံအော်ဟစ် စားသောက်နေကြတာမျိုး မလုပ်ပဲ ပတ်ဝန်းကျင်ကို လေစားတဲ့ အမူအယာမျိုးတွေ ရုပ်ရှင်တွေ ဇာတ်လမ်းတွေကတဆင့် ကြည့်လာရဖန်များသော် အတုယူသည့် လူငယ်တွေအတွက် ထိုအတိုင်းလိုက်လုပ်ကြမှာသေချာသည်။ ယခုတောင်မှ ရုပ်ရှင်ထဲက သရုပ်ဆောင်တွေ အတုယူပြီး ပုဆိုးလေးပင့်ကာ တုတ်ဆွဲကာနဲ့ ဘယ်သူ့မှလူမထင်လို့ ဖြစ်လာကြသေးတာပဲ မဟုတ်လား၊  အမျိုးသမီးတွေရန်ဖြစ်ကြတဲ့ ပုံစံတွေ သတင်းတွေမှာ တက်လာတာ ရုပ်ရှင်တွေ ဗီဒီယိုထဲက သရုပ်ဆောင် အမျိုးသမီးတွေ ပြောတဲ့အတိုင်း ခပ်မိုက်မိုက်တွေ ပြောကြတာ တွေ့နေရလေသည်။ ဒါကိုကြည့်ခြင်းအားဖြင့် ရုပ်ရှင် ဇာတ်လမ်းတွေကနေ လူနေမှုစရိုက်တွေကို ပြောင်းလဲလိုက်တာပဲလို့ ကောက်ချက်ချမိသည်။
                       သရုပ်ဆောင်တွေရဲ့ အပြောအဆို အမူအယာ၊ ဝတ်စားနေထိုင်မှုကို အမှုမဲ့အမှတ်မဲ့ မပြုမိစေပဲ ဇာတ်ဝင်ခန်းတွေမှာ ပြောဆိုပါက ယဉ်ကျေးသော လူ့အဖွဲ့အစည်းတွေ ပေါ်လာပါလိမ့်မည်။ လူကြီးသူမကို ဆက်ဆံပုံဆက်ဆံတာ ၊ ရွယ်တူချင်းပြောဆိုတာ၊ ကိုယ့်ထက်ငယ်သူကို ပြောဆိုတာတွေကအစ အထူးသတိပြုပြီး ရိုက်ပြပါက ပေါ်လစီကားဆိုတာ ရိုက်ပြဖို့ပင်မလိုပေ။  ပြင်ပလောကမှာက မင်းသား မင်းသမီးတွေက ချမ်းသာကြတာများသည်၊ ဇာတ်ပို့ဇာတ်ရံတွေက သူတို့မျက်နှာကြည့်နေရသည့်စိတ်( mood) တွေ ဇာတ်ဝင်ခန်းထဲအထိ ပါလာဟန်တူသည်။ အဖေ အမေ အဖြစ်သရုပ်ဆောင်သည့် ဇာတ်ပို့တွေက သားသမီးတွေရဲ့ မျက်နှာရိပ်မျက်နှာကဲကြည့်နေရသလို အိုက်တင်တွေ ဖြစ်နေသည်။ သားသမီးတွေကလည်း အဖေနဲ့အမေကို မခန့်လေးစား ပြန်ပြောဟန်က ဇာတ်လမ်းဇာတ်ကွက်နဲ့ မဆိုင်ပဲ ပေါ်လွင်နေသည်။ ဦးလေး အဒေါ် သရုပ်ဆောင်သူတွေနှင့်ဆိုက ဆိုဖွယ်ရာမရှိ၊ လူငယ်က လူကြီးကို ရိုသေလေးစားဟန် သရုပ်ဆောင်ကွက်တွေ ဟန်ပန်တွေ မမြင်ရတာကြာလေပြီ။
                          မြန်မာ့ယဉ်ကျေးမှုရဲ့ အနှစ်ဖြစ်တဲ့ ကြီးသူကိုရိုသေ၊ ရွယ်တူကိုလေးစား၊ ငယ်သူကို သနားညှာတာဆိုတဲ့ စရိုက်လက္ခဏာတွေ မဖန်တီးကြ၊ အော်ဟစ် ဆူညံ စည်းမရှိကမ်းမရှိ၊ လူတွေကြား ဆေးလိပ်သောက်ပြတာမျိုး၊ နောက်ပြောင်ဟန်ပြကွက်တွေမှာ ပိုဆိုးသေးသည်။ လူ့တန်ဘိုးမရှိ၊ လူကိုတန်ဘိုးထားသည့် အပြုအမူ အပြောအဆိုတွေ ဆိတ်သုဉ်းနေလေပြီ။ " ဇာတ်သမားပြန်ရင် မှတ်သားစရာကျန်ရမယ်" တဲ့ ရှေးက ဇာတ်တော်တွေ ကပြရာက လူတွေ လိုက်နာကျင့်သုံး စရာတွေ သိရှိ မှတ်သားပြီး ဆိုရိုးရှိတဲ့စကား၊ အခုက ကျန်တော့ကျန်သည်၊ အမိုက်စကား၊
                  ပုဂံခေတ်ရဲ့ ဝတ်စားဆင်ယင်မှု၊ အနုပညာ၊ စာပေ၊ ယဉ်ကျေးမှုတွေကို ယနေ့ခေတ်လူတွေ သိမြင်ရတာက တစုံတဦးကမှ ကျန်နေရစ်ကာ ပြောပြတာမျိုးမဟုတ်၊ အဲဒီခတ်ကလူသားတွေရဲ့ နယ်ပယ်အသီးသီးကတဆင့် ထားရစ်ခဲ့တဲ့ မှတ်တမ်းမှတ်ရာတွေကနေ တဆင့် သိကြရတာဖြစ်သည်။ မျိုးဆက်သစ်တွေတိုးတက်ဖို့ အဆင့်ဆင့်သော မျိုးဆက်တွေမှာ တာဝန်ရှိသည်။ ကိုယ်လုပ်နေတဲ့ အလုပ်ကို ကိုယ်တိုင်တန်ဘိုးထားပြီး အကောင်းဖက်ကို ဦးတည်ကာ ပြုမူကြဖို့လိုလေသည်။ ယဉ်ကျေးမှုအဆင့်အတန်းဆိုတာ တိုင်းပြည်ရဲ့ အဆင့်၊ တိုင်းပြည်က လူတွေရဲ့ အဆင့်အတန်းပဲဖြစ်သည်။ မြန်မာလူမျိုးဆိုတာ ကိုယ်ပိုင်စာပေ၊ ယဉ်ကျေးမှုတွေနဲ့ အဆင့်အတန်းမြင့်တဲ့ လူမျိုးပါလို့ ခေတ်အဆက်ဆက် ကြွေးကြော်ခဲ့တာ ဖြစ်သည်။  အဆင့်မြင့်သော လူနေမှုဘဝဆိုတာ တိုက်ပေါ်မှာနေ ကိုယ်ပိုင်ကားစီးတာနှင့် ဖြစ်တာမဟုတ်။ တိုက်ပေါ်ကနေ အမှိုက်ပစ်ချ၊ ကိုယ်ပိုင်ကားအကောင်းစားစီးပြီး သူများသွားမယ့်လမ်းကို ခေါင်းထိုးကာ ပိတ်တတ်တဲ့ အကျင့်ဆိုးတွေ စိတ်ဓါတ်တွေ ၊ လမ်းလျှောက်နေသူကို ကားပေါ်ကလူက ညှာတာရမယ်ဆိုတဲ့ စိတ်ဓါတ်မသိသူတွေ ၊များလာလေ ယဉ်ကျေးတဲ့ တိုင်းပြည် ဘယ်လိုမှဖြစ်မလာနိုင်ပေ၊ အဆင့်မြင့်တဲ့လူမျိုး၊ အဆင့်မြင့်တဲ့ တိုင်းသူပြည်သားတွေ ဖြစ်ဖို့၊  ကိုယ်ပိုင်ယဉ်ကျေးမှုတွေ ၊ အလေ့အထ လူနေမှုပုံစံတွေ ဆက်လက်ပြီး အဆင့်မြင့်ဖို့ ပစ္စုပ္ပန်လူသားရင်းမြစ်တွေကနေ အထူးဂရုပြု  ကြိုးပမ်းကြဖို့ လိုနေပါပြီ။ 
ခိုင်ခိုင်စောလွင်

No comments:

Post a Comment