June 4, 2013

သခင်ဖြစ်ချင်ရင်ဖြင့် ( ကောင်းကင်တွင်ပါရှိပြီး)



တိုင်းတပါးကို ဘယ်တုန်းကမှ အထင်မကြီးခဲ့။ အခုတော့ အထင်ကြီးသည်လို့ တိုတိုပဲ ပြောချင်ပါတော့တယ်။ ဘာ့ကြောင့် အထင်ကြီးလဲဆိုတာကတော့ ပြောရမှာ ရှည်လျားထွေပြားလှပါတယ်။ ရှည်တာကတော့ ဟုတ်ပါပြီ။ ထွေပြားတာကရော မေးရင် တကယ်လဲ ထွေပြားလွန်းသည့် နောက်ခံ အကြောင်းတွေ ရှိပါတယ်။
  စာရေးသူက တော်လှန်ရေးကောင်စီလက်ထက် လူဖြစ်ခဲ့ပြီး မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီက တိုင်းပြည်ကို ဦးဆောင်တဲ့ ကာလမှာ လူလားမြောက်ကာ စစ်အာဏာရှင်လက်ထက်မှာ  ဘဝတစ်လျှောက် ဖြတ်သန်း ရုန်းကန် ကြီးပြင်းခဲ့ရပါတယ်။ ဒီလောက်ဆိုလျှင် မြန်မာပြည်သား စာဖတ်ပရိတ်သတ်တို့ သဘောပေါက်လောက်ပါပြီ လို့ထင်ပါတယ်။  သင်ခဲ့ ကျက်ခဲ့ မှတ်ခဲ့ရသည့်စာ၊ နားထောင်ခဲ့ရသည့်  ရေဒီယို ၊ နေ့စဉ်ဖတ်ခဲ့ရသည့် သတင်းစာ ဒါတွေထဲက ဘောင်မကျော်ပဲ သိခဲ့ရတာတွေချည်းပင်။ အခုအချိန်မှာ ပြန်တွေးကြည့်တော့ သူတို့ပြောနေတဲ့ ပြည်ပအားကိုး ပုဆိန်ရိုးဆိုတာတွေ၊ ကိုယ့်လူမျိုးသာ အမြတ်ဆုံး၊ တိုင်းတပါးဆိုတာ အထင်ကြီးစရာမရှိ။ မြန်မာဆိုတာ အလောင်းဘုရားလက်ထက်က ယိုးဒယားကိုတောင် သိမ်းခဲ့တာ၊ စတဲ့ တလွဲ ဘဝင်မြင့်စိတ်တွေ ဆိုတာ သိခဲ့ရပါတယ်။ ဘဝင်မြင့်စိတ်ကြီးဝင်အောင် လုပ်တာခံခဲ့ရတာပဲလို့ သိလာရပါတယ်။ နိုင်ငံခြားတိုင်းပြည်တွေ တိုးတက် ခေတ်မီတာတွေ ပြည်သူတွေ မမြင်မတွေရအောင် လုပ်ထားတဲ့အတွက်  ကိုယ့်တိုင်းပြည်သာ ကမ္ဘာမှာ အတည်ငြိမ်ဆုံး ၊ ကိုယ့်လူမျိုးသာ အမြင့်မြတ်ဆုံး ဆိုတဲ့ အသားလွတ် စိတ်ကြီးဝင် ဘဝင်မြင့်ခဲ့ကြသလို တိုးတက်တာတွေ ခေတ်မီတာတွေ နိုင်ငံကြီးသားဆိုတဲ့ ဂုဏ်ပုဒ်တွေကို မတွေ့ရ မမြင်ဖူးရတဲ့အခါ ကိုယ်သိ ကိုယ်တတ် ကိုယ်တော် ဆိုတဲ့စိတ်တွေနဲ့ ဝါးလုံးခေါင်းထဲလသာကာ  နွားခြေရာခွက်ထဲက ဖားသူငယ်လိုလူတွေ ဖြစ်မှန်းမသိ ဖြစ်ခဲ့ရပြန်ပါတယ်။ မေလ ၁၆ရက်နေ့ထုတ်၊ ပြည်သူ့ခေတ်ဂျာနယ် အတွဲ(၃)၊ အမှတ်(၁၄၅)ပါ ဆရာကောင်းဆက်နိုင်ရဲ့ အံ့ဩလွန်းလို့သေတော့မယ် ဆောင်ပါးမှာ“ လက်စသတ်တော့ ကျုပ်တို့တတွေဟာ အခြောက်တိုက် ဘဝင်မြင့်ပြီး စိတ်ကြီးဝင်အောင် ဇာတ်သွင်းခံထားရတာကလား” လို့ပြောထားတာ  ဖတ်ကြည့်ပြီး မှန်လိုက်လေလို့ ထောက်ခံမိပါတော့တယ်။ တစ်ချိန်တုန်းက အစိုးရပိုင် သတင်းစာတစ်စောင်မှာ “ကျွန်မဖြစ်ပေမယ့် ကျွန်အစစ်ပါ” ဆိုတဲ့ ဆောင်းပါးကို ဖတ်ပြီး တယ်ဟုတ်တဲ့ တို့မြန်မာလို့ သိထားခဲ့ရာက  အခြေအနေအရပ်ရပ်ကို သိရှိပြီး တခြားစာတွေကို ဖတ်မိတဲ့ အခါမှ မြန်မာဘုရင်တွေ၊ တိုင်းပြည် ခေါင်းဆောင်တွေအပေါ်မှာ အမြင်တွေ ပြောင်းခဲ့ရပါတယ်။ အဲဒီ ဆောင်းပါးကို ပြန်ဖတ်ဖို့ မလွယ်တဲ့အတွက် လွန်ခဲ့တဲ့ အနှစ်(၂၀) လောက်က ဖတ်ခဲ့ရတာကို မှတ်မိသလောက် အတိုချုံးးပြီး ပြောပါရစေ။ အားလုံးသိတဲ့အတိုင်းပါပဲ ယိုးဒယားနိုင်ငံဟာ ဘယ်နိုင်ငံခြားသား တိုင်းတပါးလက်အောက်ခံ နိုင်ငံတစ်နိုင်ငံ အဖြစ် တစ်ခါမှ မခံခဲ့ရပါဘူး။ ကိုလိုနီအဖြစ် ကျွန်ပြုမခံခဲ့ရပါဘူး။ ဒါကို စာရေးဆရာက အဲဒီလို ကျွန်ဘဝကို မရောက်ခဲ့ပေမယ့် ကျွန်ဖြစ်ပါတယ်ဆိုပီး သမိုင်းအထောက်အထားနဲ့ ရေးပြောပြောတာပါ။ ဆောင်းပါးပါ အတိုင်းပြောရရင် သမိုင်းတလျှောက် နိုင်ငံခြားတိုင်းပြည် တစ်ခုက ယိုးဒယားကို ချဉ်းကပ်လာရင် ယိုးဒယားဘုရင်က တတ်နိုင်သမျှ လိုက်လျှောနိုင်တာ လိုက်လျှော ၊ သူတို့လိုချင်တာကို ပေးပြီး စစ်မက် ဖြစ်ခြင်းက ရှောင်ရှားကာ အလိုလိုက်ခဲ့ အကြိုက်ဆောင်ခဲ့တယ်။ စစ်မက်အဖြစ်မခံ၊ လိုက်လျှောပြီး တိုင်းတပါးအလိုကျ ပေါင်းသင်းပြီး သူတို့သဘောအတိုင်း ဩဇာပြတဲ့အတိုင်း ဆောင်ရွက်တယ်။ ဒါ့ကြောင့် ယိုးဒယားနိုင်ငံဟာ တိုင်းတပါးကိုလိုနီမဖြစ်ခဲ့ဘူး၊ သူ့ကျွန်ဘဝမရောက်ခဲ့ဘူးဆိုတာ မှန်ပေမယ့် ကိုယ့်တိုင်းပြည် အရေးးကိစ္စကို သူတပါးဩဇာခံ အနေနဲ့လုပ်ရတယ်။ သူတပါးအလိုကျ လုပ်ပေးရတဲ့အတွက် ကျွန်တော့မဖြစ်ခဲ့ပါဘူး ဒါပေမယ့် ကျွန်လိုပါပဲ ဆိုတဲ့ သဘောမျိုးရေးခဲ့တာပါ။
  တကယ်တန်း စာအုပ်တွေ ဖတ်ရပြီး လူ့အခွင့်အရေးဆိုတာတွေ၊ ဒီမိုကရေစီစံနှုန်းဆိုတာတွေ ၊ လူသာပဓါန၊ ပြည်သူလူထုဆန္ဒဆိုတာတွေ သိလာ ဖတ်လာရတဲ့အခါ ထိုင်းဘုရင် အဆက်ဆက်ကို အလေးအမြတ်ပြုမိပါတော့တယ်။ မြန်မာနိုင်ငံကို အင်္ဂလိပ်တွေ ကျွန်ပြုဖို့ ချဉ်းကပ်ရောက်ရှိတဲ့ အချိန်မှာ အိမ်နီးချင်းတိုင်းပြည်ဖြစ်တဲ့ ထိုင်းနိုင်ငံဟာလည်း မလွဲမသွေ မျက်စောင်းလေးတော့ အထိုးခံရတာပါပဲ။ ချဉ်းကပ်ပုံတွေ ဘုရင်တွေက သံတမန်နည်းအရ စစ်ရေးနည်းအရ ဆောင်ရွက်တာတွေ ချိန်ထိုးပြောနေရင်  သမိုင်းစာတမ်း ဖြစ်သွားမှာမို့ ဒီလောက်ပဲ ရေးပါရစေ။ အဲဒီလို အခြေအနေမှာ ထိုင်းဘုရင်က တိုင်းသူပြည်သားတွေ ထိခိုက်နစ်နာမှု မရှိအောင် စဉ်းစားလုပ်ဆောင်ခဲ့တာကို အလေးအမြတ်ပြုရခြင်းပါ။ စစ်မက်ဖြစ်ပွားပါက ဆုံးရှုံးနစ်နာမယ့် နယ်မြေ၊ ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ် စတာတွေကို ဦးစားပေးပြီး ဘုရင်ဆိုတဲ့ ဇာတိပုည ဂုဏ်မာနကို လျှော့ပေးခဲ့တဲ့ စိတ်ဓါတ်ဟာ ဒီကနေ့ပြောနေကြတဲ့ လူ့အခွင့်အရေးတို့ ၊ ပြည်သူသာပဓါနဆိုတာတွေရဲ့ ဒီမိုကရေစီရှေ့ပြေး စိတ်ဓါတ်တွေ ရှိနေတယ်ဆိုတာ အထင်အရှားတွေ့ရလို့ပါပဲ။ ပြည်သူတွေဘာဖြစ်ဖြစ် တို့ကတော့ တစ်စက်မှ မလျှော့နိုင်ဘူးဆိုတဲ့ လူကို အလေးမထားတဲ့ စိတ်ဓါတ်မျိုးနဲ့က ဆီနဲ့ရေလို ကွာလှပါတယ်။ ဒါ့ကြောင့်လည်း နိုင်ငံရပ်ခြားကို အထင်မကြီးအောင် သွတ်သွင်းခဲ့ကြတဲ့ အတွက် အရာရာ ခေတ်နောက်ကျလို့ အပြေးအလွှား လိုက်နေရချိန်မှာ ထိုင်းနိုင်ငံက ဒီမိုကရေစီ လမ်းကြောင်းပေါ်မှာ လှတပတ လျှောက်နေပါပြီ။ သူ့နိုင်ငံက ပြည်သူတွေ ဘာတွေလိုအပ်သလဲ၊ ဘာတွေလုပ်ပေးရမလဲဆိုတာကို အေးဆေးစွာ လုပ်ပေးနိုင်လို့ ပြည်သူတွေ အေးချမ်း နေပါပြီ။ ဒါ့ကြောင့် စိတ်ဓါတ်တွေ အရေးကြီးတယ်ဆိုတာ ဒီနေရာမှာ တွေ့လာရပါတယ်။ စနစ်ကြီးပဲ ကောင်းနေယုံနဲ့ မအောင်မြင်နိုင်သလို စနစ်ကိုပဲ ပုံချနေလို့မရပါဘူး။ ဒီစနစ်ကို မောင်းနှင်ခုတ်မောင်းသူ၊ စီးနင်းသူတွေ အားလုံး စိတ်ဓါတ်တွေပါ လိုအပ်ပါတယ်။
 အစမှာ ရေးထားသလို တိုင်းတပါးကို အထင်မကြီးခဲ့ရာက အထင်ကြီးနေတာလား ပြောရရင် ကြီးပါတယ်။ ကြီးခဲ့ရတာ အကြောင်းတွေရှိသလို ကိုယ်တွေ့ကြုံခဲ့ရလို့ဖြစ်ပါတယ်။ တိုင်းတပါးဆိုလို့ ဝေးဝေးလံလံ မဟုတ်ပဲ အမိမြန်မာနိုင်ငံကနေ ခြေတစ်ဖက်လှမ်းထွက်တာနဲ့ ရောက်ခဲ့ရတဲ့ ထိုင်းနိုင်ငံမှာ ကြုံခဲ့ရတာလေး ပြောပြလိုပါတယ်။ စရောက်ကာစက  ကိုယ့်ဘောင်ထဲကအတိုင်း အထင်မကြီးပါ။ သခင်မျိုးဟေ့ဒို့ဗမာဆိုတဲ့ စိတ်နဲ့ စိတ်ကြီးဝင်တဲ့စိတ်နဲ့ပါ။ မြန်မာဆိုတဲ့ ဇာတိပုည ဂုဏ်မာနနဲ့ပေါ့။ ဒါပေမယ့် ကိုယ့်တိုင်းပြည်က လူတွေ စားသုတ်သုတ် သွားသုတ်သုတ် နေနေရတဲ့ အချိန်မှာ ထိုင်းလူမျိုးတွေဟာ အပူအပင်ကင်းပြီး အေးချမ်းနေတာတွေ့ရတဲ့အခါ့ စိတ်ဝင်စားတာတွေ အစပြုခဲ့ရပါတယ်။ သူတို့ ဒီလိုဘာလို့နေနိုင်တာလဲ လေ့လာတဲ့အခါ တိုင်းပြည်အုပ်ချုပ် မင်းလုပ်သူတွေရဲ့ စေတနာတွေကို ထင်းထင်းကြီးတွေ့ရပါတော့တယ်။ အဲဒီကစတာပါပဲ။ ဒါ့ကြောင့်ပြည်သူတွေရဲ့ စိတ်ဓါတ်တွေမှာ ငြိမ်းအေးမှု ၊ လုံခြုံစိတ်ချရမှု စတာတွေ ပြည့်နှက်နေတာကို တွေ့ရပါတော့တယ်။ စိတ်ငြိမ်းချမ်းနေတဲ့သူမှာ ရန်လိုစိတ်တွေ ဘယ်မှာရှိပါတော့မလဲ၊ လူတစ်ယောက်ရဲ့ ရသင့်ရထိုင်တဲ့ အခွင့်အရေး ဖြစ်တဲ့ စားဝတ်နေရေး သုံးပါး ပြည့်စုံနေသူတွေက ဘယ်မှ အပူအပင်ရှိပါတော့မလဲ။ လုံခြုံစိတ်ချမှုကို ပိုင်ဆိုင်ထားမှဖြင့် မယုံကြည်မှုတွေ မသင်္ကာမှုတွေ ဘယ်မှာ ရှိပါတော့မလဲ။  သူတို့လိုစိတ်ဓါတ်မျိုး တို့လူမျိုးတွေ ရှိစေချင်တယ်၊ သူတို့နေသလို သူတို့ရသလို အခွင့်အရေးတွေ တို့လူမျိုးတွေ ရချင်လိုတဲ့ စိတ်တွေ ဖြစ်လာပါတော့တယ်။ သူတို့နေသလို လူချင်းတူ သူချင်းမျှ တို့လူမျိုးတွေ နေနိုင်ရမယ်၊ ကြိုးစားရမယ်၊  ဒီလိုစိတ်တွေ ဖြစ်ခဲ့ရပါတယ်။  အတုယူစရာတွေကို အတုယူရမှာ ဖြစ်ပါတယ်။ အားလုံးထပ်တူ ထပ်မျှ ကောင်းပါတယ်ဟု မဆိုလိုသလို အားလုံးဒီအတိုင်း ထပ်တူထပ်မျှ လုပ်ဖို့ဖြင့်မဟုတ်ပါပေ။
  တိုက်တိုက်ဆိုင်ဆိုင် အခါခါ ကြုံခဲ့ရတဲ့ အတွက် အထင်ကြီးခဲ့ရတဲ့ သူတို့စိတ်ဓါတ်ကို ပြောချင်ပါတယ်။ အဆင့်အတန်းမြင့် ၊ ပညာတတ် ထိုင်းလူမျိုးအကြောင်း မဟုတ်ပါဘူး။ ဈေးရောင်းနေတဲ့ ဈေးသည် ထိုင်းလူမျိုးပါ။ ဈေးကြီးတစ်ခုရဲ့ လမ်းဘေးမှာ ဈေးရောင်းတဲ့ ထီးအကြီးကြီး ဖွင့်ထားပြီး ရောင်နေတဲ့ လမ်းဘေးဈေးသည် တစ်ယောက်ရဲ့ အပြုအမူလေးကို ပြောပြချင်ပါတယ်။ တစ်နေ့ စာရေးသူတို့က အဲဒီ ဈေးသည်နားအရောက် ဆိုင်ကယ်စီးလာတဲ့ လူငယ်တစ်ယောက်က ကားတွေ ကြပ်ညပ်နေတာ ရှောင်ရင်းရှားရင်း လမ်းရအောင် တိုးထွက်ရင်းက အဲဒီဆိုင်ရဲ့ ထီးကြီးကို တိုက်မိသွားပါတယ်။ ထီးကြီးက လမ်းပေါ်ကို ထိုးအကျ သူ့ဆိုင်ကယ်က နေရာရသွားလို့ အရှိန်နဲ့ လမ်းကြောင်းထဲ ထိုးအဝင်ဆိုတော့ ထီးကို ပြန်လှည့်ပြီး ထောင်ပေးလို့မရတဲ့ အပြင် နောက်ပြန်ဆုတ်လို့လည်း မရတော့ပါဘူး။ သူတိုက်မိသွားတာကို သိတဲ့အတွက် လှည့်ကြည့်ပြီး ဆိုင်ရှင်ကို တောင်းပန်ဟန်နဲ့လှည့်ကြည့်ယုံသာ တတ်နိုင်ပါတယ်။ သူက ယဉ်ကြောထဲ ညပ်ပါနေပါပြီ။ ဆိုင်ရှင်ဘာလုပ်မလဲလို့ အလန့်တကြားနဲ့ ကြည့်မိတဲ့အခါ ဆိုင်ရှင်က ခပ်အေးအေးပဲ သူ့ထီးကို သူ့ဘာသာ ပြန်ထောင်နေတာတွေ့ရပါတယ်။ ထောင်ရင်း နှစ်ခါလောက်လဲသွားလို့ ပြန်ထောင်ရတဲ့အခါ ဘေးက ဈေးသည်ကပါ ဝိုင်းကူရင်းက လဲသွားတာကို သဘောကျပြီး ရီမောနေကြပါသေးတယ်။ စာရေးသူက ဒီလိုမျိုး မထင်ထားတဲ့ အတွက် မြင်ရတဲ့ အဖြစ်အပျက်အတွက် စိတ်ထဲ ငြိမ်းချမ်းသွားတာကို ကိုယ့်ကိုယ်ကို သတိပြုမိလိုက်ပါတယ်။ စာရေးသူတို့ဆီမှာ ဆိုရင်ဖြင့် အဲဒီလို အခြေအနေမှာ ရန်ဖြစ်ကြလို့ ကိုယ့်ကို မထိအောင် ကာကွယ်နေရလောက်ပြီလို့တွေးမိပါတယ်။ ရန်မဖြစ်ရင်တောင် မတော်တဆ ဖြစ်သွားမှန်း သိပေမယ့်လည်း ၊ ရန်ဖြစ်ဖို့ လက်လှမ်းမမီရင်တောင် အနည်းဆုံး တစ်ဆွေမျိုးလုံး မအေ နှမ မကျန် ဆဲနည်းမျိုးစုံကို ကြားရမှာတော့ အသေအချာပါပဲ။ ဘေးကလူတွေပါ စိတ်နှလုံး မသာမယာ ဖြစ်ရမှာ ကျိန်းသေပါတယ်။ အခုလို အပြုံးမပျက်ရီမောနေနိုင်တဲ့ စိတ်ဓါတ်ကို အတော်ပဲ အထင်ကြီးမိပါတော့တယ်။ ဒါမျိုး နောက်တစ်နေရာမှာ တွေ့ရပြန်ပါသေးတယ်။ ဒါ့ကြောင့် လူတစ်ယောက်ထဲမှ မဟုတ် အတော်များများမှာ တွေ့ရတဲ့အတွက် အထင်ကြီးရပါတယ်။ နောက်တစ်နေရာမှာ တွေ့ရတာကတော့ ဒီအဖြစ်အပျက်မျိုးပါပဲ။ ဒါပေမယ့် နဲနဲကွာတာက ဆိုင်ကယ်စီးလာတဲ့ စုံတွဲက ဆိုင်ကယ်ကို လှည့်အထွက် အနားက ဈေးသည်ရဲ့ ထီးကိုထောင်ထားတဲ့ သံတိုင်က ကြိုးနဲ့ ညိပြီး ထီးကတစ်ဝက်တပျက်လဲကျတာပါ။ ကမန်းကတန်း ဆိုင်ကယ်ပေါ်က ဆင်းပြီး ထီးကို လက်ကထိန်း ပါးစပ်ကလဲ တောင်းပန်ရင်းက ဈေးသည်ကလဲ ဝိုင်းထောင်ကာ ရယ်ကြမောကြ နဲ့ပါ။ ဒါတောင် ပြန်ထောင်ရင်း ပြန်ပြုတ်ကျတော့ အနားက ဈေးသည်တွေက ရီနေရင်းက ပြေးကူကြပါတယ်။ ဘာမဟုတ်တဲ့ ဒီကိစ္စ အတွက် ရန်မဖြစ်ကြပါဘူး။ စာရေးသူစိတ်ထဲ တို့ဆီမှာဆို တစ်ယောက်က ဒါကြီးတောင် မမြင်ဘူးလားလို့ ဒေါသ အလျှောက် ပြောမယ်၊ တိုက်တဲ့သူကလည်း အရိုးခံပဲ ဖြစ်ဖြစ် မမြင်လို့ပါ လို့ ပြောရင် ဒါတောင်မမြင်ရင် ကန်းနေလား မျက်စိလေး ဘာလေး စမ်းအုန်း ဘာညာဘညာ ပြောကြရင်းက ရန်ဖြစ်ကြမှာ မြင်ယောင်မိပါတယ်။ ဒါ့ကြောင့် ဒီလို တစ်ယောက်နဲ့ တစ်ယောက် ရန်မလို အေးချမ်းတဲ့ စိတ်ထားမျိုး စာရေးသူတို့ လူမျိုးတွေမှာ ရှိစေချင်လာပါတယ်။ ဈေးသည်ကစလို့ ဝန်ကြီးချုပ်အထိ ဒီလိုမျိုး တွေ့ရတဲ့ တိုင်းပြည် လူမျိုးကို ဘယ်သူမဆို အထင်ကြီး အထင်ကြီးရာက လေးစားလာမှာ မလွဲမသွေပါ။ အခုစာရေးနေတဲ့ ရက်မတိုင်ခင် မနေ့က ထိုင်းတီဗီမှာ လွှတ်တော်က သတင်းကို ကြည့်နေမိပါတယ်။ စာရေးသူ ကြည့်နေတဲ့ အချိန်မှာ ယခင် ဝန်ကြီးချုပ် အဘီဆစ်က စာရွက်တွေ တစ်ထပ်ကြီးကိုင်ပြီး ပြောပါတယ်။ အဲဒီနောက် အလွတ်လက်တန်းပြောပါတယ်။ တစ်ခါ မှတ်စု စာအုပ်လေးကိုင်ပြီး ပြောပြန်ပါတယ်။ ထိုင်းစကားနားမလည်တဲ့ အတွက် သေချာမသိပေမယ့် တိုင်းပြည်ရဲ့ နိုင်ငံရေး၊ စီးပွားရေးတွေနဲ့ ပတ်သက်ပြီး ထောက်ပြ ပြောဆိုနေတယ်ဆိုတာကတော့ သေချာပါတယ်။ မျက်နှာချင်းဆိုင် စင်မြင့်မှာတော့ လက်ရှိ ထိုင်းနိုင်ငံရဲ့ ဝန်ကြီးချုပ် ယင်လပ်ရှနာဝပ်နဲ့သူ့ရဲ့ အစိုးရအဖွဲ့ဝင် အချို့ ထိုင်နေပါတယ်။ အလယ်မှာတော့ လွှတ်တော်ဥက္ကဋ္ဌ ရှိပါတယ်။ အဘီဆစ်ပြောနေတာကို ယင်လတ်က သေချာနားထောင်ပြီး တခါတလေ ခေါင်းတဆတ်ဆတ်ငြိမ့်နေတာလည်း တွေ့ရတဲ့အပြင် စာအုပ်မှာလည်း ရေးမှတ်နေတာကို တွေ့ရပါတယ်။ တစ်ချိန်မှာတော့ အဘီဆစ်က အကြောင်းအရာတစ်ခုကို အရယ်ပါစွက်ပြီး ပြောလိုက်တဲ့အခါ ဝန်ကြီးချုပ်ယင်လပ်ကပါ လှစ်ကနည်း လိုက်ရယ်တာ တွေ့ရပါတယ်။ ပြည်ထဲရေးဝန်ကြီးကလည်း ရယ်ရယ်ပြုံးပြုံးနားထောင်တာကို ကြည့်ရင်း ဒီလို လွှတ်တော်မျိုး၊  ဒီလို ဒီမိုကရေစီကျတဲ့ နိုင်ငံရေးအသွင်သဏ္ဍန်မျိုး ကိုယ့်နိုင်ငံမှာ ရှိလာစေချင်သလို အထင်ကြီးမိတာကတော့ အမှန်ပါပဲ။ စာရေးသူတို့ တိုင်းပြည်မှာက အုပ်ချုပ်သူတစ်ယောက် ပြောင်းသွားတဲ့အခါ အရင်အုပ်ချုပ်သူမှာ လူရာသူရာ မဝင်တော့ယုံသာမက ဒီကနေ့ အခြေအနေမှာဆိုရင်ဖြင့် ဆင်းသွားတဲ့သူပဲ ဖြစ်ဖြစ် ၊ ပြုတ်ကျသွားသူပဲ ဖြစ်ဖြစ် ပြည်သူလူထုက အရိုအသေကင်းမဲ့တာ ခံရကာ နိုင်ငံရေး သမိုင်းသေသွားကြတာ ချည်းပါပဲ။  အာဏာမရှိတော့တဲ့ အချိန်မှာ လူရိုသေရှင်ရိုသေ ဖြစ်ပြီး ၊ လက်ရှိအာဏာရှိသူတွေနဲ့ လက်တွဲလုပ်နိုင်သူ မရှိသလောက်ပါပဲ။ တိုင်းပြည်ကောင်းစားဖို့ ကိုယ်ကျိုးမဖက် လုပ်ကြဖို့ဆိုပါက အုပ်ချုပ်သူ နဲ့ အုပ်ချုပ်ခံ ပြည်သူတွေ စိတ်ဓါတ်တွေ ပြောင်းဖို့လိုတယ်ဆိုတာကို တိုင်းတပါးနဲ့ယှဉ်ပြီး ခံစားလာရပါတယ်။ ဒီမိုကရေစီလမ်းကြောင်းပေါ်မှာ မိတ်မပျက် ရန်မလိုတဲ့ နိုင်ငံရေးစနစ်မျိုး တွေ့မြင်လိုလှပါတယ်။ ကိုယ့်ထက်သာတာရှိရင် အထင်မကြီးပါဘူးလို့ ဇွတ်မှိတ် နေတဲ့ အခြေအနေကနေ အတုယူစရာရှိက အတုယူဖို့လိုတယ်လို့ မြင်မိတဲ့အတွက် သခင်မျိုးဟေ့ ဒို့ဗမာ ဆိုပေမယ့်လည်း အထင်ကြီးစရာ  တွေ့တဲ့အတွက် အထင်ကြီးရင်းက ကိုယ့်တိုင်းပြည် ကိုယ့်လူမျိုးတွေကိုလည်း အခြားသော နိုင်ငံသားတွေက  အထင်ကြီးလာစေချင်တဲ့ စိတ်တွေ တဖွားဖွားပေါ်နေမိပါတယ်။
                                                                                                                                                                          ခိုင်ခိုင်စောလွင်