July 28, 2015

ဘောပင်လိုလို့  ဗေဒင်သင်တယ်--- ဘိုဘို

                                    အနာဂတ္တိ နိုင်ငံရေး ကျမ်းတော်လာစကားလုံးနဲ့ ပြောရရင် ကော်လံဖြူ နဲ့ ကော်လံပြာ ( သို့ မဟုတ် ) ဆိုရှယ်လစ်ခေတ်တွင်တွင်ကျယ်ကျယ်သုံးခဲ့တဲ့ဝေါဟာရနဲ့ ပြောရရင် ကာယလုပ်သားနဲ့ ဥာဏလုပ်သားကို ယေဘူယျအားဖြင့် ခွဲခြားပေးနိုင်တဲ့ သင်္ကေတ တစ်ခု ဟာ ဘောပင် ဆိုရင် လက်ခံကြမှာလား ။
                      
ကျနော် ကြုံ ဘူးသလောက်တော့ ကော်လန်ဖြူတွေဟာ ဘောပင်ကိုကော်လံပြာတွေထက်ပိုမိုကျွမ်းဝင်မှုရှိနေသလားလို့ ပါ ။ ဘောပင်ဆိုရင်တောင်မှ အမျိုးမျိုး ရှိသေးတယ် ။လူ့ ခန္ဓာကိုယ်မှာ ဘောပင်ကို ဘယ်နေရာမှာထားတာလဲ ။ အကျင်္ီအိပ်ထောင်ထဲမှာလား ။ ကြယ်သီးပေါက်လျာမှာထားတာလား စသဖြင့်ထားတဲ့နေရာပေါ်မူတည်ပြီးတော့လည်း ဘယ်သူဘယ်ဝါဆိုတာ ခန့် မှန်းလို့ ရနေပြန်သေးတယ် ။                                     စတစ်ကော်လံအကျင်္ီ အဖြူ ရောင် အိပ်ထောင်လေးမှာ ဘောပင် အပြာရောင်လေး ချိတ်ထားမယ် ။ ဒါဟာရုံးစာရေး ( သို့ မဟုတ် ) ၀န်ထမ်း ။ ခေါင်းက ဆံပင်ဆံထိုးမှာ ဘောပင်ကို စိုက်ထားမယ် ... ဒါက ဈေးထိုင်ရောင်းတဲ့  ဈေးသည် ... ။ လယ်ကတုန်း အဖြူရောင်မှာ ဘောပင်အနီနဲ့ အနက် ( သို့ မဟုတ် ) အပြာချိတ်ထားမယ် .. ဒါဟာ ကျောင်းဆရာ ။ လွယ်အိတ်လည်းပါတယ် ဘောပင်ကို အင်္ကျီ အိပ်ထောင်မှာဖြစ်သလို စိုက်ထားမယ် ... ဒါစာရေးဆရာ စသဖြင့် ဘောပင် အမျိုးအစား နဲ့ ဝတ်စားဆင်ယဉ်မှုအပေါ်မူတည်ပြီးတော့ အဲဒီလူရဲ့  သက်မွေးဝမ်းကျောင်းမှုကို ယေဘူယျဆန်စွာအကဲဖြတ်လို့ ရနိုင်မယ်ထင်ပါတယ် ။
                               ဥရောပနိုင်ငံတွေမှာ တကယ့် စီးပွာရေးသမားကြီးဟန်တွေက ဘောပင် ကောင်းကောင်း ၊အဖိုးတန်နာရီနဲ့  ဈေးကြီးတဲ့မျက်မှန်တွေ ဆောင်ထားလေ့ ရှိတယ်လို့ ကြားဘူးပါ တယ် ။ .. ဝေးကြလေသောအခါ ... သွေးကပြောလာ မေတ္တာများ ကိုယ့်အားနှိပ်စက်ကြလေသည် ဆိုတဲ့ ဂန္တ ဝင်အဆိုတော်ကိုသန်းလှိုင် သီချင်းထဲကလိုပါဘဲ ... တကယ့် ကိုယ့်ဘေးနားမှာရှိနေစဉ်မှာတော့ သူရဲ့ တန်ဘိုးကို သိပ်မသိ သလိုနဲ့ သူမရှိတော့မှ သူ့ တန်ဘိုးကို တမ်းတမ်းတတဖြစ်တတ်တာကလည်း လောကသဘောမှာရှိတာဘဲမဟုတ်ဘူးလား ။ တကယ်တော့ ဘောပင်ဆိုတာ ကျနော်တို့ တတွေရဲ့ စိတ်တွေထဲမှာ မနေ့ ကပေါက်တဲ့ရွှေကြာပင်မှမဟုတ်တာဘဲ ။ ကျောင်းနေတဲ့ မူလတန်း ကျောင်းသားလေးကတည်းက ခဲတံ ပေတံ ခဲဖျက်စတဲ့အရာတွေဟာ ရင်းနှီးစွာထိတွေ့ ဆက်ဆံခဲ့တဲ့အရာတွေမဟုတ်ပါလား ။ အဲဒီလို ကျနော်တို့ ရဲ့ သိစိတ်ထဲမှာရော မသိစိတ်ထဲမှာ တခမ်းတနားမင်းမူနေတဲ့ အရာတွေဟာ ဗြူံးစားဒိုင်းစား ပျောက်ကွယ်သွားတော့ စိတ်ထဲမှာဘောပင်ဆာလောင်စိတ်ဖြစ်တာမဆန်းလောက်ပါဘူးလို့ ထင်ပါတယ် ။ ပိုဆိုးတာက အဲဒီ ကျနော်တို့ စိတ်ကို ဆာလောင်စေတဲ့ဘောပင်ဟာ ထောင်ထဲ မှာ ကျနော်တို့ ရဲ့ ဘ၀တစိတ်တဒေသဖြစ်သွားလို့ပါဘဲ ။
                        အိမ်နဲ့ ဆက်သွယ်ဘို့ အဆင်ပြေလို့ စာရေး ချင်တယ် .... စာကိုကြိုရေးထား ၀န်ထမ်းက သူဂျူတီထွက်တဲ့အချိန်လှစ်ခနဲ အခန်းထဲပြေးဝင်လာ ၊ ကိုယ်တွေက စာရေးပြီးသားအဆင်သင့် ဖြစ်နေရမယ်မဟုတ်လား ။ ခုလို ညဘက်မိုးအေးအေးလေးနဲ့  လူခြေတိတ်တဲ့အ ချိန်လေးမှာ ကိုယ့်စိတ်ထဲရှိတာလေးတွေ ရေး ချခွင့်ရတာ ဘယ်လောက် အရသာရှိသလဲ စဉ်းစားသာကြည့် ။ ထောင်ဝင်စာပြန်လာရင် ဟင်းထက်သတင်းကို ပို ငတ်ကြတဲ့အခါတွေရှိတယ်လေ ။ သူငယ် ချင်းတွေ ထောင်ဝင်စာပြန်လာရင် ပြေးကာလွားကာနဲ့  အခန်းရှေ့ သစ်သားတံခါးကြားက နေ သတင်းမေးရတာလည်း ရင်ခုန်စရာအကောင်းသား .... ။ အခြေနေ အားလုံးကောင်းတယ် ကျန်းမာရေးဂရုစိုက် .... သေ ချာတယ် အပြင်မှာနိုင်ငံရေး ငြိမ်သက်နေလေပြီ ။ ဘာမှ လှုပ်လှုပ်ရှားရှားသတင်းပါမလာဘူးပေါ့ ။ ပိုသေချာတာက သူ့  ထောင်ဝင်စာအထုတ်ထဲမှာ စောင်တို့ အင်္ကျီတို့ ပုဆိုးတို့ ပါလာတာဘဲမဟုတ်လား ။ တကယ်လို့ လွတ်တော့မယ်သေချာရင် ဘယ်မိသားစုက များ ပိုက်ဆံကုန်ခံလို့  စောင်တို့ အ၀တ်စားတို့  အသစ် ယုလာပေးပါ့မလဲ ။ ( ယခု သာယာဝတီမှာ ကျောင်းသားတွေအတွက်ရှေ့ နေလိုက်ပေးနေသူ ကိုသိန်းသန်းဦး တီထွင်ဆန်းသစ်သော နို့ ဆီခွက်သီအိုရီဆိုရင် မန်းလေးအိုးဘို ထောင်ထွက်တွေ သိကြမှာပါ ... သွားပြီ ဒီကောင်တွေ( အစိုး ရ ) တော့မရတော့ဘူးတအားကြပ်နေပြီ နို့ ဆီခွက်ထဲရောက်နေပြီ .... ကိုယ်တွေက ပနယ်စလင်ပုလင်းထဲမှာ ..... ။ ပြောချင်တာက သတင်းကို အရမ်းငတ်တယ်လေ ။ သတင်းလေးများ ကောင်းလာရင်တော့ အဲဒီည အခန်းထဲက လူတွေနဲ့  သတင်းအပေါ်အခြေခံလို့ ဆွေးနွေးပွဲလေးဟာ မြိုင်ဆိုင်ပြီး အရသာရှိလှတယ်လေ ... ထောင်ဝင်စာက ပါလာတဲ့ မုန့် လေးတွေနဲ့  ဆေးလိပ်လေးနဲ့  ဘာများလိုသေးလို့ လဲ ။ ဒါကြောင့် သတင်းရလာရင် ၊ အဲဒီသတင်းကို ကိုယ်လိုဘဲ ဘ၀တူ ညီအကို တွေကို ပေး ချင်လှချည်ရဲ့ .. ဘယ်မလဲ ဘောပင် ။ တစ်ယောက်နဲ့ တစ်ယောက်ဆက်သွယ်ဘို့  ၊ တစ်ခန်းနဲ့ တစ်ခန်းဆက်သွယ်ဘို့ ၊ တစ်တိုက်နဲ့ တစ်တိုက်ဆက်သွယ်ဘို့ ကျနော်တို့ အတွက်ဘောပင်ဟာမရှိမဖြစ် ဘ၀ရဲ့ လိုအပ်ချက်တစ်ခု ပါဘဲ ။
                                          ထောင်မှာ စကားတစ်ခွန်းရှိပါတယ် ... ဘာမှ မဖြစ်ရင် ဘာမှ မဖြစ်ဘူး ... ဖြစ်ခဲ့ရင် ဆေးမရှိဘူး/ ဆေးမမှီဘူးဆိုတာပေါ့ ။အဲဒီစကားက ဘောပင်နဲ့ တိုက်ရိုက်ပတ်သက်နေတယ်လို့ ယူဆလို့ ရပါတယ် ။ ဘာမှမဖြစ်ရင်တော့ ဘောပင်ဟာ ဘာမှ မဖြစ်ပါဘူး ... ဖြစ်ခဲ့ရင် ဘောပင်ဟာ ဆင်ပစ်မြွေလိုဘဲ တုန်းကနည်း လဲသေသွားလောက်တယ် လို့ ထောင်အာဏာပိုင်တွေက ယူဆယုံကြည်ထားကြတယ်ပေါ့ ။ ၁၉၉၀ ? ဝန်းကျင်လောက်က ဘဘဦးဝင်းတင်ရဲ့ ကမ္ဘာသို့ ပန်ကြားလွှာ လို စာတမ်းမျိုးဆိုရင် ဘဘဦးဝင်းတင်တို့ ကို နောက်မှုတွေထပ်တိုးလာရုံမျှမက အဲဒီ ထောင်မှာတာဝန်ယူရတဲ့ အာဏာပိုင်တွေကိုလည်း အရေးယူမှုတွေရှိတယ်လို့ ကြားဘူးပါတယ် ။ ဒီတော့ ဘောပင်ဟာ ထောင်အာဏာပိုင်တွေအတွက် ဘဝသေပြီး မိသားစုကို ပါ ပျက်ဆီးစေတတ်သောလက်နက်အဖြစ် သဘောထားတာ နားလည်ပေးလို့ရမှာပါ ။ ဒါပေသိ ဒီလက်နက်ကို သူတို့ ထိမ်းချူ ပ်နိုင်သလားမေးတော့ သေ ချာမထိမ်း ချူ ပ်နိုင်ပါဘူး ။ အကြောင်းရင်းကတော့  သူတို့ ထောင်ယန္တရားလည်ပတ်နိုင်အောင်တကယ်ပြူလုပ်ပေးနေရတာတွေက အကျဉ်းသားတွေလည်း ပါဝင်နေလို့ ရယ် သူ့ ဝန်ထမ်းတွေကို သူတို့  သေ ချာမကိုင်တွယ်နိုင်လို့ ပါ ။ တစ်ရာတန်တဲ့ပစ္စည်းကို သုံးလေး ငါးရာပေးဝယ်တော့ ၀န်ထမ်းတွေလည်း ဘာသားနဲ့ ထုထားတာမှတ်လို့  .။ နောက် ... ကျနော် တို့ နိုင်/ ကျဉ်းထောင်ကျကိုမိုးကျော်ကြီး စကားနဲ့ ပြောရရင် ထောင်ဆိုတာ ကမ္ဘာလောကကြီးကို မိတ္တူ စက်ထဲထည့် ချူံထားတဲ့ ကျပ်ပြားစေ့ လေးရယ်ဆိုတော့ အပြင်လောကအတိုင်းဘဲ ဥပဒေဆိုတာ သရေပင်လိုဖြစ်နေတာပေါ့ ။ဆွဲဆန့် လို့ လည်းရ တယ် ချူံ ဖျက်လို့ လည်းရတယ်လေ ။ဘာမှ မဖြစ်ဘူးနော် ... ဘာမှ မဖြစ်ဘူး ။ ဖြစ်တယ်နော် ထောင်ဝင်စာပိတ်သွားနိုင်တယ် ။ ထောင်ဝင်စာပိတ်တာထက်ဆိုးတာက အဲဒီ သွင်းပေးတဲ့ဝန်ထမ်းနာမည်ကိုဖော်ခိုင်းတာဘဲ ။ ကျနော်တို့ က ထောင်ဝင်စာပိတ်သွားမှာကို မစိုးရိမ်သော်လည်း ကိုယ်တွေကြောင့်တစ်ပါးသူ ဒုက္ခရောက်သွားမှာကိုတော့ လုံးလုံးမလိုလားတာအမှန်ပါ .ဒီလိုရိုက်ခတ်မှုကအမှိုက်ကစ ပြသဒ်မီးလောင်ဆိုသလို ဒေသတွင်းက ဆက်ဆံရေးလမ်းကြောင်းတွေကို ပါထိခိုက်နိုင်သမို့  အကျဉ်းသားတွေအနေနဲ့ အသေးမွားလေးက အစ အားလုံးကို အထိတ်တလန့် စောင့်ကြည့်နေရပါတယ်ပေါ့ ။ ဒီတော့ ဒီဘောပင်ရအောင်ဘယ်လိုလုပ်ရမလဲဆိုတဲ့နည်းလမ်းကို ရှာဖွေရပါတော့တယ် ။
                                   ဘောပင်က တန်လှ တစ်ရာပေါ့ ။ ခက်တာက ပိုက်ဆံနဲ့ ပေးဝယ်တိုင်းလည်းမရပြန်ဘူး ။ အကျဉ်းဦးစီးဝန်ထမ်းတွေအနေနဲ့  အများစုက နိုင်ငံရေး အကျဉ်းသားတွေနဲ့  အကွာဝေးတစ်ခုမှာနေတာသူတို့ အတွက် အန္တရယ်ကင်းတယ်လို့ ယုံကြည်ထားကြလေတော့ တစ်ရာတန်ဘောပင်နဲ့  အခန့် မသင့်ရင် တဘ၀စာရင်းသွားရနိုင်တယ်မလား ။ ဝေါင်ဝေါင်ရွေးပေါ့ ။ ထောင်ရုံးတွေမှာ လုပ်နေတဲ့အခြားသောပုဒ်မတွေနဲ့ ကျနေတဲ့ အကျဉ်းသားတွေဆီကလည်း ယူနိုင်ပါသေးတယ် ။ သို့ သော် ဒါကလည်း သူတို့ နဲ့ ရင်းနှီးမှ .... ။ အဲလို ဘောပင်ကို ရယူနိုင်ဘို့ ရာ ကျနော်တို့ ထက်အရင် ရောက်နှင့်နေတဲ့ နိုင်/ကျဉ်းများဆီက နည်းနာခံယူရပါတော့တယ် ။ သူတို့ ဘယ်လို ဘောပင် ဖန်သလဲပေါ့ ။ ဘောပင်ဘယ်လိုဖန်သလဲဆိုတာကို မသင်ကြားရသေးခင်မှာ သူတို့ ဘောပင်ကို ဘယ်လို သိမ်းသလဲဆိုတာအရင်လေ့လာရပါတော့တယ် ။ သတိထားမိတာက ထောင် ကျနိုင်/ ကျဉ်းအတော်များများဟာ ဘောပင်ကို လုံခြုံအောင်သိမ်းထားနိုင်ပါတယ် .ထောင်ရဲ့ သာမန်အချိန်တွေမှာတော့ လွယ်လင့်တကူ မိလ္လာဖွဲအိပ် ၊ အိပ်ယာလိပ် ၊ထောင်ကွက်ပြစ်စတဲ့နေရာတွေမှာထားသော်ငြားလည်း လုံခြုံရေး လိမ္မော်ရောင် အဆင့် ရောက်ရင်တော့ ဘောပင်ဟာ အစိတ်စိတ်အမွှာမွှာ ပြောင်းလဲ သွားပါတော့တယ် ။ မင်ချေင်းကို သုံးလေးပိုင်းပိုင်း ပြီး တစ်နေရာဆီခွဲထား ၊ဘောပင်နစ်က တစ်နေရာ စသဖြင့်အလုံခြုံဆုံးသောနေရာတွေမှာထားလေ့ရှိပါတယ် ။ ပုဆိုး ချူပ်ရိုးကြောင်းတွေ ၊ ကြမ်းကြားတွေ စသဖြင်ပေါ့့ ။ ဒါတွေက ပြသနာမရှိဘူး။ ဘောပင်ကို အဲလို အချိန်မျိုးဆို ထောင်ကျ အကျဉ်းသားဝန်ထမ်းများဆီက နေ မျှော်လင့်လို့ မရတော့ဘူးဆိုတော့ ပိုက်ဆံပေးဝယ်ဘို့ ဆိုတာကလည်း အခွင့်လမ်းနည်းသွားတယ်မလား ။ အဲဒီအချိန်မှာ ထောင်သဘာက စကားပြောတော့တာပါဘဲ ။ ကျ နော့် ကို သင်ကြားပို့ ချတဲ့သူက တော့ ကိုဌေးညွန့် ပါဘဲ ။ မင်းဘောပင်လိုချင်ရင် ... ။


                                     ရှေးဦးစွာက တော့ ၀န်ထမ်းကို ကိုယ့်အနားရောက်အောင်ခေါ်ယူရခြင်းပါဘဲ ။ ဒါသိပ်တော့မခက်လှပါဘူး ။ များသောအားဖြင့် အကျဉ်းဦးစီး ၀န်ထမ်းတွေဟာ ညနေ ထောင်ပိတ်ချိန် ဂျူတီဝင်တဲ့အခါ သူတို့ မှာ စားစရာ ဘာမှ ပါမလာတတ်ပါဘူး ။ ထောင်ဖိုကြီး ( စားဖိုဆောင် ) ကနေ ထမင်းတောင်းမယ် သို့ မဟုတ် ထောင်ကျ အကျဉ်းသားတွေဆီကနေ ထမင်းတောင်းမယ် ။ လုပ်သက်ရ ၀န်ထမ်းများအနေနဲ့ ကတော့ သူ့ မိတ်နဲ့ သူရှိပြီးသားမလား ။ ခုမှ အလုပ်စဝင်တဲ့ ၀န်ထမ်း များကတော့သိသာပါတယ် ။ သူတို့ အနေနဲ့  ထမင်းဇလုံလေးကိုင်ပြီး အခန်း ရှေ့ ဖြတ်လျောက်ကာ ဟို အခန်း ကြည့် ဒီအခန်းကြည့်ပေါ့ ။ သော့စစ်သလိုလို သံတိုင်စစ်သလိုလို လုံခြုံရေးဘဲစစ်သလိုလို နဲ့ အခန်းတွေ ရှေ့ ဖြတ်လျောက်လေ့ ရှိပါတယ် ။ အဲဒီအ ချိန်မှာဘဲ ကိုယ်တွေက စခေါ်ပြီး စကားပြောတာပေါ့ ။
" ညီလေး .... လာ .. မင်း ဘာဟင်းရှိလဲ .. အကို ဆီမှာ ဟင်းလာယူ"

 စသဖြင့် ၀န်ထမ်းကို ကိယ့်ဆီရောက်အောင် ကြိုးစားရတော့တာဘဲ ။ ဟင်းထည့်နေတဲ့အချိန်မှာ သေ ချာကြည့်တော့ ... သူတို့ အိပ်ထောင်မှာ ဘောပင်ပါလားမပါဘူးလားဆိုတာကိုလေ ။ များသောအားဖြင့်တော့ ပါလာကြပါတယ် . သူတို့ကင်း ဂျူတီအ၀င်ထွက်တွေမှာ လက်မှတ်ထိုးရတယ်မလား ။ ဟင်းထည့်ပေးရင်း စပြီးတော့မိတ်ဖွဲ့ စကားဆိုရတာပါ ... အဆင်ပြေသလိုသာပြောပေတော့ မင်း အရင်က မမြင်ဘူးးပါဘူး / မြင်ဘူးသလိုလို ရှိတယ် ဘာညာပေါ့ ။ အဲဒီအ ချိန်မှာ သူ့ အကြောင်းကို ရသလောက်ကိုယ်က ဒေတာစုရပြီလေ ။ သူ ဟာ ဆယ်တန်းအောင်လို့ ဝင်လာတာလား ။ ဒါဆို သူ ကျောင်းပြီးရင် ထောင်မှုးလုပ်မဲ့ရည်ရွယ်ချက် ၊ မျိုး ရိုးရှိလို့ ဝင်လာတာလား စသဖြင့် ပေါ့ ။စကားရောဖောရောလုပ်ပြီး တဲ့နောက်အဆင့်ကတော့ ကိုယ်ဟာ ပညာရှင်တစ်ယောက်ဖြစ်ကြောင်းကြေငြာဝင်ရတော့တာပါဘဲ ။ကိုယ်ရထားတဲ့ဒေတာအပေါ်မူတည်ပြီး စရွီးတော့တာဘဲဗျို့  ။ လူဆိုတာက ကိုယ့်အကြောင်းကိုယ် စိတ်အဝင်စားဆုံးမလား

ညီလေး မင်းကို အကိုတစ်ခုပြောမယ် မင်း .... ဘာဖြစ်မယ် ညာဖြစ်မယ်ပေါ့ ။ မင်းဥပဓိရုပ်ကို အကိုကြည့်ပြီး ဟောတာပါ ။ အထက်လူကြီးက မစလို့  ဒါမှမဟုတ် တစ်ခုခု ပေါ့ အကြောင်းပြပြီး မင်းတနေ့ ထောင်မှုးဖြစ်မယ်လို့ ငါဟောတယ် ။ မင်းမယုံရင်စောင့်ကြည့် .. လို့  ။ ဒီစကားကြားလို့ မပျော်တဲ့ ၀န်ထမ်းဘယ်ရှိလိမ့်မလဲ ။ကျနော်က ထွက်ချင်နေတာအကိုရာတို့ ဘာတို့  စခန်းပြောင်းလာတဲ့ဝန်ထမ်းမျိုးလည်း ကြုံဘူးပါရဲ့  ။ဘာဖြစ်ဖြစ် သူ့ ဆီကနေ အကို ဗေဒင်ကြည့်တတ်သလားဆိုတဲ့မေးခွန်းမျိုးထွက်လာအောင်ကြိုးစားရတာပါဘဲ ။ အဲဒီ အချိန်မှာဘဲ သူ့ ကို ရွီးအားတင်ရတော့တာပါ ။ လူတစ်ယောက်မှာ လက္ခဏာအရ ၁၂ နေရာဘဲ တူနိုင်တယ် ဘာလို့ လဲဆိုတော့ လူတွေဟာတစ်ယောက်နဲ့ တစ်ယောက် ကံကြမ္မာခြင်းမတူလို့ဘဲ ... အဲဒီအ ချိန်မှာ ၀န်ထမ်းလေးတွေလက်က အလိုလို ပြပြီးသားဖြစ်နေပေါ့ ။ ချက်ခြင်းတော့ တန်းမဟောလိုက်နဲ့ ဦး ကိုယ့်ဆရာရေ ... နည်းနည်းတော့ပွားလိုက်ပါဦးပေါ့ ။ ရုပ်ရှင်ထဲကလို မေးလေးပွတ်ရင်ပွတ် ၊ ပါးစပ်ကို အင်း ... အင်း ...လုပ်ချင်လုပ်ပေါ့ ။ အရေးကြီးဆုံးက မရီမိဘို့ဘဲ ။ အတည်သာဟောနေ ။ လူတစ်ယောက်ရှေ့ ရေးကိုကြည့်ဟောမယ်ဆို လက္ခဏာရယ် ၊ နက္ခတ်ရယ် ဗေဒင်ရယ် ဇာတာရယ်ထိမ်းညှိပြီးမှ ဟောလို့ ရတယ် ... နောက်လူတိုင်းကိုလည်း မင်းလက်ပြလို့မရဘူးနော် .... ။ ဒီလောက်အဆင့်မှာမောင်မင်းကြီးသား အတော်လေး ဟုတ်နေပြီလေ ။ .. လုပ်ပါအကိုရာ ကျနော့် ကြည့်ပေးပါ ဘာညာလာတော့မှ ကိုယ်က မကောင်းတတ်တဲ့ပုံစံနဲ့ ...အေးပါ ငါနည်းနည်းတော့ကြည့်ပေးမယ်ပေါ့ ။ အဲဒီအ ချိန်မှာအရေးကြီးဆုံးက ကိုယ်ေ်တွမှာဘောပင်ရှိတယ်ဆိုတဲ့ အကြောင်းကို သူ့ ကို အသိပေးတဲ့အနေနဲ့  အခန်းထဲလှည့် ပြီး ... ( တကယ်တော့ ဘာဘောပင်မှ မရှိပါဘူး ) ကိုယ့်အခန်းဖော်ကိုဘောပင်လှမ်းတောင်းတာပါ ။ အခန်းဖော်ကလည်း သိပြီးသား ...ဟိုရှာဒီရှာလုပ်နေရတာပေါ့ ။ တ ချိန်တည်းမှာဘဲ ... ကိုယ်သိသမျှ ဗေဒင်ဝေါဟာရတွေ အကုန်သာရွတ်တော့တာဘဲ ...

 မဟာဘုတ်က ဘယ်လိုဖြစ်နေတယ် ၊ တိုင်ထိပ်ကို ကြာသာပတေးရောက်နေတယ် တို့  .. ကောင်းအောင်သာ ဗယ်ညာလက်နဲ့ ရွေး ၊ စသာရွှေကူအင်းဝသူ ဆန်ဖြူတစ်တင်းပေး .. အကုန်သာရွတ်တော့တာဘဲ .တကယ်တော့ အဲဒီရွတ်နေတာတွေကို ကိုယ်တွေလည်း သေ ချာသိတာတော့မဟုတ်ဘူး ။ ရွတ်နေရင်း က ၀န်ထမ်းလေးက ကိုယ်တွေကိုယုံကြည်တဲ့အကြည့်တွေ အားကိုးတဲ့အကြည့်တွေနဲ့ ကြည့်နေပြီမဟုတ်လား ။ အဲဒီအ ချိန်မှာ သူ ဟာ ရှာနေတဲ့ဘောပင်ကို မစောင့်နိုင်တော့ဘူး သူ့ အိပ်ထဲက ဘောပင်ကို ကျနော်တို့ လက်ထဲ ထိုးအပ်တော့တာပါဘဲ

။ ဘောပင်ရရင်တော့ စာရွက်လွတ်တစ်ခု ထဲ ဂဏန်းတွေ ချရေးတော့တာပါဘဲ ဇနကကိန်းတို့ ၊ စန္ဒယော ၊ သောဒိ ဂုရု ၊ ဘောမ တို့ တိုင်တွေထောင် ...သိပ်မကြာခင်မှာ ဟောကိန်းတွေပြီးတော့ လူကလည်းရင်းနှီးသွာြး့ပီမဟုတ်လား ။

ညီလေး.... မင်းဘောပင်ထားခဲ့တော့ကွာလို့ ပြောလိုက်တိုင်း ဟင့်အင်းဆိုတာ တခါမှ မကြုံရဘူးပါဘူး ။ ဒါက နောက်ဘောပင် လို ချင်ရင်လည်း သူန့ဲ လိုင်းချိတ်ပြီးသာဖြစ်သမို့ ပိုက်ဆံတောင်ပေးစရာမလိုလောက်အောင်ပါဘဲ . ထောင်စကားအရဆို သူနဲ့ ကိုယ် အမှုတွဲထားတာလေ ။ ဒါကြောင့် ကျနော့် ရှေ့ ရောက်နှင့်နေတဲ့ နောင်တော်တွေက ပြောတယ် ။ ဘောပင်လို ချင် ဗေဒင်သင်ပါတဲ့  ။

ဘောပင်
ဘယ်အချိန်တကယ်မသိပေမဲ့ 
တွယ်ညှိခဲ့တာတော့အမှန်
ဂုဏ်ထန်ထန်မာန်ဝင့်ကာ
ညဏ်လွှင့်သူရင်ဘတ်ကြား
ခေါင်းထုတ်ဖော်ကြွား
ဘ၀ကြမ္မာကံအရွဲ့ စောင်းမှာဖြင့်
သူ့ ခန္ဓာ ပျက်ပြောင်းသည်မို့ 
အမြှောင်မယားလို သဘောမှာထားကာ
ခုတော့
ချေင် ( ဂျောင် ) ကြားမှာသွား ။

ဘိုဘို

July 26, 2015

မျက်နှာစာများ- ဘိုဘို

       { တကယ်တော့  ကျမရဲ့ ဘလော့မှာ ကျမရေးထားတဲ့ စာတွေချည်း စုစည်း တင်ကာ၊ တပေါင်းတည်း သိမ်းထားလိုတဲ့အတွက် ဘလော့ပြုလုပ်ထားတာ  ဖြစ်ပါတယ်။    ဒါပေမယ့် မောင်နှမ ဆွေမျိုးသားချင်း သွေးသားရင်းလို ချစ်ခင်တဲ့ မြောက်ပိုင်းပြန်၊ စစ်အစိုးရကနေ မတရားပို့လိုက်တဲ့ အိုးဘိုကျောင်းဆင်း၊ တချိန်က အကသ ကျောင်းသားလေး ဘိုဘို( စမ်းချောင်းဘိုဘို) ရဲ့ ရင်ထဲကထွက်ပေါ်လာတဲ့ သူ့စာကို သဘောကျလို့  ကျမရဲ့ ဘလော့မှာ သူ့ထံက ခွင့်တောင်းပြီး တင်လိုက်ပါတယ်။
"            .အစ်မက လည်း ပြောနေရသေးတယ်" ဆိုတဲ့ သူ့ရဲ့ စကားပြန်ရတာနဲ့ ဖေ့စ်ဘွတ်မှာ တင်ထားတဲ့ သူ့စာကို ကူးယူပြီး တင်လိုက်ပါတယ်။

 " အိမ်မှာဆန်ပြုတ်သောက်ဖြစ်တယ်" လို့ အစချီပြီး ရေးထားတဲ့ စာထဲမှာ
                
ကျနော်ပြောချင်တဲ့ ခံစားရတဲ့ အရာတွေကို ပြောတဲ့အခါ ထောင်ထွက်သူငယ်ချင်း( ထောင်ထွက်တိုင်းတော့မဆိုလိုပါ ) တွေကို ပြောလိုက်ရင် သူတို့ တကယ်နားလည်တယ်လို့စိတ်ကခံစားရတယ် ။ ထောင်ထွက်သူငယ် ချင်းက သူနားလည်တယ်လို့ ထုတ်ပြောစရာမလိုဘူး သူ့ မျက်တောင်တခပ်မှာဘဲ ကျနော်ခံစားနေရတာကိုသူသိတယ်ဆိုတာကိုကျနော့် စိတ်ထဲနားလည်ယုံကြည်မိတယ် .ထောင်မကျတဲ့သူငယ် ချင်း တွေလည်းကျနော့် ကိုနားလည်ပေးတာ အများကြီးပါ ။တဲ့ အဲဒီလိုပါပဲ၊  နိုင်ငံရေးအကျဉ်းသားမိသားစု အနေနဲ့ရော၊ မြောက်ပိုင်းပြန် မိသားစုအနေနဲ့ရော ကျမတို့မိသားစုတွေဟာ တစ်ယောက် တစ်ယောက် မျက်နှာမြင်တာနဲ့ ချစ်ခင်ကြတယ်၊ မျက်တောင်တခတ် ပါးစပ်အဖွင့် အပြုံးတစ်ချက်မှာ တစ်ယောက်ကို တစ်ယောက် နားလည်နေကြပါတယ်။ 
               အဲဒီနားလည်မှုနဲ့ပဲ ကျမရဲ့မောင်ငယ်တစ်ယောက် ဖြစ်တဲ့ ဘိုဘို့ရဲ့ စာကို ဘလော့မှာ တင်လိုက်ပါတယ်။ }
+++++++++++++++++++++++++++++++++++++++++++++++++++++
" မျက်နှာစာများ"
ဒီဇင်ဘာ ၃၁ ည... မန်းလေး အိုးဘိုထောင်၏ ရွှေခေတ် ( သို့ မဟုတ် ) ငွေခေတ် .... ။ ထောင်တွင်ခေတ်များရှိသည် ဟုကြားဘူးသည် ။
           ရွှေခေတ် ၊ ငွေခေတ် ၊ကြေးခေတ် .... ဂျပန်ခေတ် ။ ရွှေ ငွေကြေးခေတ်တို့ က အကျဉ်းသားများနှင့် ထောင်အာဏာပိုင်များ အကြားဆက်ဆံရေး နှင့် အကျဉ်းသားများ ရရှိသောအခွင့်အရေးကိုမူတည်ပြိးသတ်မှတ်ကြသည် ။
တစ်ထောင်နှင့်တစ်ထောင် စံထားသက်မှတ်ချက်များအပေါ်မူတည်ပြီး ရွှေ ငွေ ကြေး ခေတ်များကွဲလွဲမှုရှိနိုင်သည် ။ ယေဘူယျ အားဖြင့် က ဆင့်ထောင် ခ အဆင့်ထောင် ဂ အဆင့် ထောင်နှင့် ဗဟိုအဆင့်ထောင်များရှိရာ နယ်ထောင်များမှာ က ၊ ခ ၊ ဂ အဆင့် ထောင်များဖြစ်ကြသည် ။ ဗဟို အဆင့် ထောင်များမှာ ရန်ကုန် အင်းစိန်ထောင် ၊ မန်းလေးအိုးဘိုထောင်နှင့် သာယာဝတီထောင်များဖြစ်သည်ဟု သိရပါသည် ။
နယ်ထောင်များမှာ ချောင်လျင်အလွန်ချောင်ပြီး ကြပ်လျင်လည်း အလွန်ကြပ်တတ်သည်ဟုသိရပါသည် ။
ဗဟိုထောင်များသည် နယ်ထောင်များနှင့် ကွဲပြားသည်ဟုသိရသည် ။ စာအုပ်ကြီးဆန်သည်ဟု ပြောဆိုလျင်ရမည်ထင်ပါသည် ။ ထို့ ကြောင့် နယ်ထောင်များ၏ ငွေခေတ်သည် ဗဟိုထောင်များ၏ရွှေခေတ်ဖြစ်ကောင်းဖြစ်နိုင်သည် ။ ရွှေခေတ်တွင် အမှန်တကယ် စက်ကူစာများ ( ဗလာစာအုပ်စားများ ၊ အေဖိုး စာရွက်စာများ ..စသဖြင့် ) ဖြင့်ရေးသားကြသည် ။  တကယ့် ဘောပင်ကို အိနြေ္ဒမပျက်သုံးနိုင်သည် ။ ငွေခေတ်တွင် စီးကရက်စာများ ( စီးကရက်ဗူးခွံ ကို ရေစိမ်ပြီးတလွှာချင်းလွှာသည် ) နှင့် ဘောပင်မှာ ကိုယ်ရောင်ဖျောက်ထားရသည် ( မှင် ချေုာင်းကို တံမျက်စီးတံတွင်ထည့်ပြီးဖွက်ထားသည် ) ကြေးခေတ်တွင် ဇလုံစာများ ( ဇလုံကိုထုံးသုတ်အခြောက်ခံပြီး တံမျက်စီးတံကိုချွန်ပြီး ကလောင်တံအဖြစ်သုံးသည် ) နှင့် ပလပ်စတစ်စများ ( ထောင်ဝင်စာလာသည့်အခါပါလာသည့်ဟင်းထုတ်ကို ပြောင်အောင်ဆပ်ပြာနှင့်ဆေးပြီး ထိုပလပ်စတစ်ပေါ်တွင် သံချောင်းအချွန်နှင့်ရေးသည် ။ နယ်ထောင်နှင့်ဗဟိုထောင်များ တူညီသောခေတ်မှာ ဂျပန့် ခေတ်ဖြစ်သည် ။ ဘာတင်ပြခွင့်မှမရှိတော့ ထောင်အာဏာပိုင်များမှ ပါးတွေ ချုည်းလှိမ့်ရိုက်ကုန်သည် ။ ဂျပန့် ခေတ်တွင်နံရံစာများကိုမြင်တွေ့ ရသည် ။ထောင်နံရံများတွင် မိမိတို့ဦးခေါင်းမှသော်လည်းကောင်း ခန်ဓါကိုယ်မှသော်လည်းကောင်းစီးကျလာသောသွေးဖြင့်ရေးသည် ။
၂၀၀၀ခုနှစ် မေ ၃၁ မှာကိုအောင်လတ်ရေးသောနံရံစာကို မန်းလေးအိုးဘိုထောင် ၆ တိုက်အခန်း ၁၁ တွင်ဖတ်ဘူးသည် . စစ်ကြောရေးခန်းများတွင်လည်း နံရံစာများတွေ့ နိုင်ပါသည် .။ စာကြောင်းရေတော့သိပ်မများလှ သော်လည်း ခံစားမှုပါသည်ကိုတော့ပြောရန်မလိုဟုထင်ပါသည် ။
ဒီဇင်ဘာ ၃၁ မန်းလေးအိုးဘိုထောင် ရွှေခေတ်..( မိမိဖာသာသတ်မှတ်ထားသည် ) ညနေ တန်းမပိတ်ခင်ကတည်းက ကိုယ့်အခန်းနှင့်ကို နှစ်သစ်ကို ကြို ဆို့ ဘို့ ရာရင်ခုန်နေကြသည် ။ နေ့ လည်က ခိုးဖတ်ထားသော မဂ္ဂဇင်းစာအုပ်ထဲမှ နှစ်သစ်ကိုကြိုဆိုမည့်အစီစဉ်များကလည်းရင်ကိုအရှိန်ပြင်းပြင်းနှင့်ရိုက်ခတ်နေသည် ။ ... အင်းလျားကန်ဘောင်မှာ ကြိုဆိုရေး စခန်းဖွင့်လို့ နိုင်ငံတကာမှ အဝေးရောက်နိုင်ငံသားများအားကြိုဆိုရင်း နှစ်သစ်မှာစိတ်လှုပ်ရှားဖွယ်ရာမြင်ကွင်းများအဖြစ် တက်ကြွလှုပ်ရှားနေကြသည် ။ နှစ်တစ်ထောင်မှ တစ်ခါသာကြုံခွင့်ရသော အခါသမယမဟုတ်ပါလားတဲ့ ။ အင်းစိန်ထောင်ကိုမော်စကိုတို့ဘာတို့ပြောဆိုနေကြဘူးတော့ ဒါကိုယ်တွေကိုယ်များရည်ညွှန်းပြောဆိုနေသလားပေါ့ ..... ။ စိတ်တွေကတော့ ကောင်းကင်နဲ့ မြေကြီးကြားမှာလွင့်ပါးနေတဲ့ မိုးပျံဘူပေါင်းလေးလို .... လေနှင်ရာလွင့်လို့ ....ကိုယ်လိုရာကိုယ်ဆွဲတွေးရင်း ရင်ခုန်သံတွေပိုမြန်လာသည် ။ မန်းလေးဆောင်းလေလက်သရမ်းများက ပြေးဝင်ရှိုက်နမ်းလို့ ပခြုပ်ထဲမှာလရောင်တွေ ဟိုဒီပြန့် ကြဲရင်းယိမ်းကနေသည် ။ အခန်းထဲတွေမှာတော့ ကိုယ့်အတွေးနဲ့ ကို.... စိတ်ကူးဖဲရိုက်နေသည်ဟုထင် သည် ။ နှစ်သစ်ကြိုတဲ့အချိန်ကာလမှာအားလုံးအဆင်ပြေချောမွေ့ ချင်သမို့ ကြိုတင်ကာ အကောင်းဆုံးသော လက်ရွေးစဉ် ခြူးနဂါးဆေးပေါ့လိပ်များကိုနေ့ လည်ကတည်းကဖယ်ထားသည် ။ ထောင်အားဏာပိုင်များမှ ခြုံစောင်များကို အလွယ်တကူတော့ပေးသွင်းသည်မဟုတ် ။အကန့် သတ်ဖြင့်ပေးသွင်းသည် ။ ထောင်ဝင်စာမလာသော နယ်ဝေး ဘ၀တူသူငယ်ချင်းများကို ခြုံစောင်များခွဲဝေပေးရသည့်အတွက် မန်းလေး အအေးဓါတ်နှင့်စီး ချင်းထိုးလျှက် .... ။ မှတ်မှတ်ရရှနှစ်တစ်ထောင်မှာတစ်ခါကြုံခွင့်ရတဲ့နှစ်သစ်ကူးအ ချိန်လေးမှာ ကော်ဖီလေးတစ်ခွက်နဲ့ ဆေးပေါ့လိပ်လေးဖြင့် ဘ၀ကိုဇိမ်ခံချင်နေပြန်သေးသမို့  .... ညနေကတည်းကရတဲ့ရေနွေးကို ပလပ်စတိတ်အိပ်ထဲထည့်ပြီးစောင်ပတ်ထားရသည် ။ ဒါမှ သန်းခေါင်မှာရေနွေးလေးနဲ့ ကော်ဖီဖျော်လို့ ရလိမ့်မည် ။ ပြောပီးပါကကော မန်းလေး ဆောင်းနဲ့ စီး ချင်းထိုးတဲ့ညပါလို့ ... ။
                                    တိမ်တွေက ရေးကြီးသုတ်ပြာဝတ်စုံတွေဝတ်လို့  ဟိုဟိုဒီဒီရွေ့ လျား၊ မီးသဂြိုဟ်စက်ထဲအကြိမ်ကြိမ်ဝင်ခဲ့ဘူးတဲ့မြို့ ဟာ ၊ သူနဲ့မဆိုင်တဲ့မျက်နှာပေးမျိုးနဲ့ ဇိမ်ခံနေတယ်တောင်ထင်ရသေး .... ။ဘာရယ်မဟုတ် အကိုတစ်ယောက်ရဲ့  ကဗျာက နားထဲမှာခေါက်တို့ခေါက်ပြန်လျောက်နေလေရဲ့  .... ။
အမေရှိသေးလား မရှိသေးလား ကျနော်မသိဘူး
အမေ ရှိရှိ မရှိရှိ ကျနော် အမေ့ ကိုလွမ်းတယ်အမေ .... ။
ကိုယ့် ရှေ့ ရောက်နှင့်နေပြီးသော အကိုတွေရဲ့ ရင်ထဲကထွက်လာတဲ့ ၀ါကျများ ။ မာယာကော့စကီးစကားနဲ့ ဆို မီးလောက်ပြင်ကထွက်လာတဲ့စကားလုံးတွေ ပေါ့ ။ အခန်းတိုင်းမှာလည်း အတွေးတွေနဲ့ ပြည့်ညက်လို့ ..... ကင်းမျော်စင်ကနာရီသံချောင်းသံကိုစောင့်နေလေရဲ့  ။
သိတဲ့အတိုင်းရွှေခေတ်ဆိုတော့ အားရပါးရ အော်ကြတာပေါ့ ။
HAPPY NEW YEA!!!!
မှတ်မှတ်ရရ ရှိနေတာက ဒေဝူးကုမ္ပဏီ ကျန်းမာပါစေ... ဘဲ ။ မန်းလေး အိုးဘိုထောင် သီးသန့် ဆောင်က သုငယ်ချင်းတွေ ရဲ့ ဆုတောင်းသံ ။ အဲဒီအ ချိန် အပြင်နိုင်ငံရေးလောကမှာ လွတ်တော်ခေါ်ယူရေးအတွက် ဆယ်ဦးကော်မတီဖွဲ့ စည်းထား ချိန်မှာ သီးသန့် က နိုင် / ကျဉ်းတွေက ဆယ်ဦးကော်မတီ ကျန်းမာပါစေလို့ အော်တာကို ထောင်ကင်းမျော်စင်က တာဝန်ကျတဲ့ဝန်ထမ်းက နားကြားလွဲပြီး ဒေ၀ူးကုမ္ပဏီကျန်းမာပါစေလို့ ကြားတာပါ ( ဒီစကားက တော့ နောက်နေ့ မနက်မှ အဲဒီဝန်ထမ်းက ပြောတာပါ ...ဆိုးတယ်ဗျာ ခင်ဗျားတို့ သီးသန့် ကလူတွေ ..သက်သက်မဲ့ အပြင်ကလူတွေကိုအမှုတွဲ ရတယ်လို့  ... ဘာများ ကျနော်တို့ သူငယ် ချင်းတွေက အမှုတွဲလို့ လဲမေးကြည့်တော့ အဲဒီဝန်ထမ်းကပြောတာလေ ... သီးသန့် ကလူတွေညက တအားအော်ကြတယ် ဒေ၀ူးကုမ္ပဏီ ကျန်းမာပါစေလို့ လေ တဲ့  ။ တကယ်ကလည်း ဒေါ်အောင်ဆန်းစုကြည်ကျန်းမာပါစေလို့ အော်မိတဲ့အတွက်ထောင်ကျလာတဲ့ ပန်ပန်ကြီးလို လူမျိုး က ရှိနေပြန်တော့ သူ ပြောတာလည်း အပြစ်တော့ တင်မရဘူးပေါ့ )
                            ခုမှ ဂျူ လှိုင်ရှိသေးတယ် ဘာကြောင့် ဒီဇင်ဘာအကြောင်းရေးတာလဲလို့ မေးစရာရှိပါတယ် ။ အဲဒီနေ့  ၃၁ ဒီဇင်ဘာ ညက မန်းလေးတောင်ပေါ်ကနေ အသံလုံးကြီးလှိမ့်ဆင်းလာတယ် ။ အဲလစ်ရဲ့ သီ ချင်း... ဝေဒနာတွေရုပ်သိမ်းပါဦး .... ဒီကမ္ဘာကို အရောင်ပြောင်းပါအ ချစ်ရေ... ကိုယ်နေ ချင်ပါတယ်နင့်အနားမှာ .. နားလည်ပေးပါ .................... ။
                 အဲဒီအသံလှိုင်းနဲ့ ကျနော်တို့ ကြားမှာ အမှောင်ထုနဲ့ နံရံတွေခြားထားတယ်ဆိုတာကို ခါးခါးသီးသီးလက်ခံလိုက်ရတယ် ။ ဒီနေရာမှာကျနော့်စိတ်ထားသေးသိမ်မှုကို ၀န်ခံလိုပါတယ် ။ကျနော် သူတို့ လိုဘဲပျော် ချင်တယ် ။ လက်ရှိဘ၀ကို မလိုချင်ဘူး ။ ကျနော့်ရဲ့ စိတ်ထားသေးသိမ်မှုကတော့ မနာလိုစိတ်ဝင်လာတာပါ ။ အော် ... ငါတို့ ကတော့ ..... သူတို့ ကျတော့ .. စသဖြင့်ပေါ့ ။ခုလည်း နိုဝင်ဘာမှာရွေးကောက်ပွဲ ပြုလုပ်မယ်ပေါ့ ။ ရာနှုန်းပြည့်နီးပါ အတိုက်ခံက အနိုင်ရမယ်လို့ ယူဆရပါတယ် ။ ၂၀၁၂ ကထက် ပို ပြီးတော့အောင်ပွဲ ခံကြမယ် ။ ခံလည်းခံသင့်တယ် ။ အဲဒီအ ချိန် မှာထောင်ထဲက နိုင်ကျဉ်းတွေ ဘယ်လို များနေမလဲ ။ ထို့ ထက်ပိုပြီးတော့ နှင်းတောထဲ အေးစက်နာကျဉ်နေတဲ့ စစ်ဘေးသင့်တိုင်းရင်းသားတွေ .......... ကျနော်တို့ ကို နားလည်ပေးနိုင်မလားဆိုတဲ့အတွေးက ဒီအကြောင်းကို ရေးစေတဲ့တွန်းအားလို့ .....။

ဘိုဘို.

July 21, 2015

" နှစ်၊ .လ၊ နာရီ ခါရာသီရွေ့ပေမယ့်...... "( ၂၀ရက်ဇူလိုင် ၂၀၁၅ နေ့ထုတ် ဒီလှိုင်း စာစောင် အတွဲ(၄) အမှတ်(၂၇) မှ)

" ဗမာတွေ စိတ်ထက်သလေး ဘာလေးနဲ့ တလွဲ ဆံပင်ကောင်းနေကြတယ်။
ဗမာပြည် လွတ်လပ်ရေးရအောင် လုပ်ရတဲ့ တိုက်ပွဲမျိုးမှာ အသုံးမချဘူး၊
ဗမာပြည် ပြန်လည်ထူထောင်ရေးမှာ အသုံးမချဘူး။
ဗမာ ဗမာချင်း ချဖို့မှာ လုပ်ချင်တယ်။
ဒါမျိုးတွေ လုပ်ချင်လို့ ဘယ်တော့မှ အကျိုးမရှိဘူး။
( ဗိုလ်ချူပ်အောင်ဆန်း- နောက်ဆုံးမိန့်ခွန်း မှ
ဇူလိုင် ၁၃ရက် ၁၉၄၇ မြို့တော်ခန်းမရှေ့)
၂၀၁၅ခုနှစ် ၊ ဇူလိုင်လ(၁၉)ရက်နေ့ဆိုပါက (၆၈) နှစ်မြောက် အာဇာနည်နေ့သို့ ရောက်ရှိပေတော့မည်။ မှတ်မှတ်ရရ ၂၀၁၃ခုနှစ်၊ (၆၆) နှစ်မြောက် အာဇာနည်နေ့မှာ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားမှ ဗိုလ်ချုပ်အောင်ဆန်းမိန့်ခွန်းများကို ပြန်လည်ထုတ်လွှင့်ပေးခဲ့လေသည်။ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားကနေ ဗိုလ်ချုပ်အောင်ဆန်းမိန့်ခွန်းတွေကို လွှင့်ပေးနေပါလားလို့ ဖေ့စ်ဘွတ်မှာ အံ့ဩ ဝမ်းသာစွာ ရေးကြပြောကြ သူများထဲကမှ တစ်ယောက်ကတော့ သူ့ရဲ့ status မှာ
"ဟိုက် .... MRTV က မှတ်တမ်းတွေတော့ သေသေချာချာ သိမ်းထားသဟ ။" လို့ ရေးတာ ဖတ်ရပြီး ဒီစာလေးကို ရေးဖြစ်ခဲ့ပါသည်။
မြန်မာ့အသံနှင့်ရုပ်မြင်သံကြား ဟု ခေါ်ဆိုသည့်အတွက် ရေဒီယိုလို့ လူတိုင်းခေါ်ပြောနေကြတဲ့ အသံချည်းပဲ လွှင့်တဲ့ အပိုင်းနဲ့ ရုပ်မြင်သံကြားခေါ်တဲ့ အရုပ်ရောအသံပါ လွှင့်တဲ့ အပိုင်း ဆိုပြီး ရှိသည်။ နှစ်ခုစလုံးမှာ မှတ်တမ်းထိန်းသိမ်းထားသည့် ဌာနတွေ ရှိပါသည်။ ရေဒီယိုကတော့ ပိုပြီးအများကြီးစောသည်။ လွတ်လပ်ရေးမရခင် အင်္ဂလိပ်လက်အောက်နှင့် ဂျပန်ခေတ်မှာကတည်းက အသံလွှင့်တာစနေပါပြီ။ ၁၉၄၆ ခုနှစ် ဖေဖေါ်ဝါရီလ(၁၅) ရက်နေ့ကစပြီး" ဗမာ့အသံ" နာမည်နဲ့ စတင်ခဲ့တာ ဖြစ်သည်။ ၁၉၄၇ခုနှစ်မှာ အသံကို သွင်းယူထားနိုင်သည့် ( M.S.S Disc Recording Machine) ဓါတ်ပြား အသံသွင်းစက် ရရှိလာသည့်အတွက် နိုင်ငံခေါင်းဆောင်တွေရဲ့ မိန့်ခွန်းတွေကို ဟောပြောနေတဲ့ အချိန်မှာ တခါထဲ အသံသွင်းထားနိုင်ခဲ့ပြီး ပြည်သူတွေကို အသံပြန်လွှင့်ပေးခဲ့နိုင်လေသည်။ သတ္တုပြားများ ဖြစ်သည့်အတွက် ကြာရှည်သိမ်းထား၍ မရနိုင်တာမို့ အိန္ဒိယကိုပို့ပြီး ရောင်းတမ်းဓါတ်ပြားB.P အနေနှင့် ပြန်လည် အသံသွင်းပြီး သိမ်းထားခဲ့ကြရသည်။ ဒါ့ကြောင့် အဲဒီထက်စောပိုင်းကာလတွေက တိုက်ရိုက်အသံလွှင့်ခဲ့သမျှအားလုံး မှတ်တမ်းထားဖို့ ဓါတ်ပြားအသံဖမ်းစက် မရှိသေးတဲ့အတွက် လေထဲမှာပဲ လွင့်ပျောက်ခဲ့ရပါသည်။
ရေဒီယို( အသံလွှင့်ဌာန)မှာ ဓါတ်ပြားတိုက် ရှိပြီး ဓါတ်ပြားတိုက်မှာ ခေတ်အဆက်ဆက် အရေးပါသည့် ၊ အရေးကြီးသည့် မိန့်ခွန်းတွေအပါအဝင် သီချင်းပေါင်းများစွာ( သီချင်းကြီး၊ သီချင်းခန့် ကာလပေါ် စတီရီယိုစသဖြင့် အမြဲလွှင့်ခွင့်ရ အစီအစဉ်များ) ၊ ရေဒီယိုဇာတ်လမ်းပေါင်းများစွာ၊ ဟောပြောချက်များ ကို မှတ်တမ်းမှတ်ရာနဲ့ သေသေချာချာ သိမ်းဆည်းထားပါသည်။ အခြေအနေအရ အသံမလွှင့်ဖြစ်ခဲ့သည့် မိန့်ခွန်းတွေ အပါအဝင် မှတ်တမ်းမှတ်ရာ အသံတွေကို စနစ်တကျ သိမ်းဆည်းထားပါသည်။ လမ်းစဉ်ပါတီခေတ်က ပါတီညီလာခံမှာ တင်သွင်းသည့် တင်ပြချက်တွေသာမက စစ်အစိုးရလက်ထက် အခြေခံဥပဒေရေးဆွဲစဉ် ညောင်နှစ်ပင်ညီလာခံက မှတ်တမ်းမှတ်ရာတွေ အထိ အားလုံးကို သိမ်းဆည်းထားပါသည်။ ရုပ်မြင်သံကြားဌာနမှာလည်း ထို့အတူပင်။ တိပ်ခွေထိမ်းသိမ်းရေးဌာန( Tape Library) မှာ သိမ်းဆည်းထားရသည်။ ရုပ်မြင်သံကြားပေါ်လာတာ မကြာသေးတဲ့အတွက် ယခင်က မှတ်တမ်း တစ်ချို့ကို မော်ကွန်းရုပ်ရှင်က ယူရသည်။ ဗိုလ်ချုပ်အောင်ဆန်း မိန့်ခွန်းပြောတဲ့ပုံ၊ လွတ်လပ်ရေးကြိုးပမ်းမှုကာလက မှတ်တမ်းမှတ်ရာတွေက မော်ကွန်းရုပ်ရှင်ကနေ ပြန်လည်ကူးယူသိမ်းဆည်း ထားတာတွေ ဖြစ်သည်။
နောက်ပိုင်း ရောင်းတမ်းဓါတ်ပြားတွေဖြင့် တစ်ခါထဲပြော တစ်ခါထဲ အသံသွင်းလာကြသည်။ ဓါတ်ပြားတစ်ဖက်မှာ (၃) မိနစ်သာ ဆန့်တဲ့အတွက် ၃မိနစ်ထက် ပိုပါက တခြားဘက် အခြမ်းမှာ ဆက်ပီး အသံသွင်းရသည်။ အဆိုပါ ရောင်းတမ်း BP ဓါတ်ပြားတစ်ချပ်မှာ (၆)မိနစ်စာသာ အသံသွင်းယူထားလို့ရလေသည်။ ဒါ့ကြောင့် ရှေးက အဆိုတော်ကြီးတွေ သီချင်းလာပါက သီချင်းတစ်ဝက်မှာ ခနလေးရပ်သွားပြီးမှ နောက်ဆက်ပီး အသံပေါ်လာတာပါ။ သူက အချင်း ၁၀လက်မ လောက်ရှိပါသည်။ နောက်ပိုင်းမှာတော့ အချင်း(၁၂) လက်မနှင့် အချင်း(၁၆) လက်မအရွယ်ရှိတဲ့ ဓါတ်ပြားတွေ ပေါ်လာရာ အချင်း(၁၆)လက်မရှိသည့် ဓါတ်ပြားတစ်ဖက်မှာ မိနစ်(၃၀)စာ အသံသွင်းလို့ရပြီး အချင်း(၁၂) လက်မဓါတ်ပြားကတော့ အပတ် တစ်ပတ်မှာ ၃မိနစ်နီးပါးဆန့်လေသည်။ ဒါ့ကြောင့် တစ်ဖက်ကို ၃မိနစ် လေးမိနစ်စာ သီချင်းတွေ ၄ပုဒ်လောက် ထဲ့လို့ရလာလေသည်။ ဒီဓါတ်ပြားအကြီးတွေ ပေါ်လာတဲ့အခါ ဗိုလ်ချုပ်အောင်ဆန်း မိန့်ခွန်းတွေကို တစ်စုတစ်စည်းထဲ ဖြစ်အောင် ဓါတ်ပြားအကြီးထဲ ပေါင်းပြီးကူးထားရသည်။ တကယ့်မူရင်းတွေကိုလည်း မပျောက်မပျက်ရအောင် ဆက်ပြီး သိမ်းထားပါသည်။
ဓါတ်ပြားတွေကနေ ကြိုးခွေ သုံးတဲ့ခေတ် ရောက်ပြန်တော့လည်း ကြိုးခွေမှာ ပြန်ကူးပြီး သိမ်းယူထားကြပါသည်။ မူရင်း ဓါတ်ပြားတွေကိုလည်း ဆက်လက် သိမ်းဆည်းထားပါသည်။ အဲဒီ ကြိုးခွေတွေကိုတော့ အသံလွှင့်တာရော၊ အသံသွင်းတာရော ၊ သိမ်းတာမှာပါ တော်တော်ကြာကြာ အထိ အသုံးပြုခဲ့ကြသည်။ အချင်း ၁၀ ၁/ ၂ လက်မ( ဆယ်လက်မခွဲ) ရှိတဲ့ တိပ်ခွေမှာ ကြိုးခွေ ပေ၂၄၀၀ အရှည်ရှိပီး ၇လက်မတိပ်ခွေမှာ တိပ်သားကြိုးခွေက ပေ ၁၂၀၀ရှိသည်။ အချင်း၅လက်မရှိတဲ့ အခွေမှာတော့ တိပ်သား ပေ၆၀၀ ပါလေသည်။ အဆိုပါ ကြိုးခွေ ၁၀ ၁ /၂ လက်မ ( ဆယ်လက်မခွဲ) ရှိတဲ့ အခွေတွေနဲ့လည်း ဗိုလ်ချုပ်အောင်ဆန်း မိန့်ခွန်းတွေကို သိမ်းဆည်းထားပါသည်။ နည်းပညာတိုးတက်လာတဲ့ အလျောက် အဲဒီပြောင်းလဲလာသည့် အသံသွင်းတိပ်ခွေများ၊ အသံသွင်းစနစ်များဖြင့် အဆင့်ဆင့် ထိန်းသိမ်းထားကြလေသည်။
နောက်ပိုင်း ကက်ဆက်ခွေတွေ ပေါ်လာသည့်အခါ ကက်ဆက်ခွေတွေနဲ့ ပြန်လည်ကူးယူပြီး သိမ်းရပြန်ပါသည်။ ဆိုက်ဒ်- အေ၊ ဆိုက်ဒ်- ဘီ နှစ်ဘက်ရှိပြီး စီ- ၆၀ အခွေမှာ တစ်ဆိုက်ဒ်ကို မိနစ် ၃၀စာ အသံသွင်းလို့ရပြီး တစ်ခွေမှာ တစ်နာရီစာ အသံသွင်း၍ ရသည့်အတွက် ကိုင်ရတွယ်ရတာ သေးငယ်ပြီး မှတ်တမ်းများ ပိုပြီး တစုတစည်းတည်း သိမ်း၍ အဆင်ပြေလာလေသည်။ စီ- ၉၀ ဆိုပါက တစ်ဖက် ၄၅မိနစ်ဆန့်ပြီး တစ်နာရီခွဲစာ အသံသွင်းထားနိုင်လေသည်။ ထိုမှတဖန် စီဒီ တွေ ပေါ်လာသည့် အခါ စီဒီမှာလည်း ဗိုလ်ချုပ် မိန့်ခွန်းတွေကို ပြောင်းလဲပြီး ကူးယူ သိမ်းဆည်းခဲ့ရပါသည်။ သဘောကတော့ ဒီမိန့်ခွန်းတွေကို ပျောက်ပျက်မသွားအောင်ရယ် ဘယ်ခေတ် ဘယ်အချိန်ရောက်ရောက် ပြန်ပီး အသံလွှင့် နိုင်ဖို့အတွက်ဖြစ်လေသည်။ ဥပမာ- ဓါတ်ပြားထဲမှာ ရှိတယ်ဆိုပြီး ဒီအတိုင်း ထိန်းသိမ်းထားခဲ့ရင် ဒီကနေ့ အချိန်ရောက်လို့ အသံလွှင့်တဲ့အခါ ဓါတ်ပြားစက်တွေ မရှိတော့သည့် အတွက် ဘယ်လိုမှ အသံလွှင့်ပေးဖို့ မရနိုင်တော့ပါ။ DAT ဆိုတဲ့ တိပ်ခွေ တမျိုးကို အသုံးပြုခဲ့သေးသည်။ သူက ကက်ဆက်ခွေနဲ့တူပေမယ့် ကက်ဆက်ခွေလောက်မကြီးပဲ အတော်သေးသည်။ အသံသွင်းဖို့အနေနဲ့ တော်တော်ကောင်းပေမယ့် အသံလွှင့်ရာမှာ အခက်အခဲတွေ အများကြီးဖြစ်သည့် အတွက် သိပ်ကြာကြာ အသုံးမပြုခဲ့ပါဘူး။
အခု နောက်ဆုံးအနေနဲ့ကတော့ ဗိုလ်ချုပ်အောင်ဆန်းမိန့်ခွန်းတွေကို ကွန်ပြူတာထဲမှာ သိမ်းဆည်းထားနိုင်ခဲ့ပါပြီ။ ပြောင်းလဲလာတဲ့ ခေတ်နဲ့အညီ တိုးတက်ကောင်းမွန်လာတဲ့ အသံကူးပြောင်းစနစ်တွေနဲ့ စနစ်တကျ သိမ်းဆည်းထားပြီး အသံပြန်လွှင့်နိုင်အောင် စီစဉ်ထားကြတာပဲ ဖြစ်လေသည်။
စာရေးသူတို့ ငယ်စဉ်က အာဇာနည်နေ့ရောက်ပြီဆိုရင် အဲဒီည ၈နာရီ သတင်းအပြီးမှာ ဗိုလ်ချုပ်အောင်ဆန်း မိန့်ခွန်းတွေကို အားပါးတရ နားထောင်ခဲ့ရသည်။ ဓါတ်ပြားထဲက ရှဲရှဲ.. ရှဲရှဲ ဆိုတဲ့ အသံတွေကြားက ဗိုလ်ချုပ်ရဲ့ မိန့်ခွန်းတွေကို နားစိုက်ခဲ့ရသည်။ အခု နောက်ပိုင်းတော့ ကွန်ပျူတာနဲ့ ပြန်သွင်းတာမှာ တစ်ချို့ ရှဲရှဲ ရှဲရှဲ အသံတွေကို ဖျောက်လို့ရသည်ဟု သိရသည်။ ( တကယ်တော့ ဓါတ်ပြားမှာပါရှိတဲ့ လိုင်းတွေ ကြားထဲမှာ အမှုန်လိုဟာမျိုး နဲ့ အသုံးမပြုတာကြာတဲ့ အတွက် မှိုကပ်နေတာမျိုးကြောင့် ဓါတ်ပြားပေါ် အပ်ထောက်တဲ့အခါ မလိုလားတဲ့ အသံတွေပါ ထွက်နေတာဖြစ်လေသည်။)
၁၉၈၈ ခုနှစ်နောက်ပိုင်း ၁၉၉၀ ခုနှစ်ခန့်က စပြီး ဗိုလ်ချုပ်အောင်ဆန်း မိန့်ခွန်းတွေကို အသံလွှင့်ခြင်း မရှိတော့ပါဘူး။ အသံလွှင့်ဝန်ထမ်းတွေကတော့ မလွှင့်ရဆိုလို့သာ မလွှင့်တာ ဘယ်သူက ခိုင်းစေတယ် ဘယ်သူက ပိတ်ပင်တယ်ဆိုတာ မသိခဲ့ ကြပါဘူး။ ထုံးစံအရ မလွှင့်ရဆိုပါက အဲဒီ တိပ်ခွေကို ဓါတ်ပြားတိုက်ကနေတောင် ထုတ်ယူခွင့် ရှိတာမဟုတ်ပါဘူး။ ဥပမာ- ထိုစဉ်က ကိုင်ဇာ သီချင်းတွေ မလွှင့်ရ ဆိုပါက သူ့သီချင်းတွေကို ဓါတ်ပြားတိုက်ကနေ ထုတ်ယူလို့မရပါဘူး။ တိပ်ခွေစာရင်းဘေးမှာ မင်နီနဲ့ မလွှင့်ရလို့ ရေးထားတဲ့အတွက် မတော်တဆ နံပါတ်မှားရေးပြီး ထုတ်ဖို့ပြင်ရင်တောင် ဓါတ်ပြားတိုက်က တာဝန်ရှိတဲ့သူက စာအုပ်ပြပြီး မလွှင့်ရ ရေးထားတယ် မရဆိုပြီး ပေးမထုတ်ပါဘူး။
အခုတော့ ၁၉၉၀ခုနှစ်ကနေ စတင် ရေတွက်လိုက်ရင် (၂၃) နှစ်အကြာမှာမှ ဗိုလ်ချုပ်အောင်ဆန်း မိန့်ခွန်းတွေကို ပြန်လည် အသံလွှင့်တာ ကြားရပါပြီ။ တကယ်တော့ ဒီလို အသံလွှင့်နိုင်ခဲ့တာဟာ မူရင်း ရောင်းတမ်း ဓါတ်ပြား B.P တွေကနေ တစ်ဆင့်ပြီးတစ်ဆင့် ကူးယူထိန်းသိမ်းခဲ့ကြလို့သာ ဖြစ်လေသည်။ မြန်မာ့အသံဝန်ထမ်းတွေသည် အများသူငါလိုပင် လူထဲကလူ ပြည်သူထဲက ပြည်သူတွေပင်၊ တာဝန်အရ အလုပ်လုပ်ကြပေမယ့် တိုင်းပြည်မှာ ထိန်းသိမ်းထားသင့်သော ကိစ္စတွေကို တတ်နိုင်သည့် နေရာမှ ဝင်ရောက် ထိန်းသိမ်း ကာကွယ်ထားကြပါသည်။
ပြန်ကြားရေးဝန်ကြီးတစ်ဦး တာဝန်ယူစဉ်က ၎င်း၏သားတစ်ယောက် ရှယ်ယာပိုင်ထားသည့် အသံလွှင့်မီဒီယာ FM တစ်ခုထံကို ဓါတ်ပြားတိုက်မှ သီချင်းများ ပေးဖို့ ဖိအားပေးခံရရာ တတ်နိုင်သလောက် နေ့ရွှေ့ ညရွှေ့ အကြောင်းအမျိုးမျိုးပြပြီး မပေးပဲ နေခဲ့သည့် ဓါတ်ပြားတိုက်မှုး တစ်ယောက်လည်း ရှိခဲ့ပါသည်။ အလုပ်မှ ထွက်သွားပြီ ဖြစ်သော အဆိုပါ ဓါတ်ပြားတိုက်မှုးနှင့် ပြန်ဆုံစဉ် သူမရှိတော့သည့် နောက်ပိုင်း အခုတော့လည်း ပေးလိုက်ရပြီ ဟုဆိုလေသည်။
တန်ဖိုးရှိသော သမိုင်းဝင် ဗိုလ်ချူပ်အောင်ဆန်းမိန့်ခွန်းများကိုတော့ အနှစ်နှစ်ဆယ်ကျော် အသံမလွှင့်ပဲ ပိတ်ပင်ထားခဲ့ပေမယ့် ပျောက်ကွယ်မသွားအောင် နည်းပညာပြောင်းလဲသွားတိုင်း အရင်ဦးဆုံး ကူးပြောင်းယူခဲ့ကြပါသည်။ ၂၀၁၃ခုနှစ်၊ (၆၆) နှစ်မြောက် အာဇာနည်နေ့မှာ ပြန်လည်ထုတ်လွှင့်သည့် ဗိုလ်ချူပ်အောင်ဆန်း မိန့်ခွန်းများကို နားထောင်ရင်း ဝန်ထမ်းအဆက်ဆက် အသိစိတ်ဖြင့် ထိန်းသိမ်းခဲ့သည့် ဖြစ်စဉ်များကို ပြန်လည်သတိရကာ (၆၈)နှစ်မြောက် အာဇာနည်နေ့ အမှတ်တရ ရေးသားလိုက်ပါသည်။ တဆက်ထဲမှာပင် ကာလရှည်ကြာ ပိတ်ပင်ခံထားရသည့် အဆိုတော် မေလှမြိုင်ရဲ့ အလေးပြုပါသည် သီချင်းဖြင့် ဗိုလ်ချူပ်အောင်ဆန်းနှင့်တကွ ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်များကို ဦးညွတ်အလေးပြုလိုက်ရပါသည်။
"( နှစ် လနာရီ ခါရာသီရွေ့ပေမယ့် အာဇာနည်နေ့ ကိုဖြင့် မမေ့သင့်ပါသလေ၊ ယနေ့ဖြင့် သတိတရားထားဖို့အခြေ............... အများပြည်သူတွေ ...အများပြည်သူတွေ အာဇာနည်နေ့ကိုလေ............ တွေးရှုကာပဲ ..အလေးပြုပါမယ်လေ ၊ )၂
စနစ်အခြေ..ပြောင်းခဲ့ပေမယ့် အဖြစ်ဟောင်းများတော့ ဖြေသော်မပြေ ၊ လွမ်းမျက်ရည် မြေခပြီမို့..တွေး.......တသသ၊ ဆွေး.စ မရွှင် ရွှေရင်ဆို့ကဲ ကြေကွဲဝမ်းနည်းရပုံတွေ ယနေ့ထက်တိုင်အခြေ အော်.. မမေ့ရက်နိုင်ပါပေ အာဇာနည်ခေါင်းဆောင်ကြီးတွေ အာဇာနည်ခေါင်းဆောင်ကြီးတွေ ကောင်းရာသုဂတိ ရောက်ရှိကြပြီလေ၊ တေးကဗျာအနုစာခွေ ရေးကာ အလေးပြု အလေးပြုပါတယ်လေ................
........."
ခိုင်ခိုင်စောလွင်

စိုးရိမ်ရေမှတ်ရောက် ကလေးသယံဇာတ( ၁၃ရက် ဇူလိုင် ၂၀၁၅ ဒီလှိုင်းစာစောင် အတွဲ(၄) အမှတ်(၂၆) မှ


သမ္မတရုပ်ရှင်ရုံအနီးရှိ ခုံးကျော်တံတားဘေးမှာ အမျိုးသမီးတစ်ဦးကိုသတ်ပြီး အ လောင်းပစ်သွားသည့် တရားခံသုံးဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ကြောင်း သတင်းတွေမှာ ဖတ်ရပြီး ဖမ်းမိတဲ့ တရားခံတွေအထဲ အရွယ်မရောက်သေးသည့် ကလေး နှစ်ယောက်ပါနေတာ ဖတ်ရသည်။ အသက်(၁၆)နှစ်အရွယ် နှစ်ယောက်နှင့် အသက်နှစ်ဆယ် လူငယ်တစ်ဦးတို့က ပြစ်မှုကို ကျူးလွန်ကြခြင်းဖြစ်သည်တဲ့။ သေဆုံသူမိန်းကလေးက သူတို့ဆီက ချေးယူထားတဲ့ ငွေသုံးသောင်းဝန်းကျင်ကို ပြန်မပေးတဲ့အတွက် ယခုလို အမှုကို ကျူးလွန်လိုက်ကြတာဖြစ်သည်။ ကြားရတာ ကြောက်စရာ အံ့ဩစရာ ထိန့်လန့်စရာ ကောင်းလှသည်။
ငွေသုံးသောင်းဆိုသည်မှာ ဆင်းရဲလှသူတွေအဖို့ မနည်းရှာဖွေ ထားရတာမှန်ပေမယ့် ဒီလောက်အထိ လက်ရဲဇက်ရဲ လုပ်ရဲတာတော့ စိုးရိမ်ထိတ်လန့်ဖွယ်ရာပင်။ ချမ်းသာသူတွေအဖို့ အင်္ကျီတစ်ထည်၊ ဘောင်းဘီတစ်ထည်စာပင် မရှိသော်ငြား စက်ရုံအလုပ်ရုံ ဝန်ထမ်းလေးတွေအဖို့ တစ်လစာဝင်ငွေနီးပါးရှိမည်ထင်သည်။ ဆင်းရဲချမ်းသာ ကွာခြားလှသည့် မြန်မာပြည်ရဲ့ ရင်နင့်ဖွယ်ရာ အဖြစ်အပျက်တစ်ခုပင်။
တကယ်ဆိုလျင် အသက်(၁၆)နှစ်ဆိုတာ အရွယ်မရောက်သေးသည့် အရွယ်၊ မိဘအုပ်ထိန်းမှုအောက်မှာ ရှိနေရမယ့်အရွယ်၊ မိဘဆရာသမားတို့ရဲ့ သွန်သင်ဆုံးမမှုအောက်မှာ ပညာသင်ကြားနေရမယ့် အရွယ်၊ သို့သော် မြန်မာပြည်မှာက ဆင်းရဲမွဲတေမှုတွေပြဿသာနာတွေကြောင့် မိဘတွေမှာ အသက်(၁၀)နှစ်ခန့် ရောက်သည့် ကလေးတွေကို လက်ဘက်ရည်ဆိုင် စားပွဲထိုးကစလို့ ဈေးရောင်း ပန်းရောင်း မုန့်ရောင်း ခိုင်းနေကြရသည်။ ကလေးတွေ ပညာသင်ဖို့ မစဉ်းစားနိုင် မငတ်အောင် မိသားစု အလျင်မီ စားလို့ရအောင် တအိမ်လုံး ကလေးပါမကျန် ရှာဖွေ စားသောက်ကြရသည်။ ဒီလိုဘဝတွေ များစွာထဲက ကလေးတွေသည် ဆိုဆုံးမမှု တိုင်းထွာ ချင့်ချိန်တတ်မှု၊ ကောင်းတာ မကောင်းတာ လုပ်သင့်မလုပ်သင့်တာ အကောင်းနဲ့အဆိုးကို ခွဲခြားစိတ်ဖြာနိုင်သည့် အသိဉာဏ်တွေ နည်းပါး ချို့တဲ့ကုန်တာပဲ ဖြစ်မည်။
အသက်ငယ်ရွယ်သည့် လူငယ်တွေ၊ လေလွင့်နေသည့် လူငယ်တွေ၊ ပြစ်မှုကို အလွယ်တကူ ကျူးလွန်နေကြသည့် လူငယ်တွေ တွေ့ရှိကြားသိရာက လေလွင့်တိုင်းပြည် ဆိုပြီး စာရေးသူ ရေးသားခဲ့ဖူးပါသည်။ အနာဂတ်တိုင်းပြည်သည် စီးပွားရေးချွတ်ခြုံကျ၍ ဆင်းရဲမွဲတေယုံမက လူတွေပါ ပညာသင်ကြားမှု မရှိကြရင်ဖြင့် တိုင်းပြည်တစ်ခုလုံး ဒီလိုလူတွေချည်း များပြားလာလျင်ဆိုကာ စိတ်ပူပန်စွာ ရေးသားခဲ့ပါသည်။
အသက်(၁၆)နှစ်အရွယ် ကလေးတွေက မုဒိန်းမှုနှင့် လူသတ်မှုကို လွယ်လွယ်ကူကူ ကျူးလွန်သည်ဟု သိရသောအခါ စာရေးသူ စိတ်ထဲမှာ ယနေ့တိုင် မှတ်မှတ်ရရ ရှိနေသည့် အဖြစ်အပျက် တစ်ခုကို သတိရမိလေသည်။
လွန်ခဲ့သည့် ( ၁၅နှစ်) ၂၀၀၀ခုနှစ်ဝန်းကျင်ခန့်က စာရေးသူနေထိုင်ရာ ဟံသာဝတီလမ်းမှ ကြည့်မြင်တိုင် ညဈေးဘက်ကို အသွား စလင်းကွင်းရှိရာဘက်ကို လမ်းလျှောက်လာစဉ် ဆိုင်တစ်ဆိုင်ရှေ့မှာ လူတချို့ ရုတ်ရုတ်ရုတ်ရုတ် ဖြစ်နေ၍ လမ်းရဲ့ တဖက်က အသာအကဲခတ်ကြည့်မိလေသည်။ အသက် ၃၀ကနေ ၄၀ ဝန်းကျင်ခန့်၇ှိမည့် ယောင်္ကျားကြီးတွေက အသက်(၁၀)နှစ်ခန့် ရှိသည့် ယောင်္ကျားလေး တစ်ယောက်ကို ဂုတ်ကနေဆွဲသည့်လူကဆွဲ၊ လက်ကို ဖမ်းကိုင်သည့်သူက ကိုင်ဖြင့် ချူပ်ထားကြလေသည်။ သူခိုးမိတာ လို့ သိရသည်။ စာရေးသူစိတ်ထဲ ထိုကလေးကို ကြည့်ပြီး ဖြစ်နိုင်ပါ့မလား၊ ဒီအရွယ်က ခိုးစရာလား၊ သူ့မိဘသိရင် သူ့ကလေးကို သူခိုးစွပ်စွဲခံရလို့ ဘယ့်လောက် ရင်ထုမနာ ဖြစ်လိုက်မလဲ တွေးရင်း အခြေအနေကို စောင့်ကြည့်နေလိုက်သည်။ အတူပါသည့် သူငယ်ချင်းက သွားရအောင်ဆိုတာကို တရားခံ အစစ်ဟုတ်မဟုတ် စောင့်ကြည့်ရအောင်၊ စွပ်စွဲခံရတယ်ဆိုရင် သူ့မိဘ ဘယ်မှာနေတယ် မေးစမ်းပြီး ပြန်ပို့ပေးဖို့ပြောရမယ်၊ လူတွေက ဆင်းရဲတဲ့သူဆို သူခိုးချည်းထင်နေတာ လို့ ပြောလိုက်မိသည်။ သူငယ်ချင်းဖြစ်သူက ကောင်လေးပုံကို ကြည့်အုန်းလေ စုပ်ပြတ်သတ်နေတာ ဟုတ်မှာပေါ့ လို့ ပြောနေသေးသည်။
" ရဲခေါ်ထားတယ်၊ လာနေပြီ မလွတ်စေနဲ့" လို့ ဖမ်းထားတဲ့ လူကြီးတွေက ရုန်းနေသည့် ကောင်လေးကို တိုးလို့ ချုပ်ကိုင်ရင်း ညာသံပေးနေကြလေသည်။ ရဲအလာကို သိပ်မစောင့်လိုက်ရ၊ ဟံသာဝတီကုန်း အကွေ့နားက စည်ပင်ရဲက လာတာဖြစ်သည်။ ချက်ချင်းဆိုသလို ဆိုင်ကယ်နဲ့ ရောက်လာပြီး ကောင်လေးကို မြင်သည်နှင့် တပြိုင်နက်ထဲ ဆိုသလို ဇက်ပိုးကို လှမ်းအုပ်ပြီး " အော် ဟော် ဘယ်သူများလဲလို့ မင်းကိုး တော်တော် အလုပ်ပေးတဲ့ အကောင်တွေ တက်" ဆိုကာ ဆိုင်ကယ်ပေါ် တက်ခိုင်းရာ ထိုကလေးက သူ့ဦးလေး ဘကြီး ဆွေမျိုးသားချင်းက လာပြန်ခေါ်သလို ဆွေ့ကနဲ တက်လိုက်သွားလေတော့သည်။
စာရေးသူ စိတ်ထဲမှာ နင်တင်တင် ဖြစ်သွားခဲ့ရသည်။ ဒီလိုအရွယ်လေးမှာ ရဲမကြောက် ဂတ်မကြောက် အချုပ်စခန်းမကြောက် ရပ်တည်နေရ ရှာဖွေ စားသောက်နေရတာကို ရင်နာနာဖြစ်သွားရသည်၊ ဒီကောင်လေးက အခုမှ (၁၀)နှစ်ခန့်၊ ၊ ပြန်လွတ်လာလည်း ဒီလိုပဲ လုပ်စား ထောင်ကျနဲ့ သူ့ဘဝ ရှေ့လူလုပ် လူအဖြစ်ရပ်တည်ရမယ့် ကာလတွေမှာ ပိုဆိုးလာသည့် ပိုပြီးအမှောင်နက်လာမည့် အရေးတွေးကာ " ဘယ်လို လုပ်ကြမလဲ" လို့ ရေရွတ်မိလေသည်။
ညဈေးမှာ ဈေးဝယ်ပြီး ပြန်လာတော့ ဟံသာဝတီဘူတာကနေ အိမ်ဘက်ကို ဖြတ်အကူး ရထားလာ၍ စောင့်နေစဉ်မှာ စောစောက တွေခဲ့တဲ့ ကလေးအရွယ် ယောင်္ကျားလေး မိန်းကလေး ပေတူးညစ်ထပ်ထပ် အဝတ်အစားတွေနဲ့ ရထားဆီ ပြေးတက်ကြသည်။ ရထားက ဘူတာကိုဝင်လာပြီး မရပ်သေးခင်မှာ တက်သည့်သူကတက်၊ ရထားထွက်သွားတော့မှ တမင်ခိုစီးချင်လို့ ပြေးပြီးလိုက်တက်ကာ တဟေးဟေး တဟားဟား အော်ကာ ပါသွားကြလေသည်။
သူတို့ဘယ်ကို ပြန်ကြပါလိမ့်၊ သူတို့ရဲ့ မိဘတွေကရော ဘယ်မှာပါလဲ
ထိုအဖြစ်အပျက်တွေကို အခွင့်အခါကြုံတိုင်း သတိရနေတတ်သည်။ ထိုကလေးတွေသည် ယခုဆိုပါက အသက်(၂၀) စွန်းစွန်း အရွယ်တွေ ဖြစ်ကုန်ကြရောပေါို့ တွေးမိသည်။
ထိုကလေးတွေသည် မိဘမဲ့တွေလား၊ ဒါဖြင့် မိဘမဲ့ဂေဟာတွေ၊ လူမှုဝန်ထမ်း စောင့်ရှောက်ရေးဌာနတွေ၊ လူငယ်ပြုပြင်ထိန်းသမ်းရေးစခန်းတွေက ဘယ်သို့ ဘယ်ပုံ အလုပ်လုပ်ကြသည် မသိ၊ လမ်းပေါ်မှာ လေလွင့်နေသည့် ကလေးတွေ များစွာ ရှိနေလေသည်။ သိပ်မကြာသေးခင်ကာလက စည်ပင်က ဝန်ထမ်းတွေ လမ်းဘေးကလေးတွေ လိုက်ဖမ်းတာမှာ ဆော့ကစားနေသည့် ကလေးတစ်ယောက် ရောယောင်ကာ ပါသွားပြီး သူ့မိခင် ဖြစ်သူက လိုက်ရှာရသည်။ ကံကောင်းထောက်မစွာဖြင့် စည်ပင်ဝန်ထမ်း တစ်ယောက်က လမ်းညွှန်သဖြင့် ဟံသာဝတီစည်ပင်ရဲစခန်းမှာ ကလေးတွေ ဖမ်းထားတာ ရှိတယ်ဆိုတာ သိရပြီး ပြန်ခေါ်လာနိုင်ခဲ့လေသည်။ ထိုကလေးက အိမ်ကနေ အပြင်မှာ ဆော့နေသည့်ကလေး၊ သူတက်နေသည့် ကျောင်းနာမည်ပါ ပြောပြသေးသည်။ ကျောင်းသားတစ်ယောက်ဖြစ်လေသည်။
ထိုကလေးကို ကျောင်းသားမှန်းသိရက်နှင့် ဘာ့ကြောင့် ပြန်မလွှတ်ပေးသလဲ၊ ကလေးက နှစ်နှစ် သုံးနှစ် အရွယ် ကိုယ်နေတဲ့ နေရာကို မပြောတတ်မဆိုတတ်တဲ့ အရွယ်လည်းမဟုတ်ပြန်လို့ တွေးမိစဉ်မှာ အင်တာနက်ကနေ သတင်းဆောင်းပါးတစ်ပုဒ် ဖတ်ရသည်။ အနည်းငယ် ကူးယူ ဖော်ပြလိုက်ပါသည်။
" “စည်ပင်က တောင်းစားနေတဲ့ကလေးတွေ ပလတ်စတစ်ကောက်တဲ့ ကလေးတွေ အပါအ၀င် အခြေအနေမဲ့ ကလေးတွေကို ဖမ်းပြီးတော့ ဟံသာဝတီ မှတ်တိုင် အနီးက ယာယီလေလွင့်ကလေးထိန်းသိမ်းရေးစခန်းကို ပို့တယ်၊ အဲဒီစခန်းမှာ ကလေးရာဂဏန်းလောက်ဆံ့ပါတယ်၊ မဆံ့ရင်တွံတေးမြို့မှာရှိတဲ့ဌက်အော်စမ်း လူငယ်ထိန်းသိမ်းရေးစခန်း(ကလေးထောင်) ကို ပို့ပါတယ်၊ အဲဒီမှာ အုပ်ထိန်းသူ လာမရွေးတဲ့ အသက် ၁၃ နှစ် က ၁၇ နှစ် အရွယ် ယောက်ျားလေးတွေကို တပ်သားသစ် လိုနေတဲ့ စစ်တပ်ကို ရောင်းတာပါ”ဟု ၎င်း က ပြောပြသည်။
စစ်တပ်မှ တပ်ကြပ်ကြီးများလက်သို့ အပ်လိုက်သော တပ်သားသစ်တဦးလျှင် စည်ပင်ဝန်ထမ်းက ကျပ်သုံးသောင်း ရကြောင်း၊ ယင်းတပ်သားသစ် ကလေးများကို တပ်ကြပ်ကြီးများက စစ်တပ်သို့ တာဝန်ယူခေါ်ဆောင်သွားကြောင်း စမ်းချောင်း မြို့နယ် စည်ပင် ၀န်ထမ်းက ရှင်းပြသည်။
ရန်ကုန်မြို့ သီရိမင်္ဂလာဈေးတွင် ပန်းရောင်းနေသော မိခင်တဦးက အသက် ၁၇ နှစ်ရှိ ၎င်း၏သားမှာ စစ်တပ်ထဲသို့ လိမ်ညာ ခေါ်ဆောင်သွားခြင်း ခံခဲ့ရသည်ဟု ပြောသည်။
“အခုနှစ် ဇူလိုင်လလောက်မှာ ကျမသား ပျောက်သွားပါတယ်။ သားပျောက်သွားတာကို သက်ဆိုင်ရာမှာတိုင်ပါတယ်။ ကျမ ကိုယ်တိုင်လည်းလက်လှမ်းမီသလောက် ရှာပါတယ်။ စားဝတ်နေရေးက တဘက်ဆိုတော့ တလလောက် ရှာပြီးတဲ့အချိန်မှာ ကျမလက်လျှော့လိုက်ပါတယ်။ လွန်ခဲ့တဲ့ နှစ်ပတ်လောက်ကတော့ ကျမသားဆီက အဆက်အသွယ်ပြန်ရတယ်။ သူ့ကို စည်ပင်ကလူတဦးက ဖမ်းသွားတာတဲ့၊ လက်ဖက်ရည်တိုက် မုန့်ကျွေးပြီး ထမင်းပုံမှန် စားရမယ်၊ အ၀တ်အစားတွေပေးမယ် ဆိုပြီး ခေါ်သွားတာတဲ့၊ နောက်မှ စစ်တပ်ဖြစ်နေတာသိရတယ်လို့ စာရေးပါတယ်”ဟု သူမက ရှင်းပြသည်။
ရေးသားထားသည့် လိပ်စာအရ မှော်ဘီမြို့နယ် ခြေမြန် တပ်ရင်း ---- တွင် ၎င်း၏သား ရှိနေကြောင်း သိရသည်ဟု သူမက ဆက်လက်ရှင်းပြသည်။
ရန်ကုန် လှိုင်မြို့နယ်မှ မိခင်တဦးကလည်း“သားက ကိုးတန်းကျောင်းသားပါ။ မေလတုန်းက သားရယ် သူ့သူငယ်ချင်း နှစ်ယောက်ရယ် မြို့ထဲမှာ လျှောက်လည်မယ်ဆိုပြီး ထွက်သွားတာ ပြန်ရောက်မလာဘူး။ ပျောက်သွားတယ်။ ကျမတို့လည်း ချက်ချင်းစုံစမ်း မှုတွေလုပ် တိုင်သင့်တဲ့နေရာ တိုင်ပြီး လိုက်စုံစမ်းတာ ထောက်ကြန့်က ခြေမြန် တပ်ရင်း တစ်ခုမှာရောက်နေ မှန်းသိရတယ်။ ကျမရယ် သားသူငယ်ချင်း မိဘတွေရယ် ထောက်ကြန့်ကိုလိုက်သွားပြီး ကလေးတယောက်ကို ကျပ်နှစ်သိန်း နဲ့ရွေးလိုက်ရတယ်”ဟု ပြောပြသည်။
သူတို့ ပြောပြသည့် အဖွဲ့အစည်းတွေက အစိုးရဌာနအဖွဲ့အစည်းတွေ ဖြစ်လေသည်။ အထက်အဆင့်ဆင့် တာဝန်ရှိသူများက မသိတာလား၊ လူ ဆိုတာ ရောင်းကုန်မဟုတ်၊ ပြည်သူ အထူးသဖြင့် ကလေးသူငယ် ဆိုတာ နိုင်ငံရဲ့ အနာဂတ်၊ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ စကားအတိုင်း ပြောရလျှင် တိုင်းသူပြည်သားဆိုတာ နိုင်ငံရဲ့တန်ဖိုးအရှိဆုံး သယံဇာတ။
ခိုင်ခိုင်စောလွင်

July 15, 2015

ဘယ်ပုံ ဘယ်နည်း ကာကွယ် .... ကာကွယ်ကြမှာလဲ( ၆-၇- ၂၀၁၅ ဒီလှိုင်းစာစောင် အတွဲ(၄) အမှတ်(၂၅) ပါ ဆောင်းပါး)

 
" အိမ်နီးချင်း" ဆိုတဲ့ စကားကို ရေးမိတာနဲ့ စာရေးသူတွေ့ကြုံခဲ့ရတဲ့ အိမ်နီးချင်းတစ်ယောက်ကို အရင်ဦးဆုံး သတိရမိသွားလေသည်။ အဆိုပါအိမ်နီးချင်းဖြစ်သူက အသက်(၇၀)ကျော် အမေကြီးတစ်ယောက်ပါ။ တစ်ရက်မှာ ဟင်းခွက်ကလေး ကိုင်ပြီး အိမ်ကိုရောက်လာတဲ့ အတွက် အိမ်နီးချင်းထုံးစံ ထွေထွေထူးထူး ချက်ဖြစ်တဲ့ အတွက် ဟင်းခွက်ကမ်းတယ်လို့ ထင်မိသည်။ သို့သော် မနေ့က ချက်ထားတဲ့ ငါးဖယ်ဆီပြန်ဟင်းကို စားမကုန်တဲ့ အတွက် လာပို့တာလို့ ဆိုသည်။ စာရေးသူက ချက်ခြင်းပဲ ငြင်းလိုက်ပါသည်။
" ကျမတို့ ဟင်းကျန် မစားတတ်ပါ" လို့ ပြောလိုက်သည်။ တကယ်လည်းမစားပါ၊ ကျန်းမာရေး ရှုထောင့်အရ နှမြောစာ မစား တာရော၊ န၈ိုကတည်းက ဟင်းကျန် ထမင်းကျန် မစားတတ်တဲ့ အကျင့်တွေကြောင့် ကိုယ့်အိမ်မှာ ကုန်နိုင်သလောက်သာ တိုင်းချက်ပါသည်။ ထိုအမေကြီးကို အဆိုပါဟင်းကို နှမြောပြီး မစားဖို့နဲ့ ကျန်းမာရေး ဗဟုသုတပါ ထပ်လောင်းပြောပြမိပါသည်။ နောက်တစ်ရက် ကြုံလို့ စကားစပ်မိတော့ အဆိုပါဟင်းက တန်ဖိုးလည်းရှိ၊ နွှေးထားတာ ကောင်းနေဆဲမို့ ဘုန်းကြီးဆွမ်းလောင်းလိုက်ပါသတဲ့၊ ကောင်းကြပါရဲ့လား လို့ တွေးမိရင်း အသက်အရွယ် ကြီးသည်ဖြစ်စေ၊ ငယ်သည်ဖြစ်စေ လူတစ်ယောက်နဲ့ တစ်ယောက် စိတ်ထား မတူတဲ့ အဘာဝကို သိရှိရလေသည်။
အဆိုပါ မတူသည့်လူမျိုးများဖြင့် ပေါင်းစပ်ဖွဲ့စည်းထားတဲ့ နိုင်ငံတွေ အချင်းချင်းမှာ အိမ်နီးချင်း အချင်းချင်း ဆက်ဆံရသည့် အကြောင်းတရားတွေ များစွာ ရှိလေသည်။ ထိုအထဲကမှ
အိမ်နီးချင်းနိုင်ငံကနေ ကြက်ကလီစာ၊ ကြက်ခေါင်း၊ ကြက်ခြေထောက်၊ ကြက်တောင်ပံ တွေ မြန်မာပြည် ဈေးကွက်ထဲ တရားမဝင် ဝင်ရောက်လာတဲ့ အတွက် စိုးရိမ်တဲ့ သတင်းတွေ ဖတ်ရသည့်အခါ အိမ်နီးချင်း ဟင်းခွက်ကမ်းသလိုများလား လို့ စဉ်းစားခန်းဝင်မိသည်။ အထူးသဖြင့် ကျန်မာရေးထောက်ခံချက်တွေ ဘာမှမပါတဲ့ အတွက် အန္တရာယ်ရှိနိုင်သည့် ဒီလို သားငါးတွေကို နယ်စပ်ကနေ တင်သွင်းလာတာမှာ စိစစ်တဲ့ အဖွဲ့တွေရဲ့ လုပ်ပုံကိုင်ပုံ အားနည်းတာနဲ့ လာဘ်ပေးလာဘ်ယူ ကိစ္စတွေကြောင့် အခုလို ပြည်တွင်းကို တရားမဝင်ရောက်လာတာပဲ ဖြစ်သည်။ နယ်စပ်မြဝတီကနေ ကုန်တင်ကားတွေနဲ့ ရန်ကုန်ဈေးကွက်အထိ ဝင်ရောက်လာတာ ဖြစ်ပြီး တင်သွင်းတဲ့ ဒိုင်တွေကို အရေးယူပေးဖို့ တိုင်စာတွေ ပို့ထားပေမယ့် ထူးမခြားနားဘူးလို့ သတင်းတွေမှာ ဖတ်ရသည်။ စားသုံးသူကာကွယ်ရေးအသင်းကပင် အဆိုပါ အသားတွေက အန္တရာယ် ရှိနိုင်တယ်လို့ ပြောတာပဲ ဖတ်ရသည်။ တားဆီးကာကွယ်ဖို့ ဘယ်ပုံဘယ်နည်း ဆောင်ရွက်နေတယ်၊ ဆောင်ရွယ်ပါမယ်လို့ ပြောတာ မကြားရပေ။
အိမ်နီးချင်းနိုင်ငံက ကြက်တွေ ဆိုတာက မွေးမြူရေးကြက်တွေပင်၊ စားလို့မကောင်း ဖွယ်တယ်တယ် အရသာနှင့်၊ ကြက်သားဆို၍သာ ကြက်သား လိုက်ရတာ၊ တကယ်တန်းက အသားတုလို အရာနှင့် ဘာမှမထူး၊ မွေးမြူရေးကြက်တွေကို ရက်တိုတိုနှင့်ကြီးအောင် အစာကျွေးပြီး သတ်မှတ်ထားသည့် ရက်ရောက်တာနှင့် သတ်ပြီး ရောင်းချတာပင်၊ သဘာဝအတိုင်း ကြီးထွားလာသည့် ကြက်တွေလိုမဟုတ်၊ ကြက်ဥလည်း ထို့အတူပင်၊ နည်းပညာတွေ တိုးတက်သည်နှင့်အမျှ အမျိုး မျိုး စမ်းသပ်ရာက ကြက်ဥကို ကြက်မအားလုံးက အလေးချိန်တူညီစွာ အရွယ်အစား တဆိုဒ်ထဲ ဥလာအောင်ပင် တီထွင်နိုင်ကြသည်ဟု ကြားဖူးလေသည်။
" မြန်မာပြည်က ကြက်သားတွေက စားလို့ကောင်းတယ်၊ အရသာရှိတယ်" လို့ မြန်မာပြည်ရောက် ထိုင်းလူမျိုးတစ်ယောက်ပြောတာ ကိုယ်တိုင်နားနှင့်ဆတ်ဆတ် ကြားဖူးသည်။ ထိုင်းမှာလည်း အိမ်ကြက် ဆိုတာ သတ်သတ်ရှိသည်။ သူက ဈေးကြီးသည့်အပြင် အရိုးကလည်းများတော့ လူတိုင်းဝယ်မစားကြ၊ မွေးမြူရေးကြက်သားက တစ်ကီလို ဘတ်(၈၀) ဆိုပါက အိမ်ကြက်က တစ်ကီလို ဘတ်၁၂၀မှ ဘတ်၁၅၀ အထိ ဈေးရှိသည်။ ထိုအိမ်ကြက်ကို လွယ်လွယ်ကူကူ မြန်မာကြက်ဟု ခေါ်ဖြစ်လေသည်။ မြန်မာပြည်မှာလည်း မွေးမြူရေးကြက်တွေ ရှိပါသည်။ အဆီများပြီး အရေခွံထူတာကလွဲပြီး စား၍ အဆင်ပြေသေးသည်။ ထိုင်းက မွေးမြူရေးကြက်တွေက ဘယ်လိုမှ စား၍မကောင်း။ သို့သော် ထိုင်းနိုင်ငံမှာ ဟင်းချက်စရာ သား ငါးထဲမှာ အပေါဆုံးက ကြက်သားပင်။ ဈေးတွေမှာ ရောင်းသည်က တောင်ပုံယာပုံ၊ ဈေးထဲလှည့်ကြည့်ရင်း ကြက်သားလေးမြင်လို့ ကြက်သားချက်ရအောင်လို့ စားချင်စရာ မဖြစ်၊ ကြည့်ရတာ ကြက်သင်္ချိုင်းနှင့်ပင် တူသေးတော့သည်။ ကြက်တွေကို သတ်ပြီး စုပုံထားသလား ထင်ရအောင် များပြားပါသည်။ ကုန်တိုင်တွေမှာတော့ လှလှပပထုတ်ပိုးပြီး ဈေးအနည်းငယ် တင်ရောင်းထားပေမယ့် သန့်ရှင်းပါသည်။ သို့သော် အရသာကတော့ ထိုနည်း၎င်းပင်။
ကြက်တစ်ကောင်ရဲ့ ခန္တာကိုယ် အစိတ်အပိုင်းတွေကို တစစီတွေ့မြင်ရသည်က လည်း မြင်ကွင်းအဆန်း၊ မြန်မာပြည်မှာက ကြက်သားသယ်ထံမှာ ဝယ်ပါက သန့်ရှင်းပြီး ကလီစာထုတ် ရှင်းလင်းပြီးသား အကောင်လိုက်၊ ရင်ပုံဆို ရင်ပုံ ၊ ပေါင်ဆိုပေါင်၊ ဒီလိုဝယ်ကြသည်။ အသဲအမြစ်ချည်းပဲဆိုပါက ဈေးတစ်မျိုး ဝယ်ကြရသည်။ ကြက်နှလုံးလိုချင်လို့ ဈေးပေါင်ကျိုးတဲ့ အထိ စောင့်ပြီး ဝယ်တတ်သည့် သူငယ်ချင်းတစ်ယောက်ရှိသည်။ ကြက်နှလုံးရဖို့ ဈေးသယ်ရောင်းကုန်သည့် အချိန်မှ ဈေးသယ်က ရောင်းလိုက်တဲ့ ကြက်အကောင်အရေအတွက်အရ ထုတ်ယူလို့ရတာကို ရှားရှားပါးပါး အချိန်ပေးပြီး ဝယ်ရဖြင်းဖြစ်သည်။ ဒါတောင် ဝယ်နေကျမို့ ဈေးသယ်နဲ့ မျက်မှန်းတန်းပြီး ခင်လာလို့ ဝယ်လို့ရတာလို့ ဆိုလေသည်။
ထိုင်းမှာကတော့ ပေါင်၊ ရင်အုံ၊ တောင်ပံ၊ နှလုံး၊ အသဲအမြစ်ကို အတွဲလိုက်တစ်မျိုး၊ အသဲချည်းပဲ တစ်စား၊ အမြစ်ချည်းပဲ တစား၊ ခြေထောက်၊ အရေခွံ၊ ဒူးခေါင်း၊ စသဖြင့် သီးသန့်ဆီ ရောင်းတာဖြစ်သည်။ အကောင်လိုက်၊ အခြမ်းလိုက် လည်း ရှိသည်။ အသားကို ညက်နေအောင် ကြိတ်ထားတာ ယူမလား၊ စင်းကောလုပ်ထားတာ ယူမလား မျိုးစုံအောင် အသင့်လုပ်ထားသည်။ ကြက်ဒူးခေါင်းလေးတွေ စမြင်ကာစက ဘာတွေပါလိမ့်လို့ တအံ့တဩ ဖြစ်ရသည်။ ဒူးခေါင်း ဆိုတဲ့အခါ ကြက်မှာ ဒူးခေါင်းရှိသလား လို့ မနည်း ပြန်တွေးရသည်။ မြန်မာပြည်မှာက ပေါင်နှင့် ခြေထောက် ခွဲခြားတာပဲ မြင်ဖူးပြီး ကြက်ပေါင်၊ ကြက်ခြေထောက် ဒီလို ချက်စားတာဆိုတော့ ဒူးခေါင်း ရှိမှန်းမသိ။
" ကြက်မှာ ဒူးခေါင်းရှိမှန်း အခုမှသိတယ်" ဆိုတဲ့ အပြောကို ရယ်ကြလေသည်။ ဟုတ်တာပေါ့ ၊ ကြက်ပေါင်ချည်းပဲ ခုတ်၊ ခြေထောက်ချည်းပဲ ခုတ်တဲ့အခါ ပေါင်နဲ့ ခြေထောက်ကြားက ဒူးဆစ်တွေ ထွက်လာသည်။ သူ့ကိုလည်း သတ်သတ်ထုတ်ကာ သီးသန့် ရောင်းသည်။ ကြက်ဒူးခေါင်း ဘတ်(၂၀) ဖိုး ဝယ်ပါက ဘူးသီးနှင့် ပေါင်း၍ ကြက်ဒူး ဟင်း ၂ခါ ခန့် ချက်စား၍ ရလေသည်။ ထိုင်းရောက်ကာစက လိုချင်တာ ယူ ၊ အားလုံး ခွဲခြားထားတာ ဖြစ်တဲ့အတွက် ပေါင်က တစ်ကီလို၊ အသဲအမြစ်က တစ်ကီလို၊ အသားချည်းပဲက တစ်ကီလို၊ ပုခုံးက တစ်ကီလို စုံအောင် အားရပါးရ ဝယ်ရာ ရောင်းသည့်သူက ဘယ်မှာ ဆိုင်ထွက်တာလဲ၊ ထမင်းဆိုင်ဖွင့်ထားတာလား လို့ပင် မေးခံရသည်။ ကြက်ပုခုံးလည်း ထို့အတူပင်၊ ပေါင်ထင်၍ ချိန်ပြီးမှ ကြက်ပေါင်များက ပိုကြီးတာ ၊ သတ်သတ် တွေ့မှ ဒါကဘာပါလိမ့် ကြက်ရဲ့ ဘယ်နေရာက အသားလဲ စဉ်းစားရသည်။ သူက တောင်ပံနဲ့ကိုယ်နဲ့အကြားကို သတ်သတ် ခုတ်ထားတာ ဆိုတော့မှ ပုခုံး ဆိုတာ သိရသည်။ ပုတိုတိုလေးတွေပေါ့၊ အသားတွေချည်းရအောင် လွှာထားခံရသည့် ကြက်ကတော့ အရိုးစုချည်းသာကျန်သည်။ စာရေးသူတို့က ကြက်အရိုးစုလို့ လွယ်လွယ်ခေါ်သည်။ တချို့ကတော့ ကြက်စကယ်လီတန်တဲ့။ အဲဒါကလည်း ခေါင်း၊ လည်ပင်း အပါအဝင် ကြက်တစ်ကောင်လုံး အရိုးစုအတိုင်း ရောင်းသည်။ ခြေထောက်မပါ၊ ထူးထူးခြားခြား ထိုင်းမှာ ကြက်ခြေထောက်က ဈေးပိုပေးရသည်။ အရိုးစု တစ်ခုလုံးမှ ဘတ်(၂၀)၊ တခါတလေ အကောင်သေးရင် (၁၀)ဘတ်နှင့်ရသည်။ ကျောက်ဖရုံသီး၊နှင့်ပြုတ်သောက်ပါက ဟင်းတစ်ခွက်ရသည်။
မြန်မာပြည်မှာ ကြက်အသဲအမြစ် ဈေးကြီးတဲ့အတွက် ရှားရှားပါးပါး ဝယ်စားခဲ့ရပေမယ့် ထိုင်းနိုင်ငံကို ရောက်တဲ့အခါ ကြက်အသဲအမြစ်ကို လှည့်မကြည့်ကြတော့၊ စာရေးရင်း သတိရမိတာ အသဲအမြစ် မစားတာပင် တစ်နှစ်နီးပါး ရှိရော့မည်။ ကလီစာတွေက ထိုင်းမှာ ဈေးပေါသည်။ အသား၊ ပေါင် တစ်ကီလို ဘတ်(၈၀) ဆိုပါက အသဲအမြစ်က ဘတ်(၆၀)ပဲရှိသည်။
ထိုင်းက စားသောက်ဆိုင်တိုင်းမှာ ကြက်သားက ဖောဖောသီသီပင်၊ ကြက်ကြော်ဆိုင်၊ အကင်ဆိုင်တွေလည်းမနည်းလှပါ၊ သို့သော် ထိုအရာတွေသည် သူတို့ ဈေးကွက်မှာ ရောင်းမကုန်သည့်အခါ မြန်မာပြည် ရောက်ကုန်တာ ဖြစ်မည်။ တခြားနိုင်ငံတွေကတော့ စားသောက်ကုန်ကန့်သတ်ချက်တွေက ပြင်းပြင်းထန်ထန် ကန့်သတ်ထားရာ အနားပင်ကပ်လို့ရမှာမဟုတ်။ ပုပ်သိုးပြီး လွှင့်ပစ်ရမည့်အရာကို ရောင်းတာဆိုလျင်တော့ အိမ်နီးချင်းမပီသလို့ပဲ ပြောရမည်။ ပိုလျှံ၍ရောင်းတာ ဖြစ်ပြီး ဈေးသက်သာတာက သူ့တိုင်းပြည်မှာကိုက ကလီစာတွေကို စားမည့်သူ မရှိ၍ သက်သာနေခြင်း ဖြစ်သည်။ နောက်တခုက နည်းပညာတွေ တိုးတက်တဲ့ အတွက် ကြက်တစ်ကောင်လုံး ဒူးခေါင်းပါမကျန် အရိုး အကြော အနုပလုံ စီလို့ရအောင် စက်တွေနဲ့ ခုတ်ထစ်တာ ဖြစ်တော့ မြန်မာပြည် ဈေးကွက်ကို ခေါင်းတခြား ကိုယ်တခြား ရောက်လာ၍ အထူးစိုးရိမ်ဖို့တော့မလို၊ သို့ပေမယ့် ဒီလို တရားမဝင်တင်သွင်းတဲ့ အတွက် စစ်ဆေးချက် အာမခံချက် မရှိတဲ့အတွက် ဘာကိုမှ ယုံကြည်လို့မရ၊ စိတ်မချရတာတော့အမှန်ပင်။
ပိုဆိုးတာက တရုတ်ပြည်မှာ လွန်ခဲ့တဲ့ အနှစ်သုံးဆယ်ခန့်က အေးခဲထားတဲ့ အသားတွေ တန်ချိန်ပေါင်းများစွာ တွေ့ရတဲ့ သတင်းကို ဖတ်ရတဲ့အခါ ကြောက်စရာကောင်းတဲ့ ဝိသမလောဘ စီးပွားရေးသမားတွေကို ထဲ့မတွက်၍မရ၊ ဒါ့ကြောင့် ဒီဆောင်းပါးကို ရေးဖို့ အတည်ပြုချင်တဲ့အတွက် စုံစမ်းကြည့်တော့မှ
" အေးခဲကြက်သားတွေ အအေးခန်းကားမဟုတ်ဘဲ သယ်ချင်ရာကားနဲ့သယ်လာတယ်။ အသားတွေက ညှီပုပ်နေပြီ။ ကလီစာ ၆လလောက်ရှိပြီ။ မန္တလေးနဲ့နယ်က ကုန်သွယ်တွေကိုလဲ ပြောပါတယ်။ မူဆယ် တရုတ်ပြည်ကအများဆုံးဝင်တာ - မုန့်ထန်းလျက်တွေ အပျော်မြန် chemical တမျိုးနဲ့ မပျော်အောင်လုပ်ရင် စိန်ခဲလိုပဲ မာနေတယ်" လို့
စားသုံးသူများသမဂ္ဂက ပြောကြားတာ သိရသည်။
ကုန်သွယ်ရေးဘက်ကို ပြောထားပေမယ့် လက်ပူးလက်ကြပ်မမိသေးဘူး ဆိုပြန်တော့ ရင်လေးစရာပင်၊ နယ်စပ်မှာ စောင့်ကြပ်နေတဲ့ အဖွဲ့အစည်းပေါင်းများစွာရှိတဲ့ကြားက မမိဘူးဆိုတာက စိုးရိမ်ဖွယ်ရာပင်။ တာဝန်ရှိသူတွေဖက်က တရားဝင် စစ်ဆေး မှတ်ပုံတင်သွင်းခွင့်ပြုနိုင်ပါကပြု၊ ၊ မပြုနိုင်ပါကလည်း ဒီလို လူသားမဆန်၊ ယုတ်မာတဲ့ ကုန်သွယ်မှုကို ထိထိရောက်ရောက် အမြန်ဆုံးအရေးယူဖို့ လိုနေပါပြီ။
မြန်မာပြည်မှာ စားသုံးဖို့ မလုံလောက်လို့ တင်သွင်းလာတာထက် ပြည်သူတွေ ဆင်းရဲတာကို အခွင့်ကောင်းယူပြီး ဈေးပေါညံဖျင်းတာတွေ တင်သွင်းတဲ့သူတွေကို တာဝန်ရှိသူတွေ မတားဆီးနိုင်ရင်တောင် ပြည်သူတွေက ဝယ်ယူအားပေးခြင်း မပြုပဲ နေကြပါလို့ တိုက်တွန်းလိုပါသည်။ အရသာလည်းမကောင်း၊ သန့်ရှင်းမှုလည်း မရှိသော အသားတွေစားတာထက် ပဲပြားလေးကို အနေတော်တုံး၊ ကြက်သွန်ဖြူ နီ၊ ဂျင်းတို့ကို ထောင်း၍ ဆီသတ်ကာ နံနံပင်နဲ့ မဆလာလေးအုပ်ကာ ချက်စားကြည့်ပါက ကြက်သားဟင်းတမျှ အရသာရှိပြီး အာဟာရလည်း အပြည့်အဝ ရရျိပါသေးသည်။ ဆိုင်တွေကလည်း ကိုယ့်ရဲ့ စီးပွားရေးကို တွက်ပြီး အမြတ်အစွန်းထက် အများအတွက်ကြည့်စေလိုပါသည်။ ကျန်းမာရေး ကိစ္စအပါအဝင် မိမိလူမျိုး၊ အမျိုးဂုဏ်သိက္ခာကို ထိန်းသိမ်းရာလည်းရောက်ပါသည်။ တာဝန်ရှိသူတွေ လျစ်လျူ ရှုသည့်တိုင် ပြည်သူအားလုံးက တိုင်းပြည်နဲ့ လူမျိုး ဂုဏ်သိက္ခာ အတွက် သူတို့ဆီက မကောင်းတဲ့ အကြွင်းအကျန်ကို မက်မက်မောမော စားသုံးကြရသည့် လူမျိုးတွေ မဖြစ်အောင် အသိစိတ်ဖြင့် ကာကွယ်ကြဖို့ လိုနေပါပြီလို့ ထပ်လောင်း ရေးသားလိုက်ပါသည်။
ခိုင်ခိုင်စောလွင်