February 23, 2012

ဖေဖေါ်ဝါရီ ၂ရက် ၂၀၁၂ ပေါ်ပြူလာဂျာနယ်တွင်ပါရှိသော ဆရာ လူထုစိန်ဝင်း၏ ဆောင်းပါး


                                        ပါတီတွေရဲ့ ရွေးကောက်ပွဲ ပလက်ဖောင်းက ဘာလဲ
စာမူလာတောင်းတဲ့ လူငယ်ဂျာနယ်သမားတစ်ယောက်နဲ့ စကားပြောရင်း နိုင်ငံရေးပါတီတွေ အကြောင်း၊ ရွေးကောက်ပွဲတွေအကြောင်းရေးတဲ့အခါမှာ ပါတီတွေရဲ့ရွေးကောက်ပွဲ ပလက်ဖောင်းက ဘာလဲဆိုတာကို စာဖတ်ပရိတ်သတ်၊ မဲဆန္ဒရှင်များ သိအောင် ရေးပေးဖို့ လိုကြောင်း ပြောလိုက်တော့ သူက မျက်လုံးပုတ်ခတ်ပုတ်ခတ် လုပ်ပြီးကြည့်နေတယ်။
 တောင်မှန်း မြောက်မှန်း မသိ
     ဒါလောက်ဆို သဘောပေါက်သွားပြီ၊ ရွေးကောက်ပွဲ ပလက်ဖောင်းဆိုတာ ဘာမှန်း သူသိပုံမရဘူး။ သူ့အသက်က အစိတ်ဝန်းကျင်ပဲ ရှိတာမို့ အပြစ်မတင်ပါဘူး။ နိုင်ငံရေးတို့ ရွေးကောက်ပွဲတို့ ဆိုတာ အခုမှ နဖူးတွေ့ ဒူးတွေ့ကြုံတွေ့ဖူးတာ မဟုတ်လား။ ဒါပေမယ့် သူ့လို အသက်မငယ်တော့တဲ့ ၊ နိုင်ငံရေးပါတီတွေမှာလည်း ပါဝင်လုပ်ကိုင်နေတဲ့ ပုဂ္ဂိုလ်တချို့ကို ပြောတဲ့အခါမှာလည်း သူ့လိုပဲ ကြောင်ကြည့်နေတာနဲ့ ရင်ဆိုင်ရတယ်။ နိုင်ငံရေးလုပ်မယ့်သူဆိုပြီး ဒါကိုတောင် မသိဘူးဆိုတော့ အတော် စိတ်ပျက်သွားတယ်။ သူများယောင်လို့ လိုက်ပြီးယောင် အမောင်တောင်မှန်း မြောက်မှန်းမသိ ဆိုတဲ့ နိုင်ငံရေးသမားမျိုးတွေနဲ့ ရှေ့ခရီးဆက်ရမယ့်အရေး တွေးတွေးပြီး ရင်လေးမိတယ်။
အားလုံး ဒီမိုကရေစီ
အခုအချိန်မှာ ရှိနေတဲ့ နိုင်ငံရေး ပါတီအားလုံးက ဒီမိုကရေစီ ဖော်ဆောင်ရေးအတွက် ဆိုပြီး လူသိရှင်ကြား ကြွေးကြော်ထားကြတယ်။ တမြန်နှစ်ကအထိ စစ်အစိုးရရဲ့ ကျောရိုးအဖွဲ့အစည်းအဖြစ် ရှိနေခဲ့တဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးအဖွဲ့ကလည်း အခု ဒီမိုကရေစီပါတီ ဖြစ်နေပြီ။ အားလုံးက ဒီမိုကရေစီ ဖြစ်နေတော့ မဲထည့်တဲ့ ပြည်သူတွေက ဘာကိုကြည့်ပြီး ရွေးရမှာလဲ။ မူကွဲမရှိတော့ လူပဲ ကြည့်ပြီး ရွေးရမလို ဖြစ်နေတယ်။ အဲဒီလိုဆို မှန်နိုင်ပါ့မလား။ နိုင်ငံရေးလုပ်တဲ့နေရာမှာ လူကို ဦးစားပေးမှု လွန်ကဲတာ မကောင်းဘူးမဟုတ်လား။ လူကို ဦးစားပေးလွန်းတော့ ပုဂ္ဂိုလ်ရေးကိုးကွယ်မှု ပေါ်ပေါက်လာနိုင်တယ်။ အဲဒီက နောက်တစ်ဆင့်တက်သွားရင် အာဏာရှင် ဆန်ဆန်ဖြစ်သွားတတ်တယ်။
ကိုယ်ပိုင်ဝါဒလမ်းစဉ် ရှိရမယ်
     ရွေးကောက်ပွဲတို့ လွှတ်တော်တို့နဲ့ တက်လာပေမယ့် နောက်ဆုံးကျတော့ အာဏာရှင်လို တစ်သွေးတစ်သံတစ်မိန့် အုပ်ချုပ်သွားတဲ့ နိုင်ငံတွေ အတော်များများရှိပါတယ်။ လစ်ဗျားခေါင်းဆောင် ကဒါဖီတို့ ဆီးရီးယားက အာဆတ်တို့ဟာ ဒီလိုအာဏာရှင်တွေ ဖြစ်တယ်။ နိုင်ငံရေးမှာ လူထက် မူကိုသာ အဓိကထားသင့်တယ်။ နိုင်ငံရေးပါတီတိုင်းမှာ ကိုယ်ပိုင်မူဝါဒ၊ ကိုယ်ပိုင်လမ်းစဉ် ရှိရမယ်။ ဘာမှ ကွဲပြားခြားနားမှု မရှိဘဲ အားလုံး အတူတူ ဖြစ်နေရင် ဘာ့ကြောင့် သီးခြားပါတီတွေ ထောင်နေတော့မှာလဲ။ ဧရာမဒီမိုကရေစီ နိုင်ငံကြီးဖြစ်တဲ့ အမေရိကန်နိုင်ငံမှာ အဓိကပါတီကြီး နှစ်ခုပဲရှိတယ်။ နှစ်ခုစလုံးက ဒီမိုကရေစီနဲ့ လွတ်လပ်တဲ့ ဈေးကွက်စီးပွားရေးစနစ်ကို အပြည့်အဝ လက်ခံယုံကြည်ကြတယ်။အခြေခံအားဖြင့်တော့ အားလုံး အတူတူ ဖြစ်တယ်။
စွက်ဖက်မှု ရှိရေး မရှိရေး
            ဒါပေမယ့် နည်းဗျူဟာပိုင်းကျတော့ မတူတော့ဘူး။  ရီပတ်ဘလစ်ကန်ပါတီက စီးပွားရေးရော၊ အုပ်ချုပ်ရေးမှာပါ အစိုးရဝင်ရောက် စွက်ဖက်မှု လုံးဝမရှိစေပဲ ဈေးကွက် သဘာဝအတိုင်း ထားရှိပြီး အစိုးရအသုံးစရိတ်ကို အနည်းဆုံးအထိ လျှော့ချဖို့ ဖြစ်တယ်။ ဒီလိုလျှော့ချရင် အခွန်အတုပ်တွေလည်း ကျဆင်းပြီး ဘတ်ဂျက်လိုငွေပြမှု နည်းပါးသွားလိမ့်မယ်လို့ ယူဆတယ်။ ဒီမိုကရက်တစ်ပါတီကတော့ စီးပွားရေးမှာ အစိုးရထိမ်းချုပ်မှု လုံးဝမရှိရင် ကုန်ဈေးနှုန်းတွေ တက်ချင်တိုင်း တက်ပြီး တစ်ဦးတည်းလက်ဝါးကြီးအုပ်မှုတွေ ရှိလာနိုင်တယ်။ ငွေလုံးငွေရင်း နည်းပါးတဲ့ အလတ်စားနဲ့ အသေးစားလုပ်ငန်းရှင်တွေ ထိခိုက်စေနိုင်တယ်။ ဒါ့ကြောင့် အတိုင်းအတာတစ်ခုအထိ အစိုးရက ထိန်းချုပ်ပေးဖို့ လိုတယ်လို့ ယူဆတယ်။
ကွန်ဆားဗတစ်နဲ့ လစ်ဘရယ်
           ဒါ့အပြင် ပညာရေး၊ ကျန်းမာရေးလိုကိစ္စများမှာ ဆင်းရဲသားများကို ထောက်ပံ့ကူညီမှုတွေ ပေးဖို့လိုအပ်တယ်။ ဒီအတွက် အခွန်အတုပ်တွေ တိုးမြှင့်ကောက်ခံရမယ်။ ဆင်းရဲသားများထက် ချမ်းသာသူများနဲ့ ဧရာမလုပ်ငန်းရှင်ကြီးများကို ပိုမို ကောက်ခံရမယ်လို့ သဘောထားတယ်။ ယေဘူယျအားဖြင့် ရီပတ်ဘလင်ကန်ပါတီကို စီးပွားရေးလုပ်ငန်းရှင်ကြီးများရဲ့ ပါတီ၊ ကွန်ဆားဗတစ်ပါတီလို့ ခေါ်ကြပြီး ဒီမိုကရက်တွေကိုတော့ လူလတ်တန်းစားများရဲ့ပါတီ၊ လစ်ဘရယ်ပါတီလို့ ခေါ်ကြတယ်။ အခြေခံပါတီတိုင်းက အဲဒီလို ရှိတာကို လူတိုင်း သိပြီး ဖြစ်တော့ ပါတီထောက်ခံသူတွေကြားမှာ ဘာပြဿနာမှမရှိဘူး။ ကိုယ့်ပါတီကလူကို ထောက်ခံကြမှာပဲ။
ပလက်ဖောင်းဆိုတာ
  အရေးကြီးတာက ဘယ်ပါတီကိုမှ တစ်သမတ်တည်း ထောက်ခံလေ့မရှိတဲ့ သာမန် မဲဆန္ဒရှင် ပြည်သူလူထု ဖြစ်တယ်။ ဒီလူတွေက အများစုလည်း ဖြစ်တယ်။ ဒီလူတွေကို စည်းရုံးဖို့အတွက် ပါတီနှစ်ခုစလုံးက ကြိုးစားကြတယ်။ အဲဒီအတွက် ရွေးကောက်ခံရရင် ဘာကို ဦးစားပေးဆောင်ရွက်မယ် ဆိုတဲ့ အချက်တွေကို လူသိထင်ရှား ထုတ်ပြန်ကြေညာပြီး စည်းရုံးရတယ်။ အဲဒါကို “ ရွေးကောက်ပွဲ ပလက်ဖောင်း “ လို့ခေါ်တယ်။ ဥပမာ- အိုဘားမား ပထမအကြိမ် သမ္မတရွေးကောက်ပွဲ ဝင်တော့ ဆင်းရဲသားတွေကို ကျန်းမာရေး စောင့်ရှောက်မှုပိုပြီးပေးနိုင်တဲ့ ဥပဒေပြဌာန်းနိုင်အောင် လုပ်မယ်ဆိုတဲ့ ပလက်ဖောင်းနဲ့ စည်းရုံးလှုံ့ဆော်ခဲ့တယ်။
ရီပတ်ဘလစ်ကန် ဂျွန်မက်ကိန်းကတော့ ဘတ်ဂျက်လိုငွေလျှော့ချရေးနဲ့ အခွန်အတုပ်တွေ လျှော့ချရေးကို ပလက်ဖောင်းတင်ခဲ့တယ်။
အလုပ်လက်မဲ့ လျှော့ချရေး
    ခုတစ်ကြိမ် ရွေးကောက်ပွဲမှာ ရီပတ်ဘလစ်ကန်ဘက်က ဘာနဲ့ထွက်လာမယ် မသိရသေးပေမယ့် အိုဘားမားကတော့ စီးပွားရေးအရှိန်မြှင့်ပြီး အလုပ်လက်မဲ့နှုန်း ကျဆင်းရေးကို အဓိကထား ပြောကြားနေတာတွေ့ရတယ်။ ဒီနေ့ မြန်မာနိုင်ငံက နိုင်ငံရေးပါတီတွေဟာ ဘယ်ကိစ္စကို ဦးစားပေးအဖြစ် ပလက်ဖောင်းတင်မယ်  ဆိုတာ  အခုအချိန်ထိ ထုတ်ပြန်ကြေညာတာ မတွေ့ရဘူး။ လိုအပ်ကြောင်း မသိလို့ပဲလား မပြောတတ်ဘူး။ တချို့က အခြေခံဥပဒေ ပြင်မယ်၊ ပညာရေးနဲ့ ကျန်းမာရေးစနစ်တွေ ပြင်မယ်လို့တော့ ပြောကြတယ်။ဒါပေမယ့် အခြေခံဥပဒေထဲက ဘာတွေကိုပြင်မှာလဲ၊ ဘယ်လိုပြင်မှာလဲ။ ပညာရေးနဲ့ ကျန်းမာရေးကိုရော ဘယ်လိုပြင်မှာလဲ။ ဘယ်လောက်ထိ ပြင်မှာလဲ။ ရှေးကလို အခမဲ့ ပညာရေးတို့ အခမဲ့ ကျန်းမာရေးတို့ ပြန်လုပ်မှာလား တိတိကျကျ ပြတ်ပြတ်သားသား ပြောဖို့လိုတယ်။ အဲဒီ အချက်တွေကို မဲဆန္ဒရှင်တွေ သိအောင် တင်ပြရမယ်။ အဲဒါဟာ သူတို့ပါတီတွေရဲ့ ရွေးကောက်ပွဲ ပလက်ဖောင်း ဖြစ်လိမ့်မယ်။ သူတို့က မပြောရင် သတင်းသမားတွေက မေးခွန်းမေးပြီး ပြောအောင် လုပ်ပေးရမယ်။ ဒါမှ မဲဆန္ဒရှင် ပြည်သူတွေက ရွေးချယ်တတ်မှာ ဖြစ်တယ်။ သတင်းသမားတွေ မေးခွန်းမေးတတ်ကြပါစေ။