September 30, 2014

" ပွင့်တချို့ ကြွေတချို့ " ( ကောင်းကင် အနုရသမဂ္ဂဇင်းတွင် ဖော်ပြပါရှိပြီး)

တောင်ပေါ်ကနေ နွယ်တို့ နေတဲ့ မြို့လေးဆီကို ကြည့်ရတာ ကိုယ့်ကိုယ်ကို မှန်ထဲ ပြန်ကြည့်ရ သလိုပင်။ ဆောင်းတွင်း မရောက်သေးပေမယ့် ခပ်မှိုင်းမှိုင်း ကြားက မြို့ကလေးကို မြင်နေရသည်။ ဆောင်းရာသီ ဆိုပါက မြူတွေ ဆိုင်းပြီး မြို့ကလေးကို ခပ်အုံ့အုံ့သာ မြင်ရတတ်သည်။ နေ့ခင်းပိုင်း ရောက်ရင်ဖြင့် တောင်အောက်မှာ ရှိတဲ့ နွယ်တို့ နေထိုင်ရာ မြို့ကလေးကို နီရဲရဲ လှမ်းတွေ့ရတတ်သည်။ အခုအနေအထားက တောင်ခိုးတွေနှင့် မီးခိုးငွေ့တွေ လွှမ်းနေတာ ဖြစ်နိုင်သည်။ ဘယ်အခြေအနေမှာပဲ ဖြစ်ဖြစ် နွယ်တို့ နေထိုင်ရာ မြို့ကလေးက ခပ်မှိုင်းမှိုင်းသာ အမြဲ ရှိတတ်လေသည်။ အဆောက်အဦတွေ အားလုံး လိုလိုမှာ ခေါင်းမိုးက အုပ်ကျွပ်နီနီသာ မိုးကြတဲ့ အတွက် လေယာဉ်ပေါ်က ကြည့်ကြည့် တောင်ပေါ်ကနေ ကြည့်ကြည့် နီရဲနေတတ်လေသည်။

ဒီမြို့ကလေးကို နွယ် ရောက်ကာစက လေယာဉ်ဘီး ပြေးလမ်းပေါ် ရောက်သည်နှင့် ပတ်ဝန်းကျင်ကို ကြည့်လိုက်ရာ တောင်နံရံသာ တွေ့ရသည့် အတွက် တောင်ကြားမှာ လေယာဉ်ကွင်း ဆောက်ထားသလားလို့ ထင်မိလေသည်။ တကယ်တော့ တောင်တွေ ကာရံထားသည့် မြို့တစ်မြို့ပင်။
အရိပ်ကောင်းသည့် သစ်ပင်ကြီး အောက်မှာ ထိုင်ခုံတွေ ချထားရာဖက် လှမ်းရင်း အားရပါးရ ထိုင်ချကာ ဘုရားဖူးတွေကို လိုက်ကြည့်နေမိသည်။ နွယ် ထိုင်နေသည့် သစ်ပင်ကို ဘာပင်မှန်း မသိ။ ဒီကို ရောက်မှ နွယ် မသိသည့် ၊ မမြင်ဖူးသည့် အပင်တွေ၊ ပန်းတွေ၊ အသီးအရွက်တွေ များစွာ ရှိနေပါလားလို့ သိရလေသည်။ တောင်ပေါ်မှာရှိနေသည့် ဘုရားမို့ နွယ်တို့ မြန်မာတွေက ခပ်လွယ်လွယ်ပင် တောင်ပေါ်ဘုရားဟု ခေါ်ကြခြင်းပင်။ ဘုရားဘွဲ့တော်ကို မည်သူမျှ မပြောကြ။ ဒီမြို့ကို ရောက်ဖူးသူတိုင်းက ဒီတောင်ပေါ်နှင့် တောင်ပေါ်ဘုရားကို မရောက်ရောက်အောင် လာကြလေသည်။ အထူးသဖြင့် နိုင်ငံခြားသားများ လာရောက်တာ အများဆုံး ဖြစ်လေသည်။ 
ပုဆိုးလိုပဲ  ပတ်ပြီး ဝတ်ရတဲ့ ရှမ်းဘောင်ဘီ ပုံစံ ဘောင်းဘီအရှည်ကို ဝတ်လာတဲ့  နိုင်ငံခြားသား ခရီးသွား တစ်ယောက်ကို တွေ့ရတဲ့အခါ ပြုံးမိရလေသည်။ သူ့လိုပင် တရုတ်အမျိုးသမီးကြီး တစ်ယောက် ပတ်ထမီလို ဗြန့်ကျယ်ကျယ်နှင့် ထမီကို  စကဒ်အတို အပေါ်က ထပ်ဝတ်လာတာ တွေ့ရလေသည်။ ဝတ်နေကျ မဟုတ်တော့ ဟိုတစ ဒီတစ အတိုအရှည် မညီတာကို သူ့ဘာသာ သဘောတကျ ရယ်နေလေသည်။  တောင်ပေါ်ဘုရားကို တက်ရောက် ဖူးမျှော်ပါက  ဘောင်းဘီအတို စကဒ်အတိုနှင့် တက်ဖို့ ခွင့်မပြု။ သာမာန် လှေကားကပဲ ခြေလျင်တက်တက်၊ စက်လှေကားကပဲ တက်တက်၊ ဘုရားရင်ပြင် မရောက်မီမှာ လုံခြုံရေးတွေက ဆီးပြီး ပုဆိုး ထမီ ဆင်လေသည်။ တော်ရုံ ဒူးခေါင်းအထိ အရှည်ဆိုပါက ခွင့်ပြုသော်လည်း ပေါင်ရင်းလောက် အတိုဆိုပါက လုံးဝ မတက်ရပေ။ ဒါပေမယ့် ပြန်ဆင်းရန်မလို၊ ဘုရားဖူးတွေ အဆင်ပြေအောင် အသင့် စီစဉ်ထားပြီး မိန်းမဆိုပါက ဗြန့်ထမီ၊ ယောင်္ကျားဆိုပါက ရှမ်းဘောင်ဘီ ပုံစံ ဖြစ်တဲ့ သူတို့ ရိုးရာ ဘောင်းဘီကို ပေးဝတ်လေသည်။ အပြန်ကျ ပြန်ချွတ်ပေးခဲ့ယုံသာ။ 

နိုင်ငံခြားသားတွေသာမက သူတို့ နိုင်ငံသားတွေလဲ သိပေမယ့် ပေါင်တို ပေါင်ပြတ်တွေ ဝတ်လာတတ်သည်။ တနေရာသွားရင်း ရောက်လာတာလား၊ ဒါမှမဟုတ် ပေါ့ပေါ့ပါးပါး ဝတ်ချင်လို့ ဝတ်လာပြီး တောင်ပေါ်ရောက်မှ အပေါ်က ထမီကို ထပ်ပတ်လို့ ရလေတော့ ဝတ်လာကြဟန် တူသည်။
                              
                   တောင်ပေါ်ဘုရားကို ဧည့်သည်လာတဲ့ အခါတိုင်း ဒီမြို့ရဲ့ အသဲနှလုံး အမှတ်တရ အနေနဲ့ ပို့ပေးခဲ့တာ အခေါက်ပေါင်းမနည်းတော့ပေ။ ဒီတခါ နွယ် ရောက်ခဲ့တာကတော့ အိမ်ကလူတွေပင် မသိ။ နွယ့် ဘာသာ စိတ်လက်ပေါ့ပါးရာ ဖြစ်ရာဖြစ်ကြောင်း ထွက်လာခဲ့ ခြင်းဖြစ်လေသည်။ တောင်ပေါ်ကနေ  ရှုခင်းတွေကို ငေးကြည့်ရင်း ကိုယ့်ကိုယ်ကို လွတ်လပ်ပေါ့ပါးနေလေသည်။ ဘုရားအရိပ်မှာ ရှိနေသောကြောင့် စိတ်တွေ အေးချမ်းလို့ နေလေသည်။ ဖြစ်ခဲ့သည့် စိတ်အထာမကျမှု ၊ ဒေါသမီးတောက်တွေ၊ တငွေ့ငွေ့ ခံစားနေရတဲ့ မကျေနပ်ချက်တွေ ဘယ်ရောက်သွားမှန်း မသိလိုက်။ 
မြန်မာပြည်မှာဆိုရင်ဖြင့် နွယ် နေတဲ့ အိမ်ကနေ တောင်ပေါ်ဘုရားရှိရာ တောင်ကို ထွက်လာဖို့ တော်တော်နှင့်လွယ်မည် မထင်။ ကားစီးရမည့် ခရီးနှင့် လမ်းမှာ ကားကြပ်လို့ စောင့်ရမည့် အချိန်တွေ နှင့်ဆိုပါက အနည်းဆုံး  လေး နာရီ ခန့်ကြာနိုင်သည်။  အခုတော့ ကားပေါ်ထိုင်လိုက်သည်နှင့် နာရီဝက်ဆိုပါက တောင်ခြေ ရောက်ပြီ။ တောင်ခြေကနေ လိုင်းကား စီးပြီး နောက်ထပ် မိနစ်(၂၀) ခန့်ဆိုပါက တောင်ပေါ်သို့ ရောက်လေပြီ။ 
                အေးချမ်း လွတ်လပ်သည့် အရသာကို ခံစားရင်း စိတ်လက်ပေါ့ပါးလာလေသည်။ ခေါင်းလောင်း လှုနေသည့် မိန်းကလေးကို ကြည့်ရင်း ငယ်ငယ်က ဘုရားပေါ်မှာ နွယ့် အမေ ခေါင်းလောင်း လှုစဉ်က ရယ်မောကြတာ သတိရလေသည်။ ခေါင်းလောင်းလှုရင် အသံကောင်းတယ်လို့ ဘယ်သူက ပြောသည်မသိ။  နယ်ကဆွေမျိုးတွေကို ဘုရားဖူးလိုက်ပို့ရင်း မြောက်ဥက္ကလာ မယ်လမုဘုရား ရောက်တော့ ဘုရားမှာ အမေ ခေါင်းလောင်းလှုမယ် လုပ်တော့ ဆွေမျိုးထဲက ကြီးတော် တယောက်က

 " ညည်းအေ အခုတောင် အသံက ဟိန်းနေတာ၊ အိမ်ထဲမှာ ကလေးတွေကို စာသင်နေရင် လမ်းထိပ်က ကြားရတယ်လို့ ပြောနေကြတာ၊ ဒိထက် အသံကောင်းရင် တစ်ရပ်ကွက်လုံး ထွက်ပြေးနေရပါမယ်အေ "
နွယ့်အမေက အင်မတန် အသံအောင်သည်။ အသံဩဇာနှင့် ပြည့်စုံသည်။ အသံက လွင်ပြီးချိုသည်။ နွယ်တို့ ငယ်ငယ်က အမေ့အသံ အကျယ်ကြီး စကားပြောလျင် ရှက်လေသည်။
" အမေ တိုးတိုး ပြောပါ " 
ပြောတိုင်း မျက်စောင်းလှည့်ထိုးတတ်လေသည်။
နွယ်သည် အမေ့ဆီက အမွေ ရလိုက်သည်။ အသံက အကြီးကြီးမို့ စကားပြောပါက ခပ်တိုးတိုး ပြောရသည်။ အခု အသက်ကြီးလာတော့ သားသမီးတွေကို ပြောရဆိုရ ၊ အမြင်မတော်တာတွေ ပြောသည့်အခါ စိတ်လိုလက်ရ အားရပါးရ ပြောပါက အသံကျယ်လေလေသည်။ 
" အမေ တိုးတိုးပြောပါ" လို့ သားသမီးတွေက ဆိုလေလျှင် အမေ့ကို သတိရလေသည်။ ဒီကိစ္စသည် နွယ်တို့ ငယ်ငယ်က ရယ်စရာ ဖြစ်ခဲ့တာမို့ ဒါဟာ ရယ်စရာတခုလို့ သဘောထားခဲ့လေသည်။ 
ခင်ပွန်း ဖြစ်သူက နွယ်အသံကျယ်သည့် ကိစ္စကို ပြောလသည့်အခါ သူပြောတာ နာလိုခံခက်မို့ ဒေါသ ထွက်ရလေသည်။ ကိုယ့်ကိုလဲ သိနေတာမို့ တတ်နိုင်သမျှ ထိန်းလေသည်။ ဒါပေမယ့် စိတ်ထဲမှာ တနုံ့နုံ့။  စကားဆိုတာ တဖက်သားနာခံနိုင်အောင် ပြောမှ ဟုတ်မှန်သည့်တိုင် လက်ခံနိုင်လေသည်။ စိတ်ထဲ မကျေမနပ် ရှိပေမယ့် မေ့နိုင်အောင် ကြိုးစားထားလိုက်သည်။
                
                  သူနဲ့ နွယ်တို့ မနက်စောစော ထပြီး ကျန်းမာရေးအတွက် တစ်နေ့ တစ်နာရီ ရအောင် လမ်းလျှောက်မယ်ဆိုကာ လမ်းလျှောက်လာတာ ( ၃) နှစ်ကျော်လာပြီ။ အတိအကျ ပြောရလျင် (၃)နှစ်နဲ့(၇)လ ရှိခြေပြီ။ နှစ်ယောက်သား ခြေညီသည်။ တစ်ယောက်ကို တစ်ယောက် မစောင့်ရ။ ရင်ဘောင်တန်း လျှောက်နိုင်ကြသည်။ ထို့အတွက် နှစ်ယောက်သား ကျေနပ်ကြလေသည်။
အခုတလော နွယ် ကိုယ့်ကိုယ်ကို သတိထားမိလေသည်။ လမ်းလျှောက်ရတာ အရင်လို ပေါ့ပေါ့ပါးပါး မရှိ။ လေးနေသည်။ အထိုင်များလို့လား၊ အထိုင်များရင်တော့ ကွန်ပျူတာသုံးတာ လျှော့မှလို့ အတွေးဝင်မိသလို၊ ရာသီဥတု ပူလွန်းတဲ့ အတွက် ညဖက် အဲယားကွန်းနှင့် အိပ်တာမှာ လေက ခြေထောက်ပေါ် တစ်ချိန်လုံး ကျနေလို့ လေးနေသလား အမျိုးမျိုး တွေးရင်း အဖြေရှာနေလေသည်။ 
သူက အရှေ့ကနေ ခပ်ကွာကွာ ရောက်သွားပါက နွယ်က အနောက်က ခပ်သုပ်သုပ် လိုက်ရလေသည်။ အရင်လို ယှဉ်ပြီး မလျှောက်နိုင်တာ သတိထားမိလာသည်။ 
လူတစ်ယောက် လမ်းလျှောက်တဲ့ ပုံစံကြည့်ပြီး ဒီလူရဲ့ နှလုံး အလုပ်လုပ်တာ သတိထားလို့ ရသည်ဆိုတဲ့ ဆေးပညာ ဆောင်းပါးတစ်ပုဒ်ကို သတိရပြီး နွယ် နဲနဲတော့ စိုးရိမ်မိသည်။
" ငါ့ နှလုံး အလုပ်လုပ်တာ နှေးသွားဘီလား" လို့တောင် တွေးလိုက်မိသည်။
တစ်ရက်မှာ တစ်ညလုံး မိုးရွာထားရာ မနက်ပိုင်း နွယ် တို့ လမ်းလျှောက်သည့် အချိန်မှာပင် မိုးပေါက်က တဖွဲဖွဲ ကျချင်နေသေးသည်။ လျှောက်နေကျ မပျက်ရအောင်  ထုံးစံအတိုင်း လျှောက်ကြလေသည်။ ရုတ်တရက် ခြေလှမ်းနှေးပြီး  အနောက်မှာ ခပ်ခွာခွာ ကျန်ခဲ့သည့် နွယ့်ကို သူက ဘာလို့ နောက်ကျန် ခဲ့သလဲ မေးတာကို နွယ့် စိတ်ထဲမှာ ဖြစ်နေတဲ့ အတိုင်း ပြောလိုက်မိသည်။
" နွယ့် နှလုံးတွေ အလုပ်လုပ်တာ နှေးသွားတာလား၊ ဒါမှမဟုတ် ခြေထောက်က အကြောတွေ တခုခု ဖြစ်ပြိ ထင်တယ်၊ အရင်လို ခြေလှမ်းက မရောက်ဘူး၊ လှမ်းတာက လှမ်းတာပဲ" 
ပြောတာ သူက ဘာမှ ပြန်မပြော၊ တုံဏှိဘာဝေ နေလေသည်။ လက်ခံသွားတာလား၊  နွယ့် အတွက် ဝိုင်းပြီး စဉ်းစားနေသလား ထင်လိုက်မိသည်။
နောက်ရက်မှာ ထို့အတူပင် မိုးက ဆက်လာတော့ ဗွက်တွေပင် ထလာကာ လမ်းလျှောက်ရတာ စိုစိုစွတ်စွတ် ဖြစ်လာသည်။ သို့သော် မပျက်မကွက် ထလျှောက်ကြလေသည်။ ထိုနေ့က သူနှင့် နွယ် တော်တော် ပြတ်သွားသည်။ မှတ်တိုင်တစ်တိုင်စာလောက် နွယ် ပြတ်ကျန်ခဲ့လေသည်။ ကိုယ့်ကိုယ်ကို အားမလို အားမရ ဖြစ်ရင်းက ဆက်မသွားပဲ ရပ် စောင့်နေသည့် သူ့အနား အရောက်
'
" ရွှံ့ကြောက်တယ် ဟုတ်လား၊ ရွှံ့စင်မှာ ကြောက်သလား၊ မင်း ကို မင်း မိုးကျရွှေကိုယ် ရွှေမင်းသမီး မှတ်နေလား"
ရုတ်တရက် မထင်မှတ်တဲ့ စကားတွေက နွယ့်ကို ဆွံ့အ သွားစေတော့သည်။ နွယ် ထင်တာ ဘာလို့ နောက်ကျသလဲ တခုခု မေးလိုက်မယ်လို့ ထင်တာ ဖြစ်တော့ အံ့ဩ သွားရလေသည်။
သူက ခြေလှမ်းကို နှေးလိုက်ပြီး နွယ်မီအောင် လျှောက်နေတဲ့ အနောက် ကပ်လျှောက်ရင်းက စိတ်ထဲမှာ ဒေါသတွေ မကျေနပ်တာတွေ ပလုံစီထလေသည်။ သူနဲ့နွယ် ပေါင်းသင်းလာတာ အိမ်ထောင်သက် မနည်းလှ။ ဒီအတောအတွင်းမှာ သူ စကားပြောရင် တုတ်ထိုးအိုးပေါက် ပြောတာ၊ သူများနားဝင်ချိုအောင် ဟန်လုပ်ပြောတတ်တဲ့ အမူအကျင့် မရှိတာ သိထားပြီးသားပင်။ ဒါပေမယ့် စကားဆိုတာ ကိုယ်က ပြောလိုက်တိုင်း ပြီးတာမဟုတ် တဖက်လူကို ထဲ့တွက်ရလေသည်။ 
နွယ်ကတော့ အိမ်ထောင်သက် တလျှောက် အရာရာကို သိနားလည်ထားပြီး ခွင့်လွှတ်ခဲ့တာတွေ မသိချင်ယောင် မကြားချင်ယောင် ဆောင်ပေးခဲ့တာတွေ အများကြီးပင်။ ဒါ့ကြောင့်လည်း တခုခုကို တွေးလိုက်ရင် ကိုယ့်ဘက်က မတွေးပဲ တဖက်သားကဖက်က တွေးပေးခဲ့တာ အကျင့်ဖြစ်လို့ပင် နေလေပြီ။ အဆိုးထဲက အကောင်းတွက်က ကိုယ့်ဘာသာ ကျေနပ်လိုက်သည်။ သည်းခံစိတ်တွေ ရလာတာ၊ အတ္တတွေလျှော့လာနိုင်ပြီး တဖက်သားကို ကြည့်တတ်လာတာ အမြတ်လို့ တွက်မိလေသည်။ 
သူနဲ့အတူ လမ်းလျှောက်ရင်း ရံဖန်ရံခါ သူလျှောက်တာ နှေးသွားရင် ဘာဖြစ်လဲ၊  ခြေထောက် ဘာဖြစ်လဲလို့ နွယ်က  မေးတတ်သည်။ သူက ပေါင်ကြားမှာ ဖု ထွက်တယ် ထင်ပါရဲ့ လမ်းလျှောက်ရင် ပွန်းပြီး နာတယ်ဆိုတာမျိုး  ကြုံဖူးသည်။ ဒီလို ဖြစ်ရင် နွယ်ပါ သူလျှောက်နိုင်သလောက် အရှိန်လျှော့ပြီး လိုက်လျှောက်ပေးလိုက်သည်။ 
တခါတလေ ဆိုပေမယ့် မကြာခဏ ဆိုသလို ကြုံရတာ ရှိသေးသည်။ အတှူ ယှဉ်လျှောက်ရင်းက သူက ရုတ်တရက် အရှေ့က ခပ်သုပ်သုပ် လျှောက်လေရာ နွယ့်မှာ အပြေးတပိုင်းလိုက်ရ ဖူးသည်။ ဘာဖြစ်တာလဲဆိုတော့ ဘိုက်နာလာ၍ အိမ်အမြန်ရောက်အောင် ပြေးရလေသည်။ ဒါ့ကြောင့် အတူ လျှောက်ကြရင်းက နှေးသွားတာမျိုး၊ မြန်သွားတာမျိုး ကြုံလာခဲ့ရင် နွယ့်ဖက်က သူ ဘာဖြစ်ပါလိမ့်လို့ တွေးပေးသည်။ တခုခု ဖြစ်သလား၊ အမြဲခံစား တွေးပေးသည်။ နွယ့်ကျတော့ ဘာ့ကြောင့် ဒီလို အတွေး သူ မတွေးနိုင်တာလဲ၊ နွယ်သည် တော်တော့်ကို စိတ်ထဲ မကျေမနပ် ဖြစ်မိလေသည်။
                          
                      နွယ်တို့ နေထိုင်ရာ မြို့မှာ ရက်အလိုက် အချိန်အပိုင်းအခြားနှင့်  တစ်ပတ်တစ်ရက် ပုံမှန်ထွက်သည့် ပျံကျဈေးတွေ ရှိသည်။  ထိုအထဲကမှ နာမည်ကျော် ညဈေးရှိသည့် နေရာမှာ သောကြာနေ့ မနက် ဆိုပါက သောကြာဈေး ဆိုတာ ရှိသည်။ ထိုဈေး ဖြစ်လာတာက စိတ်င်စားဖွယ်ရာပင်။ ထိုညဈေးနားမှာ ဗလီ တစ်ခုရှိသည်။ သောကြာနေ့ဆိုပါက ထိုဗလီမှ ဝတ်ပြုဆုတောင်းပြီး ထွက်လာသည့် သူများ စားသောက်ရန် ဈေးတန်းကလေး ရှိသည်။ စမူဆာ၊ ကော်ပြန့်၊ ခေါက်ဆွဲ စသည့် စားစရာများနှင့် အသုံးအဆောင် ပစ္စည်းများ ကို ထိုသူများ ဝယ်ခြမ်းနိုင်ရန် ယာယီဈေးကလေး ဖွင့်ပြီး လာရောင်းကြလေသည်။ ထိုနေရာမှာ မနက်ခင်းပိုင်း စားစရာတွေ ဝယ်လို့ရတာသိတဲ့ တခြားသူတွေကပါ လာရောက် ဝယ်ယူကြတာမှာ စည်ကားလာပြီး ရောင်းသူ ဝယ်သူ များလာကာ ဈေးတန်းကြီး ဖြစ်လာလေသည်။ အခု အချိန်မှာတော့ ရာသီစာထွက်ကုန် ဟင်းသီးဟင်းရွက်တွေပါ ရောင်းကြလေသည်။ ရောင်းသူတွေက တရုတ်၊  ပန်းသေး၊ မူဆလင် တို့သာမက ရှမ်းလူမျိုးတွေ များလေသည်။ ဟင်းသီးဟင်းရွက်များမှာ အများအားဖြင့် ရှမ်းပြည်က အသီးအရွက်တွေ များလေသည်။ စိုက်ခင်းထဲက နှုတ်လာသည့်အတိုင်း လတ်ဆတ်လှသည်။ အမြစ်မှာတွယ်ကပ်နေသည့် မြေစိုင်ခဲတွေပါ ပါလာတတ်သေးသည်။ မုန့်ပဲ သားရေစာ ဆိုင်တွေ အများအပြား ကြားမှာ ရှမ်းခေါက်ဆွဲဆိုင်ချည်း (၅) ဆိုင်ရှိသည်။ ထိုဆိုင်တွေမှာ လူတွေကလည်း အပြည့်။ မြန်မာလို ပြောသူ၊ ရှမ်းလိုပြောသူ ထိုင်းလိုပြောသူ၊  တရုတ်လို ပြောသူစုံလှသည်။ ကိုယ့်ရပ်ဌာနေ အလွမ်းပြေ လာဝယ်သူ ၊ လာစားသူတွေ များလေသည်။
                ထို သောကြာ တစ်ရက်မှာပင် နွယ်တို့ လမ်းလျှောက်ရင်း ဈေးဝယ်ရောက်လေသည်။  တစ်နေရာ အရောက်မှာ ခေါင်းဘီးတွေ တွေ့၍ ဝယ်မလို့ ရပ်ကြည့်မိလေသည်။ သူက ရှေ့မှာ လျှောက်သွားနှင့်ပြီ ဆိုတော့ မဝယ်ပဲ ဘီးက ဘယ်မှာဝယ်ဝယ် ဝယ်လို့ရတာပဲ တွေးရင်း သူ့ဆီ အမီ လျှောက်လေသည်။ 
"  အနောက် လှည့်ကြည့်ရင် ပါမလာဘူး၊ လမ်းကို ဘယ်လို လျှောက်နေလဲ အိုက်တင်လုပ်ပြီးများ လျှောက်နေသလား'
နွယ် အကြီးအကျယ် အံ့ဩသွားလေသည်။ ဘာပြန်ပြောရမှန်းပင် မသိတော့။ လမ်းလျှောက်နှေးသည့် ကိစ္စကို ဒီလောက် ပြောဖို့မလို၊ အခုက လမ်းလျှောက်နှေးတာ မဟုတ်၊ တခုခု ဝယ်ဖို့ လုပ်နေလို့ ကြာနေတာ၊ ဒါကို သူဘာလို့ မတွေးမိတာလဲ၊ တစိမ့်စိမ့်တွေးပြီး နွယ် မျက်ရည်ကျမိသည်။ လမ်းမှာ စကားတလုံးမှ ပြန်မပြောပဲ အိမ်ပြန်ရောက်လာသည်။
သူ အလုပ်ကို ထွက်သွားပြီးတဲ့အခါမှာ နွယ် အပြန်ပြန် အလှန်လှန် စဉ်းစားလေသည်။ ထုံးစံအတိုင်း သူ အလုပ်ထဲမှာ ဖိစီးမှုတွေ များနေသလား၊ သူက သူ့မှာ ဖိစီးနေရင် မနေပေ၊ အဖော်ရအောင်ျနွယ့်ကိုပါ ပြောပြမြဲမို့ ဘာမှ ပြောသံမကြားရ။ ဒါဆို ဘာလို့ နွယ့်အပေါ် အမြင်လွဲနေတာလဲ၊ အမှန်မတွေးပေး နိုင်သလဲ၊  နွယ်တွေးသလို ဘာလို့ သူ မတွေးပေးနိုင်သလဲ။  အများကြီး တွေးဖို့မလို 
" ဘာဖြစ်နေလဲ၊ ဘာလုပ်နေလဲ " တွေးပေးလိုက်ရင် ကျေနပ်ရမယ့်အဖြစ်။ နွယ့် စိတ်ထဲ သူ့ကို လတ်တလော မတွေ့ချင်၊ မမြင်ချင်စိတ်တွေ ဖြစ်နေပေမယ့် အသက်(၄၅) နှစ်ရှိနေပြီ ဖြစ်တဲ့ မိန်းမ တစ်ောက် အိမ်က ဆင်းသွားတာ လူကြားလို့မှမကောင်း၊ ဆင်းသွားယုံနဲ့ ပြီးသွားမယ့် ကိစ္စမဟုတ်။ ဒါပေမယ့် နွယ့်မှာ နွယ့်စိတ်ထဲမှာ ခံရခက်တဲ့ ဝေဒနာကို ဘယ်လို ရှင်းရမလဲ၊ 
                     နောက်ဆုံးတော့ စိတ်ကိုလွှတ်ပေးဖို့ စိတ်အေးချမ်းရာ ရှိစေမယ့် တောင်ပေါ်ဘုရားကို ရောက်ခဲ့လေသည်။ ထိုင်ရာကထပြီး ဘုရားရင်ပြင်ပေါ် တပတ်ပတ်သည်။ ( ၅) မိနစ်ပင်မကြာ တပတ်ပြည့်ရာ ထိုင်း အမျိုးသမီး တစ်ယောက် ပြောတာ သတိရမိသည်။  သူ့ကို  သူတို့ကိုးကွယ်သည့် ဘုန်းကြီးက မြန်မာပြည်က ရွှေတိဂုံဘုရားကို ရောက်အောင် သွားဖူးခိုင်းကြောင်း၊ ရွှေတိဂုံဘုရားရင်ပြင်မှာ တပတ်ပတ်တာ တော်တော်နှင့် မပြည့်ကြောင်း၊ စောင်းတန်းမှားပြီး ဆင်းမိလို့ သူမသိတဲ့ မြို့နယ်တစ်ခုဆီ ရောက်သွားလို့ စတက်ခဲ့တဲ့ နေရာကို ကားငှားပြီး ပြန်လာရတဲ့ အကြောင်း ကြားခဲ့ရတဲ့အတွက် နွယ်ကလဲ ဂုဏ်ယူဝံ့ကြွားစွာ ပြန်ပြောတာတွေ သတိရမိလေသည်။ 
စိတ်ထဲမှာ နွယ် ကြီးပြင်းခဲ့ရာ ရန်ကုန်ကို အပြေးအလွှား ရောက်ရပြန်သည်။ နွယ် ရန်ကုန်မပြန်တာ ( ၄) နှစ်ရှိပြီ၊ အဖေဆုံးတာပင် မပြန်ဖြစ်၊ ကျန်းမာဆဲ အမေ့ကို အသက်ရှည်ပါစေ ဆုတောင်းပေးနေရသည်။  ကိုယ့်ပြည်ကို ပြန်ရအုန်းမည်။ အခြေအနေက မပေးသေး။ 
               ဘုရားရင်ပြင်ဘေး ပတ်လည်က တောင်ပေါ်မှာ လူနှစ်ဖက်စာ လုံးပတ်ရှိမည့် ခရေပင်ကြီးအောက်မှာ ထိုင်ရင်း ခရေပွင့်တွေကို ငေးကြည့်နေမိသည်။ ကြွေပြားပေါ်မှာ ကြွေကျနေသည့် ခရေပွင့်တွေ မနည်းလှ။ ကောက်မည့်သူမရှိ၊ အပင်ပေါ်မှာလည်း ဖွေးဖွေးလှုပ်နေသည်။ ဒီခရေပင် သမိုင်းကို စာနှင့်ရေးကပ်ထားသည်။ နှစ်ပေါင်း ရာကျော် အသက်ရှင်ပြီး ပန်းတွေ ပွင့်နေဆဲဖြစ်သည့် ခရေပင်ကြီးကို အားကျ ကျေနပ်စိတ်တွေ ဖြစ်လေသည်။ ကြွေပြားပေါ်က လူတွေ နင်းသွား ကျော်သွားသည့် ခရေပွင့်တွေ ကြည့်ရင်း ဆယ်တန်းတက်တုန်းက သူ့အိမ်က ခရေတွေ ကောက်လာပေးသည့် သူငယ်ချင်းကို သတိရမိသည်။  ကျောင်းလာကာနီးမှ ကောက်လာသည့် အတွက် သီဖို့ အချိန်မရ၊ တခါတလေ နှီးကြိုးလေး ယူလာပေးလို့ ကျောင်းရောက်မှ သီပြီး ပန်ကြလေသည်။ တစ်ခန်းလုံး ခရေပန်းနံ့ မွှေးကြိုင်လို့၊ ထိုသူငယ်ချင်းသည် ကော်ပတ်ရုပ်လေးလို လှသည်။ ဖြူဖြူချောချောလေး၊ တက္ကသိုလ်တက်တော့ သူတို့မေဂျာမှာ ကွင်းဖြစ်လိုက်သေးသည်။  ကျောင်းတွေပြီး အလုပ်ဝင်တော့ တစ်ယောက်နဲ့တစ်ယောက် မဆုံဖြစ်ကြတော့၊ သတင်းတွေတော့ ကြားနေရသည်။  သူ ဂျာမဏီကို ပညာတော်သင် သွားရတာ ကြားလိုက်သည်။ မေ့မေ့ပျောက်ပျောက် ဖြစ်နေပြီး မကြာခင်မှာ သူ့နာရေး သတင်းစာမှာ ဖတ်လိုက်ရသည်။ ပြန်ကာနီး နှုတ်ဆက်ပွဲ အနေနဲ့ စားကြသွားကြရင်း စကိတ်စီးရာက လျှော်လဲကာ ခါးရိုးထိသွားသည်တဲ့။ ဆေးရုံမှာ အတန်ကြာသေးသည်။ လပိုင်းအကြာမှာ ကွယ်လွန်သွားတာ ဖြစ်လေသည်။ အင်မတန် ချောမောလှပ နုနုလှလှ ကလေးဆီ  သေခြင်းတရားက ရောက်လာတာပါပဲလားလို့ အစောဆုံး သိခွင့်ရခဲ့လေသည်။ 
            နွယ် ပန်းကြိုက်တာ သူငယ်ချင်းတွေက သိလေရာ တက္ကသိုလ်တက်စဉ်က  ကံ့ကော်ပန်းတွေ  ဗန်းလေးနှင့် လိုက်ရောင်းသည့် ကလေးလေးတွေ ၊ ကျောင်းထဲက ဝန်ထမ်းလေးတွေ တွေ့ရင် နွယ့်ဆီ ခေါ်လာတတ်တဲ့ သူငယ်ချင်းကိုလည်း သတိရမိလေသည်။  ပြီးခဲ့တဲ့ နှစ်ကမှ သူငယ်ချင်းတစ်ယောက်နှင့် အွန်လိုင်းပေါ်မှာ ပြန်ဆုံရင်း သူဆုံးသွားပြီ ဆိုတာ ကြားရလေသည်။  ကလေး ၂ယောက်ကျန်ခဲ့သည်တဲ့။ သူ့ ခင်ပွန်းဆိုတာ  သူတို့ သမီးရီးစားဘဝက  ကျောင်းမှာ အခန်းရှေ့ လာလာရပ်ပြီး သူ့ကို ကြိုတတ်တဲ့ သူဆိုတာ ပြန်သတိရရင်း သွားသူရော ကျန်ခဲ့သူကိုပါ စိတ်မကောင်း ဖြစ်ရလေသည်။ 
             နွယ် ဘယ်ရောက်နေသလဲလို့ နွယ့်အမေနဲ့ တွေ့ပါက မေးတတ်တဲ့ သူငယ်ချင်းဆရာမ တစ်ယောက်အကြောင်းအမေနဲ့ဖုန်းဆက်ရင် အမြဲ ကြားရသည်။ နိုင်ငံခြားပညာတော်သင်(၃) နှစ် သွားရတဲ့ အကြောင်း၊ ပြန်ရောက်ပြီး  တက္ကသိုလ်မှာ ပါမောက္ခ ဖြစ်နေကြောင်း၊ အင်းစိန်ဘက်မှာ ခြံနဲ့တိုက်နဲ့ ဝယ်လိုက်တယ် ဆိုတဲ့အကြောင်း၊ ကျောင်းကို သူ့အမျိုးသား အင်ဂျင်နီယာက ကားနဲ့ကြိုပို့ကြောင်း ၊ စတာတွေ ကြားရတော့ သူ့ရည်းစား တခြားမိန်းကလေး တစ်ယောက်ကို ခိုးသွားတော့  မျက်ရည်လည်ရွဲ ဖြစ်တာ၊ နွယ်တို့ပါ ဒေါသလိုက်ဖြစ်၇တာ သတိရမိပြန်သည်။ အဲဒီလူကို နောက်ပိုင်း လမ်းမှာ တွေ့လို့ လာနှုတ်ဆက်ရင် နွယ်တို့ မမြင်ချင်ယောင်ဆောင် ခဲ့ကြတာ သတိရရင်း  ကလေးဆန်ခဲ့တာတွေ တွေးမိပြန်သည်။
           တောင်ပေါ်မှာ လမ်းလျှောက်ရင်းက ဟိုတွေး ဒီငေးရင်း အိတ်ထဲက လက်ကိုင်ဖုန်းကို နာရီကြည့်ဖို့ ထုတ်လိုက်ရင်း ဘယ်သူမှ ဖုန်းမခေါ်ထားတာ တွေ့ရလေသည်။ ကိုယ်မရှိလဲ အရာအားလုံးက ပုံမှန်ပါပဲ။ နာရီကြည့်ပြီး အိမ်ပြန်ဖို့ အချိန်တွက်မိသည်။ သမီးအငယ်ဆုံး ကျောင်းက ပြန်ရောက်တော့မည်။ အိမ်ပြန်ရောက်ရင် တွေ့နေကျ အမေကို မတွေ့ရင် ဖုန်းခေါ်တော့မည်။ အရာရာမှာ ကလေးတွေကို မသိစေချင်။ အချိန်တန်တော့ အိမ်ပြန်ရမှာ ဓမ္မတာပင်။ လောကကြီးက ကိုယ့်ကို နေရာချထားပေးတဲ့ အတိုင်း နေခိုင်းသလောက် နေရပေအုန်းမည်။  ဘုရားကို ဒုတိယအကြိမ် ကန်တော့ပြီး လှေကားအတိုင်း ဆင်းဖို့ ထွက်ခဲ့သည်။ လှေကားမရောက်ခင် အကွေ့လေးမှာ ဓါတ်ပုံရိုက်လို့ရအောင် ပန်းခြံကလေး လုပ်ပေးထားသည်။ သစ်ခွမျိုးစုံ လှနေသည်မှာ  အပွင့်တွေက ရောင်စုံ ဆိုဒ်စုံ ၊ သစ်ခွပန်းတွေ အနားမှာ ဖွေးဖွေးလှုပ်  ပွင့်နေသည့် ယုဇနပင်၊ လေတဖြူးးဖြူးးမှာ ယုဇနပန်းနံ့က မွှေးပျံနေသည်။ အပွင့်တွေက အဆုပ်လိုက်ခဲနေအောင် ပွင့်သည်။ အပင်အောက်ခြေမှာတော့ ကြွေကျနေသည်ကလည်း အဖွေးသား၊ ပွင့်တချို့ ကြွေတချို့ ၊ ကြွေမှာကြောက်ပြီး မပွင့်သည့်ပန်း ဘယ်မှာ ရှိမလဲ။  သဘာဝအတိုင်း ပွင့်ရပေမည်။ ကြွေရပေမည်။ ဝေအောင်လည်း ပွင့်သည်။ ကြွေနေလည်းပဲ ပွင့်ရပေမည်။
                                                                                                                                               ခိုင်ခိုင်စောလွင်

September 28, 2014

အရွေ့( ၁၃ မေ ၂၀၁၄ထုတ် The Voice Daily သတင်းစာပါ ဆောင်းပါး)


                       အခုခေတ်မှာ 'ပါရာဒိုင်း အရွေ့' ဆိုတာကို နိုင်ငံရေး အရွေ့၊ စီးပွားရေး အရွေ့ စသဖြင့် တွင်တွင်ကျယ်ကျယ် သုံးကြတာ ဖတ်ရလေသည်။ ဤနေရာတွင် အရွေ့ ပါရာဒိုင်း (Paradigm) ဆိုသည့်စကားကို ရှာဖွေကြည့်ရာ အဘိဓာန် များတွင် ‘‘စံ’’ ‘‘နမူနာ’’ ဟုဖွင့်ဆိုထားသော်လည်း အချို့က ပါရာဒိုင်းကို အကူး အပြောင်း အရွေ့ ဟုဆိုကြသည်။ အရွေ့ ဆိုသော အဓိပ္ဋာယ်ကိုယူလျှင် Paradigm shift ဟုအပြည့်အစုံပြောမှ မှန်မည်ဟုလည်း မှတ်သားထားဖူးပါသည်။ သို့သော် ပါရာဒိုင်း ဆိုလျှင်ပင် အရွေ့ ဟု သဘောပေါက်ကြလေသည်။
                       ၂၀၁၀ ခုနှစ် စက်တင်ဘာလ ၉ ရက်နေ့ထုတ် ပြည်သူ့ခေတ် ဂျာနယ်မှာ ဆရာမောင်းဆက်က ပါရာဒိုင်းအပြောင်းအလဲကို အောက်ပါအတိုင်း ဖွင့်ဆို ရေးသားတာ ဖတ်ခဲ့ရပါတယ်။ ပါ””ဓ “ “”” ပါရာဒိုင်း အပြောင်းအလဲ ဆိုတာ ပတ်ဝန်းကျင် အနေအထား၊ ခြုံလွှမ်းနေတဲ့ အာဝါသ၊ လူတွေရဲ့ ပြုမှု လှုပ်ရှားမှု၊ အနေအထိုင် အမူအကျင့် စိတ်ခံစားမှု၊ တန်ဖိုးထားမှု၊ ယုံကြည်ချက်၊ မျှော်မှန်းချက်တွေ အားလုံး အရင်ကနဲ့မတူ ပြောင်းလဲ လာတာကိုမှ ပါရာဒိုင်း အပြောင်းအလဲလို့ ပြောလို့ ရမှာပါ” 
                    လောလောလတ်လတ် လူတစ်ယောက်ရဲ့ ဘဝနေထိုင်မှု ' အရွေ့' တစ်ခုကို တွေရသည့် အတွက် ပါရာဒိုင်း ( အရွေ့) ကို လိုက်ကြည့်နေမိလေသည်။ ထိုသူက ဖေ့စ်ဘွတ်မှာ ဓါတ်ပုံလေးတွေ တင်သည်။ သူ့ယောက္ခမရဲ့ မြေကွက်မှာ အိမ်ဆောက်ဖို့ လုပ်နေသည့် မြင်ကွင်းကို ဓါတ်ပုံတွေမှ တစ်ဆင့် တွေ့နေရသည်။ မြင်နေရသည်။ ပတ်ဝန်းကျင်မှာ သွေ့ခြောက်လျှက်၊ အိမ်တွေက ကျိုးတို့ကျဲတဲ၊ 
 နေရာကို မေးမြန်းကြည့်တော့ ပဲခူးမြစ်ကမ်းဘေး၊ ဒဂုံမြို့သစ်(တောင်ပိုင်း) ၊ ယခင် စစ်အစိုးရလက်ထက် ချဲ့ထွင်ထားသည့် ဒဂုံမြို့သစ်( တောင်/ မြောက်) က လူနေထူထပ်လာပြီး စည်ကားနေပြီ၊ ယခု ရပ်ကွက်ကလေးကတော့ နောက်ထပ် ချဲ့ထွင်ထားတဲ့ မြေကွက်တွေပင်၊ မြို့သစ်ရဲ့ အစွန၊် မြစ်ကမ်းဘေး ရောက်လုလု၊ မြို့နယ်ကတော့ စောစောကပြောတဲ့ ဒဂုံမြို့သစ်ထဲမှာ အပါအဝင် ဖြစ်နေသည်။ ထို သူ့အကြောင်းကို သိနေ၍ တွေးနေမိသည်။ လင်မယားနှစ်ယောက်စလုံး ဘွဲ့ရ ပညာတတ်၊ မိန်းမက အထက်တန်းပြဆရာမ၊ ဝန်ထမ်းလုပ်သက်က အနှစ်(၂၀)ကျော်ပြီ။ အိမ်ငှားနေရင်း ရန်ကုန်ဆင်ခြေဖုန်းမှ ရွေ့ ရွေ့ လာသည်မှာ မြစ်ဘေးသို့ ရောက်လေချေပြီ။ အိမ်ရှင်တို့ရဲ့ အပြောင်းအလဲ မူယာမာယာတွေကြားမှာ ရွေ့ရင်း ရွေ့ရင်း အိမ်ငှားဘဝကို နိဂုံးချုပ်လို သဖြင့် ရှိသည့် မြေကွက်တွင် အိမ်ဆောက်ရန် စိုင်းပြင်းလေသည်။ ရေမရှိ၊ မီးမရှိပေမယ့် လောလောဆယ် နေဖို့ အရေးကြီးသဖြင့် အိမ်ကို ပြီးစီးအောင် ဆောက်ဖို့ စိုင်းပြင်းနေကြရသည်။ ပတ်ဝန်းကျင်က အိမ်ကျိုးတို့ကျဲတဲကလည်း ဒီလို ဝေးလံပြီး ဘာမှ မရှိသည့် အရပ်တွင် အကြောင်းကြောင်းတွေကြောင့် လာနေကြတာ ဖြစ်နိုင်သည်။ 
                                   ဘာ့ကြောင့် ဒီလို ပြောနိုင်သလဲ ဆိုတော့ ဒီပဲခူးမြစ်ကမ်းနံဘေးကို လွန်ခဲ့တဲ့ အနှစ်(၂၀)ကျော်၊ အတိအကျ ပြောရလျှင် ၁၉၈၉ခုနှစ်က အမှတ်မထင် ရောက်ရှိခဲ့ဖူး၍ ဖြစ်လေသည်။ စာရေးသူ ကျောင်းဆရာမ တာဝန်ကျသည့် ရွာက သန်လျှင်မြို့နယ်( ဖားကူးရွာ)၊ အလုပ်ခန့်သည့် အမိန့်စာမှာ သန်လျှင်မြို့နယ်ကရွာ ဆိုတော့ သန်လျှင်ကိုသွားသည့် သီတာသင်္ဘောကြီးကို စိတ်ကူးဖြင့် စီးနေမိသည်။ တကယ်တော့ အဲဒီလိုမဟုတ်၊ သန်လျှင်မြို့နယ် ပညာရေးမှုးရုံးကို သွားရောက် စုံစမ်းတော့မှ အဲဒီရွာက သန်လျှင်ဆိပ်ကမ်းကို ကျော်ဖြတ်ပီး မော်တော်ဖြင့် နောက်ထပ် (၂)နာရီခန့် ဆက်သွားမှ ရောက်သည့် ပဲခူးမြစ်ကမ်းဘေးက ရွာကလေး ဖြစ်နေသည်။ ထိုရွာနှင့် ရန်ကုန် သွားသည့် မော်တော်က တစ်စီးသာရှိသည်၊ တစ်နေ့တစ်ကြိမ်ပဲ ထွက်သည်၊ အချိန်က ပုံမှန်မဟုတ်၊ ရေတက်ရေကျ အချိန်ကို တွက်ချက်ပြီး ထွက်ရာ မော်တော်ထွက်ချိန်က နေ့အလိုက် အမျိုးမျိုး ပြောင်းသည်။ အမေက အညာသူပီပီ ရေတက်ရေကျ မတွက်တတ်၊ ဘယ်အချိန်ထွက်မယ်ဆိုတာ မသိ၊ နောက် ရေလမ်းခရီးဖြစ်တဲ့အတွက် ဒီခရီးလမ်းကြောင်းကို စိတ်မဝင်စားပဲ တစ်ခြားကုန်းလမ်းခရီး ရှိမရှိ ကုန်းလမ်းက သွားလို့ရမရ စုံစမ်းရာ လမ်းကြော တစ်ခုကို သိလာလေသည်။ အမေ စီးနေကျ ဆိုက်ကားဆရာက " ' ဖားကူးရွာ' ဆိုတာ သူနေတဲ့ သရက်ပင်ချောင်ရွာနဲ့ မျက်စောင်းထိုး ဟိုဘက်ကမ်းကို လှေနဲ့(၁၀) မိနစ်လောက် လှော်ရင် ရောက်ပြီ" ဆိုလေရာ ရေလမ်းခရီးကို (၃)နာရီ စီးရမည့်အစား ကုန်းလမ်းက ကားစီးပြီး မြစ်ကို (၁၀) မိနစ်ပဲ ဖြတ်ရမည့် လမ်းကို ရွေးလိုက်လေသည်။ တကယ်တန်းကျတော့ ထင်သလောက် မလွယ်တာကို တွေ့ရလေသည်၊ ကြုံရလေသည်။
                        အိမ်ကနေ နံနက်စောစော (၆)နာရီ ထွက်ပြီး သင်္ကန်းကျွန်းဈေးရှေ့ကို ဆိုက်ကားနှင့် သွားရလေသည်။ ဈေးရှေ့မှာ လေးထောင့်ကန်ကို သွားသည့် ကားကို တက်စီးရသည်။ (ထိုစဉ်က ဒဂုံ( တောင်/မြောက်) မြို့သစ်တွေ မဖော်ရသေး၊ လမ်းတွေလည်း မဖောက်ရသေး၊ စစ်တပ်အာဏာသိမ်းပြီး တစ်နှစ်ခန့်အချိန်) ၊ လေးထောင့်ကန် ရောက်သည့်အခါ ကားက ဂိတ်ဆုံးပြီ။ ကားပေါ်မှာက သင်္ကန်းကျွန်းဈေးမှာ ရွာကထွက်တဲ့ စိုက်ခင်းက အသီးအရွက်တွေ ရောင်းပြီး ပြန်ကြသူတွေ ချည်းပင်၊ စာရေးသူတို့လို ခရီးဆောင်အိတ်နဲ့ ခရီးသည် ပုံစံမျိုး တစ်ယောက်မှ မရှိ၊ သူတို့ကလည်း ကွက်ကြည့် ကွက်ကြည့် ကြည့်ကြသည်။ ကားပေါ်က ဆင်းတော့ တမျှော်တခေါ် လယ်ကွင်းတွေ ၊ ရွာတွေ ရှိမယ်လို့ မှန်းလို့ရတဲ့ သစ်ပင် အုပ်အုပ်တွေ တွေ့ရပြီး ဘယ်ဆက်သွားရမှန်းမသိ၊ ဆိုက်ကား ဆရာပြောသည့် လေးထောင့်ကန်ရောက်ပြီး မြစ်ဟိုဘက် (၁၀)မိနစ် ဖြတ်လျှင် ရောက်ပြီ အပြောကို သတိရပေမယ့် မြစ်ဆိုတာကို အရိပ်ပင် မမြင်ရ၊ မြစ်မပြောနှင့် ရေနှင့်တူတာ ဆိုလို့ နွားခြေရာခွက်တွေမှာတောင် ရေမရှိ၊ ပတ်ကြားအက်နေပြီ။ စာရေးသူက စိတ်ပျက်ပြီး မျက်နှာအမူအယာပျက်ကာ အမေ့ကို ဒီကနေပဲ အိမ်ပြန်လိုက်ရင် ကောင်းမယ်ဆိုသည့် စကားကို အမေက လက်မခံ၊ အလုပ်အကိုင် ရှားပါးနေသည့်အချိန်၊ အမေဝါသနာပါသည့် အမေဖြစ်စေချင်သည့် ကျောင်းဆရာမအလုပ်ကလဲ ဖြစ်နေ၊ ဆရာမတွေ ဝန်ထမ်းတွေကို လခတိုးထားသည့် လခ အသစ်ကလည်း ယခင် အရာရှိလစာနှုန်းဆိုတော့ အမေက ဇွဲမလျှော့၊ ဟိုမေး ဒီမေးရာ လူဆယ်ယောက်လောက် မေးမှ တစ်ယောက်က သိပြီ ဟု ဆိုလေသည်။ သူပြောတော့မှ တခြားသူတွေက အံ့ဩတကြီးနှင့် သူတို့ဒီနားက ရွာမှာနေတာ၊ တခါမှ အဲဒီဘက် သွားလဲ မသွား ရောက်လည်း မရောက်ဖူးပါတဲ့၊ မြစ်ရှိတာတော့ သိတယ်တဲ့၊ ဒီတော့မှ တစ်ယောက်တစ်ပေါက် ဝိုင်းပြောကြလေရာ နောက်ထပ် တစ်နာရီလောက် လမ်းလျှောက်ရမည့် လက္ခဏာပင်၊ အိမ်ကနေ ထွက်လာရာ ကားက လေးထောင့်ကန်ရောက်အောင်ပင် (၂)နာရီခန့် စီးလာခဲ့ရလေသည်။ စာရေးသူသည်ပင် ရန်ကုန်မြို့မှာ ဒီလို ရွာတွေ ရှိနေတာ ထိုအခါကျမှ သိရ ကြုံရလေတော့သည်။                          
                                                                                စာရေးသူတို့ သားအမိ ရွာသားတွေ ညွှန်ပြသည့် မြေလမ်း အတိုင်း လျှောက်လာရာ လျှောက်ရင်းလျှောက်ရင်း မလျှောက်နိုင်တော့၊ လယ်ကွင်းတွေကို ဖြတ်အပြီး နောက်ထပ် ရွာတစ်ရွာကို အဝင်မှာတော့ ' သရက်ပင်ချောင်' ရွာ လိုသေးလား မေးလိုက်၊ ဆက်လျှောက်လိုက် လုပ်ရာက မလျှောက်နိုင်တော့ပဲ နားနေရာ ရွာသားတစ်ယောက်က အကြံပေးလေသည်။ အိမ်တစ်အိမ်မှာ မြင်းလှည်း ရှိသည်။ ပိုက်ဆံတော့ တောင်းသလောက် ပေးရလိမ့်မယ် အပြောကို စကားဆုံးအောင်တောင် မစောင့်နိုင်ပဲ သွားငှားခိုင်းရာ ရောက်လာလေသည်။ သူတို့က ' သရက်ပင်ချောင်ရွာ' ကို အလည်လာတာလား၊ အမျိုးတွေ ရှိလို့လား မေးမှ တကယ်တော့ သွားမှာက ' ဖားကူးရွာ' ပါ ဆိုပီး ဇာတ်စုံခင်းပြမှ " အိုး... ဒါဆို သရက်ပင်ချောင်ကို မသွားတော့နဲ့ ဖားကူးဖက်ကို ရောက်မယ့် ကမ်းနားအထိ ပို့ပေးမယ်" ဆိုပီး ပို့ပေးလေသည်။ မြက်ရိုင်းတွေကြားမှာ ဆက်သွားလို့ မရမှ စာရေးသူတို့ကို ဆင်းခိုင်းပြီး တစ်လုံးထဲသာရှိတဲ့ တဲလေးဆီကို အော်ခေါ်ပေးရင်း ဟိုဘက်ကမ်း သွားချင်တယ်ပြောတော့ ခေါင်းပဲ ငြိမ့်ပြပီး လှေဆိပ်ကို ခေါ်လာလေသည်။ မြင်းလှည်းဆရာက ရပြီနော် ပြောပြီး ပြန်လှည့်သွားပါပြီ။ နုန်းတွေ ရွှံ့တွေ နင်းပြီး မြက်ပင်တွေကြား လျှောက်ရင်းက စိုးရိမ်စိတ်တွေ ဝင်လာလေသည်၊ အပေါ်ပိုင်းကိုယ်ဗလာ၊ အရောင်အဆင်းရယ် ပြောရအောင် ဘာအရောင်မှ မထွက်တဲ့ ပုဆိုးတိုတိုမှာ ၇ွှံ့တွေကခဲလို့ မျက်နှာကလည်း ဘာခံစားချက်မှ မပြတဲ့ လှေသမားကို ကြည့်ပြီး အမေလဲ စိုးရိမ်သလား မပြောတတ်၊ စာရေးသူတို့ သားအမိနှစ်ယောက်စလုံး ကျောင်းဆရာမတွေ ဖြစ်တဲ့ အကြောင်း၊ အမေက သူက သင်္ကန်းကျွန်းက ကျောင်းအုပ်ဆရာမကြီး ဖြစ်တဲ့ အကြောင်း မမေးပဲ လျှောက်ပြောနေတော့သည်။ သားသမီးရှိလား၊ ကျောင်းနေလား၊ စပါးစိုက်တာလား၊ ဟိုပြော ဒီပြော လျှောက်ပြောရာ လှေသမားက ရိပ်မိလားမသိ၊ “ သူ့ကို မစိုးရိမ်ပါနဲ့၊ သူက ကုတို့ပို့တဲ့သူ မဟုတ်၊ ဆရာမတွေ ဟိုဘက်ကမ်းသွားချင်တယ် ပြောကတည်းက လမ်းမသိလို့ ဒီခရီးလမ်း ရောက်လာတယ်ဆိုတာ သိလိုက်ပါတယ်၊ ဒါ့ကြောင့် ကူညီတာပါ” ဆိုမှ ဟင်းချနိုင်လေသည်။ 

ဒါတောင် မြစ်လယ်ကို ဖြတ်အကူးမှာ လှေက သေးသေး၊ မြစ်ကကျယ်ကျယ်မှာ ဟိုဘက်ကမ်းကို ရုတ်တရက် မမြင်ရတဲ့ အခိုက် ရောက်ပါ့မလား သွားဘီထင်ပါရဲ့ ဆိုပီး အိမ်မှာ ကျန်ခဲ့တဲ့ အဖေနဲ့မောင်နှမတစ်တွေကို သတိရမိကာ တခုခုဆို အိမ်ကလူတွေ သိပါ့မလား တွေးမိသည်အထိပင်။ ရောက်ပြီ ရောက်ပြီ ဆိုကာ ရေကျနေသဖြင့် ရွာက ဆိပ်ခံတံတားအောက်မှာ ရပ်ပေးလေရာ ရွှံ့နွံတွေနင်းရင်း တံတားကို တွယ်တက်ကာ ရောက်ပါလေပြီ၊ စုစုပေါင်း(၄)နာရီခန့် ကြာမြင့်လေသည်။ ရွာက လူတွေက မော်တော်မဆိုက်ပဲ ရောက်လာသည့် စာရေးသူတို့ သားအမိကို ဘယ်လိုလာခဲ့ကြသလဲ တလမ်းလုံး အမေးခံခဲ့ရပြီး အံ့ဩတကြီး စုပ်တသပ်သပ် ကြည့်ကြလေသည်။ သူတို့တောင် တစ်ခါမှ အဲလို မသွားကြပါတဲ့၊ 

 ထိုခရီးသည် စာရေးသူဘဝမှာ မမေ့နိုင်သည့် ခရီးဖြစ်လေရာ လေးထောင့်ကန်မှ ပဲခူးမြစ်ကမ်းဘေးသို့ အသွား ဖြတ်လျှောက်ခဲ့ရသည့် အနီးအနားက ရွာနာမည်အားလုံးကို ဘဝတလျှောက် မှတ်မိနေလေသည်၊ ရန်ကုန်မြို့မှာ ဒီလိုရွာတွေ ရှိနေပြီး လူတွေလည်း နေနေကြသည်။ မီးမရှိ၊ ရေမရှိ၊ မြို့ပေါ်က ဆင်းရဲလှပါတယ် ဆိုသူတွေထက် နှိုင်းယှဉ်ပြီး ဒီလို လူတွေ အသက်ရှင်အောင် ဘယ်လို စိတ်ထားတွေနဲ့ နေနေပါလိမ့်၊ ဘာတွေကိုများ ချက်ပြုတ် စားကြပါလိမ့်၊ သူတို့သားသမီးတွေကို ကျောင်းရော ထားကြရဲ့လား၊ ရွာစဉ်တောက်လျှောက် ဘာကျောင်းမှ မတွေ့၊ လေးထောင့်ကန်အဝင်မှာတော့ မြေစိုက်တဲသာသာ မူလတန်းကျောင်းလေးတွေ (၃)ကျောင်းလောက် တွေ့ခဲ့သည့်အပြင် အထက်တန်းကျောင်းလည်း တွေ့မိသည်။ ရွာကကလေးတွေ ကျောင်းသွားတက်နိုင်ရင်တောင် တစ်နာရီသာသာ လမ်းလျှောက်ပြီး ဆယ်မိနစ်ခန့် ကားစီးရပေအုန်းမည်။ 

 နောင်(၁၀) နှစ်လောက်အကြာ( ဒဂုံမြို့သစ်( တောင်/ မြောက်) မှာ အစိုးရဝန်ထမ်းတွေ၊ အိမ်ဖျက်ခံရသူတွေကို မြေကွက်တွေချပေးပြီး မြို့သစ်ဖော်ပြီးတဲ့နောက်ပိုင်း) မှာ ဒဂုံဆိပ်ကမ်းမြို့နယ်ဆိုတာ ကြားဖူးယုံမက ရောက်ဖူးလေရာ ဆင်ခြေဖုံးမြို့ကို ဖြတ်အပြီး လယ်ကွင်းတွေ ကြားမှာ ငွားငွားစွင့်စွင့် တိုက်သစ်ကြီးတွေကို ဘွားကနည်း အံ့ဩဖွယ်ရာ တွေ့ရလေသည်။ ပဲခူးမြစ်လမ်းဆိုတာ တွေ့လိုက်မှ ဒီအငွေ့အသက်ကို ရရှိခဲ့ဖူးတာ မှတ်မိလေတော့သည်။ တစ်ချိန်က စာရေးသူတို့ ရွှံ့တွေကြား မြေနီလမ်းတွေပေါ် ဖြတ်လျှောက်ခဲ့ရသည့် ' သရက်ပင်ချောင်' နှင့် အနီးပတ်ဝန်းကျင်က ရွာတွေပင် ဒဂုံအရှေ့မြို့နယ်ဖြစ်ကာ ကျောင်းဖွင့်ပွဲတွေ လမ်းဖွင့်ပွဲတွေလုပ်တာ ရုပ်မြင်သံကြား သတင်းမှာ တွေ့ရလေသည်။ စောစောက ပြောသည့် ပါရာဒိုင်းအရွေ့က ရွာသူရွာသားတွေ အကျိုးဖြစ်ထွန်းခဲ့လေသည်။ သို့သော် လယ်မြေတွေ အသိမ်းခံခဲ့ရသည်ကတော့ နောက်ဆက်တွဲ အရွေ့တစ်ခုလို့ ပြောရလေမည်လားမသိ၊ 

 ပဲခူးမြစ်ကမ်းနဘေးက မြို့သစ်ကြီးမှာ ထီးထီးမားမားရှိနေသည့် ထိုတိုက်တွေမှာ လူတွေ အတော်များများ နေနေကြပေပြီ။ ဆိုင်ခန်းတွေ၊ ဈေးတွေလဲ ရန်ကုန်မြို့ထဲမှာလိုပင် လိုတာ အကုန်ရသည်။ ညဖက်ဆိုပါက လမ်းမကြီးတစ်လျှောက် ပွဲဈေးကဲ့သို့ စည်ကားနေသည်။ ခေါက်ဆွဲကြော်ဆိုင်၊ ကြေးအိုးဆိုင်၊ ရှမ်းခေါက်ဆွဲဆိုင်၊ အသုပ်စုံ၊ မုန့်ဟင်းခါး၊ ဝက်သားတုတ်ထိုးဆိုင်တွေမှာ လူတွေ လူတွေ ပြည့်နေသည်။ လိုင်ကား၊ အောက်ဆိုဒ်ကား( အရပ်အခေါ်) ကားတွေမှာလဲ လူတွေ အပြည့်၊ ရုံးတက် ရုံဆင်းဆို ပိုဆိုးသေးသည်။ စာရေးသူသည် ဒီလူတွေ ကြည့်ပြီး ဘယ်ကရောက်ကြသလဲ မကြာမကြာ တွေးမိသည်။ တွေးရာက မေး၊ မေးရာက သိလာရသည်။ အိမ်ငှားခတွေ၊ အိမ်တန်ဖိုး မြေတန်ဖိုးတွေ အဆမတန်တက်လာသည့်အခါ သက်သာသည့်နေရာကို ပြောင်းရွှေ့ကြရပြီ။ တတ်နိုင်သည့်ဖက်မှာ ဝယ်နေရသည်။ တဖြည်းဖြည်း အပြင်ကို ရွေ့လာကြသည်ဟု မြင်မိသည်။ အစိုးရကတော့ မြို့ပြကျယ်ပြန့်လာသည်လို့ ယူဆနေသလားမပြောတတ်။ ဒါက ၂၀၀၀ခုနှစ်ပတ်ဝန်းကျင်က။ 
                       နောက်ထပ်(၁၀) နှစ် ထပ်စွန်းလိုက်သည့် အချိန်၊ ယနေ့ အချိန်မှာတော့ ထို ပဲခူးမြစ်နဘေးက တိုက်ခန်းတွေလည်း အငှားဈေး မသေးလှတော့၊ ထိုနေရာကိုပင် မလှမ်းနိုင်သူတွေ များလာပြန်သည်။ ဟိုမှာဘက်မှာ မြစ်ပဲ ရှိတော့သည်။ စာရေးသူပြောခဲ့ဖူးသူ ဆိုပါက အိမ်လခတော့ ပေးနိုင်သေးသည်။ သူက ပုံမှန်ဝင်ငွေ ရှိနေသေးလို့ တော်သေးသည်။ ဒါပေမယ့် အိမ်ရှင်တွေ၊ ပွဲစားတွေရဲ့ အပေါ်စီးက လုပ်ရပ်တွေ ဖြစ်တဲ့ တူမကိုထားချင်လို့ပါ ဆိုတာမျိုး၊ လခထပ်တိုးပေးပါ ဆိုတာမျိုး ကြာတော့ စိတ်ရှုပ်လာချေပြီ။ လူဆိုတာ စားဝတ်နေရေးဆိုတဲ့ အခြေခံမှာ အတည်တကျ နေရေးကလည်း အရေးကြီးလေသည်။ အတည်တကျ နေရမှ စားဖို့ဝတ်ဖို့ ရှာရတာလည်း အဆင်ပြေလွယ်ကူပေလိမ့်မည်။ ထိုသူရဲ့ မိန်းမဆိုပါက လုပ်သက်ရင့် အထက်တန်းပြဆရာမ တစ်ဥိး၊ ဝန်ထမ်းတစ်ယောက်အနေနှင့် နိုင်ငံတော်အစိုးရက နှစ်ပေါင်း(၂၀)ကျော်မှာ သူ့အတွက် နေစရာတောင် ဖြည့်မပေးနိုင်၊ သူတင်မက ပြည်သူလူထု နေရေးကို အစိုးရက ဘာမှ လုပ်မပေးနိုင်ခဲ့၊ ဒါ့ကြောင့် မြန်မာပြည်သူလူထု အထူးသဖြင့် မြို့နေလူတန်းစား ရာခိုင်နှုန်း အတော်တေိာများများ အိုးပိုင်အိမ်ပိုင်မရှိ၊ အတည်တကျမရှိ၊ ရွေ့ချင်တိုင်း ရွေ့နေရသည်။                  

                                         ဆရာမောင်းဆက်ကတော့ ၂၀၁၀ရွေးကောက်ပွဲပြီးတဲ့အခါ တိုင်းပြည်မှာ ဘာတွေ ဘယ်လို ပြောင်းလဲလာမလဲဆိုတာကို 

“ ပြည်သူတွေရဲ့ စိတ်ပါဝင်စားမှုဟာ အရင်အတိုင်း ပါပဲ။ ပြည်သူတွေရဲ့ အမူအကျင့် အနေအထိုင်ဟာ၊ ပြည်သူတွေရဲ့ လူမှုရေး၊ စီးပွားရေး ဘဝတွေဟာ၊ ပြည်သူတွေရဲ့ မျှော်လင့်ချက် မျှော်မှန်းချက်တွေဟာ၊ ပြည်သူတွေရဲ့ တန်ဖိုး ထားမှုတွေဟာ၊ နိုင်ငံရဲ့ အထွေထွေ အခြေအနေတွေဟာ လုံးလုံး လျားလျား ပြောင်းလဲသွားတာမျိုး မမြင်ရသေးပါဘူး။ အပြောင်းအလဲတော့ ရှိတာ ရှိပါတယ်။ ပါရာဒိုင်း အပြောင်း အလဲတော့ မဟုတ်ပါဘူး။” လို့ ရေးခဲ့လေသည်။

နိုင်ငံရဲ့စီးပွားရေးအရွေ့ကို ပြည်သူလူထုရဲ့ လူနေမှုအရွေ့နှင့် ဆက်စပ်ကြည့်ပါက သိနိုင်သည်။ တစ်ချိန်က လူသူမနီး၊ တောကြီးမျက်မည်းကို လူတွေ ရွေ့သွားနေကြပြီ။ ဒါသည် ကောင်းသောရွေ့ခြင်းလား၊ ဆင်းရဲသောရွေ့ခြင်းလား၊ တိုးတက်သောရွေ့ခြင်းလား၊ ဆုတ်ယုတ်သော ရွေ့ခြင်းလား မှန်မှန်ကန်ကန် သိနိုင်ဖို့ တွေးတော ဆန်းစစ်ဖို့ လိုအပ်သလား အဖြေရှာရမည်ထင်သည်။

ခိုင်ခိုင်စောလွင်

September 15, 2014

ဝလုံးကလေးမှ ဝိုင်းအောင်မရေးနိုင်မီ " ( ကောင်းကင်မဂ္ဂဇင်းမှ)

လွန်ခဲ့သော အနှစ်(၂၀)
                              ယနေ့ခေတ်ကာလမှာ နည်းပညာတွေ တိုးတက်တဲ့ အလျောက် လူငယ်လူရွယ်တွေသာမက ငယ်ရွယ်လွန်းလှတဲ့  ကလေးတွေပါ နည်းပညာတွေ၊ စက်ပစ္စည်းတွေကို ကိုင်တွယ် အသုံးပြုနေကြတာ အသုံးပြုတတ်တာ ကြည့်ပြီး ကိုယ့်ကလေးတွေ ငယ်စဉ်ကတော့ ကလေးပီပီ ဖန်ခုန်တိုင်း၊ တူတူပုန်းတိုင်း ကစားကြတာ၊ ထုပ်ဆီးတိုး ဘောလုံးကန် စတာတွေသာ ကစားရင်း ကလေးဘဝ ဖြတ်သန်းခဲ့ရတာ သတိရမိပါတယ်။
          စာရေးသူရဲ့ သမီးကြီးဆိုပါက  လွန်ခဲ့တဲ့ အနှစ်(၂၀) ၊ သူ့အသက် (၄)နှစ်အရွယ် သူများတွေ ကျောင်းနေမှာမို့ စာတွေရေး နေတဲ့ အချိန်မှာ ဆော့တုန်း၊ တခြား  ကလေးမိဘတွေက စာတွေတတ်နေပြီလားလို့ မေးကြရင် စာရေးသူက အခုမှ (၄)နှစ်သာ ရှိသေးကြောင်း အသက်(၅) နှစ်ပြည့်မှ ကျောင်းစနေရမှာ ဖြစ်တဲ့ အကြောင်း ပြန်ပြောပါတယ်။ အဲဒီအခါ သူတို့က စာရေးသူကို အံ့ဩတကြီး ဖြစ်ကာ အခုခေတ်က ကိုယ်တို့ခေတ်လို မဟုတ်တဲ့ အကြောင်း အသက်(၃)နှစ်ကျော်ပြီ ဆိုတာနဲ့  စာစ သင်ကြတဲ့အကြောင်း၊ အသက်(၄)နှစ်လောက်ဆိုရင် သူငယ်တန်းဖတ်စာ ကုန်အောင် ဖတ်တတ်နေပြီ ဖြစ်တဲ့ အကြောင်း စာရေးသူကို ရှင်းပြပါတယ်။ အများတကာမိဘတွေ သားသမီးကို ဘယ်ပုံဘယ်လို ကျောင်းပို့တဲ့ အကြောင်း ပြောပြ ပါတယ်။ ဒါကို ကြားတဲ့ စာရေးသူရဲ့ ခင်ပွန်းက သူ့သမီးကို စာမသင်ဖို့တားပါတယ်။ ဘဝတလျှောက် စာသင်ရမယ့် အချိန်တွေ အများကြီး ဖြစ်လာမှာ ဒါ့ကြောင့် ကလေးဘဝက ပြန်မရဘူး၊ ကလေးလုပ်ရတဲ့အချိန်မှာ ဘာဖိအားမှ မပေးပါနဲ့၊ ဆော့ချိန်တန်ဆော့၊ စားချိန်တန်စားပါစေလို့ ပြောပါတော့တယ်။

 စာရေးသူလည်း စာတွေထဲမှာ ဖတ်ကြည့်တဲ့အခါ ကလေးတွေကို စာဖတ်ပြတာ၊ ပုံပြောပြတာ လသားကတည်က လုပ်ပေးလို့ရတယ်၊ ကလေးတွေရဲ့ အသိဥာဏ်က မှတ်နိုင်တယ်၊ လက်ခံနိုင်တယ်၊ (၃)နှစ်အရွယ်ကလေး တစ်ယောက်ဟာ ဘာသာစကား (၃)မျိုးလောက်ကို တတ်မြောက် လက်ခံနိုင်တယ်၊ ဒါပေမယ့် စာရေးဖို့ကတော့ စောလွန်းပါတယ်တဲ့၊ သူတို့ရဲ့ လက်ချောင်းကလေးတွေက အသက်(၅) နှစ်နဲ့ (၆) နှစ်အရွယ်မှာသာ စာရေးဖို့ အကောင်းဆုံး ဖြစ်ပါလိမ့်မယ်လို့ သိလိုက်ရပါတယ်။ ကလေးရဲ့ လက်ချောင်းတွေကို ခဲတံကိုင်နိုင်တဲ့ အကျင့် ရဖို့ဆိုရင် ပုံဆွဲတာ ၊ ဆေးချယ်တာ လုပ်ခိုင်းခြင်းက အကောင်းဆုံးပဲလို့ ဆိုထားပါတယ်။
ဒါ့ကြောင့် စာရေးသူရဲ့ သားသမီးတွေကို သူတို့ခေတ်နဲ့လည်း ကိုက်ညီအောင် ကျောင်းတက်ရတော့မယ် ဇွန်လမတိုင်မီ (၃)လအလိုမှာ စပြီး ဝလုံး ရေးတာ စသင်ပါတယ်။ ခင်ပွန်းဖြစ်သူက ကျောင်းရောက်ရင် ဆရာမက သင်ပေးမှာပေါ့၊ဘာလို့ကြိုပြီး သင်နေရတာလဲ စသဖြင့် ပြောတာ ကြားရတဲ့အခါ ကလေးတွေက ရောင့်တက်ပြီး မသင်ချင်ဘူး မရေးချင်ဘူး ဖြစ်ကြတာပါပဲ။ အဖေက သူတို့ဘက်က ပါတယ်ဆိုပြီး တနေ့  စာတစ်မျက်နှာ ရေးရမယ်လို့ ပြောပြီး စာရေးတဲ့အချိန်ရောက်လို့ ခေါ်တာနဲ့ အဖေ့မျက်နှာ လှမ်းကြည့်တော့တာပါပဲ။ ဒါ့ကြောင့် သူတို့အဖေ ညဖက်ဂျူတီကျတဲ့ အချိန်ကို စောင့်ပြီး သင်ရတော့တာ။ တပတ်မှာ (၃) ရက်လောက်ပဲ ညဂျူတီ ဆင်းရတာဆိုတော့ သမီးကြီးစာသင်ရတဲ့ အချိန်က တပတ်(၃) ရက်သာ ရပါတယ်။  အဲဒီ(၃)လ အတွင်း ကကြီးကနေ အ အထိပြီးအောင် သင်ရဖို့ အချိန်မနည်းလုရပါတယ်။ နေ့စဉ်အချိန်မှန် မဟုတ်တဲ့အတွက် အကျင့်မရပဲ စာသင်တော့မယ်ဆိုပါက တီကို ဆားပက်သလို တွန့်တွန့် နေတတ်ပါတော့တယ်။ မူကြိုမှာ ဆရာမက တခြားကလေးတွေ စာရေးနေပြီ သမီးအတွက် စာအုပ်ထဲ့ပေးလိုက်ပါ မှာတာကို သမီးအဖေက မရေးခိုင်းသေးဘူး၊ (၅) နှစ်ပြည့်မှ ရေးခိုင်းပြောထားတဲ့အတွက် မူကြိုဆရာမက တခြားကလေးတွေကိုသာ သင်ပါတယ်။ သမီးကြီးကို ဆော့ခိုင်းထားပါတော့တယ်။  ဒါ့ကြောင့် သူတို့ခေတ်တုန်းက ကျောင်းနေကာနီးမှ စာ ဆိုတာ စသိရတယ်။ ကလေးဘဝ ပြောင်းဆန်အောင် ဆော့ခဲ့ကြတယ်။

လက်ဦးဆရာ
               ကျောင်းတက်တဲ့အခါ ဆရာမတွေက ကိုယ်တွေ ငယ်ငယ်တုန်းကလို လက်ကိုင်ပြီး ရေးခိုင်းတာ၊ လက်ရေးလှအောင် ရေးခိုင်းတာမျိုး မရှိတော့ပါဘူး။ ဝလုံးကို ကျောက်သင်ပုန်းပေါ်မှာ ရေးပြပြီး တစ်မျက်နှာ ရေးခဲ့လို့ ရေးခိုင်းတော့ ကလေးတွေက  ဖတ်ကနဲ ရေးပြီးသူ့ထက်ငါ အလုအယက်  ဆရာမဆီ ပြကြတာပေါ့၊ ပြီးတော့ ကကြီး ၊ ခခွေး စသဖြင့် တစ်နေ့တစ်မျက်နှာ ရေးခိုင်းတော့တာပါပဲ။ အိမ်မှာလည်း တစ်မျက်နှာ ရေးခဲ့ဖို့ အိမ်စာ ပေးပါသေးတယ်။ အဲဒီမှာ ကလေးတွေက ကိုယ်တွေ ခေတ်ကထက် ပိုတော်တာ၊ ပိုသွက်တာ တွေ့ရပါတယ်။ ဒါပေမယ့် ဆရာမတွေ သတိမထားမိတာက ဝလုံးကို ဘယ်လို ဆွဲပြီး ရေးလာသလဲ ဆိုတဲ့ အချက်ပါပဲ၊ ကကြီးကိုရော ဘယ်လို ဆွဲပြီး ရေးလာသလဲ။ ဒါပေမယ့် ဆရာ/ ဆရာမတိုင်းကို မဆိုလိုပါ။ တစ်ချို့ဆရာမတွေက ကလေးရဲ့လက်ရေးကို မြင်တာနဲ့ ဆွဲတာမှားတာ သိပါတယ်။ တချို့က မသိပါဘူး၊ သေသေချာချာ မကြည့်တာလည်းပါပါတယ်။ ကျောင်းသားတွေ အများကြီးကို အမှတ်ခြစ်ပေးရတဲ့ အတွက် ဝလုံး ဖြစ်နေ ကကြီးဖြစ်နေရင် ပြီးရောဆိုပီး အမှတ်ခြစ်ပေးလိုက်တာပါ။ ဆိုးရွားတာကတော့ တစ်ချို့ဆရာမတွေက သိရက်နဲ့ရေးနည်းအမှန်ကို ပြန်မပြင်ပေးတဲ့ ဆရာမတွေပါ။ ပြန်ပြင်ပေးတဲ့ ဆရာမတွေကတော့ စိတ်ရှည်လက်ရှည်ပဲ ကလေးကို ဆရာမစားပွဲအနား ခေါ်ပြီး လက်ကို သေသေချာချာ ကိုင်ကာ ဒီလိုဆွဲရမယ်နော်လို့ ပြန်ရေးခိုင်းတတ်ပါတယ်။ ဒါပေမယ့် ရှားပါတယ်။ ဒါ့ကြောင့် စာရေးသူက စာရေးသူရဲ့ ကလေးတွေကို  ဆွဲနည်းမှန်အောင် ကိုယ့်ဘာသာပဲ သင်ပေးပါတယ်။
            အဲဒါနဲ့ ပတ်သက်ပြီး စာရေးဆရာ အောင်သင်းက ဆောင်းပါးတစ်ပုဒ်ရေးဖူးပါတယ်။ လက်ဦးဆရာ၊ ကန့်ကူလက်လှဲ့ စသဖြင့် ဆိုကြတာ ဆရာ/ ဆရာမတွေဟာ ကလေးတို့ရဲ့ ဘဝမှာ ပထမဦးဆုံး တွေ့ကြုံရတဲ့ သူစိမ်းတွေ ဖြစ်ပြီး ကလေးတွေကို အသိအလိမ္မာ ကြွယ်အောင် ပြောဆို သွန်သင်ရသူတွေ ဖြစ်တဲ့ အတွက် အင်မတန်မှ အရေးကြီးကြောင်း ရေးထားတာပါ။ ကန့်ကူလက်လှည့် ဆိုတဲ့ စကားအတိုင်းပဲ ဆရာ/ဆရာမတွေက ကလေးတွေကို ဝလုံးက စပြီး ဘယ်လို ဘယ်ပုံရေးရမယ်ဆိုတာ သင်ပြရတာပါ၊ အခုခေတ်ကတော့ လက်ကိုင်ပြီး သေသေချာချာ ရေးပြတာမရှိတော့ပါဘူး။ ဒါ့ကြောင့် လူငယ်တော်တော်များများရဲ့ လက်ရေးတွေကို ကြည့်လိုက်ရင် စာလုံးတွေ ရေးထားတာ မမှန်တာတွေ အများကြီး တွေ့လာနေရတယ်လို့ ဆိုထားပါတယ်။ ဆရာ / ဆရာမတွေ ရဲ့ သွန်သင်ပြသမှု လိုအပ်တာတွေ ထောက်ပြထားတဲ့ အဲဒီဆောင်းပါးလေးက တော်တော်ကောင်းပြီး အတုယူစရာကောင်းပါတယ်၊

ပုဗ္ဖာစရိယ မိနှင့်ဘ

                အရင်ခေတ်တွေတုန်းက ကျောင်းနေရတော့မယ့် အရွယ်ရောက်လာပြီဆိုပါက ကျောင်းအပ်ပြီး ဆရာမလက်ထဲ အပ်လိုက်တာပါပဲ။ မိဘတွေ ဘာမှ ပြန်လှည့်ကြည့်ဖို့ မလိုခဲ့ပါဘူး။ ဒါပေမယ့် ကိုယ့်သားသမီးတွေ ခေတ်ရောက်တဲ့အခါ မိဘတွေက မျက်လုံး ဒေါက်ထောက် ကြည့်နေရပါတော့တယ်။   စာရေးသူရဲ့ ကလေးတွေကို သူတို့ အတန်းပိုင်ဆရာမ တွေက အတန်းတစ်တန်း တက်သွားတိုင်း ကျောင်းဖွင့်စမှာ မေးတဲ့ မေးခွန်း ရှိပါတယ်။
" ဘယ်မှာ ကျူရှင်တက်သလဲ"
စာရေးသူရဲ့ ကလေးတွေက အိမ်မှာပဲ အမေသင်တယ်လို့ ပြန်ဖြေတော့ ဘာမှ မပြောတော့ပါ။
စာရေးသူက အဲဒီတုန်းက အလုပ်တစ်ဖက်နဲ့ပါ။ အလုပ်တစ်ဖက်၊ အိမ်မှုကိစ္စ တစ်ဖက်နဲ့ အင်မတန် အလုပ်များတဲ့ ကြားက တစ်နေ့ကို တစ်နာရီ ရအောင် ကလေးတွေကို စာသင်ပါတယ်။ အကြောင်းရင်း များစွာရှိပါတယ်။
တစ် ကျူရှင်ထားတယ်ဆိုတာ စာမလိုက်နိုင်တဲ့ ကလေးတွေသာ တက်ရတာလို့ ခံယူထားတာ၊  နှစ်- ကိုယ့်ကလေး စာလိုက်နိုင် မလိုက်နိုင်ကို ကိုယ်တိုင်ကိုယ်ကျ သိချင်တာ၊ သုံး- သူတို့ဘယ်နေရာမှာ အားနဲတယ်၊ ဘယ်နေရာမှာ ပိုထက်သန်တယ် ဆိုတာ သိချင်လို့ အကဲခတ်ခွင့်ရတာ၊ လေး-  စာသင်တာကို ကောင်းကောင်းလက်ခံနိုင်သလား လက်မခံနိုင်ပဲ အတင်းပင်ပန်းကြီးစွာ လိုက်နေရသလား၊ စသဖြင့် ကိုယ်တိုင် သိနေရလို့ပါ။

စာရေးသူရဲ့ နံပါတ်(၂) ကလေးဆိုပါက စာသင်ရင် သင်ခန်းစာကို တိုးတိုးပြီး တက်သွားလို့ရတယ်၊ တက်သွားသလောက် အမီလိုက်ယူနိုင်ပြီး အငယ်ဆုံးကျတော့ ခပ်ဖြေးဖြေးသွားရတာ၊ ရှင်းပြတာကို လက်မခံပဲ ကွန်ပလိန်းများတာ၊ အကြီးဆုံးကတော့ ဘာပြောပြော ခေါင်းငြိမ့်တတ်တာ၊ ပြီးတော့မှ ပြန်မေးရင် မသိတာ၊ အဲဒီတော့မှ တစ်ခေါက်ပြန်ရှင်းပြမှ အခုမှသိပြီလို့ ဆိုတတ်တာ စတာတွေကို အသေးစိတ်သိရပါတယ်။ ကလေးတွေကို ကိုယ်တိုင်ကိုယ်ကျ အနီးကပ်နေခွင့် ရတဲ့ အချိန်လည်း ဖြစ်နေတော့တာပါ။ ဒါ့ကြောင့် တစ်နေ့ကို တစ်နာရီ အချိန်ပေးပြီး သူတို့နဲ့အတူ စာကြည့်စားပွဲ ထိုင်ရပါတယ်။
             တချို့မိဘတွေကတော့ ကျူရှင်ထားမှ ပိုတတ်တယ်၊ ကျောင်းကသင်တာထက် ပိုသာတယ်လို့ သတ်မှတ်ကြဟန်တူပါတယ်။ တစ်ချို့မိဘတွေကတော့ တတ်တာမတတ်တာ ဂရုမစိုက်၊ အချိန်တန်ရင် စာမေးပွဲအောင်ဖို့ လိုရင်းလို့ ယူဆကြဟန်ရှိပါတယ်။ အဲလိုမိဘတွေက တစ်နှစ်တစ်ခါ အတန်းပိုင်ဆရာ ပြောင်းတိုင်း အတန်းပိုင်ဆရာတွေဆီမှာ ကျူရှင်အပ်ကြပါတယ်။ တကယ်တော့ ကိုယ့်ကလေးကို ကိုယ်ကိုတိုင် မသင်နိုင်ရင်၊ သင်ဖို့ အချိန်မပေးနိုင်ခဲ့ရင် ကလေးရဲ့အခြေအနေကို ကောင်းကောင်းသိတဲ့ ကျူရှင်မှာသာ ထားသင့်ပါတယ်။ ကလေးရဲ့အထာကို ကောင်းကောင်းသိတဲ့ ဆရာက ကလေးကို သင်ပေးရင် ပိုပြီးလွယ်ကူပါတယ်။ ကလေးလဲ မပင်ပန်းပါ။ တစ်နှစ်တခါ ပြောင်းတဲ့အခါ ဆရာနဲ့ကလေး အထာမကျယုံမက ကလေးအပေါ် နားလည်မှု လွဲတာတွေ ရှိတတ်ပါတယ်။ အမြဲတမ်း ထိတွေ့နေကျ ဆရာဖြစ်ဖြစ် မိဘပဲဖြစ်ဖြစ် ကလေးအပေါ်မှာ နားလည်စွာ ပြင်ပေးလို့ ရတာတွေရှိပါတယ်။

လက်ဦးဆရာမည်ထိုက်စွာကား ပုဗ္ဖာစရိ မိနှင့်ဘ
          
           ကလေးတစ်ယောက် စာလုံးတွေ စပြီး ရေးတတ်ဖို့နဲ့ မြန်မာဗျည်းအက္ခရာတွေကို မှန်ကန်အောင် ဆွဲတတ်ဖို့ ဆရာတင်မက မိဘကပါ ဝိုင်းဝန်း ကြည့်ရှုရမယ့် ခေတ်အခြေအနေမျိုးမှာ ကလေးရဲ့ အမူအကျင့်၊ စာရိတ္တ၊ ကိုယ်ကျင့်တရားကောင်းဖို့ဆိုတာ ဆရာနဲ့ မိဘတွေမှာ အလွန်ပဲ တာဝန်ရှိပါတယ်။ "မိဘဆရာပူးပေါင်း ကလေးပညာကောင်း" ဆိုတာ ပညာမှာ အတတ်ပညာသာမက အသိပညာကိုပါ ဆိုလိုပါလိမ့်မယ်။ ဥပမာ- ကျောင်းကနေ သူများ  ပစ္စည်းတစ်ခုခု အိမ်ကိုပါလာခဲ့ရင် မိဘက သိရပါမယ်။ ဘာ့ကြောင့်ယူလာရသလဲ ဆိုတာ သေချာမေးပြီး ကိုယ်တိုင်ကိုယ်ကျ ပြန်ပေးခိုင်းရမှာ ဖြစ်သလို ဆရာမကိုလည်း ပြောပြထားရမှာ ဖြစ်ပါတယ်။ ငယ်စဉ်ကတည်းက လေ့ကျင့်ပေးရမယ့် အမူအကျင့်တွေဖြစ်ပါတယ်။ ဒါ့အပြင် တစ်ဖက်သားကို ရန်စတတ်၊ နောက်ပြောင်တတ်တဲ့ ကလေးမျိုးကိုလည်း ပျော်ရွှင်စရာနောက်ပြောင်တာထက် ပိုကဲလာရင်၊  ထိခိုက်သည်အထိ နောက်ပြောင်တာမျိုးဆိုပါက ဆရာဆရာမရော မိဘကပါ စောင့်ကြည့် ဆုံမပဲ့ပြင်ရပါမယ်။ အမြဲတမ်း တဖက်သားကို ရန်လို ရန်စနေတဲ့ ကလေးမျိုးကိုလည်း မိဘနဲ့တိုင်ပင်ပြီး ဆိုဆုံးမ ထိန်းသိမ်း ပဲ့ပြင်ရမှာသာ ဖြစ်ပါတယ်။
           အခုတလော အသက်(၂၀)ဝန်းကျင်လူငယ်တစ်ချို့( တချို့ဆို တက္ကသိုလ်ကျောင်းသားတွေ ဖြစ်နေပြီ) မူးယစ်ဆေးစွဲတာ၊ မူးယစ်ဆေးသုံးပြီး ရမ်းကားတာ၊ ဆေးကြောင်ပြီး လူသတ်တာ စတာတွေ ဖတ်ရ ကြားရတဲ့အခါ စိတ်မကောင်း အလွန်ဖြစ်ရပါတယ်။ မိဘတွေ အတွက်ရော ကာယကံရှင် လူငယ်တွေအတွက်ပါ နှမြောတသ ဖြစ်မိရပါတယ်။ ကိုယ့်ရဲ့ သားသမီး မူးယစ်ဆေးတစ်ခုခု သုံးနေတာကို မိဘက လုံးဝမသိတာလား၊ လုံးဝမသိတာဆိုရင်  တော်တော်လွန်လှပြီ လို့ပြောရမည်ပင်။ သိရက်နဲ့ လွှတ်ထားတာဆိုပါက ပိုတောင် လွန်လှချေပြီ။ သားသမီးကို ချစ်တာနှင့် နှစ်တာ လွဲနေတာလို့ ပြောရမည်။ ဒါ့ကြောင့် နောက်ဆက်တွဲ မလိုလားတဲ့ ဆိုးကျိုးတွေ ဖြစ်လာတာပင်။ ဖြေရှင်းရမည့် နည်းလမ်းရွေးပြီး အကောင်းဆုံးဖြစ်အောင် အဖြေရှာဖို့ လိုနေတယ်လို့ ထင်ပါတယ်။ ဆေးစွဲလို့ ဆေးသုံးလို့ ကျောင်းကနေ ရာသက်ပန် ထုတ်လိုက်တယ်ဆိုတာမျိုးက  ဆရာ/ဆရာမတွေဘက်က နည်းမှန်လို ကျင့်သုံးနေတာကြာပါပြီ။ ဆေးစွဲနေတာ ဆေးသုံးနေတာ သိပြီ၊ ဒီတော့  ဆေးဖြတ်ဘို့ နည်းလမ်းရှာ ၊ ဆေးဖြတ်တဲ့ ကျန်းမာရေးဆိုင်ရာ အဖွဲ့အစည်းနဲ့ဆက်သွယ် ဆောင်ရွက် ပြီးရင် ကျန်းမာအောင် အနားယူပြီး ကျောင်းပြန်တက်ပါ စသဖြင့် ဆွေးနွေးညှိနိုင်း ကြတာက  ကျောင်းသားအဖို့ နစ်နာမှုမရှိယုံသာမက သူ့ဘဝမှာ စာသင်ရအုန်းမည် ကျောင်းတက်လို့ ရသေးသည်ဆိုတဲ့ မျှော်လင့်ချက်ရှိနေနိုင်တာပင်။
         မူးယစ်ရမ်းကားတာမျိုးမဟုတ်ပဲ ဒေါသအလျောက် စိတ်အလိုလိုက်သည့် လူသတ်မှုတွေကလည်း မကြားဝံ့အောင်ပင်။ အများအားဖြင့် ချစ်သူသမီးရီးစား အကြား လူသတ်တဲ့အထိ ဖြစ်ကြတာတွေ  ကြားနေရပါတယ်။ လူတစ်ယောက်လုံး မပြောပါနဲ့ ခြင်တစ်ကောင်၊ ပုရွက်ဆိတ်တစ်ကောင် သတ်ဖို့တောင် ဝန်လေးကြတဲ့ မြန်မာလူမျိုးတွေ အတွက် နှလုံးတုန် ရင်တုန်ရတဲ့ အဖြစ်တွေပါပဲ။ လူတစ်ယောက်ကို သေအောင် သတ်ရဲတဲ့ စိတ်တွေ ဘာ့ကြောင့် ဖြစ်လာရသလဲ၊ မကြောက်မရွံ့ လက်မတွန့်ရလောက်အောင် သူတပါး အသက်ကို သတ်ရတာ ယဉ်ပါးနေတာလား၊ တွေးကြည့်တော့ ကလေးတွေ ငယ်စဉ်ကတည်းက တိုက်ကြ ခိုက်ကြတဲ့ ဂိမ်းတွေ ကစားတာ၊ လူတစ်ယောက်ကို ကိုယ်ကိုယ်တိုင် သေနတ်နဲ့ပဲ ဖြစ်ဖြစ်၊ လက်နက်တစ်ခုခုနဲ့ပဲ ဖြစ်ဖြစ် ပစ်လိုက် ခတ်လိုက်တာတွေက ကွန်ပျူတာနဲ့ ဂိမ်းကစားရင်း လူသတ်တာကို ယဉ်ပါးနေကြလို့ပဲ  ဖြစ်ပါတယ်။ ဒါ့ကြောင့် လူသတ်ချင်စိတ် ပေါက်လောက်အောင် ဒေါသဖြစ်စရာ ကြုံလာတဲ့အခါ လူသတ်ဖို့ ဝန်မလေးတော့တာ၊ လက်ရဲဇက်ရဲ ဖြစ်လာတာ ဖြစ်ပါလိမ့်မယ်။
      တခါတရံမှာ လူငယ်မပြောပါနှင့်၊ လူကြီးတွေတောင် စိတ်တိုဒေါသ ဖြစ်လာရင်  သတ်ပလိုက်မယ်ဘာညာ ရေရွတ်တတ်ပေမယ့် တကယ်တန်း သတ်ဖို့ဆိုတာ စိတ်တောင် မကူးကြပါဘူး။ ဒေါသဖြစ်လွန်းလို့ ပြောလိုက်ကြတာသာ ရှိတာပါ။ အခုက သတ်ချင်စိတ်ပေါက်အောင် စိတ်တိုတာနဲ့ ခြင်တစ်ကောင်ကို  ဖြတ်ကနဲ ရိုက်လိုက်သလို  လက်မြန်ခြေမြန် ဆိုတော့ စိုးရိမ်စရာ အခြေအနေ ဖြစ်နေတာ တွေ့ရပါတယ်။

အခုခေတ် ကလေးတွေက (၃)နှစ်သား အရွယ်ဆိုရင်ပဲ ကွန်ပျူတာကို ကောင်းကောင်း သုံးတတ်နေပြီ။ မိဘတွေကလည်း ကိုယ့်ကလေး ခေတ်မီတယ် ဆိုပြီး သဘောကျတတ်ပါတယ်။ တက်ဘ်လက်တို့ အိုင်ပက်တို့ဆိုလဲ လူကြီးတွေလိုပဲ သုံးတတ်ကြပါတယ်။ ကလေးဆိုတာက အတတ်မြန်တယ်၊ သူတို့ရဲ့ မူရင်းဇစ်မြစ်ကိုက သင်ယူချင်တဲ့ စိတ်တွေရှိတယ်၊ အတုမြင်အတတ်သင်ဆိုတာ ကလေးတွေမှအစစ်၊

             စာရေးသူ လသားအရွယ် ကလေးလေး တစ်ယောက်ကို  သတိထားမိတယ်။ ကွန်ပျူတာနဲ့ ကလေးသီချင်းတွေ ဖွင့်ပေးရင် သိပ်ကြိုက်တယ်။ သူ့အမေက ကလေးသီချင်းတွေ ဖွင့်ပြတော့ ကြာလာတော့ သီချင်းတွေကို သိလာတယ်။ ဘယ်လောက်သိလာ သလဲဆိုရင် သီချင်းမလာခင် တီးလုံးလာကတည်းက ဘယ်တီးလုံးဆို ဘယ်လို လိုက်လှုပ်ရတယ်ဆိုတာပါ  သိနေပြီး ဟန်ပြင်တယ်၊ သီချင်းရဲ့ တီးလုံးအတိုင်း လိုက်လှုပ်တတ်တယ်။ အဲဒါ (၆)လသား ကျော်ကျော်ပဲ ရှိသေးတော့ စာရေးသူတို့မှာ တအံ့တဩ။ သူ့ခေတ်နဲ့သူ လူဖြစ်လာရတယ်လို့သာ ကောက်ချက်ချမိတယ်။ စာရေးသူတို့ ကလေးတွေ ငယ်စဉ်ကတော့  ကလေးသိချင်းတွေ ပုံပြင်တွေကို အာပေါက်အောင် ဆိုပြ ပြောပြရတယ်။ ဆိုပါအုန်းဆို မောနေပေမယ့် ဆိုပြရတယ်၊ ပုံပြင်ကပြီးနေပြီ မအိပ်မချင်း ပြောအုန်း ပြောအုန်း ပူဆာရင် ပါးစပ်ပုံပြင်တွေ ဆက်တိုက် ဖြစ်လာတော့တာ၊ တခါတလေ ပုံပြင်က တိုလို့၊ အရှည်ကြီး ပြောပါလို့ ပူဆာရင် ပုံပြင်ထဲက "လူအ"ကြီး (၇)ယောက်က ကိုယ့်ပါးစပ်ထဲမှာ " အ" ခြင်း မျိုးစုံနဲ့ အနေရတော့တာ၊

 ကနေ့မိဘတွေက အိုင်ပက်လေး ဖွင့်ပြီး ကလေးရှေ့ ချထားပြီး  အိမ်မှုကိစ္စလုပ်စရာ ရှိတာ လုပ်နေလို့ရတယ်။ နည်းပညာတိုးတက်မှုတွေက လူတွေကို သက်သာစေတာ မှန်ပါတယ်။ ဒါပေမယ့် ဒီကလေးတွေကို မိဘက ဆက်ပြီး ကြည့်နေဖို့တော့ လိုပါတယ်။ သူတို့ဘာသာ ဂိမ်းတွေ ကစားလာတဲ့အခါ ဘယ်လို ဂိမ်းတွေ ကစားနေသလဲ၊ ရုပ်ရှင်တွေ ကြည့်နေတဲ့အခါ ဘယ်လို ရုပ်ရှင်တွေ ကြည့်နေသလဲ၊ မိဘက အကဲခပ်နေရမှာ ဖြစ်ပါတယ်။ တိုးတက်တဲ့ ခေတ်နဲ့အညီ နည်းပညာကို ကောင်းတဲ့ဘက်က အသုံးချနိုင်ဖို့၊ ကောင်းတဲ့ နေရာမှာ အသုံးပြုနိုင်ဖို့ မိဘနဲ့ ဆရာတွေမှာ တာဝန်ရှိလာပါတယ်။
 အရင်တုန်းက ဝလုံးကလေး ဝိုင်းအောင် ဘယ်လို ရေးရမလဲလို့ ဆရာမတွေက သင်ပေးသလို ၊ မိဘတွေကပါ သင်ပေးခဲ့ကြရတယ်။ ဝလုံးလေးကို အောက်ကနေစပြီးဆွဲရမယ်၊ အပေါ်ကနေဆွဲပြီး ရေးတဲ့အခါ ဝလုံးနဲ့တူတာပဲ ရှိတယ်၊ အဲဒါ ဝလုံး အစစ်မဟုတ်ဘူး၊ ဝလုံးအမှန် မဟုတ်ဘူးလို့  ပြောသလို  အခုခေတ်မှာတော့  အဝိုင်းကလေးတွေ လည်တာ စောင့်ကြည့်ရင်း ဘယ်ဟာအစစ်အမှန် ဘယ်လိုမျိုးကို ကြည့်ရမယ် စတာတွေ ပြောဖို့လိုအပ်နေပါပြီ။ ဝလုံးကလေးမှ ဝိုင်းအောင် မရေးတတ်ခင်ကတည်းက သုံးတတ် ကြည့်တတ်နေတဲ့ ခေတ်မီစက်ပစ္စည်းတွေကို တန်ဖိုးရှိတဲ့နေရာမှာ တန်ဖိုးရှိရှိ အသုံးချနိုင်ဖို့ မိဘနှင့်ဆရာတို့မှာ တာဝန်ရှိလာပြီလို့ မြင်မိပါတယ်။
ခိုင်ခိုင်စောလွင်

တေးရေး စောဘွဲ့မှုး၏ သီချင်းစာသားကို ခေါင်းစဉ်အဖြစ် အသုံးပြုထားပါသည်။

September 14, 2014

" ဗိုလ်အုန်းသီးစီး ကြက်ဆင်ထီးဆောင်းပြီး ရန်ကုန်တက္ကသိုလ်သွားမယ် "( ပြည်သူ့ခေတ်ဂျာနယ် အမှတ် ၂၁၃ ပါ ဆောင်းပါးဖြစ်ပါတယ်)


                       ထိုင်းနိုင်ငံက စားသောက်ဆိုင် တစ်ဆိုင်မှာ အမှတ်တရ သိမ်းဆည်းထားတဲ့" မြန်မာပြည်တွင်လုပ်သည်"  MADE  IN BURMA စာတန်းပါ ကလေးစီး စက်ဘီးလေးကို ဖေ့စ်ဘွတ်စာမျက်နှာမှာ တွေ့လိုက်ရလေသည်။  အဆိုပါ ဓါတ်ပုံလေးသည်  မြန်မာပြည်ရဲ့ အတိတ်အခြေအနေနှင့် ယနေ့ခေတ် အခြေအနေကို  ယှဉ်ထိုးပြလိုက် သလိုပဲဟု စာရေးသူ ခံစားလိုက်ရသည်။ 
                         တစ်ချိန်က အရှေ့တောင်အာရှမှာ  ထိပ်ဆုံးက ရှိနေခဲ့သည့် မြန်မာနိုင်ငံကို လည်ပြန်ကြည့်မိသည်။ ထိုတိုးတက်နေသည့် အချိန်ကို ကိုယ်တိုင်မမီခဲ့ပေမယ့် လူကြီးသူမတွေ ပြောစကားအရ  သိခဲ့ ရသည်၊ စာတွေထဲ ဖတ်ရသည်။ စင်္ကပူ ဝန်ကြီးချုပ် လီကွမ်းယုက စင်္ကာပူနိုင်ငံကို တိုးတက်အောင် အားယူနေသည့် အချိန်တွင် မြန်မာပြည်ကို လာရောက်လည်ပတ်၍ စင်္ကာပူကို ရန်ကုန်လို ဖြစ်အောင် လုပ်ရမည်ဟု ကြွေးကြော်ရင်း စင်္ကာပူနိုင်ငံကို တိုးတက်သည့် အခြေအနေရောက်အောင် လုပ်နိုင်ခဲ့သည်။ ထိုစဉ်က အများအားကျ စံနမူနာယူခဲ့ရသည့် မြန်မာသည် အဖက်ဖက်က ချွတ်ခြုံကျနေလေသည်။ တခြားမကြည့်ပါနှင့် စာရေးသူတို့ သိမီလိုက်သည့် အချိန်မှာပင် စာရေးသူတို့ထက် ဖွံ့ဖြိုးမှု နိမ့်ကျနေသည့် နိုင်ငံ အချို့ပင် မြန်မာကို ကျော်တက်နေကြပြီ။ လွန်ခဲ့သည့် (၄)နှစ်ခန့်က လာအိုနိုင်ငံမြို့တော် ဗီယန်ကျင်းကို ခေတ္တသွားရောက်ဖူးသည်။ လာအိုနိုင်ငံသည် ကုန်းတွင်းပိတ်နိုင်ငံ ဖြစ်သည်။ သယံဇာတ ထွက်ရှိမှု နည်းပါးသည်။  ဆားကိုပင် အိမ်နီးချင်း ထိုင်းနိုင်ငံမှ ဝယ်ယူရသည်။ ငွေကြေးဖောင်းပွမှုလဲ များသည်။ ထိုင်းတစ်ဘတ်ကို လာအို kip ၁၈၀ ဖြစ်သည်။ ယနေ့မှာ  ထိုင်းတစ်ဘတ်ကို လာအို kip ၂၅၀ ကျော်လောက် ရှိသည်။
မြန်မာတစ်ကျပ် ထိုင်းတစ်ဘတ် ခေတ်ရှိခဲ့သော်လည်း ယနေ့အချိန်မှာ ထိုင်းတစ်ဘတ်- မြန်မာ ၃၀ကျပ် ဖြစ်နေလေသည်။
လာအိုနိုင်ငံ အကြောင်း ဆက်ရလျှင်  ပြည်သူတွေ ဆင်းရဲကြသော်လည်း လူနေမှုအဆင့် နိမ့်ကျမှု မရှိတာကို တွေ့ရလေသည်။
ထိုအချိန်က အိမ်နီးချင်းထိုင်းနိုင်ငံမှာ ကျေးလက်တောရွာ မကျန် လူတိုင်း မိုဘိုင်းဖုန်း သုံးစွဲနေကြသော်လည်း စာရေးသူတို့ မြန်မာနိုင်ငံမှာ မိုဘိုင်းဖုန်း ဆင်းကဒ် တန်ဖိုးမှာ သိန်းဆယ်ဂဏန်း တန်ဖိုးရှိနေပြီး အခွင့်ထူးခံ သူတွေသာ ကိုင်ခွင့်ရသည့် အခြေအနေမှာပင် ရှိနေသေးသည်။ ထိုသို့သော အချိန် လာအိုနိုင်ငံမှာ မိုဘိုင်းဖုန်းကို  လမ်းဘေးဈေးသည်ပါ မချန် ကိုင်နေကြပြီ၊  ဒီဂျစ်တယ် စက်များ တပ်ဆင်ထားသည့် ဓါတ်ဆီဆိုင်များမှာ အလွယ်တကူ ဝင်ရောက်ပြီး လိုသလောက် ထဲ့နိုင်ကြပြီ။ မြန်မာပြည်မှာ ထိုစဉ်က ဓါတ်ဆီဆိုင်မှာ  ကားတန်းရှည်ကြီးကို တမျှော်တခေါ်စောင့် တန်းစီပြီး ကိုယ်တာဖြင့် ဆီထဲ့နေရဆဲ ဖြစ်လေသည်။  လမ်ေးဘးမှာ ပုလင်းလေးတွေ ထောင်ထားသည့် မှောင်ခိုဆိုင်တွေမှာ အရောင်းအဝယ် လုပ်နေကြဆဲ ဖြစ်လေသည်။  တိုင်းပြည်ကဆင်းရဲ၍ ပြည်သူတွေ ဆင်းရဲရသည် မှန်သော်လည်း ဖွ့ဖြိုးတိုးတက်မှုက အခြားတိုင်းပြည်ထက် နောက်ကျနေရလေသည်။  အုပ်ချုပ်သည့် အစိုးရ၏ ပြည်သူတွေအပေါ် ထားသည့် စေတနာ ကွာခြားမှုကို သိသိသာသာ တွေ့ရလေသည်။
                   ဗိုလ်အုန်းသီး စက်ဘီးဆိုတာ တစ်ချိန်က မြန်မာပြည်က ကလေးတွေ သဘောကျခဲ့ရသည်။ စာရေးသူတို့ပင် အဖျားအနားသာ မီလိုက်လေသည်။  ဒါပေမယ့် ထိုစက်ရုံကို မျက်မြင် တွေ့ဖူးလေသည်။ ဗိုလ်အုန်းသီးကွေ့ ဆိုသည့် ကားမှတ်တိုင်နား ရောက်ဖူးခဲ့သည်။ ဗိုလ်အုန်းသီးသည် နာမည်သာ ကျန်သည်။  သို့သော် ထိုင်းနိုင်ငံက ထုတ်လုပ်သည့် ပလတ်စတစ် စက်ဘီးတွေကို အခုခေတ်ကလေးတွေ စီးရသည်။  အရောင်ကလေးတွေ စုံမှစုံ ဆိုတော့ ကလေးတွေ ကြိုက်ကြသည်။  လွန်ခဲ့တဲ့ (၁၅) ) နှစ်ခန့်က စာရေးသူရဲ့ သမီးနှစ်ယောက်ကို အတူ စီးရအောင်ဆိုကာ စက်ဘီးတစ်စီး ဝယ်ပေးဖူးသည်။   ယိုးဒယားဖြစ်လို့ ခေါ်ကြတဲ့ ကလေးစီး စက်ဘီးတွေထဲက နှစ်ယောက်စီးလို့ ရတဲ့ စက်ဘီးလေးပါ။ အရှေ့မှာ အကြီးတစ်ယောက်က နင်းပြီး အနောက်မှာ ပါတဲ့  ထိုင်ခုံမှာ အငယ်တစ်ယောက်က ထိုင်စီးလို့ရတဲ့ စက်ဘီးပါ။ အဲဒီ စက်ဘီးကို ဆိုင်မှာတွေ့တွေ့ချင်းပဲ ကိုယ်ငယ်ငယ်က မြင်ဖူးခဲ့တဲ့ ဗိုလ်အုန်းသီး စက်ဘီးနဲ့ တူတာကို သတိတရ ပြောဖြစ်လေသည်။ စာရေးသူတို့ ငယ်စဉ်က ဗိုလ်အုန်းသီး စက်ဘီးကို သူများစီးတာ တွေ့ဖူးခြင်းဖြစ်သည်။ အရှေ့မှာ တစ်ယောက်က နင်းပြီး အနောက်မှာ တစ်ယောက်က ထိုင်လိုက်လို့ရသည်။ လက်ကိုင်က သံတန်းနှင့်၊ ခြေနင်းကလည်း သံ၊ နောက်ခုံကလည်း သံကိုယ်ထည် အကာအရံနှင့် လုံလုံခြုံခြုံ ရှိလေသည်။ ထိုဗိုလ်အုန်းသီး ကလေးစီးစက်ဘီးသည်  MADE IN BURMA  အနေနှင့် ပြည်ပနိုင်ငံသို့ ရောက်ရှိသည်ဆိုတာတော့ အခုမှ သိရလေသည်။
            တစ်ချိန်က မြန်မာပြည်က ထုတ်လုပ်သည့် ထုတ်ကုန်သည် ပြည်ပတိုင် ရောက်ရှိခဲ့ပြီး  ယနေ့ခေတ်မှာတော့ ထိုနိုင်ငံတွေကနေ ကိုယ့်ပြည်တွင်းက ပြန်လည် ဝယ်ယူနေရပြီ။ စတိုးဆိုင်များ၊ ကလေးကစားစရာ ဆိုင်များမှာ ထိုင်းနိုင်ငံက ထုတ်သည့်  စက်ဘီးများ အသွေးအရောင်စုံစွာ ရောင်းချနေလေသည်။ နိုင်ငံ ဘာ့ကြောင့် ဆင်းရဲသလဲ၊ ချွတ်ခြုံကြရသလဲ၊ နည်းပညာက အစောကတည်းက ရှိပြီးသားပင်၊ ပိုကောင်းလာအောင် လုပ်နိုင်ဖို့သာ ရှိရာက နည်းပညာပါ ပျောက်ကွယ်သွားအောင် ဘယ်လိုများ စွမ်းဆောင် အုပ်ချုပ်ခဲ့ကြပါလိမ့်။
               စာရေးသူ  ထိုင်းနိုင်ငံကို  ပထမဆုံး အလည်အပတ်ရောက်သည့် ၂၀၀၉ခုနှစ်က အိမ်နီးချင်း ထိုင်းအမျိုးသမီး တစ်ယောက်နှင့် စကားပြောဖြစ်တာ သတိရမိလေသည်။ ထိုအမျိုးသမီးက စာရေးသူနှင့် ရွယ်တူခန့် ရှိမည်.။ ငယ်ရင် နဲနဲငယ်နိုင်ပေမယ့် ပိုတော့ မကြီးနိုင်လို့ ခန့်မှန်းရသည်။ သူက စာရေးသူ အပြင်ထွက်သည်နှင့် ပြုံးပြ နှုတ်ဆက်တတ်သည်။ ထိုင်းလို စကားတွေ ပြောသည်။ စာရေးသူက "ဆဝါဒီခါ့"  မြန်မာလို မင်္ဂလာပါ ဆိုတဲ့ နှုတ်ဆက်စကားလောက်သာ သိတာမို့ ဘာမှ ပြန်မပြောပဲ ပြုံးပဲ ပြလိုက်သည်။  ထိုင်းတွေက မြန်မာဆိုရင် အထင်သေးတယ်။ မြန်မာအလုပ်သမားတွေကို မတရား နှိပ်စက်တယ်၊  ထိုင်းတွေက သိပ်ရိုင်းတာ ဆိုတဲ့ ကျဉ်းမြောင်းတဲ့ အမြင်တွေ အသိတွေ ကြားက ခပ်လန့်လန့် စိတ်ကြောင့်ပါပဲ။ သူ့ကလေးလေးတွေက စာရေးသူကို တွေ့ရင်  လက်အုပ်လေးချီလို့ " ဆဝါဒီခါ့" လို့  နှုတ်ဆက်ရင် အံဩ သဘောကျရသည်။  အဲဒီကလေးတွေ  သောကြာနေ့ရောက်လို့ ကျောင်းသွားရင် ရိုးရာထမီနဲ့ အကျ င်္ီ ဝတ်သွားတာ တွေ့တိုင်း ယဉ်ကျေးမှုကို ကျောင်းသား ဘဝမှာ ထိန်းပေးထားတယ် ဆိုတာ သတိပြုမိရလေသည်။  ယောင်္ကျားလေးဆိုပါက ရှမ်းဘောင်းဘီနဲ့ ခပ်ဆင်ဆင် ချည်သားဘောင်းဘီ ခပ်ပွပွနဲ့ အင်္ကျီကလည်း ရှမ်းတိုက်ပုံ ဆန်ဆန် ချည်သားရင်ကွဲ ကြယ်သီးတပ် အကျ င်္ီ ကို ဝတ်ဆင်ကြသည်။  ဒါကိုကြည့်ပြီး ယဉ်ကျေးမှုကို ထိန်းသိမ်းသည့် ပုံစံကို  သဘောကျမိလေသည်။  ဆောင်ပုဒ်တွေ စာတန်းတွေ အရှည်ကြီးရေးကာ ကျောင်းမှာ အလုပ်မှာ ဋ္ဌာနတွေမှာ ချိတ်ဆွဲထားတာထက် တကယ်လက်တွေ့ ကျင့်သုံးတာက  ထိရောက်တဲ့ လုပ်ဆောင်မှုပဲလို့ မြင်မိလေသည်။
         တစ်ဆက်ထဲမှာပဲ စာရေးသူတို့ တိုင်းပြည်က နိုင်ငံခေါင်းဆောင် ဆိုသူတွေ နိုင်ငံတကာ အနှံ့ ချစ်ကြည်ရေးခရီး ဘာခရီး ညာခရီး သွားနေကြတာ ဒါမျိုးတွေ တွေ့မြင်သိခဲ့ မြင်ခဲ့မှာ မနည်းမနောပါ။ ကိုယ့်နိုင်ငံမှာ ကျင့်သုံးလို့ရမယ့် အနေအထားတွေ တွေ့ခဲ့ သိခဲ့မှာပဲ၊ ဘာလို့များ မလုပ်ကြပါလိမ့် တွေးမိရပြန်သည်။
             အဲဒီ အိမ်နီးချင်း အမျိုးသမီးက စာရေးသူကို မြန်မာလူမျိုးဆိုတာ သိသွားရော  မျက်နှာကို လက်ညှိုးနဲ့ထောက်ပြီး သနပ်ခါး လို့ပြောလေသည်။  စာရေးသူတို့ရဲ့  အမွန်မြတ်ဆုံး တန်ဖိုးထားသည့် မျက်နှာလိမ်းတဲ့ သနပ်ခါးကို သိတယ်ဆိုတော့ စာရေးသူလဲ သူ့ကို သဘောကျသွားလေသည်။ သူနှုတ်ဆက်ရင် ကိုယ်ကလဲ သူ့လိုပဲ " ဆဝါဒီခါ့" လို့ လက်အုပ်ချီလို့ အပြန်အလှန် လက်အုပ်ချီရင်း ခင်မင်သွားပါတော့သည်။  ထိုင်စကား နားမလည်မှန်းသိတဲ့ အတွက် အင်္ဂလိပ်လို ပြောရင်း သူက မြန်မာလူမျိုးတွေကို လေးစာချစ်ခင်သူ တစ်ယောက်ဆိုတာ သိရလေတော့သည်။ ဒီနေရာမှာ အင်္ဂလိပ်စကား ပြောတာနဲ့ပတ်သက်ပြီး ထိုင်းလူမျိုးတွေရဲ့ မြန်မာတွေပေါ် အမြင်မတူကြတာ ရေးပြလိုသည်။
        ထိုင်းတစ်ချို့က မြန်မာတွေက သိပ်တော်ကြတယ်၊ အင်္ဂလိပ်စကားကို ပြောတာမှာ ထိုင်းလူမျိုးတွေထက် သာတယ်၊ မြန်မာလူမျိုးတိုင်းလိုလို  အင်္ဂလိပ်လို ရေးနိုင်ကြ ပြောနိုင်ကြတယ်လို့ ပြောတတ်ကြသလို တစ်ချို့ကတော့ မြန်မာတွေဟာ အင်္ဂလိပ်လက်အောက်မှာ နေခဲ့ရလို့ အင်္ဂလိပ်စကား မဖြစ်မနေ တတ်ကြတယ်လို့ မြင်ကြလေသည်။ လူ့သဘာဝမဟုတ်ပါလား။
          ထို ထိုင်းအမျိုးသမီးက မြန်မာပြည်ကို အရင်တုန်းက သူတို့ အင်မတန် အားကျခဲ့ရတယ် ဆိုတာ ပြောပြလေသည်။ တစ်ရက်မှာတော့ သူ့အဖေအိမ် သွားပြီး ပြန်လာပါက ပြစရာ ရှိသည်ဆိုကာ  ပြန်ရောက်သည်နှင့်  စာရေးသူကို  လာခေါ်သည်။
သူ့လက်ထဲမှာ ထီးတစ်ချောင်း၊
" ဒါ မြန်မာပြည်က ဝယ်ထားတဲ့ထီး၊ သူ့အဖေက မြန်မာပြည်က မှာပြီး ဝယ်ထားတာ" ဆိုလေသည်။

စာရေးသူ ဖွင့်ကြည့်တော့ ကြက်ဆင်ဆံဆိပ် ဖဲထီး ဖြစ်နေလေသည်။ အံဩ ဝမ်းသာပြီး
" ဟုတ်တယ် ဒါ တို့ မြန်မာပြည်က ထုတ်တာ ၊ အခု မရှိတော့ဘူး'' ပြောမိလေသည်။
သူက ဘာလို့ ဒါမျိုးတွေ မထုတ်တော့တာလဲ မေးတာ ပြောရမှာ အားမရှိ၍  မပြောပြဖြစ်။
ထီးရိုးမှာ MADE IN  BURMA စာတန်းက အထင်းသား။
သူက ဆက်လေသည်။ ဒီထီးက ခေါင်လဲ အခုထိ မကွဲဘူး၊ သံချေးလဲမတက်ဘူး၊ သူ့အဖေက နောက်ပိုင်း ဝယ်မရလို့ အမှတ်တရ သိမ်းထားတာ ၊ အိမ်နားက မြန်မာတစ်ယောက်ကို ပြကြည့်မလို့ ခနဆိုတာ မနည်းပြောခဲ့ရတယ် လို့ ပြောလေသည်။
ထီးသက်တန်းသည် နှစ်ပေါင်း(၄၀) ခန့် ရှိမည်ထင်သည်။
တစ်ဆက်ထဲမှာ စာရေးသူတို့ ကျောင်းတက်စဉ်က Dove တံဆိပ်  ယိုးဒယားဖြစ်ထီးတွေ  ဆောင်းခဲ့ရတာ သတိရမိလေသည်။ ထိုထီးတွေသည် ထီးချုပ်သမားလက်သို့ အကြိမ်ကြိမ်ရောက်ရလေသည်။ ခေါင်ချုပ်တာကတဖုံ၊ လက်ကိုင်ပြူုတ်၍ တမျိုး၊ ထီးခရိုင်တွေ ပြန်ချုပ်ရတာ မကြာခဏ စသဖြင့်၊
မြန်မာပြည်မှာ ယ ခင်က  အရည်အသွေးကောင်းတဲ့ ပစ္စည်းတွေ ထုတ်လုပ်ခဲ့ပြီး ပျောက်ကွယ်ခဲ့ရသည်။   ဒါက လူ့အသုံးအဆောင်တင် ဖြစ်သည်။ တခြား အခြား အများအပြား ဘက်ပေါင်းစုံ ပျောက်ကွယ် ဆုတ်ယုတ်တာတွေကြောင့် မြန်မာပြည် နောက်ကျန်ခဲ့တာ ဖြစ်ရမည်။
           မြန်မာပြည်မှာ မွေးဖွားပြီး ထိုင်းနိုင်ငံမှာကြီးပြင်းကာ ထိုင်းနိုင်ငံသား ဖြစ်နေသည့် မိတ်ဆွေ တစ်ယောက်က မယ်ဆိုင်က ပြန်လာတာမှာ တရုတ်ပြည်က ထုတ်တဲ့ တရုတ်စောင်တွေ ရောင်းဖို့ ပါလာတယ် ဆိုတာနဲ့ ဝယ်ဖြစ်လေသည်။ စောင်လာဝယ်သည့်အထဲမှ  အသက်ကြီးကြီး အဖွားတစ်ယောက်က စာရေးသူကို မြန်မာဆိုတာ သိတာနှင့်  သူတို့ခေတ်က  ဗန~ဓုလစောင် ကောင်းကြောင်း ပြောပြလေသည်။  အသက်(၆၀) ခန့်ရှိမည့် အမျိုးသမီးတစ်ယောက်က စာရေးသူကို မြန်မာပြည် ဘယ်ကလာသလဲ အမေးကို ရန်ကုန်က လာသည်ဆိုတော့ ဝမ်းသာအားရ ရန်ကုန်တက္ကသိုလ် သိမှာပေါ့ မေးလေသည်။ သိယုံမကပါ  ရန်ကုန်တက္ကသိုလ်တက်ရောက်ခဲ့ပါသည် လို့ ပြန်ဖြေတော့ စာရေးသူလက်ကို တင်းတင်းဆုပ်လို့ ဂုဏ်ယူစွာ ပြောလေသည်။  သူ၏  အဖိုးဖြစ်သူသည် ငွေကြေးချမ်းသာသူ ဖြစ်ပါတယ်တဲ့၊ သားသမီးတွေကို စာကျိုးစားပါက ရန်ကုန်တက္ကသိုလ်ပို့ပေးမယ်ဆိုတဲ့ ကတိအတိုင်း သူ့ဖခင်ကို ရန်ကုန်တက္ကသိုလ်ကို ပို့ပြီး ပညာသင်စေခဲ့ကြောင်း၊ သူတို့ အဖေလက်ထက်မှာ ထိုင်းမှာရှိတဲ့ ကြွယ်ဝချမ်းသာတဲ့ ကြေးရတတ်လူချမ်းသာတွေ ဂုဏ်သရေရှိ လူတန်းစားတွေက သူတို့ရဲ့ သားသမီးတွေကို မြန်မာပြည်က ရန်ကုန်တက္ကသိုလ်ကို ပို့နိုင်တာကို  ဂုဏ်တစ်ခုအ ဖြစ် သတ်မှတ်ကြကြောင်း အားရဝမ်းသာ ပြောပြလေသည်။
  အဲဒီအချိန်က ရန်ကုန်တက္ကသိုလ်ကို နှစ်ပေါင်းများစွာ ပိတ်ထားတဲ့ အခိုက်ဆိုတော့ ကိုယ့်မှာ ဘာပြန်ပြောရမှန်းပင်မသိ။ စိတ်ထဲ ဝမ်းနည်းသလို နှမြောသလို ဒေါသဖြစ်သလို စိတ်တွေ ဖြစ်လို့နေလေသည်။
ယနေ့ခေတ်မှာတော့ ထိုင်းနိုင်ငံက တက္ကသိုလ်တွေမှာ  မြန်မာအပါအဝင် နိုင်ငံတကာမှ ကျောင်းသားတွေ တက်ရောက် ပညာသင်နေကြပေပြီ။
မကြာသေးခင် ရက်ပိုင်းမှာ စာရေးသူကိုယ်တိုင် ချင်းမိုင်တက္ကသိုလ်ဝန်းကျင်ကို ရောက်ရှိခဲ့ပြီး ရန်ကုန်တက္ကသိုလ် အလွမ်းစိတ်များ ပေါ်ပေါက်ခဲ့ရလေသည်။
စာရေးသူရဲ့ သမီးတစ်ယောက်က  ချင်းမိုင်တက္ကသိုလ် တက်ရောက်ရင်း အိမ်ပြန်ရတာ အနည်းငယ်လှမ်းသည့်အတွက် အဆောင်နေမှ အဆင်ပြေမှာမို့ တက္ကသိုလ်နားမှာပဲ အဆောင်ရှာဖို့ ရောက်ခဲ့ရလေသည်။  ကားနှင့်သွားနေရင်းက စိတ်ထဲမှာ တက္ကသိုလ် အငွေ့အသက်ကို ရလေရာ သမီးဖြစ်သူကို " ရှေ့နားဆို တက္ကသိုလ်နယ်မြေ ရောက်ပြီ မဟုတ်လား" မေးလိုက်မိသည်။
သမီးဖြစ်သူက အမေ ဘယ်လိုသိလဲ မေးတာကို တက္ကသိုလ်ရဲ့ အရိပ်ကို တွေ့နေရတယ်လေ လို့ ပြောမိလေသည်။  တက္ကသိုလ်ကျောင်းသူ/ ကျောင်းသားတို့ရဲ့ ပျိုမြစ်နုနယ်တဲ့ အသွင်၊ တက်ကြွ ရွှင်လန်းစွာဖြင့်   ကားတွေ ၊ မော်တော်ဆိုင်ကယ်တွေနဲ့ ပျားပန်းခပ်မျှ သွားလာနေတဲ့ ပုံရိပ်တွေက တက္ကသိုလ်ကျောင်းတော်ကြီးနဲ့ မဝေးတော့ဘူးဆိုတာ အလိုလို သိစေလေသည်။
            မီးပွိုင့်အရောက် ကားရပ်ခိုက်မှာ ရင်ထဲ လှိုက်လှိုက်လှဲလှဲ တမ်းတ သတိရစေသည့် မြင်ကွင်းနဲ့အတူ ရန်ကုန်တက္ကသိုလ်ကို သွားနေပါလားလို့ ခံစားရလောက်အောင် ခံစားချက်ဖြစ်လေသည်။ ခံစားချက်သည် ရင်ထဲမှာ သိုဝှက်မနေပဲ သမီးဖြစ်သူထံ စကားအဖြစ်ထွက်လာလေသည်။
 " သမီးရေ ချင်းမိုင်တက္ကသိုလ်ကို  ဘယ်နှစ်ခုနှစ်မှာ စဖွင့်သလဲ" အမေးကို သမီးက
" အတိအကျ မသိဘူးအမေ ၁၉၆၀ ပတ်ဝန်းကျင်ကလို့ပဲ သိတယ်၊ အိမ်ပြန်ရောက်မှ ဂူဂဲမှာ ရှာကြည့်ရင် သိမယ် လို့ ဖြေရင်း ဘာလို့လဲ အမေလို့ " မေးခွန်းပြန်ထုတ်လေသည်။
ဘာဖြစ်လို့လဲ ဆိုတော့ ချင်းမိုင်တက္ကသိုလ်ကို ရန်ကုန်တက္ကသိုလ်ပုံစံ ယူပြီး ဆောက်ထားသလားလို့ ထင်လာလေသည်။  စာရေးသူတို့ ကားရပ်ထားသည့် လမ်းမက ပြည်လမ်းမပေါ် လှည်းတန်းမီးပွိုင့်မှာ ရပ်ထားတာနှင့်တူနေပြီး  ညာဖက်ကို ချိုးလိုက်ရင် တက္ကသိုလ်ရိပ်သာလမ်း ဘက်ရောက်တဲ့ ပုံစံမျိုးမှာ လမ်းချိုးကလေးကအစ တူနေတာ၊ တည့်တည့်မသွားပဲ အကွေ့ကားတွေ ကွေ့သွားရမယ့် လမ်းကလေးဘေးက မြေအနေအထားတူနေတာ၊ ကွေ့သွားရင် တက္ကသိုလ်စာတိုက်၊ တက္ကသိုလ်ဓမ္မာရုံကို တွေ့ရတော့မလို ထင်ယောင်မိစေတာ သမီးကို ပြောပြဖြစ်လေသည်။ မီးပွိုင့်ကို ဖြတ်အပြီး ချင်းမိုင်တက္ကသိုလ်ဝင်းကို အပြင်ကနေ တွေ့လိုက်တဲ့အခါ မာလာဆောင်နဲ့ ရာမညဆောင်ကြားက မြင်ကွင်းနဲ့အတူ စီးပွားရေးတက္ကသိုလ်ဘက်က ဝင်ရတဲ့ အပေါက်လိုတစ်ပုံစံထဲမှာ ချင်းမိုင်တက္ကသိုလ် ဆိုတဲ့ ဆိုင်းဘုတ်ကို ဝင့်ဝင့်ကြွားကြွား တွေ့ရပြန်တော့ ရန်ကုန်တက္ကသိုလ်ကိုများ အတုယူထားလေသလားလို့ ကိုယ်ထင်တာ မလွဲ နိုင်ဘူးလို့ တွေးမိလေသည်။
             ချင်းမိုင်တက္ကသိုလ်နှင့် လမ်းမကြီး ခြားနေသည့် လမ်းရဲ့ဘယ်ဘက် အခြမ်းမှာ လမ်းသွယ်လေးတွေ အမြောက်အများရှိသည့် အပြင် စားသောက်ဆိုင်များ၊ မုန့်မျိုးစုံ၊ အသုံးအဆောင်ပစ္စည်းမျိုးစုံ ရောင်းချသည့် ဆိုင်တွေ အများကြီး ရှိလေသည်။ လမ်းသွယ်တစ်ခုထဲ ချိုးဝင်လိုက်သည်နှင့်  ရန်ကုန်တက္ကသိုလ်အနီးက စံရိပ်ငြိမ်ကို သတိရသွားလောက်အောင် ပုံသဏ္ဍန်တွေ တွေ့ရလေသည်။ အဆောင်များ၊ ဆိုင်များမှာ ကျောင်းသားတွေ  လွတ်လပ်ပေါ့ပါးစွာ ထိုင်ပြီး ရယ်မာနေကြပုံတွေက  တက္ကသိုလ်အငွေ့အသက်ကို လွမ်းဆွတ်သွားစေလေတော့သည်။
အစဉ်အလာကြီးမားသည့် ရန်ကုန်တက္ကသိုလ်ကြီးမှာတော့  အိပ်ယာက ယခုမှ  နိုးထလာသလို လူးလွန့်နေဆဲ။
ရန်ကုန်တက္ကသိုလ်အနီးမှာ အင်လျားကန်ရေပြင် ကြီးရှိတာနှင့် ချင်းမိုင်တက္ကသိုလ်အနီးမှာ ချင်းမိုင်ရဲ့ အသဲနှလုံးလို့ တင်စားရမယ့် တောင်ပေါ်ဘုရားရှိရာ ဒွိုင်စူထေ့ တောင်ကြီး တည်ရှိတာသာ ကွာလေသည်။ ချင်းမိုင်တက္ကသိုလ်က တောင်ခြေတွင်ရှိပြီး ရန်ကုန်တက္ကသိုလ်ကတော့ အင်းယားရေပြင်နားမှာ ရှိရာ အေးချမ်းမှု အရိပ်ကို ယူထားတာတော့ ဆင်လေသည်။

၁၈၇၈ခုနှစ်မှာ ရန်ကုန်ကောလိပ်အဖြစ်မှ စတင်တည်ထောင်ခဲ့သော ရန်ကုန်တက္ကသိုလ်ကြီးရဲ့ အရိပ်ကို  ၁၉၆၄ ခုနှစ်မှာ တည်ထောင်သည့် ချင်းမိုင်တက္ကသိုလ်မှာ တွေ့ရသည့်အခါ လွမ်းဆွတ်မှုနှင့်အတူ ခံစားချက်တွေက စာနှင့်ရေးပြလို့ပင် ကုန်နိုင်ဖွယ်မမြင်။
               မြန်မာပြည်ရဲ့ အတိတ်က အရိပ်တွေကို နှမျောတမ်းတရင်း ဘာ့ကြောင့် ဆုတ်ယုတ်ယိုယွင်း ကျဆင်းနိမ့်ပါးခဲ့ရပါသလဲ၊ အဖြေတွေကြားက အကြောင်းတရားတွေကြားကမှ  မြန်မာပြည်ရဲ့ လက်ရှိ နာမည်ကြီး ခရိုနီတစ်ယောက်ဆီ အတွေးခြေဆန့်မိလေသည်။
သူ၏ဖခင်သည် မဆလတစ်ပါတီ အာဏာရှင် ဦးနေဝင်းရဲ့ ယုံကြည် အားကိုးရသည့် လူတစ်ယောက်ဖြစ်ခဲ့ပြီး တပ်မတော်မှ ခေါင်းဆောင် တစ်ယောက်ဖြစ်ခဲ့လေသည်။  စစ်တောင်းစက္ကူစက်၊ မြန်မာ့အိမ်သုံးဆေးဝါး ထုတ်လုပ်ရေးစက်ရုံ ( ဘီပီအိုင်) စတာတွေမှာ တာဝန်ယူ လုပ်ကိုင်ခဲ့သည်တဲ့။ ပြည်တွင်းဖြစ်ဆေးဝါးတွေကို ပြည်သူတွေ လိုအပ်သလို မရတာ အဲဒီခေတ်ကလူတွေ ပိုပြီး သိပါလိမ့်မည်။ စက္ကူတွေ ရှာပါးတာ၊ ကျောင်းသုံးစာအုပ် ဝါကျင့်ကျင့်တွေကို သုံးခဲ့ရတာ စာရေးသူတို့ပင် သိမီလိုက်လေသည်။ တာဝန်ယူ ဆောင်ရွက်ခဲ့သူကတော့ ဆွေစဉ်မျိုးဆက် စားမကုန်သည့်အပြင် ဒီဘက်ခေတ်မှာ တိုင်းပြည်ရဲ့အချမ်းသာဆုံး  လူချမ်းသာတစ်ယောက်ပင် ဖြစ်နေလေပြီ။
မြန်မာပြည်အနှံ့ ဖွင့်လှစ်ထားသည့် နာမည်ကြီး  ရှော့ပင်းမောလ်များစွာ၏  ပိုင်ရှင်သည် တပ်မတော်မှ ထိပ်တန်းခေါင်းဆောင်ကြီးတစ်ဦးရဲ့ ကိုယ်ရေးအရာရှိရဲ့ ဇနီးဖြစ်သူ ပိုင်တာဖြစ်လေသည်။ စက်ရုံများ၊ စူပါမားကက်များ ၊ စီးပွားရေးလုပ်ငန်းများ၊ ဆောက်လုပ်ရေးလုပ်ငန်းများ  အစရှိသည်တို့သည် တပ်မတော်မှ ထိပ်တန်းခေါင်းများ ၊ အဆက်အနွယ်များသာ ပိုင်ကြလေရာ ဒီတိုင်းပြည်မှ မဆင်းရဲ ဘယ်တိုင်းပြည် ဆင်းရဲပါ့လို့ တွေးမိလေသည်။
          ယခင်က တိုင်းပြည်ရဲ့ စီးပွားရေးသမားတွေက ထုတ်ကုန်တွေ ပြည်ပပို့ပြီး နိုင်ငံခြားငွေရအောင် ရှာဖွေပေးနိုင်သည်။  တိုင်းပြည်က ထွက်ကုန်ကို နိုင်ငံတကာက အသိအမှတ်ပြုအောင် ထုတ်လုပ်ပေးနိုင်ခဲ့ကြလေသည်။  ခေတ်သစ် စီးပွားရေးသမား ခရိုနီတွေကတော့ တိုင်းပြည်ရဲ့ အရင်းအမြစ် သယံဇာတာကို အမြစ်ပါမကျန် ထုတ်ယူ ရောင်းစားပြီး စီးပွားရှာကြလေသည်။
               ယနေ့ လူပြောများနေကြသည့် စကားတစ်ခွန်း ဖြစ်သော နောက်ကြောင်းပြန်လှည့်မှလား၊ ဆိုသည့် စကားသည် တာသွားလှသည်။ နောက်ကြောင်း မလှည့်ပါ ဆိုသော်လည်း  ယခင်ခေတ်ကကဲ့သို့ ကင်းထောက်အဖွဲ့တွေ  ပြန်ဖွဲ့သည်။  ပညာသင်ဆုတွေ ပြန်ပေးသည်။ ကောင်းပါသည်။ ဒါဖြင့် ယခင်က ကောင်းတဲ့ အစဉ်အလာတွေကို ဘာ့ကြောင့် ရပ်လိုက်ပါသလဲ၊ ယခု ထိုအစဉ်အလာကို တကြော့ပြန် သွားဖို့ ကြိုးစားကြပြန်သည်။ ရှေ့သို့တိုးရင်း နောက်ဆုတ်ကြည့်နေသလား၊ ဒါဖြင့် ပြည်သူတွေအတွက်  ဗိုလ်အုန်းသီးစီးရင်း ကြက်ဆင်ဖဲထီးဆောင်းကာ ရန်ကုန်တက္ကသိုလ် အရောက်ပြန်သွားရအုန်းမည့် အခွင့်အလမ်းတွေ  ပြန်ရောက်လာအုန်းမှာလား မျှော်ရပေအုန်းတော့မည်။
 
ခိုင်ခိုင်စောလွင်

September 4, 2014

သူ့သမိုင်းထဲက ကိုယ့်အမှတ်တရ

   ဘိုဘိုနဲ့ကောင်လေးတစ်ယောက် အိမ်ကိုလာတဲ့ အကြောင်း မေမေ့ကို ပြောပြတဲ့အခါ ပိုက်ဆံလဲရှိမှာမဟုတ်ဘူးဆိုပြီး အမေက  နောက်ရက်မှာ သူကိုယ်တိုင် သွားပါတော့တယ်။ခါတိုင်း  စနေ တနင်္ဂနွေ ကျောင်းပိတ်ရက်ဆို သူ့သားဆီ သွားနေကျ။ အမေက သူတို့ ဘာတွေလုပ်နေသလဲ ဆိုတာ စိတ်မဝင်စား၊ သူ့သားကို ကျန်းကျန်းမာမာ တွေ့ရရင် ကျေနပ်ပြီ။ဒီလိုမျိုး။
             တစ်ရက်မှာ အမေက သူ့သားဆီ သွားရင်းက  မြိတ်လား ထားဝယ်လား မမှတ်မိဘူး အဲဒီမှာ ကိုအောင်ဇော်မင်းနဲ့ သူတို့အစည်းအရုံးကတစ်ချို့ အဖမ်းခံရတာ သိလာပြီး သူ့သားကို စိတ်ပူနေတယ်။ ကိုအောင်ဇော်မင်းရဲ့ အမေဆီ သတင်းသွားမေးတော့ ကိုယ်က အဖော်လိုက်သွားရတယ်။ အန်တီ ဒေါ်ရီရီတင်က အင်မတန်တော်တယ်၊ အမေ့လောက်တောင် စိုးရိမ် ပူပန်စိတ်ကို မျက်နှာမှာ မပေါ်ဘူး၊ သားတစ်ယောက်လုံး အဖမ်းခံရတာ မပူတဲ့ မိဘ ဘယ်ရှိပါ့မလဲ၊ စိုးရိမ် ပူပန်စိတ်ကို ထိန်းထားနိုင်တယ်။ ခါတိုင်းတွေ့နေကျ  ပုံစံပဲ စကားပြောတာ အေးအေးဆေးဆေးပဲ၊  အပြန်လမ်းမှာ အမေ့ကို ကိုယ်က"  မေမေ သူများအမေ တွေ့လား အေးဆေး ဟန်မပျက်ပဲ၊ တခုခုဆို ပူပန်ပြီး ပျာယာခပ်မနေပဲ အဲဒီလို အေးအေးဆေးဆေး နေမှ ဖြစ်မယ်" လို့ ပြောလိုက်တာ စိတ်ဆိုးသွားသေးတယ်။ အမေက တခုခုဆို  မျက်နှာမှာ ဖုံးမရဘူး၊ သူ့စိတ်ထဲမှာ ဒေါသဖြစ်ရင် မျက်နှာမှာ ချက်ချင်း ပေါ်တယ်၊ ကြိုပြီးလဲ စိတ်ပူတတ်တယ်၊
         အဲဒီနောက်ပိုင်းမှာ အမေက တခုခုဖြစ်တော့မှာ ကြိုသိတဲ့အတိုင်း  သူ့သားဆီ  သူကိုယ်တိုင် သွားတာ များလာတယ်။ ပြန်လာရင် ရုံးခန်းမှာ အရင်လို လူများများ မတွေ့ရတော့ဘူး၊ သူတို့ ဘာတွေ ဆက်လုပ်ကြမလဲလို့ မကြာမကြာ ပြောတတ်တယ်။ အရိပ်အကဲကြည့်ပြီး သူ့သား သွားတော့မလား အဲလို ကြိုသိနေပုံရတယ်။  ထုံးစံအတိုင်း အမေက သူမသွားနိုင်တဲ့အခါ ကိုယ့်အလှည့်ကျတော့ သွားရတယ်။
         ကိုယ်ရောက်သွားတဲ့ တစ်ရက်မှာ ကိုယ့်မောင်လေးက ထူးထူးဆန်း မေးတယ်။
" နင်လာတာ အပြင်မှာ ဘယ်သူ့တွေ့လဲ၊ စောင့်ကြည့်နေတာတို့ မသင်္ကာစရာတို့ တွေ့မိလား" တဲ့
မတွေ့တဲ့ အကြောင်းနဲ့  လမ်းမှာ လူသွားလူလာတောင် ရှင်းနေတာပဲပြောတော့
" အေး ဒီမှာ အခြေအနေမကောင်းဘူး၊ ကိုအောင်ဇော်မင်းနဲ့ တို့အဖွဲ့တွေ အဖမ်းခံနေရပြီ သိတယ်မဟုတ်လား၊ မေမေ့ကိုလဲ ဒီကို သိပ်မလာစေနဲ့၊ နင်လဲ လာရင် သတိထားလာ၊ ငါတို့လဲ သိမ်းစရာရှိတာတွေ သိမ်းနေပြီ" လို့ ပြောတယ်။ သူ့ကို ကြည့်ရတာ စိုးရိမ်နေတာမျိုး မဟုတ်ပဲ လုပ်စရာရှိတာတွေ  စီစဉ်နေတဲ့ပုံ ရပါတယ်။
          အမေ့ကို ပြန်ပြောပြတော့ အမေက  သူတို့ တစ်နေရာ ထွက်သွားကြတော့မလား တွေးမိပြီး  ရက်ဆက်ဆိုသလို  သွားပါတော့တယ်။ တခါမှာတော့ ညနေဖက် ကျောင်းက ပြန်လာပြီး ကိုယ့်ကို ပိုက်ဆံသွားပေးခိုင်းပါတယ်။  အဲဒါ လခထုတ်ရက်မို့ သူ့သားကို ပေးချင်တာနဲ့ ကိုယ့်ကို သွားခိုင်းတာ၊  ကိုယ်ရောက်သွားတဲ့ အချိန်မှာ ရုံးခန်းလုပ်ထားတဲ့ အဲဒီအိမ်ဟာ ခါတိုင်းနဲ့မတူ ခြောက်ကပ်နေပါတယ်။ ကျောင်းသားလေး နှစ်ယောက်က အိမ်ရဲ့ အနောက်ဖက်မှာ စာရွက်စာတန်း အထုတ်တွေကို သယ်ပိုးနေတာ တွေ့ရပါတယ်။
" ငါတို့ သိမ်းစရာတွေ သိမ်းနေတာ၊ တို့အဖွဲ့ကလူတွေ အဖမ်းခံထားရပြီဆိုတော့ ဒီမှာ ဘာတွေ ဖြစ်လာမလဲ မပြောနိုင်ဘူး " လို့ ပြောပါတယ်။ ကိုယ့်စိတ်ထဲ သူတို့ တစ်နေရာ ထွက်သွားတော့မယ်ဆိုတာ သိသလို ဖြစ်တာနဲ့ နင်သွားရင် ငါပါလိုက်ခဲ့မယ်လို့ ပြောလိုက်သေးတယ်။  မိန်းကလေးတွေကို အခုထဲက မလာခိုင်းထားဘူး။ နင်လဲ အိမ်မှာပဲ နေပါ၊ ငါသွားရင် ပြောမယ်လို့ ပြောတယ်။
          တကယ်တန်းကျ  သူတို့ ခြေရာဖျောက်သွားတာ  အစအနတောင် ရှာမရပါဘူး။
အမေက သူ့ရဲ့ မသိစိတ်ထဲမှာ  သူ့သား သွားတော့မယ် ဆိုတာ သိနေပုံရပါတယ်။ ဗမာ့မျိုးချစ်လူငယ်အစည်းအရုံး ရှိရာ ဘောင်ဒရီလမ်းကို သွားရင်  ကားမှတ်တိုင်ဘက်က ကွေ့လိုက်တာနဲ့ ကုန်းတက်ကလေးလို လျှောက်သွားရပါတယ်။ အဲဒီကုန်းတက်လေးရဲ့ ထိပ်ကို ရောက်တာနဲ့ ခြံဝကို လှမ်းတွေ့ရတာပဲ၊ အမေက သူသွားတိုင်း ကုန်းတက်ကလေး ရောက်တာနဲ့ ခြံဝမှာ " ဗမာ့မျိုးချစ်လူငယ် အစည်းအရုံး" ဆိုတဲ့ ဆိုင်းဘုတ်ကို တွေ့ရင် " အင်း  ရှိကြသေးတယ်' တွေးပြီး ဆက်လျှောက်တတ်တယ်၊ ပြီးရင် ခြံဝ ရောက်တဲ့အခါ  အထဲက အိမ်ထဲမှာ တခါးလေးပွင့်နေရင် ရှိကြတယ် အဲဒီလို အမြဲတမ်း ကြည့်ကြည့် သွားတတ်တယ်လို့ ပြောပြဖူးတယ်။
           အဲဒီနေ့မှာတော့ ကုန်းတက်ကလေးက လှမ်းအကြည့်မှာ ဆိုင်းဘုတ်မတွေ့ရတော့ စိတ်ထဲ ထိတ်ကနဲ ဖြစ်သွားပြီး ခပ်သုတ်သုတ် အလျှောက် ခြံဝမှာ သော့ခပ်ထားတာ တွေ့တဲ့အခါ သူ့သား သွားပြန်ဘီပေါ့လို့ တွေးလိုက်မိတယ်တဲ့။
အကျိုးအကြောင်း သိချင်တော့ အဲဒီကနေ ကားဆက်စီးပြီး ကိုအောင်ဇော်မင်းရဲ့ အမေအိမ်ကို ရောက်အောင် သွားပြီး အကျိုးအကြောင်း ဘာများသိရမလဲ သွားမေးတာ အန်တီ နဲ့ မတွေ့ခဲ့ရပဲ ကိုအောင်ဇော်မင်းရဲ့ အဖွားနဲ့သာ တွေ့ခဲ့ရပြီး အိမ်ပြန်လာခဲ့တယ်။
         နောက်ရက်မှာ ကိုယ့်ကိုပါ ခေါ်ပြီး အမေနဲ့ကိုယ်တို့ ကိုအောင်ဇော်မင်းရဲ့ အမေအိမ်ကို ရောက်ခဲ့ရပြန်တယ်။ ကိုယ်တို့လဲ သွားသာသွားရတာ အင်မတန် အားနာစရာကောင်းတယ်ဆိုတာ သိတယ်။ အန်တီ့မှာလဲ သားတစ်ယောက်လုံး ထောင်ကျနေတာ စိတ်ထဲ ပူပန်နေမှာ၊ ကိုယ်တွေက တပူ ထပ်ဆင့်သလို ဖြစ်နေမှာဆိုပီး အားနာနေရတာ၊ ဒါပေမယ့် အမေကလည်း  အန်တီတို့ကိုများ တစ်ခုခု မှာသွားလေသလား၊ ဘယ်ကိုသွားမယ်ဆိုတာ ပြောသွားလေမလား သိချင်တာနဲ့ သွားရအောင် ဆိုပီး ရောက်ခဲ့ကြတာ။
              အန်တီက စိတ်မပူဖို့နဲ့ သူတို့ စိတ်ချရတဲ့ နေရာမှာ ရှိပါလိမ့်မယ်လို့ အားပေးပါတယ်။ အမေက " အမကြီး သိရင် ပြောပါလား" လို့ မေးနေတော့ ကိုယ့်မှာ အားနာနေရတယ်။ အမေက သားသမီးအပူဆိုတော့ သူသိချင်တာပဲ မေးနေတော့တာပဲ၊
             အန်တီက သေသေချာချာ ပြောပြပါတယ်။
" ရုံးခန်းသော့၊ ခြံတခါးသော့တွေကို ကိုရဲ လာပေးရင်း ကျမကို ကန်တော့ပြီး နှုတ်ဆက်သွားတယ်၊ ဘယ်သွားမယ် ဘာလုပ်မယ်ဆိုတာ သူတို့ ကိစ္စ ပြောလို့ ရလား မရလား မသိတော့ ကျမ မမေးဘူး၊ သူလဲမပြောပြဘူး၊ " လို့ သိသလောက်ပဲ ပြောပြပါတယ်။
              ပြန်ကာနီးမှာ အိမ်ကနေအဆင်း အပြင်မှာ လမ်းရဲ့ ဟိုဘက်နဲ့ ဒီဘက်မှာ လူနှစ်ယောက် ရပ်နေတာ မသင်္ကာလို့ ကိုရဲက ပြန်တက်လာပါတယ်တဲ့၊ အန်တီက သူ့အိမ်က တစ်ယောက်ကို အပြင်ထွက်ပြီး တစ်ခုခုဝယ်ခိုင်းပြီး ကြည့်ခိုင်းတာမှာ သူတို့အိမ်ကို စောင့်ကြည့်နေတာ သေချာသိလာရလို့ ကိုရဲကို မပြန်ခိုင်းသေးပဲ အိမ်မှာပဲ နေခိုင်းထားရတယ်တဲ့။  နောက်ဆုံးတော့ တော်တော်မိုးချုပ်တဲ့ အထိ အဲဒီလူတွေ မပြန်ပဲ ရှိနေတော့ မဖြစ်တော့ဘူးဆိုပြီး  အိမ်ပြင်ထွက်လို့ရအောင် စဉ်းစားရတော့တယ်တဲ့။ အန်တီတို့နဲ့ နောက်ဖေးကပ်ရက် အိမ်ကို အကူအညီတောင်းတော့ လိုလိုလားလားပဲ လက်ခံတာနဲ့ သူတို့အိမ်ဘက်ကို  ခြံတိုင်ပေါ်ကနေ ခုန်ချပြီး ကူးသွားရတယ်၊ ပြီးမှ အဲဒီအိမ်ကလူတစ်ယောက်က  ခြံတခါး အသာဖွင့်ပေးလိုက်လို့ ချောချောမောမောပဲ ထွက်သွားတယ် လို့ ပြန်ပြောပြပါတယ်။
စိတ်ချရတဲ့ နေရာ ရောက်နေလောက်ပါပြီလို့ ပြောပါတယ်။
          ဒါဟာ ကိုယ့်မောင်လေး ဒုတိအကြိမ်မြောက် မြေလျှိုးခြင်းပါပဲ၊ ၁၉၈၈ခုနှစ် ဇွန်လမှာ ပထမအကြိမ် ထွက်ခွာသွားကြတယ်။ ဒုတိယအကြိမ်ကတော့ ၁၉၈၉ခုနှစ် ဇူလိုင်လထဲမှာပါ။  အဲဒီကာလအတွင်းမှာ အိမ်ကို တစ်ရက်ကလေးတောင် ညအိပ်မနေခဲ့ပဲ နိုင်ငံရေးကိစ္စတွေနဲ့သာ လုံးပမ်းနေတော့တာပါ။အခုလဲ နိုင်ငံရေးအခြေအနေ ဘာတွေ ဖြစ်မယ်မသိ၊ ဘာတွေ ဆက်လုပ်ကြမလဲ ဆိုတာ မသိပဲ အိမ်က မိသားစုက ဘေးအန္တရယ်ကင်းပါစေလို့  ဆုတောင်းပေးနေရတာပါပဲ။
             အမေကတော့ သူ့သားရဲ့ နိုင်ငံရေလှုပ်၇ှားမှုတွေကို  အတွင်းကျကျမဟုတ်ပေမယ့်  နိုင်ငံရေးလုပ်နေတာဆိုတာ သိနေပြီဆိုတော့ ပထမတစ်ခေါက်ကလို ပူပန်နေရတာမျိုး မဟုတ်တော့ပဲ သူ့ကိုယ်သူ နေကောင်းအောင် အားတင်းပြီး ဆုတောင်းပေးနေပါတယ်။ အခြေခံပညာကျောင်းတွေ ပြန်ဖွင့်ထားပြီမို့ ကျောင်းကိစ္စ လုပ်နေရတော့ စိတ်ဖြေသာနေတာလဲ ဖြစ်မယ်ထင်ပါတယ်။
            ကိုယ်ကတော့ တက္ကသိုလ်တွေက မဖွင့်သေးတော့ အလုပ်ကလဲ မရှိ အိမ်စောင့် ဖြစ်နေရတယ်။ အဲဒီလို အိမ်စောင့် ဖြစ်နေလို့လဲ ကိုယ့်မောင်လေးနဲ့ ပတ်သက်လာရင် ကိုယ်က အရင် သိသိနေရတာ၊ ရဲလင်း ထွက်သွားပြီး တစ်လနီးပါး ကြာတဲ့ အချိန်မှာ ကောင်လေးနှစ်ယောက် အိမ်ထဲကို တန်းတန်းမတ်မတ် ဝင်လာတယ်။  သေသေချာချာ ရောက်ဖူးတဲ့ အိမ်ကို လာသလိုပဲ၊ ကိုရဲလင်း အိမ်ဟုတ်ပါသလား ဘာညာတောင် မမေးဘူး၊ အိမ်ထဲကို တန်းဝင်လာပြီး ကိုယ့်ကိုတွေ့တာနဲ့ ကိုရဲလင်းက စာပေးလိုက်လို့ပါဆိုပြီး လက်ထဲကို စာတန်းထဲ့တာပဲ၊ ကိုယ်လဲ အဆက်ပြတ်ပြီး ဘယ်ရောက်နေမှန်းမသိ ဖြစ်နေတဲ့ အချိန်ဆိုတော့ ဝမ်းသာအားရ စာကို ဖွင့်ဖတ်လိုက်တယ်။ စာထဲမှာက
" အဖေနဲ့အမေ ခင်ဗျား
       ကျတော် လုပ်စရာတွေ မပြီးဆုံးသေးလို့ ခရီးထွက်သွားပါတယ်။ စိတ်မပူပါနဲ့။ အဆင်ပြေပါတယ်။
အဖေနဲ့အမေ ကျန်းမာအောင်နေပါ " လို့ ရေးထားပြီး သူ့လက်မှတ် ထိုးထားတယ်။
စာဖတ်ပြီး အခု ရဲလင်းက ဘယ်မှာလဲလို့ မေးမလို့ မော့အကြည့် စောစောက ကောင်လေး နှစ်ယောက် မရှိတော့ဘူး။ မြန်မှမြန် စက္ကန့်ပိုင်းကို အရိပ်တောင် မတွေ့ရဘူး။ ဒါနဲ့ကိုယ်လဲ ပြေးလိုက်တာ၊ ခြံဝရောက်တော့ ဘယ်ဘက်ချိုးပြီး လိုက်ရမလား၊ ညာဖက်ချိုးပြီး လိုက်ရမလား ဝေခွဲမရ ဖြစ်သွားတယ်။ ဘယ်ဖက်က ဖြတ်လမ်း၊ အဲဒီလမ်းက လူစိမ်းဆို မသိဘူး၊ ဒါနဲ့ ဒီကလေးတွေ သိမှာမဟုတ်ဘူး၊ လာရိုးလာစဉ်အတိုင်း လမ်းမကပဲ လာပြီး လမ်းမကပဲ ပြန်တာနေမယ်လို့ တွက်ပြီး ညာဖက်ကို ချိုးပြီး လိုက်တာ အစအနတောင် မတွေ့ရတော့ဘူး၊  လိုင်းကားတစ်စီး ထွက်သွားတာတွေ့တော့ ကားပေါ်ပါသွားပြီလား၊ ဒါမှမဟုတ် လက်ဖက်ရည်ဆိုင်ထဲ ထိုင်နေသလားဆိုပြီး လက်ဖက်ရည်ဆိုင်ထဲ ပြူးပြဲ ကြည့်တော့ ဆိုင်ထဲမှာ ရှိနေတဲ့ လူတွေက ကိုယ့်ကို ကြည့်နေတာ သတိထားမိသွားတယ်။ အဲဒီတော့မှ ဆံပင်က ဖားလျား၊ ထမီက အိမ်နေရင်းက ကမန်းကတန်း ထွက်လိုက်လာတော့ စွန်တောင်စွဲပြီး မညီမညာ၊ ခြေထောက်မှာ ဘိနပ်ကမပါတဲ့ ကိုယ့်ပုံကို သတိရပြီး သုပ်ခြေတင် အိမ်ပြန်လာခဲ့တော့တယ်။ အသွားတုန်းက သတင်း  အစအနရတဲ့ ကောင်လေးတွေကို တွေ့အောင် ပြေးလိုက်ချင်ဇောနဲ့ လိုက်ခဲ့တာ ဘာမှသတိမထားမိပဲ အပြန်ကျတော့ လမ်းသွယ်ထဲ ပြန်အဝင် ဂဝံကျောက်တွေက စူးလိုက်တာ မနည်းလျှောက်ယူရတယ်။ လမ်းထဲက အသိတစ်ချို့က ဘိနပ်မပါ ဘာမပါနဲ့ ဘယ်က ပြန်လာတာလဲ အမေးကို ဧည့်သည်နောက် လိုက်တာ မမီတော့လို့လို့ ဖြေရသေးတယ်။
              အဖေနဲ့အမေ အလုပ်က ပြန်လာတော့ စာဖတ်ပြီး စိတ်အေးသွားပုံရတယ်။ အဖေကတော့ ကိုယ့်ကို သမီးက အဲဒိကောင်လေးတွေကို မိအောင် ဖမ်းလိုက်ရမှာလို့ဆိုတယ်၊ ကိုယ်ကလဲ ဝမ်းသာပြီး စာကိုအရင်ငုံ့ဖတ်မိတဲ့ အကြောင်းပြောတော့ အဖေက စာကိုယူပြီး အဲဒီကောင်လေးတွေ ဂုပ်ကို ဖမ်းကိုင်ပြီး မလွတ်အောင် ဆွဲထားရမှာ သမီးရဲ့လို့ ပြောတော့ အမေက မနေသာပဲ ရှင်မွေးထားတာ သမီး မိန်းကလေးလေ လို့ ပြောမှ ငြိမ်သွားတယ်။ အခု စာရေးရင်းတွက်ကြည့်မှ ကိုယ့်အသက်က အဲဒီတုန်းက နှစ်ဆယ်စွန်းစွန်းရယ်။
           အဲဒီကနေ အဆက်အသွယ်ပြတ်သွားလိုက်တာ ဘယ်ရောက်နေမှန်းကို မသိတော့တာ နှစ်နဲ့ချီကြာတယ်။ ကိုယ်တောင် ၁၉၈၉ခုနှစ် နိုဝင်ဘာမှာ မူလတန်းပြဆရာမ ခေါ်လို့ ဝင်လျှောက်ရင်း စာမေးပွဲအောင်တာနဲ့  ကျောင်းဆရာမအဖြစ် နယ်ဘက်မှာတာဝန်ကျ နေပြီ။
             ၁၉၉၂ခုနှစ်၊ မတ်လ(၃)ရက် ( ဒီရက်စွဲကို တိတိကျကျသိရတာ အဲဒီတုန်းက အမေရေးထားတဲ့ ဗလာစာအုပ်ထဲက မှတ်တမ်းကြောင့်ပါ) မှာ မိသားစု တစ်ခုလုံး အံ့ဩမင်တက် စေတဲ့ စာတစ်စောင်ကို လက်ခံရရှိပါတယ်။
" အဖေနဲ့အမေ ခင်ဗျား
ကျတော်ဟာ နဝတ ထောက်လှန်းရေးဖြစ်တဲ့ အတွက် ကျောင်းသားတပ်မတော်က ဖမ်းမိထားပါတယ်။ ကျတော့်ရဲ့ အသက်ရှင်ရေးအတွက် အဖေနဲ့အမေ တစ်ယောက်ယောက် လာခေါ်မှ အသက်ရှင်ခွင့် ရမှာဖြစ်ပါတယ်
ရဲလင်း
                     ကိုယ်ဟာ ကိုယ့်မောင်လေးလုပ်တဲ့   နိုင်ငံရေး၊  အရှင်းဆုံးပြောရရင် ကျောင်းသားလှုပ်ရှားမှု အရေးကို စလုပ်တာကို မိဘထက် အရင်သိခဲ့သူ ဖြစ်တယ်။ အဲဒီနောက်ပိုင်း သူ့ရဲ့ နိုင်ငံရေးပတ်သက်တဲ့ လုပ်ဆောင်ချက်တွေကို ထဲထဲဝင်ဝင်မသိပေမယ့်  သိအောင်လဲ မကြိုးစားခဲ့ပဲ တကောက်ကောက် လိုက်နေခဲ့ရတယ်။ အဓိကက အမေ့ရဲ့ စိတ်ပူပန်မှုကြောင့်ရယ် ကိုယ့်ရဲ့ မောင်နှမတွေ အပေါ် စိတ်မချတဲ့ သဘောတွေရဲ့ကြောင့်ပဲ ဖြစ်ပါတယ်။
ဒါ့ကြောင့် မြောက်ပိုင်းသတ်ဖြတ်မှုတွေ ဖော်ထုတ်ရေးသားတဲ့အခါ ကိုယ်ဟာ မြောက်ပိုင်းမိသားစုဝင်တွေထဲကမှ ပထမဆုံး ကိုယ့်မောင်လေး အကြောင်း ရေးသားခဲ့တယ်။  တခြားဘယ်သူ့အကြောင်းမှ မရေးခဲ့ပဲ ကိုယ့်မောင်လေးရဲ့ အကြောင်း၊ အဲဒီတုန်းက ကိုယ့်အမေ လိုက်ခေါ်တဲ့ အကြောင်းတွေကိုသာ ရေးပါလျက်နဲ့ ကိုယ့်ကို ကာယကံရှင်မဟုတ်ပဲ မရေးပါနဲ့လို့ တားခံရတယ်။ ကိုယ်ကလဲ မြောက်ပိုင်း သတ်ဖြတ်မှုတွေ အကြောင်း အတွင်းကျကျ သိသူမဟုတ်ပေမယ့်  ၁၉၉၃ ခုနှစ်ကတည်းက အမေပြန်ပြောတာတွေ သိနေပြီးပြီ။ ရင်ထဲမှာ မတရား ခံခဲ့ရတဲ့ ကျောင်းသားတွေအတွက်  အမြဲ စိတ်မကောင်းဖြစ်ခဲ့ရတယ်။ မြောက်ပိုင်းနဲ့ပတ်သက်ပြီး မဖတ်ရသေးသူတွေ ဖတ်ချင်ရင် ဒီဘလော့မှာပဲ " အမှတ်တရ ကဏ္ဍ" မှာ ဖတ်လို့ရပါတယ်။
           ကိုချိုတူးဇော် ရေးတဲ့ ကိုယ့်သမိုင်းကိုရေးကြတာပေါ့ ဖတ်ရင်း ကိုယ့်ကိုယ်ကို ပြန်သတိရတာတွေ အမှတ်ရရင်း အမှတ်တရ ရေးဖြစ်ပါတယ်။ ဒီသမိုင်းထဲက ဗမာ့မျိုးချစ်လူငယ်အစည်းအရုံးကနေ ကိုယ့်မောင်လေး ထွက်ခွာပြီး တောခိုခဲ့တဲ့အထိသာ ဆက်စပ်ရေးပြီး ရပ်လိုက်ပေမယ့် မြောက်ပိုင်းကနေ အိမ်ပြန်ရောက်၊ အဲဒီကနေ ထောင်(၇)နှစ်ကျ ၊ ပြန်လွတ်လာတော့ အသက်(၃၇)၊ ဘဝတိုက်ပွဲ ဆက်လက်ဆင်နွှဲရင်း မိသားစုတွင်း အမှတ်တရတွေကတော့ များစွာ ရှိနေသေးတာပေါ့။