July 28, 2013

မလွှင့်ရ အဆိုတော်၊ မလွှင့်ရသီချင်းနှင့် မလွှင့်ရခြင်း အကြောင်းများ

ဗိုလ်ချုပ်အောင်ဆန်းမိန့်ခွန်းတွေကို မြန်မာ့အသံမှာ မူရင်းဓါတ်ပြားတွေကနေတိုးတက်ပြောင်းလဲလာတဲ့ စနစ်တွေ အတိုင်း ထုတ်လွှင့်နိုင်ရန် အဆင့်ဆင့် သိမ်းဆည်းခဲ့တယ်ဆိုတာ ရေးရင်းက မြန်မာ့အသံမှာ မလွှင့်ရ သတ်မှတ်ထားတဲ့ သီချင်း၊ အဆိုတော်၊ လူပုဂိုလ်တို့အကြောင်းကို ဆက်ပြီး ရေးချင်စိတ် ပေါ်လာတဲ့ အတွက် ရေးဖြစ်ပါတယ်။ အမှန်က အဲဒီ မလွှင့်ရအကြောင်းကို အစောကြီးထဲက ရေးလက်စရှိပါတယ်။ မှတ်မှတ်ရရ ပြောရရင် အဆိုတော် မာမာအေး မြန်မာပြည်ပြန်သွားပြီး သီချင်းဆိုတဲ့ပွဲတွေ အကြောင်း ၊ MRTV က မာမာအေး သီချင်းတွေ လွှင့်တာ တဝကြီးနားထောင်ရကြောင်း သတင်းတွေ ဖတ်ရကတည်းကပါ။ အဆိုတော်ကြီး(ဒေါ်) မာမာအေး ဟာ မြန်မာ့အသံရဲ့မလွှင့်ရ အဆိုတော်တွေများစွာထဲက အပြင်းထန်ဆုံးနဲ့ သူ့အသံနဲ့ဆိုထားတဲ့ သီချင်းတွေကိုယောင်မှားလို့ မလွှင့်ရတဲ့ အထိမခံတဲ့ စာရင်းထဲ ပါပါတယ်။ သူဆိုထားတဲ့ သီချင်းတွေကို အခြားအဆိုတော်ပြန်ဆိုထားပါက လွှင့်လို့ရပါတယ်။ ထူးဆန်းပေစွ။ လူကို ပိတ်ထားတာပါ။ အဲဒါ လေးတွေ ရေးနေရင်းကွန်ပျူတာ ဝင်းဒိုးကျသွားတဲ့ အတွက် ရေးလက်စဖိုင် ပျောက်သွားကတည်းက ဆက်ပြီးရေးလိုစိတ်မရှိတာနဲ့ ရပ်ထားလိုက်ပြီး  အခုတော့ အစ တစ်စဆွဲထုတ်မိသလိုဖြစ်သွားပြီး ရေးဖြစ်ပါတော့တယ်။
    အခုလို ရေးတယ်ဆိုတော့စာရေးသူက ရှေ့မီနောက်မီ ပုဂိုလ်တစ်ယောက် မဟုတ်ပါဘူး။ တကယ်တမ်း ပြောရရင် ရှေ့မမီနောက်မမီဆိုပိုမှန်ပါတယ်။ မြန်မာ့အသံလို့ မဖြစ်မီ ဗမာ့အသံ(BBS) ကို စတင်ခဲ့တဲ့ ၁၉၄၆ ခုနှစ်ကနေယနေ့၂၀၁၃ အထိဆိုပါက နှစ်ပေါင်း (၆၇)နှစ် အတွင်းမှာ စာရေးသူက ၁၉၈၈ ခုနှစ်နောက်ပိုင်းကာလကနေ နေပြည်တော်မြန်မာ့အသံ ဖြစ်သွားတဲ့ ၂၀၀၈ ခုနှစ် ကြားကာလကိုပဲ ကြုံတွေ့ခဲ့ရလို့ပါ။ရှေ့မမီခဲ့ပေမယ့် ကံအားလျော်စွာ ရှေ့မီခဲ့တဲ့ လူပုဂိုလ်တွေဆီက မှတ်သားထားခဲ့တဲ့ အတွက်အတော်များများ သိခဲ့ရပါတယ်။ ပင်ကိုယ်ဗီဇအရ မသိမမီတဲ့ အကြောင်းတွေကို မေးမြန်း ခဲ့တဲ့အတွက် ဗဟုသုတများစွာ ရရှိခဲ့ပါတယ်။ အဲဒီသူတွေထဲက အတော်တော်များများ ကွယ်လွန်ရှာ ကြပါပြီ။နေပြည်တော်မြန်မာ့အသံဆိုတာတော့ စာရေးသူကိုယ်တိုင် ရောက်တောင် မရောက်ခဲ့ပါဘူး။ ဒါ့ကြောင့်နောက်မမီခဲ့ခြင်း ဖြစ်ပါတယ်။ ဒါပေမယ့် ဒီကြားကာလလေးက စိတ်ဝင်စားစရာ ပျော်ရွှင်စရာ ဗဟုသုတဖြစ်ဖွယ်ရာနဲ့ကိုယ့်ဘဝအတွက် အမှတ်တရတွေ အများကြီး ဖြစ်စေခဲ့တဲ့ ကာလတွေ ဖြစ်ခဲ့ပါတယ်။ ရယ်စရာတွေရောမောစရာတွေရော စုံလို့ပါပဲ။ အဲဒီထဲကမှ အခုက တစ်ချို့အပါအဝင်ပေါ့။
     ၁၉၈၈ခုနှစ်နောက်ပိုင်းကာလတွေက မြန်မာ့အသံမှာ ပိတ်ပင်တာတွေ အများဆုံးပဲလို့ ဝါရင့်ဝန်ထမ်းတစ်ယောက်ကပြောဖူးပါတယ်။ အုပ်ချုပ်ရေးပိုင်းနဲ့ ပညာရှင်အပိုင်းတွေမှာပါ စစ်တပ်က လူတွေ အစားထိုးဝင်ရောက်လာတဲ့အတွက် ပိုပြီး ဆိုးလာတာလို့ သူကပြောပါသေးတယ်။ စက်မှုဌာနမှာ အင်ဂျင်နီယာချုပ်သာမက သူ့ဆီကအောက်ဆင်းသွားတဲ့ ရာထူး လေးဆင့်လောက်အထိ စစ်အင်ဂျင်နီယာတပ်က လူတွေ အစားထိုး ဝင်ရောက်လာကြတာပါ။အသံလွှင့်လို့ခေါ်တဲ့ သတင်းကြေညာတာတို့ ဟောပြောချက်တို့ ဆိုတာက အသံနဲ့ဟန်နဲ့ဌာန်နဲ့ ပြောရတော့အတွေ့အကြုံရှိမှ ဖြစ်တာမို့ အနောင်စာလို့ ခေါ်တဲ့ အစီအစဉ်ကြေညာတဲ့ အထိတော့ မပါကြတာပါ။ဒါတောင် အသံလွှင့် ညွှန်မှုးတစ်ယောက်က အင်တာဗျူးကို သူကိုယ်တိုင်လိုက်မေးနေတဲ့ အတွက်ရော၊အသံလွှင့်ဇာတ်လမ်းတွေ၊ ဇာတ်လမ်းပမာတွေမှာ သူကိုယ်တိုင် မင်းသားနေရာက  ဝင်ပြီး သရုပ်ဆောင်နေတဲ့အတွက်ရယ်ကြောင့် ညွှန်ချုပ်ကကိုယ့်အလုပ်ကိုယ်လုပ် ဆိုပြီး ဟန့်လိုက်လို့ ရပ်တန့် သွားတာလဲ ရှိပါသေးတယ်။ ဒါက ကြုံလို့ရေးပြတာပါ။အဲဒီလို စစ်တပ်က လူတွေ ဝင်ရောက်လာပြီးနောက် အသံလွှင့်လုပ်ငန်းမှာ ပိတ်ပင်တာတွေ ပေါ်ပေါက်ခဲ့ပါတယ်။အဓိက ကတော့ ရှစ်လေးလုံးလှုပ်ရှားမှုမှာ ပါဝင်ခဲ့တဲ့ အနုပညာရှင် တေးသံရှင်တွေကိုပါ။ သူတို့သီချင်းတွေကိုမလွှင့်ရဆိုပြီး သီချင်းတွေကို အသံလွှင့်ဖို့ ထုတ်ယူရတဲ့ ဓါတ်ပြားတိုက်မှာ စာနဲ့ရေးထားပါတယ်။ အစမှာတော့ အဆိုတော်ကိုယ်တိုင်မသိကြပါဘူး။ နီးစပ်ရာက တဆင့် ၊ရယ် နောက်တစ်ခုက သူတို့သီချင်းတွေ မလွှင့်တာကြာတော့မှတဖြည်းဖြည်း သိလာတဲ့ သူတွေလည်း ရှိပါတယ်။ နာမည်ကြီးတွေကတော့ စောစောထဲက သိကြပါတယ်။ အဲဒီတုန်းကရှစ်လေးလုံးအရေးတော်ပုံမှာ ပြည်သူတစ်ရပ်လုံးနီးပါး ပါဝင်ခဲ့ကြတာဆိုတော့ အနုပညာရှင်တွေကလည်းပြည်သူ့ဘက်က ရပ်ကာ အားတက်သရော ပါဝင်ခဲ့ကြတာမို့ ရှစ်လေးလုံးမှာ ပါဝင်ခဲ့တဲ့ အဆိုတော်တွေသူတို့ရဲ့သီချင်းတွေကို ပိတ်လိုက်တဲ့အခါ အသံလွှင့်ဖို့ရာ မလွယ်သလောက်ဖြစ်ခဲ့ပါတယ်။ အဲဒီအခါ ဖြေလျှော့မှုတစ်ခု လုပ်ပေးပါတယ်။ ပိတ်ထားတဲ့(အသံလွှင့် သမားတွေကတော့ ဘဲန်းထားတယ်လို့ သုံးပါတယ်) အဆိုတော်က ပေါ်လစီ သီချင်းတစ်ပုဒ်စီဆိုပေးရင် အဲဒီအဆိုတော်ရဲ့ သီချင်းကို ပြန်လွှင့်ခွင့်ပေးပါတယ်။ ဒီတော့ ကိုကိုစစ်သားတို့ကိုကိုစစ်သားချစ်သူတို့ ဖြစ်ကုန်ကြတာပေါ့။  ရှစ်လေးလုံးမှာ ကျောင်းသားတွေ ပြည်သူတွေကို ပစ်သတ်ခဲ့လို့စစ်တပ်ကို အားလုံးက မုန်းရတဲ့ကြားထဲက သူတို့ အနုပညာ မသေဖို့ဒီလိုပဲ ဆိုခဲ့ကြရတာပါ။ အဲဒီအချိန်မှာ ပြည်သူတွေက စစ်ဆို ရေတောင် စစ်မသောက်ဘူးဆိုတဲ့အထိ ပြောဆိုနေတဲ့အချိန်ပေါ့။ ဒါပေမယ့် တစ်ဆင့်စကားနဲ့ ဘာ့ကြောင့်ဆိုရတယ်ဆိုတာ သိလာကြတော့မပြောသာကြပါဘူး။ အမျိုးသား အဆိုတော်တွေက ကိုကို စစ်သားချစ်သူရေ လုပ်လို့မရတော့ သူတို့လည်းချစ်ခြင်းတရားမြဲကြစေတို့ ဒီကမ္ဘာမှာ စစ်.. စစ် စစ်မဖြစ်စေရာတို့ ဘာတို့ လုပ်ကြရတာပေါ့။အဲဒီလိုနဲ့ ၁၉၉၀ ခုနှစ် ပတ်ဝန်းကျင်နီးပါးရောက်တော့ မလွှင့်ရလို့ ပိတ်ထားတာ နည်းသွားပါပြီ။ထူးခြားတာတစ်ခုက အင်မတန်မှ နာမည်ကြီးတဲ့ ရေဒီယို အဆိုတော်ကြီးတစ်ယောက်ကို ၂၀၀၈ ခုနှစ်ခန့်အထိ သူ့သီချင်းတွေ လွှင့်ခွင့်မရပါဘူး။ ဒီစာရေးတဲ့ အချိန်မှာ ပြန်လွှင့်နေဘီလားလို့ သူငယ်ချင်းတစ်ယောက်ကိုမေးကြည့်တော့ သူလဲ သေချာ မပြောနိုင်ပါဘူး။ အခု အချိန်မှာ ပိတ်ထားတာတွေ ဘာတွေ မရှိတော့ပါဘူးလို့သူက ပြောပြပါတယ်။  ထူးခြားတယ်ဆိုတာက အဲဒီအဆိုတော်ကြီးရဲ့အကိုတော်သူက နာမည်ကျော် နိုင်ငံရေးသမား တစ်ယောက်ဖြစ်တဲ့ ပြည်သူ့တိုးတက်ရေုးံပါတီက ဦးခင်မောင်မြင့်ဖြစ်လို့ပါတဲ့။ ကိုကိုးကျွန်းပြန်တစ်ယောက်ဖြစ်ပြီး ခေတ်အဆက်ဆက် နိုင်ငံရေးကို တစိုက်မတ်မတ်လုပ်ခဲ့တဲ့အဲဒီမျိုးချစ်သံမဏိ ပုဂိုလ် ကြီးကို အစိုးရက အတော် မျက်မုန်းကျိုးဟန်တူပါတယ်။ သူ့ညီသီချင်း မလွှင့်ရတဲ့။
  အဆိုတော်မာမာအေးကတော့မလွှင့်ရတာ နဲနဲ နောက်ကျပါတယ်။ ရှစ်လေးလုံးနဲ့မဆိုင်ပါဘူး။ ၁၉၉၈ခုနှစ်မှာအမေရိကားကိုသီချင်းဆိုဖို့ သွားရာက သူတို့ဘာကို မျက်မာန်ရှတယ်မသိ။ မာမာအေး သီချင်းတွေ မလွှင့်ရဆိုပြီးဖြစ်ပါတော့တယ်။ ၂၀၁၂ခုနှစ်မှ ပြည်ဝင်ခွင့် ပြန်ရတဲ့ အတွက် (၁၄)နှစ်တိုင်တိုင် ပိတ်ထားခဲ့တာပါ။အဲဒီလို ပိတ်ထားတဲ့ အချိန်က အဖြစ်အပျက်တစ်ခုကို ပြောပြချင်ပါတယ်။ ကျောက်ပန်းတောင်းခင်စိုးဦး ဆိုတဲ့ အဆိုတော်က ဆိုဟန်ဆိုပေါက်က မာမာအေးနဲ့ဆင်ပါတယ်။ လုံးဝတော့ မတူပါဘူး။အဲဒီနေ့က ကျောက်ပန်းတောင်း ခင်စိုးဦး သီချင်းလွှင့်နေစဉ်မှာပဲ အသံလွှင့်ဌာနအကြီးအကဲအပါအဝင် တာဝန်ခံအရာရှိ သုံးယောက်လောက် အသံလွှင့်တဲ့ စက်ခန်းထဲရောက်လာပါတယ်။ မျက်နှာတွေကမသာမယာနဲ့ပါ။ စာရေးသူတို့က အသံလွှင့်နေစဉ်မှာ အမှာအယွင်းဖြစ်မှာဆိုးတဲ့ အတွက် စကားပြောလေ့မရှိပါဘူး။ သူတို့က ဒါကို သိတဲ့အတွက် ဘာမှမမေး ဘာမှ မပြောပါဘူး။ အတွေ့အကြုံအရ တစ်ခုခုဖြစ်လို့လာတယ်ဆိုတာ ရိပ်မိတဲ့ အတွက် ဘာများပါလိမ့်လို့ ကိုယ့်ဘာသာ မေးခွန်းထုတ်ရင်းလွှင့်နေတဲ့ သီချင်းခေါင်းစဉ်၊ အဆိုတော်နာမည်ကို အသံလွှင့်ရင် ပေးထားတဲ့ အသံလွှင့်ဇယားနဲ့အသာလေးကြိတ်ပြီး တိုက်ကြည့်နေမိပါတယ်။ မလွဲပါဘူး။ သီချင်းဆုံးလို့ အစီအစဉ်ကြေညာသူကိုမိုက်ကရိုဖုန်း ချိုးပေးလိုက်တဲ့ အခါ ကျောက်ပန်းတောင်းခင်စိုးဦး သီဆိုထားတဲ့………………….သီချင်းနဲ့ဖျော်ဖြေလို့ ပြီးပါပြီရှင်။ အခုဆက်လက်ပြီး …………….. ဆိုတော့ ထပြန်သွားကြပါတယ်။ရင်းနှီးနေတဲ့ တာဝန်ခံတစ်ယောက်က နောက်ချန်နေခဲ့ပြီး” မာမာအေး မလွှင့်ရဆိုတာ အခုမှားပြီးလွှင့်နေတယ်ပြောလို့ လာနားထောင်ရတာတဲ့။ အမက မဟုတ်ပါဘူး။ မှားစရာမရှိပါဘူး၊ ဆိုတာကိုအတင်းငြင်းပြီး စက်ခန်းထဲအထိ သေချာ သွားနားထောင်မယ်ပြောလို့ လာကြရတာပါ”တဲ့။ အဲလောက်အထိပါ။အဲဒီလိုသာ အကဲဆတ်ကြတာ။ မာမာအေးသီချင်းတွေ၊ မာမာအေး အသံတွေ မလွှင့်ရလို့ ပိတ်တဲ့အခါ အများဆုံးအသံကူးပေးရတာ မာမာအေးသီချင်းတွေချည်းပါပဲ။
          စာရေးသူတို့ရဲ့ တစ်ပတ်စာ လုပ်ငန်းထဲမှာ အသံလွှင့်တာဝန်တင်မကအသံသွင်း အသံကူးတာဝန်ပါ လုပ်ဆောင်ရပါတယ်။ အသံသွင်းတာဝန်ကျပါက မာမာအေးသီချင်းတွေကိုလက်မလည်အောင် ကူးပေးရပါတယ်။ စာနဲ့ပေနဲ့လာလို့ ကူးပေးရတာပါ။ ပုံမှန်ဆိုပါက မလွှင့်ရဆိုတဲ့သီချင်းခွေကို ဓါတ်ပြားတိုက်ကတောင် ငှားယူ ထုတ်ယူခွင့် မရှိပါဘူး။ စာနဲ့ပေနဲ့ဆိုတာသာမာန်လူတွေ မဟုတ်ပါဘူး။ အနိမ့်ဆုံး တိုင်းမှုး ကနေ အမြင့်ဆုံး အဲဒီအချိန်က နံပါတ်(၂)အထိပါ။ ဘယ်လောက်တရားကျဖို့ ကောင်းလိုက်ပါသလဲ။ ပိတ်ထားတော့ ပြည်သူတွေက နားမထောင်ရပေမယ့်သူတို့က စီးရီးလိုက် အိမ်မှာ ကားပေါ်မှာ နားထောင်ကြပါသတဲ့။ တော်တော်လဲ ကြိုက်ကြပုံရပါတယ်။မြန်မာ့အသံဝန်ထမ်းတွေထက်တောင် သီချင်းတွေ သိကြပါတယ်။ ကွန်ပျူတာနဲ့များစီလာလိုက်တာ သူတို့လိုချင်တဲ့သီချင်းကို သေသေချာချာ နံပါတ်စဉ်ထိုးပြီး ဒီနံပါတ်စဉ်အတိုင်း မကျော်အောင် ကူးပေးရပါတယ်။တစ်ခါတလေ မူရင်းခွေမှာ ဆက်တိုက်ပါလာတဲ့ သီချင်းနှစ်ပုဒ်ကို စာရင်းထဲကအတိုင်း အစီအစဉ်မကျပေမယ့်အတူတူပဲလေ ဆိုကာ ထဲ့ပေးလို့မရပါဘူး။ သူတို့လိုချင်တဲ့ အတိုင်း အစီအစဉ်ကျအောင် အဆင်ပြေပါရက်နဲ့အဲဒီအခွေကို ပြန်ရစ်သိမ်း လိုချင်တဲ့ သီချင်းပါတဲ့ နောက်တစ်ခွေကို စက်ပေါ်တင်ကာ တပ်လိုက်ဖြုတ်လိုက် အလုပ်ရှုပ်ခံကာ ကူးကြရပါတယ်။ ကြာလာတော့ စာရေးသူတို့က စာရွက်လေးပြပြပြီး လာကူးခိုင်းနေတဲ့ဓါတ်ပြားတိုက်က တာဝန်ခံအရာရှိကို ဘုတောလွှတ်ကြပါတယ်။ ဟိုကနည်းနည်းကို ဦးလေးက ဖားပြီးလုပ်နေတာမှလားဆိုတော့ သူ့ခမျာ တောင်းပန်ရှာပါတယ်။ ဘုရားပေးပေးကျန်းပေးပေးပါ ဗျာ၊ သူတို့ပြောလို့ပါတဲ့။“သူတို့က ချစ်သူ့နယ်မြေပြီးရင် မောင့်အချစ်မြားစူးလို့ မရဘူးလား ဟင”်ဆိုကာ ပေါက်ကွဲကြပါတယ်။တာဝန်အရတော့ ကူးပေးရတာပါပဲ။ နှစ်နဲ့ချည်ပြီး ကူးပြီးတဲ့နောက် လူကုန်သွားဟန်တူပါတယ်။နောက်ပိုင်း သိပ်မကူးရတော့ပါဘူး။ အဆိုတော် မာမာအေးနဲ့ ပတ်သက်ပြီး ပြောစရာတွေက ရှိပြန်ပါသေးတယ်။ပိတ်ထားတာ ကြာလာပြီး ၂၀၀၀ခုနှစ် ကျော်ကျော်လောက်မှာ ဇာတ်လမ်းပမာ တစ်ပုဒ် ရဲ့ ဇာတ်သိမ်းခန်းမှာမာမာအေးသီချင်းဖြစ်နေပါတယ်။ အဲဒါလွှင့်ပီးသွားပြီဆိုတာ သိသိချင်းပဲ တာဝန်ရှိသူတွေက အထက်ကနားထောင်လို့ ကြားပြီးပြောလာရင် အေ၇းယူမယ်၊ ဘယ်သူမှ မသိရင် ဒီတိုင်ထားလိုက်ဆိုကာ ဖုံးထားလိုက်တာဘယ်သူဘယ်ဝါကမှ ပြောသံမကြားတဲ့ အတွက် အေးအေးဆေးဆေးပဲ ပြီးသွားပါတယ်။ ဒါကို အခွင့်ကောင်းယူပြီးဇာတ်လမ်းတွေ ထုတ်လုပ်တဲ့ ပရိုဂျူဆာလဲ ဖြစ် တာဝန်ခံ အရာရှိလဲ ဖြစ်တဲ့ အမ တစ်ယောက်က အခုလိုတောင်းဆိုပါတယ်။
            “ ရေဒီယို ဇာတ်လမ်းတွေမှာ အဆိုတော်မာမာအေးရဲ့ သီချင်းတွေကိုထဲ့သုံးမှ ဇာတ်လမ်းက ပိုအသက်ဝင်လာကြောင်းနဲ့ ဇာတ်သိမ်းဆိုရင်လည်း မာမာအေးသီချင်းတွေနဲ့များအလွမ်းဇာတ်သိမ်းရင် နားထောင်ကောင်းကြောင်း ဒါ့ကြောင့် သီချင်းတွေကို သုံးပါရစေ၊ နာမည်ကိုတော့မကျေညာပါဘူး” လို့ တင်ပြတဲ့အခါ သုံးခွင့်ရလာပါတယ်။ ဒါ့ကြောင့် သီချင်းတစ်ချို့ကို ဇာတ်လမ်းပမာတွေမှာသုံးခဲ့ပါတယ်။ အသံလွှင့်ပြီးရင်တော့ ဒီဇာတ်လမ်းမှာ ဘယ်သူအဖြစ် သရုပ်ဆောင်ဘယ်သူ ဘယ်ဝါကပါဝင်သရုပ်ဆောင်ပြီး ဇာတ်သိမ်းသီချင်းကိုတော့ တေးသံရှင် ဘယ်သူက သီဆိုထားပါတယ်လို့ ကျေညာလေ့ရှိရာမှာမာမာအေးနဲ့ဇာတ်သိမ်းရင် ဇာတ်သိမ်းသီချင်းကို ဘယ်သူက သီဆိုထားပါတယ်ဆိုတာ မပြောတော့ပါဘူး။စာရေးသူတို့က အဲဒီအချိန်မှာ ငယ်ရွယ်သူတွေ ဖြစ်တဲ့အတိုင်း ဂွတိုက် ပြောကြပါတယ်။
“ အော်… နားထောင်တဲ့ လူတွေက ဘယ်သူဆိုလဲ သိချင်ကြရှာမှာပေါ့”လို့။အမှန်က  မာမာအေး အသံဆိုတာ ရေဒီယို ပရိတ်သတ်ကသိနေပြီးသားပါ။
             ဒီနေရာမှာ အဆိုတော် ၊ သရုပ်ဆောင်မဟုတ်ပေမယ့် အသံကို အပိတ်ခံထားရသူတွေရှိပါတယ်။အဲဒါကတော့ မြန်မာ့အသံက ဝန်ထမ်းဟောင်းတွေပါ။ ဝန်ထမ်းဟောင်းလို့ သုံးလိုက်ရပေမယ့် အမှန်ကရှစ်လေးလုံး အရေးတော်ပုံမှာ ပါဝင်ခဲ့လို့ အထုတ်ခံခဲ့ရတဲ့ သူတွေပါ.။ သူတို့ကို ထုတ်လိုက်ပြီးအသံတွေကိုပါ ပိတ်လိုက်တာပါ။ မြန်မာ့အသံဝန်ထမ်းတွေထဲမှာ ရုပ်ရှင်မင်းသားမင်းသမီးတွေကိုယ်တိုင်က ချီးကျူးရတဲ့ အသံပါရမီရှင်တွေ အများကြီး ရှိပါတယ်။ အသံနဲ့သရုပ်ဆောင်တာသိပ်ကိုတော်ကြပါတယ်။ ရုပ်ရှင်သရုပ်ဆောင်တွေက အရုပ်ပါ လိုက်ပြီး သရုပ်ဆောင်လို့ တော်ကြပေမယ့်အသံချည်းပဲ သရုပ်ဆောင်ရင် ရွံ့ကြပါတယ်။ မလွယ်ဘူးလို့ကိုယ်တိုင်လဲ ဝန်ခံပြောတဲ့သူတွေကြားဖူးပါတယ်။ အဲဒီလို ဝန်ထမ်းတွေကမှ စာရေးသူတို့ ငယ်စဉ်က နားထောင်ခဲ့ရတဲ့ မြန်မာ့အသံဦးဇော်ဝင်းတို့၊ စန္ဒယားအောင်ခင်တို့ဆို အသံသရုပ်ဆောင်တာမှာ သိပ်ကို နာမည်ကြီးခဲ့တာမှတ်မိနေပါတယ်။ ရိုးရိုး အသက်ပြည့်လို့ ပင်စင်ယူသွားတာမျိုး ၊ လုပ်သက်ပြည့်နဲ့ ပင်စင်သွားတဲ့လူမျိုး မဟုတ်ပဲ ရှစ်လေးလုံးမှာ ပါလို့ ထွက်သွားတဲ့ ဝန်ထမ်းတွေရဲ့ အသံတွေကို မသုံးတော့တဲ့အခါဇာတ်လမ်းကောင်းလေးတွေ အများကြီးကို ပိတ်ထားသလို ဖြစ်နေပါတော့တယ်။ တစ်ခေတ်တစ်ခါက ရေဒီယိုဇာတ်လမ်းဆိုတာလူတိုင်းလိုလို အင်္ဂါနေ့ည ၇နာရီ၁၅မိနစ်နဲ့ စနေနေ့ည ၈နာရီ ၁၅ မိနစ်ဆိုေ၇ဒီယိုရှေ့ေ၇ာက်နေကြရတဲ့အထိ ဆွဲဆောင်နိုင်ခဲ့ကြတာပါ။ နောက်ပိုင်းတော့ ဇာတ်လမ်းအသစ်တွေပဲ လွှင့်နေ ၊လွှင့်တာကလဲအတုံးလိုက် အတစ်လိုက် ပေါ်လစီဆိုတော့ လူတွေလည်း စိတ်မဝင်စားကြတော့ပါဘူး။
         မလွှင့်ရဆိုတာမှာအဆိုတော်ကို အဓိကထားပြီး ပိတ်တော့ သူ့ရဲသီချင်းတွေ ပိတ်တာပါ။ အဲဒီကမှ မလွှင့်ရတဲ့ သီချင်းလေးတစ်ပုဒ်ကိုသတိရလို့ ပြောချင်ပါသေးတယ်။  အဆိုတော် ထူးအိမ်သင်ကိုပိတ်မထားပေမယ့် သူဆိုတဲ့ “ရာဇဝင်ထဲက သတို့သမီး”သီချင်းကို ပိတ်ပါတယ်။ မလွှင့်ရသီချင်းပါ။စာရေးသူတို့က အရမ်းကောင်းပြီး အဓိပ္ပါယ်ရှိတဲ့ သီချင်းကို ဘာလို့မလွှင့်တာလဲ မေးကြည့်တော့တာဝန်ခံ အမက”  ငါတို့ရဲ့မိခင်”ဆိုတာ ပါလို့နေမှာတဲ့။ဒါပေမယ့် အဲဒီသီချင်း စီဒီထဲမှာပါတဲ့ သီချင်းတွေပါ ယောရောင်ပြီး မလွှင့်ကြပါဘူး။ တရက်မှာအဲဒီ စီဒီခွေကို နားထောင်ကြည့်ရင်းက” တုနိုင်းမဲ့ရတနာ”ဆိုတဲ့ သိချင်းကို နားထောင်လိုက်ရတဲ့အခါ  ဒီသီချင်းဟာ မွေးနေ့လက်ဆောင်မှာ သုံးလို့ရရက်နဲ့ဘာလို့မသုံးတာလဲလို့ အတူတာဝန်ကျနေတဲ့ အနောင်စာတစ်ယောက်ကို ပြောပြတော့ သူလဲ ဒီသီချင်းကိုအခုမှ နားထောင်ရတယ်တဲ့။ လွှင့်နေကျ မွေးနေ့လက်ဆောင် သီချင်းတွေထဲမှာ သားအတွက် သမီးအတွက်အထူးသဖြင့် ကလေးတွေအတွက်က ရှားပါးပါတယ်။ တစ်ခါလာလဲ ဒီသီချင်း ထပ်နေတဲ့ အတွက် စာရေးသူကကိုယ့်ကဏ္ဍ မဟုတ်ပေမယ့် အကြိမ်ကြိမ် ပြောနေတော့ အဲဒီ အနောင်စာမလေးလဲ မနေသာပဲ သူ့တာဝန်ခံကိုပြောပြလိုက်ရာမှာ ဒီကနေ့အထိ မွေးနေ့လက်ဆောင်အခန်းမှာ လွှင့်နေတာ ကြားနေရပါတယ်။
အဲဒီတုန်းက  သီချင်းထဲမှာ”နင်” ” ငါ”ဆိုတဲ့ အသုံးပါရင် မလွှင့်ရပါဘူး။ ဒါပေမယ့်” အမေ”နဲ့ “ မိခင်” ဆိုတာပါရင်မလွှင့်ရတာကတော့ သိကြတဲ့ အတိုင်းပါ။
“ ငါတို့ရဲ့ မိခင် ဧရာဝတီ” ဆိုတော့ ငါ ကခွင့်လွှတ်နိုင်ပေမယ့်မိခင်ကို ကြောက်ကြဟန်တူပါတယ်။ “ငါတို့မိခင်” ဆိုတော့ လုံးဝ( လုံးဝ) မလွှင့်ရပါတဲ့။
၂၀၁၀ အစိုးရသစ်တက်လာတဲ့ နောက်ပိုင်းတော့ ဖြေလျှော့ပေးတာတွေလုပ်ပေးနေတယ်လို့ကြားသိရပါတယ်။  အကျဉ်းထောင်ထဲမှာထဲ့ထားပြီးတားဆီးပိတ်ပင်ထားတဲ့ နိုင်ငံရေး အကျဉ်သားများကို ပြန်လွှတ်ပေးသလို တားဆီးပိတ်ပင်တာတွေလဲတဖြည်းဖြည်း လျော့ပေး လာပါပြီ။ အဆိုတော်အချို့လည်း ပြည်တွင်းကို အခါခါလာလို့ စင်တင်ပွဲတွေလည်းနွှဲခဲ့ကြပါပြီ။ မီဒီယာမှာလည်း အထိုက်အလျှောက် ဖြေလျှော့ပေးနေတဲ့အချိန်မှာ အသံလွှင့်လုပ်ငန်းမှာလည်းပိတ်ပင်တားဆီး ထားတာတွေ မရှိသင့်တော့ပါဘူး။ အနုပညာတစ်ပိုင်းဖြစ်တဲ့အသံလွှင့် လုပ်ငန်းတွေမှာပိတ်ပင်တာတွေ လုံးဝ မရှိတော့ဘူးဆိုရင်တော့ ဝမ်းသာစရာပါပဲ။

July 22, 2013

ပျောက်ကွယ်ခြင်း မရှိရန် ထိမ်းသိမ်းထားသော ဗိုလ်ချုပ်အောင်ဆန်း မိန့်ခွန်းတိပ်ခွေများ

  (၆၆) နှစ်မြောက် အာဇာနည်နေ့မှာ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားမှ ဗိုလ်ချုပ်အောင်ဆန်းမိန့်ခွန်းများကို ထုတ်လွှင့်ပေးနေတယ်လို့ ဖေ့စ်ဘွတ်မှာ အံ့ဩ ဝမ်းသာစွာ ရေးကြပြောကြ သူများထဲကမှ တစ်ယောက်ကတော့ သူ့ရဲ့ status မှာ "ဟိုက် .... MRTV က မှတ်တမ်းတွေတော့ သေသေချာချာ သိမ်းထားသဟ ။" လို့ ရေးတာ ဖတ်ရပြီး ဒီစာလေးကို ရေးဖြစ်ပါတယ်။
     မြန်မာ့အသံနှင့်ရုပ်မြင်သံကြားဆိုတဲ့ အတိုင်း ရေဒီယိုလို့ လူတိုင်းခေါ်ပြောနေကြတဲ့ အသံချည်းပဲ လွှင့်တဲ့ အပိုင်းနဲ့ ရုပ်မြင်သံကြားခေါ်တဲ့ အရုပ်ရောအသံပါ လွှင့်တဲ့ အပိုင်း ဆိုပြီး ရှိပါတယ်။ နှစ်ခုစလုံးမှာ မှတ်တမ်းထိန်းသိမ်းထားတဲ့ ဌာနတွေ ရှိပါတယ်။ ရေဒီယိုက အများကြီးစောပါတယ်။ လွတ်လပ်ရေးမရခင် အင်္ဂလိပ်လက်အောက်နဲ့ ဂျပန်ခေတ်မှာကတည်းက အသံလွှင့်တာစနေပါပြီ။ ၁၉၄၆ ခုနှစ် ဖေဖေါ်ဝါရီလ(၁၅) ရက်နေ့ကစပြီး ဗမာ့အသံဆိုတဲ့ နာမည်နဲ့ ခိုင်ခိုင်မာမာ ရပ်တည်ခဲ့တာ ကနေ့အထိပါပဲ။ ၁၉၄၇ခုနှစ်မှာ အသံကို သွင်းယူထားနိုင်တဲ့ ( M.S.S Disc Recording Machine) ဓါတ်ပြား အသံသွင်းစက် ရရှိလာတဲ့အတွက် နိုင်ငံခေါင်းဆောင်တွေရဲ့ မိန့်ခွန်းတွေကို ဟောပြောနေတဲ့ အချိန်မှာ အသံသွင်းထားနိုင်ခဲ့ပြီး ပြည်သူတွေကို အသံပြန်လွှင့်ပေးခဲ့ပါတယ်။ သတ္တုပြားတွေ ဖြစ်တြဲ့အတွက် ကြာရှည်သိမ်းထားလို့ မရနိုင်တာမို့ အိန္ဒိယကိုပို့ပြီးေ၇ာင်းတန်း ဓါတ်ပြားB.P အနေနဲ့ ပြန်လည် အသံသွင်းပြီး သိမ်းထားခဲ့ကြပါတယ်။  ဒါ့ကြောင့် အဲဒီထက် အစောပိုင်းကာလတွေမှာ တိုက်ရိုက်အသံလွှင့်ခဲ့သမျှအားလုံး မှတ်တမ်းထားဖို့ ဓါတ်ပြားအသံဖမ်းစက် မရှိသေးတဲ့အတွက် လေထဲမှာပဲ လွင့်ပျောက်ခဲ့ရပါတယ်။
          ရေဒီယို( အသံလွှင့်ဌာန)မှာ ဓါတ်ပြားတိုက် ဆိုတာ ရှိပါတယ်။ အဲဒီဓါတ်ပြားတိုက်မှာ ခေတ်အဆက်ဆက် အရေးပါတဲ့ အရေးကြီးတဲ့ မိန့်ခွန်းတွေအပါအဝင် သီချင်းပေါင်းများစွာ( သီချင်းကြီး၊ သီချင်းခန့် ကာလပေါ် စတီရီယိုစသဖြင့် အမြဲလွှင့်ခွင့်ရ) ၊ ရေဒီယိုဇာတ်လမ်းပေါင်းများစွာ၊ ဟောပြောချက်များ ကို မှတ်တမ်းမှတ်ရာနဲ့ သေသေချာချာ သိမ်းဆည်းထားပါတယ်။ အခြေအနေအရ အသံမလွှင့်ဖြစ်ခဲ့တဲ့ မိန့်ခွန်းတွေ အပါအဝင် မှတ်တမ်းမှတ်ရာ အသံတွေကို စနစ်တကျ သိမ်းဆည်းထားပါတယ်။ လမ်းစဉ်ပါတီခေတ်က ပါတီညီလာခံမှာ တင်သွင်းတဲ့ တင်ပြချက်တွေသာမက စစ်အစိုးရလက်ထက် အခြေခံဥပဒေရေးဆွဲစဉ် ညောင်နှစ်ပင်ညီလာခံက မှတ်တမ်းမှတ်ရာတွေ အထိ အားလုံးကို သိမ်းဆည်းထားပါတယ်။ ရုပ်မြင်သံကြားဌာနမှာလည်း ဒီအတိုင်းပါ။ တိပ်ခွေထိမ်းသိမ်းရေးဌာန( Tape Library) မှာ သိမ်းဆည်းထားပါတယ်။ ရုပ်မြင်သံကြားပေါ်လာတာ မကြာသေးတဲ့အတွက် တစ်ချို့ကို မော်ကွန်းရုပ်ရှင်က ယူတယ်လို့ ကြားဖူးပါတယ်။ ဗိုလ်ချုပ်အောင်ဆန်း မိန့်ခွန်းပြောတဲ့ပုံ၊ လွတ်လပ်ရေးကြိုးပမ်းမှုကာလက မှတ်တမ်းမှတ်ရာတွေက မော်ကွန်းရုပ်ရှင်ကနေ ပြန်လည်ကူးယူသိမ်းဆည်း ထားတာတွေ ဖြစ်ပါတယ်။ နှစ်ကာလ ကြာပြီဖြစ်တဲ့ အတွက် အရုပ်တွေက မှုန်ဝါးနေပေမယ့် အသံကတော့ ရေဒီယို ဓါတ်ပြားတိုက်က ရယူလို့ဖြစ်ပါတယ်။ ဓါတ်ပြားတွေမှာ အသံဖမ်းထားတဲ့ အတွက် ကြာလာတဲ့အခါ လေတိုးသံတွေလို တရှဲရှဲမြည်နေပါတယ်။
         နောက်ပိုင်း ရောင်းတမ်းဓါတ်ပြားတွေနဲ့ တစ်ခါထဲပြော တစ်ခါထဲ အသံသွင်းကြပါတယ်။ ဓါတ်ပြားတစ်ဖက်မှာ (၃) မိနစ်သာ ဆန့်ပါတယ်။ ဒါ့ကြောင့် ၃မိနစ်ထက် ပိုရင်တခြားဘက် အခြမ်းက ဆက်ပီး အသံသွင်းရပါတယ်။ အဲဒီေ၇ာင်းတမ်း BP ဓါတ်ပြားတစ်ချပ်မှာ (၆)မိနစ်စာပဲ အသံသွင်းယူထားလို့ရပါတယ်။ ဒါ့ကြောင့် ရှေးက အဆိုတော်ကြီးတွေ သီချင်းလာရင် သီချင်းတစ်ဝက်မှာ ခနလေးရပ်သွားပြီးမှ နောက်ဆက်ပီး အသံပေါ်လာတာပါ။ သူက အချင်း ၁၀လက်မ လောက်ရှိပါတယ်။ နောက်ပိုင်းမှာတော့ အချင်း(၁၂) လက်မနဲ့ အချင်း(၁၆) လက်မအရွယ်ရှိတဲ့ ဓါတ်ပြားတွေ ပေါ်လာပါတယ်။ အချင်း(၁၆)လက်မရှိတဲ့ ဓါတ်ပြားတစ်ဖက်မှာ မိနစ်(၃၀)စာ အသံသွင်းလို့ရပြီး အချင်း(၁၂) လက်မဓါတ်ပြားကတော့ အပတ် တစ်ပတ်မှာ ၃မိနစ်နီးပါးဆန့်ပါတယ်။ ဒါ့ကြောင့် တစ်ဖက်ကို ၃မိနစ် လေးမိနစ်စာ သီချင်းတွေ ၄ပုဒ်လောက် ထဲ့လို့ရပါတယ်။ ဒီဓါတ်ပြားအကြီးတွေ ပေါ်လာတဲ့အခါ ဗိုလ်ချုပ်အောင်ဆန်း မိန့်ခွန်းတွေကို တစ်စုတစ်စည်းထဲ ဖြစ်အောင် ဓါတ်ပြားအကြီးထဲ ပေါင်းပြီးကူးထားပါတယ်။ တကယ့်မူရင်းတွေကိုလည်း မပျောက်မပျက်ရအောင် ဆက်ပြီး သိမ်းထားပါတယ်။
      ဓါတ်ပြားတွေကနေ ကြိုးခွေ သုံးတဲ့ခေတ် ရောက်ပြန်တော့လည်း ကြိုးခွေမှာ ပြန်ကူးပြီး သိမ်းပြန်ပါတယ်။ ကျန်တဲ့ ဓါတ်ပြားတွေကိုလည်း ဆက်လက် သိမ်းဆည်းထားပါတယ်။ အဲဒီ ကြိုးခွေတွေကိုတော့ အသံလွှင့်တာရော၊ အသံသွင်းတာရော ၊ သိမ်းတာမှာပါ တော်တော်ကြာတဲ့ အထိ အသုံးပြုခဲ့ပါတယ်။ အချင်း ၁၀ ၁/ ၂ လက်မရှိတဲ့ တိပ်ခွေမှာ ကြိုးခွေ ပေ၂၄၀၀ အရှည်ရှိပီး ၇လက်မတိပ်ခွေမှာ တိပ်သားကြိုးခွေက ပေ ၁၂၀၀ရှိပါတယ်။ အချင်း၅လက်မရှိတဲ့ အခွေမှာတော့ တိပ်သား ပေ၆၀၀ ပါပါတယ်။ အဲဒီကြိုးခွေ ၁၀ ၁ /၂ လက်မ ရှိတဲ့ အခွေတွေနဲ့လည်း ဗိုလ်ချုပ်အောင်ဆန်း မိန့်ခွန်းတွေကို သိမ်းဆည်းထားပါတယ်။ နည်းပညာတိုးတက်လာတဲ့ အလျောက် အဲဒီပြောင်းလဲလာတဲ့ အသံသွင်းတိပ်ခွေတွေနဲ့ အဆင့်ဆင့် ထိန်းသိမ်းထားပါတယ်။
နောက်ပိုင်း ကက်ဆက်ခွေတွေ ပေါ်လာတဲ့အခါ ကက်ဆက်ခွေတွေနဲ့လည်း သိမ်းပါတယ်။ ကက်ဆက်ခွေတွေကိုတော့ အများပြည်သူတွေပါ သုံးလာကြပါတယ်။ ဆိုက်ဒ်- အေ၊ ဆိုက်ဒ်- ဘီ နှစ်ဘက်ရှိပြီး စီ- ၆၀ အခွေမှာ တစ်ဆိုက်ဒ်ကို မိနစ် ၃၀စာ အသံသွင်းလို့ရပြီး တစ်ခွေမှာ တစ်နာရီစာ အသံသွင်းလို့ရပါတယ်။ စီ- ၉၀ ဆိုရင် တစ်ဖက် ၄၅မိနစ်ဆန့်ပြီး တစ်နာရီခွဲစာ အသံသွင်းထားနိုင်ပါတယ်။ အဲဒီကနေ စီဒီ တွေ ပေါ်လာတဲ့ အခါ စီဒီမှာလည်း ဗိုလ်ချုပ် မိန့်ခွန်းတွေကို ပြောင်းလဲပြီး ကူးယူ သိမ်းဆည်းပါတယ်။ သဘောကတော့ ဒီမိန့်ခွန်းတွေကို ပျောက်ပျက်မသွားအောင်ရယ် ဘယ်ခေတ် ဘယ်အချိန်ရောက်ရောက် ပြန်ပီး အသံလွှင့် နိုင်ဖို့အတွက်ဖြစ်ပါတယ်။ ဥပမာ- ဓါတ်ပြားထဲမှာ ရှိတယ်ဆိုပြီး ဒီအတိုင်း ထိန်းသိမ်းထားခဲ့ရင် ဒီကနေ့ အချိန်ရောက်လို့ အသံလွှင့်တဲ့အခါ ဓါတ်ပြားစက်တွေ မရှိတော့တဲ့ အတွက် ဘယ်လိုမှ လွှင့်ပေးဖို့ မဖြစ်နိုင်တော့ပါဘူး။
  DAT လို့ခေါ်တဲ့ တိပ်ခွေလည်း အသုံးပြုခဲ့ပါသေးတယ်။ သူကတော့ ကက်ဆက်ခွေနဲ့တူပေမယ့် ကက်ဆက်ခွေလောက်မကြီးပဲ အတော်သေးပါတယ်။ သူကတော့ အသံသွင်းဖို့အနေနဲ့ တော်တော်ကောင်းပေမယ့် အသံလွှင့်ရာမှာ အခက်အခဲတွေ အများကြီးဖြစ်တဲ့ အတွက် သိပ်ကြာကြာ အသုံးမပြုခဲ့ပါဘူး။
  အခု နောက်ဆုံးအနေနဲ့ကတော့ ဗိုလ်ချုပ်အောင်ဆန်းမိန့်ခွန်းတွေကို ကွန်ပြူတာထဲမှာ သိမ်းဆည်းထားနိုင်ခဲ့ပါပြီ။ ပြောင်းလဲလာတဲ့ ခေတ်နဲ့အညီ တိုးတက်ကောင်းမွန်လာတဲ့ အသံကူးပြောင်းစနစ်တွေနဲ့ စနစ်တကျ သိမ်းဆည်းထားပြီး အသံပြန်လွှင့်နိုင်အောင် စီစဉ်ထားကြတာပဲ ဖြစ်ပါတယ်။
   စာရေးသူတို့ ငယ်စဉ်က အာဇာနည်နေ့ရောက်ပြီဆိုရင် အဲဒီည ၈နာရီ သတင်းအပြီးမှာ ဗိုလ်ချုပ်အောင်ဆန်း မိန့်ခွန်းတွေကို အားပါးတရ နားထောင်ခဲ့ရပါတယ်။ ဓါတ်ပြားထဲက ရှဲရှဲ.. ရှဲရှဲ ဆိုတဲ့ အသံတွေကြားက ဗိုလ်ချုပ်ရဲ့ မိန့်ခွန်းတွေကို နားစိုက်ခဲ့ရပါတယ်။ အခု နောက်ပိုင်းတော့ ကွန်ပျူတာနဲ့ ပြန်သွင်းတာမှာ တစ်ချို့ ရှဲရှဲ ရှဲရှဲ အသံတွေကို ဖျောက်လို့ရတယ်လို့ သိရပါတယ်။ ( တကယ်တော့ ဓါတ်ပြားမှာပါရှိတဲ့ လိုင်းတွေ ကြားထဲမှာ အမှုန်လိုဟာမျိုး ဒါမှမဟုတ် အသုံးမပြုတာကြာတဲ့ အတွက် မှိုကပ်နေတာမျိုးကြောင့် ဓါတ်ပြားပေါ် အပ်ထောက်တဲ့အခါ မလိုလားတဲ့ အသံတွေပါ ထွက်နေတာဖြစ်ပါတယ်)။
၁၉၈၈ ခုနှစ်နောက်ပိုင်း ၁၉၉၀ ခုနှစ်ခန့်က စပြီး ဗိုလ်ချုပ်အောင်ဆန်း မိန့်ခွန်းတွေကို အသံလွှင့်ခြင်း မရှိတော့ပါဘူး။ အသံလွှင့်ဝန်ထမ်းတွေကတော့ မလွှင့်ရဆိုလို့သာ မလွှင့်တာ ဘယ်သူက ခိုင်းစေတယ် ဘယ်သူက ပိတ်ပင်တယ်ဆိုတာ မသိခဲ့ ကြပါဘူး။ ထုံးစံအရ မလွှင့်ရဆိုပါက အဲဒီ တိပ်ခွေကို ဓါတ်ပြားတိုက်ကနေတောင် ထုတ်ယူခွင့် ရှိတာမဟုတ်ပါဘူး။ ဥပမာ- ကိုင်ဇာ သီချင်းတွေ မလွှင့်ရ ဆိုပါက သူ့သီချင်းတွေကို ဓါတ်ပြားတိုက်ကနေ ထုတ်ယူလို့မရပါဘူး။ တိပ်ခွေစာရင်းဘေးမှာ မင်နီနဲ့ မလွှင့်ရလို့ ရေးထားတဲ့အတွက် မတော်တဆ နံပါတ်မှားရေးပြီး ထုတ်ဖို့ပြင်ရင်တောင် ဓါတ်ပြားတိုက်က တာဝန်ရှိတဲ့သူက စာအုပ်ပြပြီး မလွှင့်ရ ရေးထားတယ် မရဆိုပြီး ပေးမထုတ်ပါဘူး။
 အခုတော့ ၁၉၉၀ခုနှစ်ကနေ စတင် ရေတွက်လိုက်ရင် (၂၃) နှစ်အကြာမှာမှ ဗိုလ်ချုပ်အောင်ဆန်း မိန့်ခွန်းတွေကို ပြန်လည် အသံလွှင့်တာ ကြားရပါပြီ။ တကယ်တော့ ဒီလို အသံလွှင့်နိုင်ခဲ့တာဟာ မူရင်း ရောင်းတန်းဓါတ်ပြား B.P တွေကနေ တစ်ဆင့်ပြီးတစ်ဆင့် ကူးယူထိန်းသိမ်းခဲ့ကြလို့သာ ဖြစ်တဲ့ အကြောင်း သိသမျှ ရေးသားလိုက်ရပါတယ်။

July 9, 2013

ခယောင်းလမ်းမှသည် ပန်းခင်းလမ်းသို့( The Voice Weekly Vol.9/No.26 မှာ ဖော်ပြပါရှိတဲ့ ဆောင်းပါး ဖြစ်ပါတယ်)



ထိုင်းနိုင်ငံရဲ့ဒုတိယမြို့တော်ဖြစ်တဲ့ ချင်းမိုင်မြို့က မြန်မာနိုင်ငံနဲ့ နယ်စပ်ချင်း နီးနီးကပ်ကပ်ရှိတဲ့ မြို့တစ်မြို့ ဖြစ်ပါတယ်။ ဒါ့ကြောင့် မြန်မာပြည်ရဲ့ နယ်စပ်ဒေသက  တိုင်းရင်းသားလူမျိုးစုတွေ လာရောက် အလုပ်လုပ်ကိုင်နေကြတာအများအပြားပါ။ စားသောက်ဆိုင်များ၊ ဈေးဆိုင်များ၊ ဆောက်လုပ်ရေး လုပ်ငန်း အပါအဝင် သန့်ရှင်းရေးပါမကျန်အနှိပ်ခန်းတွေအထိ မြန်မာနိုင်ငံသားတွေ အလုပ်လုပ်နေကြတာ တွေ့နေရပါတယ်။
   စားသောက်ဆိုင်တစ်ခုမှာ စားပွဲထိုးလုပ်နေတဲ့ လူငယ်တစ်ယောက်ကိုမေးမြန်းကြည့်မိတဲ့အခါ သူရွာကို အလည်ပြန်တဲ့ အချိန်မှာ၊ သူတို့ရွာအပါအဝင် ရွာနီးချုပ်စပ်ကရွာတွေမှာ အရွယ်ကောင်း ယောင်္ကျားလေး၊ မိန်းကလေးတွေ မရှိကြတော့ပါဘူးတဲ့။ မရှိသလောက်လား၊လုံးဝကို မရှိတာလားလို့ မျှော်လင့်ချက်ကလေး အမျှင်သေးနဲ့ မေးမိတဲ့အခါ မရှိသလောက် မဟုတ်ပဲလုံးဝကို မရှိကြတာပါတဲ့။  သူတို့ရဲ့ မိဘတွေနဲ့သက်ကြီးရွယ်အိုတွေသာ ရှိပါတယ်။ သူတို့ဘာသာ တတ်နိုင်သလောက် လယ်ကလေး ယာကလေးမှာ စိုက်တန်တာစိုက်ပြီးဒီဘက်က ပို့ပေးတာလေးနဲ့နေကြတယ်။ သူက စားပွဲထိုး လုပ်တဲ့အတွက် ဆိုင်မှာ စားစရာနဲ့ နေစရာရလို့အိမ်ကို ပြန်ပို့ပေးနိုင်ပါတယ်တဲ့။ မြန်မာငွေ တစ်သိန်းဝန်းကျင်နဲ့ ညီမျှတဲ့ ထိုင်းဘတ်ငွေဟာနည်းတယ်လို့ ဆိုနိုင်ပေမယ့် ရွာမှာ နေရင် တစ်လတစ်သိန်းရနိုင်ဖို့ဆိုတာ ဝေလာဝေးပါတဲ့။အလုပ်အကိုင် အခွင့်အလမ်း မရှိပါဘူးတဲ့။ ကိုယ့်နိုင်ငံတွင်းမှာ  အလုပ်အကိုင် အခွင့်အလမ်း မရှိတာက တကြောင်း  စားစရာမရှိလောက်အောင် ဆင်းရဲမွဲတေလွန်းလှတာတွေ ကတစ်ကြောင်းအကြောင်းအမျိုးမျိုးနဲ့ တစ်ဖက်နိုင်ငံမှာ ရွှေ့ပြောင်း လုပ်ကိုင်ကြရပါတယ်။ အဲဒီလို အလုပ်လာလုပ်ကြတဲ့သူတွေထဲမှာဆယ်စုနှစ်နှစ်ခု အတွင်း  ဆယ်ကျော်သက်အရွယ်လူငယ်တွေ   အတော်များလာတာကို တွေ့နေရပါတယ်။ဒီလူငယ်တွေကို တွေ့ရဖန်များလာတဲ့အခါ ပညာသင်ယူရမယ့်အရွယ်တွေ ဖြစ်ပြီး ပညာမသင်နိုင်ပဲမိသားစုအတွက် စီးပွားရှာ အလုပ်လုပ်နေကြရတာ သူတို့အနာဂတ်တွေ ပြိုပျက် ပျောက်ဆုံးကုန်ပြီဆိုတဲ့အတွေးတွေဖြစ်ရပါတယ်။ မိသားစုရဲ့ စားဝတ်နေရေးအတွက် စာသင်ခန်းကို ကျောခိုင်းခဲ့ရတဲ့ ကလေးတွေအများကြီးရှိနေတာကို စိတ်မကောင်းစွာ ကြားသိနေရပါတယ်။
   မိတ်ဆွေတစ်ယောက်နဲ့ ဒီအကြောင်း ပြောမိရာက ထိုင်းနိုင်ငံမှာရောက်နေပြီး ပညာဆက်လိုချင်တဲ့ ကလေးတွေအတွက် ပေါင်းကူးပေးနေတဲ့ ကျောင်းတွေ ရှိတဲ့ အကြောင်းဝမ်းသာစရာ သတင်းကြားရပါတော့တယ်။ အဲဒီမိတ်ဆွေက လမ်းညွှန်ခဲ့တဲ့ အတွက်  မြန်မာပြည်က ရောက်လာတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေအတွက် ပညာရေး ပေါင်းကူးပေးနေတဲ့ ကျောင်းတစ်ကျောင်းကို ချင်းမိုင်မြို့မှာ တွေ့ခွင့်ရခဲ့ပါတယ်။အဲဒီကျောင်းက Bridging Education Access to Migrants (ရွှေ့ပြောင်းအလုပ်သမားများ ပညာရေးပေါင်းကူးအစီအစဉ်) လို့ခေါ်ပါတယ်။ အတိုကောက် BEAM လို့ လူသိများပါတယ်။ အဲဒီကျောင်းကို၂၀၁၀ ခုနှစ်၊ ဇန်နဝါရီလ(၄) ရက်နေ့မှာ စတင် တည်ထောင်ခဲ့တာ ဖြစ်ပြီး အခုဆိုရင် သက်တမ်း(၃)နှစ်အတွင်းမှာတက္ကသိုလ်အဆင့်ကို တက်ရောက်နိုင်သူ (၁၃)ဦး ရှိပြီလို့ သိရပါတယ်။ ရွှေ့ပြောင်းအလုပ်သမားဆိုရာမှာစစ်ပြေးဒုက္ခသည်တွေ၊ စစ်ကြောင့် မိမိတို့ရပ်ရွာကို စွန့်လွှတ်ပြီး ဒုက္ခသည် ခန်းတွေဆီရောက်ရာက ရွှေ့ပြောင်းကျောင်းတွေ တစ်ဆင့် ရောက်လာတဲ့ ကလေးတွေကိုလည်း  လက်ခံ သင်ကြားပေးတယ်လို့ သိရပါတယ်။ ပြည်တွင်းက အခြေခံပညာအလယ်တန်း အဆင့်အထိ တတ်မြောက်ထားဖို့တော့လိုပါတယ်။ BEAM ကျောင်းမှာ စာသင်နှစ် (၂)နှစ် ရှိပြီး အဲဒီစာသင်နှစ်အတွင်းမှာ တက္ကသိုလ်ဝင်တန်းအဆင့်နဲ့ ညီမျှတဲ့ သင်ကြားမှုရှိပါတယ်။ အဲဒီကမှ အမေရိကန်အသိအမှတ်ပြု ဂျီအီးဒီ စာမေးပွဲကိုဝင်ေ၇ာက်ဖြေဆိုရမှာ ဖြစ်ပြီး ဂျီအီးဒီ အောင်လက်မှတ်နဲ့ ထိုင်းတက္ကသိုလ်တွေကို တက်ရောက်ခွင့်ရမှာဖြစ်ပါတယ်။
“ ကလေးတွေဟာပညာတစ်ပိုင်းတစ်စနဲ့ သူများတိုင်းပြည်မှ အောက်ကျနောက်ကျနဲ့ လုပ်နေရတယ်။ သူတို့ဘဝရဲ့တက်လမ်း ၊ လမ်းစတွေ ပျောက်နေရတယ်။ ထိုင်းနိုင်ငံမှာ အထူးသဖြင့် နယ်စပ်တွေ ဖြစ်တဲ့ မဲဆောက်၊ရနောင်း၊ ဖန်င၊ စတာတွေမှာ ရွှေ့ပြောင်းကျောင်းတွေမှာ တက်နေကြတဲ့ ကလေးတွေရှိပါတယ်။ ဒါပေမယ့်သူတို့ဟာ ဒီအတန်းတွေပြီးရင် ရှေ့ဆက်စရာ မရှိတော့ပဲ ယောင်လည်လည်နဲ့ ဖြစ်နေရတာတွေ ရှိပါတယ်။ကျတော်တို့ဆီမှာလည်း ဒီအတိုင်းပါပဲ။ ကလေးတွေဟာ အဲဒီအဆင့်မှာပဲ မတက်ပဲနေတာ တွေ့ရတော့ကျွန်တော်တို့အနေနဲ့ ရှေ့ဆက်ပေါင်းကူးပေးနိုင်မယ့် လမ်းကို လုပ်ပေးဖို့ လိုတယ်ဆိုတာသိလာရတယ်။ဒါ့ကြောင့် တက္ကသိုလ်အထိ တက်ေ၇ာက်နိုင်အောင် တံတားလို ပေါင်းကူးပေးဖို့ လုပ်ပေးမယ်ဆိုပြီးရည်ရွယ်ကာ တည်ထောင်ခဲ့တာ” ဖြစ်ပါတယ်လို့ BEAM foundation ရဲ့ academic coordinatorဖြစ်တဲ့ ဆရာ ကိုကျော်ကျော်မင်းထွဋ္ဋ်က ရှင်းပြပါတယ်။
စတင်ဖွင့်ကာစကကျောင်းသူကျောင်းသား (၂၀)နဲ့ စခဲ့တာဖြစ်ပြီး အခုဆိုရင် (၇၀)ယောက်ခန့် တက်ရောက်နေကြပါတယ်တဲ့။(၃)နှစ်တာ ကာလအတွင်းမှာ ကြုံတွေ့ခဲ့ရတာတွေ၊ ကလေးတွေရပ်တည်ရတဲ့ ဘဝတွေကို သိရှိခဲ့ရပြီးခံစားခဲ့ရတာတွေကို ပြန်ပြောင်း ပြောပြရင်း တက္ကသိုလ်အထိ တက်ရောက်နေပြီ ဖြစ်တဲ့ သူ့တပည့်လေးတွေအကြောင်း ကြည်ျနူးမှု အပြည့်နဲ့ပြောပြနေတဲ့ ဆရာ့ကို အားကျ စွာပဲ တွေ့ခဲ့ရပါတယ်။
အလုပ်တစ်ဖက်နဲ့ကျောင်းတက်ရတဲ့အတွက် ကလေးတွေစာလိုက်နိုင်ကြရဲ့လား၊ တစ်ချို့ဆိုပါက ကျောင်းစာနဲ့လေးငါးနှစ်လောက် ကင်းကွာခဲ့ပြီးမှ BEAM ကိုရောက်လာတဲ့အတွက် စာတွေသင်ယူရာမှာ အခက်အခဲ တွေရှိမှာပေါ့လို့ မေးတဲ့အခါ သင်္ချာနဲ့ရူပဗေဒ ဘာသာရပ်ကို တာဝန်ယူ သင်ကြားပေးနေတဲ့ ဆရာဖြိုးကအခုလို ပြောပြပါတယ်။
“တချို့ကလေးတွေကစာနဲ့ အလှမ်းကွာနေတဲ့အတွက် အခက်အခဲ တော်တော်ရှိတာတွေ့ရတယ်။ တချို့ကလေးတွေဆိုရင် စာမလိုက်နိုင်တော့လို့ကျောင်းထွက်သွားတဲ့သူတွေရှိတယ်။ သူတို့ပြည်တွင်းမှာသင်ခဲ့ဖူးတဲ့အခြေအနေက အလွတ်ကျက်ခဲ့တာတွေဆိုတော့ဒီဘက်မှာ သင်တာနဲ့ ကွာတာရယ်၊ ပြန်မမှတ်မိတာတွေနဲ့ သူတို့အတွက် အခက်အခဲ အရမ်းဖြစ်တယ်။ဉာဏ်ရည်ဉာဏ်သွေးကတော့ပြောပလောက်အောင် ကွာတာမရှိပါဘူး။ “
ကြိုးစားတာကတော့ကျောင်းသားနဲ့သာဆိုင်တယ်ဆိုတာကို အမြင်ချင်းဖလှယ်မိပါတယ်။
BEAM ရဲ့စာသင်နှစ်(၂)နှစ်ကို ပထမနှစ်နဲ့ ဒုတိယနှစ်လို့ ပိုင်းခြားထားပြီး ပထမနှစ်မှာတော့ ဘာသာရပ်တွေကိုမြန်မာလူမျိုး ဆရာတွေက ပို့ချပေးပြီး ဒုတ်ယနှစ်မှာတော့ နိုင်ငံတကာအဆင့်မီinternational school အဆင့် သင်နိုင်တဲ့ နိုင်ငံခြားသားဆရာများကသာ ပို့ချပေးတာကို တွေ့ရပါတယ်။လတ်တလော ကျောင်းတက်နေတဲ့ ပထမ နှစ်ကျောင်းသူတစ်ယောက်ကတော့ ဘယ်လောက်ပဲ အလုပ်ထဲမှာ ပင်ပန်းပါစေ၊ကျောင်းကို မှန်အောင် တက်ပါတယ်တဲ့။ ဒီလိုမျိုး အခွင့်အေ၇းရဖို့ဆိုတာ အိပ်မက်တောင် မမက်ဖူးပါဘူးတဲ့။ဘဝတိုးတက်ဖို့ အတွက် အပင်ပန်းခံပြီး ကျိုးစားနေပါတယ်လို့ေ ပြာပါတယ်။ ရှေ့စာသင်နှစ်တွေကအကို အမတွေ တက္ကသိုလ်ကျောင်းတက်နေတာကို ကြည့်ပြီး အားကျကာ အဲဒီလို တက်နိုင်အောင် ကြိုးစားနေတယ်လို့စိတ်အားထက်သန်စွာပဲ ပြောပြနေပါတယ်။
BEAM ကျောင်းကနေချင်းမိုင်တက္ကသိုလ်မှာ လူမှုရေးသိပ္ပံဘာသာရပ်နဲ့ကျောင်းတက်နေတဲ့ ကျောင်းသူလေးကလည်း  စာတွေအများနည်းတူ လိုက်နိုင်လို့ ဝမ်းသာဂုဏ်ယူမိပါတယ်လို့ပြောပြပါတယ်။ BEAM ကျောင်းမှာ အင်္ဂလိပ်စာ သင်ပေးရင်း PAYAP တက္ကသိုလ်မှာ မဟာသင်တန်းတက်ရောက်နေတဲ့ဆရာမကလည်း အခုလို ပြောပါသေးတယ်။
“ကျမကPayap၊ TESOL ကျောင်းသူပါ။ BEAM ကျောင်းသားတွေအနေနဲ့ ထိုင်းနိုင်ငံတက္ကသိုလ်တွေမှာ ပညာသင်ခွင့်ရတဲ့အခါတခြားနိုင်ငံတကာ ကျောင်းသားတွေနဲ့ တန်းတူ သင်ယူနိုင်ပါတယ်။ ခွဲခြားဆက်ဆံတာမျိုးမတွေ့ရပါဘူး။နိုင်ငံတကာ ကျောင်းသားဖြစ်တဲ့အတွက် ထိုင်းကျောင်းသားတွေနဲ့တော့ နဲနဲ ကွာတာပေါ့။ ဥပမာကျောင်းစရိတ်ဆိုရင် ထိုင်းကျောင်းသားတွေကို ဈေးလျှော့ပေးတာတွေ၊ ဘဏ်တွေကနေ ထိုင်းကျောင်းသားတွေကိုကျောင်းတက်ဖို့ ပိုက်ဆံထုတ်ချေးတာတွေ အစရှိသဖြင့်ပေါ့။ နောက်ပြီး နိုင်ငံတကာ ကျောင်းသားတွေကInternational Student Fees ဆိုပြီး နှစ်စဉ် ကျောင်းလခပေးရင် ထပ်ပေါင်းပေးရတယ်။”
ဘယ်လိုပဲဖြစ်ဖြစ် ပညာကို တန်းတူ သင်ယူနိုင်ခွင့်ရခဲ့တာကတော့ BEAM ကျောင်းက ဆရာများရဲ့ အားထုတ်မှုပါပဲလို့သိရပါတယ်။ တစ်ခြားအခက်အခဲတွေ ရှိသလားလို့ ဆရာမကို မေးကြည့်တော့ “အခက်အခဲတွေကတော့ တချို့မြန်မာကျောင်းသားတွေအနေနဲ့စိန်ခေါ်မှုတွေ ကြုံတွေ့ရတယ်။ ဥပမာ မြန်မာပြည်မှာ အထက်တန်းအောင်ပြီး နိုင်ငံတကာ တက္ကသိုလ်မှာတိုက်ရိုက်ကျောင်းလာတက်ရင် ပထမဆုံးတွေ့ရတာက သင်ကြားမှုနည်းစနစ်ပဲ။ အဲဒီတော့ သူတို့အတွက်သူများထက်ပိုပြီး အားထုတ်ရတယ်။ စာသင်ခန်းတွေထဲမှာ ကိုယ်ပိုင်အမြင်တွေပေးတာတွေ၊ အုပ်စုလိုက်ဆွေးနွေးမှုတွေ၊Presentation တွေပေးရတဲ့အခါ သူတို့အတွက် အသစ်အဆန်းတွေဖြစ်နေတတ်တယ်။”
စားသောက်ဆိုင်မှာပန်းကန်ဆေး အလုပ်လုပ်ရာက ထိုင်းနိုင်ငံ PAYAP တက္ကသိုလ်မှာ ကျောင်းတက်ခွင့်ရပြီ ဖြစ်တဲ့တိုင်းရင်းသူ ကျောင်းသူလေး အကြောင်းကိုလည်း ဝမ်းမြောက်ဖွယ် ကြားသိရပြန်ပါတယ်။ ဘဝမှာပြီးဆုံးသွားခဲ့ ပြီလို့ ထင်မှတ်ထားခဲ့တဲ့ အရာတွေက အောင်မြင်မှုတွေဆီ ပြန်လည် ဦးတည်လာတဲ့ဘဝကို ရောက်ခဲ့ကြရပါပြီ။ ပညာရေးပေါင်းကူးပေးနေတဲ့ ဆရာတွေမှာလည်း ကြည်နှုးမှု အပြည့်နဲ့ပါ။မြန်မာလူမျိုး ဆရာတွေက အသက်(၃၀) ဝန်းကျင် လူငယ်များ ဖြစ်နေတာကိုလည်း သတိထားမိပါတယ်။မြန်မာလူမျိုးတွေရဲ့ ပင်ကိုယ်ဗီဇ ဖြစ်တဲ့ ကူညီရိုင်းပင်းတဲ့ စိတ်ဓါတ်နဲ့အတူ ဇာတိမာန်ဆိုတဲ့  အမျိုးဂုဏ်တွေကြောင့် ဘယ်တိုင်းပြည်ရောက်ရောက် ကိုယ့်လူမျိုးကိုချစ်တဲ့စိတ်၊ မြှင့်တင်လိုတဲ့ စေတနာတွေကြောင့် ခယောင်းလမ်းကို ပန်းခင်းလမ်းသို့ရောက်အောင်တံတားတစ်စင်း ထိုးပေးထားတာကို တွေ့မြင်ခဲ့ရတဲ့ အတွက်  ဝမ်းသာဂုဏ်ယူစွာ ရေးသား မျှဝေလိုက်ရပါတယ်။