December 25, 2016

" ဈေးပတ်"၂၆ရက် ဒီဇင်ဘာလ ၂၀၁၆ခုနှစ် ၊ ဒီလှိုင်းစာစောင် အတွဲ(၅) အမှတ်(၅၀)

ချင်းမိုင် ဆောင်းရာသီက မိုးတဖွဲဖွဲ ဖြင့်စလေသည်။ နိုဝင်ဘာလကုန်လို့ ဒီဇင်ဘာကို ကူးတာတောင်မှ ရာသီဥတုက ပူအိုက်နေတဲ့အတွက် ဒီနှစ် အေးပါ့မလား ဆိုတဲ့ အတွေးက မိုးသံကြောင့် ပျောက်သွားရသည်။ မနှစ်က ဒီဇင်ဘာလ အလွန်အမင်း အေးလှသည့် အချိန်မှာ မိုးတွေ ရွာချကာ (၁၀)ဒီဂရီ စင်တီဂရိတ်အထိ အပူချိန်ကျဆင်းခဲ့ပြီး တောင်ပေါ်မှာ ရေခဲမှတ် ရောက်အောင် အေးခဲ့သည့် အတွက် ဒီနှစ်လည်း အအေးပိုမလား ထင်ခဲ့မိသည်။ ယခုနှစ် ဒီဇင်ဘာလဆန်း (၇)ရက်ခန့်အထိ အပူဓါတ် ရှိနေရာက ရုတ်တရက် မိုးရွာလာပြီးမှ အေးလာကာ ဆောင်းပီပြင်လာတော့သည်။ ပန်းတွေဝေဝေဆာဆာ ပွင့်လာကြသည်။ ခါတိုင်း ပန်းတစည်း ဘတ်(၂၀)တန်မှာ ပန်း(၃) ခက်ခန့်သာ ပါပေမယ့် အခုတော့ (၅)ခက်ရလာသည်။ ပန်းတွေပေါပြီး လှလာသည်။ လူတွေလည်း ခရီးသွားကြ လည်ကျပတ်ကျ တွေ့မြင်နေရသည်။ ထိုင်းနိုင်ငံမှာတော့ ခရီးသွားတွေ အလာများသည့် ခရီးသွားရာသီအတွက် လှလှပပ ဆွဲဆောင်မှုတွေ များစွာ ပြင်ဆင်ထားကြရာ အလှဆုံးအချိန်လို့ ပြောရမည်။
ထိုင်းနိုင်ငံမှာ ခရီးသွားလုပ်ငန်းအတွက် စွဲဆောင်ဖို့ ပြင်ဆင်ထားတာတွေ မြင်ရတိုင်း မြန်မာပြည်မှာ အထူးတလည် မပြင်ဆင်ရပဲ လှနေသည့် သဘာဝအလှတွေကို သတိရမိလေသည်။ တည်းခိုစားရိတ်၊ အစားအသောက် ဖန်တီးမှုနှင့် ခရီးသွားလာဖို့ ဝန်ဆောင်မှုတွေ စနစ်ကျပါက သဘာဝအလှကို သဘောကျသည့် ခရီးသွားတွေအတွက် မြန်မာပြည်ဟာ လည်ပတ်စရာ အကောင်းဆုံး စွဲဆောင်မှု အကောင်းဆုံး ဖြစ်မှာ ရာနှုန်းပြည့် သေချာသည်။ မြန်မာပြည်ကို ရောက်ဖူးသည့် ထိုင်းလူမျိုးတွေက ဒီလောက်လှတဲ့ မင်းတို့ တိုင်းပြည်က နေရာအတော်များများကို ဘာဖြစ်လို့ အသုံးမချသလဲ မေးသည်။ ထိုင်းကို အလည်လာရောက်သည့် မြန်မာမိတ်ဆွေတွေကလည်း ကမ္ဘာလှည့်ခရီးသွားတွေ အံ့ဩတကြီး လည်ပတ်နေသည့် နေရာမျိုးတွေ မြန်မာမှာလည်း ရှိတာပဲ၊ ထိုင်းလူမျိုးတွေကမှ ပြင်ဆင် မွမ်းမံထားရတာတွေ ရှိသေးတယ်၊ တို့ဆီမှာ သဘာဝအတိုင်းရှိတဲ့ အလှတွေ ဖြစ်အောင် သူတို့က ပြင်ဆင်ထားတာ၊ ထိုင်းတွေက လုပ်စားတတ်သွားပြီ၊ တို့မြန်မာတွေ လုပ်တတ်ဖို့ လိုသေးတယ် ပြောကြတာ အမြဲကြားရလေသည်။ ခရီးသွားတွေ အဝင်များသည့် ထိုင်းနိုင်ငံမှာ နိုင်ငံခြားသား ခရီးသွားများ ပြန့်ကျဲ များပြားလိုက်သမှ ရပ်ကွက်ဈေးလေးတွေအထိ ဧည့်သည်တွေ တဖွဲဖွဲ ရောက်လို့နေလေသည်။
တပတ်မှာ တရက် တရက်မှာ တမနက်သာ ဖွင့်သည့် သောကြာဈေး၊ ထိုင်းအခေါ် တလာဝမ်စွတ် ဆိုသည့် ဈေးကလေးမှာ နိုင်ငံခြားသား ခရီးသွားတွေ ဈေးလာကြတာ တွေ့မြင်နေရသည်။ အဆိုပါ သောကြာဈေးက နာမည်ကျော် ညဈေးဖြစ်သည့် နိုက်ဘဇာ ဈေးအတွင်းဘက်မှာ ရှိသည်။ အဆိုပါ ဈေးရဲ့ အဝမှာ ဗလီကြီး တခုရှိသည်။ သောကြာနေ့မှာ ဗလီတက်သည့် သူတွေအတွက် အစားအသောက်တွေ လာရောက်ရောင်းချရာက အဆိုပါဈေး စဖြစ်တာလို့ ကြားဖူးသည်။ ဈေးဆိုပေမယ့် ဆိုင်နှင့်ကန္နားဖြင့် မဟုတ်၊ ပျံကျဈေးသာ ဖြစ်သည်။ အဆိုပါဈေးကမှ လူမျိုးစုံရဲ့ အစားအသောက်တွေ တစုတဝေးထဲ ရသည့်နေရာ ဖြစ်သည်။ ကုလားအစားအစာ၊ မြန်မာအစားအစာ၊ တရုတ်အစားအစာ၊ ရှမ်းအစမ်းအစာ စုံလှသည်။ စမူဆာ၊ နံပြား၊ ဒန်ပေါက်၊ မုန့်ဟင်းခါး၊ အီကွေ့၊ ပေါက်ဆီ၊ ရှမ်းခေါက်ဆွဲ၊ မြီးရှည် တို့ဟူးနွေး စသဖြင့် စားသောက်ဖွယ်ရာတင်မက အသုံးအဆောင်နှင့် အခြား ကုန်ပစ္စည်းတွေလည်း ထို့အတူ၊ ယုဇနလက်ဖက်၊ ရွှေမြန်မာလက်ဖက်၊ စိန်တံဆိပ်ခေါက်ဆွဲခြောက်ထုတ်၊ ယင်းမာဘိနပ်၊ မြန်မာပြက္ခဒိန်၊ စံဇာနည်ဘိုရဲ့ ၁၂လရာသီဖွားတွေအတွက် ဗေဒင်ဟောစာတမ်း ကအစ ရသည်။ ကုလားပဲ၊ လွင်မဆလာ၊ ထိုဈေးမှာရသည်။ မြန်မာပြည်က မွှေးတံဆိပ် ပဲမှုန့် အစိမ်း၊ အကျက်နှင့် အခြားအမှုန့်မျိုးစုံ ရသည်။
လာသည့် လူတွေကလည်း စုံလှသည်။ ထိုင်းနိုင်ငံရောက် မြန်မာပြည်က လူမျိုးစုံအပြင် ကုလား တရုတ် ၊ ဥရောပသား စုံလှသည်။ ယခင်ကတော့ ချင်းမိုင်မှာရှိတဲ့ မြန်မာပြည်သားတွေသာ လာရောက် ဈေးဝယ်ခြမ်းကြတာ ဖြစ်သည်။ ရောင်းသည့် ဈေးသည်တွေကလည်း လူမျိုးစုံသည်။ ကချင် နှင့် ရှမ်းတွေ အများစုဖြစ်သည်။ တချို့က ဗမာလို မပြောတတ်၊ အတော်များများကတော့ ပြောတတ်သည်။ တချို့က စကားသံကြားက ဗမာစကားမှန်း သိပေမယ့် ပြန်မပြောတတ်တာလည်း ရှိသည်။ အများစုက ဗမာလို ပြောတတ်သဖြင့် ဈေးဝယ်လို့ ကောင်းသည်။ ဈေးသည်တွေရဲ့ တိုင်းရင်းသားသံဝဲဝဲနဲ့ ပြောတဲ့ အသံ ကြားရပြီး ရောင်းကုန်တွေကလည်း မြန်မာပစ္စည်းတွေ ရောင်းကြတာဆိုပြန်တော့ မြန်မာပြည်က တိုင်းရင်းသားဒေသတခုရဲ့ ဈေးကို ရောက်နေသလို ခံစားရသည်။ လတ်ဆတ်သည့် အသီးအရွက်မျိုးစုံကလည်း တောင်ပေါ်တိုင်းရင်းသား ဒေသထွက်တွေချည်းမို့ ဈေးသည်နှင့် ရောင်းသည့် ပစ္စည်း တွဲကာ တောင်ပေါ်ဒေသရောက်နေသလိုလို၊ ဒါ့ကြောင့်လည်း ဒီကို ရောက်နေကြတဲ့ တိုင်းရင်းသား အလုပ်သမားတွေက သောကြာဈေးကို အပတ်စဉ် မပျက်မကွက် လာတတ်ကြသည်။ ဒေသထွက်ကုန် အသီးအရွက်တွေ ဝယ်ပြီး ရှမ်းခေါက်ဆွဲ၊ မုန့်တီ တို့ဟူးနွေး ဆန်စေး စားကြမည် အားခဲကာ လာရောက်ကြတာ ဖြစ်သည်။ ဈေးပတ်ရက်မှ ဒါမျိုးကြုံရတာမို့ပင်။
ဈေးရောင်းသူ တဦးတည်းကိုကပင် ထိုင်းစကား ရှမ်းစကား ဗမာစကား အစုံ ပြောတတ်ရာ တယ်ဟုတ်ပါလား ချီးမွမ်းမဆုံး၊ ယခုတော့ တရုတ်ခရီးသွားတွေ အများဆုံးလာကြရာ တရုတ်စကားပါ ပြောကြလေသည်။ တရုတ်စကားဖြင့် မွှတ်နေအောင် ပြောနေသည့် ကချင်တိုင်းရင်းသူ ရှမ်းခေါက်ဆွဲသည်ကို" စကားတွေ အစုံပြော တတ်တယ်နော် "အပြောကို ရယ်မောလေသည်။ သူ့ဆိုင်မှာ စားနေကျပေမယ့် သူ တရုတ်လို ပြောတတ်တာ မသိ၊ ဗမာလို ပြောတတ်၍ အဆင်ပြေသဖြင့် သူ့ဆိုင်မှာ နှစ်နဲ့ချီကာ ဈေးပတ်ရောက်တိုင်း စားဖြစ်သည်။ ယခုလို တရုတ်ခရီးသွားတွေ များလာပြီးသူ ပြောနေတာမြင်မှ တရုတ်စကားပါတတ်မှန်း သိခြင်း ဖြစ်သည်။
သူတင်မက ခေါပုပ်ကင် ရောင်းသည့် မိန်းကလေးလည်း တရုတ်ဈေးဝယ်လာက တရုတ်လို၊ ထိုင်းဈေးဝယ်လာက ထိုင်းလို၊ ဗမာဈေးဝယ်လာက ဗမာလို၊ အခြား နိုင်ငံသားတယောက်က အင်္ဂလိပ်စကား ပြောက အင်္ဂလိပ်လို ဘာသာစကားစုံအောင် ပြောပြီး ရောင်းနိုင်လေသည်။ ဒီလိုဆိုတော့ ကိုယ့်မြန်မာပြည်တွေ သိပ်တော်တယ်လို့ ကျိတ်ပြီး ဂုဏ်ယူမိရသည်။
အဆိုပါ ဈေးမှာ ရောင်းနေကျ ဈေးသည်တွေမှာ ဒီဈေးထဲတင် မကြာခဏ နေရာရွှေ့ရောင်းကြရတာ တွေ့ရသည်။ ပိုင်ရှင်က မြေနေရာမှာ အဆောက်အဦတွေ ဟိုဒီရွှေ့တာ၊ ညဈေးတန်းအတွက်ထားတဲ့ ဆိုင်ခုံတွေ နေရာပြောင်းတာ၊ အမိုးတွေ အသစ်လဲတာ၊ အဆောက်အဦချဲ့တာ လုပ်တိုင်း နေရာလေးတွေ ရွှေ့ပေးရမြဲ၊ ဒီအဝန်းအဝိုင်းထဲမှာကို ရွှေ့လိုက် ပြောင်းလိုက် ရောင်းနေရသော်လည်း တခါမှ ငြီးငြူတာ မတွေ့ရ၊ ဝယ်သူတွေကလည်း ဒီအဝန်းအဝိုင်းထဲ လှည့်ပတ် ဝယ်ကြရင်း ဝယ်နေကျ စားနေကျ ဖောက်သည်ကို တွေ့အောင် ရှာစားကြတာ ဖြစ်သည်။ ပြီးခဲ့သည့် နှစ်ပတ်က စားနေကျ ရှမ်းခေါက်ဆွဲဆိုင် မတွေ့၊ မထွက်ဟု ထင်ပြီးမှ အဆောက်အဦတခုရဲ့ အောက်မှာ ပြောင်းရောင်းနေတာ တွေ့ရသည်။ တပတ်ခန့် အရောင်းအဝယ်အေးပြီး နောက်အပတ်ကျ ဖောက်သည်တွေက သိပြီး ချောင်ကျကျ အဆောက်အဦထဲက သူ့ဆိုင်နေရာလေးကို တိုးဝှေ့ လာစားကြသည်။
" သောကြောဈေး ဆိုတာ အမြဲပြောင်းနေတာလေ အမျိုးမျိုး ပြောင်းပြီး ရောင်းနေရတာ ရိုးနေပါပြီ" လို့ ဈေးသည်တွေက ဆိုကြလေသည်။
ယခင်က မြန်မာတိုင်းရင်းသားတွေ အများစု ဈေးဝယ်ကြပေမယ့် မနှစ်က ခရီးသွားရာသီကစလို့ တရုတ်လူမျိုးတွေ အများစု လာကြသည်။ သူတို့လည်း တယောက်စကား တယောက် သတင်းပါကြပုံရသည်။ တကူးတက လာကြပြီး သူတို့ကြိုက်နှစ်သက်သည့် အသီးအနှံတွေကို ဝမ်းပန်းတသာ ဝယ်ယူကြသည်။ တောဝက်သားကအစ၊ မှိုမျိုးစုံ၊ ကချင်ဒေသထွက် ဆေးမြစ်စုံ အပါအဝင် ပျားရည် နှင့် သစ်ခွပန်းပင်လို သစ်တောထွက်မျိုးစုံ တွေလည်း တောင်ပေါ်ရွာသားတွေထံက ဝယ်ယူကြသည်။ရံဖန်ရံခါ နိုင်ငံခြားသားတွေ ဓါတ်ပုံလာရိုက်တာလည်း မြင်ရသည်။ ထိုင်းကျောင်းက မူကြို၊ မူလတန်း ကလေးငယ်ကလေးတွေ လေ့လာရေး ဆင်းတာလည်း ရှိသည်။ ကလေးတွေရဲ့ လက်ထဲမှာ အသီးအနှံ ဟင်းသီးဟင်းရွက် ပုံလေးတွေပါသည့် စာရွက်ကလေးတွေ ကိုင်ထားပြီး ဈေးထဲမှာ ရောင်းတာ တွေ့က အဆိုပါ ပုံလေးတွေကို အမှတ်အသား လုပ်ရသည်။ အချို့က ဈေးပါ မေးပြီး ဈေးနှုန်းပါ ရေးထည့်ကြရသည်။ တခါတလေ တက္ကသိုလ်ကျောင်းသား/ သူတွေ စစ်တမ်းကောက်တာ တွေ့ရသည်။ သူတို့ကို ကြည့်ရတာ ပျော်စရာကောင်းလှသည်။ ရှမ်းခေါက်ဆွဲ တပွဲမှာပြီး တယောက်တဇွန်းခပ်စားကာ အရသာ၊ ပါဝင်ပစ္စည်းတွေကို စာရွက်မှာ တယောက်ချင်း ချရေးကြသည်။ ကျောင်းပြန်ရောက်က အဖွဲ့လိုက် ပြန်ရှင်းပြကြရပေမည်။
တပတ်တခါသာ ဖွင့်သည့် အဆိုပါ ဈေးလေးမှာ လူမျိုးစုံသည်။ ယဉ်ကျေးမှုစုံသည်။ ဘာသာစကားစုံသည်။ အစားအသောက်စုံသည်။ ဝတ်စားဆင်ယင်မှုစုံသည်။ အပြုံးတွေလည်းစုံသည်။ အားလုံး ယဉ်ကျေးပြူငှာ ဖော်ရွေကြသည်။ ဈေးကလေးကို ခြုံကြည့်ပါက မတူသည့် လူမျိုးတွေ ဘာသာစကားမျိုးစုံပြောကာ မတူကြမှန်းသိလျက်နှင့် အဆင်ပြေအောင် ပြောဆို ဆက်ဆံ နေကြတာ ချစ်စဖွယ်အပြုအမူ တခု ဖြစ်လို့နေလေသည်။
ခိုင်ခိုင်စောလွင်

No comments:

Post a Comment