March 27, 2016

"သိကြားစေသက်သေညွှန်း" ၂၈ရက် မတ်လ ၂၀၁၆ခုနှစ် ဒီလှိုင်းစာစောင် အတွဲ(၅) အမှတ်(၁၃)မှ


ပြီးခဲ့တဲ့ အပတ်က ရေးခဲ့တဲ့ ဆောင်းပါးမှာ အနုပညာဆိုတာ လူငယ်တွေ အတုခိုး၊ အတုယူစရာနယ်ပယ် ဖြစ်တယ်ဆိုတဲ့ အကြောင်း ရေးပြီးလို့မှ မကြာမီ ထိုင်းဝန်ကြီးချူပ် ပရာယွတ်အိုချာက အစိုးရအဖွဲ့ရဲ့ လုပ်ငန်းဆောင်တာများ ဆောင်ရွက်တဲ့ အဖွဲ့အစည်းတွေနဲ့ တွေ့ဆုံရာမှာ ကိုရီးယားရုပ်ရှင်ဇာတ်လမ်းတွဲ Descendant of The sun ဆိုတဲ့ ရုပ်ရှင်ကို ပြည်သူတွေ ကြည့်ကြဖို့ ထည့်သွင်းပြောကြားသွားတာ ဖတ်လိုက်ရသည်။ တဆက်တည်းမှာပင် အဆိုပါ ရုပ်ရှင်ဇာတ်ကားလို ရိုက်နိုင်ပါက ၊ ရိုက်လိုပါက သူ့အနေနဲ့ ဘယ်လောက်ကုန်ကုန် အကုန်အကျခံနိုင် ကြောင်း ဖြည့်စွက်ပြောလိုက်သည်။ ထိုအခါမှာ အဲဒီဇာတ်လမ်းတွဲဟာ ဘယ်လို ဇာတ်လမ်းမျိုးပါလိမ့်လို့ စိတ်ဝင်စားကာ အင်တာနက်မှာ ရှာဖွေမိရလေသည်။ သို့ဖြင့် အဆိုပါ ရုပ်ရှင်နဲ့ ပတ်သက်တာ ရေးဖို့ စိတ်ကူးလေး ပေါ်လာပြီး ခေါင်းစဉ်ပေးမိတာက ရုပ်ရှင်ဇာတ်ကားရဲ့ နာမည်တခုပင် ဖြစ်နေသည်။
အဆိုပါ ရုပ်ရှင်ဖာတ်လမ်းတွဲနဲ့ ပတ်သက်ပြီး သည့်အရင်က သတင်းတပုဒ်မှာ ဖတ်ဖူးတာ သတိရမိသည်။ ထိုအခါမှ တရုတ်အစိုးရက သူ့ပြည်သူတွေကို မကြည့်ကြဖို့ ပြောသည့် ဇာတ်ကားဖြစ်နေပြန်သည်။ သို့ဖြင့် Descendant of the sun ဇာတ်ကားကို အင်တာနက်မှ ကြည့်ဖြစ်ပါသည်။ ယင်းဇာတ်ကားမှာ ကိုရီယားနိုင်ငံတွင် လတ်တလောပြသနေဆဲ ဇာတ်လမ်းတွဲ ဖြစ်သည်။ အပိုင်းဘယ်လောက်အထိ ရှိမလဲဆိုတာ မသိသေး၊ ဒါ့အပြင် ဇာတ်လမ်း ဘယ်လိုအဆုံးသတ်မယ်ဆိုတာ မမှန်းဆနိုင်သေး၊ သို့သော် လူကြိုက်များ လူပြောများသည့် ဇာတ်လမ်းဖြစ်နေပေပြီ။ အပိုင်း(၁)(၂) (၃) ခန့်အထိ စစ်ဆင်ရေးနှင့် စစ်သားစရိုက်တို့ကို အသားပေးရိုက်ပြထားသဖြင့်စစ်ကားဟု ရုတ်တရက် သတ်မှတ်လို့ ရပေမယ့် နောက်ပိုင်းမှာ တိုက်ပွဲတွေထက် တပ်မတော်သားတွေရဲ့ စရိုက်ကို အသားပေးလာတာ ကြည့်ရသည်။ စာရေးသူက စစ်ကားမကြိုက်ပါ၊ မကြည့်ပါ၊ တဖက်နှင့်တဖက် သွေးသံရဲရဲ ပစ်ကြခတ်ကြ သေနတ်သံ တဒိန်းဒိန်း နှင့် တိုက်ပွဲတွေကို မကြည့်လိုပါ၊ လေးတန်းအရွယ်တုန်းက " အချစ်တပွဲစစ်ပွဲတရာ" ဆိုသည့် ကျော်ဟိန်း၊ ခင်သန်းနုတို့ ပါဝင် သရုပ်ဆောင်သည့် စစ်ကားမှာ နာမည်အလွန်ကြီးသည်။ မိသားစုအားလုံး သွားကြည့်၍ လိုက်ပါသွားရပြီး ရုံထဲမှာ မကြည့်နိုင်ပဲ အိပ်နေလိုက်သည်။ ရုပ်ရှင်အပြီး ရုံဝကအထွက်မှာ ကောင်းလိုက်တဲ့ကားဆိုကာ တသသပြောနေကြသည့် အသံတွေကြားရပြီး စစ်တိုက်တာ၊ လူသတ်တာ လူတွေက ဘာကောင်းတာပြော တာလဲ လို့ မကျေမနပ် ဖြစ်ဘူးသည်။ နောင် စစ်ကားဆိုက ဘာရုပ်ရှင်မှ မကြည့်ပါ၊ အကြောင်းကတော့ တဖက်နှင့်တဖက် ပစ်ခတ်ပြီး သေကြကျေကြတာကို မကြည့်ချင်တာပဲ ဖြစ်သည်။ တခြား ဘာခံယူချက် ဘာအကြောင်းပြချက်မှ မရှိပါ။
သို့သော် ထိုင်းနိုင်ငံကို ရောက်ရှိပြီး မြန်မာပြည် နယ်စပ်ဒေသအသီးသီးက ဝင်ရောက်နေထိုင်နေကြသည့် တိုင်းရင်းသားလူမျိုးစုတွေနှင့် တွေ့ထိပြီး သူတို့ရဲ့ ဘဝတွေကို သိမြင်လာသည့်အခါ စစ်ပွဲတွေကို မုန်းတီးလာသည်။ စစ် ဆိုသည့် အသံကို သူတို့တွေနှင့်ထပ်တူ မကြားလို ဖြစ်လာသည်။ တိုက်ပွဲကြားက အပြစ်မဲ့ တိုင်းရင်းသားပြည်သူတွေရဲ့ ခါးသီးလှသည့် ဘဝတွေ၊ နာကျင်မှုတွေ၊ အတိဒုက္ခရောက်ရတာတွေ၊ စိတ်ပိုင်းဆိုင်ရာ ဒဏ်ရာတွေကို မျက်ဝါးထင်ထင် မြင်တွေ့လိုက်ရသည့်အခါမှာတော့ စစ်ရဲ့ ဆိုးကျိုးကို ပိုသိလာရသည်။ တိုင်းရင်းသားပြည်သူတွေနဲ့ ထပ်တူ ခံစားတတ်လာမိသည်။ ဒုက္ခသည်စခန်းတွေမှာ ရောက်နေကြတဲ့ မြန်မာပြည်က တိုင်းရင်းသားတွေ၊ ရွှေ့ပြောင်းအလုပ်သမား တိုင်းရင်းသားတွေ ရဲ့ ပညာရေး ကျန်းမာရေး အလုပ်သမားအရေး အစစကို ကူညီစောင့်ရှောက်ပေးနေတဲ့ နိုင်ငံတကာက အဖွဲ့အစည်းအသီးသီးက အချို့သော လူပုဂိုလ်တွေရဲ့ ဘာလူမျိုးလဲ အမေးကို" မြန်မာ"လို့ ဖြေက" ဘာတိုင်းရင်းသားလဲ "ထပ်ဆင့်မေးတတ်သည်။ " ဗမာ" ဆိုက တိုင်းရင်းသားတွေကို နှိပ်စက်ကလူပြုသည့် သူတွေလို့ စွပ်စွဲလိုဟန် မနှစ်မြို့ဟန်တွေကို ခပ်ပြုံးပျြံနှင့် ရင်ဆိုင်ကာ နားလည်ပေးတတ်လာသည်။ အကျိုးအကြောင်းကို ခွဲခြားမြင်အောင် ရှင်းပြမိသည်။
စာရေးသူ လုပ်အားပေးဆရာမ လုပ်နေသည့် ရွှေ့ပြောင်းအလုပ်သမားတွေအတွက် ပညာသင်ပေးနေသည့် ကျောင်းမှာ ကျောင်းသားတွေ စာမေးပွဲဖြေကာနီး presentation လုပ်ကြရသည်။ ခေါင်းစဉ်တွေ အမျိုးမျိုးထဲကမှ ရှမ်းတိုင်းရင်းသား လူငယ်လေး နှစ်ယောက်ရဲ့ ခေါင်းစဉ်က "cold war " စစ်အေးတိုက်ပွဲဆိုပေမယ့် စစ်ပွဲတွေက အစပြုပြောကြသည်။ ကလေးတယောက်က သူ့အတွေ့အကြုံတွေကို ထဲ့သွင်းပြောသည်။ သူ့အသံတွေ တုန်ယင်နေသည်၊ နားထောင်နေသည့် ဆရာ/ ဆရာမတွေ၊ ကျောင်းသား/ သူတွေငြိမ်သက်နေသည်၊
Imagine တဲ့
Imagine there's no heaven
it's easy if you try
No hell below us
Above us only sky
Imagine all the people
Living for today ..............Ahah aahh
Imagine there's no countries
it isn't hard to do
Nothing to kill or die for
And no religion too
Imagine all the people
Living life in peace.............Yoohoo ooh
You may say I' am a dreamer
But I am not the only one.I hope someday you'll join us.
And the world will be as one.
Imagine no possession
I wonder if you can .
No need for greed or hunger
A brotherhood of man
...........................................................
အဆိုပါ ကျောင်းသားက ဂျွန်လင်နွန်ရဲ့ " " တေးသွားကို ရွတ်ဆိုပြရင်း presentation ကို အဆုံးသတ်သည်။ သူတို့တွေရဲ့ ဘဝဖြတ်သန်းမှုနဲ့ စိတ်ခံစားချက်က ရင်ကို လာရိုက်ခတ်လေသည်။
ဆက်ရလျင် ထိုင်းဝန်ကြီးချူပ်က အဆိုပါဇာတ်ကားကို သဘောကျလို့ ညွှန်းသည်၊ သူက ထိုင်းနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီးကတည်းက စစ်သားတွေအကြောင်း၊ သူတို့ စစ်တပ်ရဲ့ ပေါ်လစီ စတာတွေကို သီချင်းတွေ စပ်စေလိုကြောင်း မကြာခဏ ပြောသည်။ မြန်မာပြည်ထက်သာတာက" ပေါ်လစီသီချင်းရေးဟ၊ မရေးရင် အနုပညာလုပ်ပိုင်ခွင့်တွေ ပိတ်လိုက်မယ်" "လို့ အဓမ္မခိုင်းစေတာမျိုး မရှိတာပင်။ ရေးဖို့၊ ရိုက်ဖို့ မကြာခဏ ပြောသည်။ သို့သော် မြန်မာပြည်မှာ ၁၉၈၈ခုနှစ်ကနေ ထွက်လာသည့် ပေါ်လစီ သီချင်းတွေလို များစွာ ထွက်လာခြင်း မရှိ။ မြန်မာစစ်ခေါင်းဆောင်တွေနှင့် နီးစပ်မှုရှိပြီး အကြံဉာဏ်တွေ ဖလှယ်ကြသည်လို့ နိုင်ငံတကာ သတင်းစာမျက်နှာတွေမှာ ရေးသားတာဖတ်ရတော့ ဖြစ်နိုင်သည်။ ကြည့်ရတာ " ဝေလည်းမွှေးကြွေလည်းမွှေး" လို ကားတွေ ရိုက်စေချင်ပုံရတယ်လို့ စာရေးသူတို့ ပြောမိကြသည်။ သို့သော် မြန်မာတွေက အင်္ဂလိပ်ကို တော်လှန်ခဲ့သည်။ ဂျပန်ကို တော်လှန်ခဲ့သည်၊ တရုတ်ဖြူကျူးကျော်မှုကို တိုက်ထုတ်သည့် တိုက်ပွဲ စတာတွေ ရှိသည်။ မြန်မာ့တပ်မတော်ရဲ့ စွမ်းဆောင်ချက်တွေကို ဖော်ထုတ်ရိုက်ပြစရာ ဇာတ်လမ်းဇာတ်ကွက်တွေ များစွာရှိလေသည်။ ရုပ်ရှင်ဆိုတာ စိတ်ကူးယာဉ်ဆိုပေမယ့် လက်တွေ့ဘဝနှင့် ကင်းကွာပြီး ရိုက်ယူ တင်ပြ၍ မရတာပင်၊
ကိုးရီးယားဇာတ်လမ်းတွဲက တပိုင်းကို တနာရီကြာသည့် အပိုင်း (၉)ပိုင်း အထိပဲ ရှိသေးသည်။ သို့သော် ပြီးသမျှကို ကြည့်ရင်းနှင့် ထိုင်းဝန်ကြီးချူပ် ပရာယွတ်ညွှန်းတာလည်း ညွှန်းလောက်ပါပေတယ်လို့ ပြောမိရသည်။ စစ်တပ်အကြောင်း ၊ စစ်သားတွေအကြောင်း မှန်ပါသည်။ သို့သော် တိုက်ပွဲတွေ တဂျိန်းဂျိန်း ဖြစ်နေသည့် စစ်ကားမဟုတ်။ ဒုက္ခရောက်နေတဲ့ လူတွေကို ကယ်တင်တာ၊ လူမှုရေးတွေ ဆောင်ရွက်ပေးတာတွေကို ရိုက်ပြထားသည်။ သဘာဝဘေးဒဏ်ခံလိုက်ရသည့် ဒေသမှာ ကိုယ့်တိုင်းပြည် ကိုယ့်လူမျိုးတွေ မဟုတ်ပေမယ့် လူသားချင်းစာနာထောက်ထားသည့် စိတ်ဓါတ်တွေဖြင့် အသားအရောင်၊ ဘာသာ၊ လူမျိုးမခွဲခြားပဲ ကယ်တင်ကြသည့် လူငယ် ဆရာဝန်၊ စစ်သား တို့ရဲ့ အကြောင်းကို ဇာတ်ကွက်ဖော်ထားသည်။ ဤမျှဖြင့်ပင် ဇာတ်လမ်းမဆုံးသေးပေမယ့် ကြည့်ရတာ အဖိုးတန်သည်။ ကောင်းလိုက်သည့်ကား ကောင်းလိုက်သည့် ပညာပေးလို့ ရေရွတ်လိုက်မိသည်။
တိုက်ပွဲတွေထက် ပြည်သူ့အကျိုး ဆောင်ရွက်နေတာတွေကို ပြတာမှာ ကမ္ဘာပေါ်မှာ ရှိသည့် မည်သည့်တိုင်းပြည်မဆို စစ်ကို မလိုလားတာ၊ စစ်သားကိုမလိုလားတာမဟုတ် ဆိုတာပြနေသည်။ စစ်တပ်က စစ်တိုက်နေမှမဟုတ် လူထုအကျိုး၊ ကိုယ့်တိုင်းပြည်အကျိုး သာမက ကမ္ဘာအရပ်ရပ်မှာ ရှိသော တိုင်းပြည်၊ လူမျိုးတွေရဲ့အကျိုးကို ထမ်းဆောင်ခြင်းဖြင့် အကျိုးပြုအလုပ်တွေ လုပ်နေကြပါလား အသိအမြင်ပေးလေသည်။ စစ်ပွဲတွေ ရပ်သွားက စစ်သားတွေရဲ့ အင်အား စစ်တပ်အင်အားဖြင့် အကျိုးပြုနိုင်တာတွေ များစွာရှိပါလား သိမြင်ရသည်။ တသွေးတသံတမိန့်ဆိုသည့် စည်းကမ်းကို ပြည်သူတွေ ကောင်းဖို့၊ လူသားတွေကို ကယ်တင်ဖို့ အသုံးချသွားတာ အင်မတန် ကောင်းလှသည်။
မြန်မာပြည် ပရိတ်သတ်ကြားမှာ " အွန်စော" လို့ လူသိများ၊ လူကြိုက်များသည့် နာမည်ကျော် ကိုးရီးယားရုပ်ရှင်သရုပ်ဆောင်" ဆောင်းဟေကို " က ဆရာဝန်တယောက် အဖြစ်ပါဝင် သရုပ်ဆောင်ထားသည်။ အရပ်ဖက်အဖွဲ့အစည်း လုပ်အားပေး ဆေးဘက်ဆိုင်ရာအဖွဲ့နှင့် စစ်တပ်တို့ရဲ့ ပူးပေါင်း ဆောင်ရွက်ကြပုံတွေ မြင်တွေ့ရသည်။ အားလုံးသော ဇာတ်ရုပ်မှာ လူငယ်လေးတွေ ဖြစ်သည်။
မျိုး ချစ်စိတ်ရှိမှု ၊ အမိန့်နာခံမှု ၊ တာဝန်သိမှု၊ စွန့်လွှတ်အနစ်နာခံမှု စတာတွေမှာ စစ်သားတွေမှာတင် ရှိဖို့လိုအပ်တာမဟုတ် တိုင်းပြည်မှာရှိသော ပြည်သူလူထုအပေါင်းနှင့် အဖွဲ့အစည်း၊ လုပ်ငန်း ဌာနတိုင်းမှာ သိထား ကျင့်သုံးဖို့လိုကြောင်း မီးမောင်းထိုးပြသကဲ့သို့ အသိရလာစေသည်။
တကယ့်အဖြစ်အပျက်မဟုတ် ရုပ်ရှင်လေ ရုပ်ရှင်ကတော့ ဒီလိုပေါ့ဟု အထွန့်တက်နိုင်ပေမယ့် ရုပ်ရှင်ဆိုတာ ၊ ဖန်တီးထားတဲ့ အနုပညာဟာ လူသားတွေရဲ့ အတိတ်သမိုင်း ပစ္စုပ္ပန်သမိုင်း၊ အနာဂတ်သမိုင်းတွေ မရှိပါပဲ ဖန်တီးလို့ မရတာတော့ သေချာသည်။ အာဏာသိမ်းစစ်ခေါင်းဆောင် ဝန်ကြီးချူပ် ပရာယွတ်ကိုယ်တိုင်က ကြိုက်နှစ်သက် သဘောကျလွန်း၍ ညွှန်းဆိုလိုက်သည့် အဆိုပါ ရုပ်ရှင် ဇာတ်လမ်းတွဲကို ကြည့်မိရင်း လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဦးဆောင်မှုကို တသွေမတိမ်းလိုက်နာပြီး အမြင်ကျယ်မှု၊ ဘာလုပ်ရမယ်ဆိုတာ အကင်းပါးပါးသိတတ်ကြသော မြန်မာပြည်သူများ၊ တိုင်းပြည်အတွက် စွန့်လွှတ်အနစ်နာခံခဲ့ကြသည့် လူငယ်အများစု၊ မျိုးချစ်ဆိုတာ မွေးကတည်းက သွေးသားကပါလာသည့် အသိဉာဏ်မြင့်မားသူများ ဖြစ်ကြသည့် မြန်မာပြည်သူတွေအတွက် ရှေ့ခရီးလမ်းဟာဖြင့် အောင်မြင်သည့်လမ်းကြောင်းတွေပဲဆိုတာ တွေးဆ သိမြင်လာရပေတော့သည်။
ခိုင်ခိုင်စောလွင်

March 20, 2016

"စာပေ အနုပညာမှသည် ချစ်ခြင်းတရား" ၂၁ရက် မတ်လ ၂၀၁၆ခုနှစ် ဒီလှိုင်းစာစောင် အတွဲ(၅) အမှတ်( ၁၂)မှ

ဒီရက်ပိုင်းမှာ ဆရာကြီးမင်းသုဝဏ်ရဲ့ ကဗျာတွေ လူမှုကွန်ယက်မှာ ဆက်တိုက်ပျံ့နှံ့လာသည်။ အကြောင်းကတော့ အမျိုးသား
ဒီမိုကရေစီအဖွဲ့ချူပ် မှ ရွေးချယ်လိုက်တဲ့ နိုင်ငံတော်သမတမှာ ဆရာကြီး၏ သားဖြစ်၍ ဆရာကြီး မင်းသုဝဏ်ကို သတိတရဖြစ်ကာ ပြန်လည် ဖော်ပြကြ၍ ဖြစ်သည်။ စာရေးသူတို့ မူလတန်းကျောင်းသူဘဝက ရွတ်ဆိုခဲ့ရသည့် ကဗျာများကို ပြန်လည် ရွတ်ဆိုရင်း ကျေနပ်ပီတိဖြစ်ရသည်။ အနှစ်လေးဆယ်ကျော်ကို ပြန်ရောက်သွားသလို ခံစားရသည်။ တဆက်တည်းမှာ အဆိုပါကဗျာတွေ တိမ်မြုပ်နေရတဲ့ အကြောင်းနဲ့ ဖုံးကွယ်ထားတဲ့ လူတစု အကြောင်းဆီ စိတ်ကရောက်ရပြန်သည်။
ဆရာကြီးမင်းသုဝဏ်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချူပ် ၁၉၉၀ လွှတ်တော်အမတ် ဖြစ်ခဲ့သည်။ ဒီအချက်တခုကိုပဲ ကြည့်ပြီး ဆရာကြီးရဲ့ ကဗျာတွေ စာသင်ခန်းပြင်ပ၊ ကျောင်းပြင်ပကို ဘာ့ကြောင့် ရောက်သွားရသလဲ အဖြေထင်းကနည်းပါ၊ ထို့အတူ ဆရာကြီးတင်မိုး ကဗျာတွေလည်း ထို့အတူ၊ အလားတူ အခြားသော စာရေးဆရာ၊ ကဗျာဆရာ ၊ တေးရေးဆရာ၊ ဒါရိုက်တာ အစရှိသော အနုပညာသမားတို့ရဲ့ လက်ရာတွေ အကြောင်းကြောင့် အပိတ်ခံထားရတာ၊ ချောင်ထိုးခံရတာတွေ နှစ်ပေါင်းများစွာ ရှိလာခဲ့သည်။ ကျောင်းတံခါးတွေပိတ်ပြီး ထောင်တံခါးတွေ ဖွင့်ခဲ့သည့် စစ်အစိုးရလက်ထက်မှာ အနုပညာဆိုသည့် ယဉ်ကျေးမှုလူအဖွဲ့အစည်းကို ဖော်ဆောင်ပေးသည့် ပညာရပ်တွေလည်း ပိတ်ပင်တားဆီးခံခဲ့ရသည်။
တခဏချင်းမဟုတ်ပေမယ့် ယခုလို နှစ်ပေါင်းများစွာ ကြာမြင့်လာသောအခါ စာပေ၊ ယဉ်ကျေးမှု အနုပညာတို့နှင့် အလှမ်းဝေးသည့် လူ့အသိုင်းအဝန်းဆီကနေ လူရိုင်းတွေ အရိုင်းစိတ်တွေ များပြားစွာ ထွက်ပေါ်လာတော့သည်။
ရုပ်မြင်သံကြားလိုင်းတခုကနေ " အဝေးတနေရာ" ဆိုတဲ့ မေဆွိ၊ ရတနာဦးနဲ့ မီမီဝင်းဖေတို့ သုံးယောက် show ကို ပြန်ပြတာ ကြည့်ရင်း စာရေးသူတို့ ဇနီးမောင်နှံ အချစ်အကြောင်း ပြောမိကြသည်။
" အမှောင်ရယ် ကြီးစိုးတဲ့ ညအလယ် တို့နှစ်ယောက်ရဲ့ ညသန်းကောင်ယံအလယ် တိတ်ဆိတ်ခြင်းက လွှမ်းမိုးလို့ငြိမ်သက်ဆဲ တို့ရဲ့ အမှောင်ထဲ ဟိုး ဟို ဟိုးအဝေးကြီးက ငြိမ်သက်ဆဲ ဆဲလည်းသံ ကိုယ်ကြားတယ် " ဒဏ္ဍာရီ ရုပ်ရှင်ဇာတ်ကားထဲက" ပန်းချစ်သူနှင့် မိုး"ဇာတ်ဝင်တေး နှစ်ပုဒ်ကို နားထောင်လိုက်ရသည်။ ထိုဇာတ်ကားထဲမှာ သရုပ်ဆောင်သည့် ဇင်ဝိုင်းနဲ့ မေသန်းနုကို ပြန်မြင်ယောင်လာသည်။ တက္ကသိုလ်ကျောင်းသား လူငယ်ကလေးတွေရဲ့ ပျော်ရွှင်စရာဘဝနှင့် သူတို့ရဲအချစ်ကို ဖော်ကြူးထားသည်။ ထိုကားထဲမှာ ခင်မောင်တိုးနှင့် မီမီဝင်းဖေတို့ ဆိုထားတာလေး ပြန်လည်ကြားယောင်မိသည်။
" လေပြေညင်းရယ် ငြိမ်သက်ဆဲညမှာ အသာယာတိုးလို့ တိုက်ခတ်နေ သင်းပျံ့မွှေးတဲ့ ပန်ရနံ့တွေ ဆောင်ယူ....သယ်လာ လေညင်းရေ...................................လေယူရာ ယိမ်းနွဲတဲ့ ပန်းလေးတပွင့်ရယ် ငြင်သာစွာဖူးပွင့်လို့ ဖို့ စောင့်မျှော်နေမယ်
............... ပန်းချစ်သူတို့လက်နဲ့ကွယ် ခူးဆွတ်ဖို့ စိုးရွံ့လို့ေ နတယ် ........ဆွတ်ယူမယ် ဟန်ပြင် ယုယစွာထွေးပွေ့ထားပါမယ် အသာယာဆွတ်ယူရင်မှာသိမ်းထားမယ် ......ကိုယ်လေ ပန်းလေးတပွင့်ရယ် ..........."
နောက်ခံ သီဆိုထားတဲ့ သီချင်းက အချစ်သီချင်းပေမယ့် နူးညံ့သည့် ချစ်ခြင်းတရားကို ဖော်ကျူးပြသထားသည်။ အချစ်ဆိုတာကို သစ္စာရှိမှု စောင့်ထိန်းမှုတို့ဖြင့် နူးညံ့သိမ်မွေ့စွာ ဖန်တီးထားသည့် ရုပ်ရှင်ဖြစ်သည်။
ယခုခေတ်လို " ချစ်မလား မချစ်ဘူးလား မချစ်ရင် သတ်သေလိုက်မယ်၊ နောက်တယောက်နဲ့ တွေ့နေလား ဒါးနဲ့ထိုးလိုက်မယ် ဆိုသည့် ပြကွက်များ မပါရှိပါ။ ဖေတော့ မောင်တော့ အဓိပ္ပါယ်နှစ်ခွထွက်စေသည့် ညစ်ညမ်းစကားလုံးတွေ မသုံးပါ၊ တက္ကသိုလ်ကျောင်းသား ကျောင်းသူတွေ သရုပ်ဆိုကာ အုပ်စုဖွဲ့ ဆူညံ အော်ဟစ် ၊ တဖက်နှင့်တဖက် ဘယ်သူ့မှ ဂရုမစိုက်ဘူးကွ စသည့် ကြမ်းတမ်းသည့် စရိုက်မျိုးတွေ မပါရှိပါ။ သို့ဖြင့်၍ သီချင်းကနေတဆင့် ရုပ်ရှင် ၊ ရုပ်ရှင်ကနေတဆင့် ဝတ္ထုတွေဆီ စကားတွေ ပြောဖြစ်ကြရင်း အခုခေတ်ကလေးတွေ အချစ်ဝတ္ထုတွေ ဖတ်ခွင့်ရကြပါ့မလား ပြောမိကြသည်။
စာရေးသူတို့ လူငယ်ဘဝမှာ ငြိမ်းကျော်၊ နွမ်ဂျာသိုင်း၊ မောင်စိန်ဝင်း( ပုတီးကုန်း)၊ မိုးမိုး(အင်းလျား)၊ မစန္ဒာ အစရှိသော စာရေးဆရာတို့ရဲ့ ဝတ္ထုတွေ ဖတ်ခဲ့ရတာ ပြန်ပြောင်းပြောဖြစ်သည်။ အချစ်ဝတ္ထု ဆိုတာထက် သိမ်မွေ့နူးညံ့သော မေတ္တာတရားတွေ လွမ်းခြုံထားသည့် အချစ်ဝတ္ထုတွေ ဖြစ်သည်။ ယခုခေတ်လူငယ်တွေ စာဖတ်ကြရဲ့လား ပူပန်မိသည်။ လူငယ်အားလုံးကို မဆိုလိုသော်လည်း အများစုကို ဆိုလိုပါသည်။ အချို့လူငယ်တွေ စာအင်မတန်ဖတ်တာ မြင်ဖူးပါသည်။ အချစ်ဆိုတာ လူတွေ မကင်းနိုင်သည့် အရာဖြစ်သည်။ ထိုအရာကို သရုပ်ဖော်ရာမှာ အနုပညာသမားတွေက များစွာအားသာသည်။ သူတို့ သရုပ်ဖော်တာကို ဖတ်ကြသည့် လူတွေက အတုခိုးကြ အတုယူကြတာဖြစ်သည်။ လူငယ်တွေအတွက် စာပေ ဂီတ အနုပညာသည် ပညာဆည်းပူးရာ နယ်ပယ် ဆိုက မမှား၊
မိန်းကလေးက ပြန်မကြိုက်၍ ဆိုကာ ယောင်္ကျားလေးက ဓါးနှင့်ထိုး၍ မိန်းကလေး သေဆုံးသွားရသည့် အမှုအခင်းတွေ ဖြစ်လာတာ မကြာခဏ သတင်းတွေမှာ ဖတ်ရသည်။ လူတဦးနဲ့ တဦးမေတ္တာရှိကြတာကနေ အမှုအခင်း ဖြစ်သည်အထိ ရောက်ကြသည်။ မကြာမီက ဟိုးလေးတကြော်ကြော် ဖြစ်ခဲ့သည့် ဧရာဝတီတိုင်းကမြို့နယ်လေး တခုက လူသတ်အလောင်းဖျောက်သည့် အမှုမှာ သုံးပွင့်ဆိုင် အချစ်တဲ့၊ ပြစ်မှုကျူးလွန်သူတွေက အသက်ငယ်ငယ်ရွယ်ရွယ် နှစ်ဆယ်စွန်းစွန်းတွေ၊ ကျောင်းဆရာ၊ သူနာပြုဆရာမနဲ့ ကျန်းမာရေးမှုးတဲ့၊ ယခင် အဆက်ဟောင်းဖြစ်တဲ့ ကျောင်းဆရာဖြစ်သူကို သူနာပြုဖြစ်တဲ့ မိန်းကလေးက ဆေးထိုးသတ်တယ်လို့ ကနဦး ထွက်ချက်မှာ ပါဝင်ပတ်သက်တဲ့ လတ်တလော ချစ်သူ ကျန်းမာရေးမှုးက ဝန်ခံထားသတဲ့၊ လူတယောက်ကို ရက်ရက်စက်စက် သတ်ပစ်လိုက်နိုင်သည့် အရိုင်းစိတ်တွေ ကို ဘာ့ကြောင့် ပေါ်လာရသလဲ၊ လူသတ်တယ်ဆိုတာ အင်မတန် ရက်စက်တဲ့ ကိစ္စဖြစ်ပြီး ရက်စက်တဲ့ စိတ်တွေ ဒီလို အသက်ငယ်ငယ်လေးတွေမှာ ဘာ့ကြောင့် ဖြစ်နေရတာလဲ မေးခွန်းတွေ မေးမိကြသည်။ ကလေးတွေ စာမဖတ်ကြဘူးလား၊ စာဖတ်ရင် ဒီလို အသိဉာဏ်မဲ့တဲ့ လုပ်ရပ်မျိုး လုပ်မှာမဟုတ်ဘူးလို့ ပြောမိကြသည်။
နောက်ဆုံးတော့ လွန်ခဲ့သည့် အနှစ်နှစ်ဆယ်ဝန်းကျင်ကစပြီး ယဉ်ကျေးသော လူ့အဖွဲ့အစည်း၊ အနုပညာနယ်ပယ်၊ အတုယူစရာ ပတ်ဝန်းကျင် ကျဉ်းမြောင်းခဲ့ရသည့် စနစ်ဆိုးတခုကို ဖြတ်သန်းခဲ့ရလို့ပဲ ကောက်ချက်ချရသည်။ ထိုင်းနိုင်ငံမှာ လွန်ခဲ့သည့် ဆယ်စုနှစ်တွေက လူငယ်တွေ မူးယစ်သားကောင်တွေ ဖြစ်ခဲ့ရသည်။ အစိုးရက လက်ပိုက်ကြည့်မနေပါ၊ ဗျူဟာတွေချမှတ်ပြီး မူးယစ်အန္တရာယ်က လူငယ်တွေကို ဆွဲထုတ်ခဲ့ပါသည်။ သူတို့ အသုံးပြုခဲ့သည်က အားကစားနှင့် အနုပညာ၊ ဒါ့ကြောင့် တိုင်းပြည်ရဲ့ မျိုးဆက်သစ်တွေကို မွေးထုတ်ရာမှာ ပညာရေးသာမက အခြားလူငယ်တွေ စိတ်ဝင်စားသည့် နယ်ပယ်ကိုပါ မြှင့်တင်တာ အရေးကြီးကြောင်း တွေ့ရသည်။
" ကျမဆို ငယ်ငယ်က ကလေးစာအုပ်တွေ စဖတ်ခဲ့ရတာ၊ တဖြည်းဖြည်းမှ လူကြီးဆန်တဲ့ စာအုပ်တွေ ဖတ်လာတာ၊ အခု အသက်ကြီးလာတော့ အထုပ္ပတ္တိစာအုပ်မျိုးးကို ပိုစိတ်ဝင်စားလာတယ်။ အလုပ်နဲ့ ပတ်သက်တာမျိုးကို ပြောတာမဟုတ်ပါဘူး အပြင်စာပေတွေကိုပြောတာ၊ နောက်ပိုင်း ရင့်ကျက်လာပြီး တခြားလူတွေ ဘဝတွေအကြောင်း ပိုသိချင်လာတာလည်း
ပါတယ်။ သမိုင်းကိုလည်း စိတ်ဝင်စားတယ်၊ ခရီးသွားစာပေလည်း ဖတ်တယ်။ နောက်ပြီး အသက်ကြီးလာတော့ ကဗျာကို ပို စိတ်ဝင်စားတယ်။ ကဗျာဆိုရင် တကြောင်းထဲမှာကို အတွေးအခေါ်တွေ အများကြီးပါတယ်။ စာအုပ်တအုပ်ထက်တောင် ပါချင်ပါမယ်။
အဲဒီတော့ စာဖတ်တာကို အလေ့အကျင့်လုပ်ရမယ်။ နောက်ပြီး ကိုယ့်ရဲ့ အသိဉာဏ် ၊ ဦးနှောက်ကို စိန်ခေါ်တဲ့စာမျိုးကို ဖတ်ရမယ်။ အလွယ်အပေါ့တွေကို မဖတ်နဲ့ပေါ့၊ တခါတလေ အပျော်သဘောနဲ့ စိတ်ပျေလက်ပျောက်ဖတ်တာ မပြောလိုပါဘူး၊ ဒါပေမယ့် ကိုယ့်ရဲ့ အသိဉဏ်ကို စိန်ခေါ်တဲ့ စာမျိုးကို ရွေးဖတ်ရမယ်။ ဦးနှောက်ကို အလုပ်ပေးတဲ့ စာမျိုးကို အတိုင်းအတာတခု အထိ ဖတ်ရမယ်။ "
ဒါကတော့ ကျမတို့ရဲ့ လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် ပြောဖူးတဲ့ စကားပါ၊ စာဖတ်တာနဲ့ပတ်သက်ပြီး မကြာခဏ ပြောတဲ့အထဲက မှတ်မိတာတခုပါ၊ ဒါ့ကြောင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချူပ်ကို ပြည်သူတွေ တခဲနက် ရွေးချယ်လိုက်တဲ့ အပေါ်မှာ မျှော်လင့်ချက်က ပညာတတ်တွေကို နှစ်ပေါင်းများစွာ ချိုးနှိမ်ထားရာက ပညာနယ်ပယ်ပွင့်လာတော့မယ်လို့ မျှော်မှန်းတာလည်း တခုအပါအဝင်ပါ။ အမျှော်အမြင်ကြီးမားသူတွေ ဦးဆောင်တော့မည့် အချိန်ကို ပြည်သူတွေ စောင့်စားနေကြပါပြီ။
ယခုလာမည့် အစိုးရသစ်လက်ထက်မှာ ပြည်သူတွေ ရွေးချယ်လိုက်သော ကိုယ်စားလှယ်တွေက ပြည်သူ့ကိုယ်စား ရွေးချယ်တင်မြှောက်လိုက်သည့် နိုင်ငံတော်သမတမှာ ပညာတတ်အပြင် စာရေးဆရာဆိုသော အနုပညာဂုဏ်ဒြဗ်ပါ ပါရှိရာ တိုင်းပြည်ရဲ့ ဘဝကို ပညာ ဉာဏ်ဖြင့် သိမ်မွေ့နူးညံ့စွာ ဦးဆောင်မည့်သူဟု ပြည်သူတွေ အားရဝမ်းသာဖြစ်ကြသည့် အသံတွေ သောသောညံလေပြီ။ နှစ်ပေါင်းများစွာ အမှောင်ချထားခံရပြီး ဘက်ပေါင်းစုံ တင်းကြပ်ထားသည့် စာပေ ဂီတ အနုပညာတွေ ငွင့်ငွင့်စွားစွား ပေါ်ထွက်လာကာ ပြည်သူတွေမှာလည်း ပန်းဥယျဉ်ထဲက ပန်းတွေလို လန်းလန်းလှလှကြည်ကြည်လင်လင် နူးညံ့သိမ်မွေ့စွာ နေနိုင်ကြတော့မှာပါလား၊ တယောက်နှင့်တယောက် ချစ်ခြင်းတရား မေတ္တာတရားတွေ ထုံမွှမ်းလာနိုင်တဲ့ဆီ မကြာမတင် ရောက်နိုင်တော့မှာလို့ တွေးရင်း ကျေနပ်ပီတိ ဖြစ်နေမိပါသည်။
ခိုင်ခိုင်စောလွင်

March 13, 2016

၁၄ရက် မတ်လ ၂၀၁၆ခုနှစ် ဒီလှိုင်းစာစောင် အတွဲ(၅) အမှတ်(၁၁)မှ " မျှော်လင့်လျက်ပါ"


မနေ့က ကာတွန်းတကွက် ဖတ်လိုက်ရသည်။ လူလေးယောက် မတ်တတ်ရပ်နေပြီး သူတို့ အရှေ့မှာ ပိန်ကပ်ပြီး အရိုးပေါ်အရေတင်နေသည့် လူတယောက် ကြမ်းပြင်မှာ လေးဘက်တွားသွားနေသည်။ ခေါင်းမှာလည်း ဘုတွေ ထွက်နေပြီး ပါးစပ်က ဟစိ ဟစိ ဖြစ်နေပြီ။ သူ့ကို စာတန်းထိုးတာက ထိုင်းရောက် မြန်အလုပ်သမား၊ ရပ်နေသည့် လူလေးယောက်ထဲက နှစ်ယောက်ရဲ့ လက်ထဲမှာ ဆူးတွေပါသည့် တင်းပုတ်လို လက်နက်ဖြင့် အဆိုပါ ထိုင်းရောက် အလုပ်သမားကို ရိုက်ပုတ်ထားဟန် ရေးဆွဲထားသည်။ ထိုလေးယောက်ကို စာတန်းတွေ ထိုးထားတာက passport ကြေး၊ work permit ကြေး၊ ရက်(၉၀) တုံးထုခ တဲ့၊ ကျန်တယောက်က "အဲဒီကောင် သွားနေတုန်းပဲ"လို့ ဆိုနေပြီး တယောက်က အခြေအနေကောင်းတယ်ဟုတ် တဲ့။
ထိုင်းရောက် မြန်မာအလုပ်သမားတွေရဲ့ ဘဝကို ကွက်ကွက်ကွင်းကွင်း ဖော်ပြလိုက်သည့် ကာတွန်းဖြစ်ပြီး ကောမန့်တခုက " ကိုယ့်တိုင်းပြည်မှာ ထမင်းနပ်မမှန်တော့လည်း ဒီလို ဒုက္ခတွေကြားက အသက်ဆက်ဖို့ ရသလောက် သွားနေရတာပဲလေ" တဲ့။ နောက် ကောမန့်တခုက " သူများတိုင်းပြည်မှာ လုပ်ရတော့ သူတို့လုပ်တော့လည်း ခံရတာပဲလေ ကိုယ့်နိုင်ငံထက်စာရင်တော့ အနေအထိုင် အကြပ်အတည်းတွေ ဖြေရှင်းလို့ ရသေးတယ်လေ" တဲ့
တကယ်တော့ ထိုင်းရောက်မြန်မာအလုပ်သမားတွေဘဝမှာ နောက်ပြန်လှည့်ကြည့်လို့ အားကိုးစရာ အစိုးရမရှိ၊ ကျောထောက်နောက်ခံ ကာကွယ်ပေးမည့်သူမရှိ၊ မိဘဆွေမျိုးမရှိသည့် တကောင်ကြွက် ဘဝတွေလို ဖြစ်နေရတာ နှစ်ပေါင်းကြာပါပြီ။ စစ်အစိုးရတက်လာသည်က စသည်ဟု ပြောရလျင် မမှားပေ။ ထိုင်းအစိုးရကလည်း ဒါကို သိပုံရသည်၊ နည်းမျိုးစုံဖြင့် မြန်မာအလုပ်သမားတွေဆီက ပြန်ညှစ်ယူသည်။ ရိုင်းရိုင်းပြောရလျင် ခိုင်းရတာနှင့် တန်အောင် ပြန်ယူချင်သည်။ အစိုးရက တရားဝင် ဥပဒေနည်းလမ်းတွေအရ ပြန်ယူသလို အခြား အုပ်ချူပ်ရေး အာဏာပိုင်အဖွဲ့တွေကလည်း မြန်မာအလုပ်သမားဆိုက အကြောင်းတခုမဟုတ်တခု ပြကာ ညှစ်ယူချင်ကြသည်။ မြန်မာအလုပ်သမားတွေလို့ ပြောလိုက်ပါက တချို့က လာအိုလည်း ရှိပါတယ်၊ ကမ္ဘောဒီးယားတွေလည်း ရှိပါသေးတယ်လို့ ပြန်ပြောကြသည်။ ထိုသူတွေက ဘာသာစကားတူတာကြောင့် မြန်မာတွေလောက် မခံရဟုထင်သည်။ နောက်တခု မြန်မာအလုပ်သမားဦးရေက လာအို၊ ကမ္ဘောဒီးယားထက် အဆများစွာ သာသည်။ လာအို၊ ကမ္ဘောဒီးယား အစိုးရက သူတို့ အလုပ်သမားအရေးကိစ္စပေါ်က ဝင်ရောက် ဆွေးနွေး ဝေဖန်တာတွေ သတိပေးတာတွေ လုပ်သင်က လုပ်ပေးသေးသည်။ မြန်မာအစိုးရကတော့ ဖုတ်လေသည့်ငါးပိ ရှိတယ်လို့တောင် မထင်၊ ပိုဆိုးသည်က ယခင်က ထိုင်းအစိုးရက မြန်မာအလုပ်သမားအရေးနှင့်ပတ်သက်ပြီး တွေ့ဆုံ ဆွေးနွေးဖို့ဆိုက အကြိမ်ကြိမ် ခေါ်ယူရသည်။ အစည်းအဝေးတွေ လာတက်သူတွေက မြန်မာပြည် အလုပ်သမားဝန်ကြီးဌာနနှင့် တာဝန်ရှိသူတွေ ဖြစ်ပြီး ထိုင်းအစိုးရဖက်က လိုအပ်တာ ညှိနှိုင်းဖို့ ဆုံးဖြတ်ဖို့ ဘာတွေ လုပ်ကြမလဲ ပြောကြဖို့ စတာတွေကို ရေးမှတ်သွားတာပဲရှိသည်။ သူတို့က လွှတ်လို့လာတာဖြစ်သည်။ တာဝန်ခံမှု၊ တာဝန်ယူမှုနှင့် ဆုံးဖြတ်ပိုင်ခွင့် လုပ်နိုင်သူများ မဟုတ်ကြ၊ သို့ဖြင့် အကြောင်းအရာတခုကို ဆုံးဖြတ်ဖို့ ဥပဒေတခုကို အတည်ပြုဖို့ တကြိမ်နှင့်လည်းမပြီး ၊ အစည်းဝေးလာတက် ပြောတာနားထောင် လိုက်မှတ် မြန်မာပြည်ပြန်ရောက်တော့ အထက်အဆင့်ဆင့် အစီရင်ခံ၊ အထက်ကလည်း သူများတိုင်းပြည် သူတို့ဘာသာ ထွက်သွားပြီး အလုပ်လုပ်၊ အခုမှ လာရှုပ်ဆိုတဲ့ အတွေးနဲ့ အရေးမစိုက်၊ နောက်တခါ ထိုင်းနိုင်ငံက လာပါအုန်း ဘာဆက်လုပ်မလဲဆိုက အစည်းအဝေးသွားတက် ၊ တက်သည့်သူကလည်း ဌာနက နိုင်ငံခြားလွှတ်လို့ အလုပ်သမားအရေးခေါင်းစဉ်ပြပြီးသွား၊ လေဆိပ်မှာ ကုတ်နဲ့ နက်တိုင်နဲ့ဝတ်ပြီး ဓါတ်ပုံအရိုက်ခံ သတင်းစာထဲ့ သတင်းပါလာယုံနှင့် သူတို့ တာဝန်ကျေပြီ သဘောထားတာဆိုတော့ ထိုင်းအစိုးရက လုပ်တာ အလုပ်သမားတွေ ခံရတာ နည်းတောင်နည်းသေးသည်။
ထိုင်းအစိုးရကလည်း မြန်မာအစိုးရက ပြည်ပရောက် ရွှေ့ပြောင်းအလုပ်သမားတွေအရေး စိတ်မဝင်စားတာ၊ အလုပ်သမားတွေအပေါ် စေတနာမထားတာ ကောင်းကောင်းသိလေပြီ၊ အလုပ်သမားတွေအပေါ် သူတို့ လက်ခုပ်ထဲက ရေပေါ့၊ သွန်လိုသွန် မှောက်လိုမှောက်၊ အလုပ်သမားတွေမှာ အမိမဲ့သားရေနဲငါးလို ဟစိဟစိ နဲ့ပဲ အသက်ရှင်ဖို့ ရုန်းကန်နေရလေသည်။
ထိုင်းရောက်မြန်မာရွှေ့ပြောင်း အရေးကိစ္စများစွာထဲကမှ လတ်တလော ကိစ္စမှာ နေထိုင်ခွင့် ဗီဇာ ပြည့်နေသည့် အလုပ်သမားတွေ အရေးဖြစ်သည်။ အလုပ်သမားတွေ ကိုင်ဆောင်သည့် အထောက်အထားအမျိုးမျိုး ကွာခြားပုံကို စာရေးသူ ရေးသားခဲ့ဖူးသည့်အတွက် ထိုအကြောင်းကို မပြောလိုတော့ပါ။ အထောက်အထားမဲ့ မြန်မာတွေအတွက် ပန်းရောင်ကဒ်ဟု ခေါ်သည့် လက်မှတ်ထုတ်ပေးစဉ်ကလည်း တကြိမ် ရေးခဲ့ဖူးပါသေးသည်။ ယခုဆိုသော် ထိုင်းစစ်အစိုးရ တက်စဉ်ကမှ စတင်ထုတ်ပေးခဲ့သည့် ထိုပန်းရောင်ကဒ်မှာပင် သက်တမ်းတိုးတာပင် သုံးကြိမ်တိုင် နေချေပြီ။ ယာယီပတ်စ်ပို့ ခေါ် ခရမ်းရောင်စာအုပ်၊ MOU ဖြင့် လာရောက်အလုပ်လုပ်သည့် အလုပ်သမားတွေ ကိုင်သည့် အလုပ်သမားတွေ အခေါ် စာအုပ်ကြီး အနီရောင် စာအုပ် စသဖြင့် အထဲကမှ ယာယီပတ်စ်ပို့တွေ နေထိုင်ခွင့် ကုန်ဆုံးတော့မည် ဖြစ်၍ ပတ်စ်ပို့အကြီး ပြောင်းဖို့၊ ပန်းရောင်ကဒ် ကိုင်သူများကို ပတ်စ်ပို့အကြီး လုပ်ပေးဖို့ ၂၀၁၅ခုနှစ်မတိုင်ခင်ကတည်းက မြန်မာအစိုးရကို ထိုင်းအစိုးရက အကြိမ်ကြိမ် အကြောင်းပါသော်လည်း အကြောင်းမထူးသဖြင့် ယခုသော် ထိုင်းအစိုးရက ပန်းရောင်ကဒ်ကိုင်သူတွေကို နေထိုင်ခွင့် ထပ်တိုးပေးမည်၊ ယာယီပတ်စ်ပို့( ခရမ်းရောင်စာအုပ်) သက်တန်းကုန်သူတွေ၊ သက်တမ်း ထပ်မတိုးသူတွေ အဖို့မူ မြန်မာပြည်ပြန် ပတ်စ်ပို့လုပ်ကာ MOU စနစ်ဖြင့် ပြန်လာဖို့ ပြောလေပြီ၊ အကယ်၍ သက်တမ်းမတိုးပါက စာအုပ်မှာ ပျက်ပျယ်ပြီး ပန်းရောင်ကဒ်သာ ထုတ်ပေးမှာ ဖြစ်ပြီး ပန်းရောင်ကဒ်ဖြင့် အလုပ်လုပ်ဖို့ပဲ ဖြစ်သည်။
ဒီအပေါ်မှာ မြန်မာအလုပ်သမားအတော်များများ အတွက် အခက်အခဲတွေ ရှိလာသည်။ ပန်းရောင်ကဒ် ကိုင်ဆောင်သူသည် ထိုင်းနိုင်ငံအတွင်း တနေရာမှ တနေရာ၊ တမြို့နယ်မှ တမြို့နယ် သွားလာ၍မရ၊ အလုပ်လုပ်ရာ နေရာမှ မည်သည့်နေရာကိုမှ သွားလာ၍မရ၊ ခရမ်းရောင်စာအုပ်ကတော့ ထိုင်းတနိုင်ငံလုံး အနှံ့ လိုအပ်သည့် စာရွက်စာတမ်းတင်ပြီး သွားလာ၍ ရယုံမက မြန်မာပြည်ကိုပင် လေယာဉ်ဖြင့် ဗီဇာပြကာ ပြန်နိုင် သွားနိုင်သည်။ ယခု သက်တမ်းမတိုးနိုင်ပါက မြန်မာပြည်ပြန် MOU နဲ့ ပြန်လာဖို့က သူတို့အဖို့ မလွယ် ၊ နိုင်ငံသားမှတ်ပုံတင်မရှိတာ ၊ သန်းခေါင်စာရင်းမရှိတာတွေသာမက ဖြတ်သန်းရမည့် လုပ်ငန်းဆောင်တာတွေ အတွက် အခက်အခဲ ရှိပြန်သည်။ အေးဂျင့်တွေက ငါးသိန်းက စပြီး တောင်းသည်ဟု အလုပ်သမားတယောက်က ပြောရာ သူတို့ အဖို့ မလွယ်လှပါတဲ့၊ ဒါဖြင့် ပန်းရောင်ကဒ်ပဲ ကိုင်ဟု ဆိုပြန်တော့ တို့ အစိုးရကောင်းမှုနဲ့ အလုပ်သမားတွေရဲ့ ဘဝက တိုးတက်မလာပဲ ပိုပြီး အနှိမ့်ချခံ ရောက်တာဟုဆိုလေသည်။ ခရမ်းရောင်မှ အနီရောင်ကို ပြောင်းရပါက ဟု ဆိုကာ မျှော်လင့်နေသူများမှာ သည့်ထက် နိမ့်သည့် အခြေအနေကို ပြန်ရောက်တော့မည်ဟု မသက်မသာ ဖြစ်ကြရသည်ဟု ပြောကြလေသည်။
တကယ်တန်းပြောရလျင် မြန်မာအစိုးရ ရရှိမည့် ဝင်ငွေကို ထိုင်းက ရရှိသွားပေအုန်းမည်။ ဗီဇာကြေး တခုထဲပဲ တွက်ကြည့်က အလုပ်သမားတယောက်ကို ဗီဗာကြေး တထောင်နှုန်းနှင့် ပန်းရောင်ကဒ်ကိုင်သည့် အလုပ်သမား ၆သိန်း ( ဘတ်သိန်းခြောက်ထောင်) အလွယ်လေး ဝင်ငွေ ရလေသည်။ ဆေးစစ်ခ၊ အလုပ်သမားရုံးအတွက် အခ၊ စတာတွေ ရာဂဏန်း မပါသေး၊ တကယ်ပေးရတာ အလုပ်သမားတယောက်အတွက် ဘတ် သုံးထောင်နှင့် လေးထောင်ကြား ဖြစ်သည်။ ထိုကဒ်ကလေးတွေ ထုတ်ပေးသည့် အလုပ်သမားရုံးက ကဒ်ထဲ့တဲ့ အိတ်ကလေးတွေ တလက်မခွဲသာသာ ပလတ်စတစ်အိတ်တခု (၁၀ဘတ်)ဖြင့် ရောင်းတာကိုပင် မယူပါလို့ မငြင်းရဲတဲ့ အတွက် လူတိုင်း ဝယ်ခဲ့ရတာကပင် ထိုဌာနအတွက် အပိုဝင်ငွေ မနည်းမနော ရပြန်သည်။
၂၀၁၅ခုနှစ်မတိုင်ခင်မှာ ထိုင်းအစိုးရက မြန်မာအစိုးရကို မြန်မာအလုပ်သမားတွေအတွက် အထောက်အထားတွေ လုပ်ပေးဖို့ မကြာခဏပြောပေမယ့် ရက်တွေ ရွှေ့လာရာ ၂၀၁၆ခုနှစ်တိုင်လာခဲ့ပြီ။ ယခုအခြေအနေက အစိုးရ့အဖို့ ပိုလို့တောင် ဝေးပါသေးသည်။ လွှတ်တော်ကို အစိုးရတရပ်အနေနှင့် လာရောက်ရှင်းလင်းစရာ ရှိတာကိုပင် အခြေခံဥပဒေအရ ဆိုကာ လာရောက်ရှင်းလင်းခြင်း မရှိတော့ပေ၊ သမတကလည်း သမတအာဏာ လွှဲမှာကိုပင် လွှတ်တော်ကိုမလာပဲ သမတအိမ်တော်မှာ လုပ်မည့် အခမ်းအနားသာ တက်ရောက်မည်ဟုဆိုလေသည်။ မတ်လ(၃၁)ရက်မှာ အာဏာလွှဲအပ်မည်ဖြစ်ရာ မြန်မာအလုပ်သမားတွေအဖို့ကတော့ ကာတွန်းထဲကလို သွားနိုင်တာလေးနှင့် သွားနေရပေအုန်းမည်သာ၊ နောင်လာမည့် အစိုးရလက်ထက်မှာ ပြည်ပရောက် ရွှေ့ပြောင်းမြန်မာအလုပ်သမားတွေ အတွက် တိတိကျကျ ခိုင်မာသည့် ဥပဒေတွေ၊ နည်းဥပဒေတွေ ထွက်လာပါစေ၊ ထိုနည်းဥပဒေတွေအတိုင်း တာဝန်ခံသူ၊ တာဝန်ယူသူတွေ ပေါ်ထွက်လာပါစေ၊ အစည်းအဝေးလာတက်ပြီး ကျုပ်တို့က လွှတ်လို့လာရတာ ဘာမှမသိဘူး၊ ပြန်ပြီး တင်ပြလိုက်ပါအုန်းမယ် ဆိုတဲ့ လူတွေ မဟုတ်ပဲ အမှန်တကယ် နားလည် လုပ်ပေးနိုင်မည့်သူ၊ အဆုံးအဖြတ်ကို ရဲရဲတင်းတင်း ဆုံးဖြတ်လုပ်ကိုင်နိုင်မည့် လူတွေ လုပ်ကိုင်မည့် အချိန်ကို စောင့်စားနေကြပါကြောင်း ရေသားလိုက်ရပေသည်။
ခိုင်ခိုင်စောလွင်